ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ရိုဟင်ဂျာတွေအရေး ဆောင်ရွက်သူ သတ်ဖြတ်ခံရမှုကို စုံစမ်းဖို့ လူ့အခွင့်အရေးဆောင်ရွက်သူတွေ တောင်းဆို

အသက် ၄၈ နှစ်အရွယ် မိုဟီးဘူလာဟာ ကောက်ဇက်ဘဇားခရိုင်ထဲမှာရှိတဲ့ ကူတူပါလောင်ဒုက္ခသည်စခန်းထဲက သူ့ရဲ့ရုံးခန်းထဲမှာ စက်တင်ဘာလ ၂၉ ရက် ည ၈ နာရီကျော်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာလို့ သိရပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. NUG အစိုးရ အသုံးစရိတ် ဘယ်ကရပြီး ဘယ်လိုသုံးနေလဲ

    CDM သမားတွေကို ထောက်ပံ့သွားနိုင်ဖို့ ဝင်ငွေရလမ်းတွေ တိုးမြှင့်ရှာဖွေနေပြီး၊ အမေရိကန်အစိုးရက ထိန်းသိမ်းထားတဲ့ မြန်မာပိုင် ဒေါ်လာသန်း၁၀၀၀ကို ပြန်ရဖို့ပါ NUG ဘက်က ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

    NUG အစိုးရရဲ့ ဘတ်ဂျက်ရရှိမှုနဲ့ သုံးစွဲမှု အခြေအနေကို သိရအောင် အစိုးရ ဝန်ကြီး ဦးတင်ထွန်းနိုင်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။

  2. ရွှေလင်ပန်းစက်မှုဇုန်အနီးက အုပ်ချုပ်ရေးမှူးအဖွဲ့ဝင် သေနတ်ပစ်ခတ်ခံရပြီးသေဆုံး, ပေါက်ကွဲမှုထပ်ဖြစ်လို့ သွားရောက်စစ်ဆေးတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက အရာရှိတစ်ဦး ဒဏ်ရာရ

    ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ထဲမှာရှိတဲ့ ရွှေလင်ပန်းစက်မှုဇုန်က ဗန်းမော်အတွင်းဝန်လမ်းပေါ်မှာ စစ်ကောင်စီကခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်တစ်ဦး ဒီကနေ့ စက်တင် ဘာလ ၂ရက် မနက်ပိုင်းမှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးမှုဖြစ်ခဲ့တယ်လို့အနီးအနားနေထိုင်သူတွေကပြောပါတယ်။

    ဒီပစ်ခတ်မှုကို စစ်ကောင်စီအဖွဲ့ဝင်တွေကသွားရောက်စစ်ဆေးရာမှာ ပစ်ခတ်မှုအနီး ဗုံးပေါက်ကွဲမှုထပ်ဖြစ်ခဲ့ပြီး လှိုင်သာယာမြို့နယ်မှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီအဖွဲ့ထဲက အရာရှိတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆေးရုံကိုလိုက်ပါပို့ဆောင်ပေးတဲ့ ပရဟိတအဖွဲ့တွေကပြောပါတယ်။

    "အပစ်ခတ်ခံရတာက မနက်၈နာရီမှာဖြစ်တာ။ သေနတ်သံကြားပြီးလူတစ်ယောက်လဲနေတယ်ဆိုလို့ ကျွန်တော်တို့က ကူဖို့သွားတာ၊ သေနတ်ဒဏ်ရာ၂ချက်နဲ့သေနေတာ၊ သက်ဆိုင်ရာကို အကြောင်းကြားတော့ စစ်တပ်နဲ့ရဲလာစစ်နေချိန်မှာ ဗုံးကထပ်ကွဲတာ၊ စစ်ကောင်စီဘက်ကရဲ ၂ဦးနဲ့အရာရှိတစ်ဦးထိသွားတယ်။စစ်ဆေးရုံကိုပို့ပေးထားပါတယ်လို့" အဲဒီပရဟိတအဖွဲ့က ဘီဘီစီကိုပြောပါတယ်။

    လှိုင်သာယာမြို့နယ်အတွင်းမှာတော့ အခုလိုပစ်ခတ်မှုတွေ၊ ပေါက်ကွဲမှုတွေ မရှိခင်ကလည်း စစ်အုပ်ချုပ်ရေးနယ်မြေဖြစ်လို့ စစ်ကောင်စီတပ်တွေနေရာအနှံလုံခြုံရေးယူထားတာ၊ကားနဲ့လှည့်လှည်တာတွေက ဆက်တိုက်ရှိနေတာဖြစ်ပြီး ဖမ်းဆီးမှုတွေကလည်း ညစဉ်လိုလိုရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။

  3. မြန်မာပြည်သူ ၃ သန်းအထိ အကူအညီရောက်အောင် ကုလကြိုးပမ်းနေ

    စစ်အာဏာသိမ်းမှုဖြစ်စဉ်အောက်က မြန်မာပြည်သူ ၃ သန်းဆီ ကပ်ဘေးတုန့်ပြန်ရေးအပါအဝင် အရေးတကြီးလိုအပ်နေတာတွေကို အကူအညီပေးသွားနိုင်ဖို့ လုပ်ဆောင်နေတယ်ဆိုပြီး ကုလသမဂ္ဂက စက်တင်ဘာလ ၁ ရက်မှာ ပြောလာပါတယ်။

    ဒီလိုအကူအညီပေးနိုင်ဖို့ ပြည်တွင်းကမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂရုံးအပြင် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ကြိုးပမ်းနေတယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ Florencia Soto Nino က သတင်းစာရှင်းလင်းပွဲမှာပြောလိုက်တာပါ။

    တဖက်မှာလည်း မြန်မာပြည်တွင်းကနေရာတော်တော်များများမှာဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ မလုံခြုံမှုရှိနေတာကြောင့် လူသားချင်းစာနာမှုဆိုင်ရာရိုက်ခတ်မှုရှိလာမှာကို စိုးရိမ်တယ်လို့လည်းဆိုပါတယ်။

    ဒါ့ကြောင့် ကုလသမဂ္ဂရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းတွေက လိုအပ်နေတဲ့သူတွေဆီကို အကူ အညီတွေ တိုးမြှင့်ပေးနိုင်ဖို့ သက်ဆိုင်ရာ ပါဝင်ပတ်သက်သူတွေအနေနဲ့ ဒီအကူအညီတွေ လုံလုံခြုံခြုံ အဟန့်အတားမရှိ ရောက်ရှိရေး ကူညီပေးဖို့ကိုလည်း တောင်းဆိုတယ်လို့ ဆိုပါတယ်။

    ကုလသမဂ္ဂရဲ့အပြောအရဆိုရင် မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးကတည်းက လူပေါင်း နှစ်သိန်းနီးပါး ပြည်တွင်းနေရပ်ရွှေ့ပြောင်းသူတွေဖြစ်နေရပြီး မုတ်သုံရာသီရေကြီးမှုကြောင့် ဇူလိုင်လကတည်းကဆိုရင် ရေဘေးသင့်သူ လူပေါင်း တစ်သိန်းနှစ်သောင်းခွဲကျော် အထိရှိနေတယ်လို့ဆိုပါတယ်။

  4. စစ်ကောင်စီဘက်က အသံတိတ်နေခဲ့တဲ့ တရုတ်အထူးသံရဲ့ နေပြည်တော် ခရီးစဥ်

  5. အီးယူစည်းမျဉ်းတွေကို ချိုးဖောက်ပြီး မြန်မာသစ်တွေ ဥရောပထဲ အီတလီကနေတဆင့် အဓိကဝင်နေ

    မြန်မာနိုင်ငံထဲက သစ်တွေဟာ အီတလီကနေ တဆင့် ကျန်ဥရောပ ဒေသတွေထဲ ဝင်ရောက်နေမြဲ ဖြစ်တယ် ဆိုတာကို အထောက်အထားတွေနဲ့ ဖော်ပြထားတဲ့ အစီရင်ခံစာ တစ်စောင် ထွက်လာပါတယ်။

    ပတ်ဝန်းကျင် ထိန်းသိမ်းမှု ဆိုင်ရာ တက်ကြွ လှုပ်ရှားသူ ဗြိတိသျှနိုင်ငံသားတွေနဲ့ အဓိက ဖွဲ့ထားပြီး လန်ဒန်နဲ့ ဝါရှင်တန် ဒီစီ မြို့တော်တွေမှာ ရုံးခန်းတွေ ထားရှိတဲ့ စုံစမ်းဖော်ထုတ်ရေး အေဂျင်စီ EIA အဖွဲ့က ထုတ်ပြန်တာ ဖြစ်ပါတယ်။

    မြန်မာပြည်မှာ စစ်အာဏာ တကျော့ပြန် သိမ်းခံရပြီးတဲ့နောက် အီးယူ အဖွဲ့က တုန့်ပြန်ပြီး ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ၊ ကန့်သတ်ချက်တွေကို ချိုးဖောက်ပြီး မြန်မာ့သစ်တွေကို ဥရောပထဲ သွင်းနေကြတာ ဖြစ်တယ်လို့ EIA က ဆိုပါတယ်။

    အဲဒီလို မြန်မာသစ်တွေ ဥရောပထဲ တရားမဝင် ဆက်လက် ဝင်နေတဲ့ လမ်းကြောင်းမှာ အီတလီ ကုန်သည်တွေက အဓိက အခန်းကဏ္ဍမှာ ရှိနေပြီး ၊ ဘယ်သူဘယ်ဝါတွေ ဖြစ်ကြောင်း EIA အနေနဲ့ ထုတ်ဖော်ထားနိုင်တဲ့ အီတလီ သစ်ကုန်သည် ၂၇ ယောက် ရှိတယ်လို့လည်း EIA က ပြောပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၃ လ တာ ကာလ အတွင်းမှာကို ယူရို တစ်သန်းခွဲဖိုး ဝန်းကျင် အထိ မြန်မာ့သစ်ထုတ်ကုန်တွေ ဥရောပထဲ ဆက်လက် ဝင်နေခဲ့တယ်လို့ ဆိုပါတယ်။

    စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသမားတွေ အပေါ် စစ်တပ်က အကြမ်းဖက် ကိုင်တွယ်ခဲ့တဲ့ အတွက် လူတွေ ရာပေါင်းများစွာ အသက်ဆုံးရှုံးနေတ​​ယ် ဆိုပြီး အီးယူက မြန်မာစစ်တပ်နဲ့ ပတ်သက်ဆက်စပ်နေတာတွေနဲ့ စီးပွားရေး မလုပ်ဖို့၊ မြန်မာစစ်တပ်လက်ထဲ ငွေကြေးတွေ စီးဝင်မနေဖို့ ရည်ရွယ်ချက်နဲ့ ပိတ်ဆို့မှုတွေ ချမှတ်ထားပါတယ်။

    “စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာစစ်တပ်အပေါ် ပစ်မှတ်ထားပြီး တိုးမြှင့် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ မဆိုင်ပဲနဲ့ EUTR လို့ခေါ်တဲ့ သစ်လုပ်ငန်းဆိုင်ရာ အီးယူရဲ့ ကန့်သတ် ထိန်းချုပ်ချက်တွေ အရကို မြန်မာနိုင်ငံထဲက ကျွန်းသစ် အပါအဝင် တခြားသစ်တွေကို ဥရောပထဲ သွင်းဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ အခုတော့ မြန်မာ့ရဲ့ တောတောင်ရေမြေတွေကို ဖျက်စီးပြီး ထုတ်ယူတဲ့ သစ်တွေ ဥရောပထဲ ကုန်သွယ်နေမှုဟာ ပိုလို့တောင်မှ ကြီးထွားလာနေတယ်” လို့EIA ရဲ့ သစ်တောများ ဆိုင်ရာ ဆော်ဩရေးမှူး ဖေ့သ်ဒိုဟတီက ပြောပါတယ်။

    “ကုန်သည်တွေကို မေးကြည့်ရင်လည်း သူတို့ အနေနဲ့ ဥရောပ အကောက်ခွန် အာဏာပိုင်တွေထံက လိုအပ်တဲ့ စာရွက်စာတမ်းတွေ ရလို့သာ အခုလို မြန်မာသစ်တွေကို သွင်းနိုင်တာ ဖြစ်တယ်၊ စာရွက်စာတမ်း မရှိပဲ ဘယ်လိုလုပ် အကောက်ခွန်ကို ဖြတ်နိုင်မလဲလို့ တုန့်ပြန် ဖြေကြားကြတယ်” ဆိုပြီး ဒိုဟတီက ဆိုပါတယ်။

    အဓိပ္ပာယ်ကတော့ အီးယူဘက်က သူတို့ ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေ အတိုင်း တကယ်လက်တွေ့ အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေတာ ဖြစ်တယ်လို့ EIA က ထောက်ပြ ဝေဖန်နေတာ ဖြစ်ပါတယ်။

    ရံဖန်ရံခါ သစ်ကုန်သည်တွေကို ဒဏ်ကြေး အနည်းအကျဥ်းလောက်သာ ဆောင်ခိုင်းတာမျိုးလောက်နဲ့ပဲ ပြီးသွားတဲ့ အတွက် မြန်မာသစ်တွေ ဥရောပထဲ တင်သွင်းမှု ပိုကြီးထွားနေတာ ဖြစ်တယ်လို့လည်း EIA က ဆိုပါတယ်။

  6. ကာပေါင်းကျ အနောက်ဘက်ပိုင်းက လှည်းမောင်းသံ

  7. ရခိုင်မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ပုဒ်မတွေနဲ့ စွဲဆိုခံထားရတဲ့ အမှုတချို့ ရုပ်သိမ်းပေးဖို့ရှိ

    ရခိုင်မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေတွေနဲ့ စွဲဆိုထားတဲ့ အမှုတချို့ကို ပြန်လည် ရုပ်သိမ်းပေးဖို့ လုပ်နေတယ်ဆိုပြီး ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၊ ပြည်နယ် အိမ်စောင့် အစိုးရ အဖွဲ့ရဲ့ ထုတ်ပြန်ချက် အနေနဲ့ ဩဂုတ်လ အကုန်မှာပဲ ထွက်လာတာ တွေ့ရပါတယ်။

    ၂၀၁၉၊ ၂၀၂၀ ခုနှစ်တွေမှာ အေအေနဲ့ကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံထားရတဲ့ ဒေသခံရွာသားတွေ အပေါ် စစ်တပ်က တရားလိုလုပ် စွဲထားတဲ့ အမှုတွေကို ဆိုလိုတာ ဖြစ်တယ်လို့ နားလည်ရပါတယ်။

    “ရုပ်သိမ်းပေးသွားဖို့ပြင်ဆင်နေတဲ့ အမှုတွေကတော့ အကြမ်းဖက်နဲ့စွဲထားတဲ့အမှုတွေဖြစ်တယ်။ ဒါက ငြိမ်းချမ်းရေး ရှေးရှုပြီးတော့ ဆောင်ရွက်နေတာဖြစ်တယ်။ အမှုပေါင်း ၁၄ မှု၊ တရားခံ ၃၅ ဦးတို့ အကျုံးဝင်မှာဖြစ်တယ်”လို့ပြည်နယ်ဥပဒေချုပ် ရုံးက ပြောပါတယ်။

    အခုလို ရုပ်သိမ်းဖို့ ဆောင်ရွက်နေတဲ့ အမှုတွေထဲ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က) /၅၀(ခ)/ ၅၀(ဈ)/ ၅၂(က)တို့ ပါဝင်တယ်လို့ ဆိုပါတယ်။

    အမှုတွေ ရုပ်ဖို့ စစ်တပ်ဘက်က တရားဝင် အကြောင်းကြားထားတာ ရှိပြီး၊ အကြမ်းဖက် တိုက်ဖျက်မှု ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုမိန့် ရရှိတာနဲ့ တပြိုင်နက် ရုပ်သိမ်းပေးသွားမယ်လို့လည်း ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။

    စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက် ရခိုင်မှာ အေအေနဲ့ ဆက်စပ်သံသယနဲ ဖမ်းဆီး တရားစွဲ ထားတဲ့ အမှုတွေထဲက အသုတ်လိုက် အမှုပြန်ရုပ်ပေးခဲ့တာ အရင် နှစ်ကြိမ် ရှိနှင့်ပြီး ဖြစ်ပါတယ်။

    အခုတစ်ကြိမ်မှာတော့ အစ်ကိုဖြစ်သူ ပြန်လွတ်လာမလား မျှော်လင့်မိတယ် ဆိုပြီး မြောက်ဦး လက္ကာရွာသူ ဒေါ်မဝေသိန်းက ဘီဘီစီကို ပြောပါတယ်။

    သူ့ရဲ့ အစ်ကို ဦးဖိုးသားလူ အဖမ်းခံခဲ့ရတဲ့ ဖြစ်ရပ်ဟာ ၂၀၁၉ ဧပြီလထဲမှာ ပေါ်ပေါက်ခဲ့တာပါ။ အေအေနဲ့ကြား တိုက်ပွဲတွေ ပြင်းထန်နေချိန် လက္ကာရွာထဲကို စစ်ကြောင်းဝင်လာပြီး ရွာသား ၂၆ ယောက် အစုလိုက်အပြုံလိုက် ဖမ်းဆီးခေါ်ဆောင် သွားခံခဲ့ရတာ ဖြစ်ပါတယ်။

    အဲဒီထဲက သုံးယောက် စစ်ကြောရေးအတွင်း သေဆုံးသွားခဲ့ပြီး၊ ကျန် ၂၃ ယောက်က အကြမ်းဖက်မှု ပုဒ်မတွေနဲ့ တရားစွဲဆို ခံနေကြရတာ ဖြစ်ပါတယ်။

    အခု စစ်တပ်က အမှု ရုပ်ပေးထားပြီး အကြမ်းဖက် တိုက်ဖျက်မှု ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုမိန့်ကို စောင့်ဆိုင်းနေတယ် ဆိုတဲ့ အမှု ၁၄ ကတော့ ကျောက်တော် တရားရုံးက ၆ မှု၊ ပုဏ္ဏားကျွန်းတရားရုံးက ၁ မှု၊ ရသေ့တောင်တရားရုံးက ၁ မှု၊ မင်းပြားတရားရုံးက ၁ မှု၊ စစ်တွေတရားရုံးက ၂ မှု၊ အမ်းတရားရုံးက ၁ မှုနဲ့ ကျောက်ဖြူတရားရုံးက ၂ မှုတို့ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

  8. ဖရန့်တီးယား သတင်းဌာနက ဒင်နီဖဲန်စတာ ဖမ်းဆီးခံထားရတာ ရက် ၁၀၀ ရှိလာပြီ

    ဖရန့်တီးယား သတင်းဌာနက ဒင်နီဖဲန်စတာ ဖမ်းဆီးခံထားရတာ ရက် ၁၀၀ ရှိလာပြီအမေရိကန် စာနယ်ဇင်းသမား ဒင်နီဖဲန်စတာ Danny Fenster ကို မြန်မာ အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးထားတာ ရက် ၁၀၀ မြောက် ရှိလာချိန် မိသားစုဝင်တွေက သူ့လွတ်မြောက်ရေး အတွက် ထပ်လောင်း တောင်းဆိုတာတွေ ပြုလုပ်ကြပါတယ်။

    ဒင်နီဖဲန်စတာဟာ မြန်မာအကျဥ်းထောင်ထဲမှာ ကိုဗစ် ကူးစက် ခံထားရကြောင်း ယုံကြည်ရတယ်လို့ အမေရိကန်မှာ ရှိတဲ့ သူ့ရဲ့ မိသားစုဝင်တွေက ပြောကြပါတယ်။

    ဩဂုတ် ၁ ရက်နေ့ ဒင်နီနဲ့ နောက်ဆုံး စကားပြောခဲ့ရတုန်းက အနံ့ အရသာတွေ ပျောက်နေတယ်လို့ ဒင်နီက ပြောပြီး၊ အာရုံမစူးစိုက်နိုင် စိတ်ကြည်ကြည်လင်လင် အနေအထားမှာ ရှိပုံမရဘူးလို့ မိခင် ဖြစ်သူ ရို့စ်ဖဲန်စတာက ဆိုပါတယ်။

    ဒင်နီဖဲန်စတန်ကို မြန်မာ အကျဥ်းထောင် အာဏာပိုင်တွေက ကိုဗစ်ပိုး ရှိမရှိ ဆေးစစ်ထားသလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

    မြန်မာနိုင်ငံထဲ ကိုဗစ် တတိယလှိုင်း ဒဏ် အဆိုးဆုံး ခံရချိန် ကာလတွေမှာ အကျဥ်းထောင်တွေထဲက ကိုဗစ် ကူးစက်မှု အခြေအနေဟာလည်း စိုးရိမ်ရဖွယ် ဖြစ်ကြောင်း ကုလအေဂျင်စီတွေ၊ နိုင်ငံတကာ ကြက်ခြေနီ ကော်မတီလို နိုင်ငံတကာ အဖွဲ့တွေက ပြောခဲ့ကြပါတယ်။

    NLD ထိပ်ပိုင်း ခေါင်းဆောင်တချို့ အပါအဝင် နိုင်ငံရေး အကျဥ်းသားတွေ ကိုဗစ် ကူးစက်ခဲ့ကြတာကို အတည်ပြုထားနိုင်ပြီး၊ ကိုဗစ် ထိန်းချုပ်ရေး အတွက် ထောင်တွင်း တောင်းဆို ဆန္ဒပြတာတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။

    ရို့စ်ဖဲန်စတာကတော့ .... “အင်မတန် ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရတဲ့ ရက် ၁၀၀ ပါ၊ အခုလို ရက်ပေါင်း ၁၀၀ တောင် ရှိသွားပြီ ဆိုတာ မယုံနိုင်လောက်အောင်ပါပဲ” ဆိုပြီး အမေရိကန် စာနယ်ဇင်းသမားတွေနဲ့ လောလောလတ်လတ် စကားပြောခဲ့တာမှာ ရင်ဖွင့်ခဲ့ပါတယ်။

    ဖရန့်တီးယား သတင်းမဂ္ဂဇင်းရဲ့ သတင်းခန်း အုပ်ချုပ်မှု အယ်ဒီတာ၊ အသက် ၃၇ နှစ် အရွယ် ဒင်နီ ဖဲန်စတာဟာ ရန်ကုန် နိုင်ငံတကာ လေဆိပ်မှာ မေလ ၂၄ ရက်နေ့ တုန်းက မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ကြိုးစားတုန်း ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။

    မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူမြို့တော်ကို သွားမယ့် လေယာဥ်ပေါ်ကို အာဏာသိမ်း စစ်ကောင်စီက ဒင်နီ ဖဲန်စတာကို ပေးမတက်တော့ဘဲ ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ နားလည်ရပါတယ်။

    အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာအောင် လှုံ့ဆောင်ခဲ့သူ တစ်ဦး အဖြစ် ဖဲန်စတာ့ အပေါ် အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲထားပြီး ဖဲန်စတာကတော့ အဲဒီ စွပ်စွဲချက်တွေကို ငြင်းဆို ထားပါတယ်။

    ဒင်နီ ဖဲန်စတာကို ပြန်လွှတ်ပေးဖို့ အမေရိကန် နိုင်ငံခြားရေးဌာနက တောင်းဆို ထားပါတယ်။

  9. ဗီဇာပေါ်လီမာ့ဂျ် နာမည်ကျော် သတင်းဓာတ်ပုံပြပွဲမှာ မြန်မာအရေး ဓာတ်ပုံတွေလည်း ခင်းကျင်းထား

  10. ဖမ်းဆီးခံ ပရဟိတသမားလူငယ် မောင်ဈာန်ရဲထွဋ်ကို မိသားစုတွေ့ခွင့်မရသေး

    ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် မုန့်တောင်ရပ်ကွက်ထဲမှာနေထိုင်တဲ့ ပရဟိတအလုပ်လုပ်ကိုင်နေတဲ့ အသက်၁၇နှစ်အရွယ် မောင်ဈာန်ရဲထွဋ်ကိုပြီးခဲ့တဲ့ သြဂုတ်လ ၂၉ရက်နေ့က စစ်ကောင်စီတပ်တွေကဖမ်းဆီးသွားပြီးနောက်ပိုင်း မိသားစုကတွေ့ခွင့်မရသေးဘူးလို့ မိသားစုဝင်တွေကပြောပါတယ်။

    " အခုရဲစခန်းပြန်ရောက်တယ်ပြောတယ်။ ကလေးကိုတော့မတွေ့ရသေးဘူး။ အခုချိန်ထိကစခန်းနဲ့စစ်ကြောရေးကူးနေတာဆိုတော့ ဘာဖြစ်မယ်ဆိုတာ မသိရသေးဘူး။ အမှုတွေဘာတွေရင်ဆိုင်ရတော့မယ်ဆိုရင်တော့ ကျွန်မတို့ကလည်း ရှေ့နေတွေနဲ့တရားဥပဒေကြောင်းအရ ဆက်လုပ်သွားမှာပါ။ ကလေးကိုအခုထိမမြင်ရသေးတော့စိတ်ပူတယ်" လို့ မောင်ဈာန်ရဲထွဋ်ရဲ့ အစ်မဖြစ်သူက ဘီဘီစီကိုပြောပါတယ်။

    မောင်ဈာန်ရဲထွဋ်ကိုဖမ်းဆီးသွားတဲ့နေ့မှာတော့ ဖောက်ခွဲရေးဖြစ်စဉ်တွေမှာ ပါဝင်တယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ မိသားစုကို ဖုန်းဆက်အကြောင်းကြားခဲ့ တာရှိခဲ့ပြီး မိသားစုတွေဘက်ကတော့ ပရဟိတလုပ်နေတဲ့လူငယ်ကို အခုလိုစွပ်စွဲမှုတွေလုပ်ပြီးဖမ်းဆီးတဲ့အပေါ် နားမလည်နိုင်ဘူးလို့ ပြောကြားပါတယ်။

    ပြည်တွင်းမှာ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းဖမ်းဆီးခံရသူတွေ၊ စစ်ကြောရေးရောက်ပြီးစစ်ဆေးမေးမြန်းခံရသူတွေနဲ့ သေဆုံးသူတွေထဲမှာ အသက် ၁၈နှစ်အောက်ကလေးငယ်တွေအများအပြားပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း အေအေပီပီကထုတ်ပြန်ထားပါတယ်။

    ဒါ့အပြင် အာဏာသိမ်းမှုဖြစ်စဉ် ၇လတာကာလအတွင်း စစ်ကောင်စီဘက်ကပစ်ခတ်မှုတွေကြောင့် သေဆုံးသူကလေးငယ် ၈၂ယောက်ရှိနေပြီဖြစ်တယ်လို့အေအေပီပီကစာရင်းပြုစုထုတ်ပြန်ထားပြီး စစ်ကောင်စီဘက်ကတော့ အသက်မပြည့်သေးတဲ့ကလေးငယ်တွေ သေဆုံးမှုနဲ့ပတ်သက်လို့တစ်စုံတစ်ရာတုံ့ပြန်ပြောဆိုတာမရှိပါဘူး။

  11. လှည်းတန်းဆန္ဒပြပွဲမှာပစ်ခတ်ခံရလို့သေဆုံးခဲ့တဲ့ ကိုညီညီအောင်ထက်နိုင်ရဲ့ မိခင်ကို ဖမ်းဆီး

    ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက ရန်ကုန်မြို့၊ လှည်းတန်းက စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ စစ်ကောင်စီဘက်က ပစ်ခတ်လို့သေဆုံးခဲ့တဲ့ ကိုညီညီအောင်ထက်နိုင်ရဲ့ မိခင်ဖြစ်သူကို ဒီကနေ့စက်တင်ဘာလ ၁ရက်နေ့မှာ စစ်ကောင်စီတပ်တွေက နေအိမ်မှာ လာရောက်ဖမ်းဆီးခဲ့တယ်လို့ အနီးအနားနေထိုင်သူတွေကပြောပါတယ်။

    ရွှေပြည်သာမြို့နယ်၊ လှော်ကားလမ်းမှာရှိတဲ့ ကိုညီညီအောင်ထက်နိုင်တို့နေအိမ်ကို စစ်ကောင်စီတပ်တွေက ဒီကနေ့မနက်ပိုင်းကဝင်ရောက်ပြီး ကိုညီညီအောင် ထက်နိုင်ရဲ့ အမြွာအစ်ကို ကိုကိုအောင်ထက်နိုင်ကို ဝင်ရောက်ဖမ်းဆီးရာမှာ မတွေ့တာကြောင့် မိခင်ဖြစ်သူကိုဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ ရပ်ကွက်အတွင်းနေထိုင်သူတွေကပြောပါတယ်။

    "ဒီနေ့မနက်ကိုးနာရီခွဲလောက်ကတည်းက စစ်ကောင်စီအင်အား ၄၀ လောက်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ရာအိမ်မှူးတွေနဲ့အတူလာတာ၊ အိမ်ထဲမှာအကြာကြီးပဲ၊ ဘာတွေလုပ်နေလဲမသိဘူး။ သူ့အမေဆီက ဖုန်းတွေယူပြီး သူ့သားအကြီးကိုကိုအောင်ထက်နိုင်ကိုလာအဖမ်းခံဖို့ဖုန်းဆက်နေတာလည်းကြားတဲ့လူတွေကကြားတယ်။၁၂နာရီခွဲလောက်မှာတော့ သူတို့အမေဒေါ်ဝင်းမာကိုဖမ်းခေါ်သွားတယ်" လို့ရပ်ကွက်အတွင်းနေထိုင်သူ တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ကိုညီညီအောင်ထက်နိုင်ဟာဆိုရင် ရန်ကုန်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို စစ်ကောင်စီဘက်က ပစ်ခတ်ဖြိုခွင်းမှုတွေစလုပ်ခဲ့တဲ့ဖေဖော်ဝါရီ ၂၈ရက်နေ့က ရန်ကုန်မြို့လှည်းတန်းကျောင်းရှေ့မှတ်တိုင်နားမှာ ဝမ်းဗိုက်ကိုသေနတ်ထိမှန်ပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။

    ကိုညီညီအောင်ထက်နိုင်ရဲ့ဖခင်ဖြစ်သူဟာ ရွှေပြည်သာမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရပ်ကျေးဥက္ကဋ္ဌဟောင်းဖြစ်ပြီး သားဖြစ်သူသေဆုံးအပြီးမှာ သားအကြီးဖြစ်သူ ကိုကိုအောင်ထက်နိုင်နဲ့အတူနေအိမ်ကနေ ရှောင်တိမ်းနေတာကြာပြီလို့ ရပ်ကွက်အတွင်းနေထိုင်သူတွေကပြောပါတယ်။

    အမြွှာညီအကိုနှစ်ဦးဖြစ်တဲ့ ကိုကိုအောင်ထက်နိုင်နဲ့ ညီညီအောင်ထက်နိုင် တို့ရဲ့မိခင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ အိမ်စရိတ်အတွက် ငါးခြောက်၊ ပုဇွန်ခြောက်တွေ ရောင်းချခွင့်ပြုပါလို့ ဆိုပြီး ဈေးရောင်းနေတာကို လူမှုကွန်ရက်စာမျက်နှာမှာတွေ့ရတယ်လို့ နီးစပ်သူတွေကပြောပါတယ်။

    လက်ရှိမှာတော့ အမြွှာညီအကိုနှစ်ဦးရဲ့မိခင်ဖြစ်သူ ဒေါ်ဝင်းမာကို စစ်ကောင်စီတပ်တွေကဖမ်းဆီးခေါ်ဆောင်သွားပြီး နေ့လယ်ပိုင်းအထိ နေအိမ်ရှေ့မှာ စစ်ကောင်စီကားတွေရပ်ပြီး စောင့်ဆိုင်းနေခဲ့တယ်လို့ ရပ်ကွက်အတွင်းနေထိုင်သူတွေကပြောပါတယ်။

  12. မှော်ဘီလျှပ်စစ်ရုံးအနီးက အမှိုက်ပုံပေါက်ကွဲမှုကြောင့် ထိခိုက်ခဲ့တဲ့ ကလေးငယ် လက်ဖြတ်တောက်လိုက်ရ

    ရန်ကုန်တိုင်းဒေသကြီးအတွင်း မှော်ဘီမြို့နယ်၊ လျှပ်စစ်ရုံးအနီးကအမှိုက်ပုံမှာ သြဂုတ်လ ၂၉ရက်နေ့ကဖြစ်ခဲ့တဲ့ပေါက်ကွဲမှုကြောင့် အမှိုက်လာကောက်တဲ့ အသက် ၁၃နှစ်အရွယ် မောင်ရဲဝင်းနိုင်ဆိုသူထိခိုက်မှုဖြစ်ခဲ့တယ်လို့ ကလေးငယ်ကိုလိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတအသင်းကပြောပါတယ်။ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ရက်နေ့က မှော်ဘီလျှပ်စစ်ရုံးရှေ့ကအမှိုက်ပုံအနီးမှာမောင်ရဲဝင်းနိုင်အမှိုက်ကောက်နေစဉ် အနက်ရောင်အထုပ်တစ်ခုကိုကောက်ယူကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပြီး လက်နဲ့ခြေထောက်တွေမှာယမ်းစတွေထိမှန်ခဲ့တာဖြစ်တယ်လို့အနီးအနားနေထိုင်သူတွေက ပြောပါတယ်။" ဖြစ်ဖြစ်ချင်းလက်ချောင်းလေးတွေထိသွားတယ်၊ဖြစ်ဖြစ်ချင်းအနားကလူမှုကူညီရေးအသင်းတွေက မှော်ဘီဆေးရုံကိုပို့လိုက်တယ်။ပြီးတော့ရန်ကုန်ဆေးရုံကိုပြန်လွှဲတယ်။မနေ့ကခွဲစိပ်မှုလုပ်တော့ ကလေးကလက်ကိုလက်ကောက်ဝတ်ကနေဖြတ်လိုက်ရတယ်၊ခြေသလုံးနဲ့လက်၊မျက်နှာတွေမှာလည်းယမ်းစတွေမှန်ထားတယ်" လို့လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ရွှေပြည်တော်သို့ ဆုံမှတ်ပရဟိတအသင်းက ဦးဆောင်ကော်မတီဝင် ကိုဉာဏ်မင်းထွန်းကဘီဘီစီကိုပြောပါတယ်။ ထိခိုက်မှုဖြစ်ခဲ့တဲ့ အသက်၁၃နှစ်အရွယ်မောင်ရဲဝင်းနိုင်ဟာ မှော်ဘီမြို့နယ်အတွင်းမှာ အမှိုက်ကောက်တဲ့အလုပ် နဲ့အသက်မွေးဝမ်းကျောင်းပြု နေတာဖြစ်ပြီး မိခင်ဖြစ်သူဟာလည်း မှော်ဘီမြို့နယ်အတွင်းဈေးရောင်းနေပြီးနွမ်းပါးတဲ့မိသားစုဝင်တွေဖြစ်ကြတယ်လို့ လိုက်ပါကူညီဆောင်ရွက်ပေးနေသူတွေကပြောပါတယ်။

  13. မီးလောင်ခဲ့တဲ့ကင်းမကျေးရွာကဒေသခံတွေအတွက် အလှူရှင်တွေလှူဒါန်းထားတဲ့ပစ္စည်းတွေထပ်မံမီးရှို့ခံရ

  14. ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရုရှားသွား, သုံးလအတွင်း တပ်ခေါင်းဆောင်သုံးဦး ရုရှားသွားခြင်းဖြစ်

    ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းရုရှားနိုင်ငံကို ဒီကနေ့ စက်တာဘာ ၁ ရက် မနက်ပိုင်းမှာ ထွက်ခွာသွားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

    ထုတ်ပြန်ချက်ထဲ ရုရှားကာကွယ်ရေးဝန်ကြီးက ဖိတ်လို့ နိုင်ငံတကာစစ်တပ်စွမ်းရည်ပြိုင်ပွဲပိတ်ပွဲအခမ်းအနား တက်ဖို့ သွားတာလို့ ဖော်ပြထားပြီး ဒီခရီးစဥ်အတွင်း စစ်ဘက်၊ အရပ်ဘက် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးသွားမှာလည်း ဖြစ်ပါတယ်။

    ဒုချုပ်နဲ့အတူ ဒုတိယ ဗိုလ်ချုပ်ကြီး‌ အောင်စိုး နဲ့ တပ်မတော်အရာရှိကြီးတွေလည်း ပါသွားပါတယ်။

    သြဂုတ်လထဲ ကျင်းပတဲ့ နိုင်ငံတကာစစ်တပ်စွမ်းရည်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို တပ်မတော် ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေး သွားရောက်ခဲ့တာဖြစ်ပြီး ပိတ်ပွဲကို ဒုချုပ်က သွားတာပါ။

    ဒါကြောင့် အာဏာသိမ်းပြီးတဲ့ ၇ လ အတွင်း ရုရှားကို တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင် ၃ ယောက် လုံး သွားရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ဇွန်လက ရုရှားကို ရက်ရှည်သွားရောက်ခဲ့သေးတာပါ။

    ဒါကြောင့် သုံးလအတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နဲ့ တပ်မတော် ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး တို့ ရုရှား‌ရောက်ခဲ့တာလည်းဖြစ်ပါတယ်။

    စစ်ရေးအကဲခတ်တွေကတော့ မြန်မာစစ်တပ်ခေါင်းဆောင်တွေရဲ့ ရုရှားခရီးစဥ်တွေဟာ လက်နက်ဝယ်ဖို့ကိစ္စအပြင် နိုင်ငံတကာထောက်ခံမှုရနေကြောင်းကိုပါ ပြသချင်တဲ့သဘောလို့ သုံးသပ်ကြပါတယ်။

  15. မြင်းခြံမြို့ကဧရာဝတီသွေးလှူရှင်အသင်းဥက္ကဋ္ဌနေအိမ်ကို လူတစ်စုသေနတ်နဲ့ဝင်ပစ်၊ သားဖြစ်သူသေဆုံး

    မြင်းခြံမြို့နယ်က ချောင်းဒေါင်းကျေးရွာမှာရှိတဲ့ ဧရာဝတီသွေးလှူရှင်အသင်း ဥက္ကဋ္ဌ ဦးကိုနီနေအိမ်နေအိမ်ကို မနေ့က သြဂုတ် ၃၁ ရက်ည ၈နာရီဝန်းကျင်လောက်က လူတစ်စုကသေနတ်နဲ့လာရောက်ပစ်ခတ်ခဲ့တယ်လို့ မြင်းခြံမြို့ခံအချို့က ဘီဘီစီကိုပြောပါတယ်။

    အဆိုပါပစ်ခတ်မှုကြောင့် ဦးကိုနီရဲ့သားဖြစ်သူနဲ့ညီဖြစ်သူမှာ သေနတ်ဒဏ်ရာရခဲ့ပြီး သားဖြစ်သူမှာ သေဆုံးသွားခဲ့တယ်လို့လည်း သိရပါတယ်။

    ‘ ‘ ဖြစ်တာကတော့ အရင်ချောင်းဒေါင်းကျေးရွာလို့ခေါ်တယ်။ အခုတော့ အမှတ် ၂၀ ချောင်းဒေါင်း ရပ်ကွက် ပေါ့။ သားဖြစ်သူကတော့ ဆုံးသွားပါတယ်။ နောက်တစ်ယောက်ကတော့ မန္တလေးဆေးရုံကို လွှဲပို့ထားတယ်။ အခုသိရတာတော့ စိုးရိမ်ရတဲ့အခြေအနေမရှိတော့ဘူးလို့တော့သိရတယ်။ ဦးကိုနီကတော့ မထိသွားပါဘူး။ ဘယ်သူတွေပစ်တယ်တော့ မသိရဘူးပေါ့လေ။ သူက သွေးလှူအသင်းရဲ့ ဥက္ကဋ္ဌဖြစ်သလို အရင်ကလည်း သူတို့ ရပ်ကွက်ဥက္ကဋ္ဌတာဝန်ယူဖူးတာတော့ရှိတယ်။ အခုတော့ မလုပ်တော့ပါဘူး။ ဘယ်လိုတွေကြောင့် အခုလိုဖြစ်တာ လဲတော့မသိဘူး။’’လို့ မြင်းခြံမြို့ခံတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။

    တစ်ဦးသေ တစ်ဦးဒဏ်ရာရခဲ့တဲ့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပစ်ခတ်သူတွေကိုဖမ်းမိတယ်လို့ မကြားသေး ကြောင်း ဒေသခံတွေကပြောပါတယ်။

    မြင်းခြံအခြေစိုက် သတင်းတွေကို ဖော်ပြနေတဲ့ ဒေသမီဒီယာအချို့ကတော့ မနေ့ကဖြစ်စဉ်မှာ ဆိုင်ကယ် ၄စီးနဲ့ လူတစ်စုလာရောက်ပစ်ခတ်သွားတာဖြစ်ပြီး ပစ်ခတ်သူတွေကို ပျုစောထီးအဖွဲ့ဝင်တွေလို့ ရေးသား ဖော်ပြထားတာကိုလည်းတွေ့ရပါတယ်။

  16. စစ်ကောင်စီက ဖွင့်တဲ့ထီ အမြင့်ဆုံးဆု ကျပ်သိန်းငါးထောင်သာ ချီးမြှင့်နိုင်

  17. အာဏာသိမ်းပြီး ၇ လအတွင်း စစ်ကောင်စီဘက်က ပစ်ခတ်လို့ သေဆုံးသူ ချင်းတိုင်းရင်းသား တစ်ရာကျော်ရှိလာ, သေဆုံးသူတွေထဲ ဒေသကာကွယ်ရေးတပ်တွေလည်းပါဝင်

    ပြည်တွင်းမှာ စစ်တပ်ကအာဏာသိမ်းမှုဖြစ်စဉ်ဖြစ်ခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၇ လအတွင်း စစ်ကောင်စီနဲ့ ဒေသကာကွယ်တပ်တွေ ရဲ့တိုက်ပွဲဖြစ်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီဘက်ကပစ်ခတ်မှုတွေကြောင့် သေဆုံးသူချင်းတိုင်းရင်းသား ၁၃၀ နီးပါးရှိနေပြီလို့ ချင်းရေးရာအဖွဲ့ကသြဂုတ်လ ၃၁ရက်နေ့ကထုတ်ပြန်ကြေညာခဲ့တယ်။

    သေဆုံးသူတွေထဲမှာ အရပ်သား ၅၇ ဦးနဲ့ဒေသကာကွယ်ရေးတပ်ဘက်က ၅၁ ဦးပါဝင်ပြီး ဒီထဲမှာ အသက် ၁၈ နှစ်အောက်ကလေးငယ် ၁၄ ဦးနဲ့အမျိုးသမီး ၇ ဦးပါဝင်တယ်လို့ချင်းရေးရာအဖွဲ့ကထုတ်ပြန်ပါတယ်။

    ဒီလိုသေဆုံးမှုတွေထဲ ပြီးခဲ့တဲ့ နှစ်လတာကာလအတွင်းမှာ ၂ ရက်ကို ၁ဦးနှုန်းနဲ့သေဆုံးသူအရေအတွက် ၂၇ ဦးထိတိုးလာခဲ့တာဖြစ်ကြောင်း သေဆုံးပြီးနောက် ရုပ်အလောင်းပြန်မရသူတွေလည်း ထပ်ရှိ ကြောင်းထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ချင်းတိုင်းရင်းသားတွေသေဆုံးရတဲ့အကြောင်းအရင်းတွေထဲမှာနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် သေဆုံးမှုတွေအပြင်စစ်ကောင်စီဘက်က အရပ်သားနေအိမ်တွေကို ကျူးကျော်ဝင်ရောက်တာတွေ၊ လူနေအိမ်တွေအနီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် သေဆုံးရတဲ့အကြောင်းအရင်းတွေလည်းပါဝင်ကြောင်း ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

    ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ရက်နေ့က ချင်းပြည်နယ်၊ ထန်ထလန်မြို့နယ် အနီးပစ်ခတ်မှုတွေကြောင့် နေအိမ်တွေထဲကို လက်နက်ကြိးထိမှန်ခဲ့ပြီး ကလေးငယ်၂ ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ပြီး ၈ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ချင်းရေးရာအဖွဲ့ရဲ့ထုတ်ထားပြီးသေဆုံးသူတွေနဲ့ပတ်သက်လို့ မိသားစုဝင်တွေကလည်း ဘီဘီစီကိုအတည်ပြုပြောကြားထားခဲ့ပါတယ်။

    ဒါကြောင့် စစ်ကောင်စီအနေနဲ့အရပ်သားပြည်သူတွေနဲ့အပြစ်မဲ့ကလေးတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်တာရပ်တန့်ဖို့ ချင်းရေးရာအဖွဲ့ကတိုက်တွန်းကြောင်းနဲ့ ချင်းတိုင်းရင်းသားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေတာတွေကို နိုင်ငံတကာအသိုင်းအဝိုင်းကကြားဝင်ပြီး အရေးယူ ဆောင်ရွက်ပေးဖို့ထပ်မံတောင်းဆိုကြောင်း ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

    ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကတော့ တုံ့ပြန်တာ၊ တစုံတရာပြောကြားလာတာမျိုး မရှိသေးပါဘူး။

  18. ရွှေနဲ့ဒေါ်လာစျေး ထိန်းဖို့ စစ်ကောင်စီ ပြင်ဆင်

    ပြီးခဲ့တဲ့တစ်ပတ်က စစ်ကောင်စီအစည်းအဝေးမှာ ကောင်စီဝင်တချို့က ဒေါ်လာစျေးနဲ့ ရွှေစျေး ကစားနေသူတွေကို ဖော်ထုတ်အရေးယူဖို့ ဆွေးနွေးခဲ့ကြပြီးနောက် စစ်ကောင်စီက ဒေါ်လာစျေးကွက်နဲ့ ရွှေစျေးကွက်ထဲ ဝင်ရောက်ထိန်းကျောင်းဖို့ ကြိုးစားလာပါတယ်။

    ဒေါ်လာနဲ့ ရွှေစျေးကွက်ကို အရင်စစ်အစိုးရလက်ထက်က ပုံစံအတိုင်း ထိန်းဖို့ အာဏာပိုင်တွေက ကြိုးစားနေတာဖြစ်တယ်လို့ လုပ်ငန်းရှင်တွေကပြောပါတယ်။

    တရားဝင် ရွှေလေလံဆွဲတဲ့နေရာကို စစစ ကလာပြီး စာရင်းယူတာ၊ စောင့်ကြည့်သတိပေးတာတွေလုပ်တယ်လို့ ရွှေလုပ်ငန်းရှင်တချို့က ဘီဘီစီကို ပြောပါတယ်။

    ဒါပေမယ့် ဒီကနေ့မှာ ရွှေစျေးက တစ်ကျပ်သား ၁၆ သိန်း ၉ သောင်းကျော်နဲ့ စျေးပိတ်ခဲ့ပြီး တစ်ပတ်အတွင်း ၄ သောင်းနီးပါး ခုန်တက်သွားပါတယ်။

    ရွှေလုပ်ငန်းရှင်အသင်းဘက်ကတော့ ကမ္ဘာ့ရွှေစျေးနဲ့ ဒေါ်လာစျေးကြောင့် ပုံမှန်အတိုင်းတက်တာလို့ သုံးသပ်ပါတယ်။

    ဒေါ်လာစျေးကွက်ဘက်ကို ကြည့်ရင်လည်း ဗဟိုဘဏ်ရဲ့ရည်ညွှန်းငွေလဲနှုန်းအတိုင်း ရောင်းချဖို့ လိုင်စင်ရ ငွေလဲကောင်တာတွေကို ညွှန်ကြားထားပေမယ့်လို့ လက်တွေ့မှာ အလုပ်မဖြစ်ဘူးလို့ ပြောကြပါတယ်။

    ဗဟိုဘဏ်ရဲ့ ရည်ညွှန်းငွေလဲနှုန်းက အမေရိကန်တစ်ဒေါ်လာကို ကျပ် ၁၆၇၄ ဝန်းကျင်ဖြစ်ပေမယ့် ပြင်ပပေါက်စျေးကတော့ ၁၈၀၀ ဝန်းကျင် ဖြစ်နေတာပါ။

  19. မြန်မာကို အရေးပေါ်အကူညီ ဒေါ်လာသန်း ၅၀ ကျော် အမေရိကန် ထောက်ပံ့ထားတယ်လို့ပြော

    ဒုက္ခသည် ၇၀၀,၀၀၀ ကျော်နဲ့ ပြည်တွင်းနေရပ်စွန့်ခွာနေရသူတွေ အပါအဝင် မြန်မာပြည်သူလူထုအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ သန်း ၅၀ ကျော်ကို အမေရိကန်ပြည်ထောင်စုက ကူညီထောက်ပံ့ထားတယ်လို့ အမေရိကန်သံရုံးက ပြောပါတယ်။

  20. တရုတ်ကနေ မြန်မာပြန်မယ့် အလုပ်သမားတွေ အများအပြားကျန်ရှိနေ

    တရုတ်နိုင်ငံမှာ အလုပ်လုပ်ရတာအဆင်မပြေတဲ့အတွက်မြန်မာနိုင်ငံကိုပြန်ချင်ပေမဲ့ အကြောင်း အမျိုးမျိုးကြောင့်ပြန်လို့မရတဲ့သူတွေ တရုတ်နိုင်ငံထဲ များစွာကျန်နေသေးတယ်လို့ တရုတ်နိုင်ငံ ရောက် မြန်မာအလုပ်သမားတွေက ပြောကြပါတယ်။

    အဲဒီလို ပြန်ခွင့်မရသူတွေထဲ မှာ တရုတ်နိုင်ငံရွှေလီမြို့က ဖန်စီပစ္စည်းတွေထုတ်လုပ်နေတဲ့စက်ရုံက မြန်မာ လုပ်သားတွေလည်း ပါဝင်ပါတယ်။

    အဲဒီလို ပြန်မလာနိုင်သေးသူတွေထဲမှာ ကိုဗစ်ကြောင့် အလုပ်ရပ်နားထားရတဲ့အတွက် လုပ်ငန်းရှင်က လစာ ထုတ်မပေးတာ နှစ်လလောက်ရှိနေပြီဖြစ်လို့ နေထိုင်စရိတ်၊ပြန်စရာစရိတ်မရှိဘဲ စက်ရုံတွေထဲမှာ ကျန်နေသူတွေလည်း ရှိနေတယ်လို့ အလုပ်သမ တစ်ဦးက ပြောပါတယ်။ ကျန်နေသူ အရေအတွက် အတိအကျ မသိရသေးပေမဲ့ အတော်များများ ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။

    အဲဒီလို ပြန်လာလိုသူတွေကို မြန်မာနဲ့ တရုတ် တာဝန်ရှိသူတွေ ညှိနှိုင်းပြီး ပြန်လာနိုင်အောင် ကူညီပေးစေလိုတယ်လို့လည်း အဲဒီမှာ ကျန်ရှိနေသူ အမျိုးသမီးက ပြောပါတယ်။