ကိုဗစ်ကူးစက်မှုကြောင့် အာဆီယံ ဘောလုံး U23 ပြိုင်ပွဲက မြန်မာနုတ်ထွက်

ရန်ကုန်မြို့က ဆေးခန်းတချို့မှာ ဖျားနာလူနာတွေ အများအပြားလာရောက်ပြသနေပြီး အမှန်တကယ် ကူးစက်သူဦးရေဟာ တရားဝင်ကိန်းဂဏန်းတွေထက် အများအပြား ရှိနေနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ရုရှားက ဝယ်တဲ့ ကိုဗစ်ကာကွယ်ဆေး ၁ သန်း ရန်ကုန်ရောက်

    ရုရှားနိုင်ငံက ဝယ်ယူထားတဲ့ စပွတ်နစ် Sputnik Light ကိုဗစ်ကာကွယ်ဆေး ၁ သန်းထဲက ဒုတိယအသုတ် ငါးသိန်းတစ်သောင်းနှစ်ထောင် ဒီကနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ ရောက်ရှိလာပြီး စုစုပေါင်းကာကွယ်ဆေး တစ်သန်းပြည့်သွားပြီလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

    ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၃ ရက်နေ့က ကိုဗစ်ကာကွယ်ဆေး ၄သိန်းကျော် စတင်ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့ ရုရှားနိုင်ငံ မော်စကို ကနေ ကာတာလေကြောင်းလိုင်းကတစ်ဆင့် ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့တာလို့လည်းဆိုပါတယ်။

    ရုရှားနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးဟာ တစ်ကြိမ်သာထိုးရတဲ့ ကိုဗစ်ကာကွယ်ဆေးဖြစ်ပြီးတော့ တိုင်းနဲ့ပြည်နယ်အားလုံးကို ဖြန့်ချိပေးသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

    ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံ တို့ပူးပေါင်းပြီး ကိုဗစ်ကာကွယ်ဆေးထုတ်ဖို့ကြောင်းပြီးခဲ့တဲ့ ဇူလိုင်လက စစ်ကောင်စီခေါင်းဆောင်ရဲ့ ရုရှားနိုင်ငံ ခရီးစဥ်အပြီးမှာ စစ်ကောင်စီဘက်က ပြောခဲ့တာရှိပါတယ်။

    မြန်မာနိုင်ငံက ရှိပြီးသားစက်ရုံတွေမှာ ကိုဗစ်ကာကွယ်ဆေးထုတ်ဖို့ ဖြစ်နိုင် မဖြစ်နိုင်ကို လည်း ရုရှားနဲ့ ပူးပေါင်းပြီး အကြိုလေ့လာမှုတွေလုပ်သွားမယ်လို့ လည်း စစ်ကောင်စီဘက်ကပြောခဲ့ပါသေးတယ်။

    ရုရှားက ဝယ်တဲ့ ကိုဗစ်ကာကွယ်ဆေး ၁ သန်း ရန်ကုန်ရောက်

    ဓာတ်ပုံ ရင်းမြစ်, MWD

    ဓာတ်ပုံ ပုံစာ, ရုရှားက ဝယ်တဲ့ ကိုဗစ်ကာကွယ်ဆေး ၁ သန်း ရန်ကုန်ရောက်
  2. လွိုင်ကော်အနီး စစ်ကောင်စီ လေယာဥ်သုံးပြီးတိုက်၊ ၃ ဦးသေဆုံး

    ကယားပြည်နယ် လွိုင်ကော်မြို့နယ် မိုင်းလုံးရပ်နဲ့ နန်းမယ်ခုံမှာဇန်နဝါရီလ ၁၆ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီကလေကြောင်းကနေ လာရောက်တိုက်ခိုက်ခဲ့ပြီးတော့ နန်းမယ်ခုံက ပရဟိတလူငယ် ၃ ဦးသေဆုံးကြောင်း ဒီးမောဆို PDFက သတင်းထုတ်ပြန်ပါတယ်။

    လွိုင်ကော်မြို့၊မိုင်းလုံးရပ်ကွက်၊မိုင်းလုံးနှစ်ခြင်းဘုရားကျောင်းအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်အင်အား၁၀၀ခန့်ကို ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို(DMO-PDF)၊KNDF၊ KDF တပ်ဖွဲ့များက ပူးပေါင်းကာတိုက်ခိုက်ခဲ့ကြပြီးနောက် အခုလို လေယာဥ်နဲ့ လာပစ်တာလို့ သူတို့ကပြောပါတယ်။

    လွိုင်ကော်မြို့နယ် စက်မှုလယ်ယာရုံးနဲ့ ၁၁ ထပ်ဟိုတယ် အနီးမှာ ဇန်နဝါရီလ ၁၆ ရက်နေ့ မနက်ကတည်းက တိုက်ပွဲတွေဖြစ်နေခဲ့တာဖြစ်ပြီးတော့ ညနေပိုင်းမှာ စစ်ကောင်စီဘက်က လေယာဥ်နဲ့ အခုလိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

    လွိုင်ကော်မြို့ပေါ်ကနေ လေယာဥ်သံတွေ ပစ်ခတ်သံတွေ အချိန်အတော်ကြာ ကြားခဲ့ရတယ်လို့လည်း လွိုင်ကော်မြို့ခံတစ်ဦး ကပြောပါတယ်။

    ဒီကနေ့ တိုက်ပွဲမှ ာစစ်ကောင်စီတပ်ဘက်က အသေအပျောက်များခဲ့ပြီးနောက် ညနေ၅နာရီဝန်းကျင်မှာ တိုက်လေယာဉ်၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့လည်း ဒီးမော့ဆို(DMO-PDF)ကပြောပါတယ်။

    နန်းမယ်ခုံမြို့၊ မြို့မကယန်းရပ်ကွက်မှာလည်း စစ်ကောင်စီကတိုက်လေယာဉ်၂ စီးနဲ့ ၂ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး၊ နန်းမယ်ခုံမှာ တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းက တိုက်ခဲ့တာလို့လည်း ဆိုပါတယ်၊

    ဇန်နဝါရီလ ၁၆ ရက်နေ့က ဖရူဆိုမြို့နယ် မာခရော်ရှေ့ကျေးရွာ အနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲ တွေဖြစ်ပွားမှုရှိခဲ့တယ်လို့သိရပါတယ်။

    စစ်ကောင်စီဘက်ကတော့ လွိုင်ကော်မြို့အတွင်း မိုင်းလုံး ရပ်ကွက်မှာ PDF တွေရောက်ရှိစုဖွဲ့နေတယ်လို့ သတင်းအရ စစ်ကောင်စီတပ်တွေဘက်က လုံခြုံရေးဆောင်ရွှက်ခဲ့စဥ် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ နန်းမယ်ခုံမြို့မှာလည်း PDF တွေ စုဖွဲ့ပြီး လွိုင်ကော်ကိုတိုက်ဖို့ လုပ်လာခဲ့တကြောင့် စစ်ကောင်စီက လေကြာင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

    လွိုင်ကော်ကထွက်လာကြတဲ့ စစ်ရှောင်များ

    ဓာတ်ပုံ ရင်းမြစ်, ရွှေလွိုင်ကော်ပရဟိတ

    ဓာတ်ပုံ ပုံစာ, လွိုင်ကော်ကထွက်လာကြတဲ့ စစ်ရှောင်များ
  3. မြန်မာနိုင်ငံမှာ အိုမီခရွန်ကူးစက်ခံရသူ ဘယ်လောက်ရှိလာပြီလဲ

  4. မန္တလေး ကိုဗစ်ကူးစက် သေဆုံးမှုက သတိထားစရာဖြစ်လာ

    မန္တလေးမြို့မှာ အခုရက်ပိုင်းအတွင်း အောက်ဆီဂျင်တောင်းတဲ့ ကိုဗစ်လူနာတွေ များလာပြီး ကိုဗစ်-၁၉ နဲ့သေဆုံးသူတွေလည်း ရက်ခြားဆိုသလို သေဆုံးတာတွေ ရှိလာတယ်လို့ လူမှုကူညီကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။

    "ဒီရက်ထဲမှာ ဆေးရုံကြီး ကိုဗစ်ဆောင်ကနေ သေတာတွေ ပြန်တွေ့လာရတယ်။ ဒီလက အောက်ဆီဂျင်ကျတာ ပိုများလာတာ။ နယ်တွေဆို အောက်ဆီဂျင် ၃လုံး၊၄လုံးတင်သွားကြတာ"လို့ အောင်မြေသာစံမြို့နယ် လူမူကူညီကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

    ချမ်းမြသာစည်မြို့နယ် လူမူကူညီကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတစ်ဦးက "ဟိုနေ့ကရော ဒီနေ့ကရော ကိုဗစ်ပိုးတွေ့ နှစ်ယောက်ထွက်တယ်။ အောက်ဆီဂျင်တောင်းတာတွေ စိပ်လာတယ်"လို့ ဒီလတွေမှာ အသင်းကို ဒေသခံလူတွေက ဆက်သွယ်ပေးတဲ့အခြေနေကို ပြောပြပါတယ်။

    မန္တလေးတိုင်းမှာ ဇန်နဝါရီ ၁၅ရက်နေ့က ကိုဗစ် ၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၈ဦးတွေ့ရှိရာ မန္တလေးမြို့က ၅ဦးပါဝင်ခဲ့ပါတယ်။

    မန္တလေးမှာ ကိုဗစ်စစ်ဆေးတာကို နဒီမြန်မာ ကိုဗစ်စင်တာမှာပြုလုပ်ပြီး ပြည်သူ့ဆေးရုံကြီး၊ ကန်တော်နဒီနဲ့ ပုဂ္ဂလိကဆေးရုံနှစ်ခုမှာ ကိုဗစ် ၁၉ရောဂါကို ကုသပေးတာဖြစ်ပါတယ်။

    ဒီရက်ပိုင်း မန္တလေးမြို့မှာ ကိုဗစ်ပိုးနဲ့ သေဆုံးသူတွေက အသက် ၄၀ကျော်၊ ၅၀ကျော် အရွယ်တွေဖြစ်တယ်လို့ သေဆုံးလူနာတွေကို ပို့ဆောင်ပေးရတဲ့ လူမှုကူညီရေးအသင်းကနေ သိရပါတယ်။

    လက်ရှိ ရန်ကုန်မှာ အိုမီခရွန် မျိုးကွဲသစ်တွေ့တာတွေရှိလာလို့ မန္တလေးမြို့မှာ အိုမီခရွန်နဲ့ပက်သက်ပြီး ဆင်ခြင်ကြီးကြပ်ဖို့ လူမှုကူညီရေးအသင်းတွေကအစ ထုတ်ပြန်စာတွေ ရောက်ရှိလာတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အခုရက်ပိုင်းမှာ ဆေးရုံကြီးက ကိုဗစ်ကုသဆောင်တွေကိုလည်း ပြန်လည် သန့်ရှင်းရေး ပြုလုပ်နေတယ်လို့ သိရပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  5. မြဝတီ ကော့ကရိတ် အာရှလမ်းမှာ ကားနှစ်စီး အပစ်ခံရ ပြီး နှစ်ဦးသေဆုံး

    ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်း ကွမ်းခြံကွေ့ကုန်းတက်နေရာမှာ ဒီကနေ့ ဇန်နဝါရီလ ၁၆ ရက် နေ့လယ်က လောင်စာဆီတင်ယာဉ်၂ စီး ပစ်ခတ်ခံရကာ ယာဉ်မောင်း၂ဦးသေဆုံးပြီး ယာဥ်တစ်စီး မီးလောင်သွားတယ်လို့ သိရပါတယ်၊

    ဒီပစ်ခတ်ခံရမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ကာ ယာဉ်မောင်းတစ်ဦး မီးလောင်ပြီးသေဆုံးခဲ့တာ ဖြစ်ပြီးတော့၊အခြားတစ်စီးက ယာဉ်မောင်းကတော့ ကျည်ထိမှန်ကာသေဆုံးသွားကြောင်း KIC သတင်းမှာ ဖော်ပြထားပါတယ်၊

    ဒါ့အပြင် မီးလောင်မှုဖြစ်ပွားရာနေရာကို လာရောက်ပြီး မီးငြှိမ်းတဲ့ မြဝတီခရိုင် မီးသတ်ယာဉ်တစီးလည်း ထပ်မံပစ်ခတ်ခံရပြီး ကားမှန်တွေပါ ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

    ဒီပစ်ခတ်မှုတွေကို ဘယ်အဖွဲ့က ပစ်ခတ်ခဲ့တာလို့ မသိရပေမယ့် ကော့ကရိတ်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲမျာ းပြင်းထန်စွာဖြစ်ပွားလျက်ရှိပြီး နှစ်ဖက်သေဆုံးမှု တွေရှိနေပါတယ်။

    ကေအဲန်ယူတပ်မဟာ၆ ထိန်းချုပ်နယ်မြေတွေအတွင်းရှိ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်း တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့ပြီး စစ်ကောင်စီဘက်က ဒီကနေ့ ဇန်နဝါရီ၁၆ရက်နေ့ မနက်၃နာရီ ဝန်းကျင် ကတည်းက လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    စစ်ကောင်စီဘက်ကတော့ မြဝတီမြို့အနီးမှာ ရေနံဓာတ်ငွေ့ရည်တွေ တင်လာတဲ့ သြရ ကုမ္ပဏီက ကားတွေကို PDFတွေဘက်က ပစ်ခတ်ခဲ့တာလို့ ညပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, KIC

  6. မြိုင်မြို့နယ်ရှိ သဒွတ်ကျေးရွာနဲ့ ညောင်ပင်လယ်ကျေးရွာတွေမှာနေအိမ်တွေမီးရှို့ခံရ

    မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ သဒွတ်ကျေးရွာနဲ့ မြိုင်မြို့အနောက်ပိုင်းက ညောင်ပင်လယ်ကျေးရွာတွေမှာ ဒီကနေ့ ဇန်နဝါရီလ ၁၆ရက် မနက်ပိုင်းက နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတယ်လို့ဒေသခံတွေကပြောပါတယ်။

    အဲဒီရွာတွေထဲကို စစ်ကောင်စီတပ်တွေဝင်ရောက်လုပ်ဆောင်တာဖြစ်ပြီး ဇန်နဝါရီလ ၉ရက်က စတင်ကာ မြိုင်မြို့နယ်အတွင်းကျေးရွာတွေမှာ အင်အားအများအပြားသုံးပြီးနယ်မြေရှင်းလင်းရေးလုပ်ဆောင်တာ၊ ဒေသကာကွယ်ရေးတပ်တွေနဲ့ပတ်သက်တယ်လို့ယူဆသူတွေကို ဝင်ရောက် ရှာဖွေဖမ်းဆီးတာတွေနဲ့ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ မီးရှို့ဖျက်ဆီးတာတွေလုပ်တယ်လို့ဒေသခံတွေကပြောပါတယ်။

    ဒီကနေ့ သဒွတ်ရွာကနေအိမ် ၂၅လုံး မီးရှို့ခံရပြီး ညောင်ပင်လယ်ကျေးရွာမှာ အိမ်အချို့မီးရှို့ခံရတယ်လို့ဆိုပါတယ်။ ဇန်နဝါရီလ ၁၄ ရက်ကလည်း မြိုင်မြို့နယ် ဇီးဖြူစားကောင်းကျေးရွာအတွင်းကို စစ်ကောင်စီတပ်တွေဝင်ရောက်လာပြီး နေအိမ်အချို့ကို ဖျက်ဆီးသွားခဲ့သေးတယ်လို့ မြိုင် ဒေသခံတွေကပြောပါတယ်။

    လက်ရှိမှာ မြိုင်နယ်အနောက်ပိုင်းနဲ့မြောက်ပိုင်းက ကျေးရွာအများစုက ဒေသခံ ထောင်ချီဟာ တောတွင်းနေရာမှာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မြိုင်မြို့နယ်၊ လက်ယက်မရွာမှာ စစ်ကောင်စီတပ်စွဲထားပြီး ပြင်ပနဲ့ အဆက်အသွယ် ဖြတ်တောက်ခံထားရလို့ ရွာအတွင်းပိတ်မိနေသူတွေနဲ့ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ဒေသခံတွေက ဘီဘီစီကို ပြောခဲ့ပါတယ်။

    မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် မြောက်ဘက်ပိုင်းမှာရှိတဲ့ လက်ယက်မကျေးရွာကို ဇန်နဝါရီ ၁၀ ရက်နေ့က စစ်ကောင်စီတပ်တွေဝင်ရောက်လာပြီးနောက်ပိုင်း ရွာသားတချို့ကို လူသားဒိုင်းအဖြစ် အသုံးချတာတွေရှိတယ်လို့ သူတို့ကဆိုပါတယ်။

    ဒီသတင်းတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

    မြိုင်မြို့နယ်ရှိ သဒွတ်ကျေးရွာမှာနေအိမ်တွေမီးရှို့ခံရ

    ဓာတ်ပုံ ရင်းမြစ်, နွေဦးတော်လှန်ရေး - မြိုင်မြို့

    ဓာတ်ပုံ ပုံစာ, မြိုင်မြို့နယ်ရှိ သဒွတ်ကျေးရွာမှာနေအိမ်တွေမီးရှို့ခံရ
  7. တောင်ငူတက္ကသိုလ် လက်ထောက်ကထိကတစ်ဦး အဖမ်းခံရ

    တောင်ငူမြို့ကလူသိများတဲ့ CDM တက္ကသိုလ် လက်ထောက်ကထိကတစ်ဦးကို တောင်ငူမြို့နဲ့ ၁၅ မိုင်လောက်ဝေးတဲ့ ထန်းတပင်မြို့နယ် ကျီတော်ကျေးရွာ အနီးမှာ စစ်ကောင်စီတပ်တွေကပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့က ဖမ်းဆီးသွားတယ်လို့ တောင်ငူဒေသခံတွေက ဘီဘီစီကို ပြောပါတယ်၊

    အဖမ်းခံရသူဟာ တောင်ငူမြို့မှာနေထိုင်တဲ့ လက်ထောက်ကထိက ဦးဇော်ဇော်အောင် ဖြစ်ပြီးသူ့ကိုပြီးခဲ့တဲ့ ဧပြီလလောက်ကတည်းက စစ်ကောင်စီက ၅၀၅-ကနဲ့ ဝရမ်းထုတ်ထားခဲ့တာဖြစ်တယ်လို့ သူတို့ကပြောပါတယ်။

    သူ့ကို ဖောက်ခွဲရေးသုံးပစ္စည်းတွေနဲ့အတူဖမ်းမိတယ်လို့ ဒေသတွင်းသတင်းအချို့မှာဖော်ပြပေမယ့် ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

    သူ့ကိုဖမ်းမိပြီးနောက် တောင်ငူမြို့အတွင်းနေထိုင်သူတစ်ဦးအိမ်ကို စစ်ကောင်စီဘက် ဝင်ရောက်ရှာဖွေပြီးနောက် လက်နက်တွေတွေ့တယ်လို့လည်း တောင်ငူဒေသခံတွေကဆိုပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, U Zaw Zaw Aung FB

  8. သဲချောင်းနဲ့သက္ကေပြင်ဘက်မှာရှိတဲ့ ဈေးဆိုင်ခန်းတွေ ၊ လမ်းနယ်နမိတ်ကျူးကျော်နေလို့ဖယ်ရှားရမယ်လို့ဆို

    ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းက မွတ်ဆလင်ဒုက္ခသည်စခန်းတွေဖြစ်တဲ့ သဲချောင်းနဲ့ သက္ကေပြင် ဘက်မှာရှိတဲ့ ဈေးဆိုင်ခန်းတွေကို လမ်းနယ်နမိတ်ကျူးကျော်နေလို့ဆိုပြီး ရခိုင်ပြည်နယ်ကောင်စီက ဖယ်ရှားဖို့ပြင်နေပါတယ်။

    အဲဒီနေရာတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်နဲ့၁၃ ရက်တွေမှာ အထွေထွေအုပ်ချုပ်ရေးဌာနက ရောက်ရှိလာခဲ့ပြီး ဈေးဆိုင်တန်းတွေကို ဓါတ်ပုံရိုက်တာတွေ၊ လမ်းနယ်နိမိတ်တိုင်းတာမှုတွေပြုလုပ်ခဲ့ကြတယ်လို့ အဲဒီမှာနေထိုင်သူတွေကပြောပါတယ်။အဲဒီနောက် လမ်းဧရိယာအတွင်းမှာရှိနေတဲ့ ဆိုင်ခန်းတွေကို ဖယ်ရှားပေးဖို့ ပြောဆိုခဲ့တယ်လို့ ဈေးဆိုင်ပိုင်ရှင်တစ်ဦးကဆိုပါတယ်။

    ’’ အကုန်လုံးဖယ်ရမယ်ပြောတယ်။မြေနေရာတွေလာတိုင်းသွားတယ်။ သဲချောင်းနဲ့ သက္ကေပြင်ဈေးက စစ်တွေမြို့နယ်အတွင်းက မွတ်ဆလင်တွေကို ဒုက္ခသည်တွေအဖြစ် နေရာချပေးခဲ့တဲ့အချိန်ကတည်းက ဒီနေရာမှာဈေးအဖြစ် သတ်မှတ်ပြီး ရောင်းချလာခဲ့ကြတာပါ။ အခုလိုဖယ်ခိုင်းတော့ ဈေးဆိုင်ပိုင်ရှင်တွေအတွက်အခက်အခဲရှိနေပါတယ် ’’ လို့ သဲချောင်းနဲ့ သက္ကေပြင်ဈေးကဈေးဆိုင်ပိုင်ရှင်တစ်ဦးကပြောပါတယ်။

    လတ်တလောမှာတော့ ပြည်နယ်ကောင်စီအနေနဲ့ သဲချောင်းနဲ့ သက္ကေပြင်ဈေးမှာသာမက စစ်တွေမြို့တွင်းမှာရှိနေတဲ့ လမ်းဘေးဈေးဆိုင်တွေကိုလည်း ကျူးကျော်တွေဆိုပြီး ဖယ်ရှားနေတာ ဖြစ်ပါတယ်။

    အခုလို ဖယ်ရှားမှုတွေပြုလုပ်ရတာဟာ စစ်တွေမြို့ရဲ့ ဥပဓိရုပ်ကောင်မွန်ပြီး လူတွေအသွားအလာအဆင်ပြေဖို့အတွက် အစိုးရက ဆောင်ရွက်ရတာဖြစ်တယ်လို့ ပြည်နယ်ကောင်စီပြောခွင့်ရ ဦးလှသိန်းကတုံ့ပြန်ပါတယ်။

    အဲဒီမှာဈေးရောင်းချနေတဲ့သူတွေဟာ မွတ်ဆလင်ဒုက္ခသည်တွေပါဝင်နေပြီး ဆိုင်ခန်းတွေကို ဖြိုဖျက်လိုက်ရလို့ရှိရင် ပြန်လည်တည်ဆောက်ဖို့မြေနေရာအခက်အခဲရှိကြသလို အရင်းအနှီးတွေလည်း မရှိတာကြောင့် စားဝတ်နေရေးတွေကို ထိခိုက်မှုတွေဖြစ်လာမှာ စိုးရိမ်တယ်လို့ပြောပါတယ်။

    သဲချောင်းနဲ့ သက္ကေပြင်ဈေးဟာ ဘုမေ-အုန်းတောကြီး ကားလမ်းတစ်လျှောက်မှာရှိနေတဲ့ ဈေးတွေဖြစ်ပြီး ဆိုင်ခန်းပေါင်း ၇၀၀ လောက်ရှိတဲ့အထဲ ၅၀၀ လောက်က ဖြိုဖျက်ရမယ့်အထဲ ပါနေတယ်လို့ ဆိုပါတယ်။ဖြိုဖျက်ရမယ့်ဆိုင်ခန်းတွေကို ဘယ်နေရာတွေမှာ ပြန်လည်နေရာချပေးမယ်ဆိုတာကိုလည်း တာဝန်ယူပြောကြားတာမျိုး မရှိဘူးလို့ ပြောပါတယ်။

    သဲချောင်းနဲ့ သက္ကေပြင် ဘက်မှာရှိတဲ့ ဈေးဆိုင်ခန်းတွေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, သဲချောင်းနဲ့ သက္ကေပြင် ဘက်မှာရှိတဲ့ ဈေးဆိုင်ခန်းတွေ
  9. ထားဝယ်မြို့၊စော်ဝရွာက အမျိုးသားတစ်ဦး စစ်ကြောရေးတွင်သေဆုံး

    ထားဝယ်မြို့နယ်၊စော်ဝရွာနေထိုင်သူ အသက်၅၀နှစ်အရွယ် ဦးခင်မောင်လွင် ( ခေါ်) ဦးလွင်မိုးအောင်ဟာ ဖမ်းဆီးခံရပြီး ၅ရက်အတွင်း စစ်ကြောရေးမှာသေဆုံးခဲ့တယ်လို့ အဲဒီမှာနေထိုင်သူ ဒေသခံတွေက ပြောပါတယ်။ ထားဝယ်သတင်းအချက်အလက်စင်တာရဲ့ထုတ်ပြန်မှုမှာတော့ ရိုက်နှက်မေးမြန်းခံရပြီးသေဆုံးတယ်လို့ထုတ်ပြန်ထားပါတယ်။

    ဇန်နဝါရီ ၁၁ရက်က ဦးခင်မောင်လွင် အပါအဝင် စော်ဝရွာက အမျိုးသား ၃ ဦးနဲ့ ရှင်မုထ္ထီးရွာကအမျိုးသား ၂ဦး စုစုပေါင်း ၅ ဦးကို ဇန်နဝါရီ ၁၀ရက်ကဖြစ်ပွားတဲ့ ရှင်မုထ္ထီးရွာက စစ်တပ်ရဲ့ လုပ်ငန်းစုဖြစ်တဲ့ မိုင်တဲလ်တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

    ဖမ်းဆီးခံရတဲ့ ၅ဦးထဲမှာ ဦးခင်မောင်လွင် ကတော့ သေဆုံးကြောင်း မိသားစုကိုအကြောင်းကြားခဲ့ပြီး နာရေးကူညီမှုကားနဲ့ ရုပ်အလောင်းကိုလာပို့သွားတာလို့ ဒေသခံတွေကပြောပါတယ်။

    ’’ သူတို့( စစ်ကောင်စီ)ကကိုခင်မောင်လွင်က သွေးတိုးရောဂါနဲ့ဆုံးသွားတယ်လို့ပြောပြီး ဇန်နဝါရီ၁၅ရက်မနက်ပိုင်းမှာ လာပို့သွားတာပါ။နာရေးကူညီမှုကားနဲ့လာပို့တာပါ။တာဝါတိုင်ဖောက်ခွဲခံရတာနဲ့ဆက်စပ်ပြီးဖမ်းတာလို့သိရတယ်။ကိုခင်မောင်လွင်ကတော့အဲဒီလိုမဟုတ်ပါဘူး’’ လို့ ဒေသခံတစ်ဦးကပြောပြပါတယ်။

    လက်ရှိမှာ ကျန်နေတဲ့ ဖမ်းဆီးခံရသူ(၄)ဦးဟာ စစ်ကြောရေးမှာရှိနေဆဲဖြစ်ပြီး ရိုက်နှက်မေးမြန်း ခံနေရတယ်လို့ ထားဝယ်သတင်းအချက်အလက်စင်တာကသတင်းထုတ်ပြန်ပါတယ်။ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်အဖွဲ့ကတော့ တာဝါတိုင်ဖောက်ခွဲခံရမှုကိုသူတို့ လုပ်ဆောင်ခဲ့လို့ ကျေးရွာနေပြည်သူတွေနဲ့ မသက်ဆိုင်ကြောင်း ထုတ်ပြန်ထားတာတွေ့ရပါတယ်။

    သေဆုံးသူ ဦးခင်မောင်လွင် ( ခ) ဦးလွင်မိုးအောင်

    ဓာတ်ပုံ ရင်းမြစ်, ထားဝယ်သတင်းအချက်အလက်စင်တာ

    ဓာတ်ပုံ ပုံစာ, သေဆုံးသူ ဦးခင်မောင်လွင် ( ခ) ဦးလွင်မိုးအောင်
  10. ကော့ကရိတ်မှာစစ်ကောင်စီဘက်ကလက်နက်ကြီးနဲ့ပစ်နေလို့ဒေသခံတွေထပ်မံတိမ်းရှောင်

    ကေအဲန်ယူတပ်မဟာ ၆ ထိန်းချုပ်နယ်မြေတွေအတွင်းရှိ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်း တကျော့ပြန် တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ဒီကနေ့ဇန်နဝါရီ ၁၆ရက်နေ့ မနက် ၃နာရီဝန်းကျင်ကတည်းက လက်နက်ကြီးနဲ့ပစ်ခတ်တာတွေလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ အဲဒီနေရာမှာ ပြီးခဲ့တဲ့လေးရက်အတွင်းနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပြီး ဒီကနေ့အထိ တိုက်ပွဲတွေရှိနေတာလို့ဆိုပါတယ်။

    ကော့ကရိတ်မြို့နယ်ထဲက ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေကို စစ်ကောင်စီတပ်က ဝင်ရောက်နေရာယူလာတဲ့အတွက် ကော့ကရိတ်- အာရှလမ်းမအနီးဝန်းကျင်မှာ ဇန်နဝါရီ၁၄ရက်ကတည်း က တိုက်ပွဲတွေပြန်ဖြစ်နေတာပါ။

    လက်ရှိမှာ စစ်ကောင်စီဘက်ကလက်နက်ကြီးနဲ့ဆက်တိုက်ပစ်နေလို့ကော့ကရိတ်မြို့နယ်အတွင်းက ကျေးရွာအချို့က ဒေသခံတွေဟာ ဘေးလွတ်တဲ့နေရာတွေကိုတိမ်းရှောင်နေရတယ်လို့ အဲဒီမှာရှိနေတဲ့သတင်းရင်းမြစ်က ဘီဘီစီကိုပြောပါတယ်။

    ’’ စစ်ကောင်စီတပ်တွေက မိဂသိန်ကုန်းဆိုတဲ့နေရာမှာ သူတို့ဘက်ကအကျအဆုံးများပြီးပိတ်မိနေတယ်။ အဲဒါကြောင့် အဲဒီဂွင်ထဲမှာ လေယာဉ်နဲ့ပစ်တာဆို ၃ကြိမ်ရှိပြီ၊လက်နက်ကြီးနဲ့ပစ်တာဆိုနေ့ည ပစ်နေတာလေးရက်ရှိပြီ။ဒီနေ့မနက်ဆို သူတို့( စစ်ကောင်စီ) ဘက်က မနက်အစောကြီးကတည်းက ပစ်နေတာ’’ လို့ဆိုပါတယ်။

    လက်ရှိမှာ ကေအဲန်ယူတပ်မဟာ ၆ ထိန်းချုပ်နယ်မြေတွေအတွင်းရှိ ကော့ကရိတ်ဒေသနဲ့ လေးကေ့ကော်ဒေသတွေမှာ တိုက်ပွဲတွေရှိနေတာပါ။ လေးကေ့ကော်ဒေသမှာဆို တိုက်ပွဲဖြစ်ပွားတဲ့အချိန်ဟာ တစ်လနဲ့တစ်ရက်ကြာမြင့်လာပြီးဖြစ်ပါတယ်။ စစ်ရှောင်တွေလည်းတိုးနေဆဲဖြစ်ပါတယ်။

    ကော့ကရိတ်မြို့နယ်အတွင်းက ကျေးရွာအချို့ကဒေသခံတွေထပ်မံတိမ်းရှောင်

    ဓာတ်ပုံ ရင်းမြစ်, ZYL

    ဓာတ်ပုံ ပုံစာ, ကော့ကရိတ်မြို့နယ်အတွင်းက ကျေးရွာအချို့ကဒေသခံတွေထပ်မံတိမ်းရှောင်
  11. ထူးလုပ်ငန်းစုလက်အောက်ရှိ ထူး ဓာတ်ဆီဆိုင်ကိုတိုက်ခိုက်ခဲ့တယ်လို့ STAထုတ်ပြန်

    ရန်ကုန်၊ အလုံမြို့နယ် ထော်လီကွေ့မှတ်တိုင် အနီးက ဦးတေဇပိုင် ထူးလုပ်ငန်းစု လက်အောက်ရှိ ထူးစက်သုံးဆီဆိုင်ကို မီးရှို့ကာဗုံးနှစ်လုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ Special Task Agency of Burma - STA အဖွဲ့ ထုတ်ပြန်လာပါတယ်။ စစ်ကောင်စီရဲ့ထောက်တိုင်တစ်ခုဖြစ်တဲ့အတွက် အခုလိုတိုက်ခိုက်တာလို့လည်း ထုတ်ပြန်ချက်ကဖော်ပြပါတယ်။

    ဇန်နဝါရီ ၁၆ ရက်နံနက် ၄ နာရီခန့် မှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဆီဆိုင်တစ်ခုလုံးနီးပါး မီးလောင်ခဲ့တာကို ရုပ်သံမှတ်တမ်းတွေမှာတွေ့ရပါတယ်။ STA အဖွဲ့ဟာစစ်ကောင်စီနဲ့ဆက်စပ်တဲ့ လုပ်ငန်းတွေကို အဓိကထားတိုက်ခိုက်နေပြီး စစ်ကောင်စီနဲ့ဆက်စပ်တဲ့ထုတ်ကုန်တွေကို မသုံးဖို့တိုက်တွန်းနေတာလည်းတွေ့ရပါတယ်။

    ပြီးခဲ့တဲ့နှစ်အတွင်းမှာလည်း မြတ်မေတ္တာမွန်ဆီဆိုင်နဲ့ Omini Focus မိသားစုပိုင် YBS ယာဉ်ပေါ်မှာ ဖောက်ခွဲဖျက်ဆီးတာတွေဖြစ်ခဲ့ပါသေးတယ်။

    မီးလောင်ကျွမ်းနေတဲ့ထူးစက်သုံးဆီဆိုင်

    ဓာတ်ပုံ ရင်းမြစ်, ဓါတ်ပုံ - SAT

    ဓာတ်ပုံ ပုံစာ, မီးလောင်ကျွမ်းနေတဲ့ထူးစက်သုံးဆီဆိုင်
  12. ကလေးမြို့နဲ့ ဖလမ်းမြို့ ချင်းတောင်ကြားတစ်လျှောက် စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားတိုက်ပွဲပြင်းထန်နေ

    ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင်း စစ်ကောင်စီတပ်နဲ့ချင်းဒေသကာကွယ်ရေးတပ်တွေ အကြားတိုက်ပွဲဖြစ်ပွားနေလို့ ဖလမ်း - ကလေး လမ်းမကြီး နဲ့ ဖလမ်း - ဝေဘူလ လမ်းဘက်တွေကို ခရီးသွားလာတာမလုပ်ဖို့ချင်းအမျိုးသားအဖွဲ့ချုပ်ကထုတ်ပြန်ထားပါတယ်။ ဇန်နဝါရီ၁၄ရက်က စတင်ခဲ့တဲ့ တိုက်ပွဲဟာ ဒီကနေ့ ဇန်နဝါရီ၁၆ရက်မနက်ပိုင်းအထိဖြစ်ပွားနေတယ်လို့ဒေသခံအချို့ကပြောပါတယ်။

    ဇန်နဝါရီ၁၄ရက်မှာ ဖလမ်းမြို့၊ဝေဘူလမြို့ဘက်ကနေ စစ်ကြောင်းချီလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ -မွှန်လီကျေးရွာနဲ့ ဗားရ်စခန်းအကြား CNDF တပ်ဖွဲ့တွေထောင်ထားတဲ့မိုင်းကိုနင်းမိလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံးဒဏ်ရာရခဲ့တာကြောင့် ဇန်နဝါရီလ ၁၅ ရက်မှာ ဖလမ်းမြို့နယ်၊ ပါရ်သဲကျေးရွာအနီးမှာ ချင်းဒေသကာကွယ်ရေးတပ် CNDF နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ရက်ကဖြစ်ခဲ့တဲ့အဲဒီတိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကလေကြောင်းသုံးတိုက်ခိုက်တာတွေရှိတယ်လို့ဒေသကာကွယ်ရေးတပ်တွေဘက်ကထုတ်ပြန်ထားပါတယ်။

    တခါ ကလေးမြို့နဲ့ ချင်းတောင်ကြားရှိ ကလေး-သိုင်းငင် ကားလမ်းအဆုံးရှိ သိုင်းငင်လမ်းဆုံဘက်မှာ တိုက်ပွဲတွေရှိနေပြီး စစ်ကြောင်းနဲ့လက်နက်သယ်တဲ့နေရာမှာ အဓိကကျတဲ့ အဲဒီလမ်းကြောင်းကို ထိန်းချုပ်ဖို့စစ်ကောင်စီဘက်က ကြိုးပမ်းနေတာကြောင့် တိုက်ပွဲဖြစ်ပွားနေတာလို့ ဒေသခံ အချို့ကပြောပါတယ်။ အဲဒီမှာလည်း ရဟတ်ယာဉ်ပေါ်ကနေ ဒေသကာကွယ်ရေးတပ်တွေရှိမယ်လို့ယူဆတဲ့နေရာတွေကိုဝေဟင်ကနေပစ်ခတ်တာတွေလုပ်တယ်လို့ဆိုပါတယ်။ သိုင်းငင်လမ်း ဆုံဟာ ချင်းပြည်နယ် ဖလမ်း၊တီးတိန်နဲ့ တွန်းဇံမြို့တွေကို အဓိက ဆက်သွယ်ထားတဲ့လမ်းဆုံဖြစ်တယ်လို့သိရပါတယ်။

    တိုက်ပွဲစတင်တဲ့ ဇန်နဝါရီ ၁၃ ရက်ကနေပြီး ကလေးမြို့ ၊ခိုင်ကမ်း ၊မွာလ်ပီး၊ ထေးဇန်၊ ကော်ဖီခြံ၊ ဟိန်ဇိန်၊ အိုင်ကျစ်၊ သိုင်းငင်းစတဲ့ ချင်းရွာတွေက ဒေသခံထောင်ချီ ဟာ စစ်ဘေးရှောင်နေရတယ်လို့ ဒေသတွင်းမီဒီယာတွေကဖော်ပြပါတယ်။

    ဒေသခံထောင်ချီ ဟာ စစ်ဘေးရှောင်နေရ

    ဓာတ်ပုံ ရင်းမြစ်, Khonumthung

    ဓာတ်ပုံ ပုံစာ, ဒေသခံထောင်ချီ ဟာ စစ်ဘေးရှောင်နေရ
  13. ဒီမိုကရေစီတော်လှန်ရေးပါတီ ထောင်တဲ့ အိမ်ရှေ့မင်းသား

  14. အရေးပေါ်အခြေအနေကို စစ်ကောင်စီ ဘယ်လိုသက်တမ်းတိုးမလဲ

  15. စစ်တွေက ထွက်ခွာမယ့် အားကစားသမား ၈ ဦး မှာ ကိုဗစ်တွေ့, စစ်တွေမှာ ကိုဗစ်ပိုးကူးစက်ခံထားရသူ ၁၃ ဦးတွေ့၊ ပြေးခုန်ပစ်ကစားသမားတွေ ပါဝင်

    ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကိုဗစ် ၁၉ ပိုးကူးစက်ခံထားရသူ ၁၃ ဦးကို ဇန်နဝါရီ ၁၅ ရက် ဒီကနေ့မှာ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက အတည်ပြုပြောဆိုပါတယ်။

    ပိုးတွေ့ရှိခဲ့သူ ၁၃ ဦးမှာ အားကစားသမားတွေ၊ ခရီးသည်တွေနဲ့ ဒေသခံတွေပါဝင်ပြီး လူအုပ်စုအလိုက် စစ်ဆေးတာမှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

    ဒီကနေ့စစ်ဆေးရာမှာ တွေ့ရှိခဲ့တဲ့ အားကစားသမား ၈ ဦးကတော့ အခုရက်ပိုင်းအတွင်း နေပြည်တော်မှာ သွားရောက်ယှဉ်ပြိုင်ကြမယ့် ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ကိုယ်စားပြု အသက် ၁၈ နှစ်အောက် ပြေးခုန်ပစ်ကစားသမားတွေ ဖြစ်ကြတယ်လို့ ပြည်နယ်ကျန်းမာရေးဌာနမှူး ဒေါက်တာကြည်လွင်က ပြောပါတယ်။

    ကျန်ငါးဦးက သုံးဦးက မွတ်ဆလင်တွေဖြစ်ကြပြီး နောက်နှစ်ဦးကတော့ လေယာဉ်စီးခရီးသည်တွေဖြစ်ကြတယ်လို့ ပြောပါတယ်။

    ဒီကနေ့စစ်ဆေးတွေ့ရှိခဲ့သူတွေဟာ ဘယ်မြို့နယ်တွေက လာရောက်ကြတဲ့သတွေမှာ တွေ့ရှိတယ်ဆိုတာ မပြောနိုင်သေးဘူးလို့ ဒေါက်တာကြည်လွင်က ပြောပါတယ်။

    အိုမီခရွန် ကိုဗစ်မျိုးကွဲသစ် ကူးစက်မှုကို မြန်မာနိုင်ငံမှာ စတင်တွေ့ရှိခဲ့ပြီးဖြစ်ပေမဲ့ စစ်ဆေးတွေ့ရှိနေရပေမယ့် ရခိုင်ပြည်နယ်က လတ်တလောတွေ့ရှိတဲ့ ကူးစက်မှုတွေဟာ အိုမီခရွန်ဟုတ်မဟုတ်ဆိုတာ မသိနိုင်သေးဘူးလို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်၊။

    ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း သင်္ဘောဆိပ်၊ ကားဂိတ်တွေကို ရောက်ရှိလာခဲ့တဲ့ ခရီးသည်တွေကိုစစ်ဆေးတဲ့အခါမှာ တခြားမြို့နယ်တွေကနေ စစ်တွေမြို့ကိုလာရောက်ခဲ့ကြတဲ့ ခရီးသည်သုံးဦမှာ ကိုဗစ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

    ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ တတိယလှိုင်းဖြစ်ပွားမှု ကျဆင်းသွားခဲ့ပြီးနောက်ပိုင်းမှာ လေယာဉ်စီးခရီးသည်တွေ၊ ဒေသတွင်းခရီးသွားတွေကို ကိုဗစ်ပိုးဆက်လက်ပြန့်ပွားမှု တားဆီးနိုင်ရေးအတွက် အခုလိုမျိုး လူအုပ်စုအလိုက်စစ်ဆေးမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

    စစ်တွေ ကျန်းမာရေးဌာန

    ဓာတ်ပုံ ရင်းမြစ်, Myint Lwin

  16. သုံးရက်ဆက်တိုက်မီးရှို့ခံခဲ့ရတဲ့ မန္တလေး မတ္တရာ မြို့နယ်က ကောက်ရိုးပုံကျေးရွာ

    ဇန်နဝါရီ ၁၂ ရက်နေ့ မနက်အစောပိုင်း ၂ နာရီဝန်းကျင်လောက်မှာ မတ္တရာမြို့နယ် အနောက်မြောက် အစွန်ဆုံးက ကောက်ရိုးပုံကျေးရွာမှာ လူနေအိမ် ၆ လုံးစတင်မီးရှို့ခံခဲ့ရပါတယ်။

    အဲဒီလို ကျေးရွာနေအိမ်မီးရှို့ဖို့အတွက် စစ်ကောင်စီကို သတင်းပေးတယ်ဆိုပြီး စွပ်စွဲခံရတဲ့ ဒေသခံသုံးဦးလည်း ဓားနဲ့အခုတ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။

    အဲဒီသုံးဦး သေဆုံးပြီးနောက်မှာ ကျေးရွာက နေအိမ်တွေ ထပ်မံမီးရှို့ခံခဲ့ရပြီး အဲဒီလိုသုံးရက်ဆက်တိုက် မီးရှို့ခံရလို့ ကျေးရွာနေအိမ်ခြေ ၂၀ လောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    ကောက်ရိုးပုံကျေးရွာထဲကိုစစ်ကောင်စီရဲ့စစ်ကြောင်းဟာ ဧရာဝတီမြစ်ခွဲကနေ စက်လှေနဲ့တက်လာသလို ဆိုင်ကယ်နဲ့လည်း ဝင်ရောက်ခဲ့ပြီး အဲဒီစစ်ကြောင်းထဲ စစ်ယူနီဖောင်းဝတ်တွေပါဝင်သလို အရပ်ဝတ်တွေနဲ့လည်း ကျေးရွာတွင်းဝင်ရောက် စခန်းချတာတွေ ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

    ကောက်ပဲသီးနှံရိတ်သိမ်းချိန်မှာ ကျေးရွာနေအိမ်တွေမီးရှို့ခံရလို့ ကောက်ရိုးပုံကျေးရွာက ဒေသခံတွေမှာ အခက်အခဲတွေ နဲ့ကြုံတွေ့နေရပါတယ်။ မန္တလေးတိုင်း မတ္တရာမြို့နယ် ကောက်ရိုးပုံကျေးရွာမှာ သုံးရက်ဆက်တိုက် လူနေအိမ်တွေ မီးရှို့ခံရတာဟာ စစ်ကောင်စီဘက်က ရှို့သွားတာလို့ ဒေသခံတွေကပြောဆိုထားပါတယ်။ ဒီအကြောင်းအရာနဲ့ ပက်သက်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ထံ ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမယ့် ဇန်နဝါရီ ၁၅ ရက်ညနေပိုင်းအထိ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

    သုံးရက်ဆက်တိုက်မီးရှို့ခံခဲ့ရတဲ့ မန္တလေး မတ္တရာ မြို့နယ်က ကောက်ရိုးပုံကျေးရွာ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, သုံးရက်ဆက်တိုက်မီးရှို့ခံခဲ့ရတဲ့ မန္တလေး မတ္တရာ မြို့နယ်က ကောက်ရိုးပုံကျေးရွာ
    သုံးရက်ဆက်တိုက်မီးရှို့ခံခဲ့ရတဲ့ မန္တလေး မတ္တရာ မြို့နယ်က ကောက်ရိုးပုံကျေးရွာ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, သုံးရက်ဆက်တိုက်မီးရှို့ခံခဲ့ရတဲ့ မန္တလေး မတ္တရာ မြို့နယ်က ကောက်ရိုးပုံကျေးရွာ
  17. အာဆီယံဘုံသဘောထား ငါးချက် အကောင်အထည်ဖော်မှုတိုးတက်မှုမရှိသရွေ့ မြန်မာစစ်ခေါင်းဆောင်ကို အစည်းအဝေးတွေမဖိတ်ဖို့ ဝန်ကြီးချုပ်လီရှန်လွန်းပြော

    မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ရာမှာ သိသာထင်ရှားတဲ့တိုးတက်မှုတစ်စုံတစ်ရာရှိမနေဘူးလို့ စင်ကာပူဝန်ကြီးချုပ် မစတာလီရှန်လွန်းက ပြောကြားလိုက်ပြီး အဲဒီလို တိုးတက်မှုမရှိသရွေ့ လာမယ့်အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ မြန်မာနိုင်ငံက နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ကိုယ်စားလှယ်တစ်ဦးကိုသာ ဖိတ်ကြားရေးဆိုတဲ့ဆုံးဖြတ်ချက်ကို ဆက်လက်ထိန်းသိမ်းထားသင့်တယ်လို့ ပြောကြားကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန စနေနေ့မှာ ထုတ်ပြန်တယ်လို့စီအန်အေ သတင်းက ဖော်ပြထားပါတယ်။

    မနေ့ ဇန်နဝါရီ ၁၄ ရက်နေ့က ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ စင်ကာပူဝန်ကြီးချုပ်တို့ အွန်လိုင်းကနေ တွေ့ဆုံရာမှာ ခုလိုပြောကြားလိုက်တာလည်းဖြစ်ပါတယ်။ အဲဒီတွေ့ဆုံမှုမှာ ဝန်ကြီးချုပ်ဟွန်ဆန်က အာဆီယံဥက္ကဋ္ဌအဖြစ် ဒီတစ်နှစ်အတွင်း ဦးစားပေးအစီအစဉ်တွေကိုရှင်းပြခဲ့တယ်လို့လည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    ဟွန်ဆန်ဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ သီတင်းပတ်က သွားရောက်ခဲ့ပြီး အာဏာသိမ်းခေါင်းဆောင်နဲ့တွေ့ဆုံခဲ့သလို ဒါဟာ မြန်မာမှာ စစ်အာဏာသိမ်းပြီးနောက် ပထမဆုံးနိုင်ငံခေါင်းဆောင်တစ်ဦးရဲ့ခရီးစဉ်လည်း ဖြစ်ခဲ့ပါတယ်။

    “အာဆီယံခေါင်းဆောင်တွေရဲ့ဆုံးဖြတ်ချက်ကို ပြန်ပြီးသုံးသပ်ဖို့ဆိုတာ ဆွေးနွေးမှုတိုင်းဟာအချက်အလက်အသစ်တွေအပေါ် အခြေခံရပါမယ်။ အာဆီယံဥက္ကဋ္ဌအနေနဲ့ စစ်တပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနဲ့စေ့စပ်ဆွေးနွေးဖို့လိုအပ်ကြောင်း ဝန်ကြီးချုပ်လီက အလေးပေးပြောကြားခဲ့ပါတယ်” လို့ထုတ်ပြန်ချက်မှာ ထပ်လောင်းဖော်ပြထားပါတယ်။

    "မြန်မာစစ်တပ်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့အပစ်အခတ်ရပ်စဲရေး အချက်ကို အဆိုပြုခဲ့ပေမယ့် အာဆီယံရဲ့ဘုံသဘောတူညီချက်ငါးရပ်မှာပါတဲ့ အကြမ်းဖက်မှုရပ်စဲရေးတောင်းဆိုချက်ဟာ အဓိအားဖြင့် စစ်တပ်က သူ့ရဲ့နိုင်ငံရေးအတိုက်အခံတွေနဲ့အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့အဓိက ရည်ညွှန်းတာဖြစ်တယ်" လို့လည်း ဝန်ကြီးဌာနက ထုတ်ပြန်ချက်က ဆိုပါတယ်။ ဒါ့အပြင် ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ခရီးစဉ်အပြီးမှာပဲ စစ်တပ်က သူ့ရဲ့နိုင်ငံရေးဆန့်ကျင်အင်အားစုတွေကို ပိုမို ဖိနှိပ်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ထောင်ဒဏ်ထပ်မံချမှတ်ခဲ့တာကို မစတာလီအနေနဲ့ သတိပြုမိကြောင်းလည်း ဆိုပါတယ်။

    Singapore and Cambodia PMs

    ဓာတ်ပုံ ရင်းမြစ်, MINISTRY OF COMMUNICATIONS AND INFORMATION/The Straits Times

  18. တီးတိန်မြို့နယ်မှာ ဒေသကာကွယ်ရေးတပ်တွေနဲ့စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်, လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတွေပါသုံးပြီးတိုက်ခိုက်နေတယ်လို့ ဒေသခံတွေပြော

    ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ်၊ ဟိန်းဇိန် ကျေးရွာအနီးမှာ ဒီနေ့ဇန်နဝါရီ ၁၅ ရက်မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ဒေသခံတွေကပြောပါတယ်။

    ဇန်နဝါရီ ၁၃ ရက်ကစလို့ တီးတိန်မြို့နယ်ထဲကို ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ တီးတိန်ကိုအသွားလမ်းခုလတ်နေရာတွေဖြစ်တဲ့ ကလေးမြို့အထွက် ခိုင်ကမ်းနဲ့ သိုင်းငင်းကြားက မွှာပီး၊ ထေးဇန် နဲ့ ဟိန်းဇိန် စတဲ့ နေရာတွေမှာ ဒေသခံ ချင်းကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။ တိုက်ပွဲဖြစ်တဲ့ရွာနားကိုလည်း ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်နေပြီး အောက်ခြေက မြူခိုးတွေကြောင့် ရဟတ်ယာဉ်တွေကို ဆင်းလိုက်တက်လိုက်လုပ်နေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

    “ ဟိန်းဇိန်နဲ့ လေးထပ်ကွေ့ကြားမှာ တိုက်ပွဲဖြစ်တာ။ အခုဖြစ်နေတဲ့လေးထပ်ကွေ့နားကို လည်းကျတယ်။ ဟိန်းဇိန်းရွာရဲ့မြောက်ဘက်ကို တလုံးကျတယ်။ တိုက်ပွဲက ဟိန်းဇိန်းရွာရဲ့ နောက်ဘက် ။ အခုထိတော့ စစ်ကောင်စီဘက်က တယောက်ကျဆုံးတယ်လို့ ကြားတယ်။ ရွာသားတွေကတော့ ကြားညပ်နေတယ်။ အိမ်မှာပဲ ထိုင်စောင့်နေတယ် ဘယ်သွားရမလဲ မသိဘူး။ ကလေးထိလည်း ခရီးမပေါက်ဘူး။ မနေ့က ပစ်ခံရတဲ့တယောက်တော့ သဂြိုၤဟ်လိုက်တယ်” လို့ပြောပါတယ်။

    လက်ရှိမှာတိုက်ပွဲဖြစ်ပွားရာနေရာတွေကို ကလေးမြို့ထဲကနေ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပစ်ကူပေးနေတယ်လို့ ယူဆချက်တွေလည်းရှိနေပါတယ်။

    "ဒီမနက် ၁၀ နာရီလောက်မှာ ဘီးတပ် အမြှောက်တစီးတင်လာပြီး အခုတိုက်ပွဲဖြစ်နေတဲ့နေရာတွေကို ပစ်တာ၊ အခုဆိုရင် ဆယ်ချက်လောက်ရှိပြီ။ ကလေးတက္ကသိုလ်ထဲမှာ အမြှောက်ထိုင်ထားပုံရတယ် ” လို့ ကလေးမြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။ တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်လို့စစ်ကောင်စီကတော့ သတင်းမထုတ်ပြန်သေးပါဘူး။

    Tidem, Jan 13

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဇန်နဝါရီ၁၃ရက်နေ့ ထေးဇန်ကော်ဖီခြံမှာ လူနေအိမ် ၅လုံး မီးလောင်ပျက်စီးနေတဲ့မြင်ကွင်း

    ဇန်နဝါရီ ၁၃ ရက်နေ့ကလည်း ထေးဇန်ရွာထဲက ကော်ဖီခြံမှာ ဝန်ထမ်းတွေယာယီနေတဲ့အိမ် ၂ လုံးအပါအဝင် နေအိမ်စုစုပေါင်း ငါးလုံးကိုလည်း စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ပြီး မနေ့ ဇန်နဝါရီ ၁၄ ရက်ကလည်း ဟိန်းဇိန်ရွာအတွင်းနေအိမ်ထဲမှာ ရှိနေတဲ့ ရွာသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

  19. DKBA စခန်းဆုတ်ခွာအပြီး စစ်ကောင်စီက ဆက်တိုက်ထိုးစစ်ဆင်မှာကို စစ်ရှောင်တွေစိုးရိမ် နေရ

    စစ်ကောင်စီက လေးကေကော်မြို့အနီး သောင်းရင်းမြစ်ကမ်းနား ဖလူးလေးကျေးရွာမှာ ရှိတဲ့ DKBA တပ်စခန်းတစ်ခုကို လေးရက်ဆက်တိုက် လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး လေကြောင်းပစ်ကူနဲ့ပါ တိုက်ခိုက်ခဲ့တဲ့နောက် ဇန်နဝါရီ ၁၄ ရက် တိုက်ပွဲကြောင့် DKBA တပ်စခန်းတစ်ခု ဆုတ်ခွာပေးခဲ့ရပါတယ်။

    အဲဒီနောက်ပိုင်း စစ်ကောင်စီတပ်များ ဖလူးလေးကျေးရွာအထက်ပိုင်းကို ဆက်ပြီး ထိုးစစ်ဆင်လာမှာကို စိုးရိမ်လို့ စစ်ဘေးရှောင်ဒေသခံတွေမှာ တစ်ခါ နေရာထပ်ရွှေ့ပြောင်းပြီး စစ်ဘေးရှောင်နေကြရပါတယ်။

    မြန်မာဘက်ခြမ်းက စစ်ရှောင်တွေအတွက် ထိုင်းနိုင်ငံ၊ မဲဆောက်ခရိုင် ၊ မယ့်ကိုကင်းကျေးရွာရှိနေတဲ့ မြန်မာတွေနဲ့ ကျေးရွာသားတွေ စုပေါင်းပြီး ထမင်းထုပ် တစ်နေ့ကို ၈၀၀ ခန့်ကနေ ၃၀၀၀ ထောင်စာလောက် နေ့စဉ် ချက်ပြုတ်ထုပ်ပိုး ပို့ဆောင်ပေးနေပြီး မုန့်၊ ရေသန့် ၊ အချိုရည်တွေကိုလည်း ပို့ဆောင်ထောက်ပံ့ပေးနေတယ် လို့ မယ့်ကိုကင်းကျေးရွာက မြန်မာရပ်ကျေးအစုအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

    လေးကေကော် ဒေသတွင်း တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာ သောင်ရင်းမြစ်ကြောင်းတစ်လျှောက် သောင်ပြင်ခုံတွေမှာ ကျေးရွာ အစုလိုက်နဲ့ မိသားစုအလိုက် လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကနေ ကင်းလွတ်နိုင်မယ့်နေရာတွေမှာ ယာယီ အမိုးအကာများ ပြုလုပ်ပြီး နေထိုင် စစ်ဘေးရှောင်နေကြရပါတယ်။ လေးကေကော် တိုက်ပွဲကြောင့် စစ်ရှောင်အရေအတွက်က ထိုင်းမြန်မာ နယ်စပ်တစ်လျှောက်မှာ စစ်ဘေးရှောင်ဦးရေက ၁သောင်း ၆ထောင်လောက်အထိရှိနေပါတယ်။

    ဇန်နဝါရီ ၁၅ ရက်မနက်ပိုင်းမှာ ထိုင်းဘက်ခြမ်းက မြန်မာတွေချက်ပြုတ်ပေးတဲ့ ထမင်းထုပ်တွေကို မြန်မာဘက်ခြမ်းက စစ်ရှောင်တွေထံပို့ဆောင်ပေးနေစဉ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဇန်နဝါရီ ၁၅ ရက်မနက်ပိုင်းမှာ ထိုင်းဘက်ခြမ်းက မြန်မာတွေချက်ပြုတ်ပေးတဲ့ ထမင်းထုပ်တွေကို မြန်မာဘက်ခြမ်းက စစ်ရှောင်တွေထံပို့ဆောင်ပေးနေစဉ်
  20. လူ့အသက်ကို တန်ဖိုးထားဖို့နဲ့ ဘာသာရေးအဆောက်အအုံ၊ဆေးရုံနဲ့စာသင်ကျောင်းတွေကို အထူးလေးစားဖို့ ကသလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် တောင်းဆို

    နိုင်ငံအတွင်းဖြစ်ပွားနေတဲ့လက်ရှိအခြေအနေတွေကို အင်မတန်ဝမ်းနည်းကြေကွဲရပြီး လူဦးရေ ထောင်နဲ့ချီ ရွှေ့ပြောင်းနေကြရသလို သန်းနဲ့ချီ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကိုခံစားနေရကြရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

    မနေ့ ဇန်နဝါရီ ၁၄ ရက်စွဲနဲ့အဲဒီထုတ်ပြန်ချက်မှာ လူ့အသက်ကိုတန်ဖိုးထားဖို့နဲ့ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ သန့်ရှင်းမြင့်မြတ်တဲ့ ဘာသာရေးအဆောက်အအုံတွေ၊ဆေးရုံတွေနဲ့ စာသင်ကျောင်းတွေကို အထူးလေးစားဖို့ဆိုတဲ့အချက်လည်းပါဝင်ပါတယ်။

    ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသက အပြစ်မဲ့ပြည်သူတွေ၊ ပြည်တွင်းရွှေ့ပြောင်းနေထိုင်ရသူတွေ၊ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့မကျန်းမာသူတွေရဲ့ အသက်အိုးအိမ်နဲ့ လုံခြုံမှုအတွက်ကို များစွာစိုးရိမ်မိတယ်လို့လည်း ဆိုပါတယ်။ ပြည်တွင်းရွှေ့ပြောင်းနေထိုင်ရသူတွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပို့ဆောင်ထောက်ပံ့နိုင်ရေးတာဝန်ရှိသူအားလုံးက စီစဉ် ဆောင်ရွက်ပေးဖို့လည်း တိုက်တွန်းတောင်းဆိုထားပါတယ်။

    Loikaw, Kayah state,12 Jan

    ဓာတ်ပုံ ရင်းမြစ်, ကန္တရဝတီတိုင်းမ်

    ဓာတ်ပုံ ပုံစာ, ဇန်နဝါရီ ၁၂ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် ထိမှန် ပျက်စီးခဲ့တဲ့ လွိုင်ကော်က ဘုရားကျောင်းမြင်ကွင်း