ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

လျှပ်စစ်မီးနာရီနဲ့ချီ ပြတ်တောက်နေတာကြောင့် သောက်သုံးရေပြတ်လပ်မှုတွေရှိလာ

ရန်ကုန်မြို့လို လူဦးရေထူထပ်ပြီး တိုက်ခန်းနေလူဦးရေများပြားတဲ့ ရပ်ကွက်တွေမှာတော့မီးပြတ်ချိန်များလာတာနဲ့အမျှ အထပ်မြင့်တွေဆီရေတင်ဖို့ခက်လာပြီး သောက်သုံးရေမရတာတွေပါရှိလာပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ရန်ကုန်တိုင်းဝန်ကြီးဟောင်း ဒေါ်နီလာကျော် အလုပ်နဲ့ထောင်ဒဏ် ၁၆ နှစ်ချမှတ်ခံရ

    ရန်ကုန်တိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နဲ့စက်မှုဝန်ကြီးဌာနတို့အတွက် ဝန်ကြီးတာဝန်ယူခဲ့သူ ဒေါ်နီလာကျော်ကို ရန်ကုန်တိုင်းတရားလွှတ်တော်က အလုပ်နဲ့ ထောင်ဒဏ် ၁၆ နှစ်ချမှတ်လိုက်တယ်ဆိုပြီး စစ်ကောင်စီဘက်က မတ်လ ၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

    ဒေါ်နီလာကျော်ဟာ ဝန်ကြီးတာဝန်ယူချိန်တုန်းက အရည်အသွေးစစ်ဆေးရေးကုမ္ပဏီ ရွေးချယ်ရာမှာ နီးစပ်တဲ့ကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးပြီး လုပ်ငန်းချပေးတာ အဲဒီကုမ္ပဏီဆီကနေ ငွေကြေး သိန်း ၃ ထောင့် ၆ ရာကျော်လက်ခံရယူခဲ့တာအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးခဲ့တာလို့ဆိုပါတယ်။

    အဲဒီအတွက် ဒေါ်နီလာကျော်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ အမှု ၁၆ ခုနဲ့ တရားလွှတ်တော်က စစ်ဆေးခဲ့ရာမှာ ပြစ်မှုထင်ရှားတာကြောင့် လေးမှုတစ်တွဲကို အလုပ်နဲ့ထောင်ဒဏ် ၄ နှစ်စီနဲ့ စုစုပေါင်း အလုပ်နဲ့ထောင်ဒဏ် ၁၆ နှစ်ချမှတ်ခဲ့တာဆိုပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာဖြစ်ပါတယ်။

    ဒေါ်နီလာကျော်ဟာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက ရန်ကုန်တိုင်းရဲ့အခြားအစိုးရအဖွဲ့ဝင်ဝန်ကြီးအတော်များများနည်းတူ ဖမ်းဆီးခံရပြီး အင်းစိန်ထောင်ထဲကနေ အမှုတွေကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

  2. မွေးနေ့မှာ အမိန့်ချခံရမယ့် ဦးမြအေး

    စစ်တပ်က အာဏာသိမ်းတဲ့ နေ့ကတည်းက ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀၅ (ဂ)နဲ့ တရားစွဲဆိုခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တစ်ယောက်ဖြစ်သူ ဦးမြအေးရဲ့ အမှုကို မတ်လ ၁ ရက်နေ့က အင်းစိန်ထောင်တွင်း အထူးတရားရုံးမှာကြားနာစစ်ဆေးခဲ့ပါတယ်။

    နှစ်‌ဖက်ရှေ့နေတွေက မတ်လ ၁ ရက်နေ့က အပြီးသတ်လျှောက်လဲချက်တင်ခဲ့ကြပြီး လာမယ့် မတ်လ ၁၀ ရက်နေ့မှာ အပြီးသတ်အမိန့် ချမယ်လို့ ဦးမြအေးရဲ့ ရှေ့နေ ဒေါ်တဉ္ဇာဦးက ဘီဘီစီကို ပြောပါတယ်။

    အဲဒီနေ့က ဦးမြအေး အသက် ၅၆ နှစ် ပြည့်မယ့် မွေးနေ့နဲ့လည်း တိုက်ဆိုင်နေပါတယ်။

    မိသားစုကတော့ ဦးမြအေး အိမ်ကို ပြန်လာနိုင်တာ ဖြစ်စေချင်ပေမဲ့ အပြစ် ရှိရှိ မရှိရှိ ပြစ်ဒဏ် ချမယ်ဆိုတာ ကြိုတင်ခန့်မှန်းပြီးသား ဖြစ်တဲ့အတွက် အထွေအထူး မျှော်လင့်ထားတာတော့ မရှိဘူးလို့ ဘီဘီစီကို ပြောပါတယ်။

    ဦးမြအေးကို တရားစွဲတဲ့ အမှုက ၂၀၁၄ ခုနှစ် တုန်းက ရေးသားပေးပို့ခဲ့တဲ့ အီးမေးလ် တစ်စောင်နဲ့ ပတ်သက်ပြီး လူမျိုးအချင်းချင်းဖြစ်စေ လူမျိုး တမျိုးနဲ့ တမျိုးဖြစ်စေ တစ်ဖက်နဲ့တစ်ဖက် ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်ရာရောက်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ စွဲဆိုတဲ့ အမှုဖြစ်ပါတယ်။

    ပုဒ်မ ၅၀၅ (ဂ) အရ အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ရင် ထောင်ဒဏ် ၂ နှစ်အထိ ကျခံရနိုင်ပါတယ်။

  3. ကျွန်းလှမြို့နယ်ထဲက ဝေလမူ ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ပစ်

    စစ်ကိုင်းတိုင်း ၊ ကျွန်းလှမြို့နယ်၊ ဝေလမူကျေးရွာကို မတ် ၁ ရက် ဒီကနေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်တွေက လေယာဉ်နှစ်စင်းနဲ့ ဝင်ရောက်ပစ်ခတ်ပြီး နောက်ထပ် လေယာဉ် နှစ်စင်းနဲ့ စစ်အင်အား ၁၀၀ နီးပါး ချထားပေးခဲ့တာတွေ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    အဲ့ဒီဝေလမူရွာမှာ စစ်ကောင်စီကတပ်စွဲနေပြီး ဖုန်းအဆက်သွယ်လည်းမရတာကြောင့် ထိခိုက်တဲ့အခြေအနေတွေကို စုံစမ်းနေတုန်းလို့ ရွာနီးချင်း ပေပင်ချောင်ရွာဒေသခံတွေက ပြောပါတယ်။

    ဝေလမူကျေးရွာကို လေကြောင်းကနေ အတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ပေပင်ချောင်ဒေသခံတစ်ယောက်က လေယာဥ်နှစ်စင်းနဲ့ လာပစ်သလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ ရှိတယ်လို့ ဆိုပါတယ်။

    ဝေလမူရွာမှာ စစ်ကောင်စီဘက်က တပ်စွဲထားပြီး လူ ၂၅ ဦးခန့် အဖမ်းခံထားရတယ်လို့ သိရကြောင်း ဆိုပါတယ်။

    စစ်ကောင်စီဘက်ကတော့ ကျွန်းလှမြို့နယ်ဝေလမူကျေးရွာမှာ PDFတွေကို နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်နဲ့ ဖောက်ခွဲရေးပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ကြောင်း ဒီကနေ့ ည ၈ နာရီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

    ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည် အနောက်ဘက်ခြမ်းရှိ ရှမ်းကုန်း၊ လိပ်စင်းတောင်၊ ပေပင်ချောင်၊ ကျွဲတဲ၊ ဝေလမူ၊ ကိုင်းဝန်း၊ အိမ်ခြေ အစရှိတဲ့ ရွာများအပါအဝင် ရွာတော်တော်များများမှာ ဒေသခံလက်နက်ကိုင်တပ်ဖွဲ့တွေ အားကောင်းတဲ့နေရာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

  4. သပြေအေးရွာနေအိမ်တွေ မီးရှို့ခံရချိန် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး မီးထဲပါပြီး သေဆုံး

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက သပြေအေးရွာကို စစ်ကောင်စီတပ်က မနေ့ ဖေဖော်ဝါရီလ ၂၈ ရက်မှာ ဝင်ရောက်ခဲ့ပြီး အဲဒီနောက် ရွာကို မီးရှို့ခဲ့တာကြောင့် သပြေအေးတစ်ရွာလုံးနီးပါး ပြာပုံဖြစ်ခဲ့သလို မပြေးလွှားနိုင်တဲ့ သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးလည်း မီးလောင်မှုအတွင်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

    စစ်ကောင်စီက ယင်းမာပင်မြို့နယ်တဝိုက် ဒေသကာကွယ်ရေးတပ်စခန်းရှိနိုင်မယ့်နေရာတွေနဲ့ ခိုလှုံနိုင်ခြေရှိတယ်လို့ ယူဆရတဲ့ ဝါးစိမ်းတောင်ကြောအနှံ့ကို လေယာဉ်နဲ့ပါ ပစ်ခတ်မှုပြုလုပ်ချိန် သပြေအေးရွာလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။

    ‘‘သပြေအေးရွာထဲမှာ ဒေသကာကွယ်ရေးစခန်းလည်းမရှိ၊ ခိုလှုံတာလည်း မရှိဘဲ စစ်ကောင်စီက လေယာဉ် ၂ စင်းနဲ့တိုက်ခိုက်တာပါ။ စစ်သုံးရဟတ်ယာဉ် ၂ စင်းနဲ့ပါ စစ်သားတွေကို လာချသွားတယ်။ အိမ်တွေမီးရှို့ခံရလို့ သပြေအေးတစ်ရွာလုံး ပြာပုံဖြစ်သွားပြီ။ အိမ်အလုံး ၂၀၀ ကျော်မှာ ၁၀ အိမ်လောက်ပဲကျန်တယ်’’လို့ သပြေအေးရွာသားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒါ့အပြင် စစ်တပ်က လေယာဉ်နဲ့လာရောက်ပစ်ခတ်ချိန် ကြောက်လန့်ထွက်ပြေးတဲ့အမျိုးသားတစ်ဦးလည်း စစ်လေယာဉ်ရဲ့ စက်သေနတ်ပစ်ခတ်ကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    တစ်ဖက်မှာလည်း သပြေအေးရွာအနီးမှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ မနေ့ည တစ်ညလုံးနီးပါး နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့သလို ဒီနေ့ မတ်လ ၁ ရက်မနက်အစောပိုင်းမှာလည်း တိုက်ခိုက်မှု အနည်းငယ်ရှိနေသေးတယ်လို့ သိရပါတယ်။

    လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ နီးပါးဟာ ရွာထဲက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းမှာ တပ်စွဲ ထားပြီး ဒေသခံတွေကတော့ နီးစပ်ရာ တောစပ်တွေမှာ ပြေးရှောင်နေရတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    ‘‘လောလောဆယ်တော့ တောစပ်တွေမှာ ပြေးနေ ပုန်းနေရတာပေါ့။ အိမ်တွေ မီးရှို့သွားပြီဆိုတော့ ပြန်ဝင်လို့ရပြီဆိုတာတောင် နေဖို့ အဆောက်အဦ ဆိုတဲ့အပိုင်းမှာ အခက်အခဲတွေဖြစ်သွားပြီ။ နောက် အဝတ်အစားတွေ၊ စားသောက်စရာတွေအကုန် မီးထဲပါသွားပြီကိုး’’လို့ သပြေအေးရွာသားတစ်ဦးက ပြောပါတယ်။

    စစ်ကောင်စီဘက်ကတော့ သပြေအေးရွာမှာ PDF တွေရှိနေတယ်ဆိုတဲ့သတင်းရလို့ ရွာထဲက ဘုန်းကြီးကျောင်းနဲ့ ကျေးရွာစာသင်ကျောင်းတွေကို ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ချိန်မှာ PDF အလောင်းတချို့၊ လက်နက်ခဲယမ်းတွေနဲ့ လေ့ကျင့်ရေးကွင်းတွေကို သိမ်းမိခဲ့တယ်လို့ မနေ့ ဖေဖော်ဝါရီလ ၂၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

  5. ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ရဲ့ ဖာပွန်(မူတြော်) ခရိုင်အတွင်းမှာ စစ်ကောင်စီနဲ့ သူ့ရဲ့လက်အောက်ခံ နယ်ခြားစောင့်တပ် BGF တွေနဲ့ ကေအဲန်ယူတို့ကြားက တိုက်ပွဲကြောင့် ဖာပွန်မြို့ဒေသခံတွေဟာ သံလွင်မြစ်တစ်ဖက်ကမ်းက မြိုင်ကြီးငူဘက်ကို ထွက်ပြေးတိမ်းရှောင်လာနေကြတယ်လို့ သိရပါတယ်။

    တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာ ထောင်နဲ့ချီတဲ့ဖာပွန်ဒေသခံတွေဟာ ဘာကြောင့် မြိုင်ကြီးငူဘက်ကိုပြေးရှောင်နေကြရတာပါလဲ။ အပြည့်အစုံကို ဒီလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  6. ကယားဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို အဂတိမှုနဲ့ အမှုဖွင့်ခံရ

    NLD အစိုးရလက်ထက်တုန်းက ကယား(ကရင်နီ)ပြည်နယ်ဝန်ကြီးချုပ်တာဝန်ယူခဲ့တဲ့ ဦးအယ်လ်ဖောင်းရှိုကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ လွိုင်ကော်ရဲစခန်းမှာ အမှုဖွင့်လိုက်တယ်ဆိုပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာပါတယ်။

    ဦးအယ်လ်ဖောင်းရှိုဟာ တာဝန်ယူချိန်တုန်းက ပြည်နယ်ထဲမှာ ငွေကျပ် ၆၅ သန်းကျော်တန်ဖိုးရှိတဲ့ နိုင်ငံပိုင်မြေကွက်လပ်ကို နိုင်ငံတော်က ချီးမြှင့်တဲ့သာသနာဆိုင်ရာ ဘွဲ့တံဆိပ်ရတာကို အကြောင်းပြုပြီး ပုဂ္ဂလိကကုမ္ပဏီတစ်ခုကို ပေးအပ်ကာ အဲဒီနေရာကို ပြန်အလှူခံတာ အပါအဝင် ဝန်ထမ်းအိမ်ယာတည်ဆောက်ရေး၊ ရုံးတည်ဆောက်ရေး၊ လမ်းဖောက်လုပ်ရေးလုပ်ငန်းတွေမှာ တင်ဒါအောင်တဲ့ကုမ္ပဏီ ၂ ခုဆီကနေ ငွေကျပ် သိန်း ၁၉၀ ကျော်ကို လာဘ်ယူခဲ့တာတွေနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်တာလို့ ဆိုပါတယ်။

    မြေကို ပြန်အလှူခံတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်စည်ပင်သာယာရေးနဲ့လူမှုရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဌေးကိုလည်း အလားတူပုဒ်မနဲ့ အမှုဖွင့်ထားတယ်လို့လည်းဆိုပါတယ်။

    ဦးအယ်လ်ဖောင်းရှိုကိုတော့ တာဝန်ထမ်းဆောင်ချိန်တုန်းက စက်ယန္တရားငှားရမ်းခ ငွေကျပ် သန်း ၃၀၀ ကျော်ထဲက ကျပ်သန်း ၂၃၀ ကျော်ကို ဌာနဆိုင်ရာစာရင်းထဲ မသွင်းဘဲ ကိုယ်ကျိုးသုံးစွဲတာ၊ ကယားပြည်နယ်နေ့ကျင်းပတဲ့ကွင်းကို တင်ဒါမခေါ်ဘဲ ကုမ္ပဏီတစ်ခုကို မြေငှားရမ်းခွင့်ပြုခဲ့တာတွေကိုလည်း အဂတိမှုနဲ့စုံစမ်းနေဆဲလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။

    ဦးအယ်လ်ဖောင်းရှိုဟာ လက်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းနေဆဲဖြစ်တဲ့ စက်ယန္တရားငှားရမ်းတဲ့ခငွေတွေထဲက တစ်ချို့ကို ကိုယ်ရေးကိုယ်တာအတွက်အသုံးပြုမှုနဲ့ပတ်သက်ပြီး ပြည်နယ်လွှတ်တော်စုံစမ်းစစ်ဆေးရေးကော်မတီရဲ့စုံစမ်းစစ်ဆေးမှုကို ခံခဲ့ရဖူးသူဖြစ်ပါတယ်။

    စက်ယန္တရားငှားရမ်းတဲ့ခငွေထဲက တချို့ကို သုံးစွဲခဲ့တယ်ဆိုတာကို လွှတ်တော်စုံစမ်းစစ်ဆေးရေးကော်မတီကတွေ့ခဲ့လို့ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်မှာ ပြည်နယ်လွှတ်တော်က သူ့ကို စွပ်စွဲပြစ်တင်ဖို့အထိ ကြိုးပမ်းခံရတဲ့အထိ ကြုံခဲ့ရသူဖြစ်ပါတယ်။

  7. အွန်လိုင်းထီစနစ်ကို ခြေလှမ်းပြင်နေတဲ့စစ်ကောင်စီလက်အောက်က အောင်ဘာလေ ထီဖွင့်ပွဲ

    အာဏာသိမ်းစစ်ကောင်စီဟာ အွန်လိုင်းထီစနစ်ကို အကောင်အထည်ဖော်ဖို့ ခြေလှမ်းပြင်နေချိန်မှာပဲ လစဉ်လဆန်း ၁ ရက်နေ့တိုင်းပုံမှန်ဖွင့်နေကျ အောင်ဘာလေထီဖွင့်ပွဲကိုလည်း ဒီနေ့ မတ်လတစ်ရက်မှာ ပြုလုပ်သွားပါတယ်။

    ဒီကနေ့ ထီဖွင့်ပွဲမှာလည်း ကျပ်သိန်း ၅ ထောင်တစ်ဆုနဲ့ ကျပ်သိန်း ၁ ထောင်ဆု တစ်ခုစီကိုသာ အမြင့်ဆုံးထီဆုတွေအနေနဲ့ချီးမြှင့်နိုင်ခဲ့တာတွေ့ရပါတယ်။

    စစ်ကောင်စီလက်အောက်ရောက်ရှိသွားတဲ့အောင်ဘာလေထီကနေ စစ်တပ်ကို အခွန်ငွေ မစီးဆင်းအောင်ဆိုပြီး အာဏာသိမ်းဆန့်ကျင်မှုနဲ့အတူ အောင်ဘာလေ ထီမထိုးရေးလှုံ့ဆော်မှုတွေ ပေါ်ပေါက်ခဲ့ပြီးတဲ့နောက် ထီရောင်းအားကျဆင်းခဲ့လို့ အခုလို ကျပ်သိန်း ၅ ထောင်ဆု တစ်ဆုကိုပဲ အမြင့်ဆုံးချီးမြှင့်နိုင်တာဖြစ်ပါတယ်။

    တဖက်မှာလည်း ထီကုန်သည်တွေရဲ့ပြောစကားအရဆိုရင် ရောင်းအား ၈၀ ရာခိုင်နှုန်းအထိ ကျဆင်းနေတဲ့ အောင်ဘာလေထီနဲ့အတူ အွန်လိုင်းထီစနစ်ကို အခုလပိုင်းတွေ အတွင်း အကောင်အထည်ဖော်ဖို့ ပြင်နေတယ်လို့ စစ်ကောင်စီဘက်က အစောပိုင်းမှာပြောထားပါတယ်။

  8. အိုင်စီဂျေအမှုကနေ မြန်မာ မလွတ်မြောက်နိုင်ဘူးလို့ ဂမ်ဘီယာကိုယ်စားလှယ်ဆို

    မြန်မာဟာ လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်တားဆီးရေးနဲ့ ပြစ်ဒဏ်ပေးရေးဆိုင်ရာ ပဋိဥာဥ်ရဲ့ အဖွဲ့ဝင်ဖြစ်ပြီး ဒီပဋိဥာဥ်ထဲက ပုဒ်မ ၉ ကိုလည်း ခြွင်းချက်မထားတဲ့အတွက် ဒီအမှုကနေ မလွတ်မြောက်နိုင်ဘူးလို့ ဂမ်ဘီယာကိုယ်စားလှယ် ဒေါ့ဒါ ဂျာလိုးက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ လျှောက်လဲလိုက်ပါတယ်။​

    ဖေဖော်ဝါရီ ၂၈ ရက်က အပြီးသတ်လျှောက်လဲချက်မှာ ဂမ်ဘီယာကိုယ်စားလှယ်က အဲဒီလို ပြောတာ ဖြစ်ပါတယ်။​

    ပုဒ်မ ၉ မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့ နိုင်ငံနဲ့ အငြင်းပွားမှုတွေအကြောင်း ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။​

    မစ္စတာ ဂျာလိုးရဲ့ အပြီးသတ်လျှောက်လဲချက်ထဲမှာ တရားရုံးကို အချက် ၃ ချက် တောင်းဆိုခဲ့ပြီး မြန်မာဘက်က ကနဦးကန့်ကွက်လွှာကို တရားရုံးက ပယ်ချဖို့၊ ဒီအမှုမှာ တရားရုံးက စီရင်ပိုင်ခွင့်၊ ဂမ်ဘီယာဘက်က တရားစွဲဆိုခွင့်ရှိတယ်ဆိုတာ ဆုံးဖြတ်ပေးဖို့နဲ့ ဒီအမှုရဲ့အကြောင်းချင်းရာအရ ဆက်လက်ကြားနာဖို့ တောင်းဆိုခဲ့ပါတယ်။​

    ဂမ်ဘီယာဘက်က ရှေ့နေ ပေါလ် ရိုက်ကလာကလည်း မြန်မာဘက်က ကန့်ကွက်မှုကို အမြန်ဆုံး ပယ်ချပေးဖို့နဲ့ အဲဒီနောက် မြန်မာဘက်ကနေ Counter-Memorial (ချေလွှာ)ကို တင်သွင်းစေဖို့ တရားရုံးကို ပန်ကြားခဲ့ပါတယ်။​

  9. စစ်ကိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို ထောင်ဒဏ် ၂၁ နှစ် ထပ်ချ

    မုံရွာအကျဥ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်ကို အဂတိတိုက်ဖျက်ရေး ပုဒ်မ ၅၅ နဲ့ အမှုပေါင်း ၇ မှုအတွက် ထောင်ဒဏ် ၂၁ နှစ် အမိန့်ချမှတ်လိုက်တယ်လို့ တရားရုံးအသိုင်းဝိုင်းက ပြောပါတယ်။

    အဂတိအမှုတစ်မှုဆီကို သုံးနှစ်နဲ့ ချုပ်ရက် ခံစားခွင့်ကို စစ်ကိုင်းတိုင်း တရားလွှတ်တော်ကနေ အမိန့်ချမှတ်လိုက်တာပါ။ ဒေါက်တာမြင့်နိုင်က သူ မဟုတ်တာ မလုပ်ခဲ့သလို ချမှတ်လိုက်တဲ့ အဂတိမှုအတွက် အယူခံဝင်ခွင့် ပြုလုပ်ဖို့ တောင်းဆိုတာမရှိသေးဘူးလို့ အမှုလိုက်ပါဆောင်ရွက်နေတဲ့ တရားရုံးအသိုင်းအဝိုင်းကတစ်ဆင့် သိရပါတယ်။

    ဒေါက်တာမြင့်နိုင်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာလဲ ပုဒ်မ ၅၀၅( ခ) အမှုအတွက် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရပါတယ်။ နောက်ထပ်လည်း ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ အမှုတွေကို ဆက်လက် ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

    လက်ရှိမှာ ဒေါက်တာမြင့်နိုင်ဟာ ရာသီတုပ်ကွေး အအေးမိရောဂါကို ခံစားနေရတယ်လို့ သိရပါတယ်။

    ဒေါက်တာမြင့်နိုင်ဟာ ၁၉၉၀ ကစလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဝင်ပြိုင်ခဲ့တဲ့ ရွေးကောက်ပွဲတိုင်းမှာ အနိုင်ရရှိခဲ့တဲ့သူ ဖြစ်ပါတယ်။​

  10. ဦးဖြိုးမင်းသိန်းဆီက လာဘ်ယူခဲ့တယ်ဆိုတဲ့စွပ်စွဲချက်ကို ဒေါ်အောင်ဆန်းစုကြည် ငြင်းဆို

    ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းဆီကနေ လာဘ်ယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်စုကြည်က ဒီနေ့ ဖေဖော်ဝါရီလ ၂၈ ရက်မှာ ငြင်းဆိုလိုက်တယ်လို့ သိရပါတယ်။

    နေပြည်တော်မှာ ဒီနေ့ ပြုလုပ်တဲ့ တရားရုံးကြားနာမှုမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုငြင်းဆိုလိုက်တာလို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းဆီကနေ သိရတာဖြစ်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးဖြိုးမင်းသိန်းဆီကနေ အမေရိကန်ဒေါ်လာ ခြောက်သိန်း နဲ့ အကယ်ဒမီအခေါက်ရွှေ(၇)ပိသာကို လာဘ်ယူတယ်လို့စွပ်စွဲပြီး စစ်ကောင်စီလက်ထက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးမှူး ဦးရဲထက်က တရားလိုအနေနဲ့ တိုင်ကြားတဲ့အမှုကို ဒီနေ့ ကြားနာခဲ့တာဖြစ်ပါတယ်။

    ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ဦးဖြိုးမင်းသိန်းနဲ့ သူ့ရဲ့ဇနီးဖြစ်သူ ဒေါ်မိမိကြွယ်အပြင် နောက်ထပ် ၂ ဦးကို အဲဒီအမှုအတွက် သက်သေအဖြစ် တရားရုံးကို အမည်စာရင်း တင်သွင်းခဲ့တယ်လို့လည်းသိရပါတယ်။

    ဒီနေ့မှာ ဦးဖြိုးမင်းသိန်းဆီကနေ လာဘ်ယူခဲ့တယ်လို့စွပ်စွဲချက်အမှုအပြင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ဆက်စပ်တဲ့ နောက်ထပ် အမှု ၄ ခုအပါအဝင်၊ ထောင်ဒဏ် ၁၅ နှစ်အထိချမှတ်နိုင်တဲ့အဂတိမှု စုစုပေါင်း ၅ မှုကို ရင်ဆိုင်နေရပါတယ်။

  11. စစ်ကောင်စီတပ်ဝင်တဲ့ ရေလယ်ကျွန်းဒေသမှာ နေအိမ် ၁၅ လုံးနီးပါး မီးရှို့ခံရ, စစ်ကောင်စီပစ်တဲ့လက်နက်ကြီးကျည်တချို့ မပေါက်သေးလို့ ဒေသခံတွေ စိုးရိမ်နေ

    မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်က ရေလယ်ကျွန်းဒေသမှာ စစ်ကောင်စီတပ်တွေက လူနေအိမ် ၁၅ လုံးနီးပါးကို မီးရှို့ခဲ့တယ်ဆိုပြီး ဒေသခံတွေက ပြောလာပါတယ်။

    မီးရှို့ခံခဲ့ရတဲ့နေအိမ်တွေဟာ ရေလယ်ကျွန်းဒေသ၊ ဆင်တဲကျေးရွာအုပ်စုထဲက ကျွန်းညိုရွာ၊ မြောက်ရွာနဲ့ နွယ်နီရွာတို့မှာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ''၂၆ ရက်(ဖေဖော်ဝါရီလ)မှာ သူတို့ဝင်လာတာ။ ပထမဆုံးကျွန်းညိုနဲ့ မြောက်ရွာမှာ နေအိမ် ၄ လုံးနီးပါး မီးရှို့ခံရတယ်။ နွယ်နီရွာမှာလည်း အိမ် ၁၀ လုံးကျော်အရှို့ခံရတယ်။ အခုတော့ အိုးအိမ်မဲ့သွားသူတွေက နီးစပ်ရာဆွေမျိုးသားချင်းအိမ်နဲ့ ဘုန်းကြီးကျောင်းမှာ ခိုနေကြရတယ်'' လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    ဒေသခံကာကွယ်ရေးတပ်ဖွဲ့က စစ်တပ်ဆီတင်ရေယာဉ်တစ်စင်းကို သိမ်းခဲ့အပြီးမှာ စစ်ကောင်စီတပ်တွေ ရေလယ်ကျွန်းဒေသကို ဝင်လာပြီး အဲဒီရွာတွေကို မီးရှို့ချိန် တိုက်ပွဲဖြစ်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

    ဒေသကာကွယ်ရေးတပ်တွေဘက်ကေတော့ ရေလယ်ကျွန်းဒေသက ဆင်တဲရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ဖေဖော်ဝါရီလ ၂၆ ရက်မှာ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီးငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်ချိန် စစ်သား ၁၀ ဦးသေဆုံးတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

    ''အဲဒီတိုက်ပွဲမှာ စစ်ကောင်စီက ပြန်ပစ်တဲ့လက်နက်ကြီး ၃ လုံးလောက် မပေါက်ကွဲဘဲ ရှိနေသေးတယ်။ ဒေသခံတွေကတော့ တိုက်ပွဲကြောင့် စစ်ရှောင်တာရော၊ လက်နက်ကြီး ပေါက်မှာကိုရော စိုးရိမ်နေကြတယ်။ ပြီးတော့ ဒီဘက်မှာက မိုးတွင်း ရေကြီးတဲ့အချိန် နေလို့အဆင်ပြေအောင် ခြေတံရှည်ရှည်အိမ်တွေ ဆောက်ကြရတော့ အိမ်တွေ မီးရှို့ခံရတာလည်း အပူတစ်ပူဖြစ်နေတာပေါ့'' လို့ ရေလယ်ကျွန်းဒေသခံတစ်ဦးက ပြောပါတယ်။

    လက်ရှိမှာ စစ်ကောင်စီတပ်တွေဟာ ရေလယ်ကျွန်းဒေသကနေ ထွက်ခွါသွားပြီဖြစ်ပေမဲ့ အပြန်လမ်းမှာ လေခုတ်ရွာနဲ့ နွယ်နီရွာတွေက နေအိမ်တချို့ကို မီးရှို့ခဲ့တယ်လို့ ဒေသတွင်း သတင်းစာမျက်နှာတွေမှာဖော်ပြနေပါတယ်။

  12. စစ်ကောင်စီဝင်သွားတဲ့ ချင်းပုန်းရွာထဲမှာ အလောင်း ၇ လောင်းထက်မနည်းတွေ့ထားတယ်လို့ ဒေသခံတွေပြော

    ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ပစ်ခတ်မှုတွေ လုပ်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ချင်းပုန်းကျေးရွာထဲမှာ ပုပ်ပွနေတဲ့ရုပ်အလောင်း ၇ လောင်းထက်မနည်းကို ဒီနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့လည်ပိုင်းမှာ တွေ့ထားရတယ်ဆိုပြီး ဒေသခံတွေက ဘီဘီစီကို ပြောလာပါတယ်။

    ဒေသခံတွေဘက်ကတော့ စစ်ကောင်စီတပ်ဟာ ဒီနေ့ မနက်ပိုင်းမှာ ရဟတ်ယာဉ် ၄ စင်းနဲ့ ရောက်လာသလို နောက်ထပ် ရဟတ်ယာဉ် ၂ စင်းနဲ့ ပျံဝဲခဲ့တာမျိုးရှိတယ်လို့ ပြောပါတယ်။

    ''စစ်ကောင်စီတပ်ဖွဲ့တွေ ပြန်ထွက်သွားတဲ့အချိန် ရွာထဲ ဝင်ကြည့်တဲ့သူတွေ ပြောစကားအရဆိုရင် လောလောဆယ် လူသေအလောင်း ၇ လောင်းတွေ့ထားရတယ်။ ဆိုင်ကယ်အစီး ၅၀ လောက် မီးရှို့ခံရတယ်။ လူနေအိမ်တွေလည်း မီးရှို့ခံထားရတာရှိတယ်။ စာသင်ကျောင်းထဲမှာ ကွန်ပြူတာသင်တန်းတက်နေတုန်း ရွာထဲစစ်တပ်ဝင်လာလို့ ဘုန်းကြီးကျောင်းထဲ ဝင်ပြေးကြလို့ ၃ ရက်နီးပါး ပိတ်မိတဲ့ ကလေးတွေကတော့ မိဘတွေဆီ ပြန်ရောက်ကြပါပြီ။ ဒါလည်း သူတို့ ထွက်သွားလို့သာ ပြန်လွတ်တာပါ။ လွှတ်ပေးတာမဟုတ်ပါဘူး။'' လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဖေဖော်ဝါရီလ ၂၆ ရက်နေ့တုန်းကတော့ ချင်းပုန်းရွာအနီးကို စစ်ကောင်စီက လေယာဉ်နဲ့ လာရောက်ပစ်ခတ်ချိန် ကျေးရွာထဲက နေအိမ်တချို့ မီးစွဲလောင်တာရှိခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို အစောပိုင်းကတည်းက ပြောထားပါတယ်။

    ချင်းပုန်းရွာထဲမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့(PDF)တွေ ခြေကုတ်ယူနေပြီး သတင်းအရ အဲဒီရွာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေကို စစ်ဆေးဖို့ ချဉ်းကပ်ချိန် အပြန်အလှန်ထိတွေ့မှုဖြစ်ချိန် PDF အလောင်းတွေကို လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းတွေနဲ့ ဖမ်းမိတယ်လို့ စစ်ကောင်စီဘက်က အစောပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

  13. မြန်မာအပေါ်လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက် တရားစွဲခွင့်ရှိ မရှိ ICJ ဆက်လက်ကြားနာ

    ဖေဖော်ဝါရီလ ၂၈ရက်နေ့ ဒီကနေ့မှာ မြန်မာအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ တရားစွဲဆိုသင့်ကြောင်း ဂမ်ဘီယာဘက်က ICJ မှာ နောက်ဆုံးလျှောက်လဲချက်တင်မှာဖြစ်ပါတယ်။

    ဖေဖော်ဝါရီလ ၂၁ ရက်ကနေ ၂၈ ရက်အထိ ICJ ရဲ့ ဒုတိယအကြိမ်ကြားနာမှုဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၁ ရက်နဲ့ ၂၃ ရက်တို့မှာတော့ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့က ဂမ်ဘီယာဘက်ရဲ့ ပထမအကြိမ် လျှောက်လဲသွားစဉ်က မရှင်းပြခဲ့တဲ့အချက်တွေ၊ ငြင်းပယ်မသွားခဲ့တဲ့အချက်တွေကို ထောက်ပြလျှောက်လဲခဲ့တာအပြင် ဂမ်ဘီယာက ဒီအမှုကို အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(အိုအိုင်စီ)ရဲ့ အဆိုပြုချက်နဲ့မှစတင်ခဲ့တာဆိုတာကို မငြင်းခဲ့ကြောင်း၊ ဂမ်ဘီယာက နစ်နာသူကိုယ်တိုင် မဟုတ်ဘဲ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအရေး ဆောင်ရွက်ခွင့်မရှိဘူးဆိုတာနဲ့ ပတ်သက်တဲ့ အချက်အလက် လျှောက်လဲချက်တွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုကာကွယ်တားဆီးရေးဆိုင်ရာ ပဋိဉာဉ်ရဲ့ ပုဒ်မ ၈ ကို မြန်မာက ချွင်းချက်ထားခဲ့တာ ဥပဒေအရ သက်ရောက်မှု ရှိသင့်တဲ့ လျှောက်လဲချက်တွေကို အဓိကလျှောက်လဲခဲ့ပါတယ်။

    ဂမ်ဘီယာဘက်ကလည်း ဂမ်ဘီယာက ဘယ်အဖွဲ့အစည်းရဲ့ ကြားခံမှ မဟုတ်ဘဲ ဂမ်ဘီယာနိုင်ငံကိုယ်တိုင်က မြန်မာနိုင်ငံကို အိုင်စီဂျေမှာ တရားစွဲဆိုနိုင်တဲ့ အခွင့်အရေးရှိကြောင်းနဲ့ ပထမနေ့မှာ မြန်မာဘက်က တင်ပြသွားခဲ့တာတွေ အားလုံးကို ပယ်ချဖို့ အဓိက လျှောက်လဲထားပါတယ်။

    မြန်မာကို လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ၂၀၁၉ ခုနှစ်မှာ ပထမဆုံးအကြိမ် ကြားနာပြီးနောက် အခု ဒုတိယအကြိမ်ကြားနာမှုကို နယ်သာလန်နိုင်ငံ၊ သယ်ဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ ဖေဖော်ဝါရီလ ၂၁ ရက်ကနေ ၂၈ ရက်အထိ ကြားနာနေတာဖြစ်ပါတယ်။

  14. ယူကရိန်းအရေး အထူးစိုးရိမ်တယ်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေပြောလာ, ယူကရိန်းအပေါ်တိုက်ခိုက်မှုစတင်တဲ့ ရုရှားနာမည်ကိုတော့ ထုတ်ပြန်ချက်မှာ မပြောထား

    ယူကရိန်းမှာ လက်နက်တွေပါတဲ့အထိဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး အလေးအနက်စိုးရိမ်တဲ့အကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက စာထုတ်ပြောလာပါတယ်။

    သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေအနေနဲ့ နိုင်ငံတကာဥပဒေအရ၊ ကုသမဂ္ဂပဋိညာဉ်အရ၊ နောက် အရှေ့တောင်အာရှနိုင်ငံတွေကြားချစ်ကြည်ရင်းနှီးမှုနဲ့ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာသဘောတူညီ(ACT)အရ သံခင်းတမန်ခင်းနည်းလမ်းနဲ့တတ်နိုင်သမျှ အရင်ဆုံး အားထုတ်ဖြေရှင်းကြဖို့ကိုလည်း ဝန်ကြီးတွေက တိုက်တွန်းပါတယ်။

    ACT မှာ ရုရှား၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂ(အီးယူ)တို့လည်း ပါဝင်လက်မှတ်ထိုးတာတာဖြစ်ပါတယ်။

    အခြေအနေတွေ ပိုဆိုးရွားမှုမဖြစ်အောင် ငြိမ်းချမ်းတဲ့နည်းလမ်းတဲ့တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ ဖြစ်နိုင်သေးတယ်ဆိုတာကိုလည်း ယုံကြည်တယ်ဆိုတဲ့အကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ဖေဖော်ဝါရီလ ၂၆ ရက်မှာပြောထားတာဖြစ်ပါတယ်။

    သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေအနေနဲ့ နယ်မြေပိုင်ဆိုင်မှု၊ အချုပ်အခြာနဲ့ နိုင်ငံတွေအားလုံး တန်းတူညီမျှတဲ့အခွင့်အရေးတွေရှိတယ်ဆိုတဲ့ အချက်အလက်ကို အပြန်အလှန်လေးစားဖို့ ဝန်ကြီးတွေက တိုက်တွန်းပေမဲ့ ယူကရိန်းနဲ့ ရုရှားကြား ပဋိပက္ခမှာ ရုရှားနိုင်ငံကို ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ မတွေ့ရပါဘူး။

  15. ထိုင်းကို တရားမဝင်ဝင်ဖို့ကြိုးပမ်းတဲ့မြန်မာရွှေ့ပြောင်းလုပ်သား ၈၀ ကျော်ကို ထိုင်းရဲဖမ်း

    ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ မြန်မာဘက်ခြမ်းကနေ ကန်ချနာဘူရီခရိုင်ထဲကို တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား အယောက် ၈၀ ကျော်ကို ထိုင်းရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ ၂ ရက်အတွင်း ဖမ်းမိခဲ့ပါတယ်။

    ကန်ချနာဘူရီခရိုင်ထဲမှာ ဖေဖော်ဝါရီလ ၂၅ ရက်နဲ့ ၂၆ ရက်နေ့တွေမှာ အဲဒီမြန်မာရွှေ့ပြောင်းလုပ်သားတွေကို နယ်စပ်ကင်းလှည့်နေတဲ့ထိုင်းရဲတပ်ဖွဲ့က ဖမ်းမိခဲ့တာလို့ဆိုပါတယ်။

    ၂ ရက်အတွင်းဖမ်းမိတဲ့အဲဒီရွှေ့ပြောင်းတွေဟာ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူးမြို့တွေက ဖြစ်ပြီး ဆမွတ်စခုန်၊ ကန်ချနာဘူရီ၊ ရနောင်းနဲ့ ဘန်ကောက်ကို အလုပ်လုပ်သွားလုပ်ကြမယ်မယ့်လူတွေလို့သိရပါတယ်။ တရားမဝင်မြန်မာရွှေ့ပြောင်းတွေနဲ့အတူ လမ်းအဖြစ်လိုက်လာတဲ့ ထိုင်းလူမှု ၆ ဦးထက်မနည်းကိုလည်း ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။

    အလုပ်ရှာပေးမယ်ဆိုတဲ့ပွဲစားကို ထိုင်းဘတ် ၁ သောင်းခွဲကနေ ၃ သောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။

    အဖမ်းခံရတဲ့မြန်မာရွှေ့ပြောင်းတွေကိုတော့ သက်ဆိုင်ရာရဲစခန်းကို လွှဲပြောင်းထားပြီး နေရက်ပြန်ပို့မယ့်အခြေအနေရှိနေတယ်လို့ သိရပါတယ်။

  16. ထိုင်းနဲ့မလေးရှားခေါင်းဆောင်တွေ မြန်မာ့အရေးဆွေးနွေး

    ထိုင်းနိုင်ငံဝန်ကြီးချုပ်နဲ့ မလေးရှားနိုင်ငံဝန်ကြီးချုပ်တို့ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဖေဖော်ဝါရီလ ၂၅ ရက်တုန်းကတွေ့ဆုံချိန် မြန်မာ့အရေးလည်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

    ဝန်ကြီးချုပ် ၂ ဦးဟာ ဘုံသဘောတူညီချက် ၅ ရပ်လို့ အများသိကြတဲ့မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရေး အစီအစဉ် အထမြောက်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား တသားတည်းရှိရေးကို အဓိကဆွေးနွေးခဲ့တာပါ။

    မလေးရှားဝန်ကြီးချုပ်ဟာ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌကမ္ဘောဒီးယားနိုင်ငံကို ဖေဖော်ဝါရီလ ၂၃ ရက်ကနေ ၂၄ ရက်အထိ သွားရောက်ပြီး ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်နဲ့လည်း တွေ့ဆုံထားပါတယ်။

    အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)ကို ထိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှားတို့အပြင် မြန်မာ၊ လာအို၊ ဗီယက်နမ်၊ ဘရူနိုင်း၊ စင်ကာပူ၊ ဖီလစ်ပိုင်၊ အင်ဒိုနီးရှားစတဲ့ ဒေသတွင်း နိုင်ငံ ၁၀ နိုင်ငံနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

  17. တန့်ဆည်မြို့နယ်ထဲက ရွာတွေထဲမှာ PDF သံသယနဲ့ နေအိမ်၊ ပစ္စည်းတွေဖျက်ဆီးခံနေရ

    စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ထဲက ကျေးရွာအနည်းဆုံး ၆ ရွာထဲမှာ ဒေသခံတွေရဲ့ အိမ်တွေ၊ ပစ္စည်းတွေကို ဖျက်ဆီးတာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အခုရက်ပိုင်းအတွင်း ဆက်တိုက်ဆိုသလိုပြုလုပ်နေပါတယ်။

    ပြီးခဲ့တဲ့သီတင်းပတ်တွေတုန်းကလည်း စစ်ကောင်စီတပ်က တန့်ဆည်မြို့၊ ပလူစဝဘက်ကို ရဟတ်ယာဉ်နဲ့ လာချပေးတဲ့ စစ်ကြောင်းဟာ အဲဒီနောက်ပိုင်း တောပြင်၊ ကျောက်စစ်အိုင်၊ ကံကလေးကုန်း၊ သပြေအေး၊ လည်စည်း၊ ပေါက်တော စတဲ့ ကျေးရွာတွေက PDF သံသယရှိသူတွေကို သူတို့ရဲ့နေအိမ်တွေ၊ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို လိုက်လံရှာဖွေတာ၊ ဖမ်းဆီးတာမျိုးအပြင် ဖျက်ဆီးတာမျိုးတွေကို လိုက်လံပြုလုပ်နေတာလို့ ဒေသခံတွေက ဘီဘီစီကိုပြောပြကြပါတယ်။

    ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပေါက်တောရွာထဲက ဒေသခံနေအိမ် အနည်းဆုံး ၃လုံးကို ရှာဖွေပြီး အိမ်တွင်းက ပစ္စည်းတွေကို ဖျက်ဆီးတာမျိုးတွေကို အဲဒီစစ်ကြောင်းကပဲ လုပ်ဆောင်ခဲ့ပါတယ်။

    ပေါက်တောရွာကို မဝင်ခင်တုန်းကတော့ အနီးနားက သပြေအေးရွာကို ဝင်ရောက်ပြီး အလားတူ စစ်ကောင်စီဘက်က ရရှိထားတဲ့ PDF သံသယရှိသူလို့ယူဆထားသူတွေရဲ့ ပိုင်ဆိုင်မှုတွေဖျက်ဆီးတာ အပြင် ဒေသခံအချို့လည်းဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

    လွန်ခဲ့တဲ့ ၃လတုန်းက သပြေအေးရွာထဲကို ဝင်ရောက်လာတဲ့ စစ်ကြောင်းထဲက စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ယောက်က အဲဒီရွာတွေအနီးမှာ အရပ်ဝတ်ဟန်ဆောင်နေထိုင်ခဲ့ပြီးနောက် သတင်းရတယ်လို့ဆိုတဲ့ PDF သံသယရှိသူလို့ယူဆသူတွေအပေါ် အခုလို လိုက်လံလုပ်ဆောင်နေတာလို့ အဲဒီဘက်က ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    အဲဒီ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ဦးထဲက ၂ဦးကိုတော့ ဒေသခံတွေက ဖမ်းဆီးနိုင်ခဲ့ပြီးစစ်ဆေးမေးမြန်းရာကနေ အခုလို သိရှိခဲ့ရတာလို့လည်း ဒေသခံတွေက ပြောပြကြပါတယ်။

    ဒေသခံတွေရဲ့ နေအိမ်တွေ၊ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးသွားတယ်လို့ဆိုတဲ့ အဲဒီစစ်ကြောင်းက ဒီကနေ့ ဖေဖော်ဝါရီလ ၂၇ ရက်မှာ ပြီးခဲ့တဲ့လပိုင်းတွေထဲက ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခံရတဲ့ ရေဦးမြို့နယ်၊ ရေမျက်ရွာဘက်ကို ဦးတည်သွားနေတယ်လို့ ဒေသခံတွေကပြောပြကြပါတယ်။

    စစ်ကောင်စီစစ်ကြောင်းရဲ့ ဖျက်ဆီးခဲ့မှုတွေနဲ့ပတ်သတ်ပြီး ပျက်ဆီးဆုံးရှုံးမှုအတိအကျတွေကိုတော့ ဘီဘီစီကသီးခြား အတည်ပြုနိုင်သေးသလို၊ အဲဒီဒေသမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လုပ်ဆောင်မှု့တွေနဲ့ ပတ်သတ်ပြီး စစ်ကောင်စီပြန်ကြားရေးအဖွဲ့ဘက်က တစ်စုံတစ်ရာထုတ်ပြန်လာတာမျိုးလည်းမရှိသေးပါဘူး။

  18. မန္တလေးမှာ ကိုဗစ်နဲ့သေဆုံးသူတွေထဲ ရက်သားကလေးငယ်တွေပါ ပါဝင်နေ

    မန္တလေးမြို့မှာ ကိုဗစ်-၁၉ရောဂါနဲ့ သေဆုံးသူတွေ ဒီရက်ပိုင်းမှာ နေ့စဉ်ရှိလာပြီး အဲဒီသေဆုံးသူတွေထဲမှာ ရက်သားကလေးတွေပါ ပါဝင်နေတယ်လို့ ကိုဗစ်ကာကွယ်တားဆီးရေးမှာ ပါဝင်နေတဲ့ လူမှုကူညီကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။

    ဒီရက်ပိုင်း ကိုဗစ်နဲ့ သေဆုံးသူတွေမှာ အသက် ၇၀‌အရွယ် နဲ့ အသက် ၅၀ကျော်တွေပါဝင်သလို အသက် ၂၀ကျော်လူငယ်နဲ့ လမပြည့်သေးတဲ့ ရက်သားအရွယ် နှစ်ဦးလည်းပါဝင်တယ်လို့ ပရဟိတလူမှုအသင်းတွေကနေ သိရပါတယ်။

    "ဒီရက်ထဲ နေ့တိုင်း တစ်ရက်ကို ငါးယောက်လောက်ရှိတယ်။ နှစ်ရက် သုံးရက်ပဲရှိသေးတာ။ ဟိုတစ်နေ့က ၂၇ ရက်သားကလေး။ အမေဖြစ်သူက ပိုးတွေ့လို့။ ဒီနေ့ဆုံးတဲ့ ၂ ရက်သားက ဗဟိုအမျိုးသမီးဆေးရုံက"လို့ ပိုးတွေ့သေဆုံးသူတွေကို သင်္ဂြိုဟ်ပေးရတဲ့ လူမှုကူညီကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    မန္တလေးမြို့မှာ ကိုဗစ်အတည်ပြုလူနာတွေကို ပြည်သူ့ဆေးရုံကြီး၊ ကန်တော်နဒီ ကိုဗစ်ကုသရေး ဆေးရုံ၊ တိုင်းရင်းဆေး၊ ပုဂ္ဂလိက ဆေးရုံနှစ်ခုမှာ ကုသပေးနေပေမဲ့ အခြားကုသရေးစင်တာတွေတော့ မဖွင့်ထားသေးပါဘူး။

    မန္တလေးတိုင်းမှာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ကိုဗစ်-၁၉ အတည်ပြုလူနာဟာ ၁၇၆ ယောက် ရှိတယ်လို့ စစ်ကောင်စီလက်အောက် ကျန်းမာရေးဌာနက ကြေညာထားပေမဲ့ ကိုဗစ်ကြောင့် သေဆုံးသူ ဦးရေကိုတော့ ဖော်ပြမထားပါဘူး။

  19. ပါကစ္စတန်ကို မြန်မာစစ်ဗိုလ်ချူပ်တွေရဲ့ကိုယ်စားလှယ်အဖွဲ့ သွားဖို့ရှိတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်

    ပါကစ္စတန်နိုင်ငံကနေ တင်သွင်းလာမယ့် လက်နက်တွေကို ကြည့်ရှု စစ်ဆေးဖို့ မြန်မာစစ်တပ်ဘက်က အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ပါကစ္စတန်ကို ရောက်လာဖို့ ရှိတယ်လို့ ဒေသတွင်း သတင်းတွေက ဆိုပါတယ်။

    ၆၀ မမနဲ့ ၈၁ မမ မော်တာ စိန်ပြောင်းတွေ၊ M – 79 ဗုံးသီးပစ် လောင်ချာသေနတ်တွေ အပါအဝင် စက်သနတ် အကြီးစားတွေကို ပါကစ္စတန်ကနေ မြန်မာစစ်တပ် ရရှိမှာ ဖြစ်တယ်လို့ အိန္ဒိယအခြေစိုက်သတင်းမီဒီယာတွေက ပြောနေပါတယ်။

    ဒါ့အပြင် မြန်မာ စစ်တပ်ဟာ JF- 17 တိုက်လေယာဉ်တွေမှာ တပ်ဆင် ပစ်ခတ်နိုင်ဖို့ အတွက် ပါကစ္စတန်ဆီကနေ ဝေဟင်ကနေ မြေပြင်ပစ် ဒုံးကျည်လက်နက်တွေရနိုင်ဖို့ ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။

    မြန်မာပြည်မှာ တကျော့ပြန် စစ်အာဏာသိမ်းမှု ဖြစ်ပြီး နောက်ပိုင်း ပြီးခဲ့တဲ့နှစ်စက်တင်ဘာလထဲမှာ ပါကစ္စတန်ရဲ့ စစ်ဘက်ဆိုင်ရာကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ကို တိတ်တဆိတ် သွားရောက်ခဲ့ပြီး မြန်မာလေတပ်က လေယာဉ်တွေ ပြင်ဆင် ထိန်းသိမ်းရေးအပါအဝင် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ကြဖို့ ပြောဆို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

    မြန်မာအာဏာသိမ်းစစ်တပ်က အရပ်သားတွေပါ မရှောင် နိုင်ငံအနှံ့လေကြောင်း တိုက်ခိုက်မှုတွေ ကျူးလွန်နေတယ်လို့ နိုင်ငံတကာ ရှုတ်ချပြစ်တင်မှုတွေ ရှိနေချိန်မှာ ပါကစ္စတန် အနေနဲ့ မြန်မာစစ်တပ်ကို လက်နက် ဆက်ပြီး လွှဲပြောင်းရောင်းချနေတာ ဖြစ်တယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

    မြန်မာနိုင်ငံအတွက် လူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂအထူးသံတမန် တွမ် အင်ဒရူးစ်က မြန်မာ စစ်တပ်ကြမ်းကြုတ် ရက်စက်မှုတွေ ပြုလုပ်နိုင်အောင် လက်နက်ရောင်းချ လွှဲပြောင်း ပေးနေတဲ့နိုင်ငံများ ဆိုတဲ့ အစီရင်ခံစာကို ဒီရက်ပိုင်းမှာပဲ ထုတ်ပြန်ထားပြီး၊ ဂျနီဗာအခြေစိုက်လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ ဆွေးနွေးကြဖို့ ရှိနေပါတယ်။

    တွမ်အင်ဒရူးစ်က မြန်မာ စစ်တပ်ကို လက်နက် မရောင်းရေး ကမ္ဘာလုံးဆိုင်ရာ လက်နက် ပိတ်ဆို့မှု ပြုလုပ်ဖို့ ဆော်ဩနေပေမယ့် ပါကစ္စတန်၊ တရုတ်နဲ့ ရုရှားတို့လို နိုင်ငံတွေ ရှိနေတဲ့ အတွက် အထမြောက်ဖို့ မလွယ်ဘူးဆိုပြီး ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခ လေ့လာရေး အဖွဲ့ IPCS က အကြီးတန်း သုတေသီ အာရှူမန် ချောက်ဒရီက ဘီဘီစီကို ပြောပါတယ်။

  20. ဒီးမော့ဆိုမြို့နယ်ထဲက လိုဘာခိုကျေးရွာကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲ

    ရှမ်းနဲ့ ကယား(ကရင်နီ)ပြည်နယ် နယ်စပ်၊ ဒီးမော့ဆိုမြို့နယ်ထဲက လိုဘာခိုကျေးရွာကို စစ်ကောင်စီတပ်က ဒီနေ့ ဖေဖော်ဝါရီလ ၂၇ ရက် မနက်ပိုင်းမှာ လေယာဉ်နဲ့ဗုံးကြဲခဲ့တယ်ဆိုပြီး ကရင်နီအင်အားစုတွေက ပြောလာပါတယ်။

    လက်ရှိမှာ ဒီးမော့ဆိုမြို့နယ်ထဲက လိုဘာကို ကျေးရွာမှာ စစ်ရှောင်တွေရှိနေချိန် စစ်ကောင်စီတပ်က မနက် ၁ နာရီဝန်းကျင်မှာ လေယာဉ်နဲ့ပစ်ခတ်မှုလုပ်ခဲ့တာလို့လည်း ဆိုပါတယ်။

    ဒီဗုံးကြဲမှုကြောင့် လူထိခိုက်မှုနဲ့ အပျက်အစီးအတိုင်းအဆကို ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

    ဒီးမောဆိုမြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ ကရင်နီအင်အားစုတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်နေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက် ညနေပိုင်းမှာ ဒီးမောဆိုမြို့နယ်ထဲက ဒေါကမီး၊ ဆီးလီဒုန်းနဲ့ စည်းလင်းရွာတွေကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။