အာဏာသိမ်းပြီးနောက် အိုးအိမ်စွန့်ခွာပြေးရသူ ၉ သိန်းကျော်လာ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အိုးအိမ်စွန့်ခွာပြေးရသူ ၉ သိန်းကျော်ရှိလာတယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ‌ပြောခွင့်ရပုဂ္ဂိုလ်က ပြောလာပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ကျောက်စိမ်းရိုင်းတူးဖော်ထုတ်လုပ်တဲ့ လုပ်ငန်းတွေခွင့်မပြုတော့ဘူးလို့ စစ်ကောင်စီထုတ်ပြန်လာ, ထုတ်ပြန်ချက်ဟာ မြေပြင်အခြေအနေနဲ့ကွာခြားနေတယ်လို့ ဒေသခံတွေပြော

    ကချင်ပြည်နယ်ထဲကျောက်စိမ်းထွက်တဲ့ လုံးခင်း၊ ဖားကန့်ရတနာနယ်မြေနဲ့ ‌မော်လူး၊ မော်ဟန်ရတနာနယ်မြေတို့မှာရှိတဲ့ ကျောက်စိမ်းရိုင်းတူးဖော်ထုတ်လုပ်မှုလုပ်ငန်းတွေကို ဆက်လက်တူးဖော် ထုတ်ယူခွင့်မပြုတော့ဘူးလို့ စစ်ကောင်စီ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းကနေ ဧပြီ(၁)ရက် ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။

    နိုင်ငံပိုင်ကျောက်မျက်ရတနာတွေကို သားစဉ်မြေးဆက် ရေရှည်သုံးစွဲနိုင်ဖို့၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေဖိုနဲ့ ဘေးအန္တရာယ်ကင်းရှင်းစေဖို့အတွက်တူးဖော်ခွင့်မပြုတော့တာလို့ ဖော်ပြထားပါတယ်။

    လက်တွေ့မှာတော့ အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်ရတနာနယ်မြေမှာ ကျောက်မျက်တူးဖော်မှုတွေ သိသိသာသာတိုးလာသလို စက်ယန္တရားကြီးတွေပါ အသုံးပြုတူးဖော်တာတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    "ထုတ်ပြန်ချက်က လက်တွေ့နဲ့ကင်းကွာနေတယ်ဗျ။ အစိုးရအဆက်ဆက် သားစဉ်မြေးဆက်ရေရှည်သုံးစွဲနိုင်ဖို့လို့ ပြောခဲ့ကြတာပါပဲ။ တကယ်တမ်းကျ ဖားကန့်မှာစက်ယန္တရားကြီးတွေနဲ့တူးနေတာမှ တောင်တွေဆိုတာ နေ့ချင်းကိုပျောက်ပျောက်သွားတာလေဗျာ"လို့ ဖားကန့်ဒေသခံတဦးက ဘီဘီစီကိုပြော ပါတယ်။

    ပြီးခဲ့တဲ့နှစ်အတွင်းမှာလည်း ဖားကန့်မြေစာပုံပြိုကျမှုဖြစ်စဉ်တချို့ အနည်းဆုံးနှစ်ကြိမ်ထပ်မနည်းဖြစ်ခဲ့ပြီး လူသေဆုံးမှုတွေပါရှိခဲ့ပါတယ်။

    ဖားကန့်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  2. စစ်ကောင်စီတပ်တွေတောင်ပျောက်တိုက်နယ်ထဲ စစ်ကြောင်းထိုးပစ်ခတ်တယ်လို့ဆို, ကျေးရွာ ၁၀ရွာခန့် စစ်ရှောင်နေရ

    တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တောင်ပျောက်တိုက်နယ်ထဲမှာပြီးခဲ့တဲ့ မတ်လ ၃၀ရက်ကစလို့စစ်ကောင်စီဘက်က တပ်အင်အားတွေတိုးပြီး ပစ်ခတ်ဖမ်းဆီးတာတွေကြောင့်ကျေးရွာမှာနေထိုင်သူတွေဘေးလွတ်ရာပြေးနေရတယ်လို့ဒေသခံတွေကပြောပါတယ်။

    နှစ်ဖက်ထိတွေ့တိုက်ပွဲတွေမရှိဘဲ ကျေးရွာတွေအနီး လက်နက်ကြီးတွေနဲ့ပစ်ခတ်သလို ဒေသခံရွာသား အယောက် ၂၀ လောက်ဖမ်းဆီးခံရပြီးဒီကနေ့ဧပြီ ၂ရက်နေ့အထိရွာသားတွေကိုပြန်လွှတ်ပေးတာမရှိဘူးလို့ဒေသခံတွေကပြောပါတယ်။

    လက်ရှိမှာတော့ တောင်ပျောက်တိုက်နယ်ထဲက ကျေးရွာ ၁၀ ရွာရှိဒေသခံ ဦးရေ၅၀၀၀ လောက်ဟာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပါတယ်။

    “ ရွာသားတွေကနေရာတွေဖြန့်ပြီးပြေးနေကြရတယ်။ ကျွန်တော်တို့လက်ခံထားတဲ့နေရာမှာတော့ လူဦးရေ ၁၀၀၀ လောက်ရှိပါတယ်။နှစ်ဖက်တိုက်ပွဲတွေမရှိပေမယ့် လက်နက်ကြီးတွေနဲ့ပစ်တာတွေရှိတယ်။အခုလက်ရှိတော့ ဒေသခံတွေကသူတို့ပါလာတဲ့စားနပ်ရိက္ခာတချို့ရှိပေမယ့့်အခုထက်ပိုကြာသွားရင်တော့စားနပ်ရိက္ခာ၊နေရာထိုင်ခင်း၊ အမိုးအကာတွေနဲ ဆေးဝါးတွေခက်ခဲသွားနိုင်တယ်’’ လို့ ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က ဘီဘီစီကိုပြောပါတယ်။

    သရက်ချောင်းမြို့နယ်ထဲက တောင်ပျောက်တိုက်နယ်တဝိုက်မှာတော့စစ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကကျေးရွာထွက်ပေါက်တွေအနီးပိတ်ဆို့တပ်စွဲထားတာတွေရှိခဲ့ပြီးဒေသခံတွေရဲ့ရိက္ခာသယ်ယူမှုတွေကို ကန့်သတ်တာတွေလည်းလုပ်ထားတယ်လို့ဒေသခံတွေကပြောထားပါတယ်။

    လက်ရှိမှာတော့ နှစ်ဖက်တိုက်ပွဲတွေမရှိပေမယ့် ဖမ်းဆီးပစ်ခတ်မှုတွေကြောင့် ဘေးလွတ်ရာပြေးနေရတဲ့ ဒေသခံစစ်ရှောင်တွေဟာ စိတ်ပူစိုးရိမ်မှုတွေရှိနေကြတယ်လို့ဆိုပါတယ်။

    တောင်ပျောက်တိုက်နယ်

    ဓာတ်ပုံ ရင်းမြစ်, ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့

    သရက်ချောင်းမြို့နယ်ထဲက တောင်ပျောက်တိုက်နယ်တဝိုက်မှာတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျေးရွာထွက်ပေါက်တွေအနီးပိတ်ဆို့တပ်စွဲထားတာတွေရှိခဲ့ပြီး ဒေသခံတွေရဲ့ရိက္ခာသယ်ယူမှုတွေကို ကန့်သတ်တာတွေလည်း လုပ်ထားတယ်လို့ဒေသခံတွေကပြောဆိုထားပါတယ်။

    လက်ရှိမှာတော့ နှစ်ဖက်တိုက်ပွဲတွေမရှိပေမယ့် ဖမ်းဆီးပစ်ခတ်မှုတွေ ကြောင့် ဘေးလွတ်ရာပြေးနေရတဲ့ ဒေသခံစစ်ရှောင်တွေ ဟာ စိတ်ပူစိုးရိမ်ှုတွေရှိနေကြတယ်လို့ဆိုပါတယ်။

    တောင်ပျောက်တိုက်နယ်

    ဓာတ်ပုံ ရင်းမြစ်, ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့

  3. အခုနှစ် တက္ကသိုလ်ဝင်တန်း‌ဖြေဆိုထားသူတွေကို တက္ကသိုလ်ဝင်ခွင့်လက်မခံလို့ ယာယီရတနာပုံတက္ကသိုလ်ကောင်စီကြေညာ

    အခုနှစ်မတ်လကုန်ပိုင်းကစတင်ဖြေဆိုနေတဲ့ စစ်ကောင်စီတက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုထားသူတွေကိုတက္ကသိုလ်ဝင်ခွင့်လက်ခံမှာ မဟုတ်ဘူးလို့ ရတနာပုံတက္ကသိုလ် (ယာယီတက္ကသိုလ်ကောင်စီ)က ဒီကနေ့ ဧပြီ (၂)ရက်မှာထုတ်ပြန်ပါတယ်။

    အခုအချိန်ဟာ တနိုင်ငံလုံးရဲ့တော်လှန်ရေးဖြစ်စဉ်တွေကို မျက်ကွယ်ပြုပြီး မိမိအကျိုးစီးပွားအတွက် စစ်ကောင်စီဖွင့်လှစ်တဲ့အတန်းတွေကို တက်ရောက်တာ၊ စစ်ကောင်စီလက်အောက်ခံ တက္ကသိုလ်ဝင်စာမေးပွဲတွေကိုဖြေဆိုတာတွေ ပြုလုပ်နေသူတွေကိုတွေ့ရှိရတာကြောင့် စစ်ကောင်စီထောက်တိုင်အနေနဲ့ ပါဝင်သူဘယ်သူကိုမဆို ပြင်းထန်စွာရှုံ့ချတယ်လို့ ဖော်ပြပါတယ်။

    လက်ရှိမှာစစ်ကောင်စီကနေ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေကျင်းပနေသလို လာမယ့်မေလအတွင်းမှာလည်း တက္ကသိုလ်အတန်းစုံကိုပြန်လည်ဖွင့်လှစ်ဖို့ ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။

    "အခြေခံကျောင်းတွေလည်း‌ပြန်ဖွင့်တယ်စာမေးပွဲတွေလည်းဖြေနေကျတော့ CDM လား၊ Non လားသဲကွဲပြီ။ တက္ကသိုလ်ဆိုလည်း မာစတာတွေ၊ Q တန်းတွေလည်းဖွင့်ခဲ့ပြီးဆိုတော့ သဲကွဲပြီ။ အခုကတော့ တက္ကသိုလ်အတန်းစုံဖြစ်တဲ့အတွက် CDM ‌ကျောင်းသားတွေဘယ်လောက်လက်တွေ့ရှိမလဲ။ ဒါကျွန်တော်တို့ ကျောင်းသားတွေကိုသွေးတိုးစမ်းနေတာဖြစ်တယ်။ ကျောင်းမတက်ကြဖို့လည်း ဆော်သြထားပြီးဖြစ်ပါတယ်။ အခုလို စစ်ကောင်စီလက်အောက် ကျောင်းတက်တာတွေကိုလည်း လက်မခံဖို့ တခြားယာယီတက္ကသိုလ်ကောင်စီတွေကိုလည်း တိုက်တွန်းထားပါတယ်"လို့ ရတနာပုံတက္ကသိုလ်ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ ကိုထက်မြတ်အောင်က ဘီဘီစီကိုပြောပါတယ်။

    ဒါ့အပြင် ယာယီတက္ကသိုလ်ကောင်စီတချို့ပူးပေါင်းကာ Burma Academy အွန်လိုင်းပလက်ဖောင်းကို စတင်ဖွဲ့စည်းပြီး သက်ဆိုင်ရာဘာသာရပ်အလိုက် သင်ခန်းစာတွေ ဖွင့်လှစ်သင်ကြား‌ပေးနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြုလက်မှတ်တွေ ပေးအပ်သွားမယ်လို့ သိရပါတယ်။

    တဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရက တက္ကသိုလ်ဝင်တန်းတွေအတွက် စစ်ကောင်စီစာမေးပွဲဝင်မဖြေရင်ဘာတွေဆောင်ရွက်ပေးမလဲဆိုတာကို တိတိကျကျပြောတာမရှိဘူးဆိုတဲ့ ဝေဖန်ချက်တွေလည်းရှိနေပါတယ်။

    Yadanabon University Mandalay MM

    ဓာတ်ပုံ ရင်းမြစ်, Yadanabon University Mandalay MM

    ဓာတ်ပုံ ပုံစာ, ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၄)ရက်နေ့ ရတနာပုံတက္ကသိုလ် CDM သပိတ် စတင်လှုပ်ရှားစဉ်
  4. ကြူကုတ်မြို့မှာ ရဲတပ်ဖွဲ့ဝင် ၅ ဦး အသတ်ခံရ

    ကြူကုတ်မြို့မှာ ရဲတပ်ဖွဲ့ဝင် ၅ ဦး အသတ်ခံရရှမ်းပြည်နယ်မြောက်ပိုင်း၊ ကြူကုတ်မြို့နယ်၊ မုံးပေါ်ကျေးရွာအနီးမှာ ပြီးခဲ့တဲ့ မတ်လ ၃၁ရက်နေ့က ရဲတပ်ဖွဲ့ဝင် ၅ ဦးရဲ့အလောင်းတွေ တွေ့ခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။`

    ဒီရဲတပ်ဖွဲ့ဝင် ၅ ဦးကိုတော့ မုံးပေါ်ကျေးရွာရဲ့ ရင်ခွဲတောင်အနီးမှာ ဦးခေါင်း သေနတ်ဒဏ်ရာတွေနဲ့လက်ထိပ်ခတ်ပြီး သတ်ဖြတ်ခံထားရတဲ့ ပုံစံနဲ့ပြန်တွေ့ခဲ့တာလို့ အလောင်းတွေကို သွားရောက်သယ်ပေးခဲ့တဲ့ လူမှုကူညီရေးအသင်းကပြောပါတယ်။

    ရဲတပ်ဖွဲ့ဝင် ၅ဦးဟာ ဘယ်အချိန်ကတည်းက သေဆုံးနေတယ်ဆိုတာမသိရပေမယ့် လမ်းခရီးအခက်အခဲကြောင့် အလောင်းတွေကို ဧပြီ ၁ရက်နေ့မှ သွားပြီး သယ်ဆောင်ခဲ့တာလို့ဆိုပါတယ်။

    '' နယ်ထိန်းက ဖုန်းဆက်ပြီးအကူအညီတောင်းလာတယ်။ ရင်ခွဲတောင်နားက ရဲ ၅ ဦးအလောင်းပြန်သယ်ချင်တယ်ဆိုပြီး ဒါကြောင့် သွားသယ်တာ။ တွေ့တာကတော့ ရင်ခွဲတောင်နားမှာ သတ်ထားတာ။၃ယောက်တတွဲ၊ ၂ယောက်တတွဲလက်ထိပ်ခတ်ပြီး သေနေတာတွေ့တယ်''လို့အလောင်းတွေကို သယ်ဆောင်ပေးခဲ့တဲ့ မူဆယ် ၁၀၅ မိုင် ပါရမီလူမှုကူညီရေးအသင်းက တာဝန်ရှိသူက ဘီဘီစီကိုပြောပါတယ်။

    လက်ရှိမှာတော့ ရဲတပ်ဖွဲ့ဝင်တွေရဲ့အလောင်းတွေကို မူဆယ်ဆေးရုံကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။စစ်ကောင်စီကတော့ ကြူကုတ်မြို့နယ်က ရဲတပ်ဖွဲ့ဝင်တွေ သတ်ဖြတ်ခံရတာနဲ့ပတ်သက်လို့ဒီကနေ့ဧပြီလ ၂ရက်နေ့မနက်ပိုင်းထိ သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

    ကြူကုတ်

    ဓာတ်ပုံ ရင်းမြစ်, ပါရမီလူမှုကူညီရေးအသင်း

  5. တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဦးဝဏ္ဏမောင်လွင်တွေ့ဆုံ, ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ဖို့ ကူညီမယ်လို့ တရုတ်ပြော

    တရုတ်နိုင်ငံကို ‌ရောက်ရှိနေတဲ့ စစ်ကောင်စီနိုင်ငံခြားရေးဌာနဝန်ကြီးဌာန ဝန်ကြီးဦးဝဏ္ဏမောင်လွင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ မနေ့ဧပြီ (၁)ရက်မှာ အန်းဟွေးပြည်နယ်၊ ထွန်ရှီးမှာတွေ့ဆုံခဲ့ကြတယ်လို့ တရုတ်သတင်းဌာနတွေကဖော်ပြလာပါတယ်။

    ဒီလိုတွေ့ဆုံချိန်အတွင်း မြန်မာနိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေးပြန်လည်သင့်မြတ်ဖို့အကောင်အထည်ဖော်ဖို့၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ဖို့ ထောက်ပံ့ကူညီမယ်လို့ တရုတ်ဝန်ကြီး ဝမ်ယိကပြောခဲ့ပါတယ်။

    စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကလည်း လက်ရှိနိုင်ငံတကာအခြေအနေ အပြောင်းအလဲတွေကြောင့် ဖြစ်ပေါ်လာတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခက်အခဲနဲ့ ပတ်သက်ပြီး လွန်စွာစိုးရိမ်မိတယ်လို့ ပြောခဲ့ပြီး တရုတ်နိုင်ငံအနေနဲ့ကလည်း အခက်အခဲတွေကိုကျော်လွှားနိုင်ဖို့ မြန်မာနိုင်ငံနဲ့ ညှိနှိုင်းဆောင်ရွက်မှုကို အားဖြည့်လိုတယ်လို့ ဆိုပါတယ်။

    စီးပွားရေးနဲ့နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာသဘောတူစာချုပ်အရ တရုတ်နိုင်ငံက ယွမ်သန်း ၆၅၀ မြန်မာကို ကူညီထောက်ပံ့မယ်လို့ လည်းစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။

    ဒါဟာ ပြီးခဲ့တဲ့နှစ်အတွင်း အထူးသံတမန် ဆွန်ကော့ရှန်မြန်မာပြည်လာပြီးနောက်ပိုင်း တနှစ်နီးပါးအကြာ မြန်မာ‌အရေးနဲ့ပတ်သက်ပြီး သတိထားချဉ်းကပ်နေတဲ့ တရုတ်ရဲ့ ခြေလှမ်းသစ်တခုစတင်လိုက်တာလို့ တရုတ်-မြန်မာအရေးကျွမ်းကျင်သူ နိုင်ငံရေးစောင့်ကြည့်သူတွေက ထောက်ပြနေကြပါတယ်။

    နှစ်ဖက်တွေ့ဆုံချိန်အတွင်း ယူကရိန်းအကျပ်အတည်းရဲ့ သက်ရောက်မှုတွေကိုလည်း အတူတကွ ရင်ဆိုင်ဖြေရှင်းသင့်တယ်လို့ ထည့်သွင်းပြောသွားပါတယ်။ဒါ့အပြင် တရုတ်-မြန်မာစီးပွားရေးစင်္ကြန်တည်ဆောက်ရေးကို တွန်းအားပေးပြီး စက်မှုဇုန်၊ နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားကွန်ရက်၊ လမ်းပန်းဆက်သွယ်ရေးအပြန်အလှန်ချိတ်ဆက်တာတွေကို ပူးပေါင်းဆောင်ရွက်တာအပြင် အဓိကအထင်ကရစီမံကိန်းတွေကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်သင့်တယ်လို့ ဆိုပါတယ်။

    မြန်မာနိုင်ငံရဲ့ လိုအပ်ချက်အရ ကာကွယ်ဆေးနဲ့ ကူးစက်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ အထောက်အပံ့တွေကိုလည်းဆက်ပေးမယ့်အပြင် ရောဂါထိန်းချုပ်ရေးဌာန၊ ကျေးလက်လမ်းနဲ့တံတားတွေ၊ စက်မှုလေ့ကျင့်ရေးစင်တာ စတဲ့ ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်မယ်လို့ တရုတ်ဝန်ကြီး ဝမ်ယိကထည့်ပြောခဲ့တာပါ။

    ဆွေးနွေးပွဲအပြီးမှာ နှစ်နိုင်ငံစီးပွားရေး၊ နည်းပညာနဲ့စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စာရွက်စာတမ်းတွေအပြန်အလှန် ဖလှယ်ကြပြီး ချုံချင့်မြို့ဆိုင်ရာ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဖွင့်ပွဲအခမ်းအနားလည်းကျင်းပခဲ့တယ်လို့သတင်းတွေကဖော်ပြပါတယ်။

    CRI Myanmar

    ဓာတ်ပုံ ရင်းမြစ်, CRI Myanmar

    ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဦးဝဏ္ဏမောင်လွင်တွေ့ဆုံ
  6. အရာတော်၊ သစ်ကျင်းကြီးစခန်းကို ကာကွယ်ရေးအဖွဲ့တွေတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်

    Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)

    ဓာတ်ပုံ ရင်းမြစ်, Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)

    ဓာတ်ပုံ ပုံစာ, အရာတော်၊ သစ်ကျင်းကြီးစခန်းကို ကာကွယ်ရေးအဖွဲ့တွေတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်

    စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ သစ်ကျင်းကြီးကျေးရွာက စစ်ကောင်စီတပ်စခန်းကို မနေ့ဧပြီ (၁)ရက်၊ နေ့လယ် (၁)နာရီဝန်းကျင်အချိန် မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့က ဒီကနေ့မှာထုတ်ပြန်လာပါတယ်။

    ဒီတိုက်ခိုက်မှုဖြစ်စဉ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၇)ဦးသေဆုံးပြီး (၅)ဦးဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    သစ်ကျင်းကြီးကျေးရွာ က စစ်ကောင်စီစခန်းကို နှစ်နာရီကြာတိုက်ခိုက်ခဲ့ကာ စခန်းကိုသိမ်းနိုင်ခဲ့သလို ဆိုင်ကယ်(၃)စီးလည်း သိမ်းဆည်းခဲ့တယ်လို့ဆိုပါတယ်။

    ဒါ့အပြင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအသုံးပြုနေတဲ့ လူနာတင်ယာဉ်ကတော့ လက်နက်ကြီးထိမှန်မီးလောင်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)နဲ့ အတူ သပြေညို၊ Falocon force၊ အရာတော်ဘုန်းနိုင်၊ ပတ္တမြားညီနောင်နဲ့ မြင်းမူလျှပ်စီး အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေဆုံးတဲ့အရေအတွက်နဲ့ပတ်သက်ပြီးဘီဘီစီအနေနဲ့သီးခြားအတည်ပြုနိုင်တာတော့မရှိသေးပါဘူး။

    ဒီလို စစ်ကောင်စီတပ်စခန်းသိမ်းပိုက်ခဲ့ရတယ်ဆိုတာနဲ့ပတ်သက်ပြီး ဒီကနေ့နေ့လယ် (၁၂)နာရီဝန်းကျင်အထိ စစ်ကောင်စီပြန်ကြားရေးအဖွဲ့ဘက်ကနေ တစုံတရာထုတ်ပြန်လာတာမရှိသေးပါဘူး။

    Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)

    ဓာတ်ပုံ ရင်းမြစ်, Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)

    ဓာတ်ပုံ ပုံစာ, သိမ်းဆည်းခဲ့တဲ့ ဆိုင်ကယ် (၃)စီး
    Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)

    ဓာတ်ပုံ ရင်းမြစ်, Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)

    ဓာတ်ပုံ ပုံစာ, အရာတော်၊ သစ်ကျင်းကြီးစခန်းကို ကာကွယ်ရေးအဖွဲ့တွေတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်
  7. ဆားလင်းကြီး ရဲစခန်းကို ကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်

  8. HIV ဂေဟာတာဝန်ခံ ကိုရာဇာကို အမှုစွဲတင်၊ ဒေါ်ဖြူဖြူသင်းနဲ့ အမှုတွဲထား

    ရန်ကုန်တိုင်း ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် HIV/AIDS စောင့်ရှောက်ရေးဂေဟာကနေ မတ်လ ၂ ရက်နေ့က ဖမ်းဆီးသွားခဲ့တဲ့ ဂေဟာ တာဝန်ခံ ကိုရာဇာခေါ် ကိုစိုးရာဇာထွန်းကို ဧပြီလ ၁ ရက်နေ့က ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ် ရမန်ယူပြီး အကြမ်းဖက်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀ ည နဲ့ တရားစွဲလိုက်ပါတယ်။

    Nurture Aid Care - NAC ဂေဟာ စတင်တည်ထောင်သူ CRPH အဖွဲ့ဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီဝင် ဒေါ်ဖြူဖြူသင်းနဲ့ အတူ အမှု တတွဲတည်း စွဲဆိုထားတာ ဖြစ်တယ်လို့ ကိုရာဇာရဲ့ အမှုမှာ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေ ဦးကျော်ဋ္ဌေးက ပြောပါတယ်။

    ဒီပုဒ်မနဲ့ စွဲဆိုရတဲ့အကြောင်းက ကိုရာဇာဟာ ဂေဟာကနေ အလှူငွေတွေ ကောက်ခံပြီး ရတဲ့ ငွေကို ဒေါ်ဖြူဖြူသင်းကနေ တဆင့် NUG နဲ့ PDF အဖွဲ့အစည်းတွေကို လှူဒါန်းတယ် လို့ စွပ်စွဲပြီး တရားစွဲတာလို့ တရားသူကြီး ဖတ်ပြတဲ့ တိုင်စာအရ သိရတယ်လို့ ရှေ့နေက ပြောပါတယ်။

    လာမယ့် ဧပြီလ ၈ ရက်နေ့မှာ ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးမှာပဲ နောက်တကြိမ် ရုံးထုတ်ဖို့ ရှိပါတယ်။

    လာမယ့်ရုံးချိန်းမှာ ကိုရာဇာရဲ့ အမှုအတွက် သက်သေတွေကို စစ်ဆေးရမှာ ဖြစ်ပေမဲ့ သူနဲ့ အမှု တတွဲတည်း ဖွင့်ထားတဲ့ ဒေါ်ဖြူဖြူသင်းကို ဖမ်းမမိလို့ အပြေးမှု ဖွင့်ထားတဲ့ အတွက် အပြေးမှုကိစ္စတွေကိုအရင် ဆောင်ရွက်မှာဖြစ်တယ်လို့ ရှေ့နေက ပြောပါတယ်။

    တရားရုံး ရုံးချိန်းအပြီးမှာ ကိုရာဇာကို အင်းစိန် အကျဉ်းထောင်ကို ပို့ဖို့ ဖြစ်ပေမဲ့ အချိန်နှောင်းသွားတဲ့ အတွက် ရဲစခန်းကိုပဲ ပြန်ခေါ်သွားပြီး လာမယ့် တနင်္လာနေ့ကျမှ အင်းစိန် အကျဉ်းထောင်ကို လွှဲပြောင်းပေးပို့မယ်လို့ သူက ဆိုပါတယ်။

    ဧပြီလ ၁ ရက်နေ့က ကိုရာဇာကို ရုံးထုတ်ရာမှာ ဂေဟာက ကလေးတွေ ၁၀ ယောက်လောက်က သွားရောက် တွေ့ဆုံခဲ့ကြပါတယ်။သူတို့ရဲ့ ဖခင်သဖွယ်အားကိုးအားထားပြုရတဲ့ ကိုရာဇာကို အချုပ်အနှောင်နဲ့တွေ့ရတော့ ကလေးတွေက ဝမ်းနည်းပြီး ငိုကြတယ်လို့ တရားရုံးကို လိုက်ပါသွားသူတွေက ပြောပါတယ်။

    ရုံးထုတ်ချိန် သွားတွေ့တဲ့ ကလေးတွေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ရုံးထုတ်ချိန် သွားတွေ့တဲ့ ကလေးတွေ
  9. ဒေါက်တာဇော်မြင့်မောင် အဂတိမှု ငါးခုလုံးကို စွဲချက်တင် အမိန့်ချ

    မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ကို ဧပြီ ၁ရက်နေ့မှာ အဂတိအမှုပေါင်း ငါးခုလုံးအတွက် အိုးဘိုအထူးတရားရုံးက စွဲချက်တင်အမိန့်ချခဲ့ပါတယ်။

    တရားလိုပြသက်သေတွေ မကုန်သေးဘဲ မတ်လ ၈ရက်နေ့က အဂတိအမှုအားလုံးကို စွဲချက်တင်အမိန့်ချလို့ ပြန်ခေါ်သက်သေတွေကို ပြန်လည်စစ်ဆေးခဲ့တာ ရုံးချိန်း ခြောက်ခုရှိခဲ့ပါတယ်။

    ဧပြီ ၁ရက်မှာ တရားရုံးက အမှုကို စွဲချက်တင်ပေမဲ့ ပြစ်မှုကျူးလွန်တာမရှိလို့ အပြစ်မရှိကြောင်း ငြင်းဆိုခဲ့တယ်လို့ တရားရုံးအသိုင်းဝိုင်းက သိရပါတယ်။

    ‌ဒီလို အဂတိအမှုတွေနဲ့ တရားစွဲဆိုခံရတဲ့ထဲမှာ မန္တလေးတိုင်း လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဟောင်း ဦးဇာနည်အောင်လည်း ပါဝင်ပါတယ်။ သူ့အမှုအတွက် ဧပြီ ၁ ရက်နေ့မှာ အဂတိအမှု နှစ်ခုလုံးအတွက် အပြီးသတ်လျှောက်လဲချက် ပေးရပါတယ်။ ဧပြီ ၈ရက်နေ့မှာ အဂတိအမှုတွေ အတွက် အပြီးသတ်အမိန့်ချမှာဖြစ်ပါတယ်။

    လက်ရှိမှာ အဂတိအမှုတွေ ရင်ဆိုင်နေရတဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ ကျန်းမာရေးကောင်းပေမဲ့ ဦးဇာနည်အောင်ဟာ ကိုဗစ်နောက်ဆက်တွဲ ကျန်းမာရေးလက္ခဏာကို ခံစားနေရတယ်လို့ တရားရုံးအသိုင်းအဝိုင်းကနေ သိရပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာဇော်မြင့်မောင်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  10. တောင်ပျောက်တိုက်နယ်က ရွာသား ၂၀ ကျော် စစ်ကောင်စီတပ်တွေ ဖမ်းခေါ်သွား

    တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ဘက်မှာ မတ်လ ၃၀ ရက်နေ့က စတင်ပြီး အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေက စစ်ရှောင် ရွာသူရွာသားတချို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဝင်းကဖော်ရွာ အနောက်ဘက်ကမ်းကနေ ကျောက်အိုင်ရွာဘက်ကို ဦးတည် စစ်ကြောင်းထိုးရာ လမ်းတလျှောက်မှာရှိတဲ့ ကျွဲခြံ၊ ဝင်းကဖော်၊ ကျောက်အိုင်၊ အလယ်စု စတဲ့ ရွာတွေမှာနေထိုင်သူ ရွာသားတွေက ထိတ်လန့်ကြောက်ရွံ့ပြီး ဥယျာဉ်ခြံတွေ ထဲ ဒါမှ မဟုတ် တခြား အတွင်းဘက်က ရွာတွေဘက်ကို ထွက်ပြေးကြတယ်လို့ ဆိုပါတယ်။

    ဒီကနေ့ ဧပြီလ ၁ ရက်နေ့က ကျောက်အိုင်ရွာက ရွာသား ၅ ယောက်ထက် မနည်း ဖမ်းဆီးခေါ်ဆောင် ခံခဲ့ကြရပြီး မနေ့က မတ်လ ၃၁ ရက်နေ့ကတော့ ဝင်းကဖော်ရွာနဲ့ သပြုချောင်းရွာက ရွာသား ၂၀ လောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ အဖွဲ့ဝင် တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

    မနေ့က ဖမ်းဆီးခံခဲ့ရတဲ့ အဲဒီ အယောက် ၂၀ ထဲက အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား နှစ်ယောက်ကို ပြန်လွှတ်ပေးလိုက်တဲ့အတွက် ၁၅ ယောက် ဆက်လက်ဖမ်းဆီးခံထားရပါတယ်။ ဒါကြောင့် မနေ့ကနဲ့ ဒီကနေ့ ဖမ်းဆီးခံခဲ့ရသူ အယောက် ၂၀ ရှိပါတယ်။

    အဖမ်းခံရသူတွေက လူငယ် လူလတ် အရွယ် အမျိုးသားတွေ ဖြစ်ကြပြီး ဖမ်းဆီး မေးမြန်းခဲ့ချိန်က ရိုက်နှက်တာတွေ ရှိခဲ့သလို ကြိုးနဲ့တုပ်ပြီး ခေါ်ဆောင်သွားတယ်လို့ ပြန်လွတ်လာတဲ့သူတွေကနေ တဆင့် သိရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ နီးစပ်တဲ့ ရွာသားတွေက ပြောပါတယ်။

    သရက်ချောင်းမြို့နယ် အတွင်းမှာ တောင်ပျောက် တိုက်နယ်က PDF တွေ အားအကောင်းဆုံးနေရာတခုလို့ ပြောနိုင်ပါတယ်။ ဒါကြောင့် ဒီနေရာကို စစ်တပ်က စစ်ကြောင်းထိုးဖို့ အမြဲ တာစူနေတယ်လို့ ဒေသ ကာကွယ်ရေ တပ်က ပြောပါတယ်။

    စစ်ကောင်စီ တပ်တွေနဲ့ PDF တွေ က တောင်ပျောက်တိုက်နယ်မှာ အဓိက ကျတဲ့ ပဒိုင်းချောင်း ဆိုတဲ့ ချောင်းမကြီးရဲ့ တဘက်တချက်စီမှာ ရှိနေကြလို့ လောလောဆယ် တိုက်ပွဲမဖြစ်သေးပေမဲ့ သူတို့ရှိရာဘက်ကို စစ်ကောင်စီတပ်တွေက ပိုမို ချဉ်းကပ်လာနေပြီလို့ PDF ဘက်က ပြောပါတယ်။

    သူတို့ဘက်ကို ပိုနီးလာရင် မကြာခင် သေနတ်ဖောက်သံတွေ ကြားလာရဖို့ များတယ်လို့ ကာကွယ်ရေး တပ်ဘက်က သုံးသပ်ပါတယ်။

    အခု ဧပြီလ ၁ ရက်နေ့ ည ၇ နာရီလောက်မှာ ကျွဲခြံနဲ့ ဝင်းကဖော်ရွာ တွေဆီကို လက်နက်ကြီးကျည် ၇ လုံးလောက် ကျလာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

  11. ဟန်ထူးလွင်နဲ့ ဒေါင်းအပါအဝင် ၁၇ ဦးကို နိုင်ငံသားအဖြစ်က ရပ်စဲတယ်လို့ စစ်ကောင်စီ ကြေညာ

    စစ်အာဏာသိမ်း ဆန့်ကျင်သူတွေကို နိုင်ငံသားအဖြစ်က စစ်ကောင်စီက နိုင်ငံသားအဖြစ် ရပ်စဲတာတွေ လုပ်နေရာမှာ အခုအခါမှာ အဆိုတော် ဟန်ထူးလွင် နဲ့ သရုပ်ဆောင် ဒေါင်းတို့ အပါအဝင် ၁၇ ဦးကို နိုင်ငံသားအဖြစ်က ရပ်စဲလိုက်တယ်လို့ ထပ်မံ ကြေညာခဲ့ပါတယ်။

    ဒီကနေ့ ကြေညာသူတွေထဲမှ ကုလသမဂ္ဂမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ ယူကေဆိုင်ရာ မြန်မာ သံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းတို့လည်း ပါဝင်ခဲ့ပါတယ်။

    ဒီကြေညာခံရသူတွေဟာ တည်ဆဲဥပဒေတွေကို ဖောက်ဖျက်ကာ ပြည်ပကို တရားမဝင် ထွက်သွားပြီး နိုင်ငံအကျိုးထိခိုက်စေတာတွေ ဆောင်ရွက်နေလို့ ၁၉၈၂ နိုင်ငံသားဥပဒေအရ နိုင်ငံသားအဖြစ်က ရပ်စဲခဲ့တယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

    အရင်အကြိမ်တွေကလည်း အမျိုးသားညီညွတ်ရေး အစိုးရ အဖွဲ့က ဝန်ကြီးတွေနဲ့ စစ်အာဏာသိမ်း ဆန့်ကျင်ရေး လှုပ်ရှားနေသူတွေကို မတ်လ အစပိုင်းက စပြီး နိုင်ငံသားအဖြစ်က ရပ်စဲကြောင်း ကြေညာခဲ့ပါတယ်။

    စစ်ကောင်စီက တရားဝင် အစိုးရမဟုတ်တဲ့အတွက် စစ်ကောင်စီရဲ့ နိုင်ငံသားအဖြစ်က ရပ်စဲမှုက တရားမဝင်ဘူးလို့ အဲဒီလို နိုင်ငံသားအဖြစ်က ရပ်စဲခံခဲ့ရသူ တချို့ က တုံ့ပြန်ထားပါတယ်။

  12. မှတ်ပုံတင်မပါဘဲ ခရီးသွားခွင့်မရတဲ့လက်ကမ်းစာစောင် မြစ်ကြီးနားကားကြီးဝင်းမှာဝေ

    မှတ်ပုံတင်မူရင်းမပါရင်ဧပြီ၁ရက်နေ့ကစပြီး ခရီးထွက်ခွင့်မရှိတော့ဘူးဆိုတဲ့အချက်တွေပါတဲ့ လက်ကမ်းစာစောင်တစ်စောင်ကို ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကမြစ်ကြီးနားမြို့ကားကြီးဝင်းမှာ လဝကက ဝေသွားပါတယ်။

    အဲ့ဒီလက်ကမ်းစာစောင်ထဲမှာအချက် ၆ ချက် လောက်ပါပြီး အဓိကကတော့ အရင်လို ထောက်ခံစာနဲ့ ခရီးသွားလာလို့မရတော့ဘဲ မှတ်ပုံတင်မူရင်းပါမှသာ ခရီးသည်တွေကို ကားလက်မှတ်ရောင်းချခွင့်ရှိတော့တယ်လို့လည်း ပါပါတယ်။

    “ကျွန်တော်တို့ လက်မှတ်ရောင်းတော့မယ်ဆိုရင် ဒီဆော့ဖ်ဝဲထဲမှာလုပ်ထားပေးတယ်။ ဆော့ဖ်ဝဲထဲမှာ မှတ်ပုံတင်မူရင်းပါမှ လက်မှတ်ရောင်းလို့ရမယ်။ ဝန်ထမ်းတွေလည်း လမ်းမှာတအားစစ်လို့ကျွန်တော်တို့ ပြောပြပေးရတယ်ခင်ဗျ ။မှတ်ပုံတင်မူရင်းပါမှ လက်မှတ်ရောင်းပေးတယ်။ ဆော့ဝဲထဲမှာတခါတည်း မှတ်ချက်ရေးထားပေးတယ်၊ မှတ်ပုံတင်မူရင်းပါရမည်”လို့လက်မှတ်ရောင်းသူတစ်ယောက်က ပြောပါတယ်။

    ကချင်ပြည်နယ်မှာတော့ ကားဆရာတွေရဲ့ပြောပြချက်အရ မန္တလေး-မြစ်ကြီးနားသွားရင် နန့်စီးအောင်ဂိတ်မှာ အရင်ကတည်းက မှတ်ပုံတင်နဲ့လူတိုက်စစ်တာတွေရှိပြီး မြစ်ကြီးနား-ဖားကန့် -တနိုင်းသွားရင်တော့ ဒေသအခေါ် ၈မိုင်လမ်းခွဲ( မရမ်ကထောင်ဂိတ်) မှာစစ်ဆေးတာတွေ ရှိတယ်လို့ သိရပါတယ်။

    “မှတ်ပုံတင်ပိုင်းကတော့ ပြီးခဲ့တဲ့ရက်လောက်က လဝကက ကားကြီးဝင်းမှာ စာစောင်တွေ ဖြန့်ပြီးတော့ ၁ ရက်နေ့ကစပြီး ခရီးသည်တွေ မတင်ဖို့ ၊ မှတ်ပုံတင် မပါရင်လေ။ကျွန်တော်တို့ပိုင်းကတော့ ဘာမှ ထုတ်ထားတာမရှိဘူး။ …မှတ်ပုံတင်ပါမှ ခရီးသွားလာလို့ရမယ်ဆိုတဲ့ အဲ့ဒါလေးတော့ ထည့်ထားတယ်”လို့ယာဉ်ကြီးကြပ်မှုကော်မတီမှတာဝန်ရှိသူက ပြောပါတယ်။

    ဧပြီလဆန်းကစလို့ မှတ်ပုံတင်မူရင်းကလွဲပြီး အထောက်အထားတစ်စုံတရာနဲ့ ခရီးသွားတာ၊ တည်းခိုတာတွေ ခွင့်မပြုတော့ဘူးလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ကြေညာထားတာလည်း ရှိပါတယ်။

    ဒါကြောင့် ရွှေပြောင်းလုပ်သားတွေများတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်က တချို့စီးပွားလုပ်ကိုင်နေသူတွေကတော့ မှတ်ပုံတင်မရှိတာကြောင့် မိမိနေရပ်ဇာတိကို မပြန်တော့ဘူးလို့ ပြောဆိုနေတာတွေလည်း ရှိပါတယ်။

  13. ဖမ်းဆီးခံကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေအမြင့်ဆုံးပုဒ်မတွေနဲ့ထောင်ချခံနေရ, သေဒဏ်နဲ့ထောင်ဒဏ်တသက်ချမှတ်ခံထားရသူတွေလည်းရှိ

    အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်အာဏာသိမ်းတာကို ပုံစံမျိုးစုံနဲ့ဆန့်ကျင်တဲ့ကြတဲ့အထဲ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေကို ဆက်တိုက်ဖမ်းဆီးခဲ့ပြီး ပုဒ်မတပ်တရားစွဲဆိုမှုတွေလုပ်ခဲ့ကာ စစ်ကောင်စီလက်အောက်ကတရားရုံးတွေကနေထောင်ဒဏ်တွေဆက်တိုက်ချမှတ် နေတာကိုစစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ထဲမှာ စစ်ကောင်စီကဖမ်းဆီးခဲ့တဲ့ ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တွေနဲ့လူငယ်တွေကိုတော့အခု ၂၀၂၂ ခုနှစ်ထဲမှာ ဆက်တိုက်ဆိုသလို ထောင်ဒဏ်တွေချမှတ်နေပြီး စွဲဆိုထားတဲ့ ပုဒ်မတွေရဲ့အမြင့်ဆုံးထောင်ဒဏ်တွေချမှတ်ခံရတာတွေနဲ့သေဒဏ်ချမှတ်ခံရသူတွေလည်း ရှိလာတာပါ။

    ဒီရက်ပိုင်းအတွင်းမှာပဲ ပြီးခဲ့တဲ့ ၂၀၂၁ မေလနဲ့ဇွန်လတွေမှာ စစ်ကောင်စီကဖမ်းဆီးခဲ့တဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ ကိုဇင်လင်းအောင်၊ ကိုမောင်မောင်မင်းခန့်၊မဆုမွန်၊ ကိုကျော်လင်းထွဋ်နဲ့ဒဂုံတက္ကသိုလ် ကျောင်းသား သမဂ္ဂဥက္ကဌ မဆုရည်လင်းတို့ကို စစ်ကောင်စီက အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅-ကရဲ့ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ် ၃ နှစ်စီချမှတ်ခဲ့ပါတယ်။

    အလားတူပဲ မနေ့မတ်လ ၃၁ ရက်မှာ ရန်ကုန်စီးပွါးရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုခန့်သူအောင် ၊ ဘဏ္ဍာရေးမှူး မယဉ်မြတ်နိုးဦး ၊ ကိုဖြိုးကျော့နိုင် ၊ ကိုမင်းဟိန်းခန့်တို့ကို ထောင်တွင်းတရားရုံးကနေ စစ်ကောင်စီက ပုဒ်မ ၅၀၅-ကနဲ့ထောင်ဒဏ် ၃နှစ်စီချမှတ်လိုက်ပါတယ်။

    အဲဒီထဲကမှ ရန်ကုန်စီးပွါးရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဘဏ္ဍာရေးမှူး မယဉ်မြတ်နိုးဦးကိုတော့ ပုဒ်မ ၅၀၅-ကနဲ့ပဲ မြို့နယ် ၂ခုမှာ ခွဲပြီး တရားစွဲတာကြောင့် ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်ခံလိုက်ရတယ်လို့သမဂ္ဂကထုတ်ပြန်ပါတယ်။

    ဒီကျောင်းသားတွေဟာ စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ သပိတ်စစ်ကြောင်းတွေဆီကိုအသွားမှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးတာကိုခံရတာဖြစ်တယ်လို့သိရပါတယ်။

    ‘’ စစ်ကောင်စီက ကျောင်းသားလူငယ်တွေကို အငြိုးအတေးကြီးတာလည်းပါတယ်။ ကျောင်းသားပြည်သူလူထုပါဝင်နေတဲ့တော်လှန်ရေးကို ပုံဖျက်ချင်တာလည်းပါတယ်။ ဗုံးထောင်၊ မိုင်းခွဲတဲ့လူတွေဆိုပြီး ပုံဖျက်တယ်။ တကယ်တမ်းကျတော့ ဒါတွေဟာ သူတို့ကိုယ်တိုင် ကျူးလွန်ထားတဲ့ လုပ်ရပ်တွေဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေကိုချိုးဖောက်ပြီး အာဏာသိမ်းတယ်။ နိုင်ငံခေါင်းဆောင်တွေကိုဖမ်းဆီးပြီး ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးတယ်။ နောက်ဆုံးသူတို့ ဟာ ဂျီနိုဆိုက်စစ်တပ်ဆိုတာ ကမ္ဘာကသိအောင် အမေရိကန်က ကြေညာထားပြီးသားဖြစ်တယ်။ တကယ်ကျူးလွန်နေတဲ့လူတွေဟာ စစ်တပ်နဲ့စစ်ခေါင်းဆောင်တွေပဲဖြစ်တယ်။ သို့သော်လည်း ဒီဘက်က ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်နေတဲ့ ကျောင်းသားလူငယ်တွေကို စစ်ကောင်စီက ပြန်ပြီး အငြိုးတေးကြီးကြီးနဲ့ပုံဖျက်ဖို့သွားနေတယ်လို့ပဲမြင်ပါတယ်လို့ တကသကျောင်းသားဟောင်းများအင်အားစုက ကိုနန်းလင်းက ဘီဘီစီကိုပြောပါတယ်။

    ကျောင်းသားသမဂ္

    ဓာတ်ပုံ ရင်းမြစ်, ကျောင်းသားသမဂ္

    ပြီးခဲ့တဲ့ မတ်လ ၁၈ရက်နေ့မှာဆိုရင်လည်း ဒဂုံတက္ကသိုလ်၊ ဓာတုဗေဒဌာနက ကျောင်းသူတစ်ဦးဖြစ်တဲ့ မဆောင်းလေပြေတဲ့မြန်မာမှုဌာနက ကိုနိုင်အောင်(ခေါ်) snake တို့ကိုလည်း စစ်ခုံရုံးကနေ ထောင်ဒဏ်တစ်သက်အသီးသီးချမှတ်ထားပါတယ်။ စစ်ကောင်စီကတော့ သူတို့ဟာ မြောက်ဥက္ကလာမြို့နယ်တွင်းက အထက်တန်းပြဆရာပစ်ခတ်ခံရတာနဲ့ပေါက်ကွဲမှုတွေမှာ ပါဝင်ပတ်သက်နေသူတွေဖြစ်တယ်လို့စွပ်စွဲထုတ်ပြန် ဖမ်းဆီးတာခံထားရတာဖြစ်ပါတယ်။

    စစ်အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးခံထားရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား အယောက် ၃၀လောက်ရှိနေပြီး အဲဒီမှာထဲ အခုလိုထောင်ဒဏ်ချမှတ်ခံထားရသူတွေအပြင် စစ်ကောင်စီက သေဒဏ်နဲ့တသက်တကျွန်းထောင်ဒဏ်တွေအထိ အမြင့်ဆုံး ထောင်ဒဏ်ချ မှတ်ထားတဲ့သူတွေလည်းရှိတယ်လို့ ကျောင်းသား သမဂ္ဂအဖွဲ့ကတွေကထုတ်ပြန်ထားပါတယ်။

    ကျောင်းသားသမဂ္

    ဓာတ်ပုံ ရင်းမြစ်, ကျောင်းသားသမဂ္

  14. ဆားလင်းကြီးရဲစခန်းကို အဝေးပစ်လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေထုတ်ပြန်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်အတွင်းက စစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့ ဆားလင်းကြီးရဲစခန်းကို မနေ့မတ်လ ၃၁ ရက်ညပိုင်းကဒေသကာကွယ်ရေးတပ်တွေပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်လာပါတယ်။

    ဒေသကာကွယ်ရေးဘက်ကထုတ်ပြန်လာတဲ့ ဗွီဒီယိုဖိုင်အရ ရဲစခန်းအတွင်းကို ဒေသကာကွယ်ရေးတပ်တွေက အဝေးပစ်လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကိုတွေ့ရပါတယ်။

    ’’မနေ့ကတုန်းကလည်းသူတို့က အသိအမှတ်မပြုတဲ့ပညာရေးစနစ်လည်ပတ်နေတဲ့ပုံလုပ်တယ်။ တဖက်မှာကျတော့လည်း လူထုတွေပစ်ခတ်၊သတ်ဖြတ်၊ မီးရှို့တာတွေလုပ်နေပြီး အေးချမ်းတယ်ဆိုတာ ကမ္ဘာကိုချပြချင်နေတယ်။ ဒါကြောင့် ပစ်ခတ်ခဲ့တာပါ ’’ လို့ ဆားလင်းကြီး PDF က တာဝန်ရှိသူကပြောပါတယ်။

    ရဲစခန်းအတွင်းမှာတော့ ရဲတပ်သားနဲ့စစ်ကောင်စီတပ်သား ၁၅၀လောက်ရှိပြီး ဒီတိုက်ခိုက်မှုကြောင့်ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတချို့သေဆုံးနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

    ဘီဘီစီအနေနဲ့ကတော့ ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က သေဆုံးတာရှိ ၊မရှိ အတည်ပြုနိုင်တာမရှိသေးပါဘူး။

    ဒီတိုက်ခိုက်မှုကို ဒေသတွင်းအဖွဲ့တွေဖြစ်တဲ့Unity Force Monywa ၊ Brother Defense Forceနှင့်မဟာမိတ် ၈ ဖွဲ့ပူးပေါင်လုပ်ဆောင်တာဖြစ်တယ်လို့ ဆိုပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာဖွဲ့စည်းလာတဲ့ နိုင်ငံတဝန်းက ဒေသကာကွယ်ရေး ပြောက်ကျားအဖွဲ့တွေဟာ စစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့နေရာတွေကို တိုက်ခိုက်မှုတွေလုပ်လာပြီး မြို့နယ်ရဲစခန်းတွေလည်း တိုက်ခိုက်ခံခဲ့ရပါတယ်။

    ဒီတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်သားတွေထိခိုက်သေဆုံးတာတွေရှိခဲ့တာကိုလည်းစစ်ကောင်စီက ထုတ်ပြန်လေ့ရှိပါတယ်။

    အခုတိုက်ခိုက်ခံရတဲ့ဆားလင်းကြီးမြို့နယ်ရဲစခန်းနဲ့ပတ်သက်လို့တော့ စစ်ကောင်စီကတစုံတရာထုတ်ပြန်လာတာမတွေ့ရပါဘူး။

    ဆားလင်းကြီးရဲစခန်း

    ဓာတ်ပုံ ရင်းမြစ်, MFP

  15. ကယားပြည်နယ်မှာ မတ်လအတွင်းတိုက်ပွဲပေါင်း ၃၀ကျော်ဖြစ်ခဲ့, အရပ်သား၊ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့နဲ့ စစ်ကောင်စီတပ်သားအများအပြားသေဆုံးတယ်လို့ထုတ်ပြန်

    စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေပြင်းထန်နေတဲ့ကယားပြည်နယ်ထဲမှာတော့ပြီးခဲ့တဲ့ မတ်လ တစ်လတည်းမှာဲတိုက်ပွဲပေါင်း ၃၄ ခုရှိခဲ့ပြီးနှစ်ဖက်ထိခိုက်သေဆုံးမှုတွေလည်းရှိခဲ့တယ်လို့ကယားဒေသကာကွယ်ရေးတပ်တွေရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

    ဒီတိုက်ပွဲတွေမှာတော့စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀ ထက်မနည်းလုပ်ခဲ့ပြီးဒေသခံနေအိမ်တွေလည်း တစ်လအတွင်း ၈ ကြိမ်ထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ထုတ်ပြန်ပါတယ်။

    မတ်လပထမပတ်နဲ့ဒုတိယပတ်တွေမှာတော့ အတည်ပြုလို့ရတဲ့ ဒေသခံအလောင်းနဲ့မီးလောင်ပျက်စီးပြီးအတည်ပြုလို့မရနိုင်တဲ့ အလောင်းတွေဆက်တိုက်တွေ့ခဲ့တယ်လို့ဒေသခံလူမှုအဖွဲ့အစည်းတွေကထုတ်ပြန်ပါတယ်။

    ကယားပြည်နယ်

    ဓာတ်ပုံ ရင်းမြစ်, KNDF

    ပြီးခဲ့တဲ့ မတ်လ ၂၈ရက်မှာဆိုရင်လည်း ဒီးမောဆိုမြို့ဒေါ်တော်ကူးကျေးရွာမှာစစ်ကောင်စီဘက်ကပစ်ခတ်တဲ့လက်နက်ကြီး ကျရောက်တာကြောင့် ဒေသခံ ၂ ဦးထိခိုက်ပြီး အဲဒီထဲက တစ်ဦးသေဆုံးခဲ့ပါတယ်။ဒီအခြေအနေတွေကြောင့် ပြီးခဲ့တဲ့ မတ်လ တစ်လတည်းမှာတင် အရပ်သားသေဆုံးမှု ၁၅ ယောက်အထိရှိခဲ့တယ်လို့ Karenni’s Voice အဖွဲ့ကလည်းထုတ်ပြန်ပါတယ်။ ကယားပြည်နယ်အတွင်းမှာတော့ စစ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီလကနေ အခု ၂၀၂၂ မတ်လအထိ အရပ်သားသေဆုံးမှု ၂၄၀ အထိရှိသွားပြီလို့လည်း ကရင်နီလူမှုအဖွဲ့အစည်းများကွန်ရက်က မတ်လ ၃၀ရက်က ထုတ်ပြန်ထားပါတယ်။ ဒီအရပ်သားသေဆုံးမှုတွေဟာဆိုရင် နှစ်ဖက်တိုက်ပွဲတွေကြားလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေ၊ ဒေသခံနေအိမ်တွေအပေါ်လက်နက်ကြီးကျရောက်တာတွေနဲ့စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ပစ်ခတ်တာတွေကြောင့်သေဆုံးရတာတွေဖြစ်တယ်လို့ ထုတ်ပြန်တဲ့အချက်အလက်တွေမှာဖော်ပြထားပါတယ်။

    ကယားပြည်နယ်

    ဓာတ်ပုံ ရင်းမြစ်, KNDF

    ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ အတွင်းကရက်ခြားဆိုသလိုဖြစ်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ဖွဲ့ဝင် ၁၁ဦး သေဆုံးခဲ့သလို စစ်ကောင်စီ တပ်သား ၁၃၀ ထက်သေဆုံးတယ်လို့လည်းဒေသတွင်း Karenni’s Voice အဖွဲ့ကထုတ်ပြန်ပါတယ်။

    လက်ရှိမှာတော့ နှစ်ဖက်တိုက်ပွဲ တွေဆက်ဖြစ်လာတာတနှစ်ဝန်းကျင်ရှိနေတဲ့ ကယားပြည်နယ်ထဲမှာဒေသခံ ၂ သိန်းကျော်လောက်ဟာလည်း စစ်ဘေးတိမ်းရှောင်နေရပြီး စစ်ကောင်စီရဲ့ဘက်ပေါင်းစုံကကန့်သတ်မှုတွေကြားအခက်အခဲတွေရင်ဆိုင်နေရတယ်လို့စစ်ရှောင်အရေးအကူအညီပေးနေသူတွေကပြောပါတယ်။

    ကယားပြည်နယ်

    ဓာတ်ပုံ ရင်းမြစ်, KNDF

  16. ဒေသခံတွေကန့်ကွက်ထားတဲ့ ကျောက်မီးသွေးတူးဖော်မှုကိုပြန်လုပ်ဆောင်နေ, ဒေသခံတွေသဘောဆန္ဒမပါရင်လက်မခံဘူးလို့ SSPP/SSA ပြောခွင့်ရပြော

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ် နမ့်မဒေသမှာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်ကတည်းကဒေသခံတွေကန့်ကွက်ထားတဲ့ ကျောက်မီးသွေးတူးဖော်တဲ့လုပ်ငန်းကို ငွေရည်ပုလဲ ကုမ္ပဏီကပြန်လည်စတင်နေတယ်လို့ဒေသခံလူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။

    ဒီကျောက်မီးသွေးတူးဖော်မှုဟာ ဒေသတွေရဲ့ တောင်ယာမြေတွေကို ရေစီးဆင်းမှုတွေပိတ်ဆို့တာတွေကြောင့် ဒေသခံတွေကကန့်ကွက်ခဲ့ကြတာဖြစ်ပြီး အခုထပ်မစတင်ဖို့ကြိုးစားနေတာကိုလည်း ဒေသခံတွေကထပ်ပြီးကန့်ကွက်နေကြပါတယ်။

    လက်ရှိ စစ်အာဏာသိမ်းထားတဲ့အတွက် ပုဂ္ဂလိက အာဏာပိုင်တွေကို တားမြစ်နိုင်မယ့်သူမရှိတာကြောင့်ကုမ္ပဏီတွေက ပိုပြီးဂရုမစိုက်ဘဲပိုပြီးလွတ်လွတ်လပ်လပ်လုပ်လာတာဖြစ်တယ်လို့လည်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ကတာဝန်ရှိသူက ပြောပါတယ်။

    ကျောက်မီးသွေး

    ဓာတ်ပုံ ရင်းမြစ်, ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်

    ဒါကြောင့် ဒီဒေသနယ်မြေစိုးမိုးတဲ့ ပါတီတစ်ခုဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA ကိုဒေသခံတွေနဲ့ဒေသခံအရပ်ဖက်အဖွဲ့အစည်းတွေကတိုင်တန်းမှုတွေလုပ်ထားတယ်လို့ဆိုပါတယ်။

    “တိုင်ကြားစာတော့မရောက်သေးဘူး။ ပြည်သူလူထု ဒေသခံသဘောမတူဘူးဆိုရင်ဘယ်လောက်ပဲ အကျိုးအမြတ်ရှိရှိ လုပ်ခွင့်မပြုဘူး” လို့ SSPP / SSAရဲ့ပြောခွင့်ရ ဗိုလ်မှူး စိုင်းဘုန်းဟန်က ပြောပါတယ်။

    အခုတူးဖော်နေတဲ့ငွေရည်ပုလဲ ကုမ္ပဏီဟာ ၂၀၁၂ ခုနှစ်မှာလည်း တိုးချဲ့ သတ္တု တူးဖော်ဖို့ ကြိုးစားခဲ့ပီး ထရပ်ကား ၂၅ စီးစာ ကျောက်မီးသွေးကို တူးဖော်ပီးတဲ့နောက်မှာ ဒေသခံတွေရဲ့ ကန့်ကွက်ချက်နဲ့ SSP/PSSA ကိုတိုင်ကြားချက်တွေကြောင့် ရပ်တန့် နိုင်ခဲ့ပါတယ်။

    ၂၀၂၁ ဇန်နဝါရီ ၂ရက်နေ့မှာတော့ ရွာသားတွေနဲ့ သဘောတူထားတဲ့စာချုပ် ဝန်ခံချက်ကိုဘက်ကချိုးဖောက်ခဲ့ပီးဇွန်လကုန်မှာရပ်ဆိုင်းပေးမယ်ဆိုတဲ့သဘောတူညီချက်ကို ချိုးဖောက်ခဲ့တာဖြစ်တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ရဲ့ ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

    လက်တလောမှာတော့ အဲဒီကျောက်မီးသွေးတူးဖော်တဲ့ လုပ်ငန်းခွင်မှာ အလုပ်သမား ၁၂ ယောက် နေထိုင်ပြီးတွင်းတူးတာတွေ၊ရေစုပ်ယူတာတွေ လုပ်ထားသလို တူးဖော်တဲ့ ကုမ္ပဏီပိုင်တဲ့ နားကုန်ကျောက်မီးသွေးတွင်း အနောက်ဘက်နဲ့ ဝမ်လုံ ကျေးရွာမြောက်ဘက်တွင်းအသစ်ဆီကို သွားတဲ့ လမ်းတွေပါ ဖောက်ထားကြတယ်လို့ ဒေသခံတွေရဲ့ အစီရင်ခံစာအရသိရပါတယ်။

    အခုလို တူးဖော်နေတာဟာ ဒေသခံတွေရဲ့ အခွင့်အရေး ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်စောင့်ရှောက်ရေးကို ချိုးဖောက်ရာကျပီး သဘာဝသံဇာတ တွေ ဆုံးရှုံးနိုင်တဲ့အတွက် ဒေသခံတွေက ကန့်ကွက်နေတာဖြစ်တယ်လို့ ရှမ်းလူအခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားပါတယ်။

    ကျောက်မီးသွေး

    ဓာတ်ပုံ ရင်းမြစ်, ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်

  17. ဇွဲကပင်တောင်ပေါ်တက်ရင်း ပျောက်ဆုံးသွားတဲ့ အမျိုးသမီးငယ်ကို သေဆုံးလျက်ပြန်ရှာတွေ့

    ကရင်ပြည်နယ်၊ ဘားအံမြို့က ဇွဲကပင်တောင်ပေါ် ကိုတက်ရင်း ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့ကတည်းက ပျောက်ဆုံးသွားတဲ့ အမျိုးသမီးငယ်အလောင်းကို ဒီကနေ့ဧပြီ ၁ရက်နေ့မနက်ပိုင်းမှာ ပြန်ရှာတွေ့ခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းတွေကပြောပါတယ်။

    ဒုတိယနှစ်ကျောင်းသူတစ်ဦးဖြစ်တဲ့ အသက် ၂၂ နှစ်အရွယ် မဇာခြည်လှိုင်ကို မတ်လ ၃၀ ရက်နေ့က အမျိုးသားတစ်ဦးနဲ့အတူ တောင်ပေါ်တက်သွားခဲ့ပြီးပျောက်ဆုံးသွားခဲ့တာဖြစ်တယ်လို့ကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။

    “ သူနဲ့အတူတက်သွားတဲ့ အမျိုးသားက ၃၀ရက်နေ့ကတည်းက တောင်အောက်ပြန်ဆင်းလာတာကိုတောင်ခြေက လူတွေတွေ့လိုက်ကြတယ်။ အမျိုးသမီးကိုတော့ ကျွန်တော်တို့ကယ်ဆယ်ရေးအဖွဲ့တွေပေါင်းပြီး မနေ့(မတ်လ၃၁)ရက်နေ့ကတနေကုန်ရှာပေမယ့် ညနေအထိမတွေ့ဘူး။ဒီကနေ့မနက်မှာတော့ အထက်ရေတံခွန်ဘုရားလေးနားက မရမ်းပင်အောက်မှာပြန်တွေ့တယ်။ ဦးခေါင်းကိုထိထားပြီးသေဆုံးနေတယ်။ သေဆုံးတဲ့အကြောင်းအရင်းကိုတော့ကျွန်တော်တို့ကအတည်မပြုနိုင်ပါဘူး။ သက်ဆိုင်ရာကဆက်စစ်ဆေးနေပါတယ်’’ လို့ကူင်္ညီကယ်ဆယ်မှုမှာ ပါဝင်တဲ့အဖွဲ တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဘားအံ့)ကတာဝန်ရှိသူကပြောပါတယ်။

    လက်ရှိမှာတော့ အမျိုးသမီးရဲ့အလောင်းကို ကယ်ဆယ်ရေးအဖွဲ့တွေက တောင်ခြေကိုပြန်လည်သယ်ဆောင်သွားပြီးစစ်ဆေးမှုတွေဆက်လုပ်နေတယ်လို့သိရပါတယ်။

    ပြည်တွင်း၊ပြည်ပ ခရီးသွားတွေ ခြေကျင်လာရောက်တက်ကြတဲ့ ဇွဲကပင်တောင်ကတော့ အမြင့်ပေ ၂၇၀၀ ကျော်ရှိပြီး အရှည် ၁၄ မိုင်ကျော်တယ်လို့ ဒေသခံတွေများပါတယ်။ ဒါ့အပြင် အခုလထဲမှတော့ ဘုရားပွဲတော်နဲ့အတူတပေါင်းပွဲတော်လည်းရှိတာကြောင့်ခရီးသွားတွေ လာရောက်မှုများနေတယ်လို့လည်း ဒေသခံတွေပြောပါတယ်။

    ဇွဲကပင်

    ဓာတ်ပုံ ရင်းမြစ်, Myanmar Rescue (Hpa An)

  18. သပိတ်စစ်ကြောင်းလာဖမ်းတဲ့ ရဲကားရှေ့မှာ ပိတ်ရပ်ခဲ့တဲ့ YBS ယာဉ်မောင်းထောင် ၃ နှစ်ချခံရ

    စစ်အာဏာသိမ်းတာကိုဆန့်ကျင်ဆန္ဒပြတဲ့ လူအုပ်ကိုဖမ်းဆီးဖို့လာတဲ့ ရဲကားရှေ့မှာ ပိတ်ရပ်လို့ဖမ်းဆီးခံလိုက်ရတဲ့ YBS ယာဉ်မောင်းကိုစစ်ကောင်စီက ပြီးခဲ့တဲ့ မတ်လ ၃၀ရက်က ထောင် ၃နှစ်ချလိုက်တယ်လို့မိသားစုတွေကပြောပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၂၈တုန်းက သယန်းကျွန်းမြို့နယ်မှာလုပ်တဲ့ စစ်အာဏာသိမ်းတာကိုဆန္ဒပြပွဲမှာဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ကလာဖမ်းချိန်မှာ YBS ယာဉ်မောင်း ကိုကျော်ခိုင်ဝင်းက လမ်းမပေါ်ပိတ်ရပ်လိုက်တာကြောင့် အဲဒီနေ့ကတည်း ကဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

    ယာဉ်မောင်းကိုကျော်ခိုင်ဝင်းကိုတော့ စစ်ကောင်စီကပုဒ်မ ၅၀၅(က) နဲ့တရားစွဲဆိုပြီး တနှစ်ကျော်အကြာမှာအခုလိုထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။

    '' အဲဒီနေ့က ဆန္ဒတွေပြနေပေမယ့် အဆင်မပြေတော့လည်း သူ့မှာကားထွက်ဆွဲရတယ်။ဆန္ဒပြလူအုပ်ကြီးက ကားရပ်ပေးပါဆိုတော့ သူက ကားကိုကန့်လန့်ခံပြီးရပ်ပေးလိုက်တာ ၊ အဲဒါနဲ့အဖမ်းခံလိုက်ရတယ် ။ အခုသူမရှိတဲ့ တနှစ်ကျော်အတွင်းမှာလည်း မိသားစုကထောင်ဝင်စာပို့ဖို့ရော စားဝတ်နေရေးရောခက်ခဲတယ်။ အခုထောင်ကျသွားတော့ပိုခက်ခဲသွားတယ်။ဘာဆက်လုပ်ရမယ်မပြောတတ်ပါဘူး ''လို့ယာဉ်မောင်းကိုကျော်ခိုင်ဝင်းရဲ့ အမျိုးသမီးက ဘီဘီစီကိုပြောပါတယ်။

    YBS ယာဉ်မောင်း

    ဓာတ်ပုံ ရင်းမြစ်, MPA

    အခုဖမ်းဆီးထောင်ချခံလိုက်ရတဲ့ ယာဉ်မောင်းကိုကျော်ခိုင်ဝင်းမှာတော့ ဇနီးသည်နဲ့အတူ၁၁ နှစ်အရွယ်သားတစ်ယောက်နဲ့ ၁နှစ်နဲ့ ၅ လအရွယ်သမီးငယ် တစ်ဦးလည်း အပြင်မှာကျန်ခဲ့တယ်လို့သိရပါတယ်။

    YBS ယာဉ်မောင်း

    ဓာတ်ပုံ ရင်းမြစ်, MPA

  19. တစ်လအတွင်း လူငယ် ၂၄ ယောက်ကို စစ်ကောင်စီသေဒဏ်နဲ့ထောင်ဒဏ်တစ်သက်ချမှတ်, အာဏာသိမ်းပြီးတဲ့နောက်အသက်မပြည့်သေးသူတွေအပါအဝင်လူပေါင်း ၁၀၀ ဝန်းကျင်သေဒဏ်ချခံထားရ

    ပြီးခဲ့တဲ့ မတ်လ တစ်လတည်းမှာပဲ ရန်ကုန်က လူငယ်၂၄ ဦးကို စစ်ကောင်စီက စစ်ခုံရုံးဖွဲ့စစ်ဆေးမှုတွေလုပ်ပြီးသေဒဏ်နဲ့အမြင့်ဆုံးထောင်ဒဏ် တစ်သက်တွေ ချမှတ်ထားပါတယ်။

    မနေ့မတ်လ ၃၁ရက်မှာတော့ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာ ၊ ဒေါပုံနဲ့အင်းစိန်မြို့နယ်က လူငယ် ၉ယောက်ကို အကြမ်းဖက်ဥပဒေပုဒ်မ ၅၄ နဲ့ သေဒဏ်ချမှတ်လိုက်တယ်လို့စစ်ကောင်စီကထုတ်ပြန်လာပါတယ်။

    စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာတော့ ဒီလူငယ်တွေဟာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုလက်နက်ငယ်တွေနဲ့ပစ်ခတ်ပြီး လက်လုပ်မိုင်းတွေနဲ့ဖောက်ခွဲမှုတွေလုပ်တယ်လို့စွပ်စွဲ ထားတာတွေ့ရပါတယ်။

    အလားတူပဲ မတ်လ ၁၉ရက်နေ့မှာလည်း ဒဂုံတက္ကသိုလ်ကျောင်းသား ၂ ဦးအပါအဝင်လူငယ် ၁၅ ယောက်ကို စစ်ကောင်စီက သေဒဏ်နဲ့ထောင်ဒဏ်တစ်သက်အမြင့်ဆုံးပြစ်ဒဏ်တွေ ချမှတ်ထားတယ်လို့ ကျောင်းသား သမဂ္ဂကထုတ်ပြန်ထားပါတယ်။

    ဒီလူငယ်တွေကိုတော့ မြောက်ဥက္ကလာပအဝိုင်းမှာအထက်တန်းပြဆရာမတစ်ဦးကို သေနတ်နဲ ပစ်သတ်တာ၊ လှိုင်သာယာမြို့နယ်က ရာအိမ်မှူးကို ပစ်သတ်တာစတဲ့ အမှုတွေနဲ့ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့စစ်ခုံရုံးကအမိန့်ချတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

    ဒါကြောင့် ပြီးခဲ့တဲ့ မတ်လ တလတည်းမှာပဲစစ်ကောင်စီက သေဒဏ်နဲ့ထောင်တစ်သက်ချတာခံရတဲ့လူငယ် ၂၄ ဦးအထိရှိလာနေပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့လူငယ်တွေကိုစစ်ကောင်စီက ဆက်တိုက်ဆိုသလိုဖမ်းဆီးခဲ့ပြီးပုဒ်မတပ်တရားစွဲဆိုမှုတွေလုပ်ခဲ့ပါတယ်။

    သေဒဏ်

    ဓာတ်ပုံ ရင်းမြစ်, MWD

    ဒီလိုဖမ်းဆီးတရားစွဲဆိုမှုတွေထဲစစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တချို့မှာစစ်ခုံရုံးဖွဲ့စစ်ဆေးတာတွေလုပ်ပြီး သေဒဏ်နဲ့ထောင်တစ်သက်စတဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေချမှတ်တာတွေလုပ်ခဲ့တယ်လို့လည်း စစ်ကောင်စီကထုတ်ပြန်ပါတယ်။

    ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ အသက် ၁၈ နှစ်အောက် ကလေးငယ် နှစ်ဦးအပါအဝင် လူပေါင်း ၁၀၀ ဝန်းကျင်ကို စစ်ကောင်စီက သေဒဏ်ချမှတ်ထားတယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း AAPP ကထုတ်ပြန်ချက်တွေအရသိရပါတယ်။

    သေဒဏ်

    ဓာတ်ပုံ ရင်းမြစ်, MWD

  20. သင်္ကြန်ကာလမှာ ယာဉ်လိုင်းအရေအတွက်လျှော့ချပြေးဆွဲမယ်, သတ်မှတ်ထားတာထက်ပိုတောင်းရင်တိုင်ကြားနိုင်တယ်လို့ဆိုပြန်

    လာမယ့် သင်္ကြန်ကာလမှာ ယာဉ်လိုင်းတွေကသတ်မှတ်ထားတဲ့ ယာဉ်စီးခထက်ပိုတောင်းတာရှိရင်တိုင်ကြားနိုင်တယ်လို့ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက ယာဉ်လိုင်းကြီးကြပ်မှုကော်မတီကပြောလာပါတယ်။

    သင်္ကြန်ကာလမှာ အဝေးပြေးယာဉ်လိုင်းတွေရော၊ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေရော ယာဉ်အစီးရေ လျှော့ချပြေးဆွဲဖို့ရှိပါတယ်။

    ဒါပေမယ့် သတ်မှတ်ယာဉ်စီးခထက်ပိုတောင်းတာတွေမလုပ်ဖို့နဲ့အဝေးပြေးယာဉ်လိုင်းတွေဆိုရင်လည်း သင်္ကြန်တွင်း ခရီးသွားများတာကို အခွင့်ကောင်းယူပြီး ကြိုတင်လတ်မှတ်ရောင်းတာတွေနဲ့မသမာမှုမလုပ်ဘဲ စိစစ်ဖို့ညွှန်ကြားထားတယ်လို့ဆိုပါတယ်။

    ပိုတောင်းတာတွေရှိရင်တိုင်ကြားနိုင်ပါတယ်လို့ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက ယာဉ်လိုင်းကြီးကြပ်မှု ကော်မတီတွဲဖက်အတွင်းရေးမှူး ဦးလျန်ကျန့်မန်က ဘီဘီစီကိုပြောပါတယ်။

    လက်ရှိရန်ကုန်မြို့တွင်းမှာတော့ ယာဉ်လိုင်းပေါင်း ၁၀၀ ကျော်နဲ့ယာဉ်အစီးအရေ ၃၀၀၀ ကျော်ပြေးဆွဲနေပြီး သင်္ကြန်ကာလမှာတော့ ယာဉ်လိုင်း ၆၁ လိုင်းနဲ့ ယာဉ်အစီးအရေ ၉၀၀ ကျော်အထိ လျှော့ချပြေးဆွဲသွားမယ်လို့သိရပါတယ်။

    ယာဉ်လိုင်းတွေကိုတော့ ဧပြီလ ၁၇ ရက်နေ့မှာ ပုံမှန်အရေအတွက်အတိုင်းပြန်လည်ပြေးဆွဲမှာဖြစ်တယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက ယာဉ်လိုင်းကြီးကြပ်မှု ကော်မတီတာဝန်ရှိသူကပြောပါတယ်။

    ယာဉ်စီးခထက်ပိုတောင်းတာရှိရင်တိုင်ကြားနိုင်တယ်လို့ ‌အာဏာပိုင်တွေဘက်ကပြောနေပေမဲ့လက်တွေ့မှာ လက်ရှိမှာ စျေးတင်ရောင်းတဲ့ယာဉ်လိုင်းတွေရှိနေသလို မှတ်ပုံတင်နဲ့မှကားလက်မှတ်ဝယ်လို့ရတဲ့ အခြေအနေတွေကြောင့် ထောက်ခံစာနဲ့ ခရီးသွားမယ့်သူတွေအတွက် အခက်တွေ့နေတယ်လို့ဝေဖန်တာတွေရှိနေပါတယ်။

    သင်္ကြန်

    ဓာတ်ပုံ ရင်းမြစ်, Getty Images