ကိုဗစ်ကူးစက်မှုကြောင့် အာဆီယံ ဘောလုံး U23 ပြိုင်ပွဲက မြန်မာနုတ်ထွက်

ရန်ကုန်မြို့က ဆေးခန်းတချို့မှာ ဖျားနာလူနာတွေ အများအပြားလာရောက်ပြသနေပြီး အမှန်တကယ် ကူးစက်သူဦးရေဟာ တရားဝင်ကိန်းဂဏန်းတွေထက် အများအပြား ရှိနေနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ၁၉၄၇ ပြည်ထောင်စုမှာ ပြည်နယ်တွေ ဘယ်လိုဖွဲ့ခဲ့လဲ

  2. စစ်ကိုင်းမှာ ဖမ်းဆီးခံထားရသူ ရာချီပြီး ရုံးထုတ်စစ်ဆေးခံဖို့ လချီကြာနေ

    စစ်ကိုင်းတိုင်း အတွင်း တန့်ဆည်၊ ရေဦးနဲ့ ဒီပဲယင်းမြို့နယ်တို့ မှာ ဖမ်းဆီးခံခဲ့ကြရပြီး တကြိမ်တခါမှ ရုံးမထုတ်နိုင်သူတွေ ရွှေဘို အကျဉ်းထောင်မှာ ရှိနေတယ်လို့ ရှေ့နေတွေ အသိုင်းအဝိုင်းက ပြောပါတယ်။

    သုံးမြို့နယ်ပေါင်းကို ခန့်မှန်းခြေ အနည်းဆုံး ၁၀၀ ကျော်ရှိနိုင်တယ်လို့ လည်းဆိုပါတယ်။

    ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ဆက်တိုက်ဆိုသလိုဖြစ်နေပြီး စစ်ကောင်စီက အုပ်ချုပ်ရေး ယန္တရား ကောင်းကောင်း လည်ပတ်နိုင်ခြင်းမရှိတဲ့ အပြင် လုံခြုံရေးအင်အားလည်း မလုံလောက်တဲ့ အချိန်မှာ အဲဒီ မြို့နယ်တွေက တရားသူကြီးတွေက ရွှေဘိုထောင်ထဲလာပြီး အမှုစစ်ဖို့ လမ်းခရီးမှာ အန္တရာယ်ကျမှာကို ကြောက်ရွံ့တဲ့အတွက် အကျဉ်းထောင်ကို လာပြီး အမှု မစစ်ကြဘူးလို့ တရားရုံးနဲ့ ရှေ့နေ အသိုင်းအဝိုင်းက ပြောပါတယ်။

    ပြီးခဲ့တဲ့နှစ်က စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ကန့်ကွက်ဆန္ဒပြသူတွေကို လိုက်လံ ဖမ်းဆီးပြီး ပုဒ်မ ၅၀ က ၊ ၅၀ -ည၊ ၅၀- စျ စသဖြင့် အကြမ်းဖက်မှုဆိုင်ရာ ပုဒ်မတွေနဲ့ရော ပုဒ်မ၅၀၅ (က)နဲ့ ပါ ဖမ်းဆီးခံထားကြရသူတွေက သူတို့ကို ဘယ်ပုဒ်မနဲ့ စွဲထားတယ်ဆိုတာ သိတာကလွဲပြီး တကြိမ်တခါမှ ကြားနာစစ်ဆေးခံရတာ မရှိသေးဘဲ ရမန် ချုပ်မိန့်တွေသာ ထပ်ခါ တလဲလဲ သက်တမ်း ထပ်တိုးနေကြတာ အကြိမ်ပေါင်း ဘယ်လောက်ရှိပြီ ဆိုတာတောင် ရေတွက်လို့ မရနိုင်တော့ဘူးလို့ ရှေ့နေတွေက ပြောပါတယ်။

    တချို့ဆို ရွှေဘိုထောင်ထဲမှာ ဖမ်းဆီးခံခဲ့ရတာ လနဲ့ချီကြာ နေပြီဖြစ်ပြီး ပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးထားသူတွေကို အောက်တိုဘာလ တုန်းက ပြန်လွှတ်ပေးခဲ့တဲ့ အထဲမှာ လွတ်မလာဘဲ ကျန်ခဲ့သူတွေ အတော်များများ ပါဝင်တယ် လို့လည်း သိရပါတယ်။

  3. အာဆီယံခေါင်းဆောင်တွေနဲ့အစည်းအဝေးမှာ မြန်မာ့အရေးဆွေးနွေးမယ်လို့ အမေရိကန်ပြော

    စစ်ကောင်စီက မြန်မာနိုင်ငံမှာ ဖိနှိပ်အကြမ်းဖက်မှုတွေ ပိုတိုးလုပ်နေကြောင်းနဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အာဆီယံ ခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါ အဲဒီအခြေအနေတွေကို အဓိက ဆွေးနွေးသွားမယ်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က သောကြာနေ့မှာ ပြောပါတယ်။

    မြန်မာနိုင်ငံက အခြေအနေတွေဟာ တော်တော် ဆိုးရွားနေတယ်ဆိုတာ ထင်ရှားတယ်လို့ ဘလင်ကင်က မဲလ်ဘုန်းမြို့မှာ ကွာ့ဒ် လေးနိုင်ငံအဖွဲ့ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

    အမေရိကန်အနေနဲ့ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ထောက်ခံကြောင်းနဲ့ အဲဒါကို အကောင်အထည်ဖော်ဖို့လိုတယ်လို့လည်း ဘလင်ကင်က ပြောပါတယ်။

    အဲဒါက သမ္မတဘိုင်ဒန် အာဆီယံခေါင်းဆောင်တွေနဲ့ မကြာခင် ဝါရှင်တန်မှာ တွေ့တဲ့အခါ အဓိကထားမယ့် ကိစ္စပဲလို့ သူက ပြောပါတယ်။

    အာဆီယံခေါင်းဆောင်တွေနဲ့ အမေရိကန် သမ္မတတို့ ဒီနှစ် အစောပိုင်း အမေရိကန်မှာ တွေ့ဆုံစည်းဝေးဖို့ရှိတယ်လို့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကတည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

    ဘလင်ကင်

    ဓာတ်ပုံ ရင်းမြစ်, Reuters

  4. ဒေါ်အောင်ဆန်းစုကြည် အဂတိမှုရုံးချိန်းတက်ရောက်, ထိုက်ချိဒို သေဆုံးတယ်ဆိုတာ မဟုတ်ဘူးလို့ ပြောကြား

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အဂတိအမှုတွေထဲက တစ်မှုကို ဒီနေ့ ဖေဖော်ဝါရီ ၁၁ ရက်မှာ နေပြည်တော်အထူးတရားရုံးမှာ စစ်ဆေးခဲ့ပါတယ်။

    အဲဒီအမှုဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းထံက အမေရိကန်ဒေါ်လာ ခြောက်သိန်းနဲ့ရွှေတွေ ယူတယ်ဆိုပြီး စစ်ကောင်စီက စွဲဆိုထားတဲ့အမှုဖြစ်ပြီး ဒီနေ့မှာ စစ်ကောင်စီဘက်က တင်တဲ့ တရားလိုပြသက်သေငါးဦးကို စစ်ဆေးခဲ့ပြီး အဲဒီငါးဦးလုံးဟာ ရဲအရာရှိတွေဖြစ်တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။

    ဒီအမှုမှာ စစ်ဖို့ ကျန်နေတဲ့ သက်သေတွေ ရှိနေသေးပေမယ့် တရားသူကြီးရဲ့လုပ်ပိုင်ခွင့်အရ စွဲချက်တင်ရန်သင့်မသင့် လျှောက်လဲချက်တောင်းတဲ့အတွက် ဖေဖော်ဝါရီ ၁၈ ရက်မှာတော့ ဒီအမှုအတွက် နှစ်ဖက်လျှောက်လဲချက်ပေးရဖို့ရှိတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။

    Aung San Suu Kyi

    ဓာတ်ပုံ ရင်းမြစ်, Social Media

    ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ဆက်စပ်ပြီး စွဲဆိုထားတဲ့ နောက်ထပ်အဂတိမှု လေးမှုနဲ့ ရဟတ်ယာဉ်ငှားရမ်းမှု ၊ ဝယ်ယူမှုတို့နဲ့ပတ်သက်ပြီး စွဲဆိုထားတဲ့ အဂတိမှု ၅ မှုရုံးချိန်းတွေကိုလည်း အဲဒီ ဖေဖော်ဝါရီ ၁၈ ရက်ကိုပဲပြန်လည်ချိန်းဆိုထားတယ်လို့သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သားအငယ် ဖြစ်သူ ကင်မ်က လက်ဆောင်ပေးထားတဲ့ ခွေးကလေး ထိုက်ချိဒိုသေဆုံးတယ်ဆိုတာ မဟုတ်ကြောင်းနဲ့ ထိုက်ချိဒိုရဲ့ ကျန်းမာရေးတော့ သိပ်မကောင်းကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့အဂတိမှုရုံးချိန်းတွေအပြီးမှာ ပြောကြားခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကသိရပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နောက်ထပ် စွဲဆိုထားတဲ့ အဂတိမှုတစ်မှုကတော့ ခုချိန်ထိ နေပြည်တော်အထူးတရားရုံးကိုရောက်လာခြင်းမရှိသေးသလို တရားသူကြီးကလည်း တစ်စုံတစ်ရာအသိပေးပြောကြားတာမရှိဘူးလို့ သိရပါတယ်။ အဲဒီအမှုကလည်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် စီးပွားရေးသမားတစ်ဦးထံက ဒေါ်လာ ငါးသိန်းခွဲကို ၂၀၁၉ နဲ့၂၀၂၀ ပြည့်နှစ်တို့မှာ လက်ခံရယူခဲ့တယ်ဆိုပြီး စစ်ကောင်စီက ပြီးခဲ့တဲ့သီတင်းပတ်တုန်းက သက်ဆိုင်ရာနယ်မြေရဲစခန်းမှာ အမှုဖွင့်တရားစွဲထားတာဖြစ်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိမှာ အမှုပေါင်း ၅ ခုနဲ့ထောင်ဒဏ် ၆ နှစ်ချမှတ်ခံထားရပြီး အဂတိမှု၁၁ မှု၊ နိုင်ငံတော်လျှို့ဝှက်အက် ၁ မှု တို့ကို ရင်ဆိုင်နေရပါတယ်။

  5. ခေတ်အဆက်ဆက်အုပ်ချုပ်သူတွေမှာ နိုင်ငံရေးစိတ်ဆန္ဒနဲ့ နိုင်ငံရေးသမာသမတ်ရှိမှုတွေကို မတွေ့ခဲ့ရဘူးလို့ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးပြော

    နိုင်ငံတွင်းမှာ ခေတ်အဆက်ဆက်အုပ်ချုပ်ခဲ့သူတွေဆီမှာ နိုင်ငံရေးစိတ်ဆန္ဒနဲ့နိုင်ငံရေးသမာသမတ်မှုမှုတွေကို မတွေ့ခဲ့ရဘူးလို့ ကရင်အမျိုးသား အစည်းအရုံး ဥက္ကဌမူတူးစေးဖိုးက ဒီကနေ့ဖေဖော်ဝါရီ ၁၁ရက်ကရင့်အမျိုးသားနေ့သဝဏ်လွှာမှာထုတ်ပြန်ပြောဆိုလာပါတယ်။

    ကရင်အမျိုးသားတွေအနေနဲ့အကြမ်းဖက်မှုတွေနဲ့ရက်စက်သတ်ဖြတ်မှုတွေကြောင့် မလွဲမရှောင်သာ ခုခံတော်လှန်ရေး လုပ်လာတာ နှစ်ပေါင်း ၇၀ ကျော်ရှိပြီဖြစ်ကြောင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    နိုင်ငံတနိုင်ငံတည်းမှာနေထိုင်တဲ့ လူမျိုးတွေအနေနဲ့အပြန်အလှန်စစ်ပွဲတွေဖြစ်ပွားတာဟာ နိုင်ငံအတွက်အဖြေကောင်းမဟုတ်ဘူးလို့လည်း ဆက်ပြောထားပြီးKNU အနေနဲ့တရားမျှတသောနည်းလမ်းတွေနဲ့ လူမျိုးစုအခွင့်အရေးကို ရယူဖို့ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။

    ဒါကြောင့် လွတ်လပ်မှု၊ တန်းတူညီမှုနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်တွေအတွက် အားထုတ်ဖော်ဆောင်ကြဖို့နဲ့ပြည်သူအားလုံးမျှော်လင့်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ဖို့ကြိုးပမ်းနေတဲ့ အဖွဲ့အစည်းတို်င်းနဲ့လက်တွဲဆောင်ရွက်ဖို့ကို ကရင်အမျိုးသား အစည်းအရုံး ဥက္ကဌမူတူးစေးဖိုးက ဒီကနေ့ဖေဖော်ဝါရီ ၁၁ရက်ကရင့်အမျိုးသားနေ့မှာထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

    ကရင်အမျိုးသား အစည်းအရုံး

    ဓာတ်ပုံ ရင်းမြစ်, KML

  6. လွိုင်ကော်မှာ မီးရှို့သတ်ဖြတ်ခံထားရတဲ့ အရပ်သား အလောင်းတွေ့တယ်လို့ KNDF ထုတ်ပြန်

    စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွြေ ပင်းထန်နေတဲ့ ကယားပြည်နယ်လွိုင်ကော်မြို့နယ်၊ စံပြ သုံးမိုင်က ပါကဲျကျေးရွာထဲမှာ စစ်ကောင်စီတပ်တွေ မီးရှို့သတ်ဖြတ်ထားတဲ့ အရပ်သား နှစ်ဦးရဲ့အလောင်းတွေ့တယ်လို့ KNDF က ဒီကနေ့ေ ဖဖော်ဝါရီ ၁၁ ရက်မှာထုတ်ပြန်လာပါတယ်။

    မနေ့ဖေဖော်ဝါရီ ၁၀ ရက်နေ့အထိ အဲဒီကျေးရွာအနီးမှာ တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီဘက်က ဒေသခံတွေရဲ့နေအိမ် တချို့ကိုမီးရှို့ဖျက်ဆီးတာတွေလည်းလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

    အခုတွေ့ရတဲ့ ဒေသခံနှစ်ဦးရဲ့အလောင်းတွေကိုတော့ စစ်ဝတ်စုံဝတ်ဆင်ခိုင်းပြီး မီးရှို့သတ်ဖြတ်ခဲ့တာလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ထုတ်ပြန်ချက်မှာ စွပ်စွဲထားပါတယ်။

    KNDF ရဲ့အခုထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။ ကယားပြည်နယ်ထဲမှာတော့ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်နေတဲ့အနီးမှာရှိတဲ့ကျေးရွာနေအိမ်တွေမီးရှို့ခံရတာတွေ၊ဒေသခံတွေအသတ်ခံရတာတွေဖြစ်နေတယ်လို့ KNDF က ထုတ်ပြန်ပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာလထဲမှာလည်း လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်ကောင်စီကလက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဒေသခံတွေသေဆုံးမှုရှိခဲ့ပြီး မြို့ခံတွေဘေးလွတ်ရာကိုပြောင်းရွေ့ခဲ့ရပါတယ်။

    စစ်ကောင်စီဘက်ကတော့ ကယားပြည်နယ်ထဲက တိုက်ပွဲတွေနဲ့ အရပ်သားသေဆုံးမှုတွေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိပါဘူး။

    စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက်ပိုင်း မေလကတည်းက နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတဲ့ ကယားပြည်နယ်ထဲမှာတော့ အရပ်သားပြည်သူ ၂၀၀ ကျော်သေဆုံးခဲ့တယ်လို့ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေက ဒီလဆန်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

    လွိုင်ကော်

    ဓာတ်ပုံ ရင်းမြစ်, ကန္တာရဝတီတိုင်းမ်

  7. ဘားအံ တက္ကသိုလ် ကျောင်းသား ၉ ဦးနဲ့ ယာဉ်မောင်းတစ်ဦးကို နှစ်ရှည်ထောင်ဒဏ်တွေချမှတ်, လိုင်စင်မဲ့ယာဉ်အသုံးပြုတယ်ဆိုပြီး လေးဦးကို ထောင်ဒဏ် ၁ နှစ်စီ ထပ်တိုးချမှတ်

    မွန်ပြည်နယ်၊ ဘီးလင်း မြို့ ဝင် စစ်ဆေး ရေး ဂိတ်မှာ ပြီးခဲ့တဲ့နှစ် မတ်လ ၂၈ ရက်နေ့ကဘားအံတက္ကသိုလ် ကျောင်းသား ၉ ဦးလိုက်ပါလာတဲ့ ယာဥ်ကို ဖမ်းဆီးခဲ့ပြီး ယာဉ်မောင်းအပါအဝင် ကျောင်းသားစုစုပေါင်း ၁၀ ဦး ကို ပုဒ်မ ၅၀၅ (က)၊ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၄ (ဂ) တို့နဲ့ ထောင် ၁၂ နှစ် စီချမှတ်လိုက်တယ်လို့ မိသားစုဝင်တချို့က ပြောပါတယ်။မြို့အဝင်စစ်ဆေးဂိတ်မှာ ဖမ်းမိစဉ် ယာဉ်ပေါ်နဲ့ ကျောင်းသားတွေထံမှာ တရားဥပဒေ ဖောက်ဖျက် ကျူးလွန်တဲ့ အထောက်အထား တစ်စုံ တရာ ရှာဖွေဖမ်းဆီးတာမျိုးမရှိခဲ့ဘူးလို့လည်း မိသားစုဝင်တွေထံက သိရပါတယ်။

    ဒါပေမဲ့ အားလုံးကို ဆက်လက် ဖမ်းဆီးထားခဲ့ပြီး၁၁ လ အကြာ ဖေဖော်ဝါရီ ၁၀ ရက်မှာ ဘားအံခရိုင် တရားရုံးကနေ ခုလို ပုဒ်မ ၂ ခုနဲ့ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ်ခဲ့ပါတယ်။

    ဒါ့အပြင် လိုင်စင်မဲ့ကား၁ စီး လိုင်စင်မဲ့ ဆိုင်ကယ်၃ စီး အသုံးပြု မှုကြောင့် သွင်းကုန်ထုတ်ကုန် ဥပဒေနဲ့ ယာဉ်မောင်းနဲ့ ကျောင်းသား ဦး သုံးဦး၊ စုစု ပေါင်း၄ ဦး တို့ကိုနောက်ထပ် ထပ်တိုးပြစ်ဒဏ် ၁ နှစ်စီတိုးပြီး၁၃ နှစ်စီကျခံဖို့အမိန့်ချခဲ့တယ်လို့သိရပါတယ်။

    "ကျွန်တော်ကတော့ ၅၀၅ (က) နဲ့ ထောင်ချတာ လက်ခံနိုင်ပေမယ့် ခလေးတွေကို ပုဒ်မ ၁၂၄ (ဂ)နိုင်ငံတော်ပုန်ကန်မှုနဲ့ထောင်ချတာတော့ လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး။ သူတို့ မှာ လုံလောက်တဲ့ အထောက်အထား သက်သေဘာမှမရှိ ဘဲ တရားစွဲ မတရားပြစ်ဒဏ်ချတယ်လို့ ပဲ ခံစားရတယ်" လို့ ကျောင်းသားမောင်မင်းသူအောင်ရဲ့ဖခင် ဘားအံ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်း တာဝန်ခံ ကိုမြင့်အောင် က ပြောပါတယ်။

    ဘားအံတသိုလ် ကျောင်းသားတွေကို ဖမ်းမိတဲ့နေ့ကKNU တပ်မဟာ ၅ ဘက် မှ ထီးမူးထ့စစ်ကောင်စီစခန်းကို တက်ရောက်သိမ်းပိုက်တဲ့ ဖြစ်စဉ် ဖြစ်ပွားနေချိန်ဖြစ်ပြီးမွန်ပြည်နယ် အတွင်း ပိတ်ဆို့ စစ်ဆေးနေတာလည်းဖြစ်ပါတယ်။

    အဲဒီအချိန်မှာ ကျောင်းသားတွေလိုက်ပါလာတဲ့ယာဉ်ကို စစ်ဆေးတဲ့အခါစစ်ဆေးရာတွင် အဝတ်အထည် ၊ ဖုန်းနဲ့ တစ်ကိုယ်ရေသုံး အလှဆီ Skin Care ပစ္စည်း တချို့ကို သာ စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

    မနေ့က အမိန့်ချဖို့ရုံးထုတ်လာစဉ်နဲ့ အမိန့်ချပြီးတရားရုံးကနေ အကျဉ်းထောင်ကို ပြန်ပို့စဉ်လမ်းတစ်လျှောက်မှာ ကျောင်းသားတွေကသွေးသစ္စာသီချင်းကို သံပြိုင် သီဆိုခဲ့တာကြောင့်ရိုက်နှက်ခံရတာတွေရှိခဲ့တယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

    ခုလို ကျောင်းသားတွေကို သက်သေအထောက်အထား ခိုင်ခိုင်မာမာမရှိဘဲနှစ်ရှည်ထောင်ဒဏ်ချမှတ်တယ်ဆိုတဲ့ပြောကြားချက်နဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကတော့ တုံ့ပြန်ပြောကြားတာမရှိသေးပါဘူး။

    Hpa-an, Kayan State

    ဓာတ်ပုံ ရင်းမြစ်, Social Media

    Hpa-an, Kayan State

    ဓာတ်ပုံ ရင်းမြစ်, Social Media

  8. တန်ဆည်က ရွာလေးရွာကိုစစ်ကောင်စီက ဆက်တိုက်မီးရှို့နေ, ခရုတောကျေးရွာက နေအိမ်တွေလည်း မီးဆက်လောင်နေဆဲ

    စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ထဲမှာ စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ရက်နေ့ကစပြီး ဝင်ရောက်ဖျက်ဆီး ပစ်ခတ်ကာ ဒီကနေ့ဖေဖော်ဝါရီ ၁၁ရက်အထိ ရွာပေါင်း ၄ရွာကို မီးရှို ဖျက်ဆီးနေတယ်လို့ဒေသခံတွေကပြောပါတယ်။

    ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၆ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တွေ ပုတီးကျေးရွာထဲကိုဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေလုပ်ခဲ့ပြီး အနီးအနားက ကျေးရွာတွေဖြစ်တဲ့ ထန်းပင်ကြီးကုန်းကျေးရွာ၊ ပေချောင်ရွာနဲ့ ခရုတောရွာတွေကို ရက်ပိုင်းခြားဝင်ရောက်မီးရှို့နေတာ ဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။

    မနေ့ဖေဖော်ဝါရီ၁၀ ရက်မှာတော့စစ်ကောင်စီတပ်တွေ ခရုတောကျေးရွာအတွင်းဝင်ရောက်လာလို့ဒေသခံတွေ ရွာလုံးကျွတ်ဘေးလွတ်ရာပြေးချိန်မှာ နေအိမ်တွေမီးရှို့ဖျက်ဆီး ခံရတာဖြစ်ပြီး ဒီကနေ့ဖေဖော်ဝါရီ ၁၁ ရက်မနက်ပိုင်းအထိ မီးလောင်နေဆဲဖြစ်တယ်လို့ရွာသားတွေကပြောပါတယ်။

    "ဘာတိုက်ပွဲမှမရှိဘဲ ဝင်လာတာပါ။ ပျူစောထီးတွေလည်းပါတော့ ပုဂ္ဂိုလ်ရေးမကျေနပ်ချက်တွေနဲ့စစ်အာဏာရှင်တော်လှန်ရေး အားကောင်းတယ်လို့သူတို့ထင်တဲ့ရွာတွေကို ဝင်ပြီး မီးရှို့တာ။ ပုတီးရွာဆို ဒါနဲ့ဆို ၆ ကြိမ်လောက်ရှိနေပြီ။ အခုလည်း ခရုတော ရွာထဲက ညကတပ်စွဲပြီးမီးရှို့နေတာပါ။ သူတို့ကအိမ်တလုံးတန်ဖိုးကိုနားမလည်ဘူး။ အိမ်နဲ့လည်းမနေဘူးတော့လုပ်နေတာ" လို့ဒေသခံတစ်ဦးက ဆိုပါတယ်။

    အာဏာသိမ်းပြီးကတည်းက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားတွေနဲ့စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားထိတွေ့တိုက်ပွဲတွေပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းထဲမှာတော့ စစ်ကောင်စီဘက်က ကျေးရွာနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်ဖြစ်နေပါတယ်။

    စစ်ကောင်စီတပ်တွေဝင်ရောက်လာချိန်မှာ နေအိမ်တွေကနေ ထွက်ပြေးတိမ်းရှောင်ရတာကြောင့် တောင်ယာလုပ်ငန်းတွေ လည်းဆက်လက်လုပ်ကိုင်နိုင်တာမရှိဘဲ စားဝတ်နေရေးခက်ခဲတာတွေလည်းဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

    ဒါ့အပြင် စစ်ကောင်စီတပ်တွေဝင်ရောက်လာလို့ဘေးလွတ်ရာ ပြေးတဲ့ရွာသားတွေကိုလည်း နီးစပ်ရာ ရွာတွေက လက်မခံဖို့ဆိုပြီး ပျူစောထီးအင်အားကောင်းတဲ့ရွာတွေမှာ လှည့်လှည်ကြေညာတာတွေလည်းရှိတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

    စစ်ကောင်စီဘက်ကတော့ ပျူစောထီးအင်အားတွေသုံးပြီး ကျေးရွာတွေထဲဝင်ရောက်တာ ရွာသားတွေရဲ့ နေအိမ်တွေ မီးရှို့ခံနေရတယ်ဆိုတဲ့ပြောဆိုချက်တွေအပေါ် တစုံတရာ တုံ့ပြန်ပြောဆိုတာမရှိပါဘူး။

    တန့်ဆည်ခရိုင်ထဲကကျေးရွာအများစုမှာတော့ ဒေသခံတွေဟာ ဘေးလွတ်ရာတိမ်းရှောင်ရင်း စားဝတ်နေရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအခက်အခဲတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    တန်ဆည်

    ဓာတ်ပုံ ရင်းမြစ်, social media

  9. မန္တလေးမှာ ရိုက်က်နှက်ဖမ်းဆီးခံလိုက်ရတဲ့ သပိတ်တက်ကြွလှုပ်ရှားသူတွေအတွက် အသက်အန္တရာယ်စိုးရိမ်ကြောင်းထုတ်ပြန်, သပိတ်စစ်ကြောင်းတွေကတော့ ဆက်ရှိနေမယ်လို့ဆို

    မန္တလေးမြို့ကရပ်ကွက်တွေကို ပိတ်ဆို့စစ်ဆေးပြီးတဲ့နောက် စစ်ကောင်စီကဖမ်းဆီးသွားတဲ့ သပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ပတ်သက်လို့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို စိုးရိမ်ကြောင်း သပိတ်ကော်မတီက ထုတ်ပြန်ပါတယ်။

    စစ်ကောင်စီက မန္တလေးမြို့ပေါ်ရပ်ကွက်တွေမှာ ဆက်တိုက်ပိတ်ဆို့စစ်ဆေးတွေစလုပ်တဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့မှာ သပိတ်မှာပါဝင်သူနှစ်ဦးနဲ့ အလွတ်တန်းဓာတ်ပုံရိုက်သူနှစ်ဦးကို ရိုက်က်နှက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သပိတ်ကော်မတီမှာပါဝင်သူတွေကပြောပါတယ်။

    "အဲ့ဒီနေ့က မနက် ၆ နာရီကျော်လောက် မှာ အိမ်ကိုဝင်ဖမ်းတာ။ ထမင်း ဝယ်နေတဲ့ သူတွေနဲ့တိုက်အနောက်က ထွက်ပြေးတဲ့သူတွေကလွတ်သွားတယ်။ စုစုပေါင်း အဖမ်းခံရတာ ၄ ဦးပါ။ သူတို့ကတော့ မြေပြင်မှာလှုပ်ရှားသူတွေကိုကြောက်တယ်။ ကျွန်တော်တို့ တနေ့ကိုသပိတ်စစ်ကြောင်းတခါထွက်ရာကနေ နှစ်ခါထပ်ထွက်ရင် လမ်းတွေပိတ်စစ်ပြီ၊ ဧည့်စာရင်းတွေစစ်ပြီ။ အခုချိန်ထိဖမ်းသွားပြီးရင် အခြေအနေဘာဖြစ်နေမှန်းမသိရတဲ့သူတွေရှိတယ်။ ဖမ်းသွားတဲ့နေရာမှာတင် ရိုက်နှက်သွားတယ်။ ကျွန်တော်တို့ပုန်းနေရင်းနဲ့ရိုက်နှက်အော်ဟစ်ဆဲဆိုနေတာတွေအကုန်ကြားရတယ်။ ဒါကြောင့် သူတို့အတွက်စိုးရိမ်ပါတယ်"လို့ သပိတ်မှာပါဝင်သူတွေကိုဖမ်းဆီးတဲ့နေ့ကလွတ်မြောက်လာတဲ့လူငယ်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒါ့အပြင်ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်အမျိုးသား ၄ ဦးဟာ ကျန်းမာရေး ကောင်းမွန်သူတွေဖြစ်ပြီး ဖမ်းဆီးခံရပြီးနောက်ပိုင်းြ ဖစ်ပေါ်လာမယ့် ကိစ္စတွေကိုတော့ စစ်ကောင်စီအနေနဲ့တာဝန်ယူရမှာဖြစ်ပြီး မိသားစုနဲ့အဆက်အသွယ်လုပ်ခွင့်ပေး ဖို့ကိုလည်း ထုတ်ပြန်တောင်းဆိုထားပါတယ်။

    သပိတ်မှာပါဝင်သူတွေကိုဖမ်းဆီးတဲ့ ဖေဖော်ဝါရီ ၉ရက်နေ့ညမှာပဲ စစ်ကောင်စီက မန္တလေးမြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေကို ရှာဖွေစစ်ဆေးခဲ့ပြီး သပိတ်မှာပါတဲ့ သံဃာတော်တစ်ပါးကိုလည်း ဖမ်းဆီးသွားတယ်လို သပိတ်ကော်မတီမှာပါဝင်သူတွေကပြောပါတယ်။

    စစ်ကောင်စီဘက်ကတော့ ဒီကနေ့ဖေဖော်ဝါရီ ၁၁ ရက်နေ့မနက်အထိ မန္တလေးမြို့ပေါ်မှာ လမ်းတွေပိတ်ဆို့စစ်ဆေးတာ၊ ရပ်ကွက်တွေကိုပိတ်ပြီးပြည်သူတွေကို အပြင်မထွက်ခိုင်းဘဲ တအိမ်တက်ဆင်းစစ်ဆေးတာတွေလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

    အာဏာသိမ်းပြီးကတည်းက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းတွေအားကောင်းနေတဲ့မန္တလေးမြို့မှာတော့ သပိတ်စစ်ကြောင်းတွေကိုစစ်ကောင်စီဘက်ကပုံစံမျိုးစုံနဲ့ဖမ်းဆီးနေပေမယ့် သပိတ်စစ်ကြောင်းတွေကတော့ဆက်ရှိနေမယ်လို့ သပိတ်ကော်မတီဝင်တွေကပြောပါတယ်။

    မန္တလေး

    ဓာတ်ပုံ ရင်းမြစ်, social media

  10. မင်းကင်းက ရွာမီးရှို့မှုတွေနဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့လူငယ်တွေ

  11. မန္တလေး မဟာလူမှုကယ်ဆယ်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ နဲ့ အဖွဲ့ဝင် ၈ ဦးအဖမ်းခံရပြီး အသင်းရုံးချိပ်ပိတ်ခံရ

    မန္တလေးမြို့ အခြေစိုက် မဟာလူမှုကယ်ဆယ်ရေးအဖွဲ့ရုံးကို စစ်ကောင်စီကဖေဖော်ဝါရီ ၁၀ရက်နေ့က ချိပ်ပိတ်လိုက်ပြီး ဒုဥက္ကဋ္ဌနဲ့ အဖွဲ့ဝင် ၈ဦးကို ဖမ်းဆီးထားတယ်လို့ မဟာလူမှုကယ်ဆယ်ရေးအဖွဲ့ ထံက သိရပါတယ်။

    မဟာလူမှုကယ်ဆယ်ရေးအဖွဲ့ အသင်းဒုဥက္ကဋ္ဌ နဲ့ တွဲဖက် အတွင်းရေးမှူး ၂ ဦး အပါအဝင် အဖွဲ့ဝင် ၈ဦးတို့ကို ဖေဖော်ဝါရီလ ၈ ရက်နဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ ကတည်းက ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး မဟာအောင်မြေမြို့နယ် ၄၁ လမ်း/၉၂ လမ်းဒေါင့်က အသင်းပိုင်ရုံးကိုတော့ ဒီကနေ့မှာ ချိတ်ပိတ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

    အသင်းရဲ့ ဥက္ကဋ္ဌ နဲ့ ကျန်အဖွဲ့ဝင်တွေကိုလည်း စစ်ကောင်စီဘက်က စစ်ဆေးနေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

    မန္တလေးမြို့က ရပ်ကွက်တချို့ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၉ ရက်နေ့ကစပြီး လမ်းမတွေကို ပိတ်ဆို့ပြီး ရပ်ကွက်နေအိမ်တွေထဲ တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးတာတွေ ဆက်တိုက်လုပ်နေ​​​သလိုသပိတ်စစ်ကြောင်းမှာ ပါဝင်သူတွေလည်း ဖမ်းဆီးခံရတာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မဟာလူမှုကယ်ဆယ်ရေးအဖွဲ့ဟာ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးကိစ္စရပ်များနဲ့ ဆက်စပ်တယ်ဆိုကာ ဖမ်းဆီးခံရတာဖြစ်ပြီး အသင်းရုံးနဲ့ အသင်းပိုင်ပစ္စည်းများ သိမ်းဆည်းခံရတာကြောင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဝမ်းနည်းစွာဖြင့် ရပ်နားလိုက်ရပြီဖြစ်တယ်လို့ မဟာလူမှုကယ်ဆယ်ရေးအဖွဲ့က အသိပေးထားပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  12. ပွင့်ဖြူက ယတြာဘုရားလို့ နာမည်ကြီးတဲ့စေတီမှာ စစ်ကောင်စီဥက္ကဋ္ဌ ဘုရားထီးတင်

    no tag

    ဓာတ်ပုံ ရင်းမြစ်, Screenshot

    မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် လယ်ကိုင်ကျေးရွာက သက်သာပန်းတောင်းဘုရားကို စကြာပန်းတောင်းလို့အမည်ပြောင်း ထီးတင်ပွဲကို ဒီကနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မနက်က ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

    စကြာပန်းတောင်းဘုရား ထီးတင်ပွဲကို စစ်ကောင်စီ အစိုးရအဖွဲ့ဝင်တွေလည်းတက်ရောက်ခဲ့တာကို တွေ့ရပါတယ်။

    အဲ့ဒီ ဘုရားအနီးတဝိုက်က ရွာတွေကနေထိုင်တဲ့ ဒေသခံတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ကတည်းက လုံခြုံရေးတင်းကျပ်ကာ စစ်သားအများအပြားက စောင့်ကြပ်နေခဲ့တာဖြစ်ပြီး ဒီကနေ့ ညနေပိုင်းမှာ လုံခြုံရေးယူထားသူတွေ ပြန်ရုပ်သွားပြီလို့ဒေသခံတွေက ပြောပါတယ်။

    ဒေသခံလူကြီးများရဲ့ အဆိုအရ စန္နကူးနံသာ ကျောင်းတော်ရာစေတီတော်နဲ့ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာ ဘုရားကြီးအကြား ယတြာဘုရားအဖြစ် တည်ဆောက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

    လက်ရှိ သက်သာပန်းတောင်းဘုရားဟာ ဘေးပတ်ဝန်းကျင်ရှိ ကျေးရွာများဖြစ်တဲ့ ကံသာကြီးကျေးရွာ၊မုန်တောကြီးကျေးရွာ၊ရွာသာကြီးကျေးရွာ၊ လှည်းကြီးကျေးရွာ များအတွင်းတည်ရှိတဲ့အတွက် (ကြီးလေးကြီး)ကျေးရွားများအကြားမှာ တည်ရှိတာကြောင့် ယတြာဘုရားတည်ဆောက်ရခြင်းဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

    ကြီးလေးကြီး ရွာအလယ်မှာ တည်တဲ့ဘုရားကို စစ်ကောင်စီ ဥက္ကဋ္ဌက စကြာပန်းတောင်းအဖြစ် အမည်ပြောင်းပြီးထီးတင်ခဲ့ပြီး ကြီးလေးကြီးအလယ်မှာ ကြက်ပျံမကျစည်ကားကြ ပြည်ကြီးအေးချမ်းသာယာမည်ဆိုတဲ့ တဘောင်ရှိတဲ့ အကြောင်း လယ်ကိုင်းရွာက ဆရာတော်က မိန့်ဆိုခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ပြောဆိုသွားပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  13. လွိုင်ကော်မြို့နဲ့ ဒီးမော့ဆို့မြို့တို့မှာ တိုက်ပွဲဖြစ် လူနေအိမ် အချို့မီးလောင်

    ကယားပြည်နယ်က လွိုင်ကော်မြို့နဲ့ ဒီးမော့ဆို့မြို့တို့မှာ ဒီကနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မနက်အစောပိုင်းက စပြီး နေ့လယ်ပိုင်းအထိ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတိုက်တွေကြား အချိန်အတော်ကြာတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    တိုက်ပွဲတွေဖြစ်နေသလို၊စစ်ဘေးရှောင်စခန်းတွေ၊ လူနေရပ်ကွက်တွေထဲကို စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေလည်း ဆက်ရှိနေလို့ ၊အိမ်တွေနဲ့၊ ဘာသာရေးအဆောက်အဦးတွေလည်း ပစ်ခတ်မှုအတွင်းပျက်စီးသလို၊ လူအချို့ ထိခိုက်မှုလည်းရှိနေတယ်လို့လည်း သိရပါတယ်။

    ဒီးမေ့ာဆိုမှာ ရဲစခန်းကို မနက် ၃ နာရီလောက်က အတိုက်ခံရပြီး လွိုင်ကော်မှာ မနက်အစောပိုင်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလည်း ကယားဒေသခံတစ်ဦးက ပြောပါတယ်။

    ဒီးမော့ဆိုမှာတော့ လူနေအိမ်နဲ့ စစ်ဘေးရှောင်စခန်းနဲ့ ဘာသာရေး အဆောက်အဦးတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရပြီး ပျက်စီးမှုတွေရှိခဲ့တယ်လို့ဆိုပါတယ်။

    လွိုင်ကော်မြို့နယ်အတွင်းမှာတော့ ဒီကနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားပြီး နေအိမ် သုံးလုံးမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ လွိုင်ကော်ဒေသခံတွေထံက သိရပါတယ်။

    စစ်ကောင်စီဘက်ကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

    ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မနက်ပိုင်းက မီးလောင်နေသော နေအိမ်တစ်လုံး

    ဓာတ်ပုံ ရင်းမြစ်, News Light in Karenni_2

    ဓာတ်ပုံ ပုံစာ, ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မနက်ပိုင်းက မီးလောင်နေသော နေအိမ်တစ်လုံး
  14. ပန်းပင်ကြီးလမ်းဖြစ်စဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ မမြကြူကြူသင်း ဦးခေါင်းဒဏ်ရာ မသက်သာတာကြောင့် ထောင်တွင်းဆေးရုံတက် ကုသနေရ

  15. အာဆီယံနိုင်ငံရေးခြားဝန်ကြီးများ အစည်းအဝေးပွဲကို ကိုယ်စားလှယ်မလွှတ်ဘူးလို့ စစ်ကောင်စီပြော

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကုန်ပိုင်းတုန်းက အာဆီယံခေါင်းဆောင်တွေ ဗီဒီယိုကနေတဆင့်တွေ့ဆုံဆွေးနွေးကြတဲ့ ထိပ်သီးဆွေးနွေပွဲမှာတော့ မြန်မာနေရာမှာ ကိုယ်စားပြုပါဝင်သူမဲ့နေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကုန်ပိုင်းတုန်းက အာဆီယံခေါင်းဆောင်တွေ ဗီဒီယိုကနေတဆင့်တွေ့ဆုံဆွေးနွေးကြတဲ့ ထိပ်သီးဆွေးနွေပွဲမှာတော့ မြန်မာနေရာမှာ ကိုယ်စားပြုပါဝင်သူမဲ့နေ

    လာမယ့်သီတင်းပတ်မှာပြုလုပ်မယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးပွဲကို ကိုယ်စားလှယ်လွှတ်ဖို့ မရှိဘူးဆိုပြီး စစ်ကောင်စီဘက်က ပြောလာပါတယ်။

    ကိုယ်စားလှယ်လွှတ်ဖို့မရှိဘူးဆိုတဲ့အကြောင်းကို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက မနေ့ ဖေဖော်ဝါရီလ ၉ ရက်မှာ ထုတ်ပြောလာတာဆိုပြီး တရုတ်နိုင်ငံပိုင်သတင်းက ဖော်ပြလာတာပါ။

    တစ်ချိန်တည်းမှာပဲ အာဆီယံဘက်ကလည်း မြန်မာ့အရေးဘုံသဘောတူညီချက် ၅ ရပ်အကောင်အထည်ဖော်မှုအပိုင်းမှာ တိုးတက်မှုမရှိသေးတာကြောင့်ဆိုပြီး စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အစား နိုင်ငံရေးနဲ့မပတ်သက်သူ ကိုယ်စားလှယ်ကိုပဲ အစည်းအဝေးပွဲကို တက်ဖို့ ဖိတ်ကြား တားပါတယ်။

    အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယားကတော့ အစည်းအဝေးပွဲအတွက် စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးအစား သူ့နေရာမှာ လွတ်နေသူ မရှိနေအောင် နိုင်ငံရေးနဲ့မဆက်နွယ်တဲ့ကိုယ်စားလှယ်တစ်ဦး တက်ရောက်ဖို့ မြန်မာကို တိုက်တွန်းလိုတယ်လို့ ပြောထားသလို ဘယ်သူ့ကို တက်ရောက်စေမယ်ဆိုတာကတော့ စစ်ကောင်စီဘက်က ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်တယ်လို့ အစောပိုင်းကတည်းက ပြောထားပါတယ်။

    အာဆီယံဟာ မြန်မာ့အရေးဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှုအပိုင်းမှာ တိုးတက်မှုမရှိဘူးဆိုတဲ့အချက်နဲ့ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်လည်းဖြစ်၊ လက်ရှိစစ်ကောင်စီဥက္ကဋ္ဌလည်းဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေးပွဲတွေကို မဖိတ်ကြားခဲ့ဘဲ ကိုယ်စားလှယ်တစ်ဦးကိုပဲ တက်ရောက်စေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

    စစ်ကောင်စီဘက်ကတော့ ဒီဆုံးဖြတ်ချက်ဟာ အာဆီယံပဋိညာဉ်နဲ့ မကိုက်ညီဘူးဆိုတဲ့အချက်ကို ထောက်ပြပြီး အာဆီယံ အစည်းအဝေးပွဲတွေကို မတက်ရောက်တာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက ဖြစ်ပါတယ်။

  16. ကြံခင်းမှာ စစ်ကောင်စီက နေအိမ်တချို့ကို ချိပ်ပိတ်, အလားတူ ချိပ်ပိတ်မှုတွေဖြစ်လာမှာကို စိုးရိမ်မှုတွေရှိနေ

    ကြံခင်းမှာ စစ်ကောင်စီက နေအိမ်တချို့ကို ချိပ်ပိတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဧရာဝတီတိုင်း ကြံခင်းမြို့မှာ ဗိုလ်ချုပ်လမ်းမကြီးပေါ်နဲ့ ဘုရင့်လမ်းအနီးက လူနေအိမ်၂ လုံးပါတဲ့ အဆောက်အအုံတချို့ ကို စစ်ကောင်စီဘက်က မနေ့ ဖေဖော်ဝါရီလ ၉ ရက် ညနေပိုင်းမှာ လာရောက် ချိပ်ပိတ်သွားတယ်ဆိုပြီး ကြံခင်းမြို့ခံ တွေက ဘီဘီစီကို ပြောလာပါတယ်။

    '' မနေ့ ညနေ လေးနာရီလောက်မှာ ရဲနဲ့စစ်သားနည်းနည်းက လာချိပ်ပိတ်သွားတာ။ အကြမ်းဖက်မှုထောက်ပံ့တယ်ဆိုတဲ့ပုဒ်မနဲ့ ချိပ်ပိတ်တယ်လို့သိရတယ်။ အလိုရှိတဲ့တက်ကြွလှုပ်ရှားသူကိုမတွေ့တော့ အဲဒီလိုချိပ်ပိတ်သွားတာ’’ လို့ ကြံခင်းမြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ကြံခင်းမှာ စစ်ကောင်စီဘက်က အလိုရှိသူနေအိမ်ကို လာရောက်ရှာဖွေတာ၊ ရှာတဲ့သူကိုမတွေ့တဲ့အခါ အိမ်သားတွေကို စစ်ဆေးမေးမြန်းတာ၊ နောက် မကြာခင်ရက်ပိုင်းအတွင်း အဲဒီအိမ်ကို ချိပ်ပိတ်တာမျိုးတွေ ပြုလုပ်နေတာကြောင့် အခုဆို ကြံခင်းမြို့ပေါ်နဲ့ အနီးနားမှာ ချိပ်ပိတ်ခံရတဲ့ နေအိမ် ၈ လုံးနီးပါးအထိရှိနေတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။

    တဖက်မှာလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ လူငယ် ၄ ဦးထက်မနည်းရှိနေတယ်လို့ သိရပါတယ်။ နေအိမ်တွေကို ဝင်ရောက်ရှာဖွေခံရဖူးတဲ့ ဒေသခံတချို့ကတော့ စစ်ကောင်စီက လာရှာတဲ့မိသားစုဝင်တွေဟာ နေအိမ်က မိသားစုဝင်တွေနဲ့အဆက်အသွယ်ပြတ်တောက်တာ လနဲ့ချီကြာမြင့်နေပြီဖြစ်ပေမဲ့ စစ်ကောင်စီဘက်က ကျန်ရှိတဲ့အတူနေထိုင်ခဲ့ဖူးသူ မိသားစုဝင်တွေနေထိုင်တဲ့နေအိမ်တွေကို ချိပ်ပိတ်မှာကို စိုးရိမ်နေကြပါတယ်။

  17. မန္တလေးမြို့မှာ စစ်ကောင်စီက ရပ်ကွက်တချို့ကိုပိတ်ဆို့စစ်ဆေးတာတွေဆက်တိုက်လုပ်လာ, သပိတ်ခေါင်းဆောင်တချို့လည်းဖမ်းဆီးခံရ

    မန္တလေးမြို့က ရပ်ကွက်တချို့ကိုစစ်ကောင်စီက မနေ့ဖေဖော်ဝါရီ ၁၀ရက်နေ့ကစပြီး လမ်းမတွေကို ပိတ်ဆို့ပြီး ရပ်ကွက်နေအိမ်တွေထဲ တအိမ်တက်ဆင်းလိုက်လံစစ်ဆေးတာတွေ ဆက်တိုက်လုပ်နေ​​​သလိုသပိတ်စစ်ကြောင်းမှာ ပါဝင်သူတွေလည်း ဖမ်းဆီးခံရတာတွေရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။

    မနေ့ဖေဖော်ဝါရီ ၉ ရက်နေ့မှာလည်း မန္တလေးမြို့ပေါ်က စိန်ပန်း သံနောက် ၁၈ ရပ်ကွက်အတွင်းကို စစ်ကောင်စီတပ်ဖွဲ့တွေအင်အားအလုံးအရင်းနဲ့ ဝင်စစ်ခဲ့ပြီး ပိတ်ဆို့ထားတာကြောင့် ဒေသခံတွေ ရပ်ကွက်တွေအတွင်းကထွက် မရတဲ့အခြေအနေတွေဖြစ်ခဲ့တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

    ဒီကနေ့ဖေဖော်ဝါရီ ၁၀ ရက်နေ့မနက်ပိုင်းမှာလည်း မန္တလေးမြို့ မြောက်ပြင်မှာရှိတဲ့ ၈၆ လမ်းဝန်းကျင်မှာလည်း စစ်ကောင်စီဘက်က အင်အားသုံးပိတ်ဆို့စစ်ဆေးနေတာတယ်လို့ဒေသခံတွေကပြောပါတယ်။

    “ မနေ့ကတော့စိန်ပန်းဝင်စစ်တာ၊ ဒီနေ့တော့မြောက်ပြင်ကို မနက် ၈ နာရီလောက်ကဝင်လာတာ။ ရပ်ကွက်နဲ့လမ်းကြားတွေကိုအကုန် ပိတ်ထားတယ်။ မနက်ကအပြင်ထွက်လာတာ အခုပြန်ဝင်မရတော့ဘူး။ အထဲကလူတွေလည်းထွက်မရတော့ဘူး။ တအိမ်တက်တအိမ်ဆင်း စစ်နေတာ” လို့ ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးကဘီဘီစီကိုပြောပါတယ်။

    Mandalay

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မန္တလေးမှာ စစ်ကောင်စီတပ်တွေလမ်းသွားလာတွေကိုစစ်ဆေးနေတဲ့ပုံဟောင်း

    ဒီလိုစစ်ဆေးတဲ့နေရာမှာ နေအိမ်တွေအတွင်းဝင်ရောက်ပြီး သန်းခေါင်စာရင်း တွေစစ်တာ၊ စစ်ဆေးပြီးသားအိမ်တွေကို အမှတ်အသားတွေလုပ်သွားတာတွေ လည်းရှိနေတယ်လို့ဆိုပါတယ်။ အခုလိုစစ်ဆေးမှုတွေဟာ မန္တလေးမှာရှိတဲ့ စစ်အာဏာသိမ်းဆန့်ရှင်ရေး သပိတ်အင်အားစုတွေကို ရှာဖွေဖမ်းဆီးတာဖြစ်တယ်လို့လည်းပြောဆိုချက်တွေရှိနေပြီး သပိတ်မှာပါဝင်သူတွေလည်း ဖမ်းဆီးခံရတာတွေရှိနေတယ်လို့လည်း သပိတ်အင်အားစုတွေကပြောပါတယ်။

    “ သပိတ်မှာပါတဲ့ လူငယ် ၄ ဦးနဲ့ ဓါတ်ပုံရိုက်သူတစ်ယောက်ကိုမနေ့ညက ဖမ်းသွားတယ်။ သပိတ်စစ်ကြောင်းမှာ ပါတဲ့ ဆရာတော်တစ်ပါးကိုလည်း သင်္ဂဇာကျောင်းတိုက်ထဲမှာဝင်ဖမ်းသွားတယ်။ မစိုးရိမ်ကျောင်းကိုလည်း ဝင်ရှာတယ်’’ လို့သပိတ်စစ်ကြောင်းမှာပါဝင်တဲ့ သံဃာတော်တစ်ပါးက ဘီဘီစီကိုမိန့်ပါတယ်။

    မန္တလေးမြို့မှာဆိုရင်တော့ စစ်အာဏာသိမ်းထားပြီးနောက်ပိုင်းကတည်း သပိတ်စစ်ကြောင်းတွေအားကောင်းခဲ့ပြီးနေ့စဉ်မပျက်လမ်းပေါ်ထွက်ဆန္ဒထုတ် ဖော်တာတွေလုပ်ခဲ့သလို စစ်ကောင်စီဘက်ကလည်း သပိတ်ခေါင်းဆောင်တွေကို ပုံစံမျိုးစုံနဲ့ဖမ်းဆီးတာတွေဆက်လုပ်နေပါတယ်။

  18. မြန်မာပြည်ခရီးစဉ်အတွက် စီစဉ်နေတဲ့အကြောင်း အာဆီယံအထူးသံ ထုတ်ပြောလာ

    မြန်မာပြည်ခရီးစဉ်အတွက် စီစဉ်နေတဲ့အကြောင်း အာဆီယံအထူးသံ ထုတ်ပြောလာ

    ဓာတ်ပုံ ရင်းမြစ်, ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန

    အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားရဲ့ မြန်မာ့အရေးဆိုင်ရာ အထူးသံတမန်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ပရက် ဆော့ခွန်းက မြန်မာပြည်ခရီးစဉ်အတွက် စီစဉ်နေတဲ့အကြောင်း ထုတ်ပြောလာပါတယ်။

    ပြီးခဲ့တဲ့နှစ်တုန်းက အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်ခဲ့တဲ့ ဘရူနိုင်ငံရဲ့ မြန်မာ့အရေး အာဆီယံ အထူးသံတမန်တာဝန်ထမ်းဆောင်ခဲ့သူ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး အယ်ရာဝမ်ယူဆွဖ်နဲ့ ဗီဒီယိုကနေ တဆင့်တွေ့ဆုံချိန်မှာ ခရီးစဉ်အကြောင်းကို ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းက ဖေဖော်ဝါရီလ ၉ ရက်မှာ ထုတ်ပြောလာတာပါ။

    ဝန်ကြီး ပရက်ဆော့ခွန်းက အထူးသံအနေနဲ့ မြန်မာပြည်ကို ပထမဆုံးသွားရောက်မယ့် သူ့အစီအစဉ်ရယ်၊ နောက် မြန်မာပြည်သူတွေ အမြန်လိုအပ်နေတဲ့ လူသားချင်းစာနာမှုအကူအညီကို အချိန်နဲ့တပြေးညီပေးနိုင်မယ့် နည်းလမ်းတွေကိုရှာဖွေဖို့ သက်ဆိုင်ရာ ပါဝင်ပတ်သက်တဲ့အဖွဲ့အစည်းတွေအားလုံးနဲ့ ထိတွေ့ပြောဆိုမယ့် သူ့အစီအစဉ်ရယ်ကို ဝန်ကြီးအယ်ရာဝမ် ယူဆွဖ်ကို အကျဉ်းချုံးပြောပြခဲ့တယ်လို့ တွေ့ဆုံမှုအပြီး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    ဝန်ကြီး ၂ ဦးဟာ အာဆီယံခေါင်းဆောင်တွေ ၂၀၂၁ ခုနှစ်၊ ဧပြီလတုန်းက စအည်းအဝေးမှာ သဘောတူခဲ့တဲ့ဘုံသဘောတူညီချက် ၅ ရပ်ကို အခြေခံပြီး မြန်မာ့အရေး ငြိမ်းချမ်းတဲ့အဖြေရှာဖို့၊ တင်းမာမှုတွေလျှော့ချဖို့ အာဆီယံအားထုတ်မှု ကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့တယ်လို့ လည်းဆိုပါတယ်။

    ဒါ့ပြင် မြန်မာ့အရေးဟာ တဆင့်ချင်း ချဉ်းကပ်ဖြေရှင်းရမယ့်ကိစ္စဖြစ်တယ်ဆိုတာကို ဝန်ကြီးတွေက သဘောတူထားတယ်လို့ ဆိုပါတယ်။

    ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး အယ်ရာဝမ်ယူဆွဖ် တစ်ယောက် ပြီးခဲ့တဲ့နှစ်တုန်းက မြန်မာ့အရေးအာဆီယံ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်တုန်းကတော့ မြန်မာပြည်ခရီးစဉ် အထမမြောက်ခဲ့ပါဘူး။

    အဲဒီတုန်းက အထူးသံက မြန်မာ့အရေး ပါဝင်ပတ်သက်သူတွေအားလုံးနဲ့တွေ့ဆုံရမယ့် သူ့လုပ်ငန်းသဘောအရ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့ အာဏာသိမ်း စစ်ကောင်စီဘက်ကို တောင်းဆိုတာမျိုးရှိခဲ့ပါတယ်။

    ဒါပေမဲ့ စစ်ကောင်စီဘက်က ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုတွေရင်ဆိုင်နေရတာဖြစ်လို့ လုပ်ထုံးလုပ်နည်းအရ တွေ့ဆုံခွင့်ပေးဖို့ မဖြစ်နိုင်ဘူးလို့ ပြောဆိုခဲ့တာကြောင့် အထူးသံရဲ့မြန်မာပြည် ခရီးစဉ်လည်း အထမမြောက်ခဲ့တာဖြစ်ပါတယ်။

  19. မင်းကင်းနယ်ထဲက မုတ်သာနဲ့ မောက်တက်ကျေးရွာတို့မှာ လူနေအိမ် ၃၀၀ နီးပါး မီးရှို့ခံရ

    ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလဆန်းပိုင်းတုန်းကလည်း မုတ်သာကျေးရွာပါဝင်တဲ့ မောက္ကတော်ချောင်းရိုးဒေသထဲက မောက္ကတော်ကျေးရွာကို စစ်ကောင်စီတပ်တွေက ဝင်ရောက်မီးရှို့မှုဖြစ်ခဲ့ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလဆန်းပိုင်းတုန်းကလည်း မုတ်သာကျေးရွာပါဝင်တဲ့ မောက္ကတော်ချောင်းရိုးဒေသထဲက မောက္ကတော်ကျေးရွာကို စစ်ကောင်စီတပ်တွေက ဝင်ရောက်မီးရှို့မှုဖြစ်ခဲ့ပါတယ်။

    စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်ထဲက မုတ်သာနဲ့ မောက်တက်ကျေးရွာမှာ စစ်ကောင်စီတပ်တွေက မနေ့ ဖေဖော်ဝါရီလ ၉ ရက်ညပိုင်းနဲ့ ဒီနေ့ ဖေော်ဝါရီလ ၁၀ ရက်မနက်ပိုင်းမှာ မီးရှို့ခဲ့လို့ လူနေအိမ် ၃၀၀ နီးပါး မီးထဲ ပါသွားခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

    ကလေးအခြေစိုက်ဒေသကွပ်ကဲမှုစစ်ဌာနချုပ် လက်အောက်က ပန်းဆက်၊ တောင်ဖြူ စတဲ့ကျေးရွာတွေမှာ ချထားတဲ့ စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ မနေ့ညပိုင်းက တိုက်ပွဲစဖြစ်ခဲ့ပြီးတဲ့နောက် မုတ်သာရွာထဲက နေအိမ်တွေ မီးရှို့ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။

    ''မနေ့ည ၉ နာရီကျော်ကျော်လောက်မှာ တိုက်ပွဲဖြစ်တယ်။ မုတ်သာကအိမ်ခြေ ၁၈၀ နီးပါးလောက် မီးထဲပါသွားပြီ။ တစ်ရွာလုံး အကုန်လုံးကုန်လုနီးပါးဖြစ်သွားပြီ။ ဘေးကပ်အိမ်လေးတွေပဲ ကျန်တော့တယ်။ ဒေသခံတွေလည်း ပြေးနေရပြီ'' လို့ မုတ်သာဒေသခံတစ်ဦးက ပြောပါတယ်။

    လက်ရှိမှာ မုတ်သာကျေးရွာနဲ့ကပ်လျက်က မောက်တက်ရွာမှာလည်း နေအိမ် အလုံးရေ ၁၀၀ ကျော်မီးရှို့ခံထားရပြီး အဲဒီရွာတွေအနီးမှာ တိုက်ပွဲ ဆက်ဖြစ်နေတုန်းလို့လည်း သိရပါတယ်။

    ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလဆန်းတုန်းကလည်း စစ်ကောင်စီတပ်တွေက ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်ချိန် မောက္ကတော်ကျေးရွာထဲက နေအိမ်တချို့ကို မီးရှို့မှုဖြစ်ခဲ့ပါသေးတယ်။

    မင်းကင်းဒေသထဲက နေအိမ်တွေ မီးရှို့ခံရမှု နောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီး ဘီဘီစီက စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဆီ မှတ်ချက်တစုံတရာရဖို့ ဆက်သွယ်နေပါတယ်။