ကရင်ပြည်နယ်
ကော့ကရိတ် မြို့နယ်အ၀င် ကျိုက်ဒုံ လမ်းဆုံထိပ်မှာ မနေ့ ဇန်နဝါရီ
၇ရက်နေ့ ညက ရေနံ ဓာတ်ငွေ့ရည်
(LPG) တင်ဆောင်လာတဲ့
ဘောက်ဆာ ကားတစီး ပစ်ခတ် တိုက်ခိုက် ခံရလို့
မီးလောင် ပျက်စီးသွားခဲ့ပါတယ်။
အဲဒီတိုက်ခိုက်ခံရမှုဟာ
မနေ့ည ၈နာရီခွဲ အချိန်လောက်မှာ သြရ ကုမ္ပဏီပိုင် မီးဖိုချောင်သုံး
ဂက်စ် အရည်တင်ဆောင်လာတဲ့
ဘောက်ဆာ ကားငါးစီး အနက် ကားတစီး ပစ်ခတ်
တိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ ကုမ္ပဏီက တာ၀န်ရှိသူတယောက်က
ဘီဘီစီကို ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာကိုတော့ မသိရပါဘူး။
အဲဒီ
ဘောက်ဆာ ကား ၅ စီး ဆင်းလာရာမှာ
ညနေ ၆နာရီခွဲလောက်မှာ ရှေ့ဆုံးက ၁၂ဘီး ကားကို တနေရာတည်းက မဟုတ်ဘဲ
သုံးလေး နေရာ ကနေ စတင် ပစ်ခတ်ခံရတာကြောင့် မှန်ကွဲသွားတာကလွဲလို့ ကျန်တာ ထိခိုက်မှု
မရှိဘဲ လွတ်မြောက်လာကြောင်း ၊ လွတ်မြောက်လာတဲ့ ကားသမားရဲ့ ကုမ္ပဏီထံ သတင်းပို့မှုကြောင့် ကျန်တဲ့
ကားသမားတွေကို ရှေ့ဆက်မဆင်းဖို့ အကြောင်းကြားခဲ့ရာမှာ
အခု ထိခိုက်သွားတဲ့ ကားသမားကတော့ ဖုန်းမကိုင်ဘဲ သူနားနေရာကနေ စမောင်းထွက်ခဲ့ရာမှာ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာ
ဖြစ်ပြီး ကျန်တဲ့ကားတွေကတော့ လွတ်မြောက်သွားခဲ့တယ်လို့ သြရ ကုမ္ပဏီက တာ၀န်ရှိသူက ပြောပါတယ်။
ထိခိုက်မိတဲ့ ကားမောင်းသမားကတော
ပစ်ခတ်မှုတွေကြောင့် မှန်ကွဲစတွေ လည်ပင်းမှာစိုက်တဲ့
ဒဏ်ရာရရှိပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း
ကားပေါ်ပါသူ ကျန်တယောက် ဖြစ်တဲ့ စပယ်ယာလည်း တစုံတရာ ထိခိုက်မှု
မရှိကြောင်း သူက ဆိုပါတယ်။
အစပိုင်းမှာ
လက်နက်ငယ်နဲ့ ပစ်ခတ် ခံရတာကြောင့် ကားသမားနဲ့
စပယ်ယာက ကားကို ရပ်ကာပေ ၁၀၀ အကွာလောက်ကနေ ကြည့်နေခဲ့ရာမှာ ကားကို
လက်နက်ကြီးနဲ့ ပစ်ခံခဲ့ရပြီး ကားမှာ
အပေါက်ဖြစ်သွားကြောင်း၊ အဲဒီနောက် ဂက်စ်တွေ
ပန်းထွက်လာပြီး မိုးပေါ်ကို မီးပန်းတက်
၊ တောက်လျှောက်ပေါက်သွားကြောင်းနဲ့ အနားက
ဆိုင်တွေ လူတွေကို ထိခိုက်မှု မရှိခဲ့ကြောင်း သူက
ပြောပါတယ်။
အဲဒီ
ဘောက်ဆာ ကားတွေပေါ်မှာ ထိုင်းနိုင်ငံက တင်သွင်းတဲ့ ရေနံ ဓာတ်ငွေ့ရည်
တမျိုးဖြစ်တဲ့ ထမင်းချက်တဲ့ ဂက်စ် တွေတင်ဆောင်လာတာသာ
ဖြစ်ပြီး အင်တာနက်ပေါ်မှာ ရေးထားကြသလို လေယာဥ်သုံးဆီ မဟုတ်ဘူးလို့ သူက ပြောပါတယ်။
လေယာဥ်ဆီကို
စင်ကာပူကုမ္ပဏီ Puma နဲ့
ပြည်တွင်း ကုမ္ပဏီ အေရှားဆန်းတို့က ရန်ကုန် ဆိပ်ကမ်းကနေ နှစ်ချုပ်နဲ့သွင်းတာဖြစ်ပြီး
ပြည်တွင်း မန်းသံပုရာကန် ရေနံချက်စက်ရုံကလည်း ထုတ်လုပ်နေတာ ဖြစ် ပေမယ့် မြဝတီ ကနေ အခုလို
တင်သွင်းတာမျိုး မရှိပါဘူးလို့ သူက ဆိုပါတယ်။
နားလည်တတ်ကျွမ်းသူတွေဆိုရင်
ဘောက်ဆာကားရဲ့ အသွင်ပုံစံ ၊ မနေ့က ကားမီးလောင်မှု အခြေအနေကို ကြည့်ပြီး ဒါဟာ ထမင်းချက်တဲ့
ဂတ်စ် ဖြစ်ကြောင်းကို သိသာနိုင်ပါတယ်လို့လည်း သူက ရှင်းပြပါတယ်။
အမှန်ဆိုရင်
အခုလို ဓာတ်ငွေ့ရည် အန္တရာယ် ဖြစ်စေတဲ့
အရာတွေကို တင်ဆောင်ပြီး ညနေ ၆နာရီ နောက်ပိုင်းမှာ သွားလာမောင်းနှင်မှု မပြုဖို့ ကုမ္ပဏီက
ကားသမားတွေကို မှာကြားထားပြီး ဖြစ်ပေမယ့် ကားသမားတွေဘက်ကလည်း ပေါ့လျော့သွားမှုတွေလည်းပါတယ်လို့
သြရ ကုမ္ပဏီက ပြောပါတယ်။
လတ်တလော
လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေချိန်မှာ ဓာတ်ငွေ့ရည်
ဘောက်ဆာကားတွေကို လေယာဥ်ဆီ တင်လာတယ် အထင်နဲ့ မှားယွင်း ပစ်ခတ် ခံရတာ ဖြစ်နိုင်တယ်လို့
သူက သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့
ဇန်နဝါရီ ၃ရက်နေ့ကလည်း အောက်စီဂျင်
အရည် တင်လာပြီး ကော့ကရိတ် မြ၀တီ အာရှလမ်း အတိုင်း မြ၀တီကနေ ဆင်းလာတဲ့ ကား၂စင်း အခုလို
ပစ်ခတ် တိုက်ခိုက် ခံရမှုနဲ့ ကြုံခဲ့ရပါတယ်။
ကရင်ပြည်နယ်
လေးကော့ကော်မြို့သစ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ လလယ်ကစလို့ KNU လက်အောက်က တပ်တွေနဲ့ စစ်ကောင်စီ
တပ်တွေကြား တိုက်ပွဲတွေ ဖြစ်ခဲ့ပြီးနောက် ညနေ ၇နာရီ ကနေ မနက် ၆နာရီ အထိ ခရီး သွားလာခွင့်
ပိတ်ပင်ထားကြောင်း KNU ကရင်အမျိုးသား
အစည်းအရုံးက ထုတ်ပြန်ထားပါတယ်။