ရခိုင်စစ်ရှောင်စခန်းတွေ အစိုးရရိက္ခာမရတာ သုံးလရှိပြီ

ဓာတ်ပုံ ရင်းမြစ်, CJ
ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေကို ဘေးစီမံဌာနက ပုံမှန်ထောက်ပံ့ပေးနေတဲ့ အစိုးရရဲ့ဆန်ရိက္ခာတွေ ဖြတ်တောက်ခံထားရတာ သုံးလခန့်ရှိနေပြီဖြစ်တယ်လို့ စခန်းတာဝန်ရှိသူတွေနဲ့ ဒုက္ခသည်တွေက ပြောဆိုကြပါတယ်။
အခုလို ဆန်ရိက္ခာတွေကိုဖြတ်တောက်ထားတဲ့အတွက် စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ စားရေးသောက်ရေးအခက်အခဲ တွေနဲ့ ရင်ဆိုင်နေကြရတာကြောင့် အကူအညီတွေလိုအပ်နေတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောဆိုပါတယ်။
တချို့စခန်းတွေဆိုရင် မေလကနေ အစိုးရထောက်ပံ့ပေးတဲ့ ဆန်ရိက္ခာမရရှိကြတော့သလို တချို့စခန်းတွေဆိုရင်လည်း ဇွန်လကနေ အဖြတ်ခံထားရတာလို့ သိရပါတယ်။
ပုဏ္ဏားကျွန်းမြို့နဲ့အနီးဆုံးနေရာမှာတည်ရှိတဲ့ စက်မှုဇုန်ဧရိယာအတွင်းက ဒုက္ခသည်စခန်းဟာ အစိုးရကတရားဝင်နေရာချထားတဲ့ စခန်းတစ်ခုဖြစ်ပြီး အဲ့ဒီစခန်းမှာလည်း ဇွန်လကနေ ဒီနေ့အချိန်ထိ အစိုးရရိက္ခာဆန်မရသေးဘူးလို့ စခန်းတာဝန်ခံ ဦးသန်းဌေးက ပြောပါတယ်။
လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင်အရေအတွက် ခြောက်သောင်းကျော်ထိရှိနေသေးပြီး အဲ့ဒီဒုက္ခသည်တွေဟာ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်း၊ ပေါက်တောနဲ့ စစ်တွေမြို့တွေမှာ ရှိတဲ့ ဒုက္ခသည်စခန်းပေါင်းတွေမှာ ခိုလှုံနေထိုင်နေကြတာဖြစ်ပါတယ်။
အခုလိုမျိုး ဒုက္ခသည်တွေကို ပုံမှန်ထောက်ပံ့ပေးနေတဲ့ ဆန်ရိက္ခာတွေကို ဘာကြောင့် ဖြတ်တောက်ထားတယ် ဆိုတာ သက်ဆိုင်ရာဌာနအဖွဲ့အစည်းတွေနဲ့ ပြည်နယ်ကောင်စီတို့ဘက်ကလည်း တစ်စုံတစ်ရာ အသိပေးအကြောင်းကြားတာ မရှိဘူးလို့ ဦးသန်းဌေးက ပြောပါတယ်။
“ကျွန်တော်တို့စခန်းကို အစိုးရဆီက ဆန်မပေးတာ နှစ်လရှိနေပြီး ဘာကြောင့်မပေးဘူးဆိုတာလည်း မသိရဘူး။ အခု ဒုက္ခသည်တွေတော်တော်လေးကို အကျပ်အတည်းဖြစ်နေတယ်။ အစိုးရက ဆန်မထောက်ပံ့တော့ ကျွန်တော်တို့ ဘာကိုစားပြီးနေရမှာလည်း”လို့ ပုဏ္ဏားကျွန်း စက်မှုဇုန်စခန်းတာဝန်ခံ ဦးသန်းဌေးက ပြောပါတယ်။
လက်ရှိမှာလည်း ရခိုင်ပြည်နယ်အတွင်း စစ်ရေး၊ နိုင်ငံရေးအခြေအနေတွေကြောင့် စီးပွားရေးလုပ်ငန်းတွေလည်း ကျဆင်းနေသလို ဘက်ပေါင်းစုံက အကျပ်အတည်းတွေနဲ့ ကြုံနေကြရတာဖြစ်ပါတယ်။
အခုလိုအကျပ်အတည်းကာလမှာ ဒေသတွင်းအလုပ်အကိုင်တွေလည်း ရှားပါးနေတဲ့အတွက် ဒုက္ခသည်တွေမှာ အပြင်ထွက်အလုပ်လုပ်ကြဖို့မဖြစ်နိုင်တာကြောင့် ၀င်ငွေရအလုပ်အကိုင်လည်း မရှိဖြစ်နေကြတာပါ။
အခုလိုအချိန်မှာ အစိုးရက ဒုက္ခသည်တစ်ဦးကို တစ်နေ့စာ ဆန်နှစ်ဘူးစီထောက်ပံ့ပေးနေတဲ့ ရိက္ခာဆန်တွေကိုပါ ဖြတ်တောက်လိုက်တာကြောင့် အငတ်ဘေးနဲ့ ကြုံနေကြရတာဖြစ်ပါတယ်။
သုံးနှစ်ကျော်အကြာ ဒုက္ခသည်တွေအဖြစ်နဲ့ နေထိုင်ထားခဲ့ကြတဲ့ အဲ့ဒီလူတွေဟာ ကိုယ်ပိုင်စီးပွားရေးမရှိကြသလို အပိုဝင်ငွေဆိုတာလည်းမရှိကြဘဲ အစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကထောက်ပံ့မှုတွေနဲ့ ရပ်တည်နေကြတာဖြစ်ပါတယ်။
အဓိကစားသုံးကုန်ဖြစ်တဲ့ ဆန်ရိက္ခာကိုအချိန်ကြာမြင့်စွာ ဖြတ်တောက်ထားတော့ နိုင်ငံတကာအဖွဲ့အစည်းတွေက ထောက်ပံ့ပေးတဲ့ တစ်လစာ ကျပ်ငွေ ၁၈၀၀၀ နဲ့ သုံးစွဲဖို့ဆိုတာ ဘယ်လိုမှ လုံလောက်နိုင်တဲ့အခြေအနေမရှိကြဘူးလို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
“အခုက ကျွန်မတို့စားရေးသောက်ရေးက တော်တော်ကို ဒုက္ခရောက်နေတာပါ။ အပြင်ထွက်အလုပ်လုပ်ဖို့အတွက်လည်း အလုပ်မရှိဘူး။ အလုပ်ရတဲ့နေ့မှာလည်း ပိုက်ဆံ လေးငါးထောင်လောက်ပဲ ရကြတယ်။ စားဖို့တောင်မလုံလောက်ဘူး။ ဖြစ်သလိုပဲ နေနေကြရပါတယ်”လို့ ကျောက်တော်မြို့ပေါ်က ဒုက္ခသည်စခန်းတစ်ခုမှာ ခိုလှုံနေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ယခင်နှစ်တွေကတော့ အစိုးရထောက်ပံ့မှုတွေကို ပုံမှန်ရရှိခဲ့ကြပေမယ့် အခုနှစ်စပိုင်းကစလို့ ရိက္ခာဆန်တွေ ပုံမှန်မရကြတော့ဘဲ ဖြတ်တောက်ခံနေကြရပြီး အစောပိုင်းမှာတော့ ရိက္ခာပြတ်တောက်မယ်ဆိုတာကို အကြောင်းကြားအသိပေးတာတွေရှိခဲ့ပေမယ့် အခုတစ်ကြိမ်မှာတော့ အကျိုးအကြောင်းမသိရဘူးလို့ ပြောဆိုကြပါတယ်။
အခုလို ဒုက္ခသည်စခန်းတွေကို ရိက္ခာဖြတ်တောက်ထားတာနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဦးသူရိန်ထွန်းကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိခဲ့ပါဘူး။
ဒုက္ခသည်တွေကို လစဉ်ထောက်ပံ့ပေးနေတဲ့ ရိက္ခာဆန်နဲ့ပတ်သက်လို့ ပြည်နယ်ကောင်စီက ကိုင်တွယ်ဖြန့်ဝေတာမဟုတ်ဘဲ ပြည်ထောင်စုကနေ တိုက်ရိုက်စီမံတာဖြစ်သလို ရိက္ခာဖြတ်ဖို့ကိစ္စနဲ့ပတ်သက်လို့ တစ်စုံတစ်ရာ ပြည်ထောင်စုကိုတင်ပြထား တာမျိုးလည်းမရှိဘူးလို့ ပြည်နယ်ကောင်စီ ပြောခွင့်ရပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ဘီဘီစီကို ပြောဆိုထားပါတယ်။
သူတို့ရဲ့နေရပ်တွေကိုပြန်လည်သွားရောက်နေထိုင်ဖို့အတွက်လည်း တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေနဲ့ တပ်စခန်းတွေရှိတဲ့ နေရာတွေဖြစ်တာကြောင့် မိမိတို့ရဲ့ကျေးရွာတွေဆီကို ပြန်မသွားရဲကြဖြစ်နေကြတာပါ။
လက်ရှိမှာလည်း ကျေးရွာတွေနဲ့ အနီးဝန်းကျင်နေရာတွေ၊ ကျေးရွာသားတွေလုပ်ကိုင်စားသောက်နေကြတဲ့ တောတောင်လယ်မြေတွေမှာ မိုင်းပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားလာနေတာကြောင့် နေရပ်ပြန်ဖို့ဆိုတာ ပိုမိုစိုးရိမ်ရတဲ့အခြေအနေတွေ ဖြစ်နေကြပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီနဲ့ အေအေတို့အကြား စစ်ရေးတင်းမာမှုတွေမြင့်မားလာနေပြီး မြို့နယ်တချို့တို့မှာလည်း တိုက်ပွဲတွေ မကြာခဏဆိုသလို ပြန်လည်ဖြစ်ပွားနေပါတယ်။
ဒေသတွင်းအပစ်ခတ်ရပ်စဲထားပေမယ့် အေအေတပ်စခန်းတွေရှိနေတဲ့နေရာတွေထိ စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာတဲ့ အခြေအနေတွေရှိနေပြီး ကရင်ပြည်နယ်မှာရှိတဲ့ အေအေတပ်စခန်းတွေထိ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာနေတာကိုလည်း တွေ့နေရပါတယ်။
ဒါဟာ နှစ်ဖက်တပ်တွေအကြား အဆင်မပြေမှုတွေ မြင့်မားလာနေတာကြောင့် အခုလိုဖြစ်နေကြတာဖြစ်ပြီး ဒေသတွင်းကုန်စည်သယ်ယူရေးလုပ်ငန်းတွေကိုလည်း ပြည်နယ်စစ်ကောင်စီရဲ့ခွင့်ပြုချက်လက်မှတ်ရရှိမှ သယ်ယူခွင့်ပြုတာ ဖြစ်ပါတယ်။








