ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်အနေနဲ့ မြန်မာနိုင်ငံကို သွားရောက်မယ့် သူ့ခရီးစဉ်ကို ဖျက်သိမ်းသင့်ပြီး အနှစ်မပါတဲ့ဟန်ပြလုပ်ရပ်ကို မလုပ်သင့်ဘူးဆိုပြီး နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AI) ဘက်က ပြောလာပါတယ်။
ဝန်ကြီးချုပ်ဟွန်ဆန်ဟာ မြန်မာနိုင်ငံကို မနက်ဖြန် ဇန်နဝါရီလ ၇ ရက်နဲ့ ၈ ရက်မှာ ၂ ရက်ကြာ လာရောက်ဖို့ရှိနေတာဖြစ်ပြီး ဟန်ပြသဘောမျိုးလာရောက်တာထက် လူ့အခွင့်အရေးကိစ္စရပ်တွေကို ပိုပြီး ဦးစားပေးသင့်တယ်လို့ AI အဖွဲ့ရဲ့ အာရှရေးရာသုတေသီကပြောလိုက်တာဖြစ်ပါတယ်။
''ပြုရိုး ပြုစဉ်မဟုတ်တဲ့ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့အခုလို သံခင်းတမန်ခင်းကြိုးပမ်းမှုက မြန်မာ့အရေးအတွက် အာဆီယံ အဖွဲ့ကြီးတုံ့ပြန်ပုံကို ချိုးဖောက်တာဖြစ်သလို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုလည်း အာဆီယံရပ်တည်ချက်နဲ့ပတ်သက်လို့ ထင်ပြတ်တဲ့သတင်းစကားပါးတာမျိုး မဖြစ်အောင် ဦးတည်သွားနိုင်လို့ အကောင်းထက် အဆိုးကိုပဲ ဦးတည်သွားစေနိုင်တယ်'' လို့ AI အဖွဲ့ အာရှရေးရာသုတေသန ဒုတိယညွှန်ကြားရေးမှူးက ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံဟာ ဒီနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမှာဖြစ်လို့ ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းက မြန်မာ့အရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေကြား ရရှိထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေးကို ကူညီသင့်သလို လူ့အခွင့်အရေးနဲ့ ချိုးဖောက်မှုတွေအတွက် ပိုတာဝန်ယူမှု တာဝန်ခံမှုရှိလာစေရေးအတွက် ပိုအားထုတ်သင့်တယ်လို့ သူက ထောက်ပြပါတယ်။
ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့မြန်မာပြည်ခရီးစဉ်ဟာ မြန်မာပြည်တွင်းမှာ အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ပြည်ပ အစိုးရအဖွဲ့ခေါင်းဆောင်တစ်ဦးရဲ့ ပထမဆုံး ခရီးစဉ်ဖြစ်လာမှာဖြစ်တာကြောင့် ဒါဟာ လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုရာရောက်တယ်ဆိုပြီး အကဲခတ်တွေက ထောက်ပြနေသလို လူ့အခွင့်အရေးအဖွဲ့တွေကလည်း ကန့် ကွက်နေပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ကတော့ သူ့ခရီးစဉ်အတွက် အပြောမစောကြဖို့ အစောပိုင်းက ပြောထားသလို ကမ္ဘောဒီးယားနိုင်ငံ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်လာချိန်မှာ အာဆီယံ ၉ နိုင်ငံမဟုတ်ဘဲ ၁၀ နိုင်ငံအပြည့်ဖြစ်အောင် မြန်မာနိုင်ငံပါ ဆက်ပြီးပါဝင်နေရေး အားထုတ်မယ်လို့ ဆိုပါတယ်။
အာဆီယံ ဘက်ကတော့ မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီဘက်က အကောင်အထည်ဖော်ရာမှာ တိုးတက်မှုမရှိဘူးဆိုပြီး စစ်ကောင်စီ ဥက္ကဋ္ဌကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းမှာ ကျင်းပတဲ့ အာဆီယံနဲ့ဒေသတွင်း ထိပ်သီးအစည်းဝေးပွဲတွေကို မဖိတ်ကြားခဲ့ပါဘူး။
အဲဒီအစား အာဆီယံက နိုင်ငံရေးအရ မဆက်နွယ်တဲ့ကိုယ်စားလှယ်တစ်ဦးဦးကိုပဲ တက်ရောက်ခွင့်ပေးခဲ့လို့ စစ်ကောင်စီဘက်က ဒါဟာ အာဆီယံပဋိညာဉ်ကို ချိုးဖောက်တာလို့ ထောက်ပြပြောဆိုပြီး ကိုယ်စားလှယ် မလွှတ်ခဲ့ပါဘူး။
တစ်ဖက်မှာလည်း အဲဒီတုန်းက အာဆီယံအစည်းအဝေးပွဲတွေကို တက်ရောက်နိုင်ရေး ပူးပေါင်းဖို့ အသင့်ပဲလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အာဆီယံဘက်ကို အကြောင်းကြားခဲ့ပေမဲ့ အာဆီယံဘက်က တုံ့ပြန်ချက် မရခဲ့ဘူးဆိုပြီး NUG ဘက်က ပြောထားဖူးပါတယ်။