အာဏာသိမ်းပြီးနောက် အိုးအိမ်စွန့်ခွာပြေးရသူ ၉ သိန်းကျော်လာ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အိုးအိမ်စွန့်ခွာပြေးရသူ ၉ သိန်းကျော်ရှိလာတယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ‌ပြောခွင့်ရပုဂ္ဂိုလ်က ပြောလာပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. သထုံမြို့နယ် ထွေအုပ်ရုံး ဗုံးကွဲမှုမှာ ရဲ ၂ ဦး ဒဏ်ရာရ

    မွန်ပြည်နယ်၊ သထုံမြို့က မြို့နယ်စုပေါင်းရုံးထဲမှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ မနေ့ ဧပြီလ ၉ ရက်တုန်းကဖြစ်တဲ့ ဗုံးပေါက်ကွဲမှုမှာ ရဲ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

    ပေါက်ကွဲမှုဟာ မနေ့နေ့လည်ပိုင်းက ဖြစ်ခဲ့တာဖြစ်ပြီး အဲဒီပေါက်ကွဲမှုကြောင့် ရုံးပြိုကျတဲ့အထိ ပျက်စီးခဲ့ပါတယ်။

    သထုံမြို့မှာ စစ်ကောင်စီလက်အောက်က အုပ်ချုပ်ရေးဌာနကို ပစ်မှတ်ထားတဲ့ ဒီတိုက်ခိုက်မှုမှာ အင်အားပြင်းထန်တဲ့ပေါက်ကွဲမှုလို့ မြို့ခံတွေက မှတ်ချက်ပေးပြောဆိုထားပါတယ်။

    သထုံမြို့နယ် ထွေအုပ်ရုံး ဗုံးကွဲမှုမှာ ရဲ ၂ ဦး ဒဏ်ရာရ

    ဓာတ်ပုံ ရင်းမြစ်, CJ

  2. လေးကေ့ကော်တိုက်ပွဲ - နီပွန်ဖောင်‌‌ဒေးရှင်းက လှူထားတဲ့လူနေအိမ် ၁၀ လုံးထက်မနည်းပျက်စီး

    လေးကေ့ကော်တိုက်ပွဲ - နီပွန်ဖောင်‌‌ဒေးရှင်းက လှူထားတဲ့လူနေအိမ် ၁၀ လုံးထက်မနည်းပျက်စီး

    ဓာတ်ပုံ ရင်းမြစ်, ပေးပို့

    ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်မှာ ဒီနေ့ ဧပြီလ ၁၀ ရက်မှာဖြစ်တဲ့တိုက်ပွဲတွေ ‌ကြောင့် မြို့သစ်တည်ချိန်က နီပွန်ဖောင်‌‌ဒေးရှင်းဘက်ကနေ လှူဒါန်းတဲ့အနေနဲ့ဆောက်လုပ်ပေးထားတဲ့ နေအိမ် ၁၀ လုံးနီးပါး ထိခိုက်ပျက်စီးခဲ့တယ်လို့ KNLAပူးပေါင်း စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

    လေးကေ့ကော်မြို့၊ အမှတ် ၆ ရပ်ကွက်အနောက်ဘက်နဲ့ စစ်ကောင်စီရဲ့ ဗျူဟာကုန်း ဘက်မှာ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူရဲ့ KNLA တပ်ဖွဲ့၀င်တွေနဲ့ PDF ပူးပေါင်းတပ်ဖွဲ့ ဟာ လေးကေ့ကော်မြို့သစ်ကို စစ်‌ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေနဲ့ တိုက်ပွဲဖြစ်နေတာ ဒီနေ့ မနက်ပိုင်းကတည်းက ဖြစ်ပါတယ်။

    လေးကေ့ကော်မြို့သစ်ဟာ ကရင်စစ်ရှောင်တွေနေရပ်ပြန်လည်အခြေချနိုင်ဖို့ ငြိမ်းချမ်းရေးမြို့သစ်အဖြစ်တည်ထားတဲ့နေရာဖြစ်ပါတယ်။

    ကေအဲန်ယူ တပ်မဟာ‌ ၆ ထိန်းချုပ်နယ်မြေဖြစ်ပေမဲ့ အရပ်သားအစိုးရလက်ထက်ကတည်းက ကေအဲန်ယူနဲ့ပူးတွဲစီမံမှုရှိနေတဲ့မြို့လည်း ဖြစ်ပါတယ်။

    ဒါပေမဲ့ အာဏာသိမ်းမှုဖြစ်ပြီးနောက် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ စစ်ကောင်စီတပ်ဟာ လေးကေ့ကော်မြို့သစ်ထဲမှာ အာဏာသိမ်းဆန့်ကျင်တဲ့နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ PDF တွေရှိတယ်လို့ဆိုကာ စစ်ကြောင်းတွေဖြန့်ပြီး ၀င်ရောက်ခဲ့တာကြောင့် KNLA တပ်ဖွဲ့နဲ့ ထိတွေတိုက်ပွဲဖြစ်နေတာ လနဲ့ချီကြာနေပြီဖြစ်သလို ထောင်နဲ့ချီတဲ့‌ဒေသခံတွေလည်း ထွက်ပြေးနေရပါတယ်။

  3. လေးကေ့ကော်တိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းသုံးပစ်ခတ်တယ်လို့ ဒေသခံတွေပြော, စစ်ကောင်စီဘက်က အကျအဆုံးများနေတယ်လို့ဆို

    လေးကေ့ကော်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ တပ်မ ၄၄ က ဗိုလ်ကြီးဦးကို ဖမ်းမိထားတယ်လို့ဆို

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, လေးကေ့ကော်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ တပ်မ ၄၄ က ဗိုလ်ကြီးဦးကို ဖမ်းမိထားတယ်လို့ဆို

    ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်မှာ ဒီနေ့ ဧပြီလ ၁၀ ရက် မွန်းလွဲပိုင်းအထိ တိုက်ပွဲ ပြင်းထန်နေတယ်လို့ မြေပြင် သတင်းရင်းမြစ်ကပြောပါတယ်။

    ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူရဲ့ KNLA တပ်ဖွဲ့၀င်တွေနဲ့ PDF ပူးပေါင်းတပ်ဖွဲ့ နဲ့ လေးကေ့ကော်မြို့သစ်ကို စစ်‌ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေနဲ့ တိုက်ပွဲဖြစ်နေတာ ဒီနေ့ မနက်ပိုင်းကတည်းက ဖြစ်ပါတယ်။

    ဒီနေ့တိုက်ပွဲမှာ ပိတ်မိနေတဲ့စစ်ကောင်စီတပ်ဖွဲ့၀င်တွေကို ‌လေကြောင်းကနေ ကူပစ်ပေးဖို့ စစ်လေယာဥ်နဲ့ ကင်းထောက်တာရှိခဲ့ပြီးနောက် စစ်ကောင်စီဘက်က ဂျက်လေယာဥ်၊ ရဟတ်ယာဥ်တွေနဲ့ လာရောက်ဗုံးကြဲခဲ့တာလို့ မြေပြင် သတင်းရင်းမြစ်က ‌ပြောပါတယ်။

    '' ဂျက်လေယာဥ်နဲ့ ရဟတ်ယာဥ် ၃ စီး ကနေ မနက် ၁၁နာရီ လောက်မှာ စက်သေနတ် ပစ်တယ်၊ ဗုံးသီးတွေ နဲ့ အတွဲလိုက်ပစ်လိုက်၊ ပြန်သွားလိုက်၊ လာပြန်ပစ်လိုက် လုပ်နေတာ စစ်ကောင်စီ ဘက်ကတော့ ၂၀ ဝန်းကျင်လောက် သေနေပြီ။ သူတို့ တပ်စိတ်တွေ ရပ်ကွက်နဲ့ ဗျူးပွိုင့် အောက်ကုန်း ဘက်မှာ ပိတ်မိနေတယ်။ တိုက်ပွဲ ကတော့ ဆက်ဖြစ်နေတယ်။ စစ်ကောင်စီ လက်နက်ခဲယမ်းတွေ အလောင်းတွေ လိုက် ပြီး ရှင်းလင်းရေး လုပ်နေတယ်” လို့ KNLA ပူးပေါင်းတပ်ခွဲ ကော်ပရာစစ်ကြောင်းနဲ့ နီးစပ်တဲ့စစ်ရေး သတင်းရင်းမြစ်က ‌ပြောပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေဆုံးနေတဲ့ ဓာတ်ပုံတွေထွက်ပေါ်နေပေမဲ့ သေဆုံးမှု အရေအတွက်ကိုသီးခြားအတည်ပြုနိုင်တာမရှိဘူးလို့ ဘီဘီစီရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

    လေးကေ့ကော် ၆ ရပ်ကွက် အနောက်ဘက်နဲ့ လေးကေကော် ဗျူးပွိုင့် ပန်းခြံကုန်းအနီး စစ်ကောင်စီ အမြောက်ကုန်းဘက်မှာ ဒီနေ့ မနက်ပိုင်းတိုက်ပွဲအတွင်း KNLA ပူးပေါင်းအဖွဲ့ က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၅ ဦး မစိုးရိမ်ရ ဒဏ်ရာရထားတယ်လို့ သိရပါတယ်။

    ဒီနေ့ နေ့လည် ၂ နာရီခန့်မှာ စစ်ကောင်စီတပ်ဘက်က လေယာဥ်နဲ့ ပစ်ခတ်မှုရပ်သွားပေမဲ့ ပစ်ခတ်သံတွေကတော့ ဆက်ကြားနေရဆဲလို့ လေးကေ့ကော်မြို့အ၀င်မှာနေထိုင်တဲ့‌ဒေသခံတွေက ‌ပြောပါတယ်။

    စစ်ကောင်စီဘက်ကတော့ လေးကေ့ကော်တိုက်ပွဲနဲ့ပတ်သက်လို့ နေ့လယ်ပိုင်းအထိသတင်းထုတ်ပြန်တာမရှိသေးပါဘူး။

  4. ဖရူဆိုမြို့နယ်အ၀င် တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့၀င် ၁၀ ဦး သေဆုံးတယ်လို့ KNDF ‌‌ပြော

    ဖရူဆိုမြို့နယ်အ၀င် တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့၀င် ၁၀ ဦး သေဆုံးတယ်လို့ KNDF ‌‌ပြော

    ဓာတ်ပုံ ရင်းမြစ်, KNDF

    ကယား(ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့နယ်ထဲက ‌‌‌‌‌‌‌‌‌‌ဒေါညေးခူနဲ့ ထီးကလူ‌‌ဒေါကျေးရွာကြား မနေ့ ဧပြီလ ၉ ရက် မနက်ပိုင်းမှာ ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က သတင်း ထုတ်ပြန်လာပါတယ်။

    စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကို ခြုံခိုတိုက်ခိုက်ခဲ့တာလို့ KNDF ဖရူဆိုဇုန်တပ်ဖွဲ့က‌ပြောပါတယ်။

    တစ်ချိန်တည်းမှာပဲ ဒီးမော့ဆိုမြို့နယ်အဆုံး ဖရူဆိုမြို့နယ်အ၀င်က ထူလွီဘီလား၊ ငွေတောင်ရွာသစ်၊ ဒေါညေးခူကျေးရွာတလျောက်မှာ ကရင်နီအင်အားစုတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြား နေ့စဥ်တိုက်ပွဲ ဖြစ်နေပြီး စစ်ကောင်စီရဲ့ ရိက္ခာထောက်ပံ့လမ်းကြောင်းကို ဖြတ်တောက် တိုက်ခိုက်ထားတဲ့အ‌ကြောင်း KNDF ဘက်က ‌ပြောထားပါတယ်။

    ကယား(ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့နယ်တိုက်ပွဲထဲ စစ်ကောင်စီဘက်က သေဆုံးမှုတွေနဲ့ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာမိသလို၊ စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်တာလည်းမရှိသေးပါဘူး။

  5. ရက္ခိုင့်တပ်(အေအေ)ထံကနေ စစ်ရေးနဲ့ အခြားအကူအညီတွေရရှိထားတယ်လို့ တော်လှန်ရေးအင်အားစုတွေ ထုတ်‌ပြောလာ

    ရက္ခိုင့်တပ်(အေအေ)ထံကနေ စစ်ရေးနဲ့ အခြားအကူအညီတွေရရှိထားတယ်လို့ တော်လှန်ရေးအင်အားစုတွေ ထုတ်‌ပြောလာ

    ဓာတ်ပုံ ရင်းမြစ်, AA

    ရက္ခိုင့်တပ်တော်(အေအေ) ထံကနေ စစ်ရေးဆိုင်ရာနဲ့ အခြားအကူအညီတွေရရှိထားတယ်ဆိုပြီး အာဏာသိမ်းဆန့် ကျင်တဲ့တော်လှန်ရေးအင်အားစုတွေက ဒီနေ့ ဧပြီလ ၁၀ ရက်မှာ ကျရောက်တဲ့ ၁၃ကြိမ်‌မြောက် ရက္ခိုင့်တပ်တော်နေ့ အတွက်ပေးပို့တဲ့သ၀ဏ်လွှာတွေမှာ ထုတ်‌ပြောလာကြပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်မှာ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ(တကသများ-ရန်ကုန်) အဖွဲ့၀င်တွေဟာ အေအေရဲ့လွတ်မြောက်နယ်မြေမှာ အခြေခံစစ်ပညာ သင်ယူခဲ့ပြီး အေအေရဲ့အကူအညီနဲ့ ကျောင်းသားလက်ရုံးတပ်(SAF)ကို ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်က သ၀ဏ်လွှာထဲမှာ ရေးသားထားပါတယ်။

    ဒါ့အပြင် ဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ လူထုတော်လှန်ရေးမဟာမိတ်အဖွဲ့ (PRA- မကွေး)ကလည်း အေအေရဲ့ စစ်ရေးထောက်ပံ့မှုတွေနဲ့ ‌ဒေသတွင်း စစ်ရှောင်တွေကို ကူညီမှုတွေကို ကျေးဇူးတင်တဲ့အကြောင်း သူတို့ရဲ့ သ၀ဏ်လွှာမှာ ဖော်ပြပါတယ်။

    စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် အေအေဟာ ပြည်မနိုင်ငံရေးနဲ့ ခပ်ခွာခွာနေတယ်ဆိုတဲ့‌‌‌ဝေဖန်မှုတွေရှိခဲ့ပေမဲ့ အေအေဘက်ကတော့ အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို မျက်‌ခြေမပျက် စောင့်ကြည့်နေတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ‌‌‌ပြောထားပါတယ်။

    အေအေရဲ့ ညီနောင် မဟာမိတ်တွေဖြစ်တဲ့ TNLA နဲ့ MNDAA တို့ကလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့စလုံးဟာ နိုင်ငံရေး၊ စစ်ရေးအကြပ်အတည်းကို စုပေါင်းဖြတ်ကျော်ခဲ့တာ၊ အင်အား တည်ဆောက်တာ၊ သက်ဆိုင်ရာ လူထုကို ကာကွယ်စောင့်ရှောက်ပေးနိုင်တာတွေဟာ ညီနောင် မဟာမိတ်တွေကြားက ညီညွတ်မှုကြောင့်လို့ ရက္ခိုင်၊ တအာင်း၊ ကိုးကန့် တိုင်းရင်းသားလူမျိုးတွေကြား အပြန်အလှန်လေးစား အသိအမှတ်ပြုမှု ခိုင်မာရေး ဆက်ကြိုးပမ်း မယ်လို့ ရက္ခိုင့်တပ်တော် ၁၃ နှစ်ပြည့်ကို သ၀ဏ်လွှာပို့ထားပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကလည်း ဒီနေ့ ကျရောက်တဲ့ ၁၃ ကြိမ်မြောက် ရက္ခိုင့်တပ်တော်နေ့အခမ်းအနား အောင်မြင်ဖို့ နဲ့ ရခိုင်လူမျိုးတွေနဲ့အတူ ရက္ခိုင့်တပ်တော်ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေ အောင်မြင်ဖို့ ဆုတောင်းသ၀ဏ်လွှာပေးပို့ခဲ့တာတွေ့ရပါတယ်။

  6. လေးကေ့ကော် မှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ် တို့တိုက်ပွဲဖြစ်နေ, တိုက်ပွဲမှာ CDM စစ်သားတွေလည်း ပါ၀င်တိုက်ခိုက်ပေးနေတယ်လို့ဆို

    လေးကေကော်မှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ် တိုက်ပွဲဖြစ်နေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ် ရပ်ကွက်တွေထဲကို စစ်ကောင်စီတပ်ဘက်က ဒီနေ့ ဧပြီလ ၁၀ ရက် မနက်အစောပိုင်း ၃ နာရီခန့်က အင်အား ၂၀၀ နီးပါးပါတဲ့ စစ်ကြောင်း ၂ ခုနဲ့ တိုက်ခိုက် လာတာကြောင့် KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေပါတယ်။

    “မနက် ၂ နာရီ လောက်မှာ စစ်ကြောင်း ဆင်းလာတယ်။ ၃ နာရီ လောက်မှာ ဗျူးပွိုင့်ကုန်း ဘက်ကနေ လက်နက်ကြီးတွေ စပစ် တာကနေ တိုက်ပွဲ ပြင်းထန် နေတာပေါ့နော်။ KNLA ပူးပေါင်းတပ်တွေက လေးကေ့ကော် အမြောက်ကုန်းဘက်ကို လက်နက်ကြီး ပြန်ပစ်ကူတိုက် ပေးနေတယ်။ အခုထိ ပစ်နေတုန်းပဲ။ မနက်စောစောမှာ စစ်ကောင်စီ အလောင်းတွေ တွေ့ နေရတယ်။ ကရင်အဖွဲ့ တွေ ဘက်ကတော့ ၂ ယောက်ထိထားတယ်’’ လို့ တိုက်ပွဲအခြေအနေ သိရှိသူတစ်ဦးက ‌ပြောပါတယ်။

    ကရင်အမျိုးသားအစည်းအရုံး -KNU တပ်မဟာ ၆ နယ်မြေ လေးကေ့ကော်မှာ ဖြစ်နေတဲ့ အခုတိုက်ပွဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက KNLA ပူးပေါင်းတပ်ဖွဲ့တွေဆီ လက်နက်နဲ့ ခိုလှုံလာတဲ့ ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ ခမရ- ၅၈၅ က ဒုတပ်ရင်မှုး ဗိုလ်မှူး ထင်လင်းအောင်အပါအဝင် CDM တပ်ဖွဲ့ ဝင်တွေ ပူးပေါင်း တိုက်ခိုက်နေတယ်လို့လည်း KNLA ပူးပေါင်းအဖွဲ့ တွေက ဓာတ်ပုံတွေနဲ့ ထုတ်ပြန်လာပါတယ်။

    လးကေ့ကော်မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီ တပ်စွဲထားတဲ့နေရာတွေကို KNLA ပူးပေါင်းအဖွဲ့တွေနဲ့ ပြောက်ကျားတိုက်ခိုက်မှုတွေ‌ကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

    စစ်ကောင်စီတပ်ဟာ လေးကေ့ကော် ရေစက်ကုန်း၊ ထီးမယ်ဝါးခီးရွာဂိတ်၊ လေးကေကော် ပြတိုက်ကုန်းနေရာတွေကို စစ်ကြောင်းထိုး ပစ်ခတ် တိုက်ခိုက်လာတဲ့အတွက် အဲဒီနေရာတွေကို ဝိုင်းပတ်ပိတ် ဆို့ ထားတဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။

    လေးကေ့ကော်ဘက်ကတိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကထုတ်ပြန်တာမရှိသေးပါဘူး။

  7. မြန်မာသံရုံးရဲ့ထုတ်ပြန်ချက်ကိုလက်မခံကြောင်း ထိုင်းရောက်မြန်မာတွေကန့်ကွက်စာကပ်

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မြန်မာသံရုံးရဲ့ထုတ်ပြန်ချက်ကိုလက်မခံကြောင်း ထိုင်းရောက်မြန်မာတွေကန့်ကွက်စာကပ်

    ထိုင်းရောက်မြန်မာတွေအနေနဲ့ အကြမ်းဖက်အဖွဲ့အစည်း​တွေကို ​ထောက်ခံအား​ပေးတဲ့ အပြုအမူ​တွေလုပ်ရင် ဥပ​ဒေအရငြိစွန်းတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးရဲ့ပြီးခဲ့တဲ့ရက်ပိုင်းကထုတ်ပြန်ချက်ကို ကန့်ကွက်ကြောင်းလှုပ်ရှားမှုကို ဒီကနေ့ ဒီကနေ့ဧပြီ (၁၀)ရက်မှာ ထိုင်းရောက်မြန်မာတွေက ပြုလုပ်ခဲ့ကြပါတယ်။

    မြန်မာသံရုံးရှေ့မှာ ဒီထုတ်ပြန်ချက်အပေါ်ကန့်ကွက်ကြောင်းစာတွေကပ်ကာ ဆန္ဒထုတ်‌ဖော်ခဲ့ကြပြီး အာဏာသိမ်းဆန့်ကျင်တော်လှန်ရေးဆက်လုပ်မယ်လို့ ထိုင်းရောက်မြန်မာတွေက ဘီဘီစီကိုပြောပါတယ်။

    ထိုင်းကမြန်မာသံရုံး ရဲ့ထုတ်ပြန်ချက်မှာတော့ထိုင်း​ရောက် မြန်မာ​တွေအ​နေနဲ့ တည်ငြိမ်​အေးချမ်း​ရေးနဲ့ အကျိုးစီးပွားကိုအ​နှောင့်အယှက်​ပေးနေတဲ့ အကြမ်းဖက်အဖွဲ့အစည်း​တွေနဲ့ ဆက်သွယ်​ဆောင်ရွက်တာဖြစ်​စေ၊ အဲ့ဒီအဖွဲ့အစည်း​တွေကို ​​ထောက်ခံပံ့ပိုးဖို့ ရန်ပုံ​ငွေပွဲ​တွေပြုလုပ်တာနဲ့ ​ငွေ​ကြေး​ကောက်ခံတာ​တွေ မပြုလုပ်ဖို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ပြည်ပ​ရောက်မြန်မာပြည်သူ​တွေအ​နေနဲ့ အကြမ်းဖက်အဖွဲ့အစည်း​ကို ​ထောက်ခံအား​ပေးတဲ့အပြုအမူလုပ်ရပ်​တွေကို ဆက်လုပ်သွားမယ်ဆိုရင် "အကြမ်းဖက်မှုတိုက်ဖျက်​ရေး ဥပ​ဒေ(၂၃/၂၀၁၄)၊ အခန်း (၁၂) ပါ အကြမ်းဖက်မှုကို ​ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှု​များအား တားဆီးနှိမ်နင်းခြင်းအရ" ဆိုတဲ့ ပြစ်မှုနဲ့ ငြိစွန်းမယ်လို့ဆိုပါတယ်။

    လက်ရှိမှာ ထိုင်းရောက်မြန်မာပြည်လုပ်သား (၄)သန်းကျော်ရှိတယ်လို့ အလုပ်သမား‌အရေးလှုပ်ရှားသူတွေရဲ့စာရင်းအရသိရပြီး အများစုဟာ အာဏာသိမ်း ဆန့်ကျင်ရေးတွေကို ပြည်ပကနေ ‌ထောက်ပံ့ကူညီနေကြတာလို့ ဆိုပါတယ်။

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မြန်မာသံရုံးရဲ့ထုတ်ပြန်ချက်ကိုလက်မခံကြောင်း ထိုင်းရောက်မြန်မာတွေကန့်ကွက်စာကပ်
  8. ကလေးမြို့နယ်ထဲစစ်ကောင်စီလက်နက်ကြီးထိမှန်လို့အဆောက်အဦနဲ့လူထိခိုက်မှု‌တွေရှိနေ

    ကလေးမြို့နယ်ထဲစစ်ကောင်စီလက်နက်ကြီးထိမှန်လို့အဆောက်အဦနဲ့လူထိခိုက်မှု‌တွေရှိနေ

    ဓာတ်ပုံ ရင်းမြစ်, Zalen

    စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာပြီးခဲ့တဲ့ရက်ပိုင်းအတွင်းစစ်ကောင်စီကပစ်ခတ်တဲ့လက်နက်ကြီးတွေဟာ အရပ်သားနေအိမ်တွေ‌ပေါ်ကျရောက်ပြီးအဆောက်အဦ နဲ့လူထိခိုက်မှုရှိနေတယ်လို့‌ဒေသခံတွေကပြောပါတယ်။

    ကလေး‌‌ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားချိန်မှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်တာ‌ကြောင့် အရပ်သားနဲ့ လူနေအိမ် ထိခိုက်မှုတွေပေါ်ပေါက်နေတာလို့ဆိုပါတယ်။

    မနေ့ ဧပြီလ ၉ ရက်မနက်ပိုင်းတုန်းကလည်း ကလေးမြို့၊ မြို့လှရပ်ကွက်ထဲက လူနေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျခဲ့တာကြောင့် နေအိမ်နဲ့ အသုံးအဆောင်တွေ ပျက်စီးခဲ့သလို အဲဒီအိမ်က ဇနီးမောင်နှံလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

    မြို့လှနဲ့ အင်ဒိုင်းရပ်ကွက်မှာ တိုက်ပွဲဖြစ်ချိန် စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်တာကြောင့် တခြားနေရာ ၃ ခုမှာ လက်နက်ကြီးကျပြီး လူနေအိမ်ပျက်စီးတာတွေရှိခဲ့တယ်လို့ ‌‌ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။

    ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့တုန်းကလည်း ကလေးမြို့နယ်ထဲက စက္ကန့်ကျေးရွာမှာ လက်နက်ကြီး ၂ လုံး ကျရောက် ပေါက်ကွဲခဲ့တာ‌ကြောင့် ၉ နှစ်အရွယ် ကလေးတစ်ဦးရဲ့ ညာလက်ချောင်း ၂ ချောင်းပြတ်ခဲ့ပါတယ်။

    အဲဒီလက်နက်ကြီးဟာ အိမ်တစ်လုံး‌ခေါင်မိုးပေါ်ကျရောက်ပေါက်ကွဲချိန် အိမ်ထဲကအမျိုးသမီးတစ်ဦးလည်းဒဏ်ရာအနည်းငယ်ရခဲ့ပြီး အိမ်အောက်မှာ ကစားနေတဲ့ကလေးငယ်က လက်နက်ကြီးကျည် ထိမှန်ခဲ့တာဖြစ်ပါတယ်။ အဲဒီပစ်ခတ်မှုတွေကို စက္ကန့်ရွာနားက တောင်ဖီလာတောင်ပေါ်မှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာလို့ ‌‌ဒေသခံတွေက ‌ပြောပါတယ်။

    တစ်ချိန်တည်းမှာပဲ ဧပြီလ ၇ ရက်နေ့ မနက်ပိုင်းမှာ ကလေးတက္ကသိုလ် မုခ်ဦးနားမှာလည်း စစ်ကောင်စီဘက်က ပစ်တဲ့သေနတ်ကျည်ထိမှန်လို့ ဆိုင်ကယ်ဘေးတွဲမောင်းသူအမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့ ကလေး PDF က ‌ပြောထားပါတယ်။

  9. သက်ပြည့်ပင်စင် ၆၂ နှစ် ဘယ်သူတွေပါလို့ ဘယ်သူတွေကျန်မလဲ

  10. စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို ပြောလာသူ ကျောင်းသားခေါင်းဆောင်

  11. မုံရွာထောင်ဆူမှုနောက် အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားသူ ၁၅၀ ကို ထောင်ပြောင်း

  12. ကလေးမြို့အနီး တိုက်ပွဲဖြစ်ပွား

    စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ (၇)မိုင်လောက်ဝေးတဲ့ မွှန်ထာရွာ (မြို့လှ) ဘက်မှာ ဒီကနေ့ဧပြီ (၉)ရက်၊ မနက် (၉)နာရီလောက်ကစပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

    “မနက်ကတည်းကတောက်လျှောက်ကိုပစ်နေတာ။ တောင်ပေါ်ကနေလည်း စကစကလက်နက်ကြီးတွေနဲ့ လှမ်းထုတယ်။ အခုပြောနေရင်းတောင်လက်နက်သံကဆက်တိုက်ကြားနေရတုန်းပဲ။ မြို့နေလူထုကတော့ မြို့ပေါ်မဟုတ်တော့ ပုံမှန်လိုပါပဲ။ ဒါပေမဲ့တာဟန်းတစ်နှစ်ပြည့်ကစပြီး သင်္ကြန်ကာလအတွက်ကို သတိထား အပြင်ထွက်ကြဖို့ ပြောထားကြတယ်”လို့ ကလေးမြို့ခံတဦးက ဘီဘီစီကိုပြောပါတယ်။

    အဲ့ဒီမွှန်ထာရွာအခြေအနေကို အခုညနေ (၄)နာရီခွဲဝန်းကျင်အထိ တိတိကျကျမသိရသေးဘဲ ဒေသအခြေစိုက်မီဒီယာတွေမှာတော့ နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် လင်မယား(၂)ဦးထိခိုက်ဒဏ်ရာရတယ်လို့ ဖော်ပြထားပါတယ်။

    တာဟန်းသပိတ်ဖြိုခွင်းခံရတာတစ်နှစ်ပြည့်တဲ့ ဧပြီ (၇)ရက်ကစပြီး ကလေးမြို့ပေါ်မှာ ပြောက်ျားတိုက်ခိုက် မှုတွေပြန်တွေ့လာရတယ်လို့ဆိုပါတယ်။ မနေ့ညနေပိုင်းမှာလည်း တာဟန်းရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီကင်းစခန်းကို ဒေသကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်နိုင်ချေရှိတယ်လို့ PDF Kalayက ထုတ်ပြန်ထားပါတယ်။

    ဒီကနေ့ မနက်ပိုင်းမှာလည်း တာဟန်းရပ်ကွက်အနီး ဗိုလ်ချုပ်လမ်းမကြီးပေါ်မှာ လမ်းပိတ်ကာ စစ်ကောင်စီကနေ စစ်ဆေးရေးတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, တာဟန်းသပိတ်ဖြိုခွဲခံရတဲ့ မနှစ်ဧပြီ (၇)ရက်နေ့ကကလေးမြို့ဗိုလ်ချုပ်လမ်းမကြီး မြင်ကွင်း
  13. မန္တလေးမှာ ဒီကနေ့ ပစ်ခတ်ဖမ်းဆီးမှုတွေရှိတယ်လို့ ဒေသခံတွေပြော

    မန္တလေးမြို့မှာ ဒီကနေ့ဧပြီ (၉)ရက် မနက်ပိုင်းမှာတင်နေရာ နှစ်နေရာမှာလူငယ်တွေဖမ်းဆီးခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    ဒီကနေ့မနက် (၉)နာရီခွဲဝန်းကျင်လောက်မှာ ၆၅လမ်းနဲ့ ၂၇၊ ၂၈လမ်းကြားမှာ လူငယ်တစ်ဦးဖမ်းဆီးခံခဲ့ရသလို နေ့လယ် (၁၂)နာရီခွဲဝန်းကျင်မှာလည်း မန္တလေးတက္ကသိုလ်အနီးမှာ လူငယ် နှစ်ဦးအဖမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီကနေ့တစ်ရက်ထဲမှာတင် လူငယ်အမျိုးသား (၅)ဦးအဖမ်းဆီးခံရ တယ်လို့ ဒေသအခြေစိုက်မီဒီယာတွေမှာဖော်ပြကြပေမဲ့ ဘီဘီစီဘက်က သီးခြားအတည်မပြုနိုင်‌‌သေးပါဘူး။

    “ မိန်းနားမှာ ( မန္တလေးတက္ကသိုလ်အနီး) အအေးဆိုင်တန်းတွေရှိတဲ့ဘက်လေ၊ အဲ့မှာဆိုင်ကယ်စီးလာတဲ့လူငယ်နှစ်ဦးကိုအရပ်ဝတ်နဲ့ ပစ်ဖမ်းတာ၊ တစ်ယောက်က ဗိုက်ထိသွားတယ်။ အဲ့တချိန်ထဲမှာပဲ ပုသိမ်ကြီးက ညောင်ပင်သာရွာဘက်ကို ကားတွေအများကြီးဆင်းသွားကြတယ်လို့သိရသေးတယ်။ ဒီနေ့တနေကုန်လုံးက စစ်ဆေးနေတာချည်းပဲ။ ညနေပိုင်းဆိုလည်း ကျုံးဘေးနားမိုင်းရှာတာ နှစ်ရက်လောက်ရှိနေပြီ”လို့ မန္တလေးအခြေအနေကို မြို့ခံ တဦးကဘီဘီစီကိုပြောပါတယ်။

    မတ်လကုန်ပိုင်းကစကာ မန္တလေးမြို့ပြပြောက်ကြားလှုပ်ရှားသူတွေတစစဖမ်းဆီးခံနေရပြီး ကွင်းဆက်လိုက် ဖမ်းဆီးရှာဖွေခံနေရတယ်လို့ ပြောက်ကျားအသိုင်းအဝိုင်းကနေသိရပါတယ်။ ဒီကနေ့ဖမ်းဆီးခံသွားရတဲ့ လူငယ်တွေနဲ့ပတ်သက်ပြီး ဘယ်နေရာမှာထိန်းသိမ်းထားလဲဆိုတာကိုလည်း မသိရသေးပါဘူး။

    စစ်ကောင်စီကနေ မန္တလေးမြို့ပေါ်ကဖမ်းဆီးမိသူတွေနဲ့ပတ်သက်ပြီး ဒီကနေ့ညနေ (၄)နာရီဝန်းကျင်အထိ တစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။

    လူမှုကွန်ယက်စာမျက်နှာပေါ်ပြန့်နေတဲ့ မန္တလေးတက္ကသိုလ်အနီးဖမ်းဆီးခံရပြီးနောက်တွေ့မြင်ရတဲ့မြင်ကွင်း။

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, လူမှုကွန်ယက်စာမျက်နှာပေါ်ပြန့်နေတဲ့ မန္တလေးတက္ကသိုလ်အနီးဖမ်းဆီးခံရပြီးနောက်တွေ့မြင်ရတဲ့မြင်ကွင်း။
  14. ဘုတလင်ကူတော်ရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ဆို

    စစ်ကိုင်းတိုင်း ၊ ဘုတလင်ကူတော်ရဲစခန်းကို မနေ့ ဧပြီ ၈ရက်ညပိုင်း ၉နာရီကျော်က ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ပြီးမီးရှို့ခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    စခန်းမှာရှိတဲ့ လက်နက်တွေသိမ်းဆည်းရခဲ့တာရှိတယ်လို့ ကနဦးသတင်းတွေအရသိရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲဝန်ထမ်း‌တွေ သေဆုံးထိခိုက်တာရှိတယ်လို့ပြောပေမဲ့ ဘီဘီစီ‌အနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

    ဒါဟာ ဒုတိယအကြိမ် ဝင်ရောက်တိုက်ခိုက်တာဖြစ်ပြီး ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကလည်း တိုက်ခိုက်ခဲ့သေးတယ်လို့ဆိုပါတယ်။

    စခန်းတိုက်ခိုက်ပြီးနောက် ညပိုင်းသန်းခေါင်ယံမှာတော့ စစ်ကောင်စီဘက်က လေကြောင်းကနေလာ‌ရောက်ပစ်ခတ်တာတွေလုပ်ခဲ့လို့ ဒေသကာကွယ်ရေးတပ်ဘက်က အဲဒီကနေဆုတ်ခွာခဲ့ကြတာလို့ဆိုပါတယ်။

    လေကြောင်းတိုက်ခိုက်မှုကြောင့် ကူတော်ရွာကအမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သတင်းရင်းမြစ်က ဘီဘီစီကိုပြောပါတယ်။

    လက်ရှိမှာ ကူတော်ရဲစခန်းနားက ကျေးရွာ ၁၀ ရွာလောက် ဟာ စစ်ကောင်စီဘက်ကဖမ်းဆီးတာ ပစ်ခတ်တာတွေ လုပ်မှာစိုးလို့ရှောင်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဘုတလင်မြို့နယ်ထဲမှာတော့ စစ်တပ်ကလမ်းပိတ်ဆို့ပြီးစစ်ဆေးတာတွေလုပ်သလို ကျေးရွာချင်းလမ်းတွေကိုဖြတ်သန်းခွင့်ပိတ်ထားတယ်လို့ ‌ဒေသတွင်းသတင်းတွေကဖော်ပြပါတယ်။

    ကူတော်ရဲစခန်း ( ပုံ‌ဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ကူတော်ရဲစခန်း ( ပုံ‌ဟောင်း)
  15. ပခုက္ကူ၊ မြစ်ဖျားရွာမှာ အမျိုးသားတစ်ဦးလက်နက်ကြီးစထိမှန်သေဆုံး, နေအိမ် (၈၀)ကျော်မီးရှို့ခံရ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ မြစ်ဖျားကျေးရွာထဲကို မနေ့ဧပြီ (၈)ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးတွေပစ်ကာ ဝင်ရောက်လာခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဒီလိုပစ်ခတ်တာကြောင့် ဒေသခံတွေထွက်ပြေးတိမ်း‌ရှောင်ကြရပြီး အသက် (၂၆)နှစ်အရွယ် အမျိုးသားတစ်ဦးက လက်နက်ကြီးကျည်စထိမှန်သေဆုံးခဲ့တယ်လို့ မြစ်ဖျားရွာခံတွေကဘီဘီစီကိုပြောပါတယ်။

    "အမျိုးသားတစ်ဦးကသေတယ်။ အသက် (၁၃)နှစ်အရွယ် ကလေးမလေးကတော့ သေနတ်ကျည်ထိမှန်ဒဏ်ရာရတယ်။ ရွာခံတွေကတော့ ရွာလုံးကျွတ် ပြေးနေရတာပဲ။ ဒီမနက်အထိ ရွာထဲဘယ်သူမှမဝင်ရဲဘူး"လို့ ဖြစ်ဖျားဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    မနေ့ကဖြစ်စဉ်မှာ မြစ်ဖျားရွာအတွင်းက နေအိမ် (၈၆)လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် ဒီကနေ့မနက်ပိုင်းမှာလည်း မြစ်ဖျားရွာအနီးက စညောင်းရွာမှာအလောင်းသုံးလောင်းတွေ့ရှိခဲ့ရပြီး ဘယ်သူတွေသေဆုံးခဲ့တာလဲဆိုတာကိုတော့ အတည်ပြုလို့မရသေးလို့ ဆိုပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မကွေးတိုင်းအတွင်းက ပခုက္ကူ၊ ပေါက်၊ ပွင့်ဖြူမြို့နယ်တွေဘက်ကို ဧပြီ (၇)ရက်ကစတင်ရောက်ရှိလာကာ စစ်ကြောင်းတွေခွဲပြီး မြို့ (၃)မြို့ကိုဝင်ရောက်တာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေကဘီဘီစီကိုပြောပါတယ်။ ဒါကြောင့် မြို့(၃)မြို့က အနည်းဆုံးကျေးရွာ (၁၈)ရွာလောက်က ဒေသခံတွေဟာ နေအိမ်တွေကိုစွန့်ခွာစစ်ဘေးရှောင်နေကြရပြီလို့ သိရပါတယ်။

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မြစ်ဖျားရွာနေအိမ်တွေမီးလောင်ကျွမ်းနေတာကိုတွေ့မြင်ရစဉ်။
  16. စစ်ကိုင်း၊ဆားတောင်မြို့နယ် မိဘမဲ့ဂေဟာကဆရာမတစ်ဦး သေနတ်ကျည်မှန်သေဆုံး, ဂေဟာပြောင်းရွှေ့ရပြီးနေစရာအခက်အခဲကြုံနေ

    သစ္စာရွှေဂူမေတ္တာရိပ်မိဘမဲ့ဂေဟာ

    ဓာတ်ပုံ ရင်းမြစ်, သစ္စာရွှေဂူမေတ္တာရိပ်မိဘမဲ့ဂေဟာ

    ဓာတ်ပုံ ပုံစာ, သေနတ်ကျည်မှန်သေဆုံးခဲ့တဲ့ မိဘမဲ့ဂေဟာကဆရာမ

    စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ်၊ ညောင်ငုတ်တိုရပ်ကွက်မှာရှိတဲ့ သစ္စာရွှေဂူမေတ္တာရိပ်မိဘမဲ့‌‌‌ဂေဟာထဲကို သေနတ်ကျည်မှန်ခဲ့ပြီး ဆရာမတစ်ဦးသေဆုံးခဲ့တယ်လို့‌ဂေဟာ နဲ့ နီးစပ်သူတွေက ဘီဘီစီကိုပြောပါတယ်။

    ဒီဖြစ်စဉ်ဟာ ဧပြီလ(၆)ရက်နေ့ ညနေစောင်းပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ဂေဟာအဆောက်အအုံရဲ့ မှန်ပြတင်းပေါက်ကို ကျည်ဖောက်ထွက်ကာ ဆရာမကိုထိမှန်ပြီးသေဆုံးခဲ့ရတာလို့ဆိုပါတယ်။

    ညောင်ငုတ်တိုရပ်ကွက်မှာသေနတ်သံတွေကြားရချိန် ကလေးငယ်တွေရော ဆရာမတွေပါ အဆောက်အအုံတခုထဲမှာအတူတူစုဝေးနေခဲ့ကြတယ်လို့ပြောပါတယ်။

    အဲ့ဒီအချိန်ရွာဘက်ကိုအလုပ်ပြန်မယ့်သူတွေဟာလည်း သေနတ်သံတွေကြားတာကြောင့် ဂေဟာထဲကို ဆိုင်ကယ်မောင်းဝင်လာတာကို အနောက်ကနေသေနတ်နဲ့လှမ်းပစ်ရာကနေ ဆရာမကို ကျည်ထိမှန်ခဲ့ရတာလို့ ဂေဟာနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

    "ဆိုင်ကယ်နှစ်စီး လူလေးယောက်ပေါ့။လက်လုပ်လက်စားသမားတွေဆိုတော့ ပေါက်တူးတွေ၊ ဓားတွေကတော့ ပါလာကြတယ်လေ။ အဲ့ဒါကို ဘယ်လိုထင်လဲမသိ၊ သေနတ်တွေနဲ့ပစ်လိုက်ကြတာ၊ အဆောက်အအုံကိုလည်းသေနတ်ကျည်တွေမှန်တယ်၊ ဆရာမလည်းသေဆုံးခဲ့ရပါတယ်။ အဲ့ဒီနေ့က ည(၁၂)နာရီထိုးကျော်မှ ဂေဟာအပြင်ကိုထွက်ရဲကြတယ်။ ပုံမှန်ဆိုရင်နှစ်ဖက်အဖွဲ့အစည်းနှစ်ခုလုံးက ဂေဟာကိုရှောင်လေ့ရှိပါတယ်၊ အခုကတော့ဘယ်လိုဖြစ်သွားလဲမသိပါဘူး။ လသားအရွယ်လေးတွေပါရှိကြတော့ ဂေဟာမထိခိုက်အောင်အထူးဂရုစိုက်စေချင်ပါတယ်" လို့ ဂေဟာနဲ့နီးစပ်သူတဦးက ဘီဘီစီကိုပြောပါတယ်။

    သစ္စာရွှေဂူမေတ္တာရိပ်မိဘမဲ့ဂေဟာ

    ဓာတ်ပုံ ရင်းမြစ်, သစ္စာရွှေဂူမေတ္တာရိပ်မိဘမဲ့ဂေဟာ

    ဓာတ်ပုံ ပုံစာ, ဂေဟာပြောင်းရွှေ့ရပြီးနေရာအခက်အခဲကြုံနေ

    သေနတ်ကျည်မှန်ခဲ့တဲ့ ဆရာမဖြစ်သူရဲ့မြေမြေချစျာပနကိုပြုလုပ်ပြီးဖြစ်ပြီး လာမယ့် ဧပြီ (၁၂)ရက်မှာရက်လည်ပြုလုပ်မှာဖြစ်ပါတယ်။ ဒီလိုဖြစ်စဉ်ဖြစ်ခဲ့တာကြောင့် မိဘမဲ့ဂေဟာကို နေရာရွှေ့ပြောင်းခဲ့ရပြီး ဆားတောင်မြို့နယ်တခြားရပ်ကွက်မှာရှိတဲ့ ဘိုးဘွားရိပ်သာမှာအတူစုဝေးနေထိုင်ကြတယ်လို့ ဆိုပါတယ်။

    ဒါပေမဲ့လည်း ဘိုးဘွားရိပ်သာဟာဖွင့်လှစ်တာလပိုင်းသာရှိသေးတဲ့အတွက် နေရာအလုံအလောက်မရှိဘဲ ကလေးသူငယ်အယောက် (၆၀)‌ကျော်၊ ဘိုးဘွား (၉)ယောက်ဟာ အခက်အခဲတွေနဲ့ကြုံနေရတယ်လို့ ဘီဘီစီကိုပြောပါတယ်။

    ကလေးတွေမနေထိုင်တော့တဲ့ မိဘမဲ့ဂေဟာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ခဲ့တယ်ဆိုတဲ့သတင်းတွေ လူမှုကွန်ယက်စာမျက်နှာပေါ် ထွက်ပေါ်လာပေမဲ့ ဒါဟာသတင်းအမှားသာဖြစ်တယ်လို့‌ဆိုပါတယ်။

  17. မုံရွာနည်းပညာတက္ကသိုလ်‌နောက်ဆုံးနှစ်ကျောင်းသား ထောင် (၁၅)နှစ်ချမှတ်ခံရ

    စစ်ကိုင်းတိုင်း၊ မုံရွာနည်းပညာတက္ကသိုလ်က နောက်ဆုံးနှစ်ကျောင်းသားကိုရဲရင့်မင်းဦးကို နေပြည်တော်၊အချုပ်ထောင် အထူးတရားရုံးကနေ မနေ့ဧပြီ (၈)ရက်မှာအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)နဲ့ ထောင်ဒဏ် (၁၅)နှစ် အမိန့်ချလိုက်တယ်လို့ မိသားစုနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းနေသိရပါတယ်။

    လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြခဲ့တဲ့ ပို့စ်တခုကနေ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ဆက်သွယ်တယ်ဆိုကာ အခုလိုပုဒ်မတပ်အမိန့်ချခံရတာလို့ ဆိုပါတယ်။

    "နေတာကမင်းကင်းကဗျ၊မိသားစုကျန်းမာရေးကိစ္စဆိုပြီး နေပြည်တော်ရောက်နေချိန် မင်းကင်းကိုကူညီကြပါဆိုပြီးပို့စ်တင်လိုက်တာပေါ့ဗျာ။ အဲ့မှာသူ့ဘဏ်အကောင့်လည်း အပိတ်ခံရတယ်၊ အဲ့မှာသူကချက်ချင်းဘဏ်ကိုဆက်မေးတော့ ဗဟိုဘဏ်ညွှန်ကြားချက်အရပိတ်တာဆိုပြီး အဲ့နေ့ချက်ချင်းနာရီပိုင်းအတွင်းကို အဖမ်းခံလိုက်ရတာ။ သူလာနေတဲ့ဦးလေးကနိုင်ငံခြားရေးဝန်ကြီးဌာနကဝန်ထမ်းပဲ၊ ဦးလေးကိုလည်းသူ့ကိုဖမ်းပြီးရက်ပိုင်းအတွင်းဖမ်းတယ်။ ပြီးတော့ ပြန်လွှတ်ပေးလိုက်ပေမဲ့ အလုပ်ထုတ်လိုက်ပြီး ဇမ္ဗူသီရိရပ်ကွက်ကလိုင်းခန်းကနေချက်ချင်းဖယ်ပေးလိုက်ရတာ"လို့ ကိုရဲရင့်မင်းဦးဖမ်းဆီးခံခဲ့ရတဲ့ သြဂုတ်လ (၆)ရက်နေ့နဲ့ နောက်ဆက်တွဲအခြေအနေကို မိသားစုနဲ့နီးစပ်သူတဦးက ဘီဘီစီကိုပြောပါတယ်။

    ထောင်ဒဏ် (၁၅)နှစ်အမိန့်ချမှတ်ပြီးဖြစ်တာကြောင့် နေပြည်တော်အချုပ်ထောင်ကနေ မန္တလေး၊ အိုးဘိုအကျဉ်းထောင်ကိုပြောင်းရွှေ့ရဖို့ရှိတယ်လို့ဆိုပါတယ်။ ကိုရဲရင့်မင်းဦးဟာ စစ်ရှောင်အရေးအဓိကကူညီပေးသူဖြစ်ပြီး မုံရွာနည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂမှာလည်းပါဝင်ခဲ့ဖူးတယ်လို့ သိရပါတယ်။

    စစ်ကောင်စီဟာ အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားသူတွေကို ဒီနှစ်ဆန်းပိုင်းအတွင်း ခပ်စိတ်စိတ်ဖမ်းဆီးလာခဲ့ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ တွေနဲ့ အမြင့်ဆုံးထောင်ဒဏ်တွေပေးလာတာတွေ့ရတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။

    Ye Yint Min Oo (Instagram)

    ဓာတ်ပုံ ရင်းမြစ်, Ye Yint Min Oo(Instagram)

    ဓာတ်ပုံ ပုံစာ, မုံရွာနည်းပညာတက္ကသိုလ်‌နောက်ဆုံးနှစ်ကျောင်းသား ထောင် (၁၅)နှစ်ချမှတ်ခံရ
  18. အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက်နဲ့ NUG ရဲ့ ဝန်ကြီးအဖွဲ့တွေ့ဆုံ

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက် နဲ့ အမေရိကန်နိုင်ငံကိုရောက်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ - NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း၊ NUG နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးနဲ့ ကိုယ်စားလှယ်အဖွဲ့ နဲ့တွေ့ဆုံခဲ့တယ်လို့ U.S. Asia Pacific Media Hub က သတင်းဖော်ပြလာပါတယ်။

    မြန်မာနိုင်ငံရှိ လူတစ်ဦးချင်းစီရဲ့ လူ့အခွင့်အရေးရပိုင်ခွင့်တွေကို ပိုမိုမြှင့်တင်ပေးဖို့ ၊ အားလုံးပါဝင်နိုင်တဲ့ မြန်မာ့ဒီမိုကရေစီအနာဂတ်အတွက် အမေရိကန်က ထောက်ခံမှုတွေဆက်လုပ်နေမှာဖြစ်ပြီး ဒါကိုအလေးပေးဆောင်ရွက်မယ်ဆိုတဲ့အကြောင်းတွေကိုဆွေးနွေးကြတယ်လို့ဆိုပါတယ်။ စစ်တပ်ရဲ့ ဆိုးရွားတဲ့ လုပ်ဆောင်မှုတွေအတွက် တာဝန်ခံမှုရှိလာစေဖို့လည်း အမေရိကန်က ဆက်လက်ကြိုးပမ်းဆောင်ရွက်နေမယ်လို့ဖော်ပြပါတယ်။

    NUG ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အမေရိကန် နိုင်ငံခြားရေးဌာန၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ ဗျူရို ယာယီလက်ထောက်နိုင်ငံခြားရေးဝန်ကြီး လီဆာပီတာဆန် ၊ အမေရိကန်ရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန် ဂျက်ဆီကာစတန်တို့နဲ့လည်းတွေ့ဆုံခဲ့ပြီး လူ့အခွင့်အရေးနဲ့ တန်းတူညီမျှရေးကိုလေးစားတန်ဖိုးထားရေးတွေလ‌ည်း ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။

    NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကတော့ သူ့ရဲ့ူမှုကွန်ရက်စာမျက်နှာမှာ မြန်မာနိုင်ငံဒီမိုက​ရေးအတွက် ပိုမိုကူညီလုပ်​ဆောင်မယ့်အ​ကြောင်းနဲ့ စစ်တပ်ရဲ့ ရာဇဝတ်ကျူးလွန်​မှု​တွေအ​ပေါ် တရားမျှတမှုဖော်​ဆောင်နိုင်ဖို့ မြန်မာပြည်သူ​တွေအတွက် ကြိုးပမ်းသွားမယ့်အ​ကြောင်း တင်ပြခဲ့တယ်လို့ ရေးသားထားပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အမေရိကန် အောက်လွှတ်တော် မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ဥပဒေမူကြမ်း Burma Act of 2021 ကို အတည်ပြုထားပြီး လွှတ်​တော်နှစ်ရပ်လုံးက အတည်ပြုနိုင်ဖို့ကြိုးပမ်း‌နေကြတာပါ။ လွှတ်တော် ၂ရပ် အတည်ပြုပြီးလို့သမ္မတလက်မှတ်ထိုးပြီးရင်တော့ မြန်မာ့အ‌ရေး ပိုမိုအားကောင်းတဲ့ဖြေရှင်းမှုတွေနဲ့ အတူ စစ်ကောင်စီအပေါ်ပိုမိုပြင်းထန်တဲ့အ​ရေးယူ​ဆောင်ရွက်မှု​တွေ ရှိလာမယ် လို့အကဲခတ်တွေကသုံးသပ်နေကြတာလည်းရှိပါတယ်။

    ဒဲရစ်ချောလက် နဲ့ NUG ရဲ့ ကိုယ်စားလှယ်အဖွဲ့

    ဓာတ်ပုံ ရင်းမြစ်, U.S. Asia Pacific Media Hub

    ဓာတ်ပုံ ပုံစာ, ဒဲရစ်ချောလက် နဲ့ NUG ရဲ့ ကိုယ်စားလှယ်အဖွဲ့
  19. ဧပြီပထမအပတ်အတွင်း နေအိမ်အလုံး (၄၀)ကျော်ပျက်စီးလို့ KNDF ထုတ်ပြန်, လက်နက်ကြီးကျည်ရောက်တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိ

    စစ်ကောင်စီနဲ့ စစ်ရေးတင်းမာနေတဲ့ ကယား (ကရင်နီ)ဒေသမှာတော့ ဧပြီလပထမအပတ်အတွင်း ဒီး‌မော့ဆိုနဲ့ ဖရူဆိုကားလမ်းမတလျှောက် တိုက်ပွဲတွေ ဆက်တိုက်ရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကထုတ်ပြန်ပါတယ်။

    အဲ့ဒီဒီးမော့ဆို - ဖရူဆိုကားလမ်းမကြီးကို အသုံးပြုကာ စစ်ကောင်စီဘက်ကနေ ဖရူဆိုနဲ့ ဘောလခဲမြို့နယ်တွေဘက်ကို တပ်အင်အားနဲ့ရိက္ခာတွေပို့‌ဆောင်နေတာကြောင့် အဲ့ဒီလမ်းမကြီးဘေးကကျေးရွာတွေအနီး ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေဘက်ကို စစ်ကောင်စီကနေတာဝေးပစ်လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာကြောင့် ဒီဧပြီလပထမအပတ် အတွင်း အရပ်သားပြည်သူ (၇)ဦးထိခိုက်ဒဏ်ရာရပြီး (၂)ဦးသေဆုံးခဲ့တယ်လို့လည်းထုတ်ပြန်ချက်ကဖော်ပြပါတယ်။

    ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွင်း‌ ကျေးရွာတွေကနေအိမ် (၃၅)လုံး မီးရှို့ခံရသလို (၉)လုံးကလက်နက်ကြီးကျည်ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

    တပတ်တာကာလအတွင်း KNDF နဲ့ပူးပေါင်းတပ်ဖွဲ့တွေဘက်က ဧပြီ(၂)ရက်၊မနက်အစောပိုင်းမှာလွိုင်ကော်မြို့နယ်၊လောပိတရေအားလျှပ်စစ်စက်ရုံအမှတ် (၁)မှာရှိတဲ့ စစ်ကောင်စီကင်းစခန်းကိုတိုက်ခိုက်ခဲ့သလို အဲ့ဒီနေ့ညနေမှာပဲ ဒီးမော့ဆိုမြို့နယ်၊ကုန်းသာကျေးရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ တပ်ဖွဲ့တွေကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

    ဧပြီလပထမအပတ်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးထက်မနည်း သေဆုံးခဲ့ရသလို KNDF ဘက်ကလည်း တစ်ဦးထိခိုက်သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

    ဒီတိုက်ပွဲတွေနဲ့ တပ်ဖွဲ့ဝင်တွေသေဆုံးမှုနဲ့ပတ်သက်ပြီး ဒီကနေ့ ဧပြီ (၉)ရက်မနက်ပိုင်းအထိစစ်ကောင်စီဘက်ကတစုံတရာထုတ်ပြန်ကြေညာတာမရှိသေးသလို ဘီဘီစီအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်‌‌‌ တွေသေဆုံးမှုနဲ့ပတ်သက်လို့သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

    လက်ရှိကရင်နီဒေသမှာတော့ အရပ်သားပြည်သူသိန်းနဲ့ချီစစ်ဘေးရှောင်နေကြရပြီး ကားလမ်းမကြီးတွေသွားလာရခက်ခဲတာကြောင့် အစားအသောက်၊ ဆေးဝါးရရှိဖို့ ခက်ခဲနေသလို တချို့စစ်ရှောင်စခန်းတွေမှာ ရေရှားပါးတဲ့ပြဿနာကိုပါရင်ဆိုင်နေရပြီလို့ စစ်ရှောင်ကူညီသူတွေက ဘီဘီစီကိုပြောပါတယ်။

    KNDF

    ဓာတ်ပုံ ရင်းမြစ်, KNDF

    ဓာတ်ပုံ ပုံစာ, ဧပြီပထမတပတ်အတွင်း နေအိမ်အလုံး (၄၀)ကျော်ပျက်စီးလို့ KNDF ထုတ်ပြန်
  20. ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းအမှု အမိန့်ချမယ့်ရက် ရွှေ့ဆိုင်း

    ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ‌ဒေါက်တာခက်အောင်အပါအဝင် NLD အစိုးရလက်ထက်က ကချင်ပြည်နယ်ဝန်ကြီး‌ ဟောင်း ၇ဦး စွဲဆိုခံထားရတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ အမှုအတွက် အမိန့်ချမယ့်ရက် ကို ရွှေ့ဆိုင်းလိုက်တယ်လို့ တရားရုံးအသိုင်းအဝိုင်းကသိရပါတယ်။

    ဧပြီလ ၈ ရက် မှာ အမိန့်ချဖို့ ကနဦးက ပြောထားပေမဲ့ တရားသူကြီးကရက်ရွှေ့ဆိုင်းခဲ့တာလို့ဆိုပါတယ်။ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းနဲ့ ဝန်ကြီးဟောင်း ၇ ဦးဟာ ထောင်ထဲမှာနေပြီး အမှုရင်ဆိုင်နေရတာ ၁နှစ်ကျော်ရှိလာပြီဖြစ်ပြီး အနည်းဆုံး အမှု ၂မှုကနေ ၆ မှုအထိ တရားစွဲဆိုခံထားရတာပါ။

    တချို့အမှုတွေကတော့ အမိန့်ချပြီးသားဖြစ်ပေမဲ့ အဂတိလိုက်စားမှုပုဒ်မနဲ့ အမှုကတော့အားလုံးကိုအမိန့်မချသေးတာဖြစ်ပါတယ်။ အမိန့်ချမယ့်ရက်ရွှေ့ဆိုင်းတာနဲ့ပတ်သက်ပြီး သီးသန့်အကြောင်းပြချက်ပေးတာမရှိဘဲ လာမယ့် ဧပြီ ၂၂ရက်ကိုပြန်လည်ချိန်းဆိုထားတာပါ။

    စွပ်စွဲခံထားရတဲ့ အဂတိလိုက်စားမှု ကတော့ ဝန်ကြီးချုပ်ဟောင်းဟာ ရာထူးတာဝန်ထမ်းဆောင်စဉ်က မြစ်ကြီးနား - ဗန်းမော် လမ်း စီမံကိန်းမှာ နိုင်ငံတော်ရဲ့ငွေကြေးပစ္စည်းဆုံးရှုံးတာတွေရှိခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်၊ သိမ်းဆည်းရမိတဲ့ သလင်းကျောက်ကို ပေါက်ဈေးထက်လျှော့ချပြီး ရောင်းချမှု၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး နှစ်ထပ်ဆောင် ဧည့်ဂေဟာ ဆောက်လုပ်ချိန်မှာ စည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီဘဲ ငွေသုံးစွဲမှုနဲ့ မြစ်ကြီးနားမြို့ပေါ်လမ်းလုပ်ချိန်မှာ တင်ဒါခေါ်ယူတာမရှိဘဲ လမ်းဖောက်လုပ်တာ စတာတွေနဲ့စွပ်စွဲခံရတာဖြစ်ပါတယ်။

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ စွပ်စွဲတရားစွဲဆိုခံထားရတဲ့အထဲ ဒေါက်တာခက်အောင်အပြင် ကချင်ပြည်နယ်အစိုးရအဖွဲ့က လူမှုရေးဝန်ကြီး ဦးနေဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးဇော်ဝင်း၊ ဘဏ္ဍာအခွန် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်း၊ လျှပ်စစ်နဲ့စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့် ၊ သယံဇာတနဲ့သဘာဝ ပတ်ဝန်းကျင်ဝန်ကြီး ဦးဒါရှီလဆိုင်း ၊ ကချင်ပြည်နယ် စည်ပင်ဝန်ကြီး ဦးနော်လီ(ခ)ဇခေါင်ခမ်းရယ် တို့လည်း သီးခြားအမှုတွေနဲ့ပါဝင်တာပါ။

    ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ‌ဒေါက်တာခက်အောင်

    ဓာတ်ပုံ ရင်းမြစ်, BNI

    ဓာတ်ပုံ ပုံစာ, ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ‌ဒေါက်တာခက်အောင်