တရားမဝင်မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ

စင်္ကာပူနိုင်ငံအရွယ်အစားလောက်ရှိတဲ့ နယ်မြေတစ်ခုမှာ မြေရှားသတ္တု တူးဖော်ရေးလုပ်ကွက်ပေါင်း ၂၇၀၀ ကျော်ကို တွေ့ရှိရတယ်လို့ သဘာဝပတ်ဝန်းကျင်အရေးလေ့လာစောင့်ကြည့်တဲ့ Global Witness က ဒီကနေ့ဩဂုတ် ၉ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဝူယန်ကျေးရွာက စစ်ကောင်စီ ပြည်သူ့စစ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီးနောက် အစစ်အဆေးတင်းကျပ်နေ

    ဝူယန်ကျေးရွာက စစ်ကောင်စီ ပြည်သူ့စစ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီးနောက် အစစ်အဆေးတင်းကျပ်နေ

    ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

    ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာမှာရှိတဲ့ ပြည်သူ့စစ်ဂိတ်စခန်းကို ဇူလိုင်လ ၂၈ ရက်နေ့ မနက်၂ နာရီလောက်က ကေအိုင်အေက ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့နောက် ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဒါကြောင့် ဇူလိုင်လ ၂၈ ရက် မနက် ၇ နာရီ လောက်ကနေစပြီး အဲဒီဂိတ်အနီး ဖြတ်သန်းသွားလာသူတွေကို စစ်ဆေးမှုတွေ တင်းကျပ်နေတယ်လို့ ဆိုပါတယ်။

    “ဒီမနက် ကျွန်မတို့က မနေ့က ဝိုင်းမော်ကနေ ဝါရှောင်ကို ပြန်လာတာ။ အဲအချိန်မှာ ဝူယန်ဂိတ်မှာ ကားနောက်ဖုံးတွေကိုရောအကုန်စစ်တယ်။ ဘယ်ကပြန်လာတာလဲ ၊ ဘယ်သွားမလို့လဲဆိုပြီး မေးတယ်။ မနေ့ညသန်းခေါင်ကျော်အချိန်လောက်မှာ လက်နက်သံ သေနတ်သံတွေ မနက် ၂ နာရီလောက်မှာကြားတယ်” လို့ ဝိုင်းမော်ကနေ ဝါရှောင်ဒေသကို ပြန်တဲ့ ဒေသခံတစ်ယောက်ကပြောပါတယ်။

    “ဒီမနက် ယောက္ခမတွေ တောင်ယာသွားတာ၊ ဝူယန်ဂိတ်မှာ စစ်နေလို့ တောင်ယာမသွားဘဲပြန်ခေါက်လာတာ။ ဟိုဘက်ဒီဘက် ကားဆိုင်ကယ်တွေ အများကြီးကို တားပြီးစစ်နေတာလို့ ယပြောတယ်။ မနက် ၇နာရီလောက်ကဖြစ်မယ်" လို့ ဝိုင်းမော် ဒေသခံတစ်ယောက်ကပြောပါတယ်။

    ဝူယန်ကျေးရွာမှာ ရှိတဲ့ ပြည်သူ့စစ်ဂိတ်ဟာ ဖြတ်သန်းသွားလာသူတွေကို အခုလို မကြာခဏစစ်ဆေးပေးမဲ့ ဇူလိုင်လ ၂၈ ရက်နေ့ မနက်ကတော့ ကားဆို နောက်ဖုံးတွေ၊ ဆိုင်ကယ်ဆို တူးဘောက်တွေကိုပါဖွင့်ခိုင်းပြီး သေချာစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ စစ်ဆေးခံရသူတွေကပြောပါတယ်။

    ဝိုင်းမော်မြို့နယ် ဝါရှောင်ဘက်က နန်ဇော်ယန် ကျေးရွာဘက်မှာတော့ ကေအိုင်အေ နဲ့ စစ်ကောင်စီတွေ ထိတွေ့ တိုက်ပွဲတွေဖြစ်ခဲ့သလို စစ်ကောင်စီဘက်မှ လေကြောင်းကနေ တိုက်ခိုက်တာတွေလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ရှိထားပါတယ်။

    အခု ဝူယန်ပြည်သူ့စစ်စခန်း တိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ်ဘက်က အထိအခိုက်စာရင်းကိုမသိရသေးပေမဲ့ ၅ ဦးထက်မနည်း သေဆုံးနိုင်တယ်လို့ ဒေသတွင်းမီဒီယာတချို့က ဖော်ပြနေပါတယ်။

  2. စျေးကွက်ထဲ ဒေါ်လာငွေ ရှားပါး၀ယ်မရဖြစ်နေပေမဲ့ အရန်ငွေ လုံလုံလောက်လောက်ရှိတယ်လို့ စစ်ကောင်စီပြော

    စျေးကွက်ထဲ ဒေါ်လာငွေ ရှားပါး၀ယ်မရဖြစ်နေပေမဲ့ အရန်ငွေ လုံလုံလောက်လောက်ရှိတယ်လို့ စစ်ကောင်စီပြော

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ပြင်ပစျေးကွက်မှာ အမေရိကန်ဒေါ်လာငွေ စျေးနှုန်းဟာ ကြိုက်ရောင်းကြိုက်ဝယ်စျေးအနေနဲ့ တစ်ဒေါ်လာကို ၂၈၀၀ ကျပ်စျေးပေါက်နေပေမဲ့ စစ်ကောင်စီဘက်ကတော့ နိုင်ငံတော်မှာ အရန်ငွေ လုံလုံလောက်လောက်ရှိတယ်ဆိုပြီး ထုတ်ပြောလာပါတယ်။

    မြန်မာနိုင်ငံအနေနဲ့ သီရိလင်္ကာနိုင်ငံလို စီးပွားပျက်မှာကို စိုးရိမ်မှုတွေ ရှိနေတယ်ဆိုတဲ့ မေးခွန်းကို စစ်ကောင်စီ ပြောခွင့်ရသူက ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက် သတင်းစာရှင်းလင်းပွဲမှာ တုံ့ပြန်ပြောဆိုချိန် အရန်ငွေကိစ္စကိုပြောသွားတာပါ။

    စစ်ကောင်စီလက်အောက် ဗဟိုဘဏ်က ပြည်တွင်းငွေစာရင်းတွေထဲက နိုင်ငံခြားငွေကြေးတွေကို မြန်မာကျပ်ငွေနဲ့ ပြောင်းလဲရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေကို ပြီးခဲ့တဲ့ ဧပြီလကနေ စတင်ထုတ်ပြန်ခဲ့ပြီးနောက် ပြည်တွင်းမှာ ဒေါ်လာငွေကြေးစီးဆင်းမှုကိုထိန်းချုပ်တဲ့ အမိန့်နောက်ဆက်တွဲညွှန်ကြားချက်တွေ ဆက်တိုက် ထုတ်ပြန်ခဲ့ပါတယ်။

    ဗဟိုဘဏ်က အဲဒီအချိန်ကတည်းကနေ ဒီနေ့ ဇွန်လ ၂၈ ရက်အထိ ငွေလဲလှယ်နှုန်း ရည်ညွှန်းစျေးကို တစ်ဒေါ်လာကို ၁၈၅၀ နဲ့ စျေးသတ်မှတ်ခဲ့ပြီး ဘဏ်တွေက အဲဒီစျေးနှုန်းသာ ဖော်ပြထားပေမဲ့ အမှန် တကယ် အရောင်းအဝယ်မလုပ်ကြဘူးလို့ ဘဏ်စနစ်သုံးစွဲသူတွေက ပြောပါတယ်။

    ဒီအချိန်မှာ တစ်ဖက်မှာလည်း စစ်ကောင်စီဟာ လုပ်ငန်းရှင်တွေကို ဒေါ်လာ ထုတ်မရောင်းတာကြောင့် ပို့ကုန်သွင်းကုန်အတွက် ဒေါ်လာငွေနဲ့ရှင်းရမယ်လုပ်ငန်းရှင်တွေဟာ ပြင်ပမှာ ဒေါ်လာကို ဗဟိုဘဏ်ရည်ညွှန်းစျေးထက်ကြီးမြင့်တဲ့စျေးနဲ့ လိုက်လံ ဝယ်ယူနေရတယ်လို့ သိရပါတယ်။

    ဒါကြောင့် အခုဆို ပြင်ပမှာ တစ်ဒေါ်လာ ကို ၂၈၀၀ ကျပ်စျေးပေါက်နေပေမဲ့ အမှန်တကယ် ဝယ်ယူဖို့ခက်ခဲနေတယ်လို့ လုပ်ငန်းလိုအပ်ချက်အတွက် နိုင်ငံခြားငွေကြေး ဝယ်ယူလိုသူတွေက ထုတ်ပြောနေကြပါတယ်။

    • ဒေါ်လာစျေးဆက်တက်ပြီး ဝယ်မရအောင်ရှားနေ
  3. စစ်ကောင်စီ စစ်ကြောင်းထိုးတဲ့ တစ်ရက်အတွင်းမှာပဲ ဆားလင်းကြီးမြို့နယ်ထဲမှာ သေဆုံးသူ ၇ ဦးရှိ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ရေမိန်တောင်ရွာကို စစ်ကောင်စီတပ်တွေက ဇူလိုင်လ ၂၅ ရက်နေ့မှာ စစ်ကြောင်းထိုး၀င်ရောက်လာပြီး စစ်ကောင်စီတပ်တွေ ပြန်လည်ထွက်ခွာသွားတဲ့ ဇူလိုင်၂၆ ရက်နေ့မှာတော့ ‌ဒေသခံတွေက ကျေးရွာထဲပြန်လည်၀င်ရောက်ပြီး ရှင်းလင်းရေး လုပ်တဲ့အချိန်မှာ ရုပ်အလောင်း ၅ လောင်း တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

    အဲဒီငါးဦးထဲမှာ ရေမိန်တောင်က ဒေသခံ ၃ ဦး နဲ့ မြိုင်မြို့နယ်ကနေ စစ်တပ်ဖမ်းဆီးလာသူနှစ်ဦး ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

    တစ်ခါ ဆက်ပြီး ထူးကြီးရွာဘက်ကို စစ်ကောင်စီတပ်တွေက ဇူလိုင် ၂၆ ရက်မှာ စစ်ကြောင်းဆက်ထိုးသွားပြီး နောက်တစ်နေ့ ဇူလိုင် ၂၇ မှာတော့ ‌ဆူးခြုံတွေနဲ့ ဖုံးထားခံထားရတဲ့ အမည်မသိရသေးတဲ့ ‌ဒေသခံတစ်ဦးနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့၀င်တစ်ဦးရဲ့ ရုပ်အလောင်းတွေကို နယ်မြေရှင်းလင်းရေး လုပ်တဲ့အချိန်မှာ ထပ်မံ တွေ့ရှိခဲ့ရပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    သေဆုံးသူ ၇ ဦးလုံးဟာ အမျိုးသားတွေဖြစ်တယ်လို့ သိရပါတယ်။

    " သူတို့ စစ်ကြောင်းထိုးလာတဲ့ တစ်ရက်ကျော်လေးကို လူ ၇ ဦး သေပါတယ်။ စစ်ကောင်စီကလူတွေ သတ်ခဲ့တာပေါ့။ ကျွန်တ်ောတို့မှာ ဓာတ်ပုံတွေလည်း သက်သေရှိပါတယ်။ ခေါင်းကိုပဲ ပစ်သတ်ထားတာ၊ ဓားနဲ့ထိုးထားတာတွေ ရုပ်အလောင်းတွေမှာ တွေ့ခဲ့ရတယ်။ ထူးကြီးရွာမှာ တွေ့တဲ့ ရုပ်အလောင်း ၂ ခုမှာ တစ်ဦးက ဘယ်သူဘယ်၀ါဆိုတာ မသိဘူး။ ကျန် ၆ ဦးကတော့ ဒေသကာကွယ်ရေးတပ်ကတစ်ဦးနဲ့ ဒေသခံတွေပါ" လို့ ‌ဆားလင်းကြီး ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

    ဒီနေ့ ဇူလိုင်လ ၂၈ ရက်နေ့ မနက်ပိုင်းမှာလည်း ရေခါးကျေးရွာ တောင်ရွာနဲ့ မြောက်ရွာကို ၀င်ရောက် မီးရှို့နေပြီး ရွာလုံးကျွတ် မီးရှို့နေတဲ့အတွက် ဒေသခံတွေ တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။ ကနဦး သတင်းတွေအရတော့ သိုးကျောင်းနေတဲ့ ၂ဦးနဲ့ ယာထွန်နေတဲ့ တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်ထားတယ်လို့ သိရပြီး အခြေအနေတွေကို အသေးစိတ်မသိရသေးဘူးလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

    ခုလို ဆားလင်းကြီးမှာ စစ်ကောင်စီစစ်ကြောင်းထိုးပြီးတစ်ရက်အတွင်း လူ ၇ ဦးသေဆုံးခဲ့ရတာနဲ့ပတ်သက်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ထံ ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

  4. ဗိုလ်တထောင်မြို့နယ်၊ ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံး

    ဗိုလ်တထောင်မြို့နယ်၊ ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံး

    ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

    ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသန်းဝင်း(ခ)ဘော်ဘီဟာ ဒီနေ့ဇူလိုင် ၂၈ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    အဲဒီအမျိုးသားဟာ ၄၂ လမ်းနဲ့ ကုန်သည်လမ်းထောင့်မှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး သေနတ်သံ ၃ ချက်လည်း ကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ အင်းယားအာဘန်ဖို့စ် ကတော့ ဒီပစ်ခတ်မှုကို သူတို့လုပ်ဆောင်တာလို့ လူမှုကွန်ရက်ကနေ သတင်းထုတ်ပြန်ပါတယ်။

    ပြီးခဲ့တဲ့နှစ်တုန်းက ၄၄ လမ်းမှာ လူငယ်တစ်ချို့ကို စစ်တပ်က ဝင်ရောက်စီးနင်းဖမ်းဆီးမှုအတွင်း လူငယ်တွေ တိုက်ပေါ်က ခုန်ချပြီးသေဆုံးခဲ့ရမှုမှာ ဦးသန်းဝင်းက သတင်းပေးခဲ့တာကြောင့် အခုလိုလုပ်ခဲ့တာလို့လည်း အဲဒီ အဖွဲ့က ပြောပါတယ်။

    လက်ရှိမှာတော့ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ကုန်သည်လမ်းနဲ့ ဗိုလ်ကလေးစျေးနားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်နေပြီး အနီးနားက စျေးသည်တွေအပြင် ဂမုန်းပွင့်ကုန်တိုက်ထဲကိုပါ စစ်ဆေးတာတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

  5. စစ်တပ်က ဖမ်းဆီးပြီး တစ်ရက်အကြာမှာပဲ သေဆုံးခဲ့တဲ့ NLD ပါတီ၀င် ဦးလှထူး ရဲ့ ရုပ်အလောင်း မိသားစု၀င်တွေ ပြန်မရ

    မင်္ဂလာတောင်ညွန့်က NLD ပါတီ၀င် ဦးလှထူးကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့က စစ်ကောင်စီတပ်တွေက ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်ရက် ၂၅ ရက်နေ့မှာတော့ သေဆုံးသွားပြီလို့ စစ်ကောင်စီက အကြောင်းပြန်လာပါတယ်။

    မိသားစုကိုလည်း သဂြိုဟ်ပြီးစီးသွားပြီလို့ စစ်ကောင်စီက အကြောင်းကြားခဲ့ပြီး မိသားစုက ရုပ်အလောင်းပြန်မရရှိခဲ့ဘူးလို့ မိသားစုနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက သိရပါတယ်။

    အခုလို NLD ပါတီ၀င်ဦးလှထူးကို ဖမ်းဆီးစစ်ဆေးပြီး အသတ်သေဆုံးတဲ့အထိ ဖြစ်ရတဲ့အပေါ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒလမြို့နယ် မဲဆန္ဒ ၂ က ဦးဘိုဘိုဦးက '' ကျွန်တ်ောတို့ ယူဆရတာတော့ မင်္ဂလာတောင်ညွ့န်ဆိုတော့ ဒေါ်ဖြူဖြူသင်းရဲ့ မဲဆန္ဒနယ်လည်းဖြစ်တယ်။ ဒေါ်ဖြူဖြူသင်းနဲ့လည်း ရင်းနှီးတဲ့အတွက် သတင်းအစအန လိုချင်တာနဲ့ စစ်တပ်က အချက်အလက်တွေ ရချင်လို့ ဖမ်းတယ်လို့ ယူဆထားပါတယ်။ ကိုလှထူးကလည်း ဘာမှ သိမှာမဟုတ်ဘူးဆိုတော့ အဲဒါကိုပဲ မကျေနပ်လို့ သတ်ပစ်တယ်လို့ ယူဆရပါတယ်" လို့ သုံးသပ်ပါတယ်။

    အခုလို သတ်ဖြတ်မှုလို့ NLD ပါတီဘက်ကပြောကြားမှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

    အသက် ၄၅ နှစ်အရွ​ယ် ဦးလှထူးဟာ အနေအေးပြီး ပရဟိတအလုပ်တွေလည်း ၀ါသနာပါပြီး လုပ်ကိုင်တတ်တယ်လို့ သူနဲ့ရင်းနှီးတဲ့ မင်္ဂလာတောင်ညွန့်မြို့ခံတွေက ပြောပါတယ်။

    လက်ရှိမှာတော့ NLD ပါတီ၀င်တွေအပါအ၀င် စစ်ကောင်စီကို မထောက်ခံတဲ့သူတွေအားလုံး အသက်အန္တရာယ်နဲ့ အချိန်မရွေး ရင်ဆိုင်ရမယ့် အနေအထားမှာ ရှိနေတယ်လို့လည်း ဦးဘိုဘိုဦးက ဆက်ပြီး ပြောပါတယ်။

    စစ်အာဏာသိမ်းပြီးတဲ့နောက် သတ်ဖြတ်ခံရတဲ့ NLD ပါတီ၀င်ဦးရေ ၄၈ ဦးထိရှိလာပြီလို့ ပါတီက ထုတ်ပြန်ထားတဲ့စာရင်းတွေက ဖော်ပြထားပါတယ်။

    NLD member killed in custody

    ဓာတ်ပုံ ရင်းမြစ်, CJ

  6. ရန်ကုန်မှာ ညမထွက်ရအချိန် ပြင်ဆင်သတ်မှတ်မှုမရှိဘူးလို့ စစ်ကောင်စီပြော

    ရန်ကုန်မှာ ညမထွက်ရအချိန် ပြင်ဆင်သတ်မှတ်မှုမရှိဘူးလို့ စစ်ကောင်စီပြော

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ရန်ကုန်မှာ ညမထွက်ရအချိန်ပြင်ဆင်သတ်မှတ်တာမျိုးမရှိဘဲ မူလအတိုင်းဖြစ်တယ်လို့ စစ်ကောင်စီဘက်က ပြောလာပါတယ်။

    လက်ရှိ ညမထွက်ရ အချိန်ကိုည ၈ နာရီ ကို ပြန်တိုးမြှင့်လိုက်တယ် ဆိုတဲ့သတင်းတွေက မှန်ကန်မှုမရှိဘဲ မူလအတိုင်း ည ၁၂ နာရီကနေ မနက် ၄ နာရီအတွင်းပဲဖြစ်တယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။

    ရန်ကုန်မှာ စစ်အုပ်ချုပ်ရေးအမိန့်(မာရှယ်လော) ကြေညာထားတဲ့ မြို့နယ်တွေလည်း ထပ်တိုးတယ်ဆိုပြီး သတင်းတွေထွက်နေပြီး ဒီသတင်းတွေကမှန်ကန်မှုမရှိဘဲ စစ်အုပ်ချုပ်ရေးအမိန့်ထပ်တိုးတဲ့မြို့နယ်လည်း မရှိဘူးလို့ သူက ဆက်ပြောပါတယ်။

    ရန်ကုန်က မြို့နယ် အချို့မှာ ညမထွက်ရအမိန့်အချိန်တိုးတာ၊ မာရှယ်လော(စစ်အုပ်ချုပ်ရေးအမိန့်)‌ကြေညာလိုက်တယ်ဆိုတဲ့ ကောလဟလတွေ လူမှုကွန်ရက်ပေါ်မှာရော လူထုကြားမှာပါ အခုရက်ပိုင်း အတွင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာဖြစ်ပါတယ်။

  7. ပေါက်မြို့နယ် ကျားပစ်ကန်ရွာကို စစ်ကောင်စီတပ်တွေ ၀င်ရောက်မီးရှို့ တယ်လို့ ဒေသခံတွေပြော, ရွာနီးချုပ်စပ်က ဒေသခံ ၂၀၀၀ ကျော် တိမ်းရှောင်နေကြရ

    ဒီနေ့ ဇူလိုင် ၂၈ ရက်မနက်ပိုင်းက မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် တောင်ပိုင်းမှာရှိတဲ့ ကျားပစ်ကန်ရွာကို စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့၀င်တွေက မီးရှို့ခဲ့တဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာကို ပြေးလွှားနေကြရတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    မနေ့ဇူလိုင် ၂၇ ရက်နေ့တည်းက စစ်ကောင်စီတပ်တွေဟာ ကျားပစ်ကန်ရွာကို လက်နက် ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၄ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ပြီး ဒေသခံ ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

    လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ဒေသကာကွယ်‌ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား ထိတွေ့မှု တွေ က မနေ့ကတည်းက ဖြစ်ပွားနေပြီး ‌ရွာသားတွေက တိမ်းရှောင်နေကြတဲ့အတွက် ဒေသခံတွေ မရှိတော့တဲ့ ရွာဖြစ်တဲ့ ကျားပစ်ကန်ရွာမှာ စစ်တပ်က တပ်စွဲခဲ့ပြီး ညအိပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဒီနေ့မနက် ၈ နာရီလောက်မှာတော့ ညအိပ်စတည်းချခဲ့တဲ့ ကျားပစ်ကန်ရွာကို မီးရှို့နေတာကြောင့် ဘေးက နီးစပ်ရာရွာ‌ ၄ ရွာက ဒေသခံ ၂၀၀၀ ကျော်လောက်က ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

    "မနေ့ကတည်းက ကလေးတစ်ဦး သေသွားတယ်။ လက်နက်ကြီး ထိလို့။ နောက်ထပ် ၄ ဦးလည်း ဒဏ်ရာ များတယ်။ ပြင်းတယ်။ ဒီနေ့လည်း မိုးလင်းတာနဲ့ မီးစရှို့နေလို့ ပြေးနေရတယ်။ ဘာအကြောင်းမှလည်း မရှိဘူး။ သက်သက် ရှို့နေတာ" လို့ ပေါက်တောင်ပိုင်းက ဒေသခံတစ်ဦးက ပြောပါတယ်။

    မနက် ၁၀ နာရီ ကျော် ၀န်းကျင်မှာတော့ စစ်ကောင်စီတပ်တွေက တောင်မြင့်ရွာထဲကို စစ်ကြောင်းထိုး ၀င်ရောက်သွားတာတွေ့ရပြီး တောင်မြင့်ရွာက ဒေသခံတွေလည်း စတင်တိမ်းရှောင်နေကြပြီလို့ ‌ ပေါက် မြို့ ဒေသခံတွေထံက သိရပါတယ်။

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဇူလိုင်လ ၂၈ ရက်နေ့ မနက်က ကျားပစ်ကန်ရွာကို မီးရှို့နေတာကို တွေ့မြင်ရစဉ်
  8. သေဒဏ်စီရင်မှုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီရှုတ်ချ

    သေဒဏ်စီရင်မှုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီရှုတ်ချ

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, နယူးယောက်မြို့ ကုလသမဂ္ဂအဆောက်အအုံနောက်ခံနဲ့ မြင်တွေ့ရတဲ့ လုံခြုံရေးကောင်စီတံဆိပ်

    မြန်မာနိုင်ငံမှာ စစ်တပ်က အရပ်သား ၄ ဦးကို သေဒဏ်စီရင်ခဲ့တာအတွက် ရှုတ်ချတဲ့အကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဇူလိုင်လ ၂၇ ရက်မှာ ပြောဆိုလာပါတယ်။

    သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့ အကျဥ်းသားတွေအားလုံးကို ချက်ချင်းလွှတ်ပေးဖို့ကိုလည်း တောင်းဆိုထားတာတွေ့ရပါတယ်။

    လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံစလုံးအတည်ပြုထားတဲ့ အဲဒီထုတ်ပြန်ချက်မှာတော့ မြန်မာလူထုရဲ့အကျိုးစီးပွားနဲ့ ဆန္ဒကိုရှေးရှုပြီး ရင်ကြားစေ့ရေးနဲ့ ဆွေးနွေးရေးလုပ်ဖို့ ကောင်စီက တောင်းဆိုလိုက်သလို အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်ပြီး လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ အပြင် အကူအညီတွေအပြည့်အဝပေးခွင့်ရရေးလမ်းဖွင့်ဖို့ကိုလည်း ပြောဆိုပါတယ်။

    မြန်မာစစ်ကောင်စီဟာ အကြမ်းဖက်မှုတွေပေါ်ပေါက်စေတယ်ဆိုတဲ့အချက်နဲ့ အရပ်သား ၄ ဦးကို အခုသီတင်းပတ်အတွင်း ပြစ်ဒဏ်စီရင်ခဲ့တာကြောင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာရဲ့ ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေကို ကြုံနေရပါတယ်။

    လုံခြုံရေးကောင်စီကတော့ စစ်ကောင်စီရဲ့အခုလုပ်ရပ်ကို နောက်ဆုံးဝေဖန်ရှုတ်ချထားတဲ့ ကမ္ဘာ့အဖွဲ့ကြီးတစ်ခု ဖြစ်လာပါတယ်။

  9. ရခိုင်စစ်ရှောင်စခန်းတွေ အစိုးရရိက္ခာမရတာ သုံးလရှိပြီ

    ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေကို ဘေးစီမံဌာနက ပုံမှန်ထောက်ပံ့ပေးနေတဲ့ အစိုးရရဲ့ဆန်ရိက္ခာတွေ ဖြတ်တောက်ခံထားရတာ သုံးလခန့်ရှိနေပြီဖြစ်တယ်လို့ စခန်းတာဝန်ရှိသူတွေနဲ့ ဒုက္ခသည်တွေက ပြောဆိုကြပါတယ်။

    အခုလို ဆန်ရိက္ခာတွေကိုဖြတ်တောက်ထားတဲ့အတွက် စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ စားရေးသောက်ရေးအခက်အခဲ တွေနဲ့ ရင်ဆိုင်နေကြရတာကြောင့် အကူအညီတွေလိုအပ်နေတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောဆိုပါတယ်။

  10. သေဒဏ်စီရင်ခံရတဲ့ ကိုလှမျိုးအောင်နာရေး အိမ်မှာ လုပ်ခွင့်မရဘူးလို့ဆို

    ကိုဂျင်မီ၊ကိုဇေယျာသော်နဲ့ ကိုအောင်သူရဇော်တို့နဲ့ အတူ ကွပ်မျက်ခံခဲ့ရတဲ့ ကိုလှမျိုးအောင်ဟာ နောက်ဆုံးအချိန်အထိ မိသားစုနဲ့ တွေ့ခွင့်မရခဲ့သလို သူ့ရဲ့နာရေးကိုလည်း မိသားစုက အိမ်မှာ လုပ်ခွင့်မရဘူးလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက သိရပါတယ်။

    ကိုလှမျိုးအောင်နဲ့ပတ်သက်ပြီး လတ်တလော ကြုံနေရတာကို သူက အခုလိုပြောပြပါတယ်။

    “သူနဲ့ ဗီဒီယိုကောတောင် မပြောလိုက်ရဘူး။ အိမ်ကို မဆက်သွယ်ဘူး။ဒေသအာဏာပိုင်က တိုးတိုးတိတ်တိတ် အကြောင်းကြားထားတာရှိတော့ နာရေးတောင် အိမ်မှာ လုပ်ခွင့်မရှိဘူး။”

    အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ အမှုနဲ့ ၂၀၂၁ ခုနှစ် မတ်လ၂၂ရက်နေ့က ကိုလှမျိုးအောင်နဲ့ အတူ သူ့ဇနီး မကြူကြူသင်းလည်း အတူအဖမ်းခံခဲ့ရတာဖြစ်ပြီး မကြူကြူသင်းကို ထောင်သုံးနှစ်ချပြီး ကျိုက်မရောထောင်မှာ ချုပ်နှောင်ဖမ်းဆီးထားတယ်လို့ စုံစမ်းသိရှိရပါတယ်။

    ကွပ်မျက်ခံရတဲ့ အချိန်မှာ အသက် ၄၄ နှစ်ပတ်ဝန်းကျင်ရှိပြီဖြစ်တဲ့ ကိုလှမျိုးအောင်ဟာ အရင်က ဘိလိယက်ကို နယ်လှည့်ထိုးတဲ့ ကြေးစားကစားသမားတစ်ယောက်ဖြစ်ပြီး အဖမ်းမခံရခင်အချိန်မှာ လှိုင်သာယာက သူတို့နေထိုင်တဲ့ ထမင်းဆိုင်ဖွင့်ထားသူ ဖြစ်ပါတယ်။

    ကိုလှမျိုးအောင်

    ဓာတ်ပုံ ရင်းမြစ်, CJ

  11. မုံရွာသပိတ်ခေါင်းဆောင် ကို၀ေမိုးနိုင်ကို မိသားစုနဲ့ ပေးတွေ့, ပြစ်ဒဏ်ချခံထားရတာ မရှိသေးဘဲ အမှုတွေ စစ်ဆေးဆဲဖြစ်

    ဖမ်းဆီးခံထားရတဲ့ တစ်နှစ်ကျော်ကြာပြီဖြစ်တဲ့ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကို၀ေမိုးနိုင်ကို ဒီနေ့ ဇူလိုင် ၂၇ ရက်မှာ မိသားစုနဲ့ တွေ့ခွင့်ပေးခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

    ဒီနေ့ ကို၀ေမိုးနိုင်ကို မုံရွာအကျဥ်းထောင်ထဲက ထောင်တွင်းတရားရုံးမှာ ပုဒ်မ ၅၀၅ အမှုတွေနဲ့ ရုံးထုတ်ခဲ့ပြီး မိခင်ဖြစ်သူကတရားခံပြသက်သေအနေနဲ့ သွားရောက်ထွက်ဆိုတဲ့အခါ သားဖြစ်သူနဲ့ တွေ့ဆုံခွင့်ရခဲ့တာဖြစ်တယ်လို့လည်း နီးစပ်သူတွေက ပြောပါတယ်။

    ဒါဟာ ကို၀ေမိုးနိုင်ကို ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းက မုံရွာမြို့ပေါ်မှာ သပိတ်ထွက်နေတုန်း သူလိုက်ပါလာတဲ့ ဆိုင်ကယ်ကို ကားနဲ့တိုက်ပြီး ဖမ်းဆီးခဲ့တဲ့နောက် တစ်နှစ်ကျော်အကြာ ပထမဆုံးအကြိမ် မိသားစုနဲ့တွေ့ခွင့်ရတာလည်း ဖြစ်ပါတယ်။

    ကို၀ေမိုးနိုင်က ကျန်းမာရေးကောင်းကြောင်းနဲ့ စာအုပ်တွေ မှာတယ်လို့ သိရကြောင်း မိသားစုနဲ့နီးစပ်သူကတစ်ဆင့် သိရပါတယ်။

    ကို၀ေမိုးနိုင်ကို စစ်ကောင်စီက အမှု ၈ မှုနဲ့ တရားစွဲထားပြီး ဒီအမှုတွေဟာ ပုဒ်မ ၅၀၅ နဲ့က စုစုပေါင်း ၆ မှု၊ လူသတ်မှု တစ်မှုနဲ့ နာကျင်စေမှု တစ်မှုတို့ ဖြစ်တယ်လို့လည်း ကနဦးသိရပါတယ်။ အမှုအားလုံးကို စစ်ဆေးဆဲဖြစ်ပြီး အမိန့်မချရသေးဘူးလို့လည်း သိရပါတယ်။

    ကို၀ေမိုးနိုင်ကို ခုလိုမိသားစုနဲ့ပေးတွေ့တဲ့အပေါ် လူထုနဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်းက စိုးရိမ်ပူပန်မှုတွေလည်း ဖြစ်ပေါ်နေပါတယ်။

    မကြာသေးမီက သေဒဏ်ချခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်တို့ကို မိသားစုနဲ့ပေးတွေ့ခဲ့ပြီးနောက် သေဒဏ်ပြစ်ဒဏ်စီရင်ပြီးစီးကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

    ကို၀ေမိုးနိုင်မှာတော့ အမိန့်ချခံထားရတဲ့အမှုမရှိသေးဘဲ ရင်ဆိုင်နေရဆဲ အမှု ၈ မှု ရှိနေပါတယ်။

    ဒါနဲ့ပတ်သက်လို့ ကို၀ေမိုးနိုင်နဲ့ ရင်းနှီးတဲ့မိတ်ဆွေ ကိုအောင်နေမျိုးက အခုလိုပြောပါတယ်။

    "နေ့လယ်လောက်ထဲက ကြားတယ်။ သိနေရတယ်။ ‌ဝေမိုးနိုင်က အမှုတွဲက အများကြီးပဲ။သူတို့ တရားစွဲထားတဲ့ အမှုက အများကြီးပဲ။ ကျွန်တ်ော့တူ တစ်ယောက်တောင် သူနဲ့အမှုတွဲ တူတူပေါ့နော်။ အမှုရင်ဆိုင်နေကြတုန်းဆိုတော့ လက်လွန်ခြေလွန်တော့ လုပ်လို့မရလောက်ဘူးလို့ ထင်တယ်။ ဒါပေမဲ့ တစ်ဖက်ကလည်း တစ်ဇောက်ကန်းတွေဆိုတော့ လုပ်လိုက်မှာကိုလည်း စိုးရိမ်နေရတယ်" လို့ ပြောပါတယ်။

    ကိုဝေမိုးနိုင်

    ဓာတ်ပုံ ရင်းမြစ်, CJ

  12. စစ်ကောင်စီရဲ့တစ်ကျော့ပြန် သေဒဏ်စီရင်မှုကို လူတွေဘယ်လိုတုံ့ပြန်ကြသလဲ

  13. ကိုဇေယျာသော်နဲ့ ကိုဂျင်မီတို့နေအိမ်တွေကို လူအုပ်စုလိုက် လာရောက် အော်ဟစ်ကြိမ်းမောင်းတာတွေလုပ်ခဲ့တယ်လို့ သိရ

    ကိုဂျင်မီနေခဲ့တဲ့အိမ်လို့ ယူဆတဲ့ အင်းစိန်မြို့နယ်ထဲက နေအိမ်တစ်လုံးကိုလည်း လူအုပ်စုတစ်စုက ကြက်ဥတွေနဲ့ လာရောက်ပစ်ပေါက်ခဲ့ကြ

    ဓာတ်ပုံ ရင်းမြစ်, screengrab

    ဓာတ်ပုံ ပုံစာ, ကိုဂျင်မီနေခဲ့တဲ့အိမ်လို့ ယူဆရတဲ့ အင်းစိန်မြို့နယ်ထဲက နေအိမ်တစ်လုံးကိုလည်း လူအုပ်စုတစ်စုက ကြက်ဥတွေနဲ့ လာရောက်ပစ်ပေါက်ခဲ့ကြ

    ဇူလိုင်လ ၂၇ရက်၊ ဒီကနေ့ မွန်းလွဲ ၁ နာရီခန့်၊ ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်းနဲ့ မဟာဗန္ဓုလလမ်းကြားက၊ ဗိုလ်အောင်ကျော်လမ်းပိုင်း အတွင်းတည်ရှိတဲ့ ကိုဇေ‌ယျာသော် အိမ်ရှေ့နေရာကို Light Truck ကား ၅ စီးနဲ့ ခန့်မှန်းအမျိုးသား၊ အမျိုးသမီးစုစုပေါင်း လူအယောက် ၅၀ လောက်က ရောက်ရှိလာကာ ဆန္ဒပြကြတဲ့ ပုံစံဖြစ်ခဲ့တယ်လို့ သိရပါတယ်။

    နာမည်တစ်ခုကိုအော်ခေါ်ကာသတ္တိရှိရင်ဆင်းခဲ့လို့ အော်ဟစ်ပြောဆိုတာအပြင် သူ့ကြောင့်အပြစ်မရှိသူတွေသေကုန်တယ်၊ သေဒဏ်နဲ့ ထိုက်တန်တယ်ဆိုတဲ့ ပြောဆိုမှုတွေကိုလုပ်ခဲ့ပါတယ်။

    လူမှုကွန်ယက်မှာ ပေါ်ထွက်လာတဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ ကိုဇေယျာသော်တို့ နေအိမ်လို့ယူဆရတဲ့အခန်းကို ပစ်ပေါက်နေတဲ့ လူအချို့ရဲ့ ပုံရိပ်အပြင် ဆဲဆိုမှုအချို့ကိုလည်း ကြားမြင်သိရှိခဲ့ရပါတယ်။

    ရန်ကုန်မြို့တွင်းနေရာတခုမှာ အခုလိုအစုလိုက်အော်ဟစ်ပြောဆိုမှုတွေလုပ်ခဲ့ချိန် အဲဒီနေရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မှ မရှိသလို၊ လာရောက်တားမြစ်တာ၊ ဖမ်းဆီးခံရတာမျိုးမရှိခဲ့ဘူးလို့လည်း မျက်မြင်တွေ့ရှိသူတွေထံကသိရပါတယ်။

    အဲဒီဖြစ်ရပ်အပြင် ဒီနေ့မွန်းလွဲပိုင်းမှာပဲ သေဒဏ်စီရင်ခံခဲ့ရသူ ကိုဂျင်မီနေခဲ့တဲ့အိမ်လို့ ယူဆကြတဲ့ အင်းစိမြို့နယ်၊ အင်းစိန်စျေးရှေ့ရပ်ကွက်၊ သရက်ခြံ ၁လမ်းမှာရှိတဲ့ နေအိမ်တစ်လုံးကိုလည်း လူအုပ်စုတစ်စုက ကြက်ဥတွေနဲ့ လာရောက်ပစ်ပေါက်တာတွေလုပ်ခဲ့တယ်လို့ မျက်မြင်သိရှိသူတွေက ဘီဘီစီကို‌ပြောပြလာကြပါတယ်။

  14. ဖားကန့်မှာ စွန့်ပစ် မြေစာပုံပြိုကျမှုကြောင့် အမျိုးသား ၂ ဦးသေဆုံး

    ဖားကန့်မှာ စွန့်ပစ် မြေစာပုံပြိုကျမှုကြောင့် အမျိုးသား ၂ ဦးသေဆုံး

    ဓာတ်ပုံ ရင်းမြစ်, CJ

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဘဇံချောင်းရွာမှာ ဒီနေ့ ဇူလိုင်လ ၂၇ ရက်မနက်ပိုင်းတုန်းက ကျောက်စိမ်းတူးဖော်လုပ်ကွက်တစ်ခုရဲ့ စွန့်ပစ်မြေစာပုံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ အမျိုးသား ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

    အဲဒီအမျိုးသား ၂ ဦးဟာ ရေမဆေးကျောက်ရှာနေတုန်း စွန့်ပစ်မြေစာပုံ ကမ်းပါးယံ ပြိုကျတာကြောင့် မြေစာတွေနဲ့အတူ အောက်မှာရှိတဲ့ ရေကန်ထဲကို ကျခဲ့တာလို့ ကယ်ဆယ်ရေးမှာပါဝင်သူတွေက ပြောပါတယ်။

    ''မိုးရွာထားတော့ စွန့်ပစ်မြေ ကမ်းပါးစောင်းက အက်ပြီး ပြိုကျတာ။ အဲဒီမှာ ကျောက်ရှာတဲ့အမျိုးသား ၂ ယောက်လည်း အောက် ပေ ၂၀၀ လောက်နက်တဲ့ မိုးရေကန်ထဲကို ပြုတ်ကျတာ။ အလောင်းတွေတော့ ပြန်တွေ့ပါပြီ'' လို့ ရှာဖွေရေးမှာ ပါဝင်နေသူတစ်ဦးက ပြောပါတယ်။

    မြေစာပုံပြိုကျချိန်မှာ အနီးနားမှာ ရေမဆေးကျောက်ရှာဖွေသူ လူရာချီရှိခဲ့ပေမဲ့ အချိန်မီ ရှောင်နိုင်ခဲ့လို့ သေဆုံးသူနည်းပါးခဲ့တာလို့ ရှာဖွေရေးမှာပါဝင်နေသူတွေက ပြောပါတယ်။

    လက်ရှိမှာတော့ ပျောက်ဆုံးနေသူလို့ ယူဆရသူ ၂ ဦးကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ဆက်ရှာနေဆဲလို သိရပါတယ်။

    ဖားကန့်မှာ မြေစာပုံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူတွေ သေဆုံးမှု မကြာခဏဖြစ်နေလေ့ရှိပြီး ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လတုန်းကလည်း မြေစာပုံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၁၇၀ ကျော်သေဆုံးခဲ့ပါတယ်။

  15. ခင်ဦးနယ်၊ မကျီးအုပ်ရွာမှာ စစ်တပ်ပစ်ခတ်မှုအတွင်း ၁၃ နှစ်အရွယ်ကလေးတစ်ဦးနဲ့ ရပ်ရွာခေါင်းဆောင်တစ်ဦး သေဆုံးတယ်လို့ ‌ဒေသခံတွေပြော, ဒေသကာကွယ်ရေးတပ် မိုင်းဆွဲမှုကြောင့် စစ်ကောင်စီတပ်သားတွေ အကျအဆုံးရှိ

    ခင်ဦးမြို့နယ်ထဲက စစ်ရှောင်တွေ

    ဓာတ်ပုံ ရင်းမြစ်, ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး

    ဓာတ်ပုံ ပုံစာ, ခင်ဦးမြို့နယ်ထဲက စစ်ရှောင်တွေ

    စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်က မကျီးအုပ်ကျေးရွာမှာ မနေ့ ဇူလိုင်လ ၂၆ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့က ပစ်ခတ်မှုလုပ်ခဲ့တာကြောင့် အဲဒီရွာက အသက် ၁၃ နှစ်အရွယ် မောင်ခန့်ခန့်ငြိမ်းနဲ့ အသက် ၅၀ ကျော်အရွယ် ရပ်ကျေးလူကြီးတစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မောင်ခန့်ခန့်ငြိမ်းနဲ့ အကိုဖြစ်သူဟာ မကျီးအုပ်ရွာထဲမှာ အိပ်ပြီး ရွာအစပ် မူးဘောင်ဘေးက နေအိမ်ကို မနေ့မနက် အစောပိုင်းပြန်ချိန်မှာ ရွာထဲရောက်နေတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာကြောင့် ရင်ဘတ်နဲ့ လက်မောင်းမှာ ကျည်မှန်ခဲ့တာလို့သိရပါတယ်။

    အဲဒီနောက် ဒဏ်ရာရတဲ့ မောင်ခန့်ခန့်ငြိမ်းကို ကျေးရွာက ကားနဲ့ ဆေးရုံသယ်ဖို့ လုပ်နေချိန်မှာ စစ်ကောင်စီတပ်သားတွေက ဟန့်တားပြီး ကားကို ပစ်ခတ်ခဲ့တာကြောင့် ကားမောင်းပို့မယ့် ရပ်ကျေးလူကြီးတစ်ဦးလည်း ကျည်ထိမှန်ပြီးသေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

    သေဆုံးသူတွေရဲ့စျာပနကိုတော့ မနေ့မှာပဲ ချက်ချင်းပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

    ဒီနေ့မှာတော့ မကျီးအုပ်ရွာထဲက စစ်သားတွေဟာ ကပ်လျက်ကျေးရွာ ရွာသစ်ကုန်းမှာ စခန်းချနေတဲ့ စစ်ကောင်စီတပ်သားတွေဆီကို ပြန်တဲ့လမ်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မိုင်းဆွဲ တိုက်ခိုက်တာကြောင့် စစ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က သတင်းထုတ်ပြန်ပါတယ်။

    လက်ရှိမှာ စစ်ကောင်စီတပ်ဟာ မနေ့နဲ့ ဒီနေ့ ၂ ရက်အတွင်း ခင်ဦးနယ်အနောက်ခြမ်းက မြင်းဒေါင်း၊ မကျီးအုပ်၊ အင်းပတ်ကျေးရွာတွေကို ဝင်ရောက်နေတာကြောင့် အဲဒီကျေးရွာတွေ အပြင် အနီးနားပတ်ဝန်းကျင်က ဒေသခံထောင်ချီ ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ သိရပါတယ်။

    မကျီးအုတ်ရွာက ပစ်ခတ်မှု ဖြစ်စဥ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီက တစုံတရာ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

  16. အလင်းဝင် PDF ၂၃၀ ရှိပြီလို့ စစ်ကောင်စီပြော

    ဇူလိုင်လ ၁၆ ရက်နေ့က ပြုလုပ်တဲ့ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲ

    ဓာတ်ပုံ ရင်းမြစ်, နိုင်ငံပိုင်

    ဓာတ်ပုံ ပုံစာ, ဇူလိုင်လ ၁၆ ရက်နေ့က ပြုလုပ်တဲ့ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲ

    အလင်းဝင်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF) အယောက် ၂၃၀ ရှိပြီလို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောလာပါတယ်။

    မနေ့ ဇူလိုင်လ ၂၆ ရက်တုန်းက နေပြည်တော်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ သူက အခုလိုပြောသွားတာပါ။

    အလင်းဝင်ဖို့ ဆက်သွယ်လာတဲ့ PDF တွေရှိပေမဲ့ အနှောက်အယှက်တွေ၊ အခက်အခဲတွေ၊ ယုံကြည်စိတ်ချမှုတွေမှာ သံသယရှိနေကြတယ်လို့ ကြားသိရတာကြောင့် ကျယ်ကျယ်ပြန့်ပြန့် လက်ခံဖို့ ဆောင်ရွက်နေတယ်လို့လည်း သူက ပြောပါတယ်။

    တစ်ဖက်မှာလည်း စစ်ကောင်စီက အလင်းဝင်တယ်လို့ သတင်းတွေထုတ်ပြန်နေချိန် ဖော်ပြတဲ့ လူပုဂ္ဂိုလ်တွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆက်စပ်သူတွေမဟုတ်ဘူးဆိုပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထုတ်ပြန်ပြောဆိုမှုတွေလည်းရှိနေပါတယ်။

    စစ်ကောင်စီဘက်ကတော့ ဒီတုံ့ပြန်ချက်ကို ချေပဖို့ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်က NLD တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးသက်ပိုင်ဇော် အလင်းဝင်မှုကို သတင်းထုတ်ပြန်ခဲ့သလို သူပြောကြားတဲ့ရုပ်သံကိုလည်း သတင်းစာရှင်းလင်းပွဲလုပ်ချိန် ထုတ်ပြန်သွားတာတွေ့ရပါတယ်။

  17. ရေးမြို့နယ်က တံတားကြီးဂိတ်ကို ပစ်ခတ်မှု စစ်သားတစ်ဦးသေဆုံး

    ရေးမြို့၊ ချောင်းတောင်တံတားအနီးက စစ်ဆေးရေးဂိတ်လည်း ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ခိုက်ခံခဲ့ရပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, MNA via myanmar peace monitor

    ဓာတ်ပုံ ပုံစာ, ရေးမြို့၊ ချောင်းတောင်တံတားအနီးက စစ်ဆေးရေးဂိတ်လည်း ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ခိုက်ခံခဲ့ရပါတယ်။

    မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲက တံတားကြီးထိပ်မှာရှိတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့(MSRO) က ဒီနေ့ ဇူလိုင်လ ၂၇ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

    အဲဒီပစ်ခတ်မှုအတွင်း စစ်သားတစ်ဦး သေဆုံးပြီး နောက်ထပ် ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ပါတယ်။

    ပစ်ခတ်ချိန်ကို ရိုက်ကူးထားတယ်ဆိုတဲ့ ရုပ်သံမှာတော့ သေနတ်သမား ၂ ဦးထက်မနည်းက စစ်ဆေးရေးဂိတ်တစ်ခုအနီးကို ချဥ်းကပ်ပြီး သေနတ်အချက်ရေ ၃၀ ထက်မနည်း ဆက်တိုက်ပစ်ခတ်သွားတာကိုတွေ့ရပါတယ်။

    အဲဒီအဖွဲ့ကတော့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်နဲ့ ကျဆုံးခဲ့တဲ့တော်လှန်ရေးရဲဘော်တွေအတွက် လက်တုံ့ပြန်တာလို့ဆိုပါတယ်။

    ပြီးခဲ့တဲ့ဇူလိုင်လ ၁၉ ရက်တုန်းကလည်း ရေးမြို့၊ ရေး-ချောင်းတောင်မြစ်ကူးတံတားပေါ်မှာ လုံခြုံရေးယူတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုက ဝင်ရောက် ပစ်ခတ်မှုဖြစ်ခဲ့ပါသေးတယ်။

  18. စစ်ကောင်စီရဲ့သေဒဏ်စီရင်မှု - လူသတ်မှုလို့ ဖက်ဒရယ်ဒီမိုကရေစီအင်အားစုတွေပြော

    စစ်ကောင်စီရဲ့သေဒဏ်စီရင်မှု - လူသတ်မှုလို့ ဖက်ဒရယ်ဒီမိုကရေစီအင်အားစုတွေပြော

    ဓာတ်ပုံ ရင်းမြစ်, NUG

    စစ်ကောင်စီက ဦးဂျင်မီ(ခ)ဦးကျော်မင်းယု၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးပြီလို့ကြေညာလိုက်တာဟာ ပြဌာန်းဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ညီညွတ်မှုမရှိတဲ့ လူသတ်မှု သက်သက်သာ ဖြစ်တယ်လို့ ဖက်ဒရယ်ဒီမိုကရေစီအင်အားစုတွေက ဇူလိုင်လ ၂၆ ရက်မှာ ပြောလာပါတယ်။

    ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများ၏တော်လှန်ရေးသန္နိဌာန်ကြေညာချက် ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)တို့ရဲ့ ပူးတွဲ ထုတ်ပြန်ကြေညာချက်မှာ အခုလို ပြောလာတာဖြစ်ပါတယ်။

    ဒါ့ပြင် အာဏာသိမ်းအစောပိုင်းကာလမှာ နေပြည်တော်မှာ မမြသွဲသွဲခိုင်ကို ဦးခေါင်းကို ကျည်အစစ်နဲ့ ပစ်ခတ်ချိန်ကစပြီး သတ်ဖြတ်မှုတွေကို ဥပဒေမဲ့ကျူးလွန်နေတဲ့ စစ်အုပ်စုရဲ့ ခွင့်မလွှတ်နိုင်တဲ့ နောက်ထပ် ရာဇဝတ်မှုကြီး တစ်ခုလို့လည်း ဆိုပါတယ်။

    တစ်ဖက်မှာလည်း ဒါဟာ ခေတ်အဆက်ဆက်မှာ လူနည်းစု တိုင်းရင်းသားတွေအပေါ် ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေကို ထပ်မံအတည်ပြုခြင်းလည်းဖြစ်တယ်လို့ ဆိုပါတယ်။

    စစ်ကောင်စီကို အပြုသဘောချဥ်းကပ်ဆက်ဆံတာဟာ ပြေလည်စေမယ့်အဖြေလို့ ယုံကြည်နေသူတွေအနေနဲ့လည်း ဒီအခြေအနေတွေကြောင့် စစ်ခေါင်းဆောင်တွေရဲ့ သ‌ဘောထားအမှန်ကို နားလည်သဘောပေါက်သင့်ပြီလို့ အင်အားစုတွေက ပြောပါတယ်။

    နိုင်ငံတကာအဖွဲ့စည်းတွေနဲ့ မိတ်ဖက်နိုင်ငံတွေအနေနဲ့လည်း နိုင်ငံရေးနည်းလမ်းကို ငြင်းပယ်ထားတဲ့ စစ်ကောင်စီကို အပြစ်ပေးအရေးယူတာ၊ ပိတ်ဆို့ဟန့်တားတာနဲ့ စစ်အာဏာသိမ်းမှုကို တော်လှန်နေတဲ့ လူထု့အင်အားစုတွေကို ကူညီပံ့ပိုးရေး အရှိန်မြှင့်ဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

    တစ်ချိန်တည်းမှာပဲ နိုင်ငံပါတီတွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်တွင်းပြည်ပ ပြည်ထောင်စုဖွားအားလုံးအနေနဲ့ စစ်ကောင်စီကို ညီညီညွတ်ညွတ်တွန်းလှန်ဖို့ တိုက်တွန်းသလို ဒီကြေညာချက်ဟာ ပြည်သူ့တော်လှန်ရေး အသုံးသတ်တိုက်ပွဲတွေရဲ့ခရာတွတ်သံလို့လည်း အင်အားစုတွေက ပြောထားပါတယ်။

  19. အရပ်သားတွေကို သေဒဏ်ပေးမှု အာဆီယံဘယ်လိုတုံ့ပြန်နေလဲ

    လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံမှာ အခုနှစ်ဆန်းပိုင်းတုန်းက ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံမှာ အခုနှစ်ဆန်းပိုင်းတုန်းက ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး

    မြန်မာနိုင်ငံမှာ စစ်တပ်က အရပ်သား ၄ ဦးကို သေဒဏ်ပေးလိုက်ပြီဆိုတဲ့ကြေညာချက် ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ဒီလုပ်ရပ်နဲ့ ပတ်သက်ပြီး အာဆီယံဘက်က ဝေဖန်ရှုတ်ချသံတွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာပါတယ်။

    စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကဆိုရင် မြန်မာနိုင်ငံအတွင်းမှာ အမျိုးသားရင်ကြားစေ့ရေးအတွက် ကြားဝင်ဆောင်ရွက်နေတဲ့ အာဆီယံရဲ့အားထုတ်မှုတွေအတွက် အတော်လေးကိုဆုတ်ဆိုင်းမှုဖြစ်စေတယ်ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်ကနေ ထုတ်ပြောလာပါတယ်။

    သက်ဆိုင်ရာမိသားစုတွေအတွက် ဝမ်းနည်းကြောင်း ဝန်ကြီးက ပြောသလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးထိန်းသိမ်းခံတွေအားလုံးကို ပြန်လွှတ်ဖို့လည်း သူက တောင်းဆိုပါတယ်။

    အခုလိုကွပ်မျက်မှုဟာ ပြစ်တင်ရှုတ်ချမှုအလုပ်သင့်ဆုံး လုပ်ရပ်ဖြစ်တယ်လို့ အာဆီယံဘက်က ခပ်မာမာ ထုတ်ပြန်လာခဲ့ အပြီးမှာ ဝန်ကြီးရဲ့အခုလိုပြောဆိုမှု ထွက်ပေါ်လာတာပါ။

    ''၅၅ ကြိမ်မြောက် အာဆီယံဝန်ကြီးများအစည်းအဝေးမတိုင်ခင်မှာ သေဒဏ်စီရင်မှုတွေကို ပြုလုပ်ခဲ့တာဟာ ပြစ်တင်ရှုတ်ချမှုအလုပ်သင့်ဆုံးလုပ်ရပ်''ဆိုပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ကြေညာချက်ထုတ်ပြန်ပါတယ်။

    ဒါ့ပြင် အခုလိုကွက်မျက်မှုဟာ စစ်တပ်နဲ့အတိုက်အခံတွေကြား တွေ့ဆုံဆွေးနွေးမှုပေါ်ပေါက်လာအောင် အာဆီယံရဲ့ အားထုတ်မှုမှာ စစ်တပ်ဘက်က ပါဝင်လိုစိတ်ကင်းမဲ့နေတာကိုလည်း ပြသနေတယ်လို့ ဆိုပါတယ်။

    မလေးရှားနိုင်ငံခြားရေးဝန်ကြီးကဆိုရင် ဒီလိုကွပ်မျက်မှုကို ရှုတ်ချသလို အခုလုပ်ရပ်ဟာ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတစ်ခုလို ရည်ညွှန်းပြောဆိုပါတယ်။

    ဒါ့ပြင် နိုင်ငံတကာနဲ့ပြုလုပ်တဲ့ အာဆီယံဝန်ကြီးများအဆင့် ဆွေးနွေးပွဲတွေမှာ အာဆီယံမှာ မြန်မာစစ်ကောင်စီကို ကိုယ်စားပြုဖို့ နိုင်ငံရေးအရမဆက်နွယ်သူ ကိုယ်စားလှယ်တစ်ဦးကိုတောင် တက်ရောက်ခွင့်မပေးတော့ဖို့အထိ သူ့သဘောထားကို ထုတ်ပြောလာပါတယ်။

    ''အခုလုပ်ရပ်ကိုကြည့်လိုက်ရင် စစ်ခေါင်းဆောင်တွေဟာ (မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံခေါင်းဆောင်တွေကြားရရှိထားတဲ့)ဘုံသဘောတူညီချက် ၅ ရပ်ကို လှောင်ပြောင်လိုက်သလိုပါပဲ။ ကျွန်တော်တို့အနေနဲ့ ဒါကို အတော်လေး အလေးထားသုံးသပ်ဖို့လိုမယ်လို့ ထင်တယ်'' ဆိုပြီး ဝန်ကြီးက ပြောပါတယ်။

    စစ်ကောင်စီဘက်ကတော့ ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်နဲ့ နောက်ထပ်အရပ်သား ၂ ဦးကို ကွပ်မျက်တာဟာ သူတို့ ပစ်မှုတွေကြောင့် တရားရုံးဆုံးဖြတ်ချက်၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပြုလုပ်ခဲ့တာဆိုပြီး ခုခံပြောဆိုထားပါတယ်။

    ဒါပေမဲ့ တစ်ဖက်မှာလည်း ဘယ်အချိန်၊ ဘယ်နေရာမှာ ကွပ်မျက်မှုတွေကို လုပ်ခဲ့တယ်ဆိုတာ ပွင့်လင်းမြင်သာမှု မရှိတာ၊ နောက် မိသားစုကို အလောင်းပြန်မပေးတာ၊ ကွပ်မျက်ပြီးချိန်မှာ ကာယကံရှင်အလောင်းဟုတ် မဟုတ် မိသားစုကိုခေါ်ယူပြီး အတည်ပြုခိုင်းတာမျိုးမရှိတာတွေဟာ ဥပဒေနဲ့မညီဘူးဆိုပြီး ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။

  20. မိုးဗြဲမှာ တိုက်ပွဲပြင်းထန်