ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ရိုဟင်ဂျာတွေအရေး ဆောင်ရွက်သူ သတ်ဖြတ်ခံရမှုကို စုံစမ်းဖို့ လူ့အခွင့်အရေးဆောင်ရွက်သူတွေ တောင်းဆို

အသက် ၄၈ နှစ်အရွယ် မိုဟီးဘူလာဟာ ကောက်ဇက်ဘဇားခရိုင်ထဲမှာရှိတဲ့ ကူတူပါလောင်ဒုက္ခသည်စခန်းထဲက သူ့ရဲ့ရုံးခန်းထဲမှာ စက်တင်ဘာလ ၂၉ ရက် ည ၈ နာရီကျော်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာလို့ သိရပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဒီးမော့ဆိုမြို့နယ်ထဲ မူးယစ်ဆေးရောင်းဝယ်သုံးစွဲမှုတွေမလုပ်ဖို့ ဒီးမော့ဆို PDF သတိပေး

    ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲမှာ စစ်အာဏာရှင် အမြစ်ပြတ်ရေး ကြိုးပမ်းနေချိန်အတွင်းမှာ မြို့နယ်ထဲ စိတ်ကြွရူးသွပ်ဆေးဝါးတွေ ရောင်းဝယ်၊သုံးစွဲနေတာကို ဆက်ပြီးမလုပ်ကြဖို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်(DMO-PDF) က သတိပေးစာ ထုတ်လာပါတယ်။

    လူပုဂ္ဂိုလ်အချို့က လက်ရှိအခြေအနေကို အခွင့်ကောင်းယူပြီး လုပ်ဆောင်နေတယ်ဆိုတာကို မြေပြင်သတင်းတွေအရ သိရှိရလို့ ဒီစာကို ထုတ်တာဆိုပြီး ဒီးမော့ဆို PDF က ဒီနေ့ စက်တင်ဘာလ ၆ ရက်မှာ ပြောလာတာပါ။

    ဒီလိုတားမြစ်ချက်ကို မလိုက်နာဘဲ ဆက်ပြီး ရောင်းဝယ်ဖောက် ကားတာနဲ့ သုံးစွဲတာတွေလုပ်နေမယ်ဆိုရင် ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်မယ်လို့လည်း ဒီးမော့ဆို PDF က ပြောလာပါတယ်။

  2. မုံးကိုးခရိုင်ထဲ စစ်ကောင်စီနဲ့ ကိုးကန့်တပ် MNDAA တိုက်ပွဲဆက်ဖြစ်နေ

    ကိုးကန့်ဒေသက မုံးကိုး ဖောင်းဆိုင်ဒေသမှာ ကိုးကန့်တပ် (MNDAA-မြန်မာနိုင်ငံအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြလာပါတယ်။

    စစ်ကောင်စီဘက်က MNDAA ကိုအင်အားအလုံးအရင်းနဲ့ စက်တင်ဘာလ ၅ ရက်မှာ ထိုးစစ်ဆင်နေတာလို့ ဆိုပါတယ်။

    ကိုးကန့်ဒေသထဲက ဟဲ့ရှန်နဲ့လုံခမ်ဒေသမှာ အခြေချတဲ့စစ်ကောင်စီအမြောက်တပ်က ဖောင်းဆိုင်ဒေသမှာရှိတဲ့ MNDAA တပ်ကို တိုက်ခိုက်သလို အင်အား ၆၀၀ လောက်က စစ်ကြောင်း ၃ ကြောင်းခွဲပြီး တိုက်ခိုက်နေတာလို့လည်း ဆိုပါတယ်။

    ပြီးခဲ့တဲ့ စက်တင်ဘာလ (၃) ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ သံလွင်မြစ်အနောက်ဘက် မုံးကိုးဒေသရဲ့ မန်းရန်၊ ဖောင်းဆိုင်နဲ့သံလွင်မြစ်အရှေ့ဘက် ကိုးကန့်ဒေသရဲ့ ဟဲရှန်၊ လုံခမ်၊ ရှောက်တင့်ပ ဒေသက စခန်းတွေကနေ ကိုးကန့် (MNDAA) တပ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ကိုးကန့်သတင်းမှာ ဖော်ပြထားပါတယ်။

  3. မိုးကုတ်မြို့က ကြံ့ခိုင်ရေးပါတီဝင်ဇနီးမောင်နှံ သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံး

    မိုးကုတ်မြို့နယ်အရှေ့ပိုင်း၊ ဈေးကြီးတိုက်တန်းဒေါင့်အနီးမှာ ကြက်ဥအရောင်းဆိုင်ဖွင့်ထားတဲ့ ဇနီးမောင်နှံ ၂ဦး ဒီကနေ့စက်တင်ဘာ ၆ရက်မနက်ပိုင်းက သေနတ်နဲ့ပစ်ခတ်ခံရလို့ နေရာမှာပဲသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    သေဆုံးခဲ့တဲ့ ဇနီးမောင်နှံ ၂ဦးဟာ မိုးကုတ်မြို့ အရှေ့ပိုင်း စည်ပင်သာယာရပ်ကွက်မှာ နေထိုင်သူတွေဖြစ်ပြီး ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဝင်တွေဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

    " မနက် ၉နာရီခွဲလောက်မှာဖြစ်သွားတာပါ။ ဈေးထဲကအဲဒီကြက်ဥဆိုင်ရှေ့မှာ လက်ဖက်ရည်ဆိုင်ထိုင်နေတုန်းသေနတ်နဲ့ ပစ်သွားတယ်လို့ဆိုလို့သွားကြည့်တာ၊ ယောင်္ကျားဖြစ်သူက ခေါင်းကိုထိတယ်။ အမျိုးသမီးကတော့ မှောက်နေတဲ့အနေထားနဲ့လဲနေတာ။နာရေးကူညီမှုအသင်းကကားလာခေါ်တဲ့ အချိန်မှာ ၂ယောက်လုံးသေနေပြီ။ သူတို့သတင်းပေးလို့အဖမ်းခံရတဲ့လူတွေရှိတယ်လို့လည်းသိရတယ်။ သတင်းပေးလား မပေးလားတော့မသိဘူး။ သူတို့ကဘယ်သူနဲ့မှမတည့်တာတော့သိတယ် " လို့ ဖြစ်စဉ်အနီးမှာရှိနေတဲ့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    လက်ရှိမှာတော့ သေဆုံးသူဇနီးမောင်နှံရဲ့အလောင်းကို မိုးကုတ်ဒေသခံနာရေးကူညီမှုအသင်းက လာရောက်သယ်ဆောင်သွားပြီဖြစ်ပြီး ဈေးအနီးမှာတော့ စစ်ကောင်စီတပ်တွေရဲ့ ကားတွေနဲ့စစ်ဆေးမှုတွေလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

  4. စစ်ကောင်စီက တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်နေတာရပ်တန့်ဖို့ NUG ကြေညာ, KNU ထိန်းချုပ်နယ်မြေမှာရှိတဲ့ရွာသားတွေ စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်

    စစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်မယ်လို့ပြောဆိုချက်တွေရှိနေပေမယ့် လက်ရှိမှာတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ထိန်းချုပ်နယ်မြေတွေမှာ အင်အားအများအပြားနဲ့ထိုးစစ်ဆင်နေတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)က စက်တင်ဘာ ၅ရက်မှာ ထုတ်ပြန်ပြောဆိုပါတယ်။

    ဒီလိုထိုးစစ်ဆင်မှုတွေကြောင့် လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်း (humanitarian crisis)တွေကို ဖြစ်ပေါ်လာစေနိုင်ပြီး သန်းနဲ့ချီတဲ့ပြည်သူတွေ နေရပ်စွန့်ခွာထွက်ပြေးရတဲ့အခြေအနေတွေဖြစ်လာနိုင်တယ်လို့ NUG က စစ်ကောင်စီရဲ့ထိုးစစ်တွေနဲ့ပတ်သက်တဲ့ ကြေညာချက်မှာ ဖော်ပြလာပါတယ်။

    ဒါ့အပြင် စစ်ကောင်စီအနေနဲ့တိုင်းရင်းသားဒေသတွေကိုထိုးစစ်ဆင်တဲ့နေရာမှာ မြေပြင်ထိုးစစ်များသာမက လေကြောင်း တိုက်ခိုက်မှုတွေကိုပါလုပ်ဆောင်နေတာကြောင့် တိုင်းရင်းသားဒေသအသီးသီးမှာရှိတဲ့ အရပ်သားပြည်သူတွေအနေနဲ့နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ NUG ရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။

    ဒီလိုလုပ်ရပ်တွေကို NUG အနေနဲ့ကန့်ကွက်ကြောင်း နဲ့အရပ်သားပြည်သူတွေကိုပစ်မှတ်ထားတိုက်ခိုက်ဖို့အထောက် အကူပြုစေတဲ့ စစ်လက်နက်ပစ္စည်းတွေဝယ်ယူဖို့ ပူးပေါင်းဆောင်ရွက်တဲ့ အစိုးရ၊အဖွဲ့အစည်းတွေကိုကန့်ကွက်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း စစ်ကောင်စီရဲ့ထိုးစစ်တွေအမြန်ဆုံးရပ်တန့်ပေးဖို့၊ အပြစ်မဲ့ပြည်သူတွေ ကိုဖိနှိပ်နေတာတွေနဲ့အတူအာဏာသိမ်းမှုအဆုံးသတ်ဖို့၊ စစ်ကောင်စီကကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို တာဝန်ခံမှုရှိဖို့ကိုထိရောက်စွာဆောင်ရွက်ပေးရန် တောင်းဆိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

    လက်ရှိမှာတော့ ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ (၄) ထိန်းချုပ်နယ်မြေတစ်ခုဖြစ်တဲ့ ထားဝယ်ခရိုင် ရေဖြူမြို့နယ်ထဲက ကျေးဇူးတော်ရွာသားတွေဟာ စစ်ကောင်စီရဲ့ရွာအနီးတပ်စွဲလှည့်လှည်မှုတွေနဲ့ ထိုးစစ်ဆင်မယ်ဆိုတဲ့ သတင်းတွေကြောင့် ရွာလုံးကျွတ်တိမ်းရှောင်နေရတာ ၁ဝရက်ဝန်းကျင်လောက်ရှိနေပြီလို့ဒေသခံရွာသားတွေကပြောပါတယ်။

    သြဂုတ်လအစောပိုင်းကစလို့ စစ်ကောင်စီဘက်က ကရင်တိုင်းရင်းသားများနေထိုင်တဲ့ဒေသအများစုနဲ့ မူတြော်ခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေဘက်ကို ထိုးစစ်ဆင်မှုတွေလုပ်ခဲ့လို့ တိုက်ပွဲတွေဖြစ်ခဲ့တာကိုလည်း KNU သတင်းနဲ့ပြန်ကြားရေးဘက်က သတင်းထုတ်ပြန်ထားပါတယ်။

  5. သြဂုတ်လအတွင်း နိုင်ငံတဝှန်း ပေါက်ကွဲမှုပေါင်း ၁၃၀ ကျော်ဖြစ်ပွားခဲ့

    မြန်မာနိုင်ငံတဝှန်းမှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ပေါက်ကွဲမှုပေါင်း ၁၃၄ ကြိမ်အထိဖြစ်ခဲ့ပြီး အဲဒီပေါက်ကွဲမှုတွေ အတွင်း သေဆုံးသူ လူပေါင်း ၂၂ ဦးအထိရှိခဲ့ပါတယ်။

    ဘီဘီစီကစုဆောင်းရရှိတဲ့အချက်အလက်တွေအရဆိုရင် သေဆုံးသူတွေထဲက အများစုဟာ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေဖြစ်ပြီး အရပ်သားတွေလည်းပါဝင်သလို အစိုးရဝန်ထမ်းတစ်ဦးနဲ့ သတင်းပေးလို့ စွပ်စွဲခံရသူတစ်ဦးလည်း ပါဝင်ပါတယ်။

    ပေါက်ကွဲမှုတွေဖြစ်ခဲ့တဲ့နေရာအများစုဟာ ရဲစခန်းနဲ့ စစ်ဆေးရေးဂိတ်လို လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိတဲ့နေရာ ဒါမှမဟုတ် အဲဒီလိုနေရာအနီးနားမှာဖြစ်ခဲ့တာဖြစ်ပြီး ဒုတိယအများဆုံးဟာ အာဏာပိုင်တွေနဲ့ ဆက်စပ်တဲ့ စည်ပင်ရုံး၊ ရပ်ကျေးအုပ်ချုပ်ရေးရုံးတွေမှာဖြစ်ပါတယ်။

    တစ်နိုင်ငံလုံးက ပေါက်ကွဲမှုတွေထဲ ရန်ကုန်မှာ ပေါက်ကွဲမှု ၅၀ ကျော်နဲ့ ထိပ်ဆုံးမှာရှိခဲ့ပြီး မကွေးတိုင်းက ဒုတိယ အများဆုံးဖြစ်ပါတယ်။ နောက် အများဆုံးပေါက်ကွဲမှုဖြစ်ခဲ့တဲ့တိုင်းတွေကတော့ စစ်ကိုင်းနဲ့ မန္တလေးတိုင်း တို့ဖြစ်ပါတယ်။

    တချိန်တည်းမှာပဲ နိုင်ငံတဝှန်းမှာ ပြီးခဲ့တဲ့လတုန်းက ဓားထိုးခံရမှုနဲ့ ပစ်ခတ်ခံရမှုတွေကြောင့် လူပေါင်း ၁၂၀ နီးပါးသေဆုံးခဲ့ပြီး အဲဒီထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရပ်ကျေးလူကြီးတွေ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဝင်တွေ၊ သတင်းပေးလို့ အရပ်ထဲမှာ စွပ်စွဲခံရသူတွေနဲ့ အရပ်သားတွေပါဝင်ပါတယ်။

  6. စစ်ကိုင်းနဲ့မကွေးက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁၄ ဖွဲ့ မဟာမိတ်ဖွဲ့

    စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းထဲမှာရှိတဲ့မြို့နယ်တွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁၄ ဖွဲ့က သူတို့တွေ မဟာမိတ်ဖွဲ့စည်းလိုက်ပြီဆိုပြီး စက်တင်ဘာလ ၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြောလာကြပါတယ်။

    ချောင်းဦး၊ မြင်းခြံ၊ ပခုက္ကူ၊၊ ရေစကြို၊ အရာတော်၊ ရွှေဘို၊ ဒီပဲယင်း၊ မြင်းမူ၊ မြိုင်၊ စစ်ကိုင်း၊ ပုလဲ၊ မြောင်နဲ့ မော်လိုက်စတဲ့မြို့နယ်တွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့တော်လှန်ရေးအင်အားစုတွေ အခုလို မဟာမိတ်ဖွဲ့လိုက်တာလို့ ကြေညာချက်ကဆိုပါတယ်။

    စစ်အာဏာရှင်စနစ်အပြီးတိုင် ပျောက်ကွယ်ရေးနဲ့ စစ်ကောင်စီကျဆုံးရေးအတွက် အတူလက်တွဲတိုက်ပွဲဝင်ဖို့ အခုလို မဟာမိတ်ဖွဲ့လိုက်တာလို့လည်း သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သူတို့ရဲ့လူမှုကွန်ယက်တွေပေါ်ကနေ သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

  7. တရုတ်ပို့ကုန် မြေပဲ နှမ်းစျေးတွေ ဆက်တိုက်ကျ

    တရုတ်ပို့ကုန်ဖြစ်တဲ့ မြေပဲဆံနဲ့ နှမ်းတွေ ရက်ပိုင်းအတွင်း ဈေးကျလာသလို ပြည်တွင်း အရောင်းအဝယ်ပါ ထက်ဝက် ကျဆင်းသွားတယ်လို့ မန္တလေးမြို့ ပဲနှမ်း ကုန်သည်နဲ့ ဆီစက်လုပ်ငန်းရှင်တွေက ပြောပါတယ်။

    "ငါးဆယ် ရာခိုင်နူန်းလောက် အရောင်းအဝယ်ကျတာ။ ပြည်တွင်း ဆီစက်တွေကလည်း ကိုဗစ်နဲ့ နပန်းလုံးနေရတာ။ မလုပ်နိုင်ကြဘူး။ တရုတ်က ပိတ်။ မြေပဲဆံလည်း မဝယ်။ နှမ်းလည်း မဝယ်။ ဈေးတွေက တအားကျ"လို့ မန္တလေးမြို့ ပဲ၊ နှမ်း ကုန်သည်တစ်ဦးက ပြောပါတယ်။

    ဇူလိုင်လ ၈ရက်နေ့က စပြီး တရုတ်နယ်စပ်ကုန်သွယ်မှုမှာ ကုန်စည်စီးဆင်းမှုကို ကန့်သတ်ပိတ်လိုက်တာကြောင့် တရုတ်ဘက်ကို တင်ပို့တဲ့ကုန်တွေဖြစ်တဲ့ ပဲ နှမ်း စျေးကွက် ရောင်းဝယ်တာတွေ ရပ်တန့်ခဲ့ပါတယ်။

    အဲ့ဒီနောက်ပိုင်းမှာ တရုတ်ဝယ်လက် တင်ပို့ကုန် မြေပဲ၊ နှမ်းတွေ တဖြည်းဖြည်း ဈေးကျရာမှ စက်တင်ဘာလဆန်းမှာ မြေပဲဆံ တစ်ပိဿာဟာ ကျပ် ၂၆၅၀ ဖြစ်ခဲ့ပါတယ်။

    အရင် တရုတ်ဝယ်လက်ရှိစဉ်က မြေပဲဆံ တစ်ပိဿာဟာ ကျပ် ၃၃၀၀ ဈေးရှိခဲ့ပါတယ်။ နှမ်း( အညို၊ အနက်၊ အဖြူ)ကုန်တွေလည်း တရုတ်ဝယ်လက် ရှိစဉ်ကထက် သုံးတင်းဝင် တစ်အိတ်ကို ကျပ် ငါးသောင်းကျော်၊ ခုနှစ်သောင်းကျော်ထိ ဈေးပြုတ်ကျခဲ့တယ်လို့ ပဲနှမ်းကုန်သည်တွေကနေ သိရပါတယ်။

    ပြည်တွင်းငွေဈေးတွေ ကျဆင်းနေပြီး ပဲနှမ်းအသစ်ရာသီပေါ်ချိန်ရောက်လာလို့ တရုတ်နယ်စပ် ကုန်စည်လမ်းကြောင်း မဖွင့်ရင် တရုတ်ပို့ကုန် ပဲတွေ နှမ်းတွေ အရောင်းအဝယ် မဖြစ်သလို ဈေးကွက်လည်း ကျဆင်းနိုင်လို့ တောင်သူတွေအတွက် အခက်ခဲတွေဖြစ်လာနိုင်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

  8. လုံးခင်းမှာ ပေါက်ကွဲမှုဖြစ်

    ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာ ရှိတဲ့ လုံးခင်းတိုက်နယ်ဆေးရုံ ဝန်ထမ်းအိပ်ရာရှေ့မှာ စက်တင်ဘာလ ၅ ရက် ည ရ နာရီခွဲလောက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ဒီပေါက်ကွဲမှုကြောင့် လူထိခိုက်တာ မရှိဘူးလို့ ကနဦး သတင်းရရှိပါတယ်။

    လုံးခင်းတိုက်နယ်ဆေးရုံဟာ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းပိတ်ထားတာဖြစ်ပြီးတော့ လုံးခင်းတိုက်နယ်ဆေးရုံ ဖွင့်လှစ်ဖို့အတွက် အခုရက်ပိုင်း ညွှန်ကြားချက်ရှိတာကြောင့် စက်တင်ဘာလ ၆ရက် မနက်၁၀နာရီမှာ အစည်းအဝေးပြုလုပ်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

    အခုလို ပေါက်ကွဲမှုကြောင့် အစည်းအဝေး ရွှေ့ဆိုင်းမှု ရှိမရှိ ဆိုတာကိုတော့ မသိရသေးကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။

    ဖားကန့်မြို့နယ်မှာတော့ အင်တာနက် ဖြတ်တောက်ထားတာ ရက်ပေါင်း၂၀ခန့်ရှိပြီ ဖြစ်ပါတယ်။

  9. ထောပတ်သီး ယူကေ ပို့မယ့်အစီအစဥ်ပျက်

    ယူကေက တစ်လ ကိုထောပတ်သီး ကီလိုဂရမ် နှစ်သိန်း မြန်မာနိုင်ငံထံက ဝယ်ယူဖို့ ကမ်းလှမ်းပေမယ့် မြန်မာနိုင်ငံထောပတ်သီးတင်ပို့ရောင်းချသူများအသင်း အနေနဲ့မပို့ဖြစ်တော့ဘူးလို့ သိရပါတယ်။

    ယူကေဝယ်ဖို့ကမ်းလှမ်းတဲ့ ထောပတ်သီး အမျိုးအစားဟာ HASS (ဟက်စ်) အမျိုးအစားဖြစ်ပြီး ပြည်ပဈေးကွက်ပေါက် အမျိုးစားဖြစ်ပါတယ်။

    ယူကေကိုမပို့ဖြစ်တဲ့ အကြောင်းရင်းထဲမှာ ကွန်တိန်နာနဲ့ ဘဏ်စနစ်အခက်အခဲဖြစ်တာတွေအပြင် အခြားအချက်တွေကြောင့် မပို့ဖြစ်တာလို့လည်း ဆိုပါတယ်။

    ယူကေကို တင်ပို့ဖို့ ကွန်တိန်နာ ရှားပါးတာ၊ ကွန်တိန်နာ ငှားခတွေ စျေးကြီးတာလည်း ပါဝင်ကြောင်း ၊ တောင်သူတွေက ‌ငွေကြေးကြန့်ကြာမှုတွေအပေါ် စိုးရိမ်မှုလည်း ပါကြောင်း ဒါ့အပြင် စိုက်ပျိုးရာမှာ အသုံးပြုတဲ့ သွင်းအားစုတွေ စျေးမြင့်လာတာတဲ့ အတွက် အရည်အသွေးပိုင်းကို စိုးရိမ်မှုတွေရှိပြီး ထောပတ်သီးတင်ပို့ရာမှာ အချိန်ကြန့်ကြာမှုကြောင့် အသီးတွေ အလေအလွင့် ဖြစ်လာနိုင်တဲ့အခြေအနေတွေကိုပါ ထည့်သွင်းစဥ်းစားခဲ့ရတယ်လို့ မြန်မာနိုင်ငံ ထောပတ်သီး တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးကျော်စိုးမင်းက ပြောပါတယ်။

    ယူကေ အစား စင်္ကာပူနဲ့ ဒူဘိုင်းဘက်ကို တင်ပို့ဖို့ရှိပြီးတော့ ငွေသွင်းငွေထုတ် နဲ့ အခြားစျေးကွက်ကိစ္စတွေကို အဆင်ပြေအောင်ညှိနိုင်းနေတယ်လို့‌လည်း သူကပြောပါတယ်။

  10. ဟားခါးမှာ ပစ်ခတ်မှုတွေဖြစ်ပြီး စစ်ဆေးမှုတွေရှိ

    ချင်းပြည်နယ် ဟားခါးမြို့က ပြည်နယ်ကောင်စီအဖွဲ့ရုံးနဲ့ စုပေါင်းရုံးတို့မှာ စက်တင်ဘာလ ၄ ရက်နေ့ညက ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဟားခါးမြို့ခံတွေက ပြောပါတယ်။

    အဲ့ဒီပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီးတော့ ပြည်နယ်ကောင်စီအဖွဲ့ရုံးနဲ့ စုပေါင်းရုံးတို့ မှာလုံခြုံရေးယူထားသူ အချို့ထိခိုက် သေဆုံးမှုတွေရှိတယ်လို့ ဒေသသတင်းအချို့က ဖော်ပြကြပါတယ်။

    စစ်ကောင်စီဘက်က‌တော့ ဒီသတင်းနဲ့ပတ်သက်လို့ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

    ဒါ့အပြင် မနေ့က ဟာခါးမြို့ ဂေါက်ကွင်းအောက်ဘက်မှာ အိမ်ရာစီမံကိန်း လုပ်ငန်းခွင်က မီးကြိုးသွယ်နေတဲ့အလုပ်သမားတွေကို စစ်ကောင်စီက ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

    မြေပြင်မှာ အချက်သုံးဆယ်လောက် ပစ်ခတ်သလို ရဟတ်ယာဥ်တစ်စီးရောက်လာပြီး ရဟတ်ယာဥ်ပေါ်က လည်း ငါးချက်လောက်ပစ်တယ်လို့ သိရပါတယ်။ အခုလို ပစ်တာဟာ အလုပ်သမားတွေကို စီဒီအက်ဖ်တွေလို့ ယူဆပြီးပစ်တာဖြစ်နိုင်တယ်လို့လည်း သူတို့ကပြောပါတယ်။

    ပစ်ခတ်ခံရတဲ့ အလုပ်သမားတစ်ဦးကတော့ တစ်ယောက်မှ ထိခိုက်ဒဏ်ရာမရရှိခဲ့ဖူးလို့ ဆိုပါတယ်။

    ညက တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒီကနေ့ စက်တင်ဘာလ ၅ ရက်နေ့မှာတော့ မြို့မှာလုံခြုံရေးတင်းကျပ်ထား ပြီးမြို့တွင်းသွားလာသူ ကို စစ်ဆေးတာတွေရှိခဲ့တယ်လို့ဒေသခံတွေက တစ်ဆင့်သိရပါတယ်၊

  11. ထားဝယ်ခရိုင်တခုလုံး (၂)နာရီနီးပါးဖုန်းလိုင်းနဲ့အင်တာနက်ပြတ်တောက်, ဖုန်းလိုင်းနဲ့ အင်တာနက်ပြတ်တောက်ခဲ့ပေမယ့် သပိတ်ထွက်နိုင်ခဲ့တယ်လို့ ထားဝယ်ခရိုင်သပိတ်ကော်မတီပြော

    ဒီနေ့ စက်တင်ဘာ (၅)ရက် နေ့လယ် (၂)နာရီခွဲကနေ (၄)နာရီအထိအော်ရီဒူး၊ တယ်လီနောစတဲ့ အော်ပရေ တာတွေရဲ့ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းအကုန်ပြတ်တောက်ခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

    အမ်ပီတီနဲ့ မိုင်တယ်ရဲ့ ဖုန်းလိုင်း၊အင်တာနက်တွေကတော့မပြတ်ခဲ့ဘူးလို့သိရပါတယ်။

    “၂နာရီနီးပါးအင်တာနက်ပြတ်တာပေါ့ဗျာ၊ ဘာကြောင့်ဖြတ်တာလဲ၊ ဘာအတွက်လဲတော့ မသိရဘူး။ ဒါပေမယ့် ကျွန်တော်တို့သပိတ်စစ်ကြောင်းတော့ အင်တာနက်ပြတ်နေပေမယ့် ထွက်နိုင်ခဲ့တယ်။ အရင်ဩဂုတ်လ လယ်တုန်းကလည်း ၁နာရီနီးပါး လောင်းလုံမြို့နယ် တခုထဲကို အခုလိုကွက်ပြီးဖြတ်ဖူးတယ်။ စစ်ကောင်စီ ဘက်က အချိန်မရွေးအခုလိုအင်တာနက်၊ဖုန်းလိုင်းတွေဖြတ်နိုင်တာကြောင့် ပြည်သူတွေပြင်ဆင်ဖို့ ပြောချင်တယ်။”လို့ ထားဝယ်ခရိုင်သပိတ်ကော်မတီပြန်ကြားရေးတာဝန်ခံက ဘီဘီစီကိုပြောပါတယ်။

    ဒီလိုအင်တာနက်၊ ဖုန်းလိုင်းတွေပြတ်တောက်တဲ့ကြားကဘဲ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ် သပိတ် စစ်ကြောင်း ထွက်နိုင်ခဲ့ပါတယ်။ ဒီဆန္ဒပြပွဲမှာ ပြည်သူရာနဲ့ချီပါဝင်ခဲ့ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ဆိုပါတယ်။

  12. အင်းစိန်မှာရာအိမ်မှူးပစ်ခတ်ခံရပြီးချိန် ဓာတ်ပုံရိုက်တဲ့အမျိုးသမီးငယ်ဖမ်းဆီးခံရ

    ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာ မနေ့ စက်တင်ဘာလ ၄ ရက်နေ့လည်ပိုင်းမှာ ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရ ပြီးချိန် ဓာတ်ပုံရိုက်ယူခဲ့တဲ့အမျိုးသမီးငယ်တစ်ယောက် တစ်နေ့တည်းမှာပဲ ဖမ်းဆီးခံခဲ့ရတယ်လို့ သူရဲ့မိသားစုနဲ့နီးစပ်သူတွေက ဘီဘီစီကိုပြောပါတယ်။

    ပစ်ခတ်မှုဟာ စက်တင်ဘာလ ၄ ရက် နေ့လယ်ပိုင်းက အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းမပေါ်က ခ(၄)လမ်းနဲ့ (၅)လမ်း ကြားမှာဖြစ်ခဲ့တာဖြစ်ပါတယ်။

    ပစ်ခတ်ခံရပြီးတဲ့အခြေအနေကိုရိုက်ထားတဲ့ဓာတ်ပုံတစ်ပုံ လူမှုကွန်ရက်ပေါ်မှာ ပျံ့သွားပြီးတဲ့နောက် အရပ်ဝတ် တွေက အနီးနားမှာနေထိုင်တဲ့ မနိုးနိုးဆိုသူအမျိုးသမီးကို အိမ်တိုင်ရာရောက် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

    ''ကောင်မလေးက အခင်းဖြစ်ပြီးတဲ့ဓာတ်ပုံကို လူမှုကွန်ရက်ထဲက ဂရုတစ်ခုထဲကို ရှယ်လိုက်တယ်ပြောတယ်။ သူတို့လာတာက အရပ်ဝတ်တွေနဲ့ပဲ။ စစချင်းလာတော့ အေးဆေးဆေးပဲ။ အိမ်အပေါ်ထပ်အထိ တက်ရှာကြတယ်။ ပြန်ဆင်းလာတော့မှ သူ့ကို ရဲစခန်းလိုက်ခဲ့ပါဆိုပြီးပြောတာ။ ဘာမှလည်း မလုပ်ထားတော့ ဓာတ်ပုံကြောင့်ပဲဆိုပြီး မိသားစုတွေကယူဆနေကြတယ်။''လို့ မနိုးနိုးရဲ့မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

    မနေ့က ဖမ်းဆီးမှုဖြစ်ချိန်တုန်းက မနိုးနိုးကို ဘယ်ခေါ်သွားတယ်မသိတာကြောင့် အင်းစိန် ရွာမမှာရှိတဲ့ ရဲစခန်းကို လိုက်သွားခဲ့ပေမဲ့ ရှိ၊ မရှိမသိခဲ့ရပေမဲ့ ဒီနေ့ စက်တင်ဘာလ ၅ ရက် မနက်ပိုင်းမှာတော့ စားပို့သောက်ဖို့ ပစ္စည်းတွေသွားပို့တာကို စစ်ဆေးပြီး ယူထားလိုက်တာကြောင့် မနိုးနိုးတစ်ယောက် ရဲစခန်းမှာရှိနေဆဲလို့ပဲ မိသားစုက ယူဆနေပါတယ်။

    ''ဖမ်းတုန်းက ဖုန်းပါသိမ်းသွားတော့ ဖုန်းထဲမှာ တွေ့တာကို အခြေခံပြီး အမှုဆင်မှာကိုပဲ။ တခြားဘာနဲ့မှ မဆက်စပ်ပေမဲ့ လူငယ်သဘာ၀ ပြောထားဆိုထားတာတွေကို ဖုန်းထဲကနေ တွေ့ပြီး စွပ်စွဲအမှုဆင်ခံရမှာကို မိသားစုဘက်က အတော်လေး စိုးရိမ်နေတယ်'' လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

    မနေ့ တစ်နေ့တည်းမှာပဲ မနိုးနိုးနဲ့အတူ ရပ်ကွက်ထဲက အမျိုးသမီး နောက်ထပ် ၂ ဦးလည်း ဖမ်းဆီးခံရတယ်လို့ အင်းစိန်ဒေသခံတွေက ပြောပေမဲ့ ဘီဘီစီအနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

  13. ကရင်ပြည်နယ်ထဲ ကေအဲန်ယူနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်လာနေတာဘာကြောင့်လဲ

    ကရင်ပြည်နယ်ထဲက ကရင်အမျိုးသားအစည်းအရုံး - ကေအဲန်ယူထိန်းချုပ်နယ်မြေထဲမှာ ကေအဲန်ယူနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေ ဖြစ်လာတာဟာ ဝင်ရောက်မယ့်အကြောင်း တစ်ဖက်က တစ်ဖက်ကို ညှိနှိုင်းအကြောင်းကြားတာမျိုး မရှိတာကြောင့် ဖြစ်တယ်ဆိုပြီး ကေအဲန်ယူ ဒုတိယဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်းက ဘီဘီစီကိုပြောပါတယ်။

    '' ကျွန်တော်တို့ အပစ်အခတ်ရပ်စဲရေး လုပ်ပြီးတဲ့နောက်ပိုင်း ကိုယ့်နယ်မြေဟာ ကိုယ့်ရဲ့ထိန်းချုပ်မှုအောက်မှာရှိတယ်လို့ သတ်မှတ်တယ်။ တစ်ဖက်ကလည်း အသိအမှတ်ပြုတဲ့သဘောလို့ ပြောရမှာပေါ့နော်။ နားလည်မှုရှိထားတယ်ပေါ့။ ဒီနေရာဘက်ကို ကျွန်တော်တို့ဘက်ကို ဝင်လာလို့ရှိရင် ညှိနှိုင်းဆောင်ရွက်ဖို့ဆိုတဲ့ ပြောဆိုပြီးမှဝင်လာကြဖို့ မူလက သဘောထားရှိတယ်။ ဒီနေရာမှာကျတော့ ကျွန်တော်တို့နဲ့ ညှိနှိုင်းမှုမရှိဘဲ ဝင်လာတဲ့အပေါ် တိုက်ပွဲတွေ ဖြစ်လာတာဖြစ်တယ်။''

    ဒီလို တိုက်ပွဲတွေကြောင့် စစ်ကောင်စီဘက်က စစ်ဆင်ရေးကြီး လုပ်မလားဆိုတာအပေါ် သတင်းအတိအကျတော့ ရထားတာမရှိသေးဘူးလို့ သူက ပြောပါတယ်။

    '' သတင်းကတော့ အမျိုးမျိုးထွက်နေတာပါပဲ။ စစ်ဆင်ရေးကြီးမျိုး လုပ်မှာလည်း လူမှုကွန်ရက်တွေမှာ ပြောကြဆိုကြတာတွေရှိတယ်။ လက်တွေ့မှာကျတော့ မူလရှိထားပြီးသား တပ်အင်အားတွေကို ချထားပြီးသားရှိတယ်။ ဒီလို ပြောင်းရွှေ့တဲ့အချိန်မှာတော့ တပ်အင်အားများတာမျိုးတော့ရှိတယ်။ တကယ့်စစ်ဆင်ရေးဆိုတာမျိုးတော့ အစီရင်ခံတာမျိုး မရှိထားဘူး။ နယ်မြေလှုပ်ရှားမှု၊ နယ်မြေစိုးမိုးရေးဆိုတဲ့ သူတို့သုံးနေကျ စကားလုံးအတိုင်း ဒါတွေတော့ ရှိတယ်။ '' လို့လည်း သူက ဆိုပါတယ်။

    ကေအဲန်ယူထိန်းချုပ်နယ်မြေတွေမှာ တိုက်ပွဲတွေဖြစ်ခဲ့တာ ပြီးခဲ့တဲ့ တစ်လလုံးဆိုရင် အကြိမ်ရေ ၂၀၀ ကျော်ရှိပြီး အဲဒီထဲမှာ တပ်မဟာ ၅ နယ်မြေမှာ အကြိမ်ရေအများဆုံးဖြစ်ခဲ့ တယ်လို့ ကေအဲန်ယူဘက်က စက်တင်ဘာလ ၃ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

  14. မြန်မာနိုင်ငံမှာ လေးလကြာ အပစ်ရပ်ရေး အာဆီယံ အထူးကိုယ်စားလှယ်တောင်းဆို

    မြန်မာနိုင်ငံဆိုင်ရာအာဆီယံ အထူးကိုယ်စားလှယ် Erywan Yusofက လာမယ့် စက်တင်ဘာလလယ်မှာ လူသားချင်းစာနာမှုအကူအညီတွေကို ချောချောမွေ့မွေ့ ပေးပို့နိုင်ရေးအတွက် လေးလကြာ အပစ်အခတ်ရပ်စဲကြဖို့ မြန်မာနိုင်ငံတွင်းက တိုက်ပွဲတွေမှာ ပါဝင်နေသူတွေ အားလုံးကို တောင်းဆိုလိုက်ပါတယ်။

    ဂျပန်နိုင်ငံက ကျိုဒို သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ မြန်မာနိုင်ငံဆိုင်ရာအာဆီယံ အထူးကိုယ်စားလှယ် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး ၂ Erywan Yusofက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

    စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို အခု ၂၀၂၁ နှစ်ကုန်အထိ အပစ်ရပ်ထားဖို့ ပြောဆိုခဲ့ပြီး သူ့ဘက်က လက်ခံခဲ့တယ်လို့လည်း ပြောပါတယ်။

    ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရထားခဲ့တဲ့ အစိုးရကို ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းထားခဲ့ပါတယ်။ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်နေတဲ့ အဖွဲ့တွေကိုလည် းအခုလို အပစ်ရပ်ထားဖို့ သူရဲ့သဘောထားကမ်းလှမ်းချက်ကို တိုက်ရိုက်မဟုတ်သော လမ်းကြောင်းကတစ်ဆင့် ပေးပို့နိုင်ခဲ့တယ်လို့ လည်းသူကပြောပါတယ်။

    မြန်မာတပ်မတော်ဟာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မှာသူတို့ကို ဆန့်ကျင်ဆန္ဒပြသူတွေကို ဖြိုခွင်းခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့လည်း ဒေသအချို့မှာတိုက်ပွဲတွေဖြစ်ပွားနေခဲ့ပါတယ်။

    အရှေ့တောင်အာရှ ၁၀ နိုင်ငံဖွဲ့စည်းထားတဲ့ အာဆီယံအဖွဲ့က နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းမှု၊ ကိုဗစ် ၁၉ ရောဂါ အပြင်းအထန်ဖြစ်ပွားနေမှုတဲ့ အဖွဲ့ဝင်ဖြစ်တဲ့ မြန်မာနိုင်ငံကို အကူအညီတွေပေးဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

    မြန်မာ့အရေးဖြေရှင်းရာမှာ အဓိကကျလာမယ့်အာဆီယံအဖွဲ့ကြီးရဲ့ကိုယ်စားလှယ်က မြန်မာပြည်တွင်းကို လာဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရဖို့ စစ်ကောင်စီနဲ့ ညှိနှိုင်းနေရဆဲဆိုပြီး စက်တင်ဘာလ ၄ ရက်မှာ ထုတ်ပြောခဲ့ပါတယ်။

    ကိုဗစ် ကူးစက်ခံစားနေရတဲ့ မြန်မာပြည်သူတွေ စစ်ဘေးဒဏ်ပါ ထပ်မခံရစေဖို့ သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး ပြည်သူတွေရဲ့ လုံခြုံရေးကို ထိပါးစေမယ့် စစ်ရေးလှုပ်ရှားမှုနဲ့ အပြုအမူတွေကို အတတ်နိုင်ဆုံး လျှော့ချ၊ ရှောင်ကြဥ်၊ ရပ်တန့်ဖို့ တိုက်တွန်းတယ်လို့ညီနောင်မဟာမိတ်သုံးဖွဲ့က စက်တင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

  15. မြန်မာမှာ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ ငါးသန်းနီးပါး ရှိပြီ

  16. စစ်တွေမှာ စက်တင်ဘာ(၁)ရက်ကစပြီး ကိုဗစ်ရှိမရှိရှောင်တခင်စစ်ဆေးတာတွေလုပ်နေ, ဒီနေ့ စစ်တွေလေဆိပ်မှာစတင်စစ်ဆေး

    စစ်တွေကနေ ရန်ကုန်ကိုသွားမယ့်ခရီးသည်တွေကို စစ်တွေလေဆိပ်မှာ ကိုဗစ်စစ်ဆေးမှုတွေ ဒီကနေ့ စက်တင် ဘာ (၅)ရက်မှာ စတင်လုပ်ဆောင်နေပါတယ်။

    ဒီလိုလုပ်ဆောင်တာဟာ ပြည်နယ်ကိုဗစ်ထိန်းချုပ်ရေး ကော်မတီကနေ လုပ်ဆောင်တာဖြစ်ပြီး အရင်ကိုဗစ်လှိုင်း တွေမှာ စစ်ဆေးတုန်းကလို နေ့စဉ်စစ်ဆေးတာမျိုး မဟုတ်ဘူးလို့ ပြည်နယ်ကျန်းမာရေးဌာနဘက်ကနေ သိရပါတယ်။

    “ကျပန်းသဘောမျိုးစစ်နေတာပါ။ မနေ့ကဆို သင်္ဘောဆိပ်မှာလုပ်တယ်။ ဒီနေ့ကတော့ လေဆိပ်မှာပါ။ လေကြောင်းပို့ဆောင်ရေးနဲ့ ကျန်းဦးစီးက လေယာဉ်တိုင်းမဖြစ်မနေ စစ်တာတော့မကြားမိဘူး။ အရင်ကဆို မနက်ဖြန်သွားမယ်ဆို ဒီနေ့စစ်ရတာ။ အခု ကျွန်တော်သိရသ‌လောက်က လေယာဉ်စီးဖို့ လာသူတွေကို စစ်ပေး တဲ့သဘောပါ။ ကိုဗစ်ထိန်းသိမ်းရေး ဗဟိုကော်မတီကနေ ပြည်နယ်ကော်မတီကိုလမ်းညွှန်ချက်အရ လုပ်ဆောင် တာလို့ သိရပါတယ်။”လို့ ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ဘီဘီစီကိုပြောပါတယ်။

    ဒီလို စစ်တွေလေဆိပ်မှာရှောင်တခင်ကိုဗစ်စစ်ဆေးတာကို လေယာဉ်ချိန်တွေအလိုက်ဆောင်ရွက်တာဖြစ်ပြီး မနက် (၇)နာရီကနေ ညနေလေယာဉ်ရှိချိန်အထိစစ်ဆေးပေးပါတယ်။

    “ဒီလို ရှောင်တခင်စစ်တာဒီနေ့ဘယ်နှစ်ဦးပိုးတွေ့လဲ၊ ဘယ်လိုဆက်ဆောင်ရွက်လဲဆိုတာက ပြောပြလို့ မရသေးဘူး။ ကျွန်တော်တို့ စာရင်းပြုစုရဦးမယ်။ ဒီလိုစ စစ်တာကတော့ စက်တင်ဘာ (၁)ရက်ထဲက ရှောင်တခင်စစ်နေတာပါ။”လို့ စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က ပြောပါတယ်။

    စက်တင်ဘာ (၁)ရက်ကစပြီး မြို့အဝင်ဂိတ်တွေ၊ သင်္ဘောဆိပ်၊ ဦးဥတ္တမခန်းမရှေ့နဲ့ စစ်တွေဆေးရုံကြီးရှေ့တို့မှာ ရှောင်တခင်ကိုဗစ်စစ်ဆေးတာတွေလုပ်ခဲ့ပြီး (၅)ရက်မြောက်အနေနဲ့ စစ်တွေလေဆိပ်မှာ စစ်ဆေးခဲ့ တာဖြစ်ပါတယ်။

  17. အမရပူရမှာ ပေါက်ကွဲမှုဖြစ်

    မန္တလေး အမရပူရမြို့နယ် ကန်ပတ်လမ်းခွဆုံမှာ ဒီနေ့ စက်တင်ဘာလ ၅ ရက်နေ့ နေ့ခင်းပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    နေ့လယ် ၁၂ နာရီ ဝန်းကျင် အမရပူရ တောင်သမန်အင်း ကန်စောင်းထိပ် ဂွဆုံတောင်ဘက်နားမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့သိရပြီး အဲ့ဒီနေရာဟာ လူနေအိမ်တွေနဲ့ ဝေးတဲ့ နေရာဘက်မှာ ရှိပါတယ်။

    " လူနာပို့ချင်လို့ ကားလွှတ်ပေးပါဆိုလို့ အကြောင်းကြားလို့ သွားသယ်ပေးပါတယ်။ ဒါပေမဲ့ ရောက်သွားတော့ ရဲကားနဲ့ တင်သွားတယ်"လို့ အမရပူရ လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    "အသံအကျယ်ကြီး ကြားရတယ်။ လူသေမသေမသိဘူး၊ အဲ့ဒီဖြစ်တဲ့နေရာက အစစ်ဆေးလဲ ရှိနေကြ မဟုတ်ပါဘူး"လို့ အမရပူရမြို့ခံ တစ်ဦးက ပြောပါတယ်။

    ပေါက်ကွဲမှုဖြစ်စဉ်ကို အသေးစိတ်မသိရပေမယ့် စစ်ကောင်စီယာဉ် တစ်စီး မိုင်းခွဲတိုက်ခိုက်ခံရလို့ စစ်သားနှစ်ယောက် ကားပေါ်တင်ခေါ်ဆောင်သွားတယ်လို့ လူမှုကွန်ရက် စာမျက်နှာမှာ ထွက်ပေါ်ခဲ့ပါတယ်။ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုချက် မရရှိသေးပါဘူး။

    ဗုံးကွဲပြီးနောက် စစ်ကောင်စီဘက်က တောင်သမန်ကန်ပတ်လမ်း နဲ့ ချမ်းမြသာစည်မြို့နယ် အမရပူရမြို့နယ် အစပ် လမ်းတွေမှာ ပိတ်ဆို့စစ်ဆေးတာတွေ ဆောင်ရွက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

  18. အလွတ်တန်းသတင်းထောက်မသူဇာ ဖမ်းဆီးခံရ, ရှေ့နေနဲ့ချိတ်ဆက်ကာ သက်ဆိုင်ရာရဲစခန်းတွေမှာစုံစမ်းမယ်

    အလွတ်တန်းသတင်းထောက်မသူဇာကို စက်တင်ဘာ (၁)ရက်၊ နေ့လည် (၁)နာရီခွဲကစပြီး အဆက်အသွယ် ပြတ်သွားတာကြောင့် စစ်ကောင်စီဘက်ကဖမ်းဆီးထိန်းသိမ်းတာခံလိုက်ရတယ်လို့ မိသားစုဝင်ကပြောပါတယ်။

    ဒီကနေ့ စက်တင်ဘာ (၅)ရက်အထိ တစုံတရာဆက်သွယ်တာမျိုးမရှိတာကြောင့် ‌ရှေ့နေနဲ့ချိတ်ဆက်ပြီး သက်ဆိုင်ရာရဲစခန်းတွေမှာစုံစမ်းဖို့ ကြိုးစားနေကြပါတယ်။

    “မနေ့ကစပြီး ရှေ့နေနဲ့ချိတ်လုပ်တာပေါ့။ သူနေခဲ့တဲ့ ကမာရွတ်ရဲစခန်းမှာမေးမယ်၊ ရှေ့နေတွေဘက်ကလည်း ဒီလိုစုံစမ်းတာပဲလုပ်နိုင်မယ်။ စစ်ကြောရေးရောက်ရင်က အဆက်အသွယ်မရဘူးလေ။ ကျွန်တော်တို့ ၂ယောက်က ပုန်းရှောင်နေကြရတာဆိုတော့ ခွဲနေကြတာ။ ခွဲနေကြပေမယ့် နေ့တိုင်းအဆက်အသွယ်ရှိတယ်။ ဖုန်းဆက်တယ် လုံခြုံတယ်ဆိုတာမျိုးပေါ့။ အခုကကျ လုံးဝကို Message တောင်မပို့ဘူး။ သူ့ ဖေ့ဘုတ် အကောင့်ကလည်း ၄ရက်နေ့ကပျက်သွားတယ်။‌ ကျွန်တော်ပိတ်တာလည်းမဟုတ်တော့ အံ့သြနေတာ။”လို့ မသူဇာရဲ့အမျိုးသား ဖြစ်သူက ဘီဘီစီကိုပြောပါတယ်။

    မတ်လတုန်းကလည်း မသူဇာရဲ့နေအိမ်ကို စစ်ကောင်စီဘက်က အင်အား (၄၀)ခန့်နဲ့ လာရောက်ဝိုင်းပြီး ရှာဖွေခဲ့ပေမယ့် မသူဇာလွတ်မြောက်သွားခဲ့ပါတယ်။ ဒါပေမယ့် သူရဲ့အမျိုးသားလည်းဖြစ်သလို သတင်းထောက် တစ်ဦးလည်းဖြစ်တဲ့ ကိုရဲကိုကိုဖမ်းဆီးခဲ့ပြီး စစ်ကြောရေးကိုခေါ်ဆောင်သွားခဲ့ပါတယ်။

    အမျိုးသားဖြစ်သူ ခံဝန်နဲ့လွတ်လာပြီးကတည်းက သီးသန့်ခွဲနေနေတာဖြစ်ပြီး မသူဇာအနေနဲ့ သတင်းထောက် မလုပ်တော့တာလည်း (၂)လလောက်ရှိပြီလို့ ဆိုပါတယ်။

    “အရင်လာဖမ်းတုန်းက သူ့နာမည်နဲ့အရင်လာရှာတာ၊ အလှလေးသူဇာဆိုပြီးလေ။ သူ့ကိုမတွေ့လို့ ကျွန်တော့်ကို ဖမ်းသွားကြတာ။ အခုသူကအလွတ်တန်းလုပ်နေတာဗျ၊ သတင်းဆောင်းပါးရေးတာပေါ့။ နောက်ပိုင်း အဖမ်းအဆီးများလာတော့ သတင်းထောက်ဆက်မလုပ်‌တော့ဘူး။ အဖမ်းမခံရခင် တစ်ရက်ကတောင် ကျွန်တော်နဲ့တွေ့လိုက်သေးတယ်။ သူ့ပုံစံက ပေါ့ပေါ့ပါးပါးပါပဲ။ ကျွန်တော်လည်း သတင်းထောက်ပဲဆိုတော့ လုံခြုံရေးသတိထားရပေမယ့် ခံဝန်နဲ့လွတ်လာတာဆိုတော့ ကျွန်တော်ကတော့ အိမ်မှာပါပဲ။” လို့ မသူဇာနဲ့ နောက်ဆုံးတွေ့ခဲ့ရတဲ့ အခြေအနေကို သူ့အမျိုးသားက ပြန်ပြောပြပါတယ်။

    ဩဂုတ်လနောက်ပိုင်းမှာ သတင်းထောက်တွေကို ပြန်လည်ဖမ်းဆီးလာပြီး ဝါရင့်သတင်းစာဆရာဦးစည်သူ အောင်မြင့်နဲ့ ဘီဘီစီမီဒီယာအက်ရှင်က အလွတ်တန်းထုတ်လုပ်ရေးမှူးတစ်ဦးဖြစ်သူ မထက်ထက်ခိုင်တို့ကိုလည်း ဖမ်းဆီးတရားစွဲဆိုမှုတွေ လတ်တလောလုပ်ဆောင်ထားပါတယ်။

    ဖေဖော်ဝါရီ (၁)ရက်နောက်ပိုင်းကစပြီး လက်ရှိအချိန်ထိ ပြည်တွင်းမီဒီယာ (၈)ခုထုတ်ဝေခွင့်ပိတ်သိမ်းခံထား ရပြီး သတင်းသမား (၈၀)ကျော်ဖမ်းဆီးခံထားရကာ သတင်းသမား (၃၀)နီးပါးကိုတော့ ပြန်လွှတ်ပေးထား ပါတယ်။

  19. ပြည်တွင်းလာဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့ စစ်တပ်နဲ့ ညှိနှိုင်းနေရဆဲလို့ အာဆီယံကိုယ်စားလှယ်ပြော

    မြန်မာ့အရေးဖြေရှင်းရာမှာ အဓိကကျလာမယ့်အာဆီယံအဖွဲ့ကြီးရဲ့ကိုယ်စားလှယ်က မြန်မာပြည်တွင်းကို လာဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရဖို့ စစ်ကောင်စီနဲ့ ညှိနှိုင်းနေရဆဲဆိုပြီး စက်တင်ဘာလ ၄ ရက်မှာ ထုတ်ပြောလာပါတယ်။

    ''ဘယ်လိုအခြေအနေတော့ရှိတယ်ဆိုတာမျိုး သူတို့ဘက်က မပြောထားသလို အဲဒါနဲ့ပတ်သက်ပြီးတော့ သူတို့ဘက်က ရှင်းရှင်းလင်းလင်း မရှိဘူး။''လို့ သူကပြောပါတယ်။

    စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အတိုက်အခံတွေနဲ့ စစ်ခေါင်းဆောင်တွေကြား တွေ့ဆုံဆွေးနွေးလမ်းလမ်းပွင့်ဖို့နဲ့ အကြမ်းဖက်မှုတွေရပ်ဖို့ မြန်မာနိုင်ငံလည်းအဖွဲ့ဝင်အဖြစ်ပါဝင်နေတဲ့ အာဆီယံအဖွဲ့ကြီးက ကြိုးပမ်းနေတာပါ။

    ဒီကိစ္စတွေကို ဦးဆောင်ဖို့ အာဆီယံက ဘရူနိုင်းနိုင်ငံ နိုင်ငံခြား ရေးဝန်ကြီး -၂ Erywan Yusof ကို ကိုယ်စားလှယ်အဖြစ်ခန့်အပ်ခဲ့တာပါ။

    ''မြန်မာပြည်ထဲကို ခပ်မြန်မြန်သွားဖို့လိုပါတယ်။ ဒါပေမဲ့ အဲဒါတွေမတိုင်ခင် ကျွန်တော့်ဘက်က အာမခံချက်တွေ အရင်ရထားဖို့လိုတယ်။ သူတို့ဘက်က ကျွန်တော့်ကို မြန်မာပြည်ထဲ ဝင်ခွင့်ပေးတဲ့အခါ ကျွန်တော်လုပ်ရမယ့်ကိစ္စအတွက် ရှင်းရှင်းလင်းလင်းသိမြင်ထားရဖို့လိုတယ်။'' ဆိုပြီး သူက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

    မစ္စတာ Erywan ကတော့ အောက်တိုဘာလနှောင်းပိုင်းမှာ အာဆီယံခေါင်းဆောင်တွေ မတွေ့ခင် မြန်မာပြည်တွင်း ခရီးစဉ်ကို စတင်ချင်ပေမဲ့ ဘယ်နေ့ဖြစ်ရမယ်လို့ သတ်မှတ်ထားတာတော့ မရှိသေးဘူးလို့ သူကပြောပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့ စစ်ကောင်စီဘက်ကို တောင်းဆိုထားတာရှိပေမဲ့ ဒီကိစ္စဟာ အာဆီယံခေါင်းဆောင်တွေကြားရရှိထားတဲ့ ဘုံသဘောတူညီချက်တွေအရဆိုရင်တော့ လိုအပ်ချက်တစ်ရပ်မဟုတ်ဘူးလို့ သူကပြောပါတယ်။

    အဓိကလိုအပ်ချက်က အကြမ်းဖက်မှုတွေရပ်တန့်ပြီး ပါဝင်သင့်ပါဝင်ထိုက်သူတွေကြားမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုစဖို့ ဖြစ်တယ်လို့ သူကပြောပါတယ်။

    ''လက်ရှိမြန်မာအာဏာပိုင်တွေဘက်ကို ကျွန်တော်ပြောဖို့ ကြိုးစားနေတာလည်း ဒီကိစ္စပါပဲ။ သက်ဆိုင်ရာပါဝင်သင့်ပါဝင်ထိုက်သူတွေအားလုံးနဲ့ ကျွန်တော် စကားပြောဖို့လိုတယ်။ အဲဒီကိစ္စကလည်း အခုထိ ညှိနှိုင်းဆဲပါပဲ'' လို့ သူကပြောပါတယ်။

  20. ရေဦးမြို့နယ်က ဖန်ကားဇင်ရွာမှာ အရပ်သားတစ်ဦး ပစ်သတ်ခံရလို့ ဒေသခံတွေပြော, နောက်ထပ် လူငယ် ၃ ဦးလည်း ပျောက်ဆုံးနေ

    စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ဖန်ကားဇင်ရွာမှာ စက်တင်ဘာလ ၄ ရက်နေ့ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့်အရပ်သားတစ်ဦးသေဆုံးခဲ့ပြီး သေဆုံးသူနဲ့အတူပါသွားတဲ့ လူငယ် ၃ဦးလည်း ပျောက်ဆုံးနေတယ်လို့ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    ''အပစ်ခံလိုက်ရလို့ သေသွားတဲ့ကောင်လေးအလောင်းကိုတော့ ပြန်သယ်လာကြပြီ။ သူတို့အတူ ထွက်သွားတဲ့ နောက်ကောင်လေး ၃ ယောက်ကတော့ ပျောက်နေဆဲပဲ။ သူတို့(စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ) လာမယ်ဆိုတဲ့ သတင်းရနေလို့ ကျွန်မတို့လည်းလန့်ပြီးပြေးနေရပြီ။ ပျောက်နေတဲ့ကလေးတွေကိစ္စကတော့ ဒီနေ့မနက်အထိ ဘာမှအသစ်မသိရသေးဘူး။ ဒီဘက်ကျတော့ တောဓလေ့ ဖားရိုက်၊ ကြွက်ရိုက်ထွက်ရင်း ပစ်သတ်ခံ လိုက်ရတာ'' ဆိုပြီး ဖန်ကားဇင်ရွာသားတစ်ဦးက ပြောပါတယ်။

    အလောင်းပြန်ရတဲ့လူငယ်ဟာ ဖန်ကားဇင်ရွာက အသက် ၂၀ ကျော်အရွယ် မောင်ခိုင်ဇော်လို့ သိရပြီး သူနဲ့ အတူသွားရင်း ပျောက်ဆုံးနေတဲ့လူငယ် ၃ ဦးထဲက ၁ ဦးဟာ ဖန်ကားဇင်ရွာက ၁ ဦးနဲ့ ချောင်းရိုးရွာက ၂ ဦးဖြစ်တယ်လို့လည်း သိရပါတယ်။

    ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာထုတ်ပြန်လာတာ မရှိသေးပါဘူး။

    ဖန်ကားဇင်ရွာဟာ တန့်ဆည်မြို့နဲ့ ရေဦးမြို့ကြားက ရွာဖြစ်ပါတယ်။ တန့်ဆည်ဘက်မှာတော့ မနေ့ စက်တင်ဘာလ ၄ ရက်ညနေပိုင်းက ရဲနှစ်ဦး ပစ်သတ်ခံရမှုဖြစ်ခဲ့ပြီးတဲ့နောက် မြို့တွင်းနဲ့ တန့်ဆည်လမ်းဆုံမှာ စစ်ကောင်စီတပ်တွေက အစစ်အဆေးတင်းကျပ်နေတယ်လို့ တန့်ဆည်မြို့ခံတွေက ပြောထားပါတယ်။