ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတ ဦးဝင်းမြင့်တို့ကို စွဲဆိုထားတဲ့ အဂတိမှုငါးမှု စတင်စစ်ဆေး

ရဟတ်ယာဉ်ငှားရမ်းမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ လူကယ်ပြန်ဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေးတို့ကို စွဲဆိုထားတဲ့ အဂတိမှုငါးမှုကို ဒီနေ့ စတင်စစ်ဆေးပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. လေးကေ့ကော်မြို့သစ်မှာ စစ်ကောင်စီနဲ့ KNLA တိုက်ပွဲ ထပ်ဖြစ်၊, စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးတယ်လို့ဆို

    ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ် ရပ်ကွက် ၃ မှာ စစ်ကောင်စီနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) တို့ မနေ့ ဇန်နဝါရီလ ၄ ရက် မနက်ပိုင်းမှာ တိုက်ပွဲထပ်ဖြစ်ချိန် စစ်ကောင်စီဘက်က ၄ ဦးသေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၆ က သတင်းထုတ်ပြန်ပါတယ်။

    တိုက်ပွဲဖြစ်ချိန်အတွင်း စစ်ကောင်စီဘက်က လေးကေ့ကော်မြို့သစ် ရပ်ကွက် ၃ ထဲမှာ လက်နက်ကြီး အချက် ၃၀ ကျော်ခန့် ပစ်ခတ်ခဲ့တယ်လို့ တပ်မဟာ ၆ (ဒူးပလာယာခရိုင်) သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောပါတယ်။

    အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ဒေသခံတွေရဲ့နေအိမ် အတော်များများလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

    လေးကေ့ကော်မြို့သစ်ရပ်ကွက်တွေထဲမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) တွေကို စစ်ကောင်စီက ဒီဇင်ဘာလလယ်မှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ရှာဖွေခဲ့ပြီးတဲ့နောက် KNLA တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတာပါ။

  2. ကရင်နီဒေသမှာ စစ်ရှောင် သိန်းချီရှိပြီလို့ဆို

  3. စစ်တွေမှာ ဘေးတွဲဆိုင်ကယ်နဲ့ သုံးဘီးတွေကို ဖယ်ရှားဖို့ရှိ

    ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်းမှာရှိတဲ့ သုံးဘီးနဲ့ ဘေးတွဲဆိုင်ကယ်တွေကို မကြာခင်မှာ ဖယ်ရှားသွားဖို့ရှိနေတယ်လို့ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက ပြောဆိုပါတယ်။

    အခုလိုဘေးတွဲဆိုင်ကယ်တွေနဲ့ သုံးဘီးဆိုင်ကယ်တွေကို ဖယ်ရှားဖို့ပြင်ဆင်ရတာမှာ ယာဉ်စဉ်းကမ်းလမ်းစည်းကမ်းကို လိုက်နာမှုမရှိတာနဲ့ မဆင်မခြင်မောင်နှင်ရပ်နားမှုတွေကြောင့် လူနဲ့တခြားယာဉ်တွေကို အနှောင့်အယှက်ဖြစ်နေတဲ့အတွက် ကြောင့်ဖြစ်တယ်လို့ ပြည်နယ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

    စစ်တွေမြို့ဟာ ယခင်ကရှိခဲ့တဲ့ လူဦးရေနဲ့ယာဉ်အနေအထားအရ သွားလာမှုအဆင်ပြေတဲ့အနေအထားရှိခဲ့ပေမယ့် လက်ရှိမှာ လမ်းတွေကျဉ်းမြောင်းသလို လူဦးရေထူထပ်လာနေပြီး ယာဉ်တွေလည်းများပြားလာနေတာကြောင့် သွားလာရေးအခက်အခဲ တွေနဲ့ကြုံနေရတယ်လို့ ဆိုပါတယ်။

    “မကြာခင်မှာ ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီနဲ့ အစိုးရတွေ့ပြီးတော့ ဘေးတွဲဆိုင်ကယ်တွေပေါ့နော်။ ဒါနဂိုကလည်း တရားမဝင်ပါဘူး။ ယာဉ်လည်းတရားမဝင်သလို မောင်းတဲ့လူလည်းတရားမဝင်ဘူး။ ယာဉ်စည်းကမ်းလမ်းစည်းကမ်းလည်း ဘာမှမသိဘူး။ နောက်တစ်ခါ သုံးဘီးပေါ့။ အဲ့ဒီဟာတွေကိုမောင်းတဲ့လူတွေလည်း ဒီလိုပါပဲ။ မရပ်သင့်တဲ့နေရာတွေမှာ ရပ်တယ်။ ဒါတွေကြောင့် မကြာခင်မှာ ဖယ်ရှားဖို့ရှိတယ်ဆိုတာကို အသိပေးတာဖြစ်ပါတယ်”လို့ ဦးလှသိန်းက ပြောပါတယ်။

    ဘေးတွဲဆိုင်ကယ်တွေဟာ အနှေးယာဉ်အုပ်စုမှာလည်း မပါသလို အမြန်ယာဉ်အုပ်စုမှာလည်း အကျုံးမဝင်တာကြောင့် ယာဉ်ကိုရော ယာဉ်မောင်းကိုပါ လိုင်စင်ထုတ်ပေးထားတာမရှိဘူးလို့ သိရပါတယ်။

    သုံဘီးဆိုင်ကယ်တွေကိုလည်း အသံကျယ်ပြီး စည်းကမ်းမဲ့မောင်းနှင်ကြသလို လမ်းမတွေပေါ်မှာ ရပ်နားထားတာမျိုးတွေ ဖြစ်ပွားနေတဲ့အတွက် မြို့တော်နဲ့သင့်လျော်လိုက်ဘက်မှုမရှိဘူးဆိုပြီး လွန်ခဲ့တဲ့ ၂၀၁၅ မတိုင်ခင်ကတည်းက သုံးဘီးဆိုင်ကယ်တွေအစား Hijet ကားတွေကို လဲလှယ်ပေးခဲ့ပြီးဖြစ်ပါတယ်။

    ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ သုံးဘီးတွေကိုပြန်လည်ပြီး မြို့တွင်းထဲမှာ မောင်းနှင်အသုံးပြုလာနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

  4. လေကြောင်းပစ်ခတ်မှုခံရတဲ့ဝက်လက်မြို့၊ညောင်ပင်ကြီးတောရွာအနီး၊ရွာပေါင်း ၅ရွာထက်မနည်းဘေးလွတ်ရာတိမ်းရှောင်နေရ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့၊ ညောင်ပင်ကြီးရွာအနီးကို မနေ့ဇန်နဝါရီ၃ရက်နေ့လယ်ပိုင်းမှာ စစ်ကောင်စီဘက်က ရဟတ်ယာဉ်နဲ့ပစ်ခတ်မှုတွေလုပ်ခဲ့တာကြောင့် ညောင်ပင်ကြီးတောရွာက ဒေသခံတွေရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

    မနေ့ဇန်နဝါရီ ၃ရက်နေ့လယ်ကညောင်ပင်ကြီးကျေးရွာ အနီးမှာရှိတဲ့ ဝက်လက်မြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖ အဖွဲ့စခန်းချရာနေရာကို ရဟတ်ယာဉ်နဲ့ပစ်ခတ်မှုလုပ်ခဲ့တာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ဒါ့အပြင် ဒီကနေ့ဇန်နဝါရီ ၄ရက်နေ့မနက်ပိုင်းမှာလည်း ညောင်ပင်ကြီးတော ကျေးရွာအနီးက ကန်ပေါက်ရွာအတွင်းဝင်ရောက်ပစ်ခတ်တပ်စွဲထားတာကြောင့် အနီးအနားကကျေးရွာတွေထပ်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ဒေသခံတွေက ပြောပါတယ်။

    “ ပြေးတာတော့ ညောင်ပင်ကြီးတောရွာကို လေယာဉ်နဲ့ ပစ်ကတည်းက မနေ့ညကစပြေးတာ၊ ရွာသားတွေက မြေပြင်မှာပစ်တာဆိုသိပ်မကြောက်ဘူး။ လေယာဉ်နဲ့ပစ်တာ ကျတော့ ဗုံးစတွေထိမှာကြောက်ကြတယ်။ ဒီကနေ့မနက်လည်း ပေါက်ကန်ရွာကို ဝင်ပြီးတပ်စွဲထားတယ်။ တောတွေထဲပြေးတာ ပြေးရင်းနဲ့ လက်နက်ကြီးသံတွေနီးလာလို့ထပ်ပြေးရတယ်” လို့ ရွာသားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    လက်ရှိမှာတော့ ဝက်လက်နယ်ထဲက ကျေးရွာပေါင်း ၅ရွာထက် မနည်းထွက်ပြေးတိမ်းရှောင်နေကြပြီး နီးစပ်ရာ ဘုန်းတော်ကြီး ကျောင်းတွေနဲ့ဘေးလွတ်ရာတောတွေထဲ ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

    အခုလို ဒေသခံရွာတွေအနီး စစ်ကောင်စီဘက်က လေကြောင်းပစ်ခတ်မှုတွေကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာနဲ့ဒီဇင်ဘာလတွေမှာလည်း စစ်ကိုင်းတိုင်းရေဦး၊ ဒီပဲယင်း၊ကလေး၊ နတ်ချောင်းရွာ နဲ့ ကရင်နီပြည်နယ်ထဲက ဒီးမောဆိုမြို့နဲ့ကရင်ပြည်နယ် မြဝတီမြို့ထဲ့ လေးကေ့ကော်မြို့တွေမှာဆက်တိုက်ဆိုသလို လုပ်ခဲ့တယ်လို့ဒေသခံ တွေကပြောဆိုထားပါတယ်။

    ကျေးရွာတွေအနီးကို လေကြောင်းပစ်ခတ်မှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က မြဝတီ၊ လေးကေ့ကော်မြို့မှာ လေကြောင်း ပစ်ကူအသုံးပြုခဲ့တယ်လို့သတင်းထုတ်ပြန်ထားပြီး ကျန်ဒေသတွေမှာရှိခဲ့တဲ့ ကျေးရွာနဲ့မြို့တွေမှာဖြစ်ခဲ့တဲ့ လေကြောင်းပစ်ခတ်မှုတွေကိုတော့ သတင်းထုတ်ပြန်ထားတာ မရှိပါဘူး။

  5. စစ်ကောင်စီတပ်နဲ့ ဆက်စပ်တဲ့ ဘီယာမျိုးစုံ မရောင်းဝယ်ဖို့ မြစ်ကြီးနား ခရိုင် KIO ထုတ်ပြန်

    အာဏာသိမ်း စစ်ကောင်စီတပ်ရဲ့ ကျောထောက်နောက်ခံ လုပ်ငန်းတွေဖြစ်တဲ့ မြန်မာဘီယာ၊ ဒဂုန် ဘီယာနဲ့ အေဘီစီ ဘီယာတွေကို မြစ်ကြီးနား ခရိုင်အတွင်း ရောင်းဝယ် ဖောက်ကားတာ၊ သယ်ယူပို့ဆောင်တာ တွေကို ဇန်နဝါရီလ ၁၀ ရက်နေ့နောက်ဆုံးထား ရပ်တန့်ဖို့ ကေအိုင်အို ရဲ့ မြစ်ကြီးနားခရိုင် အုပ်ချုပ်ရေးရုံး တံဆိပ်နဲ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

    အဲဒီ ဘီယာတွေကို မြစ်ကြီးနားခရိုင် အတွင်း မြို့တွေ ရွာတွေ အားလုံးက ဆိုင် မျိုးစုံမှာ မရောင်းချဖို့ အပြင် မြစ်ကြီးနား တနိုင်း ကားလမ်းတလျှောက် သယ်ယူပို့ဆောင်မှု မပြုလုပ်ဖို့ ဇန်နဝါရီလ ၄ ရက်နေ့ ရက်စွဲနဲ့ ခရိုင်ကေအိုင်အို အစိုးရလို့ သုံးစွဲ ထုတ်ပြန်တဲ့ အသိပေးကြေညာချက်မှာ ဖော်ပြထားပါတယ်။

    နောက်ဆုံးသတ်မှတ်ရက် ကျော်လွန်ပြီး ဆက်လက် ရောင်းဝယ် ဖောက်ကား သယ်ဆောင်မှုတွေ လုပ်နေတာတွေ့ရင် အရေးယူမယ်လို့လည်း ကြေညာချက်မှာ ဆိုထားပါတယ်။

    ဒီထုတ်ပြန်ချက်ကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟို ကော်မတီက ထုတ်ပြန်တာ မဟုတ်ပေမဲ့ ကိုယ်အုပ်ချုပ်တဲ့ နယ်မြေ ကိုယ့်ဒေသတွင်းမှာ ကျင့်သုံးဖို့ ထုတ်ပြန်နိုင်ခွင့် ရှိတယ်လို့ KIO ဗဟိုပြန်ကြားရေးဌာန တာဝန်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ဘီဘီစီကို ပြောပါတယ်။

    ဒါကြောင့် မြစ်ကြီးနား ခရိုင် အုပ်ချုပ်ရေးရုံးက ထုတ်ပြန်တာ ဖြစ်နိုင်တယ်၊ ဒီထုတ်ပြန်ချက် စစ်မှန်တယ်လို့ ယူဆတယ်လို့ လည်း သူက ပြောပါတယ်။

    ထုတ်ပြန်ချက်မှာ KIO အစိုးရ ဆိုတဲ့ သုံးနှုန်းမှုနဲ့ ပတ်သက်လို့တော့ အဖွဲ့အစည်းပိုင်းနဲ့ အုပ်ချုပ်ရေးရာ ကိစ္စတွေမှာ KIO အနေနဲ့ ထုတ်ပြန်ပြီး တပ်ဘက်ဆိုင်ရာ စစ်ဘက်ဆိုင်ရာတွေအတွက် KIA ကချင် လွတ်လပ်ရေး တပ်မတော်အနေနဲ့ ထုတ်ပြန်ကြေညာတယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

    စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ကချင်ပြည်နယ်တွင်းက ဆန္ဒပြပွဲတွေမှာ စစ်တပ်နဲ့ ပတ်သက်တဲ့ ထုတ်ကုန်တွေကို မသုံးကြဖို့ တိုက်တွန်း နှိုးဆော်တာတွေ ရှိနေပါတယ်။

  6. တောင်ကုတ်မှာ စက်သုံးဆီအရောင်းဆိုင် မီးလောင်

    ရခိုင်ပြည်နယ် တောင်ပိုင်း တောင်ကုတ်မြို့ပေါ်မှာ ဇန်နဝါရီ ၄ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်က စက်သုံးဆီအရောင်းဆိုင်တစ်ခု မီးလောင်ခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်တွေအရ သိရပါတယ်။

    မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ဆီဆိုင်မှာ တောင်ကုတ်မြို့ မြောက်ဘက် ကိုင်းရှည်ရပ်ကွက် တောင်ကုတ်ကောလိပ်အနီးမှာရှိတဲ့ စိန်ပန်းခိုင် ဆီဆိုင်ဖြစ်ပြီး ဝါယာရှော့ကနေတစ်ဆင့် မီးလောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

    အဲ့ဒီဆီဆိုင်မှာမီးလောင်ကျွမ်းနေစဉ် မြို့ခံလူထုအင်အားနဲ့ မီးသတ်တပ်ဖွဲ့တို့ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် မီးလောင်ချိန်တစ်နာရီကျော်ခန့်အကြာမှာတော့ မီးငြိမ်းသွားခဲ့တယ်လို့သိရပါတယ်။

    မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုတချို့ရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးကိုမသိရသေးဘူးလို့ မြို့နယ်မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

  7. မွန်ဝန်ကြီးချုပ်ဟောင်းဒေါက်တာအေးဇံရဲ့ဇနီးနဲ့သား ဖမ်းဆီးခံရ

    မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံရဲ့ ဇနီး ဒေါ်ခင်အေးမူနဲ့ သားဖြစ်သူ ကိုနေဖြိုးဇံတို့ကို စစ်ကောင်စီက ဇန်နဝါရီလ ၃ရက်မှာ လာရောက် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

    ကျိုက်ထိုမြို့နယ်၊ သိမ်ဆိပ်ဇရပ်မြို့၊ သုံးခွကျေးရွာက နေအိမ်မှာရှိနေချိန် ည ၈ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်အားအများအပြားနဲ့လာရောက် ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

    သူတို့ကို ဖမ်းဆီးချိန် စစ်ကောင်စီဘက်က အိမ်အနီးဝန်းကျင်နဲ့နေအိမ်အတွင်းမှာ သေနတ်ပစ်ခတ်တာတွေလည်း လုပ်ခဲ့တယ်လို့ မိသားစုဝင်နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

    ပစ်ခတ်မှုကြောင့် ဒေါ်ခင်အေးမူရဲ့လက်ကို သေနတ်ထိမှန်ခဲ့တယ်လို့လည်း သိရပါတယ်။

    သူတို့ကို ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားလဲဆိုတာနဲ့ ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာကို မသိရသေးပါဘူး။

    လက်ရှိမှာ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံဟာ ကျိုက်မရော ဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အဂတိမှုတွေအပါအဝင် အမှုပေါင်း ၁၂ မှုကို ရင်ဆိုင်နေရပါတယ်။

    ဒေါက်တာအေးဇံဟာ နိုင်ငံ့ဝန်ထမ်းတွေကို CDM လှုပ်ရှားမှုမှာ ပါဝင်ဖို့ တိုက်တွန်းခဲ့တယ်လို့ စွပ်စွဲခံရပြီး ပုဒ်မ ၅၀၅(ခ)နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရပါတယ်။

  8. ကလေး၊ နတ်ချောင်းရွာထဲ သေဆုံးသူ ၂၀ ကျော်ရှိပြီလို့ ဒေသခံတွေပြော

    စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာထဲ ဒီဇင်ဘာလနှောင်းပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြောင့်သေဆုံးတဲ့အရပ်သား ၂၀ ကျော်ရှိပြီဆိုပြီး ဒေသခံတွေကပြောလာပါတယ်။

    ''စာရင်းတွေအရဆိုရင်တော့ သေဆုံးသူက အနည်းဆုံး ၂၃ ဦးရှိတယ်။ သတ်ဖြတ်ခံရပြီး ရက်နဲ့ချီကြာတာတောင် ရွာထဲဝင်လို့မရသေးလို့ တချို့အလောင်းတွေဆို ပြန်သယ်မရတဲ့အခြေအနေတောင်ဖြစ်ခဲ့တယ်။ စစ်တပ်ဝင်မွှေသွားလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ရှေ့ကနေ အခြေအနေကြည့်ပြီးမှ ဒေသခံတွေက နောက်ကနေအလောင်းကောက်နိုင်တယ်''လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်ခဲ့တဲ့ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီဇင်ဘာလ ၂၂ ရက်က နတ်ချောင်း နတ်မြောင်းနဲ့ချောင်းဂွကျေးရွာတို့မှာ ရွာခံတွေကို ဖမ်းဆီးစစ်ဆေးတာ ရိုက်နှက်တာတွေလုပ်ခဲ့ပြီးနောက် ဒေသခံ PDF တွေက ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ပြန်လည်ပစ်ခတ်ခဲ့ရာမှာ ရဟတ်ယာဉ်တွေသုံးပြီး လာရောက်ပစ်ခတ်တာလို့ ဒေသခံတွေက ဆိုပါတယ်။

    သေဆုံးသူတွေဟာ စစ်ကောင်စီတပ်တွေရဲ့ ရဟတ်ယာဉ်နဲ့ ပစ်ခတ်တာအပြင် မြေပြင်တပ်ဖွဲ့တွေက ပစ်ခတ်တာတွေကြောင့် သေဆုံးရသူတွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက အစောပိုင်းကတည်းက ဘီဘီစီကို ပြောထားပါတယ်။

    အခုတော့ စစ်ကောင်စီတပ်တွေဟာ နတ်ချောင်းရွာကနေ ပြန်ထွက်သွားတာ ရက်ပိုင်းကြာပြီဖြစ်ပေမဲ့ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ စစ်ကောင်စီတပ်တွေ ထပ်ဝင်လာမှာကိုစိုးရိမ်နေကြပါတယ်။

    ဒါ့ကြောင့် ကျေးရွာချင်းကပ်လျက်က နတ်မြောင်းရွာ ဘုန်းကြီးကျောင်းအပြင် နီးစပ်ရွာဆွေမျိုးသားချင်းအိမ်တွေ၊ တောတောင်တွေထဲမှာ နေထိုင်နေကြတုန်းပဲလို့ အဲဒီစစ်ရှောင်တွေကို ကူညီနေသူတွေက ပြောပါတယ်။

    စစ်ရှောင်တွေထဲမှာ လက်လုပ်လက်စားသမားတွေရော၊ တောင်သူတွေပါ ပါဝင်လို့ ရှိရင်းစွဲ စားနပ်ရိက္ခာကိုပဲ အချင်းချင်းမျှဝေစားသောက်နေကြပေမဲ့ လက်ရှိအခြေအနေကြာလာမယ်ဆိုရင် စားရေးသောက်ရေးကျပ်တည်းမှာကို စိုးရိမ်နေကြပါတယ်။

  9. ရေဦးမှာ လွတ်လပ်ရေးနေ့ကျင်းပဖို့ရှိတဲ့ ထွေအုပ်ရုံးခန်းမ ဗုံးပစ်ခံရ

    စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာ ဒီနေ့ ဇန်နဝါရီလ ၄ ရက်၊လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပဖို့ရှိနေတဲ့ အထွေထွေအုပ်ချုပ်ရေးရုံးခန်းမကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဘက်က သတင်းထုတ်ပြန်လာပါတယ်။

    ဒီနေ့ မနက် ၇ နာရီဝန်းကျင်မှာ စစ်ကောင်စီရဲ့လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားပြီး အခမ်းအနား မကျင်းပနိုင်အောင် ဟန့်တားတဲ့အနေနဲ့ အခုလိုပြုလုပ်တာလို့လည်း ဆိုပါတယ်။

    ခါတိုင်းနှစ်တွေမှာ လွတ်လပ်ရေးနေ့ အခမ်းအနားကို မြို့ထဲမှာရှိတဲ့ လွတ်လပ်ရေးကျောက်တိုင်မှာ ကျင်းပလေ့ရှိပေမဲ့ ဒီနှစ်မှာတော့ ထွေအုပ်ခန်းမမှာ ကျင်းပဖို့ ရှိနေချိန်မှာ အခုလို တိုက်ခိုက်မှု ပေါ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

    ဗုံးပစ်ခံရအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အနီးပတ်ဝန်းကျင်ကို သေနတ် ၆ ချက်ထက်မနည်း ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

  10. အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်ဖို့ စစ်တပ်ကို ကန်နိုင်ငံခြားရေးဝန်ကြီး ထပ်မံတောင်းဆို

    မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ပြီး မတရားဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့အပြင် စစ်မှန်ပြီး အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီလမ်းကြောင်း ပြန်လည်ဖော်ဆောင်ပေးဖို့ စစ်အာဏာရှင်တွေကို ထပ်မံတောင်းဆိုပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောလာပါတယ်။

    ဒီနေ့ ဇန်နဝါရီလ ၄ ရက်မှာကျရောက်တဲ့ မြန်မာ့လွတ်လပ်ရေးနေ့အတွက် မြန်မာပြည်သူတွေဆီ သဝဏ်လွှာပေးပို့ရာမှာ ဝန်ကြီးက အခုလိုတောင်းဆိုလာတာဖြစ်ပါတယ်။

    ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေး၊ လူ့အခွင့်အရေး လေးစားလိုက်နာရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့အတွက် အားထုတ်ကြိုးပမ်းနေကြတဲ့မြန်မာပြည်သူလူထုကို ဂုဏ်ပြုပါတယ်လို့ မစ္စတာ ဘလင်ကန်က ပြောထားပါတယ်။

    ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့က ကယား(ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့နယ်ထဲမှာ Save the Children ဝန်ထမ်း ၂ ဦးအပါအဝင် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုကို လက်ခံနိုင်စရာမရှိတဲ့အကြောင်း၊ ဒီဖြစ်ရပ်မှာ တာဝန်ရှိသူတွေကို ဖော်ထုတ်ရေးနဲ့ နောင် ဒီလိုဖြစ်ရပ်တွေမဖြစ်အောင်တားဆီးရေး ပိုမိုကျယ်ပြန့်အောင် လုပ်ဖို့ လိုနေပြီဆိုတဲ့အကြောင်း ဝန်ကြီးက အစောပိုင်းမှာ ပြောထားပါသေးတယ်။

  11. လွတ်လပ်ရေးနေ့ မန္တလေးသပိတ်

    မန္တလေးမြို့မှာတော့ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ သပိတ်စစ်ကြောင်းတွေ ဒီနေ့ ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့မှာ ထွက်ပေါ်လာပါတယ်။

    မန္တလေးသံဃသမဂ္ဂသပိတ်အပြင်၊ အောင်မြေသာစံပညာရေး ကျောင်းပေါင်းစုံနဲ့ ဖမ်းဆီးခံပြည်သူတွေ ကိုယ်စားပြုသပိတ်တွေ ဒီနေ့မနက်မှာထွက်ပေါ်ခဲ့တာပါ။

    မန္တလေးသံဃသမဂ္ဂသပိတ်စစ်ကြောင်းကတော့ မြို့လယ်က ဈေးတစ်ခုမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်သူဝန်းရံမှု အားကောင်းခဲ့တယ်လို့ သပိတ်မှာပါဝင်သူတွေက ပြောပါတယ်။

    မန္တလေးမြို့ထဲ စစ်ကောင်စီဘက်က လုံခြုံရေးတင်းကျပ်နေချိန်မှာပဲ ဆန္ဒပြသူတွေက အခုလို သပိတ်တွေကို လမ်းပေါ်တက် ချီတက်ခဲ့ကြတာဖြစ်ပါတယ်။

    မန္တလေးမှာ စစ်ကောင်စီတပ်တွေက ဆန္ဒပြသူတွေကို အင်အားသုံးဖမ်းဆီးတာ၊ အရပ်ဝတ်တွေနဲ့ ဖြိုခွင်းတာတွေရှိနေပေမဲ့ လူထုရဲ့ပြောက်ကျားသပိတ်တွေ ဆက်ရှိနေပါတယ်။

  12. ဒီးမော့ဆိုမြို့တဝိုက်မှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးအဖွဲ့တွေအကြား တိုက်ပွဲ ပြင်းထန်

  13. ဖရူဆို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို နိုင်ငံတကာမှာ တရားစီရင်နိုင်ဖို့ လုပ်သွားမယ်လို့ NUG ပြော, နိုင်ငံတကာဥပဒေတွေအပြင် တစ်ချိန်ချိန်မှာ ပြည်တွင်းဥပဒေတွေနဲ့ပါ အရေးယူမယ်လို့ ဆို

    ဒီဇင်ဘာလ ၂၄ ရက်နေ့က ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်း စစ်ကောင်စီဘက်က လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနဲ့ပတ်သက်လို့ နိုင်ငံတကာဥပဒေတွေနဲ့အညီ တရားစွဲအရေးယူနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဝန်ကြီးတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။​

    မိုဆိုရွာအနီး ဖြစ်စဥ်မှာ အလောင်း ၃၀ ကျော်ကို ဖော်ထုတ်ထားနိုင်ပြီး နောက်ထပ် မဖော်ထုတ်နိုင်သေးတာတွေနဲ့ ပျောက်ဆုံးနေသူတွေ ရှိနေသေးတာကြောင့် သေဆုံးသူအရေအတွက်ဟာ ၄၉ ဦးအထိ ရှိနိုင်တယ်လို့ ဇန်နဝါရီလ ၃ ရက်နေ့က ကျင်းပတဲ့ NUG နဲ့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီတို့ရဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း ကရင်နီပြည်နယ် ဒုတိယပြည်နယ်ရဲဌာနမှူး ဦးဘိုဘိုကလည်း ပြောပါတယ်။​

    သတင်းစာရှင်းလင်းပွဲအတွင်း မျက်မြင်သက်သေတွေ၊ ပျောက်ဆုံးနေသူတွေရဲ့ မိသားစုဝင်တွေရဲ့ ပြောပြချက်တွေ၊​ အလောင်းစစ်ဆေးတဲ့ ဆေးပညာရှင်တွေရဲ့ တွေ့ရှိချက်တွေကို ဓာတ်ပုံသက်သေအထောက်အထားတွေနဲ့တကွ တင်ပြခဲ့ပါတယ်။

    သေဆုံးသွားသူတွေဟာ အရပ်သားတွေဖြစ်ပြီး အမျိုးသားအများစုအပြင် အသက် မပြည့်သေးသူတွေ၊​ အမျိုးသမီးတွေနဲ့ Save the Children UK ပရဟိတအဖွဲ့က ဝန်ထမ်း ၂ ဦးအပါအဝင် အကူအညီပေးရေးအဖွဲ့ဝင်တွေလည်း ပါ၀င်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် BGF နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦးလည်း သေဆုံးခဲ့ပါတယ်။

    သေဆုံးသွားသူတွေကို ခွဲစိတ်စစ်ဆေးချက်အရ လက်ပြန်ကြိုးတုတ်ပြီး သတ်ဖြတ်ခံထားရတာ၊ ရင်ဘတ်ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာ၊ ပါးစပ်ကို အဝတ်နဲ့ဆို့ပြီး အသတ်ခံထားရတာတွေ တွေ့တယ်လို့ အဲဒီရုပ်အလောင်းတွေကို ခွဲစိတ်ခဲ့တဲ့ ဆရာဝန်တစ်ဦးကလည်း ပြောပါတယ်။

    ‘‘တစ်ချိန်ချိန်မှာ အာဂျင်တီးနားမှာပဲဖြစ်ဖြစ်၊​ သြစတြေးလျမှာပဲဖြစ်ဖြစ်၊ အိုင်စီစီ (နိုင်ငံတကာရာဇဝတ်ခုံရုံး)မှာပဲဖြစ်ဖြစ် တရားရုံးမှာ အမှန်တရားရှာဖွေတဲ့အခါ တိကျခိုင်လုံပြီးတော့ အမှန်တရားကို ဖော်ဆောင်နိုင်တဲ့သက်သေဖြစ်ဖို့ IIMM (ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား) နဲ့လည်း ပူးပေါင်းဆောင်ရွက်ပါမယ်။​ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနဲ့လည်း ပူးပေါင်းဆောင်ရွက်ပါမယ်။​ မကြာခင်ကျင်းပမယ့် လုံခြုံရေးကောင်စီမှာလည်း အရေးဆိုပါမယ်’’ လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဦးအောင်မျိုးမင်းက ပြောပါတယ်။

    NUG နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဖြစ်တဲ့ ဒေါက်တာဆာဆာကလည်း နိုင်ငံတကာတရားရေးလုပ်ငန်းစဥ်တွေအပြင် မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီ ရလာတဲ့တစ်နေ့ကျရင် ကျူးလွန်ခဲ့တဲ့စစ်ဗိုလ်ချုပ်တွေကို ပြည်တွင်းဥပဒေနဲ့ပါ အရေးယူဖို့ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။​

  14. ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးအရာရှိ ချယ်ရီထက်ကို ရဲတရားရုံးကထောင်ဒဏ် ၃နှစ်ချမှတ်

    နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးတာဝန်ယူခဲ့သူ ဒုရဲအုပ်ချယ်ရီထက်ကို ပြီးခဲ့တဲ့ဒီဇင်ဘာ နောက်ဆုံးပတ်က ရဲတရားရုံးကနေ ထောင်ဒဏ် ၃နှစ်ချမှတ်လိုက်တယ်လို့ ရှေ့နေအသိုင်းအဝိုင်းက သိရပါတယ်။

    ရဲအက်ဥပဒေအရ ရဲဝန်ထမ်းတွေလိုက်နာရမယ့် ဥပဒေနဲ့ချမှတ်ခဲ့တာလို့သိရပြီး ဘာအကြောင်းပြချက်နဲ့စွဲဆိုပြီးချမှတ်တယ်ဆိုတဲ့ အသေးစိတ်ကိုတော့မသိရဘူးလို့ ဆိုပါတယ်။

    ထောင်ဒဏ်ချမှတ်ခံရပြီးဖြစ်လို့ နေပြည်တော် အချုပ်ထောင်ကနေ ရမည်းသင်းထောင်ကိုရွှေ့ပြောင်းထား လိုက်ပြီလို့လည်းသိရပါတယ်။ ဒုရဲအုပ်ချယ်ရီထက်ဟာ လက်ရှိမှာ သွေးထိုးလှုံ့ဆော်မှု ၊မမှန်သတင်းဖြန့်ဝေမှု ပုဒ်မ ၅၀၅-က အမှုကိုလည်း ထောင်တွင်းတရားရုံးက နေရင်ဆိုင်နေရတာပါ။

    လာမယ့်ဇန်နဝါရီ ၅ရက်မှာ အဲဒီပုဒ်မ ၅၀၅- က အတွက် တရားလိုနဲ့လိုပြသက်သေအားလုံးကို စစ်ပြီးလို့ စွဲချက် လျှောက်လဲချက်တင်ဖို့ရှိပါတယ်။ စွပ်စွဲခံရသူချယ်ရီထက်ရဲ့ရှေ့နေတွေဘက်က စွဲချက်မတင်သင့်ကြောင်း လျှောက်လဲပေးမှာ လည်းဖြစ်ပါတယ်။

    ချယ်ရီထက်ဟာ ဒေါ်အောင်ဆန်းစုကြည်ကိုသတိရကြောင်းသူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးသားခဲ့မှု၊ NLD ပါတီက အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ ဓါတ်ပုံတချို့ပေးပို့တာကို လက်ခံထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပုဒ်မ ၅၀၅- က နဲ့တရားစွဲဆိုခံရတာဖြစ်တယ်လို့သိရပါတယ်။

  15. မြောက်ဦး၊ ဂျင်ချေကျေးရွာက ခမီအမျိုးသမီး ၂ ဦး ကိုဗစ်ကာကွယ်ဆေးထိုးပြီး ရှေ့ဆင့်နောက်ဆင့် သေဆုံး, ကာကွယ်ဆေးကြောင့်သေဆုံးတယ်ဆိုတာ ရာခိုင်နှုန်းအလွန်နည်းတယ်လို့ ပြည်နယ်ကျန်းမာရေးတုံ့ပြန်

    မြောက်ဦးမြို့နယ်တောင်ပိုင်းက ဂျင်ချေကျေးရွာမှာနေထိုင်တဲ့ ခမီအမျိုးသမီး ၂ဦးသေဆုံးတာဟာ ကိုဗစ်ကာကွယ်ဆေးကြောင့် သေဆုံးတယ်လို့ပြောဖို့ ရာခိုင်နှုန်းနည်းတယ်လို့ ပြည်နယ်ကျန်းမာရေးကတုံ့ပြန်လိုက်ပါတယ်။

    သေဆုံးသူ ခမီအမျိုးသမီး ၂ဦးဟာ ကိုဗစ်ကာကွယ်ဆေး ဆိုင်နိုဖန်းထိုးပြီး နောက်တစ်ရက်မှာရှေ့ဆင့်နောက်ဆင့် သေဆုံးသွားခဲ့တာလို့ဒေသခံတွေကပြောပါတယ်။သူတို့ ၂ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့မနက်ပိုင်းမှာ မြောက်ဦးမြို့နယ်၊ နတ်ချောင်းကျေးလက်ကျန်းမာရေးဌာနခွဲကနေပြီးတော့ ဆေးထိုးခဲ့တာဖြစ်ပါတယ်။

    ’’ဇန်နဝါရီ ၁ ရက်နေ့ညနေပိုင်း ၄ နာရီလောက်မှာ အသက် ၄၀ ကျော်အရွယ် ဒေါ်စံပယ်ခိုင် သေဆုံးသွားခဲ့တယ်။နောက် ဇန်နဝါရီ ၂ရက် မနက် ၅နာရီလောက်မှာ တူမဖြစ်သူ မချစ်စုမေလည်းဆုံးတာပါ။ သူတို့နှစ်ယောက်လုံးကာကွယ်ဆေးထိုးခဲ့ကြတယ်ပြောပါတယ်’’ လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်အောင်က ပြောပါတယ်။

    ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနမှူးလည်းဖြစ်၊ ပြည်နယ်ကုသရေးမှူးလည်းဖြစ်တဲ့ ဒေါက်တာကြည်လွင်ကတော့ ကာကွယ်ဆေးတစ်လုံးကို နှစ်ယောက်စီထိုးတာဖြစ်လို့ ဒေါ်စံပယ်ခိုင်၊ မချစ်စုမေတို့နဲ့ ဆေးခွဲဝေထိုးခဲ့သူတွေက ကျန်းမာရေးကောင်းမွန်နေလို့ကာကွယ်ဆေးကြောင့် သေဆုံးတယ်လို့ ပြောဖို့ရာမှာ ရာခိုင်နှုန်းအလွန်နည်းတယ်လို့တုံ့ပြန်ပါတယ်။

    ’’ကာကွယ်ဆေးကြောင့်ဖြစ်သလားဆိုတာကို ကျွန်တော်တို့စစ်ပါတယ်။ စစ်တဲ့အခါကျတော့ ကာကွယ်ဆေးတစ်လုံးကို နှစ်ယောက်စီထိုးရပါတယ်။ သူတို့ နှစ်ယောက်မှာ ဒေါ်စံပယ်ခိုင်က ၁၀ နာရီခွဲလောက်မှာ ထိုးတယ်။နောက်တစ်ယောက် မချစ်စုမေက ၁၁ နာရီခွဲလောက်မှာထိုးပါတယ်။ မှတ်တမ်းတွေလည်း ဆရာမတွေမှာရှိပါတယ်။ သူတို့နဲ့အတူထိုးတဲ့သူတွေဘာမှမဖြစ်တဲ့အခါကျတော့ သေဆုံးတဲ့သူတွေဟာ ကာကွယ်ဆေးကြောင့်သေဆုံးတယ်ဆိုတာ ရာခိုင်နှုန်းအလွန်နည်းတယ်လို့ သုံးသပ်ရပါတယ်’’ လို့ ဒေါက်တာကြည်လွင်ကပြောပါတယ်။

    ကိုဗစ်ကာကွယ်ဆေးထိုးတဲ့အခါမှာ ဆေးထိုးမယ့်သူတွေကို ကျန်းမာရေးစစ်ဆေးချက် တွေပြုလုပ်ပေးရမှာဖြစ်ပေမယ့် ကျန်းမာရေးဝန်ထမ်းမလုံလောက်မှုတွေကြောင့် သူနာပြုဆရာမတစ်ဦးနဲ့ လုပ်အားပေးတချို့သာ သွားရောက်နိုင်တာကြောင့် လိုအပ်တဲ့စစ်ဆေးမှုတွေကို လုပ်မပေးနိုင်ခဲ့ဘူးလို့ ဒေါက်တာကြည်လွင်က ပြောပါတယ်။

    အဲဒီအမျိုးသမီးနှစ်ဦးသေဆုံးမှုနဲ့ပတ်သက်လို့ ဒုတိယပြည်နယ်ကျန်းမာရေးဌာနမှူးနဲ့အဖွဲ့က ဂျင်ချေကျေးရွာကို သွားရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြပေမယ့် သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကို ခမီရိုးရာထုံးတမ်းအရ သဂြိုဟ်ဖို့ပြင်ဆင်ထားရှိပြီး မိသားစုတွေနဲ့ ကျေးရွာသားတွေဘက်က ရင်ခွဲစစ်ဆေးဖို့အတွက် ခွင့်မပြုတာကြောင့် သေဆုံးရခြင်းအကြောင်းရင်းကို မသိရှိရဘူးလို့ ဒေါက်တာကြည်လွင်က ပြောဆိုပါတယ်။

    အခုထိုးပေးခဲ့တဲ့ကာကွယ်ဆေးတွေဟာ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ တပ်မတော်လေယာဉ်နဲ့ စစ်တွေမြို့ကိုရောက်ရှိလာခဲ့တဲ့ဆေးတွေဖြစ်ပြီး မြောက်ဦးမြို့နယ်က ဆေးတစ်ကြိမ်မှမထိုးရသေးတဲ့ ဝေးလံခေါင်ဖျားကျေးရွာတွေကို စတင်ထိုးပေးနေတာဖြစ်ပါတယ်။

    ဒီဇင်ဘာ ၃၁ ရက်နေ့က လူဦးရေ ၆၀၀ ခန့်ကိုကာကွယ်ဆေးတွေထိုးပေးခဲ့ပြီး ဂျင်ချေကျေးရွာက ၁၀၈ ဦးကိုထိုးနှံပေးခဲ့ပြီး နောက်တစ်နေ့မှာ အခုလိုဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့တာဖြစ်တယ်လို့ ပြည်နယ်ကျန်းမာရေးဌာနက ပြောဆိုပါတယ်။

  16. သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးမျိုးသစ်ကိုအလုပ်နဲ့ထောင်ဒဏ် ၂နှစ်ချမှတ်

    NLD အစိုးရလက်ထက် မန္တလေးတိုင်းသယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဟောင်း ဦးမျိုးသစ်ကို ပုဒ်မ ၅၀၅(ခ)နဲ့ အလုပ်နဲ့ထောင်ဒဏ်၂နှစ် ဒီနေ့ ဇန်နဝါရီ ၃ရက် မှာ အမိန့်ချမှတ်လိုက်ပါတယ်။

    အိုးဘို ထောင်တွင်းအထူးတရားရုံး ချမ်းအေးသာစံမြို့နယ်တရားခွင်ကနေ ချုပ်ရက်ခံစားခွင့်နဲ့ အမိန့်ချမှတ်ခဲ့တာပါ။

    "၅၀၅ ခ ကို နှစ်ပြည့်ချတာ။ အမှုဖြစ်အကြောင်းခြင်းရာက အာဏာသိမ်းပြီးပြီးချင်း ၈ရက်နေ့လောက်က အွန်လိုင်းပေါ်မှာပျံ့တဲ့ စာပေါ်မူတည်ပြီး ဝန်ကြီးချုပ် ကိုယ်စားလက်မှတ်ထိုးလိုက်လို့ဆိုပြီးပါ။ ဒီနေ့ တယောက်တည်းပဲ ရုံးထုတ်အမိန့်ချတာ"လို့ အမှုလိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတစ်ဦးက ပြောပါတယ်။

    ဝန်ကြီးဟောင်း ဦးမျိုးသစ်ဟာ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မိုးကုတ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ နှစ်ကြိမ်လုံး အနိုင်ရရှိခဲ့သူဖြစ်ပါတယ်။

  17. ၂၀၂၁ မြန်မာ့စီးပွားရေးသုံးသပ်ချက် - အပိုင်း ၁

  18. ထီးချိုင့်မှာ စစ်ကောင်စီ သင်္ဘော ၂ စင်းကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ် ပြော

    စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ထဲမှာ ဧရာဝတီမြစ်ထဲ မောင်းနှင်လာတဲ့ စစ်ကောင်စီ သင်္ဘော ၂ စင်းကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်ဆိုပြီး ဒေသကာကွယ်ရေးတပ်ဘက်က လူမှုကွန်ယက်ကနေ သတင်းထုတ်ပြန်လာပါတယ်။

    စစ်ကောင်စီသင်္ဘော ၂ စီးကို ဒီနေ့ ဇန်နဝါရီလ ၃ ရက်မှာ မိုင်းတွေလုံးနဲ့တိုက်ခိုက်ခဲ့သလို မြစ်ကမ်းပါး ၂ ဘက်ကနေလည်း ပစ်ခတ်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဘက်က ပြောပါတယ်။

    စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ မိုင်းထောင်တဲ့တပ်ဖွဲ့၀င်တွေ ပြင်းပြင်းထန်ထန် ဒဏ်ရာရတာမျိုး မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

    ဒေသကာကွယ်ရေးတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ချီသေဆုံးတယ်လို့ ဆိုပေမဲ့ ဘီဘီစီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

    မနေ့ ဇန်နဝါရီလ ၁ ရက်တုန်းကလည်း ထီးချိုင့်မြို့နယ်ထဲမှာပဲ စစ်ကောင်စီရဲ့သင်္ဘော ၂ စင်းကို ၂ နေရာခွဲပြီး တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ထီးဖြူအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

  19. သဘာဝဘေးစီမံအမှုအတွက် အတိုင်ပင်ခံမှာ အပြစ်မရှိကြောင်း စာနဲ့လျှောက်လဲချက်တင်

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သူရင်ဆိုင်နေရတဲ့ သဘာဝဘေးစီမံဥပဒေပါ ပုဒ်မ ၂၅ အမှုအတွက် ဒီနေ့ ဇန်နဝါရီလ ၃ ရက်မှာ လူကိုယ်တိုင်ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

    နေပြည်တော်အထူးတရားရုံးမှာပြုလုပ်တဲ့ ဒီနေ့ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေဘက်က စွပ်စွဲခံရသူဘက်မှာ အပြစ်မရှိကြောင်း လျှောက်လဲချက်ကို တရားရုံးကို စာနဲ့တင်ပြခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။

    ဒီအမှုဟာ ဒေါ်အောင်ဆန်းစုကြည်ကို အရပ်သားတစ်ဦးဖြစ်တဲ့ လယ်ဝေးမြို့နယ်က ဦးညီညီ(ခ)ဦးထွန်းမြင့်အောင်က တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့တဲ့အမှုဖြစ်ပါတယ်။

    ၂၀၂၀ ရွေးကောက်ပွဲကာလမှာ ရွှေကြာပင်ရပ်ကွက်အတွင်း ဒေါ်အောင်ဆန်းစုကြည်သွားလာခဲ့မှုဟာ ကိုဗစ်စည်းကမ်းကိုဖောက်ဖျက်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စွဲဆိုခံထားရတာဖြစ်ပါတယ်။

    မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ကတော့ ကိုဗစ်စည်းကမ်းနဲ့အညီ သွားလာခဲ့တဲ့အကြောင်း စွပ်စွဲခံရသူဒေါ်အောင်ဆန်းစုကြည်ဘက်ကနေ ပြီးခဲ့တဲ့တစ်ပတ်တုန်းက ဗီဒီယိုကနေ သက်သေထွက်ဆိုခဲ့ပြီးဖြစ်ပါတယ်။

    ဒါ့ကြောင့် ဒီအမှုအတွက် နောက်ဆုံးအမိန့်ကို လာမယ့် သီတင်းပတ် ဇန်နဝါရီလ ၁၀ ရက် ရုံးချိန်းမှာ တရားသူကြီးက အပြီးသတ်အမိန့်ချဖို့ရှိနေပါတယ်။

  20. တွံတေးမှာ အိမ်စီးကား တစ်စီး ငါးမွေးကန်ထဲထိုးကျ, ကားပေါ်ပါသူ ၅ ဦး သေဆုံး

    ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်က ချောင်းဟောင်းကျေးရွာအနီးမှာ မနေ့ ဇန်နဝါရီလ ၂ ရက် မွန်းလွဲပိုင်းတုန်းက အိမ်စီးကားတစ်စီးဟာ အနီးနားမှာရှိတဲ့ ငါးမွေးကန်ထဲ ထိုးကျပြီး နစ်မြုပ်ခဲ့တာကြောင့် ကားပေါ်ပါလာသူတွေထဲက ၅ ဦး အသက်ဆုံးပါးခဲ့တယ်လို့ လိုက်ပါကူညီပေးခဲ့တဲ့ပရဟိတအသင်းက ပြောပါတယ်။

    ''မိသားစု၀င် ယာဉ်မောင်းကတော့ လွတ်မြောက်ခဲ့တယ်။ ကားပေါ်ပါလာသူ အမျိုးသမီး ၄ ဦးနဲ့ ကလေး ၁ ဦး ရေမွန်းပြီး ဆုံးပါတယ်။ အမျိုးသမီး ၃ ဦးကတော့ ကျွန်တော်တို့ ကယ်ဆယ်ရေးအဖွဲ့ရောက်ချိန်မှာ အသက်မမီတော့ဘူး။ နောက် အမျိုးသမီး ၁ ဦးနဲ့ ကလေး ၁ ဦးကိုလည်း အရေးပေါ်ပြုစုနည်းတွေ၊ အောက်စီဂျင်တွေပေးခဲ့ပေမဲ့လည်း အသက်မကယ်နိုင်ခဲ့ဘူး။ တွံတေးဆေးရုံရောက်တော့ အသက်မပါတော့ဘူး'' လို့ ကယ်ဆယ်ရေးအဖွဲ့မှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

    ဆုံးပါးခဲ့သူတွေဟာ တွံတေးဇာတိတွေဖြစ်ပြီး အလှူကနေ အပြန်မှာ သူတို့လိုက်ပါလာတဲ့ အိမ်စီးကားဟာ လမ်းချော်ကာ လမ်းဘေးက ငါးကန်ထဲ ထိုးကျခဲ့တာဖြစ်ပါတယ်။