အာဏာသိမ်းပြီးနောက် အိုးအိမ်စွန့်ခွာပြေးရသူ ၉ သိန်းကျော်လာ
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အိုးအိမ်စွန့်ခွာပြေးရသူ ၉ သိန်းကျော်ရှိလာတယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောလာပါတယ်။
တိုက်ရိုက် ထုတ်လွှင့်ချက်
ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုနဲ့ ဒေါက်တာအောင်မိုးညို ထောင် ၁ နှစ်ချခံရ
မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညိုကို ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးမှုနဲ့ ဧပြီလ ၈ ရက်နေ့က အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ် ချမှတ်ခံခဲ့ရ ပါတယ်။
ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်၊ နှောင့်ယှက် ဟန့်တားတယ်လို့ စွပ်စွဲပြီးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်က ပုဒ်မ ၁၇၁-စ နဲ့ တရားစွဲထားတဲ့ အမှုကို ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့က နှစ်ဖက်ရှေ့နေတွေ အပြီးသတ် လျှောက်လဲခဲ့ကြပြီးနောက် မကွေးထောင်တွင်း အထူးတရားရုံးက အခုလို ပြစ်ဒဏ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ဒီပုဒ်မ အရ အပြစ်ရှိတယ် ဆိုရင် ငွေဒဏ်ဖြစ်စေ၊ အလုပ်နဲ့ ထောင်ဒဏ် ဖြစ်စေ ပြစ်ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။
ဒေါက်တာအောင်မိုးညိုကိုတော့ အမြင့်ဆုံးပြစ်ဒဏ် ချမှတ်လိုက်တာ ဖြစ်တယ်လို့ အမှုမှာ လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေကြီး ဦးမြင့်အောင်က ပြောပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တွေ အမည်စာရင်း ပေးဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မကွေးတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကို တောင်းရာမှာ ပေးလိုက်တဲ့ အမည်စာရင်းတွေနဲ့ ပတ်သက်လို့ မလျော်သြဇာသုံးတယ် ဆိုပြီး တိုင်းရွေးကောက်ပွဲ ကော်မရှင်က တရားစွဲတာဖြစ်ပါတယ်။
ဒေါက်တာ အောင်မိုးညိုကတော့ သူ့ကို စွပ်စွဲသလို ဘာတခုမှ သူကျူးလွန်တာ မရှိဘူး၊ အယူခံလည်း မတက်ဘူး၊ ဒဏ်ငွေပဲ ရိုက်ရင်တောင် ဒဏ်ငွေ မဆောင်ဘူးလို့ ပြောကြောင်း ရှေ့နေ ဦးမြင့်အောင်က ပြန်ပြောပါတယ်။
ဒေါက်တာ အောင်မိုးညို ပြစ်ဒဏ်ချခံရတာ အခု တတိယအကြိမ် ဖြစ်ပါတယ်။
ဒေါက်တာအောင်မိုးညိုဟာ ပုဒ်မ ၅၀၅ (ခ) နဲ့ စွဲဆိုခံရတဲ့ အမှုအတွက် ထောင်ဒဏ် ၂ နှစ် ပထမဆုံး ချမှတ်ခံခဲ့ရပြီး အဂတိ လိုက်စားမှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၅ အရ စွဲဆိုခံရတဲ့ အမှု ၆ မှု အတွက် တစ်မှုကို ၃ နှစ်စီ ဒီဇင်ဘာလ ၃၀ ရက်နေ့က ထောင်တွင်း အထူးတရားရုံက ထောင်ဒဏ် ၁၈ နှစ် ချမှတ်ခံထားရ ပါတယ်။
ဒါကြောင့် သူ့ကိုစွဲဆိုထားတဲ့ အမှုတွေထဲမှာ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၅ အရ စွဲဆိုခံထားရတဲ့ အမှု တစ်ခုကိုသာ ဆက်လက် ကြားနာ စစ်ဆေးနေတုန်းဖြစ်လို့ အမိန့်မချမှတ်ရသေးတာ တစ်မှုပဲ ကျန်တော့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOI
မူးယစ်ဆေး ပေါ်ပေါ်တင်တင် သုံးစွဲမှုတွေကြောင့် မူးယစ်ရှင်းလင်းရေး ဒေသခံတွေ ကိုယ်တိုင်လုပ်ရ
ဓါတ်ဆီလောင်းမီးရှို့ခံရပြီး သေဆုံးခဲ့တဲ့ မလွင်မာဦး အမှုက တရားခံကို ထောင် အနှစ် ၂၀ချ
ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ် ဇန်နဝါရီလက တောင်ဒဂုံမြို့နယ်မှာကွာရှင်းထားတဲ့ ခင်ပွန်းဟောင်းက မီးရှို့ခဲ့လို့ ခန္ဓာကိုယ်မီးလောင်ပြီးသေဆုံးခဲ့ရတဲ့ အသက် ၂၃ နှစ်အရွယ် မလွင်မာဦး အမှုနဲ့ပတ်သက်ပြီး ဒီကနေ့ ဧပြီ ၈ရက်မှာ ခင်ပွန်းဟောင်းဖြစ်သူတရားခံကို ထောင်ဒဏ် အနှစ် ၂၀ချမှတ်ခဲ့ပါတယ်။
အဲဒီကာလတုန်းက မလွင်မာဦးဟာခန္ဓာကိုယ်ရဲ့ ၇၀ရာခိုင်နှုန်းလောက် မီးလောင်ထားတဲ့ ဒဏ်ရာတွေနဲ့ ဆေးရုံပေါ်မှာ တလနီးပါးကြာတဲ့အထိခံစားခဲ့ရပြီးနောက်သေဆုံးခဲ့ရတယ်လို့မိသားစုဝင်တွေကပြောပါတယ်။
''သူတို့ကကွာရှင်းထားပြီးပေမယ့် အဲဒီနေ့ကညီမလေးကိုလာခေါ်တယ်။ ခေါ်သွားပြီးမှ နောက်တနေ့အစောကြီးမှာကတောက်ကဆဖြစ်တော့ ကျွန်တော်ညီမအိပ်နေတာကို နင့်ကို မီးပုံရှို့မယ်ပြောပြီး အပေါက်ဝရောက်တော့ကားထဲက ဓါတ်ဆီကိုထုတ်ပြီးလောင်းချပြီး မီးပစ်ချလိုက်တာ။ မီးလောင်ပြီးချက်ခြင်းမဆုံးသေးဘူး။ ပဲခူးဆေးရုံအရင်ရောက်ပြီးနောက်ထပ်ရန်ကုန်ဆေးရုံထပ်ရောက်တယ်။ အဲဒီနောက်ပိုင်းရက် ၂၀ ကျော်လောက်ကြာမှညီမလေးဆုံးသွားတာ''လို့ မလွင်မာဦးရဲ့အကိုဖြစ်သူက ဖြစ်ခဲ့တာတွေကိုပြန်ပြောပြပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့မလွင်မာဦးရဲ့ ဖခင်ဖြစ်သူကိုယ်တိုင်က တရားလိုပြုလုပ်ပြီး ကျူးလွန်ခဲ့သူဖြစ်တဲ့ ကိုစိုးသူရ ခေါ်ကိုစိုးကြီးကို တရားစွဲဆိုခဲ့တာပါ။ ၂ နှစ်ကြာအထိစစ်ဆေးခဲ့တဲ့ ဒီအမှုကိုတော့ ဒီကနေ့ဧပြီ ၈ ရက်နေ့မှာရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက အလုပ်ကြမ်းနဲ့ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်တယ်လို့မိသားစုဝင်တွေကပြောပါတယ်။
'' စပြီးတရားစွဲတုန်းကတော့ အပြင်းအထန်နာကျင်စေမှုနဲ့စွဲထားတာ။ ညီမလေး ဆုံးသွားတော့လူသတ်မှု ပုဒ်မ ၃၀၂ နဲ့ပြောင်းပြီးတရားစွဲတယ်။ အခု အနှစ် ၂၀ ကျတာတော့ ပြောရရင်မတန်ပါဘူး။ ကျွန်တော်ညီမလေးကဆေးရုံပေါ်မှာ ဝေဒနာကို အပြင်းအထန်ခံစားခဲ့ရတာ။ဘယ်လိုပြောပြရမှန်းတောင်မသိဘူး။ ကျောကုန်းမှာ မီးလောင်တဲ့အနာတွေကို ခြစ်ချပြီး ကုသတိုင်း သူနာကျင်ခံစားခဲ့ရတာ။ဒါပေမယ့် တရားသူကြီးတွေ သက်ဆိုင်ရာရှေ့နေတွေကအကောင်းဆုံးစစ်ဆေးပေးခဲ့ပါတယ်'' လို့ မလွင်မာဦးရဲ့ အကိုဖြစ်သူက ဘီဘီစီကိုပြောပါတယ်။
အမှုစစ်ဆေးချိန် ၂နှစ်အထိကြာခဲ့ရတာဟာလည်း ကိုဗစ်ရောဂါအခြေအနေတွေကြောင့်ဖြစ်တယ်လို့မိသားစုဝင်တွေကပြောပြပါတယ်။ဆုံးပါးသွားခဲ့တဲ့ မလွင်မာဦးမှာတော့ အသက် ၆ နှစ်အရွယ်သမီးငယ်တစ်ဦးကျန်ခဲ့ပြီး မလွင်မာဦးရဲ့အကိုဖြစ်သူကဆက်လက်စောင့်ရှောင့်ထားတယ်လို့ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, မလွင်မာဦး အမှုက တရားခံကို ထောင် အနှစ် ၂၀ချ 
ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, မလွင်မာဦး အမှုက တရားခံကို ထောင် အနှစ် ၂၀ချ အကြမ်းဖက်အဖွဲ့အစည်းတွေကို ထောက်ခံအားပေးတဲ့ အပြုအမူတွေလုပ်ရင် ဥပဒေအရငြိစွန်းတယ်လို့ ထိုင်းက မြန်မာသံရုံးထုတ်ပြန်, တော်လှန်ရေးဆက်လုပ်မယ်လို့ ထိုင်းရောက်တော်လှန်ရေးအင်အားစုတွေပြော
ထိုင်းရောက် မြန်မာတွေအနေနဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ အကျိုးစီးပွားကိုအနှောင့်အယှက်ပေးနေတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်တာဖြစ်စေ၊ အဲ့ဒီအဖွဲ့အစည်းတွေကို ထောက်ခံပံ့ပိုးဖို့ ရန်ပုံငွေပွဲတွေပြုလုပ်တာနဲ့ ငွေကြေးကောက်ခံတာတွေ မပြုလုပ်ဖို့ ဒီကနေ့ ဧပြီ (၈) ရက်နေ့ ရက်စွဲနဲ့ စစ်ကောင်စီလက်အောက်ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးကနေ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ပြည်ပရောက်မြန်မာပြည်သူတွေအနေနဲ့ အကြမ်းဖက်အဖွဲ့အစည်းကို ထောက်ခံအားပေးတဲ့အပြုအမူလုပ်ရပ်တွေကို ဆက်လုပ်သွားမယ်ဆိုရင် "အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ(၂၃/၂၀၁၄)၊ အခန်း (၁၂) ပါ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများအား တားဆီးနှိမ်နင်းခြင်းအရ" ဆိုတဲ့ ပြစ်မှုနဲ့ ငြိစွန်းမယ်လို့ထုတ်ပြန်လာတာပါ။
ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးရဲ့ အခုကြေညာချက်နဲ့ပတ်သက်လို့ ထိုင်းကတော်လှန်ရေးအင်အားစုတွေကတော့ ရှေ့ဆက်ပြီးတော်လှန်ရေးကိုအားစိုက်ဖို့ဖြစ်စေလို့ ဆက်လုပ်နေမယ်လို့တုံ့ပြန်ပါတယ်။
'' ဒီကြေညာချက်ကို ဒေါသထွက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာလုပ်သားတွေဆိုတာ သူ့တို့ဆန္ဒနဲ့ သူတို့လှူကြတာ။ ဘယ်သူ့မှ အတင်းအဓမ္မကောက်လို့မရသလို အကုန်လုံးက ထိုင်းမှာရှိတဲ့ အလုပ်သမား ၈၀ရာခိုင်နှုန်းက သူတို့ကိုတော်လှန်နေကြတာလေ။သူတို့ ကြေညာချက် အရ ထိုင်းရဲကတော့ဖမ်းလို့မရဘူး။ ဒါပေမဲ့ သူတို့ကတော့ သံရုံးနဲ့လုပ်ရမယ့် အလုပ်တွေကျရင် ပတ်စ်ပို့ပယ်ဖျက်တာတို့ဘာတို့လုပ်မှာလေ။ ဒါပေမဲ့ ကျွန်မတို့မကြောက်ဘူး ။အကြမ်းဖက်တာ သူတို့လေ။အလုပ်သမားတွေမဟုတ်ဘူး'' လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်သူတစ်ဦးကပြောပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၄သန်းကျော်ရှိတယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေရဲ့ စာရင်းအရသိရပြီး အများစုက စစ်အာဏာသိမ်းတာကိုဆန့်ကျင်ပြီး ပြည်ပကနေထောက်ပံ့ကူညီတာတွေလုပ်ဆောင်နေကြတယ်လို့ဆိုပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် စစ်ကောင်စီက ကြေညာထားတာဖြစ်ပြီး NUG ထောက်ခံသူတွေကို တင်းတင်းကြပ်ကြပ်စစ်ဆေးဖမ်းဆီးတာတွေ ပြည်တွင်းမှာ ခပ်စိတ်စိတ်လုပ်ဆောင်နေပါတယ်။ တဖက် NUG ကလည်း စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာထားသလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း တရား၀င်ဖျက်သိမ်းထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး ပေါက်မြို့နယ် ၊ ကျောင်းကုန်းရွာအနီး ဒီကနေ့လေယာဉ်နဲ့ ပစ်ခတ်မှုတွေရှိတယ်လို့ ဒေသခံတွေပြော
မကွေးတိုင်း၊ ပေါက်မြို့နယ် အရှေ့တောင်ပိုင်း၊ ကျောင်းကုန်းရွာမှာ ဒီကနေ့ ဧပြီလ၈ရက် နေ့လယ်ပိုင်းမှာ စစ်ရဟတ်ယာဥ် ၁ စီး ပျံဝဲပြီး အနီးနားကရွာတွေကိုပစ်ခတ်မှုတွေရှိတယ်လို့ဒေသခံတွေကပြောပါတယ်။ မနေ့ ဧပြီ၇ရက် ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီလက်အောက်လက်နက်ကိုင်အဖွဲ့တွေက လက်နက်တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး နေအိမ်တွေလည်း မီးလောင်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။
'' မီးရှို့တာပေါ့။ရွာမြောက်ပိုင်းကြက်ခြံကစပြီး ရှို့တာရွာထဲအိမ်တွေလည်း အိမ် ၈၀လောက်လောင်သွားတယ်။ နွားနဲ့အိမ်မွေးတိရိစ္ဆာန်တွေလည်းမီးရှို့ခံရတဲ့အထဲပါတယ်။ကျောင်းကုန်းကျေးရွာအနီး ရေနီကျေးရွာကိုလည်း မနေ့က ညနေ ပိုင်းမှာ စစ်ကောင်စီတပ်တွေဝင်ရောက်တာရှိပြီး နေအိမ်တွေက စားသောက်ကုန်တွေနဲ့ပစ္စည်းတချို့ကိုသယ်ယူသွားတယ်'' လို့ ဒေသခံတစ်ဦးကပြောပါတယ်။
မနေ့ကလည်း မကွေးတိုင်းက ပခုက္ကူ၊ ဆိပ်ဖြူနဲ့ ပေါက်မြို့နယ်ဆုံတဲ့ နေရာမှာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ ပစ်ခတ်တာတွေကြောင့် ကျွန်းရင်းရွာက ဒေသခံ ၅ ယောက် ဒဏ်ရာရပြီး အဲ့ထဲက အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ယောက် သေဆုံးသွားလို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ကျောင်းကုန်းရွာမှာလေယာဉ်နဲ့ပစ်ခတ်မှုနဲ့ ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုချက်ရဖို့မေးမြန်းနေဆဲဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကတော့မကွေးတိုင်းပေါက်မြို့နယ်ထဲက အခြေအနေတွေနဲ့ပတ်သက်လို့သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ကျောင်းကုန်းရွာ မီးရှို့ခံရမှု မကွေးတိုင်း၊ ငဖဲမြို့အနောက်ဘက်မှာ နှစ်ဖက်တိုက်ပွဲဆက်ဖြစ်နေ, ကျေးရွာတချို့လည်း မီးရှို့ခံရတာရှိပြီး ဘေးလွတ်ရာပြေးနေရတယ်လို့ဆို
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် အနောက်ဘက် ၁၆ မိုင်လောက်မှာ ရှိတဲ့ သက္ကယ်ကျင်း၊ သက္ကယ်တောင်ရွာတွေဘက်မှာ ပြီးခဲ့တဲ့ ဧပြီ ၆ ရက်ကစလို့ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တစ်ခုဖြစ်တဲ့PRA Magway ကထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၅ ရက်နေ့ကစပြီး စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာတာဖြစ်ပြီး ဧပြီ ၆ ရက်နဲ့ ၇ ရက်တွေမှာတိုက်ပွဲတွေဆက်ဖြစ်ခဲ့တာဖြစ်တယ်လို့ PRA Magway ကပြောပါတယ်။
'' စစ်ကောင်စီက ဧပြီ ၅ရက်နေ့ကတည်းက ထိုးစစ်ဆင်နေတာပါ။ ၆ ရက်နေ့ညမှာ လက်နက်ကြီးနဲ့ထုတယ်။ ၇ ရက်နေ့မှာလည်းတိုက်ပွဲဆက်ဖြစ်တယ်။ သူတို့ကဆုတ်ပစ်ပစ်ပြီးသူတို့တပ်ဆုတ်တဲ့လမ်းကြောင်းမှာရှိတဲ့ ခါကျင်ရွာနဲ့ရှစ်ခုရွာတွေဘက်ကို ညနေပိုင်းမှာမီးရှို့ခဲ့တယ်။အခု ရွာ ၂ ရွာက ဒေသခံတွေနဲ့ သက္ကယ်ကျင်းရွာက ဒေသခံတချို့ကိုဘေးလွတ်ရာကို ကျွန်တော်တို့အဖွဲ့တွေက ရွှေ့ပြောင်းကယ်ဆယ်ထုတ်နေပါတယ် “ လို့ PRA Magwayကတာဝန်ရှိသူက ဘီဘီစီကိုပြောပါတယ်။
လက်ရှိတိုက်ပွဲတွေကြောင့် ဘေးလွတ်ရာပြေးနေရတဲ့ ကျေးရွာတွေဖြစ်တဲ့ ခါကျင်ရွာနဲ့ရှစ်ခုရွာမှာတော့ နှစ်ရွာပေါင်း အိမ်ထောင်စု ၅၀ ရှိပြီး အစိုးရမြေဂရန်မပေါက်သေးတဲ့ ရွာလေးတွေဖြစ်တယ်လို့ဆိုပါတယ်။
ဒါ့အအပြင် သက်ကယ်သောင်နဲ့သက်ကယ်ကျင်းရွာတွေက အိမ်ထောင်စု ၁၀၀ လောက်ဟာ လည်း ဘေးလွတ်ရာ ပြေးနေရတယ်လို့ သိရပါတယ်။အခု ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာ ဒေသခံတွေဆီ ဘီဘီစီကဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပေမယ့် ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ခံထားရတာကြောင့်ဆက်သွယ်လို့မရသေးပါဘူး။
မနေ့ဧပြီ ၇ ရက်နေ့မှာလည်း မကွေးတိုင်းထဲက ပေါက်နဲ့ဆိပ်ဖြူ ၃ မြို့နယ်ဆုံတဲ့ ကျေးရွာတွေဘက်ကို စစ်ကောင်စီဘက်က စစ်သုံး ရဟတ်ယာဉ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့ဒေသခံတချို့ဒဏ်ရာရခဲ့တဲ့အကြောင်းကိုလည်း ဒေသခံတွေက ဘီဘီစီကိုဆက်သွယ်ပြောပြလာပါတယ်။
စစ်ကောင်စီဘက်ကလည်း မကွေးတိုင်းထဲက နှစ်ဖက်တိုက်ပွဲတွေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, PRA Magway
ထားဝယ်မှာ စစ်ကောင်စီရဲ့သင်္ကြန်ကို အသံတိတ်သပိတ်နဲ့ ဆန့်ကျင်ဖို့နှိုးဆော်နေ, စစ်ကောင်စီဘက်ကလည်း မဏ္ဍပ်တွေဆောက်ပြီး ပြင်ဆင်နေ
ထားဝယ်ခရိုင်အတွင်း လာမယ့်သင်္ကြန်ကာလမှာ စစ်ကောင်စီက ပြုလုပ်တဲ့ သင်္ကြန်ပွဲတော်ကို ပြည်သူတွေအနေနဲ့ဆန့်ကျင်သပိတ် မှောက်ကြဖို့ သပိတ်ကော်မတီတွေက ဒီကနေ့ဧပြီ ၈ ရက်နေ့ မှာထုတ်ပြန်တောင်းဆိုလာပါတယ်။
စစ်ကောင်စီက သင်္ကြန်ပွဲတော်ကျင်းပပြီး ပြည်သူတွေငြိမ်ဝပ်နေကြောင်းပြသဖို့နဲ့အတုအယောင်ပျော်ရွှင်မှုတွေနဲ့လုပ်ဆောင်နေတာကိုဆန့်ကျင်ဖို့ရည်ရွယ်တယ်လို့လည်း ထားဝယ်ခရိုင်သပိတ်ကော်မတီရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါကြောင့် သင်္ကြန်အကျနေ့မှာ မနက် ၉နာရီကနေ နေ့လယ် ၂ နာရီအတွင်းနေအိမ်ပြင်ပကိုမထွက်ဘဲ အသံတိတ်ဆန့်ကျင်ဖို့တောင်းဆိုတာဖြစ်တယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ်။
တဖက်မှာလည်း စစ်ကောင်စီက ထားဝယ်မြို့ပေါ်နဲ့လောင်းလုံမြို့တွေမှာ မဏ္ဍပ်တွေဆောက်ပြီး လာမယ့် သင်္ကြန်အတွက် ပြင်ဆင်မှုတွေလုပ်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ထားဝယ်မြို့ကအသံတိတ်သပိတ်မြင်ကွင်းတစ်ခု (ပုံဟောင်း) PDF ထောက်ပို့ ကိုစိုးဝင်းနိုင်အပါအဝင် ၉ ဦး ဖမ်းဆီးစစ်ကြောခံနေရ
ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့ပို့ဆောင်ပေးနေတဲ့ PDF တပ်ဖွဲ့ကတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုစိုးဝင်းနိုင်(ခ) ခေါခေါ နဲ့မနော်ဖူးအပါအဝင် ၉ ဦးဟာ ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့ညနေပိုင်းက ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်မှာ စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံလိုက်တယ်လို့တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
လက်ရှိမှာတော့ သူတို့အားလုံးကို မြဝတီမြို့ပေါ်မှာပဲ ဖမ်းဆီးစစ်ကြော နေတယ်လို့အဖွဲ့ဝင်တွေကဆိုပါတယ်။
'' ခေါခေါကတော့ ထောက်ပို့တာဝန်ယူထားသူပါ။ အဖမ်းခံရတာက မြဝတီမြို့ပေါ်မှာပဲ အရပ်ဝတ်နဲ့ဆလွန်းကား ၆ စီးနဲ့ဖမ်းတာ။ ကားထွက်တဲ့အချိန် အနောက်ကနေ ကားကိုပစ်တယ်။ အဖွဲ့ထဲက တစ်ဦးကတော့ ကျည်ထိသွားပေမယ့် လွတ်လာတယ်။ ကျန်တဲ့လူတွေက အဖမ်းခံလိုက်ရတယ်။ အခုအဖမ်းခံရတဲ့သူတွေမှာ ဆိုင်ကယ် ကယ်ရီသမားတွေနဲ့ မဆိုင်တဲ့သူတွေလည်းပါပါတယ်။ခေါခေါကထောက်ပို့မှာ နာမည်ကြီးသူဆိုတော့ သူ့အတွက် အသက်အန္တရာယ်စိတ်ပူတယ် “ လို့ PDF အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
ဒ့ါအပြင် လာရောက်ဖမ်းဆီးသွားချိန်မှာ နေအိမ်ထဲမှာရှိတဲ့ ခွဲစိပ်ခန်းသုံးပစ္စည်းတွေနဲ့ဆေးဝါးပစ္စည်းတွေကိုလည်း သိမ်းယူသွားတယ်လို့ဆိုပါတယ်။အခုလို PDF ထောက်ပို့ ကိုစိုးဝင်နိုင်အပါအဝင် ဖမ်းဆီးခံရသူတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက တရားဝင်သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, social media
ဖောင်းဆိုင်ဒေသမှာ တပ်သားသစ် စုဆောင်းနေလို့ ရွာလုံးကျွတ်တိမ်းရှောင်နေကြရတယ်လို့ဆို
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင် မုံကိုး ၊ ဖောင်းဆိုင်ဒေသထဲက ကျေးရွာတွေ မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေက တပ်သားသစ် စုဆောင်းတာတွေရှိနေလို့ ရွာခံတွေဟာ မြို့ပေါ်ကို ရွာလုံးကျွတ် တိမ်းရှောင်နေရတယ်လို့ စစ်ရှောင်ကူညီသူတွေကပြောပါတယ်။
လက်ရှိမှာ တပ်သားစုဆောင်းနေလို့ထွက်ပြေးလာသူတွေဟာ မုံကိုးမြို့ပေါ်က စစ်ရှောင်စခန်းထဲ ခိုလှုံခွင့် တောင်းခဲ့ပေမဲ့ စခန်းတွေက စားနပ်ရိက္ခာ အခက်အခဲကြောင့် လက်မခံကြဘူးလို့ဆိုပါတယ်။
“ဒေသခံတွေပြောတာတော့ ကိုးကန့် လက်နက်ကိုင်အဖွဲ့ (MNDAA)နဲ့ တအာင်း TNLA လို့ပြောတယ်။တစ်အိမ်တစ်ယောက် မဖြစ်မနေစစ်သားလုပ်ရမယ်ပြောလို့ သူတို့ထွက်ပြေးလာတာလို့ပြောတယ်။ အခုက တော့ ထွက်ပြေးလာတဲ့မိသားစုတွေကများတယ်။ ကျနော်တို့စခန်းထဲနေဖို့ လာပြောတာရှိပေမဲ့ လက်ရှိ ဒီမှာရှိတဲ့ လူဦးရေ ၇၀၀ကျော်အတွက်တောင် ခဏခဏ ဆန်ပြတ်လပ်တာ ဖြစ်နေတော့ သူတို့ကို လက်ခံထားဖို့ အဆင်မပြေဘူးလို့ ပြောလိုက်တယ်။ သူတို့ရွာတွေမှာ တိုက်ပွဲဖြစ်နေလို့ တိမ်းရှောင်လာတာရှိရင် ကျနော်တို့ ခိုလှုံဖို့ လက်ခံပေးပါတယ်။ အခုက အဲဒီလိုမဟုတ်တော့ ကျွန်တော်တို့လည်း စခန်းထဲမှာ စားဝတ်နေရေးအဆင်ပြေဖို့ ရေရှည်တောင့်ခံထားနိုင်ဖို့ကို ကြိုးစားနေရတော့လက်ခံဖို့ခက်နေတယ်”လို့ မုံကိုးမြို့ပေါ်က စစ်ရှောင်စခန်းတစ်ခု တာဝန်ခံတစ်ဦးကပြောပါတယ်။
တပ်သားသစ် စုဆောင်းလို့ ရွာလုံးကျွတ် တိမ်းရှောင်လာတဲ့ ဖောင်းဆိုင်ဒေသထဲက ဒေသခံတွေဟာမုံကိုးမြို့ပေါ်က စခန်းတွေလက်မခံလို့ ဆွေမျိုးမိတ်ဆွေတွေအိမ်မှာ ယာယီနေထိုင်နေကြရသလို မြို့ပေါ်က လမ်းဘေးမှာ တဲထိုးနေကြရတယ်လို့ ကိုယ်တိုင်တိမ်းရှောင်နေရသူတစ်ဦးက ပြောပါတယ်။
မုံးကိုးမြို့ပေါ်ရှိ ရှိနှင့်ပြီးသား စစ်ရှောင်တွေကလည်း စစ်ကောင်စီနဲ့ MNDAA တပ်ဖွဲ့တို့ တိုက်ပွဲကြောင့် ၂၀၂၁ ခုနှစ် ဩဂုတ်လ နောက်ဆုံးအပတ်က စစ်ရှောင်ခဲ့ရသူတွေပါ။ ရွာခံတွေ စစ်ရှောင်အဖြစ် နေထိုင်ကြရတာ ၇ လကျော်ကြာ ရှိနေပြီး စစ်ရှောင် ရာချီအတွက် အကူအညီပေးရေးအဖွဲ့တွေ အရောက်နည်းနေတာကြောင့် ဆန် ပြတ်လတ်မှုနဲ့ပါ ကြုံနေရကြရတာဖြစ်ပါတယ်။
ဖောင်းဆိုင်ဒေသမှာ တိုက်ပွဲနဲ့ တပ်သားသစ်စုဆောင်းမှုကြောင့် တိမ်းရှောင်နေကြရတဲ့ ကျေးရွာပေါင်း ဆယ်ချီအထိ ရှိနေပြီး လက်ရှိလည်း စစ်ကောင်စီနဲ့ MNDAA တို့ စစ်ရေးတင်းမာနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ကိုးကန့် (MNDAA)နဲ့ တအာင်း (TNLA)တပ်တွေက တပ်သားသစ်စုဆောင်းတယ်လို့ဒေသခံတွေရဲ့ပြောကြားချက်နဲ့ပတ်သက်လို့ သက်ဆိုင်ရာတပ်ဖွဲ့တွေကို ဘီဘီစီအနေနဲ့ ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေသလို ဒေသတွင်းသတင်းတွေရဲ့ဖော်ပြချက်နဲ့ပတ်သက်လို့လည်း အဲဒီအဖွဲ့တွေက တုံ့ပြန်တာမတွေ့ရသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, SHWE PHEE MYAY NEWS
ဓာတ်ပုံ ပုံစာ, ဖောင်းဆိုင်ဒေသက ထွက်ပြေးလာကြတဲ့ ဒေသခံများ သတင်းဌာန ၁၁ ခုကိုပိတ်သိမ်းခဲ့ ၊ လူမူကွန်ရက်စာမျက်နှာပေါ်က ရေးသားချက်တွေကိုလည်း အရေးယူခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာနထုတ်ပြန်
အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာရှိတဲ့ သတင်းအေဂျင်စီ ၁၁ ခုနဲ့ မဂ္ဂဇင်းတစ်အုပ်ကို လုပ်ငန်းပိတ်သိမ်းတာတွေနဲ့လုပ်ငန်းအသိအမှတ်ပြု လက်မှတ်ရုတ်သိမ်းတာတွေလုပ်ခဲ့တယ်လို့စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
လက်ရှိမှာလည်း ညစ်ညမ်းစာတချို့ထုတ်ဝေခဲ့တဲ့ ထုတ်ဝေသူတစ်ဦးနဲ့ဘာသာရေးအရထိခိုက်စေတဲ့အကြောင်းအရာ တချို့ကိုထုတ်ဝေသူတွေကို လုပ်ငန်းပိတ်သိမ်းခဲ့တယ်လို့ ဧပြီ ၇ ရက်နေ့က ထုတ်ပြန်ကြေညာလာတာပါ။
ဒါ့အပြင် နိုင်ငံတော်လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးကိုထိခိုက်စေတဲ့ဖေ့ဘွတ်ခ်လူမူကွန်ရက်စာမျက်နှာပေါ်ကရေးသားချက်တွေကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ပူးပေါင်းပြီး အရေးယူခဲ့တယ်လို့ ထုတ်ပြန်ပြောဆိုလာပါတယ်။
အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ သတင်းဌာနတွေကို ပိတ်သိမ်းခဲ့သလို သတင်းသမားတွေကို ဆက်တိုက်ဖမ်းဆီး လက်ရှိအချိန်ထိလည်း သတင်းသမား ၅၀ ဝန်းကျင်ဟာ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရပါတယ်။
အခုလို သတင်းဌာနတွေကိုပိတ်သိမ်းတာ၊ သတင်းသမားတွေကိုဖမ်းဆီးထောင်ချတာတွေအပြင် ဖေ့ဘွတ်ခ်လူမူကွန်ရက်စာမျက်နှာပေါ်ကရေးသားချက်တွေကိုပါ စစ်ကောင်စီသတင်းတွေကိုထုတ်ပြန်ပေးနေတဲ့ တယ်လီဂရမ်ချယ်နယ်တွေမှာ ဖော်ပြပြီးနောက်ပိုင်း ရေးသားသူတွေကို ဖမ်းဆီးတာတွေလည်း ဆက်ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
မကွေးတိုင်းကရွာတွေကို စစ်ရဟတ်ယာဉ်ပေါ်ကပစ်
ပြည်တွင်းခရီးသွားလာမှု မှတ်ပုံတင်နဲ့ ကုန်စစ်ဆေးမှုတွေကြောင့် ကြန့်ကြာမှုတွေရှိလာ
ဧပြီလ စကတည်းက ပြည်တွင်း ခရီးသွားလာရင် ထောက်ခံစာရွက် မဟုတ်ဘဲ မှတ်ပုံတင်မူရင်းပြ သွားလာရမယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။
အခုအခါ သင်္ကြန်ကာလနီးလို့ ခရီးသွားလာသူတွေ များလာသလို ကုန်ပို့ဆောင်ရာမှာလည်း စစ်ဆေးမှုကြာချိန်တွေ ရှိလာတယ်လို့ ဆိုကြပါတယ်။
သင်္ကြန်ကာလရောက်ဖို့ ရက်ပိုင်းအလိုမှာ နေရပ်ပြန်တာ၊ ခရီးသွားလာတာတွေ ဧပြီလ ပထမအပတ်အတွင်း ခပ်စိပ်စိပ် ဖြစ်ပေါ်နေပါတယ်။ ခရီးသွားလာသူ အားလုံးနီးပါးဟာ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးကြောင်း ထောက်ခံစာနဲ့ မှတ်ပုံတင်မူရင်းကို စစ်ဆေးရေးဂိတ်တွေမှာ ပြသရတာဖြစ်ပါတယ်။
တချို့နေရာတွေမှာ ကားမောင်းသမားကို အဓိကထားစစ်ဆေးတယ်လို့ မန္တလေး-မိုးကုတ်ကို မနေ့က ခရီးသွားခဲ့သူ တစ်ဦး ပြောပါတယ်။
လမ်းပိုင်း သွားလာရေးစစ်ဆေးရာမှာ ကုန်စည်ပို့ဆောင်သူတွေ ကုန်ပစ္စည်းတွေကို ပုံမှန်စစ်ဆေးတာထက် အချိန်ယူစစ်ဆေးတာတွေလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် ကုန်စည်နဲ့ လူတင်ဆောင်လာတဲ့ ယာဉ်တွေကိုလည်း လူတစ်ဦးချင်းစီ စစ်ဆေးတာတွေပါ ပြုလုပ်တယ်လို့ မန္တလေး-စစ်တွေ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင် တစ်ဦးက လမ်းခရီးတလျှောက် တွေ့ကြုံမြင်ခဲ့ရတာတွေကို ပြောပါတယ်။
ကန့်သတ်ချက်တွေရှိနေပေမဲ့ ဒေသတချို့ရဲ့ စစ်ဆေးရေး ဂိတ်တွေမှာလည်း မှတ်ပုံတင်မပါဘဲ ဖြတ်သန်းသွားလာခွင့်ပြုတဲ့ ဖြစ်စဉ်တွေလည်း ရှိတယ်လို့ ခရီးသွားတွေထံကနေ သိရပါတယ်။

ဓာတ်ပုံ ပုံစာ, ပုံဟောင်း မကွေးဝန်ကြီးချုပ်ဟောင်းရဲ့ ကိုယ်ရေးအရာရှိကို သဘာဝဘေးအမှုနဲ့ ထောင် ၃ နှစ်ချ
မကွေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ အောင်မိုးညိုရဲ့ ကိုယ်ရေး အရာရှိ ဦးအောင်ဝင်းကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ အရ ဧပြီလ ၆ ရက်နေ့က ပွင့်ဖြူမြို့နယ် ထောင်တွင်းအထူး တရားရုံးက ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။
ဒေါက်တာ အောင်မိုးညိုကို စွဲဆိုထားတဲ့ သဘာဝဘေး အန္တရာယ်ဆိုင်ရာအမှု အတွက်ကတော့ ဆက်လက်စစ်ဆေးနေတုန်း ဖြစ်ပါတယ်။
ဒါ့အပြင် ဧပြီလ ၆ ရက်နေ့မှာပဲ မကွေးတိုင်းပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးထွန်းထွန်းရဲ့ ဇနီး ဒေါ်ကေသီမိုးကို မမှန်သတင်းဖြန့်မှု၊ လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ - က အရ ပွင့်ဖြူမြို့နယ် တရားသူကြီးရုံးကပဲ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ပါတယ်။
၂၀၂၁ ခုနှစ် ဧပြီလ ၂၇ ရက်နေ့က ဦးထွန်းထွန်းကို ဖမ်းဆီးဖို့ စစ်ကောင်စီ တပ်တွေက နေအိမ်မှာ လာရောက်ရှာဖွေရာမှာ မတွေ့တဲ့ အတွက် ဇနီးဖြစ်သူ ဒေါ်ကေသီမိုးကို ဖမ်းဆီးသွားပြီး ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ အာဏာသိမ်းမှု ဖြစ်ခဲ့ပြီးနောက် ဦးထွန်းထွန်းက တိမ်းရှောင်နေတာဖြစ်ပြီး ပွင့်ဖြူမြို့နယ်က သူ့နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ် သိမ်းယူခဲ့ပါတယ်။
ကလေးမြို့တွင်းတိုက်ပွဲမှာ ဆိုင်ကယ်ဘေးတွဲယာဥ်မောင်းတစ်ဦး သေဆုံး

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင်းမှာ ဒီနေ့ ဧပြီလ ၇ ရက် မနက်ပိုင်းမှာဖြစ်တဲ့ ပစ်ခတ်မှုတွေ အတွင်းမှာ ကြံ့သုံးပင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းဘေးမှာ ဆိုင်ကယ်ဘေးတွဲယာဥ်မောင်းအမျိုးသားတစ်ဦး သေနတ်ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့မနက်အစောပိုင်းမှာ ကလေးတက္ကသိုလ်နဲ့ စက်မှုဇုန်ဘက်မှာ ပစ်ခတ်မှုတွေခဲ့ပြီးတဲ့နောက် မြို့ထဲဆင်းလာတဲ့ စစ်ကောင်စီကားကို ဒေသကာကွယ်ရေးတပ်တွေက တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
‘‘ဒီနေ့မနက် ၇ နာရီ ကျော်ကျော်ပေါ့။ ကျွန်တော်တို့က ဘာသံလဲဆိုတာ မခွဲခြားတတ်တော့ ဗုံးလိုလို အမြောက်သံလိုလို အသံအကျယ်ကြီး ၂ ချက် ကြားလိုက်ရတယ်။ နောက် စစ်သေနတ်လိုအတွဲလိုက်ပစ်ခတ်သံတွေကြားရတယ်။ နောက်ပြီး တိုက်အိမ်တစ်လုံးရဲ့ခေါင်မိုးပေါက်သွားတယ်။ အနီးနား ဘုရားကျောင်းက မှန်တစ်ချပ်ကွဲတယ်။ အဲဒီနားကို ကျည်ဆန် ၃ ချက်၀င်လာတယ်လို့ အနီးနားလူတွေက ပြောတယ်။ အဲဒီပစ်ခတ်မှုတွေအပြီးမှာ ယာဥ် မောင်းကို သေနတ်ဒဏ်ရာနဲ့ သေဆုံးလျက်တွေ့ခဲ့ရတာ’’ တိုက်ပွဲဖြစ်ပွားတဲ့အနီးနား၀န်းကျင်က မြို့ခံတစ်ဦးက ပြောပါတယ်။
သေဆုံးသူဟာ ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်က ဦးဉာဏ်ထွန်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကန့ဟာ ကလေးမြို့က တာဟန်းသပိတ်ခံတပ်ကို စစ်တပ်ဘက်က အင်အားသုံးပစ်ခတ်ဖြိုခွင်းတာကြောင့် ဆန္ဒပြသူ ၁၂ ဦးသေဆုံးမှု တနှစ်ပြည့်လည်း ဖြစ်ပါတယ်။
မူကြိုကျောင်းထဲဝင်အဖမ်းခံရတဲ့ ၄ နှစ်အရွယ်ကလေးငယ်၂ရက်ကြာတဲ့အထိ ဘယ်မှာထားတယ်ဆိုတာမသိရသေး, PDF ကိုထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့မိခင်ဖြစ်သူကိုလည်းစစ်ကောင်စီတပ်ဖွဲ့တွေဖမ်းဆီးသွား
ပြီးခဲ့တဲ့ ဧပြီ ၅ ရက်နေ့ကအလုံမြို့နယ်အတွင်းမှာ မူကြိုကျောင်းတစ်ခုကို စစ်ကောင်စီတပ်တွေအရပ်ဝတ်နဲ့ဝင်ရောက်ပြီး အသက် ၄ နှစ်အရွယ် မောင်သန့်ဘုန်းဝေယံကိုဖမ်းဆီးခေါ်သွားတယ်လို့ကလေးငယ်ရဲ့မိသားစုဝင်တွေနဲ့နီးစပ်သူတွေကပြောပါတယ်။
PDF ကိုထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ကလေးငယ်ရဲ့မိခင်ဖြစ်သူကို စစ်ကောင်စီတပ်တွေကရှာဖွေနေတာဖြစ်ပြီး အဲဒီနေ့မှာပဲအလုံမြို့နယ်က နေအိမ်မှာ မိခင်ကိုဖမ်းဆီးလိုက်သလို ကလေးငယ်ကိုလည်း မူကြိုကျောင်းမှာသွားဖမ်းတာဖြစ်တယ်လို့ဆိုပါတယ်။
“မဝေက အဲမတိုင်ခင်ကတည်းက နေအိမ်ကရှောင်နေတာ။အဲဒီနေ့ကမှ သူ့သားလေးမွေးနေ့ကျောင်းမှာ ကြက်ဆီထမင်းကျွေးမယ်ဆိုပြီး ပြန်သွားတာ။ မနက်ပိုင်းမှာ မဝေကို အင်းစိန်မြို့နယ်မှာပစ်ခတ်ဖမ်းဆီးတယ်။ သူသေနတ်လည်းထိသွားတယ်။နေ့လယ်မှာတော့ အလုံကသူ့အိမ်ကိုဝင်စီးတယ်။ညနေ ၃နာရီလောက်မှာ ကလေးကိုမူကြိုမှာသွားဖမ်းတယ်”လို့မိသားစုနဲ့နီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ကလေးငယ်ကိုဖမ်းဆီးခေါ်ဆောင်သွားတဲ့သက်ဆိုင်ရာမူကြိုကျောင်းကို ဘီဘီစီကဆက်သွယ် မေးမြန်းကြည့်ရာမှာလည်း ကလေးငယ်ကိုဖမ်းဆီးခေါ်ဆောင်သွားတာမှန်ကန်ကြောင်း အတည်ပြုပြောပါတယ်။
“ ကလေးမိဘတွေက PDF ကိုထောက်ပံ့တယ်ဆိုပြီးလာဖမ်းတာ။လာခေါ်တဲ့အချိန်မှာလည်းအုပ်ချုပ်ရေးမှူးတွေ၊ နယ်ထိန်းတွေမပါဘူး။ အရပ်ဝတ်တွေနဲ့ပဲလာခေါ်သွားတယ်။ ကလေးတွေကိုဒူးထောက်ခိုင်းတယ်ဆိုတာတော့မဟုတ်ပါဘူး။ ကလေးကိုထုတ်ပေးဖို့အတင်းအကြပ်ပြောတယ်။ ဆရာမတွေကလည်း မပေးနိုင်ဘူးဆိုပြီးကာကွယ်တယ်။ နောက်ဆုံးမထုတ်ပေးလည်းအတင်းအကြပ်ရှာမှာပဲလေ။ကလေးမိဘတွေကိုဖမ်းပြီး ကလေးကိုလာခေါ်တာဆိုပြီး ခေါ်သွားတာ “ လို့မူကြိုကျောင်းနဲ့နီးစပ်သူက ဘီဘီစီကိုပြောပါတယ်။
လက်ရှိမှာတော့ ကလေးမိခင်ဖြစ်သူ မဝေကို စစ်ကောင်စီတပ်တွေကဖမ်းဆီးသွားပြီ ဖြစ်သလိုကျောင်းမှာ ဖမ်းဆီးခံလိုက်ရတဲ့ ကလေးငယ်နဲ့ပတ်သက်လို့လည်း ဘယ်မှာထားတယ်ဆိုတာမသိရသေးလို နေအိမ်ကိုပြန်ပို့တာလည်းမရှိသေးဘူးလို့ မိသားစုနဲ့နီးစပ်သူတွေကပြောပါတယ်။
စစ်ကောင်စီကတော့ မိခင်ဖြစ်သူ မဝေကိုဖမ်းဆီးတာနဲ့အသက် ၄နှစ်အရွယ်ကလေးငယ်ကိုဖမ်းဆီးသွားတာတွေနဲ့ပတ်သက်ပြီးသတင်းထုတ်ပြန်လာတာမရှိပါဘူး။

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
ပခုက္ကူ၊ ပေါက်နဲ့ ဆိပ်ဖြူ ၃ မြို့နယ်ဆုံတဲ့ကျေးရွာတွေထဲကို စစ်တပ်က ရဟတ်ယာဥ်နဲ့ ပစ်ခတ်နေ

ဓာတ်ပုံ ရင်းမြစ်, ပေါက်မဟာမိတ်ဖွဲ့
မကွေးတိုင်းထဲက ပခုက္ကူ၊ ပေါက်နဲ့ ဆိပ်ဖြူ ၃ မြို့နယ်ဆုံတဲ့ ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က ဒီနေ့ ဧပြီလ ၇ ရက်နေ့လည်ပိုင်းကစပြီး စစ်သုံးရဟတ်ယာဥ်နဲ့ လာရောက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
''မနက်အစောပိုင်းမှာ ပေါက်မြို့နယ်၊ ပျဉ်ချောင်းကျေးရွာကနေ စလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ၀င် ၄၀ နီးပါးက တောင်ဆူးလေရွာဘက်ကို တက်တာ၊ တက်လို့ မရဘဲ ပြန်ဆင်းလာတယ်။ ပြန်ဆင်းလာပြီး မကြာခင်မှာပဲ ရဟတ်ယာဥ်တွေ ရောက်လာတာ'' လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီတပ်တွေ ၀င်ရောက်နေတဲ့ ရေကျော်ကျေးရွာမှာ မီးခိုးလုံးတွေ မြင်နေရတယ်လို့ လည်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဟတ်ယာဥ်တစ်စင်းဟာ ကျွန်းကြီး၊ ကျွန်းရင်းကျေးရွာတွေကို အချိန် ၁ နာရီခန့်ကြာအောင် ပစ်ခတ်ခဲ့လို့ ဒေသခံတချို့ ထိခိုက်ဒဏ်ရာရထားတယ်လို့ ကနဦးသိရှိရပါတယ်။
ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ နေအိမ်မှာ သေနတ်နဲ့ပစ်ခတ်ခံရ, တပ်မတော်ဆေးရုံမှာတင်ထားတယ်လို့ စစ်ကောင်စီပြောခွင့်ရပြော
ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေဟာ ဒီကနေ့ဧပြီ ၇ ရက်နေ့မနက်ပိုင်းက ရန်ကုန်၊ ဗဟန်းမြို့နယ်မှာရှိတဲ့နေအိမ်မှာ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေး ကအတည်ပြုပြောဆိုပါတယ်။
ဒီကနေ့မနက်နေအိမ်မှာ သေနတ်နဲ့ပစ်ခတ်ခံရပြီးနောက်မစိုးရိမ်ရ ဒဏ်ရာရပြီး တပ်မတော်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။
ဒီပစ်ခတ်မှုကိုဘယ်သူတွေလုပ်တယ်၊ ဘာကြောင့်လုပ်ဆောင်တယ်ဆိုတာ မသိရသေးသလို စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်ပြောဆိုသွားတာမရှိပါဘူး။
ဒီကနေ့မနက်ပိုင်းမှာတော့ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေနေထိုင်တဲ့ ဗဟန်းမြို့နယ်က ကိုယ့်မင်းကိုယ်ချင်းလမ်းမှာရှိတဲ့ ရွှေဂုံရိပ်မွန် အိမ်ရာမှာ စစ်ကောင်စီတပ်တွေ အများအပြားရောက်နေတာကိုတွေ့ရတယ်လို့လည်း အနီးအနားကနေထိုင်သူတွေကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, social media
ပလက်၀မြို့ပေါ်က လူငယ် ၄ ဦး ထောင် ၂ နှစ်စီ ချမှတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, Chin World
ဓာတ်ပုံ ပုံစာ, ပလက်၀မြို့ ချင်းပြည်နယ်၊ ပလက်၀မြို့မှာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေ ဖမ်းဆီးခံထားရတဲ့ လူငယ် ၄ ဦးဟာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)နဲ့ ဧပြီလ ၅ ရက်မှာ ထောင်ဒဏ် ၂ နှစ်စီချမှတ်ခံလိုက်ရတယ်လို့ သိရပါတယ်။
အဲဒီလူငယ်အမျိုးသား ၄ ဦးဟာ ဖမ်းဆီးထိန်းသိမ်းခံရပြီး ၆ လပြည့်ဖို့ ရက်ပိုင်းအလိုမှာ ပလက်၀မြို့နယ်တရားရုံးကနေ သူတို့ကို အခုလို ထောင်ဒဏ်ချမှ်လိုက်တာပါ။
မင်းတပ်စစ်ရှောင်တွေကို ကူညီဖို့ အလှူငွေကောက်ခံတာကို ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF)ကို ထောက်ပံ့တယ်လို့ စွပ်စွဲခံရပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မနဲ့ အခုလို ထောင်ဒဏ်ချမှတ်ခံခဲ့ရတာလို့ မိသားစု၀င်တွေက ပြောပါတယ်။
အဲဒီလူငယ်တွေဟာ ၂၀၂၁ ခုနှစ်၊ မေလကုန်ပိုင်းမှာ ပလက်၀မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဗုံး ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ပုဒ်မ ၅၀၅(က)နဲ့ ၅ လကြာဖမ်းဆီးထိန်းသိမ်းအမှုဖွင့်ခံရပေမဲ့ သက်သေမခိုင်လုံတာကြောင့် အောက်တိုဘာလ ၁၂ ရက်မှာ ပြန်လွတ်လာခဲ့ကြသူတွေဖြစ်ပါတယ်။
ဒါပေမဲ့ ပြန်လွတ်လာပြီးနောက်တစ်ရက် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်မှာ မတရားအသင်းဆက်သွယ်မှုပုဒ်မနဲ့ စွပ်စွဲခံရပြီး ပြန်လည်ဖမ်းဆီး အမှုဖွင့်ခံခဲ့ရတာဖြစ်ပါတယ်။
တောင်ငူမှာ တိရစ္ဆာန်မွေးမြူစောင့်ရှောက်သူတစ်ဦးမွေးမြူထားတဲ့ ဝက်ဝံအကိုက်ခံရပြီးသေဆုံး
တောင်ငူမြို့မှာ အနှိုင်းမဲ့အကြင်နာပရဟိတ နာမည်နဲ့ တိရစ္ဆာန်တချို့ကို မွေးမြူစောင့်ရှောက်ထားတဲ့ပိုင်ရှင်တစ်ဦးကို ဒီကနေ့ဧပြီ ၇ ရက်နေ့မနက်ပိုင်းက မွေးမြူထားတဲ့ဝက်ဝံကပြန်ကိုက်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။
တိရစ္ဆာန်ချစ်သူတွေကြားနာမည်ကြီးတဲ့ ဦးကိုကိုအောင်ဟာ ဝက်ဝံ ၁၂ ကောင်လောက်ကို အကောင်ပေါက်ကတည်းက မွေးမြူထားတာဖြစ်ပြီး အခု သူ့ကိုကိုက်ခဲ့တဲ့ ဝက်ဝံလည်း အပါအဝင်ဖြစ်တယ်လို့နီးစပ်သူတွေကပြောပါတယ်။
“သူ့အမျိုးသမီးက မနက် ၃ နာရီလောက်မှာဖုန်းဆက်တော့အထဲဝင်လို့မရတော့ဘူး။ တောရိုင်းစိတ်ဝင်သွားတယ်ထင်ပါတယ်။သခင်အသားကိုတောင်စားနေပြီ။ အလောင်းကောက်ဖို့လည်းမလွယ်တော့ လုံခြုံရေးတပ်ဖွဲ့တွေကိုခေါ်ပြီး သူတို့ကလည်း ပစ်မိန့်တောင်းပြီး ဝက်ဝံတွေကိုပစ်ပြီးမှ အလောင်းကောက်ရတယ်။ သူကတိရစ္ဆာန်လေးတွေအရမ်းချစ်တယ်။ ဝက်ဝံတွေကိုတော့အချစ်ဆုံးပဲ။အခုသူ့ကိုကိုက်တဲ့ ဝက်ဝံလေးကိုဆိုရင်ပိစိလေးကတည်းက နို့ဗူးတိုက်ပြီး သူ့မှာမွေးလာရတာ" လို့သွားရောက်ကူညီပေးခဲ့တဲ့ တောင်ငူနာရေးကူညီမှုအသင်းကတာဝန်ရှိသူ ကိုလှမျိုးဝင်း(မြန်မာစာ) က ဘီဘီစီကိုပြောပါတယ်။
သေဆုံးခဲ့တဲ့ ဦးကိုကိုအောင်ရဲ့နာရေးကိုတော့ လာမယ့် ဧပြီ ၉ ရက်နေ့မှာပြုလုပ်သွားမယ်လို့သိရပါတယ်။
ကျန်ရှိနေတဲ့ မွေးမြူထားဆဲ ဝက်ဝံတွေနဲ့ ပတ်သတ်ပြီး ဘယ်လိုဆက်လက်လုပ်ဆောင်သွားမယ်ဆိုတာကိုတော့ လတ်တလောမှာ တိတိကျကျမသိရသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, social media
