ဖမ်းဆီးခံ လူငယ့်မေတ္တာလူမူကူညီရေးအသင်းသားတွေရဲ့ အခြေအနေကိုမသိရှိရသေး
သတင်းပေးတစ်ယောက် အပစ်ခံရပြီးတဲ့နောက် ဝင်ရောက်စီးနင်းဖမ်းဆီးခံရတဲ့ လှည်းကူးမြို့ လူငယ့်မေတ္တာလူမူကူညီရေးအသင်းရုံး က အသင်းသား ၃ ဦးနဲ့ ရွာသား ၆ ဦးရဲ့ နောက်ဆက်တွဲအခြေအနေကို မသိရှိရသေးဘူးလို့ အသင်းတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ မနေ့က စက်တင်ဘာ ၁၁ရက် မှာလည်း အသင်းရုံးကိုထပ်မံဝင်ရောက်ရှာဖွေသွားပြီး ကျည်ဆံ အချို့တွေ့ရှိတယ်ဆိုပြီး ပြောလာတယ်လို့ အသင်းတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
’’ သူတို့ဝင်ရှာပြီးဖမ်းကတည်းက အသင်းကလူတွေကတော့ရုံးကိုမသွားကြတော့ဘူး။မနေ့က တော့ ထပ်ဝင်ရှာပြီး ရပ်ကျေးအုပ်ချုပ်ရေးမှုးကိုခေါ်ပြီး ကျည်ဆံ ၁၂တောင်တွေ့တယ်ဆိုပြီး သက်သေခေါ်ယူတယ်လို့ ပြန်သိရတယ် ’’လို့ အသင်းတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းကျေးရွာက လူငယ့်မေတ္တာလူမူကူညီရေးအသင်းရုံး ကို စက်တင်ဘာ ၁၁ရက် ည ၁နာရီအကျော်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့က ဝင်ရောက်စီးနင်းပြီး အသင်းသားအချို့နဲ့ ရွာသားအချို့ကိုခေါ်ဆောင်သွားတာဖြစ်ပါတယ်။ ဝင်ရောက်ဖမ်းဆီးတဲ့နေ့က နောက်ထပ်အသင်းသားတစ်ဦးကို ဖမ်းမိတာမရှိလို့ အဲဒီအသင်းသားရဲ့ ဖခင်ဖြစ်သူနဲ့ ညီဖြစ်သူကိုပါ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
’’ အဲဒီဖမ်းတဲ့နေ့ နေ့ခင်းပိုင်းက ဇရပ်ကွင်း ရွာက စစ်တပ် သတင်းပေးတစ်ယောက် သေနတ်နဲ့ပစ်ခံရတယ်။ အဲဒီအပစ်ခံရတဲ့သူက လှည်းကူး PDF ရဲ့ ဒလန်စာရင်းထဲမှာပါတယ်။ဒါပေမယ့် ကျွန်တော်တို့အသင်းက လူငယ်အချို့နဲ့ အပစ်ခံရတဲ့သူနဲ့က နဂိုကတည်းက ရွာသားချင်းမတည့်တာတော့ရှိတယ်။အဲဒီတော့ သတ်တဲ့သူဘယ်သူဖြစ်နိုင်လဲမေးတဲ့အချိန်ကျတော့ကျွန်တော့်အသင်းသားတွေလို့ပြောတာဖြစ်နိုင်တယ်။ ကျွန်တော်တို့အသင်းက လူမှုကူညီရေးလုပ်ငန်းကလွဲလို့ အဲဒီလိုတွေလုပ်တာမှမရှိတာ’’ လို့ အသင်းတာဝန်ရှိသူကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, လူငယ်မေတ္တာ့အသင်း
















