တရားမဝင်မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ

စင်္ကာပူနိုင်ငံအရွယ်အစားလောက်ရှိတဲ့ နယ်မြေတစ်ခုမှာ မြေရှားသတ္တု တူးဖော်ရေးလုပ်ကွက်ပေါင်း ၂၇၀၀ ကျော်ကို တွေ့ရှိရတယ်လို့ သဘာဝပတ်ဝန်းကျင်အရေးလေ့လာစောင့်ကြည့်တဲ့ Global Witness က ဒီကနေ့ဩဂုတ် ၉ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ညောင်ရွှေမြို့မှာ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးသေဆုံး

    ညောင်ရွှေမြို့အဝင်

    ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

    ဓာတ်ပုံ ပုံစာ, ညောင်ရွှေမြို့အဝင်

    ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့မှာ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးဟာ ဒီနေ့ ဇူလိုင်လ ၂၁ ရက် မနက်ပိုင်းမှာ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ညောင်ရွှေမြို့၊ မင်္ဂလာရပ်ကွက်က အုပ်ချုပ်ရေးမှူး ဦးသော်တာဟာ နေအိမ်ကနေ ဆိုင်ကယ်နဲ့ ထွက်သွားအပြီး နန္ဒဝန်ရပ်ကွက်အနီးမှာ သေနတ်နဲ့ ပစ်ခတ်ခံရခဲ့ရတာဖြစ်ပါတယ်။

    ‘‘သူက အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကပါ။ ဒါပေမဲ့ အခုပစ်ခတ်ခံရတာက ပါတီနဲ့ဆက်စပ်တာမဟုတ်ဘူးလို့ယူဆတယ်။ အပြောအဆို မလိမ္မာဘူးဆိုပြီး အတော်လေး အသံထွက်တဲ့ လူတစ်ယောက်’’လို့ ညောင်ရွှေမြို့နယ်နိုင်ငံရေးပါတီအသိုင်းအဝိုင်းဘက်က ပြောပါတယ်။

    ဦးသော်တာဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ သတိပေးစာ အပေးခံရသူဖြစ်ပြီး ဆိုင်ကယ်စီးသေနတ်သမားက ပစ်ခတ်သွားတာလို့ မျက်မြင်တွေကို ကိုးကားပြီး ရှမ်းပြည်နယ်အခြေစိုက် သတင်းတွေမှာဖော်ပြပါတယ်။

    အဲဒီဖြစ်စဥ်အပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားဆယ်ချီဟာ အခင်းဖြစ်တဲ့နေရာကို ရောက်လာပြီး အနီးနားပတ်ဝန်းကျင်ကို စစ်ဆေးတာတွေလုပ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

    ညောင်ရွှေမြို့နယ်အခြေစိုက် AFJ ပြောက်ကျားအဖွဲ့ကတော့ မစ်ရှင်ပြုလုပ်မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ ပြည်သူတွေ သတိထားသွားလာဖို့ အခုလအစောပိုင်းမှာ သတိပေးကြေညာထားတာတွေ့ရပါတယ်။

    အခုဆို စစ်အာဏာသိမ်းပြီးကတည်းကဆိုရင် ညောင်ရွှေမှာ အလားတူ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် သေဆုံးသူ ၅ ဦးထက်မနည်းရှိလာပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောထားပါတယ်။

  2. လူဆယ်ဦးထက်မနည်းသတ်ဖြတ်ခံရပြီး နေအိမ်ရာချီမီးရှို့ခံခဲ့ရတဲ့ ကျီစုရွာနောက်ဆုံးအခြေအနေ

    လူဆယ်ဦးထက်မနည်းသတ်ဖြတ်ခံရပြီး နေအိမ်ရာချီမီးရှို့ခံခဲ့ရတဲ့ ကျီစုရွာနောက်ဆုံးအခြေအနေ

    ဓာတ်ပုံ ရင်းမြစ်, SSTF

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ကျီစုရွာကို စစ်ကောင်စီတပ်က ဇူလိုင်လ ၁၈ ရက်တုန်းက ဝင်ရောက်ချိန်မှာ အရပ်သားနဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သတ်ဖြတ်ခံရပြီး အစ္စလာမ်ဘာသာ၀င်ရဲ့ နေအိမ် ၄၀၀ ကျော်မီးရှို့ခံခဲ့ရပါတယ်။

    အခုတော့ ကျီစုရွာတွင်းမှာ မီးရှို့ခံခဲ့ရတဲ့အလောင်းတွေနဲ့ နေအိမ်တွေ ပျက်စီးမှု အခြေအနေကို ဒေသတော်လှန်ရေးအင်အားစုတွေက ဓာတ်ပုံတွေ ထုတ်ပြန်လာပါတယ်။

    အဲဒီထဲမှာ မီးရှို့ခံရပြီး ပျက်စီးနေတဲ့အလောင်း ၁၀ လောင်းထက်မနည်းရှိနေပြီး ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ အတည်မပြုနိုင်တဲ့အထိဖြစ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

    ‘‘တချို့ကတော့ သေမထူး နေမထူး ဆိုပြီး ရွာထဲပြန်ဝင်ကြတယ်။ ခါးဝတ်ခါးစားနဲ့ ‌ပြေးရသူတွေက ပြန်ကပ်နေကြတာပေါ့။ တခြားက အကူအညီလာပေးမယ်ဆိုရင်လည်း တစ်ခုခုစားရ သောက်ရမယ်ဆိုပြီး အရှေ့ပိုင်းက အိမ်လေးတွေ မနက်တုန်းက ပြန်ကြည့်တယ်။ အဲဒီလိုပြန်ကပ်တဲ့အချိန် လက်နက်ကြီးသံကြား၊ လေယာဥ်က ဖြတ်ပျံတော့ တောထဲ ပြန်ထွက်ပြေး၊ မိုးတွေမိ၊ အဲဒီလိုအခြေအနေ ဖြစ်နေတယ်’’လို့ ကျီစုရွာသားတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ကန့်ဘလူမြို့နယ်ထဲ စစ်ကြောင်းသုံးကြောင်းခွဲဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်ဟာ ကျီစုရွာဘုန်းကြီးကျောင်းမှာ တပ်စွဲပြီး ပြန်ထွက်သွားချိန်မှာ လက်ပြန်ကြိုးတုပ်ပြီး မီးရှို့ခံထားရတဲ့ ကျေးရွာကာကွယ်ရေးအဖွဲ့က လူငယ် ၄ ယောက်အလောင်းနဲ့ ကျည်ထိမှန်ဒဏ်ရာတွေနဲ့ နောက်ထပ်ကျေးရွာဒေသခံ ၃ ယောက်အလောင်းတွေကို တွေ့ခဲ့ရတယ်လို့ ကျီစုရွာဒေသခံတစ်ယောက်က ပြောပါတယ်။

    အဲ့ဒါအပြင် ပျောက်ဆုံးနေပြီး သတင်းအစနမရတဲ့ ရွာသား ၁၀ ယောက်လောက်ရှိနေပါတယ်။

    အဲဒီကျေးရွာအနားမှာ မိုင်းဆွဲတိုက်ခိုက်တာ၊ တိုက်ပွဲဖြစ်တာမျိုးမဟုတ်ဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ခိုအောင်းနေတယ်ဆိုတဲ့ သံသယနဲ့ ဝင်ရောက်တိုက်ခိုက်ခံရတာလို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။

    အခုကျီစုရွာဖြစ်စဥ်နဲ့ပတ်သက်လို့တော့ စစ်ကောင်စီက ထုတ်ပြန်တာမရှိသေးသလို ဘီဘီစီကလည်း စစ်ကောင်စီကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

  3. ဖားကန့်မှာ ကေအိုင်အေဖမ်းသွားတဲ့ ရဲ ၇ ဦး ပြန်လွတ်ရေး ညှိနှိုင်းနေ

    ကျောက်စိမ်းနယ်မြေ ဖားကန့်မှာ မြင်တွေ့ရတဲ့ ရဲတပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, ကိုတာ

    ဓာတ်ပုံ ပုံစာ, ကျောက်စိမ်းနယ်မြေ ဖားကန့်မှာ မြင်တွေ့ရတဲ့ ရဲတပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲမှာ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(ကေအိုင်အေ)နဲ့ ပီဒီအက်ဖ်ပူးပေါင်းအဖွဲ့တွေက အခုလအစောပိုင်းတုန်းက ဖမ်းသွားတဲ့ ရဲ ၇ ဦး ပြန်လွတ်ရေး ညှိနှိုင်းနေဆဲလို့ ဘီဘီစီက သိရှိရပါတယ်။

    ဒုရဲအုပ်တစ်ဦးပါဝင်တဲ့ အဲဒီရဲ ၇ ဦးဟာ ပြီးခဲ့တဲ့ဇူလိုင်လ ၆ ရက်နေ့က ကာမိုင်းမြို့ကနေ ဖားကန့်မြို့ကို အလာမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း အဲဒီရဲတပ်ဖွဲ့ဝင်တွေ ပျောက်ဆုံးနေလို့ စုံစမ်းနေပြီလို့ အဲဒီတုန်းက သတင်းထုတ်ပြန်ပါတယ်။

    အခုတော့ ဒီရဲတွေကို ပြန်လွှတ်ပေးရေး ကြားဝင်ညှိနှိုင်းပေးဖို့ စစ်ကောင်စီဘက်က ပြည်နယ်အဆင့်တာဝန်ရှိသူတွေက ဆက်သွယ်လာတာကြောင့် ကေအိုင်အေဘက်ကို ဆက်သွယ်ပြီး ရဲတွေ ပြန်လွှတ်ပေးရေး ဆွေးနွေးထားတယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့က ပြောပါတယ်။

    ဒါပေမဲ့ ကေအိုင်အေဘက်က အဲဒီရဲတပ်ဖွဲ့ဝင်တွေကို ဘာကြောင့်ဖမ်းဆီးခဲ့တယ်ဆိုတာနဲ့ ဘယ်တော့ပြန်လွှတ်ပေးမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

    အဲဒီရဲတပ်ဖွဲ့ဝင်တွေဟာ တရားခံတွေ ရုံးထုတ်စစ်ဆေးဖို့ ကာမိုင်းမြို့ကနေ ဖားကန့်မြို့ ကိုသွားရောက်ချိန်မှာ တံတားညီနောင်နဲ့ ပျားအုံးကျေးရွာကြားမှာ အဖမ်းခံခဲ့ရတာလို့ ဘီဘီစီက သိရှိရပါတယ်။

    စစ်ကောင်စီဘက်ကတော့ အဲဒီရဲတပ်ဖွဲ့ဝင်တွေဟာ ကာမိုင်းမြို့ကနေ ဖားကန့်ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ဖို့ အသွားမှာ ဖားကန့်ကို မရောက်ဘဲ အဆက်အသွယ်ပြတ်တောက်နေခဲ့တာလို့ သတင်းထုတ်ပြန်ပါတယ်။

    စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ဖားကန့်မှာ ရဲတပ်ဖွဲ့ဝင်တွေကို ကေအိုင်အေဘက်က ဖမ်းဆီးတာ အခုတစ်ကြိမ်က ဒုတိယအကြိမ်ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းကလည်း ဖားကန့်မြို့နယ်ထဲမှာ ရဲ ၃ ဦး ဖမ်းဆီးခံရမှု ဖြစ်ခဲ့ပြီး အဲဒီတုန်းကတော့ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ရဲ့ ညှိနှိုင်းပေးမှုနဲ့ ပြန်လွတ်မြောက်လာကြဖူးပါတယ်။

  4. မန္တလေး-မုံရွာလမ်းပေါ်က စစ်ကောင်စီယာဥ်တန်း တစ်နေ့တည်းမှာ အကြိမ်ကြိမ်တိုက်ခိုက်ခံရ

    စစ်ကောင်စီယာဥ်တန်းက စစ်ကားတစ်စီးဖြတ်ချိန် ပေါက်ကွဲမှုဖြစ်

    ဓာတ်ပုံ ရင်းမြစ်, screengrab

    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီတပ်ယာဥ်တန်းက စစ်ကားတစ်စီးဖြတ်ချိန် ပေါက်ကွဲမှုဖြစ်

    စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်ထဲက မန္တလေး-မုံရွာလမ်းပေါ်မှာ ဖြတ်သန်းသွားတဲ့ စစ်ကောင်စီတပ်ယာဥ်တန်းကို အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးရှိတယ်လို့ ချောင်းဦးကာကွယ်ရေးတပ်တွေဘက်က ဒီနေ့ ဇူလိုင်လ ၂၁ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

    မန္တလေး-မုံရွာလမ်းတလျှောက်မောင်းလာတဲ့ ကား ၁၄ စီးပါ စစ်ကောင်စီယာဥ်တန်းကို ဇူလိုင်လ ၁၉ ရက်၊ အာဇာနည်နေ့တုန်းက ၂ ကြိမ်ထက်မနည်း တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

    အဲဒီစစ်ကောင်စီယာဥ်တန်းကို ချောင်းဦးမြို့နဲ့ ငါးယှန်ကျေးရွာကြား၊ နောက် ချောင်းဦးမြို့နဲ့ ခင်မွန်ရွာတို့ကြားမှာ ကာကွယ်ရေးတပ်ဖွဲ့တွေက နေရာအသီးသီးကနေ တိုက်ခိုက်ခဲ့တာလို့ ဘီဘီစီက သိရှိရပါတယ်။

    အဲဒီနေ့ တစ်နေ့တည်းမှာပဲ ခြေလျင်တက်လာတဲ့စစ်ကောင်စီတပ်သားတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့လည်း ချောင်းဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

    အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကပြောပေမဲ့ ဘီဘီစီအနေနဲ့တော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

    မိုင်းဆွဲတိုက်ခိုက်ချိန်ကို ရိုက်ကူးထားတယ်ဆိုပြီး ချောင်းဦးဒေသကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်တဲ့ရုပ်သံမှာတော့ အရှိန်ပြင်းပြင်းနဲ့ မောင်းလာတဲ့စစ်ကောင်စီယာဥ်တန်းထဲက ကားတစ်စီးအနီးမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး မီးခိုးလုံးတွေကောင်းကင်ကို တက်လာတာကိုမြင်ရပါတယ်။

  5. အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး- မြန်မာနိုင်ငံခြားရေးဝန်ကြီးနေရာမှာ ဆက်ပြီး လစ်လပ်နေမယ်

    အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး- မြန်မာနိုင်ငံခြားရေးဝန်ကြီးနေရာမှာ ဆက်ပြီး လစ်လပ်နေမယ်

    ဓာတ်ပုံ ရင်းမြစ်, ကမ္ဘောဒီးယားနိုင်ငံခြားရေး

    ကမ္ဘောဒီးယားနိုင်ငံမှာ အခုလကုန်ပိုင်းကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးပွဲမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးနေရာဟာ တက်ရောက်သူမရှိဘဲ လစ်လပ်နေဦးမယ်လို့ အာဆီယံအထူးသံတမန်လည်းဖြစ်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ မစ္စတာ ပရက်ဆော့ခွန်းက ပြောလာပါတယ်။

    အာဆီယံနိုင်ငံခြား‌ရေးဝန်ကြီးတွေကြားမှာ သဘောတူညီချက်မရခဲ့တာကြောင့် နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို မြန်မာကိုယ်စားပြုသူနေရာမှာ နိုင်ငံရေးရာထူးမယူထားသူကိုယ်စားလှယ်တစ်ဦးကိုပဲ ဆက်ပြီး တက်ရောက်စေဖို့ ဝန်ကြီး‌တွေက ဆုံးဖြတ်ခဲ့တာလို့ သူက ပြောပါတယ်။

    အဲဒီအစည်းအဝေးပွဲတွေကိုတော့ ကမ္ဘောဒီးယားနိုင်ငံ အိမ်ရှင်အနေနဲ့ လာမယ့် ဇူလိုင်လ ၃၁ ရက်ကနေ သြဂုတ်လ ၆ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။

    ''မြန်မာဘက်က အဖြေကတော့ အတူတူပါပဲ။ အစည်းအဝေးပွဲတွေတက်ဖို့ နိုင်ငံရေးရာထူးမယူထားသူတစ်ဦးကို ခန့်မှာ မဟုတ်ဘူးလို့ဆိုတယ်။ ဒါ့ကြောင့် မြန်မာနေရာကတော့ လစ်လပ်နေဦးမယ်'' လို့ မြန်မာ့အရေးဆိုင်ရာအာဆီယံအထူးသံ မစ္စတာ ပရက်ဆော့ခွန်းကပြောပါတယ်။

    မြန်မာစစ်ကောင်စီဘက်ကတော့ အစည်းအဝေးပွဲတွေကို နိုင်ငံရေးရာထူးမယူထားသူတွေကိုပဲ တက်ရောက်ခွင့်ပေးတယ်ဆိုတဲ့ဖိတ်ကြားချက်ဟာ အာဆီယံပဋိဉာဥ်နဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ မကိုက်ညီဘူးဆိုပြီး အရင်က အာဆီယံအစည်းအဝေးအတိုင်း တက်ရောက်ဖို့ ပယ်ချထားတာဖြစ်ပါတယ်။

    တစ်ဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရဟာ အာဆီယံအစည်းအဝေးပွဲတွေ တက်ရောက်ခွင့်ရဖို့နဲ့ ပူးပေါင်းဆောင်ရွက်မှုလုပ်ဖို့ အသင့်ရှိတယ်ဆိုပြီး လူသိရှင်ကြား ထုတ်ဖော်ပြောဆိုနေပေမဲ့ အာဆီယံဘက်ကတော့ တိတိလင်းလင်း ထိတွေ့ပြောဆိုဆက်ဆံတာ မရှိသေးပါဘူး။

  6. မြန်မာအပါအဝင် နိုင်ငံအချို့ကို သွားလာမှု အမေရိကန်သတိပေးချက်ထုတ်

    မြန်မာအပါအဝင် နိုင်ငံအချို့ကို သွားလာမှု အမေရိကန်သတိပေးချက်ထုတ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    မြန်မာအပါအဝင် နိုင်ငံပေါင်း ၆ နိုင်ငံမှာ အမေရိကန် နိုင်ငံသားတွေကို အကြောင်းမဲ့မှားယွင်းဖမ်းဆီးတာတွေရှိနိုင်လို့ သတိထားခရီးသွားကြဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အခုရက်အတွင်း ခရီးသွားဆိုင်ရာအကြံပေး သတိပေးချက်ထုတ်ပြန်လာ ပါတယ်။

    မြန်မာ၊ တရုတ်(ဟောင်ကောင်)၊ အီရန် ၊မြောက်ကိုးရီးယား၊ ရုရှားနဲ့ ဗင်နီဇွဲလားနိုင်ငံတွေပါဝင်ပြီး အန္တရာယ်ရှိပြီး စိုးရိမ်ရတဲ့ အဆင့် ၄ အနေနဲ့ သတ်မှတ်ထားတဲ့ နိုင်ငံတွေလို့ ဆိုပါတယ်။

    မြန်မာနိုင်ငံဟာ စစ်အာဏာသိမ်းပြီးတဲ့နောက် ပြည်တွင်းမငြိမ်မသက်မှုတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေရှိနေသလို ၊ မြန်မာအာဏာပိုင်တွေက ဓါးစာခံအနေနဲ့ဖမ်းဆီးတာ ၊ အကြောင်းမဲ့ဖမ်းဆီးတာတွေဖြစ်နိုင်လို့ သတိပေးတာလို့နားလည်ရကြောင်း အမေရိကန်ရောက်မြန်မာ့အရေးစိတ်ဝင်စားသူတွေက သုံးသပ်ပါတယ်။

    ဒီသတိပေးချက်ကြောင့် မြန်မာနိုင်ငံကို အမေရိကန်အပြင်တခြား နိုင်ငံက ပြည်ပဧည့်သည်တွေ အလည်အပတ်လာဖို့ ပိုအလှမ်းဝေးသွားနိုင်တယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေကခန့်မှန်းနေကြပါတယ်။

    လက်ရှိမှာ ကမ္ဘာတဝန်း ဖမ်းဆီးခံအမေရိကန်နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့နဲ့ ဖမ်းဆီးတဲ့နိုင်ငံကအစိုးရတွေ၊ ဒါမှမဟုတ် အကြမ်းဖက်အဖွဲ့အစည်းလို့သတ်မှတ်ခံရတဲ့ အဖွဲ့အစည်းတွေကို အရေးယူဒဏ်ခတ်တာတွေလုပ်နိုင်တဲ့ အမိန့်ညွှန်ကြားချက်တစ်စောင်ကိုလည်း သမ္မတဂျိုးဘိုင်ဒန်လက်မှတ်နဲ့ ဇူလိုင် ၁၉ ရက်က ထုတ်ပြန်ထားပါတယ်။

  7. မြစ်ဆုံအသွားလမ်းက အောင်မြင်သာရဲကင်း မီးရှို့ခံရ

    မြစ်ဆုံစီမံကိန်းကြောင့် ရွှေ့ပြောင်းခံရတဲ့ကျေးရွာတွေကို စုပေါင်းနေရာချထားပေးရာ အောင်မြင်သာစံပြရွာအဝင်က ရဲကင်း မီးရှို့ခံရတာဖြစ်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

    ဓာတ်ပုံ ပုံစာ, မြစ်ဆုံစီမံကိန်းကြောင့် ရွှေ့ပြောင်းခံရတဲ့ကျေးရွာတွေကို စုပေါင်းနေရာချထားပေးရာ အောင်မြင်သာစံပြရွာအဝင်က ရဲကင်း မီးရှို့ခံရတာဖြစ်ပါတယ်။

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က မြစ်ဆုံကို အသွားလမ်းမှာရှိတဲ့ အောင်မြင်သာရဲကင်းဟာ မနေ့ ဇူလိုင်လ ၂၀ ရက် ညပိုင်းတုန်းက မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံ‌တွေက ပြောပါတယ်။

    မနေ့ည ၁၀ နာရီဝန်းကျင်မှာ မီးရှို့ခံခဲ့ရတဲ့ အဲဒီရဲကင်းမှာ စစ်ကောင်စီလက်အောက်က ရဲတပ်ဖွဲ့ဝင်တွေ အရင်လိုပေါ်ပေါ်တင်တင် ကင်းစောင့်တာမျိုးမရှိပေမဲ့ တစ်ခါတလေမှာ ရဲအချို့ ကင်းစောင့်တာ မြင်တွေ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

    ‘’ရဲတွေကတော့အဲ့မှာမရှိတာကြာပြီ။ ဂိတ်လိုမျိုး တသီးတသန့်စောင့်ကြပ်တာမျိုး မရှိတာတော့ကြာပြီ။ အခုက လောင်သွားတာက ဂိတ်နဲ့ဈေးတန်းနဲ့တွဲထားတဲ့ဟာတွေအကုန်လုံးလောင်သွားတာ။ ပူတာအို-ဆွမ်ပရာဘွမ်သွားတဲ့လမ်းပေါ်ပေါ့“လို့ အောင်မြင်သာ ဒေသခံတစ်ယောက်ကပြောပါတယ်။

    အရင်က အဲ့ဒီဂိတ်မှာ ပူတာအို -ဆွမ်ပရာဘွမ်ဘက်တက်တဲ့ကားတွေကိုရပ်တန့်စစ်ဆေးတာမျိုးတွေ ပြုလုပ်တဲ့ဂိတ်လည်းဖြစ်ပါတယ်။

    ရဲကင်းဟာ အောင်မြင်သာစံပြရွာအဝင်မှာ ရှိတာဖြစ်ပါတယ်။

    အောင်မြင်သာရွာကတော့ မြစ်ဆုံစီမံကိန်းကြောင့် တန်ဖဲရွာ ၊ မလိဇွပ်၊ အောင်ဂျာယန် ၊ဒေါင်ပန်နဲ့လဖဲရွာ ၅ရွာ ကနေ ပြောင်းရွှေ့ခံထားရတဲ့ကျေးရွာတစ်ခုဖြစ်ပြီး ပြောင်းရွှေ့ခံပြီး ဒေသခံတွေနေထိုင်နေတာဆိုရင် ၁၂ နှစ်ကြာပြီဖြစ်ပါတယ်။

    အခုမီးရှို့မှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

  8. ဒေါက်တာ ဇော်မြင့်မောင် ရွေး‌ကောက်ပွဲအမှုနဲ့ ထောင် ၃ နှစ်ချမှတ်ခံရ, စုစုပေါင်းချမှတ်ခံရတဲ့ထောင်ဒဏ် အနှစ် ၃၀ နီးပါးရှိလာ

    ၂၀၁၆ ခုနှစ် က နေပြည်တော်လွှတ်တော်မှာ အတူတွေ့ရတဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့ဒေါက်တာဇော်မြင့်မောင်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၂၀၁၆ ခုနှစ် က နေပြည်တော်လွှတ်တော်မှာ အတူတွေ့ရတဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့ဒေါက်တာဇော်မြင့်မောင်

    မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ဟာ သူ့အပေါ် စွဲဆိုထားတဲ့ အောင်မြေသာစံမြို့နယ်က ရွေးကောက်ပွဲဆိုင်ရာအမှုနဲ့ ပတ်သက်ပြီး မနေ့ ဇူလိုင်လ ၂၀ ရက်မှာ ထောင်ဒဏ်သုံးနှစ်ချမှတ်ခံရလိုက်ပါတယ်။

    ဒေါက်တာဇော်မြင့်မောင်က တိုင်းရွေးကောက်ပွဲ ကော်မရှင် သုံးဦးဟာ နိုင်ငံရေးနဲ့ဆက်နွယ်နေသူတွေလို့ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲကာလတုန်းက အောင်မြေသာစံမြို့နယ်မှာကန့်ကွက်ခဲ့တာကြောင့်အဲဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲဥပဒေရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀(က)နဲ့ စွပ်စွဲအမှုဖွင့်ခံရပြီး ထောင် သုံးနှစ်ချမှတ်ခံရတာ ဖြစ်ပါတယ်။

    ဒါဟာ ရွေးကောက်ပွဲနဲ့ဆက်စပ်ပြီး တရားစွဲဆိုခံထားရတဲ့အမှုတွေထဲက ထောင်ဒဏ်ချမှတ်ခံရတဲ့ ဒုတိယအမှုဖြစ်ပြီး အဲဒီမတိုင်ခင်တုန်းကလည်း သူဟာ အမရပူရမြို့နယ်မှာ ရွေးကောက်ပွဲ မဲစာရင်းပေးပိုင်ခွင့်တွေကျန်နေလို့ ကျန်နေတဲ့ကိစ္စတင်ပြတာကို ရွေးကောက်ပွဲ ဥပဒေကို နှောင့်ယှက်လို့ဆိုကာရာဇသတ်ကြီးဥပဒေပုဒ်မ ၁၇၁(စ) တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် တစ်နှစ် ချမှတ်ခံထားရပါတယ်။

    ထောင်ဒဏ်ချမှတ်ခံထားတဲ့အရင်အမှုတွေမှာအယူခံဝင်ဖို့ တင်သွင်းခဲ့ပေမဲ့ ပယ်ချခံရလို့ အခုနောက်ဆုံးထောင်ဒဏ်ချမှတ်ခံရတဲ့အမှုကိုလည်း အယူခံ ဆက်ပြီးတက်၊ မတက် ဒေါက်တာဇော်မြင့်မောင်က ညွှန်ကြားတောင်းဆိုတာ မရှိသေးဘူးလို့ တရားရုံးအသိုင်းဝိုင်းကနေ သိရပါတယ်။

    "အယူခံဝင်ဖို့ တက်ချင်ရင် တက်ဖို့ပြောထားပေမဲ့ သူတို့ဆန္ဒပါ။ တက်တဲ့အမှု ရှစ်မှုစလုံး ပယ်ခံရတော့ မတက်ချင်တော့ဘူး ဖြစ်နေတာ။ အမိန့်ချမှတ်တာနဲ့ပက်သက်လို့ ဆရာဇော်မြင့်မောင်ကတော့ မကျေနပ်ဘူးပေါ့"လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

    ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း ဒေါက်တာဇော်မြင့်မောင်ဟာ အဂတိအမှု ၅ မှုအတွက် ထောင်ဒဏ် ၂၁နှစ် ချမှတ်ခဲ့ရပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှာ ပုဒ်မ ၅၀၅(ခ)အပါဝင် အမှုသုံးခုနဲ့ ထောင်ဒဏ်လေးနှစ် ချမှတ်ခံရပြီးဖြစ်ပါတယ်။

    စစ်ကောင်စီအဖွဲ့က ဒေါက်တာဇော်မြင့်မောင်ကို စွဲဆိုထားတဲ့ အမှု ဆယ်ခုလုံး အားလုံးပြီးပြတ်သွားပြီး အခုဆို ထောင်ဒဏ်နှစ်ပေါင်း ၂၉ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

    အသက် ၇၀အရွယ် ဒေါက်တာဇော်မြင့်မောင်ဟာ ကင်ဆာရောဂါ ခံစားနေရသူဖြစ်ပြီး အိုးဘိုထောင်တွင်းပြုလုပ်တဲ့ တရားခွင်ရုံးချိန်းမှာ ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။

  9. အကြိမ်ကြိမ်မီးရှို့ခံခဲ့ရတဲ့ တားလ်ကျေးရွာမှာ သန့်ရှင်းရေးလုပ်

    ကားလမ်းဘေးက နေအိမ်အများစု မီးရှို့ခံခဲ့ရတာဖြစ်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, Zalen

    ဓာတ်ပုံ ပုံစာ, ကားလမ်းဘေးက နေအိမ်အများစု မီးရှို့ခံခဲ့ရတာဖြစ်ပါတယ်။

    ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ထဲမှာရှိတဲ့ တားလ်ကျေးရွာဟာ စစ်ကောင်စီတပ်ရဲ့ မီးရှို့မှုကို ၃ ကြိမ်ခံခဲ့ရတဲ့ ကျေးရွာတစ်ရွာဖြစ်ပါတယ်။

    အခုတော့ နေအိမ် ၇ လုံးသာ မီးမလောင်ဘဲ ကျန်ခဲ့တဲ့ တားလ်ကျေးရွာမှာ ဇူလိုင်လ ၂၀ ရက်နေ့တုန်းက ရွာသူရွာသားတွေက အပျက်အစီးတွေကို ဖယ်ရှားပြီး သန့်ရှင်းရေးပြုလုပ်ခဲ့ကြပါတယ်။

    ဖလမ်းကနေ ဟားခါးမြို့ကို သွားတဲ့ကားလမ်းဘေးက တားလ်ကျေးရွာကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ၂ ကြိမ်၊ အခုဇူလိုင်လအစောပိုင်းမှာ ၁ ကြိမ် မီးရှို့ခဲ့တာဖြစ်ပါတယ်။

    ကားလမ်းဘေးက မီးရှို့ခံခဲ့ရတဲ့တားလ်ကျေးရွာ

    ဓာတ်ပုံ ရင်းမြစ်, Zalen

    ဓာတ်ပုံ ပုံစာ, ကားလမ်းဘေးက မီးရှို့ခံခဲ့ရတဲ့တားလ်ကျေးရွာ

    သုံးကြိမ်မီးရှို့ခံရမှုမှာ နေအိမ် ၄၁ လုံးမီးလောင်ပျက်စီးခဲ့တာဖြစ်ပါတယ်။

    အခုတော့ တားလ်ကျေးရွာနဲ့ အနီးနားကျေးရွာတွေက လူ ၃၀၀ လောက်က နောက်ဆုံးကျန်ခဲ့တဲ့ အပျက်အစီးနဲ့ ပြာတွေကို ဖယ်ရှားရှင်းလင်းပြီး သန့်ရှင်းရေး ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

    စစ်ကောင်စီဘက်ကတော့ တားလ်ကျေးရွာကို စစ်တပ်က မီးရှို့ခဲ့တယ်ဆိုတဲ့ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ တစုံတရာတုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

  10. အာဆီယံအထူးသံ ပရက်ခ် ဆော့ခွန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့နိုင်ဖို့ မြန်မာနိုင်ငံကို တတိယအကြိမ် သွားမယ်လို့ဆို

    အာဆီယံ အထူးသံတမန် ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ် ပရက်ခ် ဆော့ခွန်းက မြန်မာနိုင်ငံကို တတိယအကြိမ် သွားရောက်ဖို့ စီစဉ်ထားတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံကို ရောက်တဲ့အခါ အကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရရင် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ အဆုံးသတ်သွားစေရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသြဇာကို သုံးပြီး ဆောင်ရွက်လိုတယ်လို့ မစ္စတာ ဆော့ခွန်းက CNA သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။

    စက်တင်ဘာလ၁၃ ရက်ကနေ ၂၇ ရက်အထိ နယူးယောက်မြို့မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံ မတိုင်ခင် စက်တင်ဘာလ ဒုတိယပတ်အတွင်းလောက် မြန်မာနိုင်ငံကို သွားရောက်နိုင်ဖို့ သူမျှော်လင့်တယ်လို့ မစ္စတာ ပရက်ခ် ဆော့ခွန်းက ပြောပါတယ်။

    အဲဒီအချိန် မသွားဖြစ်ရင်တော့ နိုဝင်ဘာလမှာ ကျင်းပမယ့် အာဆီယံ နှစ်ပတ်လည်ညီလာခံ မတိုင်ခင် အောက်တိုဘာလ အစောပိုင်းလောက် မြန်မာနိုင်ငံကို သွားမယ်လို့ ဆိုပါတယ်။

    သူ့ရဲ့ အစောပိုင်း တရားဝင် မြန်မာနိုင်ငံ ခရီးစဉ် နှစ်ကြိမ်စလုံးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပြုဖို့ စစ်ကောင်စီက အကြိမ်ကြိမ် ငြင်းဆန်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိလိုက်စားမှု၊ မဲလိမ်မှုတွေနဲ့ တရားရင်ဆိုင်နေရတဲ့ အတွက် တွေ့ခွင့်မပြုနိုင်ဘူးလို့ စစ်ကောင်စီက အကြောင်းပြခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရရင် မြန်မာနိုင်ငံရဲ့ အနာဂတ်အပေါ် သူ့ရဲ့ အမြင်သဘောထားအကြောင်းနဲ့ ဒီအကျပ်အတည်းကြီးထဲကနေ ဘယ်လိုထွက်ပေါက်ရှာသင့်သလဲဆိုတာကို မေးမြန်း ဆွေးနွေးသွားမယ်လို့ မစ္စတာ ဆော့ခွန်းက ပြောပါတယ်။

    မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလောကမှာရော၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးအတွက်မှာပါ သြဇာညောင်းတဲ့ အရေးပါဆုံးပုဂ္ဂိုလ် တစ်ဦးအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို မှတ်ယူထားကြဆဲ ဖြစ်တယ် လို့ သူက ပြောပါတယ်။

    ၂၀၂၂ ခုနှစ် ဇွန်လက မြန်မာနိုင်ငံကို သူသွားခဲ့စဉ်တုန်းကတော့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတွေ့ဆုံဖို့ မဖြစ်နိုင်သေးကြောင်း ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဖြစ်ကောင်းဖြစ်လာနိုင်ကြောင်း ပြောခဲ့တယ်လို့ မစ္စတာ ဆော့ခွန်းက ပြောပါတယ်။

    အာဆီယံ၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ဒေါ်အောင်ဆန်းစုကြည်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, နောက်တကြိမ် မြန်မာနိုင်ငံခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့နိုင်ဖို့ မစ္စတာ ဆော့ခွန်း မျှော်လင့်ထား
  11. စစ်ကောင်စီတပ်က ဒုတပ်ကြပ်တစ်ဦး စီဒီအမ်လုပ်ပြီး KNLA ထံပူးပေါင်း

    ကရင်ပြည်နယ် ဖလူး-ဝေါလေ ၃ ထပ်ကွေ့ မှာ တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ် ခမရ ၂၀၇ က ဒုတပ်ကြပ်ကျော်နိုင်စိုးဆိုသူဟာ KNU တပ်မဟာ ၆ လက်အောက်ခံ KNLA ပူးပေါင်းတပ်တွေထံ စီဒီအမ်ပြုလုပ် ပူးပေါင်းခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေထံက သိရပါတယ်။

    တိုက်ပွဲအတွင်း အကျအဆုံးတွေနဲ့ ပိတ်မိနေခဲ့ပြီးနောက် စစ်ကြောင်း ပြန်ဆုတ်ခွာချိန်မှာ သူကိုင်ဆောင်တဲ့ စက်သေနတ်နဲ့ စစ်အသုံးအဆောင်တွေကိုထားခဲ့ပြီး စီဒီအမ်လုပ်ခဲ့တာလို့ သူက ပြောပါတယ်။

    သူအပြင် တခြားစစ်ကြောင်းစွန့်ခွာ စီဒီအမ် လုပ်ခဲ့သူ ၇ ဦးလည်း ရှိပြီး ၃ထပ်ကွေ့တောင်ကျောပေါ်က ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေး အရောက်မှာ လူစုကွဲသွားလို့ သူတစ်ဦးသာ KNLA ပူးပေါင်းအဖွဲ့ထံ ချိတ်ဆက် ခိုလှုံခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ဇူလိုင်လ ၂ ရက်က စတင် တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ ဖလူး -ဝေါလေ ၃ထပ်ကွေ့ လမ်းပိုင်းနေရာ တိုက်ပွဲ အတွင်း KNLA ပူးပေါင်းတပ်တွေ ဝိုင်းပတ် ပိတ်ဆို့ တိုက်ခိုက်မှုကြောင့် တိုက်ပွဲအတွင်း ပိတ်မိနေခဲ့ပြီး ရိက္ခာပြတ်တောက်ကာ ၉ရက်ခန့် ထမင်းမစားခဲ့ရကြောင်းလည်း သူက ပြောပါတယ်။

    သူဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက လေးကေ့ကော်တိုက်ပွဲတွေမှာ စတင်ပါဝင်တိုက်ခိုက်ခဲ့ပြီး ဒဏ်ရာရခဲ့တာကြောင့် သုံးလ ဆေးကုသမှု ခံယူခဲ့ပြီးနောက် လေးကေ့ကော် ၊ ထီးမယ်ဝါးခီး၊ သောင်ရင်းမြစ်ဘေး DKBA ဗိုလ်စလုံး စခန်းဟောင်းနေရာတွေမှာ တာ၀န်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။

    စီဒီအမ် စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦး

    ဓာတ်ပုံ ရင်းမြစ်, CJ

  12. တိုတယ်လ် စွမ်းအင်ကုမ္ပဏီ မြန်မာနိုင်ငံမှာ လုပ်ငန်း တရားဝင်ရပ်ဆိုင်းလိုက်ပြီ

    တိုတယ်လ် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပြင်သစ် စွမ်းအင်ကုမ္ပဏီ က မြန်မာနိုင်ငံမှာ သူတို့ရဲ့ လုပ်ငန်းတွေ ဒီကနေ့ ဇူလိုင်လ ၂၀ ရက်နေ့မှာ တရားဝင် ရပ်ဆိုင်းလိုက်ပြီလို့ ပြောပါတယ်။ လုပ်ငန်းတွေ ရပ်ဆိုင်းမယ့်အကြောင်းကို လွန်ခဲ့တဲ့ ၆ လက ထုတ်ဖော်ကြေညာခဲ့တာပါ။

    ၆ လအတွင်း လုပ်ငန်းရပ်ဆိုင်းဖို့ဆိုတဲ့ သဘောတူစာချုပ်ပါ သတ်မှတ်ချက်အတိုင်း ဒီကနေ့ ဗုဒ္ဓဟူးနေ့ကစလို့ လုပ်ငန်းရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း တိုတယ်လ်ကုမ္ပဏီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

    မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေနဲ့ တရားဥပဒေ စိုးမိုးမှု အခြေအနေတွေ ဆိုးရွားလာနေတာကြောင့် ရတနာ သဘာဝဓာတ်ငွေ့တွင်းမှာ လုပ်ငန်းတွေ ရပ်ဆိုင်းတော့မယ်ဆိုပြီး တိုတယ်လ် ပြင်သစ်ကုမ္ပဏီက ဇန်နဝါရီလတုန်းက ထုတ်ဖော်ကြေညာခဲ့တာပါ။

    ကပ္ပလီပင်လယ်မှာရှိတဲ့ အဲဒီ ရတနာ သဘာဝဓာတ်ငွေ့တွင်း စီမံကိန်းကနေ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံအတွက် လျှပ်စစ်ဓာတ် ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ မကြုံစဖူး အခြေအနေတွေကြောင့် လျော်ကြေး တောင်းတာမျိုး မလုပ်တော့ဘဲ လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်တာ ဖြစ်တယ်လို့ တိုတယ်လ်စွမ်းအင် ကုမ္ပဏီ ကပြောပါတယ်။

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အရပ်သားအစိုးရကို ဖြုတ်ချ အာဏာသိမ်းယူခဲ့တဲ့ စစ်ကောင်စီနဲ့ လုပ်ငန်း ဆောင်ရွက်နေမှုတွေ ရပ်ဆိုင်းပစ်ဖို့ တိုတယ်လ်ကုမ္ပဏီကို လူ့အခွင့်အရေးအဖွဲ့တွေက ဖိအားပေး ပြောဆိုနေခဲ့ကြတာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံမှာ သဘာဝဓာတ်ငွေ့ စီမံကိန်းတွေကနေ နိုင်ငံခြားသုံးငွေ အများဆုံး ရနေပြီး နှစ်စဉ် ဒေါ်လာ ၁ ဘီလျံကျော် ဝင်ငွေ ရနေပါတယ်။

    ချက်ဗ်ရွန် အမေရိကန်ကုမ္ပဏီ၊ PTTEP ထိုင်းကုမ္ပဏီနဲ့ စစ်တပ် ထိန်းချုပ်တဲ့ မြန်မာ ရေနံနဲ့ သဘာဝလုပ်ငန်း MOGE တို့ ပါဝင် ဖက်စပ်လုပ်ကိုင်နေတဲ့ ရတနာ သဘာဝဓာတ်ငွေ့တွင်းစီမံကိန်းမှာ တိုတယ်လ်ကုမ္ပဏီက ၃၁ ဒဿမ ၄ ရာခိုင်နှုန်းနဲ့ အများဆုံး ရှယ်ယာထည့်ဝင်ထားခဲ့တာပါ။

    အခုအခါ ၄၁ ဒဿမ ၁ ရာခိုင်နှုန်းနဲ့ရှယ်ယာအများဆုံး ဝင်ထားတဲ့ ချက်ဗ်ရွန် ကုမ္ပဏီကလည်း မြန်မာနိုင်ငံကနေ နုတ်ထွက်ဖို့ စီစဉ်ထားကြောင်း ကုမ္ပဏီ ပြောခွင့်ရကုမ္ပဏီက အတည်ပြု ပြောပါတယ်။

    တိုတယ်လ် ကုမ္ပဏီ၊ မြန်မာ စွမ်းအင်စီမံကိန်း၊

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, တိုတယ် စွမ်းအင်ကုမ္ပဏီ
  13. တောထဲမှာ ပုန်းရှောင်နေရတဲ့ တောင်ငူက စစ်ဘေးရှောင်တွေမှာ ယားနာ၊ ဖျားနာနဲ့ ဝမ်းရောဂါတွေဖြစ်

    ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေကြောင့် တောထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် ၂၀၀ လောက်မှာ ယားနာတွေဖြစ်တာ၊ ဖျားတာ၊ လေအောင့်တာနဲ့ ဝမ်းရောဂါတွေ ဖြစ်တာတွေရှိနေတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောကြပါတယ်။

    အဲဒီစစ်ဘေးရှောင်တွေဟာ ပြီးခဲ့တဲ့ ဧပြီ ကတည်းက ထွက်ပြေးတိမ်းရှောင်လာတာဖြစ်ပြီး အမိုးအကာမလုံတဲ့ တဲတွေမှာ နေကြရတာကြောင့် မိုးရွာတဲ့အခါ အအေးမိဖျားနာတာတွေရှိလာတာပါ။

    ဒါ့အပြင် သန့်ရှင်းတဲ့ရေ မသောက်ရတာ၊ အိမ်သာတွေမရှိတာကြောင့်လည်း ဝမ်းရောဂါဖြစ်တာ တောထဲမှာနေရတာကြောင့် ခြင်၊ ဖြုတ်၊ မှက် စတာတွေကိုက်တာ၊ ရေမသန့်ရှင်းတာတွေကြောင့်လည်း ယားနာတွဖြစ်လာတယ်လို့ဆိုပါတယ်။

    “ တောထဲမှာက ချောင်းရေပဲ သုံးရတာကိုး၊ ဆေးတွေကလည်း ရဖို့ခက်နေတယ်၊ ရှိတဲ့ဆေးဝါတွေရယ်၊ ခရစ်ယာန်ဘုန်းတွေကြီးတချို့လှူထားတာလေးတွေနဲ့ ကုနေရတယ်။ ကျွန်တော်ကိုယ်တိုင်လည်း မိုင်းစတွေမှန်ထားတာရှိတယ်။ ဓာတ်မှန်ရိုက်ဖို့ ခွဲထုတ်ဖို့လိုပေမဲ့ လမ်းကြောင်းတွေကို စစ်ကောင်စီတွေက ပိတ်ထားတယ်" လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူက ပြောပါတယ်။

    ဖျားနာသူတွေ၊ ထိခိုက်ဒဏ်ရာရသူတွေကို ဆေးကုသဖို့ တောထဲက ထွက်မယ်ဆိုရင်လည်း တောထဲကို အဝင်ထွက်လုပ်လို့ရတဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းတွေ၊ ကျေးရွာချင်းချိတ်ဆက်လမ်းတွေမှာ စစ်ဆေးရေးဂိတ်တွေချထားတာကြောင့် သွားဖို့မလွယ်ကူဘူး ပြောကြပါတယ်။

    စစ်တောင်းမြစ်အရှေ့ဘက်ကပဲခူးတိုင်းထဲက မိုင်းလုံ၊ ဘောဂလိ၊ ကျောက်ကြီး စတဲ့ကျေးရွာတွေနဲ့ ပဲခူးတိုင်းအနောက်ခြမ်းက ကျေးရွာတွေကနေ စစ်ဘေးရှောင်နေကြသူတွေဖြစ်ပါတယ်။

    စစ်ဘေးရှောင်တွေ

    ဓာတ်ပုံ ရင်းမြစ်, တောင်ငူခရိုင် PDF တပ်ရင်းအမှတ် ၃၅၀၂

  14. ပြင်ပပေါက်စျေး တစ်ဒေါ်လာ ကျပ် ၂၄၅၀ ၀န်းကျင်နဲ့ စံချိန်တင် ဆက်တက်နေ, ဗဟိုဘဏ်ရည်ညွှန်းစျေးထက် ကျပ် ၆၀၀ နီးပါးအထိ မြင့်တက်နေလို့ စံချိန်တင်ကွာဟ

    ဒီနေ့ ဇူလိုင်လ ၂၀ ရက်မှာ ပြင်ပစျေးကွက်ထဲ အမေရိကန်တစ်ဒေါ်လာအရောင်းအဝယ်စျေးနှုန်းဟာ စစ်ကောင်စီလက်အောက် ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ရည်ညွှန်းစျေးထက် ကျပ် ၆၀၀ နီးပါး စံချိန်တင်ကွာဟလာပါတယ်။

    ဘဏ်တွေအတွက် ဗဟိုဘဏ်ရည်ညွှန်း ငွေလဲလှယ်နှုန်းဟာ တစ်ဒေါ်လာကို ၁၈၅၀ သာရှိပေမဲ့ ပြင်ပ အရောင်းအဝယ်စျေးကွက်မှာတော့ တစ်ဒေါ်လာကို ၂၄၅၀ ကျပ်ဝန်းကျင်အထိ စျေးပေါက်နေပါတယ်။

    ငွေစာရင်းတွေထဲက ဒေါ်လာငွေတွေကို မြန်မာငွေနဲ့လဲလှယ်တာကို ဇူလိုင်လ ၁၈ ရက်နေ့ နောက်ဆုံးထားလုပ်ဆောင်ဖို့ စစ်ကောင်စီက ထုတ်ပြန်ပြီးနောက်ပိုင်း ပြင်ပ ဒေါ်လာပေါက်စျေးဟာ တစ်ဒေါ်လာကို ငွေကျပ် ၂၄၀၀ ၀န်းကျင်အထိ မြင့်တက်ခဲ့ပါတယ်။

    တစ်ဖက်မှာလည်း ပြည်တွင်းဘဏ်တွေအတွက် တစ်ဒေါ်လာ ငွေလှဲလှယ်နှုန်းကို ၁၈၅၀ ကျပ်လို့ ပြီးခဲ့တဲ့ဧပြီလကတည်းက ဗဟိုဘဏ်က သတ်မှတ်ထားပေမဲ့ ဘဏ်တွေမှာတော့ အဲဒီစျေးကြောင့် အရောင်းအဝယ်မရှိသလောက်ဖြစ်နေခဲ့တာပါ။

    တစ်ချိန်တည်းမှာပဲ မြန်မာ့ရွှေစျေးနှုန်းကလည်း အခေါက်ရွှေ တစ်ကျပ်သားကို ကျပ်သိန်း ၂၀ ခြောက်သောင်းစျေးနဲ့ သီတင်းပတ်ချီစျေးနှုန်းငြိမ်သက်ခဲ့ပေမဲ့ အခုရက်ပိုင်းအတွင်းမှာပဲ စျေးတွေ မြင့်တက်လာပြီး ဒီနေ့ ဇူလိုင် ၂၀ ရက်နေ့မှာတော့ မီးလင်းအခေါက်ရွှေတစ်ကျပ်သားကို ၂၁ သိန်းခွဲကျော်အထိ ရောက်လာပါတယ်။

    ရွှေအသင်းက ထုတ်ပြန်တဲ့ ရည်ညွှန်းစျေးဟာ လက်ရှိအချိန်ထိ အခေါက်ရွှေ တစ်ကျပ်သားကို သိန်း ၂၀ ခြောက်သောင်းအထိသာရှိပေမဲ့ ဒါဟာ စျေးကွက်မှာ ကြိုက်ရောင်းကြိုက်ဝယ်စျေးထက် တစ်သိန်းနီးပါး အထိ ကွာဟနေတာဖြစ်ပါတယ်။

    အာဏာသိမ်းပြီးကတည်းက ပြည်တွင်းမှာ ဒေါ်လာစျေးနဲ့ ရွှေစျေးနှုန်းတွေက တစ်စတစ်စ မြင့်တက်ခဲ့ပြီး အခု အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာမှာ ရွှေနဲ့ ဒေါ်လာစျေးနှုန်းတွေဟာ အခုလို စံချိန်တင် မြင့်တက်နေတာဖြစ်ပါတယ်။

    ဒေါ်လာနဲ့ကျပ်ငွေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  15. ကန့်ဘလူမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အပါအဝင် ၁၇ ဦး အသတ်ခံရ, ကျီစုရွာက မွတ်ဆလင်ဘာသာဝင်အိမ် ၄၀၀ နီးပါ မီးရှို့ခံရ

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ၊ ကျီစုရွာကို ဇူလိုင် ၁၈ ရက် မနက်ပိုင်းက ရဟတ်ယာဉ် နှစ်စီးနဲ့ ပစ်ခတ်တာ၊ ကုန်းကြောင်းကနေ ပစ်ခတ်တာတွေရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၈ ယောက်နဲ့ ၃ ယောက် အသတ်ခံထားရတယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။

    ကန့်ဘလူမြို့ဘက်ကို စစ်ကြောင်းသုံးကြောင်းခွဲ ဝင်ခဲ့တာဖြစ်ပြီး သာဝတ္တိရွာက ၃ ယောက်နဲ့ ရှားတောရွာက ၃ ယောက်လည်း အသတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    စစ်ကောင်စီတပ်တွေက ကျီစုရွာကို ဇူလိုင် ၁၈ ရက်မှာ ဝင်စီးပြီးနောက် ကျေးရွာသားဒေသခံ ၁၅၀ လောက်ကို ဖမ်းဆီးခဲ့တဲ့အကြောင်း၊ ပြီးနောက် မွတ်ဆလင်ဘာသာဝင်တွေရဲ့ နေအိမ် အလုံး ၃၀၀ လောက်ကို မီးရှို့ပြီးနောက် ကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲခဲ့တဲ့အကြောင်း၊ နောက်နေ့ ဇူလိုင် ၁၉ ရက်မှာ ဖမ်းထားတဲ့ ရွာသားတွေကို ပြန်လွှတ်ပေးပြီး နောက်ထပ် နေအိမ် ၁၀၀ လောက်ကို မီးထပ်ရှို့ပြီးနောက် ကျီစုရွာကနေ ပြန်ထွက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    စစ်ကောင်စီတပ်တွေ ပြန်ထွက်သွားချိန်မှာ ကျေးရွာထဲကို ဝင်ကြည့်တဲ့အခါ လက်ပြန်ကြိုးတုပ်ပြီး မီးရှို့ခံထားရတဲ့ ကျေးရွာကာကွယ်ရေးအဖွဲ့က လူငယ် ၄ ယောက်အလောင်းနဲ့ ကျည်ထိမှန်ဒဏ်ရာတွေနဲ့ နောက်ထပ်ကျေးရွာဒေသခံ ၃ ယောက်အလောင်းတွေကို တွေ့ခဲ့ရတယ်လို့ ကျီစုရွာဒေသခံတစ်ယောက်က ပြောပါတယ်။

    အဲ့ဒါအပြင် ပျောက်ဆုံးနေပြီး သတင်းအစနမရတဲ့ ရွာသား ၁၀ ယောက်လောက်ရှိနေပါတယ်။

    “ ရွာထဲကို ဝင်တော့ အပူရှိန်တွေနဲ့ပူနေတာ၊ ကျွန်တော်တို့ မီးရှို့ခံရတဲ့အိမ်တွေဆို တလင်းကို ဖြစ်နေရောဗျာ။ ဗလီဂိုထောင်လည်းမီးရှို့သွားတယ်။ ဗလီတွေထဲလည်း ပစ္စည်းတွေမွှေနောက်ပြီး ပစ်ခတ်သွားတာ ရစရာမရှိဘူး။ ဘာသာရေးကျောင်းတစ်ခုကိုလည်း မီးရှို့သွားတယ်။ ဘုန်းကြီးကျောင်းတွေကိုလည်း မွှေနှောက်သွားတယ်။ တစ်သက်နဲ့တစ်ကိုယ် မကြုံဖူးပါဘူးဗျာ။ သူတို့မလာရင် ဒရုန်းဝဲပြီး ဗလီခေါင်မိုးပေါ်မှာ ဒရုန်းကနားနေတာ။ သိပ်မကြာဘူး ရဟတ်ယာဉ်ရောက်လာပြီး ပစ်တော့တာပဲ။ “

    ကျီစုရွာဟာ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင်ဘာသာဝင်တွေ အတူယှဉ်တွဲနေထိုင်တဲ့ အိမ်ခြေ တစ်ထောင်ကျော်ရှိ ကျေးရွာကြီးတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

    ဒေသအခြေအနေအရ ကျီစုကျေးရွာနားမှာ ခိုလှုံစရာတောတွေမရှိတာကြောင့် လက်ရှိအချိန်မှာ မီးရှို့ခံထားရတဲ့ ပြည်သူတွေဟာ ချိုင့်ဝှမ်းတွေမှာ ပုန်းရှောင်နေရတယ်လို့ ဆိုပါတယ်။

    အဲဒီကျေးရွာအနားမှာ မိုင်းဆွဲတိုက်ခိုက်တာ၊ တိုက်ပွဲဖြစ်တာမျိုးမဟုတ်ဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ခိုအောင်းနေတယ်ဆိုတဲ့ သံသယနဲ့ ဝင်ရောက်တိုက်ခိုက်ခံရတာလို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။

    အခုကျီစုရွာဖြစ်စဥ်နဲ့ပတ်သက်လို့တော့ စစ်ကောင်စီက ထုတ်ပြန်တာမရှိသေးသလို ဘီဘီစီကလည်း စစ်ကောင်စီကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

  16. အူရီဒူး ဆက်သွယ်ရေးကုမ္ပဏီ မြန်မာက ထွက်ခွာဖို့ ပြင်နေ

    မြန်မာပြည်တွင်းမှာ တတိယလူသုံးအများဆုံး ဆက်သွယ်ရေးလုပ်ငန်း အူရီဒူးမြန်မာဟာ သူ့ရဲ့လုပ်ငန်းကို ရောင်းချပြီး မြန်မာပြည်တွင်းကနေ လုပ်ငန်းလည်ပတ်မှု ထွက်ခွာဖို့ ပြင်ဆင်နေပြီလို့ ရိုက်တာသတင်းဌာန ဒီနေ့ ဇူလိုင်လ ၂၀ ရက်မှာ သတင်းဖော်ပြပါလာတယ်။

    သုံးစွဲသူ ၁၅ သန်းနီးပါးရှိတဲ့ အူရီဒူးကုမ္ပဏီဟာ မြန်မာပြည်တွင်းကနေ ထွက်ခွာမယ့်အကြောင်းကို မြန်မာဆက်သွယ်ရေးဝန်ကြီးဌာနကို အကြောင်းကြားထားပြီးဖြစ်တယ်လို့ ဒီအကြောင်းသိတဲ့သတင်းရင်းမြစ် ၂ ခုက ပြောဆိုထားတယ်လို့လည်း သတင်းက ဆိုပါတယ်။

    လက်ရှိမှာ အူရီဒူးမြန်မာကုမ္ပဏီကို မြန်မာ့စီးပွားရေးလုပ်ငန်းစုကြီးဖြစ်တဲ့ ယန်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစု၊ စင်ကာပူအခြေစိုက် ကွန်ရက်လုပ်ငန်း ကမ်ပါနာလုပ်ငန်းစုနဲ့ စကိုင်းနက်လုပ်ငန်းတို့က ဝယ်ယူနိုင်ချေရှိနေတယ်လို့လည်း ဆိုပါတယ်။

    ဒီသတင်းနဲ့ပတ်သက်ပြီး ကုမ္ပဏီဝယ်ယူရောင်းချမှုမှာပါဝင်နေတယ်လို့ သတင်းထွက်တဲ့လုပ်ငန်းတွေဆီ အတည်ပြုဖို့ ရိုက်တာ ဆက်သွယ်ပေမဲ့ ဘယ်လုပ်ငန်းကမှ မှတ်ချက်တစ်စုံတရာ မပေးထားသေးဘူးလို့လည်း ဆိုပါတယ်။

    ဒါ့ကြောင့် လုပ်ငန်းကို ဘယ်လောက်ပမာဏနဲ့ရောင်းချမယ်ဆိုတာလည်း ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

    အူရီဒူးမြန်မာကုမ္ပဏီသာ မြန်မာပြည်တွင်းကနေ ထွက်ခွာခဲ့မယ်ဆိုရင် ဒါဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှုအလွန် မြန်မာ့စီးပွားရေးအခင်းအကျင်း အထူးသဖြင့် ဆက်သွယ်ရေးလုပ်ငန်းမှာ နိုင်ငံတကာကုမ္ပဏီကြီးနောက်ထပ်တစ်ခု ပြည်တွင်းကနေ ထွက်ခွါမှု လည်းဖြစ်လာမှာဖြစ်ပါတယ်။

    အော်ရီဒူးမြန်မာဆိုင်းဘုတ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  17. မင်္ဂလာပါ။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အချိန်နဲ့ တစ်ပြေးညီ တိုက်ရိုက်တင်ဆက်မှု စာမျက်နှာသစ် စတင်ပါပြီ။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေကို ဒီနေရာမှာ ပြန်လည်ဖတ်ရှုနိုင်ပါတယ်။