ညက ဖမ်းသွားတဲ့ ရွေပြည်သာ သပိတ်ဝန်းရံသူ တစ်ဦးသေဆုံး

ကိုဇော်မြတ်လင်းဟာ "စု" သက်မွေးသင်တန်းကျောင်း ရဲ့တာဝန်ခံဖြစ်သလို CRPH ရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကခန့်အပ်ထားတဲ့ မြို့နယ်တာဝန်ခံဖြစ်ပြီး ရွှေပြည်သာသပိတ်ကို ဝန်းရံသူဖြစ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ရန်ကုန်-အင်းစိန်လမ်းမကြီးပေါ် ညပိုင်း တပ်မ ၇၇ တပ်ဖွဲ့တွေ ရှိနေပေမဲ့ တိုက်ပေါ်ကနေ ဆန္ဒပြ

    ရန်ကုန်-အင်းစိန်လမ်းမကြီးပေါ် ည ၈ နာရီဝန်းကျင်က သေနတ်ပစ်ဖောက်သံ ၈ ချက် ကြားပေမဲ့ သံပုံးတီးပြီး တိုက်တွေပေါ်ကနေ ဆန္ဒပြခဲ့ကြပါတယ်။

    ဒီနေ့ မနက်ပိုင်း သပိတ်စစ်ကြောင်းဖြိုခွဲပြီးကတည်းက လမ်းထိပ်တွေတိုင်းမှာ တပ်မ ၇၇ က တပ်ဖွဲ့တွေ ရှိနေပြီး အင်းစိန်လမ်းမပေါ် ပြည်သူတွေ ထွက်မရ ဖြစ်နေတာပါ။ လမ်းမပေါ်မှာ အချုပ်ကားတချို့ကိုလည်း တွေ့မြင်ခဲ့ရတယ်လို့ ရပ်ကွက်နေထိုင်သူတွေက ဆိုပါတယ်။

    ရန်ကုန်-အင်းစိန်လမ်းမကြီးပေါ် ညပိုင်း တပ်မ ၇၇ တပ်ဖွဲ့တွေ ရှိနေပေမဲ့ တိုက်ပေါ်ကနေ ဆန္ဒပြ

    ဓာတ်ပုံ ရင်းမြစ်, CJ

  2. CRPH က အစိုးရသစ်ဖွဲ့တာမဟုတ်၊ ကြားကာလ ကိုယ်စားပြုသူတွေ ခန့်ထားတာလို့ဆို

    CRPH က ဖွဲ့စည်းလိုက်တဲ့ အခုအစိုးရအဖွဲ့ဟာ အစိုးရအသစ်ဖွဲ့စည်းတာ မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့ ဦးဆောင်တဲ့ အစိုးရရဲ့ အဖွဲ့ဝင်တွေကို အာဏာသိမ်းစစ်ကောင်စီက တရားမဝင် ဖမ်းဆီးချုပ်နှောင်ထားတဲ့အချိန်မှာနိုင်ငံတော်ရဲ့ လုပ်ငန်းတာဝန်တွေကို ကိုယ်စားဆောင်ရွက်မယ့်သူတွေအဖြစ် ခေတ္တခန့်အပ်တာလို့ ဝန်ကြီးအဖြစ်ကြေညာခန့်အပ်ထားတဲ့အထဲက တဦးဖြစ်တဲ့ ဦးလွင်ကိုလတ်က ဘီဘီစီကို ပြောပါတယ်။

    အခုအသစ်ခန့်အပ်တဲ့ ဝန်ကြီးတွေဟာ ဝန်ကြီးဌာနတွေရဲ့ သာမန်အချိန်မှာ ပုံမှန်ဆောင်ရွက်နေကျ လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့ထက် စစ်အာဏာရှင်ကျဆုံးရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းစဥ်တွေကို ဆောင်ရွက်မှာဖြစ်တယ်လို့လည်း ဦးလွင်ကိုလတ်က ဆိုပါတယ်။

    ၂၀၂၀ နိုဝင်ဘာ အရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ဝန်ကြီးဌာန ၉ ခုအတွက် ခေတ္တပြည်ထောင်စုဝန်ကြီး ၄ ယောက်ခန့်ထားလိုက်တာ ဖြစ်ပါတယ်။

    ခန့်ထားသူ ၄ ယောက်ဟာ ဒေါ်ဇင်မာအောင်၊ ဦးလွင်ကိုလတ်၊ ဦးတင်ထွန်းနိုင်၊ ဒေါက်တာဇော်ဝေစိုးတို့ ဖြစ်ကြပါတယ်။

    CRPH

    ဓာတ်ပုံ ရင်းမြစ်, President Office

  3. တောင်ကြီးမှာ ၃၃ယောက် အဖမ်းခံထားရ

    တောင်ကြီးမြို့က ဒီကနေ့ ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က အကြမ်းဖက် ရိုက်နက် ဖမ်းဆီးမှုတွေ လုပ်ခဲ့ပြီး ၃၃ယောက် အဖမ်းခံထားရတယ်လို့ တောင်ကြီးမြို့ခံတစ်ဦးက ပြောပါတယ်။

    အခုဆိုရင် ရှမ်းပြည်တစ်လုံး အနေနဲ့ အဖမ်းခံရတဲ့သူကတစ်ရာကျော်သွားပြီလို့လည်း သိရပါတယ်။

    အခုချိန်ထ ိတောင်ကြီးမြို့က အဖမ်းခံထားရတဲ့သူတွ ပြန်မလွတ်ကြသေးဘဲ အဲ့ဒီထဲမှာပါတဲ့ ကျောင်းသားတွေ လွတ်မြောက်ရေးအတွက်သက်ဆိုင်ရာ ဆရာ၊ဆရာမတွေက ကြိုးစား နေကြတယ်လို့ တောင်ကြီးမြို့က ကိုစိုင်းအောင်မြင့်ဦးက ပြောပါတယ်။

    တောင်ကြီးမှာ ၃၃ယောက် အဖမ်းခံထားရ

    ဓာတ်ပုံ ရင်းမြစ်, Sai Aung Myint Oo

  4. ရွေးကောက်ပွဲကျွမ်းကျင်အဖွဲ့ဖွဲ့ပြီး မြန်မာကို ကူညီဖို့ မလေးရှားပြော

    မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအစည်းအဝေးပွဲကို ဗီဒီယိုကွန်းဖရန်းဇင်းနဲ့ ကျင်းပခဲ့ရာမှာ မလေးရှားနိုင်ငံကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် ထိန်းသိမ်းခံ နိုင်ငံရေးခေါင်းဆောင်တွေကို ချွင်းချက်မရှိ အမြန်ပြန်လွှတ်ပေးဖို့ သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေအားလုံး ဆွေးနွေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

    မြန်မာပြည်ကသာ ကမ်းလှမ်းမယ်ဆိုရင် အာဆီယံအနေနဲ့ ရွေးကောက်ပွဲ ဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့ ပညာရှင်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပြီး ဒီမိုကရက်တစ်နည်းကျ ထောက်ပံ့ပေးသွားဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အဆိုပြုပါတယ်။

    ဒါ့ပြင် မြန်မာအနေနဲ့ အာဆီယံအတွင်းရေးမှူးချုပ်နဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌတို့ကို မြန်နိုင်ငံကို လာရောက် ခွင့်ပေးပြီး သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေအားလုံးနဲ့ တွေ့ဆုံခွင့်ပေးတဲ့ အဆိုပြုချက်ကိုလည်း စဉ်းစားသုံးသပ်ဖို့ မလေးရှားဘက်က တင်ပြပါတယ်။

    ဒါ့အပြင် လက်နက်မဲ့အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ ဆက်မလုပ်ဖို့နဲ့ မြန်မာနိုင်ံငံမှ ာဖြစ်နေတဲ့အခြေအနေတွေမှာ အပြစ်မဲ့သူ တွေ အသက်ဆုံးရှုံးရမှုအတွက် များစွာ စိတ်မကောင်းဖြစ်ရတယ်လို့ အစည်းအဝေးပွဲကို တက်တဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။ မြန်မာအနေနဲ့ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ငြိမ်းချမ်းစွာစည်းရုံးခွင့်တွေအတွက် နေရာပေးဖို့ မျှော်လင့်တဲ့အကြောင်းလည်း ဆိုပါတယ်။

    မြန်မာနိုင်ငံရဲ့ တည်ငြိမ်မှုဟာ အာဆီယံရဲ့ ဒေသတွင်း ဘက်စုံလွှမ်းခြုံမှုနဲ့ စီးပွားရေးအောင်မြင်မှုတို့နဲ့ ဆက်စပ်နေတယ်လို့လည်း သူကပြောပါတယ်။ ဒါ့ကြောင့် မြန်မာအနေနဲ့ ညှိနှိုင်းရေး စားပွဲကို ပြန်သွားပြီး နိုင်ငံရေးအကြပ်အတည်းကို ကုစားရေး စဉ်းစားဖို့ တိုက်တွန်းတယ်လို့ ဝန်ကြီးက ပြောပါတယ်။

    ရွေးကောက်ပွဲကျွမ်းကျင်အဖွဲ့ဖွဲ့ပြီး မြန်မာကို ကူညီဖို့ မလေးရှားပြော

    ဓာတ်ပုံ ရင်းမြစ်, Social Media

  5. မြန်မာတင်းမာမှုတွေ ဖြေရှင်းဖို့ အာဆီယံကို တံခါးဖွင့်ပေးဖို့ အင်ဒိုနီးရှားပြော

    မြန်မာနိုင်ငံအနေနဲ့ စစ်အာဏာသိမ်းအပြီး ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကို ဖြေရှင်းဖို့ အာဆီယံအဖွဲ့ကို တံခါးဖွင့်ပေးထားဖို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တနိုမာဆူဒီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

    ဖမ်းဆီးထားသူတွေ လွှတ်ပေးဖို့၊ ဒီမိုကရေစီ ပြန်ကျင့်သုံးဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးအပြီးမှာ မစ္စရက်တနိုမာဆူဒီကပြောဆိုပါတယ်။ အဲဒါနဲ့အတူ အာဆီယံနိုင်ငံတွေ အနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေအကြား ဝင်ရောက်မစွက်ဖက်မှာမဟုတ်ကြောင်းလည်း ကတိပေးပြောကြားပါတယ်။

    မြန်မာတင်းမာမှုတွေ ဖြေရှင်းဖို့ အာဆီယံကို တံခါးဖွင့်ပေးဖို့ အင်ဒိုနီးရှားပြော

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  6. CRPHက ပြည်ထောင်စုဝန်ကြီးတွေ စတင်ခန့်အပ်

    ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ဒီကနေ့မှာ ဝန်ကြီးဌာန ကိုးခုအတွက် ခေတ္တပြည်ထောင်စုဝန်ကြီးတွေကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ သမ္မတဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ဦးဆောင်တဲ့ ပြည်သူ့အစိုးရကို စစ်အာဏာသိမ်းအုပ်စုက အဓမ္မနည်းနဲ့ ဖယ်ရှားပြီး အာဏာသိမ်းယူထားတာကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေဟာ တာဝန်များကို ထမ်းဆောင်နိုင်ရန် အခြေအနေ မရှိတာကြောင့် ခုလိုခန့်အပ်တယ်လို့လည်း ကြေညာချက်မှာဖော်ပြထားပါတယ်။

    CRPH အဖွဲ့ဝင်၂ ဦးဖြစ်တဲ့ ဒေါ်ဇင်မာအောင်ကို နိုင်ငံခြားရေးဝန်ကြီးနဲ့ ဦးလွင်ကိုလတ်ကို သမ္မတရုံးနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးအဖြစ် ခန့်အပ်တယ်လို့ ဖော်ပြထားပါတယ်။

    ဦးတင်ထွန်းနိုင်က စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သုံးခုအတွက် ဝန်ကြီးခန့်အပ်ကြောင်းဖော်ပြထားပါတယ်။ ဦးတင်ထွန်းနိုင်က ဆိတ်ကြီးခနောင်တိုက အနိုင်ရပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟုတ်မဟုတ် ကာကယံရှင်ကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

    ဒေါက်တာဇော်ဝေစိုးကိုတော့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၃ ခုအတွက် ခန့်အပ်တယ်လို့ ဆိုပါတယ်။

    နောက်ထပ် သင့်တော်တဲ့ပုဂ္ဂိုလ်တွေကိုလည်း လိုအပ်သလို ဆက်လက်တာဝန်ပေးသွားမယ်လို့လည်း ဖော်ပြထားပါတယ်။

  7. ကလေးမြို့ သပိတ်ဖြိုခွင်းမှုက ဒဏ်ရာရသူတွေကို CDM ဆရာဝန်တွေ ကုသပေး

    ကလေးမြို့က ဒီနေ့မနက် ဆန္ဒပြပွဲမှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့ပြီးနောက် အင်အားသုံးဖြိုခွင်းခံရတာကြောင့် ထိခိုက်ဒဏ်ရာရသူ အယောက် ၂၀ နီးပါးရှိလာပြီဖြစ်ပြီး အဲဒီထဲက လေးဦးက ဒဏ်ရာကြီးမားတယ်လို့ ဒဏ်ရာရသူတွေကို ကူညီနေတဲ့ မြို့ခံ ပရဟိတအဖွဲ့တွေက အတည်ပြုပါတယ်။

    ဒဏ်ရာရသူတွေထဲက ၄ ဦးဟာ ဒဏ်ရာကြီးပြီး ဗိုက်ပွင့်တဲ့အထိ ဒဏ်ရာရသူတစ်ယောက်ကိုတော့ ကုသမှုပေးနေတုန်း ဖြစ်ပြီး ရင်ဘတ်ထိတဲ့တစ်ယောက်ကေတာ့ လက်ရှိ အခြေအနေ ပြန်ကောင်းနေတယ်လို့ ကူညီကုသမှုပေးရာမှာ ပါတဲ့ ဆရာဝန်တစ်ဦးက ပြောတယ်။

    ဒဏ်ရာသူတွေကို CDM မှာ ပါဝင်နေတဲ့ဆရာဝန်တွေက ကုသမှုပေးနေတယ်လို့ သိရပါတယ်။ ဒီနေ့မနက် ကလေးမြို့ ဆန္ဒပြပွဲမှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ အပြန်အလှန်ထိပ်တိုက်တွေ့ချိန် ရဲတွေ နောက်ပြန်ဆုတ်ခဲ့ရတဲ့အခိုက်အတန့်ကို ရိုက်ကူးထားတဲ့ဗီဒီယို အတိုတစ်ခုလည်း လူမှုကွန်ရက်ပေါ် ပျံ့နေပါတယ်။ အဲဒီနောက်မှာ ရဲတွေက သေနတ်ပစ်ဖောက်လူစုခွဲခဲ့တာဖြစ်ပါတယ်။

    ကလေးမြို့မှ ယနေ့ ထိမှန်ခဲ့သောလူနာများ

    ၁။ ဗိုက်ပွင့်လူနာကို သွေးသွင်းပေးထားပြီး တီးတိန်မှ ခွဲစိတ်ဆရာဝန် ကလေးကို လာနေပြီလို့ သိရ

    ၂။ ပေါင်မှန်တဲ့ လူနာတယောက် ကိုလည်း ပေါင်မှ သွေးကြောပြတ်သွားသောကြောင့် ယခု ခွဲစိတ်ကုသနေ

    ၃။ ရင်ဘတ်ထိမှန်တဲ့ လူငယ်တယောက်ကတော့ အဆုတ်ကိုထိသွားလို့ စိုးရိမ်ရပြီး ဆရာဝန်တွေကြိုးစားကုသပေးနေ

    ၄။ ခြေထောက်ထိမှန်ခဲ့တဲ့လူနာကို းဓာတ်မှန်ရိုက်ရာ အထဲတွင် ခဲများပျံ့နေပီး အရိုးများ ဆက်မရအောင်ကြေနေတယ်လို့ ဆရာဝန်ပြော

    ကျန်တဲ့လူနာများကတော့ စိုးရိမ်စရာသိပ်မရှိသောကြောင့် ကုသမှုပေးပြီး အိမ်ပြန်လွှတ်လိုက်တယ်လို့ သိရပါတယ်။

    Sagaing

    ဓာတ်ပုံ ရင်းမြစ်, CJ

  8. လှည်းတန်းထ ၅ ကျောင်းရှေ့ ကျဆုံးခဲ့တဲ့ ကိုညီညီအောင်ထက်နိုင် နာရေး လူပေါင်းများစွာ လိုက်ပါပို့ဆောင်

    ဖေဖော်ဝါရီ ၂၈ ရက်နေ့က လှည်းတန်းမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲအတွင်း ကျဆုံးခဲ့တဲ့ ကိုညီညီအောင်ထက်နိုင်ရဲ့ နာရေးကို ဒီနေ့ မွန်းလွဲပိုင်းက လှော်ကားသုဿန်မှာ ပြုလုပ်ခဲ့ပါတယ်။

    ကိုညီညီအောင်ထက်နိုင်ဟာ အမြွာညီအစ်ကိုနှစ်ဦးထဲက ညီဖြစ်ပြီး ကျဆုံးချိန်မှာ ညီအစ်ကိုနှစ်ဦး အတူ ဆန္ဒပြနေတဲ့ ဆန္ဒပြပွဲအတွင်း ဖြစ်တယ်လို့ အစ်ကိုဖြစ်သူက ပြောကြားထားပါတယ်။

    ကွယ်လွန်ချိန်မှာ အသက် ၂၃ နှစ်သာ ရှိသေးတဲ့ ကိုညီညီအောင်ထက်နိုင်ဟာ လှည်းတန်းက အထက ၅ ကမာရွတ်ကျောင်းရှေ့မှာ ဆန္ဒပြပွဲကိုဖြိုခွင်းတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်လိုက်တဲ့ သေနတ်ကျည်ဆန် ထိမှန်လဲကျခဲ့တာဖြစ်ပြီး သူ့ကို ကူညီဖို့လာရောက်ခေါ်ဆောင်သူတွေကိုပါ သေနတ်နဲ့ လှမ်းပစ်ခံရတဲ့ ဗီဒီယိုဖိုင်တွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေခဲ့တာပါ။

    ကိုညီညီအောင်ထက်နိုင်ကို လှော်ကားသုဿန်မှာ ဂူသွင်းမြှုပ်နှံမယ်လို့သိရပါတယ်။ ဒီနေ့မှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ကျဆုံးခဲ့သူတွေထဲက ဆရာမဒေါ်တင်နွဲ့ရီ၊ ကိုဟိန်းထွဋ်အောင်တို့ နာရေးတွေကိုလည်း အသီးသီးပြုလုပ်ထားပါတယ်။

    Yangon

    ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

  9. သင်္ဃန်းကျွန်းဆန္ဒပြပွဲမှာကျဆုံးခဲ့တဲ့ ကိုဟိန်းထွဋ်အောင်ရဲ့ နာရေး

    ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်၊ တနင်္ဂနွေနေ့ က (Milk Tea Alliances) စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲတွေကို အာဏာသိမ်းစစ်ကောင်စီက အင်အားသုံးဖြိုခွဲခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်အတွင်းက ဆန္ဒပြပွဲအတွင်း သေနတ်ကျည် ထိမှန်သေဆုံးခဲ့တဲ့ ကိုဟိန်းထွဋ်အောင်ရဲ့နာရေးကို ဒီနေ့မတ်လ ၂ရက်နေ့ မွန်းလွဲ ၁နာရီမှာ ကျီစုသုသာန်မှာ ပြုလုပ်ပါတယ်။

    ကိုဟိန်းထွဋ်အောင်ဟာ ကွယ်လွန်ချိန်မှာ အသက် ၂၃ နှစ်သာရှိသေးပြီး တောင်ဒဂုံမြို့နယ်မှာနေထိုင်သူလည်းဖြစ်ပါတယ်။

    အသက် ၂၃ နှစ်အရွယ် ကိုဟိန်းထွဋ်အောင်ဟာ ဘဝမြင့်မှတ်တိုင်အနီးမှာ ကိုယ်ဝန်ဆောင် ဇနီးသည်နဲ့အတူရှိနေစဉ် ကျည်ဆန်ထိမှန်ကွယ်လွန်ခဲ့ပါတယ်။ လည်ပင်းကို သေနတ်ကျည်ဆန်ထုတ်ချင်းပေါက်ဝင်ရောက်သွားခဲ့ပါတယ်။

    အတူတူရှိနေခဲ့တဲ့ ဇနီးသည်ဟာ ကိုယ်ဝန် ၃ လဆောင်ထားသူဖြစ်ပါတယ်။

    Yangon
  10. လူသေဆုံးတဲ့အထိ အင်အားသုံးတာတွေရပ်တန့်ဖို့ မြန်မာစစ်တပ်ကို စင်ကာပူနိုင်ငံခြားရေးဝန်ကြီး တောင်းဆို

    အာဆီယံအဖွဲ့ဟာ ဘုံသဘောတူညီချက်နဲ့ ကြားဝင်စွက်ဖက်မှုမရှိရဆိုတဲ့စည်းမျဉ်းကို အဓိက အခြေခံပေမဲ့ မြန်မာနိုင်ငံရဲ့အခြေအနေ ပုံမှန်အတိုင်းပြန်ရောက်ရှိပြီး တည်ငြိမ်မှုရှိရေး ဖြစ်မြောက်ဖို့ အပြုသဘောဆောင်အခန်းကဏ္ဍမှာ ပါဝင်နေဆဲလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ပြောလိုက်ပါတယ်။

    ဒါကြောင့်လည်း ဒီနေ့မှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအစည်းဝေးကို ဗီဒီယိုကွန်ဖရန်းဇင်းကတစ်ဆင့် ပြုလုပ်တဲ့အခါ မြန်မာစစ်တပ်အာဏာပိုင်တွေဘက်က ကိုယ်စားလှယ်ပြောလာတဲ့စကားကိုလည်း နားထောင်ဖို့ရှိတယ်လို့ ဆိုပါတယ်။

    နောက်ထပ် သွေးထွက်သံယိုဖြစ်တာတွေကို ရှောင်ရှားဖို့ မြန်မာစစ်တပ်အာဏာပိုင်တွေ အနေနဲ့ လူသေဆုံးတဲ့အထိ အင်အားသုံးတာမျိုးကို ရပ်တန့်ဖို့လည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုပါတယ်။

    မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်လမ်းကြောင်းပေါ်ပြန်ရောက်ဖို့ ပါဝင်သင့် ပါဝင်ထိုက်သူတွေအားလုံး တွေ့ဆုံဆွေးနွေးအဖြေရှာဖို့လိုပြီး သမ္မတ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးကြောင့် ထိန်းသိမ်းခံထားရသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးမှသာ ဒီလမ်းကြောင်းပေါ်လာမယ်လို့ ယုံကြည်တယ်ဆိုပြီး ပြောထားပါတယ်။

    Singapore

    ဓာတ်ပုံ ရင်းမြစ်, Singapore MOFA

  11. ကလေးမှာသပိတ်ဖြိုခွင်းခံရမှု ဒဏ်ရာရသူတွေရှိ

    ကလေးမြို့မှာ ဒီနေ့မတ်လ ၂ ရက်မနက်ပိုင်း ၁၀ နာရီခွဲခန့်က စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲကို အင်အားသုံးဖြိုခွင်းခဲ့တာကြောင့် အနည်းဆုံး ၇ ဦးဒဏ်ရာရပြီး နှစ်ဦးမှာ စိုးရိမ်ရတယ်လို့ လူနာတွေကို ကုသပေးနေတဲ့ဆရာဝန်တစ်ဦးက ဘီဘီစီကိုအတည်ပြုပါတယ်။

    ဒဏ်ရာရသူတွေထဲမှာ ရင်ဘတ်နဲ့ ဝမ်းဗိုက်ကို ထိမှန်သူနှစ်ဦးက စိုးရိမ်ရပြီး ပေါင်ကိုထိမှန်သူနှစ်ဦးကတော့ စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။

    ဒဏ်ရာရသူတွေကို အနီးနားက ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းမှာ ကုသပေးနေကြောင်းနဲ့ ယခုအခါ ကလေးမြို့လုံခြုံရေးကို တပ်လက်ထဲ လွှဲအပ်လိုက်တယ်လို့ ကြေညာနေတဲ့အသံတွေကိုလည်း ကြားရကြောင်းကလေးမြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    Sagaing

    ဓာတ်ပုံ ရင်းမြစ်, ကလေးမြို့အကုန်သိသတင်း

  12. သပိတ်ဖြိုခွင်းမှုမှာကျဆုံးသွားတဲ့ ဆရာမဒေါ်တင်နွဲ့ရီ နာရေး

    ရန်ကုန်တိုင်း၊ ပညာရေးမှူးရုံးရှေ့မှာ ဖဖော်ဝါရီ ၂၈ ရက်က စစ်အာဏာသိမ်းဆန့်ကျင်ထိုင်သပိတ်ပြုလုပ်နေတဲ့ ဆရာဆရာမတွေရဲ့ သပိတ်ကို ဖြိုခွင်းရာမှာ သေဆုံးခဲ့တဲ့ အလယ်တန်းပြ ဆရာမ ဒေါ်တင်နွဲ့ရီရဲ့ နောက်ဆုံးခရီးကို ဒီနေ့မတ်လ ၃ ရက်မနက်ပိုင်းက ထိန်ပင်သုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။ အသက် ၅၉ နှစ်အရွယ် ဆရာမ ဒေါ်တင်နွဲ့ရီဟာ လှိုင်သာယာမြို့နယ်ထခွဲ လ ၁၀ ကျောင်းမှာ တာဝန်ထမ်းဆောင်နေတာဖြစ်ပြီး သပိတ်စစ်ကြောင်းဖြိုခွဲစဉ်မှာ စုရပ်နေရာမှာ ကျဆုံးခဲ့တာဖြစ်ပါတယ်။ ပင်စင်ရဖို့ လပိုင်းလောက်သာလိုတော့ပေမယ့် စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် CDM လှုပ်ရှားမှုမှာလည်း ပြတ်ပြတ်သားသားပါဝင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

    Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

    Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

    Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

  13. အင်းစိန်လမ်းမပေါ်က သပိတ်စစ်ကြောင်းကို မျက်ရည်ယိုဗုံး၊ အသံဗုံးတွေ၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်ဖြိုခွင်း၊ ဒဏ်ရာရသူတချို့ရှိနေ

    ရန်ကုန်အင်းစိန်လမ်းမကြီးပေါ်၊ ဘူတာရုံလမ်းမှတ်တိုင်အနီးက သပိတ်စစ်ကြောင်းကို ဒီနေ့ မတ်လ ၂ ရက် မနက် ၁၁ နာရီမခွဲခင်တစ်ခါ၊ ၁၁ နာရီ ၄၅ မိနစ်မှာ တစ်ခါ၊ အသံဗုံးရော မျက်ရည်ယိုဗုံးပေါင်း အလုံး ၅၀ ထက်မနည်း ပစ်ခတ်ပြီး ဖြိုခွင်းတယ်လို့ သပိတ်စစ်ကြောင်းမှာပါသူတွေက ဘီဘီစီကိုပြောပါတယ်။ ဒါ့အပြင် ရာဘာကျည်တွေနဲ့လည်း ပစ်ခတ်ဖြိုခွင်းမှုတွေရှိနေပြီး ထိခိုက်ဒဏ်ရာရသူတေချို့ရှိနေတယ်လို့ ဆိုပါတယ်။

    သပိတ်ကို ပစ်ခတ်ဖြိုခွဲနေချိန်မှာ ဆန္ဒပြပြည်သူတွေက မထိခိုက်အောင် ရှောင်တိမ်းခဲ့ပြီးတဲ့နောက် အခုအခါ ဆန္ဒဆက်ပြဖို့ လူပြန်စုနေပါတယ်။

  14. ရန်ကုန်အင်းစိန်လမ်းမပေါ် သံလမ်းမှတ်တိုင်နဲ့ ဘာတာမှတ်တိုင်ကြားမှာ တပ်စွဲထားလို့ ဒေသခံတွေပြော

    ရန်ကုန်မြို့၊ အင်းစိန်လမ်းမပေါ်၊ သံလမ်းမှတ်တိုင်နဲ့ ဘာတာမှတ်တိုင်ကြားက ဘော်လီဘောကွင်းမှာ မတ်လ ၂ရက် မနက် ၄ နာရီဝန်းကျင်လောက်တည်းက စစ်တပ်က ဝင်ရောက်တပ်စွဲထားတယ်လို့ မျက်မြင်ဒေသခံတွေကပြောပါတယ်။

    "တပ်ပိုင်ဘော်လီဘောကွင်းနားမှာ စစ်ကား ၇ စီး၊ စစ်ကားအသေးလေး ၃ စီး၊ ရဲကား ၃စီးရှိတယ်။ အယောက် ၁၂၀ ကနေ ၁၄၀ လောက်ရှိတယ်။ စစ်ဝတ်စုံတွေချည်းပဲ လက်နက်အပြည့်အစုံပါတယ်။ တချို့ဆိုကျည်တွေ လွယ်ထားတယ်။ တချို့က စစ်လွယ်အိတ်လေးတွေနဲ့။ အသက်ကြီးတဲ့ စစ်သားတွေတောင် ပါတယ်" လို့ ဘီဘီစီကို ပြောပြပါတယ်။

    မနက် ၉နာရီကျော်လောက်မှာ အဲဒီကနေ အချို့အင်အားစုတွေ ထွက်ခွာသွားပေမယ့် ဆယ်ဂဏန်းနီးပါးတော့ အဲ့ဒီနေရာမှာ ကျန်နေသေးတယ်လို့ ဆိုပါတယ်။

    ဘူတာရုံလမ်းမှတ်တိုင်အနီး အင်းစိန်လမ်းမတစ်နေရာ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဘူတာရုံလမ်းမှတ်တိုင်အနီး အင်းစိန်လမ်းမတစ်နေရာ

    ဓာတ်ပုံ ရင်းမြစ်, CJ

    အင်းစိန်လမ်းမတစ်နေရာ

    ဓာတ်ပုံ ရင်းမြစ်, CJ

  15. ရန်ကုန်တက္ကသိုလ်က ဆရာဒေါက်တာအာကာမိုးသူအဖမ်းခံရ

    ဒီနေ့ မနက် ၈ နာရီခွဲဝန်းကျင် တက္ကသိုလ်ပညာရေးဝန်ထမ်း CDM သပိတ်စစ်ကြောင်း ဟာ ပါရမီလမ်းပေါ်က MICT Park ရှေ့မှာ ဆန္ဒပြဖို့ လူစုနေတုန်းမှာပဲ ဒေါက်တာအာကာမိုးသူကို သေနတ်နဲ့ ချိန်ပြီး ဖမ်းဆီးသွားတယ်လို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ၊ ကျောင်းသားထုအခွင့်အရေးတာဝန်ခံက ဘီဘီစီကိုပြောပါတယ်။

    "လူစုနေတဲ့အချိန်မှာ ရဲတွေက အရပ်ဝတ်နဲ့ ပြီးတော့ အိမ်ကားတွေနဲ့ရောက်လာပြီးတော့ ဆရာအာကာမိုးသူကို သေနတ်နဲ့ ချိန်ပြီးတော့ ဖမ်းသွားတာဗျ။ လာကတည်းက သူ့တစ်ယောက်ထဲကိုပဲ ဦးတည်ပြီး လာဖမ်းတယ်" လို့ ဆိုပါတယ်။

    ဒေါက်တာအာကာမိုးသူကိုဖမ်းဆီးသွားပြီးနောက် ကျန်ရစ်ခဲ့တဲ့ သပိတ်စစ်ကြောင်းကိုလည်း အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။ လက်ရှိအခြေအနေထိ သူ့ကို ဘယ်ကိုဖမ်းသွားကြောင်း တိတိကျကျမသိရသေးဘဲ ကျောင်းအုပ်ချုပ်ရေးအဖွဲ့၊ ရှေ့နေတွေနဲ့ပါ ချိတ်ဆက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

    ဒေါက်တာအာကာမိုးသူဟာ တက္ကသိုလ်ဆရာဆရာမများကိုယ်စားပြုကော်မတီရဲ့ မူဝါဒရေးရာတာဝန်ခံအဖြစ် ဆောင်ရွက်နေတာသာမက CDM ပညာရေးဝန်ထမ်းထောက်ပံ့ရေးအတွက်ပါ လုပ်ဆောင်နေတာပါ။

    Teacher

    ဓာတ်ပုံ ရင်းမြစ်, Social Media

  16. လှည်းကူးနဲ့ ပဲခူးမှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေ ဆက်လုပ်

    ဆန္ဒပြလူထုကို အင်အားသုံးဖြိုခွဲတာတွေဆက်တိုက်လုပ်နေပေမယ့် ပဲခူးမြို့မှာ ဒီကနေ့တောင်သူလယ်သမားနေ့မှာ လူအင်အားအမြောက်အများဆက်လက်ဆန္ဒထုတ်ဖော်နေပါတယ်။ အစိုးရဝန်ထမ်းအချို့နဲ့ ပြည်သူတွေ ပါဝင်တာကိုတွေ့ရပါတယ်။

    ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယမှာလည်း ဒီနေ့ မတ်လ ၂ ရက် မနက်ပိုင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြမှုမှာ ပညာရေး၊ မီးသတ် စတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေအပါအဝင် ပြည်သူတွေက ပါဝင်ဆန္ဒပြနေကြတာဖြစ်ပါတယ်။

    Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

    Bago
    Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

  17. မြန်မာအရေး အထူးအကြံပေးကောင်စီ တစ်ရပ် ဖွဲ့စည်း

    ဒီနေ့ဟာ ၆၂ တုန်းက စစ်အာဏာသိမ်းတဲ့ နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။

    အနှစ် ၆၀ နီးပါး ကြာခဲ့ချိန် ဒီကနေ့ မြန်မာပြည်မှာ စစ်တပ်ရဲ့ နောက်ကြောင်းပြန် အာဏာသိမ်းမှုနဲ့ ကြုံတွေ့ နေရပြီး ပြည်သူတွေဟာ စစ်အာဏာသိမ်းမှုကို အသက်နဲ့ရင်းပြီး အံတုတော်လှန် နေကြရဆဲ ဖြစ်ပါတယ်။

    စစ်ကောင်စီကို အပြစ်ပေး အရေးယူနိုင်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာလည်း လှုပ်ရှားမှုတွေ တွေ့မြင်နေရပါတယ်။

    မြန်မာအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ကိုယ်စားလှယ်တွေအဖြစ် တာ၀န် အသီးသီး ယူဖူးခဲ့ကြတဲ့ မြန်မာ့အရေး ကျွမ်းကျင်သူ ပညာရှင် ၃ ယောက် စုပေါင်းပြီး အထူးအကြံပေးကောင်စီ တစ်ရပ် ဖွဲ့စည်းလိုက်ပါတယ်။

    SAC-M လို့ အတိုကောက် ခေါ်တဲ့ မြန်မာအရေး အထူးအကြံပေးကောင်စီမှာ ပါ၀င်သူတွေကတော့ မြန်မာနိုင်ငံအတွက် လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အဖြစ် တာ၀န်ထမ်းဖူးတဲ့ မစ္စယန်းဟီးလီ၊ ကုလသမဂ္ဂက ဖွဲ့စည်းတဲ့ မြန်မာအရေး အချက်အလက် ရှာဖွေရေး လွတ်လပ်တဲ့ နိုင်ငံတကာ မစ်ရှင်အဖွဲ့ ကို ဦးဆောင်ခဲ့သူ မာဇူကီ ဒါရူစမန်နဲ့အဲဒီအဖွဲ့ရဲ့ အဖွဲ့၀င် တစ်ယောက်ဖြစ်တဲ့ ခရစ်ဆီဒိုတီ တို့ ဖြစ်ပါတယ်။

    “မြန်မာစစ်တပ်ဟာ ပြည်သူတွေကို ဖိနှိပ်ထားတာ ရာစုနှစ် ထက်၀က်မကကျော်ခဲ့ပြီ။ ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတွက်၊ အပြစ်ပေး အရေးယူ ခံရတာကနေလည်း ကင်းလွတ်နေခဲ့တယ်၊ အခု အာဏာသိမ်းပြန်တဲ့ တုန်လှုပ်စဖွယ် လုပ်ရပ်ကလည်း ၊မြန်မာ စစ်ဗိုလ်ချုပ်တွေဟာ ပြည်သူတွေရဲ့ သဘောဆန္ဒကို ဘယ်လောက် အရေးမထားလဲ၊ နိုင်ငံတကာ ကျင့်၀တ်တွေကို ဘယ်လောက် ချိုးဖောက်နေလဲ ဆိုတာကို ပြသနေတာပဲ” လို့ မစ္စယန်ဟီးလီက ပြောပါတယ်။

    “လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ အပြစ်ရှိသူတွေကို အရေးယူနိုင်ရေး စတာတွေ အတွက် တိုက်ပွဲ၀င်နေကြတဲ့ မြန်မာပြည်သူတွေနဲ့ အတူ ရပ်တည်မယ်” လို့ မာဇူကီ ဒါရူစမန်ကလည်း ပြောပါတယ်။

    “အပြစ်ရှိသူတွေကို အရေးမယူနိုင်သရွေ့တော့ ၀မ်းနည်းဖွယ် သမိုင်းဖြစ်ရပ်တွေဟာ တကျော့ပြန် လာနေဦးမှာပဲ” လို့၃ ဦးပါ အကြံပေးကောင်စီ၀င် တစ်ယောက်ဖြစ်တဲ့ ခရစ္စ ဆီဒိုတီကလည်း ထောက်ပြပါတယ်။

    ဒီ SCA-M အဖွဲ့က သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို လာမယ့် ကြာသပတေးနေ့၊ မတ်လ ၄ ရက်နေ့မှာ၊ အွန်လိုင်း ဗီဒီယို ကနေ တဆင့် ပြုလုပ်သွားဖို့ ရှိနေပါတယ်။

    ယန်းဟီးလီနဲ့မာဇူကီဒါရူစမန်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ယန်းဟီးလီနဲ့မာဇူကီဒါရူစမန်
  18. စစ်ကောင်စီကို နိုင်ငံတကာ ခုံရုံးတင်မယ်

    သွေးတစ်စက်အတိုင်းအတွက် အပြစ်ပေးနိုင်ရမယ်

    ဓာတ်ပုံ ရင်းမြစ်, Dr. Sasa

    ဓာတ်ပုံ ပုံစာ, သွေးတစ်စက်အတိုင်းအတွက် အပြစ်ပေးနိုင်ရမယ်

    လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH ရဲ့ ကုလသမဂ္ဂဆိုင်ရာ အထူး သံတမန် ဒေါက်တာဆာဆာကစစ်ကောင်စီ အကြမ်းဖက် အဖွဲ့ကို နိုင်ငံတကာ တရားရုံး ရှေ့မှောက် အရောက်ပို့မယ်လို့ ဆိုပါတယ်။

    CRPH ရဲ့ တရား၀င် စာရွက်စာတမ်းတွေကို နိုင်ငံတကာ ဥပဒေ ပါမောက္ခတွေကတဆင့် ICC ရုံးတော်ထံ တင်သွင်းမယ်၊ မြန်မာပြည်သူတွေ အပေါ် ကျုးလွန်တဲ့ အကြမ်းဖက် လုပ်ရပ်တွေ အတွက် ဥပဒေအတိုင်း အရေးယူမယ်၊ ကျခဲ့တဲ့ သွေးတစ်စက်အတိုင်းအတွက် အကြမ်းဖက် အုပ်စုဖြစ်တဲ့ တရားမ၀င် စစ်ကောင်စီကို အပြစ်ပေးနိုင်ရမယ်လို့ ဒေါက်တာဆာဆာက ဆိုပါတယ်။

    CRPH ကလည်း စစ်ကောင်စီဟာ အကြမ်းဖက် အုပ်စုပဲ ဆိုပြီး ကြေညာထားပါတယ်။

    စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ကြည့်ရင် နိုင်ငံတော် နဲ့ နိုင်ငံသူ နိုင်ငံသားတွေ အပေါ် အကြမ်းဖက် စစ်ကြေညာနေတာပဲလို့လည်း CRPH က ပြောပါတယ်။

    သွေးစွန်းတဲ့ တနင်္ဂနွေနေ့၊ ဖေဖေါ်၀ါရီ ၂၈ ရက်နေ့က စစ်ကောင်စီလက်ချက်နဲ့ သေဆုံးရသူ တနိုင်ငံလုံးအနှံ့ အနည်းဆုံး ၁၈ ယောက် ရှိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အပါအ၀င် စောင့်ကြည့် လေ့လာကြတဲ့ ပြည်တွင်းပြည်ပ လူ့အခွင့်အရေး အဖွဲ့တွေက ပြောကြပါတယ်။

    ဒီမတိုင်ခင် ရက်တွေကတည်းက တနိုင်ငံလုံး အနှံ့ အကြမ်းဖက် ဖြိုခွဲနေခဲ့တာမှာ အတည်ပြုထား နိုင်သမျှ သေဆုံးသူ အရေအတွက် ၈ ဦး ရှိနေပါတယ်။

    စစ်ကောင်စီဟာ အကြမ်းဖက် အုပ်စုပဲ ဆိုပြီး ကြေညာ

    ဓာတ်ပုံ ရင်းမြစ်, CRPH

    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီဟာ အကြမ်းဖက်အုပ်စုပဲဆိုပြီး ကြေညာ
  19. အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ မြန်မာအရေး အထူးအစည်းအ၀ေး ဒီနေ့ကျင်းပဖို့ရှိ

    မြန်မာအရေးနဲ့ ပတ်သက်ပြီး အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ အထူး အစည်းအ၀ေး တစ်ရပ်ကို အွန်လိုင်း ဗီဒီယို ကနေတဆင့် ဒီနေ့ ဆွေးနွေးဖို့ ရှိတယ်လို့စင်္ကာပူ နိုင်ငံခြားရေး ၀န်ကြီး ဗစ်ဗီယန် ဘာလာခရစ်ရှ်နန်က စင်္ကာပူ ပါလီမန်ထဲ ပြောခဲ့ပါတယ်။

    ဒီ အထူး အစည်းအ၀ေးမှာ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်လည်း ပါ၀င်မှာ ဖြစ်တယ်လို့ နားလည်ရပါတယ်။

    ၀န်ကြီး ဘာလာခရစ်ရှ်နန် စင်္ကာပူ ပါလီမန်ထဲ ပြောခဲ့တဲ့ စကားအရ အခု အစည်းအ၀ေးမှာ မြန်မာ စစ်အာဏာပိုင်တွေရဲ့ ကိုယ်စားလှယ် ဘာတွေ ပြောမလဲ ဆိုတာကို နားထောင်ကြမယ်လို့ ဆိုပါတယ်။

    သူပြောတဲ့ မြန်မာ စစ်အာဏာပိုင်တွေရဲ့ ကိုယ်စားလှယ်ဆိုတာ စစ်ကောင်စီက နိုင်ငံခြားရေး ၀န်ကြီးဆိုပြီး ခန့်ထားတဲ့ ဦး၀ဏ္ဏမောင်လွင် ဖြစ်နိုင်ပါတယ်။

    ဦး၀ဏ္ဏမောင်လွင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း ထိုင်းနိုင်ငံမှာ ထိုင်းနဲ့ အင်ဒို နိုင်ငံခြားရေး ၀န်ကြီးတွေနဲ့ အလွတ်သဘော တွေ့ဆုံ ခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့မယ့် နိုင်ငံရေး ပြေလည်မှု ရနိုင်ဖို့ သက်ဆိုင်တဲ့ အဖွဲ့အားလုံး တွေ့ဆုံ ဆွေးနွေး အဖြေရှာကြပါ ဆိုပြီး၊ စင်္ကာပူ နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ဘာလာခရစ်ရှ်နန် ကတိုက်တွန်းပါတယ်။

    ဒီလို ညှိနှိုင်းဆွေးနွေးတာတွေ စတင်လုပ်လာနိုင်ဖို့ သမ္မတကြီး ဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်းဖြစ်၊ မြန်မာ နိုင်ငံခြားရေး၀န်ကြီးလည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ချက်ခြင်းလွှတ်ပေးမှပဲ ဖြစ်မယ်လို့လည်း ၀န်ကြီး ဘာလာခရစ်ရှ်နန် က မြန်မာစစ်ကောင်စီကို တောင်းဆိုထားပါတယ်။

    ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီနဲ့ စစ်ကောင်စီကြား လက်ရှိ နိုင်ငံရေး အကျပ်အတည်းကနေ ဘယ်လို ကျော်လွှားကြမလဲ ဆိုတာ အဖြေရှာနိုင်မယ့် နေရာကို အဖွဲ့ အတွင်း ဖန်တီးပေးနိုင်တာမျိုးလို အာဆီယံဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ် ဆိုတဲ့ အမြင်မျိုးတွေ တွေ့နေရပါတယ်။

    တစ်ဘက်မှာလည်း၊ “အာဆီယံမိသားစု” ဆိုတဲ့ ခေါင်းစဥ်အောက်မှာ နိုင်ငံရေး ဆိုင်ရာ အခွင့်အရေးတွေဘက်ကို အလေးပေးတာထက်စာရင်၊ တည်ငြိမ်ရေး၊ တိုးတက်ဖွံ့ဖြိုးရေး ဆိုတာတွေအပေါ်မှာ အာဆီယံအဖွဲ့က ပိုပြီး အာရုံစိုက်တတ်တဲ့အစဥ်အလာရှိတယ် ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။

    စင်္ကာပူ နိုင်ငံခြားရေး ၀န်ကြီ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, သက်ဆိုင်တဲ့ အဖွဲ့အားလုံး တွေ့ဆုံ ဆွေးနွေး အဖြေရှာကြပါ ဆိုပြီး စင်္ကာပူ နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ဘာလာခရစ်ရှ်နန် ကတိုက်တွန်းပ
  20. မင်္ဂလာပါ။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အချိန်နဲ့ တစ်ပြေးညီ တိုက်ရိုက်တင်ဆက်မှုတွေ စတင်ပါပြီ။

    ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေကိုဒီနေရာမှာ ပြန်လည်ဖတ်ရှုနိုင်ပါတယ်။