ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ရိုဟင်ဂျာတွေအရေး ဆောင်ရွက်သူ သတ်ဖြတ်ခံရမှုကို စုံစမ်းဖို့ လူ့အခွင့်အရေးဆောင်ရွက်သူတွေ တောင်းဆို

အသက် ၄၈ နှစ်အရွယ် မိုဟီးဘူလာဟာ ကောက်ဇက်ဘဇားခရိုင်ထဲမှာရှိတဲ့ ကူတူပါလောင်ဒုက္ခသည်စခန်းထဲက သူ့ရဲ့ရုံးခန်းထဲမှာ စက်တင်ဘာလ ၂၉ ရက် ည ၈ နာရီကျော်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာလို့ သိရပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. လှည်းကူးက လူမှုရေးအသင်းကို ဝင်ဖမ်းပြီး ကားတွေကို သိမ်းသွား

    ရန်ကုန်တိုင်း လှည်းကူးမြို့က မြို့မမေတ္တာ လူမှုကူညီရေးအသင်းကို စက်တင်ဘာလ ၈ ရက် မနေ့ညက စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့တယ်လို့ လှည်းကူးဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    အဲ့ဒီလူမှုကူညီရေး အသင်းကို စစ်ကောင်စီတပ်ဖွဲ့တွေက PDF နဲ့ ဆက်စပ်တယ်လို့ ဆိုပြီး လူအချို့ကိုဖမ်းပြီး အသင်းပိုင်ကား ၂ စီးကို သိမ်းသွားတယ်လို့ သိရကြောင်းလည်း လှည်းကူးဒေသခံတွေက ပြောပါတယ်။

    ဒေသခံတွေဘက်က ဒီလိုပြောပေမဲ့ စစ်ကောင်စီဘက်ကတော့ အခုလိုဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

    ဒါ့အပြင် အဲ့ဒီရုံးမှာ ညဂျုတီကျတဲ့ အဖွဲ့ကလူ‌တွေကိုပါ ဖမ်းဆီးသွားကြောင်း လူဘယ်နှစ်ဦးကို ဖမ်းသွားတယ်ဆိုတာ မသိရ‌သေးကြောင်းလည်း ဒေသခံတွေကပြောပါတယ်။

    လှည်းကူး ဒေသခံတွေဆီက ထပ်မံရရှိတဲ့ သတင်းတွေအရ မြို့မမေတ္တာ လူမှုကူညီရေးအသင်းက လူလေးဦး အဖမ်းခံရတယ်လို့ သိရပါတယ်။

    မြို့မမေတ္တာ လူမှုကူညီရေးအသင်းဟာ အသင်းအဖွဲ့မှတ်ပုံတင် လျှောက်ထားဆဲဖြစ်ပြီး လှည်းကူးမြို့နယ်မှာ ပရဟိတလုပ်ငန်းများကိုကူညီဆောင်ရွက်ပေးနေတဲ့ အသင်းတစ်သင်းဖြစ်တယ်လို့ သိရပါတယ်။

  2. မြန်မာကို အကူအညီတွေပေးပို့နိုင်ဖို့ သြစတြေးလျနဲ့ အင်ဒိုနီးရှား ကတိပြု

    အင်ဒိုနီးရှားနိုင်ငံကို ရောက်နေတဲ့ သြစတြေးလျ နိုင်ငံခြားရေး၀န်ကြီးနဲ့ ကာကွယ်ရေး၀န်ကြီးတို့ဟာ ကြာသပတေးနေ့မှာ အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီးနဲ့ တွေ့ဆုံပြီး ဒေသတွင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့သလို မြန်မာ့အရေးကိုလည်း ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

    တွေ့ဆုံဆွေးနွေးပွဲအပြီး ကျင်းပတဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီး ရက်တနို မာဆူဒီက မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားရေးအကူအညီတွေ ပံ့ပိုးပေးနိုင်ဖို့ သြစတြေးလျနဲ့ အင်ဒိုနီးရှားနိုင်ငံကြား ကတိပြုထားတယ်လို့ ပြောပါတယ်။

    အာဆီယံအနေနဲ့ မြန်မာနိုင်ငံကို အကူအညီအထောက်အပံ့တွေ ပထမအသုတ် ပေးပို့နိုင်ဖို့ အတော်လေး ခရီးရောက်နေပြီ ဖြစ်တယ်။ ဒီလိုအကူအညီတွေ အောင်အောင်မြင်မြင် ပေးပို့နိုင်ဖို့မှာ ဘေးကင်းလုံခြုံရေး အာမခံနိုင်ဖို့က အင်မတန် အရေးပါတယ်လို့လည်း ဆိုပါတယ်။

  3. အာဏာသိမ်းတာမဟုတ်လို့ စစ်ကောင်စီက သံတမန်တွေကို ထပ်ရှင်း

    စစ်တပ်က မဲစားရင်းလွဲမှားမှုတွေရှိတာကြောင့် အခြေခံဥပဒေနဲ့ အညီ နိုင်ငံတော် အာဏာကို ထိန်းသိမ်းခဲ့တာဖြစ်တယ်လို့ ရန်ကုန်မြို့မှာ စစ်ကောင်စီဘက်က နိုင်ငံတကာ သံတမန်တွေကို ဒီကနေ့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

    စစ်ကောင်စီက အာဏာသိမ်းပြီး ၇ လကျော် ရှိလာတဲ့ အချိန်မှာ အခုလိုထပ်ရှင်းလင်းခဲ့တာဖြစ်ပါတယ်။

    ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာသံတမန်တွေကို စစ်ကောင်စီခန့် ဝန်ကြီးတွေက ယနေ့ ရန်ကုန်မြို့ရှိ မြန်မာ့အသံနဲ့ရုပ်မြင်သံကြားခန်းမမှာ ဖိတ်ခေါ်ကာ ရှင်းလင်းပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။

    အာဏာကို အခြေခံဥပဒေနဲ့ အညီ အာဏာထိန်းတာဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။

    မဲစာရင်းလွဲမှားမှု ၁၁ သန်း ၃ သိန်းကျော်ရှိတာ ကိုလည်း သံတမန်တွေကို စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်က ထပ်မံ ရှင်းလင်းခဲ့ပါတယ်။

    အခြခံ ဥပဒေ ပုဒ်မ ၄၁၉ နဲ့ အညီရွေးကောက်ပွဲ ကျင်းပပြီး နောက်အစိုးရကို အာဏာလွှဲမှာဖြစ်တယ်လို့လည်း စစ်ကောင်စီဘက်က ထပ်မံရှင်းလင်းခဲ့ပါတယ်။

    ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကြောင်းလည်း ဇူလိုင်လအတွင်းက ထုတ်ပြန်ထားပြီး ရွေးကောက်ပွဲကို ပီအာ အချိုးကျစနစ်နဲ့ ဆောင်ရွက်ဖို့ နိုင်ငံရေးပါတီတွေနဲ့ ညှိနိုင်းနေတယ်လို့လည်းရှင်းလင်းခဲ့ပါတယ်။

  4. ‌လောင်းလုံးမှာ အုပ်ချုပ်ရေးမှူးတစ်ဦး အပစ်ခံရပြီး သေဆုံး

    ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သဘော့ဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဦး ယနေ့ စက်တင်ဘာလ ၉ ရက် နေ့လယ် ၁၁ နာရီကျော်တွင် သေနတ်ပစ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေကို ကိုးကားပြီး Dawei Watchကရေးပါတယ်။

    သဘော့ဆိပ် ကမ်းခြေဆင်းလမ်းဘက်ကနေ သူ့နေအိမ်ကို သားဖြစ်သူနဲ့ နှစ်ဦး ဆိုင်ကယ်စီးပြီး ပြန်လာချိန် နေအိမ်အနီးအရောက်မှာ သေနတ်ပစ်ခံလိုက်ရခြင်းဖြစ်တယ်လို့ ဒေသခံအချို့က ပြောပါတယ်။

    သေဆုံးသူ ဦးမျိုးဇော်ဦးဟာ အုပ်ချုပ်ရေးမှူးဖြစ်ပြီးနောက် တူးမီးသေနတ်တစ်လက်နဲ့ သေနတ်အတို တစ်လက်ကို ကိုင်ဆောင်ကာ ရွာအတွင်း သွားလာနေလေ့ရှိတယ်လို့ ဒေသခံအချို့ကပြောပါတယ်။

    ပစ်ခတ်ခံရချိန်မှာလည်း တူမီးသေနတ်ကို ကိုင်ထားတာကို တွေ့ရတယ်လို့ ပြောပါတယ်။

    ဒီကနေ့ မနက်ကိုးနာရီခန့်ကလည်း ရွာအတွင်း အကြောင်းမဲ့ သေနတ်ပစ်ခတ်ခြင်းကို ဦးမျိုးဇော်ဦးက လုပ်ဆောင်ခဲ့တယ်လို့ရွာခံတွေက ပြောပါတယ်

    ဦးဇော်မျိုးဦးကို လောင်းလုံးမြို့နယ် ပြည့်သူ့လုံခြုံရေးတပ်ပေါင်းစု အဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အဲ့ဒီအဖွဲ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

  5. အရာတော်က မိုင်တဲဆက်သွယ်ရေး တာဝါတိုင် ၇ ခု ဖောက်ခွဲခံရ

    စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် အရာတော်မြို့နယ်ထဲက Mytel ဆက်သွယ်ရေး တာဝါတိုင် ၇ ခု စက်တင်ဘာလ ၈ ရက် ယမန်နေ့ညပိုင်းက ဖောက်ခွဲဖျက်ဆီးခံရကြောင်း ‌ဒေသခံတွေထံက သိရပါတယ်။

    အနည်းဆုံး ကျေးရွာ ၃ ခုက တာဝါတိုင် ၇တိုင် ပျက်စီးတယ်လို့စုံစမ်း သိရပြီး ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာကို တော့ သိရခြင်းမရှိသေးပါဘူး။

    စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်းမှာလည်း စက်တင်ဘာ ၇ ရက်နေ့က စစ်တပ် ရှယ်ယာပါတဲ့ Mytel မိုင်တဲ ကုမ္ပဏီက တာဝါတိုင် ၁၁ တိုင်နဲ့ ဆက်စပ်ပစ္စည်းတွေ ဖောက်ခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

    မိုင်တဲကုမ္ပဏီကို ဗီယက်နမ်စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ ဗီယက်တဲလ် ကုမ္ပဏီက ၄၉ ရာနှုန်းပိုင်ဆိုင်ပြီး မြန်မာစစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC ရဲ့လက်အောက်ခံကုမ္ပဏီတစ်ခုက ၂၈ ရာနှုန်းပိုင်ဆိုင်ပါတယ်။

    မြန်မာစစ်တပ်နဲ့နီးစပ်သူ ကုမ္ပဏီ ၁၁ ခုပေါင်းထားတဲ့ မြန်မာနေရှင်နယ်တယ်လီကွန်းဦးပိုင်လီမိတက်က ၂၃ ရာနှုန်းပိုင်ဆိုင်တာဖြစ်ပါတယ်။

    စစ်ကိုင်းတိုင်းထဲမှာ အခုရက်ပိုင်းတွင်း မိုင်တဲ တာဝါတိုင် ၁၈ တိုင်ခန့် ဖောက်ခွဲဖျက်စီးခံခဲ့ရပါတယ်။

  6. စမ်းချောင်းမှာပေါက်ကွဲမှုတွေဖြစ်ပြီး၊ စစ်ကားတွေ လမ်းတွေပိတ်ပြီးစစ်

    ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းနဲ့ ဗားကရာလမ်းဆုံအနီးမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ကားတစ်စီး ဒီကနေ့ ညနေပိုင်းက ဗုံးနဲ့ပစ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    အဲ့ဒီနောက် ဗဟိုလမ်းနဲ့ ဇေယျာဝတီလမ်းထောင့်မှာ နောက်ထပ်ပေါက်ကွဲ မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကတစ်ဆင့် သိရပါတယ်။

    ဗုံးနဲ့ပစ်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံးမှုရှိတယ်လို့ ပြောပေမဲ့ ဘီဘီစီက သီးခြားအတည်ပြုနိုင်ခြင်းမရှိသလို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

    ဗဟိုလမ်းနဲ့ ဇေယျာဝတီလမ်းထောင့် ဒုတိယ ပေါက်ကွဲမှုကတော့ စစ်ကောင်စီဘက်က မိုင်းရှာတွေ့ပြီး ဖောက်ခွဲခဲ့တာဖြစ်ပြီး အနီးအနားက အိမ်တွေပါတုန်သွားကြောင်း ၆ လွှာအထိ တိုက်ခန်းကို ခဲတွေလာစင်ခဲ့တယ်လို့လည်း စမ်းချောင်းနေထိုင်သူတွေက ပြောပါတယ်။

    စမ်းချောင်းဂွစျေးအနီး၊ ကံ့ကော်လမ်း၊ ကျွန်းတောလမ်း၊ ဗားကရာလမ်း၊ ဗဟိုလမ်းတွေမှာ စစ်ကောင်စီတပ်များက ပိတ်ဆို့ပြီး ရှာဖွေနေပြီးပစ်ခတ်မှုတွေရှိခဲ့တယ်လို့လည်း ဒေသခံတွေ ကပြောပါတယ်။

    အခုအခါမှာ စျေးသည်တွေပါ အကုန်ထွက်ပြေးသွားကြပြီး လမ်းတွေကိုလည်းပိတ်ပြီး စစ်ဆေးမှုတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

  7. အကြမ်းဖက်မှုနဲ့ ဆက်စပ်တဲ့ တိုက်ခန်းတွေကို နိုင်ငံပိုင်သိမ်းမယ်လို့ စစ်ကောင်စီ ကြေညာ

  8. ကလေးမြို့နယ်ထဲမှာ လူ ၄ ဦး ပစ်သတ်ခံရ

    စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်၊ ရာဇဂြိုဟ်ကျေးရွာက သုံးဘီးဆိုင်ကယ် နဲ့စျေရောင်းသူ လူနှစ်ဦးကို အမည်မသိ လူအချို့က မနေ့က စက်တင်ဘာ ၈ ရက် မနက်အစောပိုင်းကရွာထဲမှာ သေနတ်နဲ့ပစ်ခံရပြီး အဲ့ဒီလူ နှစ်ဦးသေဆုံးသွားတယ်လို့ ရာဇဂြိုဟ်ကျေးရွာ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    သူတို့ကို စစ်ကောင်စီသတင်းပေးဆိုပြီး ပစ်သတ်သွားခဲ့တယ်လို့ သိရပြီး သူတို့စစ်ကောင်စီ သတင်းပေး ဟုတ်မဟုတ်ဆိုတာကိုတော့ သူအနေနဲ့ မသိ‌ကြောင်းလည်း ရာဇဂြိုဟ်ကျေးရွာ ဒေသခံကပြောပါတယ်။

    အဲ့ဒီ ပစ်ခတ်မှုကြောင့် သေဆုံးသူ နှစ်ဦးကတော့ ကိုဝင်းဇော် အသက် ၄၅ နှစ် နဲ့ ကိုဝင်းတင် အသက် ၄၁ နှစ် ဖြစ်ပြီး ရာဇဂြိုဟ် ရွာထဲမှာနေထိုင်ကြ ညီအကိုအရင်းတွေဖြစ်တယ်လို့လည်း ပြောပါတယ်၊

    ကလေးမြို့၊ မြောက်ပိုင်း မော်စီကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ပျဉ်းခုံကြီးရွာ အုပ်ချုပ်ရေးမှူးတို့လည်း စက်တင်ဘာ ၈ရက် ည ၉ နာရီဝန်းကျင်က နေအိမ်မှာ ပစ်သတ်ခံရတယ်လို့ ကလေးမြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    လက်ရှိအချိန်တွင် တိုက်ပွဲများအချိန်မရွေး‌ နေရာမရွေး ဖြစ်ပွားနိုင်တဲ့ အတွက် ကလေးမြို့ မြို့တွင်းရပ်ကွက်များ၊ မြို့ပြင်ကျေးရွာများမှာနေထိုင်သူတွေ တတ်နိုင်သမျှ ညနေ ၇ နာရီမှ နံနက် ၆ နာရီ အကြား (လူစုလူ‌ဝေး)ပြုလုပ်ခြင်း၊ (လူအစုအဝေး)ဖြင့် သွားလာခြင်း မပြုလုပ်ကြဖို့ကလေးဒေသခံ PDF အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

    အခုကလေးမြို့မှာ ပစ်သတ်ခံရတဲ့ ဖြစ်စဥ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

  9. ကေအိုင်အိုထိန်းချုပ်နယ်မြေလိုင်ဇာမှာ လူဦးရေ (၂)သောင်းကျော်ကိုဗစ်ကာကွယ်ဆေးထိုးပြီး

    ကေအိုင်အိုထိန်းချုပ်နယ်မြေဖြစ်တဲ့ လိုင်ဇာမှာ လူဦးရေ(၂)သောင်းကျော်အတွက် ကိုဗစ်ကာကွယ်ဆေး ထိုးပြီးပြီလို့ ကေအိုင်အိုဗဟိုရဲ့ ကိုဗစ်နှိမ်နင်းရေးကော်မတီကနေသိရပါတယ်။ လက်ရှိလိုင်ဇာမှာတော့ ကိုဗစ်ပိုးတွေ့အတည်ပြုလူနာအသစ်မရှိတော့ပေမယ့် အခြေအနေတည်ငြိမ်လာရင်တော့ ကိုဗစ်ကာကွယ်ဆေး ထိုးဖို့ကျန်နေသူတွေကို ဆက်ထိုးပေးသွားမယ်လို့ ဆိုပါတယ်။

    “ကျွန်တော်တို့လိုင်ဇာမှာဆိုရင် ဖေဖော်ဝါရီလကတည်းက စင်တာဖွင့်ပြီးထိုးတယ်။ သိပ်အဆင်မပြေဘဲ နည်းနည်းကြန့်ကြာတယ်ဆိုတော့ ရှေ့တန်းကိုသွားပြီး ရပ်ရွာတွေ၊ IDPs စခန်းတွေကို သွားထိုးပေးတယ်။ လိုင်ဇာမြို့လူဦးရေ ၁သောင်းကျော်နဲ့ အနားက IDPs စခန်းက ၁သောင်းလောက်ဆိုတော့ ၂သောင်းကျော် ထိုးထားပြီးပြီ၊ ပထမအကြိမ်ဟုတ်တယ်။ ဒီလိုင်ဇာတဝိုက်မှာဆိုရင် ထိုးပြီးတဲ့သူတော်တော်များပြီ။”လို့ ကေအိုင်အိုဗဟိုရဲ့ ကိုဗစ်နှိမ်နင်းရေးကော်မတီအတွင်းရေးမှူး ဗိုလ်မှူးကြီး ဟိန်းဝေါမ်က ဘီဘီစီကိုပြောပါတယ်။

    လိုင်ဇာမှာတော့ လူဦး‌ရေ (၁)သောင်း (၄)ထောင်လောက်ကို ကိုဗစ်ရှိမရှိ သုံးကြိမ်လောက်စစ်ဆေးခဲ့ပြီး ပိုးမရှိကြောင်းအဖြေထွက်တာကြောင့် ဩဂုတ် (၂၆)ရက်က လော့ဒေါင်းဖြည်လိုက်ပြီဖြစ်ပါတယ်။ ဒီလိုင်ဇာရှိ လူဦးရေ(၆၀)လောက် ကိုဗစ်ဖြစ်ခဲ့ကြပြီး လက်ရှိလိုင်ဇာက ကိုဗစ်စင်တာမှာတော့ ကိုဗစ်လူနာ (၁၂)ဦးလောက် ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

  10. မြောင်မြို့နယ်ထဲက ရွာ၁၀ ရွာခန့် စစ်ဘေးရှောင်နေရ, ရွာသားအချင်းချင်းဖေးမတာကြောင့် အခက်အခဲအများကြီးမရှိဘူးလို့ ဒေသခံပြော

    အမျိုးသားညီညွတ်ရေးအစိုးရကနေ စက်တင်ဘာ (၇)ရက်မှာ တော်လှန်ရေး အတွက်တိုက်ပွဲစတင်ကြောင်း ကြေညာပြီးတဲ့နောက် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ကကျေးရွာတွေဘက်မှာ တိုက်ပွဲတွေပြင်းထန်ပြီး စစ်ဘေးရှောင်နေတာ ဆယ်ရွာနီးပါးရှိလာပါတယ်။

    အဲဒီ ၇ ရက်နေ့ ညနေပိုင်းမှာ မကွေးတိုင်း၊ ‌ရွှေလှံရွာနဲ့ စစ်ကိုင်းတိုင်း၊မြစ်ဆုံရွာကြားမှာ လျှပ်စစ်ဝန်ထမ်း(၃)ဦးရဲ့ ရုပ်အလောင်းကို တွေ့ရပြီးတဲ့နောက် စက်တင်ဘာ (၈)ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မြစ်ဆုံရွာဘက်ကို ရေလမ်းကတဆင့်တက်လာတာကနေ တိုက်ပွဲတွေ စတင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဒီကနေ့ မနက် (၅)နာရီဝန်းကျင်မှာလည်း မြစ်ဆုံရွာအနီးမှာ နှစ်ဖက်ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ဆိုပါတယ်။

    “လျှပ်စစ်ဝန်ထမ်းတွေသေတယ်ဆိုတဲ့သတင်းကြားတာနဲ့ စစ်ကောင်စီဘက်က လာနိုင်တယ်ဆိုတာ ခန့်မှန်းမိပြီး ရွှေလှံ၊ မြစ်ဆုံ၊ မြစ်သာ၊ သုခဒီပ အဲ့ရွာတွေဘက်က ၇ရက်နေ့ ညနေစောင်းတည်းက ရွာလုံး ကျွတ်ပြေးတာ။ ထင်တဲ့အတိုင်းပဲ။ စစ်ကောင်စီက ၈ ရက်နေ့မှာ ရေလမ်းကရောက်လာရော။ မြစ်ဆုံ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကုန်းပေါ်ကနေ တိုက်တာ၊ အဲ့နေ့တနေကုန်နီးပါး တိုက်ပွဲဖြစ်တယ်။ အဲ့ညနေမှာပဲ မြစ်ဆုံရွာတောင်ပိုင်းမှာ တပ်စွဲလိုက်တယ်။ ဒီမနက်ကျ အဲ့ရွာထဲကနေ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ အခုနေ့လယ်တော့ ခဏငြိမ်သွားပြီ”လို့ စစ်ဘေးရှောင်နေရတဲ့ ဒေသခံ တဦးက ပြောပါတယ်။

    ဒီလိုပစ်ခတ်မှုတွေကြောင့် မြောင်မြို့နယ်အလယ်ပိုင်းကျောက်ရစ်ရွာကြီးနဲ့ အနီးက (၄)ရွာလောက်နဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းကြားက မြစ်ဆုံရွာနဲ့ အနားက ရွာ (၆)ရွာဝန်းကျင် စစ်‌ရှောင်နေရတာလို့ ဆိုပါတယ်။

    လတ်တလော မိုးရွာသွန်းမှုမရှိဘဲ ရာသီဥတုသာယာနေတာကြောင့် အခက်အခဲအများကြီး မရှိသလို ရွာသားအချင်းချင်းဖေးမကြတယ်လို့ စစ်ဘေးရှောင်ရွာသားတွေကပြောပါတယ်။ မနေ့စက်တင်ဘာ(၈)ရက်မှာ မြောင်မြို့နယ်အနောက်တောင်ပိုင်းက မြစ်ဆုံရွာမှာ စစ်ကောင်စီတပ်ဖွဲင်တွေနဲ့ တိုက်ပွဲဖြစ်နေတုန်းမှာပဲ မြောင်မြို့နယ်အလယ်ပိုင်းက ကျောက်ရစ်ရွာဘက်မှာလည်း စစ်ကူလာတဲ့ စစ်ကောင်စီတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှုရှိခဲ့ပါတယ်။

    မနေ့က ပစ်ခတ်မှုမှာ ပြည်သူ့ကာကွယ်ရေးဘက်က ကျောက်ရစ်ရဲစခန်းကို ဝိုင်းခဲ့တာကြောင့် စခန်းမှူးနဲ့ ရဲသားတဦး လက်နက်ချကာ CDM ပါဝင်လာတယ်လို့ သိရပေမယ့် ဘီဘီစီဘက်ကတော့ သီးသန့်အတည်မပြုနိုင်ခဲ့ဘူး။

    မြစ်ဆုံရွာဘက်ကို သွားမယ်ဆိုရင် ကျောက်ရစ်ရွာကို မဖြစ်မနေဖြတ်သွားရတာကြောင့် အခုလို ကျောက်ရစ်ရွာဘက်မှာပါ တပြိုင်နက်ပစ်ခတ်မှုတွေရှိတာလို့ဒေသခံတွေကပြောပါတယ်။အဲ့ဒီလို ပစ်ခတ်မှုပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျောက်ရစ်ရဲစခန်းမှာ တပ်စွဲထားလိုက်ပြီး တဖက်သတ်ပစ်ခတ်မှုတွေလုပ်သလို ကျောက်ရစ်ရွာအပါအဝင် ရွာနားနီးစပ်က ကိုးပင်ရွာတို့က ရွာသား တချို့ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကဆိုပါတယ်။

    မနေ့က မြစ်ဆုံရွာနဲ့ ကျောက်ရစ်ရွာဘက် တပြိုင်နက်တည်းလိုလို ပစ်ခတ်မှုဖြစ်နေတုန်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တဖွဲ့က နဘက်ရဲကင်းစခန်းကို သိမ်းယူ မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ပြောပါတယ်။ ဒီလို မြောင်မြို့နယ်အတွင်းက တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာမထုတ်ပြန်သေးသလို ဘီဘီစီဘက်ကလည်းမေးမြန်းဖို့ကြိုးစားနေပါတယ်။

  11. မုံရွာမှာ ပေါက်ကွဲမှုဖြစ်၊တစ်ဦးသေဆုံး

    မုံရွာမြို့ ပြည်ထောင်စုလမ်းရှိ စစ်ဆေးရေးဂိတ်တစ်ခုမှာ စက်တင်ဘာလ ၉ ရက်နေ့ မနက် ၇နာရီခွဲကပေါက်ကွဲမှုဖြစ်ပြီး ရဲတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေကပြောပါတယ်။

    အဲ့ဒီနေရာဟာ မြို့အဝင်က ဘိုးဘွားရိပ်သာအဝိုင်းအနီးမှာ ဖြစ်တယ်လို့လည်းဒေသခံတွေကနေ တစ်ဆင့်သိရပါတယ်။

    ဒီပေါက်ကွဲမှုဟာ ‌ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုက ဖောက်ခွဲတာဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။

    ပေါက်ကွဲမှု ဖြစ်ပွားတဲ့ ရုပ်သံကို မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် MPDF ကိုယ်စားပြု သံမဏိအဖွဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရုပ်သံရိုက်ကူးထားတာကိုတွေ့ရပါတယ်။

    ရဲ ၄ဦးဟာ မုံရွာမြို့အဝင် မှာလုံခြုံရေး အတွက်လမ်းဘေးမှာရှိနေစဥ် ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကို လည်းတွေ့ရပါတယ်။

    ပေါက်ကွဲမှုကြောင့် ရဲတစ်ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရသွားတယ်လို့ မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြောပါတယ်။

    ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို ဆက်သွယ်မေးမြန်းလို့လည်းမရသေးပါဘူး။

  12. စစ်ရေးလှုပ်ရှားမှုအခြေအနေတွေကို အွန်လိုင်းပေါ်မတင်ဘဲ ပူးပေါင်းပါဝင်ဖို့ ကေအဲန်ယူမေတ္တာရပ်ခံ

    ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ကေအဲန်ယူနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်ပွားတာနဲ့ စစ်ကောင်စီရဲ့တပ်စခန်းတွေကိုတိုက်ခိုက်သိမ်းယူတာတွေကို အွန်လိုင်းပေါ်မှာ အလျင်စလိုမတင်ဖို့ ကေအဲန်ယူက မေတ္တာရပ်ခံလိုက်ပါတယ်။

    ပစ်ခတ်တိုက်ခတ်မှုပြီးတဲ့နောက်မှာဖြစ်စေ၊ စခန်းသိမ်းယူပြီးတဲ့ နောက်မှာဖြစ်စေ၊ စစ်ရေးအစီအစဉ်အရ လုပ်ဆောင်ရမှာတွေရှိတဲ့အတွက် အွန်လိုင်းပေါ် အလျင်စလို ဖြန့်ဝေလိုက်ရင် ရန်သူကို သတင်းပို့ရာရောက်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ အဲ့ဒီလို ရန်သူဘက်ကို သတင်းပို့သလို ဖြစ်သွားပါက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဆက်လုပ်ကိုင်မယ့်စစ်ရေးအစီအစဉ်ကို ထိခိုက်မှုဖြစ်ပေါ်စေနိုင်တယ်လို့ ဆိုပါတယ်။

    ကေအဲန်ယူနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီဘက်က လေယာနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်တာနဲ့ စစ်ကူတပ်ဖွဲ့တွေစေလွှတ်တာတွေရှိတာကြောင့် ကေအဲန်ယူတပ်သားတွေ စစ်မြေပြင်ကိစ္စရပ်တွေပြီးဆုံးပြီး လုံခြုံတဲ့နေရာရောက်မယ့်အချိန်မှစာ အွန်လိုင်းပေါ် သတင်းဖြန့်ဝေကြဖို့ ‌မေတ္တာရပ်ခံကြောင်း ဒီကနေ့ စက်တင်ဘာ (၉)ရက်မှာထုတ်ပြန်လိုက်ပါတယ်။

    လက်ရှိအချိန်မှာတော့ ကေအဲန်ယူနဲ့ စစ်ကောင်စီအကြား ထိတွေ့တိုက်ပွဲတွေရှိခဲ့ပြီး စက်တင်ဘာ (၆)ရက်နဲ့ (၇)ရက်တွေမှာ ကေအဲန်ယူ တပ်မဟာ (၄) ထိန်းချုပ်နယ်မြေအတွင်း ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။

  13. NLD ကို မြန်မာ့နိုင်ငံရေးထဲက မဖယ်ထုတ်ဖို့ တရုတ်က အချက်ပြနေတာလား

  14. ၇လအတွင်းမြန်မာပြည်သူလူထုခံစားနေရတဲ့ ဒုက္ခတွေပြောင်းလဲလျော့ပါးသွားတာမရှိဘူးလို့ ကုလအထူးကိုယ်စားလှယ်ဟောင်း မစ္စရန်ဟီးလီပြော, အာဏာသိမ်းစစ်တပ်ကတော့ခေါင်းမာနေဆဲလို့ဆို

    စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် မြန်မာပြည်သူ၊ပြည်သားတွေက စစ်တပ်ရဲ့ဖိနှိပ်မှုတွေကိုတွန်းလှန်လာတာ ၇လကြာပြီဖြစ်ပေမယ့် အာဏာသိမ်းစစ်တပ်ကတော့ ခေါင်းမာနေဆဲဖြစ်ပြီး လူထုခံစားနေရတဲ့ ဒုက္ခတွေဟာလည်း ပြောင်းလဲလျော့ပါးသွားတာမရှိဘူးလို့ကုလအထူးကိုယ်စားလှယ်ဟောင်း မစ္စရန်ဟီးလီကပြောပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ NUG က ခုခံတွန်းလှန်စစ်ဆင်နွှဲဖို့ ကြေညာလိုက်ပြီးနောက်မှာ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)ရဲ့ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လိုက်တာဖြစ်ပြီး အထူးအကြံပေး ကောင်စီရဲ့အဖွဲ့ဝင်လည်းဖြစ်တဲ့ မစ္စရန်ဟီးလီကထုတ်ပြန်ချက်ထဲမှာ အခုလိုပြောကြားထားတာဖြစ်ပါတယ်။

    မြန်မာစစ်တပ်အနေနဲ့အာဏာသိမ်းပြီးတဲ့နောက်မှာ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို ရက်စက်စွာနှိမ်နှင်းခဲ့ပြီး ကြောက်မက်ဖွယ်ဗျူဟာတွေကို သုံးခဲ့တာဟာ လူသားမျိုးနွယ်တစ်ခုလုံးအပေါ် ရာဇဝတ်မှုကျူးလွန်တာဖြစ်သလို စစ်ရာဇဝတ်မှုတွေကိုလည်း ဦးတည်နေတယ်လို့မစ္စ ရန်ဟီးလီက ပြောပါတယ်။ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာပြည်သူတွေကို ကူညီဖို့အခွင့်အရေး ရှိပေမယ့် ပျက်ကွက်ခဲ့ပြီး အာဆီယံအနေနဲ့လည်း ဧပြီလတုန်းက ကတိပေးခဲ့တဲ့အတိုင်း နိုင်ငံအတွင်း လူမှုကယ်ဆယ်ရေးပေးဖို့ကိစ္စကိုတောင် အခုထိမလုပ်ဆောင်နိုင်ခဲ့ဘူးလို့အထူးအကြံပေးကောင်စီရဲ့ထုတ်ပြန်ချက်မှာ ဆက်ပြီးထောက်ပြထားပါတယ်။

    အထူးအကြံပေးကောင်စီ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ခရစ်ဆီဒေါတီး ကတော့ မြန်မာနိုင်ငံမှာ လူထုအနေနဲ့ဖိနှိပ်ညှဉ်းပန်းမှုတွေကို မခံနိုင်လွန်းလို့ လက်နက်ကိုင်ဖို့ဖြစ်လာတာကို စာနာနားလည်ကြောင်း ထုတ်ပြန်ချက်မှာထည့်သွင်းပြောကြားလာပါတယ်။ဒါပေမဲ့ NUG ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာမယ့် ရလဒ်နဲ့ပတ်သက်လို့ စိုးရိမ်တယ်လို့ သူကဆက်ပြောပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ ဟာ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီရေး၊ တရားမျှတရေး တာဝန်ခံမှုတွေမြန်မာနိုင်ငံမှာရှိစေဖို့အတွက် နိုင်ငံတကာကျွမ်းကျင်ပညာရှင်တွေနဲ့ဖွဲ့စည်းထားတဲ့ သီးခြားလွတ်လပ်တဲ့အဖွဲ့တစ်ခုဖြစ်ပါတယ်။

  15. သတ္တမအကြိမ်မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မိန့်ခွန်းပြော, ဒေသတွင်းအစည်းအဝေးတွေတက်ရောက်ကြောင်း နိုင်ငံတကာ ကို ပြချင်တဲ့ခြေလှမ်းလို့သုံးသပ်

    ဒီကနေ့ စက်တင်ဘာ (၉)ရက် မနက်အစောပိုင်းမှာ သတ္တမအကြိမ် မဟာမဲခေါင်ဒေသခွဲထိပ်သီး အစည်းအဝေး (7th Greater Mekong Subregion Summit) ကို Video Conferencing စနစ်နဲ့ ကျင်းပခဲ့ပြီး စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တက်ရောက်မိန့်ခွန်းပြောခဲ့ပါတယ်။

    အဲ့ဒီအစည်းအဝေးကို မဟာမဲခေါင်ဒေသခွဲနိုင်ငံတွေက ခေါင်းဆောင်တွေဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့က ဝန်ကြီးချုပ်တွေ၊ မဟာမဲခေါင်ဒေသခွဲ နိုင်ငံတွေက ဝန်ကြီးတွေ၊ အဆင့်မြင့်အရာရှိကြီးတွေနဲ့အာရှဖွံ့ဖြိုးရေးဘဏ်ဉက္ကဋ္ဌတို့လည်း တက်ရောက်ခဲ့ ကြတာဖြစ်ပါတယ်။

    ဒီအစည်းအဝေးကို ဆယ်စုနှစ်အသစ်ကစိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့ အားသစ်လောင်းဖို့ဆိုတဲ့ဆောင်ပုဒ်နဲ့ လုပ်ဆောင်တာဖြစ်ပြီး မဲခေါင်ဒေသပူးပေါင်းဆောင်ရွက်မှုတွေရဲ့ တိုးတက်မှုကို ပြန်လည်သုံးသပ်ကာ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ထောက်ပံ့မှုနဲ့ နောက်လာမယ့်သုံးနှစ်အတွင်း လုပ်ဆောင်မယ့်အစီအစဉ် အတွက်ပါ ရည်ရွယ်တယ်လို့ ဗီယက်နမ်အခြေစိုက်သတင်းတွေမှာ ဖော်ပြထားပါတယ်။

    (၃) နှစ်တကြိမ်ကျင်းပတဲ့ ဒီအစည်းအဝေးဟာ မဟာမဲခေါင်ဒေသမှာ ထိပ်သီးအစည်းအဝေးတခုဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေတက်ရောက်ကြတာဖြစ်ပါတယ်။ ၂၀၁၈ခုနှစ်က ပြုလုပ်တဲ့ ဆဋ္ဌမ အကြိမ်မြောက် မဟာမဲခေါင်ထိပ်သီးအစည်းအဝေးကိုတော့ အရပ်သားအစိုးရဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ခဲ့ပါတယ်။

    စစ်ကောင်စီဥက္ကဋ္ဌဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေး အာဆီယံခေါင်းဆောင်တွေရဲ့အထူးအစည်းအဝေးကို တက်ရောက်ခဲ့တာက အာဏာသိမ်းပြီးနောက်သူ့ရဲ့ပထမဆုံး နိုင်ငံတကာမျက်နှာစာကို တက်ရတဲ့ အခမ်းအနားဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ တရားဝင်ခေါင်းဆောင်တစ်ယောက်အဖြစ် အသိအမှတ်ပြုတွေ့ဆုံတာမျိုးထက် အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် သွေးထွက်သံယိုမှုတွေအပါအဝင် မြန်မာ့အရေးနဲ့ပတ်သက်လို့ ခေါ်ယူတွေ့ဆုံဆွေးနွေးတာသာဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်ကတော့ အာဆီယံက စစ်ကောင်စီခေါင်းဆောင်ကို နိုင်ငံ့ခေါင်းဆောင်အဖြစ် အသိအမှတ်ပြု ဖိတ်ကြားတယ်လို့သာ တလျှောက်လုံးခုခံပြောဆိုခဲ့ပါတယ်။အခုတော့ အိမ်စောင့်အစိုးရလို့ အသွင်ပြောင်းပြီး ဝန်ကြီးချုပ်နေရာကို ရယူထားတဲ့ စစ်ကောင်စီ ဥက္ကဋ္ဌက ခုလို ဒေသတွင်းအစည်းအဝေးကို တက်ရောက်လာတာက နိုင်ငံတကာအသိအမှတ်ပြုမှုရရှိနေတယ်လို့ပြသလိုတဲ့ခြေလှမ်းလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်တာတွေလည်းရှိလာနေပါတယ်။လက်ရှိမှာတော့ စက်တင်ဘာ ၁၄ မှာကျင်းပမယ့် ကုလအစည်းအဝေးစင်မြင့်မှာ မြန်မာကိုယ်စားလှယ်ကို အမျိုးသားညီညွတ်ရေးအစိုးရဘက်ကရော စစ်ကောင်စီဘက်ကပါ အဆိုပြုထားပြီးဖြစ်ပါတယ်။

  16. စစ်အုပ်ချုပ်ရေးမာရှယ်လောကြေညာထားတဲ့ တွံတေးမြို့မှာစစ်ကောင်စီသတင်းပေးလို့နာမည်ကြီးသူတွေရဲ့အိမ်တွေအနီးအနား ဆက်တိုက်ပေါက်ကွဲမှုဖြစ်

    န်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့ကို ပြီးခဲ့တဲ့စက်တင်ဘာ၄ရက်နေ့ကရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ၁၄၄ အရ လူစုလူဝေးမလုပ်ဖို့နဲ့ ညမထွက်အရအမိန့်ထုတ်ပြန်ကြောင်း မြို့အတွင်းလှည့်လှည်ကြေညာခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ဒီနောက်ပိုင်းမှာ တွံတေးမြို့အတွင်းစစ်ကောင်စီတပ်တွေရဲ့လုံခြုံရေးတင်းကျပ်မှုတွေ၊စစ်ဆေးဖမ်းဆီးမှုတွေလည်းပိုရှိလာပြီး နေရာအနှံပေါက်ကွဲမှုတွေလည်းရက်ခြားဆိုသလိုဖြစ်လာတယ်လို့ဒေသခံတွေကပြောပါတယ်။

    ပေါက်ကွဲမှုဖြစ်စဉ်တွေအနေနဲ့စက်တင်ဘာ ၈ရက်နေ့ညပိုင်းကတကြိမ်၊ ဒီကနေ့စက်တင်ဘာ၉ရက်နေ့မနက်ပိုင်းမှာတကြိမ်ဖြစ်ခဲ့ပြီး ပေါက်ကွဲမှုဖြစ်တဲ့နေရာတွေဟာဆိုရင်တွံတေးမြို့ပေါ်မှာ စစ်ကောင်စီတပ်တွေရဲ့သတင်းပေးလို့နာမည်ကြီးသူတွေရဲ့နေအိမ်တွေမှာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ဒီကနေ့စက်တင်ဘာ ၉ရက်နေ့မနက်ပိုင်းက ပေါက်ကွဲမှုမှာတော့ တွံတေးမြို့ အိုးဖိုအရှေ့ရပ်အနီးက သာယာကုန်းရပ်ကွက်ထဲမှာ သတင်းပေးလို့နာမည်ကြီးနေသူတစ်ဦးရဲ့ နေအိမ်အနီးမှာ ပေါက်ကွဲမှုတစ်ခုထပ်ဖြစ်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာတော့မရှိခဲ့ဘူးလို့ ရပ်ကွက်အတွင်းနေထိုင်သူတွေကပြောပါတယ်။

    " ညကပေါက်တာကတော့ အသံကတော့ တော်တော်ကျယ်တယ် မြေကြီးပါတုန်တယ်။ဧည့်စာရင်းလိုက်စစ်နေပြီးခဏကြာတော့ ပေါက်တာပဲ။မာရှယ်လောထုတ်ပြီးမှဆိုရင်ပေါက်ကွဲမှုဖြစ်တာ၃ကြိမ်လောက်ရှိနေပြီ" လို့တွံတေးဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    တွံတေးမြို့နယ်ထဲမှာဆိုရင် လမ်းမကြီးတွေ၊ လမ်းသွယ်တွေနဲ့လမ်းကြားတွေအပြင်အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေမှာ လူ၅ဦးထပ်မစုဝေးဖို့နဲ့ည ၁၀နာရီကနေ မနက် ၄နာရီအတွင်းအပြင်မထွက်ဖို့ကို မြို့နယ်အုပ်ချုပ်ရေးမှူးလက်မှတ်တွေနဲ့စက်တင်ဘာ ၄ရက်နေ့ကစပြီးထုတ်ပြန်ထားတယ်လို့ဒေသခံတွေကပြောပါတယ်။

    ဒီလို လုံခြုံရေးတင်းကျပ်မှုတွေအပြင် စစ်ကောင်စီတပ်တွေကကျောင်းအကြိုအပို့ယာဉ်တွေကိုအသုံးပြုပြီး ဆန်၊ဆီ၊ဆား စတဲ့အခြေခံစားသောက်ကုန်တွေကို ရောင်းချပေးနေတာတွေလည်းရှိနေတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။ဒီလိုရောင်းချမှုတွေကို စစ်ကောင်စီကားတွေကလုံခြုံရေးအပြည့်နဲ့ပုံမှန်ထပ်အနည်းငယ်လျော့တဲ့ဈေးနဲ့ ရောင်းတာဖြစ်ပေမယ့် ဝယ်ယူသူမရှိသလောက်နည်းတယ်လို့ တွံံတေးဒေသခံတွေက ပြောပါတယ်။

  17. စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ်နောက်ပိုင်း ပြောင်းလဲလာတဲ့ လူနေမှုဘဝတွေ

  18. စစ်ရေးလမ်းဟာ နိုင်ငံတကာ ထောက်ခံမှုရဖို့ လွယ်နိုင်မလား

  19. အေအေရဲ့ အုပ်ချုပ်မှုကို မလိုက်နာဖို့ မွတ်ဆလင်ရွာက အုပ်ချုပ်ရေးမှူးတွေကို တပ်ကညွှန်ကြားတယ်လို့ပြော