မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် မဟာဝိဇိတာရာမကျောင်းတိုက်ဝင်းထဲက ကျောင်းတိုက်တစ်ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ချိပ်ပိတ်ပြီး အဲဒီမှာ သီတင်းသုံး နေတဲ့ သံဃာတော်တွေကို နှင်ချခဲ့တယ်လို့ ကျောင်းတိုက်အနီးက သံဃာတော်တွေက မိန့်ကြားပါတယ်။
မဟာဝိဇိတာရာမကျောင်းတိုက်ထဲက တေဇာလင်္ကာရကျောင်းကို ဖေဖော်ဝါရီ ၄ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မြို့နယ် သာသနာရေးဌာနက သက်ဆိုင်သူတွေရောက်လာပြီး ယာယီအနေနဲ့ ချိပ်ပိတ်မယ်လို့ ကြေညာချက်ဖတ်ပြခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလိုလာချိန်မှာ မဟာဝိဇိတာရာမကျောင်းတိုက်ဝင်းထဲရှိအခြားကျောင်းတိုက်ကြီး သုံးခုက အခြားသံဃာလေးပါးလည်း အတူပါခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၅ရက် မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူလိုက်ပါခဲ့တဲ့ သစ္စာအောင်မြေကျောင်းတိုက်က ဆရာတော်တစ်ပါးက တေဇာလင်္ကာရကျောင်းတိုက်ထဲက သီတင်းသုံးနေတဲ့ သံဃာကို ဖုန်းဆက်ကာ တရားဝင်ချိပ်ပိတ်တယ်လို့ မိန့်ကြားခဲ့ကြောင်း နီးစပ်တဲ့သံဃာတော်တွေက ပြောပါတယ်။ချိပ်ပိတ်ခံရတဲ့ တေဇာလင်္ကာရကျောင်းတိုက်ထဲက နှင်ချခံရတဲ့ သံဃာတွေဟာ ဖေဖော်ဝါရီ ၆ရက် နေ့ခင်းမှာ သစ္စာအောင်မြေဘုန်းကြီးက ခေါ်ယူလို့ သွားရောက်တွေ့ဆုံနေရတယ်လို့ သိရပါတယ်။
မဟာဝိဇိတာရာမကျောင်းတိုက်ထဲက တေဇာလင်္ကာရကျောင်းမှာ ၂၀၂၁ခုနှစ် စက်တင်ဘာလပိုင်းက မန္တလေး သံဃာသမဂ္ဂအဖွဲ့ဝင် သံဃာတစ်ပါး ယာယီ သီတင်းသုံးနေထိုင်ခဲ့ဖူးပါတယ်။ ဒါကြောင့် တေဇာလင်္ကာရကျောင်းတိုက်အတွင်းကို စစ်ကောင်စီက ဝင်ရောက်ပြီး ကျောင်းထိုင်ဆရာတော်နဲ့ သံဃာတပါးအပါဝင် ဆေးကုဖို့ လာတည်းသူတွေကို ဖမ်းဆီးခဲ့ပါတယ်။ ယာယီ သီတင်းသုံးတဲ့ သံဃာသမဂ္ဂအဖွဲ့ဝင် သံဃာက လွတ်မြောက်ခဲ့ပါတယ်။အဖမ်းခံရသူတွေကို စစ်ဆေးမှုလုပ်ပြီးနောက်မှာ ပြန်လည်လွှတ်ပေးခဲ့ပါတယ်။ ဒါ့အပြင် ကျောင်းတိုက်အတွင်း လာရောက်ဖမ်းဆီးစဉ်က ကား၊ ဆိုင်ကယ်နဲ့ အဖိုးတန်ပစ္စည်းတွေ ယူဆောင်တာ၊ ငွေကြေးတွေ ယူဆောင်တာတွေပါ လုပ်ဆောင်ခဲ့တာတွေ ရှိခဲ့တယ်လို့ မဟာဝိဇိတာရာမကျောင်းတိုက်ရှိ သံဃာတော်တွေက မိန့်ကြားပါတယ်။
အဲ့ဒီဖြစ်စဉ်ကြောင့် တေဇာလင်္ကာရကျောင်းတိုက်ကို ချိပ်ပိတ်တာလို့ သံဃာတချို့က ယူဆကြပေမယ့် ချိပ်ပိတ်ခံရတဲ့ အကြောင်းရင်းကို ဘီဘီစီအနေနဲ့ အတည်ပြုလို့မရသေးပါဘူး။မန္တလေး သံဃာသမဂ္ဂအဖွဲ့မှ ဦးဆောင်ဆရာတော်တစ်ပါးက "ဘုန်းကြီးကျောင်းတိုက်ကို ချိတ်ပိတ်လိုက်တာဟာ ဘာသာ သာသနာကို ဖိနှိပ်စော်ကားမှု တခုလို့ မြင်ပါတယ် "လို့ မိန့်ကြားပါတယ်။
မဟာဝိဇိတာရာမကျောင်းတိုက်ဟာ မိုးကုတ်ဝိပဿနာနဲ့ ကပ်ရပ်မှာရှိပြီး ကျောင်းတိုက်အတွင်း ကျောင်းပေါင်း ၇၀ကျော်ရှိပါတယ်။ လက်ရှိချိပ်ပိတ်ခံရတဲ့ တေဇာလင်္ကာရကျောင်းဟာ စာသင်တိုက်ဖွင့်ဖို့ လုပ်ဆောင်နေတဲ့ ကျောင်းတိုက်ဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Social Media
ဓာတ်ပုံ ပုံစာ, တေဇာလင်္ကာရကျောင်း ချိပ်ပိတ်ခံရ