ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတ ဦးဝင်းမြင့်တို့ကို စွဲဆိုထားတဲ့ အဂတိမှုငါးမှု စတင်စစ်ဆေး
ရဟတ်ယာဉ်ငှားရမ်းမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ လူကယ်ပြန်ဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေးတို့ကို စွဲဆိုထားတဲ့ အဂတိမှုငါးမှုကို ဒီနေ့ စတင်စစ်ဆေးပါတယ်။
တိုက်ရိုက် ထုတ်လွှင့်ချက်
ထိုင်းဘက်က စစ်ရှောင်တွေ မြန်မာဘက်ပြန်လာ
ဒီးမော့ဆိုမှာ စစ်ကောင်စီဘက်က လေယာဥ်နဲ့တိုက်ခိုက်တယ်လို့ ဒေသခံတွေပြော
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ ဒီဇင်ဘာလ ၃၁ ရက်နေ့ မနက်ပိုင်းက ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က စစ်လေယာဥ်တွေသုံး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသကာကွယ်ရေးတပ်တွေဘက်ကလည်း ဒီးမော့ဆိုမြို့နယ်အတွင်းမှာရှိတဲ့ ခြေလျင်တပ်ရင်း ခလရ (၄၂၇) ရဲ့ တပ်တွင်းကို ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်တွေဘက်က ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ကရင်နီဒီမိုကရက်တစ်တပ်ဦး KDF က သတင်းထုတ်ပြန်ပါတယ်။
ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ကြေညာထားတာ မရှိသေးပါဘူး။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်တွင်းမှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး လူပေါင်း ၈၅၀၀၀ လောက်လည်း အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိုနှိုင်းရေးရုံး UNOCHA က ထုတ်ပြန်ထားပါတယ်။
ပြည်သူတွေကို ထိခိုက်စေတဲ့ လုပ်ရပ်တွေ မလုပ်ကြဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို စစ်ကောင်စီ သတိပေး
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့တွေသာမက လက်မှတ်ထိုးဖို့ ညှိနှိုင်းနေဆဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်စေတဲ့ လုပ်ရပ်တွေကို ရပ်တန့်ကြဖို့ စစ်ကောင်စီက ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။
ဒီလုပ်ရပ်တွေကို ထပ်မံလုပ်ဆောင်မယ်ဆိုရင် လုံခြုံရေးဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ချက်တွေကိုလည်း လုပ်ဆောင်သွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့လုပ်ရပ်တွေကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ လက်နက်တွေကို မန္တလေး၊ စစ်ကိုင်းတိုင်း၊ ကချင်နဲ့ ချင်းပြည်နယ်တို့မှာ ဖမ်းဆီးရရှိခဲ့ပြီး အဲဒီလက်နက်တွေဟာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့နဲ့ ဆက်နွှယ်ပတ်သက်မှုတွေ ရှိတယ်လို့လည်း စစ်ကောင်စီက စွပ်စွဲပါတယ်၊
စစ်ကောင်စီရဲ့ ဒီထုတ်ပြန်ချက်တွေနဲ့ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တုံ့ပြန်မှုတွေကို ရနိုင်ဖို့ ကြိုးစားနေပါတယ်။
ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးတဲ့နေ့ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ မြို့ကြီးတချို့မှာ ဖောက်ခွဲတိုက်ခိုက်မှုပေါင်း ၃၇၅၁ ခု ရှိခဲ့ပြီး လူပေါင်း ၁၁၄၅၀ ဦးကိုလည်း ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိသူတွေထဲက တချို့ဟာ KIA နဲ့ TNLA တပ်ဖွဲ့တွေဆီမှာ စစ်သင်တန်းတက်ခဲ့တယ်လို့လည်း စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီအနေနဲ့ NCA သဘောတူစာချုပ်ကို လိုက်နာဖို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို သတိပေးနေပေမယ့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ စစ်အာဏာသိမ်းလိုက်တဲ့အတွက် စစ်ကောင်စီဘက်ကသာ အပစ်ရပ်စာချုပ်ကို ချိုးဖောက်တာ ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူဘက်က တုံ့ပြန်ပြောဆိုထားပါတယ်။
လက္ကာရွာသားတွေအမှု ထပ်မံရက်ရွှေ့ဆိုင်း
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာသား ၂၃ ဦးတို့ကို အမိန့်မချဘဲ စစ်တွေခရိုင်တရားရုံးက အကြိမ်ကြိမ်ရုံးချိန်း တွေ ရွှေ့ဆိုင်းနေတာဟာ စစ်ကောင်စီက အနိုင်ကျင့်နေတဲ့လုပ်ရပ်ဖြစ်တယ်လို့ ဖမ်းဆီးခံတွေရဲ့ မိသားစုတွေက ပြောဆိုကြပါတယ်။
ဒီဇင်ဘာ ၃၀ ရက်နေ့ရုံးချိန်းမှာ အဲ့ဒီ ၂၃ ဦးတို့ကို ရုံးတင်ခဲ့ပေမယ့် အမိန့်မချဘဲ ဇန်နဝါရီ ၁၃ ရက်နေ့ကို ထပ်မံရွှေ့ဆိုင်းလိုက် တယ်လို့ အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေနဲ့ မိသားစုတွေကပြောပါတယ်။
လက်ရှိမှာ လက္ကာကျေးရွာသား ၂၃ ဦးတို့ရဲ့အမှုကို စစ်ဆေးပြီးစီးနေပြီဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့မှာ အပြီးသတ်အမိန့်ချမယ်လို့ တရားသူကြီးက ဆုံးဖြတ်ခဲ့ပေမယ့် အမိန့်ချမယ့်ရက်တွေကို အကြိမ်ကြိမ် ရက်ရွှေ့ဆိုင်းနေတာ ဖြစ်ပါတယ်။
“ကျွန်တော်တို့ကတော့ အမြန်ဆုံးလွတ်စေချင်တာပေါ့။ စစ်ကောင်စီက ဘယ်လိုလုပ်ထားမှန်းလည်းမသိဘူး။ တစ်လမက နှစ်လမက သုံးနှစ်တိုင်တိုင်ရှိသွားပြီ။ အမှုကလည်း ဘာမှတစ်ခုလည်း မရှိတော့ဘူးလို့ ရှေ့နေတွေက ပြောတာပဲ။ လွှတ်ပေးပါ၊ လွှတ်ပေးပါလို့ အကြိမ်ကြိမ်တောင်းဆိုပေမယ့် သူတို့က အနိုင်ကျင့်ထားတာပဲလေ”လို့ ဖမ်းဆီးခံ ကိုနိုင်ဝင်းရဲ့အဖေ ဦးကျန်မောင်က ပြောပါတယ်။
လက္ကာကျေးရွာက ဖမ်းဆီးခံလိုက်ရသူတွေဟာ အေအေနဲ့ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲဆိုခြင်းခံနေကြရပေမယ့် အဲ့ဒီကျေးရွာသားတွေဟာ စွပ်စွဲခံထားရသလို ဘာအဖွဲ့အစည်းနဲ့မှလည်း ဆက်စပ်နေသူတွေမဟုတ်ဘဲ လယ်ယာလုပ်ငန်းနဲ့ လက်သမားအလုပ်တွေကို လုပ်ကိုင်စားသောက်နေကြသူတွေသာ ဖြစ်ကြတဲ့အတွက် သူတို့မှာ ဘာအပြစ်မှမရှိဘူးလို့ မိသားစုတွေက ပြောဆိုကြပါတယ်။
အမှုနဲ့ပတ်သက်လို့ စစ်ဆေးစရာတွေမရှိတော့ပေမယ့် အမိန့်မချဘဲ ရက်ချိန်းတွေရွှေ့ဆိုင်းနေတာဟာ စစ်ကောင်စီက အမှုကိုရုပ်သိမ်းပေးဖို့ကို တရားရုံးကစောင့်ဆိုင်းနေတာဖြစ်တယ်လို့ အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့ ဦးအောင်စစ်မင်းက ပြောပါတယ်။
လောလောဆယ်မှာတော့ အဲ့ဒီအမှုတွေနဲ့ပတ်သက်လို့ ရုပ်သိမ်းပေးဖို့ရှိမရှိကို မသိရသေးဘူးလို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောဆိုကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဧပြီလ ၉ ရက်နေ့က တပ်မတော်စစ်ကြောင်း တစ်ခုက လက္ကာကျေးရွာအတွင်းဝင်ရောက်လာခဲ့ပြီး ရွာသား ၂၇ ဦးတို့ကို ဖမ်ဆီးသွားခဲ့တာဖြစ်ပါတယ်။
တပ်မတော်စစ်ကြောရေးအတွင်း သုံးဦးသေဆုံးသွားခဲ့ကာ တစ်နှစ်ခန့်အကြာမှာတော့ အသက်မပြည့်သေးတဲ့ ကျောင်းသား နှစ်ဦး ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။
၂၀၂၀ ခုနှစ် ဩဂုတ်လအတွင်းမှာ သူတို့နဲ့ဆက်စပ်တယ်ဆိုပြီး တိန်ညိုစစ်ဘေးရှောင်စခန်းက အမျိုးသမီးတစ်ဦးကို ထပ်မံပြီး ဖမ်းဆီးသွားခဲ့ပါတယ်။ လက်ရှိမှာတာ့ အမှုရင်ဆိုင်နေရသူ ၂၃ ဦးရှိပါတယ်။
မြန်မာအတွက် အကူအညီတွေ အမြန်ဆုံး ပံ့ပိုးပေးနိုင်ဖို့ ကမ္ဘောဒီးယားတိုက်တွန်း
မြန်မာနိုင်ငံတွင်း နိုင်ငံရေး မတည်ငြိမ်မှုနဲ့ ကိုဗစ်-၁၉ ကပ်ဘေးအန္တရာယ်တွေကြောင့် ကာကွယ်ဆေးထိုးဖို့အပါအဝင် အကူအညီတွေ လိုအပ်နေတဲ့ သူတွေဆီကို လူသားချင်းစာနာထောက်ထားတဲ့ အထောက်အပံ့တွေ အမြန်ဆုံး ပေးဖို့နိုင်ဖို့နဲ့ ဘေးကင်းလုံခြုံဖို့အတွက် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့ လက်တွဲ လုပ်ဆောင်သွားမယ်လို့ ကမ္ဘောဒီးယားနိုင်ငံက ပြောပါတယ်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌသစ် ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ပတ်ခ် ဆော့ခ်ဟွန်း နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလင်း ဟေဇာတို့ ဒီဇင်ဘာလ နှောင်းပိုင်းမှာ တွေ့ဆုံအပြီး ကမ္ဘောဒီးယားနိုင်ငံဘက်က အခုလို သတင်းထုတ်ပြန်ခဲ့တာပါ။
မြန်မာနိုင်ငံတွင်းက အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ လုပ်ဆောင်တဲ့ နိုင်ငံရေး လုပ်ငန်းစဥ်တိုင်းဟာ အောင်မြင်မှုရဖို့ မြန်မာနိုင်ငံဘက်ကသာ အဓိက ဦးဆောင်ရမယ်လို့လည်း သဘောတူခဲ့ကြပါတယ်။
ဧပြီလနှောင်းပိုင်းမှာ သဘောတူထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကိုလည်း လက်တွေ့အကောင်အထည်ဖော်ရာမှာ အောင်မြင်တိုးတက်မှုရှိဖို့ လက်တွေ့ကျကျ တလှမ်းချင်း လုပ်ဆောင်သွားမယ်လို့ ကမ္ဘောဒီးယားနိုင်ငံဘက်က ကတိပြုခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ နိုလင်း ဟေဇာကလည်း မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အကျပ်အတည်းကို ငြိမ်းချမ်းတဲ့နည်းတဲ့ ဖြေရှင်းနိုင်ဖို့ ကမ္ဘောဒီးယားနိုင်ငံရဲ့ အနီးကပ် လက်တွဲ လုပ်ဆောင်သွားဖို့ ဆန္ဒရှိတယ်လို့ ပြောပါတယ်။
ပီဒီအက်ဖ်နဲ့ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံနေရတဲ့ တက္ကသိုလ်ကျောင်းသူကို သက်သေမခိုင်လုံ လို့ ပြန်လွှတ်
ရခိုင်ပြည်နယ် ၊ ကျောက်ဖြူမြို့မှာ ဖမ်းဆီးခံထားရတဲ့ တက္ကသိုလ်ကျောင်းသူ မအေးမြင့်မြတ်အောင်ဟာ ဒီဇင်ဘာ ၃၀ ရက်နေ့ညနေ ၄ နာရီလောက်မှာ ပြန်လည်လွတ်မြောက်လာပြီလို့ သူ့ရဲ့အဒေါ်ဖြစ်သူ ဒေါ်စန်းစန်းနုက ဘီဘီစီကို ပြောပါတယ်။ မအေးမြင့်မြတ်အောင်ဟာ ဒေသကာကွယ်ရေး တပ်ဖွဲ့ PDF တွေကို ငွေကြေးထောက်ပံ့ပေးတယ်ဆိုပြီး စွပ်စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရာက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) နဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။ သူ့ကို နေပြည်တော်ကနေ ပုဒ်မ ၅၀ (ည) နဲ့အမှုဖွင့်ပြီး ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့ကို ဖမ်းဆီးခိုင်းတဲ့အတွက် ဒီဇင်လာ ၃ ရက်နေ့ညက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ မြို့နယ်ရဲတပ်ဖွဲ့တို့က နေအိမ်ကို လာရောက် ဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောကြားထားပါတယ်။ မအေးမြင့်မြတ်အောင်ကို ကျောက်ဖြူမြို့ရဲစခန်းမှူးက တရားလိုလုပ်ပြီး အမှုဖွင့်ထားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ သက်သေမခိုင်လုံတဲ့အတွက် ပြန်လွှတ်ပေးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
“ဟုတ်ပါတယ်။ သမီးလေးပြန်လွတ်လာပါပြီ။ မနေ့ကညနေပိုင်း ၄ နာရီလောက်မှာ လွတ်လာခဲ့တာပါ။ ကျန်းကျန်းမာမာနဲ့ပြန်လွတ်လာပြီဆိုတော့ ဝမ်းသာပါတယ်။ တခြားပြောစရာတော့မရှိပါဘူး”လို့ ဒေါ်စန်းစန်းနုက ပြောပါတယ်။
ဖမ်းဆီးခံခဲ့ရသူ မအေးမြင့်မြတ်အောင်ဟာ သူနာပြုဆရာမတစ်ဦးရဲ့ သမီးဖြစ်ပြီး တက္ကသိုလ်တက်ဖို့စောင့်ဆိုင်းရင်း စက်ချုပ်ပညာကိုသင်ယူနေသူဖြစ်ကာ PDF တွေကိုငွေကြေးထောက်ပံ့ပေးတယ်ဆိုတာက စစ်ကောင်စီဘက်က မဟုတ်မမှန်စွပ်စွဲမှုသာဖြစ်တယ်လို့ မိသားစုတွေပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း အခုလိုမျိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို ထောက်ပံ့ကူညီပေးတယ်ဆိုပြီး သံတွဲမြို့က ခြောက်ဦး၊ ကျောက်ဖြူက တစ်ဦး၊ မြောက်ဦးက တစ်ဦးနဲ့ တောင်ကုတ်က နှစ်ဦးတို့ကို ဖမ်းဆီးတရားစွဲဆိုထားတာဖြစ်ပါတယ်။
လတ်တလောမှာတော့ ဖမ်းဆီးတရားစွဲဆိုခံနေရသူ ၈ ဦးကျန်သေးပြီး ၇ ဦးကို သက်ဆိုင်ရာခရိုင်တရားရုံးတွေမှာ စွဲချက်တင်ထားပြီဖြစ်ကာ တောင်ကုတ်မြို့က ကိုမင်းကိုဦးကိုတော့ ရမန်ယူစစ်ဆေးနေဆဲဖြစ်တယ်လို့သိရပါတယ်။
ကရင်နီပြည်နယ်တွင်း ဒေသတချို့ကို ထိန်းချုပ်ထားနိုင်တယ်လို့ ဒေသကာကွယ်ရေးတပ်ဘက်က ပြောလာ
ကယားပြည်နယ် (ကရင်နီပြည်နယ်) အတွင်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေး တပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားတာ ၈ လတာနီးပါးရှိလာပြီဖြစ်ပြီး ဒီးမော့ဆို၊ လွိုင်ကော်နဲ့ မိုးဗြဲမြို့နယ်တွေမှာ လက်ရှိအချိန်ထိ စစ်ရေးတင်းမာမှုတွေ ရှိနေပါတယ်။
စစ်ကောင်စီတပ်တွေဘက်က လက်နက်အင်အား အသားစီးရနေပေမယ့် ဒေသခံကာက နယ်မြေကျွမ်းကျင်မှုကြောင့် တချို့ဒေသတွေကို ဒေသခံကာကွယ်ရေးအဖွဲ့တွေဘက်က ထိန်းချုပ်ထားနိုင်တယ်လို့ ဆိုပါတယ်။
"ကျွန်တော်တို့ ထိန်းချုပ်နိုင်တဲ့နေရာတွေ အတော်များများ ရှိလာတယ်။ ဒါပေမဲ့ အုပ်ချုပ်ရေးဘက်မှာတော့ အားနည်းနေသေးတယ်လို့ ဝန်ခံရမယ်။ စစ်ကောင်စီ ဘက်ကလည်း သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားကို လွိုင်ကော်တစ်ခုပဲ လုပ်နိုင်ပါတယ်။ ကျွန်တော်တို့ဘက်ရော စစ်ကောင်စီဘက်ရော နယ်မြေစိုးမိုးတဲ့ ဒေသက ညီမျှနေတယ်လို့ ပြောလို့ရမယ်" ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) ကတာဝန်ရှိသူတစ်ဦးက MPA ကို ပြောပါတယ်။
ဒေသခံကာကွယ်ရေးအဖွဲ့တွေဘက်က ပြောကြားချက်အရ ၈ လတာ နီးပါး တိုက်ပွဲတွေအတွင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဘက်က စုစုပေါင်း ၁၈ ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်က ၃၀၀ နီးပါးသေဆုံးတယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA (မြန်မာ) ရဲ့ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ အကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လူဦးရေလေးသိန်းကျော်စစ်ရှောင်နေရပြီး ကယားပြည်နယ်မှ လူဦးရေ ၈ သောင်းထက်မနည်းပါဝင်တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၂၄ ရက်ကလည်း ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ ကလေးငယ်နဲ့အမျိုးသမီးတွေအပါအဝင် စစ်ရှောင် ပြည်သူ ၃၅ သတ်ဖြတ်မီးရှို့ခံခဲ့ရပြီး ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စုံစမ်းဖော် ထုတ်အရေးယူဖို့ စစ်တပ်ကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ဖိအားပေးတောင်းဆိုထားပါတယ်။
ကရင်နီပြည်နယ်အတွင်း စစ်တပ်ရဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘုရားကျောင်းတွေနဲ့ လူနေအိမ်တွေ မီးလောင်ပျက်စီးခဲ့သလို ဒေသခံတချို့လည်း သေဆုံးခဲ့ပါတယ်။ စစ်ကောင်စီဘက်ကတော့ အကြမ်းဖက်သမားတွေဟာ ဘုရားကျောင်းကို အကာအကွယ်ယူပြီး ပစ်ခတ်တာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။
ကရင်နီစစ်ရှောင်တွေအတွက် အစားအသောက်နဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေ
စစ်အာဏာသိမ်းမှုကို အစောဆုံးလက်နက်ကိုင်ဆန့်ကျင်ခဲ့တဲ့အထဲမှာပါဝင်ခဲ့တဲ့ ကယားပြည်နယ်(ကရင်နီပြည်နယ်)အတွင်း မေလကစလို့ အခု ဒီဇင်ဘာလအထိ ရှစ်လတာ နီးပါးကာလအတွင်း နေရပ်စွန့်ခွာပြီး စစ်ရှောင်ရသူအရေအတွက်ဟာ သိန်းဂဏန်းထိရှိလာနေတယ်လို့စစ်ရှောင်အရေးဆောင်ရွက်သူတွေကပြောပါတယ်။
နယ်မြေမတည်ငြိမ်မှု၊ စစ်ကောင်စီတပ်တွေရဲ့ မကြာခဏ ဝင်ရောက်ရှာဖွေစီးနင်းမှု၊ စစ်ကြောင်းထိုးမှုတွေနဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေကြောင့် နေရပ်ကိုမပြန်နိုင်သူတွေလည်း အများအပြားရှိနေပါတယ်။
"(စစ်ရှောင်) က တစ်သိန်းကျော် ဝန်းကျင်တော့ စုစုပေါင်းရှိတယ်။ တချို့ကလည်း အိမ်တွေကို ခဏပြန်ကြတယ်လေ။ တချို့ကျတော့လည်း မပြန်ရဲကြဘူး။ စစ်ဖြစ်ရင်တော့ ပြန်ပြေးလာကြရတယ်" လို့ စစ်ရှောင်အရေးဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။
ဒါ့ပြင် ဒေသခံတွေရဲ့နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာ၊ ကျေးရွာတွေအတွင်း လူနေ အိမ်တွေအနီးမှာ မိုင်းတွေ ထောင်ခဲ့တာကြောင့် နေအိမ်ကို စစ်ရှောင်ရာကနေ ခဏ ပြန်ကြသူတွေထဲ အဲဒီလိုမိုင်းနင်းမိလို့ ထိခိုက်ဒဏ်ရာရသူတချို့လည်း ရှိခဲ့ပါတယ်။ ဒါကြောင့် ဒေသခံတွေအနေနဲ့ တိုက်ပွဲတွေ ငြိမ်သက်သွားပေမယ့်လည်း နေရပ်ပြန်ဖို့ အခက်အခဲနဲ့စိန်ခေါ်မှုတွေရှိနေဆဲဖြစ်ပါတယ်။
အဲဒီလို စစ်ရှောင်ရတာ အချိန်ကြာလာတာနဲ့အမျှ စစ်ရှောင်သူတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေလည်း လိုအပ်နေပြီဖြစ်ပါတယ်။ "စစ်ရှောင်တွေ အတွက်က ဆန်ဆီဆားအခြေခံစားသောက်ကုန်တွေနဲ့ဆေးဝါးတွေအဓိက လိုတယ်"လို့ စစ်ရှောင်စခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လေးကေ့ကော်တိုက်ပွဲ ငြိမ်းချမ်းတဲ့နည်းနဲ့အဖြေရှာဖို့ ထိုင်းတိုက်တွန်း
ထိုင်း-မြန်မာ နယ်စပ် ကရင်ပြည်နယ် မြဝတီခရိုင် လေးကေ့ကော်ဒေသဘက်မှာ ဖြစ်နေတဲ့ ပြည်တွင်း ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာကြဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံတွင်းက ပါဝင်ပတ်သတ်သူအားလုံးကို တောင်းဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံ နယ်စပ် တာ့ခ်ခရိုင်ဘက်ခြမ်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ နိုင်ငံအတွက် မကောင်းတဲ့ သက်ရောက်မှု ဖြစ်စေပြီး ဒေသခံတွေအတွက်လည်း အန္တရာယ်ဖြစ်စေတယ်လို့ ထိုင်းနိုင်ငံခြားရေး ပြောခွင့်ရှိသူက ပြောပါတယ်။
ငြိမ်းချမ်းတဲ့ ညှိနှိုင်းမှုတွေကနေတဆင့် ဒီအခြေအနေကို အမြန်ဆုံး ကိုင်တွယ်ဖို့ ပါဝင်ပတ်သက်သူတွေအားလုံးကို တောင်းဆိုလိုက်ပြီး မြန်မာဒုက္ခသည်တွေကိုလည်း လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ပေးသွားမယ်လို့လည်း ဆိုပါတယ်။
မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို အဖြေရှာဖို့အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတွေဖြစ်တဲ့ ဘရူနိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေရဲ့ ကြိုးပမ်းချက်တွေကိုလည်း ထိုင်းနိုင်ငံအနေနဲ့ ထောက်ခံတယ်လို့လည်း ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ ထိန်းချုပ်နယ်မြေဖြစ်တဲ့ လေးကေ့ကော်ဒေသဘက်မှာ စစ်ကောင်စီဘက်က ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီး ဒီကနေ့အထိလည်း ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
ဒီပဋိပက္ခတွေကြောင့် ဒေသခံ ထောင်နဲ့ချီ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စစ်ကောင်စီတပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေလည်း ထိုင်းနိုင်ငံဘက်ခြမ်းကို ကျရောက်တာတွေ ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ထိုင်းအာဏာပိုင်တွေကတော့ ပစ်ခတ်တိုက်ခိုက်မှုတွေ သူတို့နယ်နိမိတ်ထဲကို ထပ်ပြီး မရောက်လာဖို့ မြန်မာစစ်တပ်ကို သတိပေးထားပါတယ်။
စစ်ကောင်စီဘက်ကတော့ တပ်ဖွဲ့အင်အား အကန့်အသတ်နဲ့ပဲ တုံ့ပြန်တိုက်ခိုက်တာ ရှိတယ်လို့ ကာကွယ်ပြောဆိုထားပါတယ်။
အပစ်ရပ်စာချုပ် ချိုးဖောက်ရင် တုံ့ပြန်မယ်လို့ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေကို စစ်ကောင်စီသတိပေး
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်ရေးထိုးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စာချုပ်ပါ ကတိက၀တ်တွေကို လေးစားလိုက်နာဖို့ စစ်ကောင်စီက ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။
NCA စာချုပ်ပါ စည်းကမ်းချက်တွေကို ချိုးဖောက်တာတွေ လုပ်လာရင် လုံခြုံရေးဆိုင်ရာ တုံ့ပြန်ဆောင်ရွက်တာတွေ လုပ်သွားမယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးသား အစည်းအရုံး KNU၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တို့နဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကြား ကရင်ပြည်နယ် လေးကေ့ကော်ဒေသဘက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
ကေအန်ယူ ပြောရေးဆိုခွင့်ရှိသူ နိုင်ငံခြားရေးဌာနတာ၀န်ခံ ပဒိုစောတောနီးကတော့ NCA ကို ချိုးဖောက်သူဟာ စစ်အာဏာသိမ်းလိုက်ပြီး NCA စာချုပ်ကို ချိုးဖောက်ခဲ့တဲ့ စစ်ကောင်စီဘက်သာ ဖြစ်သာတယ်လို့ မနေ့က စစ်ကောင်စီ ထုတ်ပြန်ထားတဲ့ ကေအန်ယူ တပ်ဖွဲ့တချို့ဘက်က စတင်ပစ်ခတ်တိုက်ခိုက်ခဲ့တယ် ဆိုတာနဲ့ ပတ်သက်ပြီး ကေအန်ယူရဲ့ ရှင်းလင်းချက်အနေနဲ့ ဒီကနေ့ တုံ့ပြန်ပြောဆိုထားပါတယ်။
စစ်တပ်ရဲ့ လေကြောင်းက တိုက်ခိုက်မှု၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူ ထောင်နဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသလို ထိုင်းနိုင်ငံဘက်ခြမ်း ထွက်ပြေးခိုလှုံရသူတွေလည်း ရှိပါတယ်။
ဒါကြောင့်လည်း လေးကေ့ကော်ဒေသကို လေကြောင်းပျံသန်းမှု ကင်းမဲ့ဇုန်အဖြစ် သတ်မှတ်ပေးဖို့ KNU အဖွဲ့၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC တို့ဘက်က တောင်းဆိုနေပါတယ်။
ဒီဇင်ဘာလ ၁၅ ရက်နေ့ကနေ လက်ရှိအချိန်ထိ လေးကေ့ကော်ဒေသဘက်မှာ တိုက်ပွဲပေါင်း ၂၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေ ထိုင်းနိုင်ငံဘက်ခြမ်းကို ကျရောက်တာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေါက်တာအောင်မိုးညိုကိုအဂတိမှု ၆ မှု အတွက် ထောင်ဒဏ် ၁၈ နှစ် ချမှတ်
မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုကို အဂတိလိုက်စားမှု ဆိုင်ရာ ပုဒ်မ ၅၅ နဲ့ စွဲဆိုထားတဲ့ အမှုတွေအတွက် တစ်မှုကို ထောင်ဒဏ် သုံးနှစ်စီနဲ့ ၆ မှု အတွက် စုစုပေါင်း ထောင်ဒဏ် ၁၈ နှစ်ဒီကနေ့ ချမှတ်လိုက်ပါတယ်။
မကွေးထောင်တွင်း အထူးတရားရုံးက ပြစ်ဒဏ်တွေချမှတ် လိုက်တာဖြစ်ပြီး ဒီပြစ်ဒဏ်တွေကို သီးခြားစီ ကျခံရမှာ ဖြစ်တယ်လို့ သူ့ရဲ့ ဥပဒေအကျိုးဆောင် ရှေ့နေကြီး ဦးမြင့်အောင်က ဘီဘီစီကို ပြောပါတယ်။
ဒေါက်တာ အောင်မိုးညိုက ကျန်းကျန်းမာမာ ဖြစ်အောင်နေပြီး သူ ဝန်ကြီးချုပ် တာဝန်ယူခဲ့တုန်းက ပြည်သူတွေအတွက် ဆောင်ရွက်ပေးနိုင်ခဲ့တာတွေကို ပြန်တွေးပြီး ပီတိဖြစ်နေမယ်လို့ ပြောကြောင်း ရှေ့နေဦးမြင့်အောင်က ပြန်ပြောပါတယ်။
သူ ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့တုန်းက လမ်းမရှိတဲ့ ကျေးရွာတွေမှာ လမ်းတွေဖောက်ခဲ့တာ၊ တံတားတွေ ဆောက်ခဲ့တာ၊ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ခဲ့တာတွေ ကို တွေးပြီးတော့ ပီတိဖြစ်ရတယ် ဆိုတာ မီဒီယာတွေက တဆင့် ပြည်သူတွေ သိစေချင်တယ်လို့ မှတ်ချက် စကား ပါးလိုက်ကြောင်း ရှေ့နေ ဦးမြင့်အောင်က ပြောပါတယ်။
ပြည်သူတွေက သူ့ကို ဝန်ကြီးချုပ်နေရာမှာ ပြန်လုပ်စေချင်တဲ့ ဆန္ဒရှိရင် သူ့အနေနဲ့ လုပ်ဖို့ အဆင်သင့်ပါလို့ ပြောကြောင်းလည်း ရှေ့နေ ဦးမြင့်အောင်က ပြန်ပြောပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တစ်ဦးတည်းကို စွဲဆိုထားတဲ့ အမှုတွေအပြင် မကွေးတိုင်း ဝန်ကြီး တွေဖြစ်ကြတဲ့ ဒေါက်တာ ခင်မောင်အေး၊ ဦးတင်နွယ်ဦး၊ တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးတာတို့နဲ့ ပါ ပူးတွဲ စွဲဆိုထားတဲ့ အဂတိလိုက်စားမှု ဆိုင်ရာ အမှုတွေ အတွက် သူတို့ အားလုံးကို ဒီဇင်ဘာလ ၃၀ ရက်နေ့မှာပဲ ပြစ်ဒဏ်တွေ ချမှတ်ခဲ့ ပါတယ်။
လွှတ်တော် ဥက္ကဋ္ဌ ဦးတာကို အဂတိမှု ၂ မှု အတွက် ထောင်ဒဏ် ၆ နှစ်၊ လူမှုဝန်ကြီး ဒေါက်တာ ခင်မောင်အေးကို အဂတိမှု ၃ မှု အတွက် ၉ နှစ်၊ ဆောက်လုပ်ရေးနဲ့ ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီး ဦးတင်နွယ်ဦး ကို အဂတိမှု ၄ မှု အတွက် ထောင်ဒဏ် ၁၂ နှစ် အသီးသီး ချမှတ်ခဲ့ပါတယ်။
ဝန်ကြီးချုပ်ဒေါက်တာ အောင်မိုးညိုက အယူခံ ဝင်မှာ မဟုတ်သလို တိုင်းဝန်ကြီးနှစ်ယောက်ကလည်း သူတို့ကို ချမှတ်တဲ့ ပြစ်ဒဏ်တွေ အတွက် အယူခံ မဝင်ဘူးလို့ ဆိုကြပေမဲ့ လွှတ်တော် ဥက္ကဋ္ဌ ဦးတာကတော့ အယူခံဝင်မယ်လို့ရှေ့နေ ဦးမြင့်အောင်က ပြောပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ပုဒ်မ ၅၅ နဲ့ စွဲဆိုခံထားရတဲ့ အမှုတွေအတွက် ၁၅ နှစ်ထက်မပိုသောထောင်ဒဏ် ချမှတ်နိုင်သည်လို့ ပြဌာန်းထား ပါတယ်။
ဒေါက်တာအောင်မိုးညို စွဲဆိုခံထားရတဲ့ အမှုတွေထဲက အစိုးရကို အထင်မြင်လွဲအောင်သွေးထိုးလှုံ့ဆော်တယ် ဆိုပြီး ပုဒ်မ ၅၀၅ (ခ) အမှု အတွက် ပြစ်ဒဏ် ၂ နှစ် ချမှတ်ခံထားရပြီးဖြစ်ပါတယ်။ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှု ဆိုင်ရာ ဥပဒေ၊ ရွေးကောက်ပွဲမှာ မလျော်သြဇာ သုံးမှု ဆိုင်ရာ ဥပဒေတွေနဲ့ စွဲဆိုခံထားရတဲ့ အမှုတွေကို ဆက်လက်ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။
အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို လက်သင့်မခံနိုင်ဘူးလို့ အီးယူပြော
ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်း ဒီဇင်ဘာလ ၂၄ ရက်နေ့က လူပေါင်း ၃၅ ယောက်ကျော် သတ်ဖြတ် မီးရှို့ခံခဲ့ရတဲ့ ဖြစ်ရပ်ဟာ ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူဖို့ အရေးပေါ် လိုအပ်နေပြီဆိုတာ မီးမောင်းထိုးပြတာ ဖြစ်တယ်လို့ အီးယူ ဥရောပ သမဂ္ဂက ပြောပါတယ်။
မြန်မာစစ်တပ်ဘက်က ကျူးလွန်ခဲ့တဲ့ အင်မတန်ဆိုးရွားတဲ့ အဲဒီအကြမ်းဖက်မှုအတွင်း သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပါအ၀င် လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ပေးနေတဲ့ ဝန်ထမ်းတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။
အရပ်သားတွေနဲ့ အကူအညီပေးရေးအဖွဲ့တွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို လက်သင့်မခံသလို ဒီလုပ်ရပ်ဟာ လူသားချင်းစာနာထောက်ထားတဲ့ ဥပဒေအပါအဝင် နိုင်ငံတကာ ဥပဒေနဲ့ လူ့အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာ ဖြစ်တယ်လို့ အီးယူ နိုင်ငံခြားရေး မူဝါဒရေးရာ အကြီးအကဲ ဂျိုးဆက် ဘိုဝဲလ်က ပြောပါတယ်။
ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအတွင်းက နေရာတော်တော်များများမှာ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ထောင်ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း အီးယူဘက်က ထောက်ပြပါတယ်။
လိုအပ်နေတဲ့ ပြည်သူတွေအားလုံး လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ အတားအဆီးမရှိ အပြည့်အဝ ရဖို့နဲ့ အကူအညီပေးရေးအဖွဲ့တွေနဲ့ ဆေးဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံရေးကိုလည်း အပြည့်အဝ အကာအကွယ်ပေးရမယ်လို့လည်း ဆိုပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း လက်နက်တင်ပို့ရောင်းချမှု တားဆီးတာ အပါအဝင် ကာကွယ်တားဆီးရေး အစီအမံတွေကို လုပ်ဆောင်ဖို့ လိုအပ်နေပြီး အီးယူအနေနဲ့လည်း မြန်မာစစ်တပ်အပေါ် နောက်ထပ် အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်ဖို့ အဆင်သင့်ပဲလို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်ခေါင်းဆောင်တွေ၊စစ်တပ်ပိုင် ကုမ္ပဏီလုပ်ငန်းတွေကို အီးယူဘက်က ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်ခဲ့သလို အစိုးရကို ပေးနေတဲ့ အီးယူရဲ့ ဘဏ္ဍာရေး အကူအညီတွေကိုလည်း ရပ်ဆိုင်းခဲ့ပါတယ်။
မြန်မာနိုင်ငံတွင်း လက်ရှိ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းကို ငြိမ်းချမ်းတဲ့နည်းတဲ့ အဖြေရှာဖို့အတွက် အီးယူ ဥရောပ သမဂ္ဂအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ကြိုးပမ်းမှုတွေ၊ အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကိုလည်း ထောက်ခံအားပေးတယ်လို့ ပြောပါတယ်။
အီးယူအနေနဲ့ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေကို ဆက်လက် ထောက်ပံ့သွားမှာ ဖြစ်ပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူတွေ၊ ပဋိပက္ခဒဏ် ခံစားခဲ့ရတဲ့ အသိုင်းအ၀ိုင်းနဲ့ ကိုဗစ်-၁၉ ကပ်ဘေးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေအတွက် ဒီနှစ်အတွင်း ယူရို ၂၄.၅ သန်း သုံးစွဲသွားမယ်လို့လည်း ဆိုပါတယ်။
ပညာရေးနဲ့ စား၀တ်နေရေး အပါအဝင် အရပ်သားပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်တင်းဖို့အတွင်းလလည်း ယူရို ၆၅ သန်း သုံးစွဲသွားမယ်လို့ အီးယူရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မန္တလေးတိုင်း လွှတ်တော် ဥက္ကဋ္ဌကို ထောင်ငါးနှစ်ချ
မန္တလေးတိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးကို သွေးထိုးလှုံ့ဆော်မှု၊ မမှန်သတင်းဖြန့်မှုပုဒ်မ ၅ဝ၅-က အပါအဝင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပုဒ်မ ၂၅ တို့နဲ့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ အိုးဘိုထောင်တရားရုံးကနေ ထောင်ငါးနှစ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
ပုဒ်မ ၅၀၅-ကအတွက် အမြင့်ဆုံး ပြစ်ဒဏ် ထောင်ဒဏ် ၃ နှစ်နဲ့ ကိုဗစ်-၁၉ တိုက်ဖျက်ရေး လှုပ်ရှားမှုမှာ ပါဝင်တဲ့အတွက် သဘာဝဘေးပုဒ်မတို့နဲ့ ထောင်ဒဏ် ၂ နှစ် အသီးသီး ချမှတ်လိုက်တာပါ။
ဦးအောင်ကျော်ဦးကို ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးကတည်းက လွှတ်တော်ဝန်းအတွင်းမှာ အကျယ်ချုပ်အနေနဲ့ လအတော်အတန်ကြာ ထိန်းသိမ်းထားတာ ဖြစ်ပြီး အခုချိန်မှ တရားစွဲ အမိန့်ချမှတ်ခံရတာဖြစ်တယ်လို့ ရှေ့နေအသိုင်းဝိုင်းက ပြောပါတယ်။
ဦးအောင်ကျော်ဦးဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကနေ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ပုသိမ်ကြီးမြို့နယ်ကနေ တိုင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ် နှစ် ကြိမ်ဆက်တိုက် အနိုင်ရရှိခဲ့သူဖြစ်ပါတယ်။
လေးကေ့ကော်ဒေသထဲမှာ တပ်ခွဲမှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို KNLA ဖမ်းမိ
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်တိုက်ပွဲအတွင်းကနေ တပ်ခွဲမှူးတစ်ဦးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ KNLA က ဒီနေ့ ဒီဇင်ဘာလ ၃၀ ရက်မှာ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
''ဖလူးကြီး၊ ရသေ့ကူ၊ လေးကေ့ကော်ကျေးရွာချင်းဆက်လမ်းမှာ သူတို့ကို ဖမ်းမိတာပါ။ လမ်းမှားလာတာမဟုတ်ပါဘူး။ အိမ်စီးကားနဲ့ နေရာပြောင်းရွှေ့ဖို့လုပ်တုန်းဖမ်းမိတာပါ။ အခုတော့ သူတို့ကို KNLA တာဝန်ရှိသူတွေဆီ လွှဲပြောင်းလိုက်ပြီ''လို့ ဒီဖြစ်စဉ်ကို သိရှိတဲ့သတင်းရင်းမြစ်က ဘီဘီစီကိုပြောပါတယ်။
ဒါ့ပြင် လေးကေ့ကော်မြို့သစ်မှာ စခန်းချနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA တပ်ဖွဲ့ဝင်တွေကြား ဒီနေ့ ဒီဇင်ဘာလ ၃၀ ရက် မနက်ပိုင်းမှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့လည်း သူကပြောပါတယ်။
တစ်ချိန်တည်းမှာပဲ ကော့ကရိတ်မြို့နယ်ထဲက အံကလော်ကျေးရွာအနီးမှာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ KNLA တပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲဖြစ်လို့ စစ်ကောင်စီဘက်က ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရတယ်လို့ ဒေသအခြေစိုက်ကော့ကရိတ်ပွင့်လင်းသတင်းစဉ်က သတင်းဖော်ပြထားပါတယ်။
သရုပ်ဆောင်အကယ်ဒမီ အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦးကို စစ်ကောင်စီက အလုပ်နဲ့ ထောင် ၃ နှစ်ချ, တေးသံရှင် စောဖိုးခွါး၊ ပိုပိုနဲ့ မ၀င်းမင်းသန်းတို့လည်း အလားတူ ပြစ်ဒဏ်တွေ ချမှတ်ခံရ
အာဏာသိမ်းပြီးနောက် ဧပြီလဆန်းတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦးတို့ကို အင်းစိန်ထောင်အထူးတရားရုံးကနေ ဒီနေ့ ဒီဇင်ဘာ ၃၀ ရက်မှာအလုပ်နဲ့ ထောင် ၃ နှစ်စီ ချမှတ်လိုက်ပါတယ်။
သရုပ်ဆောင်ဇနီးမောင်နှံဟာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းခဲ့တဲ့အပေါ် ဆန့်ကျင်တဲ့လမ်းပေါ်ဆန္ဒပြပွဲတွေမှာ အတူပါဝင်ခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီက သူတို့ဇနီးမောင်နှံကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က နဲ့ဝရမ်းထုတ်ခဲ့ပါတယ်။
အဲဒီနောက် သူတို့ဟာ ဧပြီလဆန်းပိုင်းတည်းက နေအိမ်မှာဖမ်းဆီးခံခဲ့ရပြီး အဲဒီနောက် အင်းစိန်ထောင်တွင်းမှာ ထိန်းသိမ်းခံခဲ့ရပါတယ်။ ဖမ်းဆီးခံရပြီး ၈ လအကြာမှာ ခုလို ထောင်ဒဏ်ချမှတ်ခံရတာဖြစ်ပါတယ်။
ဖမ်းဆီးခံထားရချိန်အတွင်း မင်းသမီးဟာ ဂျာမနီနိုင်ငံမှာ ကျင်းပတဲ့ ရုပ်ရှင်ပွဲတော်မှာ သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ ‘What Happened to The Wolf’ ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ထူးချွန်ဆုကိုလည်း ချီးမြှင့်ခံခဲ့ရပါတယ်။
ဖမ်းဆီးခံထားရစဉ်အတွင်း စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေ ရှိခဲ့ပေမယ့် သူအပါအဝင် ဖမ်းဆီးခံထားရတဲ့ နာမည်ကြီးအနုပညာရှင်တချို့ နဲ့ထင်ရှား တဲ့နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေကတော့ အဲဒီစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိခဲ့သလို ခုရက်ပိုင်းမှာ အဲဒီဖမ်းဆီး ထိန်းသိမ်းခံရသူတွေထဲ ကတချို့ကို စစ်ကောင်စီက ဆက်တိုက်ဆိုသလို ထောင်ဒဏ်တွေချမှတ်လာခဲ့တာပါ။
အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြတဲ့တေးသံရှင်တွေ ဖြစ်ကြတဲ့ စောဖိုးခွါးနဲ့ ပိုပိုတို့ကိုလည်း စစ်ကောင်စီရဲ့ထောင်တွင်းတရားရုံးကနေ အလားတူပြစ်ဒဏ်တွေကို ဒီနေ့တစ်ရက်တည်းမှာပဲ ချမှတ်ခဲ့ပါတယ်။
ဒါ့အပြင် ပုဒ်မ ၅၀၅-ကနဲ့ရော၊ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)နဲ့ပါ အမှုရင်ဆိုင်နေရတဲ့ လူမှုကွန်ယက်မှာနာမည်ကျော်ကြားတဲ့ အလှအပရေးရာ ဘလော်ဂါ မဝင်းမင်းသန်းကိုလည်း ထောင်တွင်းတရားရုံးက ပုဒ်မ ၂ ခုစလုံးအတွက် ထောင် ၃ နှစ်စီချမှတ်ခဲ့တယ်လို့ သိရပါတယ်။
မော်ဒယ်သရုပ်ဆောင်ပိုင်တံခွန်ကို အလားတူပုဒ်မနဲ့ပဲ စစ်ကောင်စီက အလုပ်ကြမ်းနဲ့ထောင် ၃ နှစ်ချခဲ့သလို ထင်ရှားတဲ့ ပရဟိတသမား စာရေးဆရာ ဒေါ်သန်းမြင့်အောင်ကိုလည်းပဲ အာဏာမသိမ်းခင်က ဟောပြောခဲ့တဲ့စာပေဟောပြောပွဲ ၂ ခုကိုအကြောင်းပြုပြီး ထောင်သုံးနှစ်ချမှတ်ထားပါတယ်။
NLD စီအီးစီတွေကို ဒီကနေ့ ထောင်ဒဏ်တွေချ, တရားလိုပြသက်သေတင်တဲ့စာတွေ မူရင်းနဲ့ကွဲလွဲနေတယ်လို့ ထွက်ဆို
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်တွေဖြစ်တဲ့ ဦးဟံသာမြင့်၊ ဒေါက်တာမျိုးညွန့်နဲ့ ဦးသိန်းဦးတို့ကို ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက်မှာ အင်းစိန်ထောင်တွင်းတရားရုံးမှာ ထောင် ၂ နှစ်စီ အမိန့်ချမှတ်လိုက်ပါတယ်။
သူတို့တွေဟာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တခြား NLD ခေါင်းဆောင်တွေလို ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။
သူတို့ အဖမ်းခံထားရချိန်မှာ ထွက်ပေါ်လာတဲ့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်တဲ့ စာနှစ်စောင်ကြောင့် ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲခံခဲ့ရတာချင်းလည်း တူပါတယ်။
ဦးဟံသာမြင့်နဲ့ ဦးသိန်းဦးတို့ကို တရားသူကြီးက ဖတ်ပြတဲ့ စီရင်ချက်ထဲ သူတို့ကိုတရားစွဲတဲ့ တရားလိုပြသက်သေတင်တဲ့ စာ ၂ စောင်ဟာ အတုတွေလို့ ထွက်ဆိုခဲ့တဲ့အကြောင်းပါရှိတယ်လို့ တရားရုံးအသိုင်းအဝိုင်းကနေ သိရပါတယ်။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ပုံမှန်ထုတ်ပြန်လေ့ရှိတဲ့ စာနဲ့ကွဲလွဲချက်တွေကို အသေးစိတ်ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၇ ရက်၊ ၁၃ ရက်စွဲတွေနဲ့ထုတ်ပြန်ခဲ့တဲ့ ဒီစာနှစ်စောင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တရားဝင်ဖေ့ဘွခ်စာမျက်နှာ ၂ ခုမှာ တင်ခဲ့တာပဲဖြစ်ပါတယ်။
လူမင်းနဲ့ရဲတိုက်တို့ အလုပ်ကြမ်းနဲ့ ထောင် ၃ နှစ်စီချမှတ်ခံရ
သရုပ်ဆောင် လူမင်းနဲ့ ရဲတိုက်တို့ကို ထောင်တွင်းတရားရုံးကနေ ဒီနေ့ ဒီဇင်ဘာလ ၃၀ ရက်မှာ အလုပ်ကြမ်းနဲ့ထောင် ၃ နှစ်စီ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
သူတို့ နှစ်ဦးစလုံးဟာ အာဏာသိမ်းဆန့်ကျင်မှုမှာပါဝင်ခဲ့တာကြောင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅-ကနဲ့ အင်းစိန်ထောင်တွင်း တရားရုံးတွေမှာ တရားရင်ဆိုင်နေခဲ့ရသူတွေဖြစ်ပါတယ်။
အခုချမှတ်ခံရတဲ့ ထောင်ဒဏ်တွေဟာ စွပ်စွဲခံရတဲ့ပုဒ်မမှာ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်ပါတယ်။
ရဲတိုက်ကို စစ်ကောင်စီက ဧပြီလမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး လူမင်းကိုတော့ မတ်လမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အိန္ဒိယထုတ် ကိုဗစ်ကာကွယ်ဆေး ၆ သန်းကျော် ထပ်မံရောက်ရှိလာ
အိန္ဒိယနိုင်ငံမှာထုတ်လုပ်တဲ့ ကိုဗစ်ရှီးတံဆိပ် ကိုဗစ်-၁၉ ရောဂါ (ကိုရိုနာဗိုင်းရပ်စ်)ကာကွယ်ဆေး ၆ သန်းကျော်ဟာ မနေ့ ဒီဇင်ဘာလ ၂၉ ရက်မှာ မြန်မာပြည်တွင်းကို ထပ်မံရောက်ရှိလာပါတယ်။
ဒီဆေးတွေဟာ မြန်မာက အိန္ဒိယနိုင်ငံဆီကနေ ဝယ်ယူထားတဲ့ ကိုဗစ်ကာကွယ်ဆေး ၁၃ သန်းကျော်ထဲက ဒုတိယအသုတ်နဲ့ နောက်ဆုံးအသုတ်အနေနဲ့ရောက်လာတဲ့ဆေးတွေဖြစ်ပါတယ်။
အဲဒီကာကွယ်ဆေးတွေဟာ မနေ့က လေကြောင်းကနေတဆင့် ရန်ကုန်လေဆိပ်ကို ရောက်လာတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း ကာကွယ်ဆေး ၆ သန်းကျော် ပထမအသုတ်အနေနဲ့ ပြည်တွင်းကို ရောက်ရှိပြီးဖြစ်ပါတယ်။
ဒီအတော်အတွင်းမှာပဲ ပြည်တွင်းမှာ အသက် ၁၈ အထက်လူပေါင်း ၁၃ သန်းကျော်ကို ကိုဗစ်ကာကွယ်ဆေး အကြိမ်ရေပြည့် ထိုးနှံပေးပြီးပြီလို့ စစ်ကောင်စီရဲ့ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
တောင်အာဖရိကနိုင်ငံကနေ စတင်တွေ့ရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ အိုမီခရွန် ကူးစက်သူတစ်ချို့ကို မြန်မာနိုင်ငံ အတွင်းမှာ တွေ့ရှိနေပြီလို့ စစ်ကောင်စီရဲ့ကျန်းမာရေးဝန်ကြီးဌာနက ကြေညာလာပါတယ်။
ကူးစက်သူ ၄ ဦးဟာ ပြည်ပကနေ ပြည်တွင်းကို ပြန်လာသူတွေဖြစ်တယ်လို့လည်းဆိုပါတယ်။
ကပ်ရောဂါကြောင့် ခရီးသည်တင်လေယာဉ်ပျံသန်းမှုအပါအဝင် နယ်စပ်တွေကို အကန့်အသတ်နဲ့ဖွင့်လှစ်တာတွေ ပြုလုပ်နေချိန်မှာ အိုမီခရွန် ကူးစက်ပျံ့ပွားမှု ထပ်မဖြစ်အောင် ကျန်းမာရေးဌာနအနေနဲ့ ဘယ်လိုတွေ စီမံထားပါလဲ။ အပြည့်အစုံကိုဒီလင့်ခ်ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။