ကိုဗစ်ကူးစက်မှုကြောင့် အာဆီယံ ဘောလုံး U23 ပြိုင်ပွဲက မြန်မာနုတ်ထွက်

ရန်ကုန်မြို့က ဆေးခန်းတချို့မှာ ဖျားနာလူနာတွေ အများအပြားလာရောက်ပြသနေပြီး အမှန်တကယ် ကူးစက်သူဦးရေဟာ တရားဝင်ကိန်းဂဏန်းတွေထက် အများအပြား ရှိနေနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဒီးမောဆိုမြို့ပေါ်မှာ တိုက်ပွဲတွေဆက်ဖြစ်၊ စစ်ရှောင်စခန်းအထိလက်နက်ကြီးထိမှန်ပြီး ဒဏ်ရာရသူတွေရှိ

    ကယားပြည်နယ်၊ ဒီးမောဆိုမြို့နယ်မှာ ဒီကနေ့ဖေဖော်ဝါရီ ၁၀ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ရှောင်စခန်းတွေအထိ လက်နက်ကြီးကျရောက်ထိမှန်လို့ ဒဏ်ရာရသူတွေရှိနေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

    ဒီကနေ့မနက် ၃ နာရီလောက်ကစပြီး ဒီးမောဆိုမြို့မရဲစခန်းအပါအဝင် နေရာ ၃ ခုမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ဒေသကာကွယ်ရေးတပ် KNDF ဘက်က ထိခိုက်ဒဏ်ရာ ရသူတစ်ယောက်ရှိသလို စစ်ဘေးရှောင်စခန်းနေပြည်သူတချို့လည်း ထိခိုက်တာရှိတယ်လို့ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဘက်ကပြောပါတယ်။

    “ မနေ့ညပိုင်းကတော့ စစ်ကောင်စီဘက်က လှမ်းပစ်လိုက်တာ နန့်လဲမှာရှိတဲ့ စစ်ရှောင်စခန်းမှာ ထိခိုက်ဒဏ်ရာရသူတွေရှိတယ်” လို့ KNDF သတင်းပြန်ကြားရေးက ဘီဘီစီကိုပြောပါတယ်။ ဒီးမောဆိုမြို့နယ်မှာတော့ ဒေသခံအများစုက စစ်ဘေးတိမ်းရှောင်နေကြတာဖြစ်ပြီး လွိုင်ကော်က စစ်ရှောင်သူတွေပါ ရောက်ရှိခိုလှိုနေလို့ စစ်ဘေးရှောင် တစ်သောင်းကျော်ရှိတဲ့နေရာလည်းဖြစ်ပါတယ်။

    လက်ရှိကယားပြည်နယ်အတွင်းမှာတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီပထမပတ်အတွင်း လွိုင်ကော်မြို့ပေါ်နဲ့ကျေးရွာတွေမှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့လည်း KNDF က ထုတ်ပြန်ထားပါတယ်။

    စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ၂၀၂၁ မေလ ကတည်းက စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ကယားပြည်နယ်ထဲမှာတော့ စစ်ဘေးရှောင် ၁သိန်း ၇ သောင်းလောက်ရှိနေ ပြီး ပြည်နယ်လူထု တဝက်ကျော်လောက်က စစ်ဘေးတိမ်းရှောင်နေရတာပါ။

    ဒီးမောဆို

    ဓာတ်ပုံ ရင်းမြစ်, Kantarawaddy Times

  2. တပ်ပိုင် MEC နဲ့ စီးပွားရေးပူးပေါင်းမှုရပ်တန့်ဖို့ ယိုကိုဂါဝါတံတားလုပ်ငန်းကို လူ့အခွင့်အရေးအဖွဲ့ တောင်းဆို

    ပဲခူးမြစ်ကူးတံတားနမူနာ

    ဓာတ်ပုံ ရင်းမြစ်, JICA

    ဓာတ်ပုံ ပုံစာ, ပဲခူးမြစ်ကူးတံတား(သန်လျင်)နမူနာ

    ဂျပန်နိုင်ငံအခြေစိုက် ယိုကိုဂါဝါတံတားလုပ်ငန်းအနေနဲ့ မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပရေးရှင်း(MEC)နဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်တာမလုပ်ဘဲ မြန်မာပြည်တွင်းကနေ ထွက်ခွါဖို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW)က ဖေဖော်ဝါရီလ ၉ ရက်မှာတောင်းဆိုလာပါတယ်။

    MEC ဟာ မြန်မာစစ်တပ်ကို ကဏ္ဍစုံကနေ ဝင်ငွေရှာဖွေပေးနေတဲ့လုပ်ငန်းစုဖြစ်ပြီး ယိုဂိုဂါဝါတံတားလုပ်ငန်းနဲ့ ဆူမစ်တိုမို မီဆူအိဆောက်လုပ်ရေးတို့ လုပ်ပိုင်ခွင့်ရထားတဲ့ ပဲခူးမြစ်ကူးတံတား ဆောက်လုပ်ရေးမှာ တဆင့်ခံလုပ်ငန်းလုပ်ပိုင်ခွင့်ရထားပါတယ်။

    ''ယိုကိုဂါဝါ တံတားလုပ်ငန်း အနေနဲ့ မြန်မာစစ်တပ်ကို အကျိုးအမြတ်မရအောင် စီးပွားရေးပူးပေါင်းဆောင်ရွက်နေတာကို အမြန်ဆုံးရပ်တန့်သင့်ပါတယ်။ ဒီလိုမှမဟုတ်ရင် ယိုကိုဂါဝါဟာ မြန်မာစစ်တပ်ရဲ့ရက်စက်ယုတ်မာမှုတွေကို ဝင်ငွေထောက်ပံ့ရာရောက်ပြီး ကုမ္ပဏီရဲ့ဂုဏ်သိက္ခာအတွက်လည်း စွန့်စားရာရောက်နေစေပါတယ်'' လို့ HRW ရဲ့ အာရှရေးရာ အရာရှိကပြောပါတယ်။ ယိုကိုဂါဝါတံတားဦးပိုင်ကော်ပိုရေးရှင်းအောက်က လုပ်ငန်းခွဲဖြစ်တဲ့ယိုကိုဂါဝါတံတားလုပ်ငန်းဟာ ၂၀၁၄ ခုနှစ်၊ မတ်လမှာ MEC နဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးခဲ့တယ်ဆိုတာကို ကုမ္ပဏီရဲ့ ၂၀၁၅ ခုနှစ် အမြတ်ငွေရရှိမှုစာရွက်စာတမ်းမှာဖော်ပြထားတယ်လို့လည်း HRW ဘက်က ဆိုပါတယ်။ ယိုကိုဂါဝါလုပ်ငန်းဟာ MEC နဲ့ နည်းပညာပူးပေါင်းဆောင်ရွက်မှုပြုလုပ်ရင်း MEC ကို အရည်အသွေးရှိတဲ့စတီးထုတ်လုပ်ငန်းဖြစ်လာအောင်လည်း ကူညီပံ့ပိုးသွားဖို့ရှိတယ်ဆိုပြီး ကုမ္ပဏီ စာရွက်စာတမ်းတွေမှာဖော်ပြနေတယ်လို့ HRW က ပြောဆိုပါတယ်။ ဒါ့ပြင် ယိုကိုဂါဝါဟာ MEC ကို အလုပ်သင် သင်တန်းပေး၊ နည်းပညာလွှဲပြောင်းမှု လုပ်ဆောင်တာကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှာ စတင်ခဲ့ပြီး အဲဒီထဲမှာ MEC ကို ထုတ်လုပ်နိုင်စွမ်းနဲ့အရည်အသွေးဆိုင်ရာအစီအမံတွေအပြင် ဆောက်လုပ်ရေးနည်းပညာပိုင်းမှာ နည်းပညာဆိုင်ရာလမ်းညွှန်မှုတွေ ပေးမယ့်အချက်တွေလည်း ပါဝင်တယ်လို့ဆိုပါတယ်။ ကုမ္ပဏီဘက်က စစ်တပ်နဲ့ သူ့ရဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ဖွင့်ဟဖို့ ငြင်းဆိုခဲ့ပြီးနောက်မှာ HRW ဘက်က အခုလို သတင်းထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။ ဂျပန်အစိုးရကျောထောက်နောက်ခံပြုမှုနဲ့ တည်ဆောက်တဲ့ ပဲခူးမြစ်ကူးတံတားစီမံကိန်းမှာ လိုအပ်တဲ့ စတီးတွေရဲ့ သုံးပုံ နှစ်ပုံကို MEC ပိုင် စတီးစက်ရုံကနေ ထောက်ပံ့နေတယ်ဆိုပြီး မြန်မာနောင်း သတင်းဌာနက ၂၀၂၁ ခုနှစ်၊ မတ်လမှာ သတင်းဖော်ပြခဲ့ပါတယ်။ အဲဒီနောက်မှာတော့ MEC နဲ့ ယိုကိုဂါဝါတံတားကော်ပိုရေးရှင်းကြားက စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဟာ လူအများအာရုံထားစရာဖြစ်လာခဲ့တာပါ။ ယိုကိုဂါဝါဘက်ကတော့ မြေပြင်မှာဖြစ်နေတဲ့အခြေအနေအရ အဲဒီတံတားစီမံကိုန်းကို ရပ်နားထားပြီး လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့စီးပွားရေးလုပ်ငန်းအဖြစ်ဆက်လုပ်မယ်လို့ ၂၀၂၁ ခုနှစ်၊ ဧပြီလမှာပြောထားပါတယ်။

  3. ကိုဗစ်ပိုး ကူးစက်ခံထားရသူ တစ်ထောင်ကျော် နှစ်ရက်ဆက်တွေ့

    မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ‌ရောဂါပိုး ကူးစက်ခံထားရသူ ၁၀၄၃ ဦး ထပ်မံ စစ်ဆေးတွေ့ရတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီကနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    မနေ့ကလည်း မြန်မာတစ်နိုင်ငံလုံးမှာ ပိုးတွေ့သူ ၁၁၄၅ ဦးတွေခဲ့တယ်လို့ ပြောတာကြောင့် ကိုဗစ်ရောဂါပိုး အတည်ပြုလူနာ တစ်ထောင်ကျော် နှစ်ရက်ဆက် လာခဲ့တာဖြစ်ပါတယ်။

    မြန်မာတစ်နိုင်ငံလုံးအနေနဲ့ ပိုးတွေ့နှုန်း ကလည်း ဆက်တိုးလာနေပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့က ၃.၅၉ ရာခိုင်နူန်းကနေ ဒီက‌နေ့ ၄.၃၉ ရာခိုင်နူန်း အထိ ဆက်တိုးလာတာဖြစ်လို့ သတိထားဖို့လိုမယ်လို့စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနဘက်က တာဝန်ရှိသူတွေက ပြောပါတယ်။

    မနေ့က စစ်ကောင်စီထုတ်ပြန်ချက်ခဲ့တဲ့ မြန်မာတစ်နိုင်ငံလုံးကိုဗစ် ၁၉ ရောဂါပိုးတွေ့သူ ၁၁၄၅ ဦး အနက် ၇၁၁ ယောက်က ရန်ကုန်က ဖြစ်ပြီး မင်္ဂလာဒုံမြို့နယ်က ၁၉၆ ဦး တွေ့ရှိတာကြောင့် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ အများဆုံးတွေ့ရှိမှုဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းကတော့ မြန်မာတစ်နိုင်ငံလုံး ကိုဗစ်ရောဂါပိုးတွေ့ရှိမှုဟာ ဖေဖော်ဝါရီလ ၆ ရက်နေ့ကဆိုရင် ၁.၃၆ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။

    လောလောဆယ်မှာ ဖေဖော်ဝါရီလဆန်းကစပြီး ရန်ကုန်မြို့မှာ လူအစုလိုက်အပြုံလိုက် ကိုဗစ်ကူးစက်မှုတွေ ရှိလာနေပြီး ကိုဗစ်ကုသရေးစင်တာတွေမှာလည်း လူနာတွေနဲ့ ပြည့်နေတယ်လို့ ရန်ကုန်မြို့က စင်တာတွေကနေ သိရပါတယ်။

    ဒီရက်ပိုင်းအတွင်း ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဇီဝိတဒါနသံဃာ့ဆေးရုံကြီးမှာ အနည်းဆုံးလူ ၄၀ နီးပါး ကိုဗစ်ကူးစက်မှုဖြစ်ခဲ့တာကြောင့် ဆေးရုံကို လော့ဒေါင်းချထားရပါတယ်။အလားတူ မင်္ဂလာဒုံမြို့နယ်က စက်ရုံတစ်ရုံမှာလည်း လူရာနဲ့ချီ ကိုဗစ်ကူးစက်မှု ရှိခဲ့ပါတယ်။

    ဇန်နဝါရီလကုန်ပိုင်း မှာ ရာနဲ့ချီကူးစက်မှု ရန်ကုန်မင်္ဂလာဒုံ စက်မှုဇုန်မှာဖြစ်ပွား

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဇန်နဝါရီလကုန်ပိုင်း မှာ ရာနဲ့ချီကူးစက်မှု ရန်ကုန်မင်္ဂလာဒုံ စက်မှုဇုန်မှာဖြစ်ပွား
  4. မမြသွဲ့သွဲ့ခိုင် ပစ်ခတ်ခံရလို့သေဆုံးမှု တစ်နှစ်ပြည့်တဲ့နေ့

  5. ပွင့်ဖြူမြို့နယ်က ဘုရားထီးတင်ပွဲ စစ်လုံခြုံရေးအပြည့်ချပြီး တင်းကျပ်ထား

    သက်သာပန်းတောင်းဘုရား

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, သက်သာပန်းတောင်းဘုရား

    မကွေးတိုင်း ပွင့်ဖြူမြို့နယ် လယ်ကိုင်းမြို့ဟောင်းနားက သက်သာ ပန်းတောင်းဘုရား ဝန်းကျင်နဲ့ အနီးအနားက ရွာတွေမှာ ဖေဖော်ဝါရီလ ၇ ရက်နေ့က စတင်ပြီး လုံခြုံရေး အင်အား အမြောက်အမြား ပိုမို ချထားလာတဲ့အပြင် ဒေသခံတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေ လုပ်နေလို့ သာမန် အရပ်သားတွေ ပုံမှန် လှုပ်ရှား သွားလာလို့ မရဘဲ ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    လွန်ခဲ့တဲ့ လပိုင်းတွေ ကတည်းက အဲဒီ သက်သာပန်းတောင်း တောရ စေတီလေးကို ပြုပြင်မွမ်းမံတာတွေ လုပ်နေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဒီစေတီကို မကြာခင်မှာ စစ်ကောင်စီ အကြီးအကဲ လာရောက်ပြီး ထီးတင်ပွဲ လုပ်မှာ ဖြစ်လို့ အခုလို လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားတာလို့ ဒေသခံတွေက ပြောနေကြပါတယ်။

    ထီးတင်ပွဲကို စစ်တပ် အကြီးအကဲတွေ လာမလာ ဆိုတာ တပ်အပ် မပြောနိုင်ပေမဲ့ လုံခြုံရေး တင်းကျပ်ပြီး စစ်ဆေးမှုတွေကြောင့် ဒေသခံတွေ အခက်အခဲ ဖြစ်နေကြရတာကို ဘုရားဝန်းကျင်မှာ နေထိုင်တဲ့ ဒေသခံ တစ်ယောက်ကပြောပါတယ်။

    စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်ဟာ ဒီကနေ့မှာ မကွေးမြို့ကိုရောက်ရှိနေပြီး ‌ဒေသဖွံဖြိုးရေးအတွက် အစိုးရအဖွဲ့ဝင်တွေ မြို့မိမြို့ဖတွေ တောင်သူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်သွားခဲ့ပါတယ်။

    ရွာခံတွေက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာမယ်လို့ အတိအကျကို ပြောနေကြပြီး ပြောတဲ့ရက်အတိုင်းဆို မနက်ဖြန် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ရောက်လာဖို့ရှိတယ်လို့ လည်းဆိုကြပါတယ်။

    ဒေသခံလူကြီးများရဲ့ အဆိုအရ စန္နကူးနံသာ ကျောင်းတော်ရာစေတီတော်နဲ့ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာ ဘုရားကြီးအကြား ယတြာဘုရားအဖြစ် တည်ဆောက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

    လက်ရှိ သက်သာပန်းတောင်းဘုရားဟာ ဘေးပတ်ဝန်းကျင်ရှိ ကျေးရွာများဖြစ်တဲ့ ကံသာကြီးကျေးရွာ၊မုန်တောကြီးကျေးရွာ၊ရွာသာကြီးကျေးရွာ၊ လှည်းကြီးကျေးရွာ များအတွင်းတည်ရှိတဲ့အတွက် (ကြီးလေးကြီး)ကျေးရွားများအကြားမှာ တည်ရှိတာကြောင့် ယတြာဘုရားတည်ဆောက်ရခြင်းဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

    မကွေးမြို့ရောက်နေတဲ့ စစ်ကောင်စီ ဥက္ကဋ္ဌ

    ဓာတ်ပုံ ရင်းမြစ်, Screenshot

    ဓာတ်ပုံ ပုံစာ, မကွေးမြို့ရောက်နေတဲ့ စစ်ကောင်စီ ဥက္ကဋ္ဌ
  6. မန္တလေးစိန်ပန်းရပ်ကွက်ကို ပိတ်ပြီး တစ်အိမ်တက်ဆင်းစစ်ဆေးနေ

    ဖေဖော်ဝါရီလ ၉ ရက်နေ့ မနက် ၆ နာရီ ကတည်းက မန္တလေးစိန်ပန်း ရပ်ကွက်ကို အဝင်အထွက်ပိတ်ပြီး စစ်ဆေးဖမ်းဆီးမှုတွေလုပ်နေတယ်လို့ ဒေသခံတစ်ဦး ကပြောပါတယ်။

    စစ်ဆေးပြီးတဲ့အိမ်တွေကို တော့ စစ်ပြီးကြောင်းအမှတ်အသား တံဆိပ်ကပ်သွားတယ်လို့ လည်းသိရကြောင်းဒေသခံတွေက ပြောပါတယ်။

    စိန်ပန်းရပ်ကွက်ကို ပိတ်ထားတာကို ထွက်သွားတဲ့သူတွေကို ထွက်ချင်ထွက် ပြန်ဝင်လို့ မရဘူးလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြောကြောင်းလည်းသိရပါတယ်။

    ဒါအပြင်ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေပိုင်းအချိန်အထိ စစ်ဆေးနေဆဲဖြစ်ပြီးတော့ စိန်ပန်းရပ်ကွက်ထဲကို ဝင်ရောက်နိုင်တဲ့ လမ်းတွေကို လည်း ပိတ်ဆို့ထားဆဲဖြစ်တယ်လို့ ပြောပါတယ်။

    စိန်ပန်းရပ်ကွက်ကို ဒီလိုအင်အားအလုံးအရင်းနဲ့ စစ်ကောင်စီတပ်ဝင်းစီးတဲ့အကြောင်းရင်းကိုတော့ မသိရသေးပေမယ့် ဖမ်းဆီးမှုအချို့ရှိသလို လက်နက်ရှာဖွေတာလို့ ဒေသခံအချို့က ခန့်မှန်းကြပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  7. အဖမ်းခံထားရတဲ့ တစ်နှစ်ကျော်လာပြီဖြစ်တဲ့ ဦးမြအေး အမှုနောက်ဆုံး အခြေအနေ

  8. ဖာပွန်မြို့ကစစ်ကောင်စီဝန်ထမ်းတွေ KNU တပ်မဟာ ၅ နယ်မြေအတွင်းက ထွက်ခွာနေ

    ကရင်ပြည်နယ် KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖာပွန် မြို့ နယ်က စစ်ကောင်စီလက်အောက်ကဝန်ထမ်းတွေ ဒီရက်ပိုင်းအတွင်းမှာ ဆက်တိုက်နေရပ်ပြန်ထွက်ခွာနေကြတယ်လို့ဒေသခံတွေကပြောပါတယ်။

    KNU တပ်မဟာ ၅ နယ်မြေအတွင်းက စစ်ကောင်စီဝန်ထမ်းတွေကို လာမယ့် ဖေဖော်ဝါရီ ၁၀ ရက်နေ့နောက်ဆုံးထားပြီး ဖာပွန်မြို့အတွင်းကထွက်ခွာသွားဖို့သတိပေးချက် တစ်ခုထုတ်ပြန်ထားပြီးနောက်ပိုင်း အခုလိုဆက်တိုက် မြို့ကနေစွန့်ခွာထွက်သွားကြတာ ဖြစ်တယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။

    ဖာပွန်မြို့နယ်အတွင်းကစစ်ကောင်စီဝန်ထမ်းတွေကို KNU တပ်မဟာ ၅ လမ်းအသုံးပြုနယ်အတွင်းက ဖာပွန်- မဲ့ဝိုင်-ဘီးလင်းလမ်းကနေ ထွက်ခွာသွားလာခွင့်ပေးထားတယ်လို့ တိမ်းရှောင်လာတဲ့ ဝန်ထမ်းမိသားစု တစ်ဦးကပြောပါတယ်။

    ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ရက်နေ့က KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်း ဖာပွန်မြို့နယ်ထဲက စစ်ကောင်စီအရပ်ဖက်ဝန်ထမ်းတွေအားလုံး စစ်ကောင်စီလက်အောက်မှာ ဆက်မလုပ်ဘဲ ဖေဖော်ဝါရီ ၁၀ရက်နောက်ဆုံးထားပြီး ထွက်သွားကြဖို့နဲ့မလိုက်နာရင် ထိရောက်စွာအရေးယူမယ်ဆိုတဲ့ ကြေညာချက်တစ်စောင်ကို တပ်မဟာ ၅ ဘက်က ထုတ်ပြန်ထားပါတယ်။

    "ဖာပွန် မြို့ ဝန်ထမ်း တွေ ဖေဖော်ဝါ လ ၁၀ ထွက် သွား ပေးရမယ် ဆိုတာ တပ်မဟာ၅က အမိန့် ထုတ်ထားတော့ နယ်ဝေးက ဝန်ထမ်း တွေ လူကြီး အလစ်မှာ ပြန် ပြေးကြတယ်။ ဝန်ထမ်း တချို့ လည်း ဘီးလင်း- မဲ့ဝိုင် - ဖာပွန် KNUနယ်မြေ တောလမ်းကနေ ပြန်ကြတယ်၊ နယ်ခံ ဝန်ထမ်း တွေ က တော့ မြိုင်ကြီးငူဘက် ပြောင်း နေကြတယ် ၊ အခု ၁၀ ရက်ပြည့်တော့မယ် ၊ လူကြီးပိုင်းဝန်ထမ်းနဲ့ တချို့ တွေ ကတော့ ဖာပွန် စစ်တပ် က ပေးမပြန်ဘူး၊ ဝန်ထမ်း၅၀ လောက် ရှိနေကြသေးတယ်။ လစာ တွေ လည်းမရ ကြ သေးဘူး၊ ဖာပွန်- ကမမောင်း ကားလမ်းက တံတားတွေ ကျိုးနေတယ် ၊မိုင်းတွေ ရှိ နေတာ ကြောင့် တောလမ်း က ပတ်ပြီးပြန်ခဲ့ရတယ် ၊ ဟု ဖာပွန် မှ ကမမောင်း မြို့ ဘက် သို့ ပြန်လာသည့် ဝန်ထမ်းမိသားစုဝင်တစ်ဦး က ပြောဆို ပါတယ်။

    ဒါ့အပြင် KNU တပ်မဟာ ၅ နယ်မြေဒေသအတွင်းက ဖာပွန်မြို့ကို စစ်ရေး၊ အုပ်ချုပ်ရေးပြန်လည်ထိန်း ချုပ်လုပ်ဆောင်မယ့် အစီအစဉ်တွေလည်းကြားနေရပြီး တယ်လီဖုန်းလိုင်းတချို့လည်းပြတ်တောက်နေသလို ဒီရက်ပိုင်းမှာပဲ စစ်ကောင်စီတပ်တွေက အင်အားတိုးချဲ့မှုတွေလုပ်နေတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

    လက်ရှိအချိန်မှာတော့ မြို့ပေါ်က ဝန်ထမ်းရုံးခန်းတွေပိတ်ထားပြီး စစ်ကောင်စီအရာရှိနဲ့ ဝန်ထမ်းတချို့ကလည်း စစ်ကောင်စီတပ်ရင်းတွေမှာ ယာယီနေထိုင်တာတွေရှိနေ တယ်လို့ဒေသခံတွေကပြောပါတယ်။

    ဒီဖာပွန်မြို့ထဲမှာတော့ စစ်ကောင်စီအခြေချ ဗျူဟာ အမှတ် ၁၉ နဲ့လက်အောက်ခံတပ်ရင်းတွေက မြို့စောင့်တပ်အဖြစ်ရှိနေပြီး ဖာပွန် -ကတိုင်ထိ့-ကမမောင်း -ဝါးပိုးတော လမ်းပိုင်း တစ်လျှောက် တွင် ၉၇ ခြေမြန် တပ်ရင်း ကင်းစခန်း နှဲ့ကရင်နယ်ခြားစောင့်တပ် BGF တပ်နယ်၂ တပ်ဖွဲ့ ကင်းစခန်း တွေမှာ စစ်အင်အား ဖြည့်တင်းမှုတွေ လုပ်ဆောင်ကာ KNUတပ်မဟာ၅ နယ်မြေ အတွင်း စစ်ကြောင်း ထိုးဝင်ရောက်ရန် ပြင်ဆင် နေတယ်လို့ နယ်မြေခံ များ ပြောဆိုချက်အရ သိရပါတယ်။

    ဖာပွန်မြို့

    ဓာတ်ပုံ ရင်းမြစ်, CJ

  9. ကျိုက္ခမီအထက်တန်းကျောင်းက ဆရာနဲ့ကျောင်းသား အယောက် ၄၀ ကျော်မှာ ကိုဗစ်ပိုး အစုလိုက်တွေ့

    ဖေဖော်ဝါရီလ ၇ ရက်တုန်းက ပိုးတွေ့သူ ၃ ဦးနဲ့ဆက်စပ်ထိတွေ့သူတွေကို ပိုးစစ်ဆေးရာမှာ ကျောင်းသူကျောင်းသားတွေဆီမှာ ပိုးတွေ့ခဲ့တာဖြစ်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဖေဖော်ဝါရီလ ၇ ရက်တုန်းက ပိုးတွေ့သူ ၃ ဦးနဲ့ဆက်စပ်ထိတွေ့သူတွေကို ပိုးစစ်ဆေးရာမှာ ကျောင်းသူကျောင်းသားတွေဆီမှာ ပိုးတွေ့ခဲ့တာဖြစ်ပါတယ်။

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့အထက်တန်းကျောင်းက ဆရာမအပါအဝင် ကျောင်းသူကျောင်းသား ၄၀ ကျော်မှာ ကိုဗစ်ပိုးတွေ့ရှိထားတယ်ဆိုပြီး ပိုးစစ်ဆေးမှုမှာပါဝင်ခဲ့တဲ့လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

    ''ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်တုန်းက တခြားရောဂါနဲ့ဆေးရုံတက်မယ့် အမျိုးသမီးလူနာတစ်ယောက်ကို ကိုဗစ်ရှိမရှိ စစ်ဆေးတော့ ကိုဗစ်ပိုးတွေ့တယ်။ သူနဲ့ ထိတွေ့ ဆက်စပ်သူတွေကို ထပ်ပြီး စစ်ဆေးတော့ အထက်တန်းကျောင်းက ကျောင်းသားကျောင်းသူတွေ၊ ဆရာမ၊ ကျူရှင်ဆရာမတွေ စုစုပေါင်း ၄၀ ကျော်မှာ ကိုဗစ်ပိုးတွေ့တယ်။ ဒါ ပြီးခဲ့တဲ့ ၂ ရက်အတွင်း စစ်ခဲ့တာပေါ့။ ကျောင်းသား မိဘတွေပါဆိုရင် ၅၀ ကျော်ရှိတယ်''လို့ ပိုးစစ်ဆေးရာမှာပါဝင်တဲ့အရပ်ဘက်စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

    အခုတော့ အဲဒီပိုးတွေ့ ကျောင်းသူကျောင်းသားတွေကို သံဖြူဇရပ်ဆေးရုံမှာ ရောဂါစောင့်ကြည့်မှု ဆက်လက်ပြုလုပ်နေပြီး စိုးရိမ်ရတဲ့ရောဂါလက္ခဏာပြသူမရှိဘူးလို့လည်း သိရပါတယ်။

    ကိုဗစ်ပိုးတွေ့သူတွေဟာ အိုမီခရွန်မျိုးကွဲသစ်လား၊ ဒယ်လ်တာမျိုးကွဲလားဆိုတာသိရဖို့ စစ်ဆေးမှုရလာဒ်တွေကို မော်လမြိုင်ကို ဆက်ပို့ထားပြီး ဘယ်မျိုးကွဲ ကူးစက်ခံထားရတယ်ဆိုတာကို ဒီနေ့ ဖေဖော်ဝါရီလ ၉ ရက်မှာ သိရှိရမယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့လတုန်းကလည်း မွန်ပြည်နယ်၊ ပေါင်မြို့နယ်ထဲက စာသင်ကျောင်းတစ်ကျောင်းကဆရာမတစ်ဦးမှာ ကိုဗစ်ပိုးတွေ့ခဲ့ပြီးတဲ့နောက် ထိတွေ့ဆက်စပ်သူ ကျောင်းသူ ကျောင်းသားတွေကို ပိုးစစ်ဆေးခဲ့ရာ ၁၀ ဦးနီးပါးမှာ ကိုဗစ်ပိုးတွေ့မှုဖြစ်ခဲ့ပါသေးတယ်။

  10. ဒါရိုက်တာဝိုင်း နေအိမ်မှာဖမ်းဆီးခံရ

    ရုပ်ရှင်နဲ့ဗီဒီယိုဒါရိုက်တာဝိုင်းကို ဒီကနေ့ဖေဖော်ဝါရီ ၉ ရက်မနက်ပိုင်းမှာပုဇွန်တောင်မြို့နယ်ကနေအိမ်မှာစစ်ကောင်စီတပ်တွေလာရောက်ဖမ်းဆီးသွားတယ်လို့နီးစပ်သူတွေကပြောပါတယ်။

    ဒီကနေ့မနက်ပိုင်းမှာ လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး ဒါရိုက်တာဝိုင်းဟာဆိုရင် လွန်ခဲ့တဲ့နှစ်အနည်းငယ်ကမှ လေဖြန်းတဲ့ရောဂါကို ခံစားထားရတာကြောင့် ကျန်းမာရေးအပြည့်အဝမကောင်းမွန်သေးဘူးလို့ ရုပ်ရှင်အသိုင်းအဝိုင်းနဲ့နီးစပ်သူတွေရဲ့ပြောပြချက်အရသိရပါတယ်။

    ပြည်တွင်းမှာအာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့လှုပ်ရှားမှုတွေမှာပါဝင်တဲ့အနုပညာရှင်တချို့ကို စစ်ကောင်စီကပုဒ်မ၅၀၅ နဲ့ဝရမ်းထုတ်ဖမ်းဆီးခဲ့ပြီးအဲ့ဒီထဲမှာ ဒါရိုက်တာဝိုင်းလည်းပါဝင်ပါတယ်။

    ဒီအခြေအနေတွေကြောင့် တိမ်းရှောင်နေရာကနေ ဒီကနေ့ဖေဖော်ဝါရီ ၉ ရက်နေ့မနက်ပိုင်းနေအိမ်ကို ခေတ္တပြန်လာချိန်မှာလာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့နီးစပ်သူတွေရဲ့ပြောပြချက်အရသိရပါတယ်။

    လက်ရှိ ဒါရိုက်တာဝိုင်းကို ပုဇွန်တောင်မြို့နယ်ရဲစခန်းမှာထိန်းသိမ်းထားတယ်လို့မိသားစုနဲ့နီးစပ်သူတွေရဲ့ပြောပြချက်အရသိရပြီး ဘီဘီစီကရဲစခန်းဘက်ကိုဆက်သွယ်ခဲ့ပေမယ့်ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။

    ပြည်တွင်းမှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် အနုပညာရှင် ၅၀ ဝန်းကျင်လောက်ကို စစ်ကောင်စီကပုဒ်မ ၅၀၅ နဲ့ဝရမ်းထုတ်ခဲ့ပြီးအနုပညာရှင်တချို့ကိုတော့ ပုဒ်မပြန်ရုပ်သိမ်းပေးတာတွေရှိခဲ့ပါတယ်။

    လက်ရှိအချိန်ထိတော့ အနုပညာရှင် ၁၀ဦးထက်မနည်း စစ်ကောင်စီကဖမ်းဆီးထားပါတယ်။

    ဒါရိုက်တာဝိုင်း
    ဓာတ်ပုံ ပုံစာ, ၂၀၁၆ ခုနှစ်က အကယ်ဒမီဆုပေးပွဲမှာတွေ့ရတဲ့ ဒါရိုက်တာဝိုင်းနဲ့သရုပ်ဆောင်ဖွေးဖွေး
  11. မြန်မာစစ်တပ်က နိုင်ငံ့စီးပွားရေးကို ဖျက်ဆီးနေတယ်လို့ ALTSEAN Burma အဖွဲ့ပြော

    ၂၀၂၁ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့က ရန်ကုန်မြို့ပေါ်မှာရှိတဲ့လမ်းတစ်လမ်းပေါ် လုံခြုံရေးစောင့်နေတဲ့စစ်ကောင်စီတပ်သားတစ်ဦး

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၂၀၂၁ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့က ရန်ကုန်မြို့ပေါ်မှာရှိတဲ့လမ်းတစ်လမ်းပေါ် လုံခြုံရေးစောင့်နေတဲ့စစ်ကောင်စီတပ်သားတစ်ဦး

    အာဏာသိမ်းခဲ့တဲ့မြန်မာစစ်တပ်ဟာ နယ်မြေစိုးမိုးနိုင်ဖို့နဲ့ နိုင်ငံရေးအရထိန်းချုပ်နိုင်ဖို့ အားထုတ်ခဲ့တဲ့လုပ်ရပ်တွေဟာ နိုင်ငံ့စီးပွားရေးကို ပျက်စီးမှုဖြစ်စေခဲ့တယ်လို့ ALTSEAN Burma အဖွဲ့က အစီရင်ခံစာတစ်စောင် ထုတ်ပြန်ပါတယ်။

    ဒါ့ပြင် စီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့် ဘဏ်လုပ်ငန်းနဲ့ လျှပ်စစ်ကဏ္ဍတွေမှာ အကျပ်အတည်းကြီးတွေ ပေါ်ပေါက်စေခဲ့တယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

    စစ်အာဏာသိမ်းမှုအလွန် ကသောင်းကနင်းဖြစ်မှုနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေအပေါ် ဖိနှိပ်မှုတွေဟာ နိုင်ငံတကာကုမ္ပဏီတွေအတွက် တပ်လှန့်သတိပေးသလိုဖြစ်ခဲ့တဲ့အပြင် တချို့ကုမ္ပဏီတွေအတွက် နိုင်ငံထဲက စွန့်ခွါမှုဖြစ်စေခဲ့သလို ၂၀၂၀-၂၁ ခုနှစ်မှာ ပြည်ပရင်းနှီးမြှုပ်နှံမှု ၂၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

    ဒါ့ပြင် စစ်ကောင်စီဟာ လိုအပ်တဲ့ပြည်ပဝင်ငွေရဖို့ သဘာဝသယံဇာတတူးဖော်မှုဘက်ကို ဦးလှည့်ခဲ့တာကြောင့် တရားမဝင်သစ်ထုတ်မှုနဲ့ သယံဇာတတူးဖော်မှုကို မြန်မြန်ဆန်ဆန်မြင့်တက်သွားစေခဲ့တယ်လို့လည်း ထောက်ပြပါတယ်။

    တစ်ဖက်မှာလည်း ရေနံနဲ့သဘာဝဓာတ်ငွေ့ကုမ္ပဏီတွေဟာ စစ်အုပ်စုကို အမေရိကန်ဒေါ်လာ သန်းပေါင်း တစ်ထောင့်ငါးရာနီးပါးရှိမယ့်ငွေကို ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း ပေးလာနိုင်ခြေရှိတယ်လို့လည်းဆိုပါတယ်။

    တစ်ချိန်တည်းမှာပဲ စစ်အာဏာသိမ်းမှုဖြစ်တဲ့ ၂၀၂၁ ခုနှစ်အတွင်း မြန်မာပြည်တွင်းမှာ အလုပ်အကိုင် တစ်သိန်းခွဲကျော် ဆုံးရှုံးခဲ့တယ်လို့ နိုင်ငံတကာအလုပ်သမားအဖွဲ့အစည်း(ILO)က ပြောထားပါတယ်။

    ကမ္ဘာဘဏ်ကတော့ ၂၀၂၁ ခုနှစ်မှာ မြန်မာ့စီးပွားရေး ၁၈ ရာခိုင်နှုန်းအထိ ကျုံ့သွားခဲ့တယ်လို့ ပြောသလို အခု ၂၀၂၂ ခုနှစ်မှာလည်း စီးပွားရေးတိုးတက်နှုန်း ၁ ရာခိုင်နှုန်းနဲ့သာ မြန်မာ့စီးပွားရေးသိသိသာသာအားနည်းနေလိမ့်မယ်လို့ ခန့်မှန်းပြောဆိုထားပါတယ်။

    ALTSEAN အဖွဲ့ဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ထင်ရှားတဲ့ အမျိုးသမီးနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေ၊ တတ်သိပညာရှင်တွေနဲ့ဖွဲ့စည်းထားတာဖြစ်ပြီး ဒီမိုကရေစီအရေးနဲ့လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးနဲ့ စီးပွားရေးနယ်ပယ်တွေမှာ ချိုးဖောက်မှုတွေနည်းပါးအောင် ထောက်ပြပြောဆိုနေတဲ့အဖွဲ့လည်းဖြစ်ပါတယ်။

  12. မင်္ဂလာဒုံမြိုနယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာက အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးသေဆုံး

    ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်အတွင်းက သင်္ဃန်းကျွန်းကြီးကျေးရွာက အုပ်ချုပ်ရေးမှူးတစ်ဦး ဒီကနေ့ဖေဖော်ဝါရီ ၉ ရက် မနက်ပိုင်းက ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    “ သူက စစ်ကောင်စီလက်ထက်မှ အုပ်ချုပ်ရေးမှူးဖြစ်လာတဲ့ ဦးနေလင်းပါ။ ဒီကနေ့ မနက်ပိုင်းရုံးတက်ဖို့သွားနေတုန်း သူတပည့်ကဆိုင်ကယ် မောင်းတယ်၊ သူကအနောက်ကလိုက်တာ။ မြရတနာရွာနားက ရေကန်ဘောင်လမ်းမှာ လူနှစ်ယောက်လိုက်လာပြီးပစ်တာ၊ ရှေ့ကဆိုင်ကယ်မောင်းနေတဲ့ သူ့တပည့်ကို ခြေထောက်ကိုပစ်လိုက်တယ်။ သူ့ကိုဆက်ပစ်တယ်။ လေးချက်ပစ်လိုက်တာ သူတပည့်ကတော့ ဆေးရုံရောက်သွားတယ်။ သူကတော့နေရာမှာပဲ သေသွားတယ်” လို့ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    အခုလို သင်္ဃန်းကျွန်းကြီးကျေးရွာက အုပ်ချုပ်ရေးမှူး ဦးနေလင်း ပစ်ခတ်ခံရပြီးသေဆုံးပြီးတဲ့နောက်မှာတော့ အနီးအနားက ကျေးရွာရပ်ကွက်တွေအတွင်း စစ်ကောင်စီက စစ်ဆေးတင်းကျပ်မှုတွေလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ ဒါအပြင် မင်္ဂလာဒုံမြို့နယ်အတွင်းက ရပ်ကွက်အုပ်ချူပ်ရေးမှူးတွေနဲ့ ရာအိမ်မှူးတွေကို သတိထားသွားလာကြဖို့ ထွေအုပ်ရုံးတွေက ဖုန်းဆက်ညွှန်ကြားတာတွေလုပ်နေတယ်လို့ ဒေသခံတစ်ဦးက သူကြားသိရတာကိုပြန်ပြောပါတယ်။

    မင်္ဂလာဒုံမြို့နယ်အတွင်းမှာတော့ အာဏာသိမ်းမှုဖြစ်စဉ်ဖြစ်ပြီးကတည်းက အုပ်ချုပ်ရေးမှူးနဲ့ရာအိမ်မှူးအများစု နုတ်ထွက်ပြီးနောက် တိမ်းရှောင်နေရပြီး လက်ရှိမှာတော့ အားလုံးနီးပါးကို စစ်ကောင်စီက အသစ်ပြန်ခန့်ထားတာဖြစ်တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

    မင်္ဂလာဒုံမြို့နယ်

    ဓာတ်ပုံ ရင်းမြစ်, Mingaladon National Union

    ဓာတ်ပုံ ပုံစာ, မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့အတွင်း ဖေဖော်ဝါရီ ၁ရက်နေ့ကမြင်ကွင်းတစ်ခု (ပုံဟောင်း)
  13. ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမြအေးကို ပုဒ်မ ၅၀၅ (ဂ) နဲ့စွဲချက်တင်, ကိုမြအေး၊ စာရေးဆရာမောင်သာချိုနဲ့ ဦးထင်လင်းဦးတို့ကို ဖေဖော်ဝါရီ ၂၂ ရက်မှာ အမိန့်ချမယ်

    စစ်အာဏာသိမ်းခဲ့တဲ့ မနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်ကိုမြအေးကို မနေ့ဖေဖော်ဝါရီ ၈ရက်နေ့က အင်းစိန်ထောင်တွင်းတရားရုံးမှာကြားနာစစ်ဆေးမှုအပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ဂ)နဲ့စွဲချက်တင်တဲ့အမိန့်ချမှတ်လိုက်တယ်လို့ တရားရုံးအသိုင်းအဝိုင်းကသိရပါတယ်။

    ဦးမြအေးလိုပဲ မနေ့တုန်းက ကြားနာစစ်ဆေးခဲ့သူတွေထဲမှာ စာရေးဆရာဦးထင်လင်းဦးနဲ့ မောင်သာချိုတို့လည်းပါဝင်ပြီး သူတို့ရဲ့ရှေ့နေတွေက အပြီးသတ်လျှောက်လဲချက်ပေးခဲ့ပြီးပြီဖြစ်လို့ လာမယ့် ဖေဖော်ဝါရီ ၂၂ ရက်မှာ အသီးသီးအမိန့်ချမှတ်မယ်လို့ပြောပါတယ်။

    " ဆရာမောင်သာချိုအမှုကတော့ ကျွန်တော်လိုက်ပါဆောင်ရွက်ပေးတာမဟုတ်တဲ့အတွက် တိတိကျကျမသိဘူး။ ဒါပေမဲ့၂၀၁၄ ခုနှစ်က ဆဲဗင်းဒေးဂျာနယ်မှာပါတဲ့ကိစ္စတစ်ခုနဲ့ပတ်သက်ပြီးတရားစွဲတယ်လို့သိရပါတယ်။ ဆရာထင်လင်းဦးကတော့ ဖေဖော်ဝါရီ ၁ ရက်နေ့ကမနက် ၄ နာရီခွဲ ၅နာရီလောက်မှာလက်နက်ကိုင်လူတစ်ခုလာခေါ်တယ်။ အဲဒီအချိန်မှာဆရာက မနက် ၅ နာရီလောက်မှာ လိုက်ဖ်လွှင့်လိုက်တယ်။ အဲ့ဒီအချိန်မှာ ဖြစ်ပေါ်နေတဲ့ကြုံနေရတဲ့ဟာတွေ၊ အမေစုတို့တွေ သမ္မတကြီးတို့တွေနဲ့ရန်ကုန်တိုင်းထဲကအစိုးရအဖွဲ့တွေဆက်သွယ်လို့မရတော့ဘူးဆိုတာကို လိုက်ဖ်လွှင့်ပြောကြားတဲ့ပေါ်မူတည်ပြီး ၅၀၅-ကနဲ့တရားစွဲတာပါ။ ဆရာကိုဖမ်းတဲ့အချိန်က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဖမ်းတယ်၊ ၅၀၅-ကဆိုတာ ဖေဖော်ဝါရီ ၁၄ မှ ပြဋ္ဌာန်းတယ်။ အရင်ပြောထားတဲ့ဟာကိုနောက်မှပြဋ္ဌာန်းတဲ့ ဥပဒေနဲ့စွဲတဲ့သဘောပေါ့။ ဆရာဦးထင်လင်းဦးကတော့ အပြစ်မရှိဘဲလာဖမ်းတာမတရားဘူး။ ရုံးက သူ့အပေါ်ကိုဘယ်လိုသုံးသပ်ပြီးအမိန့်ချမယ်ဆိုတာကို စိတ်ဝင်စားတယ်ပဲပြောတယ်" လို့ဆရာဦးထင်လင်းဦးအမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့တရားလွှတ်တော်ရှေ့နေက ဘီဘီစီကိုပြောပါတယ်။

    ဒီသုံးဦးအနက် ကိုမြအေးဟာ အင်းစိန်ထောင်တွင်းမှာ ဖမ်းဆီးခံထားရစဉ် ကျန်းမာရေးမကောင်းတဲ့အတွက်ပြင်ပမှာဆေးကုသမှုတွေခံယူခဲ့ရပါသေးတယ်။

    ကိုမြအေး၊ စာရေးဆရာမောင်သာချိုနဲ့ ဦးထင်လင်းဦး

    ဓာတ်ပုံ ရင်းမြစ်, social media

  14. NLD ပါတီကို လာမယ့်ရက်ပိုင်းအတွင်း စစ်ဆေးမယ်ဖို့ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင် ပြော

    အာဏာသိမ်းမှုဖြစ်ပြီး သီတင်း ၂ ပတ်အကြာ ၂၀၂၁ ခုနှစ်၊ ဖော်ဖော်ဝါရီလ ၁၅ ရက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)တီရုံးချုပ်ရှိရာ ရွှေဂုံတိုင်လမ်းပေါ်မှာ လုံခြုံရေးရယူထားတဲ့အခြေအနေဖြစ်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အာဏာသိမ်းမှုဖြစ်ပြီး သီတင်း ၂ ပတ်အကြာ ၂၀၂၁ ခုနှစ်၊ ဖော်ဖော်ဝါရီလ ၁၅ ရက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ရုံးချုပ်ရှိရာ ရွှေဂုံတိုင်လမ်းပေါ်မှာ လုံခြုံရေးရယူထားတဲ့အခြေအနေဖြစ်ပါတယ်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကို လာမယ့်ရက်ပိုင်းအတွင်း စစ်ဆေးမှုပြုလုပ်မယ်ဆိုပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီလ ၈ ရက်မှာ ပြောလာပါတယ်။

    NLD ပါတီအပါအဝင် ရန်ကုန်တိုင်းအခြေစိုက်တဲ့ တိုင်ရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD)နဲ့ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီတို့ကို ဖေဖော်ဝါရီလ ၁၄ ရက်ကနေ ၁၈ ရက်အတွင်း စစ်ဆေးမယ်လို့ဆိုပါတယ်။

    နိုင်ငံရေးပါတီဝင်တွေရဲ့အင်အား၊ ပါတီရန်ပုံငွေနဲ့ ပစ္စည်းတွေ စုဆောင်းတာ၊ ထိန်းသိမ်းတာ၊ သုံးစွဲတာ၊ စစ်ဆေးတာ၊ စာရင်းရှင်းလင်းဖျကသိမ်းတာ၊ ပါတီဆိုင်ရာလုပ်ငန်းတွေကို ဥပဒေနဲ့အညီ စနစ်တကျ ဆောင်ရွကထားခြင်း ရှိ၊ မရှိ တို့ကို စစ်ဆေးမှာလို့လည်း ဆိုပါတယ်။

    ရွေးကောက်ပွဲ မဲသမာမှုတွေရှိတယ်ဆိုတဲ့အချက်နဲ့ စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့နောက် အာဏာ သိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ခေါင်းဆောင်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ်ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

    အခုတော့ အဲဒီရွေးကောက်ပွဲကော်မရှင်အသစ်က ပါတီတွေကို စစ်ဆေးမှုတွေလုပ်နေတာဖြစ်ပြီး နိုင်ငံရေးပါတီ ၆၇ ပါတီကို စစ်ဆေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

  15. PDF နဲ့ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ လူငယ်စာရေးဆရာ မင်းဒီပါအမှုနဲ့ပတ်သက်လို့ ဖိအားပေးမှုတွေ ရှိနေတယ်လို့ မိသားစုပြော

    PDF နဲ့ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ လူငယ်စာရေးဆရာ မင်းဒီပါအမှုနဲ့ပတ်သက်လို့ ဖိအားပေးမှုတွေ ရှိနေတယ်လို့ မိသားစုပြော

    ဓာတ်ပုံ ရင်းမြစ်, CJ

    ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးတရားစွဲဆိုခံနေရတဲ့ မြောက်ဦးမြို့နယ် ပန်းမော်ကျေးရွာက လူငယ်စာရေးဆရာ မင်းဒီပါ (ခ) ကိုအောင်နိုင်မြင့်အမှုနဲ့ပတ်သက်လို့ ဖိအားပေးတာတွေရှိနေတယ်လို့ မိသားစုတွေက ပြောပါတယ်။

    လူငယ်စာရေးဆရာ မင်းဒီပါဟာ စစ်ကောင်စီကိုတော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကိုငွေကြေး ထောက်ပံ့ပေးတယ်ဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)နဲ့ တရားစွဲဆိုခြင်းခံထားရပါတယ်။

    လက်ရှိမှာ အမှုနဲ့ပတ်သက်လို့ တရားလိုနဲ့လိုပြသက်သေတွေကို စစ်ဆေးမှုတွေပြီးစီးနေပြီဖြစ်တဲ့အတွက် မင်းဒီပါရဲ့ရှေ့နေတွေဘက်က လာမယ့် ဖေဖော်ဝါရီ ၁၁ သောကြာနေ့ရုံးချိန်းမှာ အပြီးသတ်လျှောက်လဲချက်ပေးရတော့မှာဖြစ်ပါတယ်။

    တရားရုံးရဲ့စစ်ဆေးချက်တွေမှာ လူငယ်စာရေးဆရာမင်းဒီပါဘက်က ထွက်ဆိုချက်တွေဟာ အပြစ်မရှိကြောင်းထင်ရှားနေတယ်လို့ မင်းဒီပါရဲ့အစ်ကိုဖြစ်သူ ဦးအောင်မြင့်က ပြောပါတယ်။

    “ရှေ့နေတွေကိုမေးကြည့်တော့ ရှေ့နေတွေဘက်က အမှုနဲ့ပတ်သက်လို့ သိပ်အားရတဲ့ပုံစံတော့မပြောဘူးဗျာ။ ပြီးခဲ့တဲ့အပတ်ကလည်း ကျွန်တော့်ညီရုံးချိန်းကအပြန် စစ်တပ်ဂိတ်ကိုအရောက်မှာ ကားကိုရပ်ခိုင်းပြီးတော့ ရှေ့နေတွေကိုကားပေါ်ကဆင်းခိုင်းပြီး တစ်နာရီနီးပါးလောက် ထိုင်ခိုင်းထားတယ်လို့သိရပါတယ်”လို့ ဦးအောင်မြင့်က ပြောပါတယ်။

    ရှေ့နေတွေကို အခုလိုကားပေါ်ကဆင်းခိုင်းပြီး တစ်နာရီနီးပါးအကြာ ထိုင်ခိုင်းထားတဲ့အချိန်မှာ သူတို့ကိုဘာတွေစစ်မေးမှုတွေရှိခဲ့လဲ ဆိုတာနဲ့ ဘယ်တပ်ကအခုလိုလုပ်တယ်ဆိုတာကိုတော့ ရှေ့တွေအနေနဲ့ ထုတ်ဖော်ပြောဆိုတာမရှိဘူးလို့ ကိုအောင်မြင့်က ပြောပါတယ်။

    အမှုစစ်နေတုန်းအချိန်မှာ သူစွပ်စွဲခံနေရတဲ့အကြမ်းဖက်မှုမှာ သူနဲ့သက်ဆိုင်မှုမရှိသလို ချေပပြောဆိုမှုတွေကောင်းမွန်တဲ့ အတွက် အမှုကလွတ်မြောက်လာနိုင်တယ်လို့ ရှေ့နေတွေဘက်က ယူဆခဲ့ကြတဲ့အတွက် မိသားစုတွေအနေနဲ့ စိတ်သက်သာရာရခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ အလားအလာမကောင်းတဲ့အခြေအနေနဲ့ ကြုံလာရတယ်လို့ဆိုပါတယ်။

    အမှုနဲ့ပတ်သက်လို့ တရားသူကြီးနဲ့ ရှေ့နေတွေအတွက် အခုလိုမျိုးကြုံနေကြရပေမယ့် မင်းဒီပါရဲ့မိသားစုဝင်တွေမှာတော့ တိုက်ရိုက်ခြိမ်းခြောက်ခံရတာတွေမရှိသေးဘူးလို့ဆိုပါတယ်။

    လတ်တလောမှာ မင်းဒီပါဟာ သူ့ကိုတရားစွဲဆိုထားတဲ့ မြောက်ဦးမြို့နယ်တရားရုံးမှာ အမှုရင်ဆိုင်နေရဆဲဖြစ်ကာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ပထမအပါတ်မှာ အဲ့ဒီပုဒ်မနဲ့ပဲ စွဲချက်တင်ခံခဲ့ရတာဖြစ်ပါတယ်။

    အမှုရင်ဆိုင်နေရတဲ့ စာရေးဆရာမင်းဒီပါရဲ့ ငွေအလွှဲအပြောင်းကိစ္စတွေကို အကြောင်းပြပြီးတော့ အဲ့ဒီငွေတွေဟာ PDF တွေကိုထောက်ပံ့တာဖြစ်တယ်ဆိုပြီး မြောက်ဦးမြို့မရဲစခန်းမှူး ဒုရဲမှူးစောတင်က တရားလိုအဖြစ်နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

    လူငယ်စာရေးဆရာမင်းဒီပါဟာ ဘဏ်နဲ့ငွေလွှဲလုပ်ငန်းတွေကနေ ငွေအလွှဲအပြောင်းလုပ်ပေးတာတွေရှိခဲ့ပေမယ့် အဲဒီငွေတွေဟာ သူ့ရဲ့ဝတ္တုစာအုပ်ထုတ်‌ဝေဖြန့်ချိဖို့အတွက်နဲ့ လွှဲပြောင်းပေးခဲ့တဲ့ငွေသာဖြစ်တယ်လို့ ဦးအောင်မြင့်က ပြောပါတယ်။

    စာရေးဆရာ မင်းဒီပါဖမ်းဆီးခံလိုက်ရချိန်မှာ သူ့ရဲ့ကိုယ်တိုင်ရေးစာအုပ်တွေဖြစ်တဲ့ “မာယာကင်းမဲ့ဇုန်”ကို ဈေးကွက်မှာ ဖြန့်ချိနေဆဲဖြစ်ပြီး ၂၀၂၁ ဒီဇင်ဘာလမှာ “ဘဝနွံ”ဝတ္ထုရှည်ကိုထုတ်ဝေဖို့ ပုံနှိပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

  16. ဆိပ်ခွန်ရွာအတွင်း စစ်ကောင်စီတွေဝင်ရောက်ပစ်ခတ်၊ မီးရှို့, ဒေသခံ ၅၀၀၀ ကျော်လောက် ဘေးလွတ်ရာပြေးနေရ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ထဲက ဆိပ်ခွန်ကျေးရွာအတွင်း မနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့က စစ်ကောင်စီနဲ့ပျုစောထီးအင်အား ရာချီပစ်ခတ်ဝင်ရောက်လာပြီး နေအိမ်တချို့ကို ဖျက်ဆီးမီးရှို့တာတွေလုပ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    " ဘာတိုက်ပွဲမှမဖြစ်ဘဲ ဝင်လာတာပါ။ ပထမ စစ်ကောင်စီနဲ့ပျူစောထီးအင်အား ၇၀ လောက်ဝင်လာပြီး အင်အား ၅၀ လောက်ထပ်တိုးတယ်။ ရွာထဲကအိမ်တချို့ကိုဖျက်ဆီးပြီး ကျောင်းဆရာတစ်ယောက်ရဲ့အိမ်ကိုမီးရှို့တယ်။ ဒေသခံတွေကတော့ ဝင်လာကတည်းက အကုန်ပြေးရတာပဲ။ အခုထိရွာကျောင်းထဲမှာ တပ်စွဲထားတယ်။ မပြေးနိုင်တဲ့ဒေသခံတချို့ကတော့ပိတ်မိပြီးကျန်ခဲ့တယ်" လို့ဆိပ်ခွန်ရွာသားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီရက်ပိုင်းမှာ ရွှေဘိုခရိုင်အတွင်းမှာတော့ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေဆက်ရှိနေပြီး စစ်ကောင်စီဘက်က ကျေးရွာတွေကို အခုလိုဆက်တိုက်ဝင်ရောက်ပစ်ခတ်တာတွေနဲ့နေအိမ်တွေကိုမီးရှို့တာတွေ ဆက်လုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

    ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်မှာလည်း ရွှေဘိုမြို့ပေါ်မှာ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားတိုက်ပွဲဖြစ်ပြီးတဲ့နောက် ရွာစိုးရွာနဲ့ပေါက်ချိုင်ရွာအတွင်းကို စစ်ကောင်စီတပ်တွေဝင်ရောက်လာပြီး မီးရှို့ခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး နေအိမ်တွေမီးလောင်ခဲ့ပြီး မသန်စွမ်းသူတစ်ဦးအပါအဝင် ရွာသား နှစ်ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောကြား ထားပါတယ်။

    ဒီမီးရှို့ခံထားရတဲ့ကျေးရွာတွေဟာ လက်ရှိအချိန်ထိ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဖို့ကြိုးစားနေရဆဲဖြစ်သလို အခု ဆိပ်ခွန်ကျေးရွာက ဒေသခံ ၅၀၀၀ လောက်ဟာ ဘေးလွတ်ရာပြေးနေရတယ်လို့ဒေသခံတွေကပြောပြကြပါတယ်။

    စစ်ကိုင်းတိုင်းအတွင်းက ဒေသကာကွယ်ရေးတပ်တွေအားကောင်းတဲ့ ကျေးရွာတွေကို စစ်ကောင်စီက တောက်လျှောက် ထိုးစစ်ဆင်နေပြီး အဲဒီလို ထိုးစစ်ဆင်ရာမှာ ပျူစောထီးဆိုတဲ့ အဖွဲ့ကို ထည့်သွင်းအသုံးပြုတယ်လို့ အဲဒီလိုထိုးစစ်ဆင်ခံရတဲ့ ကျေးရွာဒေသခံတွေက ပြောကြားမှုတွေရှိနေပြီး စစ်ကောင်စီဘက်ကတော့ ဒါနဲ့ပတ်သက်လို့တစ်စုံတစ်ရာ ထုတ်ပြန်ပြောကြားတာမရှိသေးပါဘူး။

    ဆိပ်ခွန်ရွာ

    ဓာတ်ပုံ ရင်းမြစ်, Social Media

  17. စစ်ကောင်စီနဲ့ ပြည်တွင်းက ကုလလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့တို့ တွေ့ဆုံ

    စစ်ကောင်စီနဲ့ ပြည်တွင်းက ကုလလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့တို့ တွေ့ဆုံ

    ဓာတ်ပုံ ရင်းမြစ်, screen grab

    စစ်ကောင်စီနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့တို့ဟာ လူသားချင်းစာနာထာက်ထားမှုဆိုင်ရာကိစ္စရပ်တွေအပြင် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်ကိစ္စရပ်တွေကိုပါ ဆွေးနွေးထားတယ်ဆိုပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး မစ္စတာ ဒေးဗစ်ကာဒန်နဲ့ စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဦးကိုကိုလှိုင်တို့ မနေ့ ဖေဖော်ဝါရီလ ၈ ရက်မှာ နေပြည်တော်မှာတွေ့ဆုံချိန် အခုလိုဆွေးနွေးခဲ့တာလို့ နိုင်ငံပိုင်သတင်းတွေမှာဖော်ပြလာတာပါ။

    ပြည်တွင်းမှာ ပဋိပက္ခဖြစ်ပွားရာနေရာတွေကို လူသားချင်းစာနာမှုအကူအညီတွေ အဟန့်အတားမရှိဘဲရောက်ရှိဖို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေဘက်က တောင်းဆိုမှုတွေ ထွက်ပေါ်ေနချိန်မှာ အခုလိုတွေ့ဆုံမှု ပေါ်ပေါက်လာတာလည်းဖြစ်ပါတယ်။

  18. ကိုဗစ်ပိုး ကူးစက်ခံထားရသူ ၁၁၄၅ ဦး ထပ်တွေ့

    မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ‌ရောဂါပိုး ကူးစက်ခံထားရသူ ၁၁၄၅ ဦး ထပ်မံ စစ်ဆေးတွေ့ရတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီကနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    မြန်မာတစ်နိုင်ငံလုံးအနေနဲ့ ပိုးတွေ့နှုန်း ရုတ်တရက်တိုးလာပြီး ၃.၅၉ ရာခိုင်နူန်းအထိ တိုးလာတာဖြစ်လို့ သတိထားဖို့လိုမယ်လို့စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းကတော့ မြန်မာတစ်နိုင်ငံလုံး ကိုဗစ်ရောဂါပိုးတွေ့ရှိမှုဟာ ဖေဖော်ဝါရီလ ၆ ရက်နေ့ကဆိုရင် ၁.၃၆ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။

    ရန်ကုန်မြို့က တက္ကသိုလ်၊ ကောလိပ်တွေနဲ့ ကုမ္ပဏီတွေ ရုံးတွေမှာ အခုရက်ပိုင်း ဖျားနာသူတွေ အများအပြား တွေ့နေရတယ်လို့ ရန်ကုန်မြို့က ကထိက တစ်ဦးကပြောပါတယ်။

    အခုအခါ ကိုဗစ်ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း ၅၃၉၅၅၄ ဦး ရှိသွားပြီ ဖြစ်ပြီး သေဆုံးသူ စုစုပေါင်း ၁၉၃၁၀ ဦး ရှိသွားပြီလို့ သိရပါတယ်။

    ကိုဗစ်ကြောင့် လူသေဆုံးမှု မရှိတာ ၁၆ ရက်ကြာ ရှိသွားပြီ ဖြစ်ပေမဲ့ ပိုးတွေ့သူ ရာခိုင်နှုန်း တိုးလာနေတာကြောင့် အထူးဂရုစိုက်ကြဖို့ လိုကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    လောလောဆယ်မှာ ဖေဖော်ဝါရီလဆန်းကစပြီး ရန်ကုန်မြို့မှာ လူအစုလိုက်အပြုံလိုက် ကိုဗစ်ကူးစက်မှုတွေ ရှိလာနေပြီး ကိုဗစ်ကုသရေးစင်တာတွေမှာလည်း လူနာတွေနဲ့ ပြည့်နေတယ်လို့ ရန်ကုန်မြို့က စင်တာတွေကနေ သိရပါတယ်။

    ဒီရက်ပိုင်းအတွင်း ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဇီဝိတဒါနသံဃာ့ဆေးရုံကြီးမှာ အနည်းဆုံးလူ ၄၀ နီးပါး ကိုဗစ်ကူးစက်မှုဖြစ်ခဲ့တာကြောင့် ဆေးရုံကို လော့ဒေါင်းချထားရပါတယ်။အလားတူ မင်္ဂလာဒုံမြို့နယ်က စက်ရုံတစ်ရုံမှာလည်း လူရာနဲ့ချီ ကိုဗစ်ကူးစက်မှု ရှိခဲ့ပါတယ်။

    မြန်မာ၊ ကိုဗစ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  19. လွိုင်ကော်မြို့ပေါ် ပစ်ခတ်မှုတွေဖြစ်

    ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့တဝိုက် ပစ်ခတ်မှုတွေ ဖြစ်နေ ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ လွိုင်ကော်မြို့ ဒေါဥခူနဲ့ မိုင်းလုံးရပ်ကွက် အနီးတဝိုက်မှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဖေဖော်ဝါရီလ ၇ ရက် မနေ့တုန်းကလည်း ဒီမော့ဆိုမြို့နယ်အရှေ့ဘက်က ရွာတွေကို စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အနည်းဆုံး ရွာ ၅ ရွာက ဒေသခံတွေ တိမ်းရှောင် ထွက်ပြေးခဲ့ကြရသလို အဲဒီရွာတွေမှာ လာရောက်ခိုလှုံနေသူ စစ်ရှောင်တွေပါ ထပ်မံ ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။

    ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ ဖေဖော်ဝါရီလ ပထမတပတ်တာ တိုက်ပွဲ အခြေအနေ ထုတ်ပြန်ချက်အရ လွိုင်ကော်မြို့နယ်ထဲက ကယန်းသာယာရွာအနီး၊ ထီရီရွာတောင်ပေါ်နဲ့ လင်ဖုံလင်းလမ်းခွဲတွေမှာ တိုက်ပွဲ လေးကြိမ်တိတိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

    ဖေဖော်ဝါရီလဆန်းမှာ ကယားဝန်ကြီးချုပ် အသစ်ပြောင်းလဲ ခန့်အပ်ခဲ့သလို စစ်ကောင်စီ ဒုတိယ အကြီးအကဲလည်း ကယားပြည်နယ်ကို လာရောက်ခဲ့ပြီး မြေပြင်မှာ စစ်အင်အားတိုးချဲ့ မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    လွိုင်ကော်မြို့အဝင်တွေမှာ စစ်ဆေးရေးဂိတ်တွေရှိနေပြီး မြို့ထဲ ပြန်လည် ဝင်ရောက်လာသူစာရင်းတွေ ကို စစ်ကောင်စီဘက်က ကောက်ခံနေပါတယ်။ ဒါ့အပြင် သူတို့ရဲ့အုပ်ချုပ်ရေး ယန္တရားတချို့ပြန်လည် လည်ပတ်နိုင်ဖို့ ကြိုးပမ်းမှုတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    လက်တွေ့မြေပြင်မှာ‌တော့ ကရင်နီဒေသမှာ ကာကွယ်ရေး အဖွဲ့တွေရော စစ်ကောင်စီဘက်ကပါ တဘက်ဘက်က နယ်မြေစိုးမိုးမှု အပြည့်အဝ ရထားတဲ့ အနေအထားမျိုးမဟုတ်ဘဲ လာမယ့် ရက်သတ္တပတ်တွေအတွင်း တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာနိုင်တယ်လို့ ကရင်နီဒေသအခြေအနေ စောင့်ကြည့်သူတွေက သုံးသပ်နေကြပါတယ်။

    မြို့ခံ အများစု စစ်ရှောင်နေကြတဲ့ လွိုင်ကော်မြို့

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မြို့ခံ အများစု စစ်ရှောင်နေကြတဲ့ လွိုင်ကော်မြို့
  20. အင်းစိန်က နွေဦး