မြစ်ကြီးနားက ကျေးရွာနှစ်ခုမှာ တစ်ရက်တည်းလူသတ်လုယက်မှု ဖြစ်ပွား
မြစ်ကြီးနားမြို့ နယ်၊ နန်းကွေ့ ရွာနဲ့ က၀ါးခရွာမှာ လုယက်မှုနဲ့ လူသတ်မှု ဖြစ်စဉ်နှစ်ခု ဒီနေ့ ဇူလိုင်လ ၃၀ ရက်နေ့ တစ်ရက်တည်းမှာ ဖြစ်ပွားခဲ့ပါတယ်။ ဒီရွာနှစ်ရွာလုံးဟာ မြစ်ကြီးနားမြို့အစွန်မှာရှိကြတာဖြစ်ပါတယ်။
နန်းကွေ့ရွာမှာတော့ JZ အပန်းဖြေစခန်းဘက်သွားတဲ့ လမ်းမှာ ပလုံကောက်သူတစ်ဦးကို ရိုက်နှက်ပြီး လုယက်မှုဖြစ်ပွားခဲ့ကာ လုယက်ခံရသူမှာ ဦးခေါင်းဒဏ်ရာရခဲ့တယ်လို့နန်းကွေ့ဒေသခံတစ်ဦးကပြောပါတယ်။ ဒါအပြင် ဒီနေ့မနက် ၁၀ နာရီခန့်မှာပဲ နောင်နန်းကျေးရွာအုပ်စု ကဝါးခရွာမှာ ဖျာရောင်းတဲ့ သူတစ်ဦးကို သေနတ်နဲ့ပစ်သတ်သွားတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
“ဒီမနက် ၉ နာရီကျော်လောက်မှာ ကဝါးခရွာမှာ သေနတ်သံ ၃ ချက်ကြားတယ်။ လုယက်တဲ့သူက သေနတ်နဲ့တော့ မကိုင်လောက်ဘူးထင်တယ်။ တချို့ပြောတာက သူက ဖျာလိပ်တင်ပြီး လည့်ရောင်းတဲ့သူလို့တော့ပြောကြတာပဲ။ ကဝါးခရွာရဲ့ တြိနီတိဘုရားကျောင်းနားမှာဖြစ်တယ်လို့ပြောတယ်။ အလောင်းတောင် ခုနက လာကောက်တယ်ပြောတယ်” လို့ ကဝါးခ ဒေသခံကပြောပါတယ်။
အခုလို ပစ်ခတ်သတ်ဖြတ်ခံရသူနဲ့ပတ်သက်လို့ ဘယ်သူဘယ်၀ါဖြစ်တယ်၊ ဘာကြောင့်သတ်ဖြတ်ခံရတယ်နဲ့ ဘယ်သူတွေကကျူးလွန်တယ်ဆိုတာမသိရသေးဘူးလို့ သိရပါတယ်။ ပစ်ခတ်မှုဖြစ်စဉ်နောက်ပိုင်းမှာလည်း ကဝါးခရွာမှာ သွားလာ သူတွေကိုစစ်ဆေးမေးမြန်းတာတွေ ဒီနေ့ဇူလိုင် ၃၀ ရက် ညနေအထိ ပြုလုပ်တာမျိုးတွေ မရှိသေးဘူးလို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
















