မြစ်ကြီးနားမြို့ပေါ်က စစ်ရှောင်စခန်းတချို့ စားနပ်ရိက္ခာ ခက်ခဲ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်က စစ်ရှောင်စခန်းတွေကို စားနပ်ရိက္ခာ ထောက်ပံ့နေတဲ့ ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ် WFP ကနေ ထောက်ပံ့နေကျ ထောက်ပံ့ရေး မရောက်ရှိလာတာ ၂ လ ဖြစ်ခဲ့တာကြောင့် အခက်အခဲဖြစ်နေတဲ့အပြင် ကိုဗစ်ကြောင့် နေ့စားအလုပ်လည်းမရှိတဲ့အတွက် စစ်ရှောင်တချို့ဟာ ချေးငှားစားနေရတာမျိုးတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခက်အခဲတွေ ဖြစ်နေတာကြောင့် စခန်းက ဝင်ထွက်ခွင့်တွေကို ဖြေလျှော့ပြီး အခု ဒီတစ်ပတ်မှာတော့ ကျန်းမာရေးကိုလည်း သတိထားပြီး ပိုက်ဆံရှာထွက်ခွင့် ပေးထားတယ်လို့ ကေဘီစီ ဂျန်မိုင်ကောင်စခန်းကနေ သိရပါတယ်။
ဝင်ငွေမရှိတဲ့ အပြင် နေထိုင်မကောင်းတာတွေလည်း ရှိနေတယ်လို့ စခန်းမှာ နေထိုင်သူက ပြောပါတယ်။ WFP က ထောက်ပံ့မှုတွေ ပေးမယ်လို့ သိရပေမယ့်ကြန့်ကြာမယ့်အကြောင်း သိထားရတယ်လို့ ပြောပါတယ်။
မြစ်ကြီးနားမြို့ ကေဘီစီ ဂျန်မိုင်ကောင်စခန်းမှာ အိမ်ထောင်စု ၂၀၁ စု၊ ကလေး ၅၀၀ ဦးအပါအဝင် လူဦးရေ ၁၁၀၀ ဦးကျော် ရှိတယ်လို့ သိရပါတယ်။