လွိုင်ကော်တိုက်ပွဲ မြို့အတွင်းဘက်ကို ရောက်လာ
လွိုင်ကော်မြို့အတွင်း နေရာအချို့မှာ ဒီကနေ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ ဇန်နဝါရီလ ၁၃ ၇က်နေ့မှာတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက တစ်ဆင့်သိရပါတယ်။
လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်အတွင်းမှာ လက်နက်ကြီးလက်နက်ငယ် အသံတွေဆူညံနေသလို မင်္ဂလာရပ်ကွက် တောင်ကွဲစေတီအနားမှာလည်းတိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
လွိုင်ကော်မြို့အတွင်းကို စစ်ကောင်စီက အပိုင်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေသလို ဒေသကာကွယ်ရေးတပ်တွေကလည်း ထိုးစစ်ဆင်တဲ့တိုက်ပွဲတွေက ရှိနေတဲ့အတွက် တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာနိုင်တယ်လို့လည်းဆိုပါတယ်။
ဇန်နဝါရီလ ၁၃ ရက်နေ့ နေ့လယ်ပိုင်းအထိ ပစ်ခတ်မှုတွေရှိနေပြီးတော့ ဒီဘက်ရပ်ကွက်ပစ်ရင် ဟိုဘက်ရပ်ကွက်ကို ပြောင်းပြီးနေရကြောင်းနဲ့ စစ်ကောင်စီက တွေ့သမျှ မြင်သမျှ ပစ်ခတ်မှုတွေရှိနေတဲ့ အတွက်စိုးရိမ်နေရကြောင်း လည်းသူတို့ကပြောပါတယ်။
ဒါ့အပြင် လွိုင်ကော်ရှမ်းပိုင်းရွှေကျောင်းအနီး လက်နက်ကြီးကျည်တွေကျရောက်နေသလို ကျောင်းအတွင်းက စစ်ရှောင်နဲ ရဟန်းသံဃာတွေနေရာရွှေ့ပြောင်းဖို့ ကို အရေးပေါ် အကူအညီတောင်းနေရတယ်လို့လည်း ဆိုပါတယ်။
အဲ့ဒီနားက အားကစားပစ္စည်းရောင်းတဲ့ဆိုင်အချို့လည်း လက်နက်ကြီးထိမှန်ထားပြီး လူထိခိုက်သေဆုံးမှုရှိ မရှိကိုတော့ မသိရသေးဘူးလို့ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ


















