ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

လျှပ်စစ်မီးနာရီနဲ့ချီ ပြတ်တောက်နေတာကြောင့် သောက်သုံးရေပြတ်လပ်မှုတွေရှိလာ

ရန်ကုန်မြို့လို လူဦးရေထူထပ်ပြီး တိုက်ခန်းနေလူဦးရေများပြားတဲ့ ရပ်ကွက်တွေမှာတော့မီးပြတ်ချိန်များလာတာနဲ့အမျှ အထပ်မြင့်တွေဆီရေတင်ဖို့ခက်လာပြီး သောက်သုံးရေမရတာတွေပါရှိလာပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင်ကို အဂတိမှု ၅ မှုအတွက် စွဲချက်တင်

    မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင်ကို အဂတိအမှု ၅ မှုအတွက် စွဲချက်တင်တဲ့အကြောင်း အိုးဘိုအကျဉ်းထောင်၊ ထောင်တွင်းတရားရုံးကနေ ဒီနေ့ မတ်လ ၈ ရက်မှာ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။

    ဒေါက်တာဇော်မြင့်မောင်ဟာ နိုင်ငံရေးရာထူးရယူထားတဲ့အချိန်မှာ လာဘ်စားတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ အမှုဖွင့်ခံထားရတာဖြစ်ပါတယ်။

    ဝန်ကြီးချုပ်ဟောင်းဟာ ဆေးကုသတဲ့အချိန်တုန်းက ဆေးကုသစရိတ်တွေရယူတာတွေ၊ နောက် NLD ပါတီရုံးမြေနေရာရရှိရေးဆောင်ရွက်မှုမှာ အဂတိလိုက်စားမှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။

    ဒေါက်တာဇော်မြင့်မောင်ကတော့ သူအခုလိုစွပ်စွဲခံထားရတဲ့အမှုတွေအတွက် ငွေကြေးယူခဲ့တာမရှိသလို သိရှိခဲတာလည်းမရှိဘူးဆိုပြီး ထုချေဖြေရှင်းထားတယ်လို့ သိရပါတယ်။

    လက်ရှိမှာ ဒေါက်တာဇော်မြင့်မောင်ဟာ အဂတိအမှု ၅ ခုအပြင် ရွေးကောက်ပွဲဆိုင်ရာအမှု ၂ ခုကိုလည်း ရင်ဆိုင်နေရတာဖြစ်ပါတယ်။

    တစ်ချိန်တည်းမှာပဲ ဒေါက်တာဇော်မြင့်မောင်ဟာ သဘာဝဘေးစီမံဥပဒေပါပုဒ်မအမှု ၂ ခုနဲ့ ဆူပူလှုံ့ဆော်မှု ပုဒ်မ ၅၀၅(ခ) အမှုတို့အတွက် ဒီဇင်ဘာလကတည်းက ထောင်ဒဏ် ၄ နှစ်ချမှတ်ခံထားရတာကြောင့် ထောင်တွင်း တရားရုံးကနေ အဂတိမှုတွေကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။

    ဒေါက်တာဇော်မြင့်မောင်ဟာ အိုးဘိုထောင်တွင်းဆေးရုံကနေ ဒီနေ့ရုံးချိန်းကို တက်ခဲ့တာလို့သိရပြီး ကျန်းမာရေးကောင်းမွန်တယ်လို့လည်း သိရပါတယ်။

  2. တိုက်ပွဲတွေကြောင့် ရိခေါဒါရ်မြို့က ဒေသခံ ၁၀၀၀လောက် အိန္ဒိယနယ်စပ်ဘက်တိမ်းရှောင်နေရ

    ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ထဲက ရိခေါ်ဒါရန်မြို့မှာ မတ်လ ၅ရက်နေ့ကစစ်ကောင်စီနဲ့ဒေသကာကွယ်ရေး တပ်တွေကြားတိုက်ပွဲတွေဖြစ်ခဲ့ပြီး ဒေသခံ ၁၀၀၀ လောက်ဘေးလွတ်ရာပြေးနေရတယ်လို့ဒေသခံတွေက ပြောပါတယ်။

    မတ်လ ၅ရက်မနက်ပိုင်းက ရိခေါ်ဒါရ်မြို့မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့နှစ်ဖက်ပစ်ခတ်မှုတွေရှိခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားတဲ့ အမှတ် ၂ ရပ်ကွက်ထဲက ဒေသခံအားလုံး ထွက်ပြေးခဲ့ရတာဖြစ်တယ်လို့ဒေသခံတွေ့ဆိုပါတယ်။

    ''မနက် ၅နာရီလောက် လက်နက်ကြီး၊ လက်နက်ငယ်တွေ အကုန်ပစ်တော့ ပြေးရတာ အိန္ဒိယနယ်စပ်ဘက်ကို တချို့တွေက အမျိုးတွေရှိတဲ့နေရာကိုပြေးတယ်။ တချို့ကျတော့နယ်စပ်ချောင်းဘေးမှာပဲ တဲထိုးနေရတယ်။ ချောင်းဘေးမှာရာသီဥတုကလည်းပူတော့ ဒုက္ခတွေရောက်နေကြတယ်''လို့စစ်ရှောင်ပြည်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    လက်ရှိမှာလည်း ရိခေါ်ဒါရ်မြို့အနီးမှာစစ်ကောင်စီတပ်စခန်းတွေကို လေကြောင်းနဲ့တပ်အင်အားတိုးချဲ့မှုတွေရှိနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

    ဒါ့အပြင် ရိခေါ်ဒါရ်မြို့နယ်စပ်ဘက်ကိုသွားလာသူတွေအနေနဲ့ သွားလာမှုတွေ ခေတ္တရပ်ဆိုင်းထားဖို့နဲ့ မြို့ထဲကို မဝင်ခင် အကြောင်းကြားဖို့ကိုလည်း ဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ CDF Hualngoram ကသတိပေးထုတ်ပြန်ထားပါတယ်။

  3. နရသိန်အချုပ်ဆောင်ထဲက အမျိုးသမီးသတင်းထောက် တစ်ဦး

  4. ယင်းမာပင်၊ လက်ပံတောကျေးရွာအတွင်းမှာ လက်နက်ကြီးထိမှန်ပြီး ကလေးငယ် ၂ဦးအပါအဝင် စစ်ဘေးရှောင် ၆ ဦးသေဆုံး

    စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်ထဲက လက်ပံတောကျေးရွာအတွင်းမှာ ဒီကနေ့မတ်လ ၈ရက် မနက်ပိုင်းက စစ်ကောင်စီဘက်ကကျေးရွာတွေအတွင်း လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ဘုန်းကြီးကျောင်း အတွင်းစစ်ဘေးတိမ်းရှောင်နေတဲ့ ဒေသခံ ၆ ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။

    အဲဒီကျေးရွာအနီးမှာ မတ်လ ၇ရက်နေ့ကစစ်ကောင်စီ နဲ့ဒေသကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီးနောက်မှာ အခုလို ကျေးရွာတွေ အတွင်းပစ်ခတ်မှုတွေဖြစ်ခဲ့တာဖြစ်တယ်လို့ဒေသခံတွေက ဆိုပါတယ်။

    ဒီပစ်ခတ်မှုတွေကြောင့် လက်ပံတောကျေးရွာဘုန်းတော်ကြီးကျောင်းအတွင်းမှာ စစ်ဘေးတိမ်းရှောင်နေတဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့အသက် ၉ နှစ်အရွယ်ကလေးငယ် တစ်ဦး အပါအဝင် ရွာသား ၆ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေက ဘီဘီစီကိုဆက်သွယ် ပြောပြလာပါတယ်။

    '' ဘုန်းကြီးကျောင်းထဲရှောင်နေတုန်း လက်နက်ကြီးဆိုးဆိုးဝါးဝါးထိသွားတယ်။ သေဆုံးတဲ့လူတော်တော်များများကအသက်ကြီးပိုင်းတွေများတယ်။ ၉ နှစ်သားကလေးငယ်နဲ့၄ နှစ်သားကလေးငယ် တစ်ဦးလည်း ခေါင်းကိုထိသွားတယ်။ ၁၃ ယောက်ထိတာ ၆ ဦးကတော့ သေဆုံးသွားတာပါ။သေဆုံးတဲ့အထဲမှာ တမိသားစုထဲက ၃ယောက်လုံးသေဆုံးတာတောင်ပါတယ်။ လက်ရှိအချိန်ထိလည်း လက်ပံတောမှာတပ်စွဲထားတုန်းပါပဲ '' လို့ဒေသခံတစ်ဦး ကဘီဘီစီကိုပြောပါတယ်။

    လက်ရှိမှာလည်း ဒီကျေးရွာတွေအနီးမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြားထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး အနီးအနားက ကျေးရွာပေါင်း ၇ ရွာထက် မနည်းစစ်ဘေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။

    စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေဘက်မှာတော့ နှစ်ဖက်တိုက်ပွဲတွေအပြီးမှာ စစ်ကောင်စီဘက်က ကျေးရွာတွေအတွင်း ဝင်ရောက်မီးရှို့ဖျက်ဆီးတာ တွေဆက်တိုက်ဖြစ်ခဲ့ပြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေသေဆုံးတာတွေ ရှိခဲ့တဲ့အကြောင်း ကိုယ်တိုင်ကြုံရတဲ့ ဒေသခံတွေ ကပြောဆိုထားပါတယ်။

    စစ်ကောင်စီဘက်ကတော့ ဒါတွေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိပါဘူး။

  5. မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်တွေအကောင်အထည်ဖော်မှု နှေးကွေးနေတယ်လို့ အာဆီယံအထူးသံနဲ့ မစ္စတာဆာဆာကာဝါပြော

    မြန်မာ့အရေးအကျပ်အတည်းဖြေရှင်းမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ အာဆီယံခေါင်းဆောင်တွေကြား ရရှိထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်မှုအပိုင်းဟာ နှေးကွေးနေတယ်ဆိုပြီး အာဆီယံအထူးသံတမန်နဲ့ မြန်မာ့ငြိမ်းချမ်းရေးဆိုင်ရာဂျပန်အစိုးရအထူးကိုယ်စားလှယ်တို့က ပြောဆိုလာပါတယ်။

    အာဆီယံအထူးသံလည်းဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်ဒနဲ့ ဂျပန်အစိုးရရဲ့မြန်မာ့ငြိမ်းချမ်းရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါတို့ မတ်လ ၇ ရက်မှာတွေ့ဆုံချိန် အခုလိုပြောလာတာပါ။

    လက်ရှိမှာ ကမ္ဘောဒီးယားဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်တာကြောင့် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းဟာ မြန်မာ့အရေးဆိုင်ရာ အာဆီယံအထူးသံတမန်တာဝန်ကိုလည်း ယူထားသူဖြစ်ပါတယ်။

    လာမယ့်သီတင်းပတ်တွေအတွင်း စတင်မယ့် အာဆီယံအထူးသံရဲ့မြန်မာခရီးစဉ်မတိုင်ခင်မှာ အထူး ကိုယ်စားလှယ်နှစ်ယောက် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

    အာဆီယံအထူးသံကတော့ သူနဲ့ မစ္စတာ ဆာဆာကာဝါတို့ဟာ အဲဒီဘုံသဘောတူညီချက်တွေ ၅ ရပ် အကောင်အထည်ဖော်ရေးဟာ အရေးကြီးတယ်ဆိုတဲ့အချက်ကို ဆွေးနွေးထားတယ်လို့ ဆိုပါတယ်။

  6. ပြည်တွင်း စက်သုံးဆီဈေး တစ်လီတာကို ၂၃၀၀ ကျပ်အထိ စံချိန်တင်မြင့်တက်

    ပြည်တွင်းမှာ စက်သုံးဆီဈေးနှုန်းတွေဟာ ဒီနေ့ မတ်လ ၈ ရက်မှာ တစ်လီတာကို မြန်မာကျပ်ငွေ ၂၃၀၀ ကျော်အထိ စံချိန်တင်မြင့်တက်သွားပါတယ်။

    ဒါဟာ မနေ့ကထက် တစ်လီတာကို ၂၀၀ ကျပ်အထိ ဈေးနှုန်းထပ်တက်လာတာဖြစ်ပါတယ်။

    အဲဒီမတိုင်ခင်ပြီးခဲ့တဲ့ မတ်လ ၃ ရက်တုန်းကလည်း စက်သုံးဆီဈေးနှုန်းဟာ ညတွင်းချင်းမှာပဲ တစ်လီတာကို ၂၀၀ ကျပ်ဝန်းကျင်စျေးတက်ခဲ့တာကြောင့် တစ်လီတာဈေးနှုန်းဟာ ငွေကျပ် ၂၀၀၀ ကျော်အထိရှိခဲ့ပါတယ်။

    အဲဒီနောက်ပိုင်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စက်သုံးဆီတစ်လီတာကို ကျပ်ငွေ ဆယ်ဂဏန်းသာ ဈေးတက်ခဲ့ပေမဲ့ ဒီနေ့မှာတော့ ကျပ် ၂၀၀ ကျော်အထိ ထပ်တက်လာတာဖြစ်ပါတယ်။

    ကမ္ဘာမှာရေနံတင်ပို့မှု ဒုတိယအများဆုံးဖြစ်တဲ့ ရုရှားနိုင်ငံက ယူကရိန်းပေါ်ကျူးကျော်စစ်ကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းမြင့်တက်နေချိန်မှာပဲ ပြည်တွင်းက စက်သုံးဆီဈေးနှုန်းဟာ ရက်ပိုင်းအတွင်း ကျပ်ငွေ ရာဂဏန်းအထိ တရိပ်ရိပ်မြင့်တက်လာနေတာဖြစ်ပါတယ်။

  7. စစ်အာဏာသိမ်းမှုအောက်က မြန်မာ့အမျိုးသမီးတွေရဲ့ရုန်းကန်ရမှုကို ပြည်တွင်းကသံရုံးတွေ အသိအမှတ်ပြုပြောဆို

    စစ်တပ်အာဏာသိမ်းမှုအောက်က မြန်မာအမျိုးသမီးတွေရဲ့ ရုန်းကန်ရမှုကို ဒီနေ့ မတ်လ ၈ ရက်မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ ပြည်တွင်းမှာရှိတဲ့ နိုင်ငံတကာသံရုံးတချို့က အသိအမှတ်ပြု ထုတ်ဖော်ပြောဆိုလာပါတယ်။

    အမျိုးသမီးဖြစ်နေတဲ့အတွက်ကြောင့် ခွဲခြားဆက်ဆံမှုတွေနဲ့ နစ်နာမှုတွေကို တွေ့ကြုံခံစားနေရချိန်မှာ မြန်မာပြည်တဝန်း ပဋိပက္ခတွေကြားက အမျိုးသမီးတွေဟာ ကြောက်ရွံစရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကြုံတွေ့နေရဆဲလို့ သံရုံးတွေက ပြောပါတယ်။

    အမျိုးသမီးတွေဟာ ခက်ခဲတဲ့အခြေအနေတွေကြားကပဲ လူမှုအသိုင်းအဝိုင်းအတွက် စွမ်းသမျှအကျိုးပြုနေကြလို့ မြန်မာအပါအဝင် ကမ္ဘာတဝန်း ပဋိပက္ခဒေသတွေက အမျိုးသမီးတွေအပေါ် တန်ဖိုးထားအသိအမှတ်ပြုသလို လေးစားသမှုလည်းပြုတယ်လို့ဆိုပါတယ်။

  8. ဒီးမော့ဆိုမြို့နယ်အတွင်းက တိုက်ပွဲမရှိတဲ့ရွာတွေကို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့, ဘုရားကျောင်းတစ်ခုပျက်စီးခဲ့တယ်လို့ KNDF ထုတ်ပြန်

    ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ဆောင်ဒူလာကျေးရွာအတွင်းကို ဒီကနေ့မတ်လ ၈ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်တွေလေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကထုတ်ပြန်လာပါတယ်။

    အခုလိုလေကြောင်းတိုက်ခိုက်တာခံရတဲ့ ဆောင်ဒူလာကျေးရွာဟာဆိုရင် ဒေသခံအရပ်သားပြည်သူတွေနဲ့ ကရင်နီပြည်နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေခိုအောင်းရာနေရာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲတွေမရှိတဲ့ ကျေးရွာတစ်ခုဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။

    ဒီလေကြောင်းတိုက်ခိုက်မှုကြောင့်ဆောင်ဒူလာကျေးရွာအတွင်းက ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခု ပျက်စီးခဲ့ပြီး အရပ်သားပြည်သူတွေ ခိုအောင်းနေတဲ့နေရာကို ရည်ရွယ်ချက်ရှိရှိအခုလိုတိုက်ခိုက်တာဟာ စစ်ကောင်စီ အနေနဲ့စစ်ရာဇဝတ်မှုကို ကျုးလွန်တာဖြစ်တယ်လို့KNDF ကထုတ်ပြန်ပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ၂၀၂၁ မေလကစလို့စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေး တပ်တွေကြားတိုက်ပွဲတွေဆက်ဖြစ်ခဲ့တဲ့ ကရင်နီပြည်နယ်အတွင်းမှာတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ လယ်လောက်ကစပြီး ကျေးရွာတွေအနီးလေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေကို စစ်ကောင်စီဘက်က လုပ်ခဲ့ပြီး ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့လည်း ဒေသခံတွေက ပြောဆိုထားပါတယ်။

    အခုလိုစစ်ကောင်စီဘက်က ကရင်နီပြည်နယ်အတွင်းလေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့နေရာတွေထဲမှာဆိုရင် တချို့နေရာတွေဟာ နှစ်ဖက်တိုက်ပွဲတွေမရှိတဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနဲ့ စစ်ရှောင်ခိုလှုံရာနေရာတွေကို ပါတိုက်ခိုက်မှုတွေလုပ်နေတာဖြစ်တယ်လို့KNDF ကထုတ်ပြန်ပါတယ်။

    လက်ရှိနှစ်ဖက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတဲ့ ကရင်နီပြည်နယ်ထဲမှာတော့ ပြည်နယ်လူဦးရေရဲ့ တဝက်ကျော်လောက်ဟာလည်း နေရပ်မှာမနေနိုင်ဘဲ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်ချက်တွေရှိနေကြောင်းကိုလည်း ဒေသခံလူမှုအဖွဲ့အစည်းတွေကထုတ်ပြန်ထားပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ၂၀၂၁ မေလကစလို့စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေး တပ်တွေကြားတိုက်ပွဲတွေဆက်ဖြစ်ခဲ့တဲ့ ကရင်နီပြည်နယ်အတွင်းမှာတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ လယ်လောက်ကစပြီး ကျေးရွာတွေအနီးလေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေကို စစ်ကောင်စီဘက်က လုပ်ခဲ့ပြီး ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့လည်း ဒေသခံတွေက ပြောဆိုထားပါတယ်။

    အခုလိုစစ်ကောင်စီဘက်က ကရင်နီပြည်နယ်အတွင်းလေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့နေရာတွေထဲမှာဆိုရင် တချို့နေရာတွေဟာ နှစ်ဖက်တိုက်ပွဲတွေမရှိတဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနဲ့ စစ်ရှောင်ခိုလှုံရာနေရာတွေကို ပါတိုက်ခိုက်မှုတွေလုပ်နေတာဖြစ်တယ်လို့KNDF ကထုတ်ပြန်ပါတယ်။

    လက်ရှိနှစ်ဖက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတဲ့ ကရင်နီပြည်နယ်ထဲမှာတော့ ပြည်နယ်လူဦးရေရဲ့ တဝက်ကျော်လောက်ဟာလည်း နေရပ်မှာမနေနိုင်ဘဲ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်ချက်တွေရှိနေကြောင်းကိုလည်း ဒေသခံလူမှုအဖွဲ့အစည်းတွေကထုတ်ပြန်ထားပါတယ်။

  9. တပ်မဟာ-၅ နယ်မြေထဲ ဖေဖော်ဝါရီလတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၀ ကျော် သေဆုံးတယ်လို့ KNU ပြော

    ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) တပ်မဟာ ၅ နယ်မြေ၊ မူတြော်ခရိုင်ထဲမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ တစ်လလုံးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်က နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၃၆ ဦးသေဆုံးတယ်လို့ ကေအဲန်ယူဘက်က မတ်လ ၇ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

    ပြီးခဲ့တဲ့တစ်လလုံးမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ အမှတ် ၅ တပ်မဟာလက်အောက်က KNLA တပ်တွေကြား တိုက်ပွဲပေါင်း အကြိမ် ၃၀၀ ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ကျဆုံးသူတွေထဲ ဗိုလ်ကြီးနဲ့ တပ်ကြပ်ကြီး ၃ ဦးစီလည်းပါဝင်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

    အဲဒီတိုက်ပွဲတွေမှာ KNLA ဘက်က ၁၀ ဦးသေဆုံးပြီး ၂၆ ဦးဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။

    အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က စစ်လေယာဉ်သုံးစွဲပြီး အရပ်သား လယ်ယာကိုင်းကွက်ထဲကို ပစ်ခတ်ခဲ့တယ်လို့လည်း KNU ဘက်က ပြောပါတယ်။

    တစ်လတာအတွင်း စစ်ကောင်စီသယ်ပို့ယာဉ် ၅ စင်းနဲ့ အဆောက်အအုံ ၃ လုံးကို ဖျက်စီးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။ စစ်ကောင်စီဘက်ကတော့ တပ်မဟာ ၅ နယ်မြေထဲက တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

  10. အတိုင်ပင်ခံကို စွပ်စွဲတဲ့အဂတိမှုမှာ ဦးဖြိုးမင်းသိန်းကို ပြန်ခေါ်သက်သေအဖြစ် ရှေ့နေတွေစစ်မေး

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းထံကနေ ရွှေနဲ့ဒေါ်လာတွေ ယူခဲ့တယ်ဆိုတဲ့အဂတိအမှုအတွက် ဦးဖြိုးမင်းသိန်းနဲ့ ဇနီးဖြစ်သူ ဒေါ်ခင်မိမိကြွယ်အပါအဝင် ၄ ဦးကို ဒီနေ့ မတ်လ ၇ ရက်မှာ ပြန်ခေါ်သက်သေအဖြစ်နှစ်ဖက်ရှေ့နေတွေက အပြန်အလှန်စစ်မေးတယ်လို့ သိရပါတယ်။

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စုံစမ်းစစ်ဆေးရေးမှူး ဦးရဲထက်က တရားလိုအနေနဲ့တိုင်တန်းခဲ့တဲ့ဒီအမှုကိုရုံးချိန်းကို နေပြည်တော်က ဇမ္ဗူသီရိအထူးတရားရုံးမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီကနေ့မှာ ဦးရဲထက်ကိုယ်တိုင်လည်း ပြန်ခေါ်သက်သေအဖြစ် ထွက်ဆိုခဲ့ပါတယ်။

    ဒီနေ့ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ရွှေနဲ့ဒေါ်လာတွေလက်ခံရယူတယ်ဆိုတာကို စစ်ကြောရေးမှာ ဦးဖြိုးမင်းသိန်း ထွက်ဆိုခဲ့တာကို အခြေပြုပြီး အဂတိတိုက်ဖျက်ရေးကော်မရှင်က အမှုတိုင်ကြားတာဟာ ဥပဒေကြောင်းအရ ညီညွတ်မှုမရှိဘူးဆိုတာကို ရှေ့နေအဖွဲ့က ထောက်ပြခဲ့တယ်လို့လည်းသိရပါတယ်။

    ဒါ့ပြင် ရွေးကောက်ပွဲကော်မရှင်သစ်က ၂၀၂၀ ရွေးကောက်ပွဲ ရလာဒ်ကို ပယ်ဖျက်တယ်လို့ မကြေညာသေးခင် အမှုကို တိုင်တန်းခဲ့တာဖြစ်လို့ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ခံလွှတ်တော်အမတ်တစ်ဦးဖြစ်နေသေးတာကြောင့် လွတ်တော်အမတ်တစ်ဦးရရှိတဲ့ရပိုင်ခွင့်၊ နောက် လွှတ်တော်အမတ်တစ်ဦးကို ခေါ်ယူစစ်ဆေးမေးမြန်းလိုတယ်ဆိုရင် လွှတ်တော်ဥက္ကဋ္ဌကနေတဆင့် တောင်းဆိုရတာ စတဲ့အချက်တွေကို တရားလိုဘက်က တရားစွဲဆိုချိန်မှာ မလုပ်ဆောင်ခဲ့တာကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့က ဥပဒေကြောင်းအရ ထောက်ပြခဲ့တယ်လို့လည်း သိရပါတယ်။

    လာမယ့်တစ်ပတ် တနင်္လာနေ့ ရုံးချိန်းမှာတော့ တရားလိုဘက်က သက်သေအချို့ကို ပြန်ခေါ်သက်သေအဖြစ် ခေါ်ယူမေးမြန်းဖို့ရှိနေတယ်လို့လည်း သိရပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကတော့ ဦးဖြိုးမင်းသိန်းဆီကနေ လာဘ်ယူခဲ့တာ မရှိဘူးလို့ ပြီးခဲ့တဲ့တစ်ပတ် ရုံးချိန်းမှာပဲ ထွက်ဆိုထားခဲ့ပြီးဖြစ်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးဖြိုးမင်းသိန်းဆီကနေ အမေရိကန်ဒေါ်လာ ခြောက်သိန်းနဲ့ အကယ်ဒမီအခေါက်ရွှေ(၇)ပိသာကို လာဘ်ယူတယ်လို့စွပ်စွဲခံထားရတဲ့အဂတိအမှု၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ဆက်စပ်တဲ့ နောက်ထပ် အမှု ၄ ခုအပါအဝင်၊ ထောင်ဒဏ် ၁၅ နှစ်အထိချမှတ်နိုင်တဲ့အဂတိမှု စုစုပေါင်း ၅ မှုကို ရင်ဆိုင်နေရပါတယ်။

  11. မိုးညှင်းနဲ့ နမ့်မားမြို့ကြား တိုက်ပွဲမှာ PDF ၇ ဦးကျဆုံး

    ကချင်ပြည်နယ်၊ မိုးညှင်းမြို့နဲ့ နမ်းမားမြို့ကြားမှာ ဒီနေ့ မတ်လ ၇ ရက် မနက်ပိုင်းတုန်းက ကချင်အမျိုးသားလွတ်မြောက်ရေးတပ်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲမှာ PDF ၇ ဦးကျဆုံးတယ်လို့ သိရှိရတယ်ဆိုပြီး နမ့်မားဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

    ဒီနေ့မနက် ၇ နာရီမှာစတင်တဲ့ အဲဒီတိုက်ပွဲဟာ နမ်းမားနဲ့ပိုနီးတဲ့ ရှမ်းညောင်ကုန်းနဲ့လက်ပံတန်းရွာတဝိုက်မှာဖြစ်ခဲ့တာလို့လည်း ဒေသခံတွေက ဆိုပါတယ်။

    မိုးညှင်းကနေလာတဲ့စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာကနေ ဖြစ်တဲ့အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိအခိုက်များတယ်လို့ ဒေသတွင်း သတင်းတွေမှာဖော်ပြပါတယ်။

    ''PDF ဘက်က ကျသွားသူတွေက နမ်းမားက ၃ ဦး၊ ကျန် ၄ ဦးက ဒေသခံတွေမဟုတ်ဘူးလို့သိရတယ်။ တက္ကသိုလ်ကျောင်းသား လူငယ်တွေလို့လည်း သိရတယ်။ စစ်ကောင်စီတပ်ဘက်က အထိအခိုက်ရှိလို့ လူနာတင်ယာဉ်အကူအညီတောင်းတာမျိုးလည်း ကြားသိရတယ်။ မနက် ၈ နာရီလောက်မှာ လက်နက်ကြီးပစ်ခတ်သံတွေကြားရတာ အချက်ပေါင်းမနည်းဘူး'' လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    မနက် ၉ နာရီခန့်မှာ ပစ်ခတ်တိုက်ခိုက်သံတွေ တိတ်သွားပေမဲ့ နမ့်မားမြို့မှာတော့ ဒီနေ့ ညနေပိုင်းအထိ လူသွားလူလာကျဲပါးနေသလို ဈေးဆိုင်တွေလည်း မဖွင့်တော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

  12. ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲကျေးရွာမှာ စစ်ကောင်စီနဲ့ကရင်နီအင်အားစုတပ်တွေ တိုက်ပွဲဆက်ဖြစ်နေ

    ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီအင်အားစု တပ်ဖွဲ့တွေ ဒီနေ့ မတ်လ ၇ ရက် မနက် ၄ နာရီဝန်းကျင်ကတည်းတိုက် တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

    သေးဆူလဲကျေးရွာမှာ မနေ့ မတ်လ ၆ ရက်မနက်ပိုင်းတုန်းကလည်း တိုက်ပွဲဖြစ်ခဲ့လို့ စစ်ကောင်စီဘက်က အင်အားဆယ်ချီကျဆုံးပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းမိခဲ့တယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း ဒီနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

    မနေ့တုန်းက တိုက်ပွဲမှာတော့ စစ်ကောင်စီက တိုက်လေယာဉ်သုံးပြီး ဗုံးကြဲတိုက်ခိုက်မှု ၁၅ ကြိမ်ထက်မနည်းပြုလုပ်ခဲ့တယ်လို့လည်း ပြည့်သူ့ကာကွယ်ရေးတပ်ဘက်က ပြောပါတယ်။

    စစ်ကောင်စီတပ်နဲ့တိုက်ပွဲအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က အထိအခိုက်ရှိတယ်လို့ သတင်းထုတ်ပြန်ပေမဲ့ လေယာဉ်နဲ့ပစ်ချိန် ဒေသကာကွယ်ရေး အင်အားစုတွေဘက်က တစ်ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရတယ်လို့ ဒေသတွင်းသတင်းတွေမှာဖော်ပြပါတယ်။

    ကရင်နီအင်အားစု ဒေသကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ဒီးမော့ဆိုမြို့နယ်ထဲကို စစ်ကောင်စီက တားဝေးပစ် အမြှောက်တွေပစ်ကူပြီး အင်အားအလုံးအရင်းနဲ့ ထပ်မံထိုးစစ်ဆင်နေတယ်လို့လည်း ဆိုပါတယ်။

    တဖက်မှာလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင်နေတာ တစ်နေရာကနေ တစ်နေရာကို ရွှေ့ပြောင်းနေရပြီး စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာအခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

  13. လေးကေ့ကော် ၊ ရသေ့ဂူ လမ်းပိုင်းတွင်တိုက်ပွဲဖြစ်ပွားနေ

    ကရင်ပြည်နယ် ၊ လေးကေ့ကော်ဒေသ စွယ်တော်ကုန်း(စစ်ကောင်စီ အမြှောက်ကုန်း အနီး ဖလူးလေး - ရသေဂူ ကျေးရွာခြင်းဆက် လမ်းပိုင်း နေရာ မှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ‌‌မြေပြင်အခြေအနေသိရှိသူတစ်ဦးကပြောပါတယ်။ ဒီကနေ့ မတ်လ ၇ရက် မနက် ၆နာရီ ကျော်ကစပြီး စစ်ကောင်စီဘက်က စစ်အင်အားတိုးချဲ့ ပြီးစစ်ကြောင်းထိုးတိုက်ခိုက်လာတဲ့ အတွက် KNUတပ်မဟာ၆ ပူးပေါင်း တပ်ဖွဲ့ တွေနဲ့ နှစ်ဖက် တိုက်ပွဲတွေ ဖြစ်ပွား နေတယ်လို့ တိုက်ပွဲအနီး စစ်မြေပြင် ဆေး တပ်ဖွဲ့ အကူအညီပေး နေသူက ပြောပါတယ်။'' မနက် အစောကြီး ၆နာရီကျော် ကတည်းက စပစ်တယ် စစ်ကောင်စီ တပ်တွေ နေတဲ့ အမြှောက်ကုန်းဘက်ကနေ လက်နက်ကြီး အဆက်မပြတ် ပစ်ပြီး မြေပြင်က ဖလူးလေး ဘက်ကရယ် ၊ရသေ့ဂူ ဘက်ကရယ် အင်အား တစ်ရာကျော်နဲ့ တက်ပစ် ပစ်ပြီး တိုက်ခိုက်လာ တယ်။ ကိုယ့် ကရင် အဖွဲ့ တွေ ကလည်း နေရာစုံ က နေ ပြန်ပစ် တယ်၊၊ ကျနော့်တို့ ဘက်က ရဲဘော်တစ်ယောက် တော့ ခြေ ထောက်ကို လက်နက်ကြီး အစမှန်ပြီး ဒဏ်ရာရတယ်။ စစ်ကောင်စီ တပ်တွေ မြေပြင်မှာ ပိတ်မိ နေလို့ အခုထိ့ လက်နက်ကြီး တွေ ပစ်ခတ် နေတုန်း ပါဘဲ '' လို့ စစ်မြေပြင် ဆေးတပ်ဖွဲ့ နဲ့ ချိတ်ဆက် အကူအညီပေးနေသူ က ပြောပါတယ်။မတ်လ ၂ရက်ကနေ ၇ ရက်အထိ လေးကေကော် ဒေသအတွင်း ဖလူးလေး ရွာ နဲ့ ရသေ့ဂူရွာ လေးကေကော် ရူခင်းသာ ပန်းခြံကုန်း နေရာ တို့ကို ဆက်သွယ်ဖောက်လုပ်ထားတဲ့ ကျေးရွာခြင်းဆက် လမ်း ပိုင်းမှာ နေ့စဥ် တိုက်ပွဲတွေ ဖြစ် ပွားနေတာပါ။ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေဟာ ရသေ့ဂူ ကျေးရွာ KNLAစစ်ရေးနယ်မြေ အတွင်း ပိတ်ဆို့ ပစ်ခတ် ခံနေရတယ်လို့ တိုက်ပွဲ အတွင်း ပါဝင်နေသူ KNLA ပူးပေါင်း တပ်ဖွဲ့ ဝင်တစ်ဦး ပြောဆိုချက်အရ သိရပါတယ် ။

  14. အာဆီယံ-အမေရိကန်ခေါင်းဆောင်တွေ ဆွေးနွေးပွဲရက်ကို အာဆီယံဘက်က အတည်မပြုနိုင်သေး

    အာဆီယံနဲ့ အမေရိကန်နိုင်ငံခေါင်းဆောင်တွေကြားပြုလုပ်မယ့် ထိပ်သီးဆွေးနွေးပွဲရက်ကို အာဆီယံခေါင်းဆောင်တွေကြား အတည်မပြုနိုင်သေးဘူးဆိုပြီး အခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံ ကမ္ဘောဒီးယားရဲ့ဝန်ကြီးချုပ်က ဒီနေ့ မတ်လ ၇ ရက်မှာပြောလာပါတယ်။

    အဲဒီထိပ်သီးဆွေးနွေးပွဲကို အခုလ ၂၈ရက်နဲ့ ၂၉ ရက်မှာ ပြုလုပ်မယ်ဆိုပြီး အမေရိကန်ဘက်ကပြောထားတာပါ။

    အဲဒီရက်အစား အခုလ ၂၆ ရက်နဲ့ ၂၇ ရက်မှာပြုလုပ်ဖို့ အာဆီယံခေါင်းဆောင်တချို့က အဆိုပြုထားပေမဲ့ အမေရိကန်ဘက်က အဆင်မပြေတဲ့အခြေအနေရှိနေတယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောပါတယ်။

    ဒါပေမဲ့ အာဆီယံနဲ့အမေရိကန်ကြားပူးပေါင်းဆောင်ရွက်မှုမှာ ညှိနှိုင်းသူအဖြစ်ဆောင်ရွက်နေတဲ့ အင်ဒိုနီးရှားနိုင်ငံကတော့ ဆွေးနွေးပွဲရက်အတည်ပြုနိုင်ရေး ဆက်လုပ်နေတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

    အမေရိကန်ဘက်ကတော့ အခုလကုန်ပိုင်းမှာ ကျင်းပမယ့် အမေရိကန်- အာဆီယံထိပ်သီးဆွေးနွေးမှာလည်း မြန်မာစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အစား နိုင်ငံရေးရာထူးမရှိသူ ကိုယ်စားလှယ်တစ်ဦးကိုပဲ အာဆီယံထိပ်သီးဆွေးနွေးပွဲတွေကို တက်ရောက်ခိုင်းတဲ့ အာဆီယံဆုံးဖြတ်ချက်ကို ဆက်ပြီးကျင့်သုံးမယ်လို့ အစောပိုင်းကတည်းက ပြောထားပါတယ်။

    မြန်မာ့အရေးဖြေရှင်းမှုတစ်စိတ်တစ်ပိုင်းအနေနဲ့ အာဆီယံခေါင်းဆောင်တွေကြားရရှိတဲ့ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီဘက်က အကောင်အထည်ဖော်မှုမှာ အားနည်းတယ်ဆိုတဲ့အချက်နဲ့ အာဆီယံက အဲဒီဆုံးဖြတ်ချက်ကို ချမှတ်ထားတာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ကတည်းက ဖြစ်ပါတယ်။

    အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)ကို မြန်မာအပါအဝင် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ အင်းဒိုနီးရှား၊ ဖီလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ စင်ကာပူ စတဲ့ အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

  15. မုံရွာနဲ့ကလေးမှာ တနေ့တည်း နေအိမ် ၇ လုံးကို စစ်ကောင်စီချိပ်ပိတ်

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့နဲ့ ကလေးမြို့တို့မှာ မတ်လ ၅ ရက်နေ့တစ်နေ့တည်းမှာ ပဲ စစ်ကောင်စီဘက်က နေအိမ် ၇ လုံးကိုလာရောက်ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

    မုံရွာမြို့ပေါ်ရပ်ကွက်တွေက နေအိမ် ၅ လုံးနဲ့ ကလေးမြို့က နေအိမ် ၂ လုံးဖြစ်တယ်လို့လည်း သိရပါတယ်။

    မုံရွာမြို့ပေါ်ရပ်ကွက်တွေက ချိပ်ပိတ်ခံလိုက်ရတဲ့နေအိမ်တွေထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုထောက်ပံ့တယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲတာခံရပြီး ပြီးခဲ့တဲ့သီတင်းပတ်တွေတုန်းက ဖမ်းဆီးခံလိုက်ရတဲ့ ဆယ်နဲ့ချီတဲ့လူတွေထဲက မုံရွာမြို့ခံစီးပွားရေးလုပ်ငန်းရှင်တွေရဲ့နေအိမ်တချို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

    ကလေးမြို့မှာ ချိပ်ပိတ်ခံလိုက်ရတဲ့နေအိမ် ၂ လုံးကတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပါဝင်ပတ်သက်နေတယ်လို့စွပ်စွဲခံရပြီး ချိပ်ပိတ်ခံလိုက်ရတာဖြစ်ပါတယ်။

    စစ်ကောင်စီဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေမှာပါဝင်တာ ဒါမှမဟုတ် ထောက်ပံ့တာတွေလုပ်နေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအောက်ကနေ နေအိမ် အဆာက်အဦတွေကို ချိပ်ပိတ်တာတွေ နိုင်ငံအနှံ့ ခပ်စိပ်စိပ်ပြုလုပ်လာနေပါတယ်။

  16. အိမ်ချိပ်ပိတ်ခံရပြီးနောက် သေဆုံးသူ လမ်းပေါ်မှာပဲ စျာပန လုပ်ရ

  17. ဒီးမော့ဆို တိုက်ပွဲ စစ်ကောင်စီဘက်က အကျဆုံးများတယ်လို့ ကာကွယ်ရေးတပ်က ပြော

    ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား မတ်လ ၆ ရက်နေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က အကျအဆုံးများတယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်က ပြောပါတယ်။

    ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအုပ်စု ကျောက်ဆည်ကန်နဲ့ ဒေါနယ်ကူးကျေးရွာတွေဘက်မှာ မတ်လ ၅ ရက်နေ့က ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

    မတ်လ ၆ ရက်နေ့ မနက်အစောပိုင်းမှာလည်း ကျောက်ဆည်ကန်ကျေးရွာဘက်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂ ဦးကို အသက်ရှင်လျက် ဖမ်းမိခဲ့ကာ လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

    တိုက်ပွဲတွေပြင်းထန်နေတဲ့ ဒီးမော့ဆိုကျေးရွာတွေအတွင်းကို စစ်ကောင်စီတပ်တွေဘက်က တိုက်လေယာဥ်တွေသုံး တိုက်ခိုက်တာမရှိသေးပေမယ့် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် လူနေအိမ်တလုံး ပျက်စီးခဲ့တယ်လို့လည်း ဒေသကာကွယ်ရေးတပ်တွေဘက်က ပြောပါတယ်။

    စစ်ရေးဗျူဟာအရ အရေးပါတဲ့ နန်းမယ်ခုံမြို့ကို စစ်ကောင်စီတပ်တွေဘက်က လေယာဥ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုတွေကြောင့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ဒေသကာကွယ်ရေးတပ်တွေဘက်က ဆုတ်ခွာခဲ့ရပြီးနောက်ပိုင်း ဒီးမော့ဆိုမြို့နယ်ကို စစ်ကောင်စီတွေဘက်က အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့လည်း ဆိုပါတယ်။

    မတ်လ အစောပိုင်း တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေဘက်က အကျအဆုံးများတယ်လို့ ဒေသကာကွယ်ရေးတပ်တွေဘက်က ပြောပေမယ့် စစ်ကောင်စီဘက်ကတော့ လက်ရှိအချိန်ထိ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

    ကယားပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူဦးရေ တိုးလာနေပြီး အစားအသောက်၊ သောက်ရေသုံးရေ မလုံလောက်မှု နဲ့ အခြေခံလိုအပ်ချက်များစွာရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

  18. မုံရွာမြို့က အိမ် အချို့ ချိတ်ပိတ်ခံရ

    မုံရွာမြို့က တည်းခိုခန်း၊တံဆိပ်ရိုက်လုပ်ငန်းတွေ လုပ်ကိုင်တဲ့ အိမ်တွေ အပါအဝင် နေအိမ် ၅လုံးကို အကြမ်းဖက်အဖွဲ့ နဲ့ပတ်သက်တယ်ဆိုပြီး စစ်ကောင်စီ မတ်လ ၅ ရက်နေ့က ချိပ်ပိတ်လိုက်တယ်လို့ မုံရွာမြို့ခံတစ်ဦးထံက သိရပါတယ်။

    ချိပ်ပိတ်သွားတဲ့ အိမ်တွေကတော့ ထန်းတော ဇီးခြံရပ်က တစ်အိမ်၊ကံသာဦးရပ်က အိမ် တစ်အိမ်၊အလယ်ရပ်က ခိုင်သဇင်တံဆိပ်ရိုက်လုပ်ငန်းလုပ်တဲ့ နေအိမ် ၊အလယ်ရပ်ကွက်၊ ရုံးကြီးရပ် တာရိုးလမ်းက တည်းခိုခန်း တို့ဖြစ်တယ်လို့ သိရပါတယ်။

    မုံရွာမှာပြီးခဲ့တဲ့ ဇန်နဝါရီလက တည်းကစပြီးလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ နေအိမ်တွေကို ချိပ်ပိတ်ခဲ့ပြီး အခုဆိုရင်မုံရွာမှာ စစ်ကောင်စီက ချိပ်ပိတ်တဲ့ အိမ် ၂၀ ခန့်ရှိလာပြီလို့လည်း ဒေသခံတွေကပြောပါတယ်။

  19. ကနီနယ်ထဲ ကျေးလက်ဆေးပေးခန်းအပါအဝင် လူနေအိမ် ၂၀ နီးပါးမီးရှို့ခံရ

    စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမအရှေ့ရွာနဲ့ ချောင်းမ အနောက်ရွာ ၂ ရွာကို စစ်ကောင်စီတပ်တွေက မတ်လ ၅ ရက် ညနှောင်းပိုင်းမှာရောက်လာပြီး ကျေးလက်ဆေးပေးခန်းအပါအဝင် လူနေအိမ်အလုံး ၂၀ နီးပါးကို မီးရှို့သွားတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    ''သူတို့က ရွာဘုန်းကြီးကျောင်းမှာ စခန်းချတယ်။ မီးရှို့ခံရတဲ့အထဲ ဘုန်းကြီးကျောင်းမပါပေမဲ့ ကျောင်းနဲ့ကပ်လျက် ကျေးလက်ကျန်းမာရေးဆေးပေးခန်းတော့ ပါသွားတယ်။ ချောင်းမ ရွာမကြီး(အနောက်ရွာ)က လောင်တဲ့အိမ်ပိုများတယ်။ ၁၃ လုံးပေါ့။ နွားတဲကြီးတွေ၊ ဆီစက်တွေ၊ ထွန်စက်တွေပါ ပျက်စီးတယ်''လို့ ဒေသခံတစ်ဦးကပြောပါတယ်။

    စစ်ကောင်စီတပ်တွေဟာ မတ်လ ၄ ရက်နေ့တုန်းကလည်း ချောင်းမရွာတွေဘက်ကို ဝင်လာခဲ့ပေမဲ့ မတ်လ ၅ ရက်ညမှာ နောက်တစ်ကြိမ် ဝင်လာချိန် မီးရှို့သွားခဲ့တာလို့လည်း ဒေသခံတွေက ပြောပါတယ်။

    အဲဒီလိုမီးရှို့တာမလုပ်ခင်နေ့လည်ပိုင်းတွေမှာ အရှို့ခံရတဲ့ရွာတွေထဲကို စစ်ကောင်စီဘက်က အရပ်ဝတ်တွေက လာရောက်စုံစမ်းတာမျိုးလည်းရှိခဲ့တယ်လို့ဆိုပါတယ်။

    ဒေသခံတွေဘက်ကတော့ အနီးနားမှာ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲမရှိဘဲ စစ်ကောင်စီက အခုလို ဝင်ရောက်မီးရှို့သွားတာလို့လည်းပြောပါတယ်။

    အခုတော့ စစ်ကောင်စီဘက်က နယ်မြေလှုပ်ရှားမှုတွေကြောင့် ချောင်းဝအပါအဝင် သစ်ဝင်၊အောင်မင်္ဂလာစတဲ့ရွာတွေက ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ လုံခြုံရေးစိုးရိမ်ပြီး ဘေးလွတ်ရာပြောင်းရွှေ့နေထိုင်နေကြတယ်လို့သိရပါတယ်။

  20. မြစ်ငယ်မီးရထားဝန်းအနီးနားက နေအိမ်တွေ ဖျက်ပြီးပြောင်းရွှေ့ကြဖို့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေက လိုက်‌ပြောနေ

    မန္တလေးမြို့ မြစ်ငယ် လူစီးတွဲနှင့် ကုန်တွဲစက်ရုံမီးရထားဝန်းအနီးနားက အိမ်ရာတွေကို တရားမဝင်ကျူးကျော် နေထိုင်လို့ဆိုကာ နေအိမ်တွေ ဖျက်ပြီးပြောင်းရွှေ့ဖို့ ဒီနေ့မတ် ၆ရက် မှာ စစ်ကောင်စီက စာရွက်တွေ လိုက်ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    "အခုက မီးရထားနယ်နမိတ်အတွင်းမှာပဲ။ ဘာလို့ဆို အင်္ဂလိပ်လက်ထက်ကတည်းက မီးရထားစက်ခေါင်းရုံ ဆောက်လာတာ။ စက်ရုံစတည်ကတည်းက လူစည်အောင် ဖိတ်ခေါ်နေရာချပေးထားတာ။ ဂရမ်မရှိကြပေမယ့် အိမ်နံပါတ်တွေ ချပေးထားတာ။ စက်ရုံမှာ အထောက်ထားတွေရှိတယ်"လို့ နေအိမ်ဖယ်ရှားပေးရမယ့် ဘူတာအနီး ဒေသခံတစ်ဦးက ပြောပါတယ်။

    အခု နေအိမ်တွေ ဖျက်ခိုင်းတဲ့နေရာမှာ တိုက်အိမ် နေအိမ်တွေ အလုံးပေါင်း ၁၆၅အိမ်ရှိပါတယ်။ အဲ့ဒါတွေဟာ မြစ်ငယ်ဘူတာ မီးရထားဝန်း အနီး နေအိမ်၊ စာသင်ကျောင်း အနောက်ဘက် ရပ်ကွက်နဲ့ ဈေးနေအိမ်တွေ ဖြစ်ပါတယ်။ ရက်ပိုင်းအတွင်း ဖျက်ပေးဖို့ စစ်သား၊ ရဲတွေက စည်းတံဆိပ်မပါတဲ့ စည်ပင်ကော်မတီရဲ့ မြို့နယ်ကျူးကျော်ရှင်းလင်းရေးကော်မတီ ကြေညာစာရွက်ကို အိမ်တိုင်း လိုက်ဝေပေးတာဖြစ်တယ်လို့ ဆိုပါတယ်။

    မြစ်ငယ်ဘူတာ မီးရထားဝန်းနဲ့ အနီးနားနေအိမ်တွေက ဘိုးဘွားလက်ထက် မီးရထားဝန်ထမ်းမိသားစုတွေ အများပြားရှိသလို တချို့က လက်လုပ်လက်စားနဲ့ ဈေးသည်အများစုက ကိုယ်ပိုင်နေအိမ်တည်ဆောက် နေထိုင်ကြတာဖြစ်ပါတယ်။ မန္တလေးမြို့ စည်ပင်ကော်မတီက မြို့နယ် ၆ခုအတွင်း တရားမဝင်ကျူးကျော်နေထိုင်တဲ့ အိမ်တွေဖယ်ရှားပေးဖို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက မြို့နယ်အလိုက် နေအိမ်တွေ ဖျက်မယ်လို့ စည်ပင်ပိုင်သတင်းစာမှာ ကြေညာထားပါတယ်။

    ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလယ်ပိုင်းမှာလည်း မြစ်ငယ်မီးရထား လူစီးတွဲနှင့် ကုန်တွဲစက်ရုံမှာ CDM ဝင်ထားတဲ့ ရာထူးက ထုတ်ပယ်ပြီး ဝန်ထမ်းတွေကို ဝန်ထမ်းအိမ်ရာက ဆင်းပေးဖို့ စည်းတံဆိပ်မပါတဲ့ အကြောင်းကြားစာတွေ ထွက်ပေါ်ခဲ့ပါတယ်။ လက်ရှိမှာ CDM ဝန်ထမ်းတွေရဲ့ အိမ်ရာအခန်းတွေကို သော့ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။