ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

လျှပ်စစ်မီးနာရီနဲ့ချီ ပြတ်တောက်နေတာကြောင့် သောက်သုံးရေပြတ်လပ်မှုတွေရှိလာ

ရန်ကုန်မြို့လို လူဦးရေထူထပ်ပြီး တိုက်ခန်းနေလူဦးရေများပြားတဲ့ ရပ်ကွက်တွေမှာတော့မီးပြတ်ချိန်များလာတာနဲ့အမျှ အထပ်မြင့်တွေဆီရေတင်ဖို့ခက်လာပြီး သောက်သုံးရေမရတာတွေပါရှိလာပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ၂ ခြောက်လုံးသပိတ်တွေလုပ်တဲ့နေ့မှာ စစ်ကောင်စီ လုံခြုံရေးတင်းကျပ်, သပိတ်စစ်ကြောင်းထွက်သူတွေနဲ့ပြည်သူတချို့ဖမ်းဆီးခံရတာတွေရှိနေ

    နိုင်ငံတဝန်းမှာ ဒီကနေ့ဖေဖော်ဝါရီ ၂၂ ရက်နေ့ ၂ ခြောက်လုံးနေ့အဖြစ် စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေလုပ်ဖို့တော်လှန်ရေးအင်အားစုတွေက နှိုးဆော်ထားချိန်မှာစစ်ကောင်စီဘက်က လုံခြုံရေးတင်းကျပ်စစ်ဆေးတာတွေလုပ်နေပြီး ဖမ်းဆီးခံရသူတွေလည်းရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။

    ရန်ကုန်၊ မန္တလေးအပါအဝင်မြို့ကြီးတွေမှာလည်း စစ်ကောင်စီတပ်ကားတွေအရင်နေ့တွေထက် ပိုပြီး လှည့်လှည်နေသလို လမ်းသွားလမ်းလာတွေကိုစောင့်ကြည့်နေတဲ့အနေအထားရှိတယ်လို့ဒေသခံတွေကပြောပါတယ်။

    ရန်ကုန်တိုင်းဒေသကြီးထဲက ခရမ်းမြို့နယ်က မြို့အဝင်အထွက် ဂိတ်တွေမှာ သနပ်ခါးလိမ်းလာတဲ့ပြည်သူတချို့ကို တားဆီးပြီးမျက်နှာသစ်ခိုင်းတာတွေလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

    အလားတူ စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ထဲမှာလည်း ဒီကနေ့မနက်ပိုင်းမှာ သပိတ်စစ်ကြောင်းတစ်ခုကိုစစ်ကောင်စီက ပစ်ခတ်ဖမ်းဆီးတာတွေလုပ်ခဲ့ပြီးသပိတ်မှာပါဝင်သူတွေအပါအဝင် ဒေသခံ ၈ ဦးထက်မနည်းဖမ်းဆီးခံရတယ်လို့ဒေသခံတွေကပြောပါတယ်။

    ‘'မနက်ကသပိတ်ထွက်ကာနီးကားတိုက်ဖြိုတာ၊ ပြေးတဲ့လူတွေလည်းပြေးတယ်။ အိမ်ထဲဝင်ပုန်းဖို့လုပ်တဲ့လူတွေကိုလည်းအဝင်မခံခိုင်းကြဘူး။ ဆိုင်ကယ်တစ်စီးပေါ်တက်ပြေးတဲ့လူလည်း နှင်းဆီပန်းကိုင်ထားလို့မတက်ခိုင်းဘူး။ တွန်းချခံရတယ်။၈ယောက်လောက်အဖမ်းခံရတယ်။ တယောက်ကတော့ပေါင်ကိုကျည်ထိသွားတယ်"လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ သပိတ်စစ်ကြောင်းတွေ နေ့စဉ်မပျက်ရှိခဲ့ပြီး အွန်လိုင်းဒစ်ဂျစ်တယ်လှုပ်ရှားမှုတွေနဲ့ငြိမ်သက်ခြင်းနဲ့ဆန္ဒထုတ်ဖော်တဲ့လှုပ်ရှားမှုစတာတွေမှာပါဝင်ဖို့တော်လှန်ရေးအင်အားစုတွေက နှိုးဆော်တာတွေလုပ်ခဲ့ကြပါတယ်။

    တဖက်မှာလည်း စစ်ကောင်စီဘက်က ဒီလှုပ်ရှားမှုမှာပါဝင်တဲ့ ဒေသခံပြည်သူတွေကို ပုံစံမျိုးစုံနဲ့ဖိအားပေးဖမ်းဆီးတာတွေဆက်ဖြစ်နေပါတယ်။

  2. စာရေးဆရာထင်လင်းဦးနဲ့ မောင်သာချိုတို့ ထောင်ဒဏ်တွေ ချမှတ်ခံရ

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပွင့်ပွင့်းလင်းလင်းထုတ်ဖော်ပြောဆိုခဲ့သူ စာရေးဆရာထင်လင်းဦးကို အင်းစိန်ထောင်တွင်းတရားရုံးကနေ ဒီနေ့ ဖေဖော်ဝါရီလ ၂၂ ရက်မှာ အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။

    ဆရာ ထင်လင်းဦးကို ပုဒ်မ ၅၀၅-က နဲ့ အင်းစိန်ထောင်တွင်းက မြောက်ဥက္ကလာပမြို့နယ် တရားရုံးကနေ အခုလိုထောင်ဒဏ်ချမှတ်လိုက်တာလို့ ကနဦးသိရှိရတယ်ဆိုပြီး မိသားစုဝင်တွေက အတည်ပြုပါတယ်။

    ဆရာထင်လင်းဦးဟာ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းတဲ့နေ့မှာ ဖမ်းဆီးမခံရခင် စစ်အာဏာရှင်ဆန့်ကျင်ရေးအကြောင်းအရာကို သူ့ရဲ့လူမှုကွန်ယက်မှာ တိုက်ရိုက်ထုတ်လွှင့်ပြောဆိုခဲ့မှုနဲ့ အခုလိုပုဒ်မတပ်ခံရပြီး ထောင်ဒဏ်ချမှတ်ခံရတာဖြစ်ပါတယ်။

    အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံခဲ့ရတဲ့ ဆရာထင်လင်းဦးဟာ မတ်လ ၁ ရက်နေ့ရောက်မှ အင်းစိန်ထောင်ကို လွှဲပြောင်းတာခံရပြီးတဲ့နောက် တစ်နှစ်နီးပါးအကြာ အမှု ရင်ဆိုင်ရအပြီးမှာ အခုလို ထောင်ဒဏ်ချမှတ်ခံရတာဖြစ်ပါတယ်။

    ဒီအတောအတွင်း မိသားစုဟာ ဆရာထင်လင်းဦးနဲ့တွေ့ခွင့်မရခဲ့ဘဲ အမှုအတွက် သက်သေအဖြစ် လိုက်ပါခွင့်ရတဲ့ ရုံးချိန်းတစ်ချိန်းတည်းမှာပဲ မိသားစုက တစ်ကြိမ်တွေ့ခွင့်ရခဲ့တယ်လို့လည်း သိရပါတယ်။

    ဒီနေ့ တစ်ရက်တည်းမှာပဲ ဆရာမောင်သာချိုကိုလည်း အင်းစိန်ထောင်တွင်း တရားရုံးကနေ ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်တယ်ဆိုပြီး ဘီဘီစီက ကနဦး သိရှိရပါတယ်။

  3. ဗုံးပေါက်ကွဲမှု ၃ကြိမ်ထက်မနည်းဖြစ်ခဲ့တဲ့ ပြည်ကြီးတံခွန်ရပ်ကွက်ရုံး မီးလောင်ပြာကျ

    မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် (ခ)ရပ်ကွက်မှာရှိတဲ့အုပ်ချုပ်ရေးမှူးရုံးဟာ ဒီကနေ့ဖေဖော်ဝါရီ ၂၂ရက် မနက်ပိုင်းက မီးလောင်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    အဲဒီရပ်ကွက်ရုံးဟာ ဗုံးပေါက်ကွဲမှု ၃ ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး ဒီကနေ့မီးလောင်မှုမှာတော့ အဆောက်အဦ တစ်ခုလုံး ပျက်စီးပြီး ပြာကျခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    "မနက်အစောကြီးဖြစ်တာ ရှို့မီးလို့တော့သိရပါတယ်။ ဗုံးပေါက်တာတော့ ၃ကြိမ်ထပ်တောင်များမယ်။ ခဏခဏပေါက်ကွဲတာဖြစ်တယ်။ ဒီတခါတော့ပြာကျသွားတယ်" လို့ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    စစ်ကောင်စီရဲ့စစ်ဆေးတင်းကျပ်မှုတွေ ဆက်လုပ်နေတဲ့ မန္တလေးမြို့မှာ ဒီကနေ့မှာလည်း မန္တလေးမြို့က လမ်းဆုံတွေမှာလည်း လမ်းသွားလမ်းလာပြည်သူတွေကို ဆက်တိုက်စစ်ဆေးမှုတွေလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

  4. ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ ကိုပေါက်ရဲ့နေအိမ်ကို စစ်ကောင်စီချိပ်ပိတ်

    ဒီရက်ပိုင်းမှာပဲ နာမည်ကျော်ကြားသူတွေနဲ့ရုပ်ရှင်သရုပ်ဆောင်တွေရဲ့ နေအိမ်တွေကို စစ်ကောင်စီကဆက်တိုက် ချိပ်ပိတ်တာတွေလုပ်ခဲ့ပါတယ်။ မနေ့ဖေဖော်ဝါရီ ၂၁ရက်မှာလည်း ရုပ်ရှင်သရုပ် ဆောင် ဒါရိုက်တာကိုပေါက်ရဲ့ မြောက်ဒဂုံမြို့နယ်ကနေအိမ်ကို စစ်ကောင်စီက လာရောက်ချိပ်ပိတ်သွားတယ်လို့ကိုပေါက်က သူရဲ့လူမှုကွန်ရက် စာမျက်နှာမှာရေးသားဖော်ပြလာပါတယ်။

    ဒါရိုက်တာ ကိုပေါက်ကိုတော့ စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလမှာ ပုဒ်မ ၅၀၅နဲ့ဖမ်းဝရမ်းထုတ်ခဲ့ပြီး နေအိမ်ကိုလည်း သေနတ်နဲ့လာရောက်ပစ်ခတ်ဖမ်းဆီးတာတွေလုပ်ခဲ့လို့ ဘေးလွတ်ရာတိမ်းရှောင်နေရတာဖြစ်တယ်လို့သူကဆိုပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း အဆိုတော်ချမ်းချမ်းနဲ့အစီအစဉ်တင် ဆက်သူ မောင်မောင်အေးတို့ရဲ့နေအိမ်တွေကို စစ်ကောင်စီက ချိပ်ပိတ်တာတွေလုပ်ခဲ့ပါတယ်။

    ပြည်တွင်းမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကိုပြန်လည်ပြင်ဆင်ခဲ့ပြီး စစ်ကောင်စီကိုဆန့်ကျင်တဲ့သူတွေရဲ့ နေအိမ်တွေကို ချိပ်ပိတ်တာတွေလုပ်ဆောင်လာခဲ့ပါတယ်။

    အဲဒီနောက်ပိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဝန်ကြီးတွေရဲ့နေအိမ်တွေနဲ့ NLD အမတ်တွေရဲ့ နေအိမ်တွေကို ချိပ်ပိတ်တာတွေလုပ်ခဲ့သလို အခုလထဲမှာလည်း သရုပ်ဆောင်ချစ်သုဝေနဲ့လင်းလင်းတို့ရဲ့နေအိမ်တွေနဲ့ လူမှုကွန်ရက်မှာလူသိများထဲ ပန်ဆယ်လိုတို့ရဲ့နေအိမ်တွေကိုလည်း စစ်ကောင်စီက ချိပ်ပိတ်ခဲ့ပါတယ်။

  5. နိုင်ငံတဝန်း ၂ ခြောက်လုံးသပိတ်တွေ ပေါ်ထွက်လာနေ

    ပြည်တွင်းမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ဒီနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်မှာ နိုင်ငံတဝန်း ၂ ခြောက်လုံးသပိတ်တွေ ပေါ်ထွက်လာနေပါတယ်။

    ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလ ၂၂ ရက်မှာ နိုင်ငံတဝန်း ကျေးလက်ရော၊ မြို့ပြမှာပါမကျန် လူထုက အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း လမ်းပေါ်တက် ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့နည်းတူ ဒီနေ့မှာလည်း အလားတူဆန္ဒပြမှုတွေ ပြုလုပ်ကြဖို့ လူထုကြားထဲ အသိပေးနှိုးဆော်တာတွေရှိခဲ့အပြီးမှာ ဒီဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။

    စစ်အာဏာရှင်ချုပ်ငြိမ်းရေးဆိုပြီး မန္တလေးက သံဃာနဲ့လူထုအပြင် လက်ပတောင်းတောင်ဒေသခံတွေ၊ မိတ္ထီလာ၊ မုံရွာ၊ ချောင်းဦး၊ တနင်္သာရီတိုင်းထဲက လောင်းလုံးနဲ့ သရက်ချောင်း၊ ရန်ကုန်မြို့က မြို့နယ်တွေမှာပါ ''ပြန်လည်စုရုံး ၂ ခြောက်လုံး'' ကြွေးကြော်သံနဲ့ လမ်းလျှောက်သပိတ်၊ အရုဏ်သပိတ်တွေ၊ စာတန်းချိတ်ဆွဲတဲ့သပိတ်တွေကို လူထုက ပြုလုပ်နေတာဖြစ်ပါတယ်။

  6. အိုင်စီဂျေအမှုလျှောက်လဲတဲ့စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ ဆန္ဒပြခံရ

    နယ်သာလန်နိုင်ငံ၊ သယ်ဟိတ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး(အိုင်စီဂျေ)ကို လာတဲ့စစ်ကောင်စီကိုယ်စားလှယ်တွေကို ပြည်ပရောက်မြန်မာတွေက ဖေဖော်ဝါရီလ ၂၂ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

    ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ်စွဲဆိုထားတဲ့ ရိုဟင်ဂျာတွေအပေါ်လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာအမှုအတွက် ကနဦး ကန့်ကွက်မှုအတွက် လျှောက်လဲဖို့ စစ်ကောင်စီဘက်က အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နဲ့ တရားရေးရာဝန်ကြီး ဒေါ်သီတာဦးတို့ တရားရုံးကို လာရောက်ချိန် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

    အဲဒီဆန္ဒပြပွဲမှာ ပြည်ပရောက်မြန်မာတွေအပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းလည်း ပါဝင်ပါတယ်။

    လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျီနီဗာပဋိညာဉ်ကို မြန်မာဘက်က ချိုးဖောက်ခဲ့တယ်ဆိုပြီး ဂမ်ဘီယားနိုင်ငံက တရားစွဲတဲ့အမှုကို ဒေါ်အောင်ဆန်းစုကြည်လက်ထက်တုန်းက ကန့်ကွက်မှုတွေ ပြုလုပ်ထားတဲ့အတွက် အဲဒီကန့်ကွက်မှုတွေနဲ့စပ်လျဉ်းပြီး ICJ မှာ ကြားနာနေတာဖြစ်ပါတယ်။

    လေးရက်ကြာပြုလုပ်မယ့် ကြားနာမှုမှာ မနေ့ ဖေဖော်ဝါရီလ ၂၁ ရက်တုန်းကတော့ ပထမဆုံးနေ့အဖြစ် မြန်မာဘက်က သူတို့ရဲ့ ကန့်ကွက်လွှာကို လျှောက်ထားရပါတယ်။

    ဒုတိယနေ့ ကြားနာမှုအဖြစ် ဖေဖော်ဝါရီလ ၂၃ ရက် ဗုဒ္ဓဟူးနေ့မှာ ဂမ်ဘီယာဘက်က လျှောက်လဲမှာ ဖြစ်ပါတယ်။

    အဲဒီနောက် ဒုတိယအကြိမ်အဖြစ် မြန်မာဘက်က ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ လျှောက်လဲရဖို့ရှိပြီး ဂမ်ဘီယာဘက်ကတော့ ၂၈ ရက်နေ့မှာ အပြီးသတ် လျှောက်လဲရမှာ ဖြစ်ပါတယ်။

    မြန်မာဘက်က ကန့်ကွက်ထားတာတွေကို ရုပ်သိမ်းကြောင်း အမျိုးသားညီညွတ်ရေးအစိုး(NUG) က ကြေညာခဲ့ပြီး အခုအခါ ICJ ရှေ့မှောက် မြန်မာရဲ့ကိုယ်စားလှယ်အဖြစ် ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လက်ခံဖို့လည်း တောင်းဆိုထားပါတယ်။

  7. မိုးဗြဲတိုက်ပွဲအတွင်း လက်နက်ထိမှန်သေဆုံးခဲ့တဲ့ဒေါက်တာအောင်ကြီးရဲ့ရုပ်အလောင်းကို ပြန်သယ်ဆောင်လာပြီး သဂြိုဟ်

    ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၈ ရက်နေ့က မိုးဗြဲတိုက်ပွဲအတွင်းမှာ ဆေးကုသမှုလုပ်ပေးရင်း လက်နက်ကြီးထိမှန်သေဆုံးခဲ့တဲ့ ကရင်နီဒီမိုကရက်တစ်တပ်ဦးရဲ့ဆေးအဖွဲ့ဝင် ဒေါက်တာအောင်ကြီးရဲ့ရုပ်အလောင်းကို ၃ရက်အကြာမှာ ပြန်သယ်ဆောင်လာနိုင်ခဲ့တယ်လို့KDF က ထုတ်ပြန်လာပါတယ်။

    တိုက်ပွဲအတွင်းသေဆုံးသွားတဲ့ ဒေါက်တာအောင်ကြီးရဲ့ရုပ်အေလောင်းကို မနေ့ဖေဖော်ဝါရီ ၂၁ ညနေပိုင်းးက မိုးဗြဲ PDF အဖွဲ့တွေက အခက်အခဲကြားက ပြန်လည်သယ်ဆောင်လာပေးတာဖြစ်ပြီး မိသားစုဝင်တွေရဲ့ တောင်းဆိုချက်အရ မနေ့ညပိုင်းမှာပဲ မီးသဂြိုဟ်ခဲ့တယ်လို့ KDF ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    ဆရာဝန်တစ်ဦးလည်းဖြစ်ပြီး ကရင်နီဒီမိုကရက်တစ်တပ်ဦး KDF ရဲ့ ဆေးအဖွဲ့ဝင်တစ်ဦးတဲ့ ဒေါက်တာအောင်ကြီးဟာ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့မိုးဗြဲတိုက်ပွဲအတွင်းမှာ ရှေ့တန်းမှာ ဒဏ်ရာရနေတဲ့ရဲဘော်တွေကို ကုသပေးရင်း လက်နက်ကြီးထိမှန်သေဆုံးခဲ့တာဖြစ်တယ်လို့ KDF ကထုတ်ပြန်ထားပါတယ်။

    တိုက်ပွဲအတွင်းလက်နက်ထိမှန်သေဆုံးခဲ့တဲ့ ဒေါက်တာအောင်ကြီးနဲ့တခြားဒေသကာကွယ်ရေးတပ်တွေ ရဲ့ရုပ်အလောင်းတွေကို မိုးဗြဲ PDF ကစုပေါင်းသယ်ဆောင် ပေးလာတာဖြစ်ပြီး သက်ဆိုင်ရာ အဖွဲ့တွေက လာရောက်သယ်ဆောင်ပေးပြီး နာရေးအခမ်းအနားတွေပြုလုပ် ပေးနေတယ်လို့လည်း KDF က ဘီဘီစီကိုပြောပါတယ်။

    ဖေဖော်ဝါရီ ၁၇ ရက်နေ့နဲ့၁၈ ရက်နေ့တွေမှာဖြစ်ခဲ့တဲ့ မိုးဗြဲတိုက်ပွဲအတွင်းမှာ နှစ်ဖက်အထိအခိုက်အကျအဆုံးတွေ လည်းရှိခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့တင့်ကား လက်နက်ကြီး ပစ်ကူတွေကိုလည်းအသုံးပြုခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။

  8. ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်အမှု အိုင်စီဂျေမှာ နောက်ထပ်ကြားနာမှု စတင်

    လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျီနီဗာပဋိညာဉ်ကို မြန်မာဘက်က ချိုးဖောက်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက တရားစွဲတဲ့အမှုကို NLD အစိုးရလက်ထက်တုန်းက ကနဦးကန့်ကွက်မှုတွေ ပြုလုပ်ထားတဲ့အတွက် အဲဒီကန့်ကွက်မှုတွေနဲ့ပတ်သက်ပြီး နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး ICJ က ကြားနာနေတာ ဖြစ်ပါတယ်။

    လေးရက်ကြာပြုလုပ်မယ့် ကြားနာမှုမှာ ဒီနေ့ ပထမဆုံးနေ့အဖြစ် မြန်မာဘက်က သူတို့ရဲ့ ကန့်ကွက်လွှာကို လျှောက်ထားရပါတယ်။ မြန်မာဘက်က ကိုယ်စားလှယ်အဖြစ် စစ်ကောင်စီရဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ယူကေအခြေစိုက်ရှေ့နေအဖွဲ့က ရှေ့နေတွေ တရားရုံးကို တက်ရောက်တာ တွေ့ရပါတယ်။

    မြန်မာဘက်က အချက် ၄ ချက်နဲ့အဓိက ကန့်ကွက်သွားမယ်လို့ ဦးကိုကိုလှိုင်က တရားရုံးမှာ ပြောပါတယ်။

    မြန်မာဘက်က ရှေ့နေ ဒေါက်တာ ခရစ္စတိုဖာ စတိတ်ကာ တင်ပြတဲ့ ပထမဆုံးအချက်မှာတော့ဂမ်ဘီယာနိုင်ငံဟာအစ္စလာမ္မစ်နိုင်ငံများအဖွဲ့ အိုအိုင်စီ ကိုယ်စား တရားစွဲခဲ့တာ ဖြစ်လို့ ဒီလို တရားစွဲလို့ မရဘူးလို့ ထောက်ပြခဲ့ပါတယ်။ နောက်ထပ် ရှေ့နေတွေကလည်း အခု တရားစွဲဆိုမှုမှာ ဂမ်ဘီယာဟာ နစ်နာတဲ့နိုင်ငံ၊ သူ့နိုင်ငံသားတွေ ထိခိုက်ခံရလို့ တိုင်ကြားတဲ့သူမဟုတ်ဘူး။ ရိုဟင်ဂျာတွေထိခိုက်နစ်နာတယ်ဆိုရာမှာ ဂမ်ဘီယာက တိုက်ရိုက်ဆက်စပ်ပတ်သက်မှု မရှိတဲ့အတွက် တရားစွဲဆိုနိုင်တဲ့ အနေအထားမရှိဘူးလို့ ကန့်ကွက်တင်ပြခဲ့ပါတယ်။ တတိယကန့်ကွက်ချက်အနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးပဋိဉာဉ်ကို မြန်မာနိုင်ငံက လက်မှတ်ရေးထိုးခဲ့စဉ်က ပုဒ်မ ၈ ကို ချွင်းချက်ထားခဲ့တယ်ဆိုတာကို ထောက်ပြပြီး အဲဒီအတွက် မြန်မာကို ဥပဒေအရ တရားစွဲဆိုလို့ မရဘူးလို့ တင်ပြပါတယ်။

    ဒုတိယနေ့ ကြားနာမှုအဖြစ် ဖေဖော်ဝါရီလ ၂၃ ရက် ဗုဒ္ဓဟူးနေ့မှာ ဂမ်ဘီယာဘက်က လျှောက်လဲမှာ ဖြစ်ပါတယ်။ အဲဒီနောက် ဒုတိယအကြိမ်အဖြစ် မြန်မာဘက်က ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ လျှောက်လဲရဖို့ရှိပြီး ဂမ်ဘီယာဘက်ကတော့ ၂၈ ရက်နေ့မှာ အပြီးသတ် လျှောက်လဲရမှာ ဖြစ်ပါတယ်။

  9. လေးကေ့ကော်စစ်ဘေးရှောင်အချို့မှာ အိုမီခရွန်ကူးစက်မှုတွေရှိနေ, တိုက်ပွဲနဲ့ကျန်းမာရေးပြသာနာကြားမှာ စိတ်ဓာတ်ကျလာတယ်လို့စစ်ရှောင်တွေပြော

    ကရင်ပြည်နယ် ၊ လေးကေ့ကော်ဒေသတိုက်ပွဲတွေအကြားစစ်ဘေးရှောင်နေကြရတဲ့စစ်ဘေးရှောင်အစုအဖွဲ့တချို့မှာ အိုမီခရွန်ကူးစက်မှုတွေရှိနေပြီးလူနာ ၁၀ ဦးထက်မနည်းတွေ့ရှိထားတယ်လို့KNU ဒေသတွင်း ကျန်းမာရေးကူညီပေးနေသူတွေကပြောပါတယ်။လက်ရှိမှာ ကူးစက်ခံရသူတွေနဲ့ ထိစပ်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေသလို အသွားအလာအနေအထိုင်ကန့်သတ်မှုတွေလုပ်ဆောင်ပြီး စောင့်ကြည့်ကုသနိုင်ဖို့ပြင်ဆင်နေရတယ်လို့ဆိုပါတယ်။

    ’’အခု စစ်ဘေးရှောင်တွေထဲမှာအိုမီခရွန် ကူးစက်လူနာ ၄ ယောက် လောက်စတွေ့တယ်။ တခြားအစုအဖွဲ့ တွေဘက်မှာလည်း ၃ယောက်လောက်ပိုးတွေ့တာတွေရှိလာနေပြီ။အခုတော့ စစ်ဘေးရှောင်တွေ နှာခေါင်းစည်းတပ်ဖို့ ၊ အပြင်အသွားအလာမလိုအပ်ဘဲမသွားလာကြဖို့ကန့်သတ်ထားတယ်’’ လို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူတစ်ဦးကပြောပါတယ်။

    ဒါ့အပြင် ကာကွယ်ဆေး မထိုးရသေးတဲ့သူတွေ ထိုးဖို့နဲ့ နောက်တစ်ကြိမ်ဆေးထိုးဖို့ကျန်နေသေးသူတွေလည်းကာကွယ်ဆေးဆက်ထိုးနှံပေးဖို့ လုပ်နေတယ်လို့သိရပါတယ်။

    ’’ အခုကပိုးတွေ့လူနာ ရှိနေပြီ ကြားရတော့ ကိုယ့် နေရာကိုယ်နေကြရတယ်။နှာခေါင်းစည်း တပ်ထားရတယ်၊အပြင်မထွက်ရဘူး၊ တခြား နေရာကလူလည်းကိုယ့်နေရာလာဖို့ မလာရဲဘူး။ဆေးခန်းပြလည်းခက်နေတယ်။တိုက်ပွဲကလည်း ဆက်ဖြစ်နေတာဆိုတော့အသွားခက်၊အနေ ခက်ဖြစ်နေတဲ့ကြားမှာကျန်းမာရေးအတွက်ပါ ခက်လာနေတော့ ကျနော်တို့လည်းဘာမှမတတ်နိုင် တော့သလိုခံစားနေရတယ်။စိတ်ဓာတ်တွေလည်းကျလာနေပြီ ’’ လို့ စစ်ဘေးရှောင်တစ်ဦး ကပြောပါတယ်။

    လေးကေ့ကော်ဒေသအတွင်း ဖေဖော်ဝါရီ ၁၆ရက် ကနေ ဖေဖော်ဝါရီ ၂၁ရက်အထိတစ်ကျော့ပြန်တိုက်ပွဲတွေရှိနေသလို ရာသီအချိန်အခါမဟုတ် ရွာသွန်းတဲ့မိုးကြောင့် စစ်ဘေးရှောင်တွေ ဖျားနာကြသလို အခက်အခဲတွေလည်းရှိနေတာပါ။

  10. အတိုင်ပင်ခံနဲ့သမ္မတတို့ စွပ်စွဲခံထားရတဲ့ရွေးကောက်ပွဲဆိုင်ရာအမှုအတွက် တရားလိုကိုဆက်လက်စစ်ဆေး

    နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့ စွပ်စွဲခံထားရတဲ့ ရွေးကောက်ပွဲဆိုင်ရာအမှုအတွက် ဒီနေ့ ဖေဖော်ဝါရီလ ၂၁ ရက်မှာ နေပြည်တော်အထူးတရားရုံးမှာ တရားလိုဖြစ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင်ကို ဆက်လက်စစ်ဆေးခဲ့ပါတယ်။ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀-က နဲ့စွဲဆိုထားတဲ့ အဲဒီအမှုမှာ နိုင်ငံတော်အတိုင်ပင်ခံနဲ့ သမ္မတဦးဝင်းမြင့်အပြင်ပြည်ထောင်စုဝန်ကြီးဟောင်းဦးမင်းသူလည်းပါဝင်တာပါ။

    ဒီကနေ့စစ်ဆေးမှုမှာ တရားလိုဖြစ်သူကို အဓိက စစ်မေးချက်ကိုဆက်စစ်ဆေးခဲ့သလို စွပ်စွဲခံရသူ ၃ ဦးရဲ့ရှေ့နေအဖွဲ့တွေက ပြန်လှန်စစ်မေးတာတွေ လည်းလုပ်ခဲ့ပါတယ်။ ဒါ့အပြင်ရွေးကောက်ပွဲဆိုင်ရာအမှုနဲ့ ပတ်သက်ပြီး ၁၃၀-က နဲ့စွဲဆိုတာဟာ ဥပဒေနဲ့မညီတဲ့အကြောင်းလည်း တရားလိုဖြစ်သူကို စွပ်စွဲခံရသူတွေရဲ့ ရှေ့နေတွေဘက်က ပြန်လှန်စစ်မေးမှုမှာ ထည့်သွင်းမေးမြန်းခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကသိရပါတယ်။

    ပြီးခဲ့တဲ့ အပတ်က တရားခွင်မှာတရားလိုဖြစ်သူက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် စွပ်စွဲခံရထားရသူ ၃ဦးဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC အပေါ်မှာ မလျော်သြဇာသုံးဆောင်ရွက်ခဲ့ကြောင်း၊ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့အတူ ရွေးကောက်ပွဲ အောင်နိုင်ဖို့ကူညီရေးအဖွဲ့တွေဖွဲ့ပြီး ဆောင်ရွက်ခဲ့ကြောင်းစတဲ့ အချက်တွေကိုထွက်ဆိုသွားသလို ဒီအပတ်မှာလည်း အလားတူအခြေအနေတွေကို ထွက်ဆိုခဲ့တယ်လို့တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကသိရပါတယ်။

    အဲဒီအမှုအတွက် တရားလိုဘက်ကတင်တဲ့ လိုပြသက်သေ အယောက် ၂၀ ရှိနေပြီး ၂ လအတွင်းမှာ တရားလိုပြသက်သေတွေကို အပြီးစစ်ဆေးဖို့ရှိနေတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

    ဒီကနေ့ရုံးချိန်းကို စွပ်စွဲခံရသူ ၃ဦးလုံးတက်ရောက်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်အားလုံး ကျန်းမာရေးကောင်းမွန်တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကသိရပါတယ်။

  11. သမိုင်းလမ်းဆုံ စီးတီးမတ်ရှေ့က ယာဉ်ထိန်းရဲကင်းမှာ ပေါက်ကွဲမှု ထပ်ဖြစ်ပြန်

    ရန်ကုန်မြို့၊ သမိုင်းလမ်းဆုံမှာရှိတဲ့ City Mart ရှေ့က ယာဉ်ထိန်းရဲကင်းမှာ ဒီနေ့ ဖေဖော်ဝါရီလ ၂၁ ရက် မွန်းလွဲပိုင်းမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

    ပေါက်ကွဲမှုကြောင့် ဒဏ်ရာရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို လူနာယာဉ်တင်နဲ့လာခေါ်သွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

    အဲဒီပေါက်ကွဲမှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးတယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

    ဗမာ့လူငယ်ကွန်ယက် မြို့ပြပျောက်ကျားစစ်တပ်ဖွဲ့ကတော့ ဒီတိုက်ခိုက်မှုကို မြန်မာကာကွယ်ရေးအဖွဲ့(MDF) အတူ သူတို့လုပ်ဆောင်တာဆိုပြီး သတင်းထုတ်ပြန်ထားပါတယ်။

    တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး နောက် ၅ ဦး ဒဏ်ရာရသွားတယ်လို့လည်း အဲဒီအဖွဲ့က ပြောပါတယ်။

    ပေါက်ကွဲမှုဖြစ်တဲ့ မွန်းလွဲတစ်နာရီခွဲခန့်တုန်းကတော့ စစ်ကောင်စီက စစ်ကားတွေနဲ့ လာရောက် ပိတ်ဆို့ စစ်ဆေးတာရှိခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်တုန်းကလည်း အဲဒီယာဉ်ထိန်းရဲကင်းအနီး ၂ ကြိမ်ထက်မနည်းတိုက်ခိုက်မှုဖြစ်ခဲ့တာကြောင့် ရဲကင်းအနီးနားကို လူမဖြတ်အောင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအဟန့်အတားတွေ ချထားချိန်မှာပဲ အခုပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

  12. ရခိုင်မင်းဆက်တွေရဲ့နောက်ဆုံး ထီးနန်းစိုက်ခဲ့ရာ ရှေးဟောင်းမြို့တော်တစ်ခုဖြစ်တဲ့ မြောက်ဦးမြို့မှာ ရေစီမံခန့်ခွဲရေး အတတ်ပညာတွေ တိုးတက်ခဲ့ပြီး ရေအသုံးချမှု ကိစ္စရပ်တွေဟာ ထူးခြားတဲ့စီမံခန့်ခွဲမှုတစ်ခုဖြစ်တာကြောင့် ဒီအတတ်ပညာကို ယူနက်စကို အသိအမှတ်ပြုခံရဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။

    ရေကျုံး၊ နွံကျုံး၊ ကျုံးခြောက်၊ ရေနုတ်မြောင်း၊ ရေတံခါး စတာတွေနဲ့ လက်ရှိမြို့တွင်းမှာ စီးဆင်းလည်ပတ်နေတဲ့ ချောင်းတွေကို စစ်ရေးအရ လိုအပ်တဲ့အချိန်မှာ အသုံးချနိုင်အောင် ဆောင်ရွက်ထားတဲ့ စီမံမှုမျိုးတွေ ရှိခဲ့တယ်လို့ သမိုင်းအထောက်အထားတွေလည်းရှိနေပါတယ်။

    ဒါပေမဲ့ လက်ရှိမှာ မြောက်ဦးမြို့ရဲ့အခြေအနေတွေဟာ ပြောင်းလဲနေပြီး တချို့ နေရာတွေမှာ ရေစီးရေလာကောင်းမွန်အောင်ဆိုပြီး မြို့တွင်း ချောင်းတွေကို တူးဖော်တာတွေ ပြုလုပ်တာတွေလည်း ရှိနေပါတယ်။

    ဒီလိုအခြေအနေမှာ မြောက်ဦးရဲ့ရေစီမံခန့်ခွဲမှုစနစ်ကို ယူနက်စကိုဝင်ရေး အားထုတ်မှု ဘယ်အဆင့်ရှိနေပါပြီလဲ။ ဒီလင့်ခ်ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။

  13. ယာဉ်စီးခ ၂ ဆ တက်မယ်လို့ ရန်ကုန်ဘတ်စ်ကားတွေပေါ် ကြေညာထား

    ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ ဘတ်စ်ကားလိုင်းတွေမှာ မနက်ဖြန် ဖေဖော်ဝါရီလ ၂၂ ရက်ကစလို့ ခရီးစဉ်တစ်ကြောင်းကို စီးနင်းခ ၄၀၀ ကျပ်အထိ တိုးမြှင့်ကောက်ခံမယ်ဆိုတဲ့အကြောင်း စာကပ်ကြေညာထားတာ တွေ့ရပါတယ်။

    ဒါပေမဲ့ ယာဉ်လိုင်းတချို့မှာ ပြီးခဲ့တဲ့တစ်ပတ်ကတည်းကစလို့ ခရီးစဉ်တစ်ကြောင်းကို ၄၀၀ ကျပ်အထိ ကောက်နေပြီဆိုတဲ့အကြောင်း ခရီးသွားပြည်သူတွေက ဘီဘီစီကို လာရောက် ပြောဆိုထားတာလည်းရှိနေပါတယ်။

    အာဏာမသိမ်းခင်အထိ ယာဉ်စီးခတစ်ကြောင်းစာကို ပုံမှန် ၂၀၀ ကျပ်ရှိခဲ့ပေမဲ့ အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ယာဉ်လိုင်းတစ်ချို့က ဘတ်စ်ကားတွေမှာ ယာဉ်စီးခကို သတ်မှတ်ပုံးထဲမထည့်ခိုင်းတော့ဘဲ ယာဉ်နောက်လိုက်တစ်ဦးက ကောက်ယူနေတာ၊ လေအေးပေးစက် ဖွင့်မမောင်းတော့တာ၊ ရှေ့တံခါးတက်ပြီးနောက်တံခါးဆင်းတဲ့စနစ် အားနည်းသွားတာတွေကြုံနေရတယ်လို့ ခရီးသွားပြည်သူတွေက ပြောကြပါတယ်။

    နောက်ပြီး ယာဉ်လိုင်းတွေရဲ့နံပါတ်တွေ ပြောင်းလဲလိုက်တာကြောင့်လည်း အခက်တွေ့ရတယ်ဆိုပြီး ဘတ်စ်ကားစီးခရီးသွားပြည်သူတွေက အစောပိုင်းကတည်းက ရင်ဖွင့်ထားကြပါတယ်။

  14. မြင်းမူဒေသကာကွယ်ရေးစခန်းတစ်ခု တိုက်ခိုက်စီးနင်းခံရ, ရဲမေ ၇ ဦးအပါအဝင် ၁၀ ဦး ဖမ်းဆီးခံရတယ်လို့ NUG ကာကွယ်ရေးပြော

    စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ထဲမှာ ဒေသကာကွယ်ရေးစခန်းတစ်ခုကို စစ်ကောင်စီတပ်ဖွ့ဲဝင်တွေက ဖေဖော်ဝါရီလ ၂၀ ရက်မှာ ဝင်ရောက်တိုက်ခိုက်ချိန် အမျိုးသမီးရဲဘော် ၇ ဦးအပါအဝင် ၁၀ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

    စံတင်ကင်းကျေးရွာအနီးက ဒေသခံပြည်သူ့ကာကွယ်ရေးစခန်းကို စစ်ကောင်စီက ဝင်ရောက်တိုက်ခိုက်ချိန် ရဲဘော် ၂ ဦးကျဆုံးပြီး ရဲမေ ၇ ဦးအပါအဝင် ရဲဘော် ၁၀ ဦး ဖမ်းဆီးခံရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

    အဲဒီစခန်းကို စစ်ကောင်စီက ဝင်ရောက်တိုက်ခိုက်ချိန် လက်လုပ်သေနတ်အတိုနဲ့အရှည် ၅၀ ကျော်၊ စိန်ပြောင်း ၅ လက်၊ လက်လုပ်ကျည်ဆန်တွေ၊ မိုင်းတွေရော စခန်းပါ ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသတွင်း သတင်းထုတ်ပြန်ရေးအဖွဲ့တွေလည်း ပြောထားပါတယ်။

    မြင်းမူနယ်ထဲ ဒေသကာကွယ်ရေးတပ်တွေထောင်ထားတဲ့ လက်လုပ်မိုင်းတချို့ကို စစ်ကောင်စီဘက်က အရပ်ဝတ်တွေနဲ့ ရှင်းလင်းမှုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုခဲ့အပြီးမှာ အခုလို စခန်းကို ဝင်ရောက်တိုက်ခိုက်မှု ပေါ်ပေါက်လာတာလည်းဖြစ်ပါတယ်။

  15. မြန်မာရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာတွေအပေါ်လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်အမှုကို အိုင်စီဂျေမှာ ဒီနေ့ ပြန်လည်ကြားနာမယ်

    ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာပြည်ရင်ဆိုင်နေရတဲ့အမှုကို သယ်ဟိတ်မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး(ICJ)မှာ နောက်တစ်ကြိမ် ကြားနာမှုကို ဒီနေ့ ဖေဖော်ဝါရီလ ၂၁ ရက် ပြုလုပ်ဖို့ရှိနေပါတယ်။

    လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျီနီဗာပဋိညာဉ်ကို မြန်မာဘက်က ချိုးဖောက်ခဲ့တယ်ဆိုပြီး ဂမ်ဘီယားနိုင်ငံက တရားစွဲတဲ့အမှုကို ဒေါ်အောင်ဆန်းစုကြည်လက်ထက်တုန်းက ကန့်ကွက်မှုတွေ ပြုလုပ်ထားတဲ့အတွက် အဲဒီကန့်ကွက်မှုတွေနဲ့စပ်လျဉ်းပြီး ICJ က ကြားနာသွားမှာဖြစ်ပါတယ်။

    ဒီကနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ မြန်မာက လျှောက်လဲရမှာဖြစ်ပြီး သန်ဘက်ခါ ဖေဖော်ဝါရီလ ၂၃ မှာတော့ ဂမ်ဘီယားနိုင်ငံရဲ့ အလှည့်ဖြစ်ပါတယ်။

    မြန်မာဘက်က ကန့်ကွက်ထားတာတွေကို ရုပ်သိမ်းကြောင်း NUG က ကြေညာခဲ့ပြီး အခုအခါ ICJ ရှေ့မှောက် မြန်မာရဲ့ကိုယ်စားလှယ်အဖြစ် ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လက်ခံဖို့ တောင်းဆိုထားပါတယ်။

    ဒါပေမဲ့ ဒီတစ်ခေါက်ရုံးချိန်းဟာ နေပြည်တော်က စစ်ကောင်စီနဲ့ကြား ပြုလုပ်ထားပြီးဖြစ်တဲ့အတွက် အခုအခါမှာတော့ စစ်ကောင်စီရဲ့ကိုယ်စားလှယ်အဖွဲ့ သယ်ဟိတ်မြို့ကို ရောက်နေပြီလို့ နားလည်ရပါတယ်။

    • အိုင်စီဂျေမှာတရားရင်ဆိုင်ဖို့ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ ထွက်ခွာ
    • ရိုဟင်ဂျာအရေး - အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မူဝါဒအပေါ် ရိုဟင်ဂျာတွေ ဘယ်လိုမြင်လဲ
  16. မြင်းမူမှာ စစ်ကောင်စီအရပ်ဝတ်တွေက မိုင်းနဲ့ဗုံးတွေရှင်းနေတယ်လို့ ဒေသခံတွေပြော

    စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ထဲက မုံရွာ-မန္တလေး ကားလမ်းဘေးမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထောင်ထားတဲ့ မိုင်းနဲ့ဗုံးသီးတွေကို စစ်ကောင်စီအရပ်ဝတ်တွေက ရှင်းလင်းနေတယ်ဆိုပြီး ဒေသခံတွေက ပြောလာပါတယ်။

    စစ်ကောင်စီဘက်က အရပ်ဝတ်တွေနဲ့ ရှင်းလင်းနေတာကြောင့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တုန်းက မြင်းမူမြို့နယ်၊ အာလ္လကပ္ပရွာနဲ့ဝမ်းပြည့်ရွာကြား မုံရွာ-မန္တလေး ကားလမ်းဘေးမှာ ဒေသကာကွယ်ရေးတပ်တွေ ထောင်ထားတဲ့ လက်လုပ်မိုင်းတွေနဲ့ ဗုံးသီးတွေ ရှင်းလင်းခံခဲ့ရတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

    ‘‘စစ်တပ်ဘက်က သတင်းပေးပါလာပုံရပါတယ်။ အရပ်ဝတ်တွေနဲ့ ဗုံးတွေ လာရှင်းကြတာပါ။ ကင်းပုန်းတွေလည်းချထားပုံရတယ်။ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြန်တုံ့ပြန်တာမျိုးမတွေ့ခဲ့ရဘူး’’လို့ ဒီဖြစ်စဉ်ကိုသိတဲ့မြင်းမူဒေသခံတစ်ဦးက ပြောပါတယ်။

    မိုင်းတွေရှင်းလင်းခဲ့တဲ့နေရာဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက မုံရွာကနေ စစ်ကိုင်းမြို့ကို သွားတဲ့ ၁၂ စီးပါ စစ်ကောင်စီယာဉ်တန်းကို မြင်းမူဒေသကာကွယ်ရေးတပ်က တိုက်ခိုက်လို့ စစ်ကား ၂ စီး မိုင်းထိပြီး တစ်စီးပျက်စီးသွားတဲ့နေရာဖြစ်တယ်လို့လည်း သိရပါတယ်။

  17. အိန္ဒိယစစ်တပ်က မြန်မာစစ်တပ်ကို လှူတဲ့ ကိုဗစ်ကာကွယ်ဆေးတွေ ရောက်လာ

    အိန္ဒိယစစ်တပ်ဟာ ကိုဗစ်-၁၉(ကိုရိုနာဗိုင်းရပ်စ်)ရောဂါ ကာကွယ်ဆေး ၁ သိန်းကို မြန်မာစစ်တပ်ကို လှူဒါန်းလာတယ်ဆိုပြီး စစ်ကောင်စီက ဖေဖော်ဝါရီလ ၂၀ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

    COVIDSHIELD အမျိုးအစား အဲဒီကာကွယ်ဆေးတွေကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ကနေ ရန်ကုန်လေဆိပ်ကို မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းလေယာဉ်နဲ့ သယ်လာတာဖြစ်ပါတယ်။

    ဆေးတစ်ပုလင်းကို လူ ၁၀ ဦးအထိ ထိုးနှံနိုင်တဲ့ အဲဒီကာကွယ်ဆေးတွေကို ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းမှာရှိတဲ့ နယ်မြေခံဆေးဆိုလှောင်ရေးတပ်(စတိုခွဲ)မှာ ထားမယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

  18. ရခိုင်ပြည်နယ် ပင်လယ်ပြင်အတွင်း စစ်ကောင်စီက စစ်ရေးလေ့ကျင့်နေ

    ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဝင်အသင့်ရှိစေရေးအတွက် အမြောက်တွေပစ်ခတ်စမ်းသပ်ဖို့ရှိနေတယ်လို့ စစ်ကောင်စီဘက်က အခုရက်ပိုင်းမှာ အသိပေးအကြောင်းကြားစာတစ်စောင့် ထုတ်ပြန်ခဲ့ပါတယ်။အကြောင်းကြားစာမှာတော့ တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းမှာရှိတဲ့ ရခိုင်ပြည်နယ် တောင်ပိုင်း မာန်အောင်ကျွန်းစခန်း၊ ဂွမြို့နယ် ကျွန်းသာယာစခန်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းဘက်မှာတော့ ရသေ့တောင် မြို့နယ် နံ့သာကျွန်းစခန်းနဲ့ မေယုကျွန်းစခန်းတို့ကနေ ပစ်ခတ်မှုတွေပြုလုပ်မယ် ဆိုပြီး ရေးသားထားပါတယ်။အမြောက်ပစ်ခတ်လေ့ကျင့်မှုတွေကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကမေယုကျွန်းစခန်းနဲ့ နံ့သာကျွန်းစခန်းတွေမှာ ပြုလုပ်ခဲ့ပြီး ဒီကနေ့ ၂၀ ရက်နေ့မှာတော့ မာန်အောင်ကျွန်းနဲ့ကျွန်းသာယာစခန်းတွေမှာပစ်ခတ်သွားတာဖြစ်ပါတယ်။ အဲဒီကျွန်းစခန်းတွေရှိတဲ့နေရာနဲ့ဧရိယာ၁၀မိုင်အတွင်းကို ငါးဖမ်းလှေတွေ၊ သင်္ဘောတွေနဲ့ လူတွေဖြတ်သန်းသွားလာတာမပြုလုပ်ဖို့ကိုလည်းတားမြစ်ထားပါတယ်။တစ်နှစ်ကျော်အကြာ တိုက်ပွဲတွေရပ်စဲနေခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်းမှာ အခုလ ၄ ရက်နေ့ကနေ ၇ ရက်နေ့အထိ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား မောင်တောမြို့နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့ကြပါတယ်။ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီ တတိယအပတ်အတွင်းမှာပဲ အခုလို တိုက်ပွဲဝင် အသင့်ဖြစ်စေဖို့အတွက် အမြောက်တွေပစ်ခတ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေကို စစ်ကောင်စီဘက်က ပြန်လည်ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။ဓာတ်ပုံ - ကိုမြင့်လွင် (ယခင်လေ့ကျင့်မှုပုံ)

  19. အာဆီယံအထူးကိုယ်စားလှယ်က CRPH၊ NUG တို့နဲ့တွေ့မှာ စစ်ကောင်စီသဘောမတူ

    ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီးမှာ အလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် အာဆီယံရဲ့အထူးကိုယ်စားလှယ် လည်းဖြစ်တဲ့ ပရာ့ဆော့ခွန်က လာမယ့်မတ်လအတွင်း သူမြန်မာနိုင်ငံကို သွားပြီး စစ်ကောင်စီနဲ့ တွေ့မှာဖြစ်သလို အဲဒီခရီးစဉ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်တွေနဲ့ပါ တွေ့ခွင့်ရလိုကြောင်းပြောခဲ့ပါတယ်။

    စစ်ကောင်စီက NUG ကို အကြမ်းဖက်သမားတွေလို့ သတ်မှတ်ထားပြီး တိုက်ရိုက်စကားပြောဖို့ ငြင်းဆန်နေတဲ့အတွက် အဲဒီနေရာမှာ အာဆီယံအထူး ကိုယ်စားလှယ်က ကြားက တံတားလို ဆက်သွယ်ဆောင်ရွက်ပေးချင်တဲ့ အကြောင်း မစ္စတာဆော့ခွန်က ပြောခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာပဲ မလေးရှားနိုင်ငံခြားရေးဝန်ကြီးကလည်း အာဆီယံအနေနဲ့ NUG ကို ထိတွေ့ဆက်ဆံ စကားပြောဖို့လိုတဲ့ အကြောင်းတိုက်တွန်းခဲ့ပါတယ်။ ဒီကနေ့ ဖေဖါ်ဝါရီလ ၂၀ ရက်နေ့မှာတော့ မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထဲမှာ အာဆီယံအထူးသံတမန်ကနေတဆင့် အာဆီယံရဲ့ အပြုသဘောပူးပေါင်းဆောင်ရွက်မှုကို ကြိုဆိုကြောင်း ပြောကြားပေမဲ့ စစ်ကောင်စီက အကြမ်းဖက်သမားအဖြစ် သတ်မှတ်ထားသူတွေနဲ့ ဆက်သွယ်ဆောင်ရွက်မှာကို သဘောမတူကြောင်း ပြောထားပါတယ်။ အာဆီယံအစည်းအဝေးမှာ အဲဒီလိုအဖွဲ့တွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ အထူးကိုယ်စားလှယ်ကို အဖွဲ့ဝင်နှစ်နိုင်ငံက အကြံပေးခဲ့တာကို သတိပြုမိကြောင်း၊ CRPH၊ NUG နဲ့ သူတို့ရဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေကို အကြမ်းဖက်အုပ်စုတွေလို့ ကြေညာထားပြီးဖြစ်တဲအတွက် သူတို့နဲ့ ထိတွေ့ဆက်ဆံဖို့အကြံပြုတာဟာ အာဆီယံပဋိဉာဉ်ပါမူတွေကို ဆန့်ကျင်ပြီး အာဆီယံရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးကြိုးပမ်းမှုတွေကို ထိပါးစေတယ်လို့ ဖော်ပြထားပါတယ်။

    အာဆီယံအစည်းအဝေးမှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တနိုမာဆူဒီကလည်း အာဆယံကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံအရေးမှာ အဓိကျတဲ့ အင်အားစုအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့က အရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။

  20. ရန်ကုန် ၊ ရွှေမင်္ဂလာဈေး မီးလောင်

    ရန်ကုန် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မင်္ဂလာဈေးဝင်းထဲက ရွှေမင်္ဂလာဈေးမှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၀ရက် ညပိုင်း ၇နာရီကျော်က မီးလောင်မှုဖြစ် ပွားခဲ့ပြီး မီးလောင်ပြီး ၁၀မိနစ်ခန့်မှာမီညွန့်ငြိမ်သွားခဲ့တယ်လို့ မီးသတ် ဦးစီးဌာနကထုတ်ပြန်ပါတယ်။ လက်ရှိမှာ မီးလောင်တဲ့အကြောင်းအရင်းကို မသိရသေးပါဘူး။ မင်္ဂလာမွန်ဈေး၊ ရွှေမင်္ဂလာဈေး၊ မင်္ဂလာဈေး၊ ရွှေပြည့်စုံဈေးတို့ဟာကပ်လျက်ရှိတာပါ။ ဆိုင်ခန်းပေါင်း ၄ ထောင် ကျော်ရှိတဲ့ မင်္ဂလာဈေးဟာ ၂၀၁၀ ခုနှစ်မေလ က ပထမအကြိမ် မီးလောင်ခံခဲ့ရပြီး ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှာ ဒုတိယအကြိမ် ထပ်မံ မီးလောင်ကျွမ်းခံခဲ့ရတာဖြစ်ပါတယ်။ အရင် ၂ကြိမ် မီးလောင်ခဲ့တဲ့အခြေအနေဖြစ်ခဲ့တုန်းက ဆုံးရှုံးမှုပမာဏအများ အပြား ရှိခဲ့ပါတယ်။