ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ရိုဟင်ဂျာတွေအရေး ဆောင်ရွက်သူ သတ်ဖြတ်ခံရမှုကို စုံစမ်းဖို့ လူ့အခွင့်အရေးဆောင်ရွက်သူတွေ တောင်းဆို

အသက် ၄၈ နှစ်အရွယ် မိုဟီးဘူလာဟာ ကောက်ဇက်ဘဇားခရိုင်ထဲမှာရှိတဲ့ ကူတူပါလောင်ဒုက္ခသည်စခန်းထဲက သူ့ရဲ့ရုံးခန်းထဲမှာ စက်တင်ဘာလ ၂၉ ရက် ည ၈ နာရီကျော်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာလို့ သိရပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မကွေး၊မြို့သစ်မြို့နယ်မှာ ရဲဝန်ထမ်းအိမ်ယာအနီးပေါက်ကွဲမှုဖြစ်, ပြည်သူလူထုနဲ့မရပ်တည်တာကြောင့် တိုက်ခိုက်တာလို့ ဗိဿနိုးPDF ထုတ်ပြန်

    မကွေးတိုင်း၊ မြို့သစ်မြို့နယ်မြောက်ပိုင်းမှာရှိတဲ့ ရွှေလရောင်ကွက်သစ်ရပ်ကွက်က မြောက်ရဲစခန်းဝန်ထမ်း အိမ်ယာအနီး ဒီကနေ့ မနက် (၅)နာရီဝန်းကျင်မှာပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပါတယ်။ ရဲဝန်ထမ်းတွေအနေနဲ့ ပြည်သူနဲ့အတူမရပ်တည်ဘဲ CDMမပါဝင်တာကြောင့် အခုလိုတိုက်ခိုက်တာလို့ ဗိဿနိုးပြည်သူ့ကာကွယ်‌ရေး အဖွဲ့ကထုတ်ပြန်ထားပါတယ်။

    “လက်ရှိတော့ ပေါက်ကွဲသံကြားပေမယ့်အပျက်အစီးတွေမတွေ့သေးတော့ ပေါက်ကွဲတဲ့နေရာကို စစ်ကောင်စီ အဖွဲ့ဝင်တွေကလိုက်ရှာနေတယ်။ မြို့ကကျဉ်းကျဉ်းလေးဆိုတော့ အသံကကြားရတယ်။ မနေ့ည (၇)နာရီ လောက်ကလည်း ပေါက်ကွဲသံကြားရသေးတာ။ အပြင်မထွက်ရဲကြတော့ ဘယ်လိုဖြစ်လည်း ဂဃဏန မသိဘူးဖြစ်နေတာ။” လို့ ဒေသခံတဦးက ဘီဘီစီကို ပြောပါတယ်။

    ဒါအပြင် မနေ့စက်တင်ဘာ (၄)ရက် ည(၇)နာရီဝန်းကျင်ကလည်း မြို့နယ်စည်ပင်သာယာရုံးပေါက်ကွဲမှုဖြစ်ခဲ့ ပါသေးတယ်။ မကွေးမြို့၊ မြို့သစ်မြို့နယ်မှာ ဒီရက်ပိုင်းအတွင်း ပစ်ခတ်ပေါက်ကွဲမှုမကြာခဏဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    အခုလိုရဲဝန်ထမ်းအိမ်ယာဘက်က ပစ်ခတ်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာမထုတ်ပြန်သေး သလို ဘီဘီစီဘက်ကလည်းဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

  2. တန့်ဆည်မှာ ရဲ ၂ ဦးပစ်ခတ်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်တွေ မြို့တွင်း လုံခြုံရေးတင်းကျပ်နေ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊တန့်ဆည်မြို့မှာ ဒီနေ့ စက်တင်ဘာလ ၅ ရက်မှာ မြို့ပေါ်မှာ စစ်ကောင်စီတပ်တွေ ခပ်စိပ်စိပ်လှုပ်ရှားသွားလာနေတာကြောင့် မြို့ခံတွေစိုးရိမ်ပြီး အိမ်ပြင်မထွက်ရဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    မနေ့ စက်တင်ဘာလ ၄ ရက်ညနေပိုင်းတုန်းက ရဲနှစ်ဦးပစ်ခတ်ခံရပြီးသေဆုံးပြီးတဲ့နောက် စစ်ကောင်စီတပ်တွေက အခုလိုလှုပ်ရှားလာတာလို့လည်း မြို့ခံတွေက ပြောပါတယ်။

    တန့်ဆည်ပြည်သူ့ရဲဘော်တပ်ဖွဲ့-TPC ကတော့ မနေ့ညနေက တန့်ဆည်မြို့လမ်းဆုံ ဈေးသစ်အနောက်နားမှာ ရဲနှစ်ဦးကို သူတို့ ပစ်ခတ်ခဲ့တာဆိုပြီး လူမှုကွန်ယက်ကနေသတင်းထုတ်ပြန်ပါတယ်။

    တန့်ဆည်မှာ ကိုဗစ်ထိန်းချုပ်ရေးအတွက်ဆိုပြီး နေ့အပြင်ထွက်ချိန် ကန့်သတ်တာမျိုး မရှိပေမဲ့ စစ်ကောင်စီတပ်တွေဘက်က ခါတိုင်းထက်ပိုပြီး မြို့ထဲပတ်နေလို့ မြို့ထဲ အိမ်အပြင်လူထွက်နည်းပါးနေတာလို့လည်း မြို့ခံတွေက ပြောပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း တန့်ဆည်လမ်းဆုံမှာ စစ်ကား ၄ စီးဟာ မနက်အရုဏ်တက်ချိန်မှာ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး စစ်ကား ၁ စီးထိမှန်တယ်လို့ ဒေသခံတွေကပြောထားဖူးပါတယ်။

  3. ပြင်သစ်ဓာတ်ပုံပွဲတော်မှာ မြန်မာသတင်းဓာတ်ပုံသမားတစ်ဦး ထိပ်တန်းဆုရ

    ပြင်သစ်နိုင်ငံတောင်ပိုင်းမှာကျင်းပတဲ့ Visa Pour L'Image ဓာတ်ပုံပွဲတော်မှာ မြန်မာသတင်းဓာတ်ပုံသမားတစ်ဦး ထိပ်တန်းဆုကို ရရှိသွားတယ်လို့ ဆုရွေးချယ်ရေးအဖွဲ့က စက်တင်ဘာလ ၄ ရက်မှာ ကြေညာပါတယ်။

    လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့အဲဒီဓာတ်ပုံသမားဟာ သတင်းဓာတ်ပုံဆုကို ရရှိသွားတာဖြစ်ပါတယ်။

    အဲဒီဆုကို ဆုရဓာတ်ပုံဆရာအစား နယူယော့တိုင်းမ်စ် သတင်းစာရဲ့ အာရှဓာတ်ပုံအယ်ဒီတာက တက်ယူခဲ့ပါတယ်။

    အယ်ဒီတာကတော့ ဒီဆုအတွက် ဆုရှင်က ဝမ်းသာဂုဏ်ယူသလို ဒီဆုဟာ မြန်မာပြည်တွင်းက အကျပ်အတည်းတွေကြားကနေ အလုပ်လုပ်ကိုင်နေတဲ့ဓာတ်ပုံသမားတွေအတွက်လည်း ရည်ရွယ်တယ်ဆိုပြီး ပြောထားတယ်လို့ ဆုယူချိန်မှာ ကိုယ်စားပြောထားပါတယ်။

    နွေဦးတော်လှန်ရေးခေါင်းစဉ်အောက်က အဲဒီဓာတ်ပုံဟာ ဆုကြေး ယူရိုငွေ ရှစ်ထောင် ရရှိမှာဖြစ်ပါတယ်။

  4. ရန်ကုန်တိုင်းစစ်ဌာနချုပ် မှတ်တမ်းရုံးက တပ်ကြပ်ကြီးစာရေး မယဉ်လဲ့လဲ့ထွန်းဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဧပြီလဆန်းမှာ CDM ဝင်ခဲ့သူဖြစ်ပါတယ်။

    သူဟာ စစ်တပ်ကနေ လွတ်မြောက်နယ်မြေကို အဲဒီတုန်းကချစ်သူ အခုတော့ ခင်ပွန်းသည်ဖြစ်နေပြီဖြစ်တဲ့တပ်မတော်သားတစ်ဦးနဲ့အတူတူထွက်ခွာလာခဲ့တာဖြစ်ပါတယ်။

    အာဏာသိမ်းတာကို မကြိုက်လို့ စီဒီအမ်ဝင်ခဲ့တဲ့သူ့ကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။ အပြည့်အစုံကို ရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။

  5. တယ်လီနောနေရာဝင်လာတဲ့ အမ်ဝမ်းက ဒေါ်လာ သန်း ၃၀၀ ကျော် သုံးပြီး လုပ်ငန်းတိုးချဲ့မယ်လို့ဆို

    လက်ဘနွန်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ M1 အမ်ဝမ်းအုပ်စုက လာမယ့် သုံးနှစ်အတွင်း မြန်မာနိုင်ငံမှာ တယ်လီကွန်းဆက်သွယ်ရေးလုပ်ငန်းတိုးချဲ့လုပ်ကိုင်ဖို့ ဒေါ်လာ သန်း ၃၃၀ ကို သုံးစွဲမယ်လို့ ကတိပေးလိုက်တဲ့အကြောင်း ဒေသတွင်းမီဒီယာတွေနဲ့ Bloomberg တို့မှာ ဖော်ပြထားပါတယ်။

    ဒီငွေတွေကို ဆက်သွယ်ရေးကွန်ရက်တွေ တိုးချဲ့တာတွေ၊ မြန်နှုန်းမြင့် အင်တာနက်ဆက်သွယ်ရေး အခြေခံအဆောက်အဦတွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ သုံးမယ်လို့ အမ်ဝမ်းအုပ်စုရဲ့ အမှုဆောင်အရာရှိချုပ် အက်ဇမီ တီ မီကာတီက ပြောပါတယ်။

    အမ်ဝမ်းဟာ ဒီလုပ်ငန်းကို မြန်မာနိုင်ငံ စစ်အာဏာသိမ်းပြီးနောက် ဇူလိုင်လမှာ နော်ဝေကုမ္ပဏီ တယ်လီနောဆီကနေ လွှဲပြောင်းဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

    အမ်ဝမ်း ကုမ္ပဏီဟာ ၂၀၁၉ ခုနှစ်က အဂတိလိုက်စားမှု စွဲချက်တွေနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့တဲ့ လက်ဘနွန်ဝန်ကြီးချုပ်ဟောင်း နာဂျစ် မီကာတီ ပါဝင် ပူးတွဲတည်ထောင်ထားတာ ဖြစ်ပါတယ်။

    M1 Group ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဟာ မြန်မာစစ်တပ် ချုပ်ကိုင်ထားတဲ့ Mytel ကုမ္ပဏီနဲ့ စီးပွားရေး ဆက်စပ်လုပ်ဆောင်ခဲ့တဲ့ Irrawaddy Green Towers တာဝါတိုင် ကုမ္ပဏီရဲ့ အဓိက ရှယ်ရာဝင်လည်း ဖြစ်ပါတယ်။

    တယ်လီနောဆီကနေ ဒေါ်လာ ၁၀၅ သန်းနဲ့ ဝယ်ယူခဲ့ပြီးနောက်မှာ လက်ဘနွန်အခြေစိုက် ဒီလုပ်ငန်းဟာ မြန်မာ ပြည်တွင်း အဓိက ဆက်သွယ်ရေး ကုမ္ပဏီကြီးလေးခုအနက် သုံးစွဲသူ ၁၉ သန်း ရှိတဲ့ ဆက်သွယ်ရေးကုမ္ပဏီကြီး တစ်ခု ဖြစ်လာမှာပါ။

    အခက်အခဲတွေကို ရှောင်လွှဲမယ့်အစား နိုင်ငံရေးအခြေအနေတွေ ဘယ်လိုပဲရှိရှိ သုံးစွဲသူတွေကို ကမ္ဘာ့အဆင့် ဝန်ဆောင်မှုတွေ ထောက်ပံ့ပေးဖို့ ကြိုးစားမယ်လို့ မီကာတီက ပြောပါတယ်။

    တယ်လီကွန်းဆက်သွယ်ရေးဟာ အထူးသဖြင့် စိန်ခေါ်မှုတွေ ရှိနေတဲ့ အခြေအနေတွေမှာ မရှိမဖြစ် ဝန်ဆောင်မှုပဲလို့လည်း သူက ပြောပါတယ်။

    • တယ်လီနောထွက်ခွာသွားမှုဘယ်လိုရိုက်ခတ်မှုတွေ ရှိမလဲ
  6. အာဆီယံအထူးသံ မြန်မာခရီးစဥ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ တောင်းဆိုထား

    မြန်မာဆိုင်ရာ အာဆီယံ အထူးသံအဖြစ် ခန့်အပ်ခံရတဲ့ ဘရူနိုင်းသံတမန်က မြန်မာခရီးစဥ်အတွက် စစ်ကောင်စီနဲ့ ဆွေးနွေးနေဆဲဖြစ်ပြီး ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ခွင့်ရဖို့ ကြိုးပမ်းနေတယ်လို့ ဒီကနေ့ ပြောပါတယ်။

    မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် အကျပ်အတည်းတွေ ဖြေရှင်းဖို့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးဆွေးနွေးခဲ့ကြပြီး ဘုံသဘောတူညီချက် ၅ ချက် ချမှတ်ခဲ့ပါတယ်။

    အဲဒီအချက်ငါးချက်က မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ဖို့၊ အာဆီယံက အကူအညီတွေ ပေးဖို့၊ အာဆီယံအထူးသံခန့်ဖိုနဲ့ မြန်မာနိုင်ငံက ဘက်အားလုံးနဲ့ တွေ့မယ့် အာဆီယံ သံကိုယ်စားလှယ်စေလွှတ်ဖို့တို့ ဖြစ်ပါတယ်။

    အဲဒီနောက် မြန်မာနိုင်ငံကို သွားမယ့် အာဆီယံ အထူးသံ ခန့်အပ်ဖို့ ဖြစ်လာခဲ့ပြီး အဲဒီအထူးသံ ရွေးချယ်ရေးနဲ့ ပတ်သက်ပြီးလည်း သဘောမတူမှုတွေ ရှိခဲ့ပါတယ်။ အဲဒီနောက်မှာမှ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဘရူးနိုင်းနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး ၂ မစ္စတာ အယ်ရဝမ်ယူဆွဖ်ကို ပြီးခဲ့တဲ့လကမှ ခန့်အပ်နိုင်ခဲ့တာပါ။

    "မြန်မာနိုင်ငံထဲကို အရေးတကြီး သွားဖို့လိုအပ်နေတယ်။ ဒါပေမဲ့ အဲဒါမတိုင်ခင် သေချာအောင်လုပ်ဖို့တွေ လိုသေးတယ် "လို့ အယ်ရဝမ်က ပြောပါတယ်။

    " ကျွန်တော် ဘာတွေ လုပ်မလဲ၊ အဲဒီကို သွားတဲ့အခါ သူတို့ကကျွန်တော့်ကို ဘာတွေ လုပ်ခွင့်ပေးမလဲ ဆိုတာ ရှင်းရှင်းလင်းလင်း ရှိဖို့ လိုတယ် " လို့ သူက ပြောပါတယ်။

    အထူးသံက အာဆီယံခေါင်းဆောင်တွေ တွေ့ဖို့ရှိတဲ့ အောက်တိုဘာအကုန်ပိုင်းမတိုင်ခင် မြန်မာနိုင်ငံကို သွားရောက်လိုတာ ဖြစ်ပေမဲ့ အခုထိ မြန်မာနိုင်ငံသွားမယ့်ရက်ကို အဆုံးသတ် မရွေးချယ်နိုင်သေးဘူးလို့ ဆိုပါတယ်။

    "ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ စစ်ကောင်စီကို ခွင့်တောင်းထားတယ်။ ဒါပေမဲ့ အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ထဲမှာ အဲဒီအချက်တော့ မပါဘူး "လို့ သူက ဆိုပါတယ်။

    ဒီသတင်းနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရက မှတ်ချက်ပေးတာ မရှိသေးပါဘူး။

    ဒါပေမဲ့ သူအနေနဲ့ ဗိုလ်ချုပ်တွေနဲ့ တခြားအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတာတွေဟာ အတော်အသင့် တိုးတက်မှု ရှိပါတယ်လို့ ဆိုပါတယ်။

    သံတမန်ခရီးစဥ်အတွက် အကြံပေးအဖွဲ့ ဖွဲ့ဖို့လည်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

    အဲဒီအဖွဲ့ထဲမှာ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေလည်း ပါလာနိုင်တယ်လို့ သူက ဆိုပါတယ်။

    အနောက်အင်အားကြီးနိုင်ငံတွေ အပါအဝင် အိန္ဒိယဟာ မြန်မာ့အကျပ်အတည်း ဖြေရှင်းရေး အာဆီယံရဲ့ ဦးဆောင်မှုကို အသိအမှတ်ပြု ထောက်ခံတယ်လို့ ပြောထားတာ ဖြစ်ပါတယ်။

    • အာဆီယံ အထူးကိုယ်စားလှယ် အလုပ်ဖြစ်ပါ့မလား
  7. တရုတ်သံလာရောက်ပြီးနောက် စစ်ရေးလှုပ်ရှားမှုတွေ ရပ်တန့်ဖို့ ညီနောင်မဟာမိတ်သုံးဖွဲ့ တိုက်တွန်း

    ကိုဗစ် ကူးစက်ခံစားနေရတဲ့ မြန်မာပြည်သူတွေ စစ်ဘေးဒဏ်ပါ ထပ်မခံရစေဖို့ သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး ပြည်သူတွေရဲ့ လုံခြုံရေးကို ထိပါးစေမယ့် စစ်ရေးလှုပ်ရှားမှုနဲ့ အပြုအမူတွေကို အတတ်နိုင်ဆုံး လျှော့ချ၊ ရှောင်ကြဥ်၊ ရပ်တန့်ဖို့ တိုက်တွန်းတယ်လို့ညီနောင်မဟာမိတ်သုံးဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။

    ကိုဗစ် ကာကွယ်ဆေးထိုးရေးကို နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အရေးတကြီးလိုအပ်နေတဲ့အတွက် တိုက်ပွဲတွေလျှော့ချဖို့ သက်ဆိုင်တဲ့ အဖွဲ့အားလုံး စဥ်းစားအဖြေရှာသင့်တယ်လို့ ရခိုင် AA၊ ကိုးကန့် MNDAA နဲ့တအောင်း၊ပလောင်TNLA သုံးဖွဲ့ပါဝင်တဲ့ညီနောင်မဟာမိတ်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

    အာဏာသိမ်းတာနဲ့ စစ်တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေအပါအဝင် မြို့ပြပြောက်ကျားတိုက်ပွဲတွေကြောင့် စစ်ဘေးနဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုတွေကို ပြည်သူတွေ ခံစားနေရတယ်လို့လည်း ဆိုပါတယ်။

    ဒီထုတ်ပြန်ချက်ကို တရုတ် အထူးသံ မစ္စတာ ဆွန်းကော်ရှန်း သြဂုတ်လ နောက်ဆုံးပတ်အတွင်း လာရောက်ခဲ့ပြီးနောက် ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

    စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်ခဲ့တဲ့ ဒီခရီးစဥ်မှာ အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးတို့ အပါအဝင် ထိပ်ပိုင်း စစ်ဗိုလ်ချုပ်တချို့နဲ့ ဆွန်းကော်ရှန်း တွေ့ဆုံခဲ့တယ် ဆိုတာကို ဘေဂျင်း နိုင်ငံခြားရေး ဌာန ပြောရေးဆိုခွင့် ရှိသူက အတည်ပြု ပြောဆိုထားပါတယ်။

    သူရဲ့ ခရီးစဥ်ထဲမှာ တရုတ်အကူအညီနဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေ၊ စစ်ဘေးရှောင် အိုင်ဒီပီ စခန်းတွေထဲမှာ ထိုးပေးရေးကိစ္စတွေကို အောင်အောင်မြင်မြင် ဆွေးနွေးနိုင်ခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောဆိုပါထားပါတယ်။

    ဆွန်းကော်ရှန်းဟာ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဥ်တွေမှာ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း တရုတ်အစိုးရကို ကိုယ်စားပြုပြီး ထဲထဲဝင်ဝင် ပါဝင်လာခဲ့သူဖြစ်ပြီး အထူးသဖြင့် မြောက်ပိုင်းအခြေစိုက်အဖွဲ့တွေနဲ့ ယူနန်ထဲမှာရော မြန်မာဘက်ခြမ်းမှာပါ ထိတွေ့ ပြောဆို ဆွေးနွေးမှုတွေ လုပ်နေခဲ့သူ ဖြစ်ပါတယ်။

    ဒီတစ်ခေါက် ခရီးစဥ်မှာ ဘယ်သူတွေနဲ့တွေ့ဆုံခဲ့တယ်ဆိုတာ မထုတ်ပြန်ပေမဲ့ တွေ့ဆုံသင့်သူတွေအားလုံးနဲ့ တွေ့ခဲ့တယ်ဆိုပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။

    မဟာမိတ်သုံးဖွဲ့ရဲ့ ဒီထုတ်ပြန်ချက်ထွက်ခင် သီတင်းပတ်တွေအတွင်း ရှမ်းမြောက် ဒေသမှာ စစ်ကောင်စီ တပ်တွေနဲ့ MNDAA တပ်တွေတိုက်ပွဲတွေဖြစ်ပွားနေခဲ့တာပါ။

    စစ်ကောင်စီတပ်တွေကတော့ အဲဒီနေရာအပါအဝင် တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပါ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်အာဏာသိမ်းပြီးနောက် ဒေသအသီးသီးမှာ ဖွဲ့စည်းလာတဲ့ ဒေသကာကွယ်ရေးတပ်တွေနဲ့လည်း နေရာအတော်များများမှာ တိုက်ခိုက်မှုတွေ ဖြစ်နေပါတယ်။

    • တရုတ်အထူးသံ ဆွန်းကော်ရှန်းရဲ့သီတင်းတစ်ပတ်ကျော်ကြာ နေပြည်တော် ခရီးစဥ်မှာ ဘာတွေ ထူးခြားခဲ့လဲ
  8. ရထားပေါ်မှာ ရဲ တွေ အသတ်ခံရတဲ့အမှု၊ ၅ ဦးဖမ်းမိပြီလို့ စစ်ကောင်စီထုတ်ပြန်

    ရန်ကုန်-အင်းစိန် မြို့ပတ် ရထားပေါ်မှာ ရဲ ၄ ဦး အသတ်ခံရတဲ့အမှုက တရားခံ ၅ ဦးကို စက်တင်ဘာ ၃ ရက်မှာ ဖမ်းမိပြီလို့ စစ်ကောင်စီဘက်က ဒီကနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

    ရဲတွေအသတ်ခံရတဲ့အပြင် လက်နက်ခဲယမ်းတွေပါ ယူဆောင်သွားတဲ့ ဒီဖြစ်စဥ်ဟာ သြဂုတ် ၁၄ ရက် မှာဖြစ်ပွားခဲ့တာပါ။

    စက်တင်ဘာ ၃ ရက် မနက် ၅ နာရီမှာ ကိုဆန်းမင်းအောင်၊ ကိုကျော်ဝင်းစိုး နဲ့ ကိုကောင်းပြည့်စုံဦးတို့ကို တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်ထဲက တိုက်ခန်းတစ်ခုမှာ ကျည်ဆံတွေဆက်စပ်ပစ္စည်းတွေနဲ့ ဖမ်းမိတာလို့ ထုတ်ပြန်ပါတယ်။

    အဲ့ဒီနောက် မနက် ၇ နာရီမှာ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ်က တိုက် တစ်လုံးမှာ မမြတ်ဖြိုးပွင့်နဲ့ ကိုဇေယျာဖြိုးကို ရဲတွေဆီကယူသွားတဲ့ သေနတ် ၄ လက်နဲ့ အတူထပ်ဖမ်းမိခဲ့တာဖြစ်ပါတယ်။

    ဆက်စပ်တရားခံတွေကို ထပ်ဖမ်းဖို့ရှိတယ်လို့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ထဲဖော်ပြထားပါတယ်။

  9. အင်းစိန်၊ ဘုရင့်နောင်လမ်းမပေါ်မှာ ရာအိမ်မှူးအမျိုးသားတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး

    ရန်ကုန်တိုင်း အင်းစိန်မြို့နယ်ထဲက ဘုရင့်နောင်လမ်းမပေါ်မှာ ရပ်ကွက်ရာအိမ်မှူးအမျိုးသားတစ်ဦး သေနတ်နဲ့ ၄ ချက်ထက်မနည်းပစ်ခတ်ခံရပြီးသေဆုံးမှု ဒီနေ့ စက်တင်ဘာလ ၄ ရက် နေ့လယ် ၁ နာရီခန့်က ဖြစ်ပွားခဲ့တယ်လို့ အင်းစိန်ဒေသခံတွေဆီက သိရပါတယ်။

    ပစ်ခတ်မှုဟာ ဘုရင့်နောင်လမ်းမပေါ်က ခ(၄)လမ်းနဲ့ (၅)လမ်း ကြားမှာဖြစ်ခဲ့တာဖြစ်ပြီး အဲဒီအမျိုးသားဟာ ဆိုင်ကယ်စီးလာချိန်ပစ်ခတ်ခံခဲ့ရတာလို့ အနီးနားနေထိုင်သူတွေက ပြောပါတယ်။

    အဲဒီအမျိုးသားဟာ မြို့သစ်(က+ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရဲ့ ရာအိမ်မှူးတစ်ဦးဖြစ်ပြီး စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီရဲ့သတင်းပေးအဖြစ် သတ်မှတ်ခံထားရသူဆိုပြီး ရပ်ကွက်ထဲမှာနေထိုင်သူတွေက ပြောပါတယ်။

    အဲဒီပစ်ခတ်မှုဖြစ်အပြီး နောက်ထပ် တစ်နာရီလောက်အထိ စစ်ကောင်စီတပ်တွေက ဘုရင့်နောင်လမ်းမပေါ်မှာ စစ်ဆေးတာတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မနေ့တုန်းညတုန်းကလည်း စစ်ကောင်စီတပ်ဖွဲ့တွေဟာ က(၁) လမ်းနဲ့ ခ(၁)လမ်းကြား ဘုရင့်နောင်လမ်းမပေါ်မှာ စစ်ဆေးတာတွေရှိခဲ့သလို မရပ်ပေးတဲ့ကားတစ်စင်းကို ပစ်ခတ်မှုလည်းဖြစ်ခဲ့တယ်လို့ အနီးနားနေထိုင်သူတွေက ဘီဘီစီကိုပြောပါတယ်။

  10. ဒဏ်ရာရ တပ်အရာရှိတွေကို အရပ်ဘက်ပြောင်းရေး ဘုတ်အဖွဲ့ အစည်းအဝေးလုပ်

    တာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဆေးအဆင့်နိမ့် အီးအေ(၁/၂) တပ်အရာရှိတွေကို နယ်ဘက်ဝန်ကြီးဌာန တာဝန်တွေ လွှဲပြောင်းထမ်းဆောင်နိုင်ဖို့ ဘုတ်အဖွဲ့အစည်းအဝေးကို စက်တင်ဘာ ၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

    တပ်က ဆေးအဆင့်နိမ့် အရာရှိတွေဟာ ကိုယ်ပြောင်းရွေ့လိုတဲ့ ဝန်ကြီးဌာနကို ဦးစားပေးအလိုက် အဆိုပြုနိုင်ပြီး ဒီအစည်းအဝေးမှာ အရာရှိ (၂၃)ဦးက ဆန္ဒပြုတဲ့ ဝန်ကြီးဌာနတွေနဲ့ တာဝန်ထမ်းဆောင်လိုတဲ့ ဒေသတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။

    သူတို့ရဲ့ ဒဏ်ရာရရှိမှုအခြေအနေ၊ ဆေးဆက်ကုရမယ့် အခြေအနေ၊ ပညာအရည်အချင်း၊ ဇနီးရဲ့ အလုပ်အကိုင်နဲ့အဆိုပြုတဲ့ ဝန်ကြီးဌာနတွေနဲ့ သင့်လျော်မှုရှိမရှိ၊ ရာထူးလစ်လပ်မှုရှိမရှိကို ဘုတ်အဖွဲ့က စိစစ်ရွေးချယ်တယ်လို့ ဘုတ်အဖွဲ့ ဥက္ကဋ္ဌ လည်းဖြစ်တဲ့ စစ်ကောင်စီရဲ့ လူကယ်ပြန် ဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောပါတယ်။

    ၂၀၁၇ ခုနှစ်က နေ လက်ရှိအချိန်အထိ အစည်းအဝေး (၁၅) ကြိမ်လုပ်ခဲ့ပြီး အရာရှိ ၇၃ ဦးကို ဝန်ကြီးဌာန တွေဆီ လွှဲပေးပြီးပြီလို့ သိရပါတယ်။

    နိုင်ငံတော်ကာကွယ်ရေးတာဝန်များကိုထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ တပ်မတော်အရာရှိတွေကို နယ်ဘက်ဝန်ကြီးဌာနတွေကို ပြောင်းရွေ့တာဝန်ထမ်းဆောင်နိုင်ရေးအစီအစဥ်ဟာ ဗိုလ်ချုပ်ကြီး နေဝင်း လက်ထက် ကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။

    နအဖ အစိုးရ လက်ထက်မှာ ဘီပိုးတွေ့တဲ့ အရာရှိတွေကိုပါ အရပ်ဘက်ဝန်ကြီးဌာနတွေဆီ ပို့ဆောင်လာကြပါတယ်။

    နောက်ပိုင်းမှာ တပ်ကအရာရှိတွေ အရပ်ဘက်မှာပြောင်းလာပြီး အဆင့်မြင့်ရာထူးတွေရလာတာများလို့ ‘ မိုးကျရွှေကိုယ်’ လို့ တင်စားခဲ့ကြပါတယ်။

    အဲ့ဒီနောက် ဒီအစီအစဥ်ကို ခေတ္တရပ်နားခဲ့ပြီး ၂၀၁၇ မှာပြန်စခဲ့တယ်လို့ တပ်မတော်ကနေ အရပ်ဘက်ကို ပြောင်း‌ရွေ့တာဝန်ထမ်းခဲ့တဲ့ အရာရှိတစ်ဦးကပြောပါတယ်။

    ‘အဓိကက လစာ နဲ့ ညှိတယ်။ ဝန်ကြီးဌာနမှာ ရာထူးနေရာ လွတ်မလွတ်လည်းကြည့်တယ်’ လို့ သူကပြောပါတယ်။

    ဒီအစီအစဥ်ကို ကာကွယ်ရေးဝန်ကြီးဌာန က ဦးဆောင်ပြီးလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက စီစဥ်ပေးရတာဖြစ်ပါတယ်။

  11. ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရဖို့ ရှေ့နေအဖွဲ့က ရဲတပ်ဖွဲ့ဆီစာပို့

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံ၊ရင်ဆိုင်နေရတဲ့ကြားနာဆဲအမှုတွေဟာ ကိုဗစ်ထိန်းချုပ်နိုင်ရေးဆိုတဲ့သီတင်းပတ်ချီရုံးပိတ်ရက်တွေကြောင့် ရုံးထုတ်စစ်ဆေးမှု မလုပ်နိုင်တာ ၂ လနီးပါးကြာမြင့်လာပြီဖြစ်ပါတယ်။

    တဖက်မှာလည်း ဒါဟာ ရှေ့နေနဲ့အမှုသည်ကြား တွေ့ခွင့်မရရှိတဲ့ကာလဖြစ်လာတဲ့အပြင် ထပ်တိုးအမှုတွေလည်းရှိလာနေတာကြောင့် အခုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့က အမှုသည်နဲ့တွေ့ဆုံခွင့်ရဖို့ သက်ဆိုင်ရာရဲစခန်းဆီ စာပေးပို့တောင်းဆိုလိုက်ပြီဖြစ်ပါတယ်။ အပြည့်အစုံကို ရုပ်သံမှာကြည့်ရှုနိုင်ပါပြီ။

  12. ဖမ်းဆီးခံကျောင်းသားတွေကိုပြန်လွှတ်ပေးဖို့ စစ်တွေလမ်းမတွေမှာ စာရေးတောင်းဆို

    ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်ရာ မြို့တော်စစ်တွေရဲ့ လူအသွားအလာများပြားတဲ့ လမ်းမတွေမှာ စက်တင်ဘာ ၃ ရက်နေ့ညက မှုတ်ဆေးတွေနဲ့စာရေးသားပြီး ဖမ်းဆီးထား သူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတာတွေပြုလုပ်ခဲ့ကြပါတယ်။

    ဖမ်းဆီးခံနေရတာ တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်တဲ့ ရခိုင်တက္ကသိုလ်ကျောင်းသား တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ နဲ့ ရခိုင်စစ်ပွဲတွေအတွင်း မတရားသတ်ဖြတ်ခံလိုက်ရ သူတွေ၊ မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ ကျေးရွာတွေအတွက် တရားမျှတမှုရရှိရေးအတွက် လက်ရှိအာဏာရအစိုးရကို တောင်းဆိုတဲ့ကမ်ပိန်းတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

    လမ်းမတွေပေါ်မှာ ရေးသားတောင်းဆိုခဲ့တဲ့ စာသားတွေကတော့ “ဖမ်းဆီးခံကျောင်းသားများအား ချက်ချင်းလွှတ်၊ ဘုရားပေါင်း-တောင်ပေါက်-တင်းမရွာသားများအတွက် တရားမျှတမှုရရှိရေး သမိုင်းတရားခံများအား ခွင့်လွှတ်စရာမလို၊ တရားရေးမဏ္ဍိုင်ပျက်ပြားနေပြီ၊ No Murder Army” စတဲ့စာသားတွေကို ရေးသားခဲ့ကြတာဖြစ်ပါတယ်။

    မနေ့ညက စစ်တွေမြို့လမ်းမတွေပေါ်မှာ မှုတ်ဆေးတွေနဲ့ စာရေးသား တောင်းဆိုတဲ့ထဲက ဘုရားပေါင်းရွာ၊ တောင်ပေါက်ရွာနဲ့ တင်းမကျေးရွာတွေဟာ ကျောက်တော်မြို့နယ် အတွင်းက ကျေးရွာတွေဖြစ်ကြပြီး ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်း တပ်မတော်နဲ့ ရက္ခိုင့် တပ်တော်အေအေတို့အကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့အချိန် တပ်မတော် စစ်ကြောင်း တွေရဲ့ မီးရှို့ဖျက်ဆီးခြင်းခံလိုက်ရတဲ့ ကျေးရွာတွေဖြစ်ကြပါတယ်။ အဲ့ဒီလှုပ်ရှားမှုကိုတော့ ဘယ်အဖွဲ့အစည်းက ပြုလုပ်ခဲ့ကြတယ်ဆိုတာကိုတော့ မသိရပါဘူး။

  13. စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အဖွဲ့မှန်သမျှနဲ့လက်တွဲမယ်လို့ ကေအဲန်ယူ ပြော

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဘယ်အဖွဲ့အစည်းနဲ့အဆို လက်တွဲပြီး အာဏာရှင်စနစ်အားလုံးကို ဆန့်ကျင်တော်လှန်မယ်ဆိုပြီး ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)က စက်တင် ဘာလ ၃ ရက်ရက်စွဲနဲ့ သတင်းထုတ်ပြန်လာပါတယ်။

    အဖွဲ့အနေနဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစနစ်မြှင့်တင်ရေး ခိုင်မာတဲ့ကတိကဝတ်တွေကို ဆက်ထားသွားမယ်လို့လည်း ဆိုပါတယ်။

    ဒါ့အပြင် စစ်တပ်ရဲ့ရက်စက်မှုတွေကို အကာအကွယ်ရယူလိုသူ မှန်သမျှကို တတ်နိုင်တဲ့ဘက်က ကူညီပံ့ပိုးပေးမယ့်အပြင် ကာလရှည်ပြည်တွင်းစစ်ချုပ်ငြိမ်းရေး ဇစ်မြစ်ကို ဖြေရှင်းဖို့နဲ့ စစ်မှန်တဲ့တိုင်းပြည် တည်ငြိမ်အေးချမ်းရေးပေါ်လာဖို့ ဖြေရှင်းနိုင်မယ်နည်းလမ်းသစ်တွေ့ိုလည်း ဆက်ရှာဖွေမယ်လို့ ကေအဲန်ယူက ပြောပါတယ်။

    အဲဒီအတွက်လည်း လူထုအနေနဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုအတွက် တတ်နိုင်တဲ့ဘက်ကနေ ကူညီထောက်ခံကြောင်း ထုတ်ဖော်ပြသဖို့ ကေအဲန်ယူဘက်က တိုက်တွန်းလာပါတယ်။

    တချိန်တည်းမှာပဲ ကေအဲန်ယူထိန်းချုပ်နယ်မြေတွေထဲမှာ ပြီးခဲ့တဲ့သြဂုတ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပေါင်း ၂၀၀ ကျော် ထိတွေ့မှုဖြစ်ခဲ့တယ်လို့ ကေအဲန်ယူဘက်က အစောပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

  14. ကျုံမငေးမှာ တူမီးသေနတ်လုပ်တယ်ဆိုတဲ့သံသယနဲ့ အမျိုးသား ၂ ဦး ဖမ်းဆီးခံရ

    ဧရာဝတီတိုင်းဒေသကြီး၊ ကျုံမငေးမြို့နယ်ထဲမှာရှိတဲ့ ကွမ်းသီးချောင်းကလေးကျေးရွာက အမျိုးသား ၂ ဦးဟာ လက်လုပ်တူမီးသေနတ်လုပ်တယ်ဆိုတဲ့သံသယနဲ့ စက်တင်ဘာလ ၃ ရက်နေ့ကဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

    စစ်သားနဲ့ရဲ ၅ ဦးက မသင်္ကာတဲ့ရွာခံ သက်လတ်ပိုင်းအမျိုးသားတစ်ဦးကို လာဖမ်းတာဖြစ်ပြီး အဲဒီနောက် လမ်းမှာတွေ့တဲ့ အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးသွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

    ဒေသခံတွေကတော့ နယ်ခံသတင်းပေးကြောင့် ဒီအမျိုးသားတွေ အခုလို စွပ်စွဲဖမ်းဆီးခံရတာဆိုပြီးပြောဆိုနေကြပါတယ်။

    လက်ရှိမှာ အဲဒီသံသယအမျိုးသား ၂ ဦးကို ကျုံမငေးရဲစခန်းမှာ ဖမ်းဆီးထားပြီး မိသားစုကလည်း ပြန်လည်လွတ်မြောက်ရေး ကြိုးပမ်းနေတယ်လို့ ဖမ်းဆီးခံမိသားစုတွေနဲ့ နီးစပ်သူတွေက ဘီဘီစီကို ပြောပါတယ်။

    ကျုံမငေးမြို့နယ်အပိုင်ထဲမှာရှိတဲ့ အဲဒီရွာဟာ အိမ်ခြေ ၃၀၀ နီးပါးခန့်ပဲရှိတဲ့ရွာငယ်လေး ဖြစ်ပြီး စစ်အာဏာသိမ်းမှု အစောပိုင်းကာလတွေမှာ ဒေသခံတွေဟာ ကျုံမငေးမြို့ပေါ်အထိတက်ပြီး ဆန္ဒပြပွဲမှာပါဝင်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာ လုံခြုံရေးကြောင့် လှုပ်ရှားမှုမရှိတဲ့ရွာငယ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

  15. သြဂုတ်လတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့၀င် ၁၆၀ ကျော်ကျဆုံးတယ်လို့ ကေအဲန်ယူ ပြော

    ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ရဲ့ ထိန်းချုပ်နယ်မြေအတွင်းမှာ ပြီးခဲ့တဲ့ သြဂုတ်လ တစ်လလုံးဖြစ်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၆ ဦးကျဆုံးတယ်ဆိုပြီး ကေအဲန်ယူဘက်က စက်တင်ဘာလ ၂ ရက် ရက်စွဲနဲ့သတင်းထုတ်ပြန်လာပါတယ်။

    ကေအဲန်ယူထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ဒူးသထူခရိုင် တပ်မဟာ(၁)၊ တောင်ငူခရိုင် တပ်မဟာ (၂)၊ ညောင်လေးပင်ခရိုင် တပ်မဟာ(၃)၊ မူတြော်ခရိုင် တပ်မဟာ (၅)နဲ့ ဒူးပလာယာခရိုင်တပ်မဟာ(၆) စတဲ့နယ်မြေတွေမှာ စစ်တပ်က စစ်ရေးလှုပ်ရှားလာလို့ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့တာလို့လည်း ဆိုပါတယ်။

    အဓိက တိုက်ပွဲဖြစ်ခဲ့တာဟာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNDO)တို့နဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့တိုက်ပွဲပေါင်း ၂၁၀ ကျော်ဖြစ်ခဲ့ပြီး အဲဒီထဲမှာ တပ်မဟာ(၅)နယ်မြေမှာဖြစ်တဲ့တိုက်ပွဲပေါင်းက ၁၈၀ ကျော်ရှိတယ်လို့လည်းဆိုပါတယ်။

    အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၁၆၆ ဦးသေဆုံးပြီး ၁၀၁ ယောက်ဒဏ်ရာရသလို စစ်ကောင်စီတပ်တွေရဲ့လက်ချက်ကြောင့် အရပ်သား ၃ ဦးလည်း သေဆုံးတယ်လို့ ကေအဲန်ယူထုတ်ပြန်ချက်မှာပါရှိပါတယ်။

    ကေအဲန်ယူရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ မှတ်ချက်တစုံတရာရဖို့ ဘီဘီစီက တပ်သတင်းထုတ်ပြန်ရေးအဖွဲ့ဆီ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

  16. ပို့ကုန်ရငွေထဲက မသုံးတဲ့နိုင်ငံခြားသုံးငွေတွေကို ရောင်းချဖို့ ဗဟိုဘဏ်ကြေညာချက်ထုတ်

    ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်ရဲ့ဘဏ်ငွေစာရင်းတွေထဲကို နိုင်ငံခြားသုံးငွေ ဝင်လာတာနဲ့ ရတဲ့ငွေထဲက မသုံးဘဲကျန်တဲ့ပို့ကုန်ရငွေတွေကို သက်ဆိုင်ရာ နိုင်ငံခြားသုံးငွေရောင်းဝယ်ရေးဘဏ်မှာ ဈေးကွက်ပေါက်ဈေးနဲ့ ရောင်းချဖို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်တင်ဘာလ ၃ ရက်မှာ ကြေညာချက်ထုတ်ပြန်လာပါတယ်။

    ပြည်တွင်း နိုင်ငံခြားသုံးငွေဈေးကွက်မှာ ဒေါ်လာလိုအပ်ချက်ရှိနေချိန်မှာပဲ ဗဟိုဘဏ်ဘက်က အခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။

    ကုန်တင်ပို့သူဟာ ကုန်တင်လိုက်တဲ့နေ့ကနေ သတ်မှတ်ကာလအတွင်း ကိုယ့်ရဲ့ဘဏ်ငွေစာရင်းထဲကို နိုင်ငံခြားသုံးငွေနဲ့ ထည့်သွင်းရန် မပျက်ကွက်ရဆိုပြီး နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေမှာ ပြဌာန်းပြီးသားလို့လည်း ဆိုပါတယ်။

    ဒါ့ကြောင့် ပို့ကုန်တင်ပို့သူတွေအနေနဲ့ ကုန်ပို့ရငွေကနေ မသုံးဘဲကျန်တဲ့ငွေတွေကို ဘဏ်စာရင်းထဲ ငွေဝင်ပြီး ၄ လအတွင်း ပေါက်ဈေးနဲ့ မပျက်မကွက်ရောင်းချရမယ်လို့ ဆိုပါတယ်။

    လက်ရှိမှာ ဈေးကွက်အတွင်း ဒေါ်လာလိုအပ်ချက်အရ ဗဟိုဘဏ်က ဒေါ်လာသန်းချီ ထုတ်ရောင်းပေးနေချိန်မှာပဲ ရည်ညွှန်းငွေလဲနှုန်းမှာ အမေရိကန်တစ်ဒေါ်လာကို ၁၇၀၄ ကျပ်အထိသတ်မှတ်လာပါတယ်။

    ဒီငွေလဲနှုန်းဟာ အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီး ၇ လအတွင်း တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၄၀၀ နီးပါးကွာဟ မြင့်တက်လာတာဖြစ်ပါတယ်။

  17. အောင်ဘာလေသပိတ် ဘာဆက်ဖြစ်မလဲ

  18. မြန်မာ့နွေဦး ယဥ်ကျေးမှုပြပွဲ တောင်ကိုရီးယား ယောဆူမြို့မှာ မနက်ဖြန် ကျင်းပမယ်

    တောင်ကိုရီးယားနိုင်ငံ ယောဆူမြို့မှာ မြန်မာ့နွေဦး ယဉ်ကျေးမှုပြပွဲကို မနက်ဖြန် ကျင်းပဖို့ ရှိပါတယ်။

    စက်တင်ဘာလ ၁ရက်နေ့ကလည်း ဂွမ်ဂျူ မြို့သူမြို့သားတွေအတွက် ယဉ်ကျေးမှုပြပွဲတစ်ခုကို ကပြ တင်ဆက်ခဲ့ကြပါတယ်။ ဂွမ်ဂျူ Bichgo-eul people culture center မှာ မြန်မာ့နွေဦး(ကိုရီးယား) အဖွဲ့နဲ့ အတူ Jeon Nam ခရိုင် အနုပညာအဖွဲ့က ဦးဆောင်စီစဉ်ခဲ့တာပါ။

    အဲဒီ ယဉ်ကျေးမှုပြပွဲကို ကိုရီးယားရောက် မြန်မာတွေသာမက ဂွမ်ဂျူရှိ မြို့သူမြို့သားတွေကပါ ရုံပြည့် လာရောက်ကြည့်ရှုခဲ့ကြပါတယ်။

    ၄၁နှစ် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ၁၉၈၀၊ မေလ ကိုရီးယားနိုင်ငံ ဂွမ်ဂျူမြို့မှာ သွေးစွန်းခဲ့သော အတိတ်နှင့် ပုံရိပ်များ ထင်ဟပ်နေသော သို့မဟုတ် ထိုပုံရိပ်များကို ပြန်လည် မြင်ယောင်စေခဲ့သော ၂၀၂၁ခုနှစ် မြန်မာ့နွေဦးကို တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပခဲ့တာပါ။

    မြန်မာကျောင်းသူကျောင်းသားတွေရဲ့ ပွဲဦးထွက် သီချင်း သီဆိုအပြီးမှာ မြန်မာနိုင်ငံနှင့် ထပ်တူ ကိုယ်ချင်းစာနာ ခံစားနိုင်သော စစ်အာဏာရှင်ကို အဆုံးတိုင် လက်နက်ိကိုင် တော်လှန်ခဲ့ကြတဲ့ ၁၉၈၀ခုနှစ် မေလ ဂွမ်ဂျူ ပုံရိပ်တွေကို ကိုရီးယားအနုပညာရှင်တွေက ပြန်လည် သရုပ်ဖော်တင်ဆက်ခဲ့ကြပါတယ် ။

    ဂွမ်ဂျူ၏ ငါးလပိုင်း မိခင်များ အဖွဲ့မှ မိခင်တစ်ဦးထံ မြန်မာကျောင်းသူလေးတွေရဲ့ မေးမြန်းမှု အစီအစဉ်လည်း ပါဝင်ပြီး အဲဒီအစီအစဉ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG အမျိုးသမီး ဒုဝန်ကြီး အိသဉ္စာမောင်က အမှာစကား ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည် ရရှိရေးအတွက် လိုအပ်တဲ့ အကူအညီ အထောက်အပံ့အတွက် ကူညီပေးကြဖို့လည်း ကျောင်းသားကျောင်းသူများက လာရောက်သူတွေထံ ပန်ကြားခဲ့ကြပါတယ်။

    နောက်ဆုံးပိတ်အစီအစဉ် အနေနဲ့ အလိုမရှိ နှင့် ကမ္ဘာမကြေဘူး သီချင်းတို့ကို ကိုရီးယားဘာသာ၊ မြန်မာဘာသာ နှစ်မျိုးနဲ့ မြန်မာ့နွေဦးအဖွဲ့နှင့် ကိုရီးယားအနုပညာရှင်အဖွဲ့ တို့က သီဆိုပြီး တင်ဆက်မှုကို အဆုံးသတ်ခဲ့ကြပါတယ်။

  19. အမ်းမှာ ရွာတချို့ တစ်ရွာလုံးနီးပါး ဖျားနာ၊အနံ့ပျောက်နေပေမဲ့ ကုသခံရဖို့ခက်

  20. စာရေးဆရာ ဒါရိုက်တာ မောင်မိုးသူရဲ့ နောက်ဆုံးခရီး