အာဏာသိမ်းပြီးနောက် အိုးအိမ်စွန့်ခွာပြေးရသူ ၉ သိန်းကျော်လာ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အိုးအိမ်စွန့်ခွာပြေးရသူ ၉ သိန်းကျော်ရှိလာတယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ‌ပြောခွင့်ရပုဂ္ဂိုလ်က ပြောလာပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဆမီးမြို့အဝင်ဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို့ CDF ပလက်ဝထုတ်ပြန်

    ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့အဝင်ဂိတ်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF ပလက်ဝနဲ့ CNA အဖွဲ့တို့ကနေ မနေ့ည (၈)နာရီခွဲအကျော်မှာ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဒီကနေ့မနက်မှာထုတ်ပြန်လာပါတယ်။

    ဒီဖြစ်စဉ်မှာ လက်နက်ကြီး၊လက်နက်ငယ်နဲ့အပြန်အလှန်ပစ်ခတ်မှုမိနစ် (၃၀)နီးပါးရှိခဲ့ပြီး စစ်ကောင်စီဘက်က (၆)ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရတယ်လို့ ဖော်ပြပါတယ်။ ဒီသေဆုံးထိခိုက်ဒဏ်ရာရရှိမှုစာရင်းကိုတော့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

    ဒီလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေတဲ့ ဆမီးမြို့အဝင်ဂိတ်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကနေ တစုံတရာထုတ်ပြန်တာမရှိသေးသလို ဘီဘီစီဘက်ကလည်း‌မေးမြန်းဖို့ကြိုးစားနေပါတယ်။

    CDF paletwa

    ဓာတ်ပုံ ရင်းမြစ်, CDF paletwa

    ဓာတ်ပုံ ပုံစာ, လေ့ကျင့်ရေးဆင်းနေတဲ့ CDF ပလက်ဝအဖွဲ့ဝင်များ (ပုံဟောင်း)
  2. စစ်ကိုင်း၊ ချင်းနဲ့ မကွေးတိုင်းတို့မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ တနိုင်ငံလုံးမှာ စံချိန်တင်များပြား

    စစ်ကိုင်း၊ ချင်းနဲ့ မကွေးတိုင်းတို့မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ တနိုင်ငံလုံးမှာ စံချိန်တင်များပြား

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    လက်နက်ကိုင်ပဋိပက္ခတွေကြောင့် စစ်ကိုင်း၊ ချင်းနဲ့ မကွေးတိုင်းတို့မှာ ထွက်ပြေးကြရသူပေါင်း မတ်လအကုန်အထိ စာရင်းဆိုရင် ၃ သိန်း ၈ ထောင့် ၆ ရာအထိရှိနေတယ်လို့ ကုလသမဂ္ဂကလေးသူငယ်များဆိုင်ရာရန်ပုံငွေအဖွဲ့(UNICEF)က အခုရက်ပိုင်းထုတ်ပြန်တဲ့အစီရင်ခံစာအရ သိရပါတယ်။

    ဒါဟာ တနိုင်ငံလုံးအဆင့် အများဆုံးအခြေအနေဖြစ်တယ်လို့လည်းဆိုပါတယ်။

    ချင်းပြည်နယ်မှာဆိုရင် ကျန်းမာရေးနဲ့အာဟာရဆိုင်ရာ အထောက်အပံ့တွေပေးနိုင်ဖို့ ကြိုးစားနေပေမဲ့ ကူးသန်းသွားလာရေး ကန့်သတ်ချက်တွေကြောင့် အင်မတန်ခက်ခဲနှောင့်နှေးနေတယ်လို့ ယူဆီဆက်ဖ်ရဲ့ အစီရင်ခံစာထဲ ဖော်ပြထားပါတယ်။

    မြန်မာနိုင်ငံမှာကလေးသူငယ် တစ်သန်းကျော်အတွက် သန့်ရှင်းတဲ့သောက်သုံးရေနဲ့ အာဟာရပြည့်ဝစွာစားနိုင်ရေးအပါအဝင် ကျန်းမာရေးနဲ့ပညာရေးကဏ္ဍတွေမှာ ဖြည့်ဆည်းပေးနိုင်ဖို့ရာ လိုအပ်ချက်တွေအများအပြားရှိနေတယ်လို့ ယူနီဆက်ဖ်က ပြောပါတယ်။

  3. ပြည်ပကနေ နိုင်ငံခြားသုံးငွေနဲ့ ရရှိတဲ့ဝင်ငွေတွေကို တစ်ရက်အတွင်း မြန်မာကျပ်ငွေနဲ့လဲလှယ်ရောင်းရမယ်လို့ စစ်ကောင်စီထုတ်ပြန်, အမေရိကန်တစ်ဒေါ်လာကို ၁၈၅၀ကျပ်နဲ့ လဲလှယ်ပေးမယ်

    Getty Images

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ပြည်ပကနေ နိုင်ငံခြားသုံးငွေနဲ့ ရရှိတဲ့ဝင်ငွေတွေကို တစ်ရက်အတွင်း မြန်မာကျပ်ငွေနဲ့လဲလှယ်ရောင်းရမယ်လို့ စစ်ကောင်စီထုတ်ပြန်

    ဒီကနေ့ ဧပြီ (၄)ရက်နေ့ကစပြီး ပြည်တွင်းမှာနေထိုင်သူတွေရဲ့ ပြည်ပကနိုင်ငံခြားသုံးငွေနဲ့ ရရှိတဲ့ဝင်ငွေတွေကို နိုင်ငံခြားသုံးငွေတွေ ‌ရောင်းဝယ်ဖောက်ကားတဲ့ လုပ်ငန်း (AD)လိုင်စင်ရဘဏ်တွေမှာ နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ပြီး အလုပ်လုပ်ရက်(၁)ရက်အတွင်း ကျပ်ငွေနဲ့ လဲလှယ်ရောင်းချရမယ်လို့ စစ်ကောင်စီဗဟိုဘဏ်က ထုတ်ပြန်လာပါတယ်။

    အဲဒီအတွက် ငွေကျပ်လဲလှယ်နှုန်းအဖြစ် အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၁၈၅၀ကျပ်နဲ့ သတ်မှတ်ပေးလိုက်ပြီး တခြားငွေ လဲလှယ်စျေးတွေကိုလည်း ၁၈၅၀ကျပ်နဲ့သာ အခြေခံတွက်ချက်ဆောင်ရွက်ရမှာဖြစ်တယ်လို့ဆိုပါတယ်။ငွေလဲလှယ်နှုန်းအပြောင်းအလဲရှိရင် ဗဟိုဘဏ်ကနေ အဲဒီအတွက်ထပ်ပြီးညွှန်ကြားသွားမယ်လို့ ထုတ်ပြန်ချက်ကဖော်ပြပါတယ်။

    ဒါ့အပြင်နိုင်ငံခြားသုံးငွေတွေ ပြည်ပကိုလွှဲပြောင်းတာကိုလည်း နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီရဲ့ ခွင့်ပြုချက်နဲ့သာ ဆောင်ရွက်ရမယ့်အပြင် ညွှန်ကြားချက်တွေဆက်ထုတ်ပြန်သွားဖို့ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒီထုတ်ပြန်ချက်တွေကိုလိုက်နာမှုမရှိရင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဉပဒေအရ အရေးယူတာခံရမယ်လို့လည်း ဆိုပါတယ်။

    စစ်ကောင်စီကနေ နယ်စပ်ဂိတ်တွေမှာ နိုင်ငံအလိုက်ငွေကြေးတွေနဲ့ မြန်မာကျပ်တိုက်ရိုက်လဲလှယ်အသုံးပြုဖို့ခွင့်ပြုနေသလို အခုလို သတ်မှတ်လာတာဟာ အမေရိကန်ဒေါ်လာအသုံးပြုမှုလျော့ချချင်တာလို့ စီးပွားရေးစောင့်ကြည့်သူတွေကထောက်ပြကြပါတယ်။ ဒါ့အပြင် ‌ရွှေ၊ ဒေါ်လာ၊ဆန်၊ပဲ၊ စက်သုံးဆီ၊ စားအုံးဆီစျေးတွေနဲ့ ဆေးဝါးတွေ အရင်အပတ်ကထက် စျေးကျလာနိုင်တယ်လို့လည်း စီးပွားရေးလုပ်ငန်းရှင်ကခန့်မှန်းထားကြပါတယ်။

    လက်ရှိမှာတော့ အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်လာငွေလဲလှယ်နှုန်းတွေစံချိန်တင်မြင့်တက်ခဲ့ကာ ပြည်တွင်းကုန်စျေးနှုန်းတက်၊ စီးပွားရေးကြပ်တည်းမှုဒဏ်ကို ပြည်သူတွေရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

  4. မုံရွာထောင်ပစ်ခတ်မှု တစ်ဦးသေ ငါးဦးဒဏ်ရာရ

    ဧပြီလ ၃ ရက်နေ့ညနေပိုင်းက မုံရွာအကျဉ်းထောင်​မှာ ဆန္ဒပြကြွေးကြော်သံတွေ ထွက်လာပြီး ပစ်ခတ်ဖြိုခွင်းရာမှာ တစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့ကြောင်း ဒေသအခြေစိုက်သတင်းဌာန အချို့က ရေးပါတယ်။

    စစ်ကောင်စီ အာဘော် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေကို ကိုးကားပြီးတော့ သတင်းဌာန အချို့က ရေးကြတာဖြစ်ပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရဲ့ ပုံတွေကိုလည်း တွေ့ရပါတယ်။

    သေဆုံးခဲ့သူဟာ ဘယ်သူဖြစ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

    “အဲ့ဒီချိန်ဆို ထောင်ထဲက လူစစ်ချိန်ပါ၊ ညီရဲ့လားဟေ့လို့ အော်သံကြားပြီး သေနတ်သံတွေကြားတာ၊စစ်ကားတွေ ခဏကြာတော့ရောက်လာတယ်၊ထောင်နဲ့နီးတဲ့ ညစျေးတန်းဘက်က စျေးသည်တွေအကုန်စျေးသိမ်း ပြန်ကြပြီး သံပြားကာကားတွေ မြစန္ဒာရုပ်ရှင်ရုံနားရပ်ထားတယ် "လို့ မုံရွာမြို့ ရုံးကြီးရပ်က ထောင်အနီးမှာနေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

    မုံရွာမြို့ရုံးကြီးရပ်က အကျဉ်းထောင်မှာ ဒီကနေ့ ညနေ၅နာရီက ထောင်တွင်းဆန္ဒပြမှု ပစ်ခတ်မှုတွေဖြစ်ပြီးနောက် မုံရွာ မြို့တွင်းမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    စစ်ကောင်စီဘက်ကတော့ မုံရွာထောင်ပစ်ခတ်မှု လူသေဆုံးမှုနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  5. သင်္ကြန်ပွဲတော် စည်ကားဖို့ စစ်ကောင်စီကြိုးပမ်း

  6. ဇွဲကပင်တောင်အမျိုးသမီးသေဆုံးမှု သံသယရှိသူကိုဖမ်းမိ

    ကရင်ပြည်နယ်၊ ဇွဲကပင်တောင်ပေါ်ကနေ အမျိုးသမီးငယ်တစ်ဦး ပြုတ်ကျသေဆုံးမှုနဲ့ပတ်သက်ပြီး သံသယရှိသူ မနေ့က ဧပြီလ(၂)ရက် ညပိုင်းမှာ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဖမ်းဆီးမိခဲ့တယ်လို့ လူမှုကူညီရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။

    အဲ့ဒီသံသယရှိသူအမျိုးသားကို KNU/KNLA (PC) က ဖမ်းဆီးပေးခဲ့တာလို့ ဒေသအခြေစိုက်သတင်းတွေမှာ ဖော်ပြနေပေမဲ့ ဘီဘီစီဘက်က သီးခြားအတည်မပြုနိုင်ခဲ့ပါဘူး။

    ဒီအမျိုးသားကို ထုံးအိုင်နယ်မြေရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ (၃၀၂)နဲ့ အမှုဖွင့်အရေးယူထားသလို သေဆုံးခဲ့သူ အမျိုးသမီးရဲ့မိသားစုဝင်တွေဘက်ကလည်း ရှေ့နေနဲ့လိုက်ပါဆောင်ရွက်နေပြီ လို့ နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောပါတယ်။

    "နွားခြံကုန်းကလို့တော့သိရတယ်ဗျ၊ ဒီဖြစ်စဉ်ကို ကိုင်တွယ်နေတဲ့ ထုံးအိုင်ရဲစခန်းကို ပို့ထားတယ်။ သူကဘာကြောင့်လုပ်တာလဲ၊ ဘာတွေဖြစ်ခဲ့ကြလဲတော့ သေချာမသိရဘူး။"လို့ လူမှုကူညီရေးအသင်းတာဝန်ရှိသူတဦးက ဘီဘီစီကိုပြောပါတယ်။

    အဲ့ဒီသံသယရှိသူ အမျိုးသားနဲ့အတူ သေဆုံးခဲ့တဲ့အမျိုးသမီးတို့နှစ်ဦးဟာ မတ်လ (၃၀)ရက် နေ့လယ်ပိုင်းအချိန်မှာ ဇွဲကပင်တောင်ပေါ်ကို နှစ်ယောက်အတူ ဘုရားဖူးတက်သွားခဲ့တာ ဖြစ်ပြီး ညနေပိုင်းမှာတော့ အမျိုးသားတဦးတည်းသာ တောင်ခြေပြန်ဆင်းလာခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

    မတ်လ (၃၁)ရက်ကစတင်ကာ ပျောက်ဆုံးအမျိုးသမီးကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေစဆောင်ရွက်ခဲ့ ကြပြီး ဧပြီလ (၁)ရက် မနက်အစောပိုင်းမှာတော့ အထက်ရေတံခွန်အကျော်(ဘုရားလေးအနီး) မရမ်းပင်အောက်မှာ ပျောက်ဆုံးအမျိုးသမီးကို သစ်ရွက်ခြောက်တွေနဲ့ဖုံးအုပ်ထားပြီး သေဆုံးနေတာကို တွေ့ရှိခဲ့ကြပါတယ်။

    သေဆုံးသူအမျိုးသမီးဟာ ဘားအံမြို့နယ်၊ ဘားကပ်တောကြီးကုန်းကျေးရွာမှာနေထိုင်တဲ့ ဘားအံတက္ကသိုလ်၊သင်္ချာ(ဒုတိယ)နှစ်ကျောင်းသူဖြစ်ပြီး အသက် (၂၂) နှစ်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

    Myanmar Rescue Organziation - Hpa An

    ဓာတ်ပုံ ရင်းမြစ်, Myanmar Rescue Organziation - Hpa An

    ဓာတ်ပုံ ပုံစာ, ပျောက်ဆုံးအမျိုးသမီးကို သေဆုံးလျက်ပြန်လည်တွေ့ရစဉ်။
  7. မုံရွာထောင် ဆန္ဒပြသံတွေထွက်လာပြီး သေနတ်ပစ်ဖောက်သံတွေကြားရ

    မုံရွာမြို့ ရုံးကြီးလမ်း၊ ဘောလုံးကွင်းအနီးမှာရှိတဲ့ မုံရွာထောင်မှာ ဒီကနေ့ ဧပြီလ ၃ ရက်နေ့ ညနေပိုင်းက ဆန္ဒထုတ်ဖော်သံတွေကြားခဲ့ရတယ်လို့ အနီးဝန်းကျင်မှာနေထိုင်သူတွေက ဘီဘီစီကို ပြောပါတယ်။

    ဆန္ဒထုတ်ဖော်သံများ ထွက်ပေါ်ပြီးနောက် သေနတ်သံတွေပါ ကြားခဲ့ရတယ်လို့ မြို့ခံတွေကဆိုပါတယ်။

    မုံရွာထောင်ကို ဦးတည်ပြီးအမြန်မောင်းသွားတဲ့ ရဲကားကြီးတစ်စီး မီးသတ်ကားတစ်စီးနဲ့ ပွိုင့်ကားတစ်စီးကိုလည်း မြို့ခံတွေက မြင်တွေ့ခဲ့ရတယ်လို့ ပြောကြပါတယ်။

    မုံရွာအကျဉ်းထောင်မှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်အပါအဝင် နွေဦးတော်လှန်ရေး မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်တို့အပြင် နိုင်ငံရေးအကျဉ်းသားတွေကို ထိန်းသိမ်းထားပြီး ထောင်ပတ်ဝန်းကျင်လမ်းမတွေမှာ လုံခြုံရေးအတားအဆီး များစွာချထားတာဖြစ်ပါတယ်။

    မုံရွာထောင်အတွင်း ပစ်ခတ်သံတွေကြားရပြီးနောက်ပိုင်း ထိခိုက်ဒဏ်ရာရသူ ရှိမရှိဆိုတာနဲ့ပတ်သက်လို့ သတင်းအသေးစိတ်ကို ဘီဘီစီက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

    မုံရွာမြို့နေ ပြည်သူများအနေဖြင့် မိမိရောက်ရှိရာနေရာကနေ လုံခြုံစိတ်ချရာသို့ ချက်ချင်းပြန်ကြဖို့ ဒေသ လက်နက်ကိုင် PDF အဖွဲ့တွေက ဆိုရှယ်မီဒီယာကနေ အသိပေးနေတယ်လို့ မုံရွာမြို့ခံတွေကပြောပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  8. နိုင်ငံရေးအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းနဲ့သာ အဖြေရှာသွားမယ်လို့ NCA-S EAO ခေါင်းဆောင်တွေပြော

    နိုင်ငံရေးအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းနဲ့သာ အဖြေရှာသွားမယ်လို့ NCA-S EAOs ခေါင်းဆောင်တွေပြော

    ဓာတ်ပုံ ရင်းမြစ်, NCA-EAOs

    မြန်မာနိုင်ငံရဲ့လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဆက်ပြီး အဖြေရှာသွားမယ်လို့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA)မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေက ဒီနေ့ ဧပြီလ ၃ ရက်မှာ ပြောလာပါတယ်။

    အဲဒီလိုအဖြေရှာရာမှာလည်း သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့အဓိပ္ပါယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးမှု လမ်းကြောင်းကို ဦးတည်ဆောင်ရွက်မယ်လို့ဆိုပါတယ်။

    ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာပြုလုပ်တဲ့ အပစ်ရပ်အဖွဲ့ခေါင်းဆောင်တွေရဲ့ ၄ ကြိမ်မြောက် ထိပ်သီးညီလာခံအပြီး ထုတ်ပြန်ချက်မှာ အခုလိုပြောလာတာဖြစ်ပါတယ်။

    အပစ်ရပ်အဖွဲ့တွေနဲ့ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)စုဖွဲ့မှုကို သက်ဆိုင်ရာ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ် ၂ ဦးစီပါတဲ့ PPST စုဖွဲ့မှုအသစ်နဲ့ ဦးဆောင်ကော်မတီကိုလည်း အခုတစ်ကြိမ်ဆွေးနွေးပွဲမှာ အတည်ပြုရွေးချယ်ခဲ့တာတွေ့ရပါတယ်။

    လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှုအခင်း အကျင်းတစ်ခုပေါ်လာဖို့ PPST အနေနဲ့ညှိနှိုင်းဆောင်ရွက်ဖို့ရှိတယ်လို့လည်း ဆိုပါတယ်။

    ဒါ့ပြင် အရေးပေါ်လိုအပ်နေတဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာကိစ္စတွေအတွက် နိုင်ငံတကာက အင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ဆိုပါတယ်။

    အာဆီယံအထူးသံရဲ့မြန်မာပြည်ခရီးစဉ်အတွင်း ကြိုးပမ်းချက်တွေနဲ့ ရှေ့ဆက်လုပ်မယ့်အစီအစဉ်တွေအပြင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ကြိုးပမ်းမှုတွေကို ကြိုဆိုတယ်လို့ အပစ်ရပ်အဖွဲ့ခေါင်းဆောင်တွေက ပူးတွဲထုတ်ပြန်ပါတယ်။

    အခုတစ်ကြိမ်တွေ့ဆုံဆွေးနွေးမှုမှာ PPST ရဲ့နိုင်ငံရေးလမ်းပြမြေပုံဆိုင်ရာအဆိုပြုချက်တွေကို အတည်ပြုနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်ကဆိုပေမဲ့ ဘယ်အချက်တွေဆိုတာကိုတော့ မပြောထားပါဘူး။

    အဲဒီလမ်းပြမြေပုံဟာ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားဖို့ ရည်ရွယ်တာလို့ PPST ပြောခွင့်ရ ရဲဘော်မျိုးဝင်းက အစောပိုင်းကတည်းက ပြောထားပါဖူးပါတယ်။

    အခုညီလာခံကို မျက်နှာချင်းဆိုင်နဲ့ ဗီဒီယိုကွန်ဖရမ်းဇင်းစနစ် ( Video conferencing) နှစ်မျိုးနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး ကနေဒါ၊ ဖင်လန်၊ နော်ဝေ၊ ဩစတြေးလျ၊ အီတလီ၊ ဆွစ်ဇလန်စတဲ့ အနောက်အုပ်စုတွေက မြန်မာနိုင်ငံဆိုင်ရာသံအမတ်တချို့ပါ တက်ရောက်ခဲ့ကြပါတယ်။

  9. ကောက်ဘဇားမှာ တာကာငွေ သန်း ၈၀ နီးပါးရှိတဲ့မူးယစ်ဆေးတွေနဲ့အတူ မြန်မာ ၂ ဦးဖမ်းဆီးခံရ

    ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် နတ်မြစ်ထဲ ကင်းလှည့်နေတဲ့ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် နတ်မြစ်ထဲ ကင်းလှည့်နေတဲ့ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ

    ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောက်ဘဇားခရိုင်မှာ မြန်မာ ၂ ဦးကို တာကာငွေ သန်း ၈၀ နီးပါးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့အတူ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ဧပြီလ ၂ ရက်နေ့မှာဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

    ဖမ်းဆီးခံရသူတွေဟာ အသက် ၂၀ ကျော်အရွယ် အမျိုးသား ၂ ဦးဖြစ်ပြီး မောင်တောဇာတိဖြစ်ကြတယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းဌာန Dhaka Tribune က သတင်းဖော်ပြပါတယ်။

    သတင်းပေးချက်အရ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဟာ နတ်မြစ်အတွင်းက စက်လှေတစ်စင်းကို တားပြီး စစ်ဆေးရာကနေ ယာဘ မူးယစ်ဆေးပြား ၅ သောင်း ၄ ထောင်နီးပါးနဲ့ မက်သာဖက်တမင်း ၁ ကီလိုဂရမ်ကျော်ကို တွေ့ခဲ့တာလို့ ဖမ်းမိခဲ့တာလို့ သတင်းကဆိုပါတယ်။

    အမျိုးသား ၂ ဦးဟာ စက်လှေပေါ်ကနေ မြစ်ထဲကို ခုန်ချဖို့ ကြိုပမ်းခဲ့ပေမဲ့ နောက်ပိုင်းမှာ ဖမ်းမိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဘက်က ပြောထားပါတယ်။

  10. ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်က စစ်ကြောင်း ၂ ကြောင်းနဲ့ ၂ ရက်ဆက်တိုက် ဝင်မွှေ, ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦးသေဆုံး

    စစ်ကောင်စီတပ်ဟာ ဒီနေ့ ဧပြီလ ၃ ရက် မနက်ပိုင်းမှာ ရေလယ်ကျွန်းဒေသက ဖြုံဘူးကျေးရွာကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီတပ်ဟာ ဒီနေ့ ဧပြီလ ၃ ရက် မနက်ပိုင်းမှာ ရေလယ်ကျွန်းဒေသက ဖြုံဘူးကျေးရွာကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    စစ်ကောင်စီတပ်ဟာ မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲက ရေလယ်ကျွန်းဒေသမှာရှိတဲ့ကျေးရွာတွေဆီကို စစ်ကြောင်း ၂ ကြောင်းနဲ့ ၂ ရက်ဆက်တိုက် ဝင်ရောက်နေပြီး ဒီနေ့ ဧပြီလ ၃ ရက်မှာ စစ်ကောင်စီတပ်ဘက်က ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    စစ်ကောင်စီတပ်ဟာ ရေလယ်ကျွန်းဒေသတောင်ပိုင်းနဲ့ မြောက်ပိုင်းက ကျေးရွာတွေကို ဝင်ရောက်နေတာဟာ မနေ့ကတည်းက ဖြစ်ပါတယ်။

    ဒေသမြောက်ပိုင်းကို မနေ့တုန်းက ဝင်ရောက်ချိန်မှာတော့ ရွှေလှံဆိုတဲ့ကျေးရွာအနီးမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။

    အဲဒီနောက် မြစ်ဆုံရွာကိုရောက်ပြီး မနေ့ညပိုင်းက စခန်းချချိန် မြစ်ဆုံရွာဘုန်းကြီးကျောင်းမှာရောက်နေတဲ့ ဒေသခံစစ်ရှောင်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခြိမ်းခြောက်ပြောဆိုမှုတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။

    ''ဘုန်းကြီးကျောင်းထဲက စစ်ရှောင်အမျိုးသမီးတွေကို ခင်ဗျားတို့ရွာထဲ PDF(ဒေသကာကွယ်ရေးတပ်ဖွဲ့)တွေရှိတယ်ဆိုလို့ ကျုပ်တို့ လာတာဆိုပြီးပြောတယ်။ ခင်ဗျားတို့ ယောက်ျားတွေ ဘယ်ရောက်သွားပြီလဲလို့လည်း မေးတယ်။ စစ်ရှောင်တွေကို ပုံစံထိုင်၊ မော့မကြည့်ခိုင်းဘဲ မေးခွန်းမေးတာတွေလည်း လုပ်သွားတယ်'' လို့ မြစ်ဆုံရွာ ဘုန်းကြီးကျောင်းထဲက စစ်ရှောင်တွေကြုံခဲ့ရတာကိုသိရှိသူဒေသခံတစ်ဦးက ပြောပါတယ်။

    ဒီနေ့ ဧပြီလ ၃ ရက်နေ့လည်ပိုင်းမှာတော့ စစ်ကောင်စီစစ်ကြောင်းဟာ ရေလယ်ကျွန်းဒေသတောင်ပိုင်းက ကျေးရွာတွေကို ဝင်ရောက်ချိန် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ထားတယ်လို့လည်း သိရပါတယ်။

    တစ်ဆက်တည်းမှာပဲ ရေလယ်ကျွန်းဒေသတောင်ပိုင်းက ဖြုံဘူးကျေးရွာကို ဝင်ရောက်ချိန်မှာ ပစ်ခတ်မှုပြုလုပ်လို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းလူမှုကွန်ယက်စာမျက်နှာတွေမှာဖော်ပြနေပါတယ်။

    ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ဖြုံဘူး၊ ကြောက်ဘူးကျေးရွာအပြင် မီးလောင်ပြင်နဲ့ မိဖုရားရွာတွေဘက်ကို ရွာစဉ် ဝင်ရောက်နေပြီး ဖြုံဘူးရွာမှာ နေအိမ်တချို့ကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

  11. ပြည်ကြီးရန်လုံ အုပ်ချုပ်ရေးမှူးတစ်ဦး ဆိုင်ကယ်စီးရင်း သေနတ်ပစ်ခံရ

    မန္တလေးမြို့ အောင်မြေသာစံမြို့နယ်မှာ ဒီနေ့ ဧပြီ ၃ရက် မနက်ပိုင်းက ၁၅လမ်း ၈၈လမ်းအနီး ပြည်ကြီးရန်လုံ အုပ်ချုပ်ရေးမှူးတစ်ဦး ဆိုင်ကယ်စီးရင်း သေနတ်ပစ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    "သေနတ်သံ သုံးချက် ကြားလိုက်ရတာ။ မီးခိုးတွေ ထွက်သွားတာတွေ့တယ်။ အတင်းမောင်းလာတာ မီးသတ်ရုံးရှေ့ကျမှ လဲကျသွားတာ။ လှုပ်ကိုမလှုပ်တော့ဘူး"လို့ ဖြစ်စဉ်အနီး ဒေသခံတစ်ဦးက ပြောပါတယ်။

    သေနတ်ပစ်ခံရတာကြောင့် ဝဲဘက်ရင်အုံနဲ့ ညာဘက်ဗိုက် ကျည်ဖောက်ဝင် ဒဏ်ရာ ရပြီး ရပ်ကွက်မီးသတ် လူနာတင်ယာဉ်က တင်ဆောင်သွားတယ်လို့ဆိုပါတယ်။ ဖြစ်စဉ်ဖြစ်ပြီးနောက် အနီးနားပတ်လည်ကို စစ်ကောင်စီတပ်ဖွဲ့တွေက အစစ်ဆေးတွေ လုပ်ခဲ့ပေမယ့် နာရီပိုင်းလောက်မှာ ပြန်လည်ရုပ်သိမ်းသွားခဲ့ပါတယ်။

    သေနတ် အပစ်ခံရတဲ့ ဦးဇော်မိုးလွင်ဟာ ၂၀၂၁ခုနှစ် မတ်လ ၂၇ရက်နေ့ မန္တလေးမှာ ၈၈လမ်းပေါ် စစ်အာဏာသိမ်း ဆန့်ကျင်ရေး လူငယ်တချို့ကို သေနတ်ပစ်ခံရဖို့ ညွှန်ကြားသူတွေထဲ တစ်ယောက်အပါအဝင်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မန္တလေးမြို့မှာ ဒီနှစ်စပိုင်းကတည်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီသတင်းပေးလို့ စွပ်စွဲခံရသူတချို့ ပစ်ခတ်ခံရတာတွေ ရှိသလို စစ်ကောင်စီပိုင် စီးပွားရေးလုပ်ငန်းတချို့မှာလဲ ဗုံးခွဲခံရတာတွေ ရှိခဲ့ပါတယ်။

    မနေ့ဧပြီ ၂ရက် ညပိုင်း ၇နာရီဝန်းကျင်က ရန်ကုန်-မန္တလေးလမ်းပေါ်က စစ်တပ်ပိုင် မြဝတီဘဏ်မှာ ကင်းစောင့်နေတဲ့ စစ်သားတွေကို မန္တလေးမြို့ ပြောက်ကျား မဟာမိတ်တပ်ပေါင်းစုအဖွဲ့က ပစ်ခတ်ခဲ့တာတွေ ပြုလုပ်ခဲ့ပါတယ်။ စစ်သားတစ်ဦး သေဆုံးနိုင်ဖွယ်ရှိတယ်လို့ မဟာမိတ်တပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။

    ဓာတ်ပုံ - CJ

    ဓာတ်ပုံ ရင်းမြစ်, ဓာတ်ပုံ - CJ

    ဓာတ်ပုံ ပုံစာ, အုပ်ချုပ်ရေးမှူးတစ်ဦး ဆိုင်ကယ်စီးရင်း သေနတ်ပစ်ခံရ
  12. KNLA နဲ့ စစ်ကောင်စီတပ်တို့ မတ်လအတွင်း တိုက်ပွဲ အကြိမ် ၃၆၀ နီးပါးဖြစ်ပွား, စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၁၀ ကျော်၊ အရပ်သား ၁၈ ဦးသေဆုံးတယ်လို့ဆို

    KNLA နဲ့ စစ်ကောင်စီတပ်တို့ မတ်လအတွင်း တိုက်ပွဲ အကြိမ် ၃၆၀ နီးပါးဖြစ်ပွား

    ဓာတ်ပုံ ရင်းမြစ်, မူတြော်သတင်း

    ဓာတ်ပုံ ပုံစာ, တပ်မဟာ ၅ နယ်မြေထဲ မတ်လ ၁၁ ရက်နေ့တုန်းက ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံးရှိခဲ့ပြီး လက်နက်ခဲယမ်းတွေကို သိမ်းဆည်းမိခဲ့တယ်လို့ KNU ဘက်က ပြောထားပါတယ်။

    ကရင်အမျိုးသားအစည်းအရုံး-ကအေဲန်ယူ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲမှာ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)နဲ့ စစ်ကောင်စီတပ်တို့ကြား မတ်လအတွင်းဖြစ်ပွားတဲ့တိုက်ပွဲပေါင်း ၃၅၉ ကြိမ်အထိရှိခဲ့ပြီး စစ်ကောင်စီဘက်က ၁၁၈ ဦးသေဆုံးတယ်လို့ ‌ထုတ်ပြန်လာပါတယ်။

    စစ်ကောင်စီလက်အောက်က နယ်ခြားစောင့်တပ်တွေနဲ့ပါဖြစ်တဲ့ အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က နောက်ထပ် ၆၀ နီးပါး ဒဏ်ရာရခဲ့ပြီး KNLA တပ်မဟာ ၅ ဘက်က ၁၀ ဦးသေဆုံးကာ ၂၈ ဦးဒဏ်ရာရခဲ့တယ်လို့ တပ်မဟာ လချုပ်မှတ်တမ်းအရသိရတယ်လို့ KNU အာဘော် မူတြော်သတင်းက ဖော်ပြလာတာဖြစ်ပါတယ်။

    စစ်ကောင်စီဘက်က သေဆုံးသူတွေထဲမှာ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနဲ့ တပ်ကြပ်ကြီးတစ်ဦးစီ ပါဝင်တယ်လို့လည်း ဆိုပါတယ်။

    တစ်ချိန်တည်းမှာပဲ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးငယ်တွေနဲ့ ရပ်ရွာတွေထဲပစ်ခတ်လို့ တစ်လအတွင်းမှာ အရပ်သား ၁၈ ဦးသေဆုံးပြီး နောက်ထပ် ၁၀ ဦး ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့လည်း ဆိုပါတယ်။

    မတ်လအတွင်းမှာပဲ စစ်ကောင်စီက တိုက်လေယာဉ်သုံးပြီး ဗုံးဆံ ၁၃ လုံးကြဲချခဲ့တယ်လို့လည်း တပ်မဟာရဲ့လချုပ်စာရင်းမှာဖော်ပြတယ်လို့ ပါရှိပါတယ်။

    စစ်ကောင်စီဘက်ကတော့ တပ်မဟာ ၅ နယ်မြေထဲမှာဖြစ်တဲ့ မတ်လတိုက်ပွဲတွေနဲ့ပတ်သက်ပြီး သတင်းမထုတ်ပြန်သေးပါဘူး။

  13. စစ်ရှောင်တွေကိုကူညီပေးနေတဲ့ လူငယ်နှစ်ဦးကို စစ်ကောင်စီလိုက်လံရှာဖွေနေ, တိမ်းရှောင်နေကြတဲ့လူငယ်တွေနဲ့ အဆက်အသွယ်မရလို့ မိသားစုတွေစိုးရိမ်

    စစ်ကောင်စီနဲ့ စစ်ရေးတင်းမာနေတဲ့ ကယား(ကရင်နီ)ပြည်နယ်ကစစ်ရှောင်တွေဟာ ပြည်နယ်တွင်းသာမက နယ်နိမိတ်ထိစပ်နေတဲ့ ရှမ်းပြည်နယ်က မြို့နယ်တချို့မှာပါ စစ်ဘေးရှောင်နေကြရပါတယ်။

    အဲ့ဒီထဲကမှ ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်မှာ လာရောက်ခိုလှုံနေတဲ့ပြည်သူတွေကိုကူညီပေးနေတဲ့ ဆီဆိုင်ဒေသခံလူငယ်နှစ်ဦးကို စစ်ကောင်စီကနေလိုက်လံရှာဖွေနေတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ဘီဘီစီကိုပြောပါတယ်။

    "အဲ့လူငယ်နှစ်ယောက် မောင်နှမတဝမ်းကွဲတွေ အမေညီအမကနေမွေးထားကြတာပေါ့လေ။ မနေ့ညကသူတို့အမေတွေကိုခေါ်ပြီးစစ်တယ်။ မေးပြီးတော့ ပြန်လွှတ်လိုက်ကြပေမဲ့ စောင့်ကြည့်နေတဲ့အနေအထားပေါ့။ ကလေးနှစ်ယောက်ကတော့ဘယ်ကိုပြေးနေလဲမသိဘူး။ ရင်တွေတအားပူနေပြီ"လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

    စစ်ကောင်စီလိုက်လံဖမ်းဆီးဖို့ကြိုးစားနေတဲ့ ဒီလူငယ်နှစ်ဦးဟာ အသက်နှစ်ဆယ်ဝန်းကျင်သာဖြစ်ပြီး ဆီဆိုင်ကိုရောက်ရှိလာတဲ့ စစ်ရှောင်တွေအရေးကိုသာ ပရဟိတအနေနဲ့ကူညီလုပ်ကိုင်နေကြတာလို့ဆိုပါတယ်။ ဒီလိုအိမ်တိုင်ရာရောက်ရှာဖွေတာတွေမလုပ်ခင် စစ်ရှောင်တို့ကူညီဖို့ဆောင်ရွက်တဲ့ မိုဘိုင်းလ်ဘဏ်အကောင့်တွေအပိတ်ခံခဲ့ရပြီး တလအကြာအခုလိုတွေဆက်တိုက်ကြုံတွေ့လာရတာလို့ ပြောပါတယ်။

    ရှမ်းပြည်နယ်တောင်ပိုင်းကို ကယားပြည်နယ်ကတဆင့် စစ်ရှောင်လာကြသူတွေကို ဧည့်စာရင်းစစ်ဆေးတာ၊ အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားသူတွေ နဲ့ ဆက်စပ်မှုရှိမရှိ စစ်ဆေးတာတွေလုပ်ဆောင်ဖို့ စစ်ကောင်စီထောက်ခံသူတချို့လူမှုကွန်ယက်စာမျက်နှာတွေမှာတိုက်တွန်းရေးသားတာကိုလည်း လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းကတွေ့ရှိခဲ့ရပြီး အခုလိုပရဟိတလုပ်သူတွေကိုဖမ်းဆီးဖို့ကြိုးစားတာတွေလည်း အခုရက်ပိုင်းမှာရှိလာတာလို့ ဆီဆိုင်ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ကယားစစ်ရှောင်တွေကိုကူညီပေးနေတဲ့ ဆီဆိုင်မြို့နေလူငယ်နှစ်ဦးကို စစ်ကောင်စီလိုက်လံရှာဖွေနေ
  14. ဒီကနေ့ညနေအထိနေရာကွက်ကြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ စစ်ကောင်စီမိုးဇလခန့်မှန်း, NUG ရဲ့ မိုးလေဝသခန့်မှန်းချက်အရ လာမယ့် ၃ရက်အတွင်းမုန်တိုင်းငယ်အဆင့်ရှိနိုင်

    မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

    ဓာတ်ပုံ ရင်းမြစ်, မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

    ဓာတ်ပုံ ပုံစာ, ဒီကနေ့ညနေအထိနေရာကွက်ကြား မိုးထစ်ချုန်းရွာနိုင်

    မနေ့ ဧပြီ (၂)ရက် ညသန်းခေါင်ကျော်အချိန်မှာ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီစတဲ့ တိုင်းဒေသကြီးတချို့မှာ လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုရှိခဲ့ပါတယ်။

    ဒီကနေ့ ဧပြီ (၃)ရက်၊ မနက်ပိုင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့် အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေတယ်လို့ဆိုပါတယ်။

    ဒါကြောင့် ဒီကနေ့ညနေအထိကချင်ပြည်နယ်မှာနေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာနေရာစိပ်စိပ်၊ ရှမ်းပြည်နယ်မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီးနဲ့ဲ့ပြည်နယ်တို့မှာ နေရာကွက်ကြားမိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း(၈၀)ရှိတယ်လို့ မိုးဇလကခန့်မှန်းထားပါတယ်။

    မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံအရှေ့ဘက်ကနေ လေပြင်းတွေတိုက်ခတ်ပြီးလှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်တယ်လို့ဆိုပါတယ်။

    အရှေ့ဘက်ကလေပြ‌င်းတွေ တိုက်ခတ်ချိန်ရေပြင်/မြေပြင်လေဟာ တစ်နာရီကို မိုင်(၃၀)ကနေ (၃၅)မိုင်အထိတိုက်ခတ်နိုင်သလို ကျန်မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိမယ်လို့ဆိုပါတယ်။

    လှိုင်းအမြင့်မှာမုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ (၆)ပေမှ (၉)ပေခန့် နဲ့ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ (၄)ပေကနေ (၇)ပေခန့် ရှိနိုင်တယ်လို့ မိုးဇလရဲ့ ထုတ်ပြန်ချက်အရ တွေ့ရပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ မိုးလေဝသထုတ်ပြန်ချက်အရလည်း ဒီကနေ့ဧပြီ (၃)ရက်မှာ ထိုင်းပင်လယ်ကွေ့ကနေ ရွေ့လျားလာတဲ့လေပွေလှိုင်းဟာ ကပ္ပလီပင်လယ်ပြင်ကိုဧပြီ (၅)ရက်မှာ လေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်ရှိလာနိုင်ပြီး ဧပြီ (၆)ရက်မှာတော့ မုန်တိုင်းငယ်အဆင့်ကို ရောက်လာနိုင်တယ်လို့ ခန့်မှန်းချက်ထုတ်ပြန်ထားပါတယ်။

  15. ရိုဟင်ဂျာအမျိုးသမီးတစ်ဦးကို မြန်မာနိုင်ငံဆီပြန်ပို့တဲ့အိန္ဒိယလုပ်ရပ်ကို လူ့အခွင့်အရေးအဖွဲ့တွေ ဝေဖန်

    အိန္ဒိယမှာ ရိုဟင်ဂျာဒုက္ခသည် ၄ သောင်းနီးပါးရှိပြီး အဲဒီထဲက တဝက်နီးပါးသာ UNHCR မှာ မှတ်ပုံတင်ထားသူတွေဖြစ်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အိန္ဒိယမှာ ရိုဟင်ဂျာဒုက္ခသည် ၄ သောင်းနီးပါးရှိပြီး အဲဒီထဲက တဝက်နီးပါးသာ UNHCR မှာ မှတ်ပုံတင်ထားသူတွေဖြစ်ပါတယ်။

    ရိုဟင်ဂျာအမျိုးသမီးတစ်ဦးကို မြန်မာပြည်ကို ပြန်ပို့တဲ့အိန္ဒိယအာဏာပိုင်တွေရဲ့လုပ်ရပ်ဟာ လူ့အသက်နဲ့ နိုင်ငံတကာဥပဒေကို လျစ်လျူရှုတာလို့ဆိုပြီး လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ပြောဆိုလာပါတယ်။

    အိန္ဒိယအာဏာပိုင်တွေဟာ အသက် ၃၆ နှစ်အရွယ် ရိုဟင်ဂျာအမျိုးသမီးတစ်ဦးကို မြန်မာကို ပြန်ပို့တာနဲ့ အိန္ဒိယပိုင် ကတ်ရှ်မီးယားဒေသဘက်ခြမ်းမှာ ရိုဟင်ဂျာ ဒုက္ခသည် ၂၅ ဦး ထိန်းသိမ်းခံလိုက်တဲ့ဖြစ်ရပ် ထွက်ပေါ်လာအပြီးမှာ လူ့အခွင့်အရေးအဖွဲ့တွေက အခုလိုပြောဆိုလာတာဖြစ်ပါတယ်။

    အသက် ၃၆ နှစ်အရွယ် ဟာဆီနာ ဘီဂမ်ဆိုသူ ရိုဟင်ဂျာအမျိုးသမီးဟာ ဂျမူးမြို့မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းကနေ ၂၀၂၁ ခုနှစ် မတ်လ ၆ ရက်မှာ ထိန်းသိမ်းခံခဲ့ရပြီး အဲဒီနောက် တနှစ်ကျော်အကြာ အခုနှစ် မတ်လ ၂၂ ရက်မှာ မြန်မာပြည်ကို ပြန်ပို့ခံခဲ့ရတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW)က ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပြောထားပါတယ်။

    သူဟာ ခင်ပွန်းဖြစ်သူနဲ့ သားသမီး ၃ ဦးနဲ့အတူ ဒုက္ခသည်အဖြစ် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)မှာ မှတ်ပုံတင်ထားသူဖြစ်ပြီး ဒုက္ခသည်ဖြစ်ကြောင်း စိစစ်တဲ့လုပ်ငန်းစဉ်အတွက်လို့ဆိုကာ ယာယီစခန်းကိုအပို့ခံရပြီး မြန်မာနိုင်ငံကို ပြန်ပို့ခံခဲ့ရတာလို့လည်း HRW ဘက်က ပြောပါတယ်။

    မြန်မာပြည်မှာဆို အသက်တွေနဲ့ လွတ်လပ်ခွင့်တွေ အန္တရာယ်ရှိနိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်ပို့တဲ့အိန္ဒိယအစိုးရဆုံးဖြတ်ချက်ဟာ လူ့အသက်နဲ့နိုင်ငံတကာဥပဒေကို လျစ်လျူရှုရာရောက်တယ်လို့ HRW ရဲ့ တောင်အာရှဆိုင်ရာညွှန်ကြားရေးမှူးက ပြောပါတယ်။

    တစ်ဖက်မှာလည်း နိုင်ငံရေးမစွက်တဲ့ဆွန်နီမွတ်စလင်အဖွဲ့ဝင်တွေအဖြစ် ဂျမူးပြည်နယ်၊ ရမ်ဘန်ခရိုင်ထဲက Gool အရပ်ကို ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၅ ဦးဟာ ဂျမူးနယ် Hirannagar အရပ်မှာရှိတဲ့ ရိုဟင်ဂျာတွေကို ထိန်းသိမ်းထားတဲ့စိစစ်ရေးစခန်းကို အပို့ခံလိုက်ရပါတယ်။

    ရိုဟင်ဂျာတွေကို အခုလိုထိန်းသိမ်းတဲ့လုပ်ရပ်ဟာ လူ့အခွင့်အရေးကို လေးစားလိုက်နာရမယ့် အိန္ဒိယရဲ့တာဝန်ဝတ္တရား ပျက်ကွက်မှုဖြစ်ပြီး နိုင်ငံတကာလူ့အခွင့်အရေးကို ချိုးဖောက်မှုလို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AI) က ပြောပါတယ်။

    အိန္ဒိယအာဏာပိုင်တွေဟာ မြန်မာပြည်တွင်းမှာ ရိုဟင်ဂျာမွတ်စလင်တွေ ရင်ဆိုင်ခဲ့ရတဲ့လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ကောင်းမွန်စွာသတိပြုမိကြပေမဲ့ အခုလိုလုပ်ဆောင်ခဲ့တာကိုလည်း AI အဖွဲ့က ဝေဖန်ပါတယ်။

    UNHCR ရဲ့စာရင်းတွေအရ လက်ရှိ အိန္ဒိယမှာ တရားမဝင်ပြည်ဝင်မှုနဲ့ ထိန်းသိမ်းခံထားရတဲ့ ရိုဟင်ဂျာ ၂၄၀ နီးပါးရှိပြီး ဂျမူးက ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းခံထားရသူ ၂၃၅ ဦးအထိရှိနေတယ်လို့ သိရပါတယ်။

  16. သင်္ကြန်အကြောင်းပြ ပွဲလမ်းသဘင်တွေကို ပြည်သူတွေမပူးပေါင်းဖို့ သပိတ်အင်အားစုတွေတိုက်တွန်း

    လာမယ့် ဧပြီ (၁၃)ရက်ကစပြီး ကျရောက်မယ့် မြန်မာ့နှစ်သစ်သင်္ကြန်ကာလမှာသင်္ကြန်အကြောင်းပြ ပျော်ပွဲရွှင်ပွဲ၊ ပွဲလမ်းသဘင်တွေကို ပြည်သူတွေမပူးပေါင်းဖို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်းအားစု - GSCB က ဒီကနေ့ ဧပြီ(၃)ရက်နေ့မှာ တိုက်တွန်းစာထုတ်ပြန်လာပါတယ်။

    တိုင်းပြည်ရဲ့အခြေအနေအရပ်ရပ်ဟာ ပုံမှန်ဖြစ်နေသလို လုပ်ကြံဖန်တီးမယ့် အတုအယောင် "အပျော်သင်္ကြန်"‌ အစီအစဉ်တွေကို ကျင်းပနိုင်ဖို့ စစ်ကောင်စီကအထူးအားစိုက်ကြိုးပမ်းနေတယ်လို့ သပိတ်အင်အားစုတွေက ဆိုပါတယ်။

    ပြည်သူတွေအနေနဲ့ တော်လှန်ရေးအတွင်း ကျဆုံးခဲ့ရတဲ့ အာဇာနည်ပုဂ္ဂိုလ်တွေ၊ အဓမ္မဖမ်းဆီးခံထားရတဲ့ အကျဉ်းကျသူရဲကောင်းတွေ၊ အပိုမပါ အစားထိုးလို့မရတဲ့ မိမိတို့အသက်ကို အရင်းတည်စတေးကာ တိုင်းပြည်အတွက် တောတောင်ထဲမှာအငတ်ငတ်အပြတ်ပြတ် တိုက်ပွဲဝင်နေတဲ့ PDF နဲ့ EROs စစ်သည်တော်တွေ၊ အခက်အခဲတွေကြားက ရပ်တည်နေတဲ့ CDMသူရဲကောင်းတွေ၊ စစ်ဘေးရှောင်ပြည်သူ သိန်းပေါင်းများစွာကိုပါ အသိအမှတ်ပြု၊ စာနာလေးစားဂုဏ်ယူတဲ့အနေနဲ့ စစ်ကောင်စီကျင်းပဖို့ကြိုးစားနေတဲ့ "အပျော်သင်္ကြန်"ကို မပါဝင်ဘဲ သပိတ်မှောက်ကြဖို့ ထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။

    အခုမြန်မာ့နှစ်သစ်ကူးကာလကို ပြည်သူ့အသံစစ်စစ်ဖြစ်တဲ့ တော်လှန်ရေးကာလရဲ့ "တော်လှန်သင်္ကြန်"အဖြစ် မှတ်ယူဖြတ်သန်းကြရမှာဖြစ်‌ကြောင်းနဲ့ ပြည်သူလူထုအနေနဲ့ တော်လှန်ရေးကာလနဲ့ လိုက်ဖက်တဲ့ပြည်သူ့တော်လှန်ရေးကို အထောက်အပံ့ဖြစ်တဲ့ "တော်လှန်သင်္ကြန်"ကို ဘယ်လိုပါဝင်ဖြတ်သန်း လို့ရမလဲဆိုတာကို မကြာခင်မှာဆက်ဖော်ပြဖို့ရှိတယ်လို့လည်း GSCB က ဆိုပါတယ်။

    တဖက်စစ်ကောင်စီကတော့ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှာ ရေကစားမဏ္ဍပ်တွေတည်ဆောက်ကာ အနုပညာရှင်တွေနဲ့ ဖျော်ဖြေရေးအစီအစဉ်တွေ ပါ ပါဝင်ဖို့စီစဉ်ဆောင်ရွက်နေသလို ပုဂ္ဂလိကလုပ်ငန်းတချို့ရဲ့ သင်္ကြန်ပျော်ပွဲရွှင်ပွဲအစီအစဉ်တွေကိုလည်း လူမှုကွန်ယက်စာမျက်နှာမှာ ဒီရက်ပိုင်းကျယ်ကျယ်ပြန့်ပြန့်တွေ့နေရပြီဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ် အာဏာသိမ်းစဖြတ်သန်းခဲ့ရတဲ့ သင်္ကြန်ကာလမှာတော့ အာဏာပိုင်တွေနဲ့နီးစပ်တဲ့နေရာတချို့နဲ့ ပြည်နယ်တချို့မှာသာ ရေကစားပျော်ရွှင်ခဲ့ကြပြီး ပြည်သူအများစုကတော့ ပါဝင်ဆင်နွှဲတာမရှိကြပါဘူး။

    အခုနှစ်မှာတော့ စီးပွားရေးကြပ်တည်းမှုတွေကြားက သင်္ကြန်ပိတ်ရက်ကာလစားဝတ်နေရေးအခြေအနေတွေအတွက် အခြေခံပြည်သူအများစုမှာပိုပြီးစိုးရိမ်စိတ်ပိုများနေကြရတယ်လို့ ဘီဘီစီကိုပြောပါတယ်။

    MPA

    ဓာတ်ပုံ ရင်းမြစ်, MPA

    ဓာတ်ပုံ ပုံစာ, ပြည်သူအများစုရေမကစားခဲ့ကြတဲ့ ၂၀၂၁သင်္ကြန် (ပုံဟောင်း)
  17. လောကဓံရဲ့ဖိနှိပ်မှုကြားက လုံမ ငြိမ်းချမ်းလေပြီ

  18. အကျပ်အတည်း မျိုးစုံကြောင့် ပဲမျိုးစုံ လျှော့စိုက်ခဲ့ရ၊ ပဲအထွက် တန်သိန်းချီ လျော့သွား

  19. စစ်ကိုင်း၊ ခင်ဦးမြို့နယ်အနီး ရွာတွေက လူ တစ်သောင်းခန့် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေပြော

    စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်တွေက မင်းဝံစိုက်ကွင်းရွာကို ရောက်လာပြီးနောက် မနေ့ညကနေ ဒီနေ့ ဧပြီလ ၂ ရက် မနက်ပိုင်းအထိ နေအိမ်တွေ မီးရှို့ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မင်းဝံစိုက်ကွင်းကျေးရွာကို မရောက်ခင် ထနောင်းကိုင်းကြီးကျေးရွာကိုလည်း ဝင်ရောက်ပြီး မီးရှို့ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

    မင်းဝံစိုက်ကွင်းကျေးရွာဟာ နေအိမ်ပေါင်း ၂၀၀ ဝန်းကျင်ရှိတဲ့ ရွာတန်းရှည်ကျေးရွာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

    ဘုန်းကြီးကျောင်းတွေမှာလည်း ဝင်ရောက်ဖျက်ဆီးခံရပြီး ပစ္စည်းတချို့ပျက်စီးပြီး ငွေကြေးတွေလည်း ပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ရွာတွေကို ပစ်ခတ်မီးရှို့တာတွေကြောင့် ကုလားလူး၊ ရှားလွင်၊ မင်းဝံစိုက်ခင်း၊ ပေပင်ကုန်း၊ ငါးတင်းကြီးနဲ့ ထနောင်းကိုင်းကြီး ကျေးရွာက ဒေသခံ တစ်သောင်းဝန်းကျင်က ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

    အင်အား ၈၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်တွေက ကျေးရွာတွေကို ဝင်ရောက်စီးနင်းနေတာကြောင့် ရွာတွေထဲကို ပြန်မဝင်ရဲတဲ့ကြလို့ မီးလောင်ခံရတဲ့အိမ်အရေအတွက်တွေကို အတိကျ မသိကြရသေးဘူးလို့ဆိုပါတယ်။

    ဒီသတင်းတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက် ထုတ်ပြန်တာမရှိသေးပါဘူး။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ ဒေသကာကွယ်ရေးတပ်တွေရှိနိုင်တဲ့နေရာတွေကို နယ်မြေတည်ငြိမ်ရေးအတွက်ဆိုပြီး စစ်ကောင်စီတပ်တွေက ရှင်းလင်းတိုက်ခိုက်နေတာတွေ ရှိတယ်လို့ စစ်ကောင်စီဘက်က ပြောထားတာတွေ ရှိပါတယ်။

  20. သေနတ်နဲ့အမြောက်ကျည်တွေကြား အချိန်မတိုင်ခင် ကြွေလွင့်သွားသော ကြယ်ပွင့်လေးများ