ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ရိုဟင်ဂျာတွေအရေး ဆောင်ရွက်သူ သတ်ဖြတ်ခံရမှုကို စုံစမ်းဖို့ လူ့အခွင့်အရေးဆောင်ရွက်သူတွေ တောင်းဆို

အသက် ၄၈ နှစ်အရွယ် မိုဟီးဘူလာဟာ ကောက်ဇက်ဘဇားခရိုင်ထဲမှာရှိတဲ့ ကူတူပါလောင်ဒုက္ခသည်စခန်းထဲက သူ့ရဲ့ရုံးခန်းထဲမှာ စက်တင်ဘာလ ၂၉ ရက် ည ၈ နာရီကျော်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာလို့ သိရပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဖမ်းဆီးခံ လူငယ့်မေတ္တာလူမူကူညီရေးအသင်းသားတွေရဲ့ အခြေအနေကိုမသိရှိရသေး

    သတင်းပေးတစ်ယောက် အပစ်ခံရပြီးတဲ့နောက် ဝင်ရောက်စီးနင်းဖမ်းဆီးခံရတဲ့ လှည်းကူးမြို့ လူငယ့်မေတ္တာလူမူကူညီရေးအသင်းရုံး က အသင်းသား ၃ ဦးနဲ့ ရွာသား ၆ ဦးရဲ့ နောက်ဆက်တွဲအခြေအနေကို မသိရှိရသေးဘူးလို့ အသင်းတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ မနေ့က စက်တင်ဘာ ၁၁ရက် မှာလည်း အသင်းရုံးကိုထပ်မံဝင်ရောက်ရှာဖွေသွားပြီး ကျည်ဆံ အချို့တွေ့ရှိတယ်ဆိုပြီး ပြောလာတယ်လို့ အသင်းတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

    ’’ သူတို့ဝင်ရှာပြီးဖမ်းကတည်းက အသင်းကလူတွေကတော့ရုံးကိုမသွားကြတော့ဘူး။မနေ့က တော့ ထပ်ဝင်ရှာပြီး ရပ်ကျေးအုပ်ချုပ်ရေးမှုးကိုခေါ်ပြီး ကျည်ဆံ ၁၂တောင်တွေ့တယ်ဆိုပြီး သက်သေခေါ်ယူတယ်လို့ ပြန်သိရတယ် ’’လို့ အသင်းတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းကျေးရွာက လူငယ့်မေတ္တာလူမူကူညီရေးအသင်းရုံး ကို စက်တင်ဘာ ၁၁ရက် ည ၁နာရီအကျော်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့က ဝင်ရောက်စီးနင်းပြီး အသင်းသားအချို့နဲ့ ရွာသားအချို့ကိုခေါ်ဆောင်သွားတာဖြစ်ပါတယ်။ ဝင်ရောက်ဖမ်းဆီးတဲ့နေ့က နောက်ထပ်အသင်းသားတစ်ဦးကို ဖမ်းမိတာမရှိလို့ အဲဒီအသင်းသားရဲ့ ဖခင်ဖြစ်သူနဲ့ ညီဖြစ်သူကိုပါ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

    ’’ အဲဒီဖမ်းတဲ့နေ့ နေ့ခင်းပိုင်းက ဇရပ်ကွင်း ရွာက စစ်တပ် သတင်းပေးတစ်ယောက် သေနတ်နဲ့ပစ်ခံရတယ်။ အဲဒီအပစ်ခံရတဲ့သူက လှည်းကူး PDF ရဲ့ ဒလန်စာရင်းထဲမှာပါတယ်။ဒါပေမယ့် ကျွန်တော်တို့အသင်းက လူငယ်အချို့နဲ့ အပစ်ခံရတဲ့သူနဲ့က နဂိုကတည်းက ရွာသားချင်းမတည့်တာတော့ရှိတယ်။အဲဒီတော့ သတ်တဲ့သူဘယ်သူဖြစ်နိုင်လဲမေးတဲ့အချိန်ကျတော့ကျွန်တော့်အသင်းသားတွေလို့ပြောတာဖြစ်နိုင်တယ်။ ကျွန်တော်တို့အသင်းက လူမှုကူညီရေးလုပ်ငန်းကလွဲလို့ အဲဒီလိုတွေလုပ်တာမှမရှိတာ’’ လို့ အသင်းတာဝန်ရှိသူကပြောပါတယ်။

  2. "ဖေဖေပြန်လာမယ် ဆိုတဲ့အတွေးနဲ့ မျှော်နေပါတယ်" - တော်လှန်ရေးသမားရဲ့ သမီးငယ်

  3. ချင်းပြည်နယ်မှာ CDF တွေ တိုက်လေယာဉ်သုံး တိုက်ခိုက်ခံရတယ်လို့ဆို

    ချင်းပြည်နယ် ထန်တလန်ဒေသအတွင်းက အိန္ဒိယ နယ်စပ်နားမှာရှိတဲ့ လုံလဲကျေးရွာအနီး CDF နဲ့ စစ်ကောင်စီတပ်တို့ စက်တင်ဘာလ ၁၀ ရက်နေ့က တိုက်ပွဲဖြစ်ကြရာမှာ စစ်ကောင်စီဘက်က တိုက်လေယာဉ်စေလွှတ်တိုက်ခိုက်ခဲ့ပြီး ဒါဟာ ချင်းပြည်နယ်အတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေမှာ သူတို့ဘက်က ပထမဆုံး လေယာဉ်သုံး တိုက်ခိုက်တာ ဖြစ်တယ်လို့ CDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ တဦးက ဘီဘီစီကို ပြောပါတယ်။

    အဲဒီ လုံလဲရွာအနီးမှာ စစ်ကောင်စီရဲ့ တပ်ခွဲစခန်းတခု အခိုင်အမာရှိထားပြီး CDF တွေရဲ့ တိုက်ခိုက်မှုကြောင့် အဲဒီ စခန်းကျခါနီးမှာ စစ်ကူအနေနဲ့ တိုက်လေယာဉ်ရောက်လာပြီး ဗုံးခြောက်လုံးလောက် ကြဲသွားခဲ့တယ်လို့လည်း သူက ပြောပါတယ်။

    အခုလို ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ် ပျက်စီးမှုတွေ ရှိခဲ့ပြီး ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

    ထန်တလန်မြို့တဝိုက်မှာလည်း အခုလို စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တာတွေ ရှိရာမှာ စစ်ကောင်စီဘက်က ငါးယောက်သေဆုံးပြီး ချင်းဒေသခံတွေနဲ့ ချင်းကာကွယ်ရေး တပ်ဘက်မှာလည်း ဒဏ်ရာရသူတွေ ရှိတယ်လို့ ဆိုပါတယ်။

    ချင်းပြည်နယ် မင်းတပ်မြို့ဘက်မှာ ဆိုရင်လည်း ဒေသခံ စစ်ဘေးရှောင်သူတွေ ကျန်ခဲ့တဲ့ ဆန်အိတ်တွေကို စစ်ကောင်စီဘက်က ဖျက်ဆီးတာတွေ ရှိရာမှာ ဆန်အိတ်တွေကို အပေါက်ဖောက်၊ ဓါတ်ဆီ ဒီဇယ်လောင်းပြီး ဖျက်စီးမှုကြောင့် ဆန်အိတ် တရာလောက် ပျက်စီးသွားတယ်လို့လည်း ဒေသခံ အကူအညီပေးနေသူ တဦးက ဘီဘီစီကို ပြောပါတယ်။

    ချင်းပြည်နယ် မင်းတပ်နဲ့ ထန်တလန်ဘက်တွေက တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာလည်း ရှိနေပြီး ဒီတိုက်ပွဲတွေနဲ့ ပတ်သက်တဲ့ သတင်းထုတ်ပြန်မှုကိုတော့ စစ်ကောင်စီဘက်က ပြုလုပ်ခြင်း မရှိသေးပါဘူး။

  4. ဦးသန်းရွှေရဲ့ ကျောက်ဆည်အိမ်ရှေ့ ပေါက်ကွဲမှုဖြစ်

    အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့ ကျောက်ဆည်က အိမ်ရှေ့ကို ဒီကနေ့ စက်တင်ဘာ ၁၁ ရက်မနက်ပိုင်းမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

    အဲ့ဒီလို‌ဖောက်ခဲ့တဲ့ရုပ်သံကို အွန်လိုင်းပေါ်မှာတင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကျောက်ဆည်) က သူတို့ လက်ချက်လို့ ထုတ်ပြန်ပါတယ်။အဲ့ဒီရုပ်သံဖိုင်ထဲ လူငယ်တစ်ယောက်က လက်လုပ်ဗုံးလို့ယူဆရတဲ့ဗုံးတစ်လုံးကို ပစ်ပြီးပြီးချင်း အသင့်စောင့်နေတဲ့ ဆိုင်ကယ်နဲ့ထွက်ပြေးလွတ်မြောက်ခဲ့တာ တွေ့ရပါတယ်။

    ဦးသန်းရွှေရဲ့ ဇာတိ ကျောက်ဆည်က အိမ်ဟာ ဧက နဲ့ချီ ကျယ်ဝန်းတဲ့ခြံထဲမှာရှိတာမို့ အထိအခိုက် အပျက်အစီး မရှိခဲ့ဘဲ ခြောက်လှန့်တဲ့သဘောလို့ မြို့ခံတွေက ပြောကြပါတယ်။ ဦးသန်းရွှေဟာ နေပြည်တော်က ခြောက်လုံးတန်းမှာ နေထိုင်တာဖြစ်ပြီး ပြီးခဲ့တဲ့လက ကိုဗစ် ၁၉ စစ်ဆေးဖို့ ဆေးရုံတက်ခဲ့ပါသေးတယ်။

    ၂၀၁၁ ခုနှစ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကနေ အနားယူခဲ့တဲ့ ဦးသန်းရွှေဟာ သူ့နေရာကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လွှဲပေးခဲ့တာဖြစ်ပါတယ်။

  5. ကုလမှာ ဦးကျော်မိုးထွန်းကို ဆက်အတည်ပြုဖို့ ဗြိတန်နိုင်ငံခြားရေးဝန်ကြီးထံ တိုက်တွန်းစာပေး

    မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဘယ်သူ့ကို လက်ခံမယ်ဆိုတာ မကြာခင် ကုလသမဂ္ဂက ဆုံးဖြတ်ရဖို့ရှိနေချိန်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက် အတည်ပြုလက်ခံဖို့ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး ဒေါမနစ် ရာ့ဘ်က အကူအညီပေးပါလို့ တိုက်တွန်းတဲ့ စာတစ်စောင်ကို ဗြိတိန်ရောက် မြန်မာတွေက ဗြိတိန် နိုင်ငံခြားရေးရုံးမှာ သောကြာနေ့က သွားရောက် ပေးအပ်ခဲ့ပါတယ်။

    ဗြိတိန်နိုင်ငံမှာ နေထိုင်တဲ့ မြန်မာနိုင်ငံက တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ မွတ်ဆလင်အဖွဲ့အစည်းတွေ၊ ကျောင်းသား သမဂ္ဂနဲ့ NUG Campaign UK တို့က ကိုယ်စားလှယ်တွေ စုပေါင်း ပြီး သွားပေးခဲ့ကြတာပါ။

    အဲဒီစာကို နိုင်ငံခြားရေးဝန်ကြီးထံပို့ပေးဖို့ သက်ဆိုင်ရာ အရာရှိက လာရောက်လက်ခံရယူခဲ့ပါတယ်။

  6. ဦးညီပုအပါအဝင် ရခိုင်ဝန်ကြီးဟောင်းငါးဦးကို အဂတိမှုနဲ့စတင်စစ်ဆေး

    ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ဝန်ကြီးဟောင်းငါးဦးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးပုဒ်မ (၅၅) နဲ့ ပြည်နယ်တရားရုံးမှာ တရားစွဲဆိုလိုက်ပြီလို့ အမှုလိုက် ပါဆောင် ရွက်ပေးနေတဲ့ ရှေ့နေဦးအောင်စစ်မင်းက ပြောပါတယ်။ အဂတိမှုနဲ့တရားစွဲဆိုခံလိုက်ရသူတွေကတော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးဟောင်းတွေဖြစ်ကြတဲ့ ဝန်ကြီးချုပ် ဉီးညီပု၊ ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၊ ပြည်နယ် လျပ်စစ်၊ စက်မှုနဲ့ လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့ သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်နဲ့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်တို့ဖြစ်ကြပါတယ်။ အဲ့ဒီဝန်ကြီးဟောင်းငါးဦးစလုံးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လက်ထက် အစိုးရအဖွဲ့ဝင်တွေဖြစ်ကြပြီး အာဏာသိမ်းခံရပြီးတဲ့နောက် ၇ လကျော်အကြာမှာအဂတိမှုတွေနဲ့ တရားစွဲဆိုခံရတာဖြစ်ပါတယ်။ စက်တင်ဘာ ၈ ရက်နေ့မှာတော့ ဦးညီပုအပါအဝင် ဝန်ကြီးဟောင်းငါးဦးတို့ကို အဂတိမှုနဲ့ပတ်သက်လို့ ပြည်နယ်တရားရုံးမှာ အွန်လိုင်းကတစ်ဆင့် ရုံးထုတ်စစ်ဆေးမှုတွေ စတင်ပြုလုပ်ခဲ့တယ်လို့ ရှေ့နေဦးအောင်စစ်မင်းက ပြောပါတယ်။

    “ဦးညီပုအပါအဝင် ဝန်ကြီးငါးဦးကို အဂတိမှုနဲ့ ပြည်နယ်မှာစွဲထားပါတယ်။ ၈ ရက်နေ့က အဂတိနဲ့စွဲထားတဲ့ ဝန်ကြီးငါးဦးကိုရုံးထုတ်ခဲ့ပါတယ်။ အွန်လိုင်းကနေပဲ ရုံးထုတ်ခဲ့တာပါ။ ဦးညီပုမှာက အရင်က မြို့နယ်ရုံးမှာ ၅၀၅ တစ်မှုရှိတယ်”လို့ ဦးအောင်စစ်မင်းက ပြောပါတယ်။

    ဖမ်းဆီးတရားစွဲဆိုခံနေရတဲ့ ရခိုင်ဝန်ကြီးဟောင်းငါးဦးအနက် ဝန်ကြီးချုပ်ဟောင်း ဦးညီပုဟာ အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)နဲ့ စွဲဆိုခံထားရသလို စည်ပင်သာယာရေးဝန်ကြီး ဟောင်း ဦးမင်းအောင်ဟာလည်း အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲဦးဆောင်ခဲ့တဲ့အတွက် ငြိမ်းစုစီပုဒ်မ ၁၉၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ တို့နဲ့ တရားစွဲခံထားရတာဖြစ်ပါတယ်။ ဦးညီပုဟာ အာဏာသိမ်းကတည်းက စစ်တပ်ရဲ့ဖမ်းဆီးခြင်းခံလိုက်ရပြီး စစ်တွေမြို့နယ်တရားရုံးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု နဲ့အမှုရင်ဆိုင်နေရာကနေ အခု အဂတိမှုနဲ့ပါ ထပ်မံတရားစွဲခံရတာဖြစ်တယ်လို့ သမီးဖြစ်သူ ဒေါ်ကြည်ကြည်ဦးက ပြောပါတယ်။ ဖမ်းဆီးခံလိုက်ရတဲ့အချိန်ကစလို့ ဦးညီပုကို ဘယ်နေရာမှာထားရှိတယ်ဆိုတာကို အတိကျမသိရသလို စစ်တပ်ထဲမှာဘဲ ရှိနေတယ်လို့သတင်းတွေကြားသိနေရပြီး ရုံးထုတ်စစ်ဆေးတာတွေလည်းမလုပ်ဘဲ အွန်လိုင်းဗီဒီယိုနဲ့သာ စစ်ဆေးနေတဲ့ အတွက် မိသားစုတွေနဲ့တွေ့ခွင့်မရရှိဘဲဖြစ်နေတယ်လို့ မိသားစုတွေကပြောဆိုကြပါတယ်။ အခုလို အဂတိမှုနဲ့ထပ်မံပြီးတော့ တရားစွဲဆိုခံရတာဟာ မဖြစ်သင့်တဲ့ကိစ္စဖြစ်ပြီး ဦးညီပုအနေနဲ့ သူတာဝန်ယူခဲ့တဲ့ဝန်ကြီးချုပ် သက်တမ်းတစ်လျှောက်မှာ အဂတိနဲ့ပတ်သက်ပြီးလုပ်ဆောင်ခဲ့တာ ဘာမှမရှိဘူးလို့ယုံကြည်ကြောင်း သမီးဖြစ်သူ ဒေါ်ကြည်ကြည်ဦးက ပြောပါတယ်။

    “ဒါကတော့ မဖြစ်သင့်ဘူးလို့ထင်တာပဲလေ။ အဂတိနဲ့လုပ်တဲ့ဟာမျိုးတွေကျတော့ ဖေဖေအနေနဲ့ရှိမှာလည်းမဟုတ်ဘူး။ သူတို့ဘက်က ဘယ်လိုအကြံအစည်နဲ့လုပ်တယ်ဆိုတာတော့ မပြောနိုင်ဘူးပေါ့။ ကိုယ့်ဘက်ကသေချာတာကတော့ မဖြစ်နိုင်ဘူးပေါ့။ လုပ်ထားတာမရှိဘူးလို့ ကိုယ့်အဖေကို ယုံကြည်တာပဲလေ”လို့ ဒေါ်ကြည်ကြည်ဦးက ပြောပါတယ်။

    အခုတရားစွဲဆိုခံလိုက်ရတဲ့ အဂတိမှုနဲ့ပတ်သက်လို့ ဝန်ကြီးဟောင်းငါးဦးတို့အနက် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်းတစ်ဦးတည်းသာ ရှေ့နေငှါးရမ်းထားပြီး ကျန်တဲ့ဝန်ကြီးတွေမှာတော့ လောလောဆယ် အမှုလိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေတွေ မရှိသေးဘူးလို့ သိရပါတယ်။ အခုတရားစွဲဆိုခံလိုက်ရတဲ့ နောက်ထပ်ဝန်ကြီးဟောင်းလေးဦးတို့ကိုတော့ အကျဉ်းထောင်မှာ ထိန်းသိမ်းထားရှိတယ်လို့သိရပြီး အမှုနဲ့ပတ်သက်လို့ လာမယ့် စက်တင်ဘာ ၂၁ ရက်နဲ့ ၂၂ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်တယ်လို့ သိရပါတယ်။

  7. ရောင်းအားကျဆင်းလာတဲ့အောင်ဘာလေထီကို အွန်လိုင်းကနေရောင်းချဖို့ ပြင်လာ

    အောင်ဘာလေထီရောင်းအားကျဆင်းပြီး ထီဆုတွေနည်းလာတဲ့နောက် မှာတော့ အွန်လိုင်းကနေပါ အောင်ဘာလေထီကိုရောင်းချဖို့ စစ်ကောင်စီလက်အောက် စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနဘက်ကကြေညာလာပါတယ်။ အွန်လိုင်းကတဆင့်ရောင်းချနိုင်ဖို့အတွက် နည်းပညာပိုင်းဆိုင်ရာလိုအပ်ချက်တွေရှိနေပြီး Service Provider လုပ်ငန်းတစ်ခုကိုရွေးချယ်ဌားရမ်းသွားမယ်လို့ဆိုပါတယ်။ အဲဒီအတွက် လုပ်ငန်းလုပ်ကိုင်လိုတဲ့ ကုမ္ပဏီ ၊အဖွဲ့အစည်းတွေဟာ အောက်တိုဘာ ၁၅ရက်နောက်ဆုံးထားပြီး အဆိုပြုလွှာတင်နိုင်တယ်လို့ ကြေညာချက်မှာဖော်ပြပါတယ်။ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ပြီး သူ့တို့ရဲ့ ဝင်ငွေရပေါက်ရလမ်းတွေကို ကန့်သတ် ပိတ်ဆို့နိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ ပြည်သူအများစုက အောင်ဘာလေထီတွေ မထိုးဘဲ ဆန့်ကျင် သပိတ်မှောက်ခဲ့ကြပြီးတဲ့နောက် လက်ရှိမှာရန်ကုန် ၊ မန္တလေး အပါအဝင် မြို့ကြီးတွေက ထီဆိုင်ကြီးတွေနဲ့ ထီဆိုင်ခွဲတွေ ပိတ်သိမ်းလာကြပါတယ်။ အောင်ဘာလေသိန်းဆုဌာနခွဲဘက်က ထီဆုငွေတွေကို တိုးမြှင့်ချီးမြှင့်ပြီး ထီပေါက်ငွေကို အပြည့်ငွေသားထုတ်ပေးမယ်လို့ ထုတ်ဖော်ပြောကြားထားပေမယ့် အောင်ဘာလေထီထိုးသူ မရှိသလောက်ဖြစ်နေပြီး ထီဈေးကွက် ပျက်သလို ဖြစ်နေပြီလို့ ထီလုပ်ငန်းရှင်တွေက ပြောကြပါတယ်။

  8. နေပြည်တော်မှာ အမျိုးသမီး နှစ်ဦး သေနတ်ပစ်ခံရ

    နေပြည်တော် ဥတ္တရသီရိမြို့နယ်ထဲက မောင်ရမ်းရွာမှာ သားအမိ နှစ်ဦး သေနတ်ပစ်ခံရတဲ့ဖြစ်စဉ် စက်တင်ဘာ ၁၀ ရက် ညက ဖြစ်ပွားခဲ့ပါတယ်။

    စစ်တပ်သတင်းပေးမို့ သုတ်သင်တာဖြစ်ပြီး နေပြည်တော် PDF တပ်ခွဲ(၅) နဲ့ ပေါင်းလုပ်တာလို့ ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ပါတယ်။

    စစ်ကောင်စီဘက်ကလည်း ဒီဖြစ်စဉ်ကိုအတည်ပြုပြီး ဒေါ်ခင်မာဌေး နဲ့ သမီးဖြစ်သူဟာ သေနတ်နဲ့ ၄ ချက် အပစ်ခံရတာဖြစ်ပြီး နှစ်ယောက်လုံးကို နေပြည်တော်စစ်ဆေးရုံမှာ တင်ထားတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

    သေနတ်ပစ်သူနဲ့ သံသယရှိသူ နှစ်ဦးကို ညတွင်းချင်းဖမ်းမိပြီးစစ်ဆေးနေတယ်လို့ ထုတ်ပြန်ပါတယ်။

    အာဏာသိမ်းပြီးကတည်းက ဒလန်လို့စွပ်စွဲခံရပြီး အသတ်ခံရသူ ၃၆၉ ဦး ရှိပြီး ဒဏ်ရသူက ၄၄၆ ဦး ရှိပြီလို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့စာရင်းတွေအရ သိရပါတယ်။

    တစ်ဖက်မှာလည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့သူတွေကို စစ်ကောင်စီဘက်က အကြမ်းဖက်နှိမ်နင်းလို့ သေဆုံးရသူက တစ်ထောင်ကျော်ရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

  9. Mytel တာဝါတိုင် တွေကိုဖျက်ဆီးခဲ့တယ်လို့ ခင်ဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်

    စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်းရှိ Mytel တာဝါတိုင် ၇ခုကို စက်တင်ဘာ ၁၀ရက် တစ်နေ့ထဲမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကနေ ဒီကနေ့ စက်တင်ဘာ ၁၁ ရက်မှာထုတ်ပြန်လာပါတယ်။ နေရာ ၇ခုက တာဝါတိုင်တွေကို ဖောက်ခွဲဖျက်ဆီးတာနဲ့ ဓာတ်ဆီလောင်း မီးရှို့တာတွေလုပ်ခဲ့တယ်လို့ဆိုပါတယ်။ ခင်ဦးမြို့နယ် ငါးတင်းကြီး ရွာထိပ် ၊ ထနောင်းကိုင်းလေး လမ်းဆုံအနီး ၊ ရွာသစ်ကုန်းရွာအနီ တပင်ကောင်းရွာအနီး ၊ မဒေါင်းလှကျေးရွာ အနောက်ဘက်၊ချောင်းဆုံကျေးရွာ အနီးနဲ့ ရွာစဉ်ကျေးရွာ အနီး က Mytel တာဝါတိုင်တွေကိုဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အလားတူ ဒေသအများစုမှာလည်း အခုရက်ပိုင်းအတွင်း စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင်တွေ ဆက်တိုက်ဖျက်ဆီးခံရမှုတွေရှိနေပြီး Mytel နဲ့ MPT တာဝါတိုင်တွေကို လုံခြုံရေးချထားဖို့ ဆိုတဲ့ စစ်ကောင်စီဘက်ကညွှန်ကြားစာဆိုပြီး အွန်လိုင်းပေါ်မှာပျံ့နှံ့နေတာ လည်းတွေ့ရပါတယ်။

  10. လက်ကမ်းစာစောင်ဝေတဲ့လူငယ်အချို့ဖမ်းဆီးခံရတယ်လို့ဆို

    မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၂၆လမ်း နဲ့ ၉၀ ၊ ၉၁ လမ်း ချမ်းသာရဘုရားအနီး မှာ အမျိုးသားညီညွတ်ရေးအစိုးရကိုထောက်ခံကြောင်းနဲ့ ကုလသမဂ္ဂသံအမတ်ဦးကျော်မိုးထွန်း ကိုထောက်ခံကြောင်းလက်ကမ်းစာစောင်ဝေတဲ့ လူငယ်အချို့ ဖမ်းဆီးခေါ်ဆောင်ခံရ တာရှိတယ်လို့ မြို့ခံအချို့ကပြောပါတယ်။ '' သပိတ်စစ်ကြောင်းတော့မဟုတ်ဘူး။လက်ကမ်းစာစောင်ဝေတာမှာ စစ်ကောင်စီတပ်ကားက နောက်ကနေ လိုက်တိုက်တာ။ဖမ်းခံရတာ နှစ်ယောက်ရှိတယ်။သေတာတစ်ယောက်ရှိတယ်ပြောတယ်။သေချာအောင်စုံစမ်းနေတယ် '' လို့ မန္တလေးသပိတ်ဦးဆောင်သူတစ်ဦးကပြောပါတယ်။သေဆုံးမှု ဖမ်းဆီးခံရမှုနဲ့ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ကြိုးစားနေပါတယ်။ အဲဒီဖြစ်စဉ်အပြီး ချမ်းသာရဘုရားတောင်ဘက် ရပ်ကွက်တွေ က နေအိမ်တွေမှာ စစ်ကောင်စီတပ်တွေကဝင်ရောက်ရှာဖွေတာတွေလုပ်နေတယ်လို့ မြို့ခံတချို့ကပြောပါတယ်။ ဒီလိုဖြိုခွဲမှုတွေရှိနေတဲ့ကြားကပဲ မန္တလေးမှာ သပိတ်စစ်ကြောင်းတွေဆက်ရှိခဲ့တယ်လို့ သပိတ်အင်အားစုဦးဆောင်သူတွေကပြောပါတယ်။

  11. ပြင်ပဈေးကွက်မှာ ဒေါ်လာဝယ်ယူလို့မရတဲ့ အခြေအနေအထိဖြစ်ပေါ်နေ

    ပြင်ပဈေးကွက်မှာအမေရိကန် ဒေါ်လာငွေလဲနှုန်းတစ်ဒေါ်လာကို မြန်မာငွေ ၂၀၀၀ ကျပ်ကျော်အထိ ဈေးပေါက်နေပြီး ဝယ်ယူလို့မရတဲ့ အခြေအနေအထိဖြစ်နေပါတယ်။ ဒီကနေ့ စက်တင်ဘာ ၁၁ ရက် ဗဟိုဘဏ်ကနေ အမေရိကန်ဒေါ်လာငွေလဲနှုန်းအတွက် တစ်ဒေါ်လာကို ၁၇၃၄ ကျပ်နဲ့ သတ်မှတ်ပေးခဲ့ပေမယ့် ပြင်ပဈေးကွက်မှာတော့ ငွေကျပ် ၃၀၀ကျော်ဈေးကွာဟမှုရှိနေတာပါ။ ဒါဟာ ပြင်ပဈေးကွက်မှာ အမြင့်ဆုံးငွေလဲနှုန်းထားဖြစ်နေပြီး ဗဟိုဘဏ်သတ်မှတ်ဈေးနဲ့ ဒေါ်လာ ပြန် ရောင်းတဲ့သူ မရှိဘူးလို့ ငွေလဲကောင်တာတွေကပြောပါတယ်။

    '' ဆိုင်မှာတော့ ရောင်းဖို့ဒေါ်လာမရှိဘူး။ ဗဟိုဘဏ်ဈေးနဲ့လည်းဘယ်သူကမှလာမရောင်းတော့ ကျွန်မတို့ဆီမှာ ဒေါ်လာပြန်ဝယ်တဲ့သူတွေကို ညှိပေးတယ်။ ရောင်းမယ့်သူက ၂၀၀၀ နဲ့ ရောင်းမယ် ဒါကို ဝယ်သူကဝယ်မယ်ဆိုမှဖုန်းဆက်ချိန်းပြီး ရောင်းပေးတာပေါ့ '' လို့ ငွေလဲကောင်တာအချို့ကပြောပါတယ်။

    မြန်မာငွေတန်ဖိုးကျဆင်းတာကြောင့် ဒေါ်လာဝယ်စုသူများလာပြီး ဒေါ်လာ ငွေလဲလှယ်နှုန်းမြင့်တက်တာဖြစ်သလို ပြည်တွင်းကနေ ပို့ကုန်တင်ပို့နိုင်မှုလျော့ကျတာ၊ နောက် တရုတ် - မြန်မာနယ်စပ် လချီပိတ်ထားရတာ နဲ့ ကိုဗစ်ကြောင့် နိုင်ငံခြားကနေ ဆေးဝါးနဲ့ အခြား ဆက်စပ်ပစ္စည်းတွေ တင်သွင်းမှု များခဲ့တာကြောင့် ဒေါ်လာလိုအပ်ချက်များပြီး ဈေးကွက်မှာ ဝယ်လိုမြင့်တက်နေတာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေကသုံးသပ်ပါတယ်။

    ရန်ကုန် ရွှေဈေး ကတော့ ဒီကနေ့ စက်တင်ဘာ ၁၁ရက် မှာ အခေါက်ရွှေ တစ်ကျပ်သားကို ၁၈သိန်း ၄သောင်း ၅ထောင်ကျပ်နဲ့ ဈေးဖွင့်ခဲ့ပြီး အမြင့်ဆုံးနှုန်းကိုရောက်ရှိနေပါတယ်။

  12. မြင်သားနဲ့ နှမ်းခါးက ဒေသခံတွေ စားနပ်ရိက္ခာနဲ့ နေထိုင်ရေးအခက်အခဲရှိလာကြ, မြင်သားရွာ နဲ့ အနီးတဝိုက်ရွာတွေမှာ စစ်ကောင်စီတပ်တွေရှိနေလို့ နေရပ်မပြန်ရဲကြသေး

    အိမ်မီးလောင်မှုတွေ ၊ လူသေဆုံးမှုတွေအထိဖြစ်ခဲ့တဲ့ ဂန့်ဂေါနယ်ထဲကမြင်သားကျေးရွာ နဲ့ နှမ်းခါးကျေးရွာတွေက ဒေသခံတွေဟာ တောထဲမှာ တိမ်းရှောင်နေရတာ နာရီနဲ့ချီကြာလာတာနဲ့ အမျှ အစားအသောက်နဲ့ နေထိုင်ရေးမှာအခက်အခဲတွေရှိလာတယ်လို့ ပြောပါတယ်။ တိမ်းရှောင်သူတွေထဲ ကိုဗစ်ရောဂါပြန်လည်သက်သာခါစ သက်ကြီးလူနာတွေလည်းပါလို့ ကျန်းမာရေးအတွက်စိုးရိမ်ရတာရှိသလို လက်ရှိမှာ မိုးကလည်း ဆက်တိုက်ဆိုသလို ရွာတာကြောင့် တောထဲမှာ မိုးကာတဲလောက်နဲ့ အဆင်ပြေသလို စုပေါင်းနေထိုင်နေကြရတယ်လို့ဆိုပါတယ်။

    '' မနေ့ ညနေပိုင်းကတော့ ရွာထဲကနေ စစ်ကောင်စီတပ်တွေ ပြန်ထွက်သွားတယ်။ ဒါပေမယ့် ပြန်လာမယ်လို့လည်း ပြောသွားတယ်ကြားတော့ အများစုကမပြန်ရဲသေးဘူး။ရွာထဲ ပြန်တဲ့သူကလည်း ခဏပဲ လိုတဲ့ပစ္စည်းလေးတွေအမြန်သွားယူကြတာပေါ့။ ဆန်တွေဘာတွေ လည်းမပါလာကြတော့ ဆန်ပြန်ယူကြရတယ်။ မပြန်ရဲတဲ့သူတွေကလည်း ဘာမှမရှိကြဘူး။ အခုတော့ မိုးရွာတော့တောထဲမှာနေရတာတော်တော်ခက်နေတယ် '' လို့ မြင်သားရွာဒေသခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။

    လက်ရှိမှာ မြင်သားရွာဒေသခံတွေရဲ့ ပြောကြားချက်အရ အိမ်ခြေ ၅၁၀ ရှိတဲ့ မြင်သားရွာမှာ အိမ်ခြေ ၂၀ ခန့် မီးလောင်ထားပြီး လူငယ်နဲ့လူလတ် ၁၆ယောက်သေဆုံးထားတယ်လို့ ဆိုပါတယ်။ " မြင်သားရွာမှာအခုလိုပစ်ခတ်မှုဖြစ်တာပထမဆုံးပါပဲ၊ အခုလည်း ရွာထဲကဒလန်က ရွာထဲမှာ PDF တွေရှိတယ်ဆိုပြီး ခေါ်လာလို့စစ်သားတွေ ဝင်လာတာ။ ရွာထဲမှာက ဒေသလုံခြုံရေးအ တွက်ဖွဲ့ထားတဲ့ကလေးတွေပဲရှိတာပါ"လို့တိမ်းရှောင်နေရတဲ့မြင်သားရွာဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်ထဲက မြင်သာကျေးရွာမှာ စက်တင်ဘာ၉ရက်ကစပြီး စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးလူငယ်အဖွဲ့ တွေကြား အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့တာကနေ ဒေသခံတွေ တောထဲကိုထွက်ပြေးတိမ်းရှောင်ရတာဖြစ်ပါတယ်။

  13. ပူတာအို စပါးခင်းတချို့မှာ ကျိုင်းကောင်ကျလို့ ပျက်စီး

    ကချင်ပြည်နယ် ပူတာအိုမြို့နယ် လုံရှာယန်ရွာက တောင်ယာစပါးခင်းတွေ ကျိုင်းကောင်ကျလို့ ပျက်စီးခဲ့တာကြောင့် လယ်စပါးတွေပါ ပျက်စီးမှာစိုးရိမ်နေတယ်လို့ ဒေသခံတောင်သူက ပြောပါတယ်။

    ဆွမ်ပီယန်ရွာနဲ့ လုံရှာယန်ရွာက တောင်ယာစပါးခင်းတွေ ပျက်စီးခဲ့တာဖြစ်ပြီး ဆွမ်ပီယန်မှာတော့ အပင်တွေ အကောင်ကိုက်ခံရပြီး အပင်အမြစ်ကနေ ပြတ်ပြီး စပါးပင်တွေ သေခဲ့ပါတယ်။

    လုံရှာယန်မှာတော့ တောင်ယာစပါးခင်း ဧက ၇၀ ကျော်လောက်ကို ကျိုင်းကောင်လို့ ယူဆရတဲ့ အကောင်တွေ လာရောက်ဖျက်ဆီးနေတာတွေရှိနေတယ်လို့ သိရပါတယ်။

    ဒေသခံတစ်ဦးကတော့ အခု ဖျက်ဆီးခံရတာ တောင်ယာစပါးတွေဖြစ်ပြီး သူတို့ စပါးခင်းတွေက ရိတ်သိမ်းပြီးသားဖြစ်ကြောင်း လတ်တလောမှာ အကောင်တွေ နှိမ်နင်းဖို့ ပိုးသတ်ဆေးစတာတွေကို အသုံးမပြုသေးကြောင်း ပြောပါတယ်။

    လုံရှာယန်ဒေသခံတွေက တောင်ယာစပါးနဲ့လယ်စပါးတွေကို အဓိက စိုက်ပျိုးလုပ်ကိုင်ကြတာ ဖြစ်ပြီး အခုဖျက်ဆီးခံရတာကတော့ တောင်ယာစပါးခင်းတွေ ဖြစ်ပါတယ်။

    လုံရှာယန် ဒေသခံတစ်ဦးကလည်း အခု ကျိုင်းကောင် ဖျက်ဆီးမှုကြောင့် အရင်က ရတဲ့ စပါးထက် ဆယ်ဆနီးပါး လျော့သွားတယ်လို့ ဆိုပါတယ်။

    လုံရှာယန်ရွာဟာ ပူတာအိုမြို့နဲ့ ၂၂ မိုင်ခန့် ဝေးပြီး ဆွမ်ပီယန်ရွာကတော့ မိုင် ၄၀ကျော်ဝေးတယ်လို့ သိရပါတယ်။

    အခုလိုတောင်ယာစပါးခင်းကို အကောင်ကိုက်ဖျက်ဆီးတာတွေကို အခုမှကြုံဖူးတာကြောင့် လယ်ယာဘက်တွေကို ကူးသွားမှာ စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

    • ကျိုင်းကောင်ရန် ကာကွယ်ရေး အိန္ဒိယနဲ့နီးတဲ့ နယ်စပ်တွေ ဦးစားပေး
  14. အာဏာသိမ်းမှုနောက်ပိုင်း နှစ်ဖက်သေဆုံးသူ ၂၀၀၀ နီးပါးရှိ

    ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တွေရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားတွေအပါအဝင် လူပေါင်း ၉၃၃ ယောက် အထိ သေဆုံးခဲ့ကြတယ်လို့ အာဏာသိမ်း စစ်ကောင်စီက ပြောပါတယ်။

    စက်တင်ဘာလ ၉ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားသံတမန်တွေကို စစ်ကောင်စီက ပြောခဲ့တာပါ။

    အာဏာသိမ်းခဲ့ပြီးချိန်ကနေ သြဂုတ်လကုန်ပိုင်း အထိ စစ်ကောင်စီဘက်ကရော အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေဘက်ကပါ သေဆုံးသူ နှစ်ထောင်ဝန်းကျင် ရှိလာပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့က အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ကြတဲ့ လက်နက်မဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်အင်အား လူအင်အားတွေသုံးပြီး နှိမ်နင်းခဲ့တဲ့အတွက် အရပ်သားတွေ သေကြေခဲ့ကြရပြီးနောက်မှာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တဲ့အနေနဲ့ အရပ်သားတွေဘက်က လက်တုံ့ပြန်တာတွေ ဖြစ်လာခဲ့ပါတယ်။

    စစ်ကောင်စီဘက်ကတော့ သေဆုံးသူတွေထဲမှာ ရပ်ကွက်နဲ့ကျေးရွာ အုပ်ချုပ်ရေးမှူး ၁၀၂ ယောက်နဲ့ ဒလန်လို့ စွပ်စွဲခံရပြီး အသတ်ခံရသူက ၃၆၉ ယောက် ပါဝင်တယ်လို့ ပြောပါတယ်။

    ဒါ့အပြင် တခြားပါတီထောက်ခံသူ ၂၅၃ ယောက် အသတ်ခံရတဲ့ အထဲမှာ အများစုက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ဖြစ်တယ်လို့ဆိုပါတယ်။လုံခြုံရေးတပ်ဖွဲ့ဝင်နဲ့ ဝန်ထမ်း အယောက် ၁၄၀ အသတ်ခံရပြီး ဒဏ်ရာရရှိသူက ၁၃၀၀ ကျော်ရှိတယ် လို့လည်း စစ်ကောင်စီက သံတမန်တွေကို ပြောခဲ့ပါတယ်။

    PDF တွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ဒဏ်ရာရသူတွေ အရေအတွက်ကို စစ်ကောင်စီဖက်က ပြောသလို စစ်ကောင်စီတပ်ဖွဲ့တွေ လက်ချက်ကြောင့် သေဆုံးရသူ အရေအတွက်က ၁၀၀၀ ကျော်သွားပြီလို့ သေဆုံးသူစာရင်းကို ပုံမှန် ပြုစုထားတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က ထုတ်ပြန်ပါတယ်။

    ဒီအရေအတွက်ဟာသူတို့လက်လှမ်းမီ သလောက်ပဲ ပြုစုထားတာဖြစ်ပြီး လက်တွေ့မှာ ဒီ့ထက်ပိုများနိုင်တယ်လို့ AAPP က ပြောပါတယ်။

    လောလောဆယ်မှာ စစ်ကောင်စီနဲ့ PDF တွေကြား တင်းမာမှုတွေက မြင့်တက်လာနေလို့ နှစ်ဘက်သေဆုံးမှု ပိုများလာနိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောကြပါတယ်။

    အခုလိုသာဆက်သွားနေရင် ပိုဆိုးလာဖို့ပဲ ရှိတယ်လို့ လုံခြုံရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ တမ္ပဒီပ အင်စတီကျုက ဒါရိုက်တာ ဦးခင်ဇော်ဝင်းက ပြောပါတယ်။

    စစ်တပ်ဖက်ကလည်း အကြမ်းနည်းသုံးနေတယ်၊ ကြားဝင်ဖြန်ဖြေတာကိုလည်း ဘယ်သူကမှ လက်မခံတော့ဘူး၊ စစ်တပ်နဲ့ လူထုကြားမှာ တင်းမာမှုတွေက ပြင်းထန်နေပြီ၊ နှစ်ဖက်တိုက်ခိုက်မှုတွေ ဖြစ်နေဦးမယ်လို့ သူကသုံးသပ် ပါတယ်။

    ဒီလို သတ်ဖြတ်မှုတွေဖြစ်ပေါ်နေတဲ့ အခြေအနေမှာ မတရားအသတ်ခံရပြီး သေဆုံးခဲ့ကြ သူတွေအတွက် ကျူးလွန်တဲ့သူတွေက တချိန်မှာ တာဝန် ပြန်ခံရဖို့ရှိတယ်လို့ လူ့အခွင့်အရေး ရှု‌ထောင့်ကနေ သုံးသပ်မှုတွေရှိနေပါတယ်။

    အကြမ်းမဖက်တဲ့နည်းနဲ့ ကိုယ့်ဆန္ဒကို ထုတ်ဖော်ကြတဲ့ လက်နက်မဲ့သူတွေကိုလက်နက်နဲ့ လူတွေက သတ်ဖြတ်တာဟာ ရာဇဝတ်မှု ကျူးလွန်တာ ဖြစ်တယ်၊ ကျူးလွန်ခဲ့သူတွေက တချိန်ချိန်မှာ တာဝန်ယူ ဖြေရှင်းရမှာ ဖြစ်တယ်။

    တရားမျှတမှု ဘယ်လို ဖော်ဆောင်မလဲ ဆိုတာ ဘယ်အစိုးရပဲ တက်တက် လုပ်ကိုလုပ်ရမယ့် ကိစ္စဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ပြောပါတယ်။

    မြန်မာ့အရေး သွေးထွက်သံယိုမှုတွေ နည်းနိုင်သမျှ နည်းအောင် လုပ်ဆောင်ကြဖို့ နိုင်ငံတကာက တိုက်တွန်းမှုတွေရှိနေပေမဲ့ နှစ်ဘက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်၊ ဖမ်းဆီးမှုတွေက နိုင်ငံတဝန်းမှာ ဆက်လက်ဖြစ်ပေါ်နေပါတယ်။

  15. ကျောင်းတွေ နှစ်ပတ်ထပ်ပိတ်

    ကိုဗစ်ကူးစက်မှုကို ဆက်ပြီး ထိန်းချုပ်ဖို့ စာသင်ကျောင်းတွေကို စက်တင်ဘာလ ၂၄ ရက် အထိ ပိတ်ထားမယ်လို့ ကိုဗစ်ထိန်းချုပ်ရေးဗဟိုကော်မတီက ဒီကနေ့ ထပ်မံ ကြေညာပါတယ်။

    ကိုဗစ် ကူးစက်မှု လျှော့ချဖို့ဆိုပြီး ဇူလိုင်လက အတွင်းက စပြီး ပိတ်ထားတဲ့ အခြေခံပညာ ကျောင်းတွေကို စက်တင်ဘာလ ၁၃ ရက်ကနေ ၂၄ ရက် အထိ ဆက်ပြီး ပိတ်ထားမယ်လို့ ကြေညာခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှု တတိယလှိုင်း မေလအကုန်ပိုင်းစပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ နီးတဲ့ မြို့တွေက စတင်ခဲ့ပေမဲ့ အခြေခံပညာ ကျောင်းတွေကို ဇွန်လ ၁ ရက်မှာ စပြီး ဖွင့်လှစ်ခဲ့ရာကနေ ကျောင်းတချို့မှာ အစုလိုက်ကူးစက်မှုတွေ တွေ့ရှိခဲ့ပြီးနောက် ဇူလိုင်လကတည်းက ကျောင်းတွေကို ဆက်တိုက်ပြန်ပိတ်ထားတာ ဖြစ်ပါတယ်။

  16. ဆရာတော် ဦးဥတ္တမနေ့ လာရောက်ဂုဏ်ပြုသူနည်းပါးတာဟာ နိုင်ငံရေးအခြေအနေပေါ်မူတည်

  17. စမ်းချောင်းမြို့နယ်အတွင်းမှာ လမ်းတချို့ပိတ်ဆို့ထား၊, လမ်းဘေးဈေးသည်တွေကို ဈေးမရောင်းဖို့ လိုက်လံကြေညာ

    ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့စက်တင်ဘာ ၉ ရက်နေ့က စစ်ကောင်စီတပ်သားတွေ ပစ်ခတ်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်အပြီးမှာ လုံခြုံရေးတင်းကျပ်တာတွေ၊ လမ်းတချို့ကိုပိတ်ဆို့ထားတာတွေ လုပ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    စမ်းချောင်းမြို့နယ်အတွင်း ပုသိမ်လမ်းကနေ ရှမ်းလမ်းထိပိတ်ဆို့ထားသလို ဗဟိုလမ်းမကိုလည်း တလမ်းသွားအဖြစ်သာ ကားသွားခွင့်ပေးထားတယ်လို့ ရပ်ကွက်အတွင်းနေထိုင်သူတွေကပြောပါတယ်။

    ဒါ့အပြင် ရှမ်းလမ်း၊ ဂွဈေးနားတလျှောက်က ဈေးဆိုင်တန်းတွေနဲ့ လမ်းဘေးဈေး ရောင်းသူတွေကို ဈေးမရောင်းဖို့ စစ်ကောင်စီတပ်သားတွေကတားဆီးထားသလို ဈေးမရောင်းဖို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကလိုက်ကြေညာတာတွေလည်းရှိတယ်လို့ အနီးအနားနေထိုင်တွေကပြောပါတယ်။

    "တစ်မနက်လုံး ဈေးလာလို့ရသေးတယ်။ ဝယ်လို့ရသေးတယ်။ မနက်၈နာရီခွဲမှ အိမ်ကထွက်လာတာ။ ဈေးနားမရောက်ခင် ပုသိမ်လမ်းထိပ်ကနေ ရဲကား စစ်ကား ရပ်ပြီး ပိတ်ထားလိုက်တယ်။ ကျွန်မက အဲဒီနားက လူတွေကိုမေးတော့ ဟုတ်တယ်။ သွားလို့် မရဘူးတဲ့။ ပိတ်ထားလိုက်ပြီတဲ့။ သူငယ်ချင်းအဒေါ်က အဲဒီလမ်းမမှာ ဈေးဆိုင်ဖွင့် ထားတာ သူတို့ကို တစ်နာရီအချိန်ပေးမယ်၊ အကုန်သိမ်းကြဆိုပြီး ရှစ်နာရီမှာ လာပြောတယ်။ နေ့လယ်မှာတော့ ဈေးမရောင်းဖို့ လော်စပီကာနဲ့လှည့်အော်တယ်"လို့ စမ်းချောင်းဒေသခံတစ်ဦးကဘီဘီစီကိုပြောပါတယ်။

    ဒါ့အပြင် ရပ်ကွက်အတွင်း ဈေးဝယ်သူ၊ ဖြတ်သန်းသွားလာသူတွေ အားလုံးကိုပိုက်ဆံအိတ်၊ ဖုန်းစတာတွေကို စစ်ဆေးတာတွေလည်း နေရာအနှံ့ပြုလုပ်နေတယ်လို့ ရပ်ကွက်နေပြည်သူတွေကပြောပါတယ်။

    မနေ့ကစက်တင်ဘာ ၉ရက်နေ့မှာတော့ စမ်းချောင်းမြို့နယ်ထဲက ဇလွန်လမ်းနားမှာ စစ်ကောင်စီတပ်သားတွေလိုက်ပါစီးနင်းလာတဲ့ကားကို ဒေသကာကွယ်ရေး တပ်ကလူငယ်တွေ ကတိုက်ခိုက်ခဲ့ရင်း အပြန်အလှန်ပစ်ခတ်တာ တွေဖြစ်ခဲ့ပါတယ်။

    ဒီပစ်ခတ်မှုကြောင့် စစ်ကောင်စီအဖွဲ့ဝင် ၂ဦး သေဆုံးခဲ့ပြီးနောက်ပိုင်း စမ်းချောင်းမြို့နယ်အတွင်း အခုလိုလုံခြုံရေးတင်းကျပ်မှုတွေကို ပြုလုပ်လာတာဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူတွေကပြောပါတယ်။

  18. အဆိုတော်အီတိုးအပါအဝင်၊ ၅ နှစ်အရွယ်ကလေးငယ်နဲ့အတူ ၁၀ဦး အဖမ်းအဆီးခံရ၊, ဖမ်းဆီးခံရသူအားလုံးကို အဆက်အသွယ်မရဘူးလို့မိသားစုဝင်တွေပြော

    ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ၉မိုင်မှာရှိနေတဲ့ နေအိမ်ခြံဝန်းတစ်ခုမှာပြီးခဲ့တဲ့ စက်တင်ဘာ ၈ရက်နေ့မနက်ပိုင်းက အဆိုတော်အီတိုးအပါအဝင် အသက် ၅နှစ်အရွယ်ကလေးငယ်တစ်ဦးနဲ့ အတူရှိနေသူ ၁၀ဦးအဖမ်းအဆီးခံလိုက်ရတယ် လို့မိသားစုဝင်တွေနဲ့နီးစပ်သူတွေကပြောပါတယ်။

    "အဖမ်းခံရတာက ၈ရက်နေ့မနက်ပိုင်း လေးနာရီလောက်မှာဝင်ဖမ်းတာပါ။ ခြံထဲမှာနေတဲ့လူစုစုပေါင်းဆို ၁၀ယောက်လောက် ရှိမယ်။ အဲ့ဒီထဲမှာဆို ၅နှစ်ကလေးပါခေါ်သွားပါတယ်။ ကလေးကလည်း အရမ်းငယ်သေးတယ်၊ အခုထိလည်း သူတို့အားလုံးကို ဘယ်မှာထားတယ်ဆိုတာ အဆက်အသွယ်မရဘူး" လို့ ဖမ်းဆီးခေါ်ဆောင်ခံရသူတွေထဲက မိသားစုဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    အခုလိုဖမ်းဆီးခေါ်ဆောင်သွားတာနဲ့ပတ်သက်ပြီး မိသားစုတွေကတော့အဆက်အသွယ်မရတဲ့အတွက်အကြောင်းအရင်းသေချာမသိရကြောင်းပြောပါတယ်။ဒါ့အပြင်ဖမ်းဆီးခေါ်ဆောင်သွားသူအားလုံးရဲ့ လက်ကိုင်ဖုန်းတွေအားလုံးကိုမိသားစုတွေကဆက်သွယ်လို့ရနေပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိဘူးလို့မိသားစုဝင်တွေကပြောပါတယ်။

    စက်တင်ဘာ ၈ရက်နေ့မနက်ပိုင်းမှာ ဖမ်းဆီးခံလိုက်ရတဲ့ ၉မိုင်မှာရှိတဲ့နေအိမ်ခြံဟာဆိုရင်စီးပွားရေးလုပ်ငန်းရှင် ဦးတေဇရဲ့နေအိမ်ခြံ၀န်း ဖြစ်ကြောင်း နီးစပ်သူတွေကပြောဆိုကြပြိး အဆိုတော်အီတိုးနဲ့သူငယ်ချင်းတွေမကြာခဏသွားရောက်လည်ပတ်နေထိုင်တဲ့ နေအိမ်ဖြစ်တယ်လို့လည်း မိသားစုဝင်တွေကပြောပါတယ်။

  19. ဂန့်ဂေါနယ်ထဲကမြင်သားကျေးရွာမှာ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားပစ်ခတ်မှုတွေဖြစ်, သေဆုံးသူ ၁၀ဦးဝန်းကျင်ရှိပြီး နေအိမ်၁၀လုံးလောက်မီးရှို့ဖျက်ဆီးခံရတယ်လို့ဒေသခံတွေပြော

    မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်ထဲက မြင်သာကျေးရွာမှာ မနေ့ကစက်တင်ဘာ၉ရက်နေ့ကစပြီး စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ် တွေကြား အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဒီလိုပစ်ခတ်မှုတွေကြောင့် ဒေသကာကွယ်ရေးတပ်အဖွဲ့တွေအပါအဝင် ရွာသား၁၀ဦးဝန်းကျင်သေဆုံးခဲ့ပြီး နေအိမ် ၁၀လုံးလောက်မီးရှို့ဖျက်စီးခံခဲ့ရတယ်လို့ မြင်သားရွာဒေသခံတွေကပြောပါတယ်။

    " မြင်သားရွာမှာအခုလိုပစ်ခတ်မှုဖြစ်တာပထမဆုံးပါပဲ၊ အခုလည်း ရွာထဲကဒလန်က ရွာထဲမှာ PDF တွေရှိတယ်ဆိုပြီး ခေါ်လာလို့စစ်သားတွေ ဝင်လာတာ။ ရွာထဲမှာက ဒေသလုံခြုံရေးအတွက်ဖွဲ့ထားတဲ့ကလေးတွေပဲရှိတာပါ။ အများဆုံးအသက် ၁၉နှစ်၊၂၀ လေးတွေချည်းပဲ။ အခုသေသွားတဲအထဲမှာ ကျွန်မမောင်လေးလည်းပါတယ်။ အလောင်းကတော့ ရွာထဲရောအပြင်ရော ၁၁လောင်းလောက်ရှိတယ်။ ဒီကနေ့မနက်(စက်တင်ဘာ၁၀ရက်)အထိရွာထဲမှာ မီးရှို့နေတုန်းပဲဆိုတော့ အလောင်းတွေလည်းမကောက်ရဲသေးဘူး။ ဘယ်သူမှလည်းမပြန်ရဲသေးဘူး"လို့တိမ်းရှောင်နေရတဲ့မြင်သားရွာဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    လက်ရှိမြင်သားကျေးရွာထဲမှာ စစ်ကောင်စီတပ်တွေတပ်စွဲထားဆဲဖြစ်ပြီး ဒီကနေ့မနက်ထိနေအိမ်တွေမီးလောင်နေဆဲဖြစ်တာကြောင့် သက်ကြီးရွယ်အိုတွေနဲ့ကျန်းမာရေးမကောင်းသူတွေကလွဲရင်ရွာသားအားလုံးနီးပါးတိမ်းရှောင်နေရတယ်လို့ ဒေသခံရွာသားတွေကပြောပါတယ်။

    ဒါ့အပြင် ပစ်ခတ်သံတွေကြောင့် မြင်သားကျေးရွာအပြင် အနီးအနားရွာတွေဖြစ်တဲ့သာလင်းရွာနဲ့ကျေးရွာတချို့ကပြည်သူတွေလည်းပြောင်းရွှေ့ ဖို့ပြင်ဆင်နေရတယ်လို့ရွာသားတွေကဆိုပါတယ်။

    တိမ်းရှောင်နေရတဲ့ရွာသားတွေအနေနဲ့လယ်ယာစိုက်ရင်း ပစ်ခတ်သံတွေကြောင့် ရုတ်တရက်ဘေးလွတ်ရာပြေးခဲ့ရတဲ့အတွက် နေထိုင်ရေးနဲ့စားနပ်ရိက္ခာ အခက်အခက်ခဲတွေလည်း ရှိနေတယ်လို့ရွာသားတွေကပြောပါတယ်။