အာဏာသိမ်းပြီးနောက် အိုးအိမ်စွန့်ခွာပြေးရသူ ၉ သိန်းကျော်လာ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အိုးအိမ်စွန့်ခွာပြေးရသူ ၉ သိန်းကျော်ရှိလာတယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ‌ပြောခွင့်ရပုဂ္ဂိုလ်က ပြောလာပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အွန်လိုင်း ဗီဇာ လျှောက်ထားခွင့် ပြန်လည်ခွင့်ပြုမယ်

    မြန်မာနိုင်ငံကို လာတဲ့ ခရီးသည်တွေ အွန်လိုင်းကနေ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားနိုင်ခွင့်ကို လာမယ့် ဧပြီလ ၁ ရက်နေ့ ကနေ ပြန်လည် ခွင့်ပြုပေးမယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက မတ်လ ၂၉ ရက်နေ့က ကြေညာခဲ့ပါတယ်။

    ကမ္ဘာတဝန်း ကိုဗစ်ကပ်ဘေး ရင်ဆိုင်ကြရတဲ့အတွက် ကြိုတင် ကာကွယ်မှု လုပ်ဆောင်တဲ့ အနေနဲ့ မြန်မာနိုင်ငံကို လာတဲ့ ခရီးသည်တွေကို ၂၀၂၀ ခုနှစ်မတ်လ ၂၀ ရက်နေ့က စတင်ပြီး ယာယီ ဆိုင်းငံ့ ထားခဲ့တာဖြစ်ပါတယ်။

    အခုတော့ လုပ်ငန်း ဗီဇာ Business Visa ကို အွန်လိုင်းကတဆင့် လျှောက်ထားနိုင်ဖို့ ပြန်လည် ခွင့်ပြုလိုက်တာပါ။

    မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှု မြင့်မားနေတဲ့ အချိန်အတွင်း ကန့်သတ်ထားခဲ့တဲ့ အွန်လိုင်းဗီဇာ လျှောက်ထားခွင့်ကို အခု ရောဂါကူးစက်နှုန်း လျော့လာပြီဖြစ်လို့ နိုင်ငံ စီးပွားဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုနိုင်အောင် ရည်ရွယ် ဖြေလျှော့ပေးတာလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

    အွန်လိုင်းဗီဇာ လျှောက်ထားခွင့်ကို ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က စတင်ခဲ့တာ ဖြစ်ပါတယ်။

    ပြည်ပ ခရီးသွားလာမှုတွေကိုလည်း လာမယ့် ဧပြီလ ၁၇ ရက်၊ မြန်မာ နှစ်ဆန်း တစ်ရက်နေ့ကနေ ပြန်လည် ခွင့်ပြုတော့မယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

  2. ၅၀၅ (က) နဲ့ ပြစ်ဒဏ်ချခံထားရတဲ့ KNC ပါတီဥက္ကဋ္ဌ ဒေါက်တာ M ကောန်လ အမှုတူနဲ့ ထပ်တရားစွဲခံရတယ်လို့ ပါတီပြော

    နိုင်ငံတော်ဆူပူမှုဖြစ်စေရန် စည်းရုံးလှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က) နဲ့ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရတဲ့ KNC ပါတီဥက္ကဋ္ဌ ဒေါက်တာ M ကောန်လကို ၅၀၅(က) နဲ့ ထပ်တရားထပ်စွဲထားတယ်လို့ KNC ပါတီက ပြောပါတယ်။

    ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က KNC ပါတီဥက္ကဋ္ဌ ဒေါက်တာ Mကောန်လ ကို နေပြည်တော်မှာဖမ်းဆီးခံလိုက်ရပြီး ၂၀၂၂ ခုနှစ် မတ်လ ၂၃ ရက်နေ့မှာတော့ နေပြည်တော် ဇမ္ဗူသီရိမြိုနယ်တရားရုံးက ပုဒ်မ၅၀၅ (က) နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရတာပါ။

    အခုလိုထောင်ဒဏ်ချမှတ်ခံရပြီးသားဖြစ်တဲ့ ဒေါက်တာအမ်ကောန်လကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့မရဲစခန်းမှာလည်း ၅၀၅(က) နဲ့ပဲ ထပ်ပြီး အမှု ရင်ဆိုင်ဖို့ ရှိတယ်ဆိုတာကို ပြီးခဲ့တဲ့ ၃ရက်လောက်ကမှ သိခဲ့ရတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

    ဒေါက်တာအမ်ကောန်လကို မြစ်ကြီးနားမြို့မ ရဲစခန်းက တရားစွဲထားတဲ့နေ့ဟာ ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့က ဖြစ်ပါတယ်။ နေပြည်တော်မှာစွဲဆိုခံရတဲ့ နေ့နဲ့ တစ်ရက်ပဲကွာတယ်တယ်လို့ သိရပါတယ်။

    “တရားစွဲဆိုတာကတော့ စစ်တပ်အပိုင်းကပေါ့နော်။ … ကျွန်တော်တို့ ပါတီအနေနဲ့တော့ ကျွန်တော်တို့က ၅၀၅(က) အနေနဲ့ပဲ ၂နေရာမှာ၂မှုစွဲဆိုထားတဲ့အဖြစ်အပျက်ကို အနည်းငယ်တော့အံ့သြမိတယ်။ ဒီပုဒ်မ ၁ တစ်ခုထဲကို နှစ်နေရာမှာ နှစ်မှု စီရင်ချက်ချဖို့ဆိုတာက အမှုစီရင်တဲ့သမိုင်းတစ်လျှောက်မှာမတွေ့ဖူးဘူး”လို့ ပါတီ တာဝန်ရှိသူက ပြောပါတယ်။

    “ကျွန်တော်တို့ရဲ့ တရားစီရင်မှုမှာ ကျွန်တော်တို့ရဲ့ အမျိုးသားရေးမှာ ကျွန်တော်တို့ရဲ့ ပြည်နယ်အရေးမှာ ဆောင်ရွက်ပြီးတော့မှ အကောင်းဆုံး ကျွန်တော်တို့ ကချင်အမျိုးသားတွေကို ဦးဆောင်နေတဲ့ဒေါက်တာ M ကောန်လကို တရားစွဲဆိုတဲ့ နေရာမှာ တန်းတူညီမျှရှိသလား၊ တရားမျှတမှုရှိသလား၊ လွတ်လပ်ပွင့်လင်းမှုရှိသလားဆိုတာကို အခြေတည်ပြီးတော့မှ ကျွန်တော်တို့ KNC ပါတီအနေနဲ့ အဲ့ဒီလို မြင်မိပါတယ်ခင်ဗျ” လို့ ပါတီပြောရေးဆိုခွင့်ရှိသူ အင်ဂျိုင်း နော်ဂျာ ကပြောပါတယ်။

    ဒါကြောင့် ဒေါက်တာMကောန်လနဲ့ပတ်သက်ပြီး ပါတီအနေနဲ့ (ဒေသအခေါ်အမှတ်(၁)ရဲစခန်း) မြို့မရဲစခန်းကို သွားရောက်မေးမြန်းသိရှိမှုအရ လက်ရှိကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးကို စာတင်ထားပြီး အဲ့ဒီက အမိန့်ချမှ သင်္ကြန်မရောက်ခင် မြစ်ကြီးနား အကျဉ်းထောင်ကိုရွှေ့ပြောင်း အမှုရင်ဆိုင်ရမှာဖြစ်တယ်လို့ ပြောပါတယ်။

    ဒေါက်တာ M ကောန်လဟာ NLD အစိုးရလက်ထက်မှာလည်း ၂၀၁၈ ကျောက်မျက်ဥပဒေကိစ္စ အပါအဝင် ၂၀၂၀ ခုနှစ်က နည်းဥပဒေ ၁၀(က) ရက်ပေါင်း ၉၀ နေထိုင်ရုံနဲ့ ဆန္ဒမဲပေးခွင့် နဲ့ ပတ်သက်ပြီး ဆန္ဒပြခဲ့သလို ကချင်ပြည်သူ တွေရဲ့ အဖွဲ့အစည်းအသီးသီးရဲ့ ပူးပေါင်းဆောင်ရွက်မှု ဆန္ဒ အရ ကချင်ပြည်သူ့ နိုင်ငံရေးရှေ့ဆောင်အဖွဲ့(KPPF) ကိုစည်းခဲ့တယ်လို့ သိရပါတယ်။

  3. ၁၀ တန်း စာမေးပွဲ ပထမနေ့ ဖြေဆိုသူ နှစ်သိန်းရှစ်သောင်းကျော်ရှိတယ်လို့ဆို

    မြန်မာနိုင်ငံမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေကို မတ်လ ၃၁ ရက်နေ့က စတင်ကျင်းပ နေပြီဖြစ်ပြီး ပထမဆုံးနေ့ မြန်မာစာ ဖြေဆိုသူ နှစ်သိန်းရှစ်သောင်းကျော်ရှိတယ်လို့ စစ်ကောင်စီ မီဒီယာတွေက ဒီကနေ့ ကြေညာခဲ့ပါတယ်။

    ကိုဗစ်ကူးစက်မှုကြောင့် စာမေးပွဲတွေ မရပ်နားခင်က နောက်ဆုံးဖြေဆုံးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ ဖြေဆိုသူ ၉သိန်းဝန်းကျင်ရှိတာကြောင့် အခု ဖြေဆိုသူဟာ သုံးပုံတစ်ပုံခန့်ရှိတယ်လို့ ဆိုနိုင်ပါတယ်။

    ဒီစာမေးပွဲဟာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ပထမဆုံးပြုလုပ်တဲ့ ၁၀ တန်းစာမေးပွဲဖြစ်ပြီး မတ်လ ၃၁ ရက်နေ့ကနေ ဧပြီလ ၉ ရက်နေ့ အထိကျင်းပမှာ ဖြစ်ပါတယ်။

    တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်ပြီးမှ အဆင့်မြင့်ပညာ တက္ကသိုလ်တွေကို တက်ကြရမှာဖြစ်လို့ ဒီစာမေးပွဲကို မြန်မာ ကျောင်းသား ကျောင်းသူတွေ အတွက် ပညာရေး ဘဝ တစ်ဆစ်ချိုး စာမေးပွဲအဖြစ် ကျောင်းသားတွေရော ကျောင်းသားမိဘ အများစုကပါ ယူဆထားကြပြီး ပုံမှန်ဆိုရင် အခုလို စာမေးပွဲကို အထူးအလေးထားကြလေ့ရှိပါတယ်။

    ဒါပေမဲ့ အခုနှစ်က တော့ စစ်ကောင်စီလက်အောက်က ပညာရေးကို လက်မခံဘူး ဆိုပြီး မဖြေကြ သူတွေလည်း ရှိနေပါတယ်။

    ဘာကြောင့် စာမေးပွဲ ဖြေသူလျော့နည်းတာလဲ

    အာဏာသိမ်းမှုကို ကန့်ကွက်တဲ့ အနေနဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ပြီး ကျောင်းမတက်ကြတော့တဲ့ ဆရာ၊ ဆရာမတွေ၊ အစိုးရဝန်ထမ်းတွေ ရှိသလိုပဲ စစ်ကောင်စီလက်အောက်က ကျောင်းတွေကို မတက်ဘူးဆိုပြီး မတက်ကြတဲ့ ကျောင်းသားကျောင်းသူ တွေလည်း ရှိနေပါတယ်။

    ဒါကြောင့် အခု တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုကြသူ ဦးရေ လျော့နည်း နေတာဖြစ်ပါတယ်။

    စစ်ကောင်စီလက်အောက်က ပညာရေးကို အသိအမှတ်မပြုဘူးလို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG က ထုတ်ဖော်ကြေညာထားတဲ့အတွက် တစ်ချို့မိဘတွေက သူတို့သားသမီးတွေကို ကျောင်းမလွှတ်၊ စာမေးပွဲဖြေဖို့ မလွှတ်တာတွေရှိသလို တချို့ ကျောင်းသားတွေ ကိုယ်တိုင်ကလည်း ကျောင်းမတက်ချင်ကြသူတွေ ရှိပါတယ်။

    စာမေးပွဲ သွားဖြေတဲ့ ကျောင်းသားကျောင်းသူ အများစုကတော့ မိဘဖြေခိုင်းလို့ ဖြေကြရတာ ဖြစ် ပါတယ်။

    စာမေးပွဲ သွားဖြေတဲ့ ပဲခူးတိုင်းက ကျောင်းသားတစ်ယောက်ရဲ့ ဖခင်က စစ်ကောင်စီ လက်အောက်က ပညာရေးကို အသိအမှတ်မပြုဘူးလို့ NUG က ပြောထားတဲ့အတွက် NUG အစိုးရဖြစ်လာလို့ သူ့ကလေး ကျောင်းပြန်တက်ဖို့ လိုတယ်လို့ ပြောရင် ပြန်တက်ခိုင်းမယ်လို့ ဘီဘီစီကို ပြောပါတယ်။

    ဘယ်မိဘကမှ သူတို့ သားသမီးတွေ ပညာရေး အဆက်ပြတ်သွားမှာကို လိုလားကြမှာ မဟုတ်ပါဘူး။

    ဒါပေမဲ့ တချို့ကတော့ သူတို့သားသမီးတွေကို ကျောင်းတက်စေချင်တယ်၊ စာမေးပွဲတွေ အောင်စေချင်တယ် ဆိုပေမဲ့ စစ်ကောင်စီ လက်အောက်က ကျောင်းတွေကို သွားတက်၊ စာမေးပွဲ ဖြေရင် အန္တရာယ် ကျမှာကို စိုးရိမ်တယ် ဆိုပြီး မလွှတ်တဲ့ မိဘတွေလည်း ရှိပါတယ်။

    စာမေးပွဲတော့ အောင်စေချင်တယ်၊ ဒါပေမဲ့ ဒီအောင်လက်မှတ်ကို အသိအမှတ်မပြုဘူးလို့ NUG က ကြေညာထားတာက တကြောင်း၊ ဒီစာမေးပွဲ အောင်လက်မှတ်နဲ့ တခြားဘယ်နိုင်ငံကိုမှ ကျောင်းသွားတက်လို့ ရမှာမဟုတ်ဘူးလို့ ယူဆတာက တကြောင်းအပြင် အဓိက အားဖြင့် စာမေးပွဲ သွားဖြေတဲ့အချိန် လုံခြုံရေးကို စိုးရိမ်လို့ သူ့ကလေးကို မလွှတ်ဘူးလို့ ကျောင်းသား မိခင် တစ်ယောက်က ပြောပါတယ်။

    အခုပညာရေးနှစ်အတွက် နိုင်ငံတဝန်းမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူ စုစုပေါင်း ၃ သိန်းကျော်ရှိပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြေဆိုသူ အများဆုံးနဲ့ ရန်ကုန်တိုင်းမှာ ဒုတိအများဆုံးဖြစ်ပြီး ဧရာဝတီတိုင်းမှာ တတိယအများဆုံး ဖြစ်တယ်လို့ စစ်ကောင်စီရဲ့ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

    တက္ကသိုလ်ဖွင့်ရက်

    ပြီးခဲ့တဲ့နှစ် မေလ ၅ ရက်နေ့ကနေ စတင်ပြီး နောက်ဆုံးနှစ် မဟာဘွဲ့၊ ပါရဂူဘွဲ့၊ ဘွဲ့လွန် ဒီပလိုမာဘွဲ့ သင်တန်းတွေ ဖွင့်လှစ်ခဲ့ပြီး ကျန်နေတဲ့ အတန်းတွေ အားလုံးကို လာမယ့် မေလလယ်ကနေ စတင်ဖွင့်လှစ်သွားမယ်လို့ မတ်လ ၂၉ ရက်နေ့က ပြုလုပ်တဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးမှာ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။

    စစ်တွေက အခြေခံပညာကျောင်းတစ်ကျောင်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  4. အစိုးရ ဝန်ထမ်းတွေ အသက် ၆၂ နှစ်မှ ပင်စင်ရတော့မယ်

    မြန်မာနိုင်ငံက အစိုးရဝန်ကြီးဌာန အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေ ပင်စင် ယူရမယ့် အသက်ကို ၆၂ နှစ် လို့ ပြောင်းလဲ သတ်မှတ်လိုက်ပါတယ်။

    လောလောဆယ် အစိုးရ ဝန်ထမ်းတွေ ပင်စင်ယူနိုင်တဲ့ အသက် သတ်မှတ်ချက်က ၆၀ နှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်။

    နိုင်ငံရဲ့ လူ့စွမ်းအား ရင်းမြစ်ကို ထိမ်းသိမ်းဖို့နဲ့ လုပ်သက်ရင့် ကျွမ်းကျင်ဝန်ထမ်းတွေရဲ့ အတွေ့အကြုံတွေကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ ဆက်လက် အထောက်အကူပြုစေနိုင်ဖို့ ရည်ရွယ်တာလို့ မတ်လ ၃၁ ရက်နေ့ညက စစ်ကောင်စီ ထိန်းချုပ်တဲ့ MRTV သတင်းမှာ ကြေညာသွားပါတယ်။

    နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၇၆၊ ပုဒ်မခွဲ (က) မှာ အပ်နှင်းထားတဲ့လုပ်ပိုင်ခွင့်နဲ့ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေအရ ဝန်ထမ်းတစ်ဦးအငြိမ်းစားယူရမယ့်နေ့ရက်ကို သူ့ရဲ့ အသက် ၆၂ နှစ်ပြည့်တဲ့နေ့ ဆိုပြီး ပြည်ထောင်စုအစိုးရအဖွဲ့ သဘောတူညီချက်နဲ့ ပြင်ဆင်သတ်မှတ်တာလို့ ဆိုပါတယ်။

    အဲဒီ နည်းဥပဒေ ပြင်ဆင်ချက် ဘယ်နေ့ကနေ စတင် အကျိုးသက်ရောက်မှု ရှိမယ် ဆိုတာကိုတော့ ထည့်သွင်းပြောဆိုသွားတာ မရှိပါဘူး။

    အစိုးရဝန်ထမ်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  5. ပေါက်ကွဲမှုနဲ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးသွားတဲ့ လူငယ် ၁၀ ဦး အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၇ နှစ်စီချခံရ

    ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ဧပြီလတုန်းက ရန်ကင်းမြို့နယ်အတွင်းကပေါက်ကွဲမှုနဲ့ဆက်စပ်တယ်ဆိုတဲ့ သတင်းရတယ်ဆိုပြီး စစ်ကောင်စီကဖမ်းဆီးသွားတဲ့ မခင်ငြိမ်းသူအပါအဝင် လူငယ် ၁၀ ဦးကိုဒီကနေ့အင်းစိန်ထောင်တွင်းတရားရုံးမှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၇ နှစ်စီချမှတ်လိုက်တယ်လို့သက်ဆိုင်ရာရှေ့နေတွေဆီကသိရပါတယ်။

    ဒီလူငယ်တွေကိုတော့ လက်နက်ဥပဒေ ပုဒ်မ ၁၉ (စ)နဲ့တရားစွဲဆိုလိုက်တာဖြစ်ပြီး လျှော့ရက်ခံစားခွင့်နဲ့အတူ အမြင့်ဆုံး ထောင်ဒဏ်ကိုချမှတ်လိုက်တာဖြစ်ပါတယ်။

    “မခင်ငြိမ်းသူအပါအဝင် ၁၀ ဦးကို ဒီကနေ့အမိန့်ချတာပါ။ ကျွန်မတို့လိုက်ပါဆောင်ရွက်ပေးနေတာတော့ အဲဒီထဲက ၅ ဦးပါ။ ၁၉ (စ)နဲ့ကို ၇ နှစ်အမြင့်ဆုံးပြစ်ဒဏ်ချမှတ်လိုက်တယ်။ သူတို့လျော့ရက်ကတော့ တနှစ်နီးပါးခံစားခွင့်ရတယ်။ သူတို့ကတော့ ၇ နှစ်ပဲ ချချ နှစ် ၇၀ ပဲချချမမှုဘူး။ အပြင်ကလူတွေကိုပဲ စိုးရိမ်တယ်ပြောတယ်။ ပြုံးပြုံးရွှင်ရွှင်နဲ့ပြန်ဆုံမယ်ပဲပြောတယ်။ အဲဒီက လူငယ်တစ်ဦးဆိုရင် ကျွန်တော်တို့က အချိန်တန်ရင်အပြင်ရောက်လာပြီးမိသားစုနဲ့တွေ့ဆုံလို့ရသေးတယ်။ တချို့မိသားစုတွေထမင်းဝိုင်းမှာလူမစုံတဲ့လူတွေ များကြီးပါတဲ့ ။ကျွန်တော်တို့ကမှ ပြန်ဆုံခွင့်ရှိသေးတယ် လို့ အပြင်ကိုအမှာစကားပါးလိုက်တယ် ‘’ လို့ဥပဒေကြောင်းအရ လိုက်ပါဆောင်ရွက်ပေးနေသူတစ်ဦးကပြောပါတယ်။

    စစ်ကောင်စီကဖမ်းဆီးသွားစဉ်က မခင်ငြိမ်းသူအပါအဝင်အမျိုးသမီးငယ်တွေရဲ့ သတင်းကို ထုတ်ပြန်ချိန်မှာလည်း မျက်နှာမှာ ရိုက်နှက်ခံထားရတဲ့အနေအထားနဲ့ဓါတ်ပုံတွေမြင်တွေ့ခဲ့ရပါတယ်။

    လက်ရှိမှာတော့ သူတို့ထဲက တချို့ဟာ အခုထောင်ဒဏ်ချမှတ်ထားတဲ့ ပုဒ်မ ၁၉ (စ)အပြင် ထပ်တိုးပုဒ်မတွေကို ရင်ဆိုင်ရမယ့်သူတွေလည်းရှိနေတယ်လို့ သက်ဆိုင်ရာရှေ့နေတွေကပြောပါတယ်။

    မခင်ငြိမ်းသူ

    ဓာတ်ပုံ ရင်းမြစ်, MWD

  6. အလွတ်တန်းသတင်းထောက် ကိုဇော်လင်းထွဋ်နဲ့သမဂ္ဂကျောင်းသူမဆုရည်လင်းတို့ ထောင် ၃နှစ်စီချမှတ်ခံရ

    စစ်ကောင်စီကဖမ်းဆီးသွားတဲ့ အလွတ်တန်းသတင်းထောက် ကိုဇော်လင်းထွဋ် (ခေါ်)ဖိုးသားနဲ့ရန်ကုန်အခြေစိုက်ကျောင်းသားသမဂ္ဂများအဖွဲ့ကကျောင်းသူမဆုရည်လင်းကို ဒီကနေ့မတ်လ ၃၁ ရက်နေ့မှာအင်းစိန်ထောင်တွင်းတရားရုံးမှာ ထောင်ဒဏ် ၃ နှစ်စီချမှတ်လိုက်တယ်လို့သက်ဆိုင်ရာရှေ့နေကပြောပါတယ်။

    စစ်ကောင်စီ

    ဓာတ်ပုံ ရင်းမြစ်, တကသကျောင်းသားဟောင်းများ အင်အားစု

    သူတို့နှစ်ဦးကိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာလ၁၉ ရက်မှာသပိတ်ဆန္ဒပြပွဲတစ်ခုကိုအသွား စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဖမ်းဆီးလိုက်တာဖြစ်ပြီး ပုဒ်မ ၅၀၅-ကနဲ့တရားစွဲဆိုပြီးလျှော့ရက်ခံစားခွင့်နဲ့အတူ အခုလို ထောင်ဒဏ် ၃ နှစ်စီချမှတ်လိုက်တာဖြစ်ပါတယ်။

    ဖမ်းဆီးခံရတဲ့အထဲက သမဂ္ဂကျောင်းသူ မဆုရည်လင်းကိုတော့ ပုဒ်မ၅၀၅-ကအပြင်မှတ်ပုံတင်အတုကိုင်ဆောင်မှုပုဒ်မနဲ့ထပ်တိုးတရားစွဲဆိုထားတာကြောင့် ဆက်ပြီးတရားရင်ဆိုင်ရဖို့ရှိနေတယ်လို့တရားဥပဒေကြောင်းအရလိုက်ပါဆောင်ရွက်ပေးနေသူတွေကပြောပါတယ်။

    စစ်ကောင်စီ

    ဓာတ်ပုံ ရင်းမြစ်, တကသကျောင်းသားဟောင်းများ အင်အားစု

  7. စစ်အာဏာသိမ်းမှုကြောင့် မသန်စွမ်းဖြစ်ပွားသူ တိုးလာ

  8. ခင်ဦးမှာ မတ်လ တစ်လထဲ အိမ်အလုံး ၄၀၀ ကျော်အထိမီးရှို့ခံရ, မနေ့(မတ်လ) ၃၀ရက်နေ့ကလည်း ဒေသခံ PDF သုံးဦးပစ်ခတ်ခံရပြီးသေဆုံး

    စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းက ရှားလွင်ရွာနဲ့ကုလားလူးကျေးရွာတွေအတွင်းကို မနေ့မတ်လ ၃၀ရက်နေ့ကစစ်ကောင်စီတပ်တွေ ဝင်ရောက်ပစ်ခတ်ပြီး နေအိမ်တွေကို မီးရှို့တာတွေ ရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့မှာလည်း ဒီရွာ ၂ရွာကို စစ်ကောင်စီတပ်တွေဝင်ရောက်မီးရှို့ခဲ့တာကြောင့် ရှားလွင်ကျေးရွာက နေအိမ် ၆၃ လုံးနဲ့ကုလားလူးကျေးရွာက နေအိမ် ၇၅ လုံးမီးလောင်ပျက်စီးခဲ့ပြီး ဒေသခံတွေ ဘေးလွတ်ရာပြေးခဲ့ကြရတယ်လို့ဒေသခံရွာသားတွေက ဘီဘီစီကိုဆက်သွယ်ပြောပြထားပါတယ်။

    မနေ့မတ်လ ၃၀ရက်မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်တွေထပ်မံဝင်ရောက်လာပြီး ပစ်ခတ်မှုတွေလုပ်ခဲ့သလို နေအိမ်တွေကို မီးလာငြိမ်းတဲ့ ဒေသခံ PDF တပ်ဖွဲ့ဝင် ၃ဦးလည်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    "ပထမတကြိမ်မီးရှို့ခံရပြီးတော့ရွာထဲကိုနေတဲ့လူတွေပြန်နေပြီ။ မနေ့ကတော့အကုန်တောတွေထဲပြေးရတာ။ ဒီကနေ့မနက်တွေ့ရတဲ့ PDF ရဲဘော်တွေရဲ့အလောင်းကတော့ သေနတ်နဲ့ပစ်ခံထားရတာရော ၊ ခေါင်းကိုကျောက်တုံးနဲ့အထုခံရတာရောနဲ့သေနေတာ။စစ်တပ်က မနေ့ညက တမုတ်ရွာပြန်အိပ်တယ်။ အခုရွာစဉ်ရွာမြောက်ဘက်ကိုဆက်သွားနေတယ်။ ဘယ်ရွာထပ်မွှေမယ်မသိဘူး။ ရွာသားတွေလည်းအကုန်ပြေးနေတော့ တစ်ယောက်နဲ့တစ်ယောက်အဆက်အသွယ်လည်းမရကြသေးဘူး" လို့ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    မနေ့မတ်လ ၃၀ရက်နေ့ကတော့ ကုလားလူးကျေးရွာကနေအိမ် ၄၇ အိမ်နဲ့ ရှားလွင်ရွာကနေအိမ် ၃၄ လောင် ထပ်မံမီးလောင်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    စစ်ကောင်စီက စစ်ကိုင်းတိုင်းထဲက မြို့နယ်၊ကျေးရွာတချို့မှာ အင်တာနက်ဖြတ်တောက်မှုတွေလုပ်ပြီးနောက်ပိုင်း အခုမတ်လထဲမှာတော့ ခင်ဦးမြို့နယ်အတွင်းက ကျေးရွာ ၈ရွာကဒေသခံ နေအိမ်အလုံး ၄၀၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်းသတင်းမှတ်တမ်းတင်ထားတဲ့ အဖွဲ့တွေကထုတ်ပြန်ပါတယ်။

    ခင်ဦး

    ဓာတ်ပုံ ရင်းမြစ်, Cj

    ဒါ့အပြင်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြားထိတွေ့တိုက်ပွဲတွေရှိနေတဲ့ ခင်ဦးမြို့နယ်အတွင်းက ကျေးရွာတွေမှာတော့ စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတွေနဲ့ဒေသခံ PDF တပ်ဖွဲ့ဝင်စုစုပေါင်း ၁၁၄ ဦးသေဆုံးခဲ့တယ်လို့ မှတ်တမ်းတွေအရသိရပါတယ်။

    ဒီအရေအတွက်ကတော့ သေဆုံးသူတွေရဲ့အလောင်းတွေပြန်တွေ့ရတဲ့ အရေအတွက်ကိုကောက်ယူမှတ်တမ်းတင်ထားတာဖြစ်တယ်လို့ဆိုပါတယ်။

    စစ်ကိုင်းတိုင်းထဲက ဒေသခံတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီဘက်က မီးရှို့တာလို့ ဒေသခံတွေဘက်က ပြောဆိုတဲ့အပေါ် စစ်ကောင်စီကတော့ ငြင်းဆိုထားပြီး PDF တွေရဲ့လုပ်ရပ်လို့ စစ်တပ်က ပြန်လည်စွပ်စွဲထုတ်ပြန်လေ့ရှိပါတယ်။

    ခင်ဦး

    ဓာတ်ပုံ ရင်းမြစ်, Cj

  9. ပူတာအိုမြို့ကရဝမ်ယဉ်ကျေးမှုပြတိုက်ဖွင့်ပွဲ စစ်ခေါင်းဆောင်လာမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်, ကြိုဆိုဖို့အစမ်းလေ့ကျင်မှုတွေရှိနေတယ်လို့ဒေသခံတွေပြော

    ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာလုပ်မယ့် ရဝမ်ယဉ်ကျေးမှု ပြတိုက်ဖွင့်ပွဲနဲ့ခေါင်လန်ဖူးကိုအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လာရောက်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

    ပူတာအိုမြို့မှာ တည်ဆောက်ထားတဲ့ရဝမ်ယဉ်ကျေးမှုပြတိုက်ဟာဆိုရင် ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက်က နိုင်ငံတော်အဆင့်ဘတ်ဂျတ်နဲ့တည်ဆောက်ထားတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။

    ရဝမ်ယဉ်ကျေးမှု ပြတိုက်ကိုတော့ ပူတာအို မြစ်ကြီးနား -ကားလမ်း ပူတာအိုမြို့ရဲ့ တောင်ဘက်ခြမ်းမှာရှိတဲ့ သုဿန်ရပ်ကွက်မှာ တည်ဆောက်ထားတာပါ။ လက်ရှိမှာတော့စစ်ခေါင်းဆောင်လာမယ့် အစီအစဉ်ကို ရက်အတိအကျနဲ့ထုတ်ပြန်ပြောဆိုတာမရှိပေမယ့် ကြိုဆိုရေးအတွက် အစမ်းလေ့ကျင့်မှုတွေလုပ်နေတယ်လို့လည်း နီးစပ်တဲ့ ဒေသခံတွေကပြောပါတယ်။

    "သူ (ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်) လာမယ့်ရက်အတိအကျပြောပြတာမဟုတ်ပေမယ့် နိုင်ငံတော်အဆင့် နဲ့တည်ဆောက်ထားတဲ့ ပြတိုက်မို့ နိုင်ငံတော်အဆင့်စစ်ဦးစီးချုပ်လာမယ်ဆိုပြီး သတင်းတွေကထွက်နေတယ်။ တိုင်းရင်းသားအဖွဲ့တွေကိုလည်း အစမ်းလေ့ကျင့်မှုတွေအတွက် တဖွဲ့ကို အယောက် ၅၀ ၊ ၁၀၀ ခေါ်နေတာကြားတယ်။ မသွားမနေရ၊ မတက်မနေရဆိုတဲ့ပုံစံမျိုးနဲ့လုပ်ထားတယ်။ ယဉ်ကျေးမှုအနေနဲ့သွားကိုသွားရမယ်ဆိုတာမျိုးလုပ်ထားတယ်" လို့ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ကချင်ပြည်နယ်မှာတော့ စစ်ကောင်စီနဲ့ KIA,KPDF ပူးပေါင်း တပ်ဖွဲ့တွေ့ထိတွေ့တိုက်ပွဲတွေဆက်ဖြစ်နေပြီး အခုမတ်လထဲမှာတော့ ပူတာအိုမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားမှုအများဆုံးဖြစ်နေတယ်လို့ KIA ဗဟို သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကဘီဘီစီကို ပြောထားပါတယ်။

    ပူတာအို

    ဓာတ်ပုံ ရင်းမြစ်, social media

  10. လူမှုကွန်ရက်ကိုအသုံးပြုပြီး တရားမဝင်တောရိုင်းတိရစ္ဆာန်ရောင်းချမှု ၇၄ရာခိုင်နှုန်းအထိတိုးလာ

    ပြည်တွင်းမှာ တောရိုင်းတိရစ္ဆာန်တွေကို ဖေ့ဘွတ်ခ်လူမှုကွန်ရက်ကိုအသုံးပြုပြီး တရားမဝင်ရောင်းဝယ်ဖောက်ကားမှုတွေ၇၄ ရာခိုင်နှုန်းအထိတိုးမြင့်လာတယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ကမ္ဘာလုံးဆိုင်ရာသဘာဝပတ်ဝန်းကျင် ရံပုံငွေအဖွဲ့ World Wide Fund For Nature (WWF )က ပြီးခဲ့တဲ့ မတ်လ ၃၀ ကထုတ်ပြန်လာပါတယ်။

    WWF ရဲ့အာရှပစိတ်ဖိတ်ဆိုင်ရာရုံးရဲ့သုတေသနမှတ်တမ်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၀နဲ့၂၀၂၁ ခုနှစ်ကြားကာလအတွင်းမှာ အခုလို တောရိုင်းတိရစ္ဆာန်ထွက်ကုန်ပစ္စည်းတွေတရားမဝင်ရောင်းဝယ်မှုတွေပိုများလာတာဖြစ်တယ်လို့ဆိုပါတယ်။

    ဒီလိုတရားမဝင်ရောင်းချမှုတွေထဲမှာတော့သက်ရှိတိရစ္ဆာန်ရောင်းချမှုတွေ၊ အစိတ်အပိုင်းတွေကိုရောင်းချတာတွေနဲ့ပုံစံတဆင့်ပြောင်းလဲထားသော ပစ္စည်းတွေအဖြစ်ရောင်းချတာတွေဖြစ်နေပြီး အဲဒီထဲကသုံးပုံတပုံကတော့ကမ္ဘာတဝှမ်းမှာ မျိုးသုန်းပျောက်ကွယ်နိုင်တဲ့အန္တာရယ်ရှိတဲ့ မျိုးစိတ်တွေဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    ဒီလို လူမှုကွန်ရက်ကိုအသုံးပြုပြီး တောရိုင်းတိရစ္ဆာန်တွေကိုတရားမဝင်ရောင်းဝယ်တဲ့အတွက် ရောင်းတဲ့သူတွေဟာ ကုန်ကျစရိတ်မရှိသလိုစိုးရိမ်မှုလည်းမရှိဖြစ်နေတာဖြစ်တယ်လို့လည်းWWFရဲ့ တာဝန်ရှိသူကပြောပါတယ်။

    တောရိုင်းတိရစ္ဆာန်တွေကို အိမ်မွေးတိရစ္ဆာန်အဖြစ်မွေးမြူတာ၊ တောကောင်သားတွေကိုစားသုံးတာတွေနဲ့တိရစ္ဆာန်ထွက်ပစ္စည်းတွေကို လက်ဝတ်ရတနာတွေအဖြစ်အသုံးပြုတာတွေအပြင် တိုင်းရင်းဆေးအဖြစ်သုံးနေတာတွေရဲ့အကျိုးဆက်ကြောင့် မြန်မာရေမြေတောတောင်တွေမှာတောရိုင်းတိရစ္ဆာန်တွေကင်းမဲ့လာမယ့်အပြင် လူနဲ့တိရစ္ဆာန်ကြား ကူးစက်ရောဂါတွေလည်းပိုဖြစ်လာနိုင်တယ်လို့WWF ရဲ့ အာရှပစိဖိတ်ဒေသတွင်းတောရိုင်းတိရစ္ဆာန်များရောင်းဝယ်ဖောက်ကားမှု ဆိုင်ဘာရာဇဝတ်မှုများဆိုင်ရာစီမံကိန်းခေါင်းဆောင် Shaun Martin ထုတ်ပြန်ချက်မှာထည့်သွင်းပြောဆိုထားပါတယ်။

    လက်ရှိမှာလည်း WWF အနေနဲ့မြန်မာနိုင်ငံအပါအဝင်အာရှပစိဖိတ်ဒေသတွင်းမှာ တောရိုင်းတိရစ္ဆာန်တွေကို အွန်လိုင်းကနေတရားမဝင်ရောင်းချမှုတွေတိုးမြင့်လာတာကိုတုံ့ပြန်ဖို့အတွက် အသိပညာပေးတာတွေနဲ့ပြောင်းလဲမှုတွေလုပ်ဆောင်နေတယ်လို့ထုတ်ပြန်ထားပါတယ်။

    တောရိုင်းတိရစ္ဆာန်

    ဓာတ်ပုံ ရင်းမြစ်, Voices for Wildlife

  11. စစ်ကိုင်းတိုင်းထဲက နေအိမ်မီးရှို့ခံထားရတဲ့ကျေးရွာတွေ ရိက္ခာလိုအပ်ချက်တွေအပြင် ရေအခက်အခဲတွေပါရှိလာ, ယာယီအမိုးအကာတွေနဲ့သာပြန်လည်ထူထောင်နိုင်တဲ့ အခြေအနေရှိတယ်လို့စစ်ရှောင်အရေးကူညီပေးနေသူတွေပြော

    စစ်ကိုင်းတိုင်းဒေသကြီးထဲက ဒီပဲယင်း ၊ယင်းမာပင်နဲ့ကနီမြို့နယ်တွေထဲမှာရှိတဲ့ ကျေးရွာတွေထဲမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်ပစ်ခတ်မီးရှို့တာကြောင့် နေအိမ်တွေမီးလောင်ပျက်စီး ခဲ့တဲ့ ကျေးရွာတွေမှာ စားနပ်ရိက္ခာလိုအပ်ချက်တွေအပြင် သောက်သုံးရေအခက်အခဲတွေပါရင်ဆိုင်နေရတယ်လို့ ကူညီပေးနေသူတွေကပြောပါတယ်။

    ပြီးခဲ့တဲ့လတွေက စစ်ကောင်စီတပ်တွေဝင်ရောက်လာပြီးနောက် နေအိမ်တွေမီးလောင်ပျက်စီးခဲ့ရတဲ့ ယင်းမာပင်မြို့နယ်ထဲက သပြေအေးကျေးရွာနဲ့ကနီနယ်ထဲက မိုးကောင်းကျေးရွာတွေထဲမှာ နေအိမ်အလုံး ၅၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ပြီး လက်ရှိမှာလည်း အခက်အခဲတွေနဲ့ ဆက်ရင်ဆိုင်နေဆဲဖြစ်တယ်လို့သိရပါတယ်။

    “အိမ်တွေကတော့ ဘာတစ်ခုမှရစရာမရှိတဲ့ အိမ်တွေကများတယ်။ အခုဆိုရေရဖို့အရမ်းခက်နေတယ်။ စားနပ်ရိက္ခာတွေဆို မုံရွာဘက်ကနေ သယ်ဖို့ခက်နေတဲ့အပြင် ရွာလုံးကျွတ်မီးရှို့ခံရတဲ့အနေအထားမှာ ရေပိုက်တွေလည်းပြတ်တောက်တဲ့ အခြေအနေဖြစ်နေတော့ ရေအခက်အခဲတွေလည်းရင်ဆိုင်နေရတယ် “ လို့ မီးဘေးသင့်စစ်ဘေးရှောင်တွေဆီသွားရောက်ကူညီပေးခဲ့တဲ့ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂက မချောစုဟန်က ပြောပါတယ်။

    စစ်ကိုင်းတိုင်း

    ဓာတ်ပုံ ရင်းမြစ်, Monywa University Students'Union MUSU

    အလားတူပဲ စစ်ကိုင်းတိုင်းထဲက ဒီပဲယင်းနယ်ထဲမှာဆိုရင်လည်း စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားထိတွေ့တိုက်ပွဲတွေကြောင့် ထွက်ပြေးရတဲ့ ဒေသခံတွေနဲ့ နေအိမ်မီးရှို့ခံရတဲ့ ဒေသခံတွေဟာဆိုရင်လည်း ယာယီစစ်ရှောင်တဲတွေအနေနဲ့သာဆက်နေရဆဲဖြစ်တယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေကပြောပါတယ်။

    “ဒီပဲယင်းထဲမှာတော့ နေအိမ်မီးရှို့ခံရတာချည်းပဲ အလုံးပေါင်း ၈၀ ရှိတယ်။ အများစုကဘာမှမကျန်တော့ဘူး၊ လူပဲကျန်တဲ့ လူတွေများတယ်။စစ်ရှောင်ထောက်ပံံ့ရေးတွေကလည်း အဝတ်အစား၊ ဆန်၊ဆီ လိုအပ်ချက်တွေပဲ ထောက်ပံ့နိုင်တယ်။ တခြားရွာတွေက တော့ နေအိမ်တွေပြန်ဆောက်ဖို့ဝါးတွေတိုင်တွေကူတာတွေရှိတယ်။ ယာယီတဲအိမ်တွေလောက်ပဲ ပြန်ထူထောင်နိုင်သေးတယ် လို့ စစ်ရှောင်အရေးကူညီပေးနေသူက ဘီဘီစီကိုပြောပါတယ်။

    ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် နေအိမ်အလုံးပေါင်း ၆၀၀၀ ကျော်မီးလောင်ပျက်စီးခဲ့ပြီး အဲဒီထဲမှာတော့ စစ်ကိုင်းတိုင်းထဲက နေအိမ်တွေက အများဆုံးဖြစ်နေတယ်လို့ အချက်အလက်ကောက်ယူနေတဲ့ Data for Myanmar က ထုတ်ပြန်ထားပါတယ်။

    မီးလောင်ပျက်စီးခဲ့တဲ့ ကျေးရွာနေအိမ်အများစုကတော့ တိုက်ပွဲတွေနဲ့စစ်ကောင်စီရဲ့ထိုးစစ်ဆင်မှုတွေကြောင့် ပြန်လည်ထူထောင်နိုင်ဖို့ခက်ခဲနေဆဲဖြစ်တယ်လို့ မီးဘေးသင့်စစ်ရှောင်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။

    စစ်ကိုင်းတိုင်း

    ဓာတ်ပုံ ရင်းမြစ်, Monywa University Students'Union MUSU

  12. ကယားပြည်နယ်အတွင်း ရိက္ခာတင်သွင်းမှုအပြင် ဆေးဝါးတင်သွင်းမှုကိုပါစစ်ကောင်စီ ကန့်သတ်လာ

    ကယား(ကရင်နီ)ပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေအတွက် ရိက္ခာတင်သွင်းပေးပို့တာနဲ့ပတ်သက်ပြီး စစ်ကောင်စီက တောက်လျောက်ပိတ်ဆို့ကန့်သတ်မှုတွေလုပ်တဲ့အပြင် ဒီရက်ပိုင်းမှာပဲဆေးဝါးတင်သွင်းတာတွေကိုထပ်ပြီး ကန့်သတ်လာတယ်လို့စစ်ရှောင်အရေးကူညီပေးနေသူတွေကပြောပါတယ်။

    ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်ကစပြီး အခုလိုကန့်သတ်လိုက်တာဖြစ်ပြီး ကယားပြည်နယ်အတွင်းကိုဆေးဝါးသယ်ယူတဲ့နေရာမှာ လိုင်စင်ရ ဆေးအရောင်းဆိုင်တွေကသာ သယ်ယူခွင့်ရမှာဖြစ်ပြီးဆေးအမျိုးအစားတွေနဲ့အရေအတွက်ကိုစစ်ကောင်စီတပ်တွေဆီအသိပေးတင်ပြပြီးခွင့်ပြုချက်ရမှာ သယ်ယူရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေပါဝင်တယ်လို့ဆိုပါတယ်။

    “ ကရင်နီဒေသအတွက်သီးသန့်ကြေညာချက်ဆိုပြီး စစ်ကောင်စီကထုတ်လာတာ။အခုထုတ်ပြန်ချက်အရဆိုရင် စစ်ရှောင်တွေအတွက်ဆေးဝယ်ယူတာတွေပိုပြီး အကန့်အသတ်ဖြစ်ပြီးခက်ခဲတော့မယ်။ လက်ရှိလည်း အိုမီခရွန်ရောဂါတအားပြန့်နေတယ်။ ရာသီဥတုကြောင့်ဖျားတာနာတာတွေတအားဖြစ်နေတယ်။နာတာရှည်ဆေးစွဲသောက်နေရတဲ့ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်တွေအကုန်ပိုပြီးခက်ခဲသွားနိုင်ပါတယ် “လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ဒါရိုက်တာ ကိုဗညားက ဘီဘီစီကိုပြောပါတယ်။

    လက်ရှိမှာလည်း ဆေးဝါးနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေအပြည့်အဝမရတာကြောင့် စစ်ရှောင်စခန်းတွေမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ကိုယ်ဝန်ပျက်တာတွေနဲ့မိခင်သေဆုံးမှုတွေ၊ လမစေ့ဘဲ ကလေးမွေးဖွားတာတွေဖြစ်နေတယ်လို့ကရင်နီလူမှုအဖွဲ့အစည်းတွေရဲ့တွေ့ရှိချက်တွေကိုထုတ်ပြန်ထားပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကတည်းကစစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေဆက်ပြင်းထန်နေတဲ့ ကယားပြည်နယ်ထဲမှာတော့လူဦးရေ ၂သိန်းလောက်ဟာ စစ်ဘေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။

    လက်ရှိမှာတော့နှစ်ဖက်တိုက်ပွဲတွေနဲ့စစ်ကောင်စီရဲ့ ကန့်သတ်ပိတ်ပင်မှုတွေကြောင့် စားနပ်ရိက္ခာအခက်အခဲနဲ့သောက်သုံးရေလိုအပ်ချက်တွေအပြင်ဆေးဝါးနဲ့ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်စတဲ့ဘက်ပေါင်းစုံက အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့စစ်ဘေးရှောင်အရေးကူညီပေးနေသူတွေကပြောပါတယ်။

    ကယားပြည်နယ်

    ဓာတ်ပုံ ရင်းမြစ်, Kantarawaddy Times

  13. နေရပ်ပြန် အမ်းစစ်ရှောင်တွေရဲ့ အိမ်တွေပျက်နေ၊ ထောက်ပံ့ငွေနဲ့ မလုံလောက်ဘူးလို့ဆို

  14. မြောက်ဦးဈေးနဲ့ ဆိုင်တွေကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုရှိမရှိစစ်

    ရခိုင်ပြည်နယ် မြောက်ဦးမြို့မဈေးကြီး အပါအဝင် မြို့ပေါ်တစ်ခုလုံးမှာရှိတဲ့ ဈေးဆိုင်ရောင်းချနေသူတွေအားလုံးကို ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးနှံမှုရှိမရှိစစ်ဆေးမှုတွေ ပြလုပ်နေတယ်လို့ စစ်ဆေးရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

    မြို့နယ်ကျန်းမာရေးဌာနအပါအဝင် ဌာနဆိုင်ရာပေါင်းစုံပါဝင်တဲ့အဖွဲ့ကနေ တစ်မြို့လုံးကို မတ်လ ၂၈ ရက်နေ့ကစလို့ စစ်ဆေးနေတာဖြစ်တယ်လို့သိရပါတယ်။

    လက်ရှိစစ်‌ဆေးမှုတွေအရ ဆေးတစ်ကြိမ်မှမထိုးရသေးသူ ၃၀၀ ကျော်ခန့်ကို စစ်ဆေးတွေ့ရှိထားပြီး မတ်လ ၃၁ ရက် မနက်ဖြန်ကစလို့ အဲ့ဒီလူတွေကို စတင်ထိုးနှံပေးသွားမှာဖြစ်ကြောင်း အဲ့ဒီစစ်ဆေးရေးအဖွဲ့ဝင်က ပြောပါတယ်။

    “ဧပြီလအကုန်မှာ အားလုံးကိုလွှမ်းခြုံရမယ်ဆိုတဲ့ စီမံကိန်းရှိတယ်ပေါ့နော်။ ဒါကြောင့် ကျွန်တော်တို့ မြောက်ဦးမြို့နယ်အတွင်းမှာ အားလုံးကိုလွှမ်းခြုံနိုင်ရေးအတွက် အခုလို ဆောင်ရွက်နေတာဖြစ်ပါတယ်”လို့ စစ်ဆေးရေးအဖွဲ့ဝင်က ပြောပါတယ်။

    ဆေးတစ်ကြိမ်မှမထိုးသေးဘဲ ကျန်နေသူ ၃၀၀ ကျော်လောက်ကို စစ်ဆေးတွေ့ရှိထားတဲ့အနက် တချို့မှာ ဈေးဆိုင်ရောင်းချနေကြရတဲ့အတွက် ထိုးပေးတဲ့စုရပ်တွေကိုမသွားရောက်နိုင်တာတွေ၊ ဆေးထိုးမယ့်ရက်ကို မသိလိုက်သူတွေနဲ့ ဆန္ဒမရှိလို့မထိုးကြသူတွေကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

    မနက်ဖြန်မှာ ကာကွယ်ဆေးထိုးပေးမယ့်အစီစဉ်ကိုတော့ မထိုးရသေးသူအားလုံးက လက်ခံကြပြီး ငြင်းဆိုသူတွေမရှိကြောင်းနဲ့ အဲ့ဒီလူတွေအလုပ်အကိုင်မပျက်ရအောင်အတွက် မြို့မဈေးကြီးက လူတွေကို ဈေးဧရိယာအတွင်းမှာပဲ စုရပ်သတ်မှတ်ပြီး ထိုးနှံပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

    အခုလိုစစ်ဆေးမှုတွေပြုလုပ်တာဟာ မြို့နယ်အလိုက်သီးခြား စီမံကိန်းတစ်ခုအနေနဲ့ ဆောင်ရွက်တာဖြစ်ပြီး တခြားမြို့နယ်တွေမှာလည်း သူတို့ပုံစံနဲ့သူတို့ လုပ်ဆောင်ကြမှာဖြစ်တယ်လို့ သိရပါတယ်။

    ကာကွယ်ဆေးထိုးနှံမှု စစ်ဆေး

    ဓာတ်ပုံ ရင်းမြစ်, ဖြူမောင်

  15. သံတွဲမှာ ငှက်ပစ်သွားသူ ငါးဦး လက်နက်မှုနဲ့ အမှုဖွင့်ခံထားရ

    ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ လက်လုပ် လေသေနတ်တွေကိုင်ဆောင်ပြီး သွားလာနေတဲ့ လူငယ် ငါးဦး မတ်လ ၂၇ ရက်နေ့မှာ ဖမ်းဆီးခံရပြီး လက်နက်မှုနဲ့ အမှုဖွင့်ခံထားရပါတယ်။

    ဖမ်းဆီးခံလိုက်ရသူငါးဦးမှာ အသက် ၁၅ နှစ်ကနေ ၂၂ ကြားရှိ ယောက်ျားလေးတွေ ဖြစ်ပါတယ်။

    သူတို့ကို ဖမ်းဆီးစဉ်မှာ လက်လုပ်သေနတ် သုံးလက်နဲ့အတူ လေထိုးတံတစ်လက်ကိုပါ သက်သေခံပစ္စည်းတွေအဖြစ် သိမ်းဆည်းရမိခဲ့ပြီး မတ်လ ၂၇ ရက်နေ့ နေ့လယ် ၂ နာရီလောက်မှာ ပူးပေါင်းအဖွဲ့က သတင်းအရ ရှာဖွေရှင်းလင်းပြီး ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ရေး လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

    လက်ရှိမှာတော့ အဲ့ဒီလူငယ်ငါးဦးတို့ကို သံတွဲမြို့မရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားရှိပြီး လက်နက်ကိုင်ဆောင်မှု ပုဒ်မ ၁၉(စ)နဲ့ အမှုဖွင့်ထားပြီး ချုပ်ရမန်ယူထားတယ်လို့ သံတွဲဒေသခံတွေက ပြောဆိုပါတယ်။

    “အဲ့ဒီကလေးတွေက ငှက်ပစ်သွားကြတာပါ။ ဘာမှမဟုတ်ပါဘူး”လို့ သံတွဲမြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်းနိုင်စိုးက ပြောပါတယ်။

    အဲ့ဒီလူငယ်ငါးဦးတို့ဟာ သံတွဲချောင်းဖျားမှာရှိတဲ့ ငပလီမြို့ ရွာရှည်ကျေးရွာအနီး ရခိုင်ရိုးမတောထဲမှာ အမဲလိုက်ငှက်ပစ်သွား နေစဉ် စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

    “အဲ့ဒီကလေးတွေကိုဖမ်းတယ်ဆိုတဲ့နေရာက ဂွဘက်ကိုသွားတဲ့လမ်းမှာရှိတာပါ။ သံတွဲချောင်းဖျားပေါ့။ ရခိုင်ရိုးမအဖျားမှာရှိတာလေ။ ဒီဒေသမှာက အဲ့လို သေနတ်တွေနဲ့ အမဲလိုက်တဲ့ဓလေ့တွေရှိတယ်။ အမြဲတမ်းအဲဒီလို တောထဲမှာ အမဲလိုက်နေကြတာပါ”လို့ ဂျိတ္တောဒေသခံတစ်ဦးက ပြောပါတယ်။

    ဒါ့အပြင် ရခိုင်ရိုးမတစ်လျှောက်နဲ့ ရခိုင်ပြည်နယ်အတွင်းက ဝေးလံခေါင်သီပြီး တောနက်တွေရှိတဲ့ လေးမြို့မြစ်ဖျား၊ ကုလားတန်မြစ်ဖျား၊ ဖုန်သာချောင်းဖျား၊ ပန်းမြောက်ကြီးချောင်းဖျား၊ မေယုမြစ်ဖျား၊ နတ်မြစ်ဖျားစတဲ့ ဒေသတွေမှာ လက်လုပ် လက်နက်ငယ်တွေနဲ့ အမဲလိုက်ငှက်ပစ်တဲ့ အသက်မွေးဝမ်းကျောင်းပြုကြတဲ့ ဓလေ့တွေကိုလည်း တွေ့မြင်ရတတ်ပါတယ်။

  16. ချင်းမိုင်မှာပြုလုပ်နေတဲ့ NCA-S EAO ထိပ်သီးခေါင်းဆောင်တွေညီလာခံကနေ နိုင်ငံရေးလမ်းပြမြေပုံချမှတ်နိုင်ဖို့ ရည်ရွယ်, KNU အနေနဲ့ ညီလာခံတက်ရောက်မှုမရှိ

    မတ်လ (၂၉)ရက်ကနေ ဧပြီလ (၂)ရက်အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာပြုလုပ်နေတဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ စတုတ္ထအကြိမ်ထိပ်သီးခေါင်းဆောင်ညီလာခံကနေ လက်ရှိနိုင်ငံရေးအကြပ်အတည်းကို ကျော်လွှားဖို့ နိုင်ငံရေးလမ်းပြမြေပုံချမှတ်နိုင်ဖို့လုပ်ဆောင်နေတယ်လို့ ရဲဘော်မျိုးဝင်းက ဘီဘီစီကိုပြောပါတယ်။

    လက်ရှိညီလာခံကို ရည်ရွယ်ချက် (၃)ချက်နဲ့လုပ်ဆောင်နေတာဖြစ်ပြီး နိုင်ငံရေးလမ်းပြမြေပုံချမှတ်နိုင်ဖို့အပါအဝင် အရင်က PPST အနေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့အဓိက လုပ်ဆောင်နေတာကနေ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ကိုက်ညီမယ့် စုဖွဲ့မှုကိုပြန်လည်ပြင်ဆင်ပြီးမှ တိုးချဲ့ဆောင်ရွက်နိုင်ဖို့လည်း ဆွေးနွေးနေတယ်လို့ဆိုပါတယ်။

    "တိုင်းရင်းသားနယ်ပယ်အဖွဲ့အစည်းတွေအားလုံးစုစုစည်းစည်းနဲ့ ဆောင်ရွက်နိုင်တဲ့အခြေခံလမ်းကြောင်းဖော်ဆောင်နိုင်ဖို့အတွက် ကြိုးပမ်းနေပါတယ်။ အားလုံးမတူညီတဲ့အခြေအနေတွေရှိနေပေမဲ့ ဆုံချက်ရှာနိုင်ဖို့စတင်ပြီးတော့ဆွေးနွေးဖို့ရှိပါတယ်။ ဒီလောက်ပဲပြောချင်သေးတယ်။"လို့ ရဲဘော်မျိုးဝင်းက ဒီညီလာခံနဲ့ပတ်သက်ပြီး ပြောပါတယ်။

    အခုလက်ရှိကျင်းပနေဆဲ ညီလာခံကို မျက်နှာချင်းဆိုင်နဲ့ ဗီဒီယိုကွန်ဖရမ်းဇင်းစနစ် ( Video conferencing) နှစ်မျိုးနဲ့ဆွေးနွေးနေပါတယ်။

    အခမ်းအနားဦးဆောင်သဘာပတိအဖြစ် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌနိုင်ဟံသာတို့က ဆောင်ရွက်ခဲ့ကြပါတယ်။ ဒါ့အပြင် ကနေဒါ၊ ဖင်လန်၊ နော်ဝေ၊ ဩစတြေးလျ၊ အီတလီ၊ ဆွစ်ဇလန်စတဲ့ အနောက်အုပ်စုတွေက မြန်မာနိုင်ငံဆိုင်ရာသံအမတ်တချို့ပါ တက်ရောက်ခဲ့ကြပါတယ်။

    အာဏာသိမ်းပြီးနောက် NCA စာချုပ်အပေါ်အယုံအကြည်မရှိတော့ဘူးလို့ဆိုထားတဲ့ PPST အဖွဲ့ဝင်လည်းဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးအနေနဲ့ ဒီညီလာခံဖွင့်ပွဲတက်ရောက်အမှာစကားပြောခဲ့တာနဲ့ပတ်သက်ပြီး ဒွိဟဖြစ်စရာအနေအထားတခုဖြစ်နေတယ်လို့ နိုင်ငံရေးစောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။

    ဒါနဲ့ပတ်သက်ပြီး KNU အနေနဲ့ အစည်းအဝေးတက်ရောက်ခဲ့ခြင်းမရှိဘူးလို့ KNU ရဲ့ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ပဒိုစောတောနီက ဘီဘီစီကိုဖြေကြားပါတယ်။

    "ဥက္ကဋ္ဌအနေနဲ့ အထူးဖိတ်ကြားသူအနေနဲ့သာတက်ရောက်ခဲ့တာဖြစ်ပြီး သူ့အနေနဲ့ KNU ကိုကိုယ်စားပြုတက်ရောက်ခဲ့တာမဟုတ်ဘူးဆိုတာ အဲ့ဒီမနက်ဖွင့်ပွဲ အခမ်းအနားမှာကတည်းက ပြောပြီးလည်းဖြစ်ပါတယ်။ ဒါကြောင့်ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှပြောစရာမရှိပါခင်ဗျ။"လို့ သူကပြောပါတယ်။

    PPST အဖွဲ့ဝင်တွေဆွေးနွေးနေတဲ့ နိုင်ငံရေးလမ်းပြမြေပုံမှာ ဘယ်လိုအကြောင်းအရာတွေပါဝင်နိုင်တယ် ဆိုတဲ့ အတိအကျကိုတော့ လက်ရှိမှာ ပြောဆိုနိုင်တာ မရှိသေးဘူးလို့ သိရပါတယ်။

    NCA- S EAO

    ဓာတ်ပုံ ရင်းမြစ်, NCA- S EAO

    ဓာတ်ပုံ ပုံစာ, မတ်လ (၂၉)ရက် ညီလာခံဖွင့်ပွဲနေ့။
  17. စစ်ကောင်စီယာဉ်တန်းပေါ်ကနေ သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံသုံးဦးဒဏ်ရာရ

    ပြီးခဲ့တဲ့ မတ်လ (၂၈)ရက် ညနေစောင်းပိုင်းမှာ ပုသိမ် - မုံရွာလမ်းအတိုင်းတက်လာခဲ့တဲ့ စစ်ကောင်စီ ယာဉ်တန်းဟာ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာအရောက်မှာ ကားလမ်းဘေးတလျှောက်က လူနေအိမ်တွေဘက်ကို သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံသုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ ရွာခံတွေက ဒီကနေ့မှာပြောပြပါတယ်။

    အဲ့ဒီစစ်ယာဉ်တန်းဟာ မင်းဘူးမြို့နယ်၊ ပန်းတောင်းရွာဘက်ကနေ ရခိုင်ပြည်နယ်၊ အမ်းဘက်ကို ဦးတည်သွားတာလို့ ဒေသခံတွေကပြောကြပြီး ပဒါန်းကျေးရွာအနီးကဖြတ်သန်းသွားချိန်မှာ အခုလိုကားမောင်းရင်းပစ်ခတ်သွားကြတာလို့ ဆိုပါတယ်။

    “ပဒါန်းကျေးရွာကိုဈေးလာဝယ်တဲ့ ကုန်းသာပြည်သူနှစ်ယောက်။ အခြားကျေးရွာမသိရတဲ့ တယောက် ကျည်ထိမှန်ပြီး၊ အခုပဒါန်းတိုက်နယ်ဆေးရုံမှာ‌ဆေးကုသမှုခံယူနေရပါတယ်။သေလောက်တဲ့ ဒဏ်ရာမဟုတ်ဘူးလို့တော့ သိရတယ်။ ”လို့ မင်းဘူးဒေသခံတဦးက ဘီဘီစီကိုပြောပါတယ်။

    ဒါ့အပြင် လမ်းမကြီးဘေးမှာရှိတဲ့ ဆိုင်ခန်းတွေလည်း ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ ဒီဖြစ်စဉ်မတိုင်ခင်ရက်ပိုင်းအလိုတုန်းက အဲ့ဒီပန်းတောင်းကျေးရွာနဲ့ ပဒါန်းကျေးရွာကြားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီးနောက် အခုလိုကျေးရွာကိုပစ်ခတ်မှုတွေလုပ်ဆောင်တာ လို့ ရွာခံတွေကသုံးသပ်ကြပါတယ်။

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီယာဉ်တန်းပေါ်ကနေ သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံသုံးဦးဒဏ်ရာရ
  18. မြဝတီ အာရှလမ်းသစ် တိုက်ပွဲကြောင့် နှစ်ဖက် ကားတန်း ရာချီ စောင့်ဆိုင်းနေရ, ၃ ရက်အတွင်း အရပ်သား ၂ ဦးပစ်ခတ်ခံရလို့ သေဆုံးခဲ့

    မြဝတီ - ကော့ကရိတ် အာရှလမ်းသစ်အပိုင်းမှာ စစ်ကောင်စီတပ်၊ ကရင်နယ်ခြားစောင့်တပ် BGF တို့နဲ့ ကရင်အမျိုးသား အစည်းအရုံး KNU/KNLA တပ်ဖွဲ့တွေအကြားမှာ တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့် အိမ်စီးကားတွေ၊ ကုန်တင်ကားတွေ ရာချီပြီး ပိတ်မိစောင့်ဆိုင်းနေရတယ်လို့ ဒေသခံ၊ ယာဉ်မောင်းတွေထံကသိရပါတယ်။

    ပြီးခဲ့တဲ့ ၃ရက်အတွင်းမှာဘဲ အိမ်စီးကားတွေ ပစ်ခတ်ခံရတာအပြင်၊ ကုန်တင်ကား၊ အိမ်စီးကား စတာတွေလည်း မီးရှို့ဖျက်ဆီးခံရတဲ့ဖြစ်စဉ်တွေ ဖြစ်ခဲ့ပါတယ်။ ပစ်ခတ်၊ ဖျက်ဆီးတာကို ဘယ်အဖွဲ့အစည်းတွေက ပြုလုပ်တယ်ဆိုတာကိုတော့ တိတိကျကျ သိရှိရတာမျိုးမရှိသေးပါဘူး။

    "မနေ့ကမနက်ပိုင်း အာရှလမ်းမှာ ပရိုဘောက်ကား အပစ်ခံရတယ်။ ကားပေါ်ပါသူ တစ်ယောက်သေတယ်၊ ညနေပိုင်း ၂ ဘက် တိုက်ပွဲတွေ တောင်ကျောပေါ်မှာပစ်ခတ်နေတော့၊ ကားတွေ အတက်အဆင်း မြဝတီဘက်က ရော၊ ကော့ကရိတ်ဘက်ကရော ၂ ဘက်စလုံး ပြန်ဆုတ်ခဲ့ရတယ်။ ကျန်ခဲ့တဲ့ ကားတွေ ကော့ကရိတ် - တောနော့်ရေတံခွန့်ကွေ့ ဘက် အတက်လမ်းကြောမှာ အိမ်စီးကား၂စီးနဲ့ ကုန်ကား၂စီး မီးရှို့ ခံ ရတယ်၊ ဒီ နေ့တော့ ဘယ်သူမှ အသွားအလာ မရှိဘူး" လို့ ယာဉ်မောင်းတစ်ဦးက ပြောပြပါတယ်။

    KNU တပ်မဟာ ၆ ဒူးပလာယာ ခရိုင်က မတ်လ ၂၇ရက်မှာ မြဝတီ - ဝေါလေ လမ်းပိုင်း၊ မြဝတီ - ကော့ကရိတ် အာရှလမ်းသစ်ပိုင်းတွေကို အသုံးမပြု ကြဖို့နဲ့ ကူးသန်းရောင်းဝယ်မှု့ အတွက် ဖြတ်သန်းသွားလာမှု့ယာယီ ရပ်ဆိုင်း ထားကြဖို့ ထုတ်ပြန်ခဲ့ပါတယ်။ စာထုတ်ပြီးချိန် မှ ၃ ရက်အတွင်း ဖြတ်သန်းသွားလာတာတွေရှိခဲ့တဲ့ ကားတွေကို မီးရှို့တာအပြင် ကား၈စီး ပစ်ခတ်ခံရပြီး ကားပေါ်ပါသူ အရပ်သား ၂ဦး ကျည်ထိမှန်သေဆုံးတာလည်းရှိခဲ့ပါတယ်။

    အဲဒီ ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ဒီနေ့၊ မတ်လ ၃၀ ရက်နေ့ မှာတော့ ဖြတ်သန်း သွားလာ တာမလုပ်ရဲ ကြတော့ဘဲ ယာဉ်တန်း နှစ်ဖက်မှာ ခရီးသည်တင်ကားများ ကုန်စည်ကားတွေ အစီးရေ ရာချီ စောင့်ဆိုင်း နေကြရတာလည်းဖြစ်ပါတယ်။

    မြဝတီလမ်း

    ဓာတ်ပုံ ရင်းမြစ်, CJ

  19. အနုပညာရှင်တချို့လိုက်ပါလာတဲ့ မီးရထားမိုင်းဆွဲခံရ, အစည်းအရုံးတချို့ကနေ အကြမ်းဖက်လုပ်ရပ်လို့ဆိုကာ ရှုတ်ချကြောင်းထုတ်ပြန်

    မြန်မာနိုင်ငံရဲ့ ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းမြှင့်တင်ဖို့ဆိုကာ ရှမ်းပြည်နယ်၊ နောင်ချိုမြို့အနီး ရိုက်ကူးရေးသွားလုပ်ပြီးပြန်လာတဲ့ မီးရထားဟာ ဂန့်ဂေါနဲ့ ဆင်လမ်းစုကျေးရွာကြား ဘန်ဘွေးရွာရဲ့ အနောက်မြောက်ဘက်က မီတာ (၂၂၀၀) ခန့်အကွာမှာ မနေ့မတ်လ (၂၉)ရက် ညနေ (၄)နာရီဝန်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ထုတ်ပြန်လာပါတယ်။

    ဒီခရီးစဉ်ကို စစ်ကောင်စီရဲ့စီစဉ်ပေးမှုနဲ့ လုပ်ဆောင်တာဖြစ်ပြီး ပြည်တွင်းအနုပညာရှင်တချို့လည်း လိုက်ပါလာခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီမီးရထားမိုင်းဆွဲခံရတာကြောင့် မီးရထားပေါ်လိုက်ပါလာတဲ့ ဝန်ထမ်းတွေနဲ့ အနုပညာရှင်တွေ ထိခိုက်ဒဏ်ရာမရဘူးလို့ ပြောပါတယ်။

    ဒါပေမဲ့လည်း ဒီလုပ်ရပ်ဟာ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်နိုင်ဖို့အတွက် အထောက်အကူမပြုတဲ့ အဖျက်အမှောင့် လုပ်ငန်းဖြစ်တဲ့အတွက် အကြမ်းဖက်မှုလို့ဆိုကာ လက်မခံကန့်ကွက်တယ်လို့ သတင်းမီဒီယာကောင်စီကနေ ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

    ဒါ့အပြင် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)ရော မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးကပါ ဒါကို အကြမ်းဖက်တိုက်ခိုက်တယ်လို့ဆိုကာ ပြင်းထန်စွာပြစ်တင်ရှုတ်ချတယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီသတင်းစာတွေမှာ သဘောထားထုတ်ပြန်ထားပါတယ်။

    ရထားကို မိုင်းထောင်ဖောက်ခွဲတာနဲ့ပတ်သက်ပြီး အစည်းအရုံးတွေနဲ့ အဖွဲ့အစည်းတွေက ကန့်ကွက်ရှုတ်ချကြတဲ့အပေါ် တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပြည်သူတွေကသူတို့အပေါ်ပြန်လည်ဝေဖန်ပြောဆိုနေကြတာလည်းရှိပါတယ်။

    ဒီမီးရထားပေါ်မှာ စစ်ကောင်စီထောက်ခံသူ အနုပညာရှင်တချို့လိုက်ပါခဲ့ကြတယ်လို့ ဒေသအခြေစိုက် မီဒီယာတွေမှာဖော်ပြထားပြီး ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းကလုပ်ဆောင်ခဲ့တယ်ဆိုတာကိုလည်း ဘီဘီစီဘက်ကသီးခြားအတည်မပြုနိုင်ခဲ့ပါဘူး။

  20. ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင် ဈာပနာအခမ်းအနား စစ်တိုင်းမှူးတက်

    ကိုးကန့်ခေါင်းဆောင်ဖြစ်တဲ့ ဦးဖုန်ကြားရှင်ရဲ့ ဈာပနာအခမ်းအနားကို မနေ့မတ်လ ၂၉ ရက်နေ့ကစပြီး ၃ ရက်ကြာကျင်းပပြုလုပ်မယ်လို့ ကိုးကန့်အဖွဲ့က မတ်လ (၂၉)ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

    မနေ့ကစတင်တဲ့ ဒီဈာပနာပွဲအခမ်းအနားကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အထူးကိုယ်စားလှယ် ရွှေတြိဂံဒေသစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်ထွန်းလည်း တက်ရောက်ခဲ့သလို တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်တွေဖြစ်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ တအန်းလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ရက္ခိုင့်တပ်တော် (AA) က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့တယ်လို့ ကိုးကန့်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ဒါ့အပြင် ကရင်နီအမျိုးသားများကာကွယ်‌ရေးတပ် (KNDF) ခေါင်းဆောင်တွေပါ ဈာပနာအခမ်းအနားတက်ရောက်ခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း လွမ်းသူ့ပန်းခွေပေးပို့ခဲ့ပါတယ်။

    ဒီဈာပနာအခမ်းအနားကိုတော့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ ၄၊ ကိုးကန့် မိုင်းလား​ဒေသမှာ ပြုလုပ်ခဲ့တာပါ။

    မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ကိုတည်ထောင်ခဲ့သူ အသက် (၉၄)နှစ်အရွယ် ဦးဖုန်ကြားရှင်ဟာ အခုနှစ်၊ ဖေဖော်ဝါရီ (၁၆)ရက်မှာကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

    ဦးဖုန်ကြားရှင် စျာပန

    ဓာတ်ပုံ ရင်းမြစ်, ဓာတ်ပုံ - ကိုးကန့်သတင်းထုတ်ပြန်ရေးအဖွဲ့ (Wechat)