ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ရိုဟင်ဂျာတွေအရေး ဆောင်ရွက်သူ သတ်ဖြတ်ခံရမှုကို စုံစမ်းဖို့ လူ့အခွင့်အရေးဆောင်ရွက်သူတွေ တောင်းဆို

အသက် ၄၈ နှစ်အရွယ် မိုဟီးဘူလာဟာ ကောက်ဇက်ဘဇားခရိုင်ထဲမှာရှိတဲ့ ကူတူပါလောင်ဒုက္ခသည်စခန်းထဲက သူ့ရဲ့ရုံးခန်းထဲမှာ စက်တင်ဘာလ ၂၉ ရက် ည ၈ နာရီကျော်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာလို့ သိရပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ယူကေက ဦးတေဇကို အရေးယူပိတ်ပင်တာ ကြိုဆိုတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးပြော

    နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်ရဲ့ မှတ်ချက်ကို ရန်ကုန် အမေရိကန် သံရုံး စာမျက်နှာမှာ ဖော်ပြထားပါတယ်။

  2. တစ်ရှူးငှက်ပျောစိုက်ပျိုးဖို့ စစ်ကောင်စီ ဥက္ကဋ္ဌ ညွှန်ကြား

  3. ပေါက်မြို့နယ်တောင်ပိုင်းက တပ်ကုန်းရွာမှာ နေအိမ်အချို့ စီးနင်းရှာဖွခံရ

    မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တောင်ပိုင်း တပ်ကုန်းရွာက အရပ်သားနေအိမ်တချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီနေ့ စက်တင်ဘာလ ၃ ရက်မှာ ဝင်ရောက်ရှာဖွေမှုတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ရွာနီးစပ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လှုပ်ရှားသွားလာနေလို့ ရွာခံတွေ တိမ်းရှောင်နေကြချိန်မှာ ဒေသခံ ၃ ဦးထက်မနည်းရဲ့နေအိမ်တွေ အခုလိုရှာဖွေဖျက်ဆီးခံခဲ့ရတာလို့ ရွာခံတွေက ပြောပါတယ်။

    ဒီနေ့ဖြစ်စဉ်မှာ ဖမ်းဆီးခံရသူရှိ၊ မရှိဆိုတော့ အတိအကျ အတည်မပြုနိုင်သေးပါဘူး။

    စက်တင်ဘာလ ၂ ရက်တုန်းကလည်း အဲဒီနယ်ထဲက ဝန်းခြုံးရွာမှာ နေအိမ်တချို့ မီးရှို့ခံရပြီး မီးလောင်မှုဖြစ်ခဲ့ပါသေးတယ်။ ဒီလိုမီးလောင်တာကို မျက်စိနဲ့မြင်တွေ့ရပေမဲ့ ရွာသွားတွေဟာ စစ်ရှောင်နေရတာကြောင့် ရွာထဲမဝင်နိုင်ဖြစ်ခဲ့ကြပါတယ်။

    ပေါက်မြို့နယ်ထဲကပဲ တောင်ဘက်ရွာက စာသင်ကျောင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ တပ်စွဲနေထိုင်နေတယ်လို့ ဒေသခံတွေက အစောပိုင်းမှာပြောထားပါတယ်။

    ပေါက်မြို့နယ်ထဲက ရွာတွေကို ဘာ့ကြောင့် အခုလို ရှာဖွေမှုတွေလုပ်နေတယ်ဆိုတာကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

    ဒါပေမဲ့ ပေါက်မြို့နယ်တောင်ပိုင်းက ကင်းမရွာမီးလောင်ကျွမ်းမှုကတော့ ဒေသခံ လက်နက်ကိုင်ဆောင်သူတချို့က ရွာထဲက ပြည်ခိုင်ဖြိုးပါတီဝင်နေအိမ်ကို မီးရှို့ရာကနေ တစ်ရွာလုံး နီးပါးကို ကူးစက်လောင်ကျွမ်းတာ ဖြစ်နိုင်တယ်ဆိုပြီး စစ်ကောင်စီ သတင်းထုတ်ပြန်ရေးဘက်က ပြောထားဖူးပါတယ်။

  4. တန့်ဆည်မှာ စစ်ကောင်စီကားတွေ တိုက်ခိုက်ခံရလို့ဒေသခံတွေပြော

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ကားတွေ ဒီနေ့ စက်တင်ဘာလ ၃ ရက် မနက်အစောပိုင်းအချိန်မှာ မိုင်းခွဲတိုက်ခိုက်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    ''ဒီနေ့မနက် ၃ နာရီ ၄၅ မိနစ်လောက်မှာ ကံထူးမ (ဒေသအခေါ် ကဒူးမ)ဘက်ကနေ တက်လာတဲ့ သူတို့ကားတွေ တန့်ဆည်လမ်းဆုံမှာ တိုက်ခိုက်ခံရတာဗျ။ ပထမကတော့ ပေါက်ကွဲသံ တစ်ချက်ပဲ။ နောက် ၁၅ မိနစ်လောက်ကြာတော့မှာ တအုန်းအုန်းနဲ့ အသံ ၄၊ ၅ ချက်လောက်ကြားခဲ့ရတယ်။ မနက်ခင်း လူခြေ တိတ်ချိန်ဆိုတော့ တစ်မြို့လုံးနိုးပေါ့ဗျာ" လို့ တန့်ဆည်မြို့ခံတစ်ဦးက ပြောပါတယ်။

    ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီရဲ့ ကားလေးစီးထဲက တစ်စီးမိုင်းထိသွားခဲ့တယ်လို့ မြို့ခံတွေကြား ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုနေပေမဲ့ ဘီဘီစီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

    ပေါက်ကွဲမှုအပြီး ပစ်ခတ်မှုတချို့လည်းရှိခဲ့လို့ လမ်းဆုံမှာရှိတဲ့ နေအိမ် ၂ လုံး ထက်မနည်း ပျက်စီးတယ်သွားတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

    ပေါက်ကွဲမှုတွေအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တန့်ဆည်ရဲစခန်းထဲကို ဝင်ရောက်သွားတယ်လို့ သိရသလို ထိခိုက်ဒဏ်ရာရသွားသူ ရှိမရှိဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

    လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေဟာ မြို့တွင်းလမ်းတွေမှာ လုံခြုံရေးတင်းကျပ်စစ်ဆေးတာတွေလုပ်နေတယ်လို့ ဆိုပါတယ်။

    တန့်ဆည်မြို့တွင်းမှာတော့ စစ်ကောင်စီတပ်တွေဟာ အရပ်ဝတ်တွေဝတ်ပြီးလှည့်တာ၊ ဝတ်စုံပြည့်ဝတ်၊ ဆိုင်ကယ်နဲ့ပတ်တာအပြင် စစ်ကားတွေနဲ့လည်း သွားလာ လှုပ်ရှားမှု မပြတ်ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

  5. အိန္ဒိယ မီဇိုရမ်ပြည်နယ်ရောက် မြန်မာဒုက္ခသည်ကလေးရာချီ ကျောင်းတက်ခွင့်ရ

    အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို ရောက်နေတဲ့ မြန်မာဒုက္ခသည်ကလေး အယောက် ၃၀၀ နီးပါး ပြည်နယ်ထဲမှာ ကျောင်းတက်ခွင့်ရသွားပြီဆိုပြီး အိန္ဒိယဘက်က လာတဲ့သတင်းတွေအရ သိရပါတယ်။

    အဲဒီကလေးတွေဟာ မီဇိုရမ်ပြည်နယ်ထဲမှာရှိတဲ့ ခရိုင် ၁၁ ခုမှာနေထိုင်ကြသူတွေဆိုပြီး ပြည်နယ်အကြီးတန်းအရာရှိတစ်ဦးက ပြောတယ်လို့ အိန္ဒိယသတင်းဌာန အီခေါနမစ်တိုင်းစ်က သတင်းဖော်ပြပါတယ်။

    မီဇိုရမ်ပြည်နယ်ဟာ ချင်းပြည်နယ်နဲ့ ထိစပ်နေပြီး နယ်စပ်နယ် နိမိတ်အနေနဲ့ မိုင်ပေါင်း ၃၀၀ ကျော် ထိစပ်နေတဲ့ပြည်နယ်လည်းဖြစ်ပါတယ်။

    မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုဖြစ်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း မီဇိုရမ်ပြည်နယ်ထဲကို ဝင်ရောက်ခိုလှုံတဲ့မြန်မာနိုင်ငံသား တစ်ထောင်ကျော်ရှိပြီး အဲဒီထဲမှာ CDM လုပ်သွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်း ပါဝင်ပါတယ်။

    မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ကတော့ မြန်မာပြည်က ထွက်ပြေးလာတဲ့ဒုက္ခသည်တွေကို နိုင်ငံရေးခိုလှုံခွင့်ပေးဖို့ ဗဟိုအဆင့်ကိုတောင်းဆိုဖူးသူဖြစ်သလို မြန်မာတွေ ပြည်နယ်ထဲကို မဝင်လာအောင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဗဟိုက ညွှန်ကြားတာ၊ ဒုက္ခသည်တွေကို ပြန်ပို့ဖို့ ညွှန်ကြားတာတွေကိုလည်း ဆန့်ကျင်ခဲ့သူဖြစ်ပါတယ်။

  6. မြန်မာက ဒယ်လ်တာ ပိုးတွေ့သူ ၁၅ ဦးထဲ ကာကွယ်ဆေးထိုးထားသူ ၉ ဦး ပါဝင်

    မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းလဲတဲ့ပိုးတွေ့သူ ၁၅ ဦးတွေ့ခဲ့တယ်ဆိုပြီး ကျန်းမာရေးဝန်ကြီးဌာနက မနေ့က စက်တင်ဘာလ ၁ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

    အဲ့ဒီ ဓာတ်ခွဲသုတေသန အရ ပြင်းထန်တဲ့ ဒယ်လ်တာမျိုးစိတ်ဗီဇပြောင်းပိုးတွေ့သူ ၁၅ ဦးထဲမှာ ကာကွယ်ဆေးထိုးထားသူ ၉ ဦး အထိပါဝင်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောခွင့်ရ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။

    ဒါအပြင် စစ်ဆေးတွေ့ရှိတဲ့ကူးစက်ခံရသူ ၁၅ ဦးထဲမှာ အသက် ၁၆ နှစ်အောက် ကလေးငယ်နှစ်ဦးလည်း ပါဝင်တယ်လို့ဆိုပါတယ်။

    ဒယ်လ်တာမျိုးစိတ်ဗီဇပြောင်းပိုးတွေ့သူ ကာကွယ်ဆေးထိုးပြီးသူ ၉ ဦးအနက် ၂ ဦးသာ ရောဂါ အသင့်အတင့်အပြင်းအထန် ဖြစ်ပြီး ကျန် ၇ ဦး ဟာသာမာန်လက္ခဏာပဲ တွေ့ရှိရတယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

    ဒီမျိုးစိတ်ဟာ ရောဂါပိုးမျိုးစိတ်အသစ်တွေ့တာ မဟုတ်ဘဲ ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ ဒီမျိုးစိတ်တွေနဲ့ပတ်သက်လို့ စဥ်ဆက်မပြတ် လေ့လာနေပြီး တွေ့ရှိချက်ကို ထုတ်ပြန်တာလို့ဆိုပါတယ်။ မနေ့က ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ပိုးတွေ့သူ ၁၅ ဦးတွေ့ရှိခဲ့တဲ့ အနက် နေပြည်တော်က အများဆုံးဖြစ်ပြီး၊ ရန်ကုန် ၊ မန္တလေး၊ စစ်တွေ၊ တောင်ငူ၊ လားရှိုး၊မော်လမြိုင်၊ မုံရွာနဲ့ ကလေးမြို့တို့ကလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

  7. ဦးတေဇနဲ့ သူရဲ့ ထူးကုမ္ပဏီများအုပ်စုအပေါ် ယူကေက ပိတ်ဆို့အရေးယူ

    ယူကေ နိုင်ငံခြားရေးဝန်ကြီး ဒေါမနစ်ရာ့ဘ်က ဦးတေဇနဲ့ သူရဲ့ ထူးကုမ္ပဏီများအုပ်စုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုသစ်တွေ ချမှတ်လိုက်ကြောင်း ဒီကနေ့ စက်တင်ဘာလ ၂ ရက်နေ့မှာ ထုတ်ဖော် ကြေညာလိုက်ပါတယ်။

    ဒီဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ စစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ အရေးပါတဲ့ စီးပွားရေးလုပ်ငန်းကြီးတစ်ခုနဲ့အတူ စစ်တပ်ကို ငွေကြေးနဲ့ လက်နက်တွေ ထောက်ပံ့ပေးနေတဲ့ ဦးတေဇပိုင် ကုမ္ပဏီတွေကို ပစ်မှတ်ထား ချမှတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

    မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ပိုင်း မြန်မာစစ်ခေါင်းဆောင် အရာရှိတွေနဲ့ သူတို့နဲ့ ဆက်နွှယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်ခဲ့အပြီး အခုနောက်ဆက်တွဲ ထပ်မံ အရေးယူခဲ့တာလို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    " မြန်မာပြည်သူတွေအပေါ် စစ်တပ်က ရက်ရက်စက်စက် တိုက်ခိုက် သတ်ဖြတ်နေတာတွေ ရပ်တန့်မယ့် လက္ခဏာ လုံးဝ မတွေ့ရပါဘူး"

    "ကလေးငယ်တွေအပါအဝင် အပြစ်မဲ့သူတွေကို သတ်ဖြတ်ရာမှာ စစ်တပ်က အသုံးပြုတဲ့ လက်နက်တွေနဲ့ ငွေကြေး ရနိုင်တဲ့ လမ်းကြောင်းတွေကို မဟာမိတ်နိုင်ငံတွေနဲ့အတူ ယူကေအစိုးရက ဆက်လက် ကန့်သတ် တားဆီးသွားမှာ ဖြစ်ပြီး စစ်တပ်ရဲ့ လုပ်ရပ်တွေကို အားပေးကူညီနေသူတွေကိုလည်း ပစ်မှတ်ထား အရေးယူသွားမှာ ဖြစ်တယ်" လို့ ယူကေနိုင်ငံခြားရေးဝန်ကြီး ဒေါမနစ်ရာ့ဘ်က သူ၏ တွစ်တာ စာမျက်နှာပေါ်မှာရေးသားခဲ့ပါတယ်။

    ဒီအရေးယူမှုဟာ ချက်ချင်း အကျိုးသက်ရောက်မှု ရှိမှာ ဖြစ်ပြီး ဦးတေဇကို ယူကေအစိုးရက ပြည်ဝင်ခွင့်ပိတ်မှာ ဖြစ်တဲ့အပြင် ယူ‌‌ကေမှာရှိတဲ့ သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုလည်း ထိန်းချုပ်ထားမှာဖြစ်ပါတယ်။

    ဒါ့အပြင် ဦးတေဇနဲ့ ဆက်စပ်တဲ့ စီးပွား‌ရေးလုပ်ငန်းတွေကို စီးပွားရေးအရနဲ့ ငွေကြေးအထောက်အပံ့လုပ်တာတွေကိုလည်း တားမြစ်သွားမယ်လို့ သိရပါတယ်။

  8. မှတ်ပုံတင် ၄ သန်းနီးပါး ထုတ်ပေးမယ့် ပန်းခင်းစီမံချက်စဖို့ ပြင်

    နိုင်ငံတစ်ဝန်း မှတ်ပုံတင် ၃ ဒသမ ၈ သန်းကျော် ထုတ်ပေးမယ့် ပန်းခင်းစီမံချက် ကိုပြန်လည် စတင်နိုင်ဖို့အတွက် နေပြည်တော်မှာ အစည်းအဝေးတွေလုပ်နေတဲ့ အကြောင်း မြဝတီရုပ်သံက ထုတ်လွှင့်သွားပါတယ်။

    ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်နဲ့ နေပြည်တော်တို့စတင်နိုင်ဖို့ စစ်ကောင်စီက ပြင်ဆင်နေတာဖြစ်ပါတယ်။

    အာဏာသိမ်းပြီးနောင် မေလ ၃ ရက်မှာ စတင်မယ်လို့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ခဲ့ပေမယ် ကိုဗစ်ကြောင့် နှောင့်နှေးမှုတွေရှိခဲ့ပါတယ်။

    ဒီစီမံချက်ဟာ စစ်ကောင်စီကကျင်းပပေးမယ်ပြောထားတဲ့ ရွေးကောက်ပွဲအတွက် ရည်ရွယ်ပါတယ်။

    ၂၀၂၀ ရွေးကောက်ပွဲမှာ မှတ်ပုံတင် မရှိဘဲ မဲပေးသူ ၄ ဒသမ ၆ သန်း ရှိတယ်လို့စိစစ်တွေ့ရှိရပြီး လာမယ့်ရွေးကောက်ပွဲအတွက် မှတ်ပုံတင်တွေလုပ်ပေးဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က စစ်ကောင်စီအစည်းအဝေးမှာ ပြောပြီးတဲ့နောက် ဒီစီမံချက် ဖြစ်လာတာပါ။

    ဒါ့အပြင် ရပ်ကွက်ရုံးတွေအပြင် ရဲစခန်းနဲ့ မြို့နယ်အဆင့်ရုံးတွေလည်း ဗုံးပေါက်ကွဲမှုတွေဖြစ်နေသလို ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ အသတ်ခံနေရတာရှိတဲ့အတွက် ပန်းခင်းစီမံချက်အောင်မြင်ဖို့ စိန်ခေါ်မှုတွေအ‌မြောက်အများရှိနေ တယ်လို့ သုံးသပ်မှုတွေရှိပါတယ်။

  9. စစ်ကောင်စီနဲ့တွေ့ဖို့ KBCအဖွဲ့အတွင်း သဘောထားကွဲ

  10. မြစ်ငယ်မြို့က CDM မီးရထား ဝန်ထမ်း တစ်ထောင်တစ်ရာကျော် ရာထူးက အထုတ်ခံရ

    မန္တလေးတိုင်း မြစ်ငယ်မြို့က CDM မီးရထား ဝန်ထမ်း တစ်ထောင့်တစ်ရာကျော်ဟာ အများစုက ထောက်ပံ့မှု မရရှိတဲ့ကြားက ရာထူးကပါ ထုတ်ပယ်တာ ခံရတယ်လို့ မီးရထားဝန်ထမ်း မိသားစုတွေက ပြောပါတယ်။

    "သကြင်္န်တွင်းက ဆန်နဲ့ ငွေတစ်သောင်းကျော် တစ်ခါလောက်ရပေမယ့် အခုနောက်ပိုင်း မရတော့ဘူး။ CDM ဝန်ထမ်းတွေ အခက်ခဲတွေအများကြီးပဲ"လို့ မြစ်ငယ်မြို့ မီးရထား ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

    မြစ်ငယ်မြို့ လူစီးတွဲနဲ့ ကုန်တွဲစက်ရုံ မီးရထား ဝန်ထမ်းမိသားစုဝင် တစ်ဦးက "CDM လုပ်ထားတဲ့အတွက် ဝန်ထမ်းတွေ အခက်ခဲဖြစ်တာ စားသောက်ရေးရော ကျန်းမာရေးရောပေါ့။ အများစုက အထောက်ပံ့မရတာ။ ဝန်ထမ်းမိသားစုဝင်ထဲ ကိုဗစ်နဲ့ တိမ်းပါးသူတောင် ရှိတယ်"လို့ အာဏာသိမ်းပြီးနောက် မီးရထား CDM ဝန်ထမ်းတွေရဲ့ အခြေအနေနဲ့ လက်ရှိကျန်းမာရေး ကုသမှုအခြေနေတွေကို ပြောပြပါတယ်။

    ပြီးခဲ့တဲ့ မေလတုန်းက မီးရထား CDM ဝန်ထမ်းတွေကို အလုပ်က ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဩဂုတ်လပိုင်း တတိယပတ်မှာ မြစ်ငယ်မြို့ လူစီးတွဲနဲ့ ကုန်တွဲစက်ရုံက CDM လှုပ်ရှားမှုမှာ ပါဝင်သူ ဝန်ထမ်းတစ်ထောင်ကျော်ကို ရာထူးက ထုတ်ပယ်ခံရသူအဖြစ် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

    ထုတ်ပြန်စာကို စက်ရုံရှေ့မှာ ကပ်ပြီးကြေညာထားတာပါ။ ထုတ်ပယ်ခံရသူတွေဟာ ခြောက်လအတွင်း အယူခံတင်သွင်းနိုင်ကြောင်းနဲ့ NLD အစိုးရလက်ထက် အတိုးမဲ့ချေးငွေကို ပြန်လည်ပေးသွင်းဖို့ အချက်တွေပါ ဖော်ပြထားတယ်လို့ မီးရထားဝန်ထမ်းတွေက ပြောပါတယ်။

    ရာထူး ထုတ်ပယ်တဲ့ထဲမှာ အရာရှိတွေပါသလို နေ့စားလုပ်သား ဝန်ထမ်းတွေအထိပါ ပါဝင်တယ်လို့ဆိုပါတယ်။ မြစ်ငယ်မီးရထားစက်ရုံမှာ ဝန်ထမ်းပေါင်း ၁၆၀၀ ကျော်ရှိပြီး လက်ရှိမှာ ဝန်ထမ်း ၄၀၀ကျော်က Non-CDM ပြန်ဝင်ကြလို့ ဝန်ထမ်း ၁၂၀၀ ကျော်ကို အလုပ်က ထုတ်ပယ်ကြောင်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

    ထုတ်ပယ်ခံရတဲ့ မီးရထားဝန်ထမ်းအများစုဟာ မိဘ အစဉ်အဆက် လုပ်ကိုင်ခဲ့သူများဖြစ်သလို လက်ရှိ အချိန်အထိ ဝန်ထမ်းလိုင်းခန်းမှာပဲ နေထိုင်ကြဆဲ ဖြစ်ပါတယ်။ CDM ထောက်ပံ့တာတွေ မရတာ ရှိသလို လက်ရှိ စားဝတ်နေရေး အတွက် နေ့စားလုပ်ငန်းတချို့နဲ့ လုပ်ကိုင်ဖြေရှင်းနေရသလို ကျန်းမာရေးအတွက် လူမှုကူညီရေးအသင်းတွေကို အားပြုနေရတယ်လို့ဝန်ထမ်းမိသားစုဝင်တွေက ပြောပါတယ်။

  11. ပေါက်မြို့နယ်တောင်ပိုင်း ဝန်ခြုံးရွာ မီးရှို့ခံရ

    စစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့ ပေါက်မြို့နယ်တောင်ပိုင်း ဝန်ခြုံးရွာမှာ ဒီကနေ့ စက်တင်ဘာလ ၂ ရက်နေ့ နေ့လယ်ပိုင်းက နေအိမ်အချို့မီးရှို့ခံရပြီး မီးလောင်မှုတွေဖြစ်နေတယ်လို့ ဒေသခံရွာသားတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ဒီလို မီးလောင်တာကို မျက်စိနဲ့ မြင်တွေ့ရပေမယ့် ရွာသားတွေကတော့ စစ်ရှောင်နေကြရတာကြောင့် ရွာထဲအခြေအနေကို အသေအချာမသိရပဲ ဖြစ်နေကြတယ်လို့လည်း သူတို့ကပြောပါတယ်။

    ရွာရဲ့အရှေ့ဘက် တဲနှစ်လုံးကို စတင်မီးရှို့ပြီး ရွာအတွင်းမှာ ပစ္စည်းတွေကို ရိုက်ခွဲပြီး ဆိုင်ကယ်တွေကို ရွာအလယ်မှာ မီးရှို့ဖျက်စီးတာတွေ ပြုလုပ်ခဲ့ကြတယ်လို့သိရကြောင်းလည်း သူတို့ကပြောပါတယ်။

    ဒါ့အပြင် ပေါက်မြို့နယ်ထဲကပဲ တောင်ဘက်ရွာက စာသင်ကျောင်းမှာ စစ်ကောင်စီတပ် ဖွဲ့ဝင်တချို့က တပ်စွဲကာ သေနတ်နဲ့ပစ်ဖောက်တာကြောင့် ရွာသားတချို့ထွက်ပြေးနေကြရတယ်လို့သိရပါတယ်။

    ပေါက်မြို့နယ်ထဲက ရွာတွေကို ဘာကြောင့်အခုလို ရှာဖွေမှုတွေလုပ်နေတယ်ဆိုတာကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

    ပြီးခဲ့တဲ့ရက်ကလည်းပေါက်မြို့နယ်တောင်ပိုင်း ကင်းမရွာမှာ မီးဘေးသင့်သူတွေကို လှူဒါန်းထားတဲ့ အလှူပစ္စည်းတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက မီးရှို့သွားတယ်လို့လည်း ရွာသားတွေဘက်က ပြောဆိုတာတွေရှိပါတယ်။

    ပေါက်မြို့နယ် ကင်းမရွာ မီးလောင်ကျွမ်းမှုဟာ ဒေသခံလက်နက်ကိုင်ဆောင်သူအချို့က ရွာထဲက ပြည်ခိုင်ဖြိုးပါတီဝင်အိမ်ကိုမီးရှို့ရာကတစ်ရွာလုံးနီးပါးကိုကူးစက်လောင်ကျွမ်းတာဖြစ်တယ်လို့စစ်ကောင်စီသတင်း ထုတ်ပြန်ရေးဘက်က သြဂုတ်လ ၁၅ ရက်နေ့က ပြောခဲ့ပါတယ်။

  12. ကိုဗစ်တတိယလှိုင်းကျပေမယ့် မြို့နယ်တွေမှာ ဒယ်လတာမျိုးစိတ်ပျံ့နှံ့မှုရှိနေဆဲ

    မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းကျပေမယ့် ဒယ််တာမျိုးစိတ်ပျံ့နှံ့မှုရှိနေဆဲဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ဒယ်လ်တာမျိုးစိတ်ဟာ မြို့နယ်အနှံ့နေရာ အနှံ့မှာ ရှိနေဆဲဖြစ်ပြီး မနေ့က စက်တင်ဘာလ ၁ ရက်နေ့က ဒါကို ပြည်သူလူထုကြားသတိထားမိအောင် အသိပေးထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ သူ ကပြောပါတယ်။

    အဲ့ဒီ ဓာတ်ခွဲသုတေသန အရ ပြင်းထန်တဲ့ ဒယ်လ်တာမျိုးစိတ်ဗီဇပြောင်းပိုးတွေ့သူ ၁၅ ဦးဟာ နေပြည်တော်က အများဆုံးဖြစ်ပြီး၊ ရန်ကုန် ၊ မန္တလေး၊ စစ်တွေ၊ တောင်ငူ၊ လားရှိုး၊မော်လမြိုင်၊ မုံရွာနဲ့ ကလေးမြို့တွေကဖြစ်တယ်လို့ ဆိုပါတယ်။

    အဲဒီမြို့တွေထဲကတောင်ငူ မြို့ က ကိုဗစ်ကူးစက်မှုကတော့ ကူးစက်မှုကျဆင်း တာမရှိဘဲ တန့်နေတဲ့အနေအထားရှိနေသလို အောက်ဆီဂျင်လိုအပ်တဲ့သူကလည်း နေ့စဉ် လူ ၂၀၀ နဲ့ ၃၀၀ ကြားရှိနေဆဲလို့ ဆိုပါတယ်။

    တတိယလှိုင်း အပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ကလေးမြို့မှာ ကိုဗစ်စင်တာတွေပိတ်သွားပေမယ့် အခုလို ဒယ်လ်တာမျိုးစိတ်ကူးစက်မှုကို လည်းစောင့်ကြည့်သတိထားနေတယ်လို့ လည်းမြို့ခံ ကိုဗစ်စေတနာဝန်ထမ်းတွေကပြောပါတယ်။

  13. ဒေါ်လာ အပြင်စျေး တစ်ဒေါ်လာ ၁၈၀၀ ကျပ် ခန့်စျေးပေါက်

    ပြည်တွင်းရွှေစျေးနူန်းတွေ တက်လာသလို ဒေါ်လာကို လည်း ဝယ်ယူစုဆောင်းသူတွေရှိလာတာကြောင့် ဘဏ်ပေါက်စျေးထက် အပြင်မှာစျေးပိုကာ တစ်ဒေါ်လာ ကို ၁၈၀၀ ကျပ် ဝန်းကျင်ခန့် အထိစျေးပေါက်နေကြောင်း ရန်ကုန်မြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဘဏ်တွေမှာ ရောင်းချဖို့သတ်မှတ်တဲ့ စျေးနူန်းက အမေရိကန်တစ်ဒေါ်လာကို ၁၇၀၀ ကျပ်နူန်းနဲ့စျေးဖွင့်ပေမယ့်လို လိုသလောက်ဝယ်မရတဲ့ အတွက်အခုလို အပြင်ပေါက်စျေးနဲ့စျေးကွက်ပေါ်လာတာဖြစ်တယ်လို့ လည်း သူတို့ကပြောပါတယ်။

    ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက ထုတ်ပြန်တဲ့ရွှေစျေးနူန်းကလည်း စက်တင်ဘာလ ၂ ရက်နေ့ ညနေပိုင်းမှာ ၁၇ သိန်း တစ်သောင်းကျော်ပေါက်လာခဲ့ပြီး တက်စျေးနဲ့ အပေါ်မှာ ငြိမ်နေတယ်လို့သိရပါတယ်။

    ပြီးခဲ့တဲ့ သြဂုတ်လ ဆန်း ကစပြီးရွှေစျေးနဲဒေါ်လာစျေးတွေတက်လာခဲ့တာဖြစ်ပြီးတော့ သြဂုတ်လ ၁၂ ရက်နေ့ ရွှေစျေး တစ်ကျပ်သားကို ၁၆ သိန်း တစ်သောင်း ငါးထောင် စျေးပေါက်ခဲ့ပြီး အခုစက်တင်ဘာလမှာ ၁၇ သိန်း တစ်သောင်းကျော် ပေါက်လာတာလည်းဖြစ်ပါတယ်။

    ဒေါ်လာစျေးက လည်း သြဂုတ်လ ၁၂ ရက်ဝန်းကျင် က တစ်ဒေါ်လာကို ၁၆၁၀ ဝန်းကျင်နဲ့ စျေးပေါက်ခဲ့ပြီး ပြီးခဲ့တဲ့ ရက်ပိုင်း ဗဟိုဘဏ်က စျေးကွက်ထဲကို ဘဏ်တွေကတစ်ဆင့်ဒေါ်လာထုတ်ရောင်းတာတွေ ရှိခဲ့ပါတယ်။

  14. မောင်တောမှာ လက်နက်ကိုင်လူတစ်စုက ပစ်ခတ်လို့ ကျေးရွာတာဝန်ခံသေဆုံးပြီး ၂ ဦးဒဏ်ရာရ

  15. လွိုင်ကော်မြို့လယ်မှာ ညပိုင်းလက်နက်ကြီးတွေနဲ့ပစ်

    စက်တင်ဘာ ၁ ရက်နေ့ညက လွိုင်ကော်မြို့လယ်နောင်ယားကန်တစ်ဝိုက်မှာ စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မူတွေရှိခဲ့တယ်လို့ လွိုင်ကော်မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    မနေ့က ညပိုင်းပစ်ခတ်မှုဟာ ည ၉ နာရီနဲ့ ၁၀ နာရီကြားမှာ ပစ်ခတ်ခဲ့တာဖြစ်ပြီးတော့ တိုက်ပွဲဖြစ်တဲ့ပုံစံမဟုတ်ဘဲ လက်နက်ကြီးတွေနဲ့ ခြောက်လှန့်ပစ်ခတ်တာဖြစ်တယ်လို့လည်း သူတို့က ပြောပါတယ်။

    လွိုင်ကော်မြို့ပေါ်မှာ ရှိတဲ့ စစ်ကောင်စီတပ်တွေစခန်းချရာနေရာကို တိုက်ခိုက်ခံရတာကြောင့် ပြန်လည်ပစ်ခတ်တာဖြစ်တယ်လို့လည်း ဒေသခံ အချို့ကပြောပေမဲ့ ဒီသတင်းနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဆက်သွယ်လို့မရသေးပါဘူး။

    ပြီးခဲ့တဲ့ ရက်ပိုင်းတွေက လွိုင်ကော်မြို့ပေါ်က မိုင်တဲရုံးမှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့တာရှိပြီးနောက် ညပိုင်းမှာ ပစ်ခတ်သံတွေကြားရတာ မကြာခဏ ဖြစ်လာတယ်လို့လည်း သူတို့ကပြောပါတယ်။

    ပစ်ခတ်မှုတွေကြောင့် နေအိမ်တွေ ထိခိုက်မှု ရှိမရှိ မသိသေးကြောင်း ညက ပစ်ခတ်မှုကြောင့် နေအိမ်အချို့ ယမ်းစထိမှန်တာမျိုးရှိတယ်လို့လည်း ဘီဘီစီကိုပြောပါတယ်။

    လွိုင်ကော်မြို့ခံတွေက ပစ်ခတ်မှုအသံတွေကြောင့် မြို့ပေါ်မှာ နေထိုင်တဲ့ အသက်အရွယ်ကြီးသူတွေ ကလေးသူငယ်တွေနဲ့ ကျန်းမာရေးမကောင်းသူတွေက အထူးစိုးရိမ်နေကြတယ်လို့လည်း မြို့ခံတွေကပြောပါတယ်။

  16. နေပြည်တော် ပျဉ်းမနားမှာ တိုက်ပွဲဖြစ်တယ်လို့ နေပြည်တော် PDF ပြော, စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ကျဆုံးတယ်လို့ ဆို

    နေပြည်တော် ပျဉ်းမနားမြို့နယ်ထဲက ဆိပ်ဖူးတောင်နဲ့ လက်ဘက်တောင်ကျေးရွာကြားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ယာဉ်တန်းနဲ့ ထိတွေ့မှုဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးရှိခဲ့တယ်လို့ နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်(PDF)က လူမှုကွန်ယက်ကနေ သတင်းထုတ်ပြန်လာပါတယ်။

    ပြည်သူ့ကာကွယ်ရေးတပ်(နေပြည်တော်)ရဲ့ တပ်ရင်း ၈၀၁ တပ်ခွဲ-၄နဲ့ အထူးဒေသလက်နက်ကိုင်တပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားမှုရှိချိန် သြဂုတ်လ ၃၀ ရက်၊ ညနေ ၄ နာရီမှာ စစ်ကောင်စီယာဉ်တန်းနဲ့ ထိတွေ့မှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။

    အဲဒီနောက် ည ၇ နာရီအချိန်မှာ အလုံးအရင်းနဲ့ထပ်တက်လာတဲ့စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော်သေဆုံးနိုင်တယ်ဆိုပြီး ခန့်မှန်းထားတယ်လို့လည်း ဆိုပါတယ်။

    စစ်ကောင်စီဘက်ကတော့ ပျဉ်းမနားမြို့နယ်ထဲမှာ တိုက်ပွဲမဖြစ်ဘူးလို့ သတင်းထုတ်ပြန်လာပါတယ်။

  17. သီပေါမြို့မှာ ကိုယ်ထူကိုယ်ထအောက်ဆီဂျင်စက်ရုံ စတင်လည်ပတ်

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်ထဲက သီပေါမြို့နယ်မှာဒေသခံပြည်သူတွေရဲ့အစီအစဉ်နဲ့ တည်ဆောက်တဲ့ ကိုယ်ထူ ကိုယ်ထအောက်ဆီဂျင်စက်ရုံတစ်ခု ပြီးခဲ့တဲ့စက်တင်ဘာလ ၁ရက်နေ့ကစပြီးလည်ပတ်နေပြီလို့ဒေသခံတွေကပြောပါတယ်။

    ကိုဗစ်တတိယလှိုင်းကာလမှာ ပြည်တွင်းမှာ ရောဂါကူးစက်မှုနှုန်းနဲ့သေဆုံးမှုနှုန်းတွေများပြီး အောက်ဆီဂျင်လိုအပ်ချက်တွေလည်း ပြည်သူတွေကြားမှာမြင့်တက်ခဲ့တဲ့အတွက် အခုလိုပြည်သူတွေရဲ့ပါဝင်မှုအစီအစဉ်နဲ့ကိုယ်ထူကိုယ်ထအောက်ဆီဂျင်စက်ရုံတွေ တည်ထောင်ခဲ့တာဖြစ်တယ်လို့ အောက်စီဂျင်စက်ရုံတည်ဆောက်ရေးမှာ ပါဝင်သူတွေကပြောပါတယ်။

    "ပြီးခဲ့တဲ့ ဇူလိုင်လလောက်မှာ အောက်ဆီဂျင်လိုအပ်ချက်တွေကအရမ်းမြင့်ခဲ့တဲ့အတွက် ရပ်မိရပ်ဖလူကြီး ၇ ယောက်က မတည်အလှူငွေတွေနဲ့ ပြည်သူတွေရဲ့လှူဒါန်းမှုနဲ့တည်ဆောက်နိုင်ခဲ့တာပါ။ အဆောက်အအုံက ၆၀ရာခိုင်နှုန်းပဲပြီးစီးပေမဲ့ အောက်ဆီဂျင် စလည်ပတ်ပြီးထုတ်နိုင်ပါပြီ။ တစ်နာရီကိုအောက်ဆီဂျင် ၄၀လီတာကို ၆ အိုး ဝန်းကျင်လောက်ထုတ်နိုင်နေပြီ"လို့ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီမှာပါဝင်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒါကြောင့် သီပေါမြို့က ကိုယ်ထူကိုယ်ထအောက်ဆီဂျင်စက်ရုံကနေပြီးတော့ သီပေါမြို့နယ်နဲ့သီပေါအနီးတဝိုက်ကျေးရွာတွေအပြင် ကျောက်မဲမြို့နယ်စတဲ့ နီးစပ်ရာလိုအပ်ချက်ရှိတဲ့ဒေသတွေကိုပါ ပေးပို့ကူညီနိုင်မှာဖြစ်တယ်လို့ စက်ရုံတည်ဆောက်ရေးမှာပါဝင်သူတွေကဆိုပါတယ်။

    လက်ရှိသီပေါမြို့နယ်အတွင်းမှာတော့ ကိုဗစ်ရောဂါလူနာတွေ့ရှိမှုဟာ အရေအတွက်လျော့ကျလာတာရှိပေမယ့် ရောဂါကူးစက်မှုတွေကတော့ဆက်ရှိနေတုန်းပဲဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။

    ပြည်တွင်း ကိုဗစ်တတိယလှိုင်းကာလမှာ ကူးစက်မှုနှုန်းအမြင့်ဆုံးဖြစ်ခဲ့တဲ့ဇူလိုင်လထဲမှာဆိုရင် ကိုဗစ်ရောဂါကူးစက်မှုနှုန်းအမြင့်ဆုံးဖြစ်ခဲ့ပြီး နေရာဒေသအသီးသီးမှာ အောက်ဆီဂျင်လိုအပ်ချက်တွေလည်းမြင့်တက်ခဲ့ပါတယ်။

    အောက်ဆီဂျင်ရဖို့ခက်ခဲ့အခြေနေတွေကြောင့် သေဆုံးမှုနှုန်းလည်းမြင့်တက်ခဲ့ပြီးတဲ့နောက်ပိုင်းမြို့နယ်အသီးသီးမှာ ကိုယ်ထူကိုယ်ထအောက်ဆီဂျင်စက်ရုံတွေထူထောင်ဖို့ ပြင်ဆင်ကြိုးစားလာကြတာဖြစ်ပါတယ်။

  18. ပခုက္ကူမှာ ရွှေချောင်း ချောင်းလယ်ပိတ်မိနေတဲ့ ကလေး ၂ ဦးကို မီးသတ်ကယ်

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့မှာ ရွှေချောင်း ချောင်းတစ်ဖက်ကမ်းကို သွားချိန် ချောင်းရေကျလို့ ချောင်းလယ်ကျွန်းမှာ ပိတ်မိနေတဲ့ကလေး ၂ ဦးကို ပခုက္ကူမီးသတ်တပ်ဖွဲ့က ဘေးကင်းကင်းနဲ့ ကယ်နိုင်ခဲ့ပါတယ်။

    ကယ်ဆယ်ရေးကို မီးသတ်တပ်ဖွဲ့ဝင် ၁၄ ဦးက ဒီနေ့စက်တင် ဘာလ ၂ ရက် မနက် ၁၁ နာရီခန့်မှာ လုပ်ခဲ့တာလို့ သိရပါတယ်။

    အဲဒီကလေးငယ်တွေဟာ မြို့တွင်း အမှတ် ၃ ရပ်ကွက်၊ ဓမ္မပါလလမ်းမှာ နေထိုင်သူတွေဖြစ်ပြီး ကျောင်းရေကျချိန် တစ်ဖက်ကမ်းကို ဖြတ်ကျော်ချိန် ချောင်းရေတက်လာလို့ ရေလယ်ကျွန်းမှာ ပိတ်မိခဲ့တာဖြစ်ပါတယ်။

  19. တင့်ကားမောင်းနှင်ပစ်ခတ်ပြိုင်ပွဲမှာ မြန်မာစစ်တပ်တင့်တပ်ဖွဲ့ ဗိုလ်လုပွဲတက်

    ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာစစ်တပ်စွမ်းရည်ပြိုင်ပွဲရဲ့ တင့်ကားမောင်းနှင်ပစ်ခတ်ပြိုင်ပွဲမှာ မြန်မာစစ်တပ်ရဲ့တင့်တပ်ဖွဲ့ဟာ ဗိုလ်လုပွဲကို တက်သွားတယ်လို့ သိရပါတယ်။

    တင့်တပ်ဖွဲ့ဟာ အုပ်စုပွဲစဉ်တွေမှာ တစ်စီးချင်းမောင်းနှင်ပစ်ခတ်ပြိုင်ပွဲကို ဝင်ပြိုင်ပြီးတဲ့နောက် လာအိုအပါအဝင် ၄ နိုင်ငံတင့်တပ်ဖွဲ့ဝင်တွေကို ကျော်ပြီး အကြိုဗိုလ်လုပွဲကို တက်ခဲ့ပါတယ်။

    အဲဒီနောက် လက်ဆင့်ကမ်းမှောင်းနှင်ပစ်ခတ်ပြိုင်ပွဲမှာလည်း ယာဉ်မောင်းချိန် အမြောက်ကျည်ပစ်ခတ်တာ၊ လေယာဉ်ပစ် စက်သေနတ်ပစ်ခတ်တာစတဲ့ပြိုင်ပွဲတွေကို ပြိုင်ပြီး အကြိုဗိုလ်လုပွဲကနေတက်သွားခဲ့တာဖြစ်ပါတယ်။

    ဒီပြိုင်ပွဲ ဗိုလ်လုပွဲကို စက်တင်ဘာလ ၃ ရက်မှာ ပြုလုပ်မှာဖြစ်ပြီး မြန်မာ၊ ကာဂျစ်စတန်၊ တောင်အော့ဆက်တီးယား၊ တာဂျစ်ကစ္စတန်နိုင်ငံတွေက တင့်ကားတပ်ဖွဲ့ဝင်တွေ ပြိုင်ကြမှာဖြစ်ပါတယ်။

    အခုတစ်ကြိမ်မှာ မြန်မာစစ်တပ်က တင့်တပ်ဖွဲ့ဝင်တွေ နိုင်ငံ တကာ စစ်တပ်စွမ်းရည်ပြိုင်ပွဲမှာ ၄ ကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။

  20. ကိုဗစ်ကာကွယ်ဆေးအာနိသင်ကို လျော့ကျနိုင်တဲ့ မျိုးဗီဇပြောင်းပိုးကူးစက်ခံလူနာတွေကို ပြည်တွင်းမှာတွေ့လာ

    မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းလဲတဲ့ပိုးတွေ့သူ ၁၅ ဦးတွေ့ထားတယ်ဆိုပြီး ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လာပါတယ်။

    ဗီဇပြောင်းပိုးတွေ့သူ ၁၅ ဦးဟာ နေပြည်တော်က ၅ ဦး၊ ရန်ကုန်က ၂ ဦး၊ မန္တလေးက ၂ ဦး၊ စစ်တွေ၊ တောင်ငူ၊ လားရှိုး၊ မော်လမြိုင်၊ မုံရွာနဲ့ ကလေးမြို့တွေကနေ ၁ ဦးစီဖြစ်တယ်လို့လည်း ဆိုပါတယ်။

    အဲဒီမျိုးဗီဇသစ်ဟာ အိန္ဒိယနိုင်ငံမှာ စတင်တွေ့ရှိတဲ့ Delta မျိုးစိတ်ဖြစ်ပြီး ရောဂါကူးစက်နိုင်မှုနဲ့ ရောဂါပြင်းထန်မှုမြင့်တာကြောင့် သေဆုံးနိုင်ချေလည်း မြင့်တက်နိုင်တဲ့အကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

    ဒါ့ပြင် အဲဒီမျိုးစိတ်ဟာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကျိုးအာနိသင်ကိုလည်း အနည်းငယ်လျော့ကျနိုင်စေတယ်လို့ ဆိုပါတယ်။

    တချိန်တည်းမှာပဲ ရောဂါမျိုးစိတ်အသစ်ပိုးကူးသူ ၅ ဦးအထိတွေ့ထားတဲ့ နေပြည်တော်မှာလည်း သြဂုတ်လတစ်လုံးအတွက် ထုတ်ပြန်ခဲ့တဲ့ လူစုလူဝေးနဲ့အခမ်းအနားပြုလုပ်တာတားမြစ်တာ၊ ရုပ်ရှင်ရုံ၊ ဘော်ဒါဆောင်နဲ့ မူကြိုကျောင်းတွေ ဖွင့်လှစ်တာကိုတားမြစ်တဲ့အမိန့်ကြေညာစာကို စက်တင်ဘာလ တစ်လလုံး ထပ်တိုးထားပါတယ်။