ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

လျှပ်စစ်မီးနာရီနဲ့ချီ ပြတ်တောက်နေတာကြောင့် သောက်သုံးရေပြတ်လပ်မှုတွေရှိလာ

ရန်ကုန်မြို့လို လူဦးရေထူထပ်ပြီး တိုက်ခန်းနေလူဦးရေများပြားတဲ့ ရပ်ကွက်တွေမှာတော့မီးပြတ်ချိန်များလာတာနဲ့အမျှ အထပ်မြင့်တွေဆီရေတင်ဖို့ခက်လာပြီး သောက်သုံးရေမရတာတွေပါရှိလာပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ကလေး-တီးတိန်လမ်းပေါ် စစ်ကောင်စီတပ်ဖွဲ့တွေ ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ

    ချင်းပြည်နယ်မြောက်ပိုင်းကို တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ယာဉ်တန်းကို ကလေး-တီးတိန်လမ်းပေါ်မှာ မနေ့ ဖေဖော်ဝါရီလ ၂၃ ရက်တုန်းက ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ချင်းကာကွယ်ရေးအဖွဲ့-စီးယင်း(CDM-Siyin)က သတင်းထုတ်ပြန်ပါတယ်။

    ကလေးမြို့ကနေ ချင်းမြောက်ကို ဆက်ထားတဲ့လမ်းအတိုင်း ခြေလျင်တပ်လာတဲ့ စစ်ကောင်စီတပ်တွေကို မနေ့ မနက်နှောင်းပိုင်းမှာ ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။

    အဲဒီနောက် မနေ့ ညနေ ၄ နာရီကျော်မှာ ကား ၁၈ စီးပါတဲ့စစ်ကောင်စီယာဉ်တန်းကို ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုရှိနိုင်တယ်လို့လည်း သတင်းထုတ်ပြန်ပါတယ်။

    အဲဒီတိုက်ခိုက်မှုတစ်ခုကို CDM စီးယင်းအဖွဲ့က လူမှုကွန်ယက်မှာ တင်ထားတဲ့ ဗီဒီယိုမှာတော့ စစ်ကောင်စီယာဉ်တန်းတစ်ခု ဖြတ်နေချိန် ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့တာကို မြင်တွေ့ရပါတယ်။

  2. မြန်မာကို ဂမ်ဘီယာကိုယ်တိုင်က တရားစွဲခွင့်ရှိကြောင်း ဂမ်ဘီယာဘက်က လျှောက်လဲ

  3. ကျောင်းဆရာတဖြစ်လဲ ပန်းရံဆရာတစ်ဦးရဲ့ CDM ခရီးကြမ်း

  4. မြန်မာ့အရေးဆိုင်ရာအီးယူအထူးကိုယ်စားလှယ်အဖြစ် အာဆီယံဆိုင်ရာအီးယူသံတမန်အဖွဲ့ခေါင်းဆောင် ထပ်ဆင့်တာဝန်ပေးခံရ

    ဥရောပသမဂ္ဂ(အီးယူ)အဖွဲ့ကြီးရဲ့ အာဆီယံဆိုင်ရာသံတမန်အဖွဲ့ခေါင်းဆောင် သံအမတ် Igor Driesmans ကို မြန်မာ့အရေးဆိုင်ရာ အီးယူအထူးကိုယ်စားလှယ်အဖြစ် ထပ်ဆင့်တာဝန်ပေးအပ်တယ်ဆိုပြီး ဥရောပသမဂ္ဂဘက်က ဖေဖော်ဝါရီလ ၂၂ ရက်မှာ ကြေညာလိုက်ပါတယ်။

    အီးယူရဲ့အထူးကိုယ်စားလှယ်ဟာ မြန်မာပြည်မှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေးမှာ အာဆီယံနဲ့ ကုလသမဂ္ဂရဲ့အားထုတ်မှုတွေကို ထောက်ပံ့ဖို့ ဒီတာဝန်ကို ထမ်းဆောင်မှာဖြစ်တယ်လို့ အီးယူဘက်က သတင်းထုတ်ပြန်ပါတယ်။

    တာဝန်ပေးအပ်ခံရတဲ့ သံအမတ် Igor Driesmans ကတော့ သူ့အနေနဲ့ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အထမြောက်ရေးအပြင် မြန်မာ့အရေးအာဆီယံအထူးကိုယ်စားလှယ်နဲ့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်တို့နဲ့လည်း လက်တွဲလုပ်ဆောင်မယ်လို့လည်း ပြောထားပါတယ်။

    အီးယူဟာ မြန်မာ့အရေးဆိုင်ရာအထူးကိုယ်စားလှယ်မခန့်အပ်ခင်မှာပဲ မြန်မာစစ်ကောင်စီလက်အောက်က မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းအပါအဝင် စစ်ကောင်စီနဲ့ဆက်စပ်တဲ့ လူပုဂ္ဂိုလ်နဲ့ စီးပွားရေးလုပ်ငန်းတွေကို အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်တဲ့အကြောင်း ကြေညာထားပါတယ်။

  5. မိုးဗြဲမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် သက်ကြီးပိုင်း အမျိုးသားတစ်ဦးသေဆုံး

    စစ်ကောင်စီတပ်က ဒီနေ့ ဖေဖော်ဝါရီလ ၂၃ ရက်အစောပိုင်းမှာ ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ရှမ်းနဲ့ကယား(ကရင်နီ)ပြည်နယ်၊ မိုးဗြဲမြို့နယ်၊ ကဖုရွာက သက်ကြီးပိုင်း အမျိုးသားတစ်ခု သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    မိုးဗြဲမှာရှိတဲ့ ခမရ ၄၂၂ တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကဖုရွာထဲက အသက် ၇၀ ကျော်အဖိုးအိုတစ်ဦးသေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က သတင်းထုတ်ပြန်ပါတယ်။

    လက်ရှိမှာ စစ်ကောင်စီနဲ့ ကရင်နီအင်အားစုတွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ကယား(ကရင်နီ)ပြည်နယ်ထဲအထိ ဝင်လာပြီလို့လည်း KNDF ဘက်က ပြောပါတယ်။

    လက်ရှိမှာ မိုးဗြဲမြို့ပေါ် ရပ်ကွက်တွေကနေစတင်တဲ့ တိုက်ပွဲတွေဖြစ်နေတာ သီတင်းတစ်ပတ်ထဲ ဝင်လာပြီဖြစ်ပြီး စစ်ကောင်စီရဲ့လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးတဲ့အရပ်သား ၁၀ ဦးနီးပါးအထိရှိလာနေတယ်လို့ KNDF ဘက်က အစောပိုင်းမှာသတင်းထုတ်ပြန်ထားပါတယ်။

    တစ်ချိန်တည်းမှာပဲ မိုးဗြဲမှာဖြစ်တဲ့တိုက်ပွဲတွေကြောင့် မြို့ခံတွေကတော့ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ ပြောင်းရွှေ့ခိုလှုံနေရချိန် တိုက်ပွဲဖြစ်လို့ ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာပေါင်း ၃၀ နီးပါးအထိရှိလာနေတယ်လို့လည်း သိရပါတယ်။

  6. နောင်ချို မီးရထားဝန်ထမ်းလိုင်းခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရ

    ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာရှိတဲ့ နောင်ချိုဘူတာရုံဝန်ထမ်းအိမ်ရာလိုင်းခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေရဲ့လုံခြုံရေးစခန်းတစ်ခု ဒီကနေ့ဖေဖော်ဝါရီ ၂၃ ရက် မနက်အစောပိုင်းက ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ဒေသခံတွေကပြောပါတယ်။

    ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြား အပြန်အလှန်ပစ်ခတ်မှုတွေလည်းရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    "ပစ်ခတ်မှုက မနက်တစ်နာရီလောက်မှာစကြားရတာပါ။ ဝန်ထမ်းတန်းလျားမှာက ဒီဘက်အခြမ်းကဝန်ထမ်းနေတယ်၊ တဖက်ကပြည်သူ့စစ်နေတယ်။ ဒါကိုလာတိုက်တယ်။ နေအိမ်ထဲမှာရှိတဲ့ သက်ကြီးပိုင်းနှစ်ယောက်ထိခိုက်တာရှိတယ်။ ပြင်းပြင်းထန်ထန်မဟုတ်ပါဘူး။ လက်နက်ကြီးအစလေးမှန်တာပါ" လို့ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ပြည်သူ့စစ်ဟာလည်း စစ်ကောင်စီတပ်ရဲ့ထိန်းချုပ်မှုအောက်မှာရှိတာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကလုပ်ဆောင်တာဖြစ်ပြီး စစ်ကောင်စီတပ်တွေနဲ့အပြန်အလှန်ပစ်ခတ်မှုတွေလည်း ရှိခဲ့ပြီး စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာအပြင်းအထန်ရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

    မီးရထားဝန်ထမ်းအိမ်ယာနဲ့နီးစပ်သူတချို့ကတော့ စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုမရှိဘူးလို့ပြောပါတယ်။

    ဖြစ်စဉ်အတွင်း ဝန်ထမ်းအိမ်ယာလိုင်းခန်းတချို့ ပျက်စီးမှုရှိခဲ့တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ နောင်ချိုမြို့မှာတော့ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေ အခုလို တိုက်ခိုက်ခံရတာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

  7. မုံရွာမှာ ဆန္ဒပြသူတွေအပါအဝင် ဒေသခံ ၂၆ ဦးထက်မနည်း ဖမ်းဆီးခံရ

    ၂ ခြောက်လုံးအထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်းဆန္ဒထုတ်ဖော်တဲ့လှုပ်ရှားမှုတွေလုပ်တဲ့ မနေ့ဖေဖော်ဝါရီ ၂၂ ရက်မှာ မုံရွာမြို့က ဆန္ဒပြသူတွေအပါအဝင်ဒေသခံ ၂၆ ဦးထက်မနည်းဖမ်း ဆီးခံရတယ်လို့ဒေသခံတွေကပြောပါတယ်။

    မနေ့မနက်ပိုင်းက သပိတ်စစ်ကြောင်းထွက်လာသူ တချို့ကိုပစ်ခတ်ဖမ်းဆီးတာတွေလုပ်ခဲ့ပြီး အမျိုးသမီးတချို့အပါအဝင် ဒေသခံ တွေပါ ဖမ်းဆီးခံရတာတွေရှိတယ်လို့ဒေသတွင်းသတင်းတွေအရသိရပါတယ်။

    မုံရွာမှာဖမ်းဆီးခံရသူတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းတွေကိုထုတ်ပြန်နေသူတွေရဲ့ တယ်လီဂရမ်ချယ်နယ်တွေမှာတော့ PDF အဖွဲ့ဝင်တွေကိုဖမ်းဆီးထားတာဖြစ်ကြောင်း ရိုက်နှက်ခံထားရတဲ့ ဓာတ်ပုံတွေနဲ့အတူစွပ်စွဲထုတ်ပြန်ထားပါတယ်။

    စစ်ကောင်စီကတော့ မုံရွာမှာဖမ်းဆီးခံထားရတဲ့ ဒေသခံ ၂၆ ယောက်နဲ့ ပတ်သက်ပြီးတရားဝင်သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

    မနေ့ဖေဖော်ဝါရီ ၂၂ ရက်က မုံရွာမှာ ဖမ်းဆီးခံထားရသူတွေထဲမှာတော့ ပေါင်ကိုကျည်ဆံ ထိမှန်ထားသူတွေရှိသလို ဖမ်းဆီးနေချိန်ထွက်ပြေးရင်း အမျိုးသမီးတစ်ဦးလည်း ကိုယ်ဝန်ပျက်ကျခဲ့တယ်လို့နီးစပ်တဲ့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ၂ ခြောက်လုံးအထိမ်းအမှတ်အဖြစ် စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ သပိတ်စစ်ကြောင်းတွေကို မနေ့ဖေဖော်ဝါရီ ၂၂ ရက်က နိုင်ငံတဝန်းမြို့ကြီးတွေနဲ့ ကျေးလက်တွေမှာ ပြုလုပ်ခဲ့ကြပြီး မြို့နယ်တချို့မှာတော့ စစ်ကောင်စီဘက်က ဖမ်းဆီးတာတွေလည်းရှိခဲ့ပါတယ်။

  8. မြန်မာမပါဝင်တဲ့ Cobra Gold စစ်ရေးလေ့ကျင့်မှု စတင်

    မြန်မာမပါဝင်တဲ့ Cobra Gold စစ်ရေးလေ့ကျင့်မှုကို ထိုင်းနိုင်ငံထဲက ထိုင်းပင်လယ်ကွေ့အထက်ပိုင်းမှာ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။

    ထိုင်းနဲ့အမေရိကန်နှစ်နိုင်ငံက ဦးဆောင်တဲ့ ဒီစစ်ရေးလေ့ကျင့်မှုမှာ နိုင်ငံပေါင်း ၂၀ ကျော်ပါဝင်ပြီး ဖေဖော်ဝါရီလ ၂၀ ရက်ကစလို့ မတ်လ ၄ ရက်နေ့အထိ ပြုလုပ်မှာဖြစ်ပါတယ်။

    မြန်မာဟာ ဒီနှစ်စစ်ရေးလေ့ကျင့်မှုမှာ မနှစ်ကလို စစ်ရေးလေ့လာသူအဖြစ် တက်ရောက်မှာမဟုတ်ဘူးလို့ ထိုင်းဘက်ကပြောသလို ကိုဗစ်ကပ်ရောဂါအခြေအနေနဲ့ မြန်မာဘက်ကပါဝင်ဖို့ လုံလောက်တဲ့အချိန်မရှိခဲ့တာကြောင့်ဖြစ်တယ်လို့ အစောပိုင်းကတည်းက ပြောထားပါတယ်။

    အမေရိကန်ဟာ ထိုင်း-မြန်မာနယ်စပ်က တိုင်းရင်းသားတွေကို လက်နက်ထောက်ပံ့ဖို့ ဒီစစ်ရေးလေ့ကျင့်မှုကို အခွင့်အရေးတစ်ခုကို အသုံးချနိုင်တယ်ဆိုတဲ့ ကောလဟလသတင်းတွေ အစောပိုင်းတုန်းက ထွက်ပေါ်ခဲ့ပေမဲ့ ထိုင်းဘက်ကတော့ စစ်ရေးလေ့ကျင့်မှုကို မြန်မာနယ်စပ်မှာ ပြုလုပ်မှာမဟုတ်လို့ ဒီကောလဟလဟာ သတင်းမှားဆိုပြီး အစောပိုင်းကတည်းက ပြောထားပါတယ်။

    ကိုဗစ်ကပ်ရောဂါကြောင့် ဒီနှစ်မှာပါဝင်တဲ့တပ်ဖွဲ့ဝင်အရေအတွက်ကို ၅ ထောင်ကျော်အထိ လျှော့ချထားပြီး ထိုင်းနဲ့အမေရိကန်ဖွဲ့ဝင်တွေ ၃ ထောင်ကျော်အပါအဝင် စင်ကာပူ၊ တောင်ကိုရီးယား၊ မလေးရှား၊ ဂျပန်၊ သြစတေးလျ၊ အင်ဒိုနီးရှားနဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေက တပ်ဖွဲ့ဝင်တွေလည်း ပါဝင်ပါတယ်။

  9. အလှမယ်သရုပ်ဆောင် သင်းသင်းကို စစ်ကောင်စီတပ်တွေနေအိမ်မှာလာရောက်ဖမ်းဆီးသွား

    အလှမယ်သရုပ်ဆောင် သင်းသင်းကို မနေ့ဖေဖော်ဝါရီ ၂၂ ရက်က ရန်ကုန်မြို့၊ တာမွေ၊ မေတ္တာညွန့်ရပ်ကွက်မှာရှိတဲ့နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ နီးစပ်သူတွေကပြောပါတယ်။

    မနေ့ဖေဖော်ဝါရီ ၂၂ ရက်ညပိုင်းက သူ့နေအိမ်ရှေ့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့စစ်ကောင်စီတပ်တွေ၊ ရဲတပ်ဖွဲ့တွေပေါင်းပြီး ဧည့်စာရင်းစစ်မယ် ဆိုပြီး နေအိမ်တံခါးဖွင့်ခိုင်းနေတာကိုလည်း သရုပ်ဆောင်သင်းသင်းက သူရဲ့လူမှုကွန်ရက်စာမျက်နှာကတဆင့် တိုက်ရိုက် လိုက်ဖ်လွှင့်ခဲ့ပါတယ်။

    ဧည့်စာရင်းစစ်မယ်ဆိုပြီးပြောဆိုတာကြောင့် တံခါးဖွင့်ပေးလိုက်ချိန်မှာ စစ်ကောင်စီတပ်တွေက သရုပ်ဆောင်သင်းသင်းဆီက ဖုန်းကိုလုယူပြီးဖမ်းဆီးသွားတာကိုလည်း သူရဲ့ဗီဒီယိုမှာ မြင်တွေ့ခဲ့ရပါတယ်။

    “များသောအားဖြင့်တော့ သင်းသင်းက သူ့ရဲ့ ဆွေမျိုးနီးစပ်တွေထဲက တူမလေးတစ်ယောက်နဲ့နေ့တာ။ မနေ့ကအဖမ်းခံရတဲ့နေ့မှာတော့သူ့အမေနဲ့မောင်လေးပါရောက်နေတယ်။ အခုမနက်လည်း သူတို့ဖုန်းတွေပါ ဆက်မရတော့ဘူးဆိုတော့ သူတို့ကိုပါခေါ်သွားတာလားမသိဘူး။ အခုထိတော့ဘာမှအဆက်အသွယ်မရဘူး” လို့သရုပ်ဆောင်သင်းသင်းနဲ့နီးစပ်တဲ့ မိတ်ဆွေတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒါ့အပြင် သရုပ်ဆောင်သင်းသင်းရဲ့နေအိမ်ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လတုန်းကလည်း အရပ်ဝတ်နဲ့စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး သူ့ကို ရိုက်နှက်သွားတယ်လို့လည်း သင်းသင်းက လိုက်ဖ်ဗီဒီယိုမှာ ထည့်သွင်းပြောသွားတာကိုတွေ့ရပါတယ်။

    အခုလို အမျိုးသမီးတစ်ဦးကိုနေအိမ်မှာ ရဲမေမပါဘဲ အင်အားသုံးဖမ်းဆီးသွားတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီးလည်း ဝေဖန်မှုတွေရှိခဲ့ပါတယ်။ စစ်ကောင်စီဘက်ကတော့ သရုပ်ဆောင်သင်းသင်းကိုဖမ်းဆီးသွားတာနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

  10. မြန်မာ့အရေးအတွက် ဂျပန်နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ပြော

    မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ ဂျပန်နဲ့ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ဝန်ကြီးချုပ် ဟွန်ဆန်က ထုတ်ပြောလာပါတယ်။

    ဂျပန်ရန်ပုံငွေထောက်ပံ့မှုနဲ့ဆောက်လုပ်မယ့် ရေဆိုးပြန်လည်သန့်စင်ရေးစက်ရုံပဌက်တင်အခမ်းအနားပြုလုပ်ချိန် မနေ့ ဖေဖော်ဝါရီလ ၂၂ ရက်မှာ ဝန်ကြီးချုပ်က အခုလိုပြောလာတာပါ။

    မြန်မာပြည်တွင်းမှာ အပစ်ရပ်ရေးပေါ်ပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေါ်ပေါက်ဖို့ ရည်ရွယ်တဲ့သူရဲ့မြန်မာပြည်ခရီးစဉ်ကို ဂျပန်နိုင်ငံက အသိအမှတ်ပြုထားတာကိုလည်း ဝန်ကြီးချုပ်က ပြောပါတယ်။

    ဒီလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဖို့ ခက်ခဲပေမဲ့ အာဆီယံမိတ်ဖက်တွေနဲ့ရော ဂျပန်နိုင်ငံနဲ့ပါ ပူးပေါင်းဆောင်ရွက်မယ်လို့ ဝန်ကြီးချုပ် ဟွန်ဆန်က ပြောထားပါတယ်။

    တဖက်မှာလည်း ကမ္ဘောဒီးယားနိုင်ငံဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်နေတာကြောင့် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းဟာ အာဆီယံအထူးသံအနေနဲ့ မြန်မာနိုင်ငံကို မတ်လဒုတိယသီတင်းပတ်အတွင်း လာရောက်ဖို့ရှိနေပါတယ်။

    မြန်မာ့အရေးအတွက် အာဆီယံခေါင်းဆောင်တွေကြား ရရှိထားတဲ့ဘုံသဘောတူညီချက် ၅ ရပ်ထဲမှာ အာဆီယံအထူးသံ ခန့်အပ်ရေးလည်းပါဝင်ပြီး ဘရူနိုင်းနိုင်ငံဟာ ၂၀၂၁ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူချိန်တုန်းကတော့ ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး ၂ အီရာဝမ် ယူဆွဖ်ဟာ မြန်မာ့အရေးအာဆီယံအထူးသံအဖြစ်တာဝန်ယူခဲ့ဖူးပါတယ်။

    ဒါပေမဲ့ အထူးသံတမန် အီရာဝမ်ယူဆွဖ်က အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာ့အရေးတွေ့သင့်သူတွေနဲ့တွေ့ဆုံဖို့ တောင်းဆိုခဲ့ပေမဲ့ မြန်မာစစ်ကောင်စီဘက်က ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုတွေ ရင်ဆိုင်နေရသူဖြစ်နေတဲ့အချက်ကို ထောက်ပြပြီး တွေ့ဆုံခွင့် မပေးခဲ့တာကြောင့် အထူးသံရဲ့ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း မြန်မာခရီးစဉ်လည်း အထမမြောက်ခဲ့ပါဘူး။

  11. စစ်ကိုင်းတိုင်းထဲက ကနီနဲ့ ပုလဲမှာ တိုက်ပွဲတွေဖြစ်

  12. ရခိုင်စစ်ဘေးရှောင်စခန်းတွေမှာ သောက်သုံးရေပြတ်လပ်

  13. မြန်မာပြောင်း တရုတ် တင်သွင်းခွင့်ပြု

    တရုတ်နဲ့မြန်မာကြား ကုန်သွယ်မှု ပြန်စပြီးလာတဲ့နောက် တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက်က ပြောင်းတင်ပို့မှုတွေကို ပြီးခဲ့တဲ့ ရက်ပိုင်း ဖေဖော်ဝါရီလ ၁၈ ရက်က စပြီး တင်သွင်းခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

    ဒါဟာ တရုတ်ရဲ့ ပြောင်းအများစုတင်သွင်းမှုကို အမေရိကန်နဲ့ ယူကရိန်းကိုလက်ရှိမှာ အဓိက အားထားနေရရာကနေ တခြားကုန်တင်သွင်းနိုင်သူတွေကို ရှာဖွေတဲ့အနေနဲ့ တင်သွင်းခွင့်ပြုတာ ဖြစ်ပါတယ်။

    တရုတ်ရဲ့ ပြောင်းတင်သွင်းမှုဟာ ပြီးခဲ့တဲ့ နှစ်မှာ ပြည်တွင်းသွင်းကုန်တွေ တင်းကျပ်ထားတဲ့ကြားက အမြင့်ဆုံး စံချိန်ချိုးပြီး တန် ၂၈ သန်း အထိ ရောက်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး ပြောင်းဝယ်လက်ကြီး ဖြစ်ခဲ့ပါတယ်။

    မြန်မာဟာ တရုတ်ကို ပြောင်းတင်ပို့ပေမဲ့ အများအပြား တင်ပို့တဲ့နိုင်ငံတော့ မဟုတ်ဘဲ ဒီနှစ်ပိုင်းတွေမှာ တန် ၂ သန်း လောက် တင်ပို့တယ်လို့ အမေရိကန် စိုက်ပျိုးရေးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

  14. နိုင်ငံသုံးနိုင်ငံက မြန်မာစစ်ကောင်စီကို လက်နက်တွေထောက်ပံ့နေတယ်လို့ ကုလကိုယ်စားလှယ်ပြော

    တရုတ်၊ ရုရှားနဲ့ ဆားဘီးယား နိုင်ငံအစိုးရတွေဟာ မြန်မာစစ်ကောင်စီတပ်ဖွဲ့တွေကို အရပ်သားတွေကို တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ လက်နက်တွေ ထောက်ပံ့ပေးနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် Tom Andrews က စွပ်စွဲပြောကြားလိုက်ပါတယ်။

    အာဏာသိမ်း စစ်ကောင်စီထံ ရောင်းချတဲ့ လက်နက်တွေထဲမှာ တိုက်လေယာဉ်တွေ၊ သံချပ်ကာကားတွေ၊ ရော့ကက်ဒုံးတွေနဲ့ အမြောက်တွေ ပါတယ်လို့ Tom Andrewsက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီထံ တင်ပြတဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

    မြန်မာအစိုးရအပေါ် လက်နက်ရောင်းချမှု ဒဏ်ခတ်ပိတ်ဆို့ရေး မဲခွဲဆုံးဖြတ်မှုတစ်ခု ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ လုပ်ဖို့ သူက တောင်းဆိုလိုက်ပါတယ်။

    မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့အပြီး တစ်နှစ်ကျော် ကြာလာပေမဲ့ စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်မှုတွေ အပါအဝင် ဆန့်ကျင် ကန့်ကွက်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ဒီကနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာလည်း ၂ ခြောက်လုံးသပိတ်အဖြစ် နိုင်ငံတဝန်း ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

  15. သတင်းပေးဆိုပြီး အသတ်ခံရမှုနဲ့ပတ်သက်ပြီး တရားမျှတစွာဖြေရှင်းပေးဖို့ သပိတ်ကော်မတီတောင်းဆို

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ထဲက ပကာရီကျေးရွာအုပ်စုထဲက လိပ်ကြယ်ပြောင်ကျေးရွာမှာ နေထိုင်တဲ့ ဦးဖေလွင်ဆိုသူကို စစ်ကောင်စီသတင်းပေးဖြစ်တယ်ဆိုပြီး သတ်ဖြတ်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်တစ်ခုဖြစ်တဲ့ Dawei Defense Force က ဖေဖော်ဝါရီ ၂၁ ရက်ကထုတ်ပြန်ခဲ့ပါတယ်။

    ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ကလည်း ထုတ်ပြန်ချက်မှာပါရှိတဲ့အတိုင်း Dawei Defense Forceနဲ့ပူးပေါင်းလုပ်ဆောင်ထားခြင်းမရှိဘူးဆိုပြီးထုတ်ပြန်လာသလို သတင်းပေးဆိုပြီး မဆင်မခြင်သတ်ဖြတ်တာဟာခိုင်လုံတဲ့သက်သေမရှိဘဲလုပ်ဆောင်တာဖြစ်ပြီး တရားမျှတမှုရတဲ့အထိတာဝန်ယူဖြေရှင်းပေးဖို့ကိုလည်းထားဝယ်ခရိုင်သပိတ်ကော်မတီကထုတ်ပြန်တောင်းဆိုလာပါတယ်။

    "သူတို့ဘက်ကအစကထုတ်ပြန်ချက်ထဲမှာ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်နဲ့ ပေါင်းပြီးလုပ်တယ်ဆိုပြီးထုတ်ပြန်တယ်။ ဒီအဖွဲ့ကလည်း သူတို့နဲ့ပူးပေါင်းထားခြင်းမရှိပါဘူးဆိုပြီး ပြန်ပြီးစာထုတ်ပြန်ထားတယ်။ မိသားစုနဲ့လည်းကျွန်တော်တို့ဆက်သွယ်ထားပြီးပါပြီ စစ်ကောင်စီကိုသတင်းပေးတယ်ဆိုတဲ့အထောက်အထားသက်သေလည်းဘာမှမရှိဘူး။ ကျွန်တော်တို့စုံစမ်းပြီးပါပြီ။ အရင်တုန်းကလည်း ဒလန်ဆိုပြီး အမျိုးသမီးငယ်တစ်ဦးကိုပစ်ခတ်ခံရတာတွေနဲ့ဒလန်အိမ်ကိုဗုံးဖောက်ရင်း ၄ နှစ်အရွယ်ကလေးနဲ့ဇနီးဖြစ်သူလည်း မဆီမဆိုင်သေပြီးပြီ "လို့ထားဝယ်သပိတ်ကော်မတီဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    အခုလို သက်သေအခိုင်အမာမရှိဘဲ မဆင်မခြင်သတ်ဖြတ်တာဟာဆိုရင် သေဆုံးသူ မိသားစုရဲ့ လူ့ဂုဏ်သိက္ခာကို ထိပါးစော်ကားရာ ရောက်တဲ့အပြင် ပြည်သူလူထုတရပ်လုံးရဲ့ ခုခံတော်လှန်စစ် ဂုဏ်သိက္ခာကိုပါ ထိခိုက်စေတယ်လို့ထားဝယ်ခရိုင်သပိတ်ကော်မတီက ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    အပြစ်မဲ့ပြည်သူတစ်ဦးကို တရားမဲ့လက်နက်ကိုင်သတ်ဖြတ်တာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့အနေနဲ့တာဝန်ယူဖြေရှင်းပေးဖို့တောင်းဆိုထားပြီး ထားဝယ်ခရိုင်အတွင်းမှာရှိတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း အလားတူဖြစ်ရပ်မျိုးမဖြစ်စေရန်အလေးထားဆောင်ရွက်ပေးကြဖို့ကိုလည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    ဒါ့အပြင် အမျိုးသားညီညွှတ်ရေးအစိုးရ NUG အပါအဝင် လူ့အခွင့်အရေးဝန်ကြီးဌာနတွေနဲ့ထားဝယ်(ပအဖ)၊ (ပကဖ) အဖွဲ့တွေအနေနဲ့လည်း ဥပဒေမဲ့အကြမ်းဖက်လုပ်ရပ်တွေကို တရားမျှတမှုရတဲ့အထိ တာဝန်ယူဖြေရှင်းပေးဖို့တောင်းဆိုတယ်လို့ ထားဝယ်သပိတ်ကော်မတီကထုတ်ပြန်တောင်းဆိုထားပါတယ်။

  16. ကန်ပက်လက်က ကျေးရွာတွေမှာ ဒေသခံနေအိမ်တွေမီးရှို့ခံရပြီး ရွာပေါင်း ၆ ရွာထက်မနည်းစစ်ဘေးတိမ်းရှောင်နေရ

    ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်းက ကျေးရွာတွေမှာ ဒီကနေ့ဖေဖော်ဝါရီ ၂၂ ရက် က ဒေသခံနေအိမ်တချို့မွှေနှောက်ဖျက်ဆီးခံရတာတွေနဲ့နေအိမ်တွေမီးရှို့ခံရတာတွေ ဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

    ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ကစပြီး ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲက ကျေးရွာတွေအနီးမှာ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ဒေသကာကွယ်ရေးတပ်တွေကထုတ်ပြန်ထားပါတယ်။

    "ကန်ပက်လက်နယ်စပ်မှာ ပြီးခဲ့တဲ့၁၉ရက်နေ့ကအပစ်ခတ်တွေ ၂ရက်ကဖြစ်တယ်CDF တွေနဲ့ဖြစ်ပြီးတော့ မဆာတွီတညအိပ်တယ်။ နောက်တနေ့မှာ ရွာထဲက ပြတင်းပေါက်တွေအိမ်တွေ အကုန်ရိုက်ချိုးပြီး ဖျက်တယ်။ တရွာလုံးကဆိုလာပြားတွေကောဆန်တွေပါယူတယ်။ ကြက်၊ဝက်တောင်မချန်ဘူး။ အဖိုးအဖွားအသက်ကြီးတဲ့လူတွေပဲကျန်တယ်။ အကုန်ပြေးရတယ်။ အဲ့ဒီကနေ မောချောင်းကိုရောက်သွားပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး တညအိပ်ပြီး လမ်းဘေးမှာရှိတဲ့ အိမ်ခြေ ၄ အိမ်ကိုမီးရှို့လိုက်တယ် " လို့ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေဝင်ရောက်မွှေနှောက်ဖျက်ဆီးသွားတဲ့ ကျေးရွာတွေအပါအဝင် လမ်းမဘေးကရွာပေါင်း ၆ ရွာလောက်က ဘေးလွတ်ရာပြေးနေရတယ်လို့ဒေသခံတွေက ပြောပါတယ်။

    စစ်ကောင်စီဘက်ကတော့ ချင်းပြည်နယ်ကန်ပက်လက်မြို့နယ်ထဲက ကျေးရွာတွေ အနီးမှာဖြစ်ခဲ့တဲ့တိုက်ပွဲတွေနဲ့ပတ်သက်လို့သတင်းထုတ်ပြန်တာမရှိပါဘူး။

  17. ရေစကြို NLD အမတ်အိမ်ကို စစ်ကောင်စီချိပ်ပိတ်

    မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် ပခန်းကြီးဒေသက NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလွင့်မြင်ဦးရဲ့နေအိမ်ကို ဒီကနေ့ဖေဖော်ဝါရီ ၂၂ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်တွေလာရောက်ချိပ်ပိတ်သွားတယ်လို့ဒေသခံတွေကပြောပါတယ်။

    ဒီကနေ့နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ပခန်းကြီးရဲစခန်းက ရဲတပ်ဖွဲ့တွေကနေအိမ်အတွင်း ဝင်ရောက်ရှာဖွေတာတွေလုပ်ခဲ့ပြီးနောက် အိမ်ကို ချိပ်ပိတ်ခဲ့တာလို့ဒေသခံတွေကပြောပါတယ်။

    NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင့်မြင်ဦးတို့ရဲ့နေအိမ်မှာတော့ မိသားစုဝင်တွေအားလုံးတိမ်းရှောင်နေကြတာဖြစ်ပြီး စစ်ကောင်စီက အိမ်ကိုလာရောက်ချိပ်ပိတ်ချိန်မှာတော့ နေအိမ်မှာ နေထိုင်သူမရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။

    ပြီးခဲ့တဲ့လတွေမှာလည်း ရေစကြိုမြို နယ်အတွင်းက နေအိမ်ဆိုင်ခန်းတစ်ခုကို စစ်ကောင်စီတပ်တွေက လာရောက်ချိပ်ပိတ်တာတွေရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    ပြည်တွင်းမှာစစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း NLD အမတ်တွေရဲ့နေအိမ်တွေနဲ့ စစ်ကောင်စီကိုဆန့်ကျင်တဲ့နေအိမ်တွေ၊ အနုပညာရှင်တွေရဲ့နေအိမ်တွေကို စစ်ကောင်စီဘက်က ဆက်တိုက်ဆိုသလို ချိပ်ပိတ်တာတွေလုပ်လာပါတယ်။

  18. မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော်သေဆုံးတယ်လို့ KNDF ပြော

    ရှမ်းနဲ့ကယားပြည်နယ်နယ်စပ်၊ မိုးဗြဲမြို့မှာ ဖေဖော်ဝါရီလ ၁၆ ရက်ကနေ ၂၁ ရက်အထိတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၆၁ ဦးသေဆုံးတယ်ဆိုပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က သတင်းထုတ်ပြန်လာပါတယ်။

    မိုးဗြဲမြို့မှာ စစ်ကောင်စီနဲ့ကရင်နီပူးပေါင်းတပ်ဖွဲ့တွေ ၅ ရက်ကြာဖြစ်တဲ့တိုက်ပွဲမှာ စစ်ကောင်စီက လေယာဉ်တွေ၊ တင့်ကားတွေနဲ့ လက်နက်ကြီးကူပစ်တာတွေကြောင့် KNDF တပ်ဖွဲ့ဝင် ၅ ဦးလည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

    အဲဒီ ၅ ရက်တာ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က လေယာဉ်တွေနဲ့ အကြိမ် ၂၀ ကျော် ကူပစ်တာ ပြုလုပ်ခဲ့သလို တနေ့ကို လက်နက်ကြီး အချက်ရေ ၁၀၀ နီးပါးနဲ့ အကြိမ်ရေ ၅၀၀ နီးပါး ပစ်ခတ်မှု ပြုလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

    မိုးဗြဲမြို့၊ ဝါရီဆူးဖလိုင်ရွာမှာ တိုက်ပွဲမှာ စစ်ကောင်စီရဲ့တင့်ကား ၂ စီးပျက်စီးခဲ့ပြီး စစ်ကောင်စီရဲ့လက်နက်ခဲယမ်းထောက်ပို့ကား ၃ စီးကို ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်မီးရှို့ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

    နောက် ပြီးခဲ့တဲ့ရက်တွေအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီက မိုးဗြဲမြို့နဲ့ အနီးတစ်ဝိုက် ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် အရပ်သား ပြည်သူ ထိခိုက်သေဆုံးမှု ၁၀ ဦးနဲ့အထက် ရှိနိုင်တယ်လို့ခန့်မှန်းထားတဲ့အကြောင်းလည်း ပါရှိပါတယ်။

    လက်ရှိမှာ စစ်ကောင်စီတပ်ဟာ မိုးဗြဲမြို့ကနေ ဒီးမော့ဆိုမြို့နယ်ကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေပြီး လွိုင်ကော်ဘက်က ဒီးမော့ဆိုဘက်ကို စစ်ကြောင်းထိုးမယ့် အရိပ်အယောင်တွေရှိနေတယ်လို့လည်း KNDF က ပြောထားပါတယ်။

    ကယား(ကရင်နီ)တိုက်ပွဲတွေမှာ ထိခိုက်ကျဆုံးသူမရှိဘူးလို့တော့ စစ်ကောင်စီက ပြီးခဲ့တဲ့ စနေနေ့တုန်းက ပြောထားပါတယ်။