ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတ ဦးဝင်းမြင့်တို့ကို စွဲဆိုထားတဲ့ အဂတိမှုငါးမှု စတင်စစ်ဆေး

ရဟတ်ယာဉ်ငှားရမ်းမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ လူကယ်ပြန်ဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေးတို့ကို စွဲဆိုထားတဲ့ အဂတိမှုငါးမှုကို ဒီနေ့ စတင်စစ်ဆေးပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. လွိုင်ကော်မှာ ရာနဲ့ချီတဲ့ဒေသခံတွေ မြို့ကို ဆက်လက်စွန့်ခွါတိမ်းရှောင်နေ

    ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့ထဲ ဒီနေ့ ဇန်နဝါရီလ ၁၀ ရက်မနက်ပိုင်းမှာ ပစ်ခတ်သံတွေ မကြားရသေးပေမဲ့ ရာနဲ့ချီတဲ့ဒေသခံတွေကတော့ မြို့ထဲကနေ ထွက်ခွါနေကြတယ်ဆိုပြီး မြို့ခံတွေက ပြောပါတယ်။

    မနေ့ ဇန်နဝါရီလ ၉ ရက်မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တို့ကြားက တိုက်ပွဲတွေဟာ လွိုင်ကော်မြို့ပေါ်ရပ်ကွက်တွေအထိဖြစ်ခဲ့တာကြောင့် ဒေသခံတွေဟာ ပြည်နယ်ချင်းဆက်တဲ့ ရှမ်းပြည်နယ်ထဲက ပင်လောင်း၊ ဆီဆိုင်စတဲ့နယ်တွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။

    '' ဒီနေ့မနက်ပိုင်းတော့ ပစ်ခတ်သံတွေ မကြားရသေးဘူး။ ဒါပေမဲ့ မြို့ခံတွေက ကတော့ မြို့ထဲကနေ ရှောင်ဖို့ လုပ်နေကြတုန်းပဲ။ ရှမ်းပြည်ဘက်ကို ကျွန်တော်တို့လိုက်ပို့ပေးမယ့် စစ်ရှောင်အရေအတွက် တင် လူ ၂၀၀ နီးပါးရှိတယ်။ ကျန်တဲ့မြို့ခံတွေကလည်း သူတို့ နီးစပ်ရာ နီးစပ်ရာရွှေ့ပြီး ကားတွေနဲ့ ထွက်ဖို့ ပြင်နေကြတယ်။ မြို့ထဲမှာ လူမကျန်သလောက်ဖြစ်နေပြီ'' လို့ လွိုင်ကော်စစ်ရှောင်တွေကို ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

    တစ်ဖက်မှာလည်း ပင်လောင်းနဲ့ ဆီဆိုင်ဘက်တွေကိုသွားမယ့် လွိုင်ကော် စစ်ရှောင်တွေကို စစ်ကောင်စီဘက်က စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးတာတွေ တိုးလုပ်နေတယ်လို့ သိရပါတယ်။

    ''ဒီကနေဆို လွိုင်ကော်၊ ဖယ်ခုံ၊ ပင်လောင်း တစ်လျှောက်ဆိုရင် စစ်ရှောင်ဆိုတာနဲ့ သူတို့ တွေက အိတ်တွေကို ဖွင့်စစ်တယ်။ ဘာပစ္စည်းတွေပါလဲ။ ဆေးဝါးတွေပါလားပေါ့။ ဆေးဝါးတွေကို သယ်လို့မရဘူး။ ဂိတ်တွေဆိုရင်လည်း ညနေ ၅ နာရီဆို ပိတ်လိုက်ပြီ'' လို့ ဒေသခံတစ်ဦးက အခြေအနေကို ပြောပြပါတယ်။

    လက်ရှိမှာ လွိုင်ကော်စစ်ရှောင်တွေဟာ ပင်လောင်း၊ ဆီဆိုင်နဲ့ ဖယ်ခုံမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ စစ်ရှောင်နေမှာဖြစ်ပြီး လက်ရှိမှာ စစ်ရှောင်အရေအတွက် ထောင်နဲ့ချီရှိနေတယ်လို့ အကူအညီပေးနေသူတွေက ပြောထားပါတယ်။

  2. တပ်ထိပ်ပိုင်း ရာထူးတချို့ အပြောင်းအလဲဖြစ်

    ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက တပ်မတော်ထိပ်ပိုင်းရာထူးတချို့အပြောင်း အလဲဖြစ်ခဲ့ပြီး စစ်ဥပဒေချုပ်၊ စာရင်းစစ်ချုပ်ရာထူးနေရာတွေနဲ့တိုင်းမှူးတစ်နေရာ ပါဝင်ခဲ့ပါတယ်။စစ်ကောင်စီအတွင်းရေးမှူး ဖြစ်တဲ့ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး ရဲ့ စစ်ဥပဒေချုပ်နေရာမှာဗိုလ်ချုပ်မျိုးသက်နောင်က ခန့်အပ်ခံရပါတယ်။

    ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး ဟာ စစ်ကောင်စီ အတွင်းရေးမှူး တာဝန်တစ်ခုပဲ သီးသန့်ထမ်းဆောင်တော့မှာဖြစ်ပါတယ်။တပ်မတော်အင်အားဖြည့်တင်းရေးညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မျိုးသက်နောင် ကတော့ ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးမြင့်သွားတာလည်း ဖြစ်ပါတယ်။

    အလားတူ တပ်မတော်စစ်ဆေးရေးနဲ့ စာရင်းစစ်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် က အရန်အင်အားကိုရောက်သွားပါတယ်။သူ့နေရာကို ဒုံးတပ်ဖွဲ့ညွှန်ကြားရေးမှူး ဗိုလ်ချုပ်စိုးမင်းဦးက ဆက်ခံပြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး ဖြစ်လာပါတယ်။သူဟာ ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့ကမှ စစ်ကောင်စီဥက္ကဋ္ဌကပေးတဲ့ ဇေယျကျော်ထင်ဘွဲ့ ချီးမြှင့်ခံထားရသူဖြစ်ပါတယ်။

    ဒါ့အပြင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေပြင်းထန်နေတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တိုင်းမှူးနေရာလည်း အပြောင်းအလဲဖြစ်ခဲ့ပါတယ်။ နမခ တိုင်းမှူး ဗိုလ်ချုပ် ဖြိုးသန့် ဟာ နယ်စပ်ရေးရာ ဒုဝန်ကြီး ဖြစ်သွားပြီး အရန်အင်အားကို ရောက်ရှိသွားခဲ့ရတာဖြစ်ပါတယ်။စစ်ကိုင်းတိုင်းအတွင်း ဒေသကာကွယ်ရေးတပ်တွေအားကောင်းနေတာကိုထိန်းချုပ်နိုင်မှုမရှိလို့ အခုလို နမခတိုင်းမှူးနေရာကနေ ရွှေ့ပြောင်းလိုက်တာဖြစ်မယ်လို့လည်း နိုင်ငံရေးအကဲခတ်တွေကြားသုံးသပ်တာတွေရှိနေတာပါ။

    စစ်ကိုင်းတိုင်း၊ကလေးမြို့အခြေစိုက် အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၊ တပ်မမှူးဗိုလ်မှူးချုပ် သန်းထိုက်က ဗိုလ်ချုပ်အဆင့်တိုးမြှင့်ခံရပြီး နမခ တိုင်းမှူး ဖြစ်လာတာလည်းဖြစ်ပါတယ်။

    ပြီးခဲ့တဲ့လပိုင်းက ကာကွယ်ရေးဝန်ကြီးဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းနဲ့ နယ်စပ်ရေးရာဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့ကို လည်း စစ်ကောင်စီကအငြိမ်းစားပေးခဲ့သေးတာပါ။

  3. ကလေးမြို့တစ်ဝိုက် စစ်ရှောင်စခန်းရောက် ကိုယ်ဝန်ဆောင်တွေ ကလေးအသေမွေးဖွားမှုများလာနေ

    ကလေးမြို့ တောင်ပိုင်းက ရွာတွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း စစ်ကောင်စီ တပ်တွေနဲ့ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။

    နတ်မြောင်း မှာရှိတဲ့ စစ်ရှောင်စခန်းမှာ စစ်ပြေးလာသူ ထောင်ချီ ရှိပြီး စစ်ရှောင်တွေထဲက ကိုယ်၀န်ဆောင်တွေ မွေးဖွားတဲ့အခါ (ဒေသအခေါ်အရ - မွေးမတင်) မွေးကင်းစကတည်းက သေဆုံးမှုတွေ ရှိလာနေတယ်လို့ ဒေသတွင်းမှာ လူမှုကူညီရေး လုပ်ကိုင်နေသူ တယောက်က ပြောပါတယ်။

    သက်ကြီးရွယ်အိုတွေ ဆိုရင်လည်း စစ်ပြေးရတဲ့ ဒဏ် ၊ အစာရေစာ ပြတ်လပ်မှုကြောင့် အာဟာရ ချို့တဲ့မှုနဲ့ ကြုံနေရတယ်လို့ သူက ဆိုပါတယ်။

    စစ်ရှောင်စခန်းတွေ အနေနဲ့ ကလေးမြို့၊ နတ်မြောင်း ၊ ဝေဘူလ နဲ့ ချင်းရွာလေးတွေဘက်မှာလည်း အများအပြားရှိပြီး လာမယ့် ရက်ပိုင်းတွေ အတွင်း ကလေးမြို့ပေါ်က စစ်ရှောင်စခန်းတွေကလွဲလို့ ကျန်တဲ့ စခန်းတွေမှာ ဆန်နဲ့ဆီ ပြတ်လတ်မှုတွေ ကြုံတော့မယ်လို့ သူက ပြောပါတယ်။

    ပုံမှန်ဆိုရင် ဒေသခံတွေ အနေနဲ့ သူတို့ စိုက်ပျိုးတဲ့ သီးနှံထွက် ဆန် ၊ ဆီတွေကို နှစ်ပေါက်စာ သိုလှောင်လေ့ ရှိတာ ဖြစ်ပေမယ့် အခုလို စစ်ပြေးရတဲ့ အခါမှာတော့ ဒါတွေကို စီမံခန့်ခွဲခြင်း မလုပ်နိုင်တော့တဲ့ အတွက် လက်ရှိ အခြေအနေ နဲ့ ရင်ဆိုင်နေရာတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

    ကလေးမြို့တောင်ပိုင်းက နတ်ချောင်း အပါအ၀င် ရွာတော်တော်များများ မှာ ဒီဇင်ဘာ ၂၃ရက်နောက်ပိုင်းမှာ ရွာတွေ မီးရှို့ ၊ လေကြောင်းက ထိုးစစ်ဆင်မှုတွေနဲ့ ကြုံခဲ့ရတာကြောင့် ဒေသခံတွေဟာ ကလေးမြို့ပေါ်နဲ့ အနီးတစ်ဝိုက်က စစ်ရှောင်စခန်းတွေမှာ ထွက်ပြေး ခိုလှုံနေကြရတာပါ။

    လက်ရှိမှာလည်း စစ်ရှောင်သူတွေ ကလေးမြို့ပေါ်ကို မနေ့ ဇန်နဝါရီလ ၉ရက်နေ့ အထိ တဖွဲဖွဲ ရောက်လာနေဆဲ ဖြစ်ပါတယ်။

    ကလေးမြို့ပေါ်က စခန်းတွေမှာ အခက်အခဲ မရှိလှပေမယ့် ချင်းပြည်နယ်ဘက်က တောင်ပေါ်ရွာ စစ်ရှောင်စခန်းတွေမှာတွေ ရိက္ခာ ပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသတွင်းက ပရဟိတသမား တယောက်က ဘီဘီစီကို ပြောပါတယ်။

    မြန်မာနိုင်ငံမှာ မနှစ် ဖေဖော်ဝါရီလ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ရှောင်ဦးရေ ၃သိန်းနီးပါး တိုးလာပြီး မြန်မာနိုင်ငံအနောက်မြောက်ပိုင်းက ကလေးမြို့ အပါအ၀င် စစ်ကိုင်းတိုင်းမှာ လူ ခြောက်သောင်းနီးပါး တိုက်ပွဲရှောင် ထွက်ပြေးနေရကာ အစားအစာ၊ လောင်စာဆီနဲ့ အခြားဆေးဝါးပစ္စည်းတွေကို အရေးပေါ်လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ထုတ်ပြန်ထားပါတယ်။

  4. လွိုင်ကော်နဲ့ ဒီးမော့ဆိုအနီးမှာ တိုက်ပွဲဆက်ဖြစ်

    ကယားပြည်နယ် လွိုင်ကော်မြို့နဲ့ဒီးမော့ဆိုမြို့ ကြားထဲက ၆မိုင်ကျေးရွာမှာ ဒီကနေ့မနက် ဇန်နဝါရီလ ၉ ရက်နေ့ ကစလို့ ညနေပိုင်းအထိ ကရင်နီအမျိုးသားကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။

    စစ်ကောင်စီက ရဟတ်ယာဥ်နှစ်စီးနဲ့ သုံးကြိမ်အထိ လေကြောင်းပစ်ကူပေးခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) က ပြောပါတယ်။

    မြို့ပေါ်ထိပါ တိုက်ပွဲတွေရောက်လာတဲ့ လွိုင်ကော်မှာ ဒီကနေ့ မြို့ကိုစွန့်ခွာကြသူတွေများလွန်းလို့ ကားတန်းရှည်ကြီးတောင် ဖြစ်သွားတယ်လို့ မြို့ခံတွေက ဘီဘီစီကိုပြောပါတယ်။

    ဒီကနေ့မှာလည်း တစ်နာရီခြားတစ်ခါလောက် လက်နက်ကြီးသံတွေကြားနေရလို့ မြို့ပေါ်မှာမနေရဲကြတော့ဘဲ ရှမ်းပြည်နယ်ဘက်ကို အဓိကတိမ်းရှောင်ကြတာလို့ သိရပါတယ်။

    လွိုင်ကော်မြို့ပေါ်မှာလည်း လက်နက်ကြီးသံတွေ ကြားရပြီး ရဟတ်ယာဉ်တွေပျံနေတဲ့ အသံကြားရကြောင်း နေအိမ်မှာ အိမ်စောင့်အဖြစ်ကျန်ခဲ့သူတွေမှအပ မြို့ထဲကနေ လူအတော်များများ စစ်ရှောင်ထွက်သွားကြကြောင်း လွိုင်ကော်မြို့ခံတစ်ဦးကပြောပါတယ်။

    စစ်ကောင်စီကတော့ ကယားပြည်နယ် ထိုင်းနယ်စပ်နားက စစ်ကောင်စီရဲ့ ကျားပါးစပ်ကြီးစခန်းကို ဇန်နဝါရီ၇ရက်မှာ KNPP က သာလွန်အင်အားနဲ့ သိမ်းပိုက်ခဲ့လို့ စစ်ကောင်စီကလေကြောင်းပစ်ကူသုံးပြီး ပြန်တိုက်ယူခဲ့တဲ့အကြောင်းကို ဒီကနေ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

    ကယားပြည်နယ် ဒီးမော့ဆို အနီးဒေါဆိုကျေးရွာမှာ ဒီကနေ့ စစ်ကောင်စီဘက်နဲ့ ဒေသလက်နက်ကိုင်အဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပြီး လေကြောင်းပစ်ကူနဲ့ လာပစ်ခဲ့ကြောင်း စစ်ကောင်စီဘက်က ၈ ဦးအထိသေဆုံးခဲ့တယ်လို့လည်း KNDF က သတင်းထုတ်ပြန်ပါတယ်။

  5. ဂျပန် နီပွန်ဖောင်ဒေးရှင်းက မြန်မာနိုင်ငံကို ကိုဗစ်ကာကွယ်ဆေး နှစ်သန်းလှူ

    ဂျပန်နီပွန်ဖောင်ဒေးရှင်းက မြန်မာနိုင်ငံကို Covaxin ကိုဗစ်ရောဂါကာကွယ်ဆေးနှစ်သန်း လှူဒါန်းဖို့ရှိတယ်လို့ စစ်ကောင်စီကဇန်နဝါရီလ ၉ ရက်နေ့ညပိုင်းက သတင်းထုတ်ပြန်ပါတယ်။

    အဲ့ဒီထဲက ကာကွယ်ဆေးတစ်သန်းပေးအပ်ပွဲကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဒီကနေ့ ဇန်နဝါရီလ ၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီးH.E Mr. MARUYAMA Ichiro၊ နီပွန်ဖောင်ဒေးရှင်း အလုပ်အမှုဆောင်ဒါရိုက်တာMr.MORI Yuji နဲ့တာဝန်ရှိသူတွေတက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

    ဂျပန်နီပွန်ဖောင်ဒေးရှင်းက လှူဒါန်းမယ့်ဒုတိယအသုတ် ကာကွယ်ဆေးတစ်သန်းကို လာမယ့်ဇန်နဝါရီလ၂၃ရက်နေ့မှ ာဒုတိယအသုတ်အဖြစ် မြန်မာနိုင်ငံကိုရောက်လာဖို့ရှိတယ်လို့လည်းသိရပါတယ်။

    ဂျပန်နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါဟာ ပြီးခဲ့တဲ့နိုဝင်ဘာလက မြန်မာနိုင်ငံကိုရောက်ရှိလာခဲ့ပြီးတော့ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့သလို ရခိုင်ပြည်နယ်ကိုလည်း သွားရောက်ခဲ့ပါတယ်။

  6. သုံးဘီးနဲ့ ဘေးတွဲဆိုင်ကယ်တွေကို မဖယ်ရှားဖို့ ရခိုင်အရပ်ဖက်အဖွဲ့အစည်းတွေက အကြံပြု

    ရခိုင်ပြည်နယ်စစ်တွေမြို့မှာ ပြေးဆွဲနေတဲ့သုံးဘီးနဲ့ ဘေးတွဲဆိုင်ကယ်တွေကို မဖယ်ရှားဖို့အတွက် ရခိုင် အရပ်ဘက်အဖွဲ့အစည်း၉ခု ပေါင်းပြီး ဇန်နဝါရီလ၆ရက်နေ့က ရခိုင်ပြည်နယ်ကောင်စီဝန်ကြီးချုပ်ထံ စာရေးသား အကြံပြုတောင်းဆိုခဲ့ကြပါတယ်။

    အရပ်ဘက်အဖွဲ့အစည်းတွေက ရေးသားပေးပို့ခဲ့တဲ့စာမှာ ဖျက်သိမ်းဖို့ပြင်ဆင်နေတဲ့ သုံးဘီးနဲ့ဘေးတွဲဆိုင်ကယ်တွေကို ဖယ်ရှားခြင်းမပြုဘဲ လိုင်စင်ထုတ်ပေးပြီးတော့ အချိန်အပိုင်းအခြားလိုက် စနစ်တကျပြေးဆွဲခွင့်ပြုဖို့ကို အကြံပြုထားတာဖြစ်ပါတယ်။

    လက်ရှိစစ်တွေမြို့မှာ ပြေးဆွဲနေကြတဲ့ သုံးဘီးနဲ့ ဘေးတွဲဆိုင်ကယ်တွေဟာ လိုင်စင်မဲ့ယာဉ်တွေဖြစ်ကြသလို ယာဉ်စည်းကမ်းလမ်းစည်းကမ်းတွေကိုလည်း လိုက်နာမှုမရှိတာကြောင့် တခြားယာဉ်တွေနဲ့လူတွေကို အနှောင့်အယှက်ဖြစ်စေတယ်ဆိုပြီး ဖယ်ရှားဖို့ပြင်ဆင်နေတာဖြစ်တယ်လို့ ပြည်နယ်ကောင်စီဘက်က ပြောပါတယ်။

    အဲ့ဒီသုံးဘီးနဲ့ ဘေးတွဲဆိုင်ကယ်တွေဟာ ပြည်သူတွေ သွားလာရေးအတွက် အဓိကအသုံးပြုနေရတဲ့ယာဉ်တွေဖြစ်တဲ့အတွက် ဖယ်ရှားလိုက်လို့ရှိရင် အခက်အခဲတွေနဲ့ ကြုံလာရနိုင်တာကြောင့် အခုလိုအကြံပြုရတာဖြစ်တယ်လို့ ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးကပြောပါတယ်။

    စစ်တွေမြို့နယ်မှာ ပြေးဆွဲနေကြတဲ့ သုံးဘီးနဲ့ဘေးတွဲဆိုင်ကယ်ပေါင်း ငါးထောင်ခန့်ရှိနေပြီးအဲ့ဒီယာဉ်တွေကိုသာ ဖယ်ရှားလိုက်လို့ရှိရင် မှီခိုနေကြတဲ့ မိသားစုတွေရဲ့ စားဝတ်နေရေးတွေလည်း များစွာထိခိုက်သွားနိုင်တယ်လို့ ဒေါ်ညိုအေးက ပြောပါတယ်။

    ဒါ့အပြင် သုံးဘီးနဲ့ ဘေးတွဲဆိုင်ကယ်ယာဉ်မောင်းတွေရဲ့ နောက်ကွယ်မှာရှိနေကြတဲ့ သူတို့ရဲ့သားသမီးတွေရဲ့ ပညာရေး၊ကျန်းမာရေးကိစ္စရပ်တွေလည်း နောက်ဆက်တွဲဆိုးကျိုးတွေအဖြစ် ကြုံတွေ့လာရနိုင်တယ်လို့ ရေးသားထားပါတယ်။

    ရခိုင်အမျိုးသမီးကွန်ရက်အနေနဲ့ သုံးဘီးသမားတွေ၊ ဘေးတွဲသမားတွေနဲ့ တွေ့ဆုံပြီးသူတို့ရဲ့အခက်အခဲတွေ၊ မိသားစုအခြေအနေတွေနဲ့ ယာဉ်အရေအတွက်တွေ စာရင်းကောက်ယူတာတွေကို လုပ်ဆောင်နေတယ်လို့ ဒေါ်ညိုအေးကပြောပါတယ်။

  7. စစ်ကောင်စီက ဒေသခံတွေကို လမ်းပြအဖြစ်သုံးပြီး သတ်ဖြတ်မှုတွေလုပ်နေတယ်လို့ CDFကပြော

    ချင်းပြည်နယ် မတူပီတ၀ိုက်မှာ စစ်ကောင်စီတပ်တွေက ဒေသခံ ရွာသားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုပြီးနောက် သတ်ပစ်နေတာ ၃ရက်အတွင်း ၁၀ယောက် ရှိသွားပြီလို့ CDF မတူပီက ပြောပါတယ်။

    လတ်တလောမှာ ဒေသခံ ကာကွယ်ရေးတပ်တွေနဲ့ စကစ တပ်တွေကြား ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲတွေ မရှိပေမဲ့ စစ်ကောင်စီ တပ်တွေဟာ ဒေသတွင်း သူတို့ လှုပ်ရှားသွားလာရာမှာ အနားတ၀ိုက်က ရွာသားတွေကို ရှေ့က သွားခိုင်းနေတာ တွေ့မြင်ရပြီး နောက်ရက်ပိုင်းအတွင်းမှာ အဲဒီနေရာတ၀ိုက်မှာ အသတ်ခံထားရတဲ့ ရွာသားအလောင်းတွေကို ဟိုတနေရာ ဒီတနေရာ တွေ့နေရတယ်လို့ CDF မတူပီ ဗဟိုဌာနချုပ် ပြောခွင့်ရသူ ကိုနွေဦးလင်းက ဘီဘီစီကို ပြောပါတယ်။

    အလောင်းတွေ တွေ့ရတဲ့ ရွာတွေကတော့ တကဲ ၊ လုံလော်နဲ့ ကီလှုန်း စတဲ့ ရွာနီးချုပ်စပ်တွေမှာ ဖြစ်ပြီး တနေရာစီမှာ အခုရက်ပိုင်းတွေ အတွင်း တွေ့လာရတယ်လို့ သူက ပြောပါတယ်။

    ပြီးခဲ့တဲ့ ၃ရက်အတွင်း အဲဒီရွာတွေ တ၀ိုက်မှာ စစ်ကောင်စီ တပ်တွေ ဖမ်းဆီးခံရတဲ့ ရွာသား ၁၁ယောက် ရှိပြီး အဲဒီ အထဲက ၁၀ယောက်က အသတ်ခံထားရတယ်လို့ သူက ဆိုပါတယ်။

    အသတ်ခံရသူတွေထဲ ၁၃နှစ်သား လူငယ်လေး တယောက် ပါ၀င်ပြီး တွေ့ရတဲ့ အလောင်းအများစုဟာ လက်ပြန်ကြိုးတုပ် ထားတာရှိသလို ၊ လည်ပင်းမှာ ပြတ်ရှ ဒဏ်ရာတွေနဲ့ အသတ်ခံထားရတွေလည်း ပါ၀င်တယ်လို့ CDF မတူပီက ပြောပါတယ်။

    ဒါ့အပြင် အခု အသတ်ခံသူတွေထဲမှာ ခေါနုသုမ်သတင်းဌာန တည်ထောင်သူ Pu Tui Ding လည်း ပါ၀င်တယ်လို့ CDF မတူပီက ပြောပါတယ်။

    စစ်ကောင်စီဘက်ကတော့ ဒီသတင်းနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာ တုံ့ပြန်ဖြေရှင်းတာမျိုးမရှိသေးပါဘူး။

    လက်ရှိမှာတော့ စစ်ကောင်စီ တပ်တွေဟာ မတူပီမှာ အင်အား ဖြည့်တင်းလျက်ပြီး မကြာခင် ရက်ပိုင်းအတွင်း ရင်ဆိုင်တိုက်ပွဲတွေ ဒါမှမဟုတ် ထိုးစစ်တွေ ဆင်လာနိုင်တယ်လို့ သူက ခန့်မှန်း ပြောဆိုထား ပါတယ်။

    ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ရက်နေ့ မနက်ကလည်း မတူပီ ဟားခါး လမ်းမှာ ရှိတဲ့ ကီလှုန်း နဲ့ လုံလှော်ရွာကြားမှာ စစ်ကောင်စီ တပ်တွေနဲ့ CDF မတူပီ အပါအ၀င် မဟာမိတ် အင်အား ညီနောင် တပ်ပေါင်းစုတွေကြား တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။

  8. မန္တလေးမှာ ပေါက်ကွဲမှုတွေဖြစ်ပြီး စစ်ကောင်စီက စစ်ဆေးမှုတွေလုပ်

    မန္တလေးမြို့က မြို့နယ်အချို့ မှာ ဒီကနေ့ ဇန်နဝါရီလ ၉ ရက်နေ့က ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီးတော့ လမ်းတိုင်းလိုလိုမှာ စစ်ကောင်စီက ဆိုင်ကယ်၊ကား စတဲ့ယာဥ်တွေကို စစ်ဆေးတာတွေလည်း လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဇန်နဝါရီ ၉ ရက်နေ့က မနက်ပိုင်းအချိန်မှာပဲ ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်၊ မဟာအောင်မြေ၊ အောင်မြေသာစံမြို့နယ်တွေမှာ ပေါက်ကွဲတာတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မြို့နယ်နှစ်ခုအစပ်က ရထားသံလမ်းနဲ့ သံလမ်းအနီးမှာ ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီက အနီးဝန်းကျင်ကို အဆက်မပြတ်ပစ်ခတ်မှုတွေလည်း ရှိခဲ့တယ်လို့ဒေသခံတွေကပြေကြာပါတယ်။

    ပေါက်ကွဲမှုကြောင့် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်တစ်ဦး အပြင်းထန်ဒဏ်ရာရပြီး ပျက်စီးမှုတချို့ ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

    ဒီသတင်းနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သီးခြားထုတ်ပြန်တာမရှိသေးပါဘူး။

    အဲ့ဒီလိုပဲ မန္တလေးမြို့ စိန်ပန်းရပ်ဘက်မှာလည်း ပေါက်ကွဲမှု တွေဆက်တိုက်ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလိုပေါက်ကွဲမှုတွေ ကြားထဲမှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့၊ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတွေဟာ မနက် ၆နာရီကတည်းက မန္တလေးမြို့ လမ်းမတွေပေါ်မှာ ယာဉ်အသွားအလာ စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

    နေ့ခင်းပိုင်း မတိုင်ခင်အထိ နေရာပေါင်း ၄၀ လောက်မှာ စစ်ဆေးဖမ်းဆီးတာတွေလုပ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

  9. မိုဘိုင်းဖုန်း ဆင်းကဒ်တွေ စျေးတက်လာ

    ရန်ကုန်မြို့က မိုဘိုင်းဖုန်းဆင်းကဒ်ရောင်းချတဲ့ဆိုင်တွေမှာ ဇန်နဝါရီ ၈ ရက်နေ့ကစပြီး မိုဘိုင်းဖုန်းဆင်းကဒ်တွေ စျေးတက်သွားကြောင်း ကိုယ်တိုင်ဆင်းကဒ် သွားဝယ်ခဲ့တဲ့ရန်ကုန်မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    အခုလို စျေးတက်သွားတဲ့ကဒ်တွေကတော့ မှတ်ပုံတင်ပြီးသား ကဒ်တွေဖြစ်ပြီးတော့ အရင်က ဆင်းကဒ်တစ်ကဒ်ကို ကျပ် ၁၅၀၀ ဝန်းကျင်နဲ့ ရောင်းချခဲ့တဲ့ ကဒ်တွေဖြစ်တယ်လို့လည်း သူကပြောပါတယ်။

    အဲ့ဒီကဒ်တွေဟာ မှတ်ပုံတင်ပြီးသား အင်တာနက်အသုံးပြုဖို့ အဆင့်သင့်ကဒ်တွေဖြစ်ပြီးဇန်နဝါရီလ ၉ ရက်နေ့ စျေးကွက်ထဲမှာ တစ်ကဒ်ကို ၅၀၀၀ ကျပ်ကနေ ၇၅၀၀ ကျပ်အထိရောင်းနေကြတာတွေ့ရတယ်လို့ သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    စစ်ကောင်စီကပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့က ဖုန်းဆင်းကဒ်တွေ ရောင်းတဲ့အခါမှာ တစ်ကဒ်ကို ငွေကျပ် ၂ သောင်းနှုန်း တပါတည်း အခွန်ကောက်တာကို ဇန်နဝါရီလ ၈ ရက်ကစတင်ပြီး ပြုလုပ်တော့မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်၊

    ဒါကြောင့် ဆင်းကဒ်တစ်ကဒ်တန်ဖိုးဟာအရင်ကလို ၁၅၀၀ လောက်နဲ့ရတော့မှာမဟုတ်ဘဲ ကျပ် ၂ သောင်း ကျော်ကျသင့်လာမှာပါ။

    ဆင်းကဒ် တစ်ကဒ်ကို အခွန် ငွေ ၂သောင်းကောက်ဖို့အတွက် ဇန်နဝါရီလ ၈ ရက်ကနေ လာမယ့် မတ်လ ၃၀ ရက်အထိ သက်တမ်းရှိတဲ့ ၃ လတာ အခွန်အကောက်ဥပဒေကိုလည်းစစ်ကောင်စီက ပြဌာန်းလာခဲ့တာဖြစ်ပါတယ်။

    မြန်မာနိုင်ငံ တဝန်းလုံးမှာ ၂၀၁၃ ခုနှစ်က စပြီး လက်ကိုင်သုံးဖုန်းဆင်းကဒ်တွေကို သုံး တစ်ခု ကျပ်၁၅၀၀ နဲ့ စတင်ရောင်းချ ပေးခဲ့တာဖြစ်တယ်။

    စစ်ကောင်စီဘက်ကတော့ ပြည်သူတွေအင်တာနက်အလွန်အကျွံသုံးစွဲမှု မဖြစ်စေဖို့ အခုလိုလုပ်ဆောင်တာလို့တုံ့ပြန်လာပါတယ်။

  10. ကော့ကရိတ်မှာ လက်နက်ကြီးထိမှန်ဒဏ်ရာရသူတွေများလာ

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အာရှလမ်းမတဝိုက် KNU တပ်မဟာ (၆)နယ်မြေမှာ ဇန်နဝါရီ (၈)ရက်နဲ့ (၉)ရက် နှစ်ရက်အတွင်းနှစ်ဖက်ထိတွေ့မှု တိုက်ပွဲတွေရှိနေပါတယ်။

    မနေ့ဇန်နဝါရီ၈ရက်မှာ ကော့ကရိတ် အာရှလမ်းမဘေးက ရွာတွေကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့အချက်ရေအမြောက်အများပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလိုပစ်ခတ်မှုကြောင့်ဒေသခံ (၈)ဦးထက်မနည်း လက်နက်ကြီးထိမှန်ဒဏ်ရာရထား တယ်လို့ ဒေသခံကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေကပြောပါတယ်။

    “လက်နက်စတွေကအိမ်တွေပေါ်ကျလာတာ။မနေ့က ရွာသား (၈)ဦးဒဏ်ရာရတာမှာ (၃)ဦးက ဒဏ်ရာများတယ်။ တစ်ဦးသေတယ်။သေတဲ့တယောက်က မိုင်းကုန်း - ထန်းတောလမ်း (ဘုန်းကြီးလမ်း)နားမှာထိတာ။ ဒီနေ့ မနက်ကျတော့ ရွာသား နှစ်ယောက်ထပ်ထိတယ်။ နှစ်ဖက်ထိတွေ့မှုကတော့ မနေ့ကသုံးကြိမ်လောက်ဖြစ်တယ်။ ဒီနေ့တကြိမ်ပဲဖြစ်သေးတယ်။ ရှေ့တန်းနဲ့မဆိုင်ဘဲ ရွာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်နေတာလို့ယူဆတယ်”လို့ ဒေသခံ တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီလို ပစ်ခတ်မှုတွေကြောင့် အာရှလမ်းမဘေးမှာရှိတဲ့ ရွာသစ်နဲ့ မြို့ဟောင်း တို့ကဒေသခံတွေဟာ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာကော့ကရိတ်တခွင်မှာ စစ်‌ရှောင်ဦးရေ ၂၀၀၀ကျော်ရှိလာပြီ လို့ စစ်ရှောင်တွေကိုကူညီပေးနေသူတွေထံကသိရပါတယ်။

    တိုက်ပွဲရှိနေတဲ့ ကော့ကရိတ်- မြဝတီအာရှလမ်းပိုင်းကို စစ်ကောင်စီဘက်က စစ်အင်အားတိုးချဲ့ကာ နယ်မြေစိုးမိုးရေးပြုလုပ်လာသလို လမ်းကြောင်းအသုံးပြုမှုတွေပါရှိနေတာကြောင့် ညနေ (၆)နာရီ နောက်ပိုင်း ပြည်သူတွေရဲ့ယာဉ်အသွားအလာတွေမပြုလုပ်ဖို့ဒေသကာကွယ်ရေးအဖွဲ့တွေဘက်က ထုတ်ပြန်ထားပါတယ်။

  11. ပုလောမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်

    မြန်မာနိုင်ငံတောင်ပိုင်းဒေသ မြိတ်ခရိုင် ပုလောမြို့နယ်မှာ ဇန်နဝါရီလ ၇ ရက်နဲ့ ဇန်နဝါရီလ ၈ရက်နေ့ မနေ့က ညပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပုလော PDF က သတင်းထုတ်ပြန်ပါတယ်။

    ဇန်နဝါရီလ ၈ ရက်နေ့ မနေ့က ညပိုင်း ပဝတ်ဖျားကျေးရွာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄ ဦးသေဆုံးပြီး၊ နေအိမ် ၅ လုံး မီးရှို့ခံခဲ့ရတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြကြပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

    ဇန်နဝါရီလ ၇ ရက်နေ့ကတော့ ပုလောမြို့နယ် ဆားခဲကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး မသိရသေးပါဘူး။

    ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့ တိုက်ပွဲတုန်းကတော့ ပုလော PDF ဘက်က တစ်ဦးသေဆုံးခဲ့တယ်လို့လည်း ပုလော PDFဘက်က ပြောပါတယ်။

    စစ်ကောင်စီတပ်တွေဘက်က ပဝတ်ဖျားကျေးရွာကို စစ်ကြောင်းနှစ်ကြောင်းနဲ့ တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးပစ်သံတွေကို မနေ့က ည၁၀ နာရီဝန်းကျင်ခန့်က ကြားနေခဲ့ရကြောင်းဒေသခံတွေပြောတာကို ကိုးကားပြီး တနင်္သာရီတိုင်းအခြေစိုက် သတင်းဌာနတွေက ရေးပါတယ်။

    ပုလော PDF ဒေသကာကွယ်ရေးတပ်တွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့က ပဒဲကျေးရွာက စစ်ကောင်စီကိုထောက်ခံတဲ့ ပျူစောထီးလို့ခေါ်ကြတဲ့ ဒေသလက်နက်ကိုင်တပ်တွေကို စတင်သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက်မှာ စစ်ကောင်စီဘက်က ပြန်လည်တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောကြပါတယ်။

  12. လွိုင်ကော်မြို့အထွက် မှာ နှစ်ဖက်ပစ်ခတ်မှုတွေ ဆက်ရှိနေ, မြို့လယ်ဘက်အထိ တိုက်ပွဲရောက်လာနိုင်တဲ့ အခြေအနေရှိတယ်လို့ဒေသခံတွေကပြော

    ကရင်နီပြည်နယ် လွိုင်ကော်မြို့အထွက် မှာ ဒီကနေ့ဇန်နဝါရီ ၉ရက်မှာ နှစ်ဖက်ပစ်ခတ်မှုတွေ ဆက်ရှိနေသလို မြို့လယ်ဘက်အထိ ရောက်လာနိုင်တဲ့ အခြေအနေရှိတယ်လို့ဒေသခံတွေကပြောပါတယ်။

    မနေ့ဇန်နဝါရီ ၈ရက်က စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့ မြို့ပေါ်မိုင်းလုံး နဲ့ပန်ကန်းရပ်ကွက်တွေမှာတော့ ဒေသခံတစ်ယောက်မှမရှိတော့ဘဲ ဘေးလွတ်ရာကိုစစ်ရှောင်သွားကြပြီလို့ ဆိုပါတယ်။

    မနေ့ကအထိ ပြင်းထန်ခဲ့တဲ့တိုက်ပွဲကြောင့် လွိုင်ကော်မြို့ပေါ်အထိစစ်နယ်ပယ်ကျယ်ပြန့်လာပြီး စစ်ကောင်စီဘက်ကလေကြောင်း တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တာကြောင့် မြို့ကိုစွန့်ခွာကြတဲ့အထိဖြစ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

    စစ်ရှောင်တွေဟာ ဘေးလွတ်ရာကိုရှောင်ကြတဲ့အခါ ၈နာရီနောက်ပိုင်းမှာပစ်ခတ်တာတွေရှိလို့ မနက်အစောပိုင်း ၆နာရီကနေ ၈နာရီအတွင်းမှာ အပြီးပြောင်းရွှေ့ကြရတယ်လို့ကူညီကယ်ဆယ်ရေး လုပ်ပေးနေတဲ့ ရွှေလွိုင်ကော်ပရဟိတအဖွဲ့ကပြောပါတယ်။

    ’’ မြို့ပေါ် မိုင်းလုံး နဲ့ပန်ကန်းရပ်ကွက်တွေရော သူတို့ပတ်ဝန်းကျင်က ရပ်ကွက်တွေကပါ ပြောင်းရွှေ့ကုန်ကြတာပါ။ တတ်နိုင်တဲ့သူတွေကတော့ ရှမ်းပြည်ဘက်ကိုပြောင်းကြတယ်။ မတတ်နိုင်တဲ့သူတွေကတော့ မြို့ပေါ်က ဘေးလွတ်နိုင်တဲ့ဘာသာရေးကျောင်းတွေကိုပြောင်းကြပါတယ်’’ လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးနေတဲ့ ရွှေလွိုင်ကော်ပရဟိတအဖွဲ့ကတာဝန်ရှိသူတစ်ဦးကရှင်းပြပါတယ်။

    လက်ရှိမှာ ဇန်နဝါရီ ၈ ရက်နဲ့ ၉ရက် ၂ရက်အတွင်း ပရဟိတအသင်းတွေရဲ့အကူအညီနဲ့စစ်ရှောင်သူ ၂ထောင်ကျော်ရှိလာပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ်စစ်ရှောင်သူတွေလည်းရာချီရှိနေတယ်လို့ဆိုပါတယ်။

    လွိုင်ကော်မြို့ပေါ်ရပ်ကွက်တစ်ခုမှာလည်း ဒီကနေ့ဇန်နဝါရီ ၉ရက် မနက်ပိုင်းက ဆုံးသွားတဲ့ သက်ကြီးရွယ်အိုအဖွားတစ်ယောက်ကို လက်ရှိအခြေအနေအရ မြို့တွင်းမှာ သင်္ဂြိုလ်ဖို့မဖြစ်နိုင်တဲ့အတွက် မိသားစုတွေက စစ်ရှောင်တဲ့နေရာကို အလောင်းသယ်ပြီး ခေါ်ယူသွားတဲ့အထိရှိနေတယ်လို့ ဒေသတွင်းကန္တရဝတီတိုင်းမ်သတင်းဌာနကဖော်ပြပါတယ်။

    ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့နယ်တွေမှာ စစ်ရေးအရှိန်မြင့်နေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေပိုမိုပြင်းထန်လာနိုင်တာကြောင့် ဒေသခံတွေအနေနဲ့ လေကြောင်းရန် အကာကအကွယ်ဖြစ်တဲ့နေရာတွေနဲ့ တိုက်ပွဲဖြစ်ပွားသောနေရာတွေ၊တိုက်ပွဲဖြစ်ပွားနိုင်ခြေရှိတဲ့ နေရာတွေမှာ နေထိုင်သွားလာတာမလုပ်ကြဖို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီးမော့ဆိုမြို့နယ်၊(၅) မိုင်၊(၆) မိုင်၊ ဒေါပိုးစီ ကနေ လွိုင်ကော်မြို့နယ်၊ မိုင်းလုံးနဲ့ ပန်ကန်းရပ်ကွက်တိုက်ပွဲတွေနဲ့ပတ်သက်လို့ ထုတ်ပြန်တာမရှိသေးပါဘူး။

  13. စစ်ကောင်စီနဲ့ဆက်စပ်ထုတ်ကုန်တွေကို TNLA လိုက်လံစစ်ဆေးပြီး ဖျက်ဆီး

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း မှာ စစ်ကောင်စီကျောထောက်နောက်ခံ ဖြစ်တဲ့ ထုတ်ကုန်တွေကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က အခုရက်အတွင်း သူတို့အဖွဲ့ သွားလာလှုပ်ရှားရာ နယ်မြေအတွင်းရှိ ဈေးဆိုင်တွေမှာလိုက်လံစစ်ဆေးပြီး ဖျက်ဆီးပစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

    အခုလို လိုက်လံစစ်ဆေး ခဲ့တာဟာ အခုဇန်နဝါရီ လအပါအဝင် ၃ကြိမ်မြောက်ရှိပြီဖြစ်ပြီး ပထမဆုံးအကြိမ် ဖြစ်တဲ့ ၂၀၂၁ခုနစ် ဇွန်လ ၁၅ရက်နေ့မှာ စစ်ကောင်စီဆက်စပ်ထုတ်ကုန်တွေကို ရောင်းဝယ်သုံးစွဲခြင်းမပြုဖို့ တားမြစ်စာ တစ်စောင်ကို ဖြန့်ဝေခဲ့တာလို့ဆိုပါတယ်။

    ဒုတိယအကြိမ်အနေနဲ့ တားမြစ်ထုတ်ကုန်တွေကို ရောင်းဝယ်ခြင်းရှိ/မရှိကို လိုက်လံစစ်ဆေး စာရင်းပြုစုခဲ့ပြီး နောက်အကြိမ်မှာ အရောင်းအဝယ်မလုပ်ဖို့လက်မှတ်ထိုးခိုင်းတယ်လို့ ကွတ်ခိုင်မြို့နယ်အတွင်းက ဆိုင်ရှင်တစ်ဦးကပြောပါတယ်။

    ကုန်ပစ္စည်းအချို့ ဖျက်ဆီးခံလိုက်ရတဲ့ ဈေးဆိုင်ရှင်တစ်ဦးကတော့ "ကျွန်မတို့ဆီ လွန်ခဲ့တဲ့ ၅လလောက်က စစ်ကောင်စီနဲ့ဆက်စပ်တဲ့ထုတ်ကုန်တွေကို မရောင်းဖို့ဆိုပြီး စာတစ်စောင်နဲ့ လာပြောတယ်။ကျွန်မတို့ကလည်းအဲဒီထုတ်ကုန်တွေကို ကုန်အောင်ရောင်းနေတာ ကုန်တာနဲ့ဆိုင်ထဲ ပြန်မသွင်းတော့ဘူးပေါ့။ဒီနေ့က နည်းနည်းကျန်နေတာ သူတို့လာပြီး စစ်ဆေးတွေ့တော့ တစ်ဝက်ကျော်လောက်ကိုတော့ ဖျက်ဆီးသွားတယ်"လို့ ပြောပါတယ်။

    TNLAအဖွဲ့ရဲ့ အခုလိုလုပ်ဆောင်တဲ့အပေါ် ဆိုင်ရှင်အများစုက သဘောတူတယ်လို့လည်း ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

    ကွတ်ခိုင်မြို့နယ် TNLAအရာရှိတစ်ဦးကတော့ ’’အခုလက်ရှိအချိန်ထိတော့ ကျွန်တော်တို့လှုပ်ရှားတဲ့နယ်မြေတွေမှာ စစ်ကောင်စီနဲ့ဆက်စပ်ထုတ်ကုန်တွေကိုတားဆီးနေတာပါ။လာမဲ့ လတွေမှာတော့ ကွတ်ခိုင်မြို့နယ်တစ်ခုလုံးမှာ တားဆီးနိုင်အောင်လုပ်ဆောင်သွားမယ်’’ လို့ ပြောပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကလည်း မြစ်ကြီးနားခရိုင်ကေအိုင်အိုအူပ်ချုပ်ရေးရုံးကနေ ဇန်နဝါရီ ၄ရက်ကစပြီး စစ်ကောင်စီ ကျောထောက်နောက်ခံ ဖြစ်တဲ့ မြန်မာ ဘီယာ၊ အေဘီစီနဲ့ ဒဂုံဘီယာတွေကို ရောင်းဝယ်တာသယ်ဆောင်တာတွေမပြုလုပ်ဖို့ အသိပေးကြေငြာချက်ထုတ်ပြန်ထားခဲ့ပါသေးတယ်။

  14. ရေစကြိုမြို့နယ် ဇီးတောရွာမှာ NLDပါတီ ထောက်ခံသူတစ်ဦး မီးရှို့ခံထားရပြီးသေဆုံးနေတယ်လို့ ဒေသခံတွေပြော

    မကွေးတိုင်း၊ရေစကြိုမြို့နယ် ဇီးတောရွာမှာ မီးရှို့ခံထားရတဲ့ ရုပ်အလောင်းတစ်လောင်းကိုဇန်နဝါရီ ၈ရက်က တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မီးရှို့ခံရပြီး သေဆုံးနေသူဟာ အသက် ၅၅နှစ်အရွယ် ဦးအောင်ကြင်ဆိုသူဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLDပါတီ ထောက်ခံသူတစ်ဦးဖြစ်တယ်လို့ ဒေသခံတွေကပြောကြပါတယ်။

    ’’ ဦးအောင်ကြင်ပျောက်နေတာ ဇန်နဝါရီ ၄ရက်နေ့လောက်ကတည်းက စစ်ကောင်စီတပ်သားတွေနဲ့ အုပ်ချုပ်ရေးမှူးကသူ့ကိုလိုက်ရှာဖမ်းနေတာသိရတယ်။သူပုန်းခိုနေတယ်လို့ယူဆတဲ့ ကံစွယ်ရွာနဲ့ ဇီးတောရွာကြားကို ပိုက်စိပ်တိုက်ရှာတယ်။သေနတ်တွေနဲ့ပစ်ဖောက်တယ်။ထိတာလည်းရှိမှာပေါ့။အဲဒီကနေ ဦးအောင်ကြင်နဲ့သူ့မိတ်ဆွေအဆက်အသွယ်ပြတ်သွားတာပါ။ ၈ရက်နေ့ကျမှာ မီးလောင်ထားတဲ့ဦးအောင်ကြင်အလောင်းကိုတွေ့ပါတယ် ’’ လို့ဒေသခံတစ်ဦးကပြောပြပါတယ်။ မီးလောင်နေတဲ့ဦးအောင်ကြင်ရဲ့ရုပ်အလောင်းကို ဇန်နဝါရီ ၈ ရက် မနက်ပိုင်းက ကံစွယ်ကျေးရွာရဲ့ အနောက်ဖက်အမှိုက်ပုံအနီးမှာ ရွာသားတွေက မီးလောင်ကျွမ်းနေတဲ့အနေအထားနဲ့တွေ့ရှိခဲ့တာပါ။

    ရေစကြိုမြို့နယ် ၊ ဇီးတောကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ကတည်းကဖြစ်ပြီး NLD ပါတီဝင်တွေနဲ့ ရွာခံတွေကို မထင်ရင်မထင်သလို စစ်ဆေးခြိမ်းခြောက်မေးမြန်းတာတွေ ရှိလို့ ဦးအောင်ကြင်ဟာ ဇီးတောရွာသားအချို့နဲ့အတူ ကံစွယ်ရွာနဲ့ဇီးတောရွာကြားမှာပုန်းရှောင်နေတာလည်းဖြစ်ပါတယ်။

  15. ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့ အမှုတွေထဲက ၃မှုအတွက် မနက်ဖြန်အမိန့်ချဖို့ရှိနေ

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့ အမှုတွေထဲက ပို့ကုန်၊သွင်းကုန်ဥပဒေပုဒ်မ၊ ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့ သဘာဝဘေးစီမံဥပဒေပါ ပုဒ်မ ၂၅ အမှုအတွက် မနက်ဖြန် ဇန်နဝါရီ ၁၀ ရက်မှာ အပြီးသတ်အမိန့်ချမှတ်မယ်လို့ တရားရုံးအသိုင်းအဝိုင်းကသိရပါတယ်။

    ပို့ကုန်သွင်းကုန် ပုဒ်မ နဲ့ဆက်သွယ်ရေးပုဒ်မတို့အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက အပြီးသတ်အမိန့်ချဖို့ရှိပေမယ့် ဆက်တိုက်ရွှေ့ဆိုင်းလာတာဖြစ်ပါတယ်။

    သဘာဝဘေးစီမံဥပဒေပါ ပုဒ်မ ၂၅ အမှုအတွက်ကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ရက်က စွပ်စွဲခံရသူဘက်ကအပြီးသတ်လျှောက်လဲချက်ပေးခဲ့ပြီး ဖြစ်လို့ မနက်ဖြန် ဇန်နဝါရီ ၁၀ရက်ကို အပြီးသတ်အမိန့်ချဖို့ပြန်လည်ချိန်းဆိုထားတာဖြစ်ပါတယ်။

    ပို့ကုန်သွင်းကုန်နဲ့ဆက်သွယ်ရေးပုဒ်မနဲ့အမှုတွေဟာ အာဏာသိမ်းတဲ့ဖေဖော်ဝါရီ ၁ရက်က နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည်နေထိုင်တဲ့မြနန်းဘုံသာလမ်းနေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ စကားပြောစက်တွေတွေ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

    အဲဒီအမှု ၂မှုအတွက် တရားလိုပြသက်သေတွေ တရားရုံးမှာလာရောက်ထွက်ဆိုစဉ်က သိမ်းဆည်းမိတဲ့နေရာနဲ့ သိမ်းဆည်းခဲ့တဲ့ အခြေအနေအတွေအပေါ်မှာ ကွဲလွဲစွာထွက်ဆိုမှုတွေရှိခဲ့တယ်လို့ ပြီးခဲ့တဲ့ရုံးထုတ်စစ်ဆေးမှုတွေမှာ စစ်ဆေးပေါ်ပေါက်ချက်တွေကို တရားရုံးအသိုင်းအဝိုင်းကနေ သတင်းတွေထွက်ပေါ်ထားတာပါ။

    ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ ဟာ အမြင့်ဆုံးပြစ်ဒဏ် ထောင် ၁ နှစ် အမြင့်ဆုံးချနိုင်ပြီး ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ကတော့ ထောင် ၃ နှစ်ချနိုင်တဲ့အထိရှိတာပါ။

    သဘာဝဘေးစီမံဥပဒေပါ ပုဒ်မ ၂၅ အမှုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အရပ်သားတစ်ဦးဖြစ်တဲ့ လယ်ဝေးမြို့နယ်က ဦးညီညီ(ခ)ဦးထွန်းမြင့်အောင်က တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့တဲ့အမှုဖြစ်ပါတယ်။

    ၂၀၂၀ ရွေးကောက်ပွဲကာလမှာ ရွှေကြာပင်ရပ်ကွက်အတွင်း ဒေါ်အောင်ဆန်းစုကြည်သွားလာခဲ့မှုဟာ ကိုဗစ်စည်းကမ်းကိုဖောက်ဖျက်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စွဲဆိုခံထားရတာဖြစ်ပါတယ်။မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ကတော့ ကိုဗစ်စည်းကမ်းနဲ့အညီ သွားလာခဲ့တဲ့အကြောင်း စွပ်စွဲခံရသူဒေါ်အောင်ဆန်းစုကြည်ဘက်ကနေ ပြီးခဲ့တဲ့တစ်ပတ်တုန်းက အဲဒီအမှုအတွက် အွန်လိုင်းဗွီဒီယိုကနေ သက်သေထွက်ဆိုခဲ့ပြီးဖြစ်ပါတယ်။

    ဒါ့ကြောင့် အခု အမှု၃မှု အတွက် နောက်ဆုံးအမိန့်ကို လာမယ့် သီတင်းပတ် ဇန်နဝါရီလ ၁၀ ရက် ရုံးချိန်းမှာ တရားသူကြီးက အပြီးသတ်အမိန့်ချဖို့ရှိနေပါတယ်။ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိအမှု ၅မှုနဲ့ အစိုးရလျို့ဝှက်ချက်အက် ပုဒ်မတွေနဲ့ဆက်လက်တရားရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

    နောက်ထပ် အဂတိအမှု တစ်မှုနဲ့ ရွေးကောက်ပွဲဆိုင်ရာပုဒ်မတွေနဲ့လည်း ထပ်မံစွပ်စွဲခံထားရလို့ တရားရုံးကို အဲဒီအမှုတွေထပ်ရောက်ဖို့ရှိနေတာပါ။ လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ စွပ်စွဲခံထားရတဲ့အမှုတွေထဲက ၂မှုကို အမိန့်ချမှတ်ခံရပြီးဖြစ်ပါတယ်။

  16. ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုတွေကြောင့် ဒေသခံထောင်ချီဟာ စစ်ဘေးရှောင်နေရ

    KNUတပ်မဟာ (၆)နယ်မြေ ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် ကော့ကရိတ်မြို့၊ စက္ကဝက်ကျေးရွာအုပ်စု၊ ကတိုးထကျေးရွာက ဒေသခံထောင်ချီဟာ စစ်ဘေးရှောင်နေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။

    ဒါ့အပြင် ကော့ကရိတ်မြို့နယ် ကော့နွဲအုပ်စု မြို့ဟောင်းကျေးရွာအတွင်းကိုလည်း မနေ့က ဇန်နဝါရီ ၉ရက်မှာ လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့တာကြောင့် မြို့ဟောင်းကျေးရွာက ဘုန်းကြီးကျောင်း နဲ့ နေအိမ်အချို့ကို ထိမှန် ပျက်စီး ခဲ့တဲ့အပြင်အမျိုးသမီး (၆) ဦး နဲ့ အမျိုးသား (၁)ဦး စုစု‌ပေါင်း (၇)ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူကထုတ်ပြန်ထားပါတယ်။

    ထိခိုက်ဒဏ်ရာရရှိသောအမျိုးသမီး (၆) ဦးထဲက အသက်ကြီးပိုင်း အမျိုးသမီး (၁) ဦးက စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့သိရပါတယ်။ ကော့နွဲကျေးရွာအုပ်စုမှာစစ်ဘေးသင့် ပြည်သူဦးရေ ဟာ ၂ထောင်နီးပါးရှိနေပြီလို့ဆိုပါတယ်။

    တခါနောက်ထပ်တိုက်ပွဲတွေရှိနေတဲ့ မူတြော်ခရိုင် / တပ်မဟာ(၅)ထိန်းချုပ်နယ်မြေအတွင်းမှာလည်း စစ်ရှောင်တွေရာချီရှိနေပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က မူတြော်ခရိုင် ဒွယ်လိုးမြို့နယ် ထွီသီးအူရှိ စစ်ဘေးရှောင်ပြည်သူလူထုကို စောင်၊ ခြင်ထောင်၊ ဆန်အပါအဝင်စားနပ်ရိက္ခာတွေ သွားရောက်ကူညီပေးဝေခဲ့တယ်လို့ ကေအဲန်ယူကထုတ်ပြန်ထားပါတယ်။

    ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

  17. မိတ္ထီလာစီးပွားရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုပိုင်ဖုန်းမော်ကိုမတွေ့လို့ ညီဖြစ်သူကိုဖမ်းဆီး

    မိတ္ထီလာစီးပွားရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုပိုင်ဖုန်းမော်ကိုမတွေ့လို့ ညီဖြစ်သူကိုဓါးစာခံအဖြစ်ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေကပြောပါတယ်။ ဖမ်းဆီးခံရတဲ့ ကိုပိုင်ဖုန်းမော်ရဲ့ညီဖြစ်သူ ကိုအောင်မျိုးသန့်ဟာ အသက် ၂၀ အရွယ်သာရှိပြီး မြင်းခြံတက္ကသိုလ် ပထမနှစ်အင်္ဂလိပ်စာ ကျောင်းသားတစ်ဦးလို့သိရပါတယ်။

    ကိုပိုင်ဖုန်းမော်ကို ဒေသကာကွယ်ရေးတပ်တွေနဲ့အဆက်အသွယ်ရှိတယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ ဇန်နဝါရီ ၆ ရက်က မြင်းခြံမြို့ရှိ မိဘတွေရဲ့နေအိမ်ကိုဝင်ရောက်ရှာဖွေစဉ်မှာ ကိုပိုင်ဖုန်းမော်ကိုမတွေ့တာကြောင့် ညီဖြစ်သူကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ဆိုပါတယ်။

    မိသားစုဝင်တွေက မြင်းခြံရဲစခန်းကိုသွားရောက်စုံစမ်းတဲ့အခါမှာတော့ ကိုအောင်မျိုးသန့်ကိုဖမ်းဆီးထားတာရှိပြီး ဘယ်နေရာမှာဖမ်းဆီးထားတယ်ဆိုတာလည်း မပြောတာကြောင့် လက်ရှိအချိန်အထိဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကိုမသိရဘူးလို့ ပြောပါတယ်။

    ဇန်နဝါရီ ၇ရက်မှာ ကိုပိုင်ဖုန်းမော် နေထိုင်တယ်လို့ ယူဆတဲ့ ဝမ်းတွင်းမြို့နယ်က အင်းကုန်း-အလမ္ပာယ်ကျေးရွာကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သွားရောက်ရှာဖွေခဲ့ပြီး ကိုပိုင်ဖုန်းမော်လာရောက်အဖမ်းခံရင် ညီဖြစ်သူကိုလွှတ်ပေးမယ်လို့ပြောဆိုခဲ့ကြောင်း နီးစပ်သူတွေကပြောပါတယ်။ ’’ ဖမ်းခံထားရတဲ့သမဂ္ဂကျောင်းသူ ၂ယောက်က ကိုပိုင်ဖုန်းမော်က PDF နဲ့ဆက်သွယ်တယ်လို့ထွက်ဆိုထားလို့ဆိုပြီးလိုက်ဖမ်းနေတယ်လို့ကြားရတယ်။တကယ်က ကိုပိုင်ဖုန်းမော်က အဲဒီလိုအဆက်အသွယ်မရှိဘူး၊သမဂ္ဂကလည်းဥက္ကဋ္ဌဟောင်းပဲသူကကျောင်းပြီးတာကြာပြီးလို့တော့သိထားရတယ် ’’ လို့မိသားစုနဲ့နီးစပ်သူကပြောပြပါတယ်။

    ကိုပိုင်ဖုန်းမော်ဟာ နေပြည်တော်မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းတစ်ဦးဖြစ်ပြီးအာဏာသိမ်းတဲ့ ဖေဖော်ဝါရီ လကတည်းက CDM ပြုလုပ်ထားတဲ့ဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။

  18. ဒီမောဆိုနဲ့လွိုင်ကော်မြို့တိုက်ပွဲအတွင်းစစ်ကောင်စီဘက်က သေဆုံးသူ၃၀ဦးရှိတယ်လို့ KNDF ထုတ်ပြန်

    ဒီးမော့ဆိုမြို့နယ်၊(၅) မိုင်၊(၆) မိုင်၊ ဒေါပိုးစီ ကနေ လွိုင်ကော်မြို့နယ်၊ မိုင်းလုံးနဲ့ ပန်ကန်းရပ်ကွက်အထိ၊ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က ဗိုလ်အဆင့်ရှိသူတစ်ဦးအပါအဝင် အနည်းဆုံး (၃၀) ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့ တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က မနေ့က ဇန်နဝါရီ ၈ရက် ကသတင်းထုတ်ပြန်ပါတယ်။အဲဒီတိုက်ပွဲအတွင်းစစ်ကောင်စီရဲ့ တင့်ကားတစ်စီး မီးလောင်ပျက်စီးခဲ့သလို ရဟတ်ယာဉ်တစ်စင်း ပစ်ချခံရလို့ လွိုင်ကော်မြို့၊ဒေါမူကလား ကျေးရွာအနီးမှာ မီးလောင်ပျက်ကျခဲ့တယ်လို့ထုတ်ပြန်ချက်ကဖော်ပြပါတယ်။

    ဒါနဲ့ပတ်သက်ပြီး ဘီဘီစီအနေနဲ့အတည်ပြုနိုင်တာမရှိသေးဘဲ သီးခြားအတည်ပြုချက်ရဖို့ကြိုးစားနေပါတယ်။

    တိုက်ပွဲအတွင်း လက်နက် (၁၁) လက် နဲ့ လက်နက်ကြီးကျည်၊ လက်နက်ငယ်နဲ့ ကျည်အချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီးမောဆို့မြို့နယ်၊ ငွေတောင်ဆည်အနီးတဝိုက်နဲ့ ဒီးမော့ဆိုမြို့မရဲစခန်းမှာလည်း တိုက်ခိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကထိခိုက်မှုမျာပြားခဲ့တယ်လို့ သိရပါတယ်။

    ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့နယ်တွေမှာ စစ်ရေးအရှိန်မြင့်နေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေပိုမိုပြင်းထန်လာနိုင်တာကြောင့် ဒေသခံတွေအနေနဲ့ လေကြောင်းရန် အကာကအကွယ်ဖြစ်တဲ့နေရာတွေနဲ့ တိုက်ပွဲဖြစ်ပွားသောနေရာတွေ၊တိုက်ပွဲဖြစ်ပွားနိုင်ခြေရှိတဲ့ နေရာတွေမှာ နေထိုင်သွားလာတာမလုပ်ကြဖို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီးမော့ဆိုမြို့နယ်၊(၅) မိုင်၊(၆) မိုင်၊ ဒေါပိုးစီ ကနေ လွိုင်ကော်မြို့နယ်၊ မိုင်းလုံးနဲ့ ပန်ကန်းရပ်ကွက်တိုက်ပွဲတွေနဲ့ပတ်သက်လို့ ထုတ်ပြန်တာမရှိသေးပါဘူး။

  19. ရခိုင် ဝန်ကြီးချုပ် ဦးညီပုကို အမှု ထပ်တိုး

    ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနဲ့ စည်ပင်သာယာဝန်ကြီးဟောင်း ဦးမင်းအောင်တို့ကို ရွေးကောက်ပွဲ မသမာမှု စွပ်စွဲချက်နဲ့ ပြည်နယ်ရွေးကောက်ပွဲကော်ရှင်က ထပ်မံတရားစွဲဆိုထားပါတယ်။

    ရခိုင်ပြည်နယ် ရွေးကောက်ပွဲအရာရှိ ဒုတိယညွန်ကြားရေးမှူး ဦးသူရိန်ထွဋ်က တရားလိုပြုလုပ်ပြီး ဒီဇင်ဘာလ ၈ ရက်နေ့က စစ်တွေမြို့နယ်တရားရုံးမှာ ဦးတိုက်လျှောက်စွဲဆိုခဲ့တာဖြစ်တယ်လို့ အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ Thazin Legal Institute က တရားလွှတ်တော်ရှေ့နေ ဦးဝင်းအောင်က ပြောပါတယ်။

    လက်ရှိမှာ ရွေးကောက်ပွဲကော်မရှင်ကနေ စွဲဆိုထားတဲ့ အမှုတွေကတော့ ဦးညီပုကို ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) နဲ့စွဲဆိုထားပြီး ဦးမင်းအောင်ကိုတော့ ရာဇသတ်ကြီး ပုဒ်မ ၁၃၀ (က) နဲ့ ၁၀၉ တို့နဲ့စွဲဆိုထားတာဖြစ်တယ်လို့ သိရပါတယ်။

    “စွဲတာကတော့ ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က စွဲတာပေါ့နော်။ ဒုညွှန်မှူး ဦးသူရိန်ထွဋ်က စွဲတာပါ။ လောလောဆယ်မှာတော့ ဘယ်လိုအကြောင်းအရာတွေကိုနဲ့ စွဲလည်းဆိုတာတော့ အမှုတွဲကူးနေတုန်းပဲဆိုတော့ မသိရသေးဘူး။ ဦးညီပုကိုတော့ ၁၃၀ (က) အရေးယူတယ်ပေါ့နော်။ ဦးမင်းအောင်ကတော့ ၁၃၀ (က)လည်းပါတယ်။ ၁၀၉ လည်းပါတယ်”လို့ ရှေ့နေ ဦးဝင်းအောင်က ပြောပါတယ်။

    အဲ့ဒီအမှုတွေအတွက် Thazin Legal Institute က လိုက်ပါဆောင်ရွက်ပေးနိုင်ဖို့အတွက် အခုလ ၅ ရက်နေ့က သူတို့ကိုတရားစွဲဆိုထားတဲ့ စစ်တွေမြို့နယ်တရားရုံးမှာ ရှေ့နေပါဝါတင်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

    နောက်လာမယ့် ဇန်နဝါရီ ၁၂ ရက်နေ့ကို ချိန်းဆိုထားပြီး သူတို့ကိုရုံးထုတ်စစ်ဆေးရာမှာတော့ အွန်လိုင်းဗီဒီယိုကနေတစ်ဆင့် စစ်ဆေးမှုတွေပြုလုပ်နေတာဖြစ်တယ်လို့ ရှေ့နေ ဦးဝင်းအောင်က ပြောပါတယ်။

    ဦးညီပုနဲ့ ဦးမင်းအောင်တို့နှစ်ဦးစလုံးမှာ ပုဒ်မ ၅၀၅ (ခ) အမှုအတွက် အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂ နှစ် ကျခံနေရသူတွေ ဖြစ်ကြပါတယ်။

    ဦးညီပုကျခံနေရတဲ့ ပုဒ်မ ၅၀၅ (ခ) အတွက် စစ်တွေခရိုင်တရားရုံးမှာ အယူခံလျှောက်ခဲ့ပေမဲ့ ပယ်ချခံခဲ့ရပြီး ပြည်နယ်တရားလွှတ်တော်မှာ ထပ်မံအယူခံထားတယ်လို့ သိရပါတယ်။

    ဒါ့အပြင် ဦးညီပုအပါအဝင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်း ငါးဦးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ စစ်ကောင်စီက တရားစွဲဆိုထားတဲ့အတွက် စစ်တွေအကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံနေကြရ တာဖြစ်ပါတယ်။

    လတ်တလောရင်ဆိုင်နေရတဲ့ အဂတိပုဒ်မအတွက် အကျဉ်းထောင်တွင်း အထူးတရားရုံးမှာ စစ်ဆေးမှုတွေ ပြုလုပ်နေပြီး တရားလိုနဲ့ သက်သေအားလုံးကို စစ်ဆေးပြီးစီးနေပြီဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ရုံးချိန်မှာတော့ တရားခံပြသက်သေ တွေကိုစစ်ဆေးနေပြီဖြစ်တယ်လို့ သိရပါတယ်။

    ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲမသမာမှုနဲ့စွပ်စွဲပြီး တရားစွဲဆိုခံနေကြရသူတွေထဲ ဦးညီပုနဲ့ ဦးမင်းအောင်တို့အပြင် ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲ ဥက္ကဌအဖြစ်တာဝန်ယူခဲ့တဲ့ ဒေါ်တင်လှိုင်နဲ့ အရပ်ဖက်ကခန့်အပ်တာဝန်ပေးခြင်း ခံခဲ့ရတဲ့ ကော်မရှင်ဥက္ကဌတွေအားလုံးကို အခုလိုတရားစွဲဆိုထားတာဖြစ်တယ်လို့ သိရပါတယ်။

  20. CDM ကျန်းမာရေးဝန်ထမ်းတွေကို စစ်ကောင်စီ ထပ်စုံစမ်းနေ

    ကျန်းမာရေး ၀န်ကြီးဌာနအောက်မှာ ရှိတဲ့ ထုတ်ပယ်/ထုတ်ပစ်ထားတဲ့ CDM ၀န်ထမ်းတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို ဇန်နဝါရီ ၈ ရက် နောက်ဆုံးထားပြီး စီမံဌာနကို ပို့ပေးပါ ဆိုတဲ့ ဌာနတွင်း အကြောင်းကြားစာတခု ပေါက်ကြားထွက်ပေါ်လာပါတယ်။

    ဒီစာဟာ အစစ်အမှန် ဖြစ်တယ်လို့ သိရပြီး ဒါကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းထားတာ တနှစ်နီးပါး ရှိလာချိန်အထိ စစ်ကောင်စီဟာ အုပ်ချုပ်ရေး ယန္တရားကို လည်ပတ်အောင် လုပ်ဆောင်နိုင်ခြင်း မရှိသေးဘူး ဆိုတာ ပြနေတယ် ၊ အဲဒီအတွက် CDM တွေကို ဖိအားပေးဖို့ ကြိုးစားလာတာသာ ဖြစ်တယ်လို့ CDM လှုပ်ရှားမှုမှာ ဦးဆောင် ပါ၀င်ခဲ့သူ တယောက် ဖြစ်တဲ့ ဒေါက်တာ စိုးသူရဇော်က ဘီဘီစီကို ပြောပါတယ်။

    အထူးသဖြင့် ကျန်းမာရေး ၀န်ကြီးဌာနဟာ CDM အစကနဦး ကတည်းက တက်တက်ကြွကြွ ပါ၀င်ခဲ့ကြပြီး အခုအချိန် အထိ ဆက်လက် တောင့်ခံထားဆဲ ဖြစ်တာမို့ လုပ်ငန်း လည်ပတ်လို့ မရ ဖြစ်နေတာ လုံး၀ သေချာတယ်လို့ သူက ဆိုပါတယ်။

    လက်ရှိမှာ CDM လုပ်ထားသူတွေ အနေနဲ့ စား၀တ်နေရေး အခက်အခဲတွေကတမျိုး စစ်ကောင်စီရဲ့ လိုက်လံ ဖမ်းဆီးမှုတွေက တဖုံ အခက်အခဲ အမျိုးမျိုး ရင်ဆိုင်နေရချိန်မှာ သူတို့တွေကို စာနာ နားလည်ကြောင်း သူက ပြောပါတယ်။

    NUG တို့လို NUCC တို့လို နိုင်ငံရေး ဦးဆောင် အဖွဲ့တွေ အနေနဲ့ရေရှည်မှာ အလုပ်သင့်ဆုံး အလုပ်တခုကတော့ တော်လှန်ရေး အလွန်ကာလမှာ CDM သမားတွေ NON-CDM သမားတွေ အတွက် ခိုင်မာ ပြတ်သားတဲ့ မူဝါဒတွေ အခုကတည်းက ချမှတ်ထားဖို့ သင့်ပါတယ်လို့ သူက ပြောပါတယ်။

    ပြီးခဲ့တဲ့ လပိုင်းတွေကလည်း အာဏာဖီဆန်ရေးလှုပ်ရှားမှုလုပ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် အစိုးရဝန်ထမ်းတွေကို ဝန်ထမ်းအဖြစ်က ထုတ်ပစ်တာ၊ ကျပ်သိန်း ဆယ်ချီ ဘွဲ့လွန်သင်တန်း လျော်ကြေးတောင်းခံတာတွေ လုပ်ခဲ့ပါတယ်။

    သတ်မှတ်ကာလအတွင်း ဖြေရှင်းအယူခံခွင့် ရှိတယ်လို့ဆိုပေမဲ့ ရာထူးက ထုတ်ပယ်မှုနဲ့ လျော်ကြေးတောင်းခံတဲ့ စာတွေကို လာရောက် မဖြေရှင်းရင် မျက်ကွယ်မှာပဲ သက်သေတွေနဲ့ စစ်ဆေးမယ်လို့ ပြောထားခဲ့ပါတယ်။