ညက ဖမ်းသွားတဲ့ ရွေပြည်သာ သပိတ်ဝန်းရံသူ တစ်ဦးသေဆုံး

ကိုဇော်မြတ်လင်းဟာ "စု" သက်မွေးသင်တန်းကျောင်း ရဲ့တာဝန်ခံဖြစ်သလို CRPH ရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကခန့်အပ်ထားတဲ့ မြို့နယ်တာဝန်ခံဖြစ်ပြီး ရွှေပြည်သာသပိတ်ကို ဝန်းရံသူဖြစ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဉီးညီပုကို အွန်လိုင်းကနေ ဒုတိယအကြိမ် ရုံးထုတ်, တရားရုံးကိုလွတ်လပ်စွာလာရောက်အမှုရင်ဆိုင်ခွင့်တောင်းဆို

    ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကို မတ်လ ၄ ရက် မနက်ပိုင်းက စစ်တွေမြို့နယ်တရားရုံးမှာ အွန်လိုင်းဗီဒီယိုကနေ တစ်ဆင့် ရုံးထုတ်တာတွေပြုလုပ်ခဲ့တယ်လို့ အမှုလိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးမျိုးမြတ်ဟိန်း(ခ) ဦးငြိမ်းချမ်းက ပြောပါတယ်။

    ဒီကနေ့ရုံးထုတ်မှာတော့ အမှုနဲ့ပတ်သက်လို့ CMP လို့ခေါ်တဲ့ မှုခင်းစီမံခန့်ခွဲမှုကိစ္စတွေကို ပြုလုပ်ခဲ့တာဖြစ်ပြီး ဦးညီပုနဲ့ ရှေ့နေတို့စကားပြောဆိုခွင့်တွေရရှိခဲ့ရာမှာတော့ ဦးညီပုက သူ့ကိုအခုလိုမျိုး အွန်လိုင်းဗီဒီယိုကနေတစ်ဆင့် ရုံးထုတ်တာမျိုး မဟုတ်ဘဲ လွတ်လပ်စွာနဲ့ တရားရုံးကိုလာရောက်ပြီး အမှုရင်ဆိုင်ခွင့်တယ်ရချင်တယ်လို့ တရားရုံးကိုတင်ပြတောင်းဆိုခဲ့ တယ်လို့ သိရပါတယ်။

    ဝန်ကြီးချုပ်ဦးညီပုဟာ စစ်အာဏာသိမ်းခံရပြီး ဂွမြို့ကသူ့ရဲ့နေအိမ်မှာ အကျယ်ချုပ်နဲ့နေထိုင်နေခဲ့ရာကနေ ဖေဖော်ဝါရီ ၁၀ ရက်နေ့ည ၁၀ နာရီခွဲဝန်းကျင်မှာ ပြန်လည်ဖမ်းဆီးခြင်းခံလိုက်ရတာဖြစ်ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) နဲ့ စစ်တွေမြို့နယ်တရားရုံးမှာ တရားစွဲဆိုခံနေရတာလည်းဖြစ်ပါတယ်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကနေ ထုတ်ပြန်ထားတဲ့ ထုတ်ပြန် ချက်တစ်စောင်နဲ့ပတ်သက်လို့ ၅၀၅ (ခ)နဲ့ အမှုဖွင့်ခံထားရတာဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့က အွန်လိုင်းဗီဒီယိုနဲ့ ပထမအကြိမ်ရုံးထုတ်ခဲ့ပါတယ်။

    နောက်တကြိမ် ရုံးချိန်းကို လာမယ့် မတ်လ ၁၇ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက် တယ်လို့ သိရပါတယ်။ ပထမအကြိမ်ရုံးချိန်းတုန်းက ဦးညီပုကို စစ်တွေအကျဉ်းထောင်မှာထားရှိတယ်လို့ ချုပ်ရက်ရမန်ယူတဲ့စာအရသိခဲ့ရပေမယ့် လက်ရှိမှာတော့ ဒေသကွပ်ကဲရေးဌာနချုပ်-စစ်တွေ (ဒကစ)တပ်မထဲမှာထားရှိတာကိုသိခဲ့ရတယ်လို့ ရှေ့နေ ဦးငြိမ်းချမ်းက ပြောပါတယ်။

    အခုလို အွန်လိုင်းဗီဒီယိုကနေတစ်ဆင့် ရုံးထုတ်တာတွေလုပ်နေတဲ့အတွက် အမှုသည်နဲ့ရှေ့နေအကြားထိတွေ့ခွင့်မရရှိသလို အမှုကိစ္စတွေဆောင်ရွက်ရာမှာ နှစ်ဦးနှစ်ဖက် ပွင့်ပွင့်လင်းလင်းပြောဆိုရမယ့် ကိစ္စတွေကိုလည်း ပြောဆိုလို့မရတဲ့အတွက် ရသင့်တဲ့အခွင့်အရေးတွေကို ရချင်တယ်လို့ ရှေ့နေဘက်က ပြောပါတယ်။

    Rakkhine

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု
  2. အလုံက ဆန္ဒပြပွဲ ဖြိုခွင်းခံရ

    ရန်ကုန်၊ အလုံမြို့နယ်ထဲက လူထုအများစုပါဝင်တဲ့ ဆန္ဒပြပွဲတစ်ခု မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွင်းခံခဲ့ရတယ်လို့ အနီးနားမှာနေထိုင်သူတွေက ပြောပါတယ်။

    ဒီနေ့ မတ် ၄ ရက်မနက် ၁၁ နာရီကျော်လောက်မှာ အောက်ကြည့်မြင်တိုင်လမ်းနဲ့ အလုံလမ်းမီးပွိုင့်မှာ စစ်ကား ၈ ဦးနဲ့ အချုပ်ကားတွေ ရှိနေပြီးအသံဗုံး ၃ ချက်ဖောက်တာကို ကြားခဲ့ရတယ်လို့ နယ်ခံတွေက ပြောပါတယ်။

    ဆန္ဒပြလူထုကို မီးခိုးဗုံးတွေနဲ့ အသံဗုံးတွေနဲ့ လူစုခွဲတာကြောင့် ငုဝါလမ်းထဲအထိရောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။ အဲဒီနား တစ်ဝိုက်ဟာ မနေ့က ဆန္ဒပြသူ ၃၀၀ လောက် စုဝေးခဲ့ကြတဲ့နေရာဖြစ်ပြီး ဒီနေ့မနက်လည်း လူ ၃၀၀ နီးပါးလောက် စုဝေးဆန္ဒပြချိန်မှာ အခုလိုဖြိုခွင်းမှု ဖြစ်ခဲ့တာပါ။

    Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

  3. တာမွေ၊ ကျောက်မြောင်းသပိတ်စစ်ကြောင်းမှာဖမ်းဆီးခံကျောင်းသားတွေ ရှေ့နေနဲ့ တွေ့ခွင့်မရသေး

    မနေ့က မတ်လ(၃) ရက်မှာ တာမွေ၊ ကျောက်မြောင်းမှာ တက္ကသိုလ်ပေါင်းစုံ ပူးပေါင်းသပိတ်စစ်ကြောင်းကနေ ဖမ်းဆီးခံလိုက်ရတဲ့ ကျာင်းသား ၃၀၀ ကျော် ဒီနေ့ပြန်မလွတ်နိုင်သလို ရှေ့နေနဲ့လည်းတွေ့ခွင့်မရသေးဘူးလို့ သူတို့အရေးဆောင်ရွက်ပေးနေသူတွေက ဘီဘီစီကိုပြောပါတယ်။

    မနေ့က တာမွေ၊ ကျောက်မြောင်းသပိတ်စစ်ကြောင်းမှာ အနည်းဆုံး တက္ကသိုလ် (၇) ခုက ကျောင်းသားတွေပါဝင်ခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရတဲ့ကျောင်းသားတွေကို အင်းစိန်ထောင်မှာ ထိန်းသိမ်းထားပါတယ်။

    ဖမ်းဆီးခံထားရတဲ့ကျောင်းသားတွေထဲမှာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်က ကျောင်းသား ၆၀ကျော်လည်း ပါဝင်ပါတယ်။

    "မနက်ဖြန်မနက်ထိ ဖြစ်ဖို့မ‌ျားပါတယ်။ ကိုယ့်ဘက်က ဥပဒေကြောင်းအရ‌ရှေ့‌နေပါတယ်ဆိုတဲ့ သဘောပဲ ရှိနေတာဗျ။ အပြင်မှာ စောင့်‌ပေးနေရရုံအခြေအနေပဲ ရှိပါတယ်။ ညှိနှိုင်းရတာတွေ၊ တွေ့ရတာတွေ မရှိဘူးဗျ" လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂ (ဗကသ) အဖွဲ့၀၀င်တစ်ဦးက ဘီဘီစီကိုပြောပြပါတယ်။

    အရင်တစ်ခေါက် အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားတွေကို ဖမ်းဆီးခံရစဉ်က ဖမ်းဆီးခံကျောင်းသားတွေကို ၄၈နာရီပြည့်အောင်ချုပ်ပြီးမှ ပြန်လွှတ်တာတွေ့ရတယ် လို့ ဥပဒေကျောင်းသားတစ်ဦးက ပြောပါတယ်။

    Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မနေ့က ကျောက်မြောင်းဈေးအနီး သပိတ်မြင်ကွင်း
  4. မန္တလေးက ကျည်ထိမှန်သေဆုံးခဲ့တဲ့ မကြယ်စင်ရဲ့ နာရေးမြင်ကွင်းများ

    မန္တလေး ၈၄ လမ်းနဲ့ လမ်း ၃၀ ထောင့်မှာ မနေ့က စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြရင်း ဦးခေါင်းကျည်ထိမှန်ကျဆုံးတဲ့ မကြယ်စင် (ခ) ကျားရှိ အသက် ၁၉ နှစ်ရဲ့ နာရေးကို ဒီနေ့ လမ်း ၈၀ ယူနန် ဘုံကျောင်းမှာပြုလုပ်ပါတယ်။အေးရိပ်ငြိမ်သုဿာန်မှာ ဂူသွင်းသင်္ဂြိုလ်မယ်လို့သိရပါတယ်။

    မကြယ်စင်ရဲ့ နာရေးအခမ်းအနားကို ပြည်သူအများစုလာရောက် ဂါရဝပြုကြပါတယ်။

    Mandalay
  5. မနေ့က အကြမ်းဖက်ဖြိုခွင်းခံရပေမယ့် ဒီနေ့ မြောက်ဥက္ကလာမှာ ဆန္ဒပြသူများပြား

    မတ်လ (၂) ရက်က မြောက်ဥက္ကလာမှာ ဆန္ဒပြပြည်သူတွေကို စစ်တပ်နဲ့ ရဲက အကြမ်းဖက်နှိမ်နင်းပစ်ခတ်ခဲ့လို့ လူ ဆယ်ဦးကျော်သေဆုံးထားပေမယ့် ဒီနေ့မှာတော့ ပြည်သူတွေက ထပ်ဆန္ဒပြနေကြတာဖြစ်ပါတယ်။

    ဆန္ဒပြည်သူအင်အား မနေ့ကထက် ပိုများလာတယ်လို့ မြေပြင်မှာ ရောက်ရှိနေတဲ့ ပြည်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။ " သုဓမ္မာလမ်းမကြီးတလျှောက်မှာတော့ သပိတ်စခန်းတွေ အများကြီးပဲ။ အကန့်လိုက်၊ အကန့်လိုက်ခြားထားတယ်။ အခုထိတော့ ရဲတွေစစ်သားတွေ မတွေ့သေးဘူး" လို့ ဆိုပါတယ်။

    ဒါ့အပြင် မြောက်ဥက္ကလာမြို့နယ်အတွင်း ကြက်ခြေနီအနေနဲ့ ကူညီနေသူ ပြည်သူတစ်ဦးကလည်း ဒီနေ့မှာအရင်လိုပဲ အပြင်ထပ်ထွက်ကြောင်းနဲ့ အရင်နေ့တွေကလိုပဲ ကူညီရေးလုပ်ငန်းတွေ ဆက်လုပ်နေဦးမယ်လို့ ပြောပြပါတယ်။

    မနေ့က မြောက်ဥက္ကလာပြည်သူတွေကို အကြမ်းဖက်မှုဖြစ်စဉ်မှာ ဆန္ဒပြ ပြည်သူတွေကိုသာမက ပရဟိတသမားတွေ၊ လူနာတင်ကားတွေကိုပါ အကြမ်းဖက်ဖျက်ဆီးဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

    Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

  6. နာရေးကူညီမှုအသင်းရန်ကုန် ဖျက်ဆီးခံရတဲ့မြင်ကွင်း

    မနေ့ညက ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးကို ရဲနဲ့ စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ကွန်ပျူတာနဲ့ network ချိတ်ဆက်ထားတဲ့ စက်တွေအကုန်သိမ်းသွားတယ်လို့ နာရေးကူညီမှုအသင်းရန်ကုန်အသင်းသားတစ်ဦးထံက သိရပါတယ်။

    ဝန်ထမ်းတွေကိုလည်း ရိုက်နှက်သွားသလို ဘုရားခန်းအပါအဝင် အခန်းတချို့လည်းဖျက်ဆီးမွှေနှောက်ခံရတယ်လို့ ဆိုပါတယ်။ အဲဒီလို အသင်းကိုဝင်စီးချိန်မှာ ဥက္ကဋ္ဌ ဦးကျော်သူကတော့ ရှိမနေခဲ့ဘဲ နေအိမ်မှာသာရှိနေကြောင်း ၎င်းရဲ့ဇနီးဖြစ်သူက မီဒီယာတချို့ထံပြောကြားထားပါတယ်။

    နာရေးကူညီမှုအသင်းရုံးခန်းကိုဘာကြောင့် ဝင်စီးရတယ်ဆိုတာမသိရသေးပါဘူး။ဒီရှေ့ရက်တွေမှာတော့ နာကူအသင်းဟာ ရဲနဲ့ စစ်တပ်မိသားစုဝင်တွေနာရေးဖြစ်ရင်မကူညီဘူးလို့ ထုတ်ဖော်ပြောကြားထားပါတယ်။

    Yangon

    ဓာတ်ပုံ ရင်းမြစ်, Social Media

  7. မြောက်ဥက္ကလာမှာပစ်ခတ်သတ်ဖြတ်ခံရသူတွေ သေဆုံးတဲ့နေရာမှာ မိသားစုတွေ လာရောက်ဆုတောင်း

    မြောက်ဥက္ကလာမှာ မနေ့က ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တချို့ သေဆုံးခဲ့တဲ့နေရာမှာ ဒီနေ့မနက်ပိုင်းက အလှူဒါနပြုဆုတောင်းနေကြတာဖြစ်ပါတယ်။

    မနေ့က မြောက်ဥက္ကလာပစ်ခတ်မှုမှာ ရဲနဲ့ စစ်တပ်တို့က စက်သေနတ် နဲ့ ပစ်ခတ်တာတွေ အထိ လုပ်ခဲ့ကြတာကို သူ့ကို မျက်မြင်တွေက ပြောပြချက်အရ သိရကြောင်းနဲ့ တချို့ သေဆုံးသွားတဲ့ လူတွေ၊ ဒဏ်ရာရသူတွေကို ရဲတွေ၊ စစ်သားတွေက သူတို့ကားပေါ် ကောက်တင်သွားတာတွေလည်းရှိကြောင်း ဘီဘီစီကို ပြောပြပါတယ်။

    Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

    Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

  8. မန္တလေးမြို့မှာ တိုက်လေယာဉ်တချို့ ပျံသန်း

    မန္တလေးမြို့မှာ ဒီနေ့ မတ်လ ၄ ရက်နေ့က တိုက်လေယာဉ်ငါးစီး ပျံသန်းခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။ တိုက်လေယာဉ် ၅ စီးဟာ မန္တလေးမြို့ ကောင်းကင်ယံမှာ သုံးကြိမ်တိုင် ပျံသန်းနေခဲ့တာဖြစ်ပြီး လေယာဉ်တွေ ပျံသန်းနေတဲ့ဓာတ်ပုံတွေလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ မန္တလေးမှာ စစ်အာဏာသိမ်းပြီးကတည်းက ဆန့်ကျင်ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းရာကနေ သေဆုံးရသူတွေထဲမှာ လူငယ်လူလတ်အများစုပါဝင်နေပါတယ်။

    Mandalay

    ဓာတ်ပုံ ရင်းမြစ်, CJ

  9. ပြည်သူတွေ တိုက်ခိုက်ခံရမှုကို လုံခြုံရေးကောင်စီမှာ သက်သေနဲ့ တင်ပြမယ်လို့ CRPH ပြော

    သောကြာနေ့ ပြုလုပ်မယ့် လုံခြုံရေးကောင်စီ အထူးအစည်းအဝေးမှာ စစ်ကောင်စီက လက်နက်မဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်သတ်ဖြတ်မှု၊ ပြည်သူလူထုရဲ့ လူနေ အိမ်ခြေတွေကို စစ်မြေပြင်လို အငြိုးတကြီး တိုက်ခိုက်နေတဲ့ ရာဇဝတ်မှုတွေကို သက်သေ သာဓက အထောက်အထားတွေနဲ့ တင်ပြမယ်လို့ ခေတ္တ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က CRPH စာမျက်နှာမှာ ဗီဒီယိုနဲ့ ပြည်သူလူထုကို ပြောထားပါတယ်။

    ပြည်သူလူထုအတွက် တရားမျှတမှု ပြန်ရဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ချိတ်ဆက် ဆောင်ရွက်နေသလို မြေပြင်မှာလှုပ်ရှားနေတဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့လည်း ထိစပ်ပူးပေါင်းနေပါတယ်လို့ သူက ပြောပါတယ်။

    လုံခြုံရေးကောင်စီ အစည်းအဝေးမှာ တင်ပြနိုင်ဖို့ သက်သေတွေ အတွက် အထောက်အပံ့ဖြစ်နိုင်အောင် ဗီဒီယိုနဲ့ ဓာတ်ပုံတွေကို စီအာပီအိပ် စာမျေက်နှာနဲ့ အီးမေးကို ပေးပို့ကြဖို့လည်း ဖိတ်ခေါ်ထားပါတယ်။

    အင်အား အဆမတန်ကြီးမားသူတွေကို လက်နဲ့မဲ့ ပြည်သူတွေက ငြိမ်းငြိမ်း ချမ်းချမ်းတဲ့ အာခံ တုံ့ပြန်နေတာကို လေးစား တဲ့အကြောင်းနဲ့ ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေကို ထပ်တူ ခံစားရတယ်လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။

    CRPH

    ဓာတ်ပုံ ရင်းမြစ်, CRPH

  10. မြောက်ဥက္ကလာပ ဆေးရုံကို မတ်လ ၄ ရက် မနက် ၁ နာရီ အထိ သေနတ်ဒဏ်ရာ လူနာတွေ ရောက်လာဆဲ

    မတ်လ ၄ ရက် မနက် ၁ နာရီ အချိန်လောက်အထိ သေနတ်ထိမှန်ထားတဲ့ လူနာတွေ မြောက်ဥက္ကလာ ဆေးရုံကို ရောက်လာဆဲပဲလို့ အဲဒီဆေးရုံမှာ ကုသပေးနေတဲ့ ဆရာဝန် တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

    နာရေးကူညီမှုအသင်းရုံးကို ဝင်စီးတာ၊ ဖမ်းဆီးတာ၊ ပစ်ခတ်တာတွေကြောင့် အခုလိုရောက်လာတာလို့လည်း သူက ပြောပြပါတယ်။

    မနေ့ မတ်လ ၃ ရက်နေ့ ကလည်း သေနတ်ဒဏ်ရာရ လူနာတွေ အများအပြားရောက်လာကြောင်း ဆရာဝန်က ပြောပြသလို၊ မနေ့ညနေ ၆ နာရီအချိန်အထိ သေနတ်ဒဏ်ရာနဲ့ သေဆုံးပြီးသူ ၆ ယောက် ဆေးရုံကိုရောက်လာခဲ့တယ်လို့ ဆရာဝန်က အတည်ပြုပြောပါတယ်။

    သက်ဆိုင်ရာ တာဝန်ကို ထမ်းနေရတာကြောင့် မနေ့ ညနေ ၆ နာရီ နောက်ပိုင်း နောက်ထပ်ရောက်လာတဲ့ သေနတ်ထိမှန် သေဆုံးသူအရေအတွက်ကို ထပ်မသိနိုင်သေးဘူးလို့လည်း သူက ပြောပါတယ်။

    မနေ့က မြောက်ဥက္ကလာပစ်ခတ်မှုမှာ ရဲနဲ့ စစ်တပ်တို့က စက်သေနတ် နဲ့ ပစ်ခတ်တာတွေ အထိ လုပ်ခဲ့ကြတာကို သူ့ကို မျက်မြင်တွေက ပြောပြချက်အရ သိရကြောင်းနဲ့ တချို့ သေဆုံးသွားတဲ့ လူတွေ၊ ဒဏ်ရာရသူတွေကို ရဲတွေ၊ စစ်သားတွေက သူတို့ကားပေါ် ကောက်တင်သွားတာတွေလည်းရှိကြောင်း ဘီဘီစီကို ပြောပြပါတယ်။

    နာရေးကူညီမှုအသင်း-ရန်ကုန်

    ဓာတ်ပုံ ရင်းမြစ်, နာရေးကူညီမှုအသင်း-ရန်ကုန်

  11. မြန်မာ စစ်တပ်ကို အင်မတန် ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ရမယ်လို့ ကုလ သံတမန်ပြော

    စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကို ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ဖို့အတွက် မြန်မာစစ်တပ်ကို အင်မတန်ပြင်းထန်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ရမယ်လို့ ကုသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ်စတင်း ရှာရနာ ဘာဂနာက ဒီကနေ့ ပြောပါတယ်။

    သူက တပ်မတော်နဲ့ ဆွေးနွေးခဲ့ရာမှာ အဖွဲ့ဝင်နိုင်ငံတွေနဲ့ လုံခြုံရေးကောင်စီက ပြင်းထန်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်လာနိုင်တယ်လို့ ပြောခဲ့ပြီး တပ်မတော်ဘက်က အရင်က အရေးယူပိတ်ဆို့မှုတွေကို ရင်ဆိုင်ခဲ့ရဖူးကြောင်းနဲ့ ဒါတွေကို ကျော်လွှားနိုင်ခဲ့ကြောင်း ပြန်ပြောခဲ့တယ်လို့ မစ္စ ခရစ်တင်း ရှာရနာ ဘာဂနာက ပြောပါတယ်။

    မြန်မာ စစ်တပ်ကို အင်မတန် ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ရမယ်လို့ ကုလ သံတမန်ပြော
  12. ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ရာထူးအတွက် တင်ပြလာတဲ့ စာနှစ်စောင်

    ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ရာထူးနဲ့ ပတ်သက်လို့ တင်ပြလာတဲ့ စာနှစ်စောင်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် က လက်ခံရရှိခဲ့တယ်လို့ သူ့ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

    တစ်စောင်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရုံးထံ မိတ္တူ နဲ့အတူ ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌထံ လိပ်မူထားတဲ့ လက်ရှိ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းဆီက ဖြစ်ပြီး သူဟာ ဒီရာထူးမှာ ဆက်ရှိနေဆဲ ဖြစ်တယ် ဆိုတာကို အကြောင်းကြားတဲ့ စာ ဖြစ်တယ်လို့ ဆိုပါတယ်။

    နောက်တစ်စောင်ကတော့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန ဆီကနေ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံ လိပ်မူထားတဲ့ စာ ဖြစ်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ဦးကျော်မိုးထွန်းကို တာဝန်နဲ့ ရာထူးကနေ ရပ်စဲလိုက်ပြီး ဖြစ်ကြောင်းနဲ့ သူ့နေရာမှာ လက်ထောက် ကိုယ်စားလှယ် ဦးတင်မောင်နိုင်ကို တာဝန်ပေးအပ်လိုက်ကြောင်း ဖော်ပြထားတယ်လို့ ပြောပါတယ်။

    ဒါပေမဲ့လည်း ဦးတင်မောင်နိုင်ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာတော့ သူရာထူးကနေ နုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း ကြေညာထားပါတယ်။ ဦးတင်မောင်နိုင်က သူဟာ လုပ်သက် နှစ် ၃၀ ကျော်ရှိတဲ့ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိထားသူ၊ နိုင်ငံအပေါ် သစ္စာရှိသူတစ်ဦးဖြစ်ကြောင်းနဲ့ အခြေအနေအရ တန်ဖိုးထားတဲ့အလုပ်ကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ရေးသားထားတဲ့ပို့စ်ကို စကရင်ရှော့ ရိုက်ပြီး မျှဝေမှုတွေ ရှိနေပါတယ်။

  13. CDM စစ်သားတွေ KNU မှာ မရှိတော့

    တပ်မတော်သား ၁၀ယောက်ခန့် KNU နယ်မြေထဲရောက်လာ CDM လုပ်ခဲ့ပေမဲ့ သူတို့တွေ ပြန်သွားကြပြီလို့ ကရင်အမျိုးသားအစည်းအရုံးက ဖဒိုစောတာဒိုမူးထံက သိရပါတယ်။

    ကမ်းရိုးတန်းတိုင်းက ထွက်ပြေးလာတဲ့ တပ်ဖွဲ့ဝင်တချို့ KNU တပ်မဟာ ၅ ဘက်ကို ရောက်လာခဲ့တယ်လို့ သိရပါတယ်။

    သူတို့ဟာ နောက်ပိုင်းမှာ CDM လှုပ်ရှားမှုထဲမှာ ပါဝင်တဲ့သဘောမျိုးလုပ်ဆောင်ခဲ့ကြပေမဲ့ အခုအခါ ပြန်သွားကြပြီလို့ ဆိုပါတယ်။

  14. နိုင်ငံခြားကုမ္ပဏီတွေ မြန်မာနဲ့ စီးပွားရေးလုပ်ဆောင်မှုအားလုံးကို ဆိုင်းငံ့ထားသင့် တယ်လို့ ကုလ ကျွမ်းကျင်သူဟောင်း ပြော

    အာဏာသိမ်းတာဟာ မြန်မာပြည်သူတွေနဲ့ မြန်မာ့စီးပွားရေးကို ထိခိုက်မယ့်အကြောင်း စစ်တပ်ကို ရှင်းလင်းစွာ အသိပေးဖို့အတွက် နိုင်ငံခြားကုမ္ပဏီတွေအနေနဲ့ မြန်မာပြည်နဲ့ လုပ်ကိုင်နေတဲ့ စီးပွားရေးအားလုံးကို ဆိုင်းငံ့ထားသင့်တယ်လို့ အရင်တုန်းက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကျွမ်းကျင်ပညာရှင်အဖြစ်လုပ်ကိုင်ခဲ့သူ တစ်ယောက်က ပြောကြားကြောင်း ရိုက်တာ သတင်းထဲမှာ ဖော်ပြထားပါတယ်။

    ၂၀၁၉ ခုနှစ် အတွင်းက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ အချက် အလက် ရှာဖွေရေး မစ်ရှင် (fact-finding mission) မှာ ပါဝင်ခဲ့ဖူးတဲ့ ခရစ် ဆီဒိုတီက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် မြန်မာစစ်တပ်နဲ့ စီးပွားရေးဆက်ဆံတာကို ဖြတ်တောက်ဖို့တိုက်တွန်းပြီး၊ ပုဂ္ဂလိကကဏ္ဍမှာ ရင်းနှီးမြှုပ်နှံတာတွေကိုတော့ ဆက်လက်လုပ်ဆောင်ဖို့ သူက တိုက်တွန်းပါတယ်။

  15. လန်ဒန်မြို့ မြန်မာသံရုံးအဖွဲ့ဝင်တွေ CDM မှာပါဖို့ တိုက်တွန်းထားတဲ့စာကို သံရုံးကို ပေးအပ်

    ယူကေနိုင်ငံ လန်ဒန်မြို့ မြန်မာသံရုံးအဖွဲ့ဝင်အားလုံး CDM မှာ ပါဝင်ကြဖို့ CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ နိုင်ငံတကာဆက်ဆံ‌ရေး တာဝန်ခံ ဦးထင်လင်းအောင်က တိုက်တွန်း ပေးပို့လိုက်တဲ့စာကို မတ်လ ၃ ရက်နေ့ မနက် ၁၁ နာရီမှာ CRPH Supporters UK အဖွဲ့က လန်ဒန်မြို့သံရုံးထံ ကိုယ်စားသွားရောက်ပေးခဲ့ပါတယ်။

    ပထမပိုင်းမှာ မြန်မာသံရုံးက ဝန်ထမ်း နိုင်ငံခြားသူ အမျိုးသမီးက ထွက်ပြီး စာလက်ခံယူဖို့ လုပ်ခဲ့ပေမဲ့ စာသွားပေးတဲ့အဖွဲ့က လက်မခံခဲ့တဲ့အတွက် မြန်မာသံရုံးဝန်ထမ်းက ထွက်ပြီး လက်ခံယူခဲ့တယ်လို့ သိရပါတယ်။

    စစ်အာဏာသိမ်း၊ လန်ဒန်၊ သံရုံး၊ CDM

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, လန်ဒန်မြို့ သံရုံးရှေ့က မြင်ကွင်း
    စစ်အာဏာသိမ်း၊ လန်ဒန်၊ သံရုံး၊ CDM

    ဓာတ်ပုံ ရင်းမြစ်, CJ

    စစ်အာဏာသိမ်း၊ လန်ဒန်၊ သံရုံး၊ CDM

    ဓာတ်ပုံ ရင်းမြစ်, CJ

    စစ်အာဏာသိမ်း၊ လန်ဒန်၊ သံရုံး၊ CDM

    ဓာတ်ပုံ ရင်းမြစ်, CRPH

    စစ်အာဏာသိမ်း၊ လန်ဒန်၊ သံရုံး၊ CDM

    ဓာတ်ပုံ ရင်းမြစ်, CRPH

  16. ကလေးတွေကို ကျည်အစစ်အသုံးပြုတာ ယူနီဆက်ရှုတ်ချ

    ကလေးတွေကို ကျည်ဆန်အစစ်တွေ အသုံးပြုတာ အပါအဝင် အင်အားသုံးဖြိုခွင်းတာကို ယူနီဆက်မှ ရှုတ်ချလိုက်ပါတယ်။

    ပဲခူးနဲ့ မန္တလေးတို့မှာ ကလေးသူငယ်တချို့ သေဆုံးမှုရှိခဲ့ပြီး ကချင်ပြည်နယ်မှာ ကလေးသူငယ် ဒဏ်ရာရရှိမှုရှိခဲ့ကြောင်းနဲ့ ကလေးသူငယ်တွေရဲ့ အခွင့်အရေးတွေအားလုံးကို စောင့်ထိန်းလိုက်နာဖို့ သက်ဆိုင်ရာတာဝန်ရှိသူများအားလုံးကို ထပ်မံသတိပေးလိုက်တယ်လို့ ယူနက်ဆက် မြန်မာက ဖေ့စ်ဘွတ်ခ်မှာ ပြောကြားပါတယ်။

  17. မြောက်ဥက္ကလာကဆန္ဒပြသူတွေကိုပစ်ခတ်ဖြိုခွင်းမှု သေဆုံးသူ ၁၀ ဦးကျော်ရှိလာကြောင်း မျက်မြင်တွေပြော

    မြောက်ဥက္ကလာမှာ ဒီနေ့ မြို့နယ်လူထုအများစုပါဝင်တဲ့ဆန္ဒပြပွဲတွေမှာ အကြမ်းဖက်ဖြိုခွင်းခံရတာကြောင့် သေဆုံးသူ စုစုပေါင်းဟာ ဒီနေ့မတ်လ ၃ ရက်ညနေအထိ ၁၁ ဦးရှိလာတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

    (ဇ) ရက်ကွက်လမ်းတွေထဲ မွန်းလွဲပိုင်း ဆန္ဒပြချိန် ဖြိုခွင်းခံရတုန်းက လုံထိန်းတွေရဲ့ အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုကြောင့် ၂ ရပ်ကွက် အာသာဝတီ ၅ လမ်းမှာနေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးဟာ ဗိုက်ကို ကျည်ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။

    အဲဒီဖြိုခွဲမှုအတွင်း (ဈ) ရပ်ကွက်ထဲက ပရဟိတ လူနာတင်ယာဉ်ပေါ်က စေတနာ့ဝန်ထမ်း ၃ ယောက်ကို လုံထိန်းတွေက ရိုက်နှက်နေပြီး ကားကို ပစ်ခတ်တဲ့အခြေအနေကို အနီးနားမှာရှိတဲ့ လုံခြုံရေးကင်မရာကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုတစ်ခုလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

    ဒီဖြစ်ရပ်အပြီး ညနေပိုင်းမှာ မြို့နယ်သပိတ်စစ်ကြောင်းမှာ ပါဝင်သူတွေဟာ ကျောက်ရေတွင်းတံတားအဆင်း မြောက်ဥက္ကလာအဝိုင်းနားမှာ ထပ်မံဖြိုခွင်းခံရတာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုအတွင်း အမျိုးသားနှစ်ယောက် ဦးခေါင်းကျည်ထိပြီး အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

    အရေးပေါ်ဆေးရုံပို့ဆောင်လိုက်ရသူ တစ်ယောက်ရှိပြီး နောက်ထပ် ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

    ဒီဖြစ်ရပ်တွေကြောင့် ပြည်သူတွေက မြောက်ဥက္ကလာရဲစခန်း ရှေ့မှာ စုဝေးခဲ့ကြတယ်လို့ ဝန်းရံနေသူတစ်ဦးက ပြောပါတယ်။

    အဲဒီလိုစုဝေးနေမှုကို မြောက်ဥက္ကလာပရဲစခန်းက သေနတ်ကိုးချက်ခန့်ပစ်ခတ်ပြီးလူစုခွဲခဲ့တယ်လို့လည်း သိရပါတယ်။

    အခုညနေ ၇ နာရီဝန်းကျင်မှာ ထပ်မံရရှိတဲ့သတင်းအရတော့ ဆေးရုံကိုပို့ဆောင်သူတွေထဲက ၇ ဦးထပ်မံသေဆုံးသွားတာကြောင့် သေဆုံးသူ စုစုပေါင်း ၁၁ ဦးရှိနေကြောင်း ဆန္ဒပြဖြစ်စဉ်မှာ ပါဝင်သူတွေက ဘီဘီစီကို အတည်ပြုထားပါတယ်။

    သေဆုံးသူအရေအတွက် ဒီထက်ထပ်တိုးများနိုင်တယ်လို့လည်း ဒေသတွင်းသတင်းတွေမှာ တက်လာနေပြီး ဘီဘီစီက အတည်ပြုဖို့ ဆက်လက်ကြိုးစားနေပါတယ်။

  18. မြန်မာမှာ ဖိနှိပ်မှုတွေအစား တွေ့ဆုံညှိနှိုင်းဖို့ ပုပ် ဖရန်စစ်ပြော

    ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ဖိနှိပ်မှုတွေအစား တွေ့ဆုံညှိနှိုင်းမှုကို ဦးစားပေးလုပ်ကြဖို့ လူထုပရိသတ်နဲ့ အပတ်စဥ် တွေ့ဆုံစဥ် တိုက်တွန်းလိုက်ပါတယ်။

    မြန်မာမှာ သွေးထွက်သံယို ထိပ်တိုက်တွေ့မှုတွေနဲ့ လူ့အသက်တွေ ဆုံးရှုံးနေတဲ့ ဝမ်းနည်းဖွယ်သတင်းတွေ ကြားနေရတုန်းပဲလို့ ပြောပါတယ်။

    မြန်မာပြည်သူတွေရဲ့ ရည်မှန်းချက်တွေကို အကြမ်းဖက်မှုတွေနဲ့ မနှိမ်နင်းနိုင်အောင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ လုပ်ဆောင်သင့်တယ်လို့ ပြောပါတယ်။

    မြန်မာမှာ ဖိနှိပ်မှုတွေအစား တွေ့ဆုံညှိနှိုင်းဖို့ ပုပ် ဖရန်စစ်ပြော

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  19. ပြည်မြို့မှာ ဆန္ဒပြသူတွေ ရိုက်နှက်ဖြိုခွဲခံရပြီး သတင်းထောက် တစ်ယောက် အပါအဝင် ၄ ဦး ဖမ်းဆီးခံရ

    ဒီနေ့ မတ်လ ၃ ရက် မနက်ပိုင်း စစ်အာဏာသိမ်းတာကို ဆန့်ကျင် ဆန္ဒပြကြဖို့ လူတွေ ပြည်မြို့ နာရီစင်မှာ အယောက်လေးငါးဆယ်လောက် စတင် စုဝေးနေစဉ်မှာပဲ စစ်ကား ၂ စီးနဲ့ ရဲကား ၂စီး ရောက်လာပြီး လိုက်လံဖမ်းဆီး ဖြိုခွဲတဲ့အတွက် လူတွေ အပြေးအလွှား ထွက်ပြေး ခဲ့ကြရတယ်လို့ ဒေသခံ သတင်းထောက်တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

    DVB က သတင်းထောက် ကိုမင်းညိုနဲ့ ဆန္ဒပြသူတချို့ အနီးအနားမှာ ရှိတဲ့ အိမ်တစ်အိမ်မှာ ဝင်ရောက်ပုန်းခိုနေစဉ် အိမ်တံခါးကို ရဲနဲ့ တပ်က အတင်းတွန်းဝင်လာပြီး အိမ်ပေါက်ဝ အရှေ့ဆုံးမှာ ရှိနေတဲ့ ကိုမင်းညိုကို ရိုက်နှက် ခေါ်ဆောင်သွားတယ်လို့ မျက်မြင်သက်သေတွေကို ကိုးကားပြီး သူကပြောပါတယ်။

    သတင်းထောက်ဟာ ရိုက်တဲ့ ဒဏ်ရာကြောင့်ခေါင်းကွဲသွားပြီး မျက်နှာမှာ သွေးတွေ စီးကျနေတာ တွေ့ကြရတယ်လို့လည်း ဆိုပါတယ်။ တခြား ဆန္ဒပြနေတဲ့ ပြည်သူ ၂ ယောက်လည်း ရိုက်နှက်ဖမ်းဆီးတာခံခဲ့ရတယ်လို့ သိရပါတယ်။ စစ်အာဏာသိမ်းတာကို ဆန္ဒပြကြတဲ့ကျောင်းသားတွေ၊ ပြည်သူတွေ စုဝေးရာဖြစ်တဲ့ ပြည် တက္ကသိုလ်ဝင်းကို ဖေဖော်ဝါရီလ ၂၈ ညနေပိုင်းကတည်းက ရဲနဲ့ စစ်တပ်က ပိတ်ဆို့ခဲ့ကာ မတ်လ ၁ ရက်နေ့ကတည်းကစလို့ အဲဒီ တက္ကသိုလ်ဝင်းထဲမှာ နေရာယူထားကြပါတယ်။

    ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ပြည်မြို့ကဆန္ဒပြပွဲတွေကို ဖြိုခွင်းမှုမှာ မြေလတ်အသံ သတင်းဌာနက သတင်းထောက် တစ်ယောက်လည်း မျက်နှာကို ရာဘာကျည်ထိမှန်တဲ့ ဒဏ်ရာရခဲ့ပါတယ်။ ဒီနေ့ဖမ်းဆီးခံထားရတဲ့ ၄ ယောက်အပါအဝင် ဆန္ဒပြတာကြောင့် ပြည်မြို့မှာ ဖမ်းဆီးထိန်းသိမ်းသူ အနည်းဆုံး ၁၃ ယောက်ရှိတယ်လို့လည်း သိရပါတယ်။

    Pyay

    ဓာတ်ပုံ ရင်းမြစ်, မြေလတ်အသံ - Myaelatt Athan

    ဓာတ်ပုံ ပုံစာ, ဖမ်းဆီးခံရတဲ့ သတင်းထောက် ကိုမင်းညို
    Pyay

    ဓာတ်ပုံ ရင်းမြစ်, မြေလတ်အသံ - Myaelatt Athan

  20. ဦးကျော်မိုးထွန်းနေရာကို အစားထိုးခန့်ဖို့ တာဝန်ပေးခံရသူ ဦးတင်မောင်နိုင် ရာထူးက နုတ်ထွက်တဲ့ သတင်းတွေထွက်ပေါ်

    နယူးယောက်က ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းနေရာကို စစ်ကောင်စီက အစားထိုး တာဝန်ပေးဖို့ ကြိုးပမ်းရာမှာ တာဝန်ပေးခံရသူ ဦးတင်မောင်နိုင်က ရာထူးက နုတ်ထွက်ကြောင်း လူမှုကွန်ရက်မှာ ကြေညာထားပါတယ်။

    ဦးတင်မောင်နိုင်က သူဟာ လုပ်သက် နှစ် ၃၀ ကျော်ရှိတဲ့ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိထားသူ၊ နိုင်ငံအပေါ် သစ္စာရှိသူတစ်ဦးဖြစ်ကြောင်းနဲ့ အခြေအနေအရ တန်ဖိုးထားတဲ့အလုပ်ကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ရေးသားထားတဲ့ပို့စ်ကို စကရင်ရှော့ရိုက်ပြီးမျှဝေမှုတွေ ရှိနေပါတယ်။

    ပြီးခဲ့တဲ့သောကြာနေ့တုန်းက မြန်မာအရေးအတွက် သီးသန့်ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက သူဟာ အာဏာသိမ်း စစ်ကောင်စီကို ကိုယ်စားပြုသူ မဟုတ်ဘူးဆိုပြီး ကြေညာခဲ့ပါတယ်။

    ဒါကြောင့် အာဏာသိမ်း စစ်ကောင်စီက ဦးကျော်မိုးထွန်းကို နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်တယ်လို့ စွပ်စွဲပြီး ရာထူးက ထုတ်ပယ်ကြောင်း ကြေညာခဲ့တဲ့နောက် ဦးကျော်မိုးထွန်းက သူဟာ မြန်မာနိုင်ငံကို တရားဝင် ကိုယ်စားပြုတဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိ ဗော်လ်ကန် ဘော့ဇ်ကဲ နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင် တို့ထံ စာရေးသား ပေးပို့ခဲ့ပါတယ်။

    သူ့ကို ဒီရာထူးခန့်အပ်ထားတဲ့ သမ္မတကြီး ဦးဝင်းမြင့်နဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ဟာ တရားဝင် ရွေးကောက်ခံထားရတဲ့ တည်ဆဲ အစိုးရ အာဏာပိုင်တွေ ဖြစ်တယ်လို့ ဦးကျော်မိုးထွန်းက ဆိုပါတယ်။ ဒါ့ကြောင့်၊ တရားမဝင် အာဏာသိမ်းတဲ့ ရာဇဝတ်မှုကို ကျုးလွန်သူတွေက ဖျက်လို့ တရားဝင် သမ္မတတစ်ယောက်ရဲ့ အာဏာ ပျက်ပြယ်မသွားဘူး ဆိုပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းက သူ့စာထဲ ရေးသားထားပါတယ်။

    UN

    ဓာတ်ပုံ ရင်းမြစ်, Social Media

    UN

    ဓာတ်ပုံ ရင်းမြစ်, Social Media