လေကြောင်းအန္တရာယ်ကြောင့် ထောင်နဲ့ချီတဲ့ဖာပွန်ဒေသခံတွေ မြိုင်ကြီးငူဘက်ကို စစ်ရှောင်နေ

ရေးသားခဲ့သည်။

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲက ဒေသခံတွေဟာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်လာနိုင်တဲ့ အန္တရာယ်ကြောင့် မြိုင်ကြီးငူဒေသဘက်ကို စစ်ရှောင်လာနေတယ်လို့ ဘီဘီစီက သိရှိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ- ၅ ဒေသထဲက ကမမောင်း၊ ကတိုင်ထိ့၊ ဖာပွန်၊ မဲ့ဝိုင် ဒေသတွေမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေရှိလာနိုင်တယ်လို့ ကြိုတင်သတိရှိကြဖို့ KNU အုပ်ချုပ်ရေးတာဝန်ရှိသူတွေက သတိပေးနှိုးဆော်မှုရှိခဲ့အပြီးမှာ ဒေသခံတွေ အခု လိုနေရာပြောင်းရွှေ့တာတွေ ဖြစ်လာတာပါ။

အဲဒီလိုသတိပေးမှု ထွက်လာပြီးတဲ့နောက်ပိုင်း ဖာပွန်ဒေသခံတွေဟာ သံလွင်မြစ်တစ်ဘက်ကမ်းက မြိုင်ကြီးငူဒေသဘက်သို့ စစ်ဘေးရှောင်သူတွေအဖြစ် ပြောင်းရွှေ့လာနေကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရက်ပိုင်းအတွင်း ၂ ဖက်တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားလာနေတာကြောင့် ဒေသခံအများစုဟာ သံလွင်မြစ်တစ်ဘက်ကမ်းက မြိုင်ကြီးငူစစ်ဘေးရှောင်စခန်းဘက်ကို လူဦးရေ ၇ ထောင်ကျော်ခန့် ရွေ့ပြောင်း ခိုလှုံနေကြတယ်လို့ မြိုင်ကြီးငူစစ်ဘေးရှောင်စခန်း အကူအညီပေးနေသူတွေ ပြောစကားအရ သိရပါတယ်။

''ကျွန်တော်တို့ ဆင်စွယ်ရွာဘက်တော့ လေယာဉ်ပျံ ဗုံးချမယ့်အတွက် ကြိုတင်ပြင်ဆင်သတိနဲ့နေကြဖို့ KNU ဘက်က ကျေးရွာသားတွေကိုပြောတယ်။ လေယာဉ်က ကင်းထောက် လာတာတွေ၊ ဒရုန်းနဲ့ပျံပြီး ဝဲတာတွေ နေ့တိုင်းနီးပါး ဖာပွန်တောင်ကြောဘက်ကိုလာတယ်။ တိုက်ပွဲက ဖာပွန်မြို့နား ကပ်မလာနိုင်အောင် မြို့စောင့်တပ်တွေက ရပ်ကွက်အဖျားပိုင်းတွေဘက် လက်နက်ကြီး ပစ်ထုတ်တာတွေ နေ့တိုင်း လုပ်တယ်။ ညဆိုလည်း သေနတ် ဖောက်တယ်။ ကင်းလှန့်တာတွေလုပ်တော့ ရပ်ကွက်သားတွေကုန် ပြောင်းပြေးကုန်ပြီ'' ဖာပွန်ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်နဲ့ သူ့ရဲ့လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)က ကထိုင်ထိ့၊ ဖာပွန်၊ မဲ့ဝိုင် လမ်းကြောင်းတွေကို အင်အားတိုးလာနေပြီး တိုက်ပွဲဖြစ်တာ၊ မိုင်းထိတာတွေဖြစ်နေတာကြောင့် ဖာပွန်ဒေသခံတွေဟာ မြိုင်ကြီးငူဘက်ကမ်းနဲ့ ကမမောင်းက ရွှေဂွန်းဘက်ကို ပြောင်းပြေးနေကြတာလို့လည်း သိရပါတယ်။

တိုက်ပွဲတွေကြောင့် မြိုင်ကြီးငူဒေသထဲကိုရွှေ့ပြောင်းလာတဲ့သူတွေကို ၂၀၁၆ ခုနှစ်နောက်ပိုင်းကတည်းက စစ်ဘေးရှောင်လို့ မသုံးနှုန်းတော့သလို လက်ရှိမှာ ဖာပွန်ဘက်ကနေ တိမ်းရှောင်လာသူတွေဟာ စစ်ရှောင်စခန်းတွေထဲကို ဝင်ခွင့်မရဘဲ သက်ဆိုင်ရာ ဆွေမျိုးသားချင်းတွေအိမ်တွေ၊ လူနေနည်းတဲ့ရပ်ကွက်တွေမှာ အဆင်ပြေသလိုနေထိုင်နေရတယ်လို့လည်း မြိုင်ကြီးငူ ဒေသခံတွေက ပြောပါတယ်။

ဖာပွန်ခရိုင်ထဲက ကျေးရွာတွေကို ကရင်နယ်ခြားစောင့်တပ်က တပ်နယ် ၂ လက်အောက်ခံ ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄ တပ်ရင်းတွေနဲ့ စစ်ကောင်စီ ပူးပေါင်းတပ်တွေဟာ ဖားအံ၊ဝါးပိုးတောလမ်းကြောင်းကနေ ကမမောင်း၊ ကတိုင်ထိ့၊ဖာပွန်၊ မဲ့ဝိုင်ဒေသများအတွင်းကျေးရွာတွေကို ဖေဖော်ဝါရီ ၁ ရက်မှ ၂၀ ရက်အတွင်း နေ့စဉ် လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတာတွေကြောင့် ဒေသခံအရပ်သား ၇ ဦးသေဆုံးပြီး နောက်ထပ် ၁၄ ဦး ထိခိုက်ဒဏ်ရာ ထားတယ်လို့ KNU ဗဟို သတင်းပြန်ကြားရေးဌာနဘက်က သတင်းထုတ်ပြန်ထားပါတယ်။