ညက ဖမ်းသွားတဲ့ ရွေပြည်သာ သပိတ်ဝန်းရံသူ တစ်ဦးသေဆုံး

ကိုဇော်မြတ်လင်းဟာ "စု" သက်မွေးသင်တန်းကျောင်း ရဲ့တာဝန်ခံဖြစ်သလို CRPH ရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကခန့်အပ်ထားတဲ့ မြို့နယ်တာဝန်ခံဖြစ်ပြီး ရွှေပြည်သာသပိတ်ကို ဝန်းရံသူဖြစ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အမေရိကန် ကုန်ပစ္စည်းတွေနဲ့ နည်းပညာတွေကို မြန်မာကို ထပ်တိုးကန့်သတ်ချုပ်ချယ်

    အမေရိကန် ကုန်ပစ္စည်းတွေနဲ့ နည်းပညာတွေကို မြန်မာစစ်ကောင်စီက ရယူနိုင်ခြင်းမရှိဖို့ ပိတ်ဆို့မှုတွေ ထပ်တိုးလိုက်တယ်လို့ အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်ကို အမေရိကန်သံရုံး ရန်ကုန်က ဖေ့စ်ဘွတ်ခ်ကနေ အသိပေးပါတယ်။

  2. မန္တလေး ဆန္ဒပြမှု ဖြိုခွင်းမှု တစ်ဦးသေဆုံး

    မန္တလေးမြို့က ဆန္ဒပြမှုတွေကို ဖြိုခွင်းရာမှာ ချမ်းမြသာစည်မြို့နယ် ၄၉ လမ်းနဲ့ ၁၁၄ လမ်းအနီး မှာ တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    အသက် ၂၇ နှစ်ရှိ ကိုဇော်မျိုးဟာ ရင်ဘတ် ဘယ်ဘက်ခြမ်းကို ကျည်ထိမှန်ခဲ့တာ ဖြစ်ပြီး ကျည်ထိမှန်သူတွေကို ကုသပေးတဲ့ နေရာကို ရောက်လာရာမှာ အသက်မပါလာတော့ဘူးလို့ စစ်ဆေးပေးတဲ့ဆရာဝန်တဦးက ပြောပါတယ်။

    မြရည်န္ဒာဘက်က အင်ဂျင်နီယာစစ်ကြောင်းကို ရဲနဲ့စစ်တပ်က ဒီကနေ့ နေ့ခင်းပိုင်းမှာ ပစ်ခတ်ဖြိုခွင်းခဲ့စဉ် လူသေဆုံးရတာ ဖြစ်ပါတယ်။

  3. ဦးဝင်းထိန်အတွက် အာမခံ ရှေ့နေတွေလျှောက်ထား

    ပုဒ်မ ၁၂၄ ( က) နဲ့ စစ်ကောင်စီက တရားစွဲထားတဲ့ NLD ပါတီနာယက ဦးဝင်းထိန်ကို ဒီကနေ့ မတ်လ ၅ ရက်မှာ အွန်လိုင်းကနေ ရုံးထုတ်ခဲ့ပါတယ်။ ဦးဝင်းထိန်ကို အာမခံပေးဖို့ ဦးဝင်းထိန်ဘက်က လိုက်ပါ ဆောင်ရွက်ပေးတဲ့ရှေ့နေတွေက တရားရုံးတော်ကို တင်ပြ တောင်းဆိုခဲ့တယ်လို့ ရှေ့နေတစ်ဦးဖြစ်တဲ့ ဒေါ်မင်းမင်းစိုးကပြောပါတယ်။

    ရာဇဝတ်မှု ကျင့်ထုံးဥပဒေပုဒ်မ ၄၉၇၁ အရ ဦးဝင်းထိန်ဟာ အသက်အားဖြင့် ၈၀ ကျော်ပြီး ဝှီးချဲနဲ့သွားလာနေရခြင်း၊ ညအိပ်တဲ့အခါ အသက်ရှူရပ်တဲ့ရောဂါ ရှိတဲ့အတွက် အောက်ဆီဂျင် ပေးသွင်းနေရခြင်း၊ ဆီးချိုသွေးတိုး စတဲ့ နာတာရှည်ရောဂါများ ရှိခြင်း စတဲ့အတွက် အာမခံပေးဖို့ ဦးဝင်းထိန်ရဲ့ရှေ့နေတွေက တရားရုံးတော်ကို တင်ပြ တောင်းဆိုခဲ့တာပါ။

    ဦးဝင်းထိန်ကို အာမခံပေးဖို့ သူ့ရှေနေတွေရဲ့ တင်ပြ တောင်းဆိုမှုကို တရားလို ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်တဲ့ ဥပဒေအရာရှိက မကန့်ကွက်ဘဲ ဥပဒေနဲ့ညီရင် ပေးဖို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ဦးဝင်းထိန်ကို အာမခံ ပေးမပေး ဆိုတာကို နောက်လာမယ့်ရုံးချိန်းတွေမှာ ဆုံးဖြတ်မယ်လို့ သိရပါတယ်။

    NLD

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  4. KNU ထိန်းချုပ်နယ်မြေမှာ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြ၊ KNU တပ်ဖွဲ့ဝင်တွေ လိုက်ပါစောင့်ရှောက်

    ကရင်အမျိုးသားအစည်းအရုံး KNU ထိမ်းချူပ်နယ်မြေ၊ မူထရောခရိုင် (ဖာပွန်) မြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၄၀ နီးပါးက ဒေသခံ တစ်သောင်းခန့် စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

    ဒီဆန္ဒပြပွဲကို KNU တပ်မဟာ ကရင့်လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေက လိုက်ပါ စောင့်ရှောက်ပြီးပူးပေါင်းပါဝင် ဆန္ဒဖော်ထုတ်ခဲ့ကြတာကိုလည်းတွေ့ရပါတယ်။ ဖာပွန်ခရိုင်ထဲက မယ်ညို၊ မထော၊ ထီးလော်သေထ ၊ ထီးသဲလေး ၊ ကတိုင်ထိ၊ ကမမောင်း တလိုင်းကရင် ကျေးရွာ အုပ်စု ရေဝေ ကျေးရွာအုပ်စုတွေက ကျးရွာ ပေါင်း ၃၈ ရွာက ကရင်တိုင်းရင်းသားဒေသခံများ အင်အား တစ်သောင်းခန့်စုဝေးဆန္ဒပြခဲ့တာပါ။

    ဆန္ဒပြသူတွေဟာ စစ်အာဏာရှင်စနစ်ပြုတ်ကျ ရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေး၊၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေး ၊ ဒေသတွင်း တပ်စွဲထားတဲ့ စစ်တပ်စခန်းတွေ ဖျက်သိမ်း ပေးရေး ကြွေးကြော်သံတွေနဲ့အတူ ဖာပွန်နဲ့ ကမမောင်းမြို့ကြားရှိ လမ်းမကြီးတစ်လျှောက် ဆန္ဒပြခဲ့ကြပါတယ်။

    KNU

    ဓာတ်ပုံ ရင်းမြစ်, စောကညောထူး

    KNU

    ဓာတ်ပုံ ရင်းမြစ်, စောကညောထူး

  5. မန္တလေးမှာ စုပေါင်းသပိတ် ဆန္ဒပြပွဲတွေ ဆက်ရှိ, ဒီနေ့ ဒေါက်တာဇော်မြင့်မောင်နဲ့ ဖမ်းဆီးခံဝန်ကြီးတချို့ ရုံးထုတ်ဖို့ရှိ

    မန္တလေးမြို့မှာ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲတွေ အရှိန်အဟုန်မြင့်နေပါတယ်။ ဒီနေ့မတ် ၅ ရက်မှာ အင်ဂျင်နီယာတွေနဲ့ ပူးပေါင်းပြီး စစ်ကြောင်းချီတက်တာတွေရှိသလို ကွန်ပျူတာ တက္ကသိုလ် မြတောင်စစ်ကြောင်း အခြေခံပညာရေးကျောင်းတွေလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့ ဆန္ဒပြကြပါတယ်။ ဒီနေ့မှာပဲ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ‌ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ မန္တလေးတိုင်းအစိုးရအဖွဲ့ဝန်ကြီးတချို့နဲ့ မန္တလေးတိုင်း NLD ပါတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့ကို ရုံးထုတ်စစ်ဆေးမှာ ဖြစ်ပါတယ်။

    Mandalay
  6. မကွေးမြို့က ဖမ်းဆီးခံကျောင်းသားတွေကို ပြန်မလွှတ်သေး

    ဖေဖော်ဝါရီ ၂၈ ရက်က မကွေးမြို့သပိတ်စစ်ကြောင်းကနေ ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသား ၃၄ယောက်ကို ခြောက်ရက်ကြာတဲ့အထိ မလွှတ်ပေးသေးဘူးလို့ သိရပါတယ်။

    မကွေးဆေးတက္ကသိုလ်၊ မကွေးတက္ကသိုလ်၊ မကွေးနည်းပညာတက္ကသိုလ်နဲ့ AGTI မကွေး စတဲ့ ကျောင်း (၄) ကျောင်းပေါင်း သပိတ်စစ်ကြောင်းကနေ ဖမ်းဆီးခံရလိုက်ရတာဖြစ်ပြီး အဲ့ဒီနေ့ကတစ်ရက်တည်း ကျောင်းသား (၅၃) ယောက်ကို ဖမ်းဆီးသွားခဲ့ကာ မတ်လ ၁ ရက်မှာတော့ (၁၉) ယောက်ပြန်လွှတ်ပေးခဲ့တာပါ။ "ဘာကြောင့်မလွှတ်သေးလဲ မသိဘူး။

    တရားစွဲခံရမယ်လို့ကြားတယ်။ ဘာအမှုလဲဆိုတာ ရမန်အခြေအနေ ဘာမှကိုမသိရဘူး။ မုန့်တို့ စားစရာပို့လို့ရတယ်၊ ဒါပေမဲ့ ကျောင်းသားတွေနဲ့ လူချင်း တွေ့ခွင့်မပေးဘူး။ အဆက်အသွယ်ပေးကိုမလုပ်သေးတာဗျ" လို့ ဆေးတက္ကသိုလ် မကွေး ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌက ဘီဘီစီကို ပြောပါတယ်။

    ဖမ်းဆီးခံထားရဆဲ ကျောင်းသားတွေကို ဒေါင်းနေချောင်းရဲစခန်းမှာ ဖမ်းဆီးထားတာဖြစ်ပါတယ်။

    Magway

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဖေဖော်ဝါရီ ၂၈ ရက် ဖမ်းဆီးခံရစဉ်။
  7. ရသေ့တောင်က ဒဏ်ရာရကလေးတစ်ဦး စစ်တွေဆေးရုံရောက်ရှိ

    ရခိုင်ပြည်နယ် ၊ ရသေ့တောင်မြို့နယ်၊ ပဲသဒူကျေးရွာမှာ လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ကလေးနှစ်ဦးအနက် ဒဏ်ရာပြင်းထန်တဲ့ အသက် ၈ နှစ်အရွယ် မောင်ရဲထွန်းဟာ ဖေဖော်ဝါရီ ၄ ရက်နေ့ညနေပိုင်းမှာ စစ်တွေဆေးရုံကိုရောက်ရှိလာခဲ့ပါတယ်။

    လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ကလေးနှစ်ဦးဟာ ညီအစ်ကိုအရင်းတွေဖြစ်ကြပြီး ညီဖြစ်သူ မောင်ရဲထွန်းမှာ အဆုတ်ပေါက်သွားပြီး မျက်နှာမှာလည်း ထိခိုက်ခဲ့ကာ အသက် ၁၀ နှစ်အရွယ် မောင်လှထွန်းမှာတော့ ကျည်စတွေထိခိုက်တဲ့ ဒဏ်ရာအနည်းငယ်သာရရှိခဲ့တယ်လို့ မိဘတွေကပြောပါတယ်။ ဒဏ်ရာပြင်းထန်တဲ့မောင်ရဲထွန်းဟာ အဆုတ်ထိခိုက်သွားတဲ့အတွက် စိုးရိမ်ရတဲ့အခြေအနေရှိနေတယ်လို့သိရပါတယ်။

    သူတို့ညီအစ်ကိုနှစ်ဦးတို့ဟာ မနေ့ကမနက်ပိုင်း ၁၀ နာရီလောက်မှာ ရွာအနီးတောတန်းလေးမှာ လက်ပံပွင့်သွားကောက်ကြစဉ် မပေါက်ကွဲဘဲကျန်ရှိနေတဲ့ လက်နက်ကြီးကျည်ကိုတွေ့ရှိပြီး ကစားရာမှာပေါက်ကွဲသွားခဲ့တာလို့သိရပါတယ်။

    Rakkhine
  8. မြန်မာစစ်တပ်ပိုင်လုပ်ငန်းတွေနဲ့ ပိုင်ဆိုင်မှုတွေပါ ပစ်မှတ်ထားပိတ်ဆို့ဖို့ ဗြိတိန်ဝါရင့်အထက်လွှတ်တော်အမတ် တောင်းဆို

    ဗြိတိန်နိုင်ငံနဲ့ မဟာမိတ်နိုင်ငံတွေနဲ့ ပူးပေါင်းပြီး စစ်တပ်ခေါင်းဆောင်တွေကိုသာမက စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေနဲ့ ပိုင်ဆိုင်မှုတွေကိုပါ ပစ်မှတ်ထားတဲ့ ထိမိတဲ့ပိတ်ဆို့မှုတွေ လုပ်ရမယ်ဆိုပြီး ဗြိတိန်သျှ ဝါရင့်အထက်လွှတ်တော်အမတ် ကယ်ရိုလင်း ကောက်စ်က ကုလသမဂ္ဂဆိုင်ရာဗြိတိန်အမြဲတမ်းကိုယ်စားလှယ်ဆီကို စာရေးပို့တောင်းဆိုလိုက်ပါတယ်။

    မြန်မာစစ်တပ်အပေါ် လက်ရှိချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေဟာ လက်ရှိနိုင်ငံရေးအခင်းအကျင်းနဲ့ မကိုက်ညီတော့တာကြောင့်လို့ ဆိုပါတယ်။ လက်ရှိမှာ တပ်မတော်ရဲ့ အာဏာဆုပ်ကိုင်မှုဟာ ပြီးခဲ့နှစ်တွေအတွင်း မမြင်ဖူးတဲ့အတိုင်းအဆနဲ့တိုးလာနေပြီး ရှမ်းမြောက်၊ ကချင်နဲ့ ကရင်ပြည်နယ်တွေမှာ စစ်တပ်က ထိုးစစ်ဆင်တာတွေ ဆက်လုပ်နေတာကြောင့် အရပ်သားတွေအစုလိုက်အပြုံလိုက် ဘေးလွတ်ရာပြောင်းရွှေ့နေထိုင်နေရတယ်လို့ မြေပြင်မှာအကူအညီပေးနေတဲ့အဖွဲ့ဆီက ပြန်ကြားရတယ်လို့ စာထဲမှာ ရေးထားပါတယ်။

    မြန်မာနိုင်ငံမှာ စစ်တပ်က ရိုဟင်ဂျာတွေနဲ့ တခြားလူနည်းစုတွေအပေါ် အကြမ်းဖက်မှု ဆက်ဖြစ်နေတာကို အစိုးရိမ်ကြီး စိုးရိမ်မိတယ်လို့ သူက ပြောပါတယ်။ လက်ရှိ အချိန်အထိ ဗြိတိန်ဟာ ရိုဟင်ဂျာတွေအခွင့်အရေးကို ကာကွယ်ဖို့ ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာတရားရုံးကို တင်တဲ့ အမှုကို တရားဝင်ထောက်ခံတာမျိုးမရှိသေးလို့ တပ်မတော်အပေါ် ရှင်းလင်းတဲ့သတင်းစကားပေးဖို့ အရေးကြီးတဲ့အခွင့်အရေး ပျောက်နေတယ်လို့ ဆိုပါတယ်။

    ဗြိတိန်အနေနဲ့ စစ်တပ်ထိုးစစ်ဆင်မှုတွေကြောင့် ထိခိုက် ခံစားနေရတဲ့နေရာတွေဆီ လက်နက် ဆက်မရောက်စေလိုတဲ့နိုင်ငံတွေနဲ့ပေါင်းပြီး ကမ္ဘာလုံးဆိုင်ရာလက်နက်ရောင်းဝယ်မှုကို ပိတ်ပင်နိုင်မယ့် အဆိုပြုချက်တွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေဦးဆောင်အဆိုပြုဖို့ လိုတယ်လို့လည်း တောင်းဆိုပါတယ်။

    ဒါ့ပြင် တိုင်းရင်းသားပြည်နယ်တွေထဲမှာ ဘေးလွတ်ရာရွှေ့ပြောင်းနေထိုင်နေရတဲ့ပြည်သူတွေကို အကူအညီ တိုက်ရိုက်ပေးနိုင်ဖို့ ဗြိတိန်အနေနဲ့ ရန်ကုန်ကနေပေးတာမျိုးမဟုတ်ဘဲ ပြည်နယ်တိုင်းရင်းသားခေါင်းဆောင်တွေ၊ သူတု့ိရဲ့အလုပ်လုပ်နေတဲ့အဖွဲ့ အစည်းတွေဆီ နယ်စပ်ဖြတ်ကျော်ကူညီဖို့ကိုလည်း အထက်လွှတ်တော်အမတ်က သူ့စာထဲမှာ တိုက်တွန်းထားပါတယ်။

    Moneywa

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  9. အမေရိကန် မြန်မာ သံရုံးက ဝန်ထမ်း ၅ဦး CDM မှာ ပူးပေါင်းပါဝင်

    အမေရိကန် ပြည်ထောင်စု၊ မြို့တော် ဝါရှင်တန် ဒီစီမှာ အခြေစိုက်တဲ့ မြန်မာသံရုံးက ဝန်ထမ်း ၅ဦးဟာ အာဏာဖီဆန်ရေး လှုပ်ရှားမှု Civil Disobedience Movement (CDM) မှာ ပူးပေါင်းပါဝင်မယ်လို့ ဒီကနေ့ မတ်လ ၄ ရက်နေ့မှာကြေညာခဲ့ကြပါတယ်။

    လောလောဆယ်မှာ ဝန်ထမ်း၅ဦးဖြစ်တဲ့ ဒေါ်သက်ထားမြရည်စံ၊ ဒေါ်စုစုအောင်၊ ဦးစံထွန်းတင့်၊ ဦးကျော်စွာထွန်းနဲ့ ဒေါ်ကြူကြူမြင့်တို့ဟာ CDM လုပ်မယ်ဆိုပြီး လူမှုကွန်ရက် စာမျက်နှာမှာ အသီးသီးရေးသားခဲ့ကြတာဖြစ်ပါတယ်။

    လတ်တလော အချိန်အထိ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးဦးအောင်လင်း ကတော့ CDM မှာပါဝင်ခြင်း မရှိသေးပေမယ့် မြန်မာပြည်သူတွေကို ထောက်ခံအားပေးတယ်လို့ ကြေညာ ချက် ထုတ်ပြန်ထားပါတယ်။

    အခုစီဒီအမ်မှာ ပါဝင်ကြတဲ့ သံရုံးဝန်ထမ်း ၅ဦးထဲက ၃ ဦးဟာ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်တဲ့ ဝန်ထမ်း အပြောင်းအရွှေ့စာရင်းမှာ ပါဝင်နေကြပါတယ်။

    ဝါရှင်တန် ဒီစီ က မြန်မာသံရုံး

    ဓာတ်ပုံ ရင်းမြစ်, Myanmar Embassy

    ဓာတ်ပုံ ပုံစာ, ဝါရှင်တန် ဒီစီ က မြန်မာသံရုံး
  10. မတ်လ ၃ ရက် ကြွေလွင့်ကြယ်စင်

  11. မြန်မာနိုင်ငံထဲနေ စင်္ကာပူနိုင်ငံသားတွေ အမြန်ဆုံးထွက်ခွာဖို့ စင်္ကာပူအစိုးရညွှန်ကြား

    မြန်မာနိုင်ငံမှာ လောလောဆယ် ရှိနေတဲ့ စင်္ကာပူနိုင်ငံသားတွေ အမြန်ဆုံး ထွက်ခွာကြဖို့ စင်္ကာပူအစိုးရက ကြေညာချက်ထုတ် တိုက်တွန်းလိုက်ပါတယ်။

    စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ စင်္ကာပူနိုင်ငံသားတွေမြန်မာနိုင်ငံကို မသွားကြဖို့ကိုလည်း အကြံပေးထားပါတယ်။

    မနေ့တုန်းက စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြနေသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေအတွင်း လူ ၃၈ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

    စစ်အာဏာသိမ်း၊ စင်္ကာပူ
    ဓာတ်ပုံ ပုံစာ, ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အင်အားသုံး ဖြိုခွဲတာကို စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်း ရှုတ်ချ
  12. စစ်ကောင်စီက အင်တာနက်နဲ့ ဖုန်းတွေကနေ ခြေရာခံပြီး ညဘက်လိုက်ဖမ်းနေသလား

  13. စစ်တပ်အာဏာသိမ်းပြီး ပစ်ခတ်မှုကြောင့် သေဆုံးသူ ၅၄ ဦးရှိပြီလို ကုလ ပြော

    ကုလသမဂ္ဂ လူ့အခွင့်ရေး‌ ကောင်စီ အထူးအစည်းဝေး

    ဓာတ်ပုံ ရင်းမြစ်, UNITED NATION

    ဓာတ်ပုံ ပုံစာ, ကုလသမဂ္ဂ လူ့အခွင့်ရေး‌ ကောင်စီ အထူးအစည်းဝေး

    စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ထဲကစပြီး ပစ်ခတ်မှုတွေကြောင့် သေဆုံးသူ ၅၄ ယောက်ထက်မနည်း ရှိတယ်ဆိုတာကို အတည်ပြုထားနိုင်ပြီး ဒီထက်မက အများကြီး ရှိနိုင်သေးတယ်‌ လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက မတ်လ ၄ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ဗုဒ္ဓဟူးနေ့က ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးနဲ့ မွန်ပြည်နယ်တို့ မှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ပစ်ခတ်မှုကြောင့် အနည်းဆုံးလူ ၃၀ သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။

    မြန်မာနိုင်ငံမှာ ဆန္ဒပြနေသူတွေကို သတ်ဖြတ်၊ ဖမ်းဆီးနေတာ ရပ်ရမယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ရှယ် ဘာချဘ်လေး ကတောင်းဆိုလိုက်ပါတယ်။

    ဆန္ဒပြနေသူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေက ကျည်အစစ်တွေနဲ့ ပစ်ခတ်နေတာဟာ အင်မတန် စက်ဆုပ်စရာဖြစ်တယ်လို့ လူ့အခွင့်အရေးမဟာမင်းကြီးကပြောပါတယ်။

    ဒဏ်ရာရသူတွေကို ကူညီ ကယ်ဆယ်ဖို့ ကြိုးစားတဲ့ လူနာတင်ယာဉ်နဲ့ ဆေးဘက်ဆိုင်ရာ အကူညီပေးတဲ့ ဝန်ထမ်းတွေအပေါ် တိုက်ခိုက်တဲ့ အထောက်အထားတွေ မြင်ရတာလည်း အင်မတန် ဆိုးဝါးစိတ်ပျက်စရာဖြစ်တယ်လို့ ပြောထားပါတယ်။

  14. ကလေးမြို့ ပစ်ခတ်ဖြိုခွင်းမှုက ဒဏ်ရာရသူတစ်ဦး ကွယ်လွန်

    no tag

    ဓာတ်ပုံ ရင်းမြစ်, Kalay FB

    No tag

    ဓာတ်ပုံ ရင်းမြစ်, Kalay FB

    ကလေးမြို့မှာ မတ်လ ၂ ရက်နေ့ မနက်က စစ်အာဏာရှင်တော်လှန်ရေးသပိတ် စစ်ကြောင်းကို စစ်တပ်နဲ့ ရဲက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် ဒဏ်ရာ ရှိခဲ့သူတွေထဲက အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦး မတ်လ ၃ ရက်နေ့ ကသေဆုံးသွားကြောင်း ကလေးမြို့ခံ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    သေဆုံးသွားသူဟာ ဒဏ်ရာရ ရှိခဲ့သူ ၅ ဦးအနက် တစ်ဦးဖြစ်ပြီး မောင်ဇင်မျိုးမောင် ဖြစ်ကြောင်းလည်း သူကပြောပါတယ်။

    သေဆုံးသူကို မနက်ဖြန် မတ်လ ၅ ရက်နေ့ မှာ သင်္ဂြိုဟ်မှာဖြစ်တယ်လို့လည်း မြို့ခံတွေကပြောပါတယ်။

    စစ်ကိုင်းတိုင်း ကလေးမြို့မှာ မတ်လ ၂ ရက်နေ့က စပြီးကျင့်ထုံးပုဒ်မ ၁၃၀ အရ ရဲတပ်ဖွဲ့က စစ်တပ်ကို လွှဲပြောင်းပြီး စစ်အင်အားဖြင့်လူစုခွဲမယ်လို့ ကြေညာထားပါတယ်။

  15. ရသေ့တောင်မှာ စစ်ကျန်လက်နက်ပေါက်ကွဲလို့ ကလေးနှစ်ဦးဒဏ်ရာအပြင်းအထန်ရ

    ရခိုင်ပြည်နယ် မြောက်ပိုင်း ရသေ့တောင်မြို့နယ်မှာ မတ်လ ၄ ရက် ဒီကနေ့ မနက်ပိုင်းက စစ်လက် နက်ပစ္စည်း ပေါက်ကွဲလို့ ကလေးငယ်နှစ်ဦ းထိခိုက်ဒဏ်ရရှိခဲ့ကြပြီး တစ်ဦးမှာ စိုးရိမ်ရတဲ့အခြေအနေရှိနေတယ်လို့ သိရပါတယ်။

    အဲ့ဒီကလေးငယ်တွေဟာ ရသေ့တောင်မြို့နယ် မြောက်ပိုင်းအစွန်ဆုံး ပဲသဒူကျေးရွာက ဦးချမ်းရဲ့သားနှစ်ဦးဖြစ်ပြီး အသက် ၁၀ နှစ်အရွယ် မောင်လှထွန်းနဲ့ အသက်၈ နှစ်အရွယ် မောင်ရဲထွန်းတို့ဖြစ်ကာ ညီဖြစ်သူ မောင်ရဲထွန်းမှာ ရင်ဘတ်ကျည်စထိမှန် ဒဏ်ရာကြောင့် အဆုတ်ပေါက်သွားပြီး စိုးရိမ်ရတဲ့အခြေအနေရှိကာ အစ်ကိုဖြစ်သူ မောင်လှထွန်းမှာတော့ ရှင်ဘတ်ကျည်စ ရှပ်ထိဒဏ်ရာတွေရရှိခဲ့ကြတာဖြစ်တယ်လို့ လိုက်ပါကူညီပေးခဲ့တဲ့ လူမှုကူညီကယ်ရေးအသင်းက ကိုဘက္ကာက ပြောပါတယ်။

    အဲ့ဒီကလေးနှစ်ဦးတို့ဟာ ဒီကနေ့မနက်ပိုင်း ၁၀ နာရီလောက်မှာ ကျေးရွာအနီးတောတန်းလေးမှာ လက်ပံပွင့်သွားကောက် ရာမှာ စစ်ကျန်လက်နက်ပစ္စည်းပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

    ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ကလေးနှစ်ဦးကို ရသေ့တောင်မြို့ဆေးရုံသို့ယူဆောင်လာရာ ညနေ ၃ နာရီလောက်မှာရောက်ရှိလာခဲ့ပြီး ဒဏ်ရာစိုးရိမ်ရတဲ့အတွက် အခုညနေပိုင်းမှာ စစ်တွေဆေးရုံကိုထပ်မံလွှဲပြောင်းထားတယ်လို့ ကိုဘက္ကာက ပြောပါတယ်။

    လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း စစ်ပွဲတွေမဖြစ်တော့တဲ့အတွက် တပ်မတော်ဘက်ကလည်း စစ်ပွဲတွေဖြစ်ပွားခဲ့တဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်ကနေ မြို့တော်စစ်တွေထိ အဝေးပြေးကားလမ်းမတစ်လျှောက် မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေရှင်းလင်းနေပေမဲ့ နှစ်ပတ်ကျော်လာတဲ့အထိ မိုင်းတစ်လုံးမှမတွေ့ရှိသေးဘူးလို့ သိရပါတယ်။

    စစ်တွေဆေးရုံကိုထပ်မံလွှဲပြောင်းထား

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, စစ်တွေဆေးရုံကိုထပ်မံလွှဲပြောင်းထား
  16. မန္တလေးက အသက် ၁၆ နှစ် အရွယ် ကျည်ထိမှန်သေဆုံးသူကို သင်္ဂြိုဟ်

    မတ်လ ၃ ရက်နေ့က မန္တလေးမြို့မှာ စစ်ကောင်စီကခန့်အပ်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး လာဖွင့်တာကို ရပ်ကွက်ပြည်သူကတွေက ကန့်ကွက်ရာကနေ နောက်ပိုင်းမှာ မဖွင့်ဖို့တားရင်း ရုမ်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဖြိုခွင်းမှုကြောင့်လူတစ်ဦးသေဆုံးခဲ့ပါတယ်။

    သေဆုံးခဲ့သူဟာ ဃ ရပ်ကွက် ဘ/၂ ကွက်စိပ်ကဖြစ်ပြီး အသက် ၁၆နှစ်အရွယ် မောင်‌နေမျိုးအောင် ဖြစ်ပါတယ်။ သူဟာ လက်မောင်းကို ကျည်မှန်ကာ သွေးကြောမထိရင်း သေဆုံးရတာဖြစ်တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

    သူ့ကို ဒီနေ့မနက်မှာ အေးရိပ်ငြိမ်သုသာန်မှာ သင်္ဂြိုဟ် ပြီးစီးခဲ့ပါတယ်။

    မနက်ဖြန် မတ်လ ၄ ရက်နေ့မှာ အုတ်ဂူတည်မှာဖြစ်ပြီး ၇ ရက်နေ့မှာ ရက်လည်မှာ ဖြစ်ပါတယ်။

    No Tag
  17. မုံရွာမြို့ ပစ်ခတ်ဖြိုခွင်းမှုမှာ သေဆုံးခဲ့သူ ၅ ဦးကို ဒီကနေ့ သင်္ဂြိုဟ်

    ဆားကျင်း သုသာန်မှာ နာရေး လာပို့ကြသူတွေကို တွေ့ရစဉ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဆားကျင်း သုသာန်မှာ နာရေး လာပို့ကြသူတွေကို တွေ့ရစဉ်
    No tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    မတ်လ ၃ ရက်နေ့က မုံရွာမြို့လယ်က စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ လုံခြုံရေးတပ်ဖွဲ့ရဲ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေဆုံးခဲ့သူ ၅ ဦးကို ဒီကနေ့ သင်္ဂြိုဟ်ခဲ့ပါတယ်။

    ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေဆုံးခဲ့သူ စုစုပေါင်း ၈ ဦးရှိပြီး မနက်ဖြန်မှာ ၃ ဦး ထပ်သင်္ဂြိုဟ်ဖို့ ရှိတယ်လို့ လိုက်ပါ ကူညီဆောင်ရွှက်ပေးနေသူတွေက ပြောပါတယ်။

    ဒီနေ့ သင်္ဂြိုဟ်ခဲ့သူတွေက ဆရာမ ဒေါ်မြမြဇင် ၊ ကိုမိုးအောင်၊ ကိုမင်းခန့်ကျော်၊ ဦးနိုင်ဝင်း နဲ့ ကဗျာဆရာ ကေဇင်ဝင်း ( ခ) ကိုချမ်းသာဆွေ တို့ဖြစ်ကြပါတယ်။

    မနေ့က ပစ်ခတ်ဖြိုခွင်းမှုအတွင်း သေဆုံးခဲ့သူတချို့ရဲ့ ရုပ်အလောင်းတွေကို ကျန်ရစ်သူ မိသားစုဝင်တွေက ဒီကနေ့မနက်မှ ရခဲ့ကြတာ ဖြစ်ပါတယ်။

  18. နိုင်ငံ အနှံ့မှာ အာဏာသိမ်းစစ်ကောင်စီကို ဆက်လက်ဆန္ဒပြနေ

    မတ်လ ၃ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်ဖြိုခွဲခံရမှုကြောင့် ဆန္ဒပြသူ ၃၈ ဦးထက်မနည်း သေဆုံးခဲ့ပေမဲ့ မြန်မာနိုင်ငံအနှံ့က မြို့ကြီးတွေအပါအဝင် မြို့နယ်တွေမှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

    လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် လူ၁၀ ဦးကျော် သေဆုံးခဲ့တဲ့ ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက် ဆန္ဒပြနေကြပြီး ၈ ဦးထက်မနည်း သေဆုံးခဲ့တဲ့ မုံရွာမြို့မှာလည်း ဒီကနေ့မှာ ဆန္ဒပြမှုတွေ ဆက်လုပ်နေကြပါတယ်။

    ပြည်၊ ဟားခါး၊ ကလေး၊ မော်လမြိုင်၊ ကသာ၊ လွိုင်ကော်၊ မိုးကုတ် စတဲ့မြို့‌တွေမှာလည်း ဆန္ဒပြမှုတွေ ရှိနေပါတယ်။

    မတ်လ ၃ ရက်နေ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ မန္တလေးက မကြယ်စင်ရဲ့ စျာပန အခမ်းအနား ပြုလုပ်ခဲ့ပြီး လူသောင်းနဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။

    မတ်လ ၄ ရက်နေ့ မှာ အလုံ၊ တာမွေနဲ့ ကျောက်မြောင်းဘက်မှာ ပစ်ခတ်ဖြိုခွင်းမှုတွေ လုပ်နေတယ်လို့ သတင်းရပြီး သေဆုံး ဒဏ်ရာရသူ ရှိ မရှိဆိုတာကိုတော့ မသိရသေးပါဘူး။

    မတ်လ ၃ ရက်နေ့ ညပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ခရစ္စတီးရှရနာ ဘာဂနာက မတ်လ ၃ရက်နေ့ဟာ မြန်မာနိုင်ငံမှာ သွေးအစွန်းဆုံးနေ့ တစ်နေ့ဖြစ်ခဲ့ပြီး တစ်နေ့တည်းတင် လူ၃၈ ဦးခန့် သေဆုံးခဲ့ကြောင်းနဲ့ စစ်အာဏာသိမ်းပြီးကတည်းက ဒီနေ့အထိ လူပေါင်း ၅၀ နီးပါးသေဆုံးခဲ့ပြီး ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    No tag

    ဓာတ်ပုံ ရင်းမြစ်, MPA

  19. အရေးယူပိတ်ဆို့မှုတွေကို ခံနိုင်ကြောင်းနဲ့မိတ်ဆွေနိုင်ငံအနည်းငယ်နဲ့ ဆက်သွားမယ်လို့ စစ်ကောင်စီပြော

    အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေကိုခံနိုင်ကြောင်းနဲ့ မိတ်ဆွေနိုင်ငံအနည်းငယ်နဲ့ ရှေ့ဆက်သွားမယ်ဆိုတဲ့အကြောင်း အာဏာသိမ်း စစ်ကောင်စီ ဒုတိယအကြီးအကဲ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောခဲ့တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် Christine Schraner Burgener က ထုတ်ပြောလာပါတယ်။

    မြန်မာ့အရေးနဲ့ပတ်သက်လို့ မတ်လ ၃ ရက်က ပြုလုပ်တဲ့ နယူးယောက်မြို့က သတင်းစာရှင်းလင်းပွဲမှာ အထူးသံတမန်က အခုလို ထုတ်ပြောလိုက်တာပါ။

    အာဏာသိမ်းမှုအပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ တယ်လီဖုန်းကနေတဆင့် ဆက်သွယ်ပြောဆိုချိန် အာဏာသိမ်းလုပ်ရပ်အတွက် နိုင်ငံတကာကနေ ဒဏ်ခတ်ပိတ်ဆို့တာတွေ ရှိလာနိုင်တယ်လို့ သတိပေးတဲ့အခါ အတိတ်ကလည်း ဒီလိုပိတ်ဆို့မှုတွေခံခဲ့ရဖူးသလို ဆက်ရပ်တည်နိုင်ခဲ့တယ်ဆိုတဲ့ ပြန်တုံ့ပြန်မှု ရခဲ့တယ်လို့ သူကပြောပါတယ်။

    ဒါ့ပြင် အာဏာသိမ်းမှုကြောင့် နိုင်ငံကတာက ဖယ်ကျဉ်မှုခံရနိုင်တယ်ဆိုတာမျိုး သတိပေးတဲ့အခါမှာလည်း ကျန်တဲ့မိတ်ဆွေနိုင်ငံအနည်းအကျဉ်းနဲ့ပဲ ဆက်လက်တွဲသွားဖို့ သင်ယူရမှာ ဆိုပြီး ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောခဲ့တယ်လို့ အထူးသံတမန်က သတင်းထောက်တွေကိုပြောပါတယ်။

    ဒေသတွင်းတည်ငြိမ်မှုဟာ လက်ရှိမြန်မာ့အရေးပေါ် မူတည်နေတာကြောင့် တရုတ်နဲ့ ရုရှားနိုင်ငံတို့အနေနဲ့ ဒါကို သဘောပေါက်ပြီး လက်တွဲအလုပ်လုပ်လာဖို့ မျှော်လင့်တယ် လို သူက ဆက်ပြောထားပါတယ်။

    Myanmar Military

    ဓာတ်ပုံ ရင်းမြစ်, STR/AFP/Getty Images

    ဓာတ်ပုံ ပုံစာ, ဆန္ဒပြသူတစ်ဦးကိုစစ်တပ်က ဖမ်းဆီးထားစဉ်
  20. မတ် ၃ ရက်တစ်ရက်တည်း ရန်ကုန်ဆန္ဒပြပွဲတွေက ဖမ်းခံရပြီး အင်းစိန်ထောင်ထဲရောက်လူငယ်၄၅၀ ကျော်ရှိ

    မနေ့ မတ် ၃ ရက်တစ်ရက်တည်း ရန်ကုန်က ဆန္ဒပြပွဲတွေမှာ ထိန်းသိမ်းခံရပြီး အင်းစိန်အကျဉ်းထောင်ထဲရောက်နေတဲ့လူငယ် ၄၅၀ ကျော်အထိရှိနေတယ်လို့ ဒီလူငယ်တွေ လွတ်မြောက်ရေးကူညီပေးနေတဲ့ ရန်ကုန်ရှေ့နေအသင်းက ဝါရင့်ရှေ့နေတစ်ဦးက ပြောပါတယ်။

    ဒီအရေအတွက်ဟာ ဖမ်းဆီးခံရသူတွေရဲ့ မိဘတွေက ရလာတဲ့အချက်အလက်တွေကို စုစည်းထားတာဖြစ်တယ်လို့ ဆိုပါတယ်။ အများစုဟာ မနေ့က ဖြိုခွင်းခံခဲ့ရတဲ့ တာမွေ ၊ စမ်းချောင်း ပဒုံမာ၊ အင်းစိန်၊ မြောက်ဒဂုံက ဆန္ဒပြပွဲတွေအပါအဝင် တခြားဆန္ဒပြပွဲတွေကနေ ထိန်းသိမ်းခံရသူတွေဖြစ်ပါတယ်။

    ဒီထိန်းသိမ်းခံလူငယ်တွေထဲမှာ ရန်ကုန်တက္ကသိုလ်က ကျောင်းသားကျောင်းသူ ၅၀ နဲ့ ၁၀၀ ကြားပါဝင်နိုင်ချေရှိတယ်လို့ ဒီနေ့မနက် အင်းစိန်အကျဉ်းထောင်ရှေ့မှာ ကျောင်းသားတွေလွတ်မြောက်ဖို့ ကူညီပေးနေတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂနဲ့ ဆရာများသမဂ္ဂက ပြောပါတယ်။

    လက်ရှိမှာ ထိန်းသိမ်းခံလူငယ်တွေကို မုန့်ခြောက်လို စားစရာပဲ ပို့လို့ရတဲ့အခြေအနေ ရှိနေတယ်လို့လည်း ဆိုပါတယ်။ ကျောင်းသားလူငယ်တွေ ပြန်လွတ်ရေး ရန်ကုန်တက္ကသိုလ်က ဒုတိယပါမောက္ခချုပ်နဲ့ ပါမောက္ခတွေက ကြိုးပမ်းပေးနေတယ်လို့လည်း သိရပါတယ်။

    မနေ့ဆန္ဒပြပွဲတွေက ဖမ်းဆီးခဲ့တဲ့လူငယ်တွေကို ည ၉ နာရီကျော်မှ အင်းစိန်ထောင်ထဲကို ရွှေ့ပြောင်းခဲ့တာဖြစ်ပါတယ်။ ၂၄ နာရီကြာပဲ ထိန်းသိမ်းပိုင်ခွင့်အရဆိုရင် သက်ဆိုင်ရာ ရဲစခန်းတွေကို ပြန်လွှဲပြောင်းတာဟာ ညမထွက်ရအမိန့် ၈ နာရီကျော်ချိန်ဖြစ်နေလို့ လူငယ်တွေဟာ နောက်တစ်နေ့မှ ပြန်လွတ်နိုင်ချေရှိတယ်လို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂဘက်က ပြောပါတယ်။

    ကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေအပြောအရဆိုရင်တော့ ဆန္ဒပြခေါင်းဆောင်တွေကတော့ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲခံရပြီး ရုံးထုတ်ခံရနိုင်ခြေရှိတယ်လို့ ပြောထားပါတယ်။

    Yangon Youth

    ဓာတ်ပုံ ရင်းမြစ်, MPA