ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတ ဦးဝင်းမြင့်တို့ကို စွဲဆိုထားတဲ့ အဂတိမှုငါးမှု စတင်စစ်ဆေး

ရဟတ်ယာဉ်ငှားရမ်းမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ လူကယ်ပြန်ဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေးတို့ကို စွဲဆိုထားတဲ့ အဂတိမှုငါးမှုကို ဒီနေ့ စတင်စစ်ဆေးပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မုံရွာနယ်ထဲ မိုင်တဲလ် တာဝါတိုင် တစ်တိုင် ထပ်မံ ဖြိုလှဲခံရ

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲမှာရှိတဲ့ ထနောင်းတော၊ ပေါက်ပင်၊ ကြာပိုင်ကျေးရွာတွေကြားမှာရှိတဲ့ မိုင်တဲလ် ဖုန်းဆက်သွယ်ရေး တာဝါတိုင် တစ်တိုင်နဲ့ စက်ပစ္စည်းတွေ မနေ့ ဇန်နဝါရီလ ၂ ရက်ညနေပိုင်းမှာ ဖြိုလှဲဖျက်ဆီးခံလိုက်ရပါတယ်။

    မုံရွာနဲ့ချောင်းဦးဒေသကာကွယ်ရေးတပ်တွေအပြင် ဒေသန္တရ ပြောက်ကျားတပ်ဖွဲ့တွေကတော့ အဲဒီတာဝါတိုင်ကို သူတို့ ဖျက်ဆီးခဲ့တာဆိုပြီး ဒီနေ့ ဇန်နဝါရီလ ၃ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

    မနေ့ကတည်းက ဖျက်ဆီးခဲ့တာဖြစ်ပေမဲ့ အဲဒီနောက်ဆက်တွဲအပျက်အစီးတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်စစ်ဆေးတာမျိုး မတွေ့ရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

    အခုဆို မုံရွာ-အမြင့်တိုက်နယ် နယ်ထဲမှာ ဖျက်ဆီးခံရတဲ့ မိုင်တဲလ် ဆက်သွယ်ရေးတာဝါတိုင် ၃ ခုအထိရှိလာပြီဖြစ်ပါတယ်။

    မိုင်တဲလ် ဆက်သွယ်ရေးဟာ စစ်တပ်ပိုင်မြန်မာ့စီးပွားရေးဦးပိုင်လုပ်ငန်းနဲ့ ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးဌာန အောက်က ဆက်သွယ်ရေးလုပ်ငန်း ဗီယက်တဲလ်တို့ ပူးပေါင်းလည်ပတ်နေတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။

    ပြည်တွင်းမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်ဝင်ငွေရရှိမှု မရှိအောင်ဆိုပြီး မိုင်တဲလ်အပြင် တပ်ထုတ်ကုန်တွေကို မသုံးဖို့ ပြည်တွင်းမှာ တိုက်တွန်းသပိတ်မှောက်တာတွေရှိနေသလို မိုင်တဲလ် တာဝါတိုင်တွေလည်း ဒေသပြောက်ကျားအဖွဲ့တွေရဲ့ ပစ်မှတ်ဖြစ်လာနေပါတယ်။

  2. နှစ်ဦးမှာ ပြင်းထန်တဲ့ ဒီးမော့ဆိုတိုက်ပွဲ အကျအဆုံး ထိခိုက်မှု တွေ ရှိလာ

    ဇန်နဝါရီ ၂ရက်နေ့မှာ ဒီးမော့ဆို မြို့နယ်အတွင်း နှစ်နေရာမှာ တိုက်ပွဲတွေ နာရီ အတန်ကြာ ဖြစ်ပွားခဲ့ပြီး ဒေသခံ ကာကွယ်ရေး တပ်တွေဘက်က ၂ ယောက်ကျဆုံးခဲ့တယ်လို့ DMO-PDF က ထုတ်ပြန်ပါတယ်။

    ရဲစခန်းနား တဝိုက်နဲ့ ငွေတောင်ဆည်နားက စစ်ကောင်စီတပ်တွေ တပ်စွဲထားရာ ဓာတ်ဆီဆိုင် နားမှာ တိုက်ပွဲတွေ မနက် ၁၀ နာရီလောက်ကနေ ညနေ ၅နာရီ အထိ ဖြစ်ခဲ့ပြီး အပြင်းအထန် ဒဏ်ရာရသူ ၂ယောက်ရှိသလို ဒဏ်ရာ မစိုးရိမ်ရသူလည်း အနည်းဆုံး ၃ယောက်လောက် ရှိတယ်လို့ တိုက်ပွဲဖြစ်ရာနေရာမှာ ရှိနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို ရဲ့ ပြန်ကြားရေးတာ၀န်ခံက ဘီဘီစီကို ပြောပါတယ်။

    အဲဒီ အပြင်းအထန် ဒဏ်ရာရသူ ၂ယောက်ဟာ နာရီပိုင်းအကြာမှာတော့ သေဆုံးကြောင်း DMO-PDF က ထုတ်ပြန်ခဲ့ပါတယ်။

    ဖရူဆိုမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ရက်နေ့က လူတွေ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရပြီး နောက်ကယားပြည်နယ် အတွင်း စစ်ကောင်စီ တပ်တွေက လေကြောင်းပစ်ကူတွေ လုပ်လာတဲ့အပြင် လက်နက်ကြီးတွေနဲ့ပါ တရစပ် ပစ်ခတ်လျက် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ကျဆုံးသူ နှစ်ယောက်အနက် တစ်ယောက်က PDF လွိုင်ကော် တပ်ဖွဲ့၀င် ဖြစ်ပြီး နောက်တစ်ယောက်က တခြား ဒေသတွင်း တော်လှန်ရေး အင်အားစုမှ ဖြစ်တယ်လို့ ဆိုပါတယ်။ဒါဟာ ဒေသတွင်း PDF တွေဘက်က ပထမဆုံး ကျဆုံးမှု ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို ရဲ့ ပြန်ကြားရေးတာ၀န်ခံက ပြောပါတယ်။

    ဒေသတွင်းပြည်သူ့ကာကွယ်​ရေးတပ်က ဦး​ဆောင်ပြီး မဟာမိတ်ပူး​ပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ဒီးမော့ဆိုမှာ တိုက်ပွဲ အပြင်းအထန် ဖြစ်နေတာ သုံးရက် ဆက်တိုက် ရှိလာပါပြီ။

    ဇန်နဝါရီ ၂ရက်နေ့က တိုက်ပွဲ အတွင်းမှာ စစ်ကောင်စီဘက်ကလည်း အကျအဆုံးတွေ ရှိနိုင်ပေမဲ့ အတိအကျကို မပြောနိုင်ဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို ရဲ့ ပြန်ကြားရေး တာ၀န်ခံကပြောသလို စစ်ကောင်စီဘက်ကလည်း ကယားပြည်နယ်က တိုက်ပွဲတွေနဲ့ ပတ်သက်လို့ တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

    ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ရက်နေ့က ငွေတောင်ဆည် အနီးမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲ အတွင်း လက်နက်ကြီးကျည် ခေါင်းမှာထိခဲ့ တဲ့ CDM ကျောင်းဆရာလည်းဖြစ်၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်က ရဲဘော်ဟင်နရီ ဟာ ဆေးကုသမှုခံယူနေရင်း ဒီနေ့မနက်မှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

  3. အရပ်၀တ် သေနတ်သမားတွေ ဖမ်းသွားတာခံရတဲ့ ဓါတ်ပုံသတင်းထောက်နဲ့ သပိတ်ခေါင်းဆောင်တို့ကို မိသားစုက အဆက်အသွယ် မရဖြစ်နေ

    အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ် (ခ)ဖိုးသားနဲ့ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂက မဆုရည်လင်း(ခ)လင်းလင်း တို့ အဖမ်းခံခဲ့ရတာ နှစ်ပတ်နီးပါး ရှိလာပါပြီ။

    သူတို့၂ယောက်ဟာ ဒီဇင်ဘာလ ၁၉ရက်နေ့ ညနေမှာ ဆန္ဒပြပွဲ အသွား လမ်းမှာ အရပ်၀တ် အ၀တ်အစားနဲ့ သေနတ်ကိုင်ထားသူတွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာလို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကိုနန်းလင်းက ဘီဘီစီကို ပြောပါတယ်။

    သူတို့ အဖမ်းခံထားရတာ ၂ပတ်နီးပါး ရှိပေမဲ့ အခုအထိ မိသားစုနဲ့အဆက်သွယ်မရဘဲ သူတို့ကို ဘယ်နေရာမှာ ‌ဖမ်းဆီးထိန်းသိမ်းထားတယ် ဆိုတာကိုလည်း မသိရသေးဘဲ ရှိနေပါတယ်။

    မဆုရည်လင်း(ခ)လင်းလင်းဟာ ဖမ်းဆီးခံရစဉ်မှာ ကျန်းမာရေးမကောင်းတဲ့ အခြေအနေမှာရှိနေတယ်လို့လည်း ကိုနန်းလင်းက ပြောပါတယ်။

    သူဟာ အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း သပိတ်တိုက်ပွဲတွေမှာ ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်ပြီး ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂ (ရရတကသ)ရဲ့ ဥက္ကဋ္ဌတစ်ယောက်ဖြစ်တဲ့ အပြင် အမျိုးသမီးသပိတ်အင်အားစု တစ်ခုဖြစ်တဲ့ Women Alliance အဖွဲ့ဝင်လည်းဖြစ်ပါတယ်။

    ကိုဇော်လင်းထွဋ်ရဲ့ မိခင်ကတော့ သားဖြစ်သူကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ရက်နေ့ က ရန်ကုန်မှာ သတင်းဓာတ်ပုံရိုက်ကူးနေချိန် ဖမ်းဆီးခံခဲ့ရတယ် ဆိုတာကို မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ သိရပေမဲ့ အခုဆို သားရဲ့ သတင်းမကြားရတာ ၂ပတ် ရှိလာပြီး သူ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ သိပ်ကို စိတ်ပူနေပါတယ်လို့ ပြောပါတယ်။

    သူတို့ အဖမ်းခံရပြီးနောက် သက်ဆိုင်ရာ နယ်မြေခံ ရဲစခန်းကို မိသားစု ၀င်တွေက ဆက်သွယ်စုံစမ်း ခဲ့ပေမယ့် အခြေအနေ တိတိကျကျ မသိရှိရပဲ သူတို့နဲ့ အဆက်သွယ်ပြတ်တောက်နေပါတယ်။

    ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ အဖွဲ့ကလည်း သူတို့ရဲ့ အမျိုးသမီးရဲဘော်ဖြစ်တဲ့ မလင်းလင်း "စစ်ကြောရေးမှာ ဘေးကင်းစေရေး၊ အခွင့်အရေးအချိုးဖောက်မခံရရေး၊ လိင်အကြမ်းဖက်မှုမခံရရေးတိုအတွက် UN Women အပါအဝင် အခြားသော အမျိုးသမီးဆိုင်ရာအဖွဲ့အစည်းများ၊ လူ့အခွင့်အရေးဆိုင်ရာအဖွဲအစည်းများက အလေးပေးစောင့်ကြည့်ကာ ဝိုင်းဝန်းတောင်းဆို ပေးကြစေလိုပါတယ်" လို့ အဖွဲ့ရဲ့ တာ၀န်ရှိသူတစ်ယောက်က ပြောပါတယ်။

    သူတို့ နှစ်ဦးစလုံးရဲ့ မိသားစုတွေက နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC ကို ဆက်သွယ်အကြောင်းကြားထားပြီးဖြစ်ပေမယ့် ဒီနေ့အထိ ဘယ်နေရာမှာ ချုပ်နှောင်ထားသလဲ ဆိုတာ မသိရတဲ့ အတွက် မိသားစုတွေက စိုးရိမ်ပူပန်နေတယ်လို့ ဆိုပါတယ်။

  4. ရခိုင် ပေါက်တော အလယ်ဖရုံကာကျွန်းမှာ စစ်ကောင်စီတပ်တွေ၀င်ရောက် ၊ ULA နဲ့ မပူးပေါင်းဖို့ပြော

    ရခိုင်ပြည်နယ် ၊ ပေါက်တောမြို့နယ် အလယ်ဖရုံကာကျွန်းမှာ စစ်ကောင်စီတပ်တွေ ၀င်ရောက် တပ်စွဲထားတာ လေးရက်ရှိပါပြီ။

    အဲ့ဒီကျွန်းနားတ၀ိုက်က ကျေးရွာတွေမှာ ရှိတဲ့ ရွာသားတွေကို စစ်ကောင်စီတပ်တွေက အစည်းအဝေးတွေခေါ်ယူပြီး ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA နဲ့ မပူးပေါင်းဖို့ ပြောဆိုမှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    အင်အား ၇၀ ကျော်ပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ပေါက်တောမြို့နယ် အလယ်ဖရုံကာကျွန်းမှာရှိတဲ့ မြောက်ပြင်ကျေးရွာကို ဒီဇင်ဘာ ၃၀ ရက်နေ့ကစလို့ ရောက်ရှိလာခဲ့ကြတာဖြစ်ပြီး ဒီဇင်ဘာ ၃၁ရက်မှာတော့ ချော်ချောင်း၊ ရဇ်ချောင်း၊ အောင်လှပြင်၊ ဖဒူကျေးရွာဘက်ကိုရောက်ရှိခဲ့ကြပါတယ်။

    ဒီကနေ့ ဇန်နဝါရီ ၂ရက် မှာတော့ ဘုရားချောင်းကျေးရွာ၊ တန်းတင်ကျေးရွာတွေကို ရောက်ရှိခဲ့ပြီး ကျေးရွာမှာ စက်လှေတို့ မော်တော်တို့ကို စာရင်းကောက်ယူမှုတွေပြုလုပ်နေတယ်လို့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။

    စစ်ကောင်စီတပ်တွေရောက်ရှိခဲ့တဲ့ကျေးရွာတွေမှာ ရွာသားတွေကိုအစည်းအဝေးခေါ်ယူပြီးတော့ ရက္ခိုင့်တပ်တော် AA၊ ရခိုင်အမျိုးသားအဖွဲ့ချုပ်တို့ ULA နဲ့ မပူးပေါင်းကြဖို့ စစ်ကောင်စီနဲ့ပူးပေါင်းအားပေးရမယ်လို့ ပြောဆိုတာတွေရှိတယ်လို့ ရွာသားတစ်ဦးကပြောပါတယ်။

    ဗမာ စစ်ကောင်စီကို ပူးပေါင်းပါ အားကိုးပါ။ ရခိုင် အမျိုးသား အဖွဲ့ချုပ်နဲ့ မပူးပေါင်းရဘူး၊ သွားအားမကိုးပါနဲ့လို့ မြောက်ပြင်ကျေးရွာမှာ စစ်ကောင်စီ တပ်ဖွဲ့တွေက ပြောကြားခဲ့ပြီး ရွာသားတွေကတော့ ဘာမှမတုံ့ပြန်ဘဲ နှုတ်ဆိတ် နေခဲ့ကြတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

    မြေပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကလည်း စစ်ကောင်စီကနေ အခုလိုမျိုးပြုလုပ်နေတာဟာ ပေါက်တောမြို့နယ်တစ်ခုတည်းမှာမဟုတ်ဘဲ ULA/AA ရဲ့ ထိန်းချုပ်ထားတဲ့နေရာတွေမှာလည်း လုပ်ဆောင်နေတာတွေကို တွေ့နေရတယ်လို့ ပြောပါတယ်။

    လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးကိစ္စရပ်တွေမှာ ULA/AA ရဲ့ ကိုင်တွယ်ဆောင်ရွက်ချက်တွေအပေါ် ပြည်သူတွေအားကိုးယုံကြည်မှုရရှိလာနေတာကြောင့် သတိပေးသလိုလိုနဲ့ ဆောင်ရွက်နေတာဖြစ်တယ်လို့ သူကပြောပါတယ်။

    စစ်ကောင်စီ တပ်တွေ အနေနဲ့ ထိန်းချုပ် နယ်မြေတွေ ဆုံးရှုံးလာရပြီး သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရား၊ တရားစီရင်ရေးယန္တရား အလုပ်မဖြစ်တော့တဲ့ အခြေအနေမျိုး ဆိုက်လာချိန်မှာ သူတို့ကို ထောက်ခံအားရှိတဲ့ နေရာတွေမှာ လိုက်လံ စည်းရုံး အဟန့်အတားဖြစ်အောင် လုပ်ဆောင်ကာ နေရာတိုင်းမှာ တတ်နိုင်သမျှ ထိုးဖောက်ဖို့ ကြိုးစားနေတာသာ ဖြစ်တယ်လို့ ဦးဖေသန်းက ဆိုပါတယ်။

    ပြီးခဲ့တဲ့ ဇန်နဝါရီတစ်ရက်နေ့ညကလည်း ကျောက်ဖြူမြို့ပေါ်က ဘုရားကြီးတောင်ဘုရားပွဲမှာ ပွဲခင်းထဲကို စစ်ကောင်စီတပ်တွေ လက်နက်ကိုင်ဆောင်ပြီး ရောက်ရှိလာခဲ့တဲ့အတွက် ပွဲပျက်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

  5. ပြုပြင်ဖို့လိုအပ်နေတဲ့ဝါးတောင်စစ်ဘေးရှောင်စခန်း

    နေထိုင်ဖို့ခက်ခဲလာတဲ့အတွက်ပြုပြင်ဖို့လိုအပ်နေတဲ့ ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်ရှိ ဝါးတောင်စစ်ဘေးရှောင်စခန်းက စစ်ရှောင်ပြည်သူတွေရဲ့နေအိမ်တွေဖြစ်ပါတယ်။

    အဲဒီက စစ်ရှောင်ပြည်သူတွေဟာ ရက္ခိုင့်တပ်တော်(AA)နဲ့ အစိုးရတပ်တို့ကြား ၂၀၁၈ ခုနှစ်၊ဒီဇင် ဘာလမှစတင်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ကျောက်တော်မြို့နယ်အတွင်း က ခမောင်း၊ပြိန်းချောင်း၊ဂင်ပိ၊တဲဝ၊ လေကွေ့၊င/စရိုင်းကိုင်း၊ပညာဝ၊ ရှင်းမဝန်တောင်း စတဲ့ကျေးရွာတွေက စစ်ဘေးရှောင်လာကြသူတွေ ဖြစ်ပါတယ်။

    အဲဒီ စခန်းမှာ ဒုက္ခသည် တစ်ထောင်ကျော်ရှိပြီးသုံးနှစ်ကျော်ကြာလာပြီဖြစ်လို့ နေအိမ်တွေပြုပြင်ဖို့လိုအပ်နေပြီလို့ဆိုပါတယ်။

    ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)နှင့်အာ ဏာသိမ်းစစ်ကောင်စီတပ်တို့ကြားတိုက်ပွဲတွေရပ်တန့်နေပေမယ့် စစ်ဘေးရှောင်အများစုဟာ နေရပ်မပြန်နိုင်ကြသေးဘဲ ဒုက္ခသည်စခန်းတွေမှာပဲ အခက်အခဲပေါင်းစုံနဲ့ဆက်နေနေကြရတယ်လို့ပြောပါတယ်။

    ဂျပန်အစိုးရရဲ့အထူးကိုယ်စားလှယ်ဆာဆာကာဝါခရီးစဉ်အတွင်း ရခိုင်ရှိIDPs နဲ့ စစ်ဘေးရှောင်တွေအတွက် အမေရိကန်ဒေါ်လာ ၈.၅ သန်းလှူဒါန်းခဲ့တာကြောင့် စစ်ဘေးရှောင်များနေရပ်ပြန်ရေးအတွက် မေးခွန်းထုတ်တာတွေရှိနေပါတယ်။

  6. တန့်ဆည်၊ကပေါင်းကျရွာ ထပ်မံမီးရှို့ခံရ, ဆုံးရှုံးမှုတွေများလာလို့ ဒေသခံတွေ စိတ်ပိုင်းဆိုင်ရာထိခိုက်လာကြ

    စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်းရှိ ကပေါင်းကျရွာကနေအိမ်တွေ ဟာ ဒီကနေ ဇန်နဝါရီ (၂) ရက် နေ့လယ် (၁၂)နာရီလောက်ကစပြီး ထပ်မံမီးရှို့ခံနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

    မနေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေရွာထဲ ပြန်လည်ဝင်ရောက်လာခဲ့ပြီးနောက်အခုလို မီးရှို့ခံရတာလို့ ကပေါင်းကျရွာကစစ်ရှောင်နေသူတွေကပြောပါတယ်။

    စစ်ကောင်စီတပ်တွေ ရွာထဲမဝင်ရောက်ခင်မှာ ဒေသကာကွယ်ရေးအဖွဲ့နဲ့အပြန်အလှန်ပစ်ခတ်မှုရှိခဲ့ပြီး နှစ်ဖက်သေဆုံးတာတွေ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ဒါနဲ့ပတ်သက်ပြီး ဘီဘီစီက သီးခြားအတည်ပြုချက်ရဖို့မေးမြန်းနေဆဲဖြစ်ပါတယ်။

    “ရွာရဲ့အ‌နောက်တောင်ဘက်ကို သွားနေရာကနေ ပြန်လှည့်လာပြီး တောတောင်တွေထဲကပါဖြတ်ပြီးရွာထဲပြန်ဝင်တာ။ အဲ့တော့ စစ်ရှောင်တာကနေ ထပ်ပြေးကြရ တယ်။ အခုထိ ထမင်းကိုချက်မစားရဲသေးဘူး။ စောင်တွေဘာတွေလည်းအကုန်ကျန်ခဲ့ပြီ။ နေ့လယ်၁၂နာရီလောက်ကစပြီး ရွာထဲကနေ မီးခိုးတွေ အလုံးလိုက် တက်လာတာ၊ တစ်လုံးပြီးတစ်လုံးပဲ၊ ရွာနားလည်းမကပ်ရဲတော့ ဘယ်လောက်ရှို့ခံရပြီလဲမသိဘူး”လို့ ကပေါင်းကျ ရွာခံတဦးက ဘီဘီစီကိုပြောပါတယ်။

    ကပေါင်းကျရွာခံတွေဟာ လနဲ့ချီစစ်ရှောင်နေကြရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရွာထဲဝင်တာ အခုတကြိမ် နဲ့ဆို (၁၁)ကြိမ်ရှိပြီဖြစ်ပါတယ်။ ၂၀၂၁ခုနှစ် ဧပြီလကစကာ ရွာထဲအကြိမ်ကြိမ်ဝင်ရောက်ခဲ့ပြီး ဒီဇင်ဘာလထဲမှပဲ ရွာကနေထွက်သွားခဲ့ကြတာပါ။

    ဒီကနေ့မီးရှို့ခံရမှုမတိုင်ခင်အထိ အိမ် (၅၅)လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ် (၁၅၀)ကျော်ဖျက်ဆီးခံ ထားရတယ်လို့ ကာပေါင်းကျရွာသားတွေရဲ့ ပြုစုထားတဲ့စာရင်းအရသိရပါတယ်။

    ကပေါင်းကျရွာဟာ ရွာကြီးဖြစ်ပြီး ရွာလုံးကျွတ်မီးရရှိဖို့၊ အခြေခံပညာကျောင်းဆောင်သစ်ဆောက်လုပ် တာ၊ လယ်တွေအတွက် ရေမြောင်းဖောက်ဖို့ စတဲ့ လုပ်ငန်းတွေလုပ်ဆောင်နေဆဲမှာပဲ အခုလိုအခြေအနေ တွေကြုံတွေ့ခဲ့ရတာကြောင့် ဒေသခံတွေမှာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာလိုအပ်ချက်တွေအပြင် စိတ်ပိုင်း ဆိုင်ရာပါ ထိခိုက်နေကြတယ်လို့ ပြောပါတယ်။

  7. ရေဦးအနောက်ဘက် ပါရမီရွာအနီး စစ်ကောင်စီနဲ့ပြည်သူ့ကာကွယ်ရေးတိုက်ပွဲဖြစ်

    စစ်ကိုင်းတိုင်း၊ ရေဦးမြို့အနောက်ဘက်က ဖရုံကုန်းရွာဘုန်းကြီးကျောင်းမြောက်ဘက်မှာရှိတဲ့ သရက်ခြံဘက် ကို ဒီကနေ့ ဇန်နဝါရီ (၂)ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီဘက်ကလက်နက်ကြီး တွေနဲ့ပစ်ကာရောက်ရှိ လာတယ်လို့ ဒေသခံတွေကပြောပါတယ်။

    အဲ့ဒီနေရာကနေ ပါရမီရွာဘက်ကို အရောက်မှာ စစ်ကောင်စီတပ်နဲ့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးနဲ့ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

    “မိနစ် ၂၀၊ နာရီဝက်လောက်ဖြစ်တယ်။ စစ်တပ်ဘက်ကနေပစ်တဲ့ လက်နက်ကြီး သုံးလေးငါးလုံးလောက် ကြားရတယ်။ မိုင်းခွဲသံတွေလည်းကြားရတယ်။လက်နက်သေးအသံတွေဆိုလည်း နှစ်ဖက်စုစုပေါင်း အသံဆို အချက်ရေ ငါးဆယ်ခြောက်ဆယ်လောက်တော့ကြားရတယ်ဗျ။ ထိခိုက်မှုကျတော့ ပကဖဘက်က မထိဘူး။ စစ်တပ်ဘက်က (၇)ယောက်ကို ဒရွတ်ဆွဲသွားတာတွေ့တယ်လို့တော့ တိုက်ပွဲဖြစ်တဲ့အနားက သူတွေကပြောတယ်”လို့ ရွာသားတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    အခုနေ့လယ် (၂)နာရီဝန်းကျင်မှာတော့ ပစ်ခတ်သံတွေမကြားရတော့ဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပါရမီရွာ နားအနီးဆက်ရှိနေတယ်လို့ ဆိုပါတယ်။

    ဒီမနက်ပစ်ခတ်မှုကြောင့် ဖရုံကုန်း၊ ပါရမီ၊ တမာတော၊ ကင်ပွန်းခြုံ စတဲ့(၄)ရွာက ဒေသခံတွေ ရွာလုံးကျွတ်စစ်ရှောင်နေရပါတယ်။

    အဲ့ဒီထဲက ဖရုံကုန်းရွာမှာဆိုရင် ဒီဇင်ဘာ (၂၀)ရက်က စစ်ကောင်စီလေကြောင်းနဲ့တိုက်ခိုက်တာခံခဲ့ရတဲ့ ရေမြက်ရွာက စစ်ရှောင်တွေပါ ခိုလှုံနေတာ ကြောင့် အခုတော့ ရွာခံတွေရော စစ်ရှောင်တွေပါထွက်ပြေးကြနေရတာပါ။

    ရေဦးမြို့အနောက်ဘက်ရွာတွေဟာ စစ်ကောင်စီရဲ့ရဟတ်ယာဉ်နဲ့လေကြောင်းကနေ တိုက်ခိုက်ခံခဲ့ရဖူးတာကြောင့် စိုးရိမ်ထိတ်လန့်မှုတွေခံစားနေကြရသလို စပါးရိတ်သိမ်းရာသီဖြစ်တာကြောင့် လယ်ယာတွေကို စွန့်ခွာ ထွက်ပြေးကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

  8. မြန်မာ့အရေးဖြေရှင်းမှုဟာ လူထုဆန္ဒကို ထင်ဟပ်ရမယ်လို့ ကုလအထူးကိုယ်စားလှယ်ပြော

    မြန်မာ့အရေး ဖြေရှင်းမှုမှန်သမျှဟာ လူထုဆန္ဒကိုသာမက မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်တွေ လိုလားတဲ့ စည်းလုံးညီညွတ်မှု၊ ဒီမိုကရေစီ၊ ခွင့်တူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်စတဲ့ အခြေခံမူတွေကို ထင်ဟပ်ခြုံငုံနိုင်စွမ်း ရှိရပါမယ်ဆိုပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့အထူးကိုယ်စားလှယ် နိုလင်းဟေဇာက ပြောလာပါတယ်။

    ၂၀၂၂ နှစ်သစ် နှစ်ကူးကာလနဲ့ မကြာခင်ကျရောက်မယ့် မြန်မာ့လွတ်လပ်ရေးနေ့ မတိုင်ခင်ပြောကြားတဲ့ နုတ်ခွန်းဆက် ရုပ်သံမှာ သူကအခုလိုပြောလာတာဖြစ်ပါတယ်။

    လက်ရှိ အထူးကိုယ်စားလှယ်တာဝန်ကို သူရယူထားတယ်ဆိုတာဟာ လူထုရဲ့သတ္တိနဲ့ ဒီမိုကရေစီအပေါ် ထားရှိတဲ့ နှစ်နှစ်ကာကာယုံကြည်ကြိုးပမ်းမှု၊ မြန်မာအမျိုးသမီးတွေနဲ့ လူငယ်တွေရဲ့ စွမ်းရည်ကို အထင်ကြီး လေးစားမှုတွေလည်း ပါဝင်တာကြောင့် လို့ဆိုပါတယ်။

    အထူးကိုယ်စားလှယ်က နာဂစ်မုန်တိုင်းအလွန်မှာ မြန်မာလူုထုနဲ့ အဲဒီတုန်းက စစ်အစိုးရအာဏာပိုင်တွေနဲ့ အလုပ်လုပ်ခဲ့တဲ့ သူ့အတွေ့အကြုံကို မှတ်မှတ်ရရရှိနေသေးကြောင်းပြောသလို မြန်မာ့အရေးဆောင်ရွက်တဲ့နေရာမှာ ပဋိက္ခဒဏ်သင့်သူတွေအပြင် အထိခိုက်လွယ်ဆုံးပြည်သူတွေရဲ့အသံတွေကိုပါ ဂရုတစိုက်နားထောင်နေတယ်လို့ ဆိုပါတယ်။

  9. ၀က်လက်မှာ ဒေသခံတွေကို PDF က စပါးကူရိတ်ပေးနေ

    စစ်ကိုင်းတိုင်း၊ ဝက်လက်နယ်ထဲမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့အပြီးမှာ လယ်ရိတ်သိမ်းဖို့ လုံခြုံရေးစိုးရိမ်နေတဲ့ဒေသခံတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF)တွေက စပါးကူညီရိတ်သိမ်းပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    စစ်ကိုင်းခရိုင်ထဲက စစ်ကိုင်း၊ ဝက်လက်၊ မြင်းမူ၊ အရာတော်မြို့နယ်တွေမှာ စစ်တပ်နဲ့ စစ်ကောင်စီကိုထောက်ခံတဲ့အရပ်အခေါ် ပျူစောထီးအဖွဲ့ဝင်တွေက စစ်ကြောင်းထိုးတာတွေ၊ မီးရှို့ဖျက်ဆီးတာတွေရှိလို့ PDF ဘက်က အခုလို ကူညီပေးခဲ့တာပါ။

    မနေ့ ဇန်နဝါရီလ ၁ ရက် ညနေပိုင်းက ဝက်လက်မြို့နယ်တဝိုက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်ခဲ့ရာမှာ ညနေ ၆ နာရီခန့်မှာ စစ်သုံးရဟတ်ယာဉ် ၂ စီးနဲ့လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်တုန်းကတော့ အရာတော် အရှေ့နယ် ဒုံးဒစ်ကျေးရွာအုပ်စုထဲမှာ စစ်ကောင်စီရဲ့ခြေလျင်စစ်ကြောင်းဟာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရလို့ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ပါတယ်။

    စစ်ကောင်စီတပ်တွေဟာ ပြန်လည် ဆုတ်ခွါအချိန်မှာ အနီးက ဒေသခံ စပါးခင်းထဲ ဖြတ်သန်းချိန်မှာ စုပုံထားတဲ့ စပါးခင်းကို မီးရှို့သွားတယ်လို့ အရာတော်မြို့နယ် သတင်းပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

    ဒီကိစ္စဖြစ်စဉ်နဲ့ပက်သက်လို့ ဘီဘီစီက စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

  10. ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ မြန်မာခရီးစဉ် ဆက်ရှိနေမယ်

    ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ မြန်မာပြည်ခရီးစဉ် ဆက်ရှိနေမယ်ဆိုပြီး ကမ္ဘောဒီးယားနိုင်ငံခြားရေးနဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြောခွင့်ရသူက ထုတ်ပြောလာပါတယ်။

    ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံရုံးအနီးမှာ ဒီဇင်ဘာလ ၃၁ ရက်နေ့မနက်ပိုင်းက ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ခဲ့အပြီးမှာ ဝန်ကြီးဌာနပြောခွင့်ရသူ Koy Kuong က အခုလိုပြောတာဆိုပြီး ခမ္ဘောဒီးယမ်းနက်စ်သတင်းက ဖော်ပြလာတာပါ။

    ပေါက်ကွဲမှုတွေဟာ သံရုံးဝန်းရဲ့ မီတာ ၁၀၀ နဲ့ မီတာ ၁၅၀ အကွာမှာ သောကြာနေ့မနက် ၁၀ နာရီကျော်ကျော်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်လုပ်ဗုံးတွေဖြစ်လို့ လူထိခိုက်မှုမရှိခဲ့ပါဘူး။

    သံရုံးအနီးနားမှာ ဒီလိုပေါက်ကွဲမှုဖြစ်ခဲ့ပေမဲ့ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ လာမယ့် ဇန်နဝါရီလ ၇ ရက်နဲ့ ၈ ရက် မြန်မာပြည်ခရီးစဉ်ကတော့ စီစဉ်ထားတဲ့အတိုင်း မပျက်ဘူးလို့ ဝန်ကြီးဌာနပြောခွင့်ရသူကပြောပါတယ်။

    ဝန်ကြီးချုပ်ဟွန်ဆန်ဟာ မြန်မာစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိတ်ကြားမှုနဲ့ နေပြည်တော်ကို လာဖို့ ရှိနေတာဖြစ်ပါတယ်။

    ဝန်ကြီးချုပ်ရဲ့မြန်မာပြည်ခရီးစဉ်ဟာ ပြည်တွင်းမှာသာမက နိုင်ငံတကာက လေ့လာသူတွေကြားမှာပါ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

    ဝန်ကြီးချုပ်ဟွန်ဆန်ကတော့ မြန်မာကို သွားဖို့ စီစဉ်တာဟာ စစ်အုပ်စုကို အသိအမှတ်ပြုတာမဟုတ်ဘဲ ပုံမှန်သံခင်း တမန်ခင်းလုပ်ရုံးလုပ်စဉ်ဆိုပြီး ပြောဆိုတုံ့ပြန်ထားပါတယ်။

  11. ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို မြဝတီမှာ အကျဉ်းရုံးကျင်းပ

    ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် ၅ ရပ်ကွက်မှာရှိတဲ့ ကရင်အမျိုးသားထာဝရနှစ်သစ်ကူးကွင်းမှာ ၂၇၆၁ ခုနှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ကျင်းပပြုလုပ်နေတဲ့မြင်ကွင်းတွေဖြစ်ပါတယ်။

    ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို မြဝတီခရိုင် ကရင်စာပေနဲ့ယဉ်ကျေးမှုအသင်းက ဦးဆောင်ကျင်းပတာဖြစ်ပါတယ်။

    မြဝတီမြို့တောင်ဘက်ပိုင်း လေးကေ့ကော်ဒေသမှာ စစ်ကောင်စီတပ်တွေနဲ့ အဲဒီမှာ ထိန်းချုပ်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူရဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်နေချိန်မှာ ဒီပွဲကို အကျဉ်းရုံးကျင်းပတာလို့ သိရပါတယ်။

    စစ်အာဏာသိမ်းမှု၊ ကိုဗစ်ကပ်ရောဂါနဲ့ ဒေသတွင်း မတည်ငြိမ်မှုတွေကြောင့် မြဝတီမြို့က ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ဟာ အရင်နှစ်တွေကထက် ပါဝင်ဆင်နွှဲသူ နည်းပါးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မနေ့ ဇန်နဝါရီလ ၁ ရက်နေ့ ညပိုင်းတုန်းကတော့ မြဝတီမြို့လယ်က ရွှေမြင်းဝန်ဘုရား မီးပွိုင့်ယာဉ် ထိန်းရုံးအနီးမှာ လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ပါတယ်။

  12. လေးကေ့ကော်အနီး အပစ်အခတ်ရှိဆဲ

    ကရင်ပြည်နယ် လေးကေ့ကော်အနီးက ရသေ့ဂူ ကျေးရွာဘက်မှာ ဒီကနေ့ နှစ်သစ်ကူး အရုဏ်တက်လောက်ကထဲက တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပါ ပစ်ခဲ့တယ်လို့သိရပါတယ်။

    ဒါဟာ ဒီဇင်ဘာ ၃၀ က ရသေ့ဂူ စခန်းမှာ တပ်ခွဲမှူးတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၇ ဦးကိုKNLA တပ်ဖွဲ့ က ဖမ်းဆီး ထိန်းသိမ်းခဲ့လို့ စစ်ကောင်စီက ထိုးစစ်ဆင်လာတာလို့ ဒေသတွင်းအရင်းအမြစ်တွေက သုံးသပ်ပါတယ်။

    လေးကေ့ကော်တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်ကအရာရှိတွေ အပါအဝင် စစ်သည် အနည်းဆုံး ၁၅ ဦး ဖမ်းဆီးခံထားရပြီး သူတို့ကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားတယ်လို့KNU ပြောခွင့်ရ ဖဒိုစောတောနီးက ပြောပါတယ်။

    စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာပြောတဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့တော့ ငြိမ်းချမ်းရေးဟာ စိတ်ကူးယဥ်နေရုံနဲ့မရဘဲ လက်တွေ့ပါရမယ်လို့ ဖဒိုစောတောနီးက ပြောပါတယ်။

    ဒီဇင်ဘာလလယ်လောက်ကစခဲ့တဲ့ တိုက်ပွဲတွေကြောင့် လေး‌ကေကော်နဲ့ အနီးတဝိုက်က ဒေသခံထောင်ဂဏန်း ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။

    စစ်ကောင်စီဘက်က စစ်ရှောင်ဒေသခံတွေ လေးကေ့ကော်ကို ပြန်လာလို့ရပြီလို့ ဖိတ်ခေါ်နေသလို ဒီဇင်ဘာ ၃၁ ရက်က စစ်ရှောင် ၈၀၀ နီးပါး မြန်မာဘက်ပြန်လာတယ်လို့ ဘီဘီစီထိုင်းဌာနက သတင်းပေးပို့ထားပါတယ်။

  13. ဒီးမော့ဆို ငွေတောင်ဆည်အနီးနဲ့ ရဲစခန်းမှာ တိုက်ပွဲဖြစ်

    ကယားပြည်နယ် ဒီးမော့ဆိုမှာ ဒီကနေ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ဒီးမော့ဆိုမြို့ ငွေတောင်ဆည်အနီးနဲ့ မြို့မရဲစခန်းဘက်မှာ တိုက်ပွဲ နာရီ အတန်ကြာ ဖြစ်ပွားခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ် ပြောခွင့်ရသူက ဆိုပါတယ်။

    ဒီတိုက်ပွဲတွေဟာ KNDF၊ KA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

    ဒီတိုက်ပွဲ အတွင်း စစ်ကောင်စီ ဘက်က အကျအဆုံး များနိုင်တယ်လို့ ခန့်မှန်းရပေမယ့် လက်ရှိမှာ အမှောင်ထု ကျရောက်နေပြီမို့ ရေတွက်ဖို့ ခက်နေတယ်လို့ သူက ပြောပါတယ်။

    သူတို့ဘက်ကတော့ ဒဏ်ရာရသူ အနည်းအကျဥ်းသာ ရှိပြီး မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

    ထိခိုက်ဒဏ်ရာရသူ အခြေအနေကို ဘီဘီစီက သီးခြားအတည်ပြုနိုင်တာ မရှိသေးဘဲ စစ်ကောင်စီဘက်ကတော့ တိုက်ပွဲသတင်း ထုတ်ပြန်တာမရှိသေးပါဘူး။

    အခုလို ဒေသခံ ကာကွယ်ရေးတပ်တွေက ရဲစခန်း ၀င်စီးဖို့ ကြိုးစားတာ ဒါဟာ ဒုတိယ အကြိမ် ဖြစ်ပြီး ပြီးခဲ့တဲ့ မေလတုန်းက ၀င်စီးမှု ဖြစ်ခဲ့ဖူးတယ်လို့ သူက ပြောပါတယ်။

    ဒီနေ့ ၀င်ရောက် စီးနင်းရာမှာ စစ်ကောင်စီဘက်က ကင်းသမားတွေ့သွားခဲ့သလို ၊ သူတို့ဘက်က အင်အား သာလွန်တဲ့ အပြင် အကာအကွယ်တွေလည်း ကျကျနန ပြင်ဆင်ထားတာ တွေ့ရတဲ့ အတွက် ဒေသခံ ကာကွယ်ရေး တပ်တွေက ပြန်ဆုတ် ခဲ့ရတယ်လို့ သူက ရှင်းပြပါတယ်။

    လတ်တလောမှာတော့ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ မနားတမ်း ပစ်ခတ်လျက် ရှိပြီး အရပ်သား လူနေအိမ်တွေ ထပ်မံ အကြီးအကျယ် ပျက်စီး ခဲ့ရတယ်လို့ သူက ဆိုပါတယ်။

    ဒေသခံ ကာကွယ်ရေး တပ်တွေ အနေနဲ့တော့ ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ရှေ့ဆက်ပြီး တိုက်ပွဲတွေ ဆက်လက် ဆင်နွှဲသွားဖို့ ရှိတာကြောင့် ပစ်ခတ်မှုတွေကတော့ ဆက်ရှိနေဦးမှာပဲလို့ ဒေသခံ ကာကွယ်ရေးတပ် ပြောခွင့်ရသူက ပြောပါတယ်။

  14. ကေအိုင်အို ဥက္ကဋ္ဌနှစ်သစ်ကူး မိန့်ခွန်းမှာပါ အရပ်ဖက်ပစ်မှတ်တွေ မတိုက်ဖို့ မှတ်ချက် ဘာသဘောဆောင်လဲ

    လူထု တရပ်လုံးက စစ်အာဏာရှင် စနစ်ကို ဘုံရန်သူ အဖြစ် သတ်မှတ် တွန်းလှန် တိုက်ခိုက်နေတာကြောင့် ဒါဟာ အနာဂတ်မှာ မြန်မာ့ နိုင်ငံရေး အခင်းအကျင်း အသစ် ထွက်ပေါ် လာနိုင်မယ့် လက္ခဏာကောင်း ဖြစ်တယ်လို့ ကချင်လွတ်လပ်ရေး အဖွဲ့ KIOဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဂျိန်းဖောဘာသာနဲ့ ပြောတဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

    တချိန်တည်းမှာ စစ်ကောင်စီကို လက်နက်ကိုင် တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ စစ်ဖက်နဲ့ မဆိုင်တဲ့ ပစ်မှတ်တွေ ၊ ကျောင်း ၊ ဆေးရုံတွေ အပြင် လူတွေကို သတ်ဖြတ် ခြိမ်းခြောက်ပြီး အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေကို ဗုံးခွဲတဲ့ ကိစ္စတွေ သတိထား လုပ်ဆောင် စေချင်တယ်လို့ သူက တိုက်တွန်းထားပါတယ်။

    ဒီမှာကြားချက်ဟာ ကေအိုင်အို ရဲ့ အမြဲ လက်ကိုင်ထားတဲ့ အခြေခံမူ တရပ်ဖြစ်ပြီး တခြား လက်နက်ကိုင် အဖွဲ့တွေလည်း ဒီမူကို လိုက်နာဖို့ နှစ်သစ်ကူးမိန့်ခွန်းမှာ KIO ဥက္ကဋ္ဌက ထည့်သွင်း ပြောဆိုတာ ဖြစ်တယ်လို့ KIO ရဲ့ သတင်းမီဒီယာ တာ၀န်ခံ ဗိုလ်မှူးကြီး နော်ဘူက ဘီဘီစီကို ပြောပါတယ်။

    တော်လှန်ရေးသမားတွေ အနေနဲ့ ကမ္ဘာက အပြစ်ပေးအရေးယူလာမှု မရှိစေရန် မှန်ကန်တဲ့ ဥပဒေတွေကို လိုက်နာဆောင်ရွက်ကြဖို့ KIO ဥက္ကဋ္ဌ က တိုက်တွန်းထားပါတယ်။

    ဆက်စပ်သတင်း- NUG ငွေတိုက်စာချုပ် ကိစ္စ

    လတ်တလောမှာ Kachin Political Interim Coordination Team- KPICT ကေပစ်ဆိုတဲ့ အဖွဲ့က NUG အမျိုးသားညီညွတ်ရေး အစိုးရနဲ့ ပူးပေါင်းပြီး NUG ထုတ် ငွေတိုက်စာချုပ်တွေကို ပြည်တွင်းပြည်ပမှာ ပူးပေါင်း ရောင်းချပေးလျက် ရှိပါတယ်။

    ကေအိုင်အို အနေနဲ့အမျိုးသား ညီညွတ်ရေး အစိုးရ အဖွဲ့ NUG ကြား တိုက်ရိုက် ဆက်သွယ်တာမျိုး မရှိဘဲ ကြားခံ အဖွဲ့တခု ဖြစ်တဲ့ KPICT နဲ့သာ ဆက်ဆံလေ့ရှိတယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

    အခု KPICT က NUG Bond ရောင်းပေးတဲ့ ကိစ္စမှာ အကျိုးစီးပွား ဆက်နွှယ်မှုနဲ့ ပတ်သက်လို့ လက်ရှိ ဘာမှ ပြောလိုခြင်း မရှိဘဲ ကေပစ် အနေနဲ့ ကေအိုင်အို နဲ့ NUG ကြား နိုင်ငံရေး အရ ဆွေးနွေးပေးတဲ့ သဘောလောက်ကိုသာ သိထားရတယ်လို့ ကေအိုင်အို သတင်းမီဒီယာ တာ၀န်ခံက ပြောကြားပါတယ်။

  15. "စစ်ကောင်စီရဲ့ အကြမ်းဖက်စစ်ဗျူဟာကို လအနည်းငယ်အတွင်း ဦးချိုးပစ်နိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။" -NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်

  16. ရွှေဘို- မန္တလေး လမ်းမပေါ်က စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ Express ကားကို ဒေသကာကွယ်ရေးတပ်တွေမိုင်းဆွဲတိုက်ခိုက်

    စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘို-မန္တလေး လမ်းမကြီးမှာ စစ်ကောင်စီ တပ်သားတွေလိုက်ပါလာတဲ့ Express ကားကို ၀က်လက်မြို့နယ် ၊ ရွာသာကြီးကျေးရွာအနီးမှာ ဒီကနေ့ဇန်နဝါရီ ၁ ရက်နေ့မနက်ပိုင်းက ဒေသကာကွယ်ရေးတပ်တွေပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ဒေသကာကွယ်ရေးတပ်တွေက ထုတ်ပြန်လာပါတယ်။

    ဒီတိုက်ခိုက်မှုကို ဒေသကာကွယ်ရေးတပ်တွေဖြစ်တဲ့မြင်းဖြူရှင်ပြောက်ကျားတပ်ဖွဲ့၊ ဝက်လက်မြို့နယ်ဒေသဆိုင်ရာကာကွယ်ရေးတပ်နဲ့ ဂဠုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့တို့ကပူးပေါင်း တိုက်ခိုက်တာဖြစ်ပြီး မိုင်း ၇ လုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာလည်း စစ်ကိုင်းဘက်ကလာတဲ့ စစ်ကောင်စီ တပ်တွေရဲ့ထောက်ပို့ယာဉ်တန်းတွေကို ရွှေဘို-မန္တလေးလမ်းမကြီးပေါ်မှာ မိုင်းဆွဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသကာကွယ်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။ အခုလိုစစ်ကောင်စီယာဉ်တန်းတွေမိုင်းဆွဲတိုက်ခိုက်ခံရတာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိပါဘူး

  17. ကောလင်းမြို့ပေါ်ကဘုန်းတော်ကြီးကျောင်းပေါ် လက်နက်ကြီး ကျတာကြောင့် ကိုရင်တပါး ပျံလွန်တော်မူ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ ဈေးရုံဘို့တဲရပ်ကွက်မှာ ရှိတဲ့မင်္ဂလာဇေယျုံကျောင်းတိုက်အတွင်းကို မနေ့ ဒီဇင်ဘာ ၃၁ ရက် ညပိုင်းက လက်နက်ကြီးကျည် ကျရောက်ခဲ့ပြီး ကျောင်းအတွင်း အသက် ၁၆ နှစ်အရွယ် ကိုရင်တပါးကို ထိမှန်ခဲ့ရာ ဒီနေ့ ဇန်နဝါရီ ၁ ရက်နေ့မနက်ပိုင်းက ရရှိထားတဲ့ဒဏ်ရာတွေနဲ့ ပျံလွန်တော်မူသွားပြီဖြစ်တယ်လို့ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    "ညကတည်းက လက်နက်ကြီးသံကတော်တော်များများကြားနေရတယ်။ ရမ်းသန်း ပစ်နေတဲ့ပုံပဲ။ အဲဒါကျောင်းထဲကိုကျပြီး ကိုရင်ကို ထိသွားတာ။ လက်နက်ကြီး ကျည်ကွဲတဲ့အစထိတာ။ ကိုရင်ကတော့ ဒီမနက်ကဆုံးသွားတယ် " လို့ကောလင်းဒေသခံ တစ်ဦးကဘီဘီစီကိုပြောပါတယ်။

    ကောလင်းမြို့နယ်အတွင်းမှာတော့ ညပိုင်းတွေမှာ စစ်ကောင်စီဘက်က လက်နက်ပစ်ဖောက်ခြောက်လှန့် တာတွေ မကြာခဏကြားရလေ့ရှိတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

    မနေ့ ဒီဇင်ဘာ ၃၁ ရက် ညပိုင်းမှာဖြစ်ခဲ့တဲ့ ပစ်ခတ်မှုနဲ့ ပတ်သက်လို့ ဒီကနေ့ဇန်နဝါရီ ၁ရက်နေ့ညနေပိုင်းအထိ ဘယ်အဖွဲ့အစည်းကမှထုတ်ပြန်တာမတွေ့ရပါဘူး။

  18. ရေဦးနယ်အတွင်း ရိက္ခာလာယူတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်တွေ ပူးပေါင်း တိုက်ခိုက်, စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးတယ်လို့ ဒေသကာကွယ်ရေးတပ်ထုတ်ပြန်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်အတွင်းက အင်တောကျေးရွာအတွင်းကို ရိက္ခာလာယူတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီကနေ့ ဇန်နဝါရိ ၁ရက်နေ့မနက်ပိုင်းက ဒေသကာကွယ်ရေးတပ်တွေဖြစ်တဲ့ ရေဦးပကဖ နဲ့ တန့်ဆည်ပကဖ တို့ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်လာပါတယ်။

    "အင်တောမှာ ထိုင်ထားတာက တပ်မ ၇၇ နဲ့ပျုစောထီးအင်အားတွေ ၇၀ လောက်ထိုင်ထားတာ၊ အနီးအနားကရွာတွေကို ပတ်သွားတယ်။ ရိက္ခာယူတဲ့အချိန်မှာ ဒေသကာကွယ်ရေးတွေ က ပူးပေါင်းတိုက်ခိုက်လိုက်တာပါ။ ကျွန်တော်တို့ဒေသကာကွယ်ရေးတပ်တွေ တိတိကျကျမြင်လိုက်တာတော့ စစ်ကောင်စီတပ်သား ၃ ယောက်ထိတယ်။ ဘယ်ညာမိုင်းဆွဲတာ ဖြစ်တဲ့အတွက် ထပ်ပြီးဒဏ်ရာရတာတွေလည်းများတယ်လို့သိရပါတယ်" လို့ရေဦးမြို့နယ်ပကဖတာဝန်ရှိသူက ဘီဘီစီကိုပြောပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း ရေဦးမြို့နယ်နဲ့ မိုင် ၃၀ လောက်အကွာမှာရှိတဲ့ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့နေရာကို ဒေသကာကွယ်ရေးတပ်တွေက ပြောက်ကျားတိုက်ခိုက်မှု တွေလုပ်ခဲ့ပြီး ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ရေဦးပကဖတာဝန်ရှိသူ ကဆက်ပြောပါတယ်။

    ဒါ့အပြင် လက်ရှိရေဦးနယ်ထဲမှာ အမျိုးသမီးရဲမေတချို့နဲ့ မိသားစုဝင်တွေကို စစ်သင်တန်းပေးတာတွေ၊ မိသားစုဝင်တွေကိုပါ စစ်လက်နက်တပ်ဆင်ပေးတာတွေ လုပ်ဆောင်နေပြီး ရေဦးနယ်တောင်ပိုင်းနဲ့မြောက်ပိုင်းကို ပိတ်ဆို့စစ်ဆေးတာတွေလည်း လုပ်နေတယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ပြောပြချက်အရသိရပါတယ်။

    အထက်ပါဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာထုတ်ပြန်လာတာမရှိသေးပါဘူး။

  19. ပြည်ကြီးတံခွန်မှာ ရာအိမ်မှူးဟောင်းတစ်ဦး ပစ်ခတ်ခံရလို့သေဆုံး

    မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ် ၊ 'ဆ 'ရပ်ကွက်က ရာအိမ်မှူးဟောင်းတဦး ဒီနေ့ ဇန်နဝါရီ ၁ ရက်မှာ ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ လူမှုကူညီကယ်ဆယ်ရေး အသင်းက ဘီဘီစီကိုပြောပါတယ်။

    အသက် ၄၆ နှစ်အရွယ် ပစ်ခတ်ခံရသူဟာ ဒီနေ့ မနက် ၇ နာရီကျော်လောက်မှာ ကွမ်းဝယ်တဲ့အချိန် ၆၅ လမ်းနဲ့ လမ်း ၁၃၀ ဝန်းကျင်မှာ အပစ်ခံခဲ့ရတာဖြစ်ပြီး သူ့ကို ဘယ်အဖွဲ့က ပစ်ခတ်သွားတယ်ဆိုတာတော့ မသိရှိရသေးပါဘူး။

    "အိမ်ကနေ ဆေးရုံပို့ပေးရတယ်။ ဦးခေါင်းကနေ နှာခေါင်းပေါက်ထွက်သွားတာ။ လူနာက ဆုံးသွားပါတယ်။ သေဆုံးသူရဲ့ မိသားစုက သူ့ကိုကားနဲ့အိမ်သယ်သွားတာ။ ကျွန်တော်တို့က အိမ်ကနေ ဆေးရုံကြီး ရေခဲတိုက်ပို့ပေးရတာ။ အခု အိမ်ပြန် သယ်သွား ကြပြီလို့ ကြားတယ်"လို့ သေနတ်ပစ်ခံရသူကို သယ်ဆောင်ပေးရတဲ့ လူမှုကူညီရေး အသင်းတာဝန်ခံက ပြောပါတယ်။

    သေဆုံးသူဟာ အန်အယ်လ်ဒီအစိုးရလက်ထက်က ခန့်ထားတဲ့ ရာအိမ်မှူးဖြစ်ပြီး စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီက သူ့ကို ရာအိမ်မှူးအဖြစ် ဆက်ခန့်ခဲ့တယ်လို့ ဒေသခံတချို့က ပြောပေမယ့် အဲဒီ တာဝန်ကို ကာယကံရှင်က လက်ခံ ယူထားခြင်းမရှိဘူးလို့ သေဆုံးသူနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ဆိုပါတယ်။

    မန္တလေးမှာ ရာအိမ်မှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတချို့ သေနတ်ပစ်ခံရလို့ သေဆုံးခဲ့တာ ၂၀၂၁ ခုနှစ်အတွင်း အနည်းဆုံး ဆယ်ဦးထက်မနည်းရှိပြီဖြစ်ပါတယ်။