အာဏာသိမ်း ၁၈လအတွင်း လူပေါင်း ၈သိန်းခြောက်သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်

ဓာတ်ပုံ ရင်းမြစ်, Unicef Myanmar
အာဏာသိမ်းထားတဲ့ ၁နှစ် နဲ့ ၆ လအတွင်း လူပေါင်း ၈၆၆၄၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး အရပ်သားပိုင်ဆိုင်မှု ၂၁၀၀၀ ကျော်မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ရဲ့ ဇူလိုင် ၃၁ရက်ထုတ်၊ နောက်ဆုံးရစစ်တမ်းမှာဖော်ပြပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံတဝှမ်းမှာ ပြည်တွင်းရွှေ့ပြောင်းနေထိုင်ရသူ ၁ ဒသမ ၂သန်းထိလည်းရှိလာပြီလို့ ဆိုပါတယ်။
၂၀၂၂ခုနှစ် ဇူလိုင်လ ၂၇ရက်အထိ နှစ်ဝက်အတွင်း ပြည်တွင်းက လူသားချင်းစာနာထောက်ထားမှု အကူအညီတွေရဲ့ ၁၃ရာခိုင်နှုန်းကိုသာ ရန်ပုံငွေထောက်ပံ့နိုင်ခဲ့တာကြောင့် ကျန်တဲ့နှစ်ဝက်မှာ ထောက်ပံ့မှုတွေအတွက် ခက်ခဲတဲ့ဦးစားပေးဆုံးဖြတ်ချက်တွေချမှတ်ဖို့ရှိတယ်လို့ ပြောပါတယ်။
အထူးသဖြင့်လူသားချင်းစာနာထောက်ထားမှုအကူအညီပေးနိုင်ဖို့အတွက် စားနပ်ရိက္ခာ၊ လောင်စာဆီ၊ အမိုးအကာပစ္စည်းအပါအဝင် ကုန်စည်စျေးနှုန်းဖောင်းပွလာမှုဟာလည်း ကူညီဆောင်ရွက်ရေးလုပ်ဆောင်ဖို့အတွက် အဓိကစိုးရိမ်စရာတစ်ခုဖြစ်လာတာကြောင့်ကြားဖြတ်အစီအမံတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ မြန်မာ့လူ့အဖွဲ့အစည်းကတော့ ကုန်ကျစရိတ်ကြီးမြင့်လာတာကို ဖိအားတစ်ခုအနေနဲ့ ရင်ဆိုင်နေရဆဲလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။






















