ဖရူဆိုမှာစစ်ရှောင်တွေ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုကို လုံခြုံရေးကောင်စီ ရှုတ်ချ
ဖရူဆိုမှာ အရပ်သားတွေ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်ရပ်ကို ရှုတ်ချတယ်ဆိုပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီဇင်ဘာလ ၂၉ ရက်မှာ ရှုတ်ချပြောဆိုလာပါတယ်။
အနည်းဆုံး လူပေါင်း ၃၅ ဦးအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရတဲ့ အဲဒီဖြစ်စဉ်ဟာ ဒေသခံကာကွယ်ရေးတပ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြန်လည်ခုခံတိုက်ခိုက်နေတဲ့ ကယား(ကရင်နီ) ပြည်နယ်ထဲက ဖရူဆိုမြို့နယ်ထဲမှာ ခရစ္စမတ်နေ့မတိုင်ခင် ဒီဇင်ဘာလ ၂၄ ရက်တုန်းက ပေါ်ပေါက်ခဲ့တာပါ။
လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေကတော့ ဒီလုပ်ရပ်ကို ကျူးလွန်သူတွေကို ဖော်ထုတ်ဖို့ လိုအပ်တဲ့အကြောင်း အဓိကထားပြောထားပါတယ်။
သတ်ဖြတ်ခံခဲ့ရသူတွေထဲမှာ ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့ Save the Children က ဝန်ထမ်း ၂ ဦးလည်း ပါဝင်ခဲ့တာကို ထောက်ပြပြီး လိုအပ်သူတွေအားလုံးဆီ လူသားချင်းစာနာမှုအကူအညီတွေ မယုတ်မလျော့ ရောက်ရှိဖို့၊ ဒီလိုအကူအညီပေးနေသူတွေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေရဲ့လုံခြုံရေး၊ ဘေးကင်းရေးကို အကာအကွယ်ပေးဖို့ လိုအပ်တဲ့အကြောင်းကိုလည်း ပြောထားတာတွေ့ရပါတယ်။
ဒီဖြစ်ရပ်နဲ့ဆက်စပ်ပြီး အမေရိကန်ပြည်ထောင်စုကလည်း မြန်မာစစ်တပ်ကို လက်နက်နဲ့ စစ်ဖက်-အရပ်ဖက်သုံး နည်းပညာတွေ ရောင်းချတာ ပိတ်ပင်ရေးလုပ်ဖို့ နိုင်ငံတကာကို အစောပိုင်းမှာ တောင်းဆိုထားပါတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံကတော့ မြန်မာနိုင်ငံကို လက်နက်ရောင်းချတာကို ကာကွယ်တဲ့ ဆုံးဖြတ်ချက်တစ်ရက်ကို ဇွန်လမှာ မဲခွဲဆုံးဖြတ်ပြီး အတည်ပြုခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီဆုံးဖြတ်ချက်ဟာ မဖြစ်မနေလိုက်နာစရာဆုံးဖြတ်ချက်မဟုတ်လို့ ပိုမိုအင်အားကောင်းတဲ့လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်တစ်ရပ်လို သိသာထိရောက်မှုတော့မရှိဖြစ်နေပါတယ်။
လုံခြုံရေးကောင်စီမှာတော့ ကောင်စီဆုံးဖြတ်ချက်တစ်ရပ်ရပ်ကို ဗီတိုအာဏာသုံးပြီး ပယ်ချခွင့်ရှိတဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတို့အပြင် မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံတို့ပါ ပါဝင်နေပြီး အဲဒီနိုင်ငံတွေဟာ မြန်မာစစ်တပ်ကို လက်နက်ရောင်းချထောက်ပံ့နေတဲ့နိုင်ငံတွေဖြစ်ပါတယ်။
- ဖရူဆိုမြို့နယ်ထဲက အစုလိုက် အသတ်ခံရတဲ့ အလောင်းတွေ သယ်လို့မရသေး