ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

လျှပ်စစ်မီးနာရီနဲ့ချီ ပြတ်တောက်နေတာကြောင့် သောက်သုံးရေပြတ်လပ်မှုတွေရှိလာ

ရန်ကုန်မြို့လို လူဦးရေထူထပ်ပြီး တိုက်ခန်းနေလူဦးရေများပြားတဲ့ ရပ်ကွက်တွေမှာတော့မီးပြတ်ချိန်များလာတာနဲ့အမျှ အထပ်မြင့်တွေဆီရေတင်ဖို့ခက်လာပြီး သောက်သုံးရေမရတာတွေပါရှိလာပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အာဏာသိမ်းပြီးနောက် နေအိမ်စွန့်ခွာထွက်ပြေးရသူ ၅ သိန်းကျော်ပြီ

    မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာ သိမ်းခဲ့ပြီးချိန် လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကစလို့ နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသူ အရေအတွက်ဟာ၅ သိန်း ရှိသွားပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။

    နောက်ထပ် လူသောင်းနဲ့ချီပြီး ပြည်ပနိုင်ငံတွေကို ထွက်ပြေးခဲ့ကြပါတယ်။ အများစုဟာ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတွေကို ထွက်ပြေး ခိုလှုံခဲ့ကြပါတယ်။

    ဒေသခံအတော်များများဟာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအကြား ရင်ဆိုင်တိုက်ပွဲတွေကြောင့်နေအိမ်တွေကို စွန့်ခွာ ထွက်ပြေးခဲ့ကြရတာပါ။

    ဒါ့အပြင် ကာလတာရှည် လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသား တပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တွေအကြားမှာလည်း တိုက်ပွဲတွေ ပိုပြင်းထန်လာနေပါတယ်။

  2. စစ်ကိုင်း၊မကွေး၊ ကယားနဲ့ချင်းတို့မှာနေအိမ်မီးရှို့ဖျက်ဆီးခံရမှုအများဆုံး ဖြစ်လာ, ဒေသတချို့ကိုအင်တာနက်ဖြတ်ထားပြီး ကျေးရွာနေအိမ်တွေမီးရှို့ဖျက်ဆီးခံရတာတွေဆက်ဖြစ်နေ

    မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလကနေစပြီး ၂၀၂၂ ခုနှစ် မတ်လ ပထမပတ်အထိ နိုင်ငံတဝန်းမှာ လူနေအိမ် ၆,၇၁၉ ကျော်ကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးမှုတွေလုပ်ခဲ့တယ်လို့ စောင့်ကြည့်မှတ်တမ်းတင်ထားတဲ့ Data of Myanmar က ထုတ်ပြန်လာပါတယ်။

    အခုလိုမီးရှို့ဖျက်ဆီးခံရတဲ့အထဲမှာတော့ စစ်ကောင်စီတပ်တွေနဲ့တိုက်ပွဲတွေပြင်းထန်နေတဲ့ စစ်ကိုင်း၊ မကွေး၊ ကယားပြည်နယ်နဲ့ချင်းပြည်နယ် ဘက်တွေမှာအများဆုံးဖြစ်နေပါတယ်။

    အခု မတ်လ ပထမပတ်မှာပဲ စစ်ကိုင်းတိုင်းထဲက လူနေအိမ် ၂၇၀ ကျော်နဲ့မကွေးတိုင်းထဲက လူနေအိမ် ၂၅၀ လောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့ပြီး ရက်သတ္တပတ်အတွင်းမှာပဲ နိုင်ငံတဝန်းလူနေအိမ် ၆၀၀ ယောက်မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ဒါ့အပြင် စစ်ကိုင်းတိုင်းထဲ ကျေးရွာအများစုဟာ အင်တာနက်ဖြတ်တောက်ခံထားရပြီး မတ်လပထမပတ်မှာပဲ အင်တာနက်လုံးဝပြတ်တောက်တဲ့ ကျေးရွာတွေထပ်တိုးလာတယ်လို့ဒေသခံတွေကပြောပါတယ်။

    စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်ထဲက ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေမှာတော့ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့လောက်ကစပြီး အင်တာနက်ပြတ်တောက်သွားခဲ့ပြီး မှန်တော၊ ဒါန်းကုန်း၊ ကျွန်းလည်၊ သိမ်တော၊ မူးသာရွာ စတဲ့ ကျေးရွာတွေထဲက လူနေအိမ် ၇၀ ဝန်းကျင်ထက်မနည်း မီးရှို့ဖျက်ဆီးခံရတယ်လို့ ဆိုပါတယ်။

    အဲဒီလို ဖျက်ဆီးခံရတဲ့အပြင် ဒေသခံ ရွာသား ၃ ဦးသေဆုံးခဲ့သလို ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် ၁၄ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ဒေသကာကွယ်ရေးတပ်တွေက ဘီဘီစီကိုဆက်သွယ်ပြောပြထားပါတယ်။

    အခုမတ်လ ပထမပတ်ထဲမှာတင် လူနေအိမ် ၆၀၀ လောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    အခုလို ကျေးရွာတွေမီးရှို့ဖျက်ဆီးခံရမှုဟာ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြား နှစ်ဖက်တိုက်ပွဲတွေပြီးတဲ့နောက် အနီးအနားက ကျေးရွာတွေကို စစ်ကောင်စီက ဝင်ရောက်မီးရှို့ဖျက်ဆီးတာတွေရှိသလို ကျေးရွာတချို့ကိုတော့ တိုက်ပွဲမရှိဘဲ ဝင်ရောက်ပစ်ခတ် မီးရှို့တာ၊ လေကြောင်းပစ်ခတ်မှုတွေလုပ်ခဲ့တာဖြစ်ကြောင်းကိုလည်း ကိုယ်တိုင်ကြုံရတဲ့ ဒေသခံတွေကပြောဆိုထားပါတယ်။

    ဒါ့အပြင် ရွာလုံးကျွတ်နေအိမ်တွေမီးလောင်ပျက်စီးခဲ့တာကြောင့် ဒေသခံအများစုဟာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ မလုပ်နိုင်ဘဲ လနဲ့ချီဘေးလွတ်ရာတိမ်းရှောင်နေရဆဲ ဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။

    အခုလိုကျေးရွာနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ကိုယ်တိုင်ကြုံရတဲ့ ဒေသခံတွေရဲ့ပြောဆိုချက်နဲ့ပတ်သက်ပြီး ဘီဘီစီက စစ်ကောင်စီသတင်းထုတ်ပြန်ရေးပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း မေးမြန်းရာမှာတော့ စစ်ကောင်စီဘက်က မလုပ်ခဲ့ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

  3. ၈၈ မျိုးဆက်ကျောင်းသားဟောင်း ဦးမြအေး ထောင် ၂ နှစ်ချမှတ်ခံရ

    စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမြအေးကို အင်းစိန်ထောင်တွင်း တရားရုံးကနေ ဒီနေ့ မတ်လ ၁၀ ရက်မှာ ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။

    ဦးမြအေးဟာ ပုဒ်မ ၅၀၅-ဂ အမှုကို အင်းစိန်ထောင်တွင်းကနေ ပြီးခဲ့တဲ့နှစ်ဧပြီလကတည်းက တရားရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

    ထောင်ဒဏ် ၂ နှစ်ချမှတ်ခံလိုက်တာဖြစ်ပြီး ချုပ်ရက်တော့ ခံစားခွင့်ရှိမယ်လို့ သိရပါတယ်။

    မိသားစုကတော့ ဦးမြအေး အိမ်ကို ပြန်လာနိုင်တာ ဖြစ်စေချင်ပေမဲ့ အပြစ် ရှိရှိ မရှိရှိ ပြစ်ဒဏ် ချမယ်ဆိုတာ ကြိုတင်ခန့်မှန်းပြီးသား ဖြစ်တဲ့အတွက် အထွေအထူး မျှော်လင့်ထားတာတော့ မရှိဘူးလို့ ဘီဘီစီကို အစောပိုင်းကတည်းက ပြောထားပါတယ်။

    ဦးမြအေးကို တရားစွဲတဲ့ အမှုက ၂၀၁၄ ခုနှစ် တုန်းက ရေးသားပေးပို့ခဲ့တဲ့ အီးမေးလ် တစ်စောင်နဲ့ ပတ်သက်ပြီး လူမျိုးအချင်းချင်းဖြစ်စေ လူမျိုး တမျိုးနဲ့ တမျိုးဖြစ်စေ တစ်ဖက်နဲ့တစ်ဖက် ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်ရာရောက်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ စွဲဆိုတဲ့ အမှုဖြစ်ပါတယ်။

  4. ဒီးမော့ဆိုကုန်းသာတိုက်ပွဲမှာ CDM ကျောင်းဆရာတစ်ဦးဖြစ်တဲ့ KGZ တပ်ဖွဲ့ဝင်တစ်ဦးနဲ့Free Burma Ranger တပ်ဖွဲ့ဝင်အမျိုးသမီးတစ်ဦးလက်နက်ကြီးထိမှန်ကျဆုံး

    ကယား(ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားတိုက်ပွဲမှာ Karenni Generation Z တပ်ဖွဲ့ဝင်တစ်ဦးနဲ့Free Burma Ranger တပ်ဖွဲ့ဝင်အမျိုးသမီးတစ်ဦးလက်နက်ကြီးထိမှန်ပြီး ကျဆုံးခဲ့တယ်လို့သက်ဆိုင်ရာအဖွဲ့အစည်းတွေကထုတ်ပြန်လာပါတယ်။

    တိုက်ပွဲမှာထိခိုက်ကျဆုံးခဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် ကိုဇော်လင်းထွန်းဟာဆိုရင် လွိုင်ကော်ပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂက ပြင်ပဆက်ဆံရေးတာဝန်ခံတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးလွိုင်ကော်ပညာရေးကောလိပ်DTEd အပတ်စဉ်(၂၃/၁၈) ဝိဇ္ဇာတန်းကကျောင်းသားတဦးဖြစ်သလို ကရင်နီပြည်နယ်အတွင်းက ဒေသကာကွယ်ရေးတပ်တစ်ခုဖြစ်တဲ့ Karenni Generation Z ရဲ့ စစ်ကြောင်းမှူးဗိုလ်ဆောရယ်အဖြစ်တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တာဖြစ်တယ်လို့ လွိုင်ကော်ပညာရေး ကောလိပ်ကျောင်းသား သမဂ္ဂအဖွဲ့တွေကထုတ်ပြန်ဖော်ပြထားပါတယ်။

    အလားတူပဲ ကယားပြည်နယ်အတွင်းမှာ တိုက်ပွဲတွေအတွင်းက ပြည်သူတွေနဲ့စစ်ရှောင်ပြည်သူတွေကိုအကူအညီပေးနေတဲ့Free Burma Ranger အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မအဲလစ်စ်ဘက်ဟာလည်း ဒေသခံပြည်သူတွေကို ကူညီကယ်ထုတ်နေရင်းစစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အပြင်းအထန် ဒဏ်ရာရရင်းကျဆုံးခဲ့တယ်လို့ FBR အဖွဲ့က အမိန့်ပြန်တမ်းစာထုတ်ပြန်ခဲ့ပါတယ်။

    Free Burma Ranger အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မအဲလစ်စ်ဘတ်ဟာဆိုရင် ပဲခူးသားဖွားသင်တန်းကဒုတိယနှစ်ကျောင်းသူတစ်ဦးဖြစ်ပြီး FBR မှာ တာဝန်ထမ်းဆောင်တာ တနှစ်ရှိပြီလို့အဖွဲ့ဝင်တွေကပြောပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ကရင်နီပြည်နယ်အတွင်းက တိုက်ပွဲတွေကြားမှာ ဒေသခံပြည်သူတွေကိုအကူအညီပေးရင်းနဲ့ကျဆုံးခဲ့တဲ့ Free Burma Ranger အဖွဲ့ဝင်၃ ဦးရှိပြီလို့လည်းသိရပါတယ်။

    မနေ့က ဒီးမော့ဆိုကုန်းသာတိုက်ပွဲအတွင်းမှာ ကျဆုံးသွားတဲ့KGZ စစ်ကြောင်းမှူးဗိုလ်ဆောရယ်နဲ့Free Burma Ranger အဖွဲ့က မအဲလစ်စ်ဘတ်တို့နဲ့ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးက ဝမ်းနည်းဂုဏ်ယူကြောင်းတွေကိုထုတ်ပြန်ထားပါတယ်။

    စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေပြင်းထန်နေတဲ့ ကယားပြည်နယ်အတွင်းမှာတော့ ဒီကနေ့မတ်လ ၁၀ ရက်နေ့မနကပိုင်းအထိ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေဆက်လုပ်နေပါတယ်။

  5. ချောင်းဦးနယ်ထဲ ပျူစောထီးတွေသင်တန်းတက်နေတဲ့ ကံကြီးကုန်းရွာကို ဒေသကာကွယ်ရေးတပ်တွေ ဝင်တိုက်, စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးတယ်လို့ဆို

    စစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်ထဲက ကံကြီးကုန်းကျေးရွာကို မတ်လ ၉ ရက်ညမှာ ဒေသကာကွယ်ရေးတပ်တွေက ဝင်တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော် သေဆုံးတယ်လို့သိရပါတယ်။

    အရပ်အခေါ် စစ်တပ်ယိမ်း ပျူစောထီးတွေကို သင်တန်းပေးနေတယ်ဆိုတဲ့ အဲဒီရွာထဲက ဘုန်းကြီးကျောင်းကို ချောင်းဦး၊ မြင်းခြံ စတဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့ ၅ ဖွဲ့က ဝင်တိုက်ခဲ့တာလို့ သိရပါတယ်။

    ‘‘မတ်လ ၉ ရက်ညဦးပိုင်းမှာ တိုက်ပွဲဖြစ်တာ။ သူတို့က ရွာထဲက အိမ်တစ်လုံးကို မီးရှို့ အကာအကွယ်ယူပြီး ဆုတ်ပြေးကြတယ်။ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ၃ ယောက် ဒဏ်ရာရတယ်။ မုံရွာဘက်ကနေ စစ်ကား ၃ စီးဆင်းလာတယ်ဆိုတဲ့သတင်းကြောင့် ဒေသကာကွယ်ရေးအဖွဲ့တွေ နောက်ဆုတ်သွားတာလို့ သိရတယ်။ မနက်ပိုင်းကျတော့ စစ်တပ်က ဖောကားတွေနဲ့ အလောင်းတွေ သယ်ထုတ်သွားတယ်’’လို့ ဒေသကာကွယ်ရေးဘက်က ပြောပါတယ်။

    အဲဒီနေ့ မနက်ပိုင်းမှာတော့ စစ်ကူလာတဲ့စစ်ကောင်စီတပ်တွေက ယာကြီးတောကျေးရွာနဲ့ ယာ၀ကျေးရွာတွေကို မီးရှို့ခဲ့ကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

    လက်ရှိမှာတော့ ကံကြီးကုန်းဒေသခံတွေဟာ ဘေးလွတ်ရာပြောင်း တိမ်းရှောင်ထွက်ပြေးနေကြရပါတယ်။

    ကံကြီးကုန်းရွာ ထိတွေ့တိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းတစ်စုံတရာ ထုတ်ပြန်တာမရှိသေးပါဘူး။

  6. သံတွဲမြို့က ပရဟိသမား နှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မ ၅၂(က)နဲ့စွဲချက်အမိန့်ချ

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မှာ ပထမဆုံးကမ်းဖက်မှုပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲခံလိုက်ရတဲ့ သံတွဲမြို့က ပရဟိတသမား ကိုစိန်ချစ်နဲ့ကိုရဲနိုင်ဦးတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မ ၅၂(က)နဲ့သံတွဲခရိုင်တရားရုံးက မနေ့မတ်လ ၉ ရက်မှာ စွဲချက်အမိန့်ချမှတ်လိုက်တယ်လို့သက်ဆိုင်ရာတရားလွှတ်တော်ရှေ့နေတွေကပြောပါတယ်။

    သူတို့နှစ်ဦးကိုတော့ PDF တွေကို ကူညီပေးနေတယ်ဆိုပြီး စစ်ကောင်စီနဲ့ရဲတပ်ဖွဲ့ကပြီးခဲ့တဲ့အောက်တိုဘာလထဲမှာ နေအိမ်မှာ ဖမ်းဆီးလိုက်တာဖြစ်ပြီး စွပ်စွဲခံရသူတွေဘက်ကတွေဘက်ကတော့သူတို့မှာ အပြစ်မရှိကြောင်း ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။

    ဒီအမှုနဲ့ပတ်သက်ပြီး သံတွဲမြို့က စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ ဝင်တစ်ဦးဖြစ်တဲ့ တပ်ကြပ်ကြီးကျော်မြင့်ကတရားလိုသက်သေအဖြစ်ပါဝင်ပြီး လာမယ့် မတ်လ ၁၇ ရက်နေ့မှာလည်း ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးဖို့ရှိနေတယ်လို့သက်ဆိုင်ရာရှေ့နေတွေ ကပြောပါတယ်။

    “၅၂ (က) နဲ့စွဲချက်တင်ပါတယ်။ စွဲချက်တင်တော့ ကိုစိန်ချစ်ရယ် ကိုရဲနိုင်ဦးတို့နှစ်ယောက်စလုံးက သူတို့အပြစ်မရှိဘူးပေါ့နော် အဲ့လိုပုံစံမျိုးငြင်းဆိုပြီးတော့ တရားလိုသက်သေ ၁၃ ယောက်ထဲက တပ်ကြပ်ကြီး ကျော်မြင့်ကို ပြန်ခေါ်သက်သေအနေနဲ့ စစ်ဖို့အတွက် ပြန်ချိန်းထားပါတယ်”လို့ တရားဥပဒေအရလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေဒေါ်သိင်္ဂီမောင်က ပြောပါတယ်။

    ဒါ့အပြင် ကိုစိန်ချစ်ဟာဆိုရင် အစာအိမ်ရောဂါကိုခံစားနေရပြီး ကိုရဲနိုင်ဦးဟာဆိုရင်လည်း ကားအက်ဆီးဒင့်ကြောင့် သွားအတုတွေတပ်ထားရပြီး လက်ရှိအကျဉ်းထောင်ထဲမှာ နေတဲ့ကာလအတွင်း အံကပ်တွေပြုတ်ထွက်သွားတဲ့အတွက် အပြင်သွားဆေးခန်းမှာ ပြသ ဖို့တောင်းဆိုထားပေမယ့် ထောင်တွင်းမှာပဲ ကုသဖို့ရဲတပ်ဖွဲ့ဝင်တွေက ပြန်လည်ပြောဆိုထားတယ်လို့ဆိုပါတယ်။

    ဒါ့အပြင် ဒီကနေ့မတ်လ ၁၀ ရက်နေ့မှာဆိုရင်လည်း တောင်ကုတ်မြို့နယ်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)နဲ့တရားစွဲဆိုခံထားရတဲ့ လူငယ်ကွန်ရက်ဥက္ကဌ ကိုမင်းကိုဦး ကိုလည်း စွဲချက်အမိန့်ချဖို့ရှိနေတယ်လို့လည်း ရှေ့နေ ဒေါ်သိင်္ဂီမောင်က ပြောပါတယ်။

    ရခိုင်ပြည်နယ်ထဲမှာတော့ PDF တွေကိုထောက်ပံ့ကူညီပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ၁၀ ဦးအနက် မြောက်ဦးမြို့နယ် ပန်မော်ကျေးရွာက လူငယ်စာရေးဆရာ မင်းဒီပါ ခေါ် ကိုအောင်နိုင်မြင့်ကိုလည်း မြောက်ဦး ခရိုင်တရားရုံးက အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ပြီးတော့ တခြားအမှုတွေကိုတော့ စစ်ဆေးနေဆဲပဲလို့သိရပါတယ်။

  7. ဒီးမောဆိုမှာ လက်နက်ကြီးထိမှန်ထားတဲ့ ဘာသာရေးအဆောက်အဦတွေ လေကြောင်းနဲ့ထပ် တိုက်ခိုက်ခံရ, အရပ်သားတွေနဲ့ဘာသာရေးအဆောက်အဦးတွေ ထိခိုက်မှုတွေဆက်တိုက်ဖြစ်နေ

    ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲကဒေါငံခါးကျေးရွာဘက်ကို စစ်ကောင်စီဘက်က ဒီကနေ့မတ်လ ၁၀ ရက်နေ့မနက်ပိုင်းက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု တွေလုပ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီဘက်က တိုက်လေယာဉ်၊ ကင်းထောက်လေယာဉ်တို့နဲ့ ဗုံးကြဲခဲ့တာဖြစ်ပြီး ဒီတိုက်ခိုက်မှုကြောင့် ဒေါငံခါးကျေးရွာက သီလရှင်ကျောင်း အဆောက်အဦ ၄ လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။

    အခုလိုလေကြောင်းတိုက်ခိုက်ခံရတဲ့ သီလရှင်ကျောင်းဟာ ပထမအကြိမ်မှာလည်း စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်တာခံထားရတယ်လို့ဆိုပါတယ်။

    စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ၂၀၂၁ မေလကစလို့စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေး တပ်တွေကြား တိုက်ပွဲတွေဆက်ဖြစ်ခဲ့တဲ့ ကယားပြည်နယ်အတွင်းမှာတော့ အခုနှစ် ဖေဖော်ဝါရီလ လယ်လောက်ကစပြီး ကျေးရွာတွေအနီးလေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေကို စစ်ကောင်စီဘက်က ပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။

    အခုလိုစစ်ကောင်စီဘက်က ကယားပြည်နယ်အတွင်းလေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့နေရာတွေထဲမှာ တချို့နေရာတွေဟာ နှစ်ဖက်တိုက်ပွဲတွေမရှိတဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနဲ့ စစ်ရှောင်ခိုလှုံရာနေရာတွေကို ပါတိုက်ခိုက်မှုတွေလုပ်နေတာဖြစ်တယ်လို့ လည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကထုတ်ပြန်ပါတယ်။

    အခုမတ်လထဲမှာပဲ တိုက်ပွဲမရှိတဲ့ကျေးရွာတွေအတွင်းက အရပ်သားပြည်သူ ၁၀ ဦးထက်မနည်းသေဆုံးပြီး လက်နက်ကြီးထိမှန်တာကြောင့် သေဆုံးရတဲ့ကလေးငယ် ၃ ဦးလည်းပါဝင်တယ်လို့ ထုတ်ပြန်ချက်တွေကဖော်ပြထားပါတယ်။

    အခုလိုအရပ်သားပြည်သူတွေနဲ့ဘာသာရေးအဆောက်အဦးတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့အပေါ် ရှုံ့ချကြောင်း ကယားပြည်နယ်အတွင်းက လူမှုအဖွဲ့အစည်းတွေနဲ့ဒေသကာကွယ်ရေးတပ်တွေက ပြောဆိုထုတ်ပြန်မှုတွေလုပ်ထားပါတယ်။

    စစ်ကောင်စီဘက်ကတော့ ကယားပြည်နယ်ထဲက အရပ်သားသေဆုံးမှုတွေနဲ့ပတ်သက်လို့တုံ့ပြန်ပြောဆိုတာမရှိပါဘူး။

  8. နေ့စဉ် ဈေးတက်နေတဲ့ စက်သုံးဆီ

    ပြည်တွင်း စက်သုံးဆီဈေးဟာ တစ်ရက်ကို ၂၀၀ ကျပ်နှုန်းလောက်နဲ့ ဈေးဆက်တက်နေတာကိုတွေ့ရပါတယ်။

    တစ်ဖက်မှာလည်း လျှပ်စစ်မီး အချိန်ကြာမြင့်စွာပြတ်တောက်မှု၊ လောင်စာဆီဈေးနှုန်းမြင့်တက်မှုတွေကြောင့် လျှပ်စစ်မီးကိုအသုံးပြုလည်ပတ်ရတဲ့လုပ်ငန်းတချို့ ရပ်နားထားရတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

    လူတစ်ဦးတစ်နေ့အနိမ့်ဆုံးလုပ်ခလစာ ကျပ် ၃၆၀၀ သာရရှိတဲ့ မြန်မာနိုင်ငံမှာ အခုဆို စက်သုံးဆီတစ်လီတာဈေးဟာ လူတစ်ဦးရဲ့တစ်နေ့ဝင်ငွေကိုရောက်ဖို့ ကျပ်တစ်ထောင်ကျော်သာ လိုပါတော့တယ်။

  9. စစ်ကောင်စီဥက္ကဋ္ဌကို တာဝန်ပြီးဆုံးလို့ ပြန်မယ့် ထိုင်းသံအမတ် သွားရောက်တွေ့ဆုံ

    တာဝန်ပြီးဆုံးလို့ ပြန်မယ့် ထိုင်းသံအမတ် မစ္စစ် ဆူဖတ်ထရာ ဆရီမိုင်းသရီဖိတပ်ဟာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မနေ့ မတ်လ ၉ ရက်မှာ နေပြည်တော်မှာ သွားရောက်တွေ့ဆုံခဲ့တယ်လို့ နိုင်ငံပိုင်သတင်းတွေမှာဖော်ပြလာပါတယ်။

    ထိုင်းသံအမတ်နဲ့ စစ်ကောင်စီဥက္ကဋ္ဌတို့ဟာ နှစ်နိုင်ငံကုန်သွယ်ရေးမှာ ထိုင်းဘတ်ငွေနဲ့ မြန်မာကျပ်ငွေ တိုက်ရိုက်ပေးချေမှုစနစ် အကောင်အထည်ဖော်တဲ့ကိစ္စ၊ ကိုဗစ်ဒုတိယလှိုင်းမှာ ထိုင်းက မြန်မာကို အောက်စီဂျင်တွေ အကူအညီပေးတဲ့ကိစ္စနဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် ထိုင်းသံအမတ်ဟာ စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်တို့နဲ့လည်း မနေ့ တစ်နေ့တည်းမှာတွေ့ဆုံခဲ့ပါတယ်။

    စစ်တပ်က ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းပြီးတဲ့နောက် စစ်ခေါင်းဆောင်နဲ့မတွေ့တဲ့ သံရုံးတွေရှိနေပြီး သံအမတ်တချို့ဟာ သူတို့ရဲ့သံတမန်ခန့်အပ်လွှာကို စစ်ကောင်စီဥက္ကဋ္ဌထံ ပေးအပ်ဖို့ ငြင်းဆိုမှုတွေရှိနေချိန်မှာပဲ ထိုင်းသံအမတ်ရဲ့အခုလို တွေ့ဆုံမှုပေါ်ပေါက်လာတာဖြစ်ပါတယ်။

    တစ်ဖက်မှာလည်း ဒီလိုတွေဆုံမှုဟာ ထိုင်းဘက်က စစ်ကောင်စီဥက္ကဋ္ဌကို နိုင်ငံ့ခေါင်းဆောင်တစ်ယောက် အနေနဲ့ တနည်းတဖုံနဲ့ အသိအမှတ်ပြုရာကိုလည်း ပြသနေပါတယ်။

    ထိုင်းနိုင်ငံဟာ မြန်မာပြည်တွင်းက စစ်တပ်ရဲ့အာဏာသိမ်းမှုကို ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုတာမျိုးမရှိသေးသလို အိမ်နီးချင်းအရေးကို တိတ်တဆိတ် သံခင်းတမန်ခင်းနည်းသုံး ပါဝင်ဖြေရှင်းမယ်လို့ အစောပိုင်းကတည်းက ပြောထားပါတယ်။

  10. ဦးညီပုသမီး ဒေါ်မိုးဆန်းစုကြည်ကို ပုဒ်မ ၁၇ (၁) နဲ့ ထပ်မံတရားစွဲ

  11. သားအမိနှစ်ဦး ၊ အမျိုးသား ၅ ဦး အသတ်ခံရပြီး လူ ၃၀ လောက်ပျောက်နေတဲ့ ပေါက်မြို့နယ်က အင်းငယ်ဒေါင့်ရွာ

  12. မီးရထားဝန်ထမ်းမြို့လို့အများခေါ်ကြတဲ့ မန္တလေးတိုင်း၊ မြစ်ငယ်မြို့မှာမြို့ပေါ်ရပ်ကွက်အားလုံးနီးပါးကို ကျူးကျော်လို့ဆိုကာ စစ်ကောင်စီက နေအိမ်အဆောက်အဦတွေကို ဖျက်ခိုင်းနေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    အခုဆို ကျူးကျော်ဆိုတဲ့ခေါင်းစဉ်အောက်ကနေ နေအိမ်နဲ့ဆိုင်တွေ ဖယ်ရှားနေရတဲ့ ဒေသခံဟာ ထောင်နဲ့ချီပြီးရှိနေတယ်ပါတယ်။

    ကိုယ့်အိမ်ကိုယ်ဖျက်ပြီး ပြောင်းရွှေ့နေထိုင်နေရတဲ့ မြစ်ငယ်က အခြေအနေတွေကို ဒီလင့်ခ်ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။

  13. ရန်ကုန်မြို့၊ ကန်ရိပ်သာလမ်းက Brave ဘားကို တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြပြောက်ကျားအဖွဲ့ပြော, စစ်ကောင်စီကိုထောက်ပံ့နေတဲ့ နိုက်ကလပ်နဲ့ဘားတွေကိုတိုက်ခိုက်မယ်လို့ထုတ်ပြန်ချက်တွေထုတ်လာ

    ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကန်ရိပ်သာလမ်းမှာရှိတဲ့ Brave ဘားကို ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့(JBF)က မနေ့ မတ်လ ၈ ရက်နေ့ညနေပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်လာပါတယ်။

    ဒီတိုက်ခိုက်မှုကြောင့် Brave ဘား အဆောက်အအုံနဲ့မော်တော်ယာဉ်တချို့ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း အဲဒီအဖွဲ့ကထုတ်ပြန်ထားပြီး အာဏာသိမ်းစစ်ကောင်စီကိုငွေကြေးအရထောက်ပံ့နေတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်နေတဲ့အဖွဲ့အစည်းတွေကို ဆက်တိုက်ခိုက်သွားမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး မှတ်ချက်တစုံတရာပေးဖို့ Brave ဘားကို ဘီဘီစီကဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

    ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ညပိုင်းမှာလည်း ရန်ကုန်မြို့၊ တောင်ဥက္ကလာမြို့နယ်မှာရှိတဲ့ Transporter ဘားကို အဲဒီအဖွဲ့က သတိပေးဖောက်ခွဲမှုလုပ်ခဲ့တယ်လို့လည်းထုတ်ပြန်ထားခဲ့ပါသေးတယ်။

    ဒါ့အပြင် မန္တလေးမြို့မှာရှိတဲ့ Guerilla Force of Mandalay (GRA)အဖွဲ့ကလည်း စစ်ကောင်စီကိုငွေကြေးပေးဆောင်နေတဲ့ ဘား၊ ကာရာအိုကေ၊ နိုက်ကလပ်တွေနဲ့လောင်းကစားဝိုင်းတွေကိုတိုက်ခိုက်သွားမယ်လို့ ဒီကနေ့မတ်လ ၉ ရက်မှာထုတ်ပြန်လာပါတယ်။

  14. စစ်ကောင်စီရဲ့လက်နက်ကြီးထိမှန်လို့ နတ်မြောင်းစစ်ရှောင် ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာပြင်းထန်

    စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်မြောင်းရွာဘက်ကို စစ်ကောင်စီက မနေ့ မတ်လ ၈ ရက်နေ့လည်မှာ လက်နက်ကြီးပစ်ခတ်ချိန် အဲဒီရွာ ဘုန်းတော်ကြီးကျောင်းမှာ စစ်ရှောင်နေတဲ့ဒေသခံတွေထဲ လက်နက်ကြီးကျည်ကျခဲ့တာကြောင့် စစ်ရှောင် ၁ ဦးသေဆုံးပြီး နောက်ထပ် ၂ ဦး ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့တယ်လို့ သိရပါတယ်။

    ‘‘မနေ့(မတ်လ ၈ရက်) နေ့ခင်းနဲ့ မွန်းလွဲပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရွာအနီးနား ထိတွေ့မှုဖြစ်တယ်။ ထိတွေ့မှုမပြင်းထန်ဘဲ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုလုပ်ခဲ့တာ။ ဘုန်းကြီးကျောင်းဝင်းထဲက စစ်ရှောင် ၃ ဦးထိပြီး ၁ ဦးဆုံးပါးပါတယ်။ ၂ ဦးကတော့ ဒဏ်ရာပြင်းထန်လို့ ကလေးမြို့ဆေးရုံကို ပို့လိုက်ရတယ်’’ နတ်မြောင်း ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    နတ်မြောင်းရွာထဲက စစ်ရှောင်တွေဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ နတ်ချောင်းနဲ့နတ်မြောင်းရွာအနီးမှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီးတဲ့နောက် စစ်ကောင်စီက အဲဒီရွာတွေထဲ ဝင်ရောက် မီးရှို့ ပစ်ခတ်တာတွေလုပ်ခဲ့လို့ နတ်မြောင်း ဘုန်းကြီးကျောင်းထဲမှာ တိမ်းရှောင်နေကြရသူတွေဖြစ်ပါတယ်။

    လွန်ခဲ့တဲ့ ၃ ရက် မတ် ၆ ရက်နေ့ကတည်းက ကလေးမြို့ ရန်ကြီးအောင်ရွာမှာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့အင်အား ၇၀ နီးပါးနဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပါတယ်။

    လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နတ်ချောင်း၊နတ်မြောင်းအရှေ့ဘက်ကနေ အင်းစိန်ရွာဘက်ကို ဆက်သွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

  15. ရေစကြိုမှာ ရဲတစ်ဦးနဲ့ဒေသခံတစ်ဦးစစ်ကောင်စီတပ်တွေပစ်ခတ်ခံရပြီးသေဆုံး

    မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်ထဲက ဖောင်တော်ဦးရပ်ကွက်ထဲမှာ မနေ့မတ်လ ၉ရက်ညပိုင်းက ရဲတပ်ဖွဲ့ဝင်တစ်ဦးနဲ့ဒေသခံတစ်ဦးစစ်ကောင်စီတပ်တွေရဲ့ပစ်ခတ်မှုကြောင့်သေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    ဒီပစ်ခတ်မှုကြောင့် သေဆုံးသွားသူတွေကတော့ အသက် ၂၅ နှစ်အရွယ် ရဲတပ်သား တစ်ဦးနဲ့အသက် ၆၂ နှစ်အရွယ် ဦးဝင်းမြင့်တို့ဖြစ်ပြီး ပစ်ခတ်ခံရတဲ့အခြေအနေအသေးစိတ်ကိုတော့ မသိရဘူးလို့ဒေသခံတွေကပြောပါတယ်။

    "ရေစကြိုမှာကည၇နာရီလောက်ဆိုမြို့ထဲမှာလမ်းသွားလမ်းလာမရှိတော့ဘူး။ သူတို့ကတော့ ပိုင်တယ်ဆိုပြီးအပြင်ထွက်တာဖြစ်မှာပေါ့။ ဖောင်တော်ဦးဘုရားမှာတပ်စွဲထားတဲ့တပ်ကပစ်လိုက်တာ။တစ်ယောက်ကတော့ရဲတပ်သားနောက်တစ်ယောက်ကတော့ ကြံခိုင်ရေးပါတီဝင်လည်းပြောကြတယ်။ ညတွင်းချင်းဆေးရုံသယ်သွားတယ်။ဦးဝင်းမြင့်ဆီးခုံထိပြီးပွဲချင်းပြီးသေတယ်။ ရဲတပ်သားကတော့ဆေးရုံရောက်မှသေတယ်။ ရဲမိသားစုဝင်တွေက အမှုသွားဖွင့်ပေမယ့် အမှုဖွင့်လို့မရခဲ့ကြဘူး"လို့ရေစကြိုဒေသခံတစ်ဦးကဘီဘီစီကိုပြောပါတယ်

    ။ရေစကြိုမြို့နယ်အတွင်းမှာတော့ စစ်ကောင်စီတပ်တွေဘက်က အခုလိုကင်းပုန်းချပြီး မသင်္ကာတဲ့နေရာတွေမှာတပ်စခန်းချတာတွေလုပ်လေ့ရှိတယ်လို့လည်းဒေသခံတွေကပြောပါတယ်။

    အခုလို ရဲတပ်ဖွဲ့ဝင်နဲ့အရပ်သားတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံးတာနဲ့ပတ်သက်ပြီး ရေစကြိုရဲစခန်းဘက်ကိုဘီဘီစီကဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

  16. ရှမ်းပြည်နယ်ထဲကတိုက်ပွဲတွေကြောင့် စစ်ရှောင် ၂,၁၀၀ ကျော်တိုးလာ

    ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းတို့မှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားဖြစ်တဲ့တိုက်ပွဲတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်းဖြစ်တဲ့တိုက်ပွဲတွေကြောင့် မြို့နယ် ၇ ခုကနေ စစ်ရှောင် ၂,၁၂၆ ဦး အထိရှိတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)က ဒီနေ့ မတ်လ ၉ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

    ရှမ်းပြည်နယ်မြောက်ပိုင်းက ဟိုပန်၊ ကွတ်ခိုင်၊ လားရှိုးနဲ့ မူဆယ်မြို့နယ်တွေ၊ ရှမ်းပြည်နယ်တောင်ပိုင်းက ရပ်စောက်၊ လဲချား၊ လွိုင်လင်နဲ့ မောက်မယ်မြို့နယ်တွေမှာ ဖေဖော်ဝါရီလအတွင်းဖြစ်တဲ့တိုက်ပွဲတွေကြောင့် အခုလိုစစ်ရှောင်တွေ တိုးလာတာလို့လည်း ဆိုပါတယ်။

    တဖက်မှာလည်း အဲဒီတိုက်ပွဲတွေကြောင့် လုံခြုံရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေဟာ တည်ငြိမ်မှု ကင်းမဲ့နေဆဲလို့ဆိုပါတယ်။

    လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်သူတွေအတွက် ပဋိပက္ခဖြစ်ပွားတဲ့နေရာတွေကို သွားရောက်နိုင်ဖို့ ခက်ခဲနေဆဲဖြစ်ပေမယ့် ဒေသခံအကူအညီပေးရေး ဆောင်ရွက်သူတွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ ပူးပေါင်းပြီး အရေးပေါ်အကူအညီတွေ ပေးနေတယ်လို့ ဆိုပါတယ်။

    ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)ရဲ့ ဖေဖော်ဝါရီလ ၂၈ ရက် ထုတ်ပြန်ချက်အရ ရှမ်းပြည်နယ်၊ မြို့နယ် ၁၁ ခုက လူဦးရေ ၅၆,၄၀၀ ဟာ ၂၀၂၁ ခုနှစ်အစပိုင်းကတည်းက နေရပ်စွန့်ခွာထွက်ပြေးလာကြပြီး အဲဒီထဲက ၁၄,၃၂၀ ဦးဟာ ယာယီစခန်းတွေမှာ ဆက်လက်နေထိုင်ရဆဲဖြစ်ပါတယ်။

  17. NUG ဒုဝန်ကြီး ဒေါ်အိသဉ္စာမောင် ရဲစွမ်းသတ္တိရှိသူအပြည်ပြည်ဆိုင်ရာအမျိုးသမီးများဆု ရရှိ

    အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ကလေးသူငယ်ဆိုရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္စာမောင်ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ချီးမြှင့်တဲ့ ရဲစွမ်းသတ္တိရှိသူ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများဆု (International Women of Courage)ကို မတ်လ ၈ ရက်မှာ ရရှိတယ်လို့ သိရပါတယ်။

    ဒေါ်အိသဉ္စာမောင်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဖို့ အစောဆုံးဆန္ဒပြမှုကို ဦးဆောင်ခဲ့ကြသူတွေထဲကတစ်ဦးဖြစ်ပြီး CDM လှုပ်ရှားမှုကို ထောက်ခံအားပေးမှုကြောင့် စစ်တပ်က ဖမ်ဝရမ်းအထုတ်ခံခဲ့ရသူဖြစ်ပေမဲ့ ပုန်းအောင်းတိမ်းရှောင်နေဆဲမှာတောင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအားထုတ်နေခဲ့သူလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက အသိအမှတ်ပြုပြောဆိုပါတယ်။

    နှစ်စဉ်ချီးမြှင့်တဲ့ ဒီဆုကို ဒေါ်အိသဉ္စာမောင်အပြင် အီရန်၊ ဘရာဇီး၊ နီပေါ၊ ဗီယက်နမ်၊ လစ်ဗျား ကိုလံဘီယာ စတဲ့နိုင်ငံတွေက ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ ကျားမတန်းတူညီမျှရေးကြိုးပမ်းနေကြတဲ့ အမျိုးသမီး ၁၁ ဦးကိုပါ ချီးမြှင့်တာဖြစ်ပါတယ်။

    ဒီဆုပေးပွဲကိုတော့ မတ်လ ၁၄ ရက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က အွန်လိုင်းကနေ ပြုလုပ်မှာဖြစ်ပါတယ်။

  18. ကရင်နီဒေသမှာ မတ်လပထမအပတ်အတွင်း အရပ်သားပြည်သူ အနည်းဆုံး(၁၀)ဦးသေဆုံး, တိုက်ပွဲမရှိတဲ့ကျေးရွာကကလေးငယ် (၃)ဦးပါ လက်နက်ကြီးမှန်သေဆုံး

    စစ်ကောင်စီဘက်ကနေ အင်အားတိုးထိုးစစ်ဆင်နေတဲ့ ကယား (ကရင်နီ)ပြည်နယ်မှာ အခုမတ်လ ပထမပတ်အတွင်းလည်း တိုက်ပွဲတွေဆက်ပြင်းထန်နေဆဲဖြစ်ပြီး အရပ်သားပြည်သူသေဆုံးမှုတွေ အနည်းဆုံးဆယ်ဦးထက်မနည်းရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDFက ထုတ်ပြန်ပါတယ်။

    မတ်လ (၂) ရက်အစောပိုင်းမှာ ဒီး‌မော့ဆိုမြို့နယ်၊ ဆင်တောင်ကျေးရွာအတွင်း အရပ်သား (၃) ဦးသတ်ဖြတ်ခံရပြီး နေအိမ်ပါမီးရှို့ခံခဲ့ရပါတယ်။

    မတ်လ (၄) ရက်မှာတော့ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအုပ်စုက ကွက်သစ်ကျေးရွာအတွင်း အရပ်သားပြည်သူ (၂)ဦး အရှင်လတ်လတ်မီးရှို့ခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

    မတ်လ (၈)ရက်မှာတော့ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ လွိုင်ကော်မြို့နယ်၊ လယ်ထွဲကျေးရွာအတွင်း စစ်ကောင်စီရဲ့လက်နက်ကြီးကျည်ကျ‌ရောက်ခဲ့ပြီး အမျိုးသမီးငယ် (၁)ဦး၊ အမျိုးသား (၂) ဦးအပါအဝင် အသက်(၇)နှစ်၊ (၁၀) နှစ်နဲ့ (၁၂)နှစ် အရွယ်သာရှိသေး ကလေး (၃) ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

    ရှမ်းပြည်နယ်တောင်ဘက်ကဆင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကရင်နီဒေသကို ထိုးစစ်ဆင်နေတာဖြစ်ပြီး လက်ရှိမှာတော့ ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူသစ်ကျေးရွာအုပ်စု၊ ပူဖားရွာနဲ့ သေးဆူလဲရွာအထိ ရောက်ရှိနေတာဖြစ်ပါတယ်။

    “သူတို့အခုရောက်ရှိနေတာ ပူဖားကျေးရွာရယ်၊ သေးဆူလဲရွာရယ်၊ ကျောက်ဆည်ကန်ရယ်ပေါ့။ သူတို့ သုံးနေရာမှာရှိနေတယ်၊ သူတို့ကရှေ့ဆက်တိုးလို့လည်းမရဘူး။နောက်ဆုတ်ဖို့လည်းခက်နေတဲ့ အနေအထားရှိနေတာပေါ့။ လက်ရှိသူတို့တွေက အဲဒီမှာတပ်ကိုအခြေချပြီးတော့မှ ကျေးရွာလူထုရဲ့နေအိမ်တွေကို နေ့စဉ်မီးရှို့နေတာတွေလုပ်နေပါတယ်ဗျ”လို့ KNDF ပြန်ကြားရေးဝာာဝန်ခံက ဘီဘီစီကို ပြောပါတယ်။

    ဒီမတ်လပထမပတ်အတွင်း စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေကြောင့် နေအိမ်တွေရော ဘာသာရေးအဆောက်အအုံတွေပါ ပျက်ဆီးခဲ့သလို မတ်လ (၈) ရက်က ဒီးမော့ဆိုမြို့နယ်ထဲက စစ်ရှောင်တွေနဲ့ အရပ်သားတွေ ခိုလှုံနေတဲ့ ဆောင်ဒူကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ တာကြောင့် ကယ်ဆယ်ရေးလူငယ် (၂)ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

    ဒီလိုအရပ်သားပြည်သူတွေကို ပစ်မှတ်ထား ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်တယ်လို့ KNDF ကနေ ပြစ်တင်ရှုံ့ချထားပါတယ်။

    ဒီကနေ့မတ်လ (၉)ရက်မနက်အစောပိုင်းကတည်းကစပြီး အဲ့ဒီ ပူဖားရွာ၊ သေးဆူလဲရွာနဲ့ ကျောက်ဆည်ကန်ဘက်မှာ တိုက်ပွဲတွေ စဖြစ်နေပြီလို့သိထားရပြီး တိုက်ပွဲအခြေအနေအသေးစိတ်တော့ မသိရှိရသေးပါဘူး။

  19. အာဆီယံအထူးသံနဲ့ တွေ့ဆုံနိုင်ရေး ပြင်ဆင်ဖို့ စစ်ကောင်စီက အပစ်ရပ်အဖွဲ့တွေကို စာပို့ထားပေမဲ့ နေ့ရက်မသိရသေး

    အာဆီယံအထူးသံတမန်က သူ့ရဲ့မြန်မာခရီးစဉ်အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံဖို့ အဆိုပြုလာတဲ့အခါ တွေ့နိုင်ရေး ပြင်ဆင်ထားဖို့ စစ်ကောင်စီငြိမ်းချမ်းရေးအဖွဲ့က အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီ စာပို့ထားပေမဲ့ ဘယ်နေ့တွေ့နိုင်ချေရှိတယ်ဆိုတာ မသိရသေးဘူးလို့ အပစ်ရပ်အဖွဲ့ညှိနှိုင်းရေးအဖွဲ့(PPST)က ပြောခွင့်ရသူက ပြောပါတယ်။

    ''အထူးသံက သူ့ခရီးစဉ်အတွင်းမှာ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံဖို့တောင်းဆိုလာရင် ပြင်ဆင်ထားဖို့ ဆိုပြီး စာပို့ ထားတာပါ။ ဒါပေမဲ့ ဘယ်နေ့၊ ဘယ်အချိန်တွေ့မယ်ဆိုတာ အခုအချိန်အထိ မသိရသေးပါဘူး။ သက်ဆိုင်ရာအဖွဲ့တွေကလည်း သူတို့ တစ်ဖွဲ့ချင်းစီအနေနဲ့ တွေ့ကြမယ်ထင်ပါတယ်။ အခုအချိန်အထိတော့ ဘယ်အဖွဲ့တွေက တွေ့ဆုံမယ်ဆိုတာ ပြောတာမျိုး မရှိသေးဘူး'' လို့ PPST ပြောခွင့်ရသူ နိုင်အောင်မငေးက ပြောပါတယ်။

    အာဆီယံအထူးသံနဲ့တွေ့ဆုံမှု ဖြစ်လာမယ်ဆိုရင်လည်း PPST အနေနဲ့တွေ့ဆုံမှာမဟုတ်ဘဲ ကိုယ့်သက်ဆိုင်ရာအဖွဲ့တွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ တစ်ဖွဲ့ချင်းစီ တွေ့မယ့်သဘောလို့ သူက ဆက်ပြောပါတယ်။

    ဒါပေမဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ မွန်ပြည်သစ်ပါတီအနေနဲ့တော့ အာဆီယံအထူးသံနဲ့တွေ့ဆုံမှုပေါ်လာတဲ့အခါ တင်ပြစရာရှိတဲ့အချက်အလက်တွေကိုတော့ ပြင်ဆင် ထားပြီးဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီရဲ့ပြောခွင့်ရသူလည်းဖြစ်တဲ့နိုင်အောင်မငေးက ပြောပါတယ်။

    အာဆီယံအထူးသံတမန် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းကတော့ အခုလနှောင်းပိုင်းမှာ ၂ ရက်ကြာမယ့် သူ့ရဲ့မြန်မာပြည်တွင်း ခရီးစဉ်မှာ သက်ဆိုင်ရာ တွေ့သင့်တွေ့ထိုက်သူတွေနဲ့တွေ့ဆုံမယ်ဆိုပြီး ပြောထားပါတယ်။