ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

လျှပ်စစ်မီးနာရီနဲ့ချီ ပြတ်တောက်နေတာကြောင့် သောက်သုံးရေပြတ်လပ်မှုတွေရှိလာ

ရန်ကုန်မြို့လို လူဦးရေထူထပ်ပြီး တိုက်ခန်းနေလူဦးရေများပြားတဲ့ ရပ်ကွက်တွေမှာတော့မီးပြတ်ချိန်များလာတာနဲ့အမျှ အထပ်မြင့်တွေဆီရေတင်ဖို့ခက်လာပြီး သောက်သုံးရေမရတာတွေပါရှိလာပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ထီးချိုင့်နယ်ထဲက သခွပ်ချောင်းရွာမှာ နေအိမ်နဲ့ စပါးတိုက်တွေ မီးရှို့ခံရ

    စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ထဲက သခွပ်ချောင်းရွာကို စစ်ကောင်စီတပ်တွေ ဒီနေ့ မတ်လ ၆ ရက် မနက်ပိုင်းမှာ ဝင်ရောက်ခဲ့ပြီးတဲ့နောက် နေအိမ်နဲ့စပါးတိုက်တွေ မီးရှို့ခံခဲ့ရတယ်ဆိုပြီး ဒေသခံတွေကပြောပါတယ်။

    ''ဒီနေ့မနက် ၇ နာရီဝန်းကျင်မှာ အင်အား ၄၀ လောက်က မီးရှို့သွားတာ။ လူနေအိမ် ၁၄ လုံးနီးပါးနဲ့ စပါးတိုက် ၂ တိုက် မီးထဲပါသွားတယ်။ သူတို့ ထွက်သွားမှပဲ ရွာသူရွာသားတွေက ရွာထဲပြန်ဝင်ပြီး ကျန်တာတွေ သိမ်းဆည်းနေရတယ်။ တချို့လည်း ဘေးလွတ်ရာပြေးနေကြဆဲပဲ''လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ထီးချိုင့်မြို့မြောက်ဘက် တစ်မိုင်နီးပါးသာဝေးတဲ့ သခွပ်ချောင်းရွာနဲ့ အနီးပတ်ဝန်းကျင်မှာ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့မှုမရှိဘဲ စစ်ကောင်စီတပ်တွေက ဝင်ရောက် မီးရှို့ခဲ့တာလို့လည်း ဒေသခံတွေက ပြောပါတယ်။

    '' ထီးချိုင့်နဲ့ဆို လမ်းကြောသင့်ပြီး တစ်ရွာတည်းခြားတာ။ သူတို့ရဲ့သတ်မှတ်နှုန်းက ဘယ်တုန်းက သတ်မှတ်တာမျိုးကို အခုဆို ပေါက်ကုန်း(ရွာ)သတ်မှတ်ထားလို့ကြားသိရတယ်။ သခွပ်ချောင်ကိုလည်း သတ်မှတ်တယ်တဲ့။ လှုပ်ရှားတဲ့ရွာတွေဆို ပစ်မှတ်ထားတဲ့သဘောမျိုးပဲ။ သူတို့လည်း မိုင်းဆွဲခံရတာမျိုးရှိတယ်လေ''လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ထီးချိုင့်နယ်တဝိုက်မှာ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲ တိုက်ခိုက်တာတွေရှိနေပြီး ပြီးခဲ့တဲ့မတ်လ ၄ ရက်နေ့တုန်းကလည်း စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

  2. ထောက်ခံစာသုံးပြီး ခရီးသွားမှု စစ်ကောင်စီကန့်သတ်မယ်

    ထောက်ခံစာပြပြီး ခရီးသွားလာတာနဲ့ တည်းခိုတာတွေကို လာမယ့်ဧပြီလ ဆန်းကစလို့ ခွင့်မပြုတော့ဘူးလို့ စစ်ကောင်စီလက်အောက်က လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက မတ်လ ၅ ရက်မှာကြေညာပါတယ်။

    အဲဒီအစား မှတ်ပုံတင်ပြသရမှာဖြစ်ပြီး မှတ်ပုံတင်ရနိုင်ဖို့ကိုလည်း ပန်းခင်းလမ်းစီမံချက်ကို စတင်ထားပြီးဖြစ်တာကြောင့်လို့ လဝကဘက်က ထုတ်ပြန်စာက ဆိုပါတယ်။

    ဒါ့ကြောင့် ဧပြီလ ၁ ရက်နေ့ကစလို့ ထောက်ခံစာပြပြီး ခရီးသွားလာတာ၊ အစစ်ဆေးခံတာတွေကို ခွင့်ပြုတော့မှာမဟုတ်သလို မှတ်ပုံတင်အတုဆောင်တာ၊ ကဒ်အပိုထားတာတွေဟာလည်း တည်ဆဲဥပဒေအရ ပြစ်မှုမြောက်တယ်လို့လည်းဆိုပါတယ်။

    စစ်ကောင်စီဟာ မဲစာရင်းကိုကြောင်းပြကာ အာဏာသိမ်းခဲ့ပြီးတဲ့နောက် လပိုင်းအကြာမှာပဲ မဲစာရင်းမှန်ကန်ဖို့ဆိုပြီး ပန်းခင်းစီမံချက်ဆိုတဲ့နာမည်အောက်ကနေ မှတ်ပုံတင်တွေ လုပ်ပေးနေပြီလို့ အစောပိုင်းကတည်းက ကြေညာထားတာဖြစ်ပါတယ်။

    ဒါပေမဲ့ လက်လှမ်းမမီသူတွေအတွက် အဲဒီစီမံချက်က လွှမ်းခြုံဖို့ ခက်ခဲတဲ့အခါ ထောက်ခံစာပြပြီးခရီးသွားလာကြတဲ့ ကျေးလက်ဒေသက ခရီးသွားအများစုအတွက် အခုကြေညာချက်က အကြပ်အတည်းတစ်ခုဖြစ်လာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

    နောက် အခုလိုစစ်ကောင်စီရဲ့ကန့်သတ်မှုဟာ အာဏာသိမ်းမှုအပြီး ဝရမ်းထုတ်ခံထားရသူတွေ၊ တနေရာကနေ တနေရာကို ရွှေ့ပြောင်းတဲ့စစ်ရှောင်တွေ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့၀င်တွေ ကို ပစ်မှတ်ထားတဲ့အစီအမံတစ်ခုဖြစ်နိုင်တယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

  3. ခင်ဦးမြို့နယ်ထဲက ရွာတွေဆက်တိုက်မီးရှို့ခံနေရ

    စစ်ကိုင်းတိုင်း၊ခင်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီနဲ့ပြည်သူ့စစ်ဆိုတဲ့အဖွဲ့တွေပေါင်းပြီး လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ မီးရှို့ တာတွေဆက်တိုက်လုပ်ဆောင်နေတယ်လို့ ‌ဒေသခံတွေကပြောပါတယ်။

    မနေ့ မတ်လ ၅ရက်မှာ ရေဦး ဘက်ကနေ ခင်ဦးဘက်ကို ၀င်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ စစ်ကောင်စီလက်အောက် ပြည်သူ့စစ်အဖွဲ့တွေစုပေါင်းပြီး ၀င်ရောက်လာတာလို့ ဒေသခံတွေကပြောပါတယ်။ မနေ့ ကနေ့လယ်ပိုင်းမှာ ခင်ဦးမြို့နယ်ထဲက ဒါန်းကုန်းကျေးရွာကို စတင်၀င်ရောက်ပြီး ပစ်ခတ်တာတွေ နဲ့ မီးရှို့ တာတွေလုပ်ခဲ့လို့ အိမ်‌‌ ခြေ ၆၀ကျော် မီးလောင်ခဲ့တယ်လို့ ဆိုပါတယ်။

    အဲဒီမှာ စစ်ကောင်စီဘက်က ပစ်ခတ်မူတွေကြောင့် ‌ဒေသခံ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ သိရပါတယ်၊၊ တခါ မှန်တောကျေးရွာကို မနေ့ မတ်လ ၅ရက် ညပိုင်း ၈နာရီကျော်က လည်း သေနတ်ပစ်ခတ်တာတွေလုပ်သလို မီးရှို့တာတွေလုပ်တယ်လို့ ‌ဒေသခံတွေက ‌ပြောပါတယ်၊၊ မှန်တောက နေအိမ်တွေ မီးရှို့ခံရမှုကြောင့် အနည်းဆုံး အိမ် ၅၀ကျော် မီးလောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

    '' မှန်တောက မနေ့ ညက ညလုံးပေါက်ကို မီးလောင်တာ။ သူတို့ရှို့လို့ လေ။ ရွာကလူတွေလည်းထွက်ပြေးနေကြရတာ။ ဘာမှမလုပ်နိုင်ကြဘူး။ ‌အိမ်တွေက ဆက်နေတော့ အကုန်ကူးတာပဲ '' လို့ ဒေသခံတစ်ဦးက‌ပြောပါတယ်။

    ဒီကနေ့ မနက်ပိုင်းမှာတော့ ကျွန်းလည်ကျေးရွာကို ၀င်ရောက်ခဲ့ပြီး မီးရှို့တာတွေလုပ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ မီးရှို့ခံရတဲ့ အ‌‌‌‌ကြောင်းပြချက် မရှိသလို သတင်းပေးတွေကြောင့် မီးရှို့ခံရတာလို့ ‌ဒေသခံတွေက ယူဆကြပါတယ် ။

    အခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းက ကျေးရွာတွေ မှာ ဆက်တိုက်မီးရှို့ခံရတာတွေရှိသလို ‌‌ဒေသကာကွယ်ရေးတပ်တွေရဲ့ စခန်းတွေလည်းတိုက်ခိုက်ခံရတာ ဖျက်ဆီးခံရတာတွေရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာ စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အများစုမှာ အင်တာနက်တွေလည်းဖြတ်တောက်ခံထားရတာပါ။

    ခင်ဦးနယ်ထဲက သတင်းတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

  4. ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲဆက်ဖြစ်နေ, စစ်ကောင်စီဘက်က ဆယ်နဲ့ချီသေဆုံးတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်ကထုတ်ပြန်

    ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါ့ငံခါးကျေးရွာအနီး ဒီကနေ့ မတ်လ ၆ရက် မနက် (၅)နာရီလောက်ကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး အခုမနက် (၁၀)နာရီဝန်းကျင်မှာတော့ တိုက်ပွဲပြန်ငြိမ်နေပြီလို့သိရပါတယ်။ မနေ့မတ်လ (၅)ရက်တုန်းကလည်း ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲကျေးရွာအုပ်စု၊ အဲ့ဒီသေးဆူလဲကျေးရွာနဲ့ ဒေါနော်ကူး ကျေးရွာကြားကို စစ်ကြောင်းနှစ်ကြောင်းနဲ့ စစ်ကောင်စီဘက်က ထိုးစစ်ဆင်ခဲ့ပါတယ်။ အဲ့ဒီစစ်ကြောင်း တွေကို စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆိုနဲ့ ပူးပေါင်းတပ်တွေကနေ ခုခံတိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် ငွေတောင်ကျေးရွာအုပ်စု၊ ဘုရားငုတ်တိုကျေးရွာက ကျောက်ဆည်ကန်ဘက်မှာလည်း စစ်ကောင်စီ ဘက်က စစ်ကြောင်းထိုးလာတာကြောင့် ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပါသေးတယ်။ မနေ့က တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၃၅)ဦးထပ်မနည်း သေဆုံးခဲ့တယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ဒီကနေ့မှာသတင်းထုတ်ပြန်လာပါတယ်။ ကာကွယ်ရေးအဖွဲ့တွေဘက်က တော့ သေဆုံးသူမရှိဘဲ ထိခိုက်ဒဏ်ရာရသူတချို့ရှိတယ်လို့ ပါရှိပါတယ်။ ဒီလိုစစ်ကောင်စီဘက်ကလူဆယ်နဲ့ချီသေဆုံးတယ်ဆိုတာနဲ့ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးဘက်ကတော့ ဒီကနေ့နေ့လည်ပိုင်းအထိ တရားဝင်ထုတ်ပြန်တာမရှိသေးပါဘူး။

    “မနေ့ကဖြစ်ပြီးတော့ ည (၈)နာရီလောက်မှာ သူတို့လက်နက်ကြီးတွေနဲ့ပစ်လို့ရွာက အိမ်တလုံးမီးလောင် ပျက်ဆီးသွားတယ်။ အခုက လေကြောင်းနဲ့မတိုက်တာတော့ သုံးရက်လောက်ရှိနေပြီဖြစ်ပေမယ့် နေ့တိုင်း လိုလိုကို စစ်ကြောင်းသုံးကြောင်းလောက် သူတို့ဘက်ကအမြဲထိုးနေတယ်။ တခါမှမကြုံဘူးတဲ့ အင်အား၊ နောက် တာဝေးပစ်တွေလက်နက်ကြီးတွေနဲ့ကို တိုက်ခိုက်နေတယ်။ နန်းမယ်ခုံကိုလည်း ကျွန်တော်တို့ ဆုတ် ပေးလိုက်ရတော့ ဒီးမော့ဆိုကိုသူတို့သိမ်းချင်တာပေါ့လေ။ သူတို့ဘယ်လိုထိုးစစ်ဆင်မလဲ၊ ကျွန်တော်တို့ဘက်က ဘယ်လောက်ထိခုခံနိုင်မလဲ မပြောနိုင်သေးဘူး။”လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေး တပ် ပြန်ကြားရေးတာဝန်ခံက ဘီဘီစီကို ပြောပါတယ်။

    လက်ရှိမှာတော့ ဒီးမော့ဆိုတမြို့နယ်လုံးနီးပါး စစ်ဘေးရှောင်နေကြရပြီး ထိုးစစ်ဆင်တာတွေရှိနေတာကြောင့် စစ်ရှောင်နေရာတွေမကြာခဏပြောင်းရွှေ့နေကြရပါတယ်။ ဒါ့အပြင် ဒီးမော့ဆိုအနောက်ပိုင်းဟာ နဂိုကပင် သောက်သုံးရေရှားပါးတဲ့ဒေသတခုဖြစ်တာကြောင့် အခုဆိုရေလိုအပ်ချက်တွေအများကြီးရင်ဆိုင်နေရတယ် လို့ ဆိုပါတယ်။

  5. လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ စစ်ကောင်စီဘယ်လိုဆောင်ရွက်နေလဲ, လက်တွေ့မှာတော့ ၂၄နာရီ တစ်ရက်မှာ (၆)နာရီသာ လျှပ်စစ်မီးရနေ

    ရန်ကုန်လျှပ်စစ်ဓာတ်အားလိုအပ်ချက်တွေကို အတတ်နိုင်ဆုံးဖြည့်ဆည်း ဆောင်ရွက် ပေးဖို့ လုပ်နေတယ်လို့ ဒီကနေ့ မတ်လ (၆)ရက်ထုတ် စစ်ကောင်စီထိန်းချုပ်ထားတဲ့နိုင်ငံပိုင်သတင်းစာမှာဖော်ပြလာပါတယ်။ ပြည်သူတွေသုံးစွဲထားတဲ့ လျှပ်စစ် မီတာခတွေကို ၀န်ထမ်းတွေက တက်ညီလက်ညီကောက်ခံဖို့ ဆိုပြီး ၀န်ထမ်းတွေကိုတိုက်တွန်း‌ပြောကြားသလို ကျောက်ဖြူဒေသမှာ ၁၅၀ မဂ္ဂါဝပ်ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ဖို့ဆောင်ရွက်နေတာနဲ့ တခြားအရင်းအမြစ် တွေကနေ ထုတ်လုပ်ဖို့ဆောင်ရွက်နေတယ်ဆိုပြီး ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်)မှာ ပြုလုပ်တဲ့အစည်းအဝေးမှာ စစ်ကောင်စီပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက ပြောခဲ့တာပါ။

    တခါ ထုတ်လုပ်ပြီးလျှပ်စစ်ဓာတ်အားတွေကို ပြည်သူ တွေဆီ ဓာတ်အားပျောက်ဆုံးမှုအနည်းဆုံးနဲ့ ဗို့အားပြည့်ဝတည်တည်ငြိမ်ငြိမ်နဲ့ အချိန်မီဖြန့်ဖြူးပေးပို့နိုင် ရေးဟာ အဓိကရည်မှန်းချက်ဖြစ်တယ်လို့လည်းသူကဆိုပါတယ်၊၊

    စစ်ကောင်စီ ပြည်‌ထောင်စု၀န်ကြီးက လျှပ်စစ်မီးရဖို့ ပြောနေသလို တစ်ဖက်မှာလည်းလက်ရှိအချိန်မှာ ပြည်ပကနေမှာယူတင်သွင်းရတဲ့ LNG to Power ဓာတ်အားပေးစက်ရုံတွေရဲ့ ဓာတ်ငွေ့စျေးနှုန်းလေးဆခန့်မြင့်တက်လာတာကြောင့်ရော ကမ္ဘာ့ရေနံစျေးကွက်တည်ငြိမ်မှုမရှိတာကြောင့်ပါ စက်ရုံတွေရဲ့ ဓာတ်အားထုတ်လုပ်မှု (၇၅၀)မဂ္ဂါဝပ်ကို ရပ်တန့်ထားရတယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း က‌‌‌ ကြေညာထားပါတယ်၊၊

    ပြည်သူ့ရေးရာမူ၀ါဒဆိုင်ရာအကဲခတ်တွေကတော့ ဒီလိုရပ်တန်တယ်ဆိုတာဟာ စစ်ကောင်စီမှာ ဓါတ်ငွေ့ ၀ယ်ဖို့ ငွေကြေးလုံလုံလောက်လောက်မရှိတာလို့ထောက်ပြကြပါတယ်။

    ဒါပေမဲ့ လက်တွေ့မှာတော့ ၂၀၂၂ နှစ်ဆန်းပိုင်းကတည်းက မီးပြတ်တောက်တာတွေ ဖြစ်ပေမဲ့ မတ်လ ၁ရက်က စပြီး နိုင်ငံတ၀န်း မှာ လျှပ်စစ်မီးပျက်တာကဆိုးရွားစွာ ဖြစ်နေပြီး တနေ့ (၆)နာရီသာ လျှပ်စစ်မီးရရှိနေတဲ့ အ‌ခြေအနေဖြစ်နေတာပါ။ လျှပ်စစ်မီးပျက်တာကြောင့် လူထုရဲ့ နေ့စဉ် လုပ်ငန်းတွေအပြင် စီးပွားရေးလုပ်ငန်းတွေအပေါ်မှာပါ သက်ရောက်မှုရှိနေတာကြောင့် ပြည်သူတွေကြားဝေဖန်မှုမြင့်တက်နေတာပါ။ အခုလိုလျှပ်စစ်မီးအချိန်မှန်မရရှိတာအပြင် လောင်စာဆီ စျေးနှုန်းအဆမတန်မြင့်တက်လာတာ၊ ကုန်စျေးနှုန်း မြင့်တက်လာတွေကြောင့် ပြည်သူတွေစားဝတ်နေရေးမှာပါ အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ပြောနေကြတာပါ။

  6. ကဗျာဆရာကေဇဝင်းအုတ်ဂူအပါအဝင် အုတ်ဂူအချို့ ဖျက်ဆီးခံရ

    စစ်ကိုင်းတိုင်း၊မုံရွာမြို့မှာ မနှစ် ၂၀၂၁ မတ်လ ၃ရက်က ဆန္ဒပြသပိတ်ကို စစ်ကောင်စီရဲ့ ပစ်ခတ်ဖြိုခွင်းမူ‌‌ကြောင့် သေနတ်ကျဉ်ထိမှန်သေဆုံးခဲ့တဲ့ ကဗျာဆရာကေဇဝင်းရဲ့ အုတ်ဂူအပါအဝင် ဆန္ဒပြပွဲမှာ‌ သေဆုံးခဲ့ရတဲ့ ပြည်သူ ၉ ဦး ရဲ့ အုတ်ဂူပေါ်က ကြယ်တံဆိပ် အမှတ်အသားတွေနဲ့ ဓာတ်ပုံတွေဖျက်ဆီးခံရတယ်လို့ ‌‌‌ဒေသခံအချို့ ပြောပါတယ် ၊၊

    အဲဒီအုတ်ဂူတွေဟာ မုံရွာမြို့ ၊ မြို့မသုဿာန်မှာရှိတာ ဖြစ်ပြီး ဘယ်သူဘယ်ဝါ နဲ့ ဘယ်အဖွဲ့ ကလုပ်တယ်ဆိုတာကို တိတိကျကျ‌ပြောနိုင်တာမရှိကြပေမဲ့ ‌ဒေသခံအချို့ ကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်ပစ်ဖောက်ပြီး လာရောက်လုပ်ဆောင်တာလို့‌ ပြောဆိုကြပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်း မတ်လ ၃ရက်က မှ အဲဒီအုတ်ဂူတွေရှိရာမှာ တစ်နှစ်ပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ်ဒေသခံတွေက ဂါရဝပြုတာတွေလုပ်ခဲ့ကြပြီး နောက်မှာ အခုလိုဖျက်ဆီးခံရတာဖြစ်ပါတယ်၊၊

    မုံရွာမြို့ အခြေစိုက် ကဗျာဆရာတစ်ဦးဖြစ်တဲ့ ကိုကေဇဝင်း ခေါ် ကိုချမ်းသာဆွေဟာ ပြီးခဲ့တဲ့ နှစ် မတ်လ ၃ရက်က မုံရွာမြို့ ပြည်‌‌ထောင်စုလမ်း ဘုရားနီအနီး ဆန္ဒပြလူအုပ်ကို စစ်တပ်က ပစ်ခတ်ဖြိုခွဲခဲ့ရာမှာ သေနတ်ကို ဦးခေါင်းကျဉ်ထိမှန်ပြီးသေဆုံးခဲ့ရတာဖြစ်ပါတယ်။

  7. ဒီပဲယင်းမြို့နယ်၊ ဝဘာကျေးရွာမှာ နေအိမ်(၅၀)ကျော်မီးရှို့ခံရ

    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက ဝဘာကျေးရွာကို မနေ့ မတ်လ (၅)ရက်က စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး ပစ်ခတ်တာတွေလုပ်သလို နေအိမ် အလုံး (၅၀)ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဒီကနေ့ မတ်လ (၆)ရက်မနက်ပိုင်းအထိ သတင်းတွေအရ စစ်ကောင်စီ တပ်တွေ ဝဘာကျေးရွာကနေ ထွက်ခွာသွားပေမယ့် ဒေသခံတွေကတော့ ရွာထဲကိုပြန်မဝင်ရသေးဘဲ ထွက်ပြေးတိမ်း ရှောင်နေရဆဲလို့ ပြောပါတယ်။

    “ရွာထဲကို ဘာလို့ဝင်လာတာလဲတော့မသိရဘူး၊ ကျွန်တော့်တို့ထင်တာကတော့ သတင်းပေးဒလန် တိုင်ကြားလို့ ဝင်လာတယ်လို့တော့ထင်တယ်။ အိမ်တွေက တအိမ်နဲ့တအိမ်ဆက်နေတော့ မီးက ပိုပြီး ကူးသွားတာ။ သူတို့မလာခင်ကြိုရှောင်လိုက်နိုင်တော့ ဒေသခံတွေတော့ဘာမှမဖြစ်သွားဘူး။” လို့ ဒေသခံတဦးက ပြောပါတယ်။

    အခုတကြိမ်နဲ့ဆိုရင် ဒီပဲယင်းမြို့နယ်၊ ဝဘာရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်မွှေနှောက် မီးရှို့တာ သုံးကြိမ်ရှိပြီလို့ ဆိုပါတယ်။

    လက်ရှိမှာ ဒီပဲယင်းမြို့နယ်ကိုလျှပ်စစ်မီးဖြတ်တောက်တာတွေ ရှိ သလို မတ်လ(၃)ရက်ကစပြီး စစ်ကိုင်းတိုင်းအတွင်းက ဒီပဲယင်းမြို့နယ်အပါအဝင် မြို့နယ်အများစုမှာ အင်တာနက်ဖြတ်တောက်ခံထား ရတဲ့အခြေအနေလည်းဖြစ်ပါတယ်။

  8. ပူတာအိုမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့အကြောင်းအရင်းဗိုလ်မှူးကြီးနော်ဘူ ပြောပြီ

    မြန်မာနိုင်ငံရဲ့ မြောက်ဖျား ကချင်ပြည်နယ် ပူတာအို မြို့မှာတော့ စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေ၊ ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲတွေ ဖေဖော်ဝါရီလ ကနေစပြီး မတ်လ ၃ ရက်နေ့ အထိ မကြာခဏ ဖြစ်လာနေပါတယ်။

    တိုက်ပွဲတွေ ဖြစ်တာကြောင့် ပူတာအိုမြို့နယ် ဆွမ်ပီယန် ရွာအပါအဝင် ရွာ ၃ ရွာလောက်ဟာ ဘေးလွတ်ရာတောထဲ ထွက်ပြေးတိမ်းရှောင်နေရတာ တစ်လဝန်းကျင်ရှိလာပါပြီ။ စစ်ကောင်စီဘက်က ဆွမ်ပီယန်ရွာနဲ့ အနီးတဝိုက်ကို လေကြောင်းကနေ နှစ်ကြိမ် တိုက်ခိုက်မှုတွေရှိတာကြောင့် ဒေသခံ တချို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး ရွာအတွင်း အိမ် ၁၀ လုံးထက်မနည်း ပျက်စီးဆုံးရှုံးမှုတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဖေဖော်ဝါရီလနဲ့ မတ်လအတွင်း စစ်ကောင်စီတပ်နဲ့ကေအိုင်အေတို့ တိုက်ပွဲအများဆုံး ဖြစ်ခဲ့တဲ့ ပူတာအိုမြို့နယ် ဆွမ်ပီယာန်ရွာနဲ့ အနီးမှာရှိတဲ့ ရှိန်ကပ်ဘွမ် (ရှိန်ကပ်တောင်) ဟာ စစ်ရေးအရ နှစ်ဖက်စလုံးအတွက် ဗျူဟာကျတဲ့နေရာတွေဖြစ်တယ်လို့ဆိုပါတယ်။

    “အရေးပါပါတယ်။ ကျွန်တာ်တို့ တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ရှိန်ဂတ်ဘွမ်ဆိုတဲ့နေရာဟာ အရင်က ကေအိုင်အေတွေစခန်းထိုင်တဲ့နေရာဖြစ်ပါတယ်။ ဒါ ၂၀၁၈ မှာ စစ်ကောင်စီဘက်ကနေ ကျွန်တော်တို့ကို ဝင်တိုက်ပြီးမှ စခန်းထိုင်ခဲ့တဲ့နေရာဖြစ်ပါတယ်။ သူတို့အတွက်လည်း ဗျူဟာမြောက်တဲ့နေရာဖြစ်ပါတယ်။ ကျွန်တော်တို့အတွက်လည်း ဗျူးဟာမြောက်တဲ့စခန်းဖြစ်ပါတယ်။ ဆိုတော့ ကျတော်တို့ကလည်း အဲဒီနေရာကို ပြန်လိုချင်တာပေါ့။ အဲဒီလိုရှိတယ်လေ။ အဲဒါကြောင့် အဲဒီနေရာက ဗျူဟာမြောက်တဲ့နေရာ အရေးကြီးတဲ့နေရာတွေဖြစ်ပါတယ်။ ဒါကြောင့် အဲဘက်က တိုက်ပွဲတွေ ဆက်တိုက်ဆက်တိုက်ဖြစ်နေတာ” လို့ ကေအိုင်အေ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

    ဒါ့အပြင် တိုက်ပွဲဖြစ်တဲ့ဒုတိယအချက်အနေနဲ့ အဲ့ဒီနယ်တဝိုက်မှာ ဘိန်းခင်းစိုက်ပျိုးတာတွေလည်း ရှိပြီး ပြည်သူ့စစ်တွေအနေနဲ့ လုံခြုံရေးယူထားတာ ကြောင့် ကေအိုင်အိုအနေနဲ့ကတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဘိန်းခင်းတိုက်ဖျက်ရေး စီမံကိန်းတွေလည်း ရှိလို့ တိုက်ပွဲတွေ ဆက်ဖြစ်တဲ့ အနေအထားဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ရှိန်ကပ်တောင်မှာတော့စစ်ကောင်စီတပ်စခန်းက နေရာယူထားဆဲဖြစ်တယ်လို့သိရပါတယ်။

    စစ်ကောင်စီဘက်ကနေ လေကြောင်းလိုင်းနဲ့ ရန်သူကို တိုက်တာ လက်နက်ကြီးနဲ့ ပစ်တာ တွေဟာ ပြောစရာမရှိပေမယ့် ပြည်သူလူထုရှိတဲ့ နေရာကို လေကြောင်းနဲ့ ဗုံးကြဲတာကတော့ စစ်ရာဇဝတ်မှုကျူးလွန်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကိုစစ်ကောင်စီဘက်က စစ်ရေးနဲ့ပဲ ဖြေရှင်းနေမယ်ဆိုရင် တိုက်ပွဲ တွေဟာ ဆက်ပြီးပြင်းထန်လာနိုင်ဖွယ်သာရှိတယ်လို့ သူက သုံးသပ်ပြောဆိုထားပါတယ်။ ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာ လက်ရှိတိုက်ပွဲတွေဖြစ်နေတဲ့ နေရာဟာ ကေအိုင်အေ တပ်မဟာ (၁ ) တပ်ရင်း အမှတ်(၇) နေရာဖြစ်ပါတယ်။

  9. ဖလမ်းမှာ လေးရက်အတွင်း တိုက်ပွဲတွေကြောင့် နှစ်ဖက်အကျအဆုံးစာရင်း CNO ထုတ်ပြန်

    ချင်းပြည်နယ်မှာ ဖေဖော်ဝါရီ ၂၈ ကနေ မတ် ၃ ရက်အတွင်း စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော် သေဆုံးပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဘက်က ၄ ဦး သေဆုံးတယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် CNO က မနေ့ မတ် ၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

    မိုင်းဆွဲတိုက်ခိုက်မှုတွေကတော့ မတ် ၃ ရက်က ရမ်ထလိုကျေးရွာနဲ့ ဒေါက်ထက်ကျေးရွာကြားမှာဖြစ်ပြီး စစ်ကောင်စီဘက်က အယောက် ၂၀ ကျော်၊ မတ် ၂ ရက်မှာ တားလ်ကျေးရွာနဲ့ တလန်ဇာရ်ကြားက မိုင်းဆွဲတိုက်ခိုက်မှုမှာ အယောက် ၃၀ နီးပါး၊ ဖေဖော်ဝါရီ ၂၈ ရက်က လုံရန်ရပ်ကွက်နဲ့ တားရ်ကျေးရွာကြားမှာ ၁၁ ယောက် စုစုပေါင်း ၆၁ ယောက် သေဆုံးတယ်လို့ ဆိုပါတယ်။

    အဲဒီတိုက်ပွဲတွေမှာ CNDF ဘက်က တပ်ဖွဲ့ဝင်တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး တစ်ဦး ကျည်ထိဒဏ်ရာ ရရှိခဲ့သလို CNA ဘက်က ၃ ဦး သေဆုံးသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

  10. ဒီပဲယင်း၊ ဝဘာရွာ မီးရှို့ခံနေရ၊ ညနေ ၄ နာရီကျော်တဲ့အထိ ဒေသခံတွေ မီးမငြှိမ်းသတ်နိုင်သေး, အိမ်ခြေ ၈၀ ခန့် မီးလောင်သွားပြီးဖြစ်ပြီး မီးစွဲလောင်နေတဲ့ ခိုင်းနွားတချို့လည်း ရှိနေလို့ဒေသခံတွေပြော

    အင်တာနက်ဖြတ်တောက်ခံထားရတဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ဝဘာရွာမှာ ဒီနေ့ မတ် ၅ ရက် မွန်းလွဲ ၁ နာရီလောက်ကစပြီး စစ်ကောင်စီတပ်တွေက ဝင်ရောက်မီးရှို့နေတယ်လို့ ထွက်ပြေးနေရတဲ့ ဒေသခံတွေက ဘီဘီစီကိုဆက်သွယ်ပြောကြားလာပါတယ်။

    ဝဘာရွာက စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးဟာ သူခိုလှုံနေတဲ့ဒီပဲယင်းမြို့နယ်ရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၂၀ လောက် ခေါ်လာပြီးနောက် ရွာအတွင်းရောက်ရှိချိန်မှာတော့ အဲဒီ စစ်ကောင်စီတပ်တွေက မီးရှို့တာလို့ ဒေသခံတွေက ပြောပါတယ်။

    စစ်ကောင်စီတပ်တွေက ရွာထဲမဝင်ခင် လက်နက်ကြီးတွေနဲ့ သေနတ်တွေပစ်ဖောက်တာကြောင့် ရွာသားတွေ ထွက်ပြေးကြပြီးနောက်ပိုင်းမှာ ရွာက အိမ်တွေကို မီးရှို့ခံရတာဖြစ်ပြီး စစ်ကောင်စီတပ်တွေ ပြန်သွားပြီအထင်နဲ့ ညနေ ၄ နာရီလောက်မှာ ကျေးရွာသားတစ်ချို့က မီးငြှိမ်းဖို့ ရွာကိုပြန်ဝင်လာချိန်မှာ စစ်ကောင်စီတပ်တွေ ပြန်ဝင်လာတာကြောင့် ထပ်မံထွက်ပြေးလာကြရတယ်လို့ ပြောပါတယ်။

    “စစ်ကောင်စီခန့်ဥက္ကဋ္ဌက ကျွန်တော်တို့ရွာမှာမနေဘဲ ရဲစခန်းမှာ သွားခိုလှုံနေတာကနေ ပြန်ပြီးဒုက္ခပေးတာပေါ့။ ကျွန်တော်တို့ဆီက တောင်သူခိုင်းနွားတွေရှိတယ်။ သူတို့က ပစ်ခတ်ပြီးဝင်လာတော့ နွားတွေကို ကြိုးမဖြည်ပေးနိုင်တော့ဘူးလေ။ ခုနက ခဏလေးရွာထဲဝင်ပြီး မီးငြှိမ်းဖို့လုပ်တော့ မီးစွဲနေတဲ့နွားတွေ ထွက်ပြေးလာတာတွေ့တယ်။ စကစတွေ ပြန်ဝင်လာတော့ ကျွန်တော်တို့ ပြန်ထွက်ပြေးလာရတယ်။ လေကလည်း တိုက်နေတော့ တရွာလုံးတော့ ကုန်လောက်ပါတယ်” လို့ လုံခြုံရေးအရ နာမည်မဖော်ချင်တဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။

    ဝဘာရွာမှာ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိပြီး ဒီနေ့ မတ် ၅ ရက် ညနေ ၄ နာရီခွဲအထိ အိမ်ခြေ ၈၀ လောက် မီးလောင်ခံနေရတယ်လို့ ပြောပါတယ်။

    အခုလို မီးမရှို့ခံရခင် ရွာကအိမ်တွေကို အရင်ကလည်း ၁၀ ကြိမ်လောက် ဝင်ရောက်ရှာဖွေ ဖျက်ဆီးတာတွေရှိတယ်လို့ဆိုပါတယ်။

    စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၂ ခုနှစ် မတ်လ အထိ မြန်မာနိုင်ငံအနှံ့ မီးရှို့ခံရတဲ့ အိမ်ခြေပေါင်း ၆၂၀၀ နီးပါး မီးရှို့ခံရပြီး အဲ့ဒီအထဲက စစ်ကိုင်းတိုင်းက အိမ်ခြေ ၃၇၀၀ နီးပါး ရှိတာကြောင့် မီးရှို့ခံရတဲ့ အများဆုံးတိုင်းတစ်ခုဖြစ်တယ်လို့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar ကထုတ်ပြန်ထားပါတယ်။

    ၀ဘာရွာဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းမထုတ်ပြန်သေးပါဘူး။

  11. ရိခေါဒါရ်စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်, စစ်ကောင်စီတပ်ဖွဲ့၀င် ၅ ဦးထက်မနည်း သေဆုံးတယ်လို့ဆို

    ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့ပြင်က စစ်ကောင်စီတပ်စခန်းကို ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဒီနေ့ မတ် ၅ ရက် မနက် ၅ နာရီလောက်က သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ PDF-Zoland အဖွဲ့က ထုတ်ပြန်ထားပါတယ်။

    စစ်ကောင်စီတပ်ဘက်ကလည်း ပြန်လည်ပစ်ခတ်တာကြောင့် တိုက်ပွဲဖြစ်ပွားချိန် တစ်နာရီလောက် ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလို တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က အနည်းဆုံး ၅ ယောက်သေဆုံးပြီး ဒဏ်ရာရရှိတာတွေလည်း ရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်ကတော့ ဒဏ်ရာရရှိသူ အနည်းငယ်ရှိတယ်လို့ လည်း ဆိုပါတယ်။

    ဖလမ်းမြို့နယ်ဟာ အိန္ဒိယ-မြန်မာနယ်စပ် ၊ အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်းအခြေစိုက်၊ ရိခေါဒါရ် မြို့ အမှတ် ၂ ရပ်ကွက် တီအိုချောင်းတောင်ကုန်းပေါ်မှာ ဖေဖော်ဝါရီ ၂၇ ရက်ကစပြီး စစ်ကောင်စီတပ်တွေ တပ်စွဲထားတာဖြစ်ပါတယ်။ အဲဒီတပ်စွဲထားတဲ့ နေရာကို ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာလို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

    တိုက်ပွဲဖြစ်ပွားတဲ့ နေရာနားက ပြည်သူ သုံးပုံနှစ်ပုံလောက်က အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ ဇိုခေါထာရ်ကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

    အခုလို စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကတော့ သတင်းမထုတ်ပြန်သေးပါဘူး။

  12. အကြမ်းဖက်မှု အဆိုးရွားဆုံး ၁၀ နိုင်ငံထဲမြန်မာပါဝင်

    ၂၀၂၁ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုညွှန်းကိန်း (Global Terrorism Index) ကို မတ်လဆန်းက ထုတ်ပြန်လိုက်ရာမှာ မြန်မာက အဆိုးဆုံး ၁၀ နိုင်ငံထဲပါဝင်လာပါတယ်။ ဒါပေမဲ့ မြေပြင်မှာ မြန်မာဟာ အဲဒီအစီရင်ခံစာထဲက ထက် ပိုဆိုးရွားနေပြီး အခြေအနေတွေက ပိုဆိုးဖို့ကို ဦးတည်နေတယ်လို့ သုံးသပ်နေကြပါတယ်။ နိုင်ငံပေါင်း ၁၆၃ ခုထဲက အကြမ်းဖက်မှုအဆိုးရွားဆုံးစာရင်းမှာ မြန်မာက အဆင့် ၉ ချိတ်နေတာပါ။

    မြန်မာရဲ့နောက်မှာတော့ ပါကစ္စတန် ရှိနေပါတယ်။ Global Terrorism Index ရဲ့ အစီရင်ခံစာထဲ အာဏာမသိမ်းခင်က အဆင့် ၂၄ ရှိနေရာကနေ အာဏာသိမ်းပြီးတဲ့နောက် အဆင့် ၉ နေရာကို ခုန်တက်လာခဲ့တာလည်းဖြစ်ပါတယ်။ အာဏာမသိမ်းခင်က အကြမ်းဖက်ခံရမှုကြောင့် သေဆုံးသူ ၂၀ ကျော်ပဲ ရှိရာကနေ အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်ခံရမှုကြောင့် သေဆုံးသူ ငါးရာကျော်အထိ ရှိလာတယ်လို့ Global Terrorism Index ရဲ့ အစီရင်ခံစာထဲ ဖော်ပြပါတယ်။

    ဒါပေမဲ့ မြေပြင်က အခြေအနေဟာ စာရွက်ပေါ်ကကိန်းဂဏန်းတွေထက် ပိုများနေတယ်လို့ တိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးမှုနဲ့ ရွာမီးရှို့ခံရမှုတွေ ရှိနေတဲ့ စစ်ကိုင်းတိုင်းထဲက ဒေသခံတစ်ဦးက ပြောပါတယ်။ အာဏာသိမ်းပြီးကတည်းကနေ မတ်လ ၃ ရက်နေ့အထိတစ်နှစ်ကျော်အတွင်း သေဆုံးသူ ၁၆၀၀ နားကပ်နေပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်‌ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ထားပါတယ်။

    ဒါဟာ Global Terrorism Index ရဲ့ သေဆုံးမှုထက် သုံးဆ ပိုများပြီး မြေပြင်မှာဒီထက်ပိုနိုင်တယ်လို့ AAPP က ဆိုပါတယ်။ စစ်တပ်ကအာဏာသိမ်းမှုကြောင့် မြန်မာပြည်မှာ အခုလို အကြမ်းဖက်မှုကြောင့် သေဆုံးမှုတွေ ထောင်ဂဏန်းအထိ ခုန်တက်သွားရတာလို့ နိုင်ငံရေးသိပ္ပံနဲ့ ကျောင်းပြီးထားတဲ့ မသီရိက ပြောပါတယ်။ အလားတူ စစ်ကောင်စီဘက်ကလည်း အစိုးရဝန်ထမ်းနဲ့ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူ ငါးရာနီးပါး အသတ်ခံခဲ့ရတယ်လို့ အာဏာသိမ်းနှစ်ပတ်လည်တုန်းက ထုတ်ပြန်တဲ့အစီရင်ခံစာထဲ ဖော်ပြထားပါတယ်။

  13. ရန်ကုန်ဆေးရုံကြီးက ပိတ်ထားတဲ့ အထူးကုပြင်ပဌာနတွေ ပြန်ဖွင့်

    ရန်ကုန်ဆေးရုံကြီးမှာ ခေတ္တပိတ်ထားခဲ့တဲ့ အထူးကုပြင်ပလူနာဌာနတွေ အပါအဝင် ဆေးရုံကြီးရဲ့ အထူးကုပြင်ပဌာနတွေအားလုံး ပုံမှန်အချိန်ဇယားအတိုင်း ပြန်ဖွင့်ပြီလို့ ရန်ကုန်ဆေးရုံကြီးရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ မတ် ၁ ရက်က ထုတ်ပြန်ထားပါတယ်။

    တနင်္လာနေ့မှ သောကြာနေ့အထိ မနက် ၉ နာရီကနေ နေ့လယ် ၁၂ နာရီ၊ မွန်းလွဲ ၁ နာရီကနေ ညနေ ၃ နာရီအထိ နေ့အလိုက်ဖွင့်လှစ်မယ့် အထူးကုပြင်ပလူနာဌာန အချိန်ဇယားတွေကိုလည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အထွေထွေအထူးကု သမားတော်ဌာန၊ ကင်ဆာဆေးကုဌာန၊ အကြောအဆစ်အထူးကုဌာန၊ အစာအိမ်နဲ့အူလမ်းကြောင်းဆေးကုဌာန၊ ဟော်မုန်းရောဂါ အထူးကုဌာနတွေမှာ ဆရာဝန်ကြီးတွေနဲ့ ဆရာမတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ ကိုဗစ်နိုင်တင်းရောဂါ ခံစားနေရတာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလယ်ပိုင်းက ခေတ္တပိတ်ထားမှာဖြစ်တဲ့အကြောင်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

  14. စစ်အာဏာသိမ်းပြီး တစ်နှစ်တစ်လအတွင်း နေအိမ် ၆,၂၀၀ ခန့် မီးရှို့ခံရ

    စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် မတ် ၁ ရက်အထိ တစ်နှစ်နဲ့ တစ်လတာကာလအတွင်း မြန်မာနိုင်ငံတဝန်း မီးရှို့ခံရတဲ့ နေရာပေါင်း ၁၆၅ ခုက နေအိမ်ပေါင်း ၆,၁၅၈ လုံး မီးရှို့ခံခဲ့ရတယ်လို့ Data for Myanmar အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

    မီးရှို့ခံရမှု အများဆုံးတိုင်းက စစ်ကိုင်းတိုင်းဖြစ်ပြီး နေအိမ်ပေါင်း ၃,၇၀၀ နီးပါး၊ ဒုတိယအများဆုံးကတော့ ချင်းပြည်နယ်ဖြစ်ပြီး နေအိမ်ပေါင်း ၁,၁၀၀ ကျော်၊ မကွေးမှာ ၉၀၀ နီးပါး၊ ကယားမှာ ၃၀၀ ကျော်၊ ရှမ်းမှာ ၉၀ ကျော်၊ မန္တလေးမှာ ၃၀ ကျော်၊ တနင်္သာရီမှာ ၃၀ နီးပါး၊ ပဲခူးအနောက်ပိုင်းမှာ ၁၀ လုံးနဲ့ ကရင်ပြည်နယ်မှာ ၅ လုံးဖြစ်ပါတယ်။ “မီးရှို့တာတွေ စဖြစ်တာကတော့ ၂၀၂၁ မေလလောက်ကစတာ၊ ရှေ့ပိုင်းကာလတွေကတော့ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နှင်းတာပေါ့။ အခုရက်ပိုင်း စစ်ကိုင်းဘက်မှာ အင်တာနက်ဖြတ်တောက်ထားတော့ ဒီလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ လိုက်စုဆောင်းဖို့ မလွယ်တော့ဘူး။ ဒေသခံတွေအနေနဲ့ ဒီအချက်လက်တွေကို မှတ်တမ်းတွေ၊ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေ ဖြစ်ဖြစ် သေချာသိမ်းထားနိုင်ရင်တော့ ပြန်စုဖို့ရလောက်မယ်။ ဒါပေမဲ့လည်း အခြေအနေတွေက ပြောမရဘူး ” လို့ အချက်လက်တွေကို စုစည်းဖော်ပြပေးနေတဲ့ Data for Myanmar အဖွဲ့ဝင်တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

    အခု ဖော်ပြနေတဲ့ အချက်လက်တွေကလည်း တိုက်ပွဲသတင်းတွေနဲ့ နေအိမ်မီးရှို့ခံရတဲ့ သတင်းတွေကို ရက်အလိုက် ၊ ဖြစ်စဉ်အလိုက် ပြန်စီပြီး ရေတွက်ထားတဲ့အကြောင်း၊ သတင်းဌာနတစ်ခုချင်းစီက အရေအတွက်တွေကို ပြန်စိစစ်ထားပြီး ဒေသခံ လူ့အခွင့်အရေးအဖွဲ့တွေ၊ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အဖွဲ့တွေက ထုတ်ပြန်ထားတာတွေကိုလည်း အခြေခံပြုစုထားတာလို့ ပြောပါတယ်။

    Data For Myanmar အဖွဲ့ဟာ စစ်အာဏာသိမ်းခံထားပြီးနောက်ပိုင်း နေအိမ်မီးရှို့ခံရတာ၊ ဖျက်ဆီးခံရတာ၊ နေအိမ်စွန့်ခွာထွက်ပြေးကြရတာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေအပါအဝင် အသံတိတ်သပိတ်မှာ ပါဝင်တဲ့မြို့တွေ၊ နုတ်ထွက်သွားတဲ့ အုပ်ချုပ်ရေးမှူးစာရင်းတွေ စတဲ့ အချက်လက်တွေကို စုစည်းဖော်ပြပေးနေတာ ဖြစ်ပါတယ်။

    စစ်ကောင်စီက ထုတ်ပြန်တဲ့ သတင်းတွေတချို့မှာတော့ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပြီး ဒေသကာကွယ်ရေးတပ်တွေကို ထိုးစစ်ဆင်နေတဲ့စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတချို့မှာနေအိမ်တွေကို အကြမ်းဖက်သူတွေကမီးရှို့တယ်လို့ ဖော်ပြတာတွေရှိနေပါတယ်။

  15. မြောက်ယမားပြည်သူ့ကာကွယ်ရေးနဲ့ ပူးပေါင်းအဖွဲ့က စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်

    စစ်ကိုင်းတိုင်း၊ ယင်းမာပြည်မြို့နယ်က မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဒေသပူးပေါင်းအဖွဲ့တွေဟာ ဒီနေ့ မတ် ၅ ရက် မနက်ပိုင်းမှာ နှောရိုး- ကောင်းဆင့် ကျေးရွာအနီးမှာ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

    စစ်ယာဉ်တန်းကို မိုင်းဆွဲတာကြောင့် ယာဉ်တချို့ မီးလောင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးနိုင်တယ်လို့ထုတ်ပြန်ချက်က ဆိုပါတယ်။ ဒါပေမဲ့ ဘယ်လောက်ထိခိုက်တယ်ဆိုတာတော့ အတည်မပြုနိုင်သေးပါဘူး။

    စစ်ကောင်စီတပ်တွေဟာ အင်အားအလုံးအရင်းသုံးပြီး တပ်ယာဉ်တန်းနဲ့ ယင်းမာပင်မြို့ဘက်ကို ဦးတည်လာချိန်မှာ ခုလို ကြားဖြတ်တိုက်ခိုက်တာဖြစ်တယ်လို့ မြောက်ယမားအဖွဲ့က ထုတ်ပြန်ပါတယ်။ ယင်းမာပင်မြို့နယ်ဟာ ကုန်းလမ်းအပြင် လေကြောင်းနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခံနေရတဲ့ မြို့တစ်ခုဖြစ်ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲတွေလည်း နေ့စဉ်ဖြစ်နေတဲ့ မြို့လည်းဖြစ်ပါတယ်။

    စစ်ကိုင်းတိုင်းထဲက နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပြီး ဒေသကာကွယ်ရေးတပ်တွေအားကောင်းတဲ့နေရာတွေမှာ စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင်နေပြီး မိုင်းဆွဲတိုက်ခိုက်ခံရမှာစိုးရိမ်လို့ လေကြောင်းကနေ စစ်ကူတွေ ပို့ဆောင်ချထားတာတွေရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။

    လက်ရှိမှာတော့ စစ်ကိုင်းတိုင်းထဲက မြို့နယ် ၃၀ ကျော်ကို စစ်ကောင်စီက အင်တာနက်တွေဖြတ်တောက်ထားတာ သို့မဟုတ် အင်တာနက် မြန်နှုန်းတွေကိုလျှော့ချထားတယ်လို့ဒေသခံတွေကပြောပါတယ်။

    Update: ဒီနေ့ မွန်းလွဲ ၂ နာရီ ထပ်မံသိရှိရတဲ့သတင်းအရ စစ်ကောင်စီယာဉ် တစ်စီး မီးလောင်ပြီး နှစ်စီး တိမ်းမှောက် သွားတယ်လို့သိရပါတယ်။

  16. စိုင်ပြင်ရဲစခန်းကို ဒေသကာကွယ်ရေးတပ်တွေ တိုက်ခိုက်

    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့မှာရှိတဲ့ ရဲစခန်းကို ဒီနေ့ မတ် ၅ ရက် မနက် ၉ နာရီလောက်မှာ ဒေသပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီရဲစခန်းထဲမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ်အင်အား ၅၀ လောက်ရှိပြီး ရဲစခန်းအတွင်းကနေ ပြန်ပစ်ခတ်တာကြောင့် အပြန်လှန်ပစ်ခတ်မှုတွေ ဖြစ်နေတယ်လို့ ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

    “မနက်ကနေ ပစ်ခတ်သံတွေကြားနေရတာ၊ အထဲကလည်း ပြန်ပစ်တယ်။ အခု အဲရဲစခန်းနားမှာ လူသွားလူလာ မလုပ်ရဲကြဘူး။ ကားတွေရော၊ ဆိုင်ကယ်တွေရော မဖြတ်ရဲကြတော့ဘူး။ အထိခိုက်ကျဆုံးတော့ မသိရသေးဘူးဗျ” လို့ လုံခြုံရေးအရ နာမည်မပြောချင်တဲ့ ဒေသခံတစ်ယောက် ဆက်သွယ်ပြောလာတာပါ။

    စိုင်ပြင်ရဲစခန်းနဲ့ ၂ မိုင်လောက်ဝေးတဲ့ မင်းဆွေနှစ်ကျေးရွာက ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၈ ယောက်ကို မနေ့မတ်လ ၄ ရက်နေ့က သတ်ဖြတ် မီးရှို့ခံခဲ့ရပါတယ်။

    စိုင်ပြင်ရဲစခန်းဟာ မုံရွာ-ရေဦးကားလမ်းမဘေးမှာတည်ရှိပြီး စိုင်ပြင်ဟာ အရင်က ကျေးရွာကနေ ၂၀၁၈ ခုနှစ်က မြို့အဖြစ်နဲ့ သတ်မှတ်ခဲ့တာဖြစ်ပြီး အရောင်းဝယ်တွေနဲ့စည်ကားတဲ့ မြို့လည်းဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီတပ်တွေ တပ်စွဲပြီးတဲ့နောက်ပိုင်းမှာ မဖြစ်မနေ သွားလာရမယ့်သူတွေနဲ့ ရောင်းဝယ်ရမယ့်သူတွေသာ ရှိတော့တယ်လို့လည်း ပြောပါတယ်။

  17. နိုင်ငံသားအဖြစ်က ရပ်စဲခံရမှုအပေါ် NUG ဝန်ကြီးတုန့်ပြန်

    မြန်မာနိုင်ငံက အပြီးပိုင် ထွက်သွားတာမဟုတ်ဘဲ အမြန်ဆုံးပြန်လာအောင် ကြိုးပမ်းလုပ်ဆောင်နေတဲ့အကြောင်း၊ စစ်ကောင်စီက ကိုးကားထားတဲ့ ၁၉ ၈၂ ခုနှစ် နိုင်ငံသား ဥပဒေပုဒ်မ ပုဒ်မ ၁၆ ဆိုတာနဲ့လည်း အခုလို ရပ်စဲမှုဟာ ကိုက်ညီမှု မရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီး ဦးအောင်မျိုးမင်းက တုံ့ပြန်ထားပါတယ်။

    စစ်ကောင်စီကကိုးကားထုတ်ပြန်တဲ့ ဥပဒေမှာ နိုင်ငံသားတစ်ဦးက နိုင်ငံတော်ကနေ အပြီးပိုင်ထွက်ခွာရင်ဖြစ်ဖြစ်၊ တခြားနိုင်ငံသားအဖြစ် ခံယူတာ၊ ဒါမှမဟုတ် မှတ်ပုံတင်တာ၊ အခြားနိုင်ငံရဲ့ နိုင်ငံကူးလက်မှတ် ဒါမှမဟုတ် အလားတူလက်မှတ်ကို ထုတ်ယူရင် နိုင်ငံသားအဖြစ်ကနေ ရပ်စဲတယ်လို့ ပါရှိပါတယ်။

    ဒါ့ကြောင့် ဦးအောင်မျိုးမင်းက နိုင်ငံကနေ အပြီးတိုင်ထွက်သွားတာမဟုတ်ဘဲ ပြန်လာဖို့ကြိုးစားလုပ်ဆောင်နေတာဖြစ်တယ်လို့ ရေးသားထားတာပါ။ စစ်ကောင်စီက အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေအပါဝင် နိုင်ငံရေးထင်ရှားသူ ၁၁ ယောက်ကို နိုင်ငံသားအဖြစ်ကနေ ရပ်စဲတဲ့အကြောင်း မတ် ၄ ရက် မနေ့က ထုတ်ပြန်လိုက်တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက တုန့်ပြန်ပြောဆိုတာ ဖြစ်ပါတယ်။

    စစ်ကောင်စီရဲ့ နိုင်ငံသားအဖြစ်ကနေ ရပ်စဲတဲ့သူတွေထဲမှာ NUG အစိုးရအဖွဲ့ဝင်တွေဖြစ်တဲ့ ဒေါက်တာဇော်ဝေစိုး၊ ဦးရည်မွန် ခေါ် ဦးတင်သစ်၊ ဦးလွင်ကိုလတ်၊ ဒေါ်ဇင်မာအောင်၊ ဦးထင်လင်းအောင်၊ ဦးအောင်မျိုးမင်း၊ ဒေါ် အိသဉ္ဇာမောင်၊ ဒေါက်တာဆာဆာ တို့အပါဝင် နိုင်ငံရေးထင်ရှားသူတွေဖြစ်တဲ့ ဦးမင်းကိုနိုင်၊ ဦးမျိုးရန်နောင်သိမ်း၊ ဒေါ်အိပန်ဆယ်လို ခေါ် အိမ့်ပိုးဥ တို့ ဖြစ်ပါတယ်။

    သူတို့တွေဟာ တည်ဆဲဥပဒေတွေကို ဖောက်ဖျက်ကျူးလွန်ပြီး ပြည်ပနိုင်ငံတွေကို တရားမဝင်ထွက်ခွာသွားပြီး မြန်မာနိုင်ငံရဲ့အကျိုးကို ထိခိုက်စေနိုင်တဲ့ လုပ်ဆောင်ချက်တွေကို တွေ့ရှိတယ်ဆိုပြီး မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၁၆ နဲ့အညီ နိုင်ငံသားအဖြစ်ကနေ ရပ်စဲလိုက်တယ်လို့ ထုတ်ပြန်ထားတာပါ။

  18. ရက္ခိုင့်တပ်တော်အေအေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေ

    ရက္ခိုင့်တပ်တော်အေအေရဲ့ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲကို အွန်လိုင်းစနစ်နဲ့ ဒီနေ့ မတ်လ ၅ ရက်နေ့မှာ ပြုလုပ်နေပြီး ရခိုင်ဘာသာနဲ့ရှင်းလင်းနေတာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲတက်ရောက်သူတွေထံက သိရပါတယ်။

    ဒါဟာ အေအေ စတင်တည်ထောင်တဲ့ ၂၀၀၉ ခုနှစ်ကစလို့ ပထမဆုံးအကြိမ် မီဒီယာနဲ့သီးသန့်တွေ့ဆုံရှင်းလင်းတာလည်းဖြစ်ပြီး ရခိုင်သတင်းဌာနတွေကို အဓိက ဖိတ်ကြထားတာလို့သိရပါတယ်။

    သတင်းစာရှင်းလင်းပွဲကိုအေအေရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ဦးဆောင်ပြီး ပြုလုပ်နေတာဖြစ်ပါတယ်။

  19. NUG ခေါင်းဆောင်တွေကို စစ်ကောင်စီက နိုင်ငံသားအဖြစ်က ရပ်စဲ

    စစ်ကောင်စီဘက်က မတ်လ ၄ ရက်နေ့ ထုတ်ပြန်ချက်တစ်ခုမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ထဲက ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါက်တာဇော်ဝေစိုး၊​ ဦးရည်မွန်၊​ ဦးလွင်ကိုလတ်၊​ ဦးအောင်မျိုးမင်း၊​ ဒေါက်တာဆာဆာ၊​ ဒေါ်ဇင်မာအောင်တို့အပါအဝင် ၈ ဦးနဲ့ ဦးမင်းကိုနိုင်၊​ ဦးမျိုးရန်နောင်သိမ်းနဲ့ မအိပန်ဆယ်လို တို့ကို နိုင်ငံသားအဖြစ်က ရပ်စဲကြောင်း ကြေညာပါတယ်။​

    ပြည်ပနိုင်ငံတွေကို တရားမဝင်သွားရောက်ပြီး မြန်မာနိုင်ငံအကျိုးကို ထိခိုက်အောင် လုပ်တဲ့အတွက်လို့ ဖော်ပြပါတယ်။

    NUG ရဲ့လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကတော့ ဒီလိုလုပ်တာဟာ စစ်ကောင်စီအပါအဝင် စစ်အစိုးရအဆက်ဆက်က ဒီမိုကရေစီနဲ့လူ့အခွင့်အရေးလှုပ်ရှားသူတွေကို စွပ်စွဲလုပ်ဆောင်လေ့ရှိတဲ့ လုပ်ထုံးလုပ်နည်းတစ်ခုသာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။​

    “ဒါပေမယ့် ကျွန်တော်တို့ရဲ့ နိုင်ငံအပေါ် ချစ်တဲ့စိတ်ရယ်၊ နောက်ပြီး လက်ရှိအချိန်မှာ ကျွန်တော်တို့ ယုံကြည်ချက်အရ လုပ်ဆောင်တဲ့ လုပ်ငန်းတွေအပေါ်မှာတော့ ဘယ်လိုမှ သက်ရောက်မှုရှိမှာ မဟုတ်ဘူး”လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

    နိုင်ငံသားပြုခွင့် ဖျက်ခွင့်ဆိုတာ နိုင်ငံတော်သမ္မတလို အမြင့်ဆုံးအာဏာပိုင်ပုဂ္ဂိုလ်နဲ့ တရားဝင်အစိုးရနဲ့ပဲ သက်ဆိုင်ပြီး အခု ကြေညာတဲ့သူကတော့ လူသတ်အကြမ်းဖက်သူအဖြစ် တစ်ကမ္ဘာလုံးကနေ သတ်မှတ်ထားတဲ့ စစ်ကောင်စီ ဖြစ်တဲ့အတွက် လုပ်ပိုင်ခွင့်မရှိသလို တရားဝင်မှာ မဟုတ်ဘူးလို့လည်း ဦးအောင်မျိုးမင်းက ပြောပါတယ်။​