စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု လန်ဒန်မြို့မှာ ကျင်းပ
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ တစ်နှစ်မြောက်တဲ့နေ့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုကို လန်ဒန်မြို့မှာ ကျင်းပခဲ့ပါတယ်။
စစ်ကောင်စီကို နိုင်ငံတကာက အသိအမှတ်မပြုဘဲ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရ အဖြစ် အသိအမှတ်ပြုဖို့ နဲ့ မြန်မာနိုင်ငံကို ကမ္ဘာက မေ့မထားဖို့ တောင်းဆိုခဲ့ကြတဲ့ပွဲမှာ ယူကေရောက် မြန်မာနိုင်ငံသားတွေ အပြင် မြန်မာ့အရေး အလေးထား စိတ်ဝင်စားသူတွေ ပါဝင်ခဲ့ကြ ပါတယ်။
မနက် ၁၁ နာရီက စတင်တဲ့ လန်ဒန်မြို့က ပါလီမန်ရှေ့ စုရုံး ဆန္ဒပြပွဲမှာ ဗြိတိန် နိုင်ငံတဝန်းနေထိုင်ကြတဲ့ မြန်မာတွေ၊ ဗြိတိန်နိုင်ငံ Royal College အသီးသီးက မြန်မာ မဟုတ်တဲ့ ဆရာဝန်ကြီးတွေနဲ့ ဗြိတိသျှပါလီမန်က Lord Crispနဲ့ Lord Alton နဲ့ Baroness Cox စတဲ့ လွှတ်တော် အမတ်တချို့ အပြင် မြန်မာ့အရေး စိတ်ဝင်စားတဲ့ ဗြိတိန် နိုင်ငံသား တွေလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၈၈ လူထုအုံကြွမှု အရေးတော်ပုံကာလက မြန်မာပြည်သူတွေ အတွက် ဘီဘီစီကနေ သတင်းတွေ တင်ဆက်ပေးခဲ့တဲ့ ဘီဘီစီသတင်းထောက် ခရစ္စတိုဖာ ဂန်းနက်စ်လည်း ဒီမနက် ပါလီမန်ရှေ့ လူထုစုရုံးမှုမှာ ပါဝင် မိန့်ခွန်း ပြောခဲ့ပါတယ်။
ပါလီမန်ရှေ့မှာ ဆန္ဒပြပြီးနောက် ဗြိတိန်ဝန်ကြီးချုပ် နေအိမ်ရှိရာ ဒေါင်းနင်းလမ်းနဲ့ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့အထိ မြန်မာ့အရေး ဆန္ဒပြသူတွေ လမ်းလျှောက် ချီတက်ပြီး ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ကိုဇော််လတ်



















