ကိုဗစ်ကူးစက်မှုကြောင့် အာဆီယံ ဘောလုံး U23 ပြိုင်ပွဲက မြန်မာနုတ်ထွက်

ရန်ကုန်မြို့က ဆေးခန်းတချို့မှာ ဖျားနာလူနာတွေ အများအပြားလာရောက်ပြသနေပြီး အမှန်တကယ် ကူးစက်သူဦးရေဟာ တရားဝင်ကိန်းဂဏန်းတွေထက် အများအပြား ရှိနေနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မြန်မာပြည်သူတွေအတွက် ‌ဒေါ်လာ ၁၈ သန်းခွဲဘိုး ကယ်ဆယ်ရေးအကူအညီ ဂျပန်အစိုးရပေးမယ်

    မြန်မာနိုင်ငံအတွက် ‌ဒေါ်လာ ၁၈ သန်းခွဲဘိုး စားနပ်ရိက္ခာနဲ့ တခြား လူသားချင်း စာနာတဲ့ အထောက်အပံ့တွေ ပို့ပေးမယ်လို့ ဂျပန်အစိုးရက ပြောပါတယ်။

    မနှစ်က စစ်အာဏာသိမ်းခဲ့ပြီးချိန်ကတည်းကစလို့ ခုချိန်ထိ မြန်မာနိုင်ငံရဲ့ စီးပွားရေးက တုံ့ဆိုင်းနေဆဲ ဖြစ်ပြီး မြန်မာပြည်သူတွေအနေနဲ့ သူတို့ရဲ့ စားဝတ်နေရေးအတွက် မနည်း ပိုရုန်းကန်နေကြရတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟာယာရှီ ယိုရှီမာဆာ က သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။

    မြန်မာနိုင်ငံတွင်းမှာ လူသားချင်း စာနာရေး ကယ်ဆယ်ရေးအခြေအနေတွေက တနေ့တခြား ဆိုးရွားလာနေတယ်လို့ မစ္စတာ ဟာယာရှီက ဆိုပါတယ်။ ဂျပန်အစိုးရအနေနဲ့ မြန်မာပြည်သူတွေနဲ့ တသားတည်း အခိုင်အမာ ရပ်တည်သွားမှာ ဖြစ်ပြီး အကူအညီ တကယ်တမ်း လိုအပ်နေသူတွေထံ လူသားချင်းစာနာတဲ့ အထောက်အပံ့တွေ ရောက်ရှိနိုင်ရေးကို အားတက်သရော ဆက်လက် ဆောင်ရွက်သွားမယ်လို့ သူက ပြောပါတယ်။

    ဂျပန်အစိုးရဟာ အရေးပေါ် စားနပ်ရိက္ခာတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေကနေတဆင့် ပို့ပေးဖို့ စီစဥ်ထားပြီး စစ်ဘေးရှောင်တွေနဲ့ ဒုက္ခသည်တွေအကြား ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားနေမှုကို တားဆီးဖို့၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေရဲ့ အသက်တွေကို ကယ်ဆယ်နိုင်ဖို့ စတာတွေမှာ ဒီအထောက်အပံ့တွေကို အသုံးပြုမှာဖြစ်ပါတယ်။

    ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟာယာရှီ ယိုရှီမာဆာ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟာယာရှီ ယိုရှီမာဆာ
  2. မုံရွာတစ်ဖက်ကမ်း ယင်းမာပင်နယ်မှာ တိုက်ပွဲဖြစ် ဒေသခံတစ်သောင်းခန့်ထွက်ပြေး

    စစ်ကိုင်းတိုင်းယင်းမာပင်မြို့နယ် အရှေ့မြောက်ဘက် စံပယ်တောင် ကြေးစင်တောင်အနီးကျေးစာကျ ရွာမှာ စစ်ကောင်စီတပ်တွေနဲ့ PDF ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ကျေးစာကျ ရွာအတွင်း စစ်ကောင်စီတပ်တွေဝင်လာပြီး နေအိမ် အချို့ကို ရှာဖွေမှုတွေရှိသလို ရွာအတွင်း ပစ်ခတ်မှုတွေလည်း ရှိတယ်လို့ အဲဒီ‌ဒေသခံက ပြောပါတယ်။

    အဲ့ဒီနောက် တစ်ဆက်တည်း ယင်းမာပင်မြို့ရဲ့အရှေ့ဘက်မှာ နေ့လယ် ၂ နာရီကနေ ညနေ ၅ နာရီအထိ တိုက်ပွဲတွေဆက်ဖြစ်နေပြီးတော့ ထိခိုက်ကျဆုံးမှု အသေးစိတ်မသိရသေးပဲ စစ်ကောင်စီဘက်ကကားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်မှုတွေရှိနေတယ်လို့လည်း ပြောပါတယ်။

    တိုက်ပွဲကြောင့် အနီးအနား ရွာတွေက ဒေသခံ တစ်သောင်းကျော်လောက်စစ်ဘေးရှောင်နေရတယ်လို့လည်း သိရပါတယ်။

    စစ်ကောင်စီတပ်နဲ့ ဒေသခံပူးပေါင်း PDF တပ်ဖွဲ့ဝင်တွေအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြတဲ့အတွက် မိဘပြည်သူများအနေနဲ့ မုံရွာ-ယင်းမာပင်-ပုလဲသွားကားလမ်းမကို အသုံးပြုပြီး ခရီးမသွားလာကြဖို့ PDF က အရေးပေါ် သတိပေးထားတယ်လို့ သိရပါတယ်။

    စစ်ကောင်စီဘက်ကတော့ ဒီသတင်းနဲ့ပတ်သက်ပြီးသတင်းထုတ်ပြန်တာမရှိသေးပါဘူး။

    ယင်းမာပင်မြို့နယ် တစ်နေရာ

    ဓာတ်ပုံ ရင်းမြစ်, CJ

  3. မောင်တောတိုက်ပွဲ အရပ်သားနှစ်ဦးသေဆုံးပြီးနောက် အဝေးပြေးလမ်းကို ပိတ်ထား

  4. စစ်တပ်ဆက်နွယ်ကုမ္ပဏီတွေက ဒေါ်လာသန်းချီတန် စစ်လက်နက်နဲ့ စက်ပစ္စည်းတွေ ဝယ်ယူခဲ့တယ်လို့ JFM ပြော

    နေပြည်တော် လွှတ်တော်အနီးမှာ ပြီးခဲ့တဲ့နှစ် မတ်လတုန်းက လမ်းပိတ်ထားတဲ့ စစ်ကားတွေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, နေပြည်တော် လွှတ်တော်အနီးမှာ ပြီးခဲ့တဲ့နှစ် မတ်လတုန်းက လမ်းပိတ်ထားတဲ့ စစ်ကားတွေ

    မြန်မာစစ်တပ်တဲ့ ဆက်နွယ်တဲ့ကုမ္ပဏီ ၃ ခုဟာ စစ်တပ်အတွက် အမေရိကန်ဒေါ်လာ သန်းချီတန်တဲ့ စစ်လက်နက်နဲ့စက်ပစ္စည်းတွေ ဝယ်ယူပေးခဲ့တယ်ဆိုတာကို ပေါက်ကြားလာတဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေက ဖော်ပြနေတယ်လို့ Justice for Myanmar အဖွဲ့က ဖေဖော်ဝါရီလ ၇ ရက်မှာ ထုတ်ပြောလာပါတယ်။

    လျှို့ဝှက်ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေနဲ့ ကုန်ပစ္စည်းတင်ပို့မှုမှတ်တမ်းတွေအရ မြန်မာစစ်တပ်အတွက် အမေရိကန်ဒေါ်လာသန်းချီတဲ့စစ်လက်နက်တွေနဲ့ စစ်ဘက်ပစ္စည်း ဝယ်ယူမှုတွေမှာ International Gateways Group of Companies Limited(IGG)၊ Myanmar Consultancy Limited နဲ့ Myanmar New Era Trading ကုမ္ပဏီတို့ရဲ့ပါဝင်မှု အထောက်အထားတွေကို မြန်မာစစ်တပ်ရဲ့လက်နက်ဝယ်ယူမှုကို စောင့်ကြည့်တဲ့ JFM အဖွဲ့က သတင်းဖော်ပြထားပါတယ်။

    IGG ရဲ့ကုမ္ပဏီခွဲ Gateways Hongkong ကုမ္ပဏီဟာ (၂၀၁၅-၁၆)ဘဏ္ဍာနှစ်မှာ မြန်မာ့လေတပ်အတွက် အမေရိကန်ဒေါ်လာ ၈ သန်းတန်ဖိုးရှိတဲ့ လေယာဉ်စက်ပစ္စည်းတွေ ပေးသွင်းဖို့ အနည်းဆုံး စာချုပ် ၁၂ ခု ချုပ်ခွင့်ရခဲ့တယ်ဆိုတာကို အဲဒီစာရွက်စာတမ်းတွေက ဖော်ပြနေတယ်လို့လည်း ဆိုပါတယ်။

    ဒါ့ပြင် အဲဒီကုမ္ပဏီတွေမှာ ပါဝင်သူတွေတဲ့ လက်နက်ပွဲစားတွေဟာ မြန်မာစစ်တပ်နဲ့ နိုင်ငံတကာလက်နက်ရောင်းချသူတွေကြား ငွေပေးချေမှု အဆင်ပြေစေဖို့ စင်ကာပူနိုင်ငံကို အမြဲတမ်းအသုံးပြုခဲ့တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

    ဒါ့ပြင် Myanmar Consultancy ကုမ္ပဏီဟာ စစ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်အတွက် စက်ပစ္စည်းအစိတ်အပိုင်းတွေ တင်သွင်းပေးခဲ့တယ်လို့လည်း ကုန်ပစ္စည်းတင်ပို့မှု အချက်အလက်မှတ်တမ်းတွေအရ သိရတယ်လို့လည်း ဆိုပါတယ်။

    JFM အဖွဲ့ကတော့ မြန်မာပြည်မှာ အာဏာသိမ်းထားတဲ့ စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်တာ၊ အရပ်သားပြည်သူတွေကို အတင်းအဓမ္မ ရွှေ့ပြောင်းစေတာ၊ ကျန်းမာရေးနဲ့ အကူအညီပေးရေးဝန်ထမ်းတွေကို တိုက်ခိုက်နေတာတွေတာတွေအတွက် International Gateways Group နဲ့ Myanmar Consultancy Company တို့လို ပွဲစားကုမ္ပဏီတွေရဲ့ စစ်လက်နက်တွေ ဆက်လက်ပေးသွင်းနေမှုက အားပေးကူညီရာရောက်နေတယ်လို့ ဆိုပါတယ်။

    ဒါကြောင့် ကမ္ဘာတဝှမ်းက အစိုးရတွေအနေနဲ့ စစ်တပ်ကို လက်နက်ကူပေးနေပြီး မြန်မာပြည်သူတွေအပေါ် တိုက်ခိုက်မှုတွေမှာ ပတ်သက်နေတဲ့ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ အရေးတကြီးလုပ်ဆောင်ဖို့ Justice For Myanmar က တောင်းဆိုထားပါတယ်။

  5. ရေဦးမှာ ထွေအုပ်နဲ့ပညာရေးဝန်ထမ်း ၃၀ နီးပါး ထပ်မံ နုတ်ထွက်

    ရေဦးမြို့နယ်ထဲက ပညာရေးဝန်ထမ်းတစ်ဦးရဲ့နုတ်ထွက်စာ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ရေဦးမြို့နယ်ထဲက ပညာရေးဝန်ထမ်းတစ်ဦးရဲ့နုတ်ထွက်စာ

    စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းတွေနဲ့ ပညာရေးဝန်ထမ်းတွေ စုစုပေါင်း ၃၀ ဦးနီးပါး ထပ်မံနုတ်ထွက်ကြတယ်ဆိုပြီး ဒေသခံတွေကပြောပါတယ်။

    နုတ်ထွက်စာတင်ကြတဲ့ အဲဒီဝန်ထမ်းတွေဟာ ပေကြီး၊ ဇေယျဝတီ၊ မုံတိုင်ပင်၊ ဇီးကန်၊ နှောကုန်း၊ စည်သာ၊ ပေါက်တော စတဲ့ကျေးရွာတွေက ထွေအုပ်အငယ်တန်းစာရေးတွေ၊ မူလတန်းပြဆရာမတွေနဲ့ ကျောင်းစာရေးတွေ ပါဝင်ပါတယ်။

    နုတ်ထွက်စာတင်တဲ့အကြောင်းရင်းထဲမှာ တာဝန်ကနေ ထမ်းဆောင်လိုခြင်းမရှိတော့တာကြောင့်လို့ ရေးသားဖော်ပြထားပေမဲ့ အဲဒီနယ်ဘက်တွေမှာ ဒေသကာကွယ်ရေးတပ်တွေ အားကောင်းလာတာကြောင့် စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်ကြတဲ့ဝန်ထမ်းတွေဟာ လုံခြုံရေးအရ နုတ်ထွက်တာဖြစ်နိုင်တယ်လို့ ရေဦးဒေသခံတွေက ပြောပါတယ်။

    '' PDF က နယ်တွေမှာ လွှမ်းမိုးမှုရှိလာတယ်။ PDF က တကယ်တမ်း စစ်ကောင်စီနဲ့ ပူးပေါင်းရင် ပူးပေါင်းစရာမလိုဘူး။ ၁၅ ရက်အတွင်း အပြီးထွက်ကြပါဆိုလို့ ထွက်ကြတာဖြစ်မယ်'' လို့ ရေဦးဒေသခံတစ်ဦးက ပြောပါတယ်။

    နုတ်မထွက်ဘူးဆိုရင် တစ်စုံတရာပြုလုပ်မယ်ဆိုတဲ့ခြိမ်းခြောက်မှုမျိုး မရှိပေမဲ့ စစ်တပ်ထောက်ခံသူ ပျူစောထီးတွေနဲ့ စစ်တပ်သတင်းပေးလို့ စွပ်စွဲခံရသူတွေ တိုက်ခိုက်ခံရတာတွေရှိတာကြောင့် စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်သူတွေ အခုလိုနုတ်ထွက်တာဖြစ်နိင်တယ်လို့လည်း ရေဦး ဒေသခံတွေက ပြောပါတယ်။

    ရေဦးမြို့နယ်ပညာရေး ဘုတ်အဖွဲ့ကတော့ ကြားကာလပညာရေးအစီအစဉ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနရဲ့ လမ်းညွှတ်ချက်တွေနဲ့အညီ မြို့နယ်ထဲမှာ အကောင်အထည်ဖော်သွားမှာဖြစ်ပြီး ကျောင်းသားကျောင်းသူတွေ လုံခြုံရေး၊ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်အတွင်းက ပြည်သူ့ကာကွယ်ရေးနဲ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်တာ၊ ကြားကာလပညာရေးအစီအစဉ်ကို ပညာရေး CDM ဝန်ထမ်းတွေနဲ့ ပညာတတ်စေတနာရှင်တွေနဲ့ အကောင်အထည်ဖော်တာ၊ CDM မလုပ်တဲ့ဝန်ထမ်းတွေကို ပါဝင်ခွင့်မပေးတာတွေ လုပ်သွားမယ်ဆိုပြီး လူမှုကွန်ယက်ကနေ ကြေညာထားတာတွေ့ရပါတယ်။

  6. မြန်မာမှာ ကလေးသူငယ်တွေအပေါ် အကြမ်းဖက်မှုမြင့်တက်နေလို့ ကုလသမဂ္ဂပြော

    စစ်အာဏာသိမ်းမှု အစောပိုင်းလတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်လို့ သေဆုံးခဲ့ရသူတွေထဲမှာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မီးရထားဝင်းထဲမှာနေထိုင်တဲ့ ဆဋ္ဌမတန်းအောင် မောင်စိုင်းဝေယံလည်း ပါဝင်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, စစ်အာဏာသိမ်းမှု အစောပိုင်းလတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်လို့ သေဆုံးခဲ့ရသူတွေထဲမှာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မီးရထားဝင်းထဲမှာနေထိုင်တဲ့ ဆဋ္ဌမတန်းအောင် မောင်စိုင်းဝေယံလည်း ပါဝင်ပါတယ်။

    မြန်မာပြည်တွင်းမှာ ကလေးသူငယ်တွေအပေါ် အကြမ်းဖက်မှု မြင့်တက်လာနေတဲ့အပေါ် အလွန်အမင်းစိုးရိမ်နေတယ်လို့ ကုလသမဂ္ဂက ဖေဖော်ဝါရီလ ၇ ရက်မှာ ပြောလာပါတယ်။

    ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ မှာ စစ်တပ်က အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေကြောင့် အသက် ၃ နှစ်နဲ့ ၁၇ နှစ်ကြား ကလေးငယ် ၁၁၄ ဦး ထက်မနည်းသေဆုံးခဲ့တဲ့အခြေအနေကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရသူက ထောက်ပြပြောဆိုပါတယ်။

    သတ်ဖြတ်ခံရတဲ့ကလေးငယ်တွေထဲက အနည်းဆုံး ၁၈ ဦးဟာ ဇန်နဝါရီလ တစ်လတည်းမှာတင် ဆုံးပါးခဲ့ကြရတာနဲ့ နောက်ထပ် မရေတွက်နိုင်တဲ့ကလေးငယ်တွေ ထိခိုက်ဒဏ်ရာရတာနဲ့ ကိုယ်လက်အင်္ဂါချို့ယွင်းတာတွေဖြစ်ခဲ့ရတာကိုလည်း ပြောခွင့်ရသူက ပြောပါတယ်။

    ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF)ကတော့ မြန်မာနိုင်ငံပါဝင်လက်မှတ်ထိုးထားတဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာပဋိညာဉ်အပြင် ၂၀၁၉ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ မြန်မာ့ကလေးသူငယ်အခွင့်အရေးဥပဒေအရ ကလေးသူငယ်အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ အားလုံးမှာ တာဝန်ရှိတယ်ဆိုတဲ့အကြောင်း ပြောဆိုနေပါတယ်။

  7. စစ်တပ်နဲ့ယုံကြည်မှုတည်ဆောက်ဖို့ လွန်သွားပြီလို့ KNU ပြော

    ကရင်မျိုးသားအစည်းအရုံး(KNU)က ကိုယ်စားလှယ်တွေနဲ့ မြန်မာအစိုးရကိုယ်စားလှယ်တွေ ၂၀၁၆ ခုနှစ်၊ ဧပြီလဆန်းတုန်းမှာ ရန်ကုန်မြို့က ဟိုတယ်တစ်လုံးမှာ ငြိမ်းချမ်းရေးဆွေးနွေးနေကြချိန်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ကရင်မျိုးသားအစည်းအရုံး(KNU)ကိုယ်စားလှယ်တွေနဲ့ မြန်မာအစိုးရကိုယ်စားလှယ်တွေ ၂၀၁၂ ခုနှစ်၊ ဧပြီလဆန်းတုန်းမှာ ရန်ကုန်မြို့မှာ ငြိမ်းချမ်းရေးဆွေးနွေးနေကြချိန်

    စစ်တပ်နဲ့ ယုံကြည်မှုတည်ဆောက်ရေးဆိုတာ အချိန်လွန်သွားခဲ့ပြီဆိုပြီး KNU ကရင်အမျိုးသားအစည်းအရုံး အမြဲတမ်းဗဟိုကော်မတီဝင် နိုင်ငံခြားရေးတာဝန်ခံ စောတောနီးက ဘီဘီစီကို ပြောလာပါတယ်။

    အာဏာသိမ်းပြီး တစ်နှစ်အကြာမှာပဲ စစ်ကောင်စီက ကန့်သတ်ချက်တွေမထားဘဲ ငြိမ်းချမ်းရေးဆွေးနွေးမယ်လို့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဖိတ်ခေါ်ခဲ့တာနဲ့ပတ်သက် ပြီး KNU ဘက်က ဘယ်လိုသဘောထားရှိလဲဆိုတာကို မေးမြန်းချိန် သူက အခုလိုပြောလာတာဖြစ်ပါတယ်။

    ''စစ်တပ်ဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းမယ်ဆိုတဲ့အချက်ကို လုံး၀ ချိုးဖောက်ပြီး အာဏာသိမ်းလိုက်တဲ့အခါကျတော့ သူတို့ဟာ တရားမဝင်တဲ့အဖွဲ့အစည်း ဖြစ်သွားတယ်။ တရားမဝင်တဲ့အသိုက်အဝန်းတစ်ခုနဲ့ ရှေ့ဆက် ဘယ်လိုမှ စကားပြောလို့ မရပါတဲ့အနေအထားမှာရှိတဲ့အခါကျတော့ ဒီအချိန် ဒီအခြေအနေမှာ သူဘာပဲ ပြောပြောပေါ့နော်။ တဖက်ကနေကြည့်ရင်လည်း ငြိမ်းချမ်းရေး ပြောလာတိုင်း ပြောလာတိုင်းမှာ ကျွန်တော်တို့ ဒေသအသီးသီးကို ထိုးစစ်လာ လုပ်နေတဲ့အခါကျတော့ ကျွန်တော်တို့က ဒီအခြေအနေမှာ ဘယ်လိုမှ ယုံကြည်မှုတည်ဆောက်လို့မရတောဘူး။ လွန်လည်း လွန်သွားပါပြီ။ ကျွန်တော်တို့ ရှေ့ဆက်လုပ်ဖို့အပိုင်းတွေကလည်း အဆင်သင့်ရှိပြီးဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီကနေ ရှေ့လုပ်ငန်းစဉ်တွေ အကုန်လုံး ရှိထားပြီးဖြစ်လို့ ဒီလိုစစ်ကောင်စီနဲ့ပတ်သက်စရာအကြောင်းမရှိတော့ပါဘူး'' လို့ စောတောနီးက ပြောပါတယ်။

    စစ်တပ်ဘက်က ၂၀၁၈ ခုနှစ်ကတည်းက တစ်ဖက်သက် အပစ်အခတ်ရပ်စဲပေးခဲ့ပြီး ဒီတစ်ခါမှာတော့ နိုင်ငံရေးအရကြိုတင်ကန့်သတ်ချက်တွေမထားဘဲနဲ့ ဖိတ်ခေါ်ပြီးနောက် ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ဆီကနေ အကြောင်းပြန်ကြားချက်ရရှိထားတယ်လို့ စစ်ကောင်စီရဲ့သတင်းမှန်ပြန်ကြားရေးပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA) လက်မှတ်ထိုးတားတဲ့အဖွဲ့တွေ ပါဝင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဖွဲ့(PPST)ဝင်တွေအနေနဲ့ကတော့ စစ်ကောင်စီဘက်က ဖိတ်ခေါ်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်သည်ဖြစ်စေ၊ မတက်ရောက်သည်ဖြစ်စေ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့သာ ဆုံးဖြတ်ကြဖို့ အဖွဲ့ဝင်တွေကို ပြောဆိုထားပြီး အဖွဲ့ဝင် လက်နက်ကိုင်တချို့လည်း တက်ရောက်ကြဖို့ ပြောဆိုတာရှိတယ်လို့ PPST ဦးဆောင်ကော်မတီဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောထားပါတယ်။

  8. ကိုယ့်ခြံထဲက ကိုယ်ထွက်ပြေးကြရတဲ့ ကွမ်းသီးခြံသမားတွေရဲ့ ဒုက္ခ

  9. ရန်ကုန်မှာ ကိုဗစ် စတုတ္တလှိုင်းစပြီလား

  10. စစ်ကိုင်းတိပိဋကဆရာတော် ထိုင်းနိုင်ငံမှာ ပျံလွန်တော်မူ

    ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ဘန်မွန်ဂရက် ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ စစ်ကိုင်းတိပိဋကဆရာတော် ဘဒ္ဒန္တအဘိဇာတာဘိဝံသဟာ အဲဒီဆေးရုံမှာ ဒီကနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေပိုင်းက ပျံလွန်တော်မူသွားခဲ့ကြောင်း မုံရွာမြို့ သဒ္ဒမ္မဇောတိက သုဗောဓာရုံကျောင်းတိုက်က တိုက်အုပ်ဆရာတော်ထံကသိရပါတယ်။

    ဆရာတော်ရဲ့ အန္တိမစျပနာ အစည်းအဝေးနဲ့ပတ်သက်ပြီးလာမယ့် ဖေဖော်ဝါရီလ ၈ ရက်နေ့ နေ့လယ် ၃ နာရီမှာ မုံရွာမြို့ သဒ္ဒမ္မဇောတိက သုဗောဓာရုံကျောင်းတိုက်မှာ ကျင်းပမယ်လို့လည်း တိုက်အုပ်ဆရာတော်က အသိပေးထားယ်လို့ မုံရွာမြို့ခံတွေကပြောပါတယ်။

    စစ်ကိုင်းတိပိဋကဆရာတော် ဘဒ္ဒန္တအဘိဇာတာဘိဝံသဟာ ရန်ကုန် သဒ္ဓမ္မမာနိတာရုံ နာယက၊ မုံရွာမြို့ သဒ္ဒမ္မဇောတိက သုဗောဓာရုံ နာယက၊ဆရာတော်လည်းဖြစ်ပါတယ်။

    စစ်ကိုင်းတိပိဋကဆရာတော်ကြီးဟာ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ဘန်မွန်ဂရက် ဆေးရုံကြီးမှာ ၂၀၂၁ ခုနှစ်၊နိုဝင်ဘာ ၁၈ ရက်နေ့က စတင်တက်ရောက်ပြီး ဆေးကုသမှုခံယူနေခဲ့တာဖြစ်ပါတယ်။

    ဆရာတော်ကြီးရဲ့ ရိုးတွင်းချဥ်ဆီလဲလှယ်မှုပြုလုပ်ဖို့ ဆရာတော်ကြီးရဲ့ ညီမအရင်းဖြစ်သူထံက ၊ဇန်နဝါရီ ၁၈ ရက်မှ ၂၀ ရက်အထိ သုံးရက်ကြာ လည်ပင်းသွေးကြောက တစ်ဆင့်တစ်နေ့ကို ၄ နာရီနှုန်းနဲ့ ချဥ်ဆီထုတ်ယူခဲ့ပါတယ်။

    ရိုးတွင်းချဥ်ဆီလဲလှယ်ကုသဖို့ ဆရာတော်ကြီး ကျန်းမာရေးအခြေအနေအရ အားအင်ပြန် လည်ပြည့်ဝလာမယ့် အချိန်ကိုစောင့်ဆိုင်းနေစဥ်မှာ ပျံလွန်တော်မူခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

    ဆရာတော် ဘဒ္ဒန္တအဘိဇာတာဘိဝံသဟာ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဆင်နင်းကျေးရွာမှာ ခမည်းတော်ဦးတင်ရ နဲ့ မယ်တော် ဒေါ်ညွန့်ခင်တို့ကနေ ၁၃၃၀-ပြည့်နှစ် သီတင်းကျွတ်လဆန်း (၈)ရက်၊ (၂၉-၉-၁၉၆၈)ရက်၊ တနင်္ဂနွေနေ့မှာ ဖွားမြင်ခဲ့ခြင်းဖြစ်ပြီး မွေးချင်း (၇)ဦး အနက် တတိယမြောက် ဖြစ်ပါတယ်။

    ဆရာတော်ဟာ ဓမ္မာစရိယ (၁၀)ဘွဲ့၊ ပါဠိပါရဂူ(၃)ဘွဲ့၊ ဝိဒူ(၅)ဘွဲ့၊ မဟာဝိဒူ(၅)ဘွဲ့နဲ့ အခြားအစိုးရ တိပိဋကဆိုင်ရာ ဘွဲ့များ အပါအဝင် ဘွဲ့တံဆိပ်ပေါင်း (၄၇)ဘွဲ့ကို ဆွတ်ခူးခဲ့ပါတယ်။

    ဆရာတော်ရုပ်ကလာပ်ကို ဖေဖောဝါရီလ ၉ ရက်နေ့ ပြန်လည်ပင့်ဆောင်ဖို့ စီစဥ်နေကြပြီဖြစ်ကြောင်းနဲ့ မုံရွာမြို့မှာ အန္တိမစျာပန ကျင်းပဖွယ်ရှိကြောင်း မုံရွာမြို့ သဒ္ဒမ္မဇောတိက သုဗောဓာရုံကျောင်းတိုက်က တိုက်အုပ်ဆရာတော်ထံက သိရပါတယ်။

    ပျံလွန်တော်မူ ချိန်မှာ ဆရာတော်ဟာ သက်တော် ၅၄ နှစ် သိက္ခာတော် ၃၅ ဝါ ရှိပြီဖြစ်ပါတယ်၊

    no tag

    ဓာတ်ပုံ ရင်းမြစ်, သဒ္ဓမ္မမာနိတာရုံကျောင်းတိုက်-ဒဂုံမြို့သစ်တောင်ပိုင်း

  11. မြို့ အထွက်ပိတ်ထားတဲ့ ကလေးမြို့က ကုန်ကားတွေပြန်ထွက်ခွင့်ပြု

    စစ်ကိုင်းတိုင်း ကလေးမြို့အထွက်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့က တိုင်းစစ်ကောင်စီက ခရီးသည်တင်ကားတွေကို ပိတ်ထားခဲ့ရာကနေ ဖေဖော်ဝါရီလ ၇ ရက်နေ့ ဒီကနေ့ ကုန်တင်ကားတွေ ပြန်ပြီး ပြန်ထွက်ခွင့်ပေးလိုက်တယ်လို့ ကလေးမြို့ဒေသခံတစ်ဦးက ပြောပါတယ်၊

    ကလေးမြို့က ၁၂ ဘီး ကားများ ထွက်ခွာခွင့်ပြုခဲ့ရာမှာ ယာဥ်မောင်း ယာဥ်နောက်လိုက်တွေကို ကိုဗစ် စစ်ဆေးမှုခံယူပြီး Negative ဖြစ်ပါက ထွက်ခွာခွင့်ရတာဖြစ်ကြောင်းလည်း ဒေသခံတွေကပြောပါတယ်။

    ခရီးသည်တင်ကားပုံစံ ကုန်တင်ကားများ (မှန်လုံကားများ)ကိုတော့ ထွက်ခွာခွင့် မပြုသေးကြောင်းလည်း သိရပါတယ်။

    ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့က ကလေးမြို့ကအထွက်ခရီးသည်တွေ ကိုဗစ်စစ်ဆေးခဲ့ရာမှာ လူ၁၈ဦးအထိ ပိုးတွေ့ရှိခဲ့ပြီးနောက် ကလေးမြို့က ခရီးသည်တင်ကားများထွက်ခွာခွင့် ပိတ်ထားကာ ရန်ကုန် မန္တလေး မုံရွာဘက်က အဝင်ကားများကိုသာ ဝင်ခွင့်ပြုထားခဲ့ပါတယ်။

    အဲ့ဒီတုန်းက ကုန်တင်ကားများကိုသာ ထွက်ခွာခွင့်ပေးထားခဲ့ပြီးနောက်ပိုင်းမှာ ကုန်တင်ကားများမှာ ခရီးသည်ခိုးပြီး တင်ဆောင်ကြခြင်း၊ ခရီးသည်တင်ကားများကလည်း ကုန်တင်သက်သက်ဆိုပြီး ထွက်ခွာကြပြီး ခရီးသည်တွေကို လမ်းမှာ တင်ဆောင်ခြင်းများ ပြုလုပ်လာကြတဲ့အတွက် ကုန်တင်ယာဥ်တွေကိုပါ ပိတ်ခဲ့တာလို့ ဆိုပါတယ်။

    အခုရက်ပိုင်း ကုန်တင်ယာဉ် အများစုဟာ ကလေးဒေသထွက် ပဲတွေကို တင်ပြီး ကလေး ကလေးဝ မဟာမြိုင်လမ်း အတိုင်း မုံရွာ မန္တလေးဘက်ကို ထွက်ခွာနေကြတယ်လို့သိရပါတယ်။

    မြို့အထွက် ပိတ်ထားတဲ့ ကလေးမြို့ ဇန်နဝါရီလ ၃၁ ရက်နေ့က တွေ့ရစဉ်

    ဓာတ်ပုံ ရင်းမြစ်, KPT

    ဓာတ်ပုံ ပုံစာ, မြို့အထွက် ပိတ်ထားတဲ့ ကလေးမြို့ ဇန်နဝါရီလ ၃၁ ရက်နေ့က တွေ့ရစဉ်
  12. သြစတြေးလျနိုင်ငံသားစီးပွားရေးပညာရှင် ရှောင်တာနယ် မလွတ်သေး

    ဒေါ်အောင်ဆန်းစုကြည်ရဲ့စီးပွားရေးအကြံပေး သြစတေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ်

    ဓာတ်ပုံ ရင်းမြစ်, social media

    ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်ရဲ့စီးပွားရေးအကြံပေး မစ္စတာ ရှောင်တာနယ်

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့စီးပွားရေးအကြံပေး သြစတေးလျနိုင်ငံသား မစ္စတာရှောင်တာနယ်ကို မလွှတ်ပေးသေးဘူးဆိုပြီး စစ်ကောင်စီဘက်က ဒီနေ့ ဖေဖော်ဝါရီ ၇ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

    မစ္စတာ ရှောင်တာနယ်ကို စစ်ကောင်စီဘက်က ပြန်လွှတ်ပေးခဲ့တာကို ကြိုဆိုတယ်ဆိုပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ထုတ်ပြောလာအပြီးမှာ မစ္စတာရှောင်တာနယ်လွတ်ပြီဆိုတဲ့သတင်းတွေ ဒီနေ့ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

    မစ္စတာရှောင်တာနယ်ဟာ ပြည်တွင်းမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီးကတည်းက ဖမ်းဆီးခံရတာဖြစ်ပြီး သူ့ရဲ့ကွန်ပျူတာထဲမှာတွေတဲ့ စာရွက်စာတမ်းတွေကြောင့်ဆိုပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ စီမံဘဏ္ဍာဝန်ကြီးဟောင်းတွေဖြစ်တဲ့ ဦးကျော်ဝင်း၊ ဦးစိုးဝင်း၊ ဒုဝန်ကြီးဟောင်းဒေါက်တာ ဆက်အောင်တို့နဲ့အတူ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေပုဒ်မနဲ့ စွပ်စွဲခံရပြီး တရားရင်ဆိုင်နေရပါတယ်။

    စစ်ကောင်စီဘက်ကတော့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က သူ့ရဲ့မြန်မာပြည်ခရီးစဉ်မှာ ပါမောက္ခ ရှောင်တာနယ်ကို လွှတ်ပေးဖို့ မေတ္တာရပ်ခံခဲ့တယ်ဆိုတဲ့ ကမ္ဘောဒီးယားနိုင်ငံပိုင် မီဒီယာရဲ့ဖော်ပြချက်ကိုတော့ ဖြေရှင်းချက်ထုတ်ပါတယ်။

    ''အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဒီကိုလာချိန်တုန်းက မစ္စတာရှောင်တာနယ်နဲ့ပတ်သက်ပြီး ပြောသွားတာ တစ်ခုပဲရှိတယ်။ ဒီခရီးစဉ်လာခါနီးမှာ သြစတေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက သူ့ဆီကို ဆက်သွယ်တယ်။ မစ္စတာရှောင်တာနယ်ကို လွှတ်ပေးဖို့ အကြောင်းလေး ပြောခိုင်းတယ်။ အဲဒါကြောင့်မို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်အနေနဲ့ တောင်းဆိုတာမဟုတ်ဘူး။ သူတို့ပြောတဲ့အတိုင်း ပြန်ပြောတာပါဆိုပြီး ကျွန်တော်တို့ကို ပြောခဲ့တာရှိတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်(စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်) အနေနဲ့လည်း ဥပဒေအရ လုပ်ဆောင်သင့်တာတွေကို လုပ်ဆောင်နေတယ်။ ကျွန်တော်တို့ ထည့်သွင်းစဉ်းစားပေးပါမယ်ဆိုပြီး ဒါပဲပြောခဲ့တာဖြစ်ပါတယ်''လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေး ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းပြောပါတယ်။

    သြစတေးလျနိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ မစ္စတာရှောင်တာနယ်ကို ပြန်လွှတ်ပေးဖို့ ဖေဖော်ဝါရီ ၆ ရက်နေ့ကပဲ ထပ်မံတောင်းဆိုထားပါတယ်။

  13. ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနဲ့စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ရဲ့ ရွေးကောက်ပွဲအမှုမှာ တရားလိုကို စတင်စစ်ဆေး

    ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနဲ့ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်တို့နှစ်ဦးကို စွဲဆိုထားတဲ့ ရွေးကောက်ပွဲအမှုမှာ တရားလိုဖြစ်တဲ့ ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးသူရိန်ထွဋ်ကို ဖေဖော်ဝါရီ ၇ ရက် ဒီကနေ့မနက်ပိုင်းက စစ်တွေအကျဉ်းထောင် အထူးတရားရုံးမှာ စတင်စစ်ဆေးခဲ့တယ်လို့ သဇင်ဥပဒေအဖွဲ့က ပြောပါတယ်။

    သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ပြဌာန်းဥပဒေကို ကျော်လွန်ပြီး မဲမသမာမှုပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ စစ်တွေမြို့နယ်တရားရုံးမှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

    အဲ့ဒီအမှုနဲ့ပတ်သက်လို့ ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀-က ၊ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်ကို ရာဇသတ်ကြီးပုဒ်မ ၁၃၀-က၊ ၁၀၉ တို့နဲ့စွဲဆိုထားတာဖြစ်တယ်လို့ ရှေ့နေ ဦးဝင်းအောင်က ပြောပါတယ်။

    “ဒီနေ့တော့ တရားလိုဖြစ်တဲ့ ဦးသူရိန်ထွဋ်ကို စတင်စစ်ဆေးပါတယ်။ သက်သေကတော့ သုံးယောက်ရှိပါတယ်။ တရားလိုရဲ့ ထွက်ဆိုချက်တွေကိုတော့ ပြောလို့မရပါဘူး။ စွဲဆိုထားတဲ့ ဦးတိုက်လျှောက်လွှာမှာ ပါတဲ့အတိုင်းပဲထွက်ဆိုခဲ့တာပါ”လို့ အမှုလိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေဦးဝင်းအောင်က ဆိုပါတယ်။

    လာမယ့် ရုံးချိန်းကိုတော့ ဖေဖော်ဝါရီ ၁၄ ရက် တနင်္လာနေ့ကို ထပ်မံချိန်းဆိုထားပြီး အဲ့ဒီနေ့မှာ တရားလိုသက်သေတွေကို ဆက်လက်စစ်ဆေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

    ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဦးညီပုနဲ့ ဦးမင်းအောင်တို့ ဖမ်းဆီးခံလိုက်ရပြီး ပုဒ်မ ၅၀၅(ခ)၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ တို့နဲ့ တရားစွဲဆိုခြင်းခံနေရချိန်မှာ ရွေးကောက်ပွဲမသာမှုနဲ့ လတ်တလောရင်ဆိုင်နေရတဲ့အမှုကို ထပ်မံစွဲဆိုလိုက်တာဖြစ်ပါတယ်။

    လက်ရှိမှာ ဦးညီပုက ပုဒ်မ ၅၀၅(ခ)အမှုအတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၉ နှစ်ကျခံနေရပြီး ဦးမင်းအောင်ကတော့ ပုဒ်မ ၅၀၅(ခ) အတွက် အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂ နှစ်၊ အဂတိမှုအတွက် အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၇ နှစ်စီ ပြစ်ဒဏ်ချမှတ်ခံထားရတာလည်း ဖြစ်ပါတယ်။

    ဒါ့အပြင် ရွေးကောက်ပွဲမသမာမှုနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်အတွင်းက ပြည်နယ်၊ ခရိုင်နဲ့မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတွေလည်း တရားစွဲဆိုခံနေကြရတာဖြစ်တယ်လို့ သိရပါတယ်။

    ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနဲ့စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ရဲ့ ရွေးကောက်ပွဲအမှုမှာ တရားလိုကို စတင်စစ်ဆေး

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပု
  14. ရန်ကုန်က ဇီဝိတဒါနသံဃာဆေးရုံကို ကိုဗစ်ကူးစက်မှုကြောင့် လော့ဒေါင်းချထား

    လော့ဒေါင်းချထားတဲ့ဇီဝတိဒါနသံဃာဆေးရုံကို ဝင်္ကဘာလမ်းဘက်ကနေမြင်တွေ့ရတာဖြစ်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, လော့ဒေါင်းချထားတဲ့ဇီဝိတဒါနသံဃာဆေးရုံကို ဝင်္ကဘာလမ်းဘက်ကနေမြင်တွေ့ရတာဖြစ်ပါတယ်။

    ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်က ဇီဝိတဒါနသံဃာဆေးရုံမှာ ကိုဗစ်ရောဂါ အစုလိုက်ကူးစက်မှုကြောင့် ဆေးရုံကို အသွားအလာကန့်သတ်တဲ့ လော့ဒေါင်းချပါတယ်။

    ဆေးရုံအတွင်း ကူးစက်မှု ၃၀ နဲ့ ၄၀ ကြားတွေ့ခဲ့တာကြောင့် ဆေးရုံကို အခုလိုလော့ဒေါင်းချလိုက်တာလို့ သိရပါတယ်။

    အစုလိုက်ကူးစက်မှုဖြစ်ပွားနေတာဖြစ်တယ်လို့ ကနဦးသိရှိရတဲ့အကြောင်း စစ်ကောင်စီကျန်းမာရေးဘက်က တာဝန်ရှိသူတစ်ဦးက ဒီနေ့ ဖေဖော်ဝါရီလ ၇ ရက် နေ့လည်ပိုင်းမှာပဲ ဘီဘီစီကို အတည်ပြုပါတယ်။

    ဆေးစစ်ဆေးမှုရလာဒ်ကို ကြည့်ပြီးမှ အတည်ပြုပြောဆိုနိုင်မှာဖြစ်ပေမဲ့ အိုမီခရွန်မျိုးကွဲ ကူးစက်မှုဖြစ်နိုင်ချေများတယ်လို့လည်း အဲဒီတာဝန်ရှိသူက ပြောပါတယ်။

    ဇီဝိတဒါနဆေးရုံ (ရန်ကုန်)ဟာ ဂိလာန သံဃာတွေနဲ့ သီလရှင်တွေအပြင် ပြင်ပလူနာတွေကိုပါ ကုသမှုပေးနေတဲ့ဆေးရုံဖြစ်ပါတယ်။

  15. အာဆီယံဥက္ကဋ္ဌတာဝန်အတွင်းကနေ မြန်မာ့ငြိမ်းချမ်းရေးကြိုးပမ်းမယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ပြော

    အာဆီယံဥက္ကဋ္ဌတာဝန်အတွင်းကနေ မြန်မာ့ငြိမ်းချမ်းရေးကြိုးပမ်းမယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ပြော

    ဓာတ်ပုံ ရင်းမြစ်, AKP

    ဓာတ်ပုံ ပုံစာ, ဖေဖော်ဝါရီလ ၅ ရက်မှာပြုလုပ်တဲ့ ကမ္ဘောဒီးယားအစိုးရအဖွဲ့အစည်းအဝေးမှာတွေ့ရတဲ့ ဝန်ကြီးချုပ် ဟွန်ဆန်

    အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ထမ်းဆောင်ချိန်အတွင်း မြန်မာ့ငြိမ်းချမ်းရေးအတွက် ဆက်ကြိုးပမ်းမယ်ဆိုပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ဒီနေ့ ဖေဖော်ဝါရီလ ၇ ရက်မှာ ထုတ်ပြောလာပါတယ်။

    ''အာဆီယံ ဘုံသဘောတူချက် ၅ ရပ်ကို အခြေခံပြီး မြန်မာ့အရေးအကျပ်အတည်းကို ဖြေရှင်းဖို့ ကျွန်တော် ဆက်ပြီး အားထုတ်သွားမှာဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်စေချင်တယ်၊ အပစ်ရပ်စေချင်တယ်၊ အကူအညီတွေပေါ် စေချင်တယ်၊ ဆွေးနွေးပွဲတွေ ပေါ်စေချင်တယ်' လို့ ဝန်ကြီးချုပ်က ပြောလိုက်တာပါ။

    မြန်မာ့အရေးဖြေရှင်းဖို့ အားထုတ်မှုကနေ အကျိုးအမြတ်မမျှော်လင့်ထားဘူးလို့လည်း သူကပြောသလို စစ်မလိုဘဲ ငြိမ်းချမ်းရေးလိုချင်တာကြောင့် ဒီလို အားထုတ်တာလို့ ဆိုပါတယ်။

    ဝန်ကြီးချုပ် ဟွန်ဆန်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ဖိတ်ကြားချက်နဲ့ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့လဆန်းပိုင်းတုန်းက ၂ ရက်ကြာလာရောက်ခဲ့ပြီး ခရီးစဉ်အပြီးမှာ မြန်မာပြည်တွင်း အပစ်အခတ်ရပ်စဲရေးနဲ့ လူသားချင်းစာနာမှုအကူအညီပေးမှုပေးရေးကိစ္စတွေ အဓိကပြောထားသူဖြစ်ပါတယ်။

    မနှစ်တုန်းက ဘရူနိုင်းနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ထမ်းဆောင်ချိန်မှာ အာဆီယံထိပ်သီးဆွေးနွေးပွဲတွေနဲ့ ဆက်စပ်ဆွေးနွေးပွဲတွေကို စစ်ခေါင်းဆောင်ကို မဖိတ်ကြားဘဲ နိုင်ငံရေးနဲ့မဆက်နွယ်သူတစ်ဦးကိုပဲ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခွင့်ပေးဖို့ အာဆီယံဘက်က ဆုံးဖြတ်ခဲ့ပါတယ်။

    ဒီလိုဆုံးဖြတ်ချက်ရှိခဲ့ပြီးတဲ့နောက် အခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာတဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ ဝန်ကြီးချုပ်က စစ်အာဏာသိမ်းမှုအောက်က မြန်မာနိုင်ငံကို ပြည်ပနိုင်ငံ့ခေါင်းဆောင်တစ်ဦးအနေနဲ့ ပထမဆုံးခရီးသွားရောက်ခဲ့တာကြောင့် ဝေဖန်မှုတွေလည်း မြင့်တက်ခဲ့ပါတယ်။

    ဝန်ကြီးချုပ်ဟွန်ဆန်ကတော့ သူ့ခရီးစဉ်ဟာ မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ထဲကနေ မကင်းကွာအောင် လုပ်ဆောင်တာဆိုပြီး အစောပိုင်းကတည်းက ပြန်လည်တုံ့ပြန်ထားပါတယ်။

  16. အတိုင်ပင်ခံနဲ့သမ္မတတို့ စွပ်စွဲခံထားရတဲ့ရွေးကောက်ပွဲဆိုင်ရာအမှုကို ဒီနေ့ စစ်ဆေး

    သမ္မတဦးဝင်းမြင့်(ဘယ်)၊ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်(အလယ်)နဲ့ ဒေါ်အောင်ဆန်းစုကြည်(ညာ)

    ဓာတ်ပုံ ရင်းမြစ်, ko minyar

    ဓာတ်ပုံ ပုံစာ, သမ္မတဦးဝင်းမြင့်(ဘယ်)၊ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်(အလယ်)နဲ့ ဒေါ်အောင်ဆန်းစုကြည်(ညာ)

    နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့ စွပ်စွဲခံထားရတဲ့ ရွေးကောက်ပွဲဆိုင်ရာအမှုကို ဒီနေ့ ဖေဖော်ဝါရီလ ၇ ရက်မှာ နေပြည်တော်အထူးတရားရုံးမှာ ကြားနာခဲ့ပါတယ်။

    ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို မလျော်သြဇာလွှမ်းမိုးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီကစွဲဆိုထားတဲ့အဲဒီအမှုအတွက် တရားလိုဘက်ကတင်တဲ့ လိုပြသက်သေ အယောက် ၂၀ ရှိနေပြီး ၂ လအတွင်းမှာ တရားလိုပြသက်သေတွေကို အပြီးစစ်ဆေးဖို့ရှိနေတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

    ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀-က နဲ့စွဲဆိုထားတဲ့ အဲဒီအမှုမှာ နိုင်ငံတော်အတိုင်ပင်ခံနဲ့ သမ္မတဦးဝင်းမြင့်အပြင် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမင်းသူ လည်းပါဝင်တာပါ။

    "ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀-က က အခြေခံဥပဒေနဲ့ဆိုင်တာ။ တကယ်က ၁၉၄၇ အခြေခံဥပဒေနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေပေါ့။ တကယ်တမ်း ရွေးကောက်ပွဲနဲ့ ဆိုင်တဲ့ ပုဒ်မတွေက ရာဇသတ်ကြီး ၁၇၀ နောက်ပိုင်းနဲ့ဆိုင်တာ" လို့ ဥပဒေပညာရှင်တစ်ဦးက ရှင်းပြပါတယ်။

    အမှုအတွက် စစ်ကောင်စီဘက်က တရားလိုအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းဖြစ်ပြီး တရားလို ဦးအောင်မျိုးမင်းကို လာမယ့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ စတင်စစ်ဆေးမယ်လို့လည်း သိရပါတယ်။

    အမှုအစီအစဉ်အရ ဖေဖော်ဝါရီလ ၂၁ ရက်ရုံးချိန်းမှာ ဦးဇော်သန်းတင်ဆိုသူကို ဆက်လက်စစ်ဆေးမယ်လို့ ဆိုပါတယ်။

    ဦးဇော်သန်းတင်ဟာ အတိုင်ပင်ခံ၊ သမ္မတတို့နဲ့တစ်မှုတည်း စွပ်စွဲခံရသူ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူလက်ထက်မှာ အဲဒီဝန်ကြီးဌာနရဲ့အမြဲတမ်းအတွင်းဝန် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

    အဲဒီနောက်မှာတော့ တရားလိုဘက်က တင်ပြထားတဲ့ လိုပြ သက်သေ အယောက် ၂၀ ကို လာမယ့် ဧပြီလ ၁၈ ရက်နေ့ အထိ အပတ်စဉ် တနင်္လာနေ့ ရုံးချိန်းတိုင်းမှာ စစ်ဆေးမယ်လို့လည်း သိရပါတယ်။

    အမှုမှာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူအတွက် သူ့ရဲ့ဇနီးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်လွင်မေသိန်းကလိုက်ပါ ဆောင်ရွက်မှာဖြစ်ပါတယ်။

    ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီး ဦးမင်းသူဟာလည်းစစ်တပ်က အာဏာသိမ်းတဲ့နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်းကတည်းက နေပြည်တော်မှာဖမ်းဆီးထိန်းသိမ်းခံထားရတာပါ။

    ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀-က ဟာ အာမခံပေးလို့ရတဲ့ပုဒ်မဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကတော့ ထောင်ဒဏ်တွေအသီးသီးချမှတ်ခံထားရပြီးသားဖြစ်လို့ အာမခံ သီးသန့်မလျှောက် တော့ဘူးလို့ သိရပါတယ်။

  17. မိုးရွာသွန်းမှုကြောင့် လေးကေ့ကော်စစ်ရှောင်တွေ အကူအညီလိုအပ်နေ

    ပြီးခဲ့တဲ့ရက်ပိုင်း မိုးရွာသွန်းမှုတွေကြောင့် စစ်ရှောင်တွေအတွက် ယာယီဆေးခန်းလည်း ရေ၀င်ခဲ့ပါတယ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ရက်ပိုင်း မိုးရွာသွန်းမှုတွေကြောင့် စစ်ရှောင်တွေအတွက် ယာယီဆေးခန်းလည်း ရေ၀င်ခဲ့ပါတယ်

    ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသက တိုက်ပွဲတွေကြောင့် မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်က သောင်ရင်းမြစ်ဘေးမှာ ယာယီတိမ်းရှောင်နေထိုင်နေရတဲ့ ထောင်နဲ့ချီတဲ့စစ်ဘေးရှောင်တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မိုးရွာသွန်းတာကြောင့် နေထိုင်ရေးအခက်အခဲ ရှိနေတယ်လို့ သိရပါတယ်။

    ''မိုးက ၂ရက် ဆက်တိုက်ရွာတော့ စစ်ရှောင်စခန်းက အမိုးအကာတွေ မလုံတော့ဘူး ဖြစ်တာပေါ့။ ယာယီဆေးရုံသုံးတဲ့ အခန်းထဲ ရေရွဲစိုကုန်တယ်။ ရိက္ခာထားတဲ့နေရာတွေ ရေဝင်ပြီး စိုကုန်တယ်။ လူတွေက မိုးမလုံတော့ တစ်ညလုံးငုတ်တုတ် ထိုင်နေလိုက်၊ ဟိုနား ထပြီး ကာလိုက်၊ ဒီနား ထပြီး အမိုးတွေအုပ်လိုက်နဲ့ မိုးရွာထဲ လုပ်ကြရတာပေါ့။ အစားအသောက် အသုံးအဆောင် တစ်ချို့တော့ ပျက်စီးသွားတာ၊ မိုးရေစိုသွားတာတွေရှိတယ်။ အမိုးအကာလုံလောက်အောင်တော့ မရှိသေးဘူး။'' ယာယီစစ်ရှောင်စခန်းအတွက် ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

    ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နဲ့ ၅ရက် ညပိုင်းတုန်းက မိုးသည်းထန်စွာရွာသွန်းမှုတွေအပြီးမှာ စစ်ဘေးရှောင်တွေ စုဖွဲ့ နေထိုင်နေတဲ့ စစ်ရှောင်နေရာတွေကို မိုးရေဝင်ရောက်ခဲ့တာကြောင့် အစားအသောက်၊ ဆေးဝါးနဲ့ အသုံးအဆောင်တချို့ ဆုံးရှုံးမှုတွေ ဖြစ်ခဲ့တာပါ။

    ''ကျနော့်တို့ စစ်ရှောင်စခန်းကနေ ဟိုဘက် ဝေါလေ၊ကျောက်ခက်၊လေးဒေးကျေးရွာဘက်တွေအထိ မိုးရွာပြီဆိုနေဖို့ အဆင်မပြေကြဘူး။ ယာယီနေကြတာဆိုတော့ ဘယ်အချိန် ထပ်နေရာပြောင်းရမလဲ မသိတော့ အခိုင်အမာ မဆောက်လုပ်ရဲဘူး'' လို့လည်း သူက ဆက်ပြောပြပါတယ်။

    ဒီအခြေအနေကြောင့် စစ်ရှောင်တွေဟာ ဖလူးလေး၊ ဝေါလေ၊ကျောက်ခက်၊ ဆုံဆည်းမြိုင်၊ လေးဒေးကျေးရွာတွေမှာ ပြောင်းစိုက်ခင်းတွေ၊ ခြုံတောတွေ၊ ဝါးတောတွေနဲ့ သဲသောင်ခုံနေရာတွေမှာ အစုအဖွဲ့လိုက် စစ်ရှောင်နေကြရတာဖြစ်ပါတယ်။

    တစ်ဖက်မှာလည်း လေးကေ့ကော်ဒေသ ရပ်ကွက် ၆ ခု အပါအဝင် ထီးမယ်ဝါးခီး၊ ပဟိ့ကလော်၊ ရသေ့ဂူကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေ တပ်စွဲ နေရာယူထားတဲ့အတွက် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၆ လက်အောက်ခံ KNLA တပ်ဖွဲ့၊ ဒေသ PDF ပူးပေါင်း တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား ပျောက်ကြား တိုက်ခိုက်တွေ ရှိနေသေးတာကြောင့် စစ်ဘေးရှောင်ဒေသခံတွေ နေရပ်ပြန် နေထိုင်ဖို့ အဆင်မပြေသေးဘူးလို့လည်း သိရပါတယ်။

  18. မောင်တောမှာ စစ်ကောင်စီနဲ့ အေအေတိုက်ပွဲဆက်ဖြစ်

    ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်းမှာ ရက္ခိုင့်တပ်တော်အေအေနဲ့ စစ်ကောင်စီတပ်တို့ ဖေဖော်ဝါရီလ ၆ ရက်နေ့ကတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့ ရက္ခိုင့်တပ်တော်အေအေရဲ့ ပြောခွင့်ရသူ ဦးခိုင်သုခက ဘီဘီစီကို ပြောပါတယ်။

    တိုက်ပွဲဖြစ်တဲ့နေရာဟာ မောင်တောမြို့နယ် မီးတိုက်ကျေးရွာရဲ့ အရှေ့မြောက်ဘက် ၃ ကီလိုမီတာခွဲအကွာ လက်ပံတောင်ကြော တစ်နေရာမှာဖြစ်ပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေ ၃ နာရီခန့်ကစပြီး မြန်မာစစ်တပ်နဲ တိုက်ပွဲဖြစ်ပွားနေတာရှိတယ်လို့ သူက ပြောပါတယ်။

    လက်နက်ကြီးပစ်ကူတွေသုံးပြီး လက်ပံတောင်ကြောကို မြန်မာစစ်တပ်က တက်ဖို့ကြိုးစားနေတာဖြစ်တယ်လို့ အေအေဘက်က ပြောပါတယ်။

    စစ်ကောင်စီဘက်ကတော့ ‌ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ မောင်းတောမှာ နယ်စပ်စခန်းကို RSO အဖွဲ့နဲ့ ARSA တို့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာရှိပြီး အေအေနဲ့ ဖြစ်ပွားမှု ရှိမရှိကို စိစစ်နေကြောင်း အဲ့ဒီနေရာဟာ ယခင်ကတည်းက ARSA လှုပ်ရှားတဲ့ နယ်မြေဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

    ဖေဖော်ဝါရီလ ၆ ရက်နေ့ တိုက်ပွဲက ညနေ ၆ နာရီလောက်မှာ တိုက်ပွဲပြီးသွားပြီး တိုက်ပွဲက ၃ နာရီခန့်ကြာမြင့်ခဲ့ကြောင်း ထိခိုက်သေဆုံးမှု အသေးစိတ်ကို မသိရသေးကြောင်းနဲ့ မြန်မာစစ်တပ်ဘက်က သေဆုံးသူရှိနိုင်တယ်လို့ ဦးခိုင်သုခက ပြောပါတယ်။

    အေအေ တပ်ဖွဲ့အနေနဲ့ မောင်တောမြို့နယ်မှာ အတိုင်းအတာတစ်ခုအထိ အားကောင်းနေပြီဖြစ်ကြောင်း၊ တစ်ရက်နှစ်ရက်အတွင်း တိုက်ပွဲများဆက်ဖြစ်ပါက ရခိုင်ပြည်နယ်နေရာအနှံ့ တိုက်ပွဲများဖြစ်လာနိုင်ကြောင်း ဒေသခံအချို့က သုံးသပ်ကြပါတယ်။

    တစ်နှစ်ကျော်အကြာ ယာယီအပစ်ခတ်ရပ်စဲထားတဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော်အေအေနဲ့ စစ်ကောင်စီတပ်တို့အကြား ဖေဖော်ဝါရီလ ၄ရက်နေ့က မောင်တောမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ကြပါတယ်။

    ရခိုင်ပြည်နယ်ကနေရာအချို့မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားစပြုလာနေပြီး ရခိုင်ပြည်နယ်တည်ငြိမ်ရေးဟာ စစ်တပ်အပေါ်မှာ မူတည်နေပြီး အေအေအနေနဲ့ လိုအပ်ရင်လိုအပ်သလိုတုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ ရက္ခိုင့်တပ်တော်အေအေရဲ့ ပြောခွင့်ရ ဦးခိုင်သုခက ဘီဘီစီကို ပြောပါတယ်။

    မောင်တောမြို့က စစ်ဆေးရေးဂိတ် တနေရာ

    ဓာတ်ပုံ ရင်းမြစ်, EPA

    ဓာတ်ပုံ ပုံစာ, မောင်တောမြို့က စစ်ဆေးရေးဂိတ် တနေရာ
  19. မောင်တောတိုက်ပွဲ အခြေအနေ အေအေက ဘာပြောသလဲ