တရားမဝင်မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ
စင်္ကာပူနိုင်ငံအရွယ်အစားလောက်ရှိတဲ့ နယ်မြေတစ်ခုမှာ မြေရှားသတ္တု တူးဖော်ရေးလုပ်ကွက်ပေါင်း ၂၇၀၀ ကျော်ကို တွေ့ရှိရတယ်လို့ သဘာဝပတ်ဝန်းကျင်အရေးလေ့လာစောင့်ကြည့်တဲ့ Global Witness က ဒီကနေ့ဩဂုတ် ၉ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
တိုက်ရိုက် ထုတ်လွှင့်ချက်
မုံရွာစက်မှုဇုန်အနီး စစ်ကောင်စီတပ် ပစ်ခတ်ခံခဲ့ရတဲ့ ကလေးငယ်ရဲ့စျာပနပြုလုပ်

ဓာတ်ပုံ ရင်းမြစ်, RN
စစ်ကိုင်းတိုင်း၊ မုံရွာမြို့က မုံရွာစက်မှုဇုန်မှာ မနေ့ ဇူလိုင်လ ၂၅ ရက်တုန်းက စစ်ကောင်စီတပ်က ပစ်ခတ်တာကြောင့် ဖြတ်သန်းသွားလာတုန်း ကျည်ထိမှန်ပြီး သေဆုံးခဲ့တဲ့ အသက် ၆နှစ်အရွယ် ကလေးငယ်ရဲ့ စျာပနကို ဒီနေ့ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
သေဆုံးခဲ့တဲ့ကလေးငယ်ဟာ အဖေ၊ အမေဖြစ်သူတွေနဲ့အတူ စက်မှုဇုန်ကနေ မြို့ထဲကို ကားနဲ့ အပြန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်တာခံရပြီး ညာမျက်လုံးပေါက်ထွက်ဒဏ်ရာနဲ့ သေဆုံးခဲ့တာလို့ သိရပါတယ်။
အခုတော့ ကလေးငယ်ရဲ့စျာပနကို မုံရွာစက်မှုဇုန်သုသာန်မှာ ဒီကနေ့ သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။
‘’ပစ်တာက စက်မှုဇုန်ဆိုင်းဘုတ်နဲ့ သုံးထောင့်ပန်းခြံကြားမှာ။ မနေ့ ညနေပိုင်းက ဖြစ်ခဲ့တာ။ ကလေးက အမေ၊ အဖေနဲ့ ကားတစ်စီးတည်း စီးလာတုန်းမှာ ကျည်မှန်သွားခဲ့တာပါ။ အဖေဖြစ်သူကို ကားရပ်ခိုင်း တယ်လို့ ပြောတယ်။ အဲဒီလူက မျက်မှန်တပ်တော့ မမြင်ဘူးထင်ပါတယ်။ မျက်နှာချင်းဆိုင်တည့်တည့်ကနေ ပစ်တာ။ ကားမှန်က ကျည်ပေါက်ရာ တစ်ချက်တည်းနဲ့ ကလေးရော အမေကိုပါ ထိတာ။ အမေကတော့ ရင်ညွန့်ထိတာ ကျည်ထုတ်ပြီး စိုးရိမ်စရာအခြေအနေ မရှိတော့ဘူး’’လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
အသက် ၆ နှစ်အရွယ် အဲဒီကလေးငယ်ကို ဒဏ်ရာကြောင့် မုံရွာဆေးရုံကြီးကို ပို့ခဲ့ပေမဲ့ မုံရွာ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဆေးရုံကို ပြန်လည်လွှဲပြောင်းခံရပြီးမှာ ဆုံးပါးခဲ့တာလို့လည်း သူက ပြောပါတယ်။
မနေ့တုန်းကစက်မှုဇုန်အနီးပစ်ခတ်မှုမှာ ဆိုင်ကယ်နဲ့ဖြတ်သွားတဲ့အမျိုးသားတစ်ဦးလည်း ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ သိရပေမဲ့ ဘီဘီစီအေနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
တိုကျိုက ကုလသမဂ္ဂရုံးရှေ့မှာ ဂျပန်ရောက်မြန်မာတွေ ဆန္ဒပြ

ဓာတ်ပုံ ရင်းမြစ်, ရောင်စုံနွေဦး
အရပ်သားတွေကို စစ်တပ်က သေဒဏ်ပေးမှုကို ကန့်ကွက်ကြောင်း ပြသဖို့ ဂျပန်ရောက်မြန်မာ ၂၀၀ နီးပါးကဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ရှိဘူရမြို့နယ်မှာရှိတဲ့ ကုလသမဂ္ဂရုံးရှေ့မှာ ဒီနေ့ ဇူလိုင်လ ၂၆ ရက်မှာ စုဝေးဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ကိုဂျင်မီ၊ကိုဇေယျာသော်၊ကိုအောင်သူရဇော်၊ကိုလှမျိုးအောင်တို့အပေါ် စစ်ကောင်စီက ကွပ်မျက်ခဲ့ခြင်းအပေါ် မကျေနပ်ကြောင်းနဲ့ လက်မခံနိုင်တာကြောင်း ပြသဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ စစ်တပ်ကို အရေးယူဆောင်ရွက်ဖို့ အဓိကရည်ရွယ်ပြုလုပ်ခဲ့ကြတာလို့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေက ပြောပါတယ်။
ဆန္ဒပြပွဲမှာ ပါဝင်သူတွေဟာ ကုလသမဂ္ဂရုံးက တာဝန်ရှိသူကို ဂျပန်ရောက်မြန်မာများကိုယ်စား အိတ်ဖွင့်စာပေးတောင်းဆိုတာလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီစာထဲမှာတော့ နိုင်ငံရေးအကျဉ်းသားတွေကို မတရားသဖြင့်သေဒဏ်ချမှတ်ခြင်းကို အရေးယူပေးဖို့၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကိုပြောင်ပြောင်တင်းတင်း ချိုးဖောက်တာကို အရေးယူဖို့၊ နိုင်ငံရေးအကျဉ်းသာတွေအပေါ် စစ်တပ်က နှိပ်ချုပ်ချယ်မှုတွေကို ချက်ချင်းအရေးယူ ဆောင်ရွက်ပေးဖို့ ကုလအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ လူ့အခွင့်ရေးချိုးဖောက်မှုကိစ္စတွေကို လျစ်လျူရှု မျက်ကွယ်မပြုဖို့ စတဲ့အချက်များကို အဓိကထားတောင်းဆိုခဲ့ထားတယ်လို့ သိရပါတယ်။
မန္တလေးမှာ စစ်တပ်ပိတ်ဆို့စစ်ဆေးမှုတွေအတွင်း အနည်းဆုံး လူ ၈ ဦးဖမ်းဆီးခံရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, အာဏာသိမ်းအစောပိုင်းကာလ မန္တလေးမြို့မှာတွေ့ရတဲ့စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တွေ မန္တလေးမြို့မှာ မနေ့ ဇူလိုင်လ ၂၅ရက် ညပိုင်းက လမ်းသွားလမ်းလာယာဉ်တွေကို စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးတာတွေ မြို့နယ်တိုင်းမှာဖြစ်ခဲ့ပြီး ဖမ်းဆီးခေါ်ဆောင်ခံရသူ အနည်းဆုံး ၈ဦးရှိတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။
ည ၇ နာရီနောက်ပိုင်းမှာ စစ်ကောင်စီအဖွဲ့တွေက မန္တလေး မြို့နယ်တိုင်းရဲ့ လမ်းတွေမှာ ကား၊ ဆိုင်ကယ်ထိုင်ခုံအောက်က ပစ္စည်းထည့်အကန့်(toolbox)တွေ စစ်ဆေးသလို ရပ်ကွက်တချို့မှာလည်း ဧည့်စာရင်းစစ်ဆိုကာ ဝင်ရောက်ဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။
"မနေ့က အရှေ့ပတ်တာလမ်းမှာ PDF သင်တန်းဆင်းဆိုပြီး နာမည်လိပ်စာနဲ့ အတိကျဝင်ဖမ်းတာ ကောင်လေး နှစ်ယောက်ပါသွားတယ်။ ဒါပေမဲ့ အဖမ်းခံရသူတွေက သာမန်ပြည်သူတွေ။ ညပိုင်းလည်း လမ်းမှာ စစ်ဆေးတာတွေ့ရင် ရပ်ပေးရတယ်။ ဆိုင်ကယ်မရပ်ပေးရင် လှမ်းပစ်တာ"လို့ မန္တလေးမြို့ညပိုင်းအခြေနေတွေကို ဒေသခံတစ်ဦးက ပြောပါတယ်။
ဇူလိုင်လ ၂၅ ရက် ညနေပိုင်း ၅ နာရီကျော်က ချမ်းမြသာစည်မြို့နယ်ထဲက ဖုန်းဆိုင်ပိုင်ရှင် အမျိုးသား၊ အမျိုးသမီးအပြင် ကလေးငယ်တစ်ဦးကိုပါ စစ်ကောင်စီက အရပ်ဝတ်အိမ်စီးကားတွေနဲ့ ဖမ်းဆီးခံရမှုဖြစ်ခဲ့ပါတယ်။
ဒ့ါပြင် မနေ့ညပိုင်း ၉ နာရီကျော်တုန်းကလည်း ကန်တော်ကြီး၊ သံဃာဆေးရုံအနီးမှာ ဆိုင်ကယ်တစ်စီးနဲ့ ယောင်္ကျားလေးတစ်ယောက်ကို ကားနဲ့ပိတ်ဖမ်းပြီး ဝိုင်းဝန်းရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားတာကို တွေ့ရတယ်လို့ ချမ်းမြသာစည်မြို့နယ်ခံတွေက ပြောပါတယ်။
ဒါ့အပြင် မဟာအောင်မြေမြို့နယ်၊၃၅ လမ်း၊ ၈၅လမ်းနဲ့၈၆လမ်းကြားမှာလည်း စစ်ဆေးရေးအဖွဲ့က လူငယ်ယောင်္ကျားလေး တစ်ယောက်ကို ဖမ်းခေါ်သွားတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီလိုမန္တလေးမြို့ မြို့နယ်တိုင်းရဲ့ လမ်းသွားအလာ စစ်ဆေးတာကို ဇူလိုင်လ ၁၉ရက်ကလည်း စစ်ကောင်စီက အင်အားသုံးပြီး မနက် ၅နာရီကတည်းက စစ်ဆေးခဲ့တာ တနေ့လုံးနီးပါး ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ထောင်အာဏာပိုင်ဆုံးဖြတ်ချက်နဲ့ သေဒဏ်ပေးခံရသူရုပ်အလောင်းတွေကို ပြန်မပေးတာလို့ စစ်ကောင်စီပြော, ရုပ်အလောင်း ပြန်မပေးမှု စစ်တပ်တုံ့ပြန်ချက် ဥပဒေနဲ့မညီကြောင်း ဝါရင့်တရားလွှတ်တော်ရှေ့နေတွေပြော

ဓာတ်ပုံ ရင်းမြစ်, ရှေ့ပြေးအသံ
သေဒဏ်ပေးခံခဲ့ရတဲ့ ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးသူရဇော်နဲ့ ဦးလှမျိုးအောင်တို့ကို ပြစ်ဒဏ်စီရင်ခဲ့ပြီးနောက် သက်ဆိုင်ရာမိသားစုကို အလောင်းပြန်မပေးတာဟာ ထောင်အာဏာပိုင်ရဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူက ထုတ်ပြောလာပါတယ်။
အကျဥ်းထောင်လက်စွဲမှာတော့ သေဒဏ်ပေးခံရတဲ့အကျဥ်းသား ရုပ်အလောင်းကို သက်ဆိုင်သူက တောင်းဆိုလာရင် ပေးအပ်နိုင်တယ်လို့ ပြောပေမဲ့ အထူးဆန့်ကျင်ဘက်အကြောင်းတစ်စုံတစ်ရာနဲ့ အကျိုးယုတ်နိုင်တဲ့အကြောင်းများရှိမယ်ဆိုရင် မပေးအပ်ရ ဆိုပြီး ဖော်ပြထားတာဖြစ်ပါတယ်။
သေဒဏ်ပေးတာကို ပြန်လည်သုံးသပ်ဖို့ စစ်ကောင်စီကို အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကတောင်းဆိုနေချိန်မှာ စစ်ကောင်စီကဒီမိုကရေစီတက်ကြွလှုပ်ရှားသူ ၂ ဦးအပါအဝင် အရပ်သား ၄ ဦးကို သေဒဏ်ပေးခဲ့တာကြောင့် ဒီနောက်ဆက်တွဲ ဆန္ဒပြမှုတွေ ထွက်ပေါ်လာမှာကို စိုးရိမ်ပြီး အလောင်းပြန်မထုတ်ပေးခဲ့တာလို့ ဘီဘီစီက နားလည်ရပါတယ်။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သေဒဏ်ပေးတာဟာ ပုဂ္ဂိုလ်ရေးအရ မဟုတ်ဘဲ ဥပဒေကြောင်းအရ ဆောင်ရွက်ခဲ့တာလို့လည်း သေဒဏ်စီရင်မှုနဲ့ပတ်သက်ပြီး ဝေဖန်ခံရမှုကို ခုခံပြောဆိုပါတယ်။
‘‘တရားခံတွေကို ဥပဒေကြောင်းအရ ခုခံချေပခွင့်ပေးခဲ့ပါတယ်။ သက်သေအထောက်အထား အပြည့် အစုံအပေါ် အခြေခံပြီး တရားရုံးလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ တရားရုံးအဆင့်ဆင့်မှာ ခုခံချေပခွင့်ပေးပြီးမှ တရားရုံးကနေ သေဒဏ်ပေးတာ’’လို့ သူက ပြောပါတယ်။
စစ်ကောင်စီဟာ ပြစ်ဒဏ်စီရင်ခံရသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ နဲ့ ၂၃ ရက်တုန်းက ဗီဒီယိုကနေတဆင့်တွေ့ဆုံခွင့်ပေးခဲ့ပြီး မနေ့ ဇူလိုင်လ ၂၅ ရက်မှာတော့ ပြစ်ဒဏ်စီရင်ပြီးတဲ့အကြောင်း နိုင်ငံပိုင်သတင်းစာတွေကနေ ကြေညာခဲ့တာဖြစ်ပါတယ်။
သက်ဆိုင်ရာမိသားစုဝင်တွေကတော့ အဲဒီတုန်းကတွေ့ဆုံမှုဟာ ပုံမှန်တွေ့ဆုံခွင့်ပေးမှု တစ်ခုအဖြစ် ယူဆခဲ့တဲ့အကြောင်း၊ စီရင်ခံသူတွေကိုယ်တိုင်လည်း ရက်ပိုင်းအတွင်း အခုလိုကြုံရမယ်ဆိုတာကို ကြိုတင်သိရှိထားတဲ့ပုံမပေါ်ဘဲ ပုံမှန်ပဲ ပြောဆိုနေခဲ့တယ်လို့ ဘီဘီစီကို ပြောထားပါတယ်။
‘‘အကျဉ်းထောင် လက်စွဲအရ ဆန္ဒပြမှုတွေဖြစ်လာနိုင်လို့ အလောင်းပြန်မပေးတာ မှန်ပေမဲ့ သင်္ဂြိုဟ်တာမလုပ်ခင်မှာ သက်ဆိုင်တဲ့ မိသားစုကို ဆက်သွယ်ရမယ်။ ကိုယ့်လူ ဟုတ်မဟုတ် စစ်ခိုင်းတာ။ နောက်ပြီး အလောင်းမှာ ညှင်းပန်းနှိပ်စက်ထားတာရှိ၊ မရှိ စစ်ကြည့်ခိုင်းတာ။ မိသားစုဝင်တွေကို အလောင်းမပြဘဲ သင်္ဂြိုဟ်လိုက်ပြီဆိုရင်တောင် အဲဒါကို ပြသနိုင်တဲ့ ဓာတ်ပုံ၊ဗီဒီယို မိသားကို ပေးတာတွေ ရှိရမယ်။ ဒါကတော့ ဥပဒေနဲ့မညီတဲ့အချက်တွေပေါ့’’ ဆိုပြီး ဝါရင့်တရားလွှတ်တော်ရှေ့နေတစ်ဦးက မှတ်ချက်ပေးပါတယ်။
ခုလိုအထင်ကရ နိုင်ငံရေးသမား နှစ်ဦးကို ကွပ်မျက်လိုက်တဲ့အပေါ်နိုင်ငံတကာအသိုင်းအဝိုင်းက အလွန်အမင်းအပြင်းအထန် ကန့်ကွက်ရှုတ်ချနေတဲ့ကြားက စစ်ကောင်စီဟာ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ရဲ့ လုပ်ရပ်တွေကြောင့် လူ ၂၀ ကျော်သေဆုံးပြီး နောက်ထပ် လူ ဆယ်ချီထိခိုက်ဒဏ်ရာရခဲ့တာတွေကို ကြည့်ရင် သေဒဏ်ထိုက်တန်တယ်ဆိုပြီး ဒီနေ့ ဇူလိုင် ၂၆ မှာ ပြောခဲ့ပါတယ်။
ပျူစောထီး မရှိဘူးလို့ စစ်ကောင်စီပြော

ဓာတ်ပုံ ရင်းမြစ်, Reuters
မြန်မာနိုင်ငံအတွင်းမှာ တစ်ဖက်အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေမှာ ဖော်ပြသုံးနှုန်းနေတဲ့ စစ်ကောင်စီယိမ်း ပျူစောထီးအဖွဲ့ဆိုတာမရှိဘူးဆိုပြီး စစ်ကောင်စီပြောခွင့်ရသူက ဒီနေ့ ဇူလိုင်လ ၂၆ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ပျူစောထီးအဖွဲ့ဆိုတာဟာ ၁၉၅၅ ခုနှစ်၊ ဝန်ကြီးချုပ်ဦးနု လက်ထက်မှာ ရွေးကောက်ပွဲအတွက်ဆိုပြီး အမျိုးသားကောင်စီဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းခဲ့တာကြောင့် အဲဒီတုန်းက အတိုက်အခံတွေက ကန့်ကွက်ခံရတာ၊ နောက် ပျူစောထီးအဖွဲ့ဝင်တွေကြောင့် အရပ်သားထိခိုက်မှုတွေရှိလာတဲ့အခါ ဝန်ကြီးချုပ်ဦးနုကိုယ်တိုင် စစ်တပ်နဲ့တွေ့ဆုံပြီး ပျူစောထီးအဖွဲ့ကို ဖျက်သိမ်းဖို့ ဆွေးနွေးခဲ့တာ၊ ပျူစောထီးနဲ့ ပတ်သက်ပြီး တပ်မတော်ကို စွပ်စွဲခဲ့မှုမှာ တပ်နဲ့မသက်ဆိုင်ကြောင်း ဝန်ကြီးချုပ် ဦးနုကိုယ်တိုင် တရားဝင် ထုတ်ပြောခဲ့တာ စတဲ့အချက်တွေကို ထောက်ပြပြီး ပျူစောထီးဟာ ပါလီမန်ခေတ် ဒီမိုကရေစီ သမားတွေက ခါးပိုက်ဆောင်တပ်ဖွဲ့စည်းဖို့ ရည်ရွယ်ခဲ့တာလို့ ပြောပါတယ်။
ဒါ့ပြင် ပျူစောထီးအဖွဲ့တွေကို အမျိုးသားရေးဝါဒီတွေလို့ အများက ပြောဆိုနေတဲ့ အမျိုးဘာသာစောင့်ရှောက်ရေး(မဘသ)အဖွဲ့ဝင်တွေ၊ မျိုးချစ်တွေနဲ့ဖွဲ့စည်းထားတယ်လို့ အွန်လိုင်းမှာပုံဖော်နေတာကိုလည်း သူက ငြင်းဆိုပါတယ်။
လက်ရှိမှာ စစ်တပ်ဟာ ဒေသကာကွယ်ရေးနဲ့လုံခြုံရေးအတွက် ပြည်သူ့စစ်ဖွဲ့စည်းဖို့သာရှိတယ်လို့လည်း သူက ပြောပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်မှု အားကောင်းတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက စစ်တပ်ထောက်ခံမှုအားကောင်းတဲ့အရပ်တွေမှာ စစ်တပ်က ပျူစောထီးလက်နက်ကိုင်တွေကို သင်တန်းပေးတာ၊ လက်နက်ကိုင်ဆောင်ခွင့်ပေးတာ၊ ပျူစောထီးတွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ကျေးရွာတွေကို ဖျက်ဆီး မီးရှို့မှုတွေပြုလုပ်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က တုံ့ပြန်ပြောဆိုနေပါတယ်။
တက်ကြွလှုပ်ရှားသူတွေကို သေဒဏ်ပေးမှု - ထိုင်းရောက်မြန်မာတွေ ဆန္ဒပြ

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင် ၊ဦးအောင်သူရဇော်တို့လေးဦး သေဒဏ်စီရင်ခံရမှုကို ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ထိုင်းအစိုးရအနေနဲ့ မြန်မာအာဏာသိမ်းစစ်ကောင်စီ နဲ့မပတ်သက်ရေးတောင်းဆိုတဲ့ ဆန္ဒပြပွဲကို ဒီကနေ့ ဇူလိုင်လ ၂၆ရက်မှာ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ မှာ ထိုင်းရောက်မြန်မာတွေက ပြုလုပ်နေပါတယ်။
ဒီဆန္ဒပြပွဲကို ထနွန်ဆာထွန်လမ်းမှာရှိတဲ့ မြန်မာသံရုံးရှေ့မှာ ပြုလုပ်ကြတာဖြစ်ပါတယ်။
ဒီဆန္ဒပြပွဲကို Worker Union ထိုင်းအလုပ်သမားအရေးအဖွဲ့ နဲ့ အတိုက်အခံပါတီဖြစ်တဲ့ ကောက်ကိုင်ပါတီက ဦးဆောင်ပြီး ထိုင်းရောက်မြန်မာလုပ်သားတွေက ပူးပေါင်းလုပ်ဆောင်ကြတာပါ။
အရပ်သားတွေကို သေဒဏ်စီရင်မှုအတွက် စစ်ကောင်စီကို နိုင်ငံတကာက ပြင်းပြင်းထန်ထန်ဝေဖန်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ဘယ်လိုသေဒဏ်ပေးမှုမျိုးကိုမဆို ရှုတ်ချတဲ့အကြောင်း ကုလအတွင်းရေးမှူးချုပ်ကလည်း ပြောလာ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်အပါအဝင် အရပ်သား ၄ ဦးကို ပြစ်ဒဏ်စီရင်လိုက်ပြီဆိုတဲ့ စစ်ကောင်စီ ကြေညာချက်ထွက်ပေါ်လာပြီးတဲ့နောက် ဒီလုပ်ရပ်ကို နိုင်ငံတကာက ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုလာကြပါတယ်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကတော့ ဘယ်လိုအခြေအနေမျိုးနဲ့ဖြစ်ဖြစ် သေဒဏ်ပေးတာကို ကန့်ကွက်တယ်လို့ ပြောသလို အခုစီရင်မှုဟာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေ နောက်ထပ်ယိုယွင်းမှု ပိုတိုးလာတယ်ဆိုတာကို ပြသနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ဒီလုပ်ရပ်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ၊ ဗြိတိန်၊ အမေရိကန်၊ ကိုရီးယား၊ ဂျပန်၊ သြစတေးလျ၊ နယူဇီလန်၊ နော်ဝေ၊ ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဌာနတွေက ပူးတွဲကြေညာချက် ထုတ်ပြန်လာပါတယ်။
မြန်မာစစ်တပ်က ဒီမိုကရေစီလိုလားတဲ့အတိုက်အခံတွေကို အခုလို ကွပ်မျက်တာဟာ စစ်တပ်ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးကို အလေးမမူမှုကို မီးမောင်းထပ်ထိုးပြတဲ့ ရှုတ်ချဖွယ်ရာလုပ်ရပ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
မတရားသဖြင့် ထိန်းသိမ်းထားတဲ့သူတွေကို အားလုံးကိုလွှတ်ပေးပြီး သူတို့ကို အကျဥ်းထောင်တွေထဲမှာ လွတ်လပ်စွာ ဝင်ရောက်တွေ့ဆုံနိုင်ခွင့်နဲ့ အကြမ်းဖက်မှုကို ထပ်မသွားဘဲ ငြိမ်းချမ်းစွာအဖြေရှာဆွေးနွေးနိုင်ရေးအတွက် အာဆီယံဘုံသဘောတူညီချက်ပါ အချက်တွေကို လိုက်နာဖို့ သက်ဆိုင်ရာနိုင်ငံတွေက တိုက်တွန်းပါတယ်။
ဒါ့ပြင် သက်ဆိုင်ရာမိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းကြောင်း ဖော်ပြပြောဆိုသလို စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာပြည်တွင်းမှာ အသက်ဆုံးပါးခဲ့ရသူတွေကိုလည်း အောက်မေ့လွမ်းဆွတ်တဲ့အကြောင်း၊ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်အတွက် ကြိုးပမ်းတဲ့ မြန်မာပြည်သူတွေရဲ့ရည်မှန်းချက်ကို ထောက်ခံကြောင်း၊ စစ်တပ်အနေနဲ့ အကြမ်းဖက်မှုသုံးနေတာကို ရပ်တန့်ဖို တောင်းဆိုတဲ့အကြောင်း ပူးတွဲကြေညာချက်မှာပါရှိပါတယ်။
ဖျက်ဆီး၊ မီးရှို့ခံရတဲ့အိမ်ခြေပေါင်းနဲ့ ဘာသာရေးအဆောက်ဦပေါင်း ၂ သောင်း ၈ ထောင်ကျော်ရှိပြီ

ဓာတ်ပုံ ရင်းမြစ်, မြိုင်အခြေခံပညာအထွေထွေသပိတ်ကော််မတီ
ဓာတ်ပုံ ပုံစာ, မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့နေအိမ်အချို့ စစ်တပ်ကအာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ကနေ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၅ ရက်အထိ ဆိုရင် ဖျက်ဆီး မီးရှို့ခံရတဲ့ နေအိမ်နဲ့ အဆောက်ဦပေါင်း ၂၈၄၁၉ လုံးထက်မနည်း ရှိနေပြီလို့ ISP Myanmar သုတေသနအဖွဲ့က ပြောပါတယ်။
ဒီအရေအတွက်ဟာ လက်နက်ကိုင်ပဋိပက္ခတွေကြားမှာ မီးရှို့ဖျက်ဆီးခံရတာတွေ၊ လက်နက်၊ ကျည်ထိမှန်လို့ ပျက်စီးခဲ့တာတွေပါ။
အဲ့ဒီအထဲမှာ မီးရှို့ဖျက်ဆီးခံရတာအများဆုံးအနေနဲ့ စစ်ကိုင်းတိုင်းထဲက နေအိမ်ပေါင်း ၂ သောင်းကျော်၊ ဒုတိယကတော့ မကွေးတိုင်းဖြစ်ပြီး ၅၇၀၀ ကျော်၊ ကျန်တဲ့အရေအတွက်တွေကတော့ ချင်း၊ ကယား၊ ရှမ်း၊ မွန်၊ မန္တလေး၊ တနင်္သာရီ၊ ပဲခူး၊ ကရင် စတဲ့ တိုင်းနဲ့ပြည်နယ်တွေက ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းထဲက မီးရှို့ခံရတဲ့ နေအိမ် ၅၇၀၀ ကျော်ထဲမှာ ရွှေဘိုနဲ့ ပုလဲမြို့နယ်က နေအိမ်ပေါင်း ၅၈၅၀ ကျော်ရှိပါတယ်။
အခုနှစ် ဇူလိုင်လအတွင်းမှာပဲ မကွေးတိုင်းထဲက နေအိမ်တွေအပြင် လက်လုပ်ရေနံတွင်းပေါင်း ၁၅၀ ထက်မနည်းလည်း မီးရှို့ဖျက်ဆီးခံရတယ်လို့ ISP Myanmar က ထုတ်ပြန်ထားပါတယ်။
ကိုအောင်သူရဇော်ရဲ့ မိခင်နဲ့ဆက်သွယ်မေးမြန်းချက်

ဓာတ်ပုံ ပုံစာ, ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်တို့နည်းတူ စစ်ကောင်စီရဲ့ပြစ်ဒဏ် စီရင်ခံခဲ့ရသူ ကိုအောင်သူရဇော် စစ်ကောင်စီက သေဒဏ်ပေးကွပ်မျက်လိုက်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ NLD အမတ် ဦးဖြိုးဇေယျာသော်တို့ အပါအ၀င် လေးဦးထဲမှာ ကိုအောင်သူရဇော် (ခေါ်)ကိုကတုံးလည်းပါဝင်ပါတယ်။
ကိုအောင်သူရဇော်မှာတော့ ၉ လအရွယ် သားငယ်တစ်ဦးလည်းကျန်ရစ်ခဲ့ပြီး၊ သူဖမ်းဆီးခံခဲ့ရချိန်က သူ့အမျိုးသမီးမှာ အဲဒီကလေးငယ်ကို ကိုယ်ဝန်ဆောင်ထားချိန်ဖြစ်ပါတယ်။
‘‘၂၃ ရက်နေ့ကတွေ့ရတော့ သားကြီးက ကျန်းကျန်းမာမာနဲ့ ဝလို့ဖြိုးလို့၊ အိမ်ကိုပြန်လာတော့ ပတ်ဝန်းကျင်ကလူတွေကိုပြောနေတာ ကျွန်မသားကြီးက ဝဖြိုးပြီး နှုတ်ခမ်းမွှေးရေးရေးနဲ့ ပိုချောလာတယ်ဆိုပြီးပြောနေလို့ မှမဆုံးသေးဘူး နောက်တရက် အသတ်ခံလိုက်ရပြီဆိုတာကြားရတာ။ နောက်ဆုံးတွေ့တုန်းက သွားတိုက်ဆေးနဲ့ ဖိနပ်မှာနေတယ်။ သူ့မမြင်ရသေးတဲ့ သူ့သားလေး ၉ လသားလေးနဲ့တွေ့လို့ရဖို့လည်းထောင်အာဏာပိုင်တွေကိုတောင်းဆိုထားတာ အဆင်ပြေအောင်လုပ်ပေးမယ်လို့ ပြောခဲ့တာလေ’’ မိခင် ဒေါ်မြင့်မြင့်သန်းက ဘီဘီစီကို ပြောပါတယ်။
ဒီအကြောင်း အပြည့်အစုံရုပ်သံကို ဒီလင့်ခ် ကနေ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
အင်းစိန်ထောင် ဝင်ထွက်ပေါက် သေနတ်နဲ့ပစ်ခတ်ခံရ

ဓာတ်ပုံ ပုံစာ, လှိုင်မြစ်လမ်းပေါ်က အင်းစိန်ထောင် ဝင်ထွက်ပေါက် ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ထဲက အင်းစိန်ထောင်ဗဟိုအကျဥ်းထောင် ဝင်ထွက်ပေါက်တစ်ခုဟာ မနေ့ ဇူလိုင်လ ၂၅ ရက် ညနေပိုင်းတုန်းက သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
အောက်မင်္ဂလာဒုံလမ်းမပေါ်က အင်းစိန်ထောင်ဝင်ထွက်ပေါက်ကို ဆိုင်ကယ်စီးလာတဲ့အမျိုးသား ၂ ယောက်က လာရောက်ပစ်ခတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
ပစ်ခတ်ချိန်ကို ရိုက်ကူးထားတယ်ဆိုတဲ့ရုပ်သံဖိုင်တစ်ခုမှာတော့ အောက်မင်္ဂလာဒုံလမ်းအတိုင်း မောင်းနင်လာတဲ့ ဆိုင်ကယ်တစ်စီးပေါ်က အမျိုးသား ၂ ဦးထဲက တစ်ဦးဟာ ဝင်ထွက်ပေါက်ဘက်ကို ချိန်ရွယ်ပြီး သေနတ် ၃ ချက်ထက်မနည်း ပစ်ခတ်သွားတာကို တွေ့ရပါတယ်။
ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။
ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ YGRF ကတော့ ဒီပစ်ခတ်မှုကို သူတို့ လုပ်ဆောင်တာဖြစ်ပြီး ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးသူရဇော်နဲ့ ဦးလှမျိုးအောင်တို့ကို စစ်ကောင်စီက ပြစ်ဒဏ်စီရင်ခဲ့တာအတွက် လက်တုံ့ပြန်မှုလို့ ထုတ်ပြန်ပြောဆိုပါတယ်။
တစ်ချိန်တည်းမှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့တွေ၊ ချင်းနဲ့ကယားက ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း စစ်ကောင်စီလုပ်ရပ်ကို တုံ့ပြန်မယ်ဆိုပြီး ကြေညာချက်တွေ ထုတ်ပြန်ထားကြပါတယ်။
သေဒဏ်စီရင်မှုကြောင့် အာဏာသိမ်းစစ်တပ်ကို အရင်ထက်ပိုဖိအားပေးသွားမယ်လို့ အမေရိကန်ပြော
မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေကို သေဒဏ်စီရင်မှုကြောင့် အာဏာသိမ်း စစ်ကောင်စီနဲ့ လက်ရှိဆက်ဆံနေတာထက် ပိုပြီးဖိအားပေးသွားဖို့ စဥ်းစားနေပြီလို့ အမေရိကန်ဘက်က ထုတ်ပြောလာပါတယ်။
ပုံမှန် ကျင်းပလေ့ရှိတဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနပြောခွင့်ရ နက်ပရိုက်စ်က ဇူလိုင်လ ၂၅ရက်နေ့မှာ အခုလို ပြောသွားခဲ့တာပါ။
မြန်မာ စစ်တပ်ကို လက်နက်ရောင်းချမှု တားမြစ်ဖို့ကိုလည်း သက်ဆိုင်ရာ နိုင်ငံတွေကို သူကတောင်းဆို လိုက်ပြီး အာဆီယံအဖွဲ့ကြီး အနေနဲ့လည်း မြန်မာကိုယ်စားလှယ်ကို ဒေသတွင်းအစည်းအ၀ေးတွေမှာ တက်ရောက်ခွင့် ပိတ်ပင်ဖို့ သူက ပန်ကြားလိုက်ပါတယ်။
သူတို့ရဲ့ အခြေခံလူ့အခွင့်အရေးအရ လှုပ်ရှားဆောင်ရွက်ခဲ့တဲ့ ရွေးကောက်ခံ လွှတ်တော် အမတ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ ကိုဂျင်မီ၊ ကိုလှမျိုးအောင် နဲ့ ကိုအောင်သူရဇော်တို့ကို သတ်ဖြတ်ခဲ့တဲ့အတွက် မြန်မာစစ်ခေါင်းဆောင်တွေကို အမေရိကန် ပြည်ထောင်စု က အပြင်းထန်ဆုံး ရှုတ်ချတယ်လို့ အမေရိကန် နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင်ကန်က အစောပိုင်း တုန်းက ထုတ်ပြန်ခဲ့ပါတယ်။
“ဒီလုပ်ရပ်တွေဟာ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို လုံး၀ မျက်ကွယ်ပြုထားတယ်ဆိုတာ ထပ်မံမီးမောင်းထိုးပြနေတယ်” လို့ ဘလင်ကန်က ပြောပါတယ်။
စစ်ကောင်စီရဲ့အရှက်သိက္ခာမဲ့ အတုအယောင် တရားစီရင်မှုတွေနဲ့ ကွပ်မျက်မှုတွေကြောင့် ဒီမိုကရေစီ ပျောက်ကွယ်သွားစေပေမယ့်၊ မြန်မာပြည်သူတွေရဲ့သတ္တိကိုတော့ ရိုက်ချိုးနိုင်မှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ချက်မှာလည်း ဖော်ပြပါတယ်။
အမေရိကန် အစိုးရဟာ ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို တောင်းဆိုနေတဲ့ မြန်မာပြည်သူတွေနဲ့ တသားထဲ ရှိနေပြီး စစ်တပ်အုပ်ချုပ်မှုအောက်ကနေလွတ်မြောက်ပြီး ဒီမိုကရေစီလိုလားမှု ပြသခဲ့တဲ့ မြန်မာလူထုရဲ့ ဆန္ဒကို လေးစားလိုက်နာဖို့ စစ်ကောင်စီကို အမေရိကန်က ပန်ကြားထားပါတယ်။
မြန်မာနိုင်ငံမှာ မနှစ်ဖော်ဖော်၀ါရီ ၁ရက်နောက်ပိုင်း စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသူအရေအတွက် ဟာ၊ အခုအခါ ၂၁၀၀ ကျော်ရှိပြီး အရပ်ဘက်အဖွဲ့အစည်းနဲ့ သတင်းသမားတွေအပါအ၀င် ထောင်သောင်း ချီတဲ့လူတွေ အဖမ်းခံထားရသလို သိန်းနဲ့ချီတဲ့ဒေသခံအများအပြားလည်း အိုးအိမ် စွန့်ခွာပြေးနေရတယ်လို့ ဆိုထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဘီဘီစီမြန်မာပိုင်း
ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေကို သေဒဏ်ပေး၊ ကွပ်မျက်ခဲ့တဲ့ အာဏာသိမ်း စစ်ကောင်စီနဲ့ လက်ရှိဆက်ဆံနေတာထက် ပိုပြီးဖိအားပေးသွားဖို့ စဥ်းစားနေပြီလို့ အမေရိကန်ဘက်က ထုတ်ပြောလာပါတယ်။ 
ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ဦးဖြိုးဇေယျာသော် ဦးဖြိုးဇေယျာသော်ရဲ့ မိခင်ဒေါက်တာဒေါ်ခင်ဝင်းမေဟာ သားဖြစ်သူသတင်းကို ကြားတဲ့အခါ၊ ဒီကနေ့ မနက်မှာ အင်းစိန်ထောင်ကိုသွားပြီး အခြေအနေစုံစမ်းခဲ့ပါတယ်။
ထောင်အာဏာပိုင်တွေနဲ့ ရအောင်တွေ့ပြီး သားဖြစ်သူရဲ့ ရုပ်အလောင်းကိုပြန်တောင်းခဲ့ပေမယ့် မရခဲ့သလို တွေ့မြင်ခွင့်လည်း မရခဲ့ပါဘူး။
ဒီအခြေအနေတွေအပါအဝင် သောကြာနေ့က သားဖြစ်သူနဲ့ နောက်ဆုံးတွေ့ခဲ့ရတဲ့ အကြောင်းတွေကို ဘီဘီစီက ဆက်သွယ်မေးကြည့်ထားတဲ့ ရုပ်သံကို ကြည့်ရှုနိုင်ပါတယ်။
စစ်ကောင်စီက အရပ်သားတွေကို သေဒဏ်ပေးမှု - တိုကျိုက ICRC ရုံးရှေ့ မြန်မာတွေ ဆန္ဒပြ

ဓာတ်ပုံ ရင်းမြစ်, ရောင်စုံနွေဦး
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဂျင်မီနဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်တို့ကို စီရင်လိုက်ပြီလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပြီးတဲ့နောက် ဂျပန်ရောက် မြန်မာတွေက တိုကျိုမြို့က နိုင်ငံတကာကြက်ခြေနီ(ICRC)ရုံးရှေ့မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီကို အရေးယူဆောင်ရွက်ပေးဖို့ ဂျပန်ရောက် မြန်မာ ၁၀၀ နီးပါးက ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ရောင်စုံနွေဦး
ဦးဂျင်မီ၊ ဦးဇေယျာသော်၊ ဦးသူရဇော်၊ ဦးလှမျိုးအောင်တို့ကို စစ်ကောင်စီက ဖမ်းဆီးကွပ်မျက်ခဲ့တာကို မကျေနပ်ကြောင်းပြသဖို့၊ နိုင်ငံရေး အကျဉ်းသားတွေကို မတရားသဖြင့် သေဒဏ်ချမှတ်တာကို အရေးယူပေးဖို့၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုကိုအရေးယူဖို့၊ နိုင်ငံရေးအကျဉ်းသားတွေအပေါ်စစ်ကောင်စီရဲ့ဖိနှိပ်ချုပ်ချယ်မှုတွေကို ချက်ချင်း အရေးယူ ဆောင်ရွက်ပေးဖို့ စတဲ့အချက်တွေကို အဓိကထားတောင်းဆိုခဲ့တယ်လို့ ဆန္ဒဖော်ထုတ်ပွဲမှာ ပါဝင်သူတွေက ပြောပါတယ်။
မြိုင်မြို့နယ်မြောက်ပိုင်းကျေးရွာတွေကို စစ်ကောင်စီတပ် ဝင်ရောက်နေ

ဓာတ်ပုံ ရင်းမြစ်, မြိုင်အခြေခံပညာအထွေထွေသပိတ်ကော််မတီ
ဓာတ်ပုံ ပုံစာ, ကျောက်ကန်ရွာက မီးရှို့ခံခဲ့ရနေအိမ်တွေ မကွေးတိုင်း၊ မြိုင်မြို့နယ်မြောက်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က ဝင်ရောက်နေပြီး နေအိမ်တွေကို မီးရှို့ခံရမှု၊ လူသေဆုံးမှုဖြစ်စဥ်တွေ ရှိထားတယ်လို့ မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီက ဒီနေ့ ဇူလိုင်လ ၂၅ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
စစ်ကောင်စီတပ်ဟာ မြိုင်မြို့နယ်မြောက်ပိုင်းက ကျောက်ကန်ကျေးရွာကို ပြီးခဲ့တဲ့ဇူလိုင်လ ၂၃ ရက်နေ့တုန်းက ဝင်ရောက်မီးရှို့ခဲ့ပြီး နေအိမ် ၁၀၀ ကျော် မီးထဲပါသွားခဲ့တယ်လို့လည်း ဆိုပါတယ်။
ကျောက်ကန်ကျေးရွာကို စစ်ကောင်စီတပ်ဝင်ရောက်ချိန်အတွင်း အရပ်သားတစ်ဦးသတ်ဖြတ်ခံရသလို မီးရှို့ဖျက်ဆီးခံရတဲ့အလောင်းကို ပြန်တွေ့ခဲ့တယ်လို့လည်း ကော်မတီက သတင်းထုတ်ပြန်ပါတယ်။
ကျောက်ကန်ကျေးရွာအပြင် ကျောင်းရပ် ၊ ကျောက်တောင် ၊ သီတင်းပင် ၊ ဘန့်ဘိုး စသည့် ကျေးရွာများကိုလည်း စစ်ကောင်စီတပ်က ဝင်ရောက်မွှေနှောက်ခဲ့သလို မနေ့တုန်းကလည်း ဓမ္မသာရကျေးရွာက နေအိမ်တွေ မီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ မီးလောင်ပျက်စီးမှု ပမာဏကို မသိရသေးပေမဲ့ အဲဒီကျေးရွာတွေက ထောင်နဲ့ချီတဲ့အရပ်သားတွေဟာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သပိတ်ကော်မတီကပြောပါတယ်။
ဦးဂျင်မီနဲ့ဦးဖြိုးဇေယျာသော်တို့ကို သေဒဏ်ပေးမှု- ဒေါ်အောင်ဆန်းစုကြည်သိရှိပြီး စိတ်မကောင်းဖြစ်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ ကို သေဒဏ်စီရင်မှုကို ဒေါ်အောင်ဆန်းစုကြည် သိရှိသွားပြီဖြစ်ပြီး စိတ်မကောင်းဖြစ််နေကြောင်း တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအ၀ိုင်းက သိရပါတယ်။
"သူကတော့ သိသွားတယ်။ မနက်ခင်း ရုံးချိန်းမတိုင်ခင် အမှုအကြောင်း ဆွေးနွေးရင်းက သတင်းကိုသိသွားတယ်။ သိသိချင်းမှာပဲ မျက်နှာကတော်တော်မကောင်းဘူး။ စိတ်မကောင်းတော်တော်ကိုဖြစ်သွားတယ်။ ဘာမှ မှတ်ချက်ပြုတုံ့ပြန်ပြောကြားသွားတာတော့မရှိဘူး"လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအ၀ိုင်းကပြောပါတယ်။
ဦးဖြိုးဇေယျာသော်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အားထားရတဲ့ NLD ပါတီ၀င်တစ်ဦးဖြစ်ပြီး ၂၀၁၅ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအရ အရေးပါတဲ့ပြည်တွင်းပြည်ပခရီးစဥ်တွေမှာ လိုက်ပါဆောင်ရွက်ခဲ့ရသူတစ်ဦးလည်းဖြစ်ပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီဟာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးတဲ့ ပုဂ္ဂိုလ်ရေးဆက်ဆံမှုလည်းရှိသူတစ်ဦးဖြစ်ပြီး သူနဲ့ရင်းနှီးတဲ့ လူပုဂ္ဂိုလ်နှစ်ဦးရဲ့သတင်းနဲ့ပတ်သက်လို့ စိတ်မကောင်းဖြစ်နေတာသိရကြောင်း တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအ၀ိုင်းကပြောပါတယ်။
ဒီနေ့ ဇူလိုင် ၂၅ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ရဟတ်ယာဥ်အမှုတွေနဲ့ပတ်သက်လို့ နေပြည်တော်အချုပ်ထောင်တွင်းတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် စီးပွားရေးလုပ်ငန်းရှင်ဦးမောင်၀ိတ်နဲ့ဆက်စပ်တဲ့အဂတိ ၂မှုကိုလည်း စွဲချက်တင်ခဲ့ပြီး ဒီအမှုတွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့မှာအပြစ်မရှိကြောင်း ထွက်ဆိုခဲ့တယ်လို့သိရပါတယ်။
ဦးဂျင်မီနဲ့ဦးဖြိုးဇေယျာသော်တို့ကို သေဒဏ်စီရင်မှုနဲ့ပတ်သက်လို့ အပစ်ရပ်အဖွဲ့တွေ ဘာပြောလဲ

ဓာတ်ပုံ ရင်းမြစ်, NCA-EAOs
ဓာတ်ပုံ ပုံစာ, PPST အစည်းအဝေးမှာတွေ့ရတဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာ ဒီကနေ့ဇူလိုင် ၂၅ ရက်ထုတ် စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာဖော်ပြထားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်အပါအဝင် လှိုင်သာယာဒေသခံအရပ်သားနှစ်ဦးကို သေဒဏ်စီရင်ဆောင်ရွက်ပြီးပြီဆိုတာဟာ အတည်ဖြစ်၊မဖြစ် ဆက်စောင့်ကြည့်နေဆဲဖြစ်ပြီး သဘောထားမှတ်ချက်မထုတ်ပြန်သေးဘူးလို့ အပစ်ရပ်လက်မှတ်ထိုးအဖွဲ့တွေ စုစည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ PPST ကပြောလာပါတယ်။
"အမှန်တကယ်လုပ်ရင်သူတို့ဘာခံစားရမလဲဆိုတာသိပြီးသားပါ။ ပြည်သူရော ကမ္ဘာနိုင်ငံတကာဘက်က ဘယ်လိုတုံ့ပြန်လဲဆိုတာသိချင်လို့ သွေးတိုးစမ်းနေတာလား၊ ဒါကိုစောင့်ကြည့်မယ်ဆိုတဲ့ သဘောပါ။ တကယ်သာဆိုရင်တော့ ကန့်ကွက်ရမယ့်ကိစ္စပဲ၊ တကယ်မဟုတ်ဘဲ သတင်းလွှင့်တာဆိုရင်တော့ ကျွန်တော်တို့ကအလိမ်မိမှာကြောက်ရတယ်" လို့ PPST အဖွဲ့မှာပါ၀င်တဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ပြည်သူအများစုက ဒီဖြစ်စဉ်အပေါ်ပြင်းပြင်းထန်ထန်တုံ့ပြန်ကြသလို ဒါဟာ မြန်မာနိုင်ငံရေးမှာတွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပိုပြီးခက်ခဲသွားမယ်၊ တစ်နည်းအားဖြင့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း မဖြစ်နိုင်တော့ဘူးဆိုတာ မီးမောင်းထိုးပြနေတယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက ထောက်ပြနေကြပါတယ်။
ကနီ၊ ငဖျက်ရွာကိုစစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်ကို တိုက်ထုတ်ခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ပြော

ဓာတ်ပုံ ရင်းမြစ်, yMDF
ဓာတ်ပုံ ပုံစာ, စစ်ကောင်စီကိုတိုက်ထုတ်နိုင်ခဲ့တဲ့ ကာကွယ်ရေးအဖွဲ့တွေကို ကနီဒေသခံတွေ ကြိုဆိုနေကြတဲ့မြင်ကွင်း ပြီးခဲ့တဲ့ ဇူလိုင် ၂၃ရက်က စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ငဖျက်ရွာနဲ့ ပန်းဆိုင်းရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကြည်းကြောင်းနဲ့ ရေကြောင်းကနေ တိုက်ထုတ်ခဲ့တယ်လို့ Myanmar Defence Force(MDF)က ဒီကနေ့ ဇူလိုင် ၂၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
တစ်နာရီနီးပါးခန့် နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တဲ့ အဲဒီဖြစ်စဥ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးတယ်လို့ဆိုပါတယ်။ ဒီသေဆုံးမှုစာရင်းနဲ့ပတ်သက်ပြီး ဘီဘီစီကတော့ သီးခြား အတည်မပြုနိုင်ခဲ့ပါဘူး။
ဒါ့အပြင် မနေ့ ဇူလိုင် ၂၄ရက်မှာလည်း ချင်းတွင်းမြစ်ကြောင်းအတိုင်း ကုန်သင်္ဘော ၇ စီးနဲ့ ဆန်တက်လာတဲ့ စစ်ကောင်စီရေတပ်ကိုလည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုတွေမှာ အမျိုးသမီးကွန်မန်ဒိုတပ်ဖွဲ့တွေပါ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိ ကနီဒေသအများစုမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်က နယ်မြေစိုးမိုးမှုရရှိထားတယ်လို့ ဒေသခံတွေကပြောကြပါတယ်။
ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီအပါအဝင် ၄ ဦးကို သေဒဏ်ပေးမှု - စစ်ကောင်စီကို အေအေ ဝေဖန်

ဓာတ်ပုံ ရင်းမြစ်, အေအေ
ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီအပါအဝင် ၄ ဦးကို စစ်ကောင်စီက သေဒဏ်ပေးခဲ့တာ မှန်ကန်တယ်ဆိုရင် ဒါဟာ နိုင်ငံတကာ၊ အိမ်နီးချင်းနိုင်ငံကြီးတွေနဲ့ အာဆီယံအသိုင်းအဝိုင်းတို့က တိုက်တွန်းကူညီနေတဲ့ငြိမ်းချမ်းစွာဖြေရှင်းရေး နိုင်ငံရေးအလားအလာ လမ်းစကောင်းတွေကို ခြေနဲ့နင်းဖျက်တဲ့လုပ်ရပ်ဆိုပြီး ရက္ခိုင့်တပ်တော်(အေအေ)က ဒီနေ့ ဇူလိုင်လ ၂၅ ရက်မှာ ထုတ်ပြန်ပြောဆိုလာပါတယ်။
သေဒဏ်ကျခံရမယ့် အကျဥ်းသား ၄ ဦးကို ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီးကြောင်း စစ်ကောင်စီဘက်က နိုင်ငံပိုင်သတင်းစာမှာ ဒီနေ့ သတင်းထုတ်ပြန်လာတဲ့အပေါ် မိသားစု၊ဆွေမျိုး၊ လူထုတစ်ရပ်လုံးနဲ့ ထပ်တူ ဝမ်းနည်းခံပြင်းသလို မြန်မာ့အနာဂတ်နဲ့ ငြိမ်းချမ်းရေးကို ရင်လေးမိတဲ့အကြောင်း အေအေဘက်က အခုလိုပြောဆိုလာတာပါ။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မြန်မာပြည်သူလူထုတစ်ရပ်လုံးက ဒေါသတကြီးနဲ့ တုံ့ပြန်လာမယ့် နောက်ဆက်တွဲ အခြေအနေကို စိုးရိမ်တယ်လို့လည်း အေအေက ပြောပါတယ်။
စစ်ကောင်စီက ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီ၊ ဦးလှမျိုးအောင်နဲ့ ဦးသူရဇော်တို့ကို ရက်စက်စွာ အခုလိုသေဒဏ်ပေးလိုက်ပေမဲ့ သူတို့လေးဦးထက် ပိုပြီး ရဲရင့်ပြီး မြန်မာ့နိုင်ငံရေးအပြောင်းအလဲအတွက် စွန့်လွှတ်စွန့်စားတဲ့ အနာဂတ်သူရဲကောင်းတွေ ထပ်မံမွေးဖွားလာလိမ့်ဦးတယ်ဆိုတာ ယုံကြည်တဲ့အကြောင်း အေအေဘက်က သဘောထား ထုတ်ပြန်ပါတယ်။
မြန်မာ့အရေးဆောင်ရွက်နေတဲ့ ရှေ့ပြေးအသံအဖွဲ့ကတော့ စစ်ကောင်စီရဲ့အခုလုပ်ရပ်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုဖြစ်ပြီး ဒီဖြစ်ရပ်မှာ လုံခြုံရေးကောင်စီအပါအဝင် အာဆီယံနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ စစ်တပ်ကို ဟန့်တားရေး ပျက်ကွက်မှုဖြစ်တယ်လို့လည်း ဝေဖန်ပြောဆိုထားပါတယ်။
ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် တို့ကို ပြစ်ဒဏ်စီရင်ပြီးတာ အတည်ဖြစ်တယ်လို့ မိသားစုကို ထောင်အာဏာပိုင်တုံ့ပြန်

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်
ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်နဲ့ပတ်သက်ပြီး ဖြစ်စဥ်ကို တိတိပပသိရဖို့ အင်းစိန်ထောင်ကိုရောက်နေတဲ့ မိသားစုဝင်တွေကို ပြစ်ဒဏ်စီရင်လိုက်တာအတည်ဖြစ်ကြောင်း ထောင်အာဏာပိုင်တွေက တုံ့ပြန်လိုက်တယ်လို့ အတူသွားရောက်စုံစမ်းတဲ့အထဲ ပါဝင်သူတွေကဘီဘီစီကို အတည်ပြုပါတယ်။
''ကိုဂျင်မီတို့ကို သတ်လိုက်ပြီဆိုတာ အတည်ဖြစ်တယ်လို့ ပြောတယ်။ အလောင်းလည်း ပြန်မရဘူး'' လို့ နီးစပ်သူကပြောပြပါတယ်။
စစ်ကောင်စီဘက်ကရော ထောင်အာဏာပိုင်ဘက်ကပါ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်ကို ဘယ်လို စီရင်ချက်ချတယ်၊ ဘယ်လိုပြစ်ဒဏ်ပေးတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းထုတ်ပြန်တာမရှိပါဘူး။
သက်ဆိုင်ရာ မိသားစုဘက်ကတေ့ာ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်နောက်မှာ ဒီဖြစ်စဥ်ကို သိရှိနိုင်ရေး ထောင်တွင်းအထိဝင်ရောက်မေးမြန်းတာဖြစ်ပါတယ်။
ဦးဖြိုးဇေယျာသော်ကို ဘယ်နေ့၊ ဘယ်အချိန်မှာ ဘယ်လိုပြစ်ဒဏ်စီရင်ခဲ့ဆိုတာကို မိသားစုဝင်တွေ အနေနဲ့ သိရှိဖို့ လိုအပ်သလို ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီးပြီဆိုတဲ့သတင်းကြောင့် မိသားစုက စိုးရိမ်နေတဲ့အပြင် အဖြစ်မှန် သိရှိမှသာ မြန်မာ့ ဓလေ့ထုံးတမ်းအရ ဆောင်ရွက်စရာရှိတာတွေကို ဆောင်ရွက်နိုင်မှာဖြစ်တာကြောင့် အင်းစိန်ထောင်အရာရှိနဲ့တွေ့ဆုံဖို့ တောင်းဆိုတာလို့ မိခင်ဖြစ်သူ ရဲ့တောင်းဆိုစာလည်းထွက်ပေါ်နေပါတယ်။
လက်နက်ပစ္စည်းတွေနဲ့ အတူသိမ်းဆည်းရမိတယ်၊ အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စစ်ကောင်စီက ထုတ်ပြန်ကာ အကြမ်းဖက်မှုဥပဒေပုဒ်မတွေဖြစ်တဲ့ ၄၉(က)၊ ၅၀(စျ)၊ ၅၀(ည)ပုဒ်မတွေနဲ့ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ကို စစ်ခုံရုံးတင်စစ်ဆေးပြီး ဇန်နဝါရီလ ၂၁ ရက်က သေဒဏ်အမိန့်တွေ ချမှတ်ခဲ့ပါတယ်။
ဇူလိုင် ၂၂ ရက် က မိသားစုနဲ့တွေ့ဆုံမှုပေးပြီးနောက် ဘီဘီစီကမေးမြန်းရာမှာတော့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်က ဗိုလ်ချုပ်ဇော်မင်းထွန်းက နောက်ဆုံးပေးတွေ့ခြင်းမဟုတ်ကြောင်းငြင်းဆိုပြီး နောက်ထပ်တွေ့ဆုံခွင့်ပေးဖို့ရှိတယ်လို့ ပြောကြားခဲ့ပေမယ့် အခု ၂ရက် အတွင်းမှာ စီရင်ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။
