ကိုဗစ်ကူးစက်မှုကြောင့် အာဆီယံ ဘောလုံး U23 ပြိုင်ပွဲက မြန်မာနုတ်ထွက်

ရန်ကုန်မြို့က ဆေးခန်းတချို့မှာ ဖျားနာလူနာတွေ အများအပြားလာရောက်ပြသနေပြီး အမှန်တကယ် ကူးစက်သူဦးရေဟာ တရားဝင်ကိန်းဂဏန်းတွေထက် အများအပြား ရှိနေနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အိုင်စီဂျေအမှု ဒေါ်အောင်ဆန်းစုကြည်အစား စစ်ကောင်စီဘက်ကကိုယ်စားလှယ် ခုခံချေပဖို့ရှိ

    လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်နဲ့ မြန်မာနိုင်ငံကို အိုင်စီဂျေတရားရုံးမှာ ဂမ်ဘီယာနိုင်ငံက စွဲဆိုထားတဲ့အမှုကို ဖေဖော်ဝါရီ ၂၁ ရက်မှာ ကြားနာဖို့ရှိပြီး အဲဒီရုံးချိန်းမှာ စစ်ကောင်စီရဲ့ကိုယ်စားလှယ်က ခုခံချေပဖို့ရှိတယ်လို့ ဂမ်ဘီယာဘက်က ရှေ့နေအဖွဲ့ကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။

    ဒီအမှုအတွက် ၂၀၁၉ ခုနှစ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နယ်သာလန်နိုင်ငံ၊ သည်ဟိဂ် မြို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေမှာ သွားရောက်ခုခံချေပခဲ့တာဖြစ်ပါတယ်။

    မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး (ICJ) မှာ လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့အမှုကို လာမဲ့ ဖေ‌ဖော်ဝါရီလ ၂၁ ရက်နေ့ ကြားနာဖို့ရှိတယ်လို့ ဂမ်ဘီယာရှေ့နေချုပ် General Dawda Jallow ကို ကိုးကားပြီး ရိုက်တာသတင်းတစ်ပုဒ်မှာ ဇန်နဝါရီ ၁၄ ရက်နေ့က ဖော်ပြထားပါတယ်။

    ၂၀၁၉ ခုနှစ် ပထမအကြိမ်ကြားနာမှုမှာ မြန်မာနိုင်ငံကိုယ်စားပြုပြီး ဦးဆောင်ချေပခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေရာမှာ တရားဝင် လူစားထိုးပြောင်းလဲထားပြီးပြီလို့ ဂမ်ဘီယာရှေ့နေချုပ်က ပြောပါတယ်။

    ICJ အမှုကိုရင်ဆိုင်ဖို့ ဆိုပြီး စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် ဇွန်လမှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ကော်မတီတစ်ရပ်ကိုဖွဲ့စည်းခဲ့ပြီး အဲဒီအဖွဲ့ထဲမှာ အိုင်စီဂျေကို သွားရောက်တရားရင်ဆိုင်ခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လိုက်ပါခဲ့တဲ့ လက်ရှိစစ်ကောင်စီခန့် ရှေ့နေချုပ် ဒေါက်တာသီတာဦးလည်း ပါဝင်ပါတယ်။ စစ်ကောင်စီရဲ့ကိုယ်စားလှယ်က အမှုကိုခုခံချေပဖို့ရှိတယ်လို့ဆိုပေမယ့် ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ရုံးချိန်းကို လူကိုယ်တိုင် တက်ရောက်ပြီး တချို့ကတော့ အွန်လိုင်းကနေ တက်ရောက်တဲ့ Hybrid ပုံစံစီစဉ်ထားတယ်လို့ ဂမ်ဘီယာရှေ့နေချုပ်ကိုကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။

    ဒါနဲ့ပတ်သက်လို့ဘီဘီစီက နိုင်ငံခြားရေးဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး ပြန်လည်ဖြေကြားတာတော့မရှိသေးပါဘူး။ ရုံးချိန်းနဲ့ပတ်သက်လို့အိုင်စီဂျေတရားရုံးဘက်ကတော့ ဖြေကြားဖို့ငြင်းဆန်တယ်လို့ ရိုက်တာက ဆိုပါတယ်။

    မြန်မာက လူမျိုးတုံးသတ်ဖြတ်မှု တားဆီးတဲ့ ဂျီနိုဆိုက် ကွန်ဗန်းရှင်းကို ချိုးဖောက်တယ်ဆိုပြီး ကြားဖြတ်အစီအမံတွေ ချမှတ်ပေးဖို့ ဂမ်ဘီယာနိုင်ငံက ကုလသဂ္ဂရဲ့ အမြင့်ဆုံးတရားရုံး အိုင်စီဂျေမှာ တောင်းဆိုထားတာကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်မှာ အိုင်စီဂျေတရားရုံးက မြန်မာက ဆောင်ရွက်ရမယ့် ကြားဖြတ် အစီအမံ အချက်လေးချက်ကို ဆုံးဖြတ်ချမှတ်ခဲ့ပါတယ်။

    အဲဒါတွေကတော့ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုက အကာအကွယ်ပေးဖို့၊ မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက လူမျိုးတုံးသတ်ဖြတ်မှုတွေ မလုပ်ဖို့၊ သက်သေ အထောက်အထားတွေ မပျက်စီးအောင် ထိန်းသိမ်းဖို့ နဲ့ အပြီးသတ် အမိန့်မချမချင်း ခြောက်လတစ်ကြိမ် အစီရင်ခံစာတင်သွင်းဖို့တို့ ဖြစ်ပါတယ်။ အဲဒီအစီရင်ခံစာ ခြောက်လတစ်ကြိမ်တင်သွင်းတာကို စစ်ကောင်စီက ပြုလုပ်နေတယ်လို့နီးစပ်တဲ့သတင်းရင်းမြစ်ကို ကိုးကားပြီး ရိုက်တာကဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာတွေကိုတော့ ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်ကတည်းက အများပြည်သူကိုထုတ်ပြန်တာ မရှိခဲ့ပါဘူး။

    Aung San Suu Kyi, ICJ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  2. လေကြောင်းပစ်ခတ်မှုကြောင့် ဒီပဲယင်းအရှေ့ခြမ်းမှာ စစ်ရှောင်ရွာတွေထပ်တိုး၊ စစ်ရှောင်သောင်းချီ ရှိလာ, မူလ စစ်ရှောင်ရွာတွေပါ ပစ်ခတ်ခံရလို့နေရာရွှေ့ပြီးထပ်မံတိမ်းရှောင်ကြရ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းအရှေ့ခြမ်းက ကျေးရွာတွေအနီးမှာ မနေ့ ဇန်နဝါရီ ၁၄ ရက်နေ့နေ့လယ်ပိုင်းက စစ်ကောင်စီကလေကြောင်းနဲ့ပစ်ခတ်မှုတွေလုပ်ခဲ့တာကြောင့် အနီးတဝိုက်ကျေးရွာတွေဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။

    ဒီပဲယင်းအရှေ့ခြမ်းက ယဉ်ချင်းကျေးရွာဘုန်းတော်ကြီးကျောင်းအနီးကို မနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီဘက်က ရဟတ်ယာဉ်တွေနဲ့ ပျံဝဲပြီး ပစ်ခတ်မှုလုပ်ခဲ့တာကြောင့် ယဉ်ချင်းရွာအပါအဝင် အနီးအနားကရွာသား ၁၅၀၀၀ ဝန်းကျင်လောက် ဘေးလွတ်ရာ ပြေးခဲ့ကြရတယ်လို့စစ်ရှောင်အရေးကူညီပေးနေသူတွေကပြောပါတယ်။

    ‘’ ဒီပဲယင်းအရှေ့ခြမ်းမှာက အရင်ကတည်းက စစ်ရှောင်နေရတဲ့ရွာတွေရှိတယ်။ အခုတခါ ပစ်ခတ်မှုနဲ့ဆိုရွာပေါင်း ၁၀ ရွာလောက်ရှိသွားပြီ။ အခုဆိုရင်လေယာဉ်နဲ့ပစ်တာဆိုတော့ပိုဆိုးတာပေါ့။ ကျွန်တော်တို့ယူနိုင်တာက ကျွန်တော်တို့ခန္ဓာကိုယ်နဲ့အသက်လွတ်မြောက်ဖို့ပဲဆိုတော့ ဒီတခါပိုဆိုးတယ်။ အရင်ကဖြစ်ခဲ့တာက စစ်ကြောင်းထိုးလာတာသိတော့ ရှောင်နေတာ။ အခုက အေးအေးချမ်းချမ်းဖြစ်နေတဲ့အချိန်ဝင်ပစ်ခံရတာ။ ရုတ်တရက်ပြေးလာရတော့ လူဦးရေကအရမ်းများတယ်။ ဘယ်အချိန်ပြီးမှာလဲမသိဘူး။ တပ်စွဲမှာလားလည်းမသိဘူး။ ကျွန်တော်တို့ကို ကူညီပေးလက်ခံပေးထားတဲ့ရွာက ထပ်စစ်ရှောင်ရတယ်။ စစ်ရှောင်နေတဲ့ရွာက စစ်ရှောင်ထပ်ဖြစ်ကုန်တယ်’’လို့ ဒေသခံတစ်ဦးလည်းဖြစ်၊ ဒီပဲယင်းမြို့နယ်စစ်ရှောင်ကူညီထောက်ပံ့ရေးအဖွဲ့ကတာဝန်ရှိသူလည်းဖြစ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီပဲယင်းအရှေ့ဘက်ခြမ်းမှာတော့ ပြီးခဲ့တဲ့ လတွေမှာ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားထိတွေ့တိုက်ပွဲတွေလည်းရှိခဲ့ဖူးပြီး ရွာအတွင်းစစ်ကောင်စီတပ်တွေဝင်ရောက်ပစ်ခတ်တာ ကြောင့်အရပ်သားသေဆုံးမှုတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေနဲ မိသားစုဝင်တွေကိုပြောဆိုထားခဲ့ပါတယ်။

    ဒါ့အပြင် ဒီပဲယင်းအရှေ့ခြမ်းဘက်ကရွာတွေကို စစ်ကောင်စီဘက်က လေကြောင်းနဲ့ပစ်ခတ်မှုတွေလုပ်ခဲ့တာအခုတကြိမ်နဲ့ဆို ၃ ကြိမ်ရှိပြီလို ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ရွာတွေအနီးလေကြောင်းပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိခဲ့ပါဘူး။ လက်ရှိမှာတော့ ဒီပဲယင်းအရှေ့ခြမ်းမှာ စစ်ရှောင်ရွာပေါင်း ၁၀ ရွာ ဝန်းကျင်လောက်ရှိနေပြီး ဒေသခံတွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့အနွေးထည်၊ စောင် စတာတွေ အရေးပေါ် လိုအပ်နေတယ်လို့လည်း စစ်ရှောင်ကူညီပေးနေသူတွေကပြောပါတယ်။

    Depayin, Sagaing, Jan 15

    ဓာတ်ပုံ ရင်းမြစ်, CJ

  3. မြစ်ကြီးနားနဲ့အနီးတဝိုက်မှာ စစ်ကောင်စီထုတ်ကုန်တွေ ရောင်းချမှုမရှိသလောက် ဖြစ်နေတယ်လို့ ဒေသခံတွေပြော

    မြစ်ကြီးနားခရိုင်အတွင်း မြန်မာဘီယာအပါအဝင် စစ်ကောင်စီနဲ့ သူ့ရဲ့ကျောထောက်နောက်ခံ အကျိုးတူပူးပေါင်းဆောင်ရွက်နေတဲ့ ကုန်အမှတ်တံဆိပ်တွေကို ဈေးဆိုင်တွေမှာ မရောင်းချဖို့နဲ့ ကား၊ ဆိုင်ကယ် ယာဉ်အမျိုးမျိုးတွေနဲ့ သယ်ယူ ပို့ဆောင်တာတွေ မပြုလုပ်ဖို့ မြစ်ကြီးနား ကေအိုင်အိုခရိုင်ရုံးက ဇန်နဝါရီ လဆန်းပိုင်းမှာထုတ်ပြန်ထားတာပါတယ်။

    အဲဒီလိုထုတ်ပြန်ခဲ့တဲ့နောက် မြစ်ကြီးနားမြို့နဲ့အနီးတဝိုက် ဈေးဆိုင်နဲ့ကုန်စုံဆိုင်တွေမှာ အဲဒီကုန်အမှတ်တံဆိပ်ပါ ပစည်းတွေရောင်းချမှုမရှိသလောက်ဖြစ်သွားတယ်လို့ အရောင်းအဝယ် သမားတွေက ပြောပါတယ်။ “စာ(ကေအိုင်အိုထုတ်တဲ့စာကိုဆိုလို) ကတော့ ဆိုင်ကိုတော့မရောက်ဘူး။ ဒါပေမဲ့ သတင်းမှာကြားလို့ အခု ကျွန်မတို့က မရောင်းတော့ဘူး။ မရောင်းတော့ဘူး ဆိုတော့ ကျန်တာတွေလည်း သူများကိုပေးလိုက်တယ်။ ပေါပေါနဲ့ပေးလိုက်တယ်။ အခုကလုံးဝမရှိတော့ဘူးး အရင်က စစ်ကောင်စီထုတ်မှန်း မသိလို့ရောင်းတာ အခုက စစ်ကောင်းစီနဲ့အကျိုးတူ စီပွားဖြစ်လို့မရောင်းတော့ဘူး” လို့ မြစ်ကြီးနား- မြစ်ဆုံ-ပူတာအို လမ်းမှာ ဈေးဆိုင်ဖွင့်ထားတဲ့ ဆိုင်ရှင်တစ်ဦးကပြောပါတယ်။

    မြစ်ကြီးနား-မြစ်ဆုံ လမ်းတစ်လျှောက်က တချို့ဆိုင်တွေကတော့ ကေအိုင်အိုရဲ့ အသိပေး ကြေညာချက်စာကို ရရှိကြသလို တချိုကတော့ သတင်း မှာ သိလို့ မရောင်းကြတာလို့လည်း ပြောကြပါတယ်။ အဲဒီထုတ်ပြန်ချက်က အစစ်အမှန်ဖြစ်ကြောင်း ကေအိုင်အို ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူကလည်းအတည်ပြုထားပါတယ်။

    ကချင်ပြည်နယ်မှာသာမက KIO/KIA နဲ့ မဟာမိတ်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA လှုပ်ရှားတဲ့ ရှမ်းပြည်နယ်အတွင်းကဒေသတချို့မှာလည်း စစ်တပ်ထုတ်ကုန်တွေကိုမရောင်းချဖို့ လိုက်လံအသိပေးတာ၊ စစ်တပ်ထုတ်ကုန်တွေကို ဖျက်ဆီးတာတွေလည်း ပြုလုပ်နေတာတွေ့ရပါတယ်။

    KIO.KIA

    ဓာတ်ပုံ ရင်းမြစ်, Social Media

  4. အာဆီယံနဲ့ မတိုင်ပင်ဘဲသွားတဲ့ ဟွန်ဆန်ခရီးစဥ်ကို စိုးရိမ်တယ်လို့ မလေးရှားပြော

    အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ အရင် မတိုင်ပင်မဆွေးနွေးဘဲ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ခရီးစဥ်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေရှိတယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောခဲ့ပါတယ်။

    ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ခရီးစဥ်နဲ့ ပတ်သက်ပြီး မြန်မာ စစ်ကောင်စီကို အသိအမှတ်ပြုသလို ဖြစ်သွားနိုင်တယ်လို့ ဝေဖန်သူတွေကလည်း ပြောနေပါတယ်။

    ကမ္ဘောဒီးယား အစိုးရ ခေါင်းဆောင်အနေနဲ့ မြန်မာနိုင်ငံကို သွားနိုင်တဲ့ အခွင့်အရေး ရှိတယ်ဆိုတဲ့ သဘောထား မလေးရှား အနေနဲ့ ရှိပါတယ်၊ ဒါပေမဲ့ ကမ္ဘောဒီးယားကို အာဆီယံ ဥက္ကဋ္ဌအဖြစ် သဘောထားကြပြီး ဖြစ်တာကြောင့် မြန်မာကို မသွားခင် တခြား အာဆီယံ ခေါင်းဆောင်တွေနဲ့ တိုင်ပင်ပြီး သူတို့အမြင်တွေကို မေးခဲ့ဖို့ကောင်းတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွစ်ဆရီ ဆာအိဖက်ဒင် အဘ္ဘဒူလာက ပြောပါတယ်။

    မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကို အာဆီယံနိုင်ငံတွေထဲက အင်ဒိုနီးရှား၊ စင်ကာပူနဲ့ ဖိလစ်ပိုင်နိုင်ငံတိုက ပြင်းပြင်းထန်ထန် ဝေဖန်ထားကြပြီး မလေးရှားလည်း ဒီထဲမှာ ပါဝင်ပါတယ်။

    အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ လာမယ့် သီတင်းပတ်မှာ ကမ္ဘောဒီးယားမှာ ဆွေးနွေးကြဖို့ရှိပေမဲ့ အဲဒီအစည်းအဝေးကို ရွှေ့ထားလိုက်ရပါပြီ။

    ဒါပေမဲ့ ဒီလိုရွှေ့လိုက်ရတာဟာ မြန်မာ့အရေးကြောင့်ဆိုတာထက် အခမ်းအနား အစီအစဥ်တွေနဲ့ ကိုရိုနာဗိုင်းရပ်စ်အရေးကိစ္စတွေကြောင့် ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ဖော့ပြောသွားပါတယ်။

    မြန်မာ့အရေးအာဆီယံ သဘောတူညီချက် ငါးရပ် အကောင်အထည် ဖော်ဖို့ မနှစ် ဘရူနိုင်းနိုင်ငံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်စဥ်ကတည်းက ဆောင်ရွက်နေခဲ့ပေမဲ့ ခက်ခဲနေခဲ့ပါတယ်။

    အာဆီယံ အထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မပေးခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလက ကျင်းပခဲ့တဲ့ အာဆီယံ အစည်းအဝေးကို စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ဘဲ ထားခဲ့ပါတယ်။

    ဒါပေမဲ့ ဟွန်ဆန်ကတော့ သူ့ရဲ့ မြန်မာခရီးစဥ်က အပြုသဘောဆောင်တဲ့ အကျိုးဆက်ရှိနိုင်တယ်လို့ အခိုင်အမာ ပြောထားပါတယ်။

    မလေးရှားနိုင်ငံခြားဝန်ကြီး

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  5. ဒေါက်တာဇော်မြင့်မောင် အဂတိမှုရုံးချိန်း တရားလိုပြသက်သေကိုစစ်

    မန္တလေးတိုင်း အစိုးရအဖွဲ့ဝင်တွေထဲက ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ကို အဂတိလိုက်စားမှုနဲ့ စွဲဆိုထားတဲ့ ဇန်နဝါရီ ၁၄ ရက် ရုံးချိန်းမှာ တရားလိုပြသက်သေကို စစ်ဆေးပါတယ်။

    ဒါ့အပြင် ဒေါက်တာဇော်မြင့်မောင်ဟာ ဗုဒ္ဓဟူးနေ့တိုင်း ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အမှုနှစ်ခုကို တရားရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ အမှုလိုက်ပါဆောင်ရွက်နေတဲ့ တရားရုံးအသိုင်းဝိုင်း ရှေ့နေတစ်ဦးက ပြောပါတယ်။

    သူဟာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာလို့ ထောင်ဆေးရုံကနေ မနေ့က ဆင်းခဲ့ပြီဖြစ်ပေမဲ့ ချုပ်ထားတဲ့တိုက်မှာပဲ ကင်ဆာရောဂါကို ဆေးသွင်းကုသနေရဆဲဖြစ်ပါတယ်။

    ဒေါက်တာဇော်မြင့်မောင်ဟာ ပုဒ်မ ၅၀၅ (ခ) နဲ့ သဘာဝဘေး အမှုနှစ်ခုအတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ရက်နေ့မှာ ထောင်လေးနှစ် ချမှတ်ခံထားရပါတယ်။

    လက်ရှိအချိန်ထိ အဂတိအမှု ၅မှုနဲ့ ရွေးကောက်ပွဲအမှု ၂ ခု အတွက် ဆက်လက် တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

    မန္တလေး အိုးဘိုအကျဉ်းထောင် အထူးတရားရုံးမှာ တိုင်းအစိုးရအဖွဲ့ ဝန်ကြီး၊ စည်ပင်ကော်မတီဝင်နဲ့ NLD ပါတီထိပ်ပိုင်းခေါင်းဆောင်တွေဟာ အပတ်စဉ်အလိုက် ရုံးထုတ်စစ်ဆေးတာတွေ ရှိနေပါတယ်။

    ဒေါက်တာဇော်မြင့်မောင်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  6. ချင်းပြည်နယ်မှာ ဒီရက်ပိုင်း တိုက်ပွဲငယ်တွေ ဆက်တိုက်ရှိနေ

    ချင်းပြည်နယ် မြောက်ပိုင်းကော တောင်ပိုင်းပါ တိုက်ပွဲတွေက ခပ်စိပ်စိပ် ပြန်ဖြစ်လာနေပြီး မနေ့ကနဲ့ ဒီကနေ့မှာတော့ ကလေးနဲ့ တီးတိန်ကြားက ရွာတွေမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတာကြောင့် နေအိမ်တွေမီးရှို့ ခံခဲ့ရသလို တိုက်ပွဲငယ်တွေလည်း ဆက်တိုက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ်ထဲကို ရောက်လာတဲ့ စစ်ကောင်စီတပ်ကို ဒေသ ကာကွယ်ရေးတပ်တွေပူးပေါင်း တိုက်ပွဲ ဆင်နေချိန်မှာ ဒီကနေ့မှာတော့ ဟိန်ဇိန်းရွာမှာ ရွာသား ၁ ဦး ရဲ့ဖုန်းကို တောင်းယူကြည့်ပြီး ပစ်ခတ်လို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

    အဲဒီအနားတဝိုက်မှာ တိုက်ပွဲအနည်းငယ်လည်း ဖြစ်ခဲ့ပုံရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီလ ၁၁ ရက်နေ့လောက်က စပြီး တီးတိန်မြို့နယ်ကို ကလေးမြို့ကနေ တက်လာခဲ့တာဖြစ်ကြောင်း၊ မနေ့ကတေ့ာ ထေးဇန် ရွာမှာ စခန်းချရာကနေ အဲဒီရွာနားမှာပဲ တိုက်ပွဲဖြစ်လို့ စစ်ကောင်စီဘက်က ၇ ဦးသေဆုံးပြီး ထေးဇန်ရွာ ကော်ဖီခြံက အိမ်သုံးလုံးဟာ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်စီးတာ ခံခဲ့ရတယ်လို့ ဒေသခံ ချင်းကာကွယ်ရေး တပ်တွေဘက်ကထုတ်ပြန်ထားပါတယ်။

    သေဆုံး ဒဏ်ရာရမှုတွေကို သီးခြားအတည်ပြုနိုင်တာ မရှိသေးဘဲ လတ်တလော တိုက်ပွဲ အခြေအနေတွေကို စစ်ကောင်စီဘက်ကလည်း ထုတ်ဖော်ပြောကြားထားတာ မရှိသေးပါဘူး။

    အခုလက်ရှိ တက်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒီကနေ့မှာတော့ ဟိန်ဇိန်းမှာ စခန်းချ မယ်လို့ ယူဆရပြီး ဒေသခံ ကာကွယ်ရေးတပ်တွေနဲ့ ပစ်ခတ်ထိတွေ့မှုတွေလည်းရှိလာနိုင်တဲ့အတွက် ဒေသခံ ကာကွယ်ရေးဘက်က ခရီးမသွားလာဖို့ တားမြစ် သတိပေးတာတွေ ထုတ်ပြန်ထားပါတယ်။

    တီးတိန်

    ဓာတ်ပုံ ရင်းမြစ်, Google Maps

  7. ဘုတလင်နယ်မှာ ခရီးသည်ယာဉ်တစ်စီး လက်နက်ကြီးနဲ့ အပစ်ခံရပြီး အမျိုးသမီး ၆ ဦးဒဏ်ရာရ

    စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ဘုတလင်-ကနဲ လမ်းမှာ ဇန်နဝါရီလ ၁၄ ရက်နေ့ နေ့လယ် ၁နာရီခန့်က ရန်ကုန်က ပြန်လာတဲ့ ခရီးသည်တွေလိုက်ပါလာတဲ့ ယာဉ်တစ်စီး လက်နက်ကြီးနဲ့ ထိမှန်ပြီး အမျိုးသမီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    သူတို့ကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီးတော့ ဘာကြောင့်ပစ်ခတ်တယ်ဆိုတာမသိရဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

    ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုပြောဆိုထားတာတွေ မရှိသေးသလို အဲဒီဒေသဘက်က ဒီကနေ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီကလည်း သတင်းထုတ်ပြန် ပြောဆိုတာတွေ မတွေ့ရသေးပါဘူး။

    ပစ်ခတ်ခံရတဲ့ ခရီးသည်တင်ယာဥ်ဟာ လိုက်ထရပ် အမျိုးစားဖြစ်ပြီး ခရီးသည် ၂၀ ဦးခန့်လိုက်ပါလာကြောင်း ရန်ကုန်ကနေ ဇာတိရွာကို စုပြီးပြန်လာတဲ့ ကားဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဒဏ်ရရသူ အမျိုးသမီး ၆ဦး အနက် နှစ်ဦးမှာ အလွန်စိုးရိမ်ရတယ်လို့ အဲဒီကားပေါ် ပါလာတဲ့ ခရီးသည်က ပြောတယ်လို့ သိရပါတယ်။

    စိုးရိမ်ရတဲ့ နှစ်ဦးမှာ တစ်ဦးကတော့ ခုချိန်ထိ သတိမရသေးဘူးလို့ ပြောပါတယ်။

    စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီ ယာဥ်တန်းတွေကို ဒေသခံ ကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်တာတွေရှိပြီးတော့ ဇန်နဝါရီလ ၁၂ ရက်က စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်က ကူတော်ရဲကင်းစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်မှုဖြစ်ခဲ့တယ်လို့ ကူတော်ရွာခံတချို့ဆီကနေ သိရပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  8. ရဟတ်ယာဉ်ငှားရမ်းမှုနဲ့ပတ်သက်လို့ သမ္မတနဲ့အတိုင်ပင်ခံတို့ကိုစွဲဆိုထားတဲ့အဂတိအမှုတွေ တရားရုံးစရောက်

    ရဟတ်ယာဉ်ငှားရမ်းမှုနဲ့ ပတ်သက်ပြီး သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ကောင်စီက နောက်ထပ် အဂတိမှု ၅ မှု ထပ်တိုးစွဲဆိုထားပြီး ဒီအမှု ငါးမှုကို ဒီနေ့ ဇန်နဝါရီ ၁၄ ရက်မှာ နေပြည်တော်အထူးတရားရုံးမှာ စတင်ခေါ်ယူခဲ့ပါတယ်။

    ဒီအမှုသစ်ငါးမှုအတွက် ရှေ့နေကိုယ်စားလှယ်ပါဝါကို တင်ရဖို့ရှိပေမယ့် ဘယ်သူက ဘယ်အမှုတွေကို ခွဲဝေတာဝန်ယူမလဲဆိုတာ တိုင်ပင်နေဆဲဖြစ်တာကြောင့် ရှေ့နေပါဝါတွေမတင်ဖြစ်ခဲ့ဘဲ နောက်တစ်ကြိမ်ရုံးချိန်းကို ဇန်နဝါရီ ၂၁ ရက်ကို ပြန်လည်ချိန်းဆိုထားတယ်လို့သိရပါတယ်။

    ဒီအမှုငါးမှုမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့နဲ့အတူ လူကယ်ပြန်ဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေးကိုပါ ပူးတွဲစွဲဆိုထားတာဖြစ်ပါတယ်။

    the ousted leaders Aung San Suu Kyi and Win Myint

    ဓာတ်ပုံ ရင်းမြစ်, Social Media

    ဒါ့အပြင် စစ်ဆေးလက်စ အမှုတွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းကို စွဲဆိုထားတဲ့ အဂတိမှု ၂ မှုနဲ့ ဒေါက်တာမျိုးအောင်၊ ဦးရဲမင်းဦး၊ ဦးမင်းသူတို့နဲ့အတူ ပူးတွဲစွဲဆိုထားတဲ့ အဂတိမှု ၃ မှု စုစုပေါင်းငါးမှုကိုလည်း ဒီနေ့ ရုံးချိန်းမှာ စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။

    အဲဒီထဲက ၃ မှုအတွက် စစ်ကောင်စီဘက်ကတင်တဲ့ တရားလိုပြသက်သေအဖြစ် ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်ခင်မာချိုကို စစ်ဆေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့ဘက်ကလည်း သက်သေကို ပြန်လှန်စစ်မေးခဲ့တယ်လို့သိရပါတယ်။

    နောက်တစ်ကြိမ်ရုံးချိန်းမှာတော့ရင်ဆိုင်လက်စ အဂတိမှု လေးမှုအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဒေါက်တာသန့်သော်ကောင်းကို တရားလိုပြသက်သေအဖြစ် စစ်ဆေးမယ်လို့တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။

  9. စစ်ကောင်စီက DKBA ဗိုလ်စလုံး စခန်းကို လေးရက်ဆက်တိုက် လက်နက်ကြီးတွေနဲ့ပစ်ခတ်၊ လေကြောင်းကနေလည်းတိုက်, ဗိုလ်စလုံးစခန်း ဆုတ်ခွာလိုက်ရတယ်လို့ DKBA ဘက်က ပြောကြား

    စစ်ကောင်စီက ဒီနေ့ ဇန်နဝါရီ ၁၄ ရက် မနက်ပိုင်း ၈ နာရီခန့်ကစလို့ သောင်ရင်းမြစ်ကမ်းအနီး ဖလူးလေးကျေးရွာမှာ ရှိတဲ့ DKBA တပ်ဖွဲ့ ဗိုလ်စလုံး စခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်သလို ရဟတ်ယာဉ် ၂စီးနဲ့လည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် စခန်းကို ဆုတ်ခွာလိုက်ရတယ်လို့ DKBA တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    DKBA, Jan 14

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ သောင်ရင်းမြစ်ဘေးက ဗိုလ်စလုံးတို့ ဖွင့်ထားတဲ့ ယာယီစစ်ရှောင်စခန်း

    အဲဒီစခန်းဟာ လေးကေကော်ဒေသအတွင်း တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လာရတဲ့ဒေသခံတွေကို ယာယီစစ်ရှောင်စခန်းအဖြစ် DKBA က စီစဉ်ပေးထားတဲ့ စခန်းလည်းဖြစ်ပြီး အဲဒီစခန်းရှိရာဘက်ကို စစ်ကောင်စီက လေးရက်ဆက်တိုက်ခုလို ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်သလို ရဟတ်ယာဉ် ၂စီးနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒီနေ့ မွန်းလွဲ ၂ နာရီမှာ စခန်းကို ဆုတ်ခွာပေးခဲ့ရကြောင်း DKBA က ဆိုပါတယ်။ “မနက်၈နာရီ လောက်ကတည်းက အလုံးကြီး တွေ မနားတမ်းပစ်ပစ်ကူပေးပြီး စစ်ကြောင်းကမြေပြင်ကနေ တက်လာတယ်။ DKBA/KNLA /PDF ပူးပေါင်းတပ်တွေက မိုင်းတွေ တားထားတာ (စစ်ကောင်စီတပ်တွေ)ထိမိပြီး စစ်တပ်တွေ ရှေ့ တိုး မလာရဲ ကြဘူး ဖြစ်နေချိန်မှာ ရဟတ်ယာဉ် နဲ့ ဗုံးချတယ်။ စက်သေနတ်နဲ့ ရဟတ်ယာဉ်ပေါ်က ပစ်တာကြောင့် DKBA ဗိုလ်စလုံး စခန်းကို အခု နေ့လယ် ၂ နာရီ လောက်မှာ ဆုတ်ပေးပြီး ဆက်တိုက်ပွဲ ဖြစ်နေတုန်း ပါပဲ” လို့ DKBA တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

    လက်ရှိမှာ တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်ဒဏ်ရာရတာတွေရှိပြီး စစ်ကောင်စီဘက်ကတော့ KNLA,DKBA,PDF ပူးပေါင်းအဖွဲ့တွေ ထောင်ထားတဲ့မိုင်းထိမှန်လို့သေဆုံးသူတချို့ရှိတယ်လို့လည်း ဆိုပါတယ်။

  10. တိုက်ပွဲမရှိတဲ့ ဒီပဲယင်း အရှေ့ခြမ်းနဲ့ ရေဦး၊ ခင်ဦးမြို့နယ်ဘက်က ကျေးရွာတွေအနီး စစ်ကောင်စီလေကြောင်းကနေ တိုက်ခိုက်

    စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းနဲ့ ရေဦးမြို့နယ်၊ ခင်ဦးမြို့နယ်တွေဘက်က ကျေးရွာတွေအနီးမှာ ဒီကနေ့ဇန်နဝါရီ ၁၄ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်တွေက လေကြောင်းပစ်ခတ်မှုတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဒီကနေ့ မွန်းလွဲ ၁၂ နာရီဝန်းကျင်မှာ ဒီပဲယင်းမြို့နယ်ထဲက ယဉ်ကျေးရွာအနီးမှာ ရဟတ်ယာဉ်နဲ့ပစ်ခတ်မှု လုပ်ခဲ့သလို ရေဦးမြို့နယ် ကုန်းကြီးကျေးရွာနဲ့ ခင်ဦးမြို့နယ် သဲကုန်းကြီးကျေးရွာတွေဘက်မှာ အချိန်အနည်းငယ်သာခြားပြီး အလားတူပစ်ခတ်မှုတွေလုပ်ပြီး စစ်ကောင်စီတပ်အင်အားတချို့ တပ်ချထားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    "ဒီပဲယင်း၊ ယဉ်ကျေးရွာနားက ဘောလုံးကွင်းမှာ ပစ်တာ။ နားလိုက်ပစ်လိုက်လုပ်ပြီးမှ တပ်စခန်းလာချသွားတယ်။ ရွာသားတွေကတော့ ပစ်သံကြားတော့ ပြေးကြပုန်းကြပေါ့။ ထိခိုက်မှုကတော့ လောလောဆယ်အထိမကြားရသေးဘူး” လို့ ဒီပဲယင်းဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    လက်ရှိမှာတော့ ဒီပဲယင်းအရှေ့ခြမ်းဘက်က ယဉ်ကျေးရွာ အတွင်းမှာ ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေချိန် ရွာအတွင်းမီးခိုးလုံးတွေထွက်ပေါ်နေပြီး မီးလောင်နေတဲ့အနေအထားကိုတွေ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။

    ဒီကနေ့ လေကြောင်းပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့ ကျေးရွာတွေအနီးမှာတော့ အခုရက်ပိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေမရှိခဲ့ဘူးလို့လည်း ဒေသခံတွေကပြောပါတယ်။ စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေအနီးမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ရှိခဲ့ပေမယ့် ဒါတွေနဲ့ပတ်သက်လို့သတင်းထုတ်ပြန်တာမရှိခဲ့ပါဘူး။

    ဒီပဲယင်းမြို့နယ်

    ဓာတ်ပုံ ရင်းမြစ်, Cj

  11. လွိုင်ကော်မြို့ပေါ်ကနေ ရှမ်းပြည်နယ်တောင်ပိုင်းကို စစ်ရှောင်သူတွေဆက်တိုက်ရှိနေ, ဆီဆိုင်မြို့ဘက်ကို နေ့စဉ် ကားအစီးရေ ၂၀၀ လောက်နဲ့ ဝင်ရောက်လာ

    ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင်းမှာ ဇန်နဝါရီလ ပထမပတ်အတွင်းဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် လွိုင်ကော်မြို့ပေါ်ရပ်ကွက်တွေမှာ လက်နက်ကြီးထိမှန်မှုတွေနဲ့ လူသေဆုံးမှုတွေရှိပြီးနောက်ပိုင်း ဒေသခံတွေဟာ ဘေးလွတ်ရာကိုဆက်တိုက် စစ်ဘေးတိမ်းရှောင်နေကြပါတယ်။

    ကယားပြည်နယ်အတွင်း ဒီးမော့ဆိုမြို့ဘက်က စစ်ရှောင်စခန်းတွေဆီကို သွားရောက် စစ်ဘေးရှောင်တဲ့ ဒေသခံတွေရှိသလို ရှမ်းပြည်နယ်တောင်ပိုင်းဘက်ကိုလည်း အများစုရွှေ့ပြောင်းနေထိုင်ကြတယ်လို့ဒေသခံလူမှုအဖွဲ့အစည်းတွေကပြောပါတယ်။ အခုလို လွိုင်ကော်ဘက်ကစစ်ဘေးရှောင်လာသူတွေကို ညောင်ရွှေ၊ တောင်ကြီး၊ ပင်လောင်းနဲ့ ဆီဆိုင် စတဲ့ မြို့တွေမှာ စစ်ဘေးရှောင်စခန်းတွေထားပေးပြီး ဖြန့်ကျက်လက်ခံထားပြီး ဆီဆိုင်မြို့ထဲကို စစ်ဘေးရှောင်သူကတော့ အရေအတွက်အများဆုံးဖြစ်တယ်လို့ စစ်ရှောင်ကူညီပေးနေသူတွေကပြောပါတယ်။

    “ဆီဆိုင်ဘက်က ကူညီပေးသူတွေကတော့ လွိုင်ကော်ဘက်ကို တစ်နေ့ကို ကား အစီး ၂၀ ကျော်လောက်နဲ့ကူညီရွှေ့ပြောင်းပေးတယ်။ သူတို့ကိုယ်တိုင်ငှားလာတဲ့ကားတွေနဲ့လည်း လာကြတော့ တနေ့ကို ကားအစီးရေ ၂၀၀ လောက် ဆီဆိုင်ဘက်ကိုဝင်တယ်။ အစကတော့ မြို့ပေါ် ဘုန်းတော်ကြီးကျောင်းတွေမှာနေရာချထားပေးပေမယ့် တဖြည်းဖြည်း များလာတော့ ရွာပတ်လည်ကဘုန်းတော်ကြီးကျောင်းတွေမှာ ထပ်နေရာချပေးထားတယ်” လို့ ဆီဆိုင်မြို့ပေါ်က စစ်ဘေးရှောင်တွေအရေး ကူညီပေးနေသူက ဘီဘီစီကိုပြောပါတယ်။

    လွိုင်ကော်မြို့တွင်းမှာတော့ မနေ့ဇန်နဝါရီ ၁၃ ရက်အထိ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေး တပ်တွေကြား တိုက်ပွဲတွေဆက်ဖြစ်နေဆဲဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်တွေဘက်က ထုတ်ပြန်ထားသလို ဒေသခံတွေဟာလည်း ဆက်တိုက်ဆိုသလို ဘေးလွတ်ရာပြောင်းရွှေ့နေထိုင် နေကြတယ်လို့လူမှုကူညီရေးအသင်းတွေကပြောပါတယ်။

    ဒါ့အပြင် ခေတ္တပိတ်ထားခဲ့တဲ့ လွိုင်ကော်-ရှားတောလမ်းမကြီးကိုလည်း စစ်ဘေးရှောင် ပြည်သူတွေသွားလာရေးအခက်အခဲနဲ စားနပ်ရိက္ခာသယ်ယူရေးအခက်အခဲတွေကြောင့် ဒီကနေ့ ဇန်နဝါရီ ၁၄ ရက်နေ့မှာ ပြန်ဖွင့်ပေးလိုက်ပြီလို့ ကရင်နီအမျိုးသားများကာကွယ်ရေး KNDF ကလည်းထုတ်ပြန်ထားပါတယ်။

    ကယားပြည်နယ်

    ဓာတ်ပုံ ရင်းမြစ်, Kantarawaddy Times

  12. ကာလုံခေါ်ပြီး နောက်ထပ် ခြောက်လ အာဏာယူထားဖို့ စစ်ကောင်စီပြင်ဆင်

    ဇန်နဝါရီလကုန်မှာ တစ်နှစ်သက်တမ်းပြည့်မယ့် အရေးပေါ်အခြေအနေကြေညာချက်ကို အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ ကို တင်ပြပြီး သက်တမ်းတိုးမယ်လို့ ဒီကနေ့ဇန်နဝါရီ ၁၄ ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

    ‘’ကာလုံ ကို အခြေအနေတင်ပြပြီး သက်တမ်းတိုးနိုင်ဖို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်’’ လို့ သူက ပြောပါတယ်။

    Army Chief Min Aung Hlaing

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်အခြေအနေကြေညာချက်ကို သမ္မတက ကာလုံနဲ့ ညှိနှိုင်းပြီး နောက်ထပ် ခြောက်လ နှစ်ကြိမ် သက်တမ်းတိုးခွင့်ရှိနေသေးတာဖြစ်ပါတယ်။

    ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ သမ္မတ ဦးဝင်းမြင့်ကို ဖမ်းဆီးပြီး စစ်တပ်ကတင်မြှောက်ထားတဲ့ ဒု သမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတ အဖြစ် အရေးပေါ်အခြေအနေ တစ်နှစ် ကြေညာပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အာဏာလွှဲပေးခဲ့တာဖြစ်ပါတယ်။ ဒါကို ပြည်တွင်းပြည်ပက အာဏာသိမ်းမှုလို့ရှုမြင်ပြီး စစ်တပ်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာထိန်းတယ်လို့ ပြောပါတယ်။

  13. အာဏာသိမ်းပြီးတဲ့နောက် ရန်ကုန်မြို့တွင်းပစ်ခတ်ဖောက်ခွဲမှု ၄၀၀၀ ကျော်ရှိခဲ့ပြီး PDF ၁၄၀၀ ကျော်ဖမ်းမိတယ်လို့စစ်ကောင်စီထုတ်ပြန်, စစ်ကောင်စီဘက်က ပစ်ခတ်မှုကြောင့် သေဆုံးစာရင်းကိုတော့ ထုတ်ပြန်ပြောဆိုသွားတာမရှိ

    ပြည်တွင်းမှာ အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းစစ်ကောင်စီတပ်တွေကို ပစ်ခတ်တိုက်ခိုက်မှုပေါင်း ၄,၀၀၀ ကျော်ရှိခဲ့ပြီး မြို့ပြပြောက်ကျားလှုပ်ရှားတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ၁,၄၀၀ ကျော်ကိုဖမ်းမိခဲ့တယ်လို့ ဒီနေ့ဇန်နဝါရီ ၁၄ရက်မှာ ပြုလုပ်တဲ့စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားပါတယ်။

    ဒီဖောက်ခွဲတိုက်ခိုက်မှုတွေကြောင့် နိုင်ငံဝန်ထမ်း ၁၉၂ ဦးနဲ့ပြည်သူ ၁၅၃၈ ဦး စုစုပေါင်း ၁၈၃၀ ယောက်သေဆုံးခဲ့တယ်လို့စစ်ကောင်စီသတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောဆိုသွားပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲမှာတော့ မြို့ပြပြောက်ကျားအဖွဲ့တွေရဲ့စစ်ကောင်စီဘက်ကို တိုက်ခိုက်မှုတွေကိုပဲ သတင်းထုတ်ပြန်သွားတာဖြစ်ပြီး စစ်ကောင်စီဘက်က ပစ်ခတ်မှုတွေနဲ့ အရပ်သားသေဆုံးမှုတွေနဲ့ပတ်သက်ပြီးပြောဆိုထုတ်ပြန်သွားတာရှိပါဘူး။

    ဒီသတင်းစာရှင်းလင်းပွဲမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာစစ်ကောင်စီက ဖမ်းဆီးသွားတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်ရဲ့ ရန်ကုန်မှာ ပြီးခဲ့တဲ့ ဧပြီလကစပြီးဖောက်ခွဲတိုက်ခိုက်မှုပေါင်း ၁၇၈ ကြိမ်လုပ်ခဲ့တယ်လို့ ထွက်ဆိုချက်တွေပါဝင်တဲ့ ရုပ်သံကို စစ်ကောင်စီက ထုတ်လွှင့်ပြသခဲ့ပါတယ်။

    ပြည်တွင်းမှာ အာဏာသိမ်းပြီးတဲ့နောက် ဆန္ဒပြပြည်သူတွေကို စစ်ကောင်စီဘက်ပစ်ခတ်နှိမ်နှင်းမှုတွေကြား သေဆုံးသူတွေ၊ ဖမ်းဆီးပြီးနောက်စစ်ကြောရေးမှာသေဆုံးမှုတွေအပြင် နှစ်ဖက်တိုက်ပွဲတွေကြား အရပ်သားတွေကို ပစ်ခတ်တိုက်ခိုက်ပြီးသေဆုံးမှုတွေရှိခဲ့တယ်လို့သက်ဆိုင်ရာမိသားစုဝင်တွေကပြောဆိုထားသလိုနိုင်ငံရေးအကျဉ်းသား များကူညီစောင့်ရှောက်ရေး အသင်း AAPP ရဲ့ထုတ်ပြန်ချက်အရ သေဆုံးသူ ၁၄၀၀ ကျော်ရှိနေတယ်လို့ထုတ်ပြန်ထားပါတယ်။

    စစ်ကောင်စီ

    ဓာတ်ပုံ ရင်းမြစ်, Getty Images-ပုံဟောင်း

  14. ကျည်ဆန်နဲ့ ဗုံးများ ကျရောက်မှုကြောင့် ထိုင်းက မြန်မာဘက်ကို သတိပေးပစ်ခတ်

    ကျည်ဆန်နဲ့ ဗုံးများ ကျရောက်မှုကြောင့် ထိုင်းက မြန်မာဘက်ကို သတိပေးပစ်ခတ်တယ်လို့ဘန်ကောက်ပို့စ် သတင်းဖော်ပြမြန်မာဘက်ခြမ်းက ပစ်ခတ်လိုက်တဲ့ သေနတ်ကျည်ဆန်တွေနဲ့ လက်ပစ်ဗုံးတချို့ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ထဲက ရွာတစ်ရွာထဲ ကျရောက်လာတာကြောင့် ထိုင်းစစ်တပ်က မြန်မာဘက်ခြမ်းကိုသတိပေးပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့ဘန်ကောက်ပို့စ် သတင်းက ဖော်ပြပါတယ်။

    ထိုင်းမြန်မာနယ်စပ် မြဝတီခရိုင်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့KNU နဲ့ မြန်မာစစ်တပ်တို့ကြား ဗုဒဟူးနေ့ညပိုင်းကစပြီး တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာခဲ့တယ်လို့ လည်း အဲဒီသတင်းက ဆိုပါတယ်။

    Royal Thai Army,Dec 26

    ဓာတ်ပုံ ရင်းမြစ်, Mae Sot Media

    ဓာတ်ပုံ ပုံစာ, ထိုင်းစစ်တပ်က တပ်ဖွဲ့ဝင်တချို့ကိုဒီဇင်ဘာလကုန်ပိုင်းက မဲဆောက်ခရိုင်တွင်းတွေ့ရစဉ်

    စစ်ကောင်စီဘက်က စစ်ကူနဲ့ရိကာဖြည့်တင်းနိုင်ဖို့လမ်းကြောင်းပွင့်ရေး KNU ဘက်ကို လက်နက်ကြီးတွေနဲ့ထိုးစစ်ဆင်နေပြီး မနေ့မနက်ပိုင်းက တိုက်ပွဲတွေကြောင့် ထိုင်းဘက်ခြမ်း မဲဆောက်ခရိုင်ထဲက ဒေသခံတချို့ဟာ ဗုံးခိုကျင်းတွေထဲ ပုန်းအောင်းခဲ့ရတယ်လို့လည်း ဆိုပါတယ်။ လက်ရှိအချိန်မှာ ထိုင်းနိုင်ငံဘက်ခြမ်းက ယာယီဒုကသည်စခန်းတစ်ုခမှာ မြန်မာစစ်ဘေးရှောင် ၁၈၁၈ ဦးရှိနေတယ်လို့ ဆိုပါတယ်။

    နယ်ခြားစောင့်တပ် တာဝန်ရှိသူ ဗိုလ်မုတ်သုန်က တိမ်းရှောင်နေတဲ့စစ်ဘေးရှောင်တွေ ကို မြန်မာဘက်ခြမ်း ပြန်လာနေထိုင်လို့ရပြီလို့ ပြောဆိုထားပေမယ့် စစ်ရှောင်တွေကတော့ နှစ်ဖက်တပ်တွေ ရှိနေတဲ့လေးကော်မြို့သစ်ထဲက သူတို့နေရပ်ဆီ မပြန်ရဲဘဲ ဖြစ်နေပါတယ်။ ဒီလို ထိုင်းဘက်က ပစ်ခတ်တယ်ဆိုတဲ့အချက်အပေါ် မြန်မာဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောကြားတာတော့မရှိသေးပါဘူး။

  15. ဖိအားပေးတိုင်း ပိပြားရရင် လွတ်လပ်ရေးရမှာတောင်မဟုတ်ဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

    ဖိအားတွေပေးတိုင်းသာ မြန်မာနိုင်ငံက ပိပြားရမယ်ဆိုရင် မြန်မာနိုင်ငံက လွတ်လပ်ရေးတောင်ရခဲ့မှာမဟုတ်သလို မြန်မာနိုင်ငံရဲ့မြေပုံကလည်း ဒီနေ့အခြေအနေတိုင်း ရှိနေမှာမဟုတ်ဘူးလို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားပါတယ်။ ဒီနေ့ ဇန်နဝါရီ ၁၄ ရက်မှာ နေပြည်တော်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတကာဖိအားတွေနဲ့ပတ်သက်လို့စစ်ကောင်စီရဲ့ သဘောထားကို သူကခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

    ဒါ့အပြင် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ ကောင်းမွန်ထူးခြားတဲ့ရလဒ်တွေရခဲ့ပြီး ပူးတွဲထုတ်ပြန်ချက်တွေရခဲ့သလို အဲဒီထဲမှာ အဓိကကျတဲ့အချက်တွေက ၂၀၂၂ ဖေဖော်ဝါရီလကုန်ထိအပစ်အခတ်ရပ်စဲရေး ကြေညာချက်ကို ၂၀၂၂ နှစ်ကုန်ထိ ထပ်မံတိုးမြှင့်သွားဖို့သဘောတူခဲ့သလို သက်ဆိုင်သူအားလုံးက နိုင်ငံနဲ့ပြည်သူအကျိုးစီးပွားကိုရှေ့ရှုပြီး အကြမ်းဖက်မှုတွေရပ်တန့်ဖို့တောင်းဆိုခဲ့တယ်၊တစ်ခါ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်ပါဝင်ရေးကြိုဆိုကြောင်း စတာတွေဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

    General Zaw Min Tun, Spokesman for Army

    ဓာတ်ပုံ ရင်းမြစ်, MRTV

  16. မုံရွာမြို့မှာ စစ်ကောင်စီဘက်က အရာရှိတွေလမ်းဖွင့်ပွဲလုပ်စဉ် ပေါက်ကွဲသံတွေကြားရပြီး အခမ်းအနားပျက်

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အတွင်းမှာရှိတဲ့ အောင်သပြေလမ်းမှာ ဒီကနေ့ဇန်နဝါရီ ၁၄ရက်နေ့က စစ်ကောင်စီအရာရှိတွေ ဦးဆောင်ဖွင့်လှစ်မယ့် လမ်းဖွင့်ပွဲအခမ်းအနားမှာ ပေါက်ကွဲမှုဖြစ်ပြီး အခမ်းအနားပျက်သွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဒီကနေ့ဖွင့်လှစ်မယ့်လမ်းဟာ အာဏာသိမ်းပြီးတဲ့နောက်မှာ အသစ်ဖောက်လုပ်တဲ့ လမ်းမဟုတ်ဘဲ အရင်ဖောက်လုပ်ပြီးသားလမ်းကို ပြန်ဖွင့်ပွဲလုပ်တာဖြစ်တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

    “ ဒီလမ်းကကြာလှပြီ၊ ဘာစိတ်ကူးပေါက်ပြီးအခုမှထဖွင့်တာလဲမသိဘူး။ ပေ ၈၀လမ်းနဲ့အောင်သပြေလမ်း အဲ့နှစ်လမ်းကို ဖွင့်ပွဲလုပ်တာ၊ မိုးရာသီတုန်းက ပျက်နေတာကိုပြန်ဖာထေးပြီး သူတို့လုပ်တဲ့ပုံစံနဲ့ထဖွင့်တာ။ ဘာပေါက်တာလဲတော့မသိဘူး စစ်ကောင်စီတပ်တွေ အသံကြားတော့ အကုန်ထွက်ပြေးတာ မိန့်ခွန်းလည်းမပြောရဘူး၊ ဖဲကြိုးလည်းမဖျက်လိုက်ရဘူး “ လို့မုံရွာဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီလမ်းတွေဖွင့်ဖို့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက မုံရွာမြို့တွင်းမှာ ကြိုတင်ပြင်ဆင်မှုတွေကို ပြီးခဲ့တဲ့ရက်ပိုင်းကတည်းကပြုလုပ်နေတာဖြစ်ပြီး မုံရွာမြို့အတွင်းက စစ်ကောင်စီတပ်အရာရှိတွေ တက်ရောက်မယ်လို့လည်းသတင်းတွေထွက်ပေါ်ထားတာဖြစ်တယ်လို့ ဒေသတွင်းသတင်းဖော်ပြချက်တွေအရသိရပါတယ်။

    မုံရွာမြို့

    ဓာတ်ပုံ ရင်းမြစ်, Chindwin Yoma Media

    ဓာတ်ပုံ ပုံစာ, မုံရွာမြို့အတွင်းသိပတ်စစ်ကြောင်းတစ်ခုကိုဖြိုခွဲချိန်တွေ့ရတဲ့စစ်ကောင်စီတပ်သား (ပုံဟောင်း)
  17. မြန်မာနိုင်ငံကို လေယာဥ်နဲ့ ပြန်လာသူ ၄၂ ဦးမှာ အိုမီခရွန် ပိုးတွေ့

    မြန်မာနိုင်ငံကို ကယ်ဆယ်ရေးလေယာဥ်တွေနဲ့ ပြန်ရောက်လာသူ ၄၂ ဦးမှာ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇကွဲ အိုမီခရွန် ပိုးတွေ့ရှိရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁၃ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

    ကယ်ဆယ်ရေးလေယာဥ်နဲ့ ပြန်ဝင်လာတဲ့အထဲက အိန္ဒိယနိုင်ငံက ၃၂ ဦး၊ယူ‌အေအီးနိုင်ငံက ၄ ဦး၊ မလေးရှားက ၃ ဦးနဲ့ ထိုင်းနိုင်ငံက ၃ ဦးတို့မှာ တွေ့ရှိခဲ့တာဖြစ်ပြီးတော့ ဖြစ်ပြီး သူတို့အပြင် နိုင်ငံခြားသား ၂ ဦး မှာလည်း တွေ့ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်ကဆိုပါတယ်။

    ဇန်နဝါရီလ ၁၁ ရက်နေ့ကလည်း မြန်မာပြည်တွင်းမှာ ကိုဗစ်-၁၉ ရောဂါ(ကိုရိုနာဗိုင်းရပ်စ်)မျိုးဗီဇကွဲ အိုမီခရွန် ကူးစက်ခံရသူ ၃ ဦး ထပ်တွေ့ထားတယ်ဆိုပြီး စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

    လက်ရှိမှာတော့ သူတို့ကို သတ်မှတ်ဆေးရုံတွေမှာ သီးသန့်ထားကုသပေးနေပြီး သူတို့နဲ့အတူ လေကြောင်းခရီးစဉ်မှာ အတူလိုက်လာသူတွေကိုလည်း အသွားအလာကန့်သတ်တာနဲ့ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။

    အခုဆို မြန်မာပြည်တွင်းမှာ ပြည်ပကနေ ဝင်ရောက်လာတဲ့ နိုင်ငံသားနဲ့ နိုင်ငံခြားသားတွေမှာ အိုမီခရွန်ပိုးကို ဒီဇင်ဘာလ နှောင်းပိုင်းကစတင်ပြီး အိုမီခရွန်ကူးစက်ခံရသူတွေ့ရှိလာတာဖြစ်ပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  18. ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါး ဘယ်မှာလဲ

  19. မန္တလေးမှာ ပေါက်ကွဲမှုဖြစ် တစ်ဦးသေဆုံး

    မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတခုအနီးမှာ ဒီနေ့ ဇန်နဝါရီလ ၁၃ ၇က်နေ့ မနက်က ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေကြောင့် လူတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကူညီကယ်ဆယ်ရေးအသင်းက ပြောပါတယ်။

    ဇန်နဝါရီ ၁၃ရက် မနက် ၈နာရီဝန်းကျင်မှာ ညောင်ကွဲရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီး ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပါတယ်။ အဲ့ဒီပေါက်ကွဲမှုကြောင့် အနီးဝန်းကျင်ကို စစ်ကောင်စီဘက်က ပစ်ခတ်မှုတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဒီဖြစ်စဉ်မှာ လမ်းသွားလမ်းလာ အသက် ၁၅နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးပြီး အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက ဆိုပါတယ်။

    " ၁၅နှစ်သမီးလေးက သေသွားတာ။ အဲ့နေရာမှာပဲ ဖြူဖပ်ဖြူရော်နဲ့ မလှုပ်တော့တာ။ အမျိုးသားနှစ်ဦးက ရှပ်ထိ။ ဝဲပုခုံးနဲ့ ဝဲနားရွက်ထိတာ။ မစိုးရိမ်ရဘူး။ မိုင်းစထိမှန်တာရော၊ကျည်နဲ့ ပစ်တာရောပေါ့"လို့ မန္တလေးမြို့ လူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    ပေါက်ကွဲမှုဖြစ်ပြီးနောက် ဗုံးဖောက်ခွဲသူကို စစ်ကောင်စီက ပစ်ခတ်ချိန် သေဆုံးသူ မိန်းကလေးကို ထိမှန်တယ်လို့ ဒေသခံတွေက ဆိုပေမယ့် စစ်ကောင်စီထုတ်ပြန်ချက်မှာ မိုင်းစထိမှန်သေဆုံးတယ်လို့ ဆိုပါတယ်။

    မန္တလေးမြို့မှာ ဒီလဆန်းပိုင်းကတည်းက မြို့နယ်တချို့ရဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ပညာရေးမှူးရုံး၊ လျှပ်စစ်ရုံး၊ အခွန်ရုံးတွေမှာ ပေါက်ကွဲမှုတွေ ခပ်စိပ်စိပ်ဖြစ်ပေါ်နေပါတယ်။

    စစ်ကောင်စီကလည်း မန္တလေးမြို့ရဲ့ နေရာတိုင်းလိုလိုမှာ စစ်ဆေး၊ ဒဏ်ရိုက်၊ ဖမ်းဆီးတာတွေ နေ့စဉ်ပြုလုပ်နေပါတယ်။

    no tg

    ဓာတ်ပုံ ရင်းမြစ်, CJ

  20. တီးတိန်၊ ထေးဇန်ရွာမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်, ရွာအတွင်းနေအိမ်တချို့ကို စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးတယ်လို့လည်း ဆို

    စစ်ကောင်စီအင်အား တစ်ရာကျော်ဟာ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ကလေးမြို့ကနေ ချင်းတောင်ဘက်သို့ တက်လာခဲ့ပြီး ခိုင်ကမ်းဂိတ်အရောက် အဲဒီမှာရှိနေတဲ့ ခရီးသွားပြည်သူတွေကို ၎င်းတို့နဲ့အတူလမ်းပြခေါ်ဆောင်သွားတယ်လို့ တီးတိန်အခြေစိုက်ဒေသကာကွယ်ရေးတပ်လေးဖွဲ့က ပူးပေါင်းထုတ်ပြန်လာပါတယ်။

    အဲဒီလိုဒေသခံတွေကို လမ်းပြအဖြစ် စစ်ကောင်စီတပ်တွေနဲ့အတူ ခေါ်ဆောင်လာတာကြောင့် ဒေသခံကာကွယ်ရေးတပ်တွေဘက်က စစ်ရေးအရ လှုပ်ရှားခွင့်မရနိုင်ခဲ့ဘူးလို့ထုတ်ပြန်ချက်က ဆိုပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တီးတိန်မြို့၊ ထေးဇန်ရွာမှာညအိပ်ခဲ့ပြီးနောက် ဒီကနေ့ ဇန်နဝါရီ ၁၃ ရက် မနက် ဆယ်နာရီခန့်မှာတော့ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ကြားတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၇ ဦးသေဆုံးပြီး ဒေသကာကွယ်ရေးတပ်တွေဘက်ကတော့အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်ကဖော်ပြထားပါတယ်။

    မွန်းလွဲ ၂ နာရီခန့်မှာတော့ ထေးဇန်ရွာက ကော်ဖီခြံတစ်ခြံထဲက အိမ်သုံးလုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း ဆိုပါတယ်။

    Tedim, Chin State

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ထေးဇန်ရွာဘက်က မီးခိုးတွေ ထွက်နေတာကို ဒီနေ့ ဇန်နဝါရီ ၁၃ ရက်မွန်းလွဲပိုင်းက မြင်တွေ့ရစဉ်။

    "တီးတိန်မြို့မရောက်ခင်၂၁ မိုင် နဲ့၂၂ ကြားမှာတိုက်ပွဲဖြစ်ပြီး Naatang နားတာန် ကော်ဖီခြံစခန်းရောက်တဲ့ချိန် ကော်ဖီခြံဝန်ထမ်းအိမ်ယာ နှစ်လုံးရယ် ၊ ပြည်သူရဲ့နေအိမ်သုံးလုံးရယ် သော့ခတ်ထားတာကို ရိုက်ဖျက်၊ ကြိုက်တာယူကားပေါ်တင်ပြီးတော့ အိမ် စုစုပေါင်း ၅လုံးကို မီးရှို့လိုက်တယ်။ ထေးဇန်မှာလည်း တပ်စွဲပြီး လူမရှိတဲ့ အိမ်တအိမ်ကို ဝင်ပြီး ဖုန်းယူသွားတယ်။ မွှာပီး ၊ ဗွိုင်စင်း၊ ထေးဇန်၊ နားတာန် စတဲ့ရွာလေးရွာက ရွာသားသုံးပုံ နှစ်ပုံကတော့ ကလေးတို့ခိုင်ကမ်းတို့ ကိုဆင်းပြီး စစ်ဘေးရှာင် သွားကြပြီ" လို့ ထေးဇန်ရွာသားတဦးက ဘီဘီစီကိုပြောပါတယ်။

    လက်ရှိမှာ တီးတိန်အသွား လမ်းခုလတ်ခရီးတစ်ထောက်နားရာ သိုင်းငင်းရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေဖြစ်တဲ့ PDF Zoland၊ CDM Siyin၊ Zogam Army၊ People’s Defence Army (PDA)လေးဖွဲ့က စစ်ကောင်စီတပ်တွေကို ပူးပေါင်းစစ်ဆင်နေပြီး အချိန်မရွေး စစ်ဘေးအန္တရာယ်ကျရောက်နိုင်တာကြောင့် ပြည်သူတွေ ခရီးသွားလာခြင်းမပြုဖို့ထုတ်ပြန်ထားပါတယ်။ တီးတိန်၊ ထေးဇန်ရွာက တိုက်ပွဲနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က ဒီနေ့ဇန်နဝါရီ ၁၃ ရက်ည ၈ နာရီအထိ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။