ညက ဖမ်းသွားတဲ့ ရွေပြည်သာ သပိတ်ဝန်းရံသူ တစ်ဦးသေဆုံး

ကိုဇော်မြတ်လင်းဟာ "စု" သက်မွေးသင်တန်းကျောင်း ရဲ့တာဝန်ခံဖြစ်သလို CRPH ရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကခန့်အပ်ထားတဲ့ မြို့နယ်တာဝန်ခံဖြစ်ပြီး ရွှေပြည်သာသပိတ်ကို ဝန်းရံသူဖြစ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မြစ်ကြီးနားမြို့နယ်ထွေအုပ် ၂၀ ကျော် CDM မှာ ပါဝင်လာ

    မြစ်ကြီးနား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်း၂၂ ဦးဟာ မတ်လ ၆ ရက်နေ့က CDM ပါဝင်လာကြပါတယ်။ စစ်အာဏာသိမ်းပြီးတာ တစ်လကျော်နေပေမယ့် အခုအချိန်မှ ပါဝင်ရတာဟာ အခက်အခဲတချို့ရှိနေတာကြောင့်ဖြစ်တယ်လို့ ကာယကံရှင်တွေက ဘီဘီစီကိုပြောပါတယ်။ မြစ်ကြီးနား မြို့နယ် ထွေအုပ်ကနေ CDM ပါဝင်သူတွေ ဟာ ကျေးလက်စာရေးတွေကနေ ဒုဦးစီး မှူး အဆင့်ထိ ပါဝင်တာဖြစ်တယ်လို့ ပြောပါတယ်။

    ဒါအပြင် ဒီကနေ့မှာပဲ မြစ်ကြီးနား မြို့နယ် သမဝါယမ အသင်းက ၇ ဦးလည်း CDMမှာ ထပ်မံပါဝင်လာတယ်လို့ သိရပါတယ်။ အရင်ကတည်းက ပါဝင်ချင်နေတာဖြစ်ပေမယ့် အကြောင်းကြောင့်တွေကြောင့် အခုမှ ပါ ဝင်တာဖြစ်တယ်လို့လည်း ကာယကံရှင်တွေကဘီဘီစီကိုပြောပါတယ်။

    MyintKyeeNar

    ဓာတ်ပုံ ရင်းမြစ်, CJ

  2. မြစ်ဆုံစီမံကိန်းဧရိယာကန့်သတ်နယ်မြေအဖြစ် ထုတ်ပြန်ချက် ပုံမှန်အတိုင်းသက်တမ်းတိုးတာသာဖြစ်

    မြစ်ဆုံစီမံကိန်းဧရိယာကို ကန့်သတ်နယ်မြေအဖြစ် ထုတ်ပြန်တဲ့ မြစ်ကြီးနားခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ထုတ်ပြန်ချက်က လူမှုကွန်ယက်ပေါ်မှာ ဒီနေ့ မတ်လ ၆ ရက်မှာ ပျံ့နှံ့လာနေပါတယ်။

    မြစ်ဆုံစီမံကိန်းဧရိယာကို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားတာက စီမံကိန်းကို စတင်အကောင်အထည် ဖော်မယ့်အချိန် ၂၀၁၃ ခုနှစ်ကတည်းက ဖြစ်ပေမယ့် စစ်အာဏာသိမ်းပြီး ရန်ကုန်မြို့အပါအဝင်၊ မြို့ကြီးတွေ အနှံ့ စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြနေတဲ့ အခုအချိန်မှာမှ ပေါ်ထွက်လာတာဖြစ်ပါတယ်။

    “အဲဒီ ပုဒ်မ ၁၄၄ ထုတ်ပြန်တာက တစ်လ ဒါမှမဟုတ် ၂လ ကိုတစ်ခါ သက်တမ်းတိုးလာတာ၊ အခုမှ စစ်အာဏာ သိမ်းအစိုးရလက်ထက် သက်တမ်းတိုးတာတဲ့ဟာက လိုင်းပေါ်တက်လာတာ၊ ကျွန်မတို့ကတော့ ကန့်သတ်ထားတယ်ဆိုတဲ့ အမိန့်ကိုလုံးဝလက်မခံဘူး” လို့ စီမံကိန်းကြောင့် ပြောင်းရွှေ့နေထိုင်နေရသူ ဒေသခံအမျိုးသမီးက ဘီဘီစီကိုပြောပါတယ်။

    Myint Sone Dam

    ဓာတ်ပုံ ရင်းမြစ်, Social Media

    Myint Sone Dam

    ဓာတ်ပုံ ရင်းမြစ်, Social Media

  3. ဆန္ဒပြပွဲကို ရပ်ကြည့်နေစဉ် သေနတ်ကျည်ထိမှန်သေဆုံးသူ ကိုဇော်မျိုး နာရေး ယနေ့ပြုလုပ်

    မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ မနေ့ မတ် ၅ ရက်မနက်ပိုင်းက စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲကို ဘေးကနေ ရပ်ကြည့်နေတဲ့ ဆန္ဒပြသူမဟုတ်တဲ့ အသက် ၂၇ နှစ်အရွယ် ကိုဇော်မျိုးဟာ ရင်ဘတ် ဘယ်ဘက်ခြမ်းကို ကျည်ထိမှန်‌‌သေဆုံးခဲ့ပါတယ်။

    သူဟာ မနေ့က‌ ၄၉ လမန်းနဲ့ ၁၁၄ လမ်းအနီးမှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့က အင်ဂျင်နီယာသပိတ်စစ်ကြောင်းကို ဖြိုခွင်းဖို့ ပစ်‌ခတ်နေတာကို ကြည့်နေချိန် အဝေးက ကျည်ထိမှန်တာဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူ ဒေသခံကပြောပါတယ်။

    သူ့ရဲ့နာရေးကို ဒီနေ့ မတ်လ ၆ ရက် မွန်းလွဲပိုင်းမှာ အေးရိပ်ငြိမ် သုဿာန်ကို ပို့ဆောင်သင်္ဂြိုဟ်ခဲ့ပါတယ်။

    Mandalay
    Mandalay
  4. ရှမ်းပြည်နယ်စီမံဘဏ္ဍာဝန်ကြီးဦးစိုးညွန့်လွင်နဲ့ လွိုင်လင် NLD ဥက္ကဋ္ဌတို့ ရန်ကုန်မှာဖမ်းဆီးခံရ

    ရှမ်းပြည်နယ် စီမံဘဏ္ဍာ ဝန်ကြီး ဦးစိုးညွန့်လွင်၊ လွိုင်လင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲလှိုင်တို့ကို ရန်ကုန်မြို့ပြည်သာယာလမ်းနဲ့ ဝေဇယန္တာလမ်းထောင့်က ၈ထပ်တိုက်တစ်ခုမှာ မနေ့ညက ဝင်ရောက်ဖမ်းဆီးခံလိုက်ရတယ်လို့ NLD ပါတီရဲ့ ဗဟိုသုတေသနအတွင်းရေးမှူး ဦးကျော်ဝဏ္ဏက ဘီဘီစီကို အတည်ပြုပြောကြားပါတယ်။

    ဖမ်းခံရချိန်မှာ သူတို့နှစ်ယောက်အပြင် အိမ်ရှင်ဖြစ်တဲ့ စက္ကူကုမ္ပဏီပိုင်ရှင် ဦးအောင်ဇော်သန့်နဲ့ အသက်၁၆နှစ်အရွယ် သူ့ ရဲ့ သားဖြစ်သူနဲ့ အိမ်က ယာဉ်မောင်းတို့အပါအဝင် စုစုပေါင်း ၅ ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

    ဒီမတိုင်ခင်မှာ CRPH အဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးခံရတယ်လို့လည်း သတင်းတွေထွက်နေတာကို CRPH က ဒေါ်ဇင်မာအောင်က အတည်ပြုထားပြီး ဖမ်းဆီးခံရသူနှစ်ဦးဟာ ထပ်တိုးအဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ကြပြီး ဘယ်သူဘယ်ဝါဆိုတာတော့ စုံစမ်းဆဲလို့ပြောကြားထားပါတယ်။

    NLD

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  5. CRPH အဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးခံရ

    ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ရဲ့ တိုးချဲ့အဖွဲ့ဝင် ၂ ဦးကို ရန်ကင်းမြို့နယ်အတွင်းမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ အဖွဲ့ထံက ဆက်သွယ်သိရှိရပါတယ်။

    အခုဖမ်းခံရသူတွေက CRPH စတင်ဖွဲ့စည်းခဲ့တဲ့ အဖွဲ့ဝင် ၁၇ဦးထဲက မဟုတ်ပေမယ့် ထပ်မံချဲ့တွင်ဖွဲ့စည်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ် တွေထဲက အဖွဲ့ဝင်တွေဖြစ်ပြီး ဘယ်သူဘယ်ဝါဆိုတာကို သိနိုင်ဖို့ ထပ်မံအတည်ပြုမှုတွေလုပ်နေတယ်လို့ CRPH အဖွဲ့ဝင်လည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဘီဘီစီကိုပြောပါတယ်။

    ဒီမတိုင်ခင်ကတည်းက CRPH အဖွဲ့ဝင်တွေကို ဖမ်းဆီးကာ ကြီးလေးတဲ့ ပြစ်ဒဏ်တွေနဲ့ အရေးယူမယ်လို့ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

    အခုဖမ်းဆီးမှုကလည်း CRPH အဖွဲ့ဝင်တွေကို ပထမဆုံးစတင်းဖမ်းဆီးတာ ဖြစ်ပါတယ်။

    CRPH

    ဓာတ်ပုံ ရင်းမြစ်, CRPH

    ဓာတ်ပုံ ပုံစာ, CRPH ရဲ့ နိုင်ငံရေးရည်မှန်းချက် ၄ ချက်
  6. မောင်တောမှာ ခြံစည်းရိုးကာရံနေတဲ့အဖွဲ့တွေ တိုက်ခိုက်ခံရ၊ တပ်က ၁ ဦးအပါအဝင် သုံးဦးသေဆုံး

    ရခိုင်ပြည်နယ် မြောက်ပိုင်း၊ မောင်တောနယ်စပ် မိုင်တိုင်အမှတ် ၄၅ အနီးမှာ မတ်လ ၅ ရက်နေ့မွန်းလွဲပိုင်းက တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ တပ်မတော်သားတစ်ဦးနဲ့ အရပ်သားနှစ်ဦးတို့ ပစ်ခတ်ခံလိုက်ရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    တိုက်ခိုက်ခံလိုက်ရလို့ သေဆုံးသွားသူတွေကတော့ အမှတ် (၉၄၂) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်က ဒုအရာခံဗိုလ် သက်ထွန်းအောင်နဲ့ အရပ်သားအလုပ်သမားတွေဖြစ်တဲ့ ကိုင်းကြီးကျေးရွာက အသက် ၁၈ နှစ်အရွယ် ကိုဌေးဝင်း၊ ဘောင်းရွာက အသက် ၁၇ နှစ်အရွယ် ကိုစံရန်းတို့ဖြစ်ကြပြီး အဲ့ဒီအဖွဲ့တွေဟာ မိုင်တိုင်း ၄၅ အနီးဝန်းကျင်မှာ နယ်စပ်ခြံစည်းရိုးကာရံနေသူတွေဖြစ်ကြတယ်လို့ သိရပါတယ်။

    အခုလိုတိုက်ခိုက်ခံရမှုကြောင့် တပ်မတော်သားတစ်ဦးအပါအဝင် သုံးဦးသေဆုံးသွားခဲ့ပြီး မိုင်တိုင်အမှတ် ၄၅ ဝန်းကျင်ဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးဆုံးနေရာတွေဖြစ်သလို ARSA အဖွဲ့ရဲ့လှုပ်ရှားနေတဲ့နေရာဖြစ်တာကြောင့် အခုတိုက်ခိုက်မှုဟာလည်း ARSA အဖွဲ့ရဲ့ချုံခိုတိုက်ခိုက်မှုဖြစ်နိုင်တယ်လို့ ဗိုလ်မှူးကြီးမင်းသန်းက ပြောပါတယ်။

    မိုင်တိုင်အမှတ် ၄၅ ဟာ မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲရဲ့ အနောက်မြောက်ဘက်မှာရှိပြီး ဆက်သွယ်သွားလာရေး ခက်ခဲတဲ့နေရာတစ်ခုဖြစ်သလို လက်ရှိမှာတော့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

    မနေ့ကတိုက်ခိုက်ခံလိုက်ရပြီး သေဆုံးခဲ့တဲ့သုံးဦးတို့ဟာ မတ်လ ၅ ရက် မွန်းလွဲပိုင်း ၁၂ နာရကျော်အချိန်မှာ မိုင်တိုင် ၄၅ ကင်းစခန်းမှနေပြီး အောင်ဇံကျေးရွာသို့ ခြံစည်းရိုးကာရံမှုလုပ်ငန်းအတွက် သဲ သယ်ယူရန်သွားစဉ် ၁၂နာရီခွဲဝန်းကျင်အချိန်မှာ အမည်မသိသောင်းကျန်းသူအဖွဲ့က လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

    ညနေ ၃ နာရီလောက်မှာတော့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က အခင်းဖြစ်ရာနေရာကိုရောက်ရှိခဲ့ပြီး နယ်မြေရှင်းလင်းမှုတွေပြုလုပ်ခဲ့ရာမှာ သူတို့ယူလိုက်ပါခဲ့တဲ့မော်တော်ယဉ်မှာ လက်နက်ငယ်ကျည် ၁၀ ချက်ထိမှန်းထားပြီး ဒုအရာခံဗိုလ် သက်ထွန်းအောင်မှာ ဦးခေါင်းကျည်ထိဒဏ်ရာ၊ ကိုဌေးဝင်းမှာ လက်နက်ဖက် ကျည်ထိဒဏ်ရာ၊ ကိုစံရန်းမှာ ရင်ဘတ်ကျည်ထိဒဏ်ရာတွေနဲ့ သေဆုံးနေတာကိုတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

    Rakkhine

    ဓာတ်ပုံ ရင်းမြစ်, CJ

  7. မန္တလေးမှာ မနေ့က တပ်နဲ့ရဲ ပစ်ခတ်မှုကြောင့် ကျည်ထိမှန်သူ ဖမ်းဆီးခံရစဉ် သေဆုံး

    စစ်တပ်နဲ့ရဲတို့ရဲ့ ပစ်ခတ်တာကြောင့် မန္တလေးမှာ ကျည်ထိမှန် သေဆုံးသူဟာ မတ် လ ၅ ရက်နေ့မှာ နှစ်ဦးရှိခဲ့ပါတယ်။ တစ်ဦးကတော့ ဆန္ဒပြပွဲကို ဘေးမှာ ရပ်ကြည့်နေတဲ့ အသက် ၂၀ ကျော်အရွယ် မောင်ဇော်မျိုးဖြစ်ပြီး ရင်ဘတ်ဘယ်ဘက်ခြမ်းကို ထိမှန်သေဆုံးခဲ့တာဖြစ်ပါတယ်။

    နောက်တစ်ဦးကတော့ အသက် ၂၀ အရွယ် ကိုနိုင်မင်းကိုဖြစ်ပြီး ၃၅ လမ်း ၊ ၈၆ လမ်း အနီးမှာ ခြေထောက်ကျည်မှန်ရာက ရဲကဖမ်းဆီး‌ခေါ်သွားတာ တွေ့ရတယ်လို့ မျက်မြင်သက်သေကပြောပါတယ်။

    "ဘုန်းကြီးကျောင်းကို ဘူဒိုဇာနဲ့ထိုးမယ်ဆိုလို့သွားလိုက်တာ။ အဲဒီနားရောက်တော့ ပစ်နေတာတွေတွေ့တဲ့အချိန် လူစုကွဲသွားတယ်။ ကျွန်တော့် သူငယ်ချင်းက ခြေထောက်ဒဏ်ရာကျည်မှန်တယ်။ တခြားတယောက်က သူ့ကို ဆိုင်ကယ်နဲ့ တင်ခေါ်ချိန်မှာ ပြုတ်ကျကျန်ခဲ့တာ။ အဲ့ချိန် ရဲတွေက ခြေ‌ထောက်နဲ့ကန် ၊ ရိုက်နှက်ပြီး ခေါ်သွားတယ်။ ဖမ်းခေါ်သွားတဲ့အချိန်မှာ ခြေထောက်ဒဏ်ရာနဲ့ လမ်းလျှောက်နိုင်တာကို တွေ့လိုက်ရတယ်"လို့ မျက်မြင်တွေ့ရသူက‌ပြောပါတယ်။

    စစ်ကောင်စီထုတ်ပြန်ချက်မှာတော့ ကိုနိုင်မင်းကိုက ဓားလက်နက်နဲ့ ခုခံလို့ ပစ်လိုက်တာလို့ ဆိုထားပါတယ်။ ကိုနိုင်မင်းကိုရဲ့ အစ်မကတော့ မောင်ဖြစ်သူဟာ မွန်းလွဲ ၁၂ နာရီကျော်မှာ မြတောင်တိုက်ဘက်ဘူဒိုဇာကားနဲ့ ထိုးတဲ့အသံကြားလို့ ထွက်သွားတာဖြစ်ပြီး ဖုန်းတောင်ယူမသွားဘူးလို့ ပြောပါတယ်။

    လက်ရှိအချိန်ထိ အလောင်းကိုပြန်မရသလို စစ်ကောင်စီဘက်က ဆက်သွယ်အကြောင်းကြားတာမရှိသေးဘူးလို့ သေဆုံးသူရဲ့အမဒေါ်နွေနှင်းဖြူက ပြောပါတယ်။

    Mandalay

    ဓာတ်ပုံ ရင်းမြစ်, CJ

    Mandalay

    ဓာတ်ပုံ ရင်းမြစ်, CJ

  8. ရွှေပြည်သာ၊ ထန်းခြောက်ပင် ဆန္ဒပြသပိတ် ဖြိုခွင်းခံရ၊ ဖမ်းဆီးခံရသူတချို့ရှိ

    ရွှေပြည်သာ မြို့နယ်ရဲ့ သပိတ်စုရပ် ထန်းခြောက်ပင်က သပိတ်အတားအဆီးတွေကို စစ်တပ်နဲ့ရဲကဖယ်ရှားပြီး ဆန္ဒပြလူထုကို ရာဘာကျည်၊ အသံဗုံးတွေပစ်ဖောက်ပြီး ဖြိုခွဲခဲ့ပါတယ်။ ဖမ်းဆီးခံသူအချို့ရှိနေပြီး ပစ်ခတ်မှုတွေလည်းရှိခဲ့တာပါ။ အဲဒီမှာ CDM လုပ်ပြီး ဆန္ဒပြတဲ့မြို့နယ်လျှပ်စစ်ဝန်ထမ်းနဲ့ ဆန္ဒပြလူငယ်အချို့လည်း ဖမ်းဆီးခံရတဲ့အထဲ ပါသွားပါတယ်။ စစ်နဲ့ ရဲကား ၂၀ ဝန်းကျင်လောက်ရှိပြီး ထန်းခြောက်ပင်လမ်းဆုံနဲ့ရပ်ကွက်ထိပ်တွေမှာ တပ်စွဲထားပါတယ်။

    Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

    Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

  9. စစ်ဆန့်ကျင်ရေးဆန္ဒပြကျောင်းသားတွေကို ဘေးစီမံဥပဒေနဲ့ ထပ်စွဲ

    ရခိုင်မှာ စစ်ပွဲတွေအတွင်း အရပ်သားထိခိုက်သေဆုံးမှုတွေများပြားလာနေတဲ့အတွက် စစ်ဆန့်ကျင်ရေးဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ကျောင်းသားလေးဦးကို ဘေးအန္တရာယ်စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၉ နဲ့ ထပ်မံ စွဲဆိုလိုက်တယ်လို့ သိရပါတယ်။

    ၂၀၂၀ ခုနှစ် ၊ အောက်တိုဘာ ၁၉ ရက်နေ့က စစ်ပွဲတွေရပ်စဲဖို့နဲ့ အရပ်သားတွေကိုထိခိုက်မှုမရှိစေဖို့ မြို့ပတ်ဆန္ဒထုတ်ဖော်နေစဉ်မှာ ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရကာ အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲဆိုခံလိုက်ရပြီး ၆ လနီးပါးအကြာ မတ်လ ၅ ရက်နေ့ မနေ့ကရုံးချိန်းမှာ ဘေးစီမံဥပဒေပုဒ်မ ၂၉ ကို နောက်တိုးအမှုတစ်ခုအဖြစ်နဲ့ ထပ်မံစွဲဆိုခံလိုက်ရတာဖြစ်တယ်လို့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ကိုတိုးတိုးအောင်က ပြောပါတယ်။

    အဲ့ဒီကျောင်းသားလေးဦးတို့ကို ပထမစွဲဆိုထားတဲ့ ၅၀၅ (ခ)နဲ့ ရဲမှူးဇော်နိုင်က တရားလိုလုပ်စွဲဆိုထားတာဖြစ်ပြီး မနေ့ကထပ်မံစွဲဆိုလိုက်တဲ့ ဘေးစီမံဥပဒေ ပုဒ်မ ၂၉ မှာတော့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနက ဒုဦးစီးမှူး ဦးအောင်ဇံဝေးက တရားလိုလုပ်စွဲဆိုခဲ့တာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောပါတယ်။

    စစ်ဆန့်ကျင်ရေးဆန္ဒပြတောင်းဆိုမှုကြောင့် ဖမ်းဆီးခံထားရတဲ့ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုကောင်းထွန်းနဲ့ ကိုမြတ်စိုးဝင်းတို့ကျောင်းသားလေးဦးတို့ဟာ ပြင်ပနဲ့အဆက်အသွယ်မရရှိဘဲ စစ်တွေအကျဉ်းထောင်မှာ ၆လနီးပါးထိန်းသိမ်းချုပ်နှောင် ခံနေရရာကနေ မနေ့ကပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တာဖြစ်ပါတယ်။

    ကျောင်းသားတွေဖမ်းဆီးခံလိုက်ကြရပြီးနောက်ပိုင်းမှာ ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှုပြင်းထန်လာခဲ့တဲ့အတွက် တရားရုံးထုတ်တာတွေကို ဆိုင်းငံ့ထားခဲ့ရတာကြောင့် ရုံးချိန်းတွေမရှိဘဲကြန့်ကြာနေခဲ့ရတာဖြစ်သလို မနေ့ကရုံးချိန်းဟာ ပထမဆုံးအကြိမ်ရုံးထုတ်ခဲ့တာဖြစ်ပါတယ်။

    လာမယ့် မတ်လ ၁၉ ရက်နေ့ကို ရုံးချိန်း ပြန်ချိန်းဆိုလိုက်တယ်လို့ အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေဦးကျော်ညွန့်မောင်က ပြောပါတယ်။

    အခုလို ပုဒ်မတွေထပ်တိုးပြီးတော့ တရားစွဲဆိုမှုတွေပြုလုပ်လာတာဟာ တမင်ညစ်တာသာဖြစ်ပြီး ထွေထွေထူးထူးပြောစရာ မရှိပေမယ့် သူတို့အလုပ်ကိုသူတို့လုပ်သလို ကျောင်းသားတွေဘက်ကလည်း လုပ်စရာရှိတာတွေကို ဆက်လုပ်သွားမယ်လို့ ကိုတိုးတိုးအောင်က ပြောပါတယ်။

    အဲ့ဒီကျောင်းသားတွေဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့မှာ တစ်ကြိမ်၊ အောက်တိုဘာ ၁၉ ရက်နေ့က စစ်တွေမြို့ပေါ်မှာ လမ်းလျှောက်ပြီးတောင်းဆိုတဲ့တစ်ကြိမ် စစ်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

    ပထမအကြိမ်ဆန္ဒထုတ်ဖော်မှုကို ကိုတိုးတိုးအောင်၊ ကိုကျော်နိုင်ဌေးနဲ့ ကိုဦးသန်းနိုင်တို့သုံးဦးက အစိုးရအဖွဲ့ရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြစဉ် ရဲတပ်ဖွဲ့ကလာရောက်ဖမ်းဆီးခဲ့ကာ ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ အမှုဖွင့်ပြီးအာမခံနဲ့ပြန် လည်လွှတ်ပေး ခဲ့ပါတယ်။

    ဒုတိယအကြိမ်းဆန္ဒပြရာမှာတော့ ကျောင်းသားတွေနဲ့အတူ ဒေသခံတွေပါပူးပေါင်းပါဝင်ခဲ့ကြပြီး ရဲတပ်ဖွဲ့ရဲ့ဖြိုခွဲဖမ်းဆီးမှုကို ခံလိုက်ရတာဖြစ်သလို ပုဒ်မနှစ်ခုနဲ့ တရားစွဲဆိုခံနေကြရတာလည်းဖြစ်ပါတယ်။

    ဆန္ဒပြမှုကြောင့် တရားစွဲဆိုခံနေကြရတဲ့ ကျောင်းသား ငါးဦးအနက် လက်ရှိမှာ လေးဦးကဖမ်းဆီးခံနေရပြီး ကိုတိုးတိုးအောင်ကိုတော့ အာမခံနဲ့လွှတ်ပေးထားတာဖြစ်ပါတယ်။

    Rakkhine
  10. ဖြိုခွင်းမှုတွေရှိပေမယ့် မြစ်ကြီးနားမှာ တည်ငြိမ်စွာဆန္ဒပြ

    ဖြိုခွင်းမှုတွေရှိပေမယ့် ဒီနေ့မတ်လ ၆ ရက်မှာတော့ မြစ်ကြီးနား မြို့မှာ ဆန္ဒဖော်ထုတ်မှုတွေ ဆက်ရှိနေဆဲပါ။

    မြစ်ကြီးနားမြို့၊ ရန်ကြီးအောင် ၊ ဒူကထောင်၊ ယုဇန စတဲ့ ရပ်ကွက်တွေမှာ လူငယ်တွေက ဆက်လက် ဆန္ဒထုတ်ဖော်နေဆဲဖြစ်ပါတယ်။ ဆန္ဒဖော်ထုတ်တဲ့ လူငယ်တွေဟာ ခါတိုင်းလို တစ်နေရာတည်းမှာ လူမစုတော့ဘဲ ကွက်ကျားလူစုပြီးတော့ ချီတက်လမ်းလျှောက်နေကြတာဖြစ်ပါတယ်။

    Kachin
    Kachin
  11. အကြမ်းဖက်ဖြိုခွင်းမှုတွေ ရပ်အောင် လုပ်ရမယ်လို့ ကုလအထူးသံ လုံခြုံရေးကောင်စီမှာပြော

    ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဒီကနေ့ ပြုလုပ်တဲ့ တံခါးပိတ် အစည်းအဝေးမှာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်းမှုတွေကို ရပ်တန့်အောင်လုပ်ရမယ်လို့ မြန်မာဆိုင်ရာ ကုလ အထူးသံတမန် ခရစ်စတင်း ရှာရနာ ဘာဂနာက ပြောပါတယ်။

    အခြေအနေတွေကို ဆက်လက်စောင့်ကြည့်နေပြီး ကောင်စီက သဘောတူနိုင်တဲ့ အရေးယူမှုတွေကို လုပ်မယ်လို့ အစည်းအဝေးအပြီးမှာ ကုလဆိုင်ရာ ယူကေ သံအမတ်က ပြောပါတယ်။

    အများသဘောတူတဲ့ ဆုံးဖြတ်ချက် ချဖို့ဆိုရင် အမေရိကန်၊ ပြင်သစ်၊ ယူကေတို့နဲ့ အတူ တရုတ်နဲ့ ရုရှားနိုင်ငံတို့ သဘောတူညီမှုကိုပါ လိုပါတယ်။

    သံတမန်တွေကတော့ သောကြာနေ့ အစည်းအဝေးကနေ ဆုံးဖြတ်ချက် တစ်ခုခု ထွက်လာဖွယ် မရှိဘူးလို့ ပြောပြီး အခြေအနေတွေကို ဆက်လက်စောင့်ကြည့်လေ့လာသွားမယ်လို့ ဆိုပါတယ်။

    UN

    ဓာတ်ပုံ ရင်းမြစ်, UN

  12. ရန်ကုန်တိုင်း လူမှု​ရေးဝန်ကြီး ဦးနိုင်ငံလင်းကို အင်းစိန်​ထောင်မှာ ထိန်းသိမ်းထား

    ဦးနိုင်ငံလင်းကို ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းတဲ့နေ့မှာ နေအိမ်က ခေါ်ဆောင်သွားပြီးနောက် အင်းစိန်ထောင်မှာ ထားရှိတယ်လို့ သူ့ရဲ့ ဇနီးဖြစ်သူက လူမှုကွန်ရက်စာမျက်မှာ ရေးသားထားချက်အရ သိရပါတယ်။

    သူ့ရဲ့ ရုံးခန်းမှာထားရှိတဲ့ သာကေတပြည်သူတွေက ကိုဗစ်ကာကွယ်​ရေး ရံပုံ​ငွေ အတွက်လှူဒါန်းတဲ့ ငွေတွေကို သိမ်းယူသွားပြီး သူ့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူထားတယ်လို့လည်း ရေးသားထားပါတယ်။

    ဦးနိုင်ငံလင်း

    ဓာတ်ပုံ ရင်းမြစ်, U Naing Ngan Lin Facebook

  13. မနက်ပိုင်းက လာရှိုးမြို့အနီးကို TNLA အဖွဲ့ရောက်လာတယ်လို့ ဒေသခံတွေပြော

    လားရှိုးမြို့နဲ့ ၅ မိုင်ခန့် အကွာမှာရှိတဲ့ မယ်ဟန်ရွာကို ဒီနေ့ မနက် ၄ နာရီ လောက်မှာ TNLA တပ်ဖွဲ့ဝင် ရာဂဏန်းလောက် ရောက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တပ်က မြို့အဝင်အထွက် အင်အားအများအပြား ချထားတာ တွေ့ရကြောင်း၊ တိုက်ပွဲဖြစ်တာ မရှိကြောင်းနဲ့ တပ်က လက်နက်ကြီး ၂ ချက် ပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    အရင်ကတည်းက လားရှိုးအနီးနားရွာတွေမှာ TNLA တပ်ဖွဲ့တွေသွားလာလေ့ရှိပြီး ဒီနေ့မနက်မှာ မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမပေါ် ရောက်လာတာ ဖြစ်ကြောင်းနဲ့ အရင်က အဲဒီရွာနားကို ဝင်မလာဖူးဘူးလို့ လားရှိုးဒေသခံတစ်ဦးကပြောပါတယ်။

    ဒါ့အပြင် ဒီကနေ့ လားရှိုးမြို့က ထိုင်သပိတ်ကို ဖြိုခွဲတာ မရှိလို့လည်း ဒေသခံတွေဆီက သိရပါတယ်။

    TNLA အဖွဲ့

    ဓာတ်ပုံ ရင်းမြစ်, ရွှေဖီမြေ

    TNLA အဖွဲ့

    ဓာတ်ပုံ ရင်းမြစ်, ရွှေဖီမြေ

  14. မြင်းခြံပစ်ခတ်မှုက သေဆုံးသူရဲ့ စျာပန

    မတ်လ၃ရက်ကမြင်းခြံမြို့မှာ စစ်အာဏာအာရှင်စနစ်အလိုမရှိကြောင်းဆန္ဒပြရင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့်သေဆုံးခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် ကိုဇင်ကိုကိုဇော်ကိုမြင်းခြံ ရှိကူရွာ သုဿန်မှာ ဂူသွင်း သင်္ဂြိုဟ်ခဲ့ပါတယ်။

    မြင်းခြံပစ်ခတ်မှုက သေဆုံးသူရဲ့ စျာပန

    ဓာတ်ပုံ ရင်းမြစ်, MPA

  15. ကလေးမြို့ မတ်လ ၂ ရက် ပစ်ခတ်မှုကြောင့် သေဆုံးသူရဲ့ စျာပန စက်မှုသုသာန်မှာ ပြုလုပ်

    မတ်လ၂ရက်နေ့ အာဏာသိမ်းဆန္ဒပြပွဲကို ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် ကိုဇင်မျိုးအောင်ရဲ့ စျာပနအခမ်းအနားကို ကလေးမြို့ရှိ စက်မှုသုသာန်မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

    ကလေးမြို့ မတ်လ ၂ ရက် ပစ်ခတ်မှုကြောင့် သေဆုံးသူရဲ့ စျာပန စက်မှုသုသာန်မှာ ပြုလုပ်

    ဓာတ်ပုံ ရင်းမြစ်, MPA

  16. ဒေါက်တာဇော်ဝေစိုးကို သေဒဏ်ပေးနိုင်တဲ့ အမှုနဲ့ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ဆို

    ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ဝန်ကြီးဌာနလေးခု တာဝန်ပေးထားတဲ့ ဒေါက်တာဇော်ဝေစိုးကို နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုနဲ့ အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ မြန်မာ့အသံနဲ့ရုပ်မြင်သံကြားကကြေညာသွားပါတယ်။

    ဒါ့အပြင် လသာမြို့နယ် ရဲစခန်းမှာလည်း ရာဇသတ်ကြီး ပုဒ်မ ၅၀၅ နဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

    ဒေါက်တာဇော်ဝေစိုးဟာ နိုင်ငံတော် သစ္စာဖောက်ဖျက်တဲ့ CRPH မှာပါဝင်ဆောင်ရွက်နေပြီး ဝန်ထမ်းတွေကိုလည်း CDM မှာ ပါဝင်အောင် လှုံ့ဆော်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

    အဲဒီကြေညာချက်တွေထဲမှာ ရာဇသတ်ကြီး ပုဒ်မ ၁၂၂ နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှုအတွက် အမြင့်ဆုံး သေဒဏ်ကနေ ထောင် နှစ် ၂၀ အထိ ချမှတ်နိုင်တယ်လို့လည်း ကြေညာသွားပါတယ်။

    CRPH ဘက်ကလည်း စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့လို့ ကြေညာထားပြီး သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြန်မလွတ်မြောက်သေးခင်ကြားကာလအစိုးရအဖွဲ့နဲ့ ယာယီဝန်ကြီးတွေ ခန့်ထားပြီး အာဏာရှင် ကျဆုံးရေး ဆောင်ရွက်မယ်လို့ ပြောထားပါတယ်။

    ဒေါက်တာဇော်ဝေစိုး

    ဓာတ်ပုံ ရင်းမြစ်, Social Media

  17. မန္တလေးဝန်ကြီးချုပ် ရုံးထုတ် မစစ်ဆေးဖြစ်

    နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲဆို ခံထားရတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို ဒီကနေ့ အောင်မြေသာစံမြို့နယ်တရားရုံးမှာ ရုံးထုတ် စစ်ဆေးဖို့ ရှိပေမဲ့ အမှု စစ်ဆေးထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ CDM လုပ်ဆောင်နေလို့ မစစ်ဆေးဖြစ်ဘူးလို့ မြို့ခံတချို့ နဲ့ NLD ပါတီဝင်တချို့ရဲ့ လူမှုစာမျက်နှာမှာ ရေးသားချက်တွေအရ သိရပါတယ်။

  18. အခြေခံဥပဒေဖျက်သိမ်းရေး လုပ်ဆောင်မယ်လို့CRPH ကြေညာ

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး နှင့် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးအပါအဝင် CRPH ရဲ့ နိုင်ငံရေး ရည်မှန်းချက် ၄ ရပ်ကို ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

    အဲဒီအချက်တွေက -

    (၁) စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး

    (၂)သမ္မတကြီး ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူအားလုံး လွတ်မြောက်ရေး

    (၃) ဒီမိုကရေစီရရှိရေး

    (၄) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး နှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးတို့ ဖြစ်တယ်လို့ CRPH ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြထားပါတယ်။

  19. စစ်ကိုင်းမှာ ဆန္ဒပြမှုတွေ ဆက်ရှိ၊ ဖြိုခွင်းမခံရဘူးလို့ ဒေသခံတွေပြော

    စစ်ကိုင်းမြို့မှာ စစ်အာဏာသိမ်းဆန့်ကျင် သပိတ်တွေ အရင်နေ့တွေက ဖြိုခွင်းခံရပေမယ့် ဒီ‌ကနေ့မှာ အဖွဲ့ပေါင်းစုံ ပေါင်းစုပြီး ဆန္ဒပြကြပါတယ်။

    တက္ကသိုလ်ကျောင်းသားများ သမဂ္ဂနဲ့ ပညာရေး၀န်ထမ်း‌တွေ အရပ်ဘက်အဖွဲ့စည်းတွေ ပါဝင်ပြီးငါးထပ်ကြီးဘုရားလမ်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံနဲ့ မြို့တွင်းလှည့်လည် ဆန္ဒပြပါတယ်။ ဒီနေ့မှာတော့ ဆန္ဒပြစစ်ကြောင်းကို ဖြိုခွင်းမခံရဘူးလို့ ဒေသခံတွေကပြောပါတယ်။

    မတ်လ ၃ ရက်က စစ်ကိုင်းမြို့က ဆန္ဒပြစစ်ကြောင်းကို ဖြိုခွင်းခဲ့လို့ ဆယ်ဦးထက်မနည်း ဖမ်းဆီးခံရပါတယ်။ တချို့ပြန်လည်လွှတ်ပေးလိုက်ပေမယ့် ငါးဦးကိုတော့ ထိန်းသိမ်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    စစ်ကိုင်းမှာ ဆန္ဒပြမှုတွေ ဆက်ရှိ၊ ဖြိုခွင်းမခံရဘူးလို့ ဒေသခံတွေပြော

    ဓာတ်ပုံ ရင်းမြစ်, CJ

  20. ရန်ကုန်က မြို့နယ် ၃၄ ခု မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေဖွဲ့စည်း

    ရန်ကုန်တိုင်းက မြို့နယ် ၃၄ ခုမှာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) ဖွဲ့စည်းပြီးပြီလို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ-CRYH က ဒီကနေ့ ကြေညာလိုက်ပါတယ်။

    ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ-CRPH ရဲ့ ကြားကာလပြည်သူ့အုပ်ချုပ်ရေးအစီအစဥ်ဆောင်ရွက်ဖို့ ညွှန်ကြားချက်ကြောင့် ဒီလိုဖွဲ့စည်းတာဖြစ်ပြီး ကျန်တဲ့မြို့နယ်တွေမှာလည်း ထပ်ဖွဲ့သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။