အသစ်ခန့်လိုက်တဲ့ဝန်ကြီးတွေဟာ စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက်လို့ CRPH ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဝန်ကြီးတွေ ခန့်အပ်လိုက်တာဟာ အစိုးရအသစ်ဖွဲ့တာ မဟုတ်ဘဲ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ အစိုးရရဲ့ အဖွဲ့ဝင်တွေကို ဖမ်းဆီးထားချိန်မှာ နိုင်ငံတော်ရဲ့ လုပ်ငန်းတာဝန်တွေကို ကိုယ်စား ထမ်းဆောင်ဖို့အတွက် ခန့်အပ်တာလို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ဆိုပါတယ်။
CRPH ကအသစ်ခန့်အပ်တဲ့ ခေတ္တဝန်ကြီးဦးလွင်ကိုလတ်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းရာမှာ အဲသလို ဖြေကြားသွားတာပါ။
ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ခေါင်းဆောင်တဲ့ တပ်မတော်က အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုအာဏာ၊ စီမံခန့်ခွဲမှုအာဏာဆိုတဲ့ အာဏာသုံးရပ် စလုံးကို သိမ်းပိုက်ပြီး တင်းတင်းကျပ်ကျပ်ချုပ်ကိုင်ထားပါတယ်။ ဒီလိုအချိန်မျိုးမှာ ဝန်ကြီးဌာနတွေကို စီမံခန့်ခွဲဖို့ဆိုတာ လက်တွေ့ မဖြစ်နိုင်တဲ့ အရာပါ။
ဒီတော့ အခုအသစ်ခန့်အပ်လိုက်တဲ့ဝန်ကြီးတွေက ဘာတွေဆောင်ရွက်မှာပါလဲ။
“အဓိကကတော့ သာမန်ဝန်ကြီးဌာနတွေကပေးတဲ့ ဝန်ဆောင်မှုတွေကို ပေးဖို့ မဟုတ်တော့ဘူး။ လူထုဆန္ဒဖြစ်တဲ့ စစ်အာဏာရှင်စနစ် ကျဆုံးရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းစဥ်တွေကို အစိုးရတရပ်အနေနဲ့ ဆောင်ရွက်နိုင်ဖို့ အဓိကထားဖွဲ့စည်းတာဖြစ်ပါတယ်”လို့ ဦးလွင်ကိုလတ်က ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CRPH
၂၀၂၀ နိုဝင်ဘာ အရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ဝန်ကြီးဌာန ၉ ခုအတွက် ခေတ္တပြည်ထောင်စုဝန်ကြီး ၄ ယောက်ကို မတ်လ ၂ ရက်နေ့ မှာ ခန့်ထားလိုက်တာပါ။
ခန့်ထားသူ ဝန်ကြီး ၄ ယောက်ကတော့ ဒေါ်ဇင်မာအောင်၊ ဦးလွင်ကိုလတ်၊ ဦးတင်ထွန်းနိုင်၊ ဒေါက်တာဇော်ဝေစိုးတို့ဖြစ်ကြပါတယ်။
CRPH ဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်မပြုဘဲ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဦးဆောင်တဲ့ အရပ်သားအစိုးရကိုသာ လက်ရှိတရားဝင်အစိုးရအဖြစ် ဆက်လက် အသိအမှတ်ပြုရပ်တည်တာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကလည်း ဦးထင်လင်းအောင်ကို CRPH ရဲ့ နိုင်ငံတကာဆက်ဆံရေး ကိုယ်စားလှယ်အဖြစ်ခန့်အပ်ခဲ့ပြီး ဒေါက်တာဆာဆာကို ကုလသမဂ္ဂကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာသံအမတ် ဦးကျော်မိုးထွန်းကလည်း ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည် အစိုးရကိုသာ ကိုယ်စားပြုကြောင်း ကုလသမဂ္ဂမှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
CRPH က ဦးကျော်မိုးထွန်းကို တရားဝင် ကုလသမဂ္ဂ သံတမန်အဖြစ် ထုတ်ဖော်ပြောဆိုခဲ့ပြီး တချိန်တည်းမှာပဲ စစ်ကောင်စီကတော့ ဦးကျော်မိုးထွန်းကို ထုတ်ပယ်ကြောင်း ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
CRPH နဲ့ဆက်သွယ်ဆောင်ရွက်မှုတွေဟာ အဖျက်အမှောင့်လုပ်ရပ်တွေသာ ဖြစ်လို့ မဆက်သွယ်ဖို့ညွှန်ကြားထားကြောင်း အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ပြည်သူလူထုအပေါ်မှာ အကြမ်းဖက်သတ်ဖြတ်တဲ့ လုပ်ရပ်တွေက နိုင်ငံတကာကလည်း ဘယ်လိုမှ သည်းခံနိုင်စရာမရှိသလို မြန်မာပြည်နိုင်ငံသားတွေဘက်ကလည်း ဘယ်လိုမှ သည်းခံနိုင်စရာမရှိတဲ့ အတွက် စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာရတာလို့ ဦးလွင်ကိုလတ်က ဘီဘီစီကို ပြောကြားပါတယ်။
တပ်မတော်၊ ရဲအဖွဲ့နဲ့ ထွေအုပ်တွေဟာ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရနဲ့ ပြည်သူအပေါ်မှာသာ သစ္စာရှိရမှာဖြစ်ကြောင်းကိုလည်း မကြာခင်ရက်အတွင်းမှာ CRPH က ဆက်လက် ထုတ်ပြန်သွားဖို့ရှိတယ်လို့လည်း ဘီဘီစီကို ပြောပါတယ်။
CRPH က အခုလို ယာယီ ဝန်ကြီးတွေ ခန့်အပ်လိုက်တဲ့နေ့မှာပဲ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ဝန်ကြီးနှစ်ဦးဟာ သက်ဆိုင်ရာ အာဆီယံဝန်ကြီးတွေတက်ရောက်တဲ့ အစည်းအဝေးတွေကို ဗီဒီယိုကွန်ဖရန့်စ်ကနေ တက်ရောက်ခဲ့ကြပါတယ်။
ဒါဟာ စစ်ကောင်စီက ဝန်ကြီးတွေ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး အာဆီယံအစည်းအဝေးတွေမှာ ပထမဆုံးအကြိမ် တက်ရောက်တာ ဖြစ်ပါတယ်။
နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အလွတ်သဘော အစည်းအဝေးကို တက်ရောက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
အာဆီယံနိုင်ငံတချို့က အာဆီယံမူဝါဒဖြစ်တဲ့ ကြားဝင်မစွက်ရေး မူအတိုင်း ကျင့်သုံးမှာဖြစ်ကြောင်းနဲ့ ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေ ပြန်လွှတ်ရေးနဲ့ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေး တိုက်တွန်းနေပေမဲ့ အခုလို စစ်ကောင်စီနဲ့ အဆက်အဆံ လုပ်နေတဲ့အတွက် စစ်ကောင်စီရဲ့ တရားဝင်မှုကို အသိအမှတ်ပြုပေးတာ ဖြစ်နေတယ်လို့ ဒီမိုကရေစီဖော်ဆောင်ရေး ထောက်ခံသူတွေက အာဆီယံကို ဝေဖန်နေကြပါတယ်။








