အေအေကိုယ်စားပြုပြီး ပြည်ထောင်စုနေ့တက်ရောက်တဲ့ ဦးဦးလှစော ကိစ္စ ရခိုင်အမျိုးသားပါတီဘက်က ဘာပြောလဲ
ရခိုင်အမျိုးသားပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဦးလှစောဟာ ဖေဖော်ဝါရီ ၁၂ ရက်နေ့က နေပြည်တော်မှာပြုလုပ်ကျင်းပခဲ့တဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရက္ခိုင့်တပ်တော် ULA/AA ဘက်ကတက်ရောက်ခဲ့တဲ့ ကိုယ်စားလှယ်ခြောက်ဦးထဲမှာ ပါဝင်ခဲ့ပါတယ်။
ရခိုင်အမျိုးသားပါတီရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သလို လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးလည်းဖြစ်တဲ့ ဦးဦးလှစောဟာ အဲဒီဆွေးနွေးပွဲမှာ ULA ရဲ့နိုင်ငံရေးမှူးအဖြစ် တာဝန်ယူပြီး တက်ရောက်ခဲ့တာဖြစ်ပါတယ်။ အခုလို ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးအနေနဲ့ တခြားအဖွဲ့အစည်းတစ်ခုရဲ့ ကိုယ်စားလှယ်အဖြစ် တာဝန်ယူလုပ်ဆောင်ခြင်းနဲ့ပတ်သက်လို့ ပါတီအနေနဲ့ မကြာခင်မှာ အစည်းအဝေးခေါ်ယူဖို့ရှိနေပြီး အဲ့ဒီအစည်းအဝေးကနေ ဆုံးဖြတ်ချက်ချမှတ်သွားမှာဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောပါတယ်။
“အဲဒီမှာ သွားပြီးဆွေးနွေးမယ့်ကိစ္စကို ကျွန်တော်တို့ပါတီကို ဘာမှအသိပေးခဲ့တာမရှိဘူးခင်ဗျာ။ လောလောဆယ် ပါတီမှာတော့ ဆရာဦးလှစော အဲဒီမှာ ULA အနေနဲ့ အခမ်းအနားတက်တာတို့ သွားရောက်ဆွေးနွေးတာတို့ ကိစ္စနဲ့ပတ်သက်ပြီး အစည်းအဝေးတစ်ရပ်ခေါ်ယူပြီးတော့ ဆွေးနွေးပြီးဆုံးဖြတ်ချက်တစ်ခုချသွားဖို့အတွက် စီစဉ်ဆောင်ရွက်နေတဲ့အခြေအနေရှိပါတယ်”လို့ ဦသာထွန်းလှက ပြောပါတယ်။
ULA ရဲ့နိုင်ငံရေးမှူးအဖြစ်တာဝန်ယူပြီး နေပြည်တော်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုသွားတက်တဲ့အချိန်ထိ ဦးဦးလှစော ဘက်က ပါတီမှာတရားဝင်နုတ်ထွက်စာတင်ပြထားတာမျိုးမရှိသေးဘူးလို့သိရပါတယ်။ ANP ပါတီကနေ လက်ရှိနုတ်ထွက်ထားတာမရှိသေးသလို တခြားအဖွဲ့အစည်းတစ်ခုရဲ့ နိုင်ငံရေးမှူးအဖြစ်တာဝန်ယူ ဆောင်ရွက်နေတဲ့ကိစ္စနဲ့ပတ်သက်လို့ ပါတီဘက်က ဆုံးဖြတ်သွားမယ်ဆိုပေမယ့် ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုချမှတ်မလဲဆိုတာကို လောလောဆယ်မသိရသေးသလို ပါတီတာဝန်ရှိသူတွေအနေနဲ့ အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်တဲ့အခြေအနေအပေါ် မူတည်နေတယ်လို့ ဦးသာထွန်းလှက ပြောပါတယ်။
ပါတီဘက်ကတော့ ဦးဦးလှစော အခုလိုသွားရောက်ဆွေးနွေးတဲ့ကိစ္စဟာ ANP ပါတီနဲ့ ဘာမှပတ်သက်မှုမရှိဘူးလို့ ငြင်းဆိုထားပါတယ်။
ဒီကိစ္စ နဲ့ပတ်သက်လို့ ဦးဦးလှစောကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။