တရားမဝင်မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ

စင်္ကာပူနိုင်ငံအရွယ်အစားလောက်ရှိတဲ့ နယ်မြေတစ်ခုမှာ မြေရှားသတ္တု တူးဖော်ရေးလုပ်ကွက်ပေါင်း ၂၇၀၀ ကျော်ကို တွေ့ရှိရတယ်လို့ သဘာဝပတ်ဝန်းကျင်အရေးလေ့လာစောင့်ကြည့်တဲ့ Global Witness က ဒီကနေ့ဩဂုတ် ၉ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ရုရှားနိုင်ငံခြားရေး၀န်ကြီး လက်ဘရော့ဗ် နေပြည်တော်ရောက်ရှိ

    ကမ္ဘောဒီးယားမှာ ကျင်းပနေတဲ့ အာဆီယံနဲ့ဒေသတွင်း ဆက်စပ်အစည်းအဝေးပွဲတက်ရောက်ဖို့ လာရင်း နေပြည်တော်ကို အလုပ်သဘော ဝင်ရောက်တာလို့ နားလည်ရပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, ရုရှားနိုင်ငံခြားရေး

    ဓာတ်ပုံ ပုံစာ, ကမ္ဘောဒီးယားမှာ ကျင်းပနေတဲ့ အာဆီယံနဲ့ဒေသတွင်း ဆက်စပ်အစည်းအဝေးပွဲတက်ရောက်ဖို့ လာရင်း နေပြည်တော်ကို အလုပ်သဘော ဝင်ရောက်တာလို့ နားလည်ရပါတယ်။

    ရှရှား နိုင်ငံခြားရေး၀န်ကြီး ဆာဂေးလက်ဘရော့ဗ်ဟာ နေပြည်တော်ကို ဒီနေ့သြဂုတ်လ ၃ ရက်မနက်ပိုင်းမှာ လေကြောင်းနဲ့ ရောက်ရှိလာပါတယ်။

    ဒါဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်း ကိုးနှစ်ကြာပြီးတဲ့နောက် သူ့ရဲ့ မြန်မာပြည်ခရီးစဥ်လည်းဖြစ်ပါတယ်။

    ဒီခရီးစဥ်အတွင်း မြန်မာစစ်ကောင်စီရဲ့နိုင်ငံခြားရေး၀န်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့တွေ့ဆုံဖို့ရှိတယ်လို့ ရုရှားအခြေစိုက်သတင်းတွေကဖော်ပြထားပါတယ်။

    သူ့ခရီးစဥ်အတွင်းမှာ ကုန်သွယ်ရေးနဲ့ စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်တွေကိုလည်း ဆွေးနွေးသွားဖို့ရှိတယ်လို့ သိရပါတယ်။

    ရုရှားနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံကို ဩဂုတ် ၃ ရက်နေ့မှာ အလုပ်သဘော လာရောက်မှာဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

    သူ့ရဲ့ ခရီးစဥ်အတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဟာ စစ်ကောင်စီ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့တွေ့ဆုံဖို့ရှိပြီး အခြားခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မာရီယာ ဇာခရိုဗာကပြောပါတယ်။

    စစ်ကောင်စီဘက်ကတော့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ခရီးစဥ်နဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

    နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဥ်အတွင်း ရုရှား-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး တွေ့ဆုံဆွေးနွေးမယ့်အပြင် ကုန်သွယ်မှု စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတို့အပြင် ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေမှာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးတို့ကို ထည့်သွင်း ဆွေးနွေးမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

    ရုရှားနိုင်ငံခြားရေးဝန်ကြီး ဟာ ၂၀၁၃ ခုနှစ် ဇန်နဝါရီလက မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

  2. ဟုမ္မလင်းမြို့က ရှမ်းနီလူငယ်တစ်ဦး မန္တလေးမှာ ဆေးခန်းပြနေစဥ် အဖမ်းခံရ

    ဟုမ္မလင်းမြို့က တက်ကြွလှုပ်ရှားသူရှမ်းနီလူငယ်တစ်ဦးဟာ မန္တလေးမြို့က ဆေးခန်းတစ်ခုမှာ သြဂုတ်လ ၁ ရက်နေ့က ဆေးကုသဖို့ စောင့်ဆိုင်းနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးတာခံခဲ့ရတယ်လို့ သူရဲ့မိသားစုဝင်တွေနဲ့နီးစပ်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    အဖမ်းခံရတဲ့သူဟာ ဟုမ္မလင်းမြို့နောင်ပကျစ်တောင်ပေါ်ရပ်ကွက်နေထိုင်သူ ကိုကျော်ဝင်းစိန်ဖြစ်ပြီး သူဟာ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပေမယ့် ဘာပြစ်မှုမှ ကျူးလွန်ထားတာမရှိကြောင်းလည်း ဟုမ္မလင်းမြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

    ဆေးခန်းပြစဥ်အဖမ်းခံရတဲ့ ရှမ်းနီလူငယ်ကို မန္တလေးမြို့ကနေ ဟုမ္မလင်းမြို့ကို သြဂုတ်လ ၂ ရက်နေ့က လေယာဥ်နဲ့ ပြန်တင်ပေးလိုက်တယ်လို့ သိရပြီး ဘယ်မှာဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတာနဲ့ ပတ်သက်ပြီး မသိရသေးကြောင်းလည်း မိသားစုနဲ့ နီးစပ်သူတွေကပြောပါတယ်။

    ရှမ်းနီလူငယ် အဖမ်းခံရပြီး စစ်ကောင်စီတပ်တွေက ညှဉ်းပန်းနှိပ်စက်မှာကိုလည်း မိသားစုနဲ့ မိတ်ဆွေတွေက စိုးရိမ်နေကြပါတယ်။

    ဟုမ္မလင်းမြို့ရဲ့ပျူစောထီးအဖွဲ့ထုတ်ပြန်တဲ့ ခြိမ်းခြောက်စာတွေထဲမှာ ကိုကျော်ဝင်းစိန်ရဲ့နာမည်ကို ထည့်သွင်းဖော်ပြ ခြိမ်းခြောက်ခံရတာဟာ ပြီးခဲ့တဲ့နှစ်က ၃ ကြိမ်ထက်မနည်းရှိခဲ့တယ် လို့မြို့ခံတွေက ပြောပါတယ်။

    ကိုကျော်ဝင်းစိန်ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

    ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့က ဟုမ္မလင်းမြို့ နောင်ပကျစ်ရပ်ကွက်မှာ နေထိုင်တဲ့ ကိုကျော်ဝင်းစိန်ရဲ့ မရီးဖြစ်သူ စစ်အာဏာရှင်ဖီဆန်ရေး ( CDM ) မှာ ပါဝင်ခဲ့တဲ့ ကျောင်းဆရာမဖြစ်တဲ့ မမေနှင်းအေးကို အမည်မသိ လက်နက်သမားသုံးဦးက သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့ပါတယ်။

    ကိုကျော်ဝင်းစိန်

    ဓာတ်ပုံ ရင်းမြစ်, Cj

    ဓာတ်ပုံ ပုံစာ, ကိုကျော်ဝင်းစိန်
  3. ရုရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို လာမယ်။

    ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂေးလာရောဗ့်
    ဓာတ်ပုံ ပုံစာ, ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂေးလာရောဗ့်

    ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂေးလာရောဗ့်ဟာ မြန်မာနိုင်ငံကို ဩဂုတ် ၃ ရက်နေ့မှာ အလုပ်သဘော လာရောက်မှာဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

    သူ့ရဲ့ ခရီးစဥ်အတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဟာ စစ်ကောင်စီ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့တွေ့ဆုံဖို့ရှိပြီး အခြားခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မာရီယာ ဇာခရိုဗာကပြောပါတယ်။

    စစ်ကောင်စီဘက်ကတော့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ခရီးစဥ်နဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

    နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဥ်အတွင်း ရုရှား-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး တွေ့ဆုံဆွေးနွေးမယ့်အပြင် ကုန်သွယ်မှု စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတို့အပြင် ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေမှာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးတို့ကို ထည့်သွင်း ဆွေးနွေးမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်၊

    ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂေးလာရောဗ့် ဟာ ၂၀၁၃ ခုနှစ် ဇန်နဝါရီလက မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

    ရုရှားနိုင်ငံခြားရေးဝန်ကြီးဟာ သြဂုတ်လ ၄ ရက် နဲ့ ၅ ရက်နေ့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပမယ့် ရုရှားနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ဖို့ရှိပြီး အာဆီယံက စစ်ကောင်စီခန့် မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားမှာမဟုတ်ဘဲ သူ့အစား နိုင်ငံရေးကိုယ်စား မပြုသူတစ်ဦးကိုပဲ အစည်းအဝေးတက်ရောက်ခွင့်ပေးတဲ့ ဆုံးဖြတ်ချက် ဆက်ထားရှိဆဲဖြစ်ပါတယ်။

  4. ပလက်ဝမှာ အေအေနဲ့ စစ်ကောင်စီတိုက်ပွဲဖြစ်

    ချင်းပြည်နယ်ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်တော်အေအေနဲ့ စစ်ကောင်စီတို့အကြား အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့ကြတယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။

    ပလက်ဝမြို့အောက်ဘက် ကုလားတန်မြစ်အရှေ့ဘက်ခြမ်းက နှမဒါချောင်းအတွင်းမှာရှိတဲ့ စိမ့်စမ်းနဲ့ သဌေးကုန်းကျေးရွာအနီးဝန်းကျင်မှာရှိတဲ့ တောင်ကြောမှာ ဩဂုတ်လ ၁ ရက်နေ့ကစလို့ ဖြစ်ပွားနေတာပါ။

    အဲဒီနေရာတွေမှာပဲ ပစ်ခတ်သံတွေ ဒီကနေ့ မနက် ၁၀ နာရီလောက်ကနေ ညနေ ၃ နာရီလောက်ထိကို ကြားနေခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

    နေလယ် ၂ နာရီလောက်မှာတော့ တုံးမဝ ကျေးရွာကျောင်းကနေ ရေးမဝကျေးရွာကို ကျောင်းသားတွေတင်ဆောင်ပြီး ပြန်လာတဲ့ စက်လှေတစ်စီးကို နှမဒါချောင်းဝမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်လို့ ကျောင်းသားနှစ်ဦးသေဆုံးပြီး နောက်ထပ်ကျောင်းသားနှစ်ဦးနဲ့ ကျောင်းလုပ်သားတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြတယ်လို့ သိရပါတယ်။

    တိုက်ပွဲဖြစ်ပွားမှုနဲ့ပတ်သက်လို့နှစ်ဖက်တပ်တွေရဲ့ တာဝန်ရှိသူတွေဆီကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အဆက်အသွယ်မရသေးပါဘူး။

    ပလက်ဝတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ကုလားတန်မြစ် အနောက်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာအနီးဝန်းကျင်တွေမှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

    အခုတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေဟာ လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်နဲ့အစောပိုင်းကာလက ပလက်ဝမြို့နယ်အတွင်း အေအေနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ကြတဲ့နေရာတွေဖြစ်ပြီး တိုက်ပွဲတွေ အတွင်း ကျေးရွာတွေမီးရှို့ခံရတာ၊ လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲတာတွေကြောင့် ဒေသခံ တွေထွက်ပြေးနေကြရတာလည်းဖြစ်ပါတယ်။

    ပလက်ဝ

    ဓာတ်ပုံ ရင်းမြစ်, Myint Lwin

    ဓာတ်ပုံ ပုံစာ, ပလက်ဝ
  5. မြင်းမူ၊ လက်ပံကျင်းရွာအနီးက ကာကွယ်ရေးစခန်းကို စစ်တပ်က ရဟတ်ယာဥ်သုံးပြီး စီးနင်း, ရွာကို ဝိုင်းထားချိန် မူကြိုကလေးငယ်တွေနဲ့အရပ်သား ၁၆၀ နီးပါး ပိတ်မိနေ

    မြင်းမူ၊ လက်ပံကျင်းရွာအနီးက ကာကွယ်ရေးစခန်းကို စစ်တပ်က ရဟတ်ယာဥ်သုံးပြီး စီးနင်း

    ဓာတ်ပုံ ရင်းမြစ်, screengrab

    စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ထဲက လက်ပံကျင်းကျေးရွာအနီးမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေရဲ့စခန်းကို စစ်ကောင်စီတပ်က ရဟတ်ယာဥ်တွေသုံးပြီး ပစ်ခတ် စီးနင်းမှုကို မနေ့ သြဂုတ်လ ၁ ရက်တုန်းက ပြုလုပ်ခဲ့တာကြောင့် စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

    စစ်တပ်ဟာ ကာကွယ်ရေးစခန်းတွေကို ဝင်ရောက်စီးနင်းချိန်မှာ အနီးနား လက်ပံကျင်းကျေးရွာထဲကို ဝိုင်းခဲ့တာ ကြောင့် အဲဒီက ကြားကာလပညာရေးကျောင်းမှာ မူကြိုတက်နေတဲ့ကလေးငယ် ၆၀ ကျော်နဲ့ အရပ်သား ၁၀၀ နီးပါး ရွာထဲ ပိတ်မိနေတယ်လို့ သိရပါတယ်။

    လက်ရှိမှာကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝိုင်းထားဆဲဖြစ်ပြီး လူသေဆုံးတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ကာကွယ်ရေးစခန်းတွေကို စစ်တပ်က ဝင်ရောက်စီးနင်းချိန်အတွင်း ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးတယ်ဆိုပြီး စစ်ကောင်စီဘက်က သတင်းဖြန့်ပေမဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေဘက်ကတော့ သေဆုံးသူတွေဟာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလား၊ အရပ်သားတွေလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ပြောပါတယ်။

    မြင်းမူနဲ့ အရာတော်မြို့နယ် နယ်စပ်က လက်ပံကျင်းရွာကို သွားလို့ရတွေနဲ့ စစ်ကိုင်းကနေ လက်ပံကျင်းရွာဘက်ကို သွားတဲ့လမ်းတွေ၊ နောက် မြောင်ကနေ မြင်းမူကို သွားတဲ့လမ်းတွေမှာ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်တာနဲ့ ကင်းပုန်းစောင့်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

  6. အာဆီယံ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို မြန်မာသံအမတ်တက်ရောက်

    အာဆီယံ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို မြန်မာသံအမတ်တက်ရောက်

    ဓာတ်ပုံ ရင်းမြစ်, AKP

    ဓာတ်ပုံ ပုံစာ, ၁၃)ကြိမ်မြောက်မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှုအဆင့်မြင့် အရာရှိကြီးများအစည်းအဝေးကိုတက်ရောက်နေတဲ့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း

    ကမ္ဘောဒီးယားနိုင်ငံမှာ မနေ့ သြဂုတ်လ ၁ ရက်တုန်းက ကျင်းပတဲ့ အာဆီယံ အဆင့်မြင့်အရာရှိကြီးတွေ အစည်းအဝေးကို စစ်ကောင်စီလက်အောက်က ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း တက်ရောက်တာ တွေ့ရပါတယ်။

    ဦးသစ်လင်းအုန်းဟာ အဲဒီအစည်းအဝေးပွဲအပြင် အိန္ဒိယ၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတွေက အဆင့်မြင့် အရာရှိကြီးတွေ တက်ရောက်တဲ့ (၁၃)ကြိမ်မြောက်မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှုအဆင့်မြင့် အရာရှိကြီးများအစည်းအဝေးကိုလည်း တက်ရောက်တာတွေ့ရပါတယ်။

    ဒီအစည်းအဝေးတွေဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

    နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ ဖနွမ်ပင်မြို့ကို ရောက်နေပြီဖြစ်ပါတယ်။

    အာဆီယံက စစ်ကောင်စီခန့် မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားမှာမဟုတ်ဘဲ သူ့အစား နိုင်ငံရေးကိုယ်စား မပြုသူတစ်ဦးကိုပဲ အစည်းအဝေးတက်ရောက်ခွင့်ပေးတဲ့ ဆုံးဖြတ်ချက် ဆက်ထားရှိဆဲဖြစ်ပါတယ်။

    ဒါပေမဲ့ လက်ရှိ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဟာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မြန်မာကိုယ်စားပြု တက်ရောက်မလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

  7. မူဆယ်မြို့လယ်ခေါင်မှာ ပြည်သူ့စစ် ၂ဦး ပစ်ခတ်ခံရ, မူဆယ်ရဲစခန်းလည်း မနေ့ညကပစ်ခတ်ခံပြီး လူသေဆုံးမှုရှိတယ်လို့

    မူဆယ်မြို့လယ်ခေါင်မှာ ပြည်သူ့စစ် ၂ဦး ပစ်ခတ်ခံရ၊ အခုအပစ်ခံရတဲ့နေရာဟာ မနေ့က ဗုံးဖောက်ခွဲခံခဲ့ရတဲ့ မူဆယ်မြို့လယ်ခေါင် မီးပွိုင့်အနီးမှာဖြစ်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, ရွှေဖီမြေ

    ဓာတ်ပုံ ပုံစာ, အခုအပစ်ခံရတဲ့နေရာဟာ မနေ့က ဗုံးဖောက်ခွဲခံခဲ့ရတဲ့ မူဆယ်မြို့လယ်ခေါင် မီးပွိုင့်အနီးမှာဖြစ်ပါတယ်။

    ရှမ်းပြည်နယ်၊ မူဆယ်မြို့လယ် မီးပွိုင့်နားရပ်ထားတဲ့ ပြည်သူ့စစ် ၂ဦး လိုက်ပါလာတဲ့ ကားကို သြဂုတ်လ ၂ရက်၊ ဒီကနေ့ မနက် ၁၁ နာရီလောက်မှာ ဆိုင်ကယ်စီးနင်းလာသူက ပစ်ခတ်ခဲ့တယ်လို့ မူဆယ်ဒေသခံတွေထံကသိရပါတယ်။

    ပစ်ခတ်မှုကြောင့် ကားပေါ်ရှိနေတဲ့ပြည်သူ့စစ် ၂ဦးလုံး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မူဆယ်ဆေးရုံမှာ ဆေးကုသမှု ခံနေရတယ်လို့ သိရပါတယ်။

    ဒါ့အပြင် မနေ့ကညပိုင်းမှာလည်း မူဆယ်မြို့ပေါ်က ရဲစခန်းကို လက်နက်ကြီးနဲ့ လာရောက်ပစ်ခတ်ခဲ့သလို၊ မူဆယ်နဲ့ ရွှေလီအကြားက မင်္ဂလာမူဆယ်မြို့သစ်ထဲမှာလည်း ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ မူဆယ်ဒေသခံ တွေထံကသိရပါတယ်။

    မူဆယ်ရဲစခန်း ပစ်ခတ်ခံရမှုမှာတော့ စခန်းလုံခြုံရေးယူထားတဲ့ ပြည်သူ့စစ် ၁ယောက်သေဆုံးပြီး၊ ၃ယောက် ဒဏ်ရာရခဲ့တယ်လို့ မူဆယ်ဒေသခံတစ်ဦးက ဘီဘီစီကိုအတည်ပြုပါတယ်။

    မူဆယ်ရဲစခန်းလုံခြုံရေးကို ပြည်သူ့စစ်တွေအများစုက လုံခြုံရေးရယူပေးထားတာလို့လည်း သူကဘီဘီစီကို ပြောပါတယ်။

    “မူဆယ်မှာအခုရက်ပိုင်း၊ ခိုးဆိုးလုတာ၊ ပြန်ပေးဆွဲတာတွေ တော်တော့်ကိုဆိုးဆိုးဝါးဝါးဖြစ်နေတယ်။ လူထုကနောက်ကျောကိုမလုံဘူး။ ပြန်ပေးစွဲတာအပြင် အခုလိုပစ်ခတ်မှုတွေကအချိန်တိုင်းခဏခဏ ဖြစ်နေတာ၊ လုံခြုံရေးက ဘာမှမရှိဘူး။ ရဲတိုင်လို့လည်းလုံးဝမရဘူး” လို့ မူဆယ်ဒေသခံတစ်ဦးက ပြောပါတယ်။

    မူဆယ်မြို့မှာ ဒီနှစ်ရက်အတွင်း ပစ်ခတ်ပေါက်ကွဲမှုတွေကအရင်ထက်ကို ပိုမိုများပြားလာနေတယ် လို့လည်း မူဆယ်ဒေသခံတွေထံကသိရပါတယ်။

    လုယက်မှုတွေ ပြန်ပေးစွဲမှုတွေအပြင် ပစ်ခတ်ဖောက်ခွဲမှုတွေဆက်တိုက်ဖြစ်နေပေမယ့် ဘယ်အဖွဲ့အစည်း တွေက ပြုလုပ်တယ်ဆိုတာကိုတော့ ဒေသခံတွေဘက်က သိရှိထားတာမရှိသေးပါဘူး။

  8. အာဆီယံနိုင်ငံခြားရေးဝန်ကြီးအများစု ဖနွမ်းပင်မြို့ကို ရောက်နေ

    မြန်မာ့အရေးဆိုင်ရာအာဆီယံအထူးသံတာဝန်ယူခဲ့ဖူးသူ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး ၂

    ဓာတ်ပုံ ရင်းမြစ်, AKP

    ဓာတ်ပုံ ပုံစာ, မြန်မာ့အရေးဆိုင်ရာအာဆီယံအထူးသံတာဝန်ယူခဲ့ဖူးသူ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး ၂

    ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပမယ့် ၅၅ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးအတော်များများ မနေ့ သြဂုတ်လ ၁ ရက်နဲ့ ဒီနေ့ သြဂုတ်လ ၂ ရက်မှာ ဖနွမ်းပင်မြို့ကို ရောက်ရှိနေကြပြီဖြစ်ပါတယ်။

    အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်အပြင် ဗီယက်နမ်၊ ဘရူနိုင်းနိုင်ငံတို့က နိုင်ငံခြားဝန်ကြီးတွေ မနေ့ကတည်းက ဖနွမ်းပင်ကို ရောက်နေတာဖြစ်ပြီး ထိုင်း၊ စင်ကာပူနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတွေကတော့ ဒီနေ့မှာ ရောက်ရှိတာဖြစ်ပါတယ်။

    အင်ဒိုနီးရှားနဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးတွေဟာ အစည်းအဝေးပွဲမတိုင်ခင်  စင်ကာပူနိုင်ငံမှာ အရင်တွေ့ဆုံထားကြပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, @Menlu_RI

    ဓာတ်ပုံ ပုံစာ, အင်ဒိုနီးရှားနဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးတွေဟာ အစည်းအဝေးပွဲမတိုင်ခင် စင်ကာပူနိုင်ငံမှာ အရင်တွေ့ဆုံထားကြပါတယ်။

    အိမ်ရှင် ကမ္ဘောဒီးယားနိုင်ငံရဲ့ သတင်းထုတ်ပြန်ချက်အရ ဖီလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကတော့ ကျန်းမာရေးကြောင့် ဒီအစည်းအဝေးကို တက်ရောက်မှာမဟုတ်ဘဲ သူ့ကိုယ်စား အကြီးတန်းအရာရှိကြီးတစ်ဦးပဲ တက်ရောက်မယ်လို့ သိရပါတယ်။

    မြန်မာနိုင်ငံကတော့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးပွဲကို ကိုယ်စားပြုတက်ရောက်မယ့်သူ မရှိသေးပါဘူး။

    အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယား နိုင်ငံဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအစည်းအဝေးပွဲအပြင် ဆက်စပ်အစည်းအဝေးတွေကို ဇူလိုင်လ ၂၉ ရက်ကနေ သြဂုတ်လ ၅ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

    အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက အစိုးရအဆင့်မြင့်အရာရှိကြီးတွေ၊ နိုင်ငံခြားရေးဝန်ကြီးတွေအပါအဝင် တရုတ်၊ ဂျပန်၊ အမေရိကန်၊ သြစေတးလျ၊ ရုရှား၊ ဂရိ၊ နော်ဝေ၊ နယူးဇီလန်စတဲ့ နိုင်ငံပေါင်း ၄၀ နီးပါးက နိုင်ငံခြားရေးဝန်ကြီးတွေပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေ ကမ္ဘောဒီးယားကို လာရောက်ဖို့ရှိနေပါတယ်။

  9. ရန်ကုန်မှာ အခိုးခံရတဲ့ဘတ်စ်ကား ယာဥ်တိုက်မှုအတွင်း ကလေးငယ် တစ်ဦးအပါအဝင် ၂ ဦးသေဆုံး

    ရန်ကုန်မှာ အခိုးခံရတဲ့ဘတ်စ်ကား ယာဥ်တိုက်မှုအတွင်း ကလေးငယ် တစ်ဦးအပါအဝင် ၂ ဦးသေဆုံး၊၂ ကြိမ် ယာဥ်တိုက်မှုမှာ ၂ ဦးသေဆုံးပြီး ၂ ဦးအပြင်းအထန်ဒဏ်ရာရထားပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, လူထုမိတ်ဆွေ

    ဓာတ်ပုံ ပုံစာ, ၂ ကြိမ် ယာဥ်တိုက်မှုမှာ ၂ ဦးသေဆုံးပြီး ၂ ဦးအပြင်းအထန်ဒဏ်ရာရထားပါတယ်။

    ရန်ကုန်မြို့မှာ ဂတ်စ်ဖြည့်ဖို့ ရပ်ထားတဲ့ YBS ဘတ်စ်ကားတစ်စီးကို အမျိုးသားတစ်ဦးက ခိုးယူမောင်းနှင်ခဲ့ပြီး ခိုးယူသွားတဲ့လမ်းကြောင်းမှာ ယာဥ်တိုက်မှု ၂ ခု ဖြစ်ခဲ့တာကြောင့် ကလေးငယ် တစ်ဦးနဲ့ အမျိုးသမီး တစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

    လူထုမိတ်ဆွေယာဥ်လိုင်းက ဘတ်စ်ကားတစ်စီးဟာ ဒီနေ့ သြဂုတ်လ ၂ ရက်မနက်အစောပိုင်းမှာ ရွှေပြည်သာကွေ့က CNG ဓာတ်ငွေ့ဆိုင်မှာ ဂတ်စ်ဖြည့်ဖို့ စောင့်ဆိုင်းနေတုန်း ခိုးယူမောင်းနှင်ခံရတာလို့ အဲဒီယာဥ်လိုင်းဘက်က သတင်းထုတ်ပြန်ပါတယ်။

    အဲဒီကားဟာ အင်းစိန်မြို့နယ်ထဲက ဒညင်းကုန်းလမ်းဆုံမီးပွိုင့်မှာ ပထမဆုံး ယာဥ်တိုက်မှုဖြစ်ခဲ့တာကြောင့် အသက် ၁၂ နှစ်အရွယ်ယောက်ျားလေးတစ်ဦး သေဆုံးခဲ့ပြီး နောက်ထပ် သက်လတ်ပိုင်းအရွယ် လူ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

    ဒဏ်ရာရသူတွေထဲက ၂ ဦးဟာ ဦးခေါင်းကို ထိခဲ့တာကြောင့် စိုးရိမ်ရတဲ့အနေအထားနဲ့ အင်းစိန်ဆေးရုံကို ပို့ခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတွေက ပြောပါတယ်။

    အဲဒီနောက် ဂျပန်လမ်း ကားဂိတ်မှာ ဖြစ်ပွားတဲ့ ဒုတိယမြောက် ယာဥ်တိုက်မှုမှာ လမ်းဘေးမှာရှိနေတဲ့ အမျိုးသမီးတစ်ဦးလည်း ကားနဲ့တိုက်ခံရပြီး အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးခဲ့သလို ကားဟာလည်း လမ်းဘေး ဓာတ်တိုင်ကို တိုက်မိကာ ရပ်တန့်သွားခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

    ယာဥ်လိုင်းဘက်ကတော့ ယာဥ်တိုက်မှုဖြစ်စဥ်တွေမှာ လူသေဆုံးတာကို သတင်းမထုတ်ပြန်ပေမဲ့ ကားကိုမောင်းနှင်ခဲ့သူ အမျိုးသားကို အင်းစိန်၊ ရွာမ ယာဥ်မှုစစ်ရုံးမှာ ထိန်းသိမ်းထားတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

    စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ရန်ကုန်မြို့မှာ ဘတ်စ်ကားလိုင်းတစ်ချို့ကို ပစ်မှတ်ထားတဲ့ ဖောက်ခွဲမှုတွေ ပေါ်ပေါက်ခဲ့ပေမဲ့ ဘတ်စ်ကားတစ်စီး အခုလို ယူဆောင်မောင်းနှင်ခံရပြီး လူသေဆုံးတဲ့အထိဖြစ်တဲ့ ယာဥ်တိုက်မှုဖြစ်တာကတော့ ပထမဆုံးဖြစ်ပါတယ်။

  10. မန္တလေးမှာ စစ်ကောင်စီဆန့်ကျင်ရေး မြို့ပြပြောက်ကျား လူငယ် ၁၀ ‌ဦးထက်မနည်း ဖမ်းဆီးခံရ

    မန္တလေးမှာ စစ်ကောင်စီဆန့်ကျင်ရေး မြို့ပြပြောက်ကျား လူငယ် ၁၀ ‌ဦးထက်မနည်း ဖမ်းဆီးခံရ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    မြို့ပြပြောက်ကျား လူငယ် ၁၀ ဦးထက်မနည်းဟာ မနေ့ သြဂုတ်လ ၁ ရက်မှာ မန္တလေးမြို့၊ မြောက်ပြင်အရပ်က နေအိမ်တစ်အိမ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

    ဒီလူငယ်တွေဟာ Myanmar Return Ranger Force- M.R.R.F အဖွဲ့ကလို့ သိရပြီး မြို့ပြပြောက်ကျား မစ်ရှင်လုပ်ဖို့ မန္တလေးမြို့ထဲပြန်ဝင်လာချိန်မှာပဲ အခုလို ဖမ်းဆီးခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

    ‘‘၈၆ လမ်းထိပ်မှာ မနက် ၇ နာရီလောက်တုန်းက ဝင်စီးပြီး ဖမ်းသွားတာပါ။ ပစ္စည်းတွေ ပါသွား မသွား မသိရသေးပေမဲ့ သူတို့ကို ဒီအတိုင်း ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေက ပြောကြပါတယ်။ ရှေ့တစ်ခေါက်မှာ လုပ်ခဲ့တဲ့ မစ်ရှင်မှာ သူတို့အဖွဲ့ခေါင်းဆောင်ရဲ့ဖုန်းက ကျန်ခဲ့ပြီးတော့ စစ်ကောင်စီတပ်ဘက်က အဲဒါကို ဆက်ကိုင်ပြီး နောက်ပိုင်းဆက်ဖြစ်လာတာပါ။ အခုဖြစ်စဥ်ကလည်း သူတို့ ပြောက်ကျားလုပ်ဖို့ ပြန်ဝင်လာချိန်မှာ စစ်တပ်က အချိန်မီ သိသွားတယ်။ နောက်ပြီး သူတို့ အဲဒီရပ်ကွက်က သတင်းပေးကလည်း ယောက်ျားလေးတွေ အများကြီးစုနေကြတယ်ဆိုပြီး သတင်းပေးလိုက်တော့ မနက်ခင်း လာဖမ်းသွားတယ်လို့ ယူဆရတယ်'' လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ပြောပါတယ်။

    တစ်ချိန်တည်းမှာပဲ ပြီးခဲ့တဲ့တစ်လအတွင်း မန္တလေးမြို့မှာ စစ်အာဏာသိမ်းဆန့်ကျင်ရေးပြုလုပ်ရင်း ဖမ်းဆီးခံရသူ ၃၀ ကနေ ၅၀ ဝန်းကျင်ရှိပြီး လက်တလောမှာ စစ်ကောင်စီတပ်ဘက်က ဧည့်စာရင်း စစ်ကာ ဖမ်းဆီးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

  11. NUG ရဲ့ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးဖွင့်, သြစတေးလျရုံးဖွင့်ပွဲကိုလည်း သြစတေးလျအစိုးရအရာရှိတွေတက်ရောက်ဖို့ရှိ

    NUG ရဲ့ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးဖွင့်

    ဓာတ်ပုံ ရင်းမြစ်, NUG

    အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးကို ဂျပန်နိုင်ငံမှာ တရားဝင်ဖွင့်လှစ်လိုက်ပြီလို့ အဲဒီကိုယ်စားလှယ်ရုံးက လူမှုကွန်ရက်ကနေ သတင်းထုတ်ပြန်ကြေညာ ပါတယ်။

    ရုံးဖွင့်ပွဲကို ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ ဇူလိုင်လ ၃၁ ရက်တုန်းက ပြုလုပ်ခဲ့တာဖြစ်ပြီး NUG အစိုးရရဲ့ ဝန်ကြီးတွေ၊ လွှတ်တော်အမတ်တွေ ၊ မီဒီယာတွေ၊မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ ရဲတာဝန်ခံတွေနဲ့ သက်ဆိုင်ရာဧည့်သည်တော်များအား တက်ရောက်ခဲ့ကြပါတယ်။

    NUG ရဲ့ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးအကြီးအကဲအဖြစ် ကိုယ်စားလှယ်ဦးစောဘလှသိန်း ဦးဆောင်မှာဖြစ်ပါတယ်။

    NUG ရဲ့ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးဖွင့်

    ဓာတ်ပုံ ရင်းမြစ်, NUG

    တစ်ချိန်တည်းမှာပဲ လာမယ့်သီတင်းပတ်မှာ သြစတေးလျနိုင်ငံ၊ ကန်ဘာရာမြို့မှာ ဖွင့်လှစ်မယ့် အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်ရုံးကိုလည်း သြစတေးလျနိုင်ငံခြားရေးဝန်ကြီးဌာနက အကြီးတန်းအရာရှိတွေ တက်ရောက်ဖို့ ရှိနေတယ်လို့ အဲဒီကလာတဲ့သတင်းတွေမှာဖော်ြပပါတယ်။

    မြန်မာသံရုံးနဲ့အနည်းငယ်သာလှမ်းမယ့် အဲဒီကိုယ်စားလှယ်ရုံး ဖွင့်နိုင်ဖို့ သြစတေးလျရောက် မြန်မာတွေက အကူအညီပေးထားကြတာလို့ ကိုယ်စားလှယ်ရုံးတာဝန်ခံ ဒေါက်တာ ထွန်းအောင်ရွှေက ပြောထားဆိုပြီး အေဘီစီသတင်းမှာ ဖော်ပြပါတယ်။

    'လူတွေက NUG ဟာ လေအစိုးရလို့ ပြောကြတယ်။ ဒီကိုယ်စားလှယ်ရုံးဖွင့်လှစ်တာဟာ ကျွန်တော်တို့ဟာ လေချည်းသက်သက်မဟုတ်ဘဲသြစတေးလျနိုင်ငံထဲမှာ ကျွန်တော်တို့ တရားဝင်ရှိနေပြီဆိုတာကို ပြသလိုက်တာပါပဲ''လို့ သူက ပြောထားပါတယ်။

    အဲဒီရုံးဖွင့်ပွဲကို သြစတေးလျနိုင်ငံခြားရေးဝန်ကြီးဟာ ခရီးသွားနေတာကြောင့် တက်ရောက်မှာမဟုတ်ပေမဲ့ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဌာနက အရာရှိအများစုဟာ ရုံးဖွင့်ပွဲဖိတ်ကြားစာကို လက်ခံထားကြပြီးပြီဖြစ်တယ်လို့သိရပါတယ်။

  12. မြင်းမူ၊ လက်ပန်ကျင်းရွာ ရဟတ်ယာဉ်လေးစီးနဲ့ တိုက်ခိုက်‌ခံရ, ရွာ‌သားဆယ်နဲ့ချီပိတ်မိနေတယ်လို့ဆို

    Getty Images

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီပိုင်ရဟတ်ယာဉ်များ (ပုံ‌ဟောင်း)

    ဒီကနေ့ သြဂုတ်လ ၁ရက်၊ မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အပိုင် လက်ပန်ကျင်းရွာကို စစ်ကောင်စီကနေရဟတ်ယာဉ်လေးစီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေကနေ သိရပါတယ်။

    အဲ့ဒီနောက် ရဟတ်ယာဉ်နဲ့စစ်ကောင်စီတပ်သားတွေချပေးခဲ့ပြီး လက်ပန်ကျင်းရွာကို ဝင်ရောက်စီးနင်းခဲ့တာကြောင့် ရွာခံအနည်းဆုံးအယောက် ၇၀လောက်ပိတ်မိနေတယ်လို့ ဆိုပါတယ်။

    "ပဒတ္ထိုင်းရွာမြောက်ခြမ်းကိုလည်း နည်းနည်းပစ်သေးတယ် အဓိကကတော့ လက်ပန်ကျင်းရွာကို ပစ်တာ။ အဲ့ရွာတွေက ကွမ်းစိုက်ပျိုးပြီး အေးအေးချမ်းချမ်းနေတဲ့ ရွာတွေဗျ။ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လာအပစ်ခံရတာ၊ မိန်းကလေးတစ်ယောက်လည်း ဒဏ်ရာရတယ်လို့ကြားရပေမဲ့ အသေးစိတ်ဘာမှမသိရဘူး" လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦး က ဘီဘီစီကိုပြောပါတယ်။

    ဒီလိုပစ်ခတ်မှုဖြစ်ပွားတာကြောင့် မြင်းမူနဲ့အရာတော်မြို့နယ်အစပ်မှာရှိတဲ့ လက်ပန်ကျင်းရွာအပါအဝင် အနီးနားက သူ‌ဋ္ဌေးကုန်း၊ ဝါကျ၊ ပဒတ္ထိုင်းရွာတွေက ဒေသခံတွေပါ စစ်တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

  13. ကျောက်တော် မဟာမုနိဘုရားအနီး အရပ်သားသုံးဦးကို စစ်ကောင်စီက ဖမ်းဆီး

    ကျောက်တော် မဟာမုနိဘုရားအနီး အရပ်သားသုံးဦးကို စစ်ကောင်စီက ဖမ်းဆီး

    ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် မဟာမုနိဘုရားအနီးမှာ အရပ်သားသုံးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီကနေ့ ဩဂုတ်လ ၁ ရက် မနက်ပိုင်း ၁၁ နာရီကျော်လောက်မှာ ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဖမ်းဆီးခံရသူသုံးဦးဟာ မနက်ပိုင်း ၁၁ နာရီလောက်မှာ မဟာမုနိဘုရား မြောက်ဘက်မုခ်က ဒေါစိန်ထမင်းဆိုင်မှာ ထမင်းစားနေကြစဉ် ဘုရားပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့က ရောက်ရှိလာခဲ့ပြီး ဖုန်းတွေကိုစစ်ဆေးကာ ဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

    လက်ရှိမှာတော့ သူတို့ကို ကျောက်တော်အခြေအစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၉) တပ်မကို စစ်အင်အားအများပြားနဲ့ ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

    “သူတို့က မဟာမုနိက ‌ဒေါ်စိန်ထမင်းဆိုင်မှာ ထမင်းစားနေတဲ့အချိန် စစ်သားတွေရောက်လာတယ်။ ပြီးတော့ သူတို့ဖုန်းတွေကို စစ်ဖို့တောင်းတယ်။ စစ်ပြီးတာနဲ့ စစ်သားတွေရောက်လာကြတယ်။ သူတို့ကိုခေါ်သွားတာတွေ့လိုက်ရတယ်”လို့ မျက်မြင်တစ်ဦးကပြောဆိုပါတယ်။

    ဖမ်းဆီးခံရသူတွေထဲမှာ သရက်တစ်ပင်ကျေးရွာသားတစ်ဦးပါဝင်ပြီး ကျန်နှစ်ယောက်ကိုတော့ ဘယ်ကဆိုတာမသိရသေးသလို အေအေနဲ့ဆက်စပ်သူတွေအဖြစ် သံသယနဲ့ဖမ်းဆီးသွားတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

    စစ်ကောင်စီနဲ့ အေအေတို့အကြား နှစ်ဖက်စစ်ရေးတင်းမာလာနေတဲ့အချိန်မှာ တစ်ဖက်နဲ့တစ်ဖက် အခုလိုဖမ်းဆီးတာတွေ ရှိနေပြီး စစ်ကောင်စီရဲ့ သံသယနဲ့ဖမ်းဆီးမှုတွေကြောင့် အရပ်သား ၅၀ ထက်မနည်း ဖမ်းဆီးတရားစွဲဆိုခံထားရပါတယ်။

  14. ပြင်ဦးလွင်ရေကြီးမှု- ‌နေအိမ်၊ လမ်းတွေနဲ့ပန်းစိုက်ခင်းတွေ ပျက်စီး

    ရေကျသွားပြီဖြစ်လို့ သန့်ရှင်းရေးလုပ်ငန်းတွေ စလုပ်နေပြီ

    ဓာတ်ပုံ ရင်းမြစ်, KO AUNG THU

    ဓာတ်ပုံ ပုံစာ, ရေကျသွားပြီဖြစ်လို့ သန့်ရှင်းရေးလုပ်ငန်းတွေ စလုပ်နေပြီ

    မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှာ မနေ့ ဇူလိုင် ၃၁ ရက်ဖြစ်ခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် နေအိမ်အချို့ ပြိုကျပျက်စီးတာ၊ လမ်းတွေပျက်စီးတာနဲ့အုတ်တံတိုင်းပြိုကျတာတွေဖြစ်သလို စီးပွားဖြစ်ပန်းစိုက်ခင်းတွေ ရေထဲမျောပါပျက်စီးခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    ပြင်ဦးလွင်ရဲ့ အထင်ကရ မက်မန်းသီးလုပ်ငန်းတွေက မက်မန်းအိုးတွေ အပါအဝင် အိမ်သုံးပစ္စည်းတွေရေထဲမျောပါသွားတာတွေလည်းဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

    ဒီကနေ့မှာတော့ ရေလုံးဝကျသွားပြီဖြစ်လို့ မြို့တွင်းသန့်ရှင်းတွေလုပ်နေကြတယ်လို့ဆိုပါတယ်။

    မိုး‌ဇလကတော့ ဒါဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀၀၀ကျော်က ပြင်ဦးလွင်မှာ နှစ်ပေါင်း ၃၀ အတွင်း မိုးသည်းထန်စွာရွာလို့ ရေကြီးရေလျှံမှု ဖြစ်ပွားတာပထမဆုံးအကြိမ်လို့ဆိုပါတယ်။

  15. ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဟတ်ယာဉ်ဌားရမ်းမှုနဲ့ ပတ်သက်တဲ့အမှု ဒီကနေ့ ရုံးထုတ်စစ်ဆေး, လာမယ့် ၁၅ရက်မှာ အဂတိအမှု ၄မှုအတွက် အပြီးသတ်အမိန့်ချဖို့ရှိ

    နိုင်ငံပိုင်

    ဓာတ်ပုံ ရင်းမြစ်, နိုိုင်ငံပိုင်

    ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဟတ်ယာဉ်ဌားရမ်းမှုနဲ့ ပတ်သက်တဲ့အမှု ဒီကနေ့ ရုံးထုတ်စစ်ဆေး

    နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံထားရတဲ့ ရဟတ်ယာဉ်ဌားရမ်း/ ဝယ်ယူမှုနဲ့ပတ်သက်တဲ့ အဂတိ အမှုတွေအတွက် ဒီကနေ့ သြဂုတ် ၁ရက်မှာနေပြည်တော်အချုပ်ထောင်ထဲက အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

    အဲဒီ အမှုတွေ အတွက် ဒေါ်အောင်ဆန်းစုကြည်ရော သမ္မတဦးဝင်းမြင့်ပါ တရားစွဲဆို ခံထားရတာဖြစ်ပြီး ဒီကနေ့ ရုံးချိန်းမှာ နှစ်ဦးလုံးရဲ့ ကျန်းမာရေးကောင်းမွန်တယ်လို့ တရားရုံးအသိုင်းအဝိုင်းကနေသိရပါတယ်။

    ဒီကနေ့ မှာ ရဟတ်ယာဉ်ငှားရမ်းမှုသက်တမ်းတိုးတာနဲ့ပတ်သက်ပြီး လူကယ်ပြန်ဒုတိယဝန်ကြီးဟောင်း ဦးစိုးအောင်ကို တရားလိုပြသက်သေအနေနဲ့ စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ ရဟတ်ယာဥ် ဌားရမ်း/ ဝယ်ယူပြင်ဆင် တာနဲ့ ပတ်သက်တဲ့ အဂတိအမှုတွေကတော့ ဆက်လက်စစ်ဆေး‌ဖို့တွေရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

    ကျန်တဲ့အဂတိအမှုတွေထဲ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် လရောင်တော မြေနေရာ စီမံကိန်းနဲ့ဆက်စပ်ပြီးတရားစွဲဆိုထားတဲ့ အဂတိအမှု ၄မှုကိုတော့ လာမယ့် သြဂုတ် ၁၅ရက်၊ တနင်္လာနေ့မှာ အပြီးသတ် စီရင်ချက်ချဖို့ရှိတယ်လို့ သိရပါတယ်။

  16. ထိန်းသိမ်းခံထားရတဲ့ ဂျပန်မီဒီယာသမားကို ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရတောင်းဆို

    မစ္စတာတိုရူကူဘိုတာနဲ့ဆန္ဒပြလူငယ်တွေအရေး အလေးထားဆောင်ရွက်ဖို့ ဂျပန်ရောက် မြန်မာတွေက တိုကျိုမှာရှိတဲ့နိုင်ငံခြားရေးရုံးမှာ မနေ့က ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, ဗမာ့လူငယ်ကွန်ရက်

    ဓာတ်ပုံ ပုံစာ, မစ္စတာတိုရူကူဘိုတာနဲ့ဆန္ဒပြလူငယ်တွေအရေး အလေးထားဆောင်ရွက်ဖို့ ဂျပန်ရောက် မြန်မာတွေက တိုကျိုမှာရှိတဲ့နိုင်ငံခြားရေးရုံးမှာ မနေ့က ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

    ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖမ်းဆီးခံခဲ့ရတဲ့ ဂျပန်နိုင်ငံသား မီဒီယာသမားကို ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရက မြန်မာဘက်ကို ဒီနေ့ သြဂုတ်လ ၁ ရက်မှာ တောင်းဆိုလာပါတယ်။

    ရုပ်သံရိုက်ကူးသူ မစ္စတာတိုရူကူဘိုတာဟာ တောင်ဒဂုံမြို့နယ်၊ ၁၉ ရပ်ကွက်ထဲမှာ လူငယ်အချို့က ပြုလုပ်တဲ့ ဆန္ဒပြပွဲကို ရိုက်ကူးရေးလုပ်ရင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ့ဖမ်းဆီးတာခံခဲ့ရတာပါ။

    ''မြန်မာအာဏာပိုင်တွေအနေနဲ့ သူ့ကို မြန်မြန်လွှတ်ပေးဖို့ ဂျပန်မှာရှိတဲ့ မြန်မာသံရုံးက တောင်းဆိုနေပါတယ်။ စောစောပြန်လွတ်လာအောင်လည်း သံရုံးဘက်က ဆက်လုပ်နေတယ်''လို့ ဂျပန်အစိုးရအဖွဲ့ ဒုတိယအတွင်းဝန်က ပြောပါတယ်။

    လက်ရှိမှာ ဂျပန်နိုင်ငံသား မစ္စတာ တိုရူ ကူဘိုတာကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းနေတဲ့အကြောင်း စစ်ကောင်စီဘက်ကလည်း အတည်ပြုထားပါတယ်။

    မစ္စတာ တိုရုကူဘိုတာဟာ ရုပ်သံမှတ်တမ်းရိုက်ကူးဖို့ မြန်မာနိုင်ငံအတွင်းကို ဇူလိုင်လလယ်မှာ ဝင်ရောက်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေကိုကိုးကားပြီး NHK သတင်းဌာနက သတင်းဖော်ပြပါတယ်။

    မြန်မာစစ်တပ်ဟာ ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းကလည်း ဂျပန်သတင်းထောက် ခီတာဇုမိ ယူကီကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

    သူ့ကိုတော့ သတင်းမှားဖြန့်ဝေတယ်မှုနဲ့ စစ်တပ်က တရားစွဲဆိုခဲ့ပေမဲ့ သူ့ကို ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရက တောင်းဆိုပြီး တစ်လခန့်အကြာမှာပဲ မစ္စတာခီတာဇုမိ ယူကီ ပြန်လွတ်သွားပါတယ်။

  17. မူဆယ်၊ နာရီစင်မီးပွိုင့်လမ်းဆုံမှာ ဗုံးပေါက်, လူ ၆ဦးထိခိုက်ဒဏ်ရာရတယ်လို့ဆို

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မူဆယ်၊ နာရီစင်မီးပွိုင့်လမ်းဆုံမှာ ဗုံးပေါက်

    ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်က စစ်ကောင်စီလုံခြုံရေးချထားတဲ့ နာရီစင်နားက ယာဉ်ထိန်းရဲရုံးမှာ ဒီကနေ့ သြဂုတ် ၁ရက်၊ မနက် ၁၁နာရီဝန်းကျင်လောက်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

    ပေါက်ကွဲမှုကြောင့် ယာဉ်ထိန်းရဲတပ်သား၊ ပြည်သူ့စစ်အဖွဲ့ဝင်တွေအပါ လူ ၆ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

    ဒီလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတဲ့အရေအတွက်နဲ့ ပတ်သက်လို့ ဘီဘီစီဘက်က သီးခြားအတည်မပြုနိုသေးပါဘူး။

    ဗုံးပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် အဲ့ဒီမူဆယ်မြို့လယ်က နာရီစင်အနီးတဝိုက်ကို စစ်ကောင်စီဘက်က စစ်ဆေးမှုတွေရှိခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ဒီပေါက်ကွဲမှုနဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းကမှ တစုံတရာထုတ်ပြန်လာတာမတွေ့ရသေးပါဘူး။

  18. ကျော၊ ပုထိုး‌လုံရေနံမြေက အင်ဂျင်နီယာမှူးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ဆို

    မကွေးတိုင်း၊ ‌ကျောမြို့မှာရှိတဲ့ ပုထိုးလုံ ၁၂ မဂ္ဂါဝပ်သဘာ၀ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စက်ရုံက အင်ဂျင်နီယာမှူး ဦးမင်းအောင်ကို စက်ရုံထဲမှာပဲ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ကျောပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေသိရပါတယ်။

    ဒီစက်ရုံဟာ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE လက်အောက်ကဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၇ရက်ကစတင်ဖမ်းဆီးခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ စစ်ဆေးမေးမြန်းမှုတွေ လုပ်နေတယ်လို့ဆိုပါတယ်။

    ဒါပေမဲ့ ဒီပုထိုးလုံစက်ရုံက ဝန်ထမ်းတွေအကုန်လုံးပါ ဖမ်းဆီးခံရတယ်လို့ စစ်ကောင်စီရဲ့ သတင်းတွေကိုဖော်ပြကြတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ တင်ထားတာလည်းတွေ့ရပါတယ်။

    ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်ကတော့ အကုန်လုံးကို မဖမ်းဆီးထားဘူးလို့ ငြင်းဆိုပါတယ်။

    "ဦးမင်းအောင်တစ်ယောက်ထဲဖမ်းထားတယ်။ သူ့ကိုဖမ်းချိန်မှာ ပစ္စတိုနဲ့ ကျည်တွေမိပါတယ်။ သူက ထုတ်လုပ်ရေးအပြင်ကို သူ့ကိုယ်ကျိုးစီးပွားအတွက်လည်း လုပ်တယ်။ လျှပ်စစ်မရအောင် လုပ်ငန်းရပ်အောင်လုပ်တာမဟုတ်ဘူး၊ စစ်ကောင်စီကိုထောက်တိုင်မလို့ ဖမ်းဆီးတာပါ" လို့ ကျောပြည်သူ့ကာကွယ်ရေးအဖွဲ့ (YDF) ကနေ သိရပါတယ်။

    ဦးမင်းအောင်ကို CDM အဖြစ်ပူးပေါင်းဖို့နဲ့ စစ်ကောင်စီကိုထောက်ပံ့မှုတွေမလုပ်ဖို့လည်း သုံးကြိမ်တိတိသတိပေးခဲ့တယ်လို့ YDF ကဆိုပါတယ်။

    ဒီဖမ်းဆီးမှုပြီးတဲ့နောက် စစ်ကောင်စီဘက်က ပုထိုးလုံစက်ရုံထဲ ဝင်ရောက်စစ်ဆေး နေရာ ယူထားပြီလို့ ဒေသခံတွေကပြောကြပါတယ်။

    စစ်ကောင်စီဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တစုံတရာထုတ်ပြန်လာတာမရှိသေးပါဘူး။

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ကုန်းတွင်း ရေနံရှာဖွေ ထုတ်လုပ်ရေးမြင်ကွင်း (ပုံဟောင်း)
  19. တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း အဓိကထားမယ်လို့ RCSS ပြော

    RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်

    ဓာတ်ပုံ ရင်းမြစ်, Tai Freedom

    ဓာတ်ပုံ ပုံစာ, RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်

    ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်အရေးအတွက် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို အဓိက ထားမယ်ဆိုပြီး သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)ဘက်က ပြောလာပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းပြုလုပ်ခဲ့တဲ့ RCSS ခြောက်လပတ်အစည်းအဝေးအပြီးမှာ ဗဟိုအလုပ်အမှုဆောင်ကော်မတီက အခုလို ဆုံးဖြတ်ခဲ့တာဆိုပြီး RCSS က မနေ့ ဇူလိုင်လ ၃၁ ရက်မှာ သတင်းထုတ်ပြန်တာဖြစ်ပါတယ်။

    အဲဒီအစည်းအဝေးမှာ နိုင်ငံရေး၊ စစ်ရေးအခြေအနေတွေကိုရော အဖွဲ့အစည်းအတွင်းအပြင် အရေးတွေကိုရောဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။

    သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံးတွေ့ဆုံညှိနှိုင်းဆွေးနွေးပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်အရေးတို့အတွက် အဖွဲ့အစည်းအားလုံးနဲ့ လက်တွဲသွားမယ်လို့လည်း ဆိုပါတယ်။

    RCSS ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA) လက်မှတ်ထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေထဲမှာ ၏ စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ထားတဲ့အဖွဲ့ဖြစ်လို့ ဝေဖန်ခံရတာတွေလည်းရှိနေတာပါ။

  20. သေဒဏ်စီရင်မှုနဲ့ပတ်သက်ပြီး ပြင်သစ်က မြန်မာသံအမတ် ဆင့်ခေါ်ခံရ

    အာဏာသိမ်းအစောပိုင်းကာလ ပဲရစ်မြို့က မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အာဏာသိမ်းအစောပိုင်းကာလ ပဲရစ်မြို့က မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲ

    မြန်မာပြည်တွင်းမှာ စစ်တပ်က နိုင်ငံရေးအကျဥ်းသား ၄ ဦးကို ‌သေဒဏ်စီရင်ခဲ့တာနဲ့ပတ်သက်ပြီး ပဲရစ်မြို့မှာရှိတဲ့ ပြင်သစ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကို ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ်ခဲ့တယ်လို့ အေအက်ဖ်ပီ သတင်းမှာ ဖော်ပြပါတယ်။

    မြန်မာသံအမတ်ကို ပြီးခဲ့တဲ့သောကြာနေ့က ဆင့်ခေါ်ခဲ့တာလို့ သံတမန်သတင်းရင်းမြစ်ကို ကိုးကားပြီးသတင်းမှာဖော်ပြပါတယ်။

    မြန်မာစစ်တပ်က လုပ်ဆောင်နေတဲ့အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုဖြစ်ပြီးကတည်းက ဖမ်းဆီးထားသူတွေကို လွှတ်ပေးရေးနဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ဖန်တီးဖို့ မြန်မာသံအမတ်ကို ထပ်လောင်းပြောကြားခဲ့တယ်လို့ အဲဒီသံတမန်က ပြောထားတယ်လို့လည်း ဆိုပါတယ်။

    ဆယ်စုနှစ်တွေအတွင်း ပထမဆုံးအကြိမ်အနေနဲ့ အရပ်သား ၄ ဦးကို ပြစ်ဒဏ်စီရင်ပြီးပြီလို့ မြန်မာစစ်တပ်က ပြီးခဲ့တဲ့တစ်ပတ်မှာ ကြေညာခဲ့ပြီးတဲ့နောက် စစ်တပ်ကို အရေးယူဒဏ်ခတ်ပိတ်ဆို့မှုပိုလုပ်ဖို့ တိုက်တွန်းမှုတွေ ထွက်ပေါ်လာနေပါတယ်။

    မြန်မာစစ်ကောင်စီဘက်ကတော့ ပြစ်ဒဏ်စီရင်ခံရသူတွေဟာ အကြမ်းဖက်မှုကျူးလွန်သူတွေဖြစ်တာကြောင့် သေဒဏ်ကျခံသင့်သူတွေဖြစ်တယ်ဆိုပြီး တုံ့ပြန်ပြောဆိုထားပါတယ်။

    ဒါပေမဲ့ ဥပဒေကြောင်းအရ ခုခံချေပခွင့်အပြည့်အဝမရသလို လွတ်လပ်ပွင့်လင်းတဲ့တရားစီရင်ရေးမဟုတ်ဘူးလို့ ဥပဒေပညာရှင်တွေကထောက်ပြနေပါတယ္။