ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ရိုဟင်ဂျာတွေအရေး ဆောင်ရွက်သူ သတ်ဖြတ်ခံရမှုကို စုံစမ်းဖို့ လူ့အခွင့်အရေးဆောင်ရွက်သူတွေ တောင်းဆို

အသက် ၄၈ နှစ်အရွယ် မိုဟီးဘူလာဟာ ကောက်ဇက်ဘဇားခရိုင်ထဲမှာရှိတဲ့ ကူတူပါလောင်ဒုက္ခသည်စခန်းထဲက သူ့ရဲ့ရုံးခန်းထဲမှာ စက်တင်ဘာလ ၂၉ ရက် ည ၈ နာရီကျော်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာလို့ သိရပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မြိတ်နဲ့ ထားဝယ်ဘက်မှာ တိုက်ပွဲတွေဖြစ်

    ကေအဲန်ယူတပ်မဟာ ၄ ထိန်းချုပ်နယ်မြေ တစ်ခုဖြစ်တဲ့ မြိတ်ခရိုင် ပုလောမြို့နယ် ပန္နဲတောင်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကေအဲန်ယူတို့ စက်တင်ဘာလ ၇ ရကနေ့ မနက်ပိုင်းက နှစ်ဖက် ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ Dawei Watch ကရေးပါတယ်။

    စစ်တပ်ဘက်က အင်အား ၁၅၀ ခန့်နဲ့ ပိန္နဲတောင်ကျေးရွာနဲ့ ဒူရင်းပင်ရှောင်ရွာ တို့ဘက်ကနေ စစ်ကြောင်း နှစ်ကြောင်းခွဲပြီး ကေအဲန်ယူ ထိန်းချုပ်နယ်မြေအတွင်း ဒီကနေ့ စက်တင်ဘာလ ၇ မနက် ၇ နာရီ ခန့်မှာ ဝင်ရောက်လာခဲ့တယ်လို့ သိရတယ်လို့ဆိုပါတယ်။

    မနက် ၈ နာရီကျော်မှာ စစ်တပ်ဘက်က ပြန်ဆုတ်သွားပြီးနောက် မနက် ၁၀ နာရီခန့်မှာ နောက်တစ်ကြိမ်ပြန်တက်လာပြီး ပစ်ခတ်မှု ထပ်မံဖြစ်ပွားနေတယ်လို့ ဒေသခံအချို့ကပြောတယ်လို့ဆိုပါတယ်။

    ဒါအပြင် ထားဝယ်ဒေသ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်မှာ ဒီကနေ့မနက် ၉ နာရီခန့်က ဒေသခံပြည်သူ့ကာကွယ်ရေးတပ် PDF နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲငယ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

    တောင်ပျောက်တိုက်နယ်၊ အနောက်ဘက်ကမ်းကို စစ်ကြောင်းထိုးဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို PDF ပြောက်ကျားတပ်ဖွဲ့ဝင်များက စတင်ပစ်ခတ်ခဲ့တာဖြစ်ပြီး တော့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ လည်းဒေသခံတွေက တစ်ဆင့်သိရပါတယ်။

    မြိတ်နဲ့ ထားဝယ်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ သတင်းနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

    ဒါ့အပြင် စစ်ကောင်စီက ကေအဲန်ယူ တပ်မဟာ ၄ နဲ့တိုက်ပွဲဖြစ်ပွားခဲ့တာမရှိသလို့ ဒေသ အချို့မှာ တိုက်ပွဲတွေဖြစ်နေတယ်ဆိုတာနဲ့ ပတ်သက်လို့ မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။

  2. အခေါက်ရွှေတစ်ကျပ်သားကို ၁၈သိန်းကျော်အထိ စံချိန်တင်အမြင့်ဆုံးဈေးရောက်ခဲ့

    ဒီကနေ့ စက်တင်ဘာ ၇ရက် အမျိုးသားညီညွတ်ရေးအစိုးရဘက်က အရေးပေါ်အခြေအနေကြေညာချက်ဆိုပြီး ထွက်လာတဲ့နောက် မွန်းလွဲ ၁ နာရီ ရန်ကုန် ရွှေဈေးကွက် မှာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၁၈သိန်း ၁သောင်းနဲ့ ရွှေသမိုင်းတစ်လျှောက်စံချိန်တင် အမြင့်ဆုံးရောက်ခဲ့ပါတယ်။

    အဲဒီနောက် ၁၅ မိနစ်အတွင်း မှာ တစ်ကျပ်သားကို ၁၇ သိန်း ၉သောင်း ၆ ထောင်ကျပ်နဲ့ ပြန်လည်ကျဆင်းပြီး အဲဒီဈေးမှာ ဈေးငြိမ်နေပါတယ်။

    အခေါက်ရွှေတစ်ကျပ်သား ၁၈သိန်းကျော်ဖြစ်တာဟာမြန်မာ့ရွှေဈေးသမိုင်းမှာ အမြင့်ဆုံးမှတ်တမ်းဝင်တဲ့ဈေးလည်းဖြစ်ပါတယ်။

    ၁၅ မိနစ်အတွင်း ဈေးကွာဟာမှုဟာ ကျပ် ၂သောင်းကျော်ကျဆင်းခဲ့ပေမယ့် ဒါဟာလည်း အမြင့်ဆုံးနှုန်းမှာဆက်ရှိနေတာပါ။

    '' အဓိကကတော့ နိုင်ငံရေးမတည်ငြိမ်မှုကြောင့်ပါ။ ဒီအချိန်ဝယ်တဲ့သူကတော့ ကျွန်တော်တို့ အမြင် ရှုံးမှာပဲ '' လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်အသင်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

    ရွှေလုပ်ငန်းရှင်အချို့ကတော့ ကမ္ဘာ့ရွှေဈေးတက်လို့မြန်မာ့ရွှေဈေးတက်တယ်လို့ ပြောဆိုကြပေမယ့် ပြည်တွင်းနိုင်ငံရေး အခြေအနေ နဲ့ ငွေကြေးတန်ဖိုးကျဆင်းလာမှုကြောင့် ရွှေဝယ်လိုအားများနေတာလို့ ရွှေဈေးကွက်ကျွမ်းကျင်သူတွေကပြောကြပါတယ်။

    ပြည်တွင်းရွှေဈေးနှုန်း ဟာ ဒေါ်လာငွေဈေးနဲ့ ကမ္ဘာ့ရွှေဈေးအပေါ်မှာ အဓိကမှီတည်ပြီးပြည်တွင်းငွေတန်ဖိုး ကျဆင်းတဲ့အခါ ရွှေမှာ ရင်းနှီးမြုပ်နှံမှု ပိုလုပ်တာ နဲ့ လက်ရှိ ဈေးကွက်ထဲကိုရွှေအဝင်နည်းမှုတွေကလည်း ရွှေဈေးမြင့်တက်စေတဲ့အဓိကအချက်တွေဖြစ်ပါတယ်။

    အာဏာသိမ်းပြီးတဲ့နောက် ၇ လအတွင်း မြန်မာငွေတန်ဖိုး ကျပြီး အမေရိကန်ဒေါ်လာငွေတန်ဖိုး တရိပ်ရိပ်မြင့်တက်တာဟာ ပြည်တွင်းရွှေဈေးတက်စေတဲ့ အဓိကအချက်လို့ သုံးသပ်နေကြပါတယ်။

  3. မြန်မာ့ပင်လယ်ဆိပ်ကမ်းနဲ့ ရေနံတူးဖော်ကဏ္ဍတွေမှာ ရုရှားက ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေ

    မြန်မာပြည်တွင်းက ဘက်စုံသုံး ပင်လယ်ဆိပ်ကမ်းတည်ဆောက်ရေး၊ ရေနံတူးဖော်သန့်စင်လုပ်ငန်းနဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍတွေမှာ ရုရှားရင်းနှီးမြှုပ်နှံသူတွေက စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

    စစ်ကောင်စီရဲ့ စီမံ၊ဘဏ္ဏာဝန်ကြီးနဲ့ ရုရှားရင်းနှီးမြှုပ်နှံသူတွေ တွေ့ဆုံစကားပြောဆိုအပြီးမှာ အခုလို သိရှိခဲ့ရတာဆိုပြီး နိုင်ငံပိုင်သတင်းစာတွေမှာဖော်ပြလာတာဖြစ်ပါတယ်။

    စီမံကိန်းနဲ့ဘဏ္ဏာရေးဝန်ကြီး ဦးဝင်းရှိန်ဟာ ရုရှားနိုင်ငံ ဗလာဒီဗာ့စတော့မြို့မှာကျင်းပခဲ့တဲ့ ၆ ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်ကို သွားတက်ရင်း ရုရှားစီးပွားရေးသမားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

    တခါ ရုရှား-အာဆီယံ စီးပွားရေးဆွေးနွေးပွဲလည်း ပါဝင်ပြီး တက်ရောက်သူတွေက အာဆီနိုင်ငံတွေနဲ့ရုရှားကြား စွမ်းအင်၊ စိုက်ပျိုးရေး၊ သစ်လုပ်ငန်း၊ ခရီးသွား၊ ရင်းနှီးမြှုပ်နှံမှု၊ သိပ္ပံနဲ့နည်းပညာ ဆန်းသစ်တီထွင်မှု ကဏ္ဍတွေ ပူးပေါင်းရေးနဲ့ မြောက်ပိုင်း ပင်လယ်လမ်းကြောင်း ပေါ်လာရေး ဦးတည် ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။

  4. ရန်ကုန်မြို့ခံတွေရဲ့အခြေခံစားသောက်ကုန်ဝယ်ယူမှုအခြေအနေ

    NUG က နိုင်ငံတဝှန်းအရေးပေါ်အခြေအနေကြေညာပြီးတဲ့နောက် ရန်ကုန်မြို့ခံတွေရဲ့အခြေခံစားသောက်ကုန်ဝယ်ယူမှုအခြေအနေအကြောင်း ဘီဘီစီသတင်းထောက်ရဲ့မြေပြင်သတင်းပေးပို့ချက်ကို အောက်က လင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။

  5. မရမ်းကုန်းက ဘောဂသိဒ္ဓိအိမ်ရာဝင်း ပေါက်ကွဲမှုမှာ မိုင်းထောင်သူလည်းသေဆုံးတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်

    ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ဘောဂသိဒ္ဓိအိမ်ရာဝင်းထဲက ကားရပ်နားရာနေရာပေါက်ကွဲမှုမှာ သေဆုံးခဲ့သူ အမျိုးသား ၂ ဦးထဲက ၁ ဦးဟာ မိုင်းထောင်သူဖြစ်တယ်ဆိုပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာပါတယ်။

    စက်တင်ဘာလ ၅ ရက်ညနေပိုင်းက ဖြစ်ခဲ့တဲ့ အဲဒီပေါက်ကွဲမှုကို သွားရောက်စစ်ဆေးချိန်မှာ အမျိုးသား ၂ ဦးသေဆုံးနေတာတွေ့ရပြီး တစ်ဦးဟာ အသက် ၆၅ နှစ်အရွယ် ကွန်ဒိုလုံခြုံရေးစောင့်သူဖြစ်ပြီး နောက်တစ်ဦးဟာ စိစစ်ဆဲအမျိုးသား ဖြစ်တယ်လို့ စစ်ကောင်စီဘက်က နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြလာတာပါ။

    ကွန်ဒိုမှာတပ်ထားတဲ့ လုံခြုံရေးကင်မရာကို စစ်ဆေးတဲ့အခါမှာ အဲဒီအမျိုးသားဟာ ကားရပ်နားရာနေရာမှာ ဖောက်ခွဲဖို့ လက်လုပ်မိုင်းတပ်နေတုန်း ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

    သေဆုံးခဲ့သူတွေဟာ ကိုယ်န္ဓာအနှံ့ မိုင်းစ ထိမှန်ဒဏ်ရာတွေ၊ ပွင့်ထွက်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာလို့ ပြောသလို တပ်မတော်ဆေးရုံကို သယ်ပြီး အရေးယူဆောင်ရွက်ဖို့ ဆက်လုပ်နေပြီလို့လည်း ဆိုပါတယ်။

  6. ပြည်တွင်းသကြားဈေးနှုန်းစံချိန်တင်မြင့်တက်နေတာ ဘာကြောင့်လဲ

    ပြည်တွင်းမှာ အခုလ စက်တင်ဘာလဆန်းကစလို့ သကြားဈေးစံချိန်တင်မြင့်တက်လာတာဟာ မနှစ်တုန်းက ကြံဈေးမကောင်းတာ၊ ရာသီဥတု မကောင်းတာတွေကြောင့် စိုက်ပျိုးမှု လျော့ကျပြီး သကြားအတွက်နှုန်း တန် ၁ သိန်းနီးပါး လျော့ကျခဲ့တာကြောင့်လို့ မန္တလေး သကြားနဲ့သကာရည်လုပ်ငန်းရှင်အသင်းကပြောပါတယ်။

    ပြည်တွင်းသကြားသုံးစွဲနိုင်မှု တနှစ်ကို တန်ပေါင်း ၃ သိန်းကျော်ရှိတဲ့မြန်မာနိုင်ငံမှာ သကြားအထွက်နှုန်းကျချိန် ပြည်တွင်းစားသုံးတာနဲ့ ပြည်ပတင်ပို့တာတွေကြောင့် လက်ရှိပြည်တွင်းမှာ သကြားကုန်လက်ကျန်တွေ လျော့နည်းလာပြီး သကြားဈေးတွေ မြင့်တက်ခဲ့တာဖြစ်ပါတယ်။

    ပြည်တွင်းသကြားကုန်ကြမ်းအတွက် ကြံရာသီသစ်ကို အားထားရမှာဖြစ်ပေမဲ့ ကြံစိုက်တောင်သူတွေဟာ မြေဆီ၊ အာဟာရထည့်ဖို့ အားစိုက်နေရတယ်လို့ ကြံစိုက်တောင်သူလူမှုရေးဥက္ကဋ္ဌက ပြောပါတယ်။ ''ဒီနှစ်က မြန်မာမှာ သကြားအရှားဆုံးနှစ်ဖြစ်သွားပြီ။ တောင်သူအခက်အခဲကတော့ ရစရာရှိတဲ့ပိုက်ဆံတွေ မရတဲ့အခါကျတော့ မြေဆီကို မထည့်လိုက်နိုင်ဘူး။ ကြံဆိုတာက သူ့ရဲ့လိုအပ်ချက် အာဟာရ ဖြည့်ဆည်းပေးမှ ကောင်းတာလေ။ တနိုင်ငံလုံးက အကုန်လုံး ပေးပြီးပြီ။ ကျွန်တော်တို့ ဒီမှာ ထပ်ဆောင်းငွေဆိုပြီး တစ်တန် ၃ ထောင်ဆိုတာ စက်ရုံက ယနေ့အချိန်အထိ မပေးသေးဘူး။'' လို့ သူကပြောပါတယ်။

    လာမယ့် ကြံရာသီပေါ်ချိန်မှာ အထွက်နှုန်းကျဆင်းခဲ့လို့ ပြည်တွင်းသကြားလိုအပ်ချက်တွေရှိလာရင် ပြည်ပကနေ ဝင်လာတဲ့သကြားတွေရှိလာမှာဖြစ်ပါတယ်။

    ဒီအခြေအနေဟာ ပြည်တွင်းသကြားဈေးကွက်ပျက်နိုင်သလို ကျန်တောင်သူတွေအတွက်လည်း စိုက်ပျိုးစရိတ်ပါ မကာမိတဲ့အခက်အခဲတွေ ကြုံတွေ့နိင်တယ်လို့ သကြားကုန်သည်တွေက ပြောပါတယ်။

  7. ဖားကန့်မှာ အင်တာနက်ပြတ်တောက်မှုဖြစ်တာ သီတင်း ၃ ပတ်ပြည့်ပြီ

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့သြဂုတ်လ ၂၀ရက်နေ့ကစပြီးအင်တာနက်လိုင်းပြတ်တောက်မှုဖြစ်တာ ဒီကနေ့ထိဆိုရင် သီတင်း ၃ ပတ်ပြည့်ပြီဆိုပြီးဒေသခံတွေက ပြောပါတယ်။

    အင်တာနက်လိုင်းပြတ်တောက်မှုဟာ ဖားကန့်မြို့နယ်တစ်ခုလုံးမှာဖြစ်ပေါ်နေ တာဖြစ်ပြီး မိုဘိုင်းအင်တာနက်အားလုံးနဲ့ဝိုင်ဖိုင်အင်တာနက်တွေကိုပါသုံးလို့မရဖြစ်နေသေးတယ်လို့ ဒေသခံတွေကပြောပါတယ်။

    " ဖားကန့်က လမ်းပန်းဆက်သွယ်ရေးလည်းခက်တယ်လေ။အင်တာနက်မရတော့ အင်တာနက်နဲ့လုပ်ရတဲ့ငွေထုတ်ငွေလွှဲတွေလည်းလုပ်လို့မရဘူး။ သတင်းအချက်အလက်ကလည်း ကိုယ့်အနားမှာဖြစ်တာမဟုတ်ရင် သိပ်မသိတော့ဘူး။ ရခိုင်ပြည်နယ်မှာအင်တာနက်ဖြတ်ခံရတယ်ဆိုတာ ကြားလိုက်တုန်းကကိုယ်နဲ့မဆိုင်ဘူးထင်ခဲ့တာ၊အခုကိုယ်တိုင်အင်တာနက်ဖြတ်ခံလိုက်သတင်းတွေဘာမှမသိရတော့ ကိုယ်ချင်းစာမိတယ်" လို့ဖားကန့်ဒေသခံတစ်ဦးကဘီဘီစီကိုပြောပါတယ်။

    ဖားကန့်မြို့မှာ အခုလိုအင်တာနက်ဖြတ်တောက်ခံထားရတာဟာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့စစ်ကောင်စီတို့ကြားထိုးစစ်တွေဖြစ်လာနိုင်တဲ့ သတင်းတွေကြောင့်လည်း ကြိုတင်ဖြတ်တောက်တာဖြစ်နိုင်တယ်လို့ဒေသခံတချို့ကလည်းပြောဆိုပါတယ်။

    အခုလိုအင်တာနက်ဖြတ်တောက်ခံရတာနဲ့ပတ်သက်လို့ဒေသခံတွေကသက်ဆိုင်ရာ အင်တာနက်ဆက်သွယ်ရေးကုမ္ပဏီကိုတွေဆက်သွယ်မေးမြန်းရာမှာတော့ စစ်ကောင်စီဘက်ကဖြတ်တောက်ခိုင်းတယ်ဆိုတဲ့ သဘောပြန်လည်ဖြေဆိုတယ်လို့လည်း ဖားကန့်ဒေသခံတွေကဆိုပါတယ်။

    ဖားကန့်မှာ အင်တာနက်ဖြတ်တောက်ထားတာနဲ့ပတ်သတ်ပြီး ဘီဘီစီက ဆက်သွယ်ရေးကုမ္ပဏီတွေဘက်ကိုဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

    စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖားကန့်မြို့နယ်ထဲမှာ အာဏာသိမ်းဆန့်ကျင်ရေးနဲ့ KIA ကိုထောက်ခံတဲ့ ဆန္ဒပြပွဲတွေကို ဒေသခံတွေက ပြုလုပ်ခဲ့ကြဖူးပါတယ်။

    NLD အစိုးရလက်ထက်တုန်းကလည်း ရခိုင်ပြည်နယ်ထဲမှာ ရခိုင့်တပ်မတော် အေအေနဲ့စစ်တပ်ကြားတိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၀ အတွင်းရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၈ခုကို တနှစ်ကျော်ကြာ အင်တာနက်လိုင်းဖြတ်တောက်မှုဖြစ်ခဲ့ပါသေးတယ်။

  8. တော်လှန်ရေး စတင်ကြောင်း NUG ကြေညာ

    စက်တင်ဘာ ၇ ရက် က စပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူလူထုရဲ့ တော်လှန်ရေး စတင်ပြီလို့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ရဲ့ ယာယီ သမ္မတ ဒူဝါလရှီးလက အာဏာသိမ်း စစ်ကောင်စီ အပေါ် စစ်ကြေညာ လိုက်ပါတယ်

    စစ်အုပ်ချူပ်ရေးကို တနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန် တိုက်ဖျက်ကြ ဆိုပြီး NUG သမ္မတက ပန်ကြားပါတယ်။

    ပြည်သူ့ကာကွယ်ရေး PDF တပ်များ အနေနဲ့ မိမိတို့ ဒေသထဲမှာ ရှိနေတဲ့ စစ်အာဏာရှင်နဲ့ ဒေါက်တိုင်တွေကို ပစ်မှတ်ထား ထိန်းချုပ်ကြ ဆိုပြီးတော့လည်း ကြေညာချက်ထဲ ပါဝင်ပါတယ်။

    စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အားလုံး အလုပ်နေရာတွေကနေ ချက်ခြင်း စွန့်ခွာကြ၊ PDF တွေ အနေနဲ့ အများပြည်သူရဲ့ အသက်အိုးအိမ် စည်းစိမ်ကို သတိထား ကာကွယ် စောင့်ရှောက်၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်က ထုတ်ပြန်ထားတဲ့ စစ်ဘက်ဆိုင်ရာ စည်းမျဥ်းစည်းကမ်းတွေကို တသွေမတိမ်း လိုက်နာကြပါ ဆိုပြီးတော့လည်း ဒူဝါလရှီးလက ညွှန်ကြားပါတယ်။

    စစ်ကောင်စီ တပ်တွေရဲ့ လှုပ်ရှားမှု သတင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေထံ အကြောင်းကြားဖို့နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်တွေကို တတ်နိုင်သမျှ ကူညီကြဖို့ ဆိုပြီးတော့လည်း ပြည်သူလူထုကို NUG သမ္မတက ပန်ကြာထားတာကို သူ့ရဲ့ မိန့်ခွန်းထဲ တွေ့ရပါတယ်။

    အခုတော်လှန်ရေးဟာ တရားမျှတတဲ့ တော်လှန်ရေး၊ ရေရှည် ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ တော်လှန်ရေး ဖြစ်တယ်လို့လည်း ဒူဝါလရှီးလက ထည့်သွင်းပြောဆို သွားပါတယ်။ #ဘီဘီစီမြန်မာပိုင်း #NUG #DDay #ဒူဝါလရှီးလEnter

  9. မင်းကင်း NLD ပါတီ ဥပဒေအထောက်ကူပြုကော်မတီ ဥက္ကဋ္ဌနဲ့ ၂ ဦး အဖမ်းခံရ

    မင်းကင်းမြို့နယ် NLD ပါတီ ဥပဒေအထောက်ကူပြုကော်မတီ ဥက္ကဋ္ဌ ကိုကျော်မင်းထွဋ် နဲ့ သူရဲ့ ညီ ကိုကျော်မင်းအောင်အပါအဝင် ၃ ဦးကို မုံရွာမြို့မှာ နေ့လယ် ၃ နာရီလောက်က အဖမ်းခံရတယ်လို့ သူနဲ့နီးစပ်တဲ့ မိတ်ဆွေတွေက ပြောပါတယ်။

    သူတို့အဖမ်းခံရတဲ့ အကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမူတာဝန်ခံမှုဆိုင်ရာ မဟာမိတ်အဖွဲ့က MATA လည်း ဒီကနေ့ စက်တင်ဘာလ ၆ ရက်နေ့ ညနေပိုင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

    ကိုကျော်မင်းထွဋ်ဟာ MATAအဖွဲ့ဝင်တစ်ဦး ဖြစ်ပြီးတော့ မင်းကင်းမြို့နယ် NLD ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးမှာ အဓိက ပါဝင်ခဲ့သူတစ်ဦးဖြစ်တယ်လို့ သိရပြီး မုံရွာမြို့နန္ဒဝန်ရပ်ကွက်က နေအိမ်မှာ ဒီကနေ ညနေပိုင်းက အဖမ်းခံခဲ့ရတာလို့လည်း မုံရွာမြို့ခံတွေက ပြောပါတယ်။

    MATA ရဲ့ထုတ်ပြန်ချက်အရ မနေ့ကလည်း စက်တင်ဘာလ ၅ ရက်နေ့က ကိုကျော်မင်းထွဋ်ရဲ့ ဇနီးဖြစ်သူနဲ့ ၂ နှစ်အရွယ်သမီးငယ်တို့ကို ဖမ်းဆီးသွားခဲ့တယ်လို့သိရပါတယ်။

    သူတို့ကို ဘာကြောင့်ဖမ်းဆီးသွားတယ်ဆိုတာကို မသိရသေးကြောင်းနဲ့ ကိုကျော်မင်းထွဋ်ကို စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ပုဒ်မ ၅၀၅ က နဲ့ အမှုဖွင့်ထားတယ်လို့ ကြားရပြီး ပြီးခဲ့တဲ့ တစ်လကတည်းကစစ်ကောင်စီက လိုက်လံရှာဖွေနေတယ် လို့သိရကြောင်း မုံရွာမြို့ခံတွေက ပြောပါတယ်။

  10. သြဂုတ်လအတွင်း ပေါက်ကွဲမှု ၁၃၄ ကြိမ်ဖြစ်ခဲ့ပြီး လူပေါင်း ၂၂ ဦးသေဆုံး

  11. ရခိုင်ပြည်နယ်ကျေးရွာအချို့မှာ ကိုဗစ်ရောဂါဖြစ်ပွားနေ

  12. မြန်မာ သို့မဟုတ် အရှေ့တောင်အာရှမှာ မပျော်ရွှင်ရဆုံး နိုင်ငံ, ကမ္ဘာ့ ပျော်ရွှင်မှုဆိုင်ရာ ဆန်းစစ်မှု ကုလ အစီရင်ခံစာ ၂၀၂၁ ထဲ မြန်မာ အမှတ်စဥ် ၁၂၆ မှာ ရောက်ရှိနေ

    ပျော်ရွှင်ရမှု စံနှုန်းတွေနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးကို ဆန်းစစ်ပြီး အဆင့်တွေ သတ်မှတ်ပေးထားတဲ့ ၂၀၂၁ အစီရင်ခံစာ ထွက်လာတာမှာ အရှေ့တောင်အာရှ ဒေသတွင်းမှာ စင်္ကာပူက အပျော်ရွှင်ရဆုံး၊ မြန်မာက မပျော်ရဆုံး ဆိုပြီး သတ်မှတ်ထားတာ တွေ့ရပါတယ်။

    ဒီ အစီရင်ခံစာကို ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့ ရေရှည်တည်တံ့ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကွန်ရက် အဖွဲ့ကနေ ထုတ်ပြန်နေတာမှာ အခုတစ်ခေါက်ကတော့ ၉ ကြိမ်မြောက် အစီရင်ခံစာ ဖြစ်ပါတယ်။

    ဒီတစ်ခေါက် အစီရင်ခံစာကတော့ ကိုဗစ် နိုင်တင်း ကမ္ဘာ့ကပ်ဘေး သင့်နေချိန် လူမှုဘဝတွေပေါ် သက်ရောက် ရိုက်ခတ် ခံရတဲ့ အနေအထားနဲ့ သက်ဆိုင်ရာ အစိုးရအဖွဲ့တွေရဲ့ တုန့်ပြန် ကိုင်တွယ် ထိန်းချုပ်ပုံတွေ အပေါ် အဓိက အာရုံစိုက်ထားတယ်လို့ ဆိုပါတယ်။

    ၆.၄ မှတ်နဲ့ စင်္ကာပူက အာဆီယံနိုင်ငံတွေထဲ ထိပ်ကပြေးပေမယ့် ကမ္ဘာ့ နိုင်ငံတွေ အားလုံးထဲမှာတော့ နံပါတ် ၃၂ နေရာမှာ ရှိပါတယ်။ အာရှ ဒေသမှာ ထိပ်ဆုံးက ရှိနေတာ ထိုင်ဝမ် ဖြစ်ပြီး နံပါတ် ၂၄ နေရာမှာ ဖြစ်ပါတယ်။ မြန်မာကိုတော့ ရမှတ် ၄.၆ နဲ့ အမှတ်စဥ် ၁၂၆ မှာ သတ်မှတ် နေရာပေးထားတာ တွေ့ရပါတယ်။

    ထိပ်ဆုံးမှာတော့ ဖင်လန်၊ ဒိန်းမတ်၊ အိုက်စ်လန်၊ နယ်သာလန်၊ နော်ဝေ၊ ဆွီဒင် စတဲ့ ဥရောပ မြောက်ပိုင်း နိုင်ငံတွေ၊ စကင်ဒီနေးဗီးယန်း နိုင်ငံတွေကို အပျော်ရွှင်ရဆုံး နိုင်ငံတွေ အဖြစ် ထားရှိပါတယ်။ အောက်ဆုံးမှာတော့ ရဝမ်ဒါ၊ ဇင်ဘာဘွေ၊ အာဖဂန်နစ္စတန် ဆိုပြီး အမှတ်စဥ် ၁၄၇၊ ၁၄၈၊ ၁၄၉ ဆိုပြီး သတ်မှတ်ထားပါတယ်။

    ကိုဗစ် ကာကွယ်ဆေးတွေ စပြီး ရရှိတဲ့ အစောဆုံး ကမ္ဘာ့ နိုင်ငံတွေထဲ မြန်မာလည်း ပါဝင်ခဲ့ပေမယ့်၊ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ကိုဗစ်ဆေး ထိုးရေး လုပ်ငန်းတွေ အပါအဝင် ကျန်းမာရေး စောင့်ရှောက်မှု ယန္တရားတစ်ခုလုံး ရပ်ဆိုင်းလုမတတ် ဖြစ်သွားတဲ့ အခြေအနေတွေကို အခုလို ပျော်ရွှင်မှုနည်းရတဲ့ နိုင်ငံအဖြစ် ဆန်းစစ်ခံနေတာက လာပြီး ထင်ဟပ်နေတယ်လို့ အကဲခတ်တွေက ပြောကြပါတယ်

  13. ဦးဝီရသူကို အမှုပိတ်ပြီး ပြန်လွှတ်

    နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးခံထားရတဲ့ မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူပြန်လွတ်လာပြီလို့ သူကို ထောက်ခံသူတွေထံက သိရပါတယ်။

    ဒီကနေ့ နေ့လယ်ပိုင်းက အမှုပိတ်ပြီး လွတ်လာတာဖြစ်တယ်လို့လည်း သူတို့က ပြောပါတယ်။

    ဦးဝီရသူအမူကို ပိတ်သိမ်းလိုက်တာဖြစ်ပြီး တပ်မတော်ဆေးရုံမှာ ဆေးကုသမှုလုပ်နေတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြုခဲ့တယ်လို့ ပြည်တွင်း အခြေစိုက် People Media သတင်းဌာနက ရေးပါတယ်။

    ဦးဝီရသူထောက်ခံသူတွေက ရန်ကုန်မြို့မှာ သူဟာသင်္ကန်းပြန်ဝတ်တဲ့ အခမ်းအနား လုပ်ဖို့ရှိတယ်လို့လည်း ဘီဘီစီက သိရပါတယ်။

    မဘသ အမျိုးသားရေးဆရာတော်လို့ လူသိများတဲ့ ဦးဝီရသူဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကိုဗစ်၁၉ ရောဂါပိုး ကူးစက်ခံထားရလို့ ဆေးကုသမှု ခံယူနေခဲ့ရတာ လို့လည်း သတင်းရပါတယ်။

    ဦးဝီရသူဟာ ယခင် အရပ်သားအစိုးရလက်ထက်က အမျိုးသားရေးဟောပြောပွဲတစ်ခုမှာ ဟောပြောချက်များကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)နဲ့ အမှုဖွင့်ထားခဲ့ပြီး တိမ်းရှောင် ထွက်ပြေးနေရာမှ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမတိုင်မီ ​နိုဝင်ဘာလ ၂ ရက်နေ့မှာ ပြန်လည်အဖမ်းခံခဲ့တာဖြစ်ပါတယ်။

    ဦးဝီရသူနဲ့ ပတ်သက်ပြီး ဒီကနေ့တရားရုံးမှာvideo Conferencing နဲ့ ကြားနာစစ်ဆေးခဲ့ကြောင်း ၊ ဆရာတော်ကို တရားစွဲဆိုခဲ့တဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့က အမူကို ကျေအေးကြောင်း တရားရုံးကို ဦးတိုက်လျှောက်ထားလို့ ယနေ့ ညနေမှာ ပြန်လွှတ်ပေးလိုက်ကြောင်း တပ်မတော်ဆေးရုံမှာ ဆေးကုသလျက်ရှိတယ်လို့ စစ်ကောင်စီဘက်က စက်တင်ဘာလ ၆ ရကနေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

    ဒီနေ့ သူ့ကို လွှတ်ပေးလိုက်တာဟာ တရားစွဲထားတဲ့အမှုကို ရုပ်သိမ်းပြီး ပြန်လွှတ်ပေးခဲ့တာဖြစ်တယ်လို့လည်း သူ့ကိုထောက်ခံသူတွေက ပြောပါတယ်။

  14. မင်းတပ်ဒေသထဲ ခရစ်ယာန်ဘုရားကျောင်း တချို့ထဲ စစ်ကောင်စီတပ်တွေ စီးနင်း နေရာယူခဲ့ကြောင်း ကက်သလစ် အသိုင်းအဝိုင်းက ထုတ်ပြန်

    ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲက ခရစ်ယာန် ဘာသာရေးဆိုင်ရာ ဘုရားရှိခိုးကျောင်းတချို့မှာ စစ်တပ်က နေရာယူ တပ်စွဲတာမျိုးတွေ ပြုလုပ်ခဲ့တယ် ဆိုပြီး ကက်သလစ် ကျောင်းတော် အသိုင်းအဝိုင်း တစ်ခု ဖြစ်တဲ့ ဆွစ်ဇာလန် အခြေစိုက် ပုပ်ပိုင်းယပ်စ် ၁၀ FSSPX အဖွဲ့ရဲ့ သတင်းဌာနက ထုတ်ပြန်ပါတယ်။

    ချပ်ရွာထဲက စိန့်ဂျွန် ကက်သလစ် ဘုရားကျောင်းအပြင် နှစ်ခြင်းဘုရားကျောင်း တစ်ခုလည်း အလားတူ ပြုမူခံခဲ့ရတယ်လို့ ဆိုပါတယ်။

    စိန့်ဂျွန်ဘုရားကျောင်းက ကက်သလစ် ဘုန်းတော်ကြီး ဖာသာ ဂျွန်အောင်ကို နှင်ထုတ်ပြီး စစ်ကောင်စီ တပ်သားတွေက ဘုရားကျောင်းထဲ တပ်စွဲနေရာချတဲ့ ဖြစ်ရပ်ဟာ ဩဂုတ်လ အကုန်ပိုင်းမှာ ပေါ်ပေါက်ခဲ့တာ ဖြစ်တယ်လို့ ဟားခါးဒိုင်အိုစီ ကက်သလစ် ဘုရားကျောင်းများ သတင်းရင်းမြစ်တွေက ပြောတယ်လို့ FSSPX ရဲ့ သတင်း ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။

    ဘုရားကျောင်းထဲမှာ ရှိတဲ့ ဘာသာရေးနဲ့ ဆိုင်တဲ့ အထွဋ်အမြတ်ထားရာ ပစ္စည်းတွေကို ဖယ်ရှားပစ်တာမျိုး၊ မြေကြီးပေါ် ပစ်ချတာမျိုး၊ ပိတ်ထားတဲ့ ကက်ဘိနက် ဗီဒိုတွေကို သော့တွေ ဖျက်စီး အဓမ္မ ဖွင့်တာမျိုးတွေ ပြုလုပ်ကြတယ်လို့ ဆိုပါတယ်။ (အသွေးတော် အသားတော်ကို ကိုယ်စားပြုတဲ့ ဂျုံပြားထည့်ရာ ခွက်ကို လွှင့်ပစ်ပြီး ခြေထောက်နဲ့ တက်နင်းတာမျိုး ပြုမူခဲ့ကြောင်း မျက်မြင်တချို့က ထွက်ဆိုကြတယ်လို့ ဆိုပါတယ်။)

    ချပ်ရွာဆိုတာ အိမ်ထောင်စု ၇၀ နီးပါး ရှိတဲ့ ရွာဖြစ်ပြီး အဲဒီထဲက မိသားစု ၄၂ စုဟာ ကက်သလစ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ ဒေသပတ်ဝန်းကျင်မှာ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ခဲ့ပြီးတဲ့နောက် ရွာကို စစ်ကောင်စီတပ်တွေ ရောက်လာကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ဘက်ပတစ် နှစ်ခြင်း ဘုရားကျောင်းထဲမှာလည်း သမ္မာကျမ်းစာအုပ်တွေကို လွှင့်ပစ်တာ၊ ဘုရားကျောင်း ပရိဘောဂတွေကို ဖျက်စီးတာမျိုးတွေ ရှိခဲ့ပြီး ဘုရားကျောင်း ပရိဝုဏ်ထဲ စစ်ကောင်စီ တပ်သားတွေဟာ အရက်သေစာတွေ သောက်စားမူးယစ်ကြ၊ သားကောင်တွေကို သတ်ဖြတ်၊ ချက်ပြုတ် စားသောက်ကြတာမျိုးတွေလည်း ပြုမူခဲ့ကြတယ်လို့ နှစ်ခြင်း အသိုင်းအဝိုင်းဘက်က ပြောကြောင်း FSSPX က ဆိုပါတယ်။

    အိန္ဒိယထဲမှာ အခြေစိုက်ထားတဲ့ ချင်းရေးရာ အဖွဲ့ချုပ် ICA ကလည်း စစ်ကောင်စီတပ်တွေရဲ့ အပြုအမူကို ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန် ထားပါတယ်။

    မင်းတပ်ဒေသထဲ ခရစ်ယာန် ဘုရားကျောင်းတွေထဲ တပ်စွဲနေရာယူခဲ့တဲ့ အပြုအမူနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာ ရှင်းလင်း ပြောကြားတာမျိုး မတွေ့ရသေးပါဘူး။

  15. ချင်းပြည်နယ်ထဲမှာ ဘာသာရေးခေါင်းဆောင်တွေကိုစစ်ကောင်စီက တစ်လ ငွေ ၁၈,၀၀၀ ထောက်ပံ့မယ်ပြောပေမယ့် စာရင်းပေးသူနည်း, ငွေကြေးထောက်ပံ့တာထက် ဘာသာရေးအဆောက်အအုံတွေကိုကာကွယ်ပေးသင့်တယ်လို့ ဆို

    ချင်းပြည်နယ်ထဲမှာရှိတဲ့ ခရစ်ယာန်ဘုန်းတော်ကြီးတွေ၊ ဗုဒ္ဓဘာသာ သံဃာတော်တွေနဲ့ သီလရှင်တွေကို စစ်ကောင်စီက တစ်လကိုငွေကျပ် ၁၈,ဝဝဝထောက်ပံ့ပေးဖို့ ဘာသာရေးအသင်းအဖွဲ့တွေဆီစာရင်းသွင်း ဖို့အကြောင်းကြားခဲ့ပေမယ့် စာရင်းတင်သွင်းတဲ့သူနည်းပါးနေတယ်လို့ မင်းတပ်မြို့ပေါ်က ဘာသာရေး အသင်းအဖွဲ့တွေကပြောပါတယ်။

    "ဒီအခြေအနေရဆိုရင် သူတို့လှူဒါန်းချင်တယ်ဆိုရင် အခုလို ဘုန်းကြီးတပါး၁၈,ဝဝဝလစာမပေးပဲနဲ ခရစ်ယာန်ကျောင်းသော်လည်းကောင်း၊ ဗုဒ္ဓဘာသာာကျောင်းကိုလည်းကောင်းလှူဒါန်းတာ သဘာဝ ကျပါတယ်။ ဒါမတိုင်ခင်က ဗုဒ္ဓဘာသာကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ခရစ်ယာန် ကျောင်းတွေလည်း မင်းတပ်မှာဖျက်စီးခံရတယ်။ ဘာသာရေးအဆောက်အဦးတွေကို ကာကွယ်စောင့်ရှောက်မယ်ဆိုရင် နိုင်ငံတော်ကပိုတာဝန်ကျေပါတယ်လို့ " မင်းတပ်ဒေသခံ ခရစ်ယာန်ဘုန်းတော်ကြီးတပါးက ဘီဘီစီကို မိန့်ကြားပါတယ်။

    ချင်းပြည်နယ်အတွင်းက မြို့နယ် ၉ခုမှာ သီတင်းသုံးနေထိုင်တဲ့ သံဃာတော်တွေ၊ သီလရှင်တွေနဲ့ ဘာသာရေးဆရာတော်(ပါစတာ) ဦးရေ ၃၀၀၀ ကျော်အတွက် ငွေကျပ် သိန်း ၅ဝကျော်ကို ခွဲဝေပြီး တစ်ဦးကို ငွေကျပ် ၁၈,၀၀၀ ထောက်ပံ့မယ်လို့ စစ်ကောင်စီဘက်က အကြောင်းကြားစာပေးပို့လာတာဖြစ်တယ်လို့ ဘာသာရေးခေါင်းဆောင်တွေကပြောပါတယ်။

    ပြည်တွင်းမှာ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်းမှာ ချင်းပြည်နယ်မင်းတပ်မြို့နဲ့ကန်ပက်လက် မြို့ပေါ်မှာရှိတဲ့ ခရစ်ယာန် ဘုရားကျောင်းတွေ ထဲလက်နက်ကြီးကျတာတွေ၊ ဘုရားကျောင်းတွေထဲဝင်ရောက် မွှေနှောက်ဖျက်စီးခံရတာတွေ လည်းရှိခဲ့တယ်လို့ ဒေသခံ ဘာသာရေးအသင်းအဖွဲ့တွေကလည်းပြောဆိုခဲ့ပါတယ်။

  16. တရုတ်က မြန်မာကို ကာကွယ်ဆေး တစ်သန်း ထပ်ပေးမယ်ပြော

    တရုတ်က မြန်မာကို ကိုဗစ်ကာကွယ်ဆေး တစ်သန်း မကြာမီ ထပ်ပေးဖို့ရှိကြောင်း မြန်မာနိုင်ငံ တရုတ်သံရုံးက ဒီကနေ့ စက်တင်ဘာလ ၆ ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။

    စက်တင်ဘာလ ၃ ရက်နေ့က ကျင်းပတဲ့ အာဆီယံမှ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုဆိုင်ရာထောက်ပံ့မှုဆိုင်ရာ အခမ်းအနားမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အခုလိုပြောကြားခဲ့တာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    ဒါ့အပြင် တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ကိုဗစ် ကာကွယ်ဆေး ၄ သန်းနီးပါး လှူဒါန်းထားတယ်လို့ ရန်ကုန်မြို့ရှိ တရုတ်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

    တရုတ်နိုင်ငံက မြန်မာနိုင်ငံကို လိုအပ်ချက်အရ ကိုဗစ်ကာကွယ်ဆေး လုံးရေ ၈.၆ သန်းထောက်ပံ့ထားခဲ့ပြီးအဲ့ဒီထဲက ၃.၉ သန်းဟာ အခမဲ့ထောက်ပံ့ပေးထားခဲ့တာလို့ဆိုပါတယ်။

    မြန်မာနိုင်ငံမှာ သြဂုတ်လကုန်အထိ လူဦးရေ ၅ သန်းနီးပါး ကာကွယ်‌ဆေးထိုးထားပြီး လာမဲ့ နှစ်ကုန်မှာနိုင်ငံ့လူဦးရေ ၅၀ ရာခိုင်နူန်း အထိ ကာကွယ်ဆေးထိုးဖို့ရည်မှန်းထားပါတယ်။

  17. ကိုဗစ်ပိုးတွေ့သူများလာလို့ တနင်္သာရီ မြို့ပေါ်လမ်းအချို့ကိုပိတ်ထား

    မြိတ်ခရိုင် တနင်္သာရီမြို့နယ်မှာ ကိုဗစ် ၁၉ ရောဂါကူးစက်ပြီး ရောဂါပိုးတွေ့ရှိသူများလာလို့ မြို့ပေါ်မှာရှိတဲ့ လမ်းတစ်ချို့ကို စက်တင်ဘာလ ၄ ရက်နေ့မှကစပြီး လော့ဒေါင်းသတ်မှတ်ထားကြောင်း Dawei Watch ကရေးပါတယ်။

    တနင်္သာရီမြို့ပေါ်က ချောင်းကြီးရပ်ကွက်ရှိ ရွှေလိပ်ပြာလမ်း၊ တိုးချဲ့ ၂ လမ်းနဲ့ မဂ္ဂင်လမ်း တို့ကို ၁၄ ရက်အကြာ စောင့်ကြပ်ကြည့်ဖို့အတွက် လော့‌ဒေါင်းသတ်မှတ်လိုက်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    ပိတ်ထားတဲ့ လမ်းသုံးလမ်းမှာ အိမ်ခြေတစ်ရာဝန်းကျင်ခန့်ရှိကြောင်း အဲ့ဒီနေရာမှာနေထိုင်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

    အဆိုပါ လမ်းအတွင်းနေသူတို့ဟာ အရေးကိစ္စတစ်ခုခုကြောင့် နေအိမ်ပြင်ပကို မဖြစ်မနေသွားလာရန်ရှိပါက သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပေးတဲ့ အဝင်/အထွက်သွားလာခွင့် ကတ်ပြားနဲ့ တစ်အိမ်ကို တစ်ဦးသာ သွားလာခွင့်ရရှိမှာဖြစ်တယ်လို့ ကန့်သတ်ထားကြောင်းသိရပါတယ်။

    တနင်္သာရီမြို့နယ်မှာ ဩဂုတ်လ၃၁ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့လူနာ ၉၈၆ ဦးနှင့်သေဆုံးသူ ၁၀ ဦးရှိခဲ့တယ်လို့ သိရပြီးစင်တင်ဘာလထဲမှာတော့ ကိုဗစ်ပိုးတွေ့လူနာတွေ တနင်္သာရီမှာ ရက်ဆက်တွေ့နေရတယ်လို့လည်း သိရပါတယ်။

  18. မုံရွာ မြို့လယ်ရပ်ကွက်ထဲကို စစ်ကောင်စီတပ်တွေဝင်ပစ်

    စက်တင်ဘာလ ၅ ရက်နေ့ ည၈နာရီကျော်က မုံရွာမြို့လယ် ရပ်ကွက်ကြီးတစ်ခုဖြစ်တဲ့ အောင်မင်္ဂလာရပ်ကွက် သုတရာမလမ်းအတွင်း ကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ကာ ပစ်ခတ်မှုရှိခဲ့ကြောင်း ရပ်ကွက်နေသူတွေထံက တစ်ဆင့်သိရပါတယ်။

    ပစ်ခတ်မှုကြောင့် လူနေအိမ်အချို့မှာ ကျည်ထိမှန်တာတွေရှိခဲ့တယ်လို့ လည်းသူတို့ကပြောပါတယ်။

    "သူတို့လိုချင်တဲ့သူ လာဖမ်းတာ၊အိမ်နံပါတ်အတိအကျနဲ့လာတာ၊ တခြားအိမ်တွေလည်း အတွဲလိုက် ရမ်းပစ်သွားတယ် "ဟု ရပ်ကွက်နေသူ အမျိုးသမီးတစ်ဦးကပြောပါတယ်။

    လူနေအိမ်တံခါးများကို ပစ်ခတ်မှုကြောင့် ကျည်ထိမှန်ခဲ့သလို အမျိုးသမီးတစ်ဦး သေနတ်ကျည်ရှပ်မှန်ဒဏ်ရာရထားတယ်လို့လည်းသိရပါတယ်။

    အဲ့ဒီလမ်းထဲက ချင်းပြည်နယ်ဘက်ရောက်လာတဲ့ လူငယ် ၃ဦး ဖမ်းဆီးခံခဲ့ရကြောင်း ရပ်ကွက်နေသူတွေက ပြောပါတယ်။

    ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

  19. ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟောင်း ထောင် ၁၀ နှစ်ချမှတ်ခံရ

    ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ(ဒတကသ)ဥက္ကဋ္ဌဟောင်းဖြစ်သူ ကိုမင်းသုခဟာ စစ်ကောင်စီလက်အောက်က စစ်ခုံရုံးရဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်တာကို ခံလိုက်ရတယ်ဆိုပြီး ဒတကသ က ဒီနေ့ စက်တင်ဘာလ ၆ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

    ကိုမင်းသုခဟာ ဇွန်လ ၅ ရက်မှာ ဖမ်းဆီးခံခဲ့ရပြီးတဲ့နောက် ဖောက်ခွဲရေးလုပ်ငန်းတွေလုပ်နေသူလို့ စွပ်စွဲခံရအပြီးမှာ မြောက်ဥက္ကလာပမြို့နယ် စစ်ခုံရုံးက အခုလို ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။

    ကိုမင်းသုခဟာ အမြင်အာရုံအားနည်းသူဖြစ်ပြီး ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်တွေမှာ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်။