ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ဖရူဆိုမှာ သတ်ဖြတ်ခံလိုက်ရသူတွေထဲ အသက်မပြည့်သေးသူ ၄ ဦးပါဝင်တယ်လို့ ယူနီဆက်ဖ်ပြော

အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရသူတွေထဲမှာ အသက် ၁၇ နှစ်အရွယ် လူငယ် ၂ ဦး၊ ဆယ်ကျော်သက် အမျိုးသမီးငယ် ၁ ဦးနဲ့ အသက် ၅ နှစ်၊ ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ပါဝင်တယ်လို့ဆိုပြီး ယူနီဆက်ဖ် ကပြောလာတာပါ။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဖရူဆိုဖြစ်စဉ်မှာ သေဆုံးခဲ့သူတွေအတွက် မြေမြှုပ်ဈာပနပြုလုပ်

    ကယား(ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့မှာ ဒီဇင်ဘာလ ၂၄ ရက်တုန်းက အစုလိုက်အပြုံလိုက် သတ်ဖြတ်မီးရှို့ခံခဲ့ရတဲ့ စစ်ရှောင်ပြည်သူတွေရဲ့ ရုပ်အလောင်းတွေကို ဒီနေ့ ဒီဇင်ဘာလ ၂၉ ရက်မှာ မြေမြှုပ်သင်္ဂြိုဟ်တဲ့ဈာပနပြုလုပ်ခဲ့ပါတယ်။

    အဲဒီဖြစ်စဉ်မှာ အမျိုးသမီးနဲ့ကလေးတွေအပါအ၀င် လူပေါင်း ၃၅ ဦးသေဆုံးတယ်လို့ ဒေသတွင်းသတင်းတွေမှာဖော်ပြခဲ့ပါတယ်။

    ဒါပေမဲ့ ဒီနေ့ဈာပနမှာတော့ အလောင်း ၃၃ လောင်းနဲ့ ရုပ်ကြွင်းအပိုင်းအစတွေကို မြှုပ်နှံခဲ့တယ်လို့သိရပါတယ်။

  2. သထုံမှာ မြန်မာ့ရှေ့ဆောင်ဘဏ်က ငွေကျပ် သိန်း ၈၀၀ ကျော် လုယက်ခံရ

    မွန်ပြည်နယ်၊ သထုံမြို့မှာ Denko စက်သုံးဆီဆိုင်တွေကနေ ဆီရောင်းရငွေတွေကို သယ်လာတဲ့ကားဟာ ရန်ကုန်- မော်လမြိုင်လမ်းအတိုင်း ဘီးလင်းကနေ သထုံဘက်ကို မောင်းလာချိန် ဒီဇင်ဘာလ ၂၇ ရက်က လုယက်ခံခဲ့ရပါတယ်။

    အဲဒီငွေကို သယ်လာတဲ့ကားမှာ မြန်မာ့ရှေ့ဆောင်ဘဏ်ဒုတိယမန်နေဂျာနဲ့ ၂ ဦးလိုက်ပါလာပြီး အမည်မသိသေနတ်သမားတွေက ကားကို တားဆီးကာ ငွေကျပ် သိန်း ၈၄၀ ကျော်ကို လုယက်ခဲ့တာလို့ဆိုပါတယ်။

    အခုတော့ ကားရော၊ ငွေတွေပါ လုယူထွက်ပြေးသွားသူတွေကို ပိတ်ဆို့ရှာဖွေနေပြီလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။

    မြန်မာ့ရှေ့ဆောင်ဘဏ်နဲ့ Denko စက်သုံးဆီဆိုင်တွေဟာ စီးပွားရေးလုပ်ငန်းစု တစ်ခုတည်းကဖြစ်ပါတယ်။

  3. ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဝေယံဖြိုးမိုးကို အလုပ်နဲ့ ထောင် ၂ နှစ်တစ်လ ချမှတ်

    ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးကို ဒီနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့က အင်းစိန်ထောင်တွင်း အထူးတရားရုံး (ကျောက်တံတားတရားခွင်) ကနေ ပုဒ်မ ၂ ခုနဲ့ အလုပ်နဲ့ ထောင်ဒဏ် စုစုပေါင်း ၂ နှစ်နဲ့တစ်လ ချမှတ်လိုက်တယ်လို့ ကိုဝေယံဖြိုးမိုးရဲ့ရှေ့နေ ဒေါ်တင်ဇာဦးက ဘီဘီစီကို ပြောပါတယ်။

    ကိုဝေယံဖြိုးမိုးကို အာဏာမသိမ်းခင်က ပြုလုပ်ခဲ့တဲ့ ကမ်ပိန်းလှုပ်ရှားမှုတစ်ခုနဲ့ ပတ်သက်ပြီး ခုလို ပုဒ်မ ၂ ခုနဲ့ ထောင်ချလိုက်တာလို့ သိရပါတယ်။

    "ကိုဝေယံဖြိုးမိုးကို ရခိုင်ပြည်နယ်မှာ 4G အင်တာနက် အပြည့်အဝရရှိဖို့ မနှစ်က စတေကာကမ်ပိန်းလုပ်လို့ဆိုပြီး စွဲဆိုထားတာက အာဏာမသိမ်းခင် တည်းကပါ။ အဲဒါက ပုဒ်မ ၁၉ နဲ့ပါ။ နောက်ပိုင်း ၅၀၅ - ခ တပ်လာလို့ဘာလို့ တပ်တာလဲမေးတော့ အဲဒီ ရခိုင်အင်တာနက်စတေကာကမ်းပိန်းကြောင့်ပဲ ထပ်တပ်တာလို့ သိရပါတယ်။ လူတစ်ယောက်တည်းကို ဖြစ်စဉ်တစ်ခုတည်းကို ပုဒ်မ ၂ ခုနဲ့စွဲဆိုပြီးထောင်ချခံရတာပါ" လို့ သူ့ရှေ့နေက ရှင်းပြပါတယ်။

    အခု ချမှတ်လိုက်တဲ့ထောင်ဒဏ်တွေအတွက် ချုပ်ရက်များကို ထုတ်နုတ် ခံစားခွင့်မပြုဘူးလို့လည်း သိရပါတယ်။ ကိုဝေယံဖြိုးမိုးဟာ အာဏာသိမ်းပြီးနောက် စစ်အာဏာသိမ်းဆန့်ကျင်သပိတ်တွေမှာ ပါဝင်ခဲ့တာနဲ့ပတ်သက်ပြီး စစ်ကောင်စီက ပုဒ်မ ၅၀၅-က နဲ့ ၂ မှု စွဲဆိုထားတာကိုလည်း ဆက်လက်ရင်ဆိုင်နေရပါတယ်။

    ကိုဝေယံဖြိုးမိုးဟာ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့က အထွေထွေ သပိတ်ကော်မတီ (GSC) သပိတ်ကို စစ်ကောင်စီတပ်တွေက ဖြိုခွဲဖမ်းဆီးချိန်မှာ ဖမ်းဆီးခံရတဲ့ကျောင်းသားခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ စတင်ဖမ်းဆီးခံရစဉ်က ကိုဝေယံဖြိုးမိုးရဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေရှိကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်က မတ်လ ၁၂ ရက်မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

  4. ဦးဟံသာမြင့်နဲ့ ဦးသိန်းဦးတို့ကို ဒီဇင်ဘာ ၃၀ မှာ အမိန့်ချဖို့ရှိ

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဟံသာမြင်နဲ့ ၂၀၂၀ ရွေးကောက်ပွဲဗဟိုအောင်နိုင်ရေးအဖွဲ့ရဲ့ ဘဏ္ဍာရေးမှူး ဦးသိန်းဦး တို့ကို ဒီဇင်ဘာ ၃၀ မှာ အင်းစိန်ထောင်တွင်းတရားရုံးမှာ အမိန့်ချမယ်လို့ တရားရုံးအသိုင်းအဝိုင်းကနေ သိရပါတယ်။

    သူတို့ နှစ်ဦးလုံးဟာ ဖေဖော်ဝါရီ ၁ ရက် ကတည်းက ဖမ်းဆီးခံထားရတာဖြစ်ပြီး မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်မှု ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲခံထားရတာပါ။ အလားတူ ထင်ရှားတဲ့ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းသွေးသစ်ကိုလည်း ဒီဇင်ဘာ ၃၀ မှာပဲ အမိန့်ချမယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းက ထင်ရှားတဲ့ပရဟိတသမား စာရေးဆရာမ ဒေါ်သန်းမြင့်အောင် နဲ့ မော်ဒယ်လ်သရုပ်ဆောင် ပိုင်တံခွန် တို့ကိုလည်း အင်းစိန်ထောင်တွင်းတရားရုံးက ထောင် ၃ နှစ်စီ အမိန့်ချခဲ့ပါတယ်။

  5. လေးကေ့ကော်ဒေသမှာ တိုက်ပွဲ ၂၅ ကြိမ်ဖြစ်ခဲ့တယ်လို့ စစ်ကောင်စီပြောလာ

    ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ပိုင်းက ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ ၆ နယ်မြေ ငြိမ်းချမ်းရေးမြို့သစ် လေးကေ့ကော်မှာ KNLA၊ PDF တပ်ဖွဲ့တွေနဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ကတည်းက ဆိုရင် တိုက်ပွဲပေါင်း ၂၅ ကြိမ် ဖြစ်ခဲ့တယ်လို့ စစ်ကောင်စီဘက်က ဒီဇင်ဘာလ ၂၈ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

    လေးကေ့ကော်မြို့သစ်ထဲက ရပ်ကွက်တွေထဲကို စစ်ကောင်စီတပ်တွေက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ဒေသကာကွယ်ရေးတပ် PDF အဖွဲ့ဝင်တွေကို ဝင်ရောက်ဖမ်းဆီးရာကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ KNLA၊ PDF တို့ တိုက်ပွဲဖြစ်ခဲ့တာပါ။

    ဒီဇင်ဘာလ ၁၅ ရက်မှာ လေးကေ့ကော်ရပ်ကွက်ထဲကနေ စဖြစ်တဲ့ ထိတွေ့တိုက်ခိုက်မှုဟာ ရှာဖွေရေးဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေနတ်ပစ်ဖောက်ရာကနေ စတင်တယ်လို့ လေးကေ့ကော် အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတွေက အစောပိုင်းကတည်းက ဘီဘီစီကို ပြောခဲ့ပေမဲ့ စစ်ကောင်စီကတော့ တစ်ဖက်က စတင်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

    လေးကေ့ကော်က ပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီအဖွဲ့ဝင်တွေ ထိခိုက်ကျဆုံး ဒဏ်ရာရသူတွေရှိပြီး ဖမ်းဆီးခံရသူတွေလည်း ရှိခဲ့တယ်လို့ ပြောပေမဲ့ ဘယ်နှဦးဖြစ်တယ်ဆိုတာ မပြောထားပါဘူး။

    နောက် အဲဒီမှာ ပြုလုပ်တဲ့ ရှာဖွေမှုတွေအတွင်း CDM ပြုလုပ်ထားသူနဲ့ PDF အဖွဲ့ဝင် ၂၁ ဦး ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီက ပြောပါတယ်။

    ဒီဇင်ဘာလ ၁၅ ရက်တုန်းက စတင်တဲ့တိုက်ပွဲကြောင့် လေးကေ့ကော်နဲ့ ဆက်စပ်နေတဲ့ ထီးမယ်ဝါးခီး၊ မယ်ထော်သလေးကျေးရွာတွေ ဘက်အထိ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်း တိုက်ခိုက်မှုတွေပြုလုပ်ခဲ့လို့ ထောင်သောင်းချီတဲ့ဒေသခံတွေဟာ မြန်မာ-ထိုင်းနယ်စပ်က သောင်ရင်းမြစ်ကမ်းတစ်လျှောက်အပြင် မြစ်ကို ကြုံသလိုဖြစ်ကူးပြီး ထိုင်းဘက်ခြမ်းအထိ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

    စစ်ကောင်စီဘက်ကတော့ လက်ရှိမှာ လေးကေ့ကော်ဒေသထဲ လေးကေ့ကော်မြို့သစ်ကလွဲလို့ ထီးမယ်ဝါးခီး၊ မယ်ထော်သလေး၊ အင်ကြင်းမြိုင်၊ မင်းလက်ပံနဲ့ ဖလူးကျေးရွာတွေထဲ လက်နက်ကိုင်တွေ ခိုအောင်းခဲ့တဲ့နေရာတွေကို ဖော်ထုတ် ထိန်းချုပ်နိုင်ခဲ့ပြီဆိုပြီး ပြောထားပါတယ်။

    တစ်ချိန်တည်းမှာပဲ တိုက်ပွဲတွေဖြစ်ချိန်က ထွက်ပြေးကြတဲ့ဒေသခံတွေကို နေရပ်ပြန်လာနိုင်ပြီဆိုပြီး စစ်ကောင်စီရဲ့ဒေသန္တရ အုပ်ချုပ်ရေးပိုင်းက အသံချဲ့စက်တွေနဲ့ လိုက်လံကြေညာတာတွေလည်း ရှိနေပါတယ်။

  6. ဖရူဆိုမှာ သတ်ဖြတ်ခံလိုက်ရသူတွေထဲ အသက်မပြည့်သေးသူ ၄ ဦးပါဝင်တယ်လို့ ယူနီဆက်ဖ်ပြော

    ကယား(ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့နယ်ထဲမှာ ဒီဇင်ဘာလ ၂၄ ရက်တုန်းက မီးရှို့သတ်ဖြတ်ခံခဲ့ရတဲ့လူပေါင်း ၃၅ ဦးထဲမှာ အသက်မပြည့်သေးတဲ့လူငယ်နဲ့ကလေး ၄ ဦးပါဝင်တယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(ယူနီဆက်ဖ်) က ပြောလာပါတယ်။

    အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရသူတွေထဲမှာ အသက် ၁၇ နှစ်အရွယ် လူငယ် ၂ ဦး၊ ဆယ်ကျော်သက် အမျိုးသမီးငယ် ၁ ဦးနဲ့ အသက် ၅ နှစ်၊ ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ပါဝင်တယ်လို့ဆိုပြီး ယူနီဆက်ဖ် ကပြောလာတာပါ။

    သတ်ဖြတ်ခံခဲ့ရသူတွေထဲမှာ လိုအပ်ချက်တွေရှိနေတဲ့ဒေသခံတွေဆီ အကူအညီသွားပေးပြီးနောက် လွိုင်ကော်ရုံးကို ပြန်လာတဲ့ ကလေးသူငယ်အကူအညီပေးရေးအဖွဲ့ Save the Children ရဲ့ ဒေသခံ ဝန်ထမ်း ၂ ဦးလည်းပါဝင်ပါတယ်။

    “အရပ်သားတွေ၊ ကလေးငယ်တွေနဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးလုပ်သားတွေအပေါ် အခုလိုတိုက်ခိုက်မှုကို ယူနီဆက်ဖ်အနေနဲ့ အပြင်းအထန်ရှုတ်ချပါတယ်။ နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေအရရော မြန်မာနိုင်ငံပါဝင်လက်မှတ်ထိုးထားတဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်အရပါဆိုရင် ပဋိပက္ခတွေပေါ်ပေါက်တဲ့အခါ သူတို့ကို ဦးစားပေး အကာအကွယ်ပေးရမှာဖြစ်ပါတယ်။''လို့ ယူနီဆက်ဖ်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဆိုင်ရာ ညွှန်ကြားရေးမှူးက ပြောပါတယ်။

    မနှစ်မြိုစရာဒီဖြစ်ရပ်ဆိုး ကျူးလွန်သူတွေကို တာဝန်ခံမှုရှိလာအောင် အမြန်စုံစမ်းဖော်ထုတ်ဖို့ကိုတောင်းဆိုတယ်လို့လည်း ယူနီဆက်ဖ်ဘက်က ပြောထားပါတယ်။

    ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကတော့ စစ်ကောင်စီဟာ ဒီဇင်ဘာလ ၂၄ ရက် မွန်းလွဲပိုင်းမှာ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးမှာ ပြည်သူ ၃၅ ဦးကို သတ်ဖြတ်ခဲ့ပြီး မော်တော်ယာဉ်တွေနဲ့အတူ မီးရှို့ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

    အသတ်ခံသူတွေဟာ စစ်ရှောင်းရင်း လမ်းခုလတ်မှာ စစ်ကောင်စီတပ်တွေရဲ့အခုလို သတ်ဖြတ်တာခံရတာလို့လည်း ဆိုပါတယ်။

    စစ်ကောင်စီဘက်ကတော့ ဒါကို ငြင်းထားပါတယ်။

  7. ရန်ကုန် ပန်းဆိုးတန်းလမ်းမမှာ ပေါက်ကွဲမှုဖြစ်

    ရန်ကုန်မြို့လယ်၊ ပန်းဆိုးတန်းလမ်းမ(အောက်ဘလောက်) မှာ ဒီနေ့ ဒီဇင်ဘာလ ၂၉ ရက် မနက်ပိုင်း ၁၀နာရီခွဲ ဝန်းကျင်မှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

    အဲ့ဒီနေရာဟာ ဘဏ်တွေ၊ဋ္ဌာနဆိုင်ရာတွေ၊ဈေးသည်တွေနဲ့ စည်ကားရာနေရာတစ်ခုဖြစ်ပါတယ်။

    ပေါက်ကွဲတဲ့နေရာမှာ မီးခိုးတွေအူထွက်ခဲ့ပြီး အနီးနားကလူတွေလည်း ထိတ်လန့်တကြား ပြေးလွှားခဲ့ကြပါတယ်။

    ပေါက်ကွဲမှုဖြစ်အပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ရောက်လာပြီး လမ်းပိတ် စစ်ဆေးတာတွေလုပ်နေတယ်လို့သိရပါတယ်။

    ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှု ရှိ၊ မရှိ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

  8. မြန်မာစစ်တပ်ကို လက်နက်မရောင်းချရေးလုပ်ဆောင်ဖို့ ကန်နိုင်ငံခြားရေးဝန်ကြီး ပြော

    နိုင်ငံတကာအနေနဲ့ မြန်မာစစ်တပ်ကို စစ်လက်နက်နဲ့ စစ်ဖက် အရပ်ဖက်သုံးနည်းပညာတွေရောင်းချမှုအဆုံးသတ်ရေး ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရမယ်ဆိုပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောလာပါတယ်။

    ဒီဇင်ဘာလ ၂၄ ရက်တုန်းက ကယား(ကရင်နီ)ပြည်နယ်မှာ လူ ၃၅ ယောက်ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့စစ်တပ်လုပ်ရပ်ကို ရှုတ်ချပြောဆိုရင်း ဝန်ကြီးက အခုလို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

    ဒါ့အပြင် လက်ရှိ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတဝန်းလုံးနီးပါးမှာ စစ်တပ်ရဲ့လုပ်ရပ်တွေကို စိုးရိမ်တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

    မြန်မာပြည်သူတွေအပေါ် စစ်တပ်ရဲ့ ရက်စက်တဲ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီး စစ်တပ်အနေနဲ့ ပြစ်ဒဏ်ခံရမှုက ကင်းလွတ်နေတဲ့ အစဉ်အလာလည်း အမြန်အဆုံးသတ်ဖို့ လိုအပ်နေပြီဆိုပြီး ဝန်ကြီးက ထောက်ပြပြောဆိုပါတယ်။

    အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် စစ်တပ်၊ စစ်ခေါင်းဆောင်ဆောင်နဲ့ သူတို့ရဲ့ ဘဏ္ဍာရေးအကျိုးစီးပွားတွေကို ပစ်မှတ်ထားအရေးယူပိတ်ဆို့တာ၊ နိုင်ငံတကာဘဏ္ဍာရေးစနစ်ထဲ မဝင်နိုင်အောင်တားမြစ်တာတွေကို အမေရိကန်ပြည်ထောင်စုက ပြုလုပ်ထားပြီးဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။

    မြန်မာ့ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက် ဆက်လက်တွန်းအားပေးသွားမှာဖြစ်သလို လိုနေတဲ့ပြည်သူတွေဆီ အကူအညီတွေရောက်အောင် စစ်တပ်အနေနဲ့ အတားအဆီးမရှိ ခွင့်ပြုပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

  9. နတ်ချောင်းရွာမှာ နေအိမ်တွေ ထပ်ပြီး မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေ ပြော

  10. သောင်တင် ရိုဟင်ဂျာစက်လှေ ပြင်ဆင်ဖို့ အင်ဒိုနီးရှား ကူညီပေမဲ့ ခိုလှုံခွင့်မပြု

    အင်ဒိုနီးရှား ကမ်းခြေမှာ သောင်တင်နေတဲ့ ရိုဟင်ဂျာ ၁၀၀ ကျော် လိုက်ပါလာတဲ့ လှေကို ပြင်ဆင်ဖို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ကူညီမှာ ဖြစ်ပေမဲ့ သူတို့ကိုနိုင်ငံထဲ ခိုလှုံခွင့်ပြုမှာ မဟုတ်ဘဲ လှေပြန်ထွက်ခွာရမယ်လို့ အင်္ဂါနေ့မှာ ပြောပါတယ်။

    ကလေးတွေနဲ့ အမျိုးသမီးတွေပါ အပါအဝင် လူ ၁၂၀ လောက်ပါလာတဲ့လှေ မျောပါနေတာကို ငါးဖမ်းသမားတွေက တွေ့ခဲ့တာပါ။

    စက်လှေ ပြန်မထွက်ခင် သူတို့ကို အစားအသောက်၊ ဆေးဝါးနဲ့ ရေ စတဲ့ လူသားချင်း စာနာတဲ့ အကူအညီတွေ အာဏာပိုင်တွေက ထောက်ပံ့ပေးလိုက်မှာ ဖြစ်ပါတယ်။

    လှေက အင်ဂျင်ချို့ယွင်းနေတာကြောင့် ကမ်းကပ်ခွင့်ပြုသင့်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက အင်္ဂါနေ့က ထုတ်ပြန်ပါတယ်။

    သူတို့တွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ အသက်အန္တရာယ်ကို စိုးရိမ်မိတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    အဲဒီဒုက္ခသည်တွေဟာ ပင်လယ်ထဲမှာထွက်ခွာလာတာ ၂၈ ရက်လောက် ရှိနေပြီလို့ ဒေသခံ ငါးဖမ်းလုပ်ငန်းအဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။ သူတို့ထဲက တချို့တွေ ဖျားနေကြပြီး တစ်ဦးသေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

    မြန်မာနိုင်ငံထဲက ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ ပင်လယ်ရေကြောင်း တည်ငြိမ်တဲ့အချိန် နိုဝင်ဘာကနေ ဧပြီလတွေမှာ မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ရေကြောင်းကနေ သွားရောက်ခိုလှုံတတ်ကြပါတယ်။ သူတို့ကို အကူအညီပေးကြဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ တောင်းဆိုမှုတွေ ရှိနေပေမဲ့ အများအပြားဟာ အကူအညီပေးဖို့ ငြင်းဆန်ခံရပါတယ်။

  11. တိုက်ပွဲငြိမ်သက်လို့ ထိုင်းဘက်က စစ်ရှောင် တစ်ထောင်ကျော် ပြန်သွားပြီလို့ ထိုင်းအာဏာပိုင်တွေပြော

    ကရင်ပြည်နယ် မြဝတီမြို့အနီး လေးကေ့ကော်ဒေသမှာ တိုက်ခိုက်မှုတွေ ဖြစ်ပြီးနောက် အနီးအနားက ဒေသခံတွေက ထိုင်းဘက်ကို စစ်ရှောင်ထွက်ပြေးသူတွေ ရှိခဲ့ရာက တိုက်ခိုက်မှုတွေ ငြိမ်သက်သွားပြီးနောက် လူ ၁၀၀၀ ဝန်းကျင် သူတို့ မြို့ရွာတွေကို ဒီကနေ့ ပြန်သွားကြပြီလို့ ထိုင်းအာဏာပိုင်တွေက ပြောကြောင်း ဘီဘီစီ ထိုင်းသတင်းဌာနက သတင်းပေးပို့ပါတယ်။

    လေးကေ့ကော် ဒေသကို ဒီဇင်ဘာလလယ်က စစ်ကောင်စီဘက်က တပ်တွေ ဝင်ရောက်ပြီး ရှာဖွေ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ရာက ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် အဲဒီဒေသတစ်ဝိုက်က လူ သောင်းနဲ့ချီ စစ်ရှောင်ခဲ့ကြပြီး တချို့က ထိုင်းဘက်ကို စစ်ရှောင်ထွက်ပြေးခဲ့ကြရတယ်လို့ ကေအန်ယူက ဖော်ပြထားတဲ့ သတင်းတွေအရ သိရပါတယ်။

    ကေအန်ယူ သတင်းမှာတော့ ဒီကနေ့အထိ တိုက်ခိုက်မှုတွေ ဆက်ရှိနေသေးတယ်လို့လည်း ပြောဆိုထားပါတယ်။

    ဒါ့အပြင် စစ်ကောင်စီတပ်တွေက ကော့ကရိတ်-မြဝတီသွား အာရှအဝေးပြေးလမ်းမှာ အရပ်သားကားတွေကို သုံးပြီး စစ်အင်အားတိုးချဲ့လှုပ်ရှားနေတယ်လို့လည်း ဆိုပါတယ်။

    အဲဒီဒေသအပြင် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဟာ လှုပ်ရှားမှုတွေရှိနေတာကြောင့် မူသယ်ဒေသမှာ ရှိတဲ့ ဒေသခံရာချီ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ကရင်အမျိုးသား အစည်းရုံး KNU က ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။

    ထိုင်းဝန်ကြီးချုပ် ဗိုလ်ချူပ်ကြီးဟောင်း ပရာယွတ် ချန်အိုချာကတော့ မြန်မာ စစ်ဘေးဒုက္ခသည်တွေ အားလုံးကို စောင့်ရှောက် ကူညီသွားမယ်လို့ ကတိပြု ပြောဆိုထားပါတယ်။

    ဒါပေမယ့် မြန်မာဘက်က အခြေအနေတွေ တိုးတက်ကောင်းမွန်လာတာနဲ့ အခု ရောက်လာကြသူတွေဟာ အိမ်ပြန်ကြရမှာ ဖြစ်တဲ့ အတွက် ဒုက္ခသည် စခန်းအသစ်တွေ ထပ်ပြီး ဖွင့်ဖို့ အစီအစဉ် မရှိဘူးလို့လည်း ဝန်ကြီးချုပ် ပရာယွတ်က ပြောဆိုထားတာ ဖြစ်ပါတယ်။

    စစ်ကောင်စီက လေးကေ့ကော်မြို့သစ်ကလွဲပြီး ထီးမယ်ဝါးခီး၊ မယ်ထော်သလေး၊ အင်ကြင်းမြိုင်၊ မင်းလက်ပံနဲ့ ဖလူးကျေးရွာတွေကို ထိန်းချုပ်နိုင်ပြီလို့ ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်လာပြီး ကေအန်ယူအပါအဝင် ဒေသခံတပ်တွေဘက်ကတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး လတ်တလော တုံ့ပြန်မှုတွေ မရှိသေးပါဘူး။

  12. မြန်မာမှာ အိုမီခရွန် စတွေ့

    ယူအေအီးနိုင်ငံ ဒူဘိုင်းက ပြန်လာသူ ၄ ဦးမှာ ကိုဗစ်ဗီဇပြောင်း အိုမီခရွန် တွေ့ရှိရတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်တဲ့အတွက် မြန်မာနိုင်ငံမှာ ပထမဆုံး အိုမီခရွန်တွေ့ရှိလာပြီ ဖြစ်ပါတယ်။

    အဲဒီပိုးတွေ့ရှိသူ ၄ ဦးအနက်မှာ တစ်ဦးမှာသာ သာမန် ရောဂါလက္ခဏာတွေ့ရပြီး ကျန် ၃ ဦးမှာ ရောဂါ လက္ခဏာမတွေ့ရဘူးလို့ ဆိုပါတယ်။ အဲဒီ ၄ ဦး ကို ကုသရေးစင်တာတွေမှာ စောင့်ကြည်ခဲ့ရာ ကျန်းမာရေးကောင်းလို့ ဆင်းခွင့်ပေးလိုက်ပြီလို့ဆိုပါတယ်။

    ဒီကနေ့ ကိုဗစ်ပိုးတွေ့ရှိသူ အနေနဲ့ စုစုပေါင်း ၁၈၇ ဦး နဲ့ သေဆုံးသူ ၃ ဦး ရှိတယ်လို့လည်း ထုတ်ပြန်ပါတယ်။

    ကူးစက်မှု ပိုမိုမြန်ဆန်တဲ့ အိုမီခရွန် ကိုဗစ်ကူးစက်မှုကို တားဆီးဖို့ ငွေကြေးတောင့်တင်းတဲ့ နိုင်ငံတွေက တတိယ အကြိမ် ကာကွယ်ဆေး ထိုးကာကွယ်နေပေမဲ့ မဖွံဖြိုးသေးတဲ့နိုင်ငံတွေမှာတော့ ပထမအကြိမ် ကာကွယ်ဆေးကို အကြိမ်ရေ ပြည့်အောင် ထိုးဖို့ အားထုတ်နေရဆဲ ဖြစ်ပါတယ်။

  13. ဖရူဆိုတိုက်ခိုက်မှုက ဝန်ထမ်းနှစ်ဦးသေဆုံးတယ်လို့ Save the Children အတည်ပြု

    ခရစ္စမတ်မတိုင်ခင် တစ်ရက်က ဖရူဆို တိုက်ခိုက်မှုမှာ ပျောက်ဆုံးနေတဲ့ ဝန်ထမ်းနှစ်ဦး သေဆုံးတယ်လို့ Save the Children က ဒီကနေ့ အတည်ပြုတယ်လို့ အေအက်ဖ်ပီ သတင်းမှာ ဖော်ပြထားပါတယ်။

    ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ ဒီဇင်ဘာ ၂၄ ရက်က အရပ်သား ၃၀ ကျော် သတ်ဖြတ်ခံရတဲ့ ဖြစ်စဥ်မှာ Save the Children -Myanmar ရဲ့ ဝန်ထမ်းစီးနင်းတဲ့ယာဥ်လည်း မီးရှို့ဖျက်ဆီးခံရပြီး ဝန်ထမ်းနှစ်ဦးပျောက်ဆုံးနေတယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ထားပါတယ်။

    စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တချို့ နှစ်ဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီးနောက် စစ်ရှောင်တွေ သတ်ဖြတ်ခံရ၊ မီးလောင်ကျွမ်းနေတဲ့အလောင်းတွေ တွေ့ရှိခဲ့ရပြီး ဒါတွေကို စစ်ကောင်စီတပ်တွေက လုပ်ဆောင်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တချို့ စွပ်စွဲထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ငြင်းဆန်ထားပါတယ်။

    ဖြစ်စဥ်မှာ အနီးအနားက ဒေသမှာ လူမှုအကူအညီတွေတွေ လုပ်ကိုင်ခဲ့တဲ့ Save the Children ရဲ့ ဝန်ထမ်း အမျိုးသားနှစ်ဦးဟာ တိုက်ပွဲကြားမှာ ပိတ်မိသွားတယ်လို့ အဲဒီအဖွဲ့က ဆိုပါတယ်။

    စစ်တပ်က ကားတွေပေါ်က လူတွေကို ဖမ်းဆီး၊ သတ်ဖြတ်ပြီး အလောင်းတွေကို မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

    စစ်ကောင်စီက ထုတ်ပြန်ထားချက်မှာတော့ လုံခြုံရေးအရေ ကား ၇ စီးကို တားဆီးတာကို မရပ်တန့်ဘဲ လက်နက်ငယ်တွေနဲ့ စပစ်ပြီး ထွက်ပြေးခဲ့တယ်၊ ပစ်ခတ်သူတွေကို အသေဖမ်းမိတယ်လို့ ထုတ်ပြန်ထားပေမဲ့ သေဆုံးသူအရေအတွက်ကို အတိအကျ မထုတ်ပြန်ထားပါဘူး။

    အဲဒီဖြစ်စဥ်မှာ ကလေးတွေနဲ့ အမျိုးသမီးတွေအပါအဝင် သေဆုံးသူ ၃၀ ကျော်ရှိတယ်လို့ မြေပြင် အခြေအနေကို သိရှိတဲ့ ဒေသခံတချို့ရဲ့ ပြောဆိုမှုတွေရှိပါတယ်။

    ဝန်ထမ်းနှစ်ဦး ပျောက်ဆုံးနေတယ်လို့ ထုတ်ပြန်ထားပြီးနောက် မြန်မာနိုင်ငံ နေရာအနှံ့အပြားက လုပ်ငန်းတွေကို ယာယီရပ်နားထားတယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ထားပါတယ်။

  14. စစ်ကောင်စီလက်ထက် သစ်တွေပြန်လည်ထုတ်လုပ်နေတဲ့ ကုမ္ပဏီတစ်ခုရဲ့စက်ယန္တရားတွေကို ဖျက်ဆီးခဲ့တယ်လို့ ထီးချိုင့် PDF ပြော

    စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ ငပိချောင်းကျေးရွာက သစ်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုပိုင် စက်လှေတစ်စင်းအပါအဝင် စက်ယန္တရားတွေကို ဒီဇင်ဘာလ ၂၇ ရက်တုန်းက ဖျက်ဆီးခဲ့တယ်ဆိုပြီး ဒေသကာကွယ်ရေးတပ်ဘက်က သတင်းထုတ်ပြန်လာပါတယ်။

    အဲဒီကုမ္ပဏီဟာ သမ္မတဦးသိန်းစိန်လက်ထက်မှာ သစ်တန်ပေါင်းများစွာကို ထုတ်ယူခဲ့တဲ့ကုမ္ပဏီဖြစ်ပြီး သမ္မတဦးဝင်းမြင့်လက်ထက်မှာ ထုတ်လုပ်ခွင့် ပိတ်ပင်ခံခဲ့ရပေမဲ့ စစ်ကောင်စီလက်ထက်မှာ သစ်တွေ ပြန်လည်ထုတ်ယူနေတာကြောင့်လို့ဆိုပါတယ်။

    ကုမ္ပဏီပိုင် စက်ယန္တရားတွေဖြစ်တဲ့ သစ်တင်ကလပ် ၃ စီး၊ သစ်ငယ်ကား ၂ စီး၊ သစ်တင်ကရိန်း ၁ စီး၊ သံခွန် ၁ စီးနဲ့ စက်လှေ ၁ စီးတို့ကို မိုင်းခွဲဖျက်ဆီးခဲ့တာဆိုပြီး ထီးချိုင့် PDF က သတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။

    ဒေသကာကွယ်ရေးတပ်ဘက်က အခုလိုစွပ်စွဲပြောဆိုချက်နဲ့ပတ်သက်ပြီး ဘီဘီစီက စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဆီ ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

  15. ကလေးမြို့နယ်ထဲက နတ်ချောင်းရွာထဲ နေအိမ်တချို့ ထပ်မံ မီးရှို့ခံရတယ်လို့ ဒေသခံတွေ ပြော

    စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲက နတ်ချောင်းရွာထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီနေ့ ဒီဇင်ဘာလ ၂၈ ရက်မနက်ပိုင်းကစလို့ နေအိမ်တချို့ကို မီးရှို့နေတယ်ဆိုပြီး ဒေသခံတွေကပြောလာပါတယ်။

    ''ဒီနေ့မနက်ပိုင်းမှာ ရွာထဲက လူနေအိမ် ၄ လုံးထက်မနည်း ထပ်ပြီး မီးရှို့ခံရတယ်။ ရွာသူရွာသားအများစုက ပြေးကုန်ကြပြီ။ မပြေးနိုင်တဲ့သက်ကြီးပိုင်းတွေပဲ ကျန်ခဲ့တာ။ နတ်ချောင်းရွာထဲမှာ အခုဆို မီးရှို့ခံရတဲ့အိမ် ၂၀ လောက်ရှိလာနေပြီ။ ဒီနေ့လည်မှာ နတ်ချောင်းနဲ့ကပ်လျက် ချောင်းခွရွာမှာလည်း နေအိမ်တချို့ မီးရှို့ခံနေရတယ်'' လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    လူမှုကွန်ယက်မှာတက်လာတဲ့ရုပ်သံဖိုင်နဲ့ ဓာတ်ပုံတွေမှာတော့ နတ်ချောင်းကျေးရွာထဲကနေ မီးခိုးတွေ ကောင်းကင်ကို ထိုးတက်နေတာတွေ့ရပါတယ်။

    အဲဒီမတိုင်ခင်တုန်းကတော့ နတ်ချောင်းရွာထဲကို ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ချင်းကာကွယ်ရေးတပ် CNDF(ကလေးတပ်မဟာ)၊ ကလေး PDF တပ်ဖွဲ့တို့ ဒီဇင်ဘာလ ၂၆ ရက်ညနေပိုင်းကနေ ဒီဇင်ဘာလ ၂၇ ရက် မနက်ပိုင်းအထိ နာရီနဲ့ချီကြာအောင် တိုက်ပွဲဖြစ်ထားပါတယ်။

    စစ်ကောင်စီတပ်တွေဟာ ဒီဇင်ဘာလ ၂၆ ရက် ညနေပိုင်းတုန်းကလည်း ရွာထဲက အောင်ဆုပန်ဘုန်းကြီးကျောင်း အနီးမှာရှိတဲ့နေအိမ်တစ်လုံးကို မီးရှို့ခဲ့တယ်လို့လည်းသိရပါတယ်။

    တစ်ချိန်တည်းမှာပဲ ပြီးခဲ့တဲ့ရက်တွေအတွင်း စစ်ကောင်စီတပ်က ပစ်သတ်လို့ နတ်ချောင်းရွာထဲကနေ ကောက်ယူသင်္ဂြိုဟ်ပေးရတဲ့ အရပ်သား ရုပ်အလောင်း ၇ လောင်းအထိ ရှိနေပြီလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တချို့က ပြောပါတယ်။

    ဒီဇင်ဘာလ ၂၂ ရက်နေ့က နတ်ချောင်း၊ နတ်မြောင်းနဲ့ချောင်းဂွကျေးရွာတို့မှာ ရွာခံတွေကို ဖမ်းဆီးစစ်ဆေးတာ၊ ရိုက်နှက်တာတွေလုပ်ခဲ့ပြီးနောက် ဒေသခံ PDF တွေက ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ပြန်လည်ပစ်ခတ်ခဲ့ရာမှာ စစ်ကောင်စီက ရဟတ်ယာဉ်တွေသုံးပြီး လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

    စစ်ကောင်စီဘက်ကတော့ သီတင်းတစ်ပတ်ထဲဝင်လာတဲ့ နတ်ချောင်းရွာ တဝိုက်က ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး တစ်စုံတရာသတင်းမထုတ်ပြန်သေးပါဘူး။

  16. မြန်မာပြည်စစ်မြေပြင်အဖြစ်ကျရောက်သွားခဲ့ပြီလို့ ကာဒီနယ် ချားလ်စ်ဘို ပြော, စစ်တပ်အနေနဲ့ ဗုံးကြဲ သတ်ဖြတ်တာတွေရပ်ဖို့ကိုလည်း တောင်းဆို

    ကယား(ကရင်နီ)ပြည်နယ်ထဲက ဖရူဆိုမြို့မှာ အပြစ်မဲ့ပြည်သူ အနည်းဆုံး ၃၅ ဦး အစုလိုက်အပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်ခံရတဲ့ရုပ်အလောင်းတွေကို ငြိမ်းချမ်းမှုကို ဆောင်ကျဉ်းတဲ့ ခရစ္စမတ်နေ့မှာ တွေ့ရှိခဲ့ရတာကိုကြည့်ရင် မြန်မာတစ်ပြည်လုံး စစ်မြေပြင်အဖြစ် ကျရောက်သွားခဲ့ပြီဆိုပြီး အာရှ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ဥက္ကဋ္ဌ ကာဒီနယ် ချားလ်စ်ဘိုက ပြောလာပါတယ်။

    ဒါ့ပြင် ခရစ္စမတ်အကြိုနေ့မှာလည်း ကရင်ပြည်နယ်ထဲ လေကြာင်း တိုက်ခိုက်မှုတွေကြောင့် ပြည်သူထောင်ချီ နယ်စပ်ဖြတ်ကျော်ရတာ နိုင်ငံ့အခြားဒေသတွေမှာ အလားတူ တိုက်ခိုက် ဖျက်ဆီးခံရတာတွေကိုလည်း သူက ထောက်ပြ ပြောဆိုပါတယ်။

    ဒါ့ကြောင့် တပ်မတော်အနေနဲ့ အပြစ်မဲ့ပြည်သူတွေရှိရာကို ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ၊ နေအိမ်တွေ၊ ဘုရားကျောင်းတွေ၊ ဆေးခန်းတွေကို ဖျက်ဆီးတာတွေကို ရန့်တန့်ဖို့ ကာနီနယ်ဘို က တိုက်တွန်းလိုက်ပါတယ်။

    စစ်တပ်အနေနဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပါ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ကိုလည်း သူက တိုက်တွန်းထားပါတယ်။

  17. အိန္ဒိယထုတ် ကိုဗစ်ကာကွယ်ဆေး ၆ သန်းကျော် ရောက်လာ

    အိန္ဒိယနိုင်ငံထုတ် Covishield တံဆိပ် ကိုဗစ်-၁၉ ကာကွယ်ဆေး ၆ သန်းကျော် ပြည်တွင်းကို ရောက်ရှိလာပါတယ်။

    ဒီဆေးတွေဟာ အိန္ဒိယနိုင်ငံဆီကနေ ဝယ်ယူထားတဲ့ ကိုဗစ်ကာကွယ်ဆေး ၁၃ သန်းကျော်ထဲက ပထမအသုတ်ရလာတဲ့ဆေးတွေဖြစ်ပါတယ်။

    ဆေးတွေဟာ အိန္ဒိယ Spicejet လေကြောင်းလိုင်းလေယာဉ်နဲ့ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့ကနေ ရန်ကုန်လေဆိပ်ကို ဒီဇင်ဘာလ ၂၇ ရက်မနက်ပိုင်းမှာရောက်လာတာဖြစ်ပါတယ်။

    အိန္ဒိယကနေ မြန်မာနိုင်ငံက ဝယ်ယူထားတဲ့ ကိုဗစ်ကာကွယ်ဆေး ၁၃ သန်းထဲက ကျန်တဲ့ဆေးတွေလည်း ဒုတိယအသုတ်အနေနဲ့ ထပ်ရောက်ဖို့ရှိနေတယ်လို့ သိရပါတယ်။

  18. ညောင်လေးပင်ခရိုင်ထဲ စစ်ကောင်စီရဲ့လှုပ်ရှားမှုတွေကြောင့် ဒေသခံရာချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ပြော

    ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဟာ အင်အား ၅၀၀ နီးပါး၊ ရိက္ခာတွေနဲ့ မြင်းတွေကို စစ်ကားတွေနဲ့တင်ပြီး လှုပ်ရှားမှုတွေရှိနေတာကြောင့် မူသယ်ဒေသမှာ ရှိတဲ့ ဒေသခံရာချီ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်အမျိုးသား အစည်းရုံး KNU က ဒီနေ့ ဒီဇင်ဘာလ ၂၈ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

    စစ်ကောင်စီဘက်က သူ့ရဲ့တပ်ဖွဲ့ဝင်တွေ၊ ရိက္ခာတွေနဲ့ မြင်းတွေထဲကတချို့ကို ကားတွေနဲ့တင်ပြီး ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ထဲကနေ တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်ဘက်ကို ပြောင်းရွှေ့နေ တာလို့လည်း ဆိုပါတယ်။

    စစ်ကောင်စီဘက်က အဲဒီလိုပြောင်းရွှေ့နေတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)တို့နဲ့ ကျောက်ကြီးမြို့နယ်၊ မူသယ်ဒေသမှာ ထိတွေ့ပစ်ခတ်မှုတွေ မကြာခဏ ပစ်ခတ်မှုများဖြစ်ပွားခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    ဒီအခြေအနေကြောင့် မူသယ်ဒေသကားလမ်းဘေးက ကျေးရွာ ၅ ရွာက ရာနဲ့ချီတဲ့လူတွေ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

    စစ်ကောင်စီဘက်ကတော့ အဲဒီဒေသတွေမှာ သူ့ရဲ့စစ်ရေးလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး သတင်းတစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။

  19. ကနီမှာ PDF အခြေခံစစ်ရေးသင်တန်းဆင်း

    စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အခြေခံစစ်ရေးသင်တန်းဆင်းပွဲတစ်ခုကို ဒီဇင်ဘာလ ၂၆ ရက်တုန်းက ပြုလုပ်ခဲ့တယ်ဆိုပြီး ကနီ PDF က လူမှုကွန်ရက်ပေါ်ကနေ သတင်းထုတ်ပြန် လာပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ အခြေခံစစ်ရေးသင်တန်းပေးခဲ့တာဖြစ်ပြီး အခုတစ်ကြိမ်က ၁၉ ကြိမ်အထိ ရှိပြီလို့လည်းဆိုပါတယ်။

    စစ်ကိုင်းတိုင်းထဲက ကနီနဲ့ မင်းကင်းနယ်တွေမှာ ဒေသကာကွယ်ရေးတပ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရေကြောင်း၊ ကုန်းကြောင်းကနေ ပြောက်ကျားတိုက်ခိုက်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

  20. နှစ်သစ်ကူးကာလအပစ်ရပ်ဖို့ ကုလအထူးကိုယ်စားလှယ် တောင်းဆို

    ကရင်ပြည်နယ်အပြင် မြန်မာပြည်တွင်းက အခြားဒေသတွေမှာ အကြမ်းဖက်မှုတွေ မြင့်တက်နေတာကို အထူးစိုးရိမ်ပြီး နှစ်သစ်ကူးကာလမှာ အပစ်ရပ်ဖို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့အထူးကိုယ်စားလှယ် ဒေါက်တာ နိုလင်း ဟေဇာက တောင်းဆိုလာပါတယ်။

    ''မြန်မာလူထုဟာ ကိုဗစ်-၁၉ ကပ်ရောဂါဘေးကြောင့် လူမှုစီးပွားနဲ့ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေ ဆိုးဆိုးရွားကို ရင်ဆိုင်နေရပါတယ်။ ကိုယ့်ပြည်သူလူထု ထိခိုက်ခံစားရအောင် လုပ်နေသူတွေအနေနဲ့ သေနတ်သံတိတ်အောင်လုပ်ဖို့လိုပြီး လူထုလိုအပ်နေချိန်မှာ ကာကွယ်ပေးဖို့လိုပါတယ်။ မြန်မာ့ကလေးငယ်တွေရဲ့အနာဂတ်ဟာ ဒီအပေါ် အများကြီးမူတည်နေတယ်''လို့ အထူးကိုယ်စားလှယ်က ကြေညာချက်ထုတ်ပါတယ်။

    မြန်မာ့အရေးပါဝင်ပတ်သက်သူတွေအားလုံးအနေနဲ့ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့နဲ့ လူထုအကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့အဖြေတစ်ခုကို ရှာဖွေဖို့ဆိုတဲ့ ကုလလုံခြုံရေးကောင်စီရဲ့တိုက်တွန်းချက်ကိုလည်း အထူးကိုယ်စားလှယ်က ထပ်လောင်းပြောဆိုပါတယ်။

    ဒါ့ပြင် အကြမ်းဖက်မှုတွေ ချက်ချင်းလျှော့ချဖို့ တိုက်တွန်းတဲ့ အာဆီယံအဖွဲ့ကြီးရဲ့တောင်းဆိုမှုကိုလည်း အထူးကိုယ်စားလှယ်က သူ့ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းပြောဆိုထားတာတွေ့ရပါတယ်။

    သက်ဆိုင်ရာ ပါဝင်ပတ်သက်သူတွေ အနေနဲ့ နိုင်ငံ့အကျိုးရည်မျှော်ပြီး အရပ်သားတွေကို ကာကွယ်ရမယ်ဆိုတဲ့ နိုင်ငံတကာဥပဒေအောက်က တာဝန်ဝတ္တရားတွေကို လေးစားလိုက်နာဖို့၊ ဘေးကင်းလုံခြုံမှုရှိစေရေးအားထုတ်မှုမှာ လွတ်လပ်စွာ သွားလာလှုပ်ရှားမှုရှိရေးအာမခံချက်ပေးဖို့၊ လိုအပ်သူတွေဆီကို လူသားချင်းစာနာမှုအကူအညီတွေရောက်အောင် ခွင့်ပြုပေးဖို့ အချက်တွေကိုလည်း သူက တောင်းဆိုထားပါတယ်။